Tuesday 12 February 2008

ဆရာစွမ်း (သို့ မဟုတ်) အနီနဲ့အပြာ နောက်ခံကားချပ်ပေါ်က ထက်မြတဲ့ခေါ်သံရှင် (၀င်းတင့်ထွန်း)

(၁)
နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့အမျိုးသားစာပေအနုပညာယဉ်ကျေးမှုသမိုင်းလမ်းကြောင်းတလျောက်မှာ၊ တိုင်းပြည်နဲ့လူမျိုးကို ကိုယ်စားပြုနိုင်တဲ့၊ နိုင်ငံနဲ့ ပြည်သူလူထုတရပ်လုံးကို
ကိုယ်စားပြုနိုင်တဲ့၊ စံထားစရာ ဂုဏ်ယူစရာကြီးမြတ်တဲ့ စာပေအနုပညာရှင်ကြီးတွေ အသီးသီးရှိကြလေ့ ရှိပါတယ်။ အိန္ဒိယမှာ ‘တဂိုး’၊ တရုတ်မှာ ‘လူရွှင့်’တို့လို စာပေအနုပညာရှင်ကြီးတွေမျိုးကို ဆိုလိုတာပါ။ နိုင်ငံတိုင်းမှာ မတူခြားနားတဲ့ခေတ်ကာလအလျောက်၊ အောင်မြင်ထင်ရှား ရေပန်းစားတဲ့ စာပေအနုပညာရှင်ကြီးတွေ အသီးသီး အသက အသက၊ တယောက်မက နှစ်ယောက်မက အမြောက်အများ ပေါ်ထွန်းဖြစ်တည်လာနိုင်လေ့ ရှိပေမဲ့၊ တိုင်းပြည်နဲ့ လူမျိုးကိုပါ ကိုယ်စားပြုနိုင်တဲ့၊ နိုင်ငံနဲ့ပြည်သူကိုပါ ကိုယ်စားပြုနိုင်တဲ့ တကယ့်စာပေအနုပညာရှင်ကြီးမျိုးအဆင့်ကတော့၊ လွယ်လွယ်ကူကူနဲ့ပေါ်ပေါက်နိုင်တာမျိုး မဟုတ်ပါ။ အောင်မြင်ထင်ရှား လူကြိုက်များတဲ့ စာပေအနုပညာရှင်ဖြစ်တိုင်း၊ နိုင်ငံနဲ့ပြည်သူကို ကိုယ်စားပြုနိုင်တဲ့ စာပေအနုပညာရှင်ဖြစ်လိမ့်မယ် - လို့တော့ မ မှတ်လိုက်ပါနဲ့။ နိုင်ငံနဲ့ပြည်သူကိုပါ ကိုယ်စားပြုနိုင်စွမ်းတဲ့ တကယ့်စာပေအနုပညာရှင်အဖြစ်ကို အောင်မြင်ထင်ရှား ရေပန်းစားမှုကနေ သတ်မှတ်ပြဌာန်းပေးတာ မ ဟုတ်ပါ။ နိုင်ငံနဲ့ပြည်သူအတွက်နိုင်ငံဖက်က ပြည်သူဖက်ကနေ ဘယ်လောက်စွမ်းဆောင်သယ်ပိုးပေးခဲ့သလဲ၊ ဘယ်လောက်ကြိုးကြိုးပမ်းပမ်း ရပ်တည်အားထုတ် ခဲ့ပြီး၊ ဘယ့်လောက် ထက်ထက်မြက်မြက်နှိုးဆော်လှုပ်ရှား လမ်းကြောင်းပေးနိုင်ခဲ့သလဲ ဆိုတာကပဲ အဓိက ပြဌာန်းသတ်မှတ်ပေးတာဖြစ်ပါတယ်။ တနည်းအားဖြင့် အနုပညာစံတင်မက နိုင်ငံရေးစံအရပါ အချိုးညီညီ အရှိန်ရှိရှိ နဲ့စွမ်းဆောင်နိုင်အား ပြည့်ဝမြင့်မားဖို့လဲ လိုပါတယ်။ ကျနော်တို့ဗမာနိုင်ငံမှာ၊ အဲဒီလို အနုပညာစံအရ ရော၊ နိုင်ငံရေးစံအရပါ တလုံးတ၀တည်းပြည့်မီရုံမျှသာမက၊ နိုင်ငံနဲ့ပြည်သူအတွက် ရာသက်ပန်ရှေ့ဆုံးတန်းကနေ ရပ်ပြီး၊လေးစားဖွယ် စံနမူနာပေါင်းများစွာကို စိုက်ထူစွမ်းဆောင် ဖေါ်ကျူးပြသသွားနိုင်ခဲ့တဲ့၊ အမျိုးသားစာပေယဉ်ကျေးမှု ခေါင်းဆောင်ကြီးကတော့- ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပါပဲ။ ၀ဲဝဲယာယာ ဘယ် လိုလူ ဘယ်လိုပုဂ္ဂိုလ်ကမှ စောဒကတက်လို့မရနိုင်အောင်၊ ပြောင်မြောက်တဲ့ဂုဏ်အင် အပြည့်အ၀နဲ့အမျိုးသားစာပေ ယဉ်ကျေးမှုလမ်းကြောင်းပေါ်မှာ အောင်လံ တော်တလူလူ လွှင့်သွားခဲ့တာကတော့- ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှာပါပဲ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ဖောက်ခဲ့တဲ့ စာပေအနုပညာယဉ်ကျေးမှု လမ်းကြောင်းကြီးကတော့၊ ပြည်သူ့စာပေအနုပညာ ယဉ်ကျေးမှုလမ်းကြောင်းကြီးပါပဲ။ အမှန်တရားဘက်က ပြည်သူဘက်က ဘက်လိုက်ကို လိုက်ရမယ်ဆိုတဲ့ ပြည်သူ့စာပေ အနုပညာလမ်းကြောင်းကြီးပဲ ဖြစ်ပါတယ်။ နိုင်ငံရေးရည်မှန်းချက် မိမိ၊ နိုင်ငံရေးသဘောထား ရှိရှိ၊ ပြည်သူ့ဖက်ကနေ ပြည်သူရပ်တည်ချက် အပြည့်နဲ့ ကို၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဇာတိမာန်စာ ကဗျာတွေ၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ တိုက်ပွဲခေါ်သံ တိုက်ပွဲဖော်သံ စာကဗျာတွေ ကို အားနဲ့မာန်နဲ့တက်တက်ကြွကြွကြီး ကြိုးပမ်းအားထုတ်သီကုံးပြီး၊ ပြည်သူ့စာပေအနုပညာကဗျာလမ်းကြောင်းကြီးကို ဖေါက်လုပ်ခင်းကျင်း ပြသစိုက်ထူသွားခဲ့ ပါတယ်။ အမှန်တရားနဲ့ပြည်သူဖက်က ဘက်လိုက်ရေးကို ပွင့်ပွင့်လင်းလင်းဖေါ်ပြသွားခဲ့ပါတယ်။
အဲဒီလို သမိုင်းအစဉ်အလာရှိခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖေါက်လုပ်ခဲ့တဲ့၊ ပြည်သူ့စာပေအနုပညာကဗျာလမ်းကြောင်းကြီးပေါ်၊ မတူ ခြားနားတဲ့ ခေတ်ကာလသမိုင်းအလျောက် ဂုဏ်ယူစွာနဲ့တက်တက်ကြွကြွ ဆက်လက်ဖြတ်သန်း ချီတက်လျှောက်လှမ်းခဲ့ကြတဲ့ စာပေအနုပညာရှင်ကြီးတွေ ရှိခဲ့ပါ တယ်။ အဲဒီလို ပြတ်ပြတ်သားသား တက်တက်ကြွကြွ နိုင်ငံရေးစိတ်ဓါတ်အပြည့်နဲ့ စာရေးဆရာကဗျာဆရာကြီးတွေကြားထဲမှာ၊ ဂုဏ်ပြောင်ပြောင် ဘာမထီ မျက်နှာ ပေး မျက်နှာထား၊ ထီမထင် ထိထိရှရှ အရေးအသားမျိုးတွေနဲ့ ငွါးငွါးစွင့်စွင့်တင့်တင့်တယ်တယ် ခေါင်းကိုအစွမ်းကုန်မော့်ပြီး၊ အားနဲ့မာန်နဲ့ ချီတက်လာခဲ့သူတ ဦးကတော့ - ကျနော်တို့ရဲ့ ‘ဆရာစွမ်း’ ကြီးပါပဲ။ ကျနော်တို့က ဆရာစွမ်းကြီးလို့ လေးလေးစားစားခေါ်ဝေါ် အမှတ်သညာပြုထားကြတဲ့၊ ကျနော်တို့ရဲ့ဆရာ မောင် စွမ်းရည်ပါပဲ။

( ၂ )
ဆရာကြီးမှိုင်းရဲ့ ပြည်သူ့စာပေအနုပညာလမ်းကြောင်းပေါ် ဂုဏ်ယူစွာလျှောက်လာခဲ့ကြသူတွေထဲမှာ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကြီး ထဲက စာရေးဆရာ ကဗျာဆရာတွေလဲ တက်တက်ကြွကြွပါဝင် ချီတက်ခဲ့ကြရာမှာ၊ ကျနော့်တဦးချင်းအမြင်အရ ပြောရမယ်ဆိုရင်၊ သိသိသာသာ ရှေ့ကိုထိုးထွက် လာခဲ့တဲ့ ကလောင်ဟာ၊ ကလောင် (၄) လက် ရှိခဲ့ပါတယ်။ မောင်သာနိုး၊ ကြည်အောင်၊ တင်မိုးနဲ့မောင်စွမ်းရည် - ဆိုတဲ့ ကလောင်(၄)လက်ပါ။ အထက်ဗမာနိုင်ငံ က တခြားတခြားသော ကလောင်တွေလဲ အစီအရီအပြိုင်းအရိုင်းထွက်ခဲ့တာ မနည်းလှပေမဲ့၊ အဲဒီခေတ်ကာလကနေ ကနေ့အထိအတွင်း စိုက်လိုက်မတ်တပ် ကလောင်ကိုင်ပြီး၊ ကလောင်ရှင်အဖြစ်နဲ့ဝင့်ဝင့်စားစားရပ်တည်လှုပ်ရှားခဲ့ကြတဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ တိုင်းတာကြည့်မယ်ဆိုရင်တော့၊ ဒီကလောင် (၄) လက်ဟာ ရှေ့ တန်းအရောက်ဆုံး၊ အထင်ရှားဆုံးနဲ့လူသိအများဆုံးလို့ပဲ ယူဆမိပါတယ်။ (၁၉၅၇ ၀န်းကျင်ကနေ ကနေ့အထိအတွင်း၊ အထက်ဗမာနိုင်ငံ စာပေအနုပညာနယ်က နေ ထွက်ပေါ်လာတဲ့အနေအထားအရ ပြောတာဖြစ်ပါတယ်။ တနိုင်ငံလုံးအနေအထား၊ တခုလုံးအနေအထားအရ ပြောတာမဟုတ်ပါ။) ဒီထဲကမှထပ်ပြီး၊ ကဗျာ လမ်းကြောင်းပေါ်ကနေပဲ ပြောရမယ်ဆိုရင်တော့၊ ကြည်အောင်၊ တင်မိုး၊ မောင်စွမ်းရည်ဆိုတဲ့ ကဗျာဆရာကြီး (၃) ဦးဟာ တိုင်းသိပြည်သိ ပြည်သူသိတဲ့၊ အထင် ကရ အာဂကဗျာဆရာကြီးသုံးဦးအဖြစ် အပေါ်လွင်ဆုံး ထိုးထွက်လာတာတွေ့ရပါမယ်။ မန်းတက္ကသိုလ်ထွက်၊ ရှေ့ဆင့်နောက်ဆင့်တခေတ်တည်းထွက် ခေတ်ပြိုင် တွေဖြစ်တဲ့အပြင်၊ ဆရာကြီးမှိုင်းရဲ့ ပြည်သူ့စာပေအနုပညာ လမ်းကြောင်းကြီးအတိုင်း အတူချီတက်လာခဲ့ကြတဲ့ ဒီကဗျာဆရာကြီး (၃) ဦးဟာ တဦးနဲ့တဦးလဲ အင် မတန့် အင်မတန်သံယောဇဉ်ကြီးလွန်းလှသူတွေ၊ အပြန်အလှန်တန်ဖိုးထားကြလွန်းသူတွေ ဖြစ်တဲ့အတွက်၊ နားလည်နိုင်စွမ်းမရှိသူ တချို့ကဆိုရင်၊ ‘ကျီး ဘုတ် မြှောက် - ဘုတ် ကျီးမြှောက်’ လို့ ထင်ကြမြင်ကြတာမျိုးတွေတောင် ရှိသလို၊ အင်မတန်ဒေသစွဲ ဂိုဏ်းဂဏစွဲကြီးသူတွေလို့ သမုတ်ချင်ကြ ကင်ပွန်းတပ်ချင်ကြသူ မျိုးတွေကိုလဲကြားရ မြင်ရဖူးပါတယ်။ သုံးယောက်လုံးကလဲ အညာသားတွေချည်းမဟုတ်လား။ အထက်အညာကို ချစ်လွန်းလှတဲ့၊ အညာနံ့ အညာလေတွေကလဲ တသင်းသင်းနဲ့မဟုတ်လား။
အညာသားစစ်စစ် ကဗျာဆရာကြီးတွေ ဖြစ်ကြတဲ့အတွက် ‘ထနောင်း၊ တမာ၊ မန်ကျီး၊ ရှား၊ နဘူးခြုံ၊ ခံပင်ခံပွင့်၊ သန်း၊ ဒဟတ်၊ လက်ပံတောနဲ့ ရိုးပြတ် တော၊ ပတ်ကြားတော၊ မိုးခေါင်တော’ တွေအကြောင်း အကြောင်းအားလျော်စွာ ကဗျာဖွဲ့ဆိုရာမှာ၊ ခံစားမှုတူ ၀န်းကျင်တူ နောက်ခံတူ ရင်ခုန်သံတူတာတွေ တော် တော်များများရှိ ခဲ့ပေမဲ့၊ ဆရာကြီးမှိုင်းရဲ့ပြည်သူ့စာပေလမ်းကြောင်းပေါ်မှာ ကြွေးကြော်သံတူ အလံတူ နဲ့ကာလတခုတည်း တခေတ်တည်းမှာပဲ၊ တကယ့် ရေးဘော် ရဲဘော်ကြီးတွေအဖြစ် လည်ပင်းဖက်ပြီး ချီတက်လာခဲ့ကြတာလဲ အတူတူပေမဲ့၊ ဒီကဗျာဆရာကြီးသုံးဦးဟာ မတူခြားနားတဲ့ ကိုယ်ပိုင်ဟန်တွေနဲ့၊ တပြိုင်နက်တည်း မှာ ပေါ်လွင်ထင်ရှားတဲ့၊တမူထူးခြားတဲ့ အနုပညာအရည်အသွေးတွေနဲ့၊ တမျိုးတဘာသာစီ လင်းလက်တောက်ပခဲ့ ကြသူတွေလဲ ဖြစ်ပြန်တယ်။
ဆရာကြည်အောင်ရဲ့ကဗျာတွေက အားနဲ့မာန်နဲ့ခန့်ခန့်ထည်ထည်နဲ့ ကြွတက်နေတတ်ပြီး၊ ဆရာဂျမ်း (ဆရာတင်မိုး) ရဲ့ကဗျာတွေက အသံသာသာ နရီမြမြနဲ့ ရိုးရိုးလေးနဲ့ လှပနေတတ်ပါတယ်။ ကျနော်တို့ရဲ့ဆရာ ဆရာစွမ်းကြီး (ဆရာမောင်စွမ်းရည်) ရဲ့ကဗျာတွေကတော့၊ စူးစူးရင့်ရင့် ထိထိရှရှနဲ့ သိသိသာသာ ထက်မြနေတတ်ပါတယ်။ ဆရာကြည်အောင်ရဲ့ကဗျာတွေက တော်လှန်ရနံ့သင်းထုံနေတတ်ပြီး၊ ဆရာဂျမ်းရဲ့ကဗျာတွေက အမျိုးသားရနံ့ ကျေးလက်ရနံ့တွေနဲ့ မွှေးရီနေတတ်ကာ၊ ဆရာစွမ်းရဲ့ကဗျာတွေကတော့ လူထုရနံ့သိသိသာသာလွှမ်းခြုံပျံ့လှောင်းနေတတ်တယ်လို့ယေဘူယျအားဖြင့် မှတ်ယူမိပါတယ်။ အထူးသဖြင့် ထေ့သံငေါ့သံ လှောင်သံသရော်သံတွေနဲ့ဖွဲ့သီရာမှာတော့၊ ကဗျာကဝေစလေဦးပုညပြီးရင်၊ ဒီဖက်ခေတ်မှာ ဆရာမောင်စွမ်းရည်ဟာ အပီသဆုံးအပြောင်မြောက်ဆုံး ဆိုတာ လူတော်တော်များများက လက်ခံအသိအမှတ်ပြုထားကြပြီးသား ဖြစ်ပါတယ်။
ဆရာကြည်အောင်ရဲ့ ‘လမင်းတရာ’ ဟာ အမိဗမာပြည်ကဗျာလမ်းကြောင်းပေါ် ထွန်းထွန်းတောက်တောက် ရွှန်းရွှန်းမြမြသာခဲ့သလို၊ ဆရာတင်မိုးရဲ့ ‘ဖလ်မီးအိမ်’ကလဲ အခုချိန်အထိ အရှိန်ရရလင်းလက်နေဆဲ၊ လမ်းပြဆဲဖြစ်ခဲ့ပြီး၊ ဆရာမောင်စွမ်းရည်ရဲ့ ‘အနီနှင့်အပြာ’ ကလဲ နှလုံးသားထဲအထိ စွဲငြိနေစေခဲ့တဲ့၊ ဘယ်တော့မှ မမှိန်ဖျော့နိုင်တော့တဲ့ အလှပဆုံး ရောင်စဉ်တွဲတခုမဟုတ်လား။ အနီနဲ့အပြာဆိုတာ အခြေခံကျကျ ရောင်စဉ်တွဲတခုဖြစ်ရုံမက၊ တကမ္ဘာလုံးကပါ သိ ထားကြပြီးသား သင်္ကေတတွေနဲ့အရောင်တွေ မဟုတ်လား။ အနီဆိုတာက ရဲရင့်ခြင်းတက်ကြွခြင်းနဲ့သတ္တိ။ တော်လှန်ရေးရဲ့အမှတ်သင်္ကေတအရောင်။ အပြာ ဆိုတာက ချမ်းမြေ့ခြင်း အေးမြခြင်းနဲ့မေတ္တာ။ ငြိမ်းချမ်းရေးရဲ့အမှတ်သင်္ကေတအရောင်။

( ၃ )
ကျနော် ဆရာစွမ်းနဲ့စပြီး ဆုံစည်းရတဲ့နေရာဟာ ဆရာဂျမ်းရဲ့အိမ်မှာပါ။ တိတိကျကျ ထပ်ပြီးပြောရရင် ဆရာဂျမ်းရဲ့ပုဂံလမ်းအိမ်ရှေ့ သစ်ရိပ်အောက် က ရေနွေးကြမ်းစားပွဲဝိုင်းမှာပါ။ ဆရာဂျမ်းဆီလာတဲ့ ဆရာစွမ်းကိုအမှတ်မထင် စတင်ဆုံစည်းခဲ့ရပြီးတဲ့နောက်၊ ဆရာဂျမ်းကို အကြောင်းပြုပြီး ရင်းနှီးခွင့်ရခဲ့ရာက တစတစထဲထဲဝင်ဝင် နွေးနွေးထွေးထွေး ချစ်ခင်ရင်းနှီးလာခဲ့ရတာဖြစ်ပါတယ်။ ဆရာဂျမ်းရဲ့နောက်မှ ဆရာစွမ်းနဲ့ရင်းနှီး ကျွမ်းဝင်ခဲ့ရတာဖြစ်ပေမဲ့၊ စာပေယဉ်ကျေးမှု အနုပညာကဗျာကိစ္စတွေသာမက နိုင်ငံရေးသတင်းပတင်းကိစ္စမျိုးတွေအထိ ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံဖြစ်ခဲ့တာကတော့၊ ဆရာစွမ်းကြီးနဲ့က ပို ပြီးများပါတယ်။ ဆရာစွမ်းရဲ့ဝဂ္ဂီလမ်းအိမ်ကိုလဲ ကျနော်ကြိမ်ဖန်များစွာ ရောက်ခဲ့ဖူးပါတယ်။ ဆရာစွမ်းရဲ့သားသမီးတွေသာမက ဆရာစွမ်းရဲ့‘အမေ့ခေါ်သံ’ ထဲက အမေနဲ့ပါ တွေ့ဆုံဖြစ်ခဲ့ဖူးပါတယ်။ အမေက အညာကပါလာတဲ့ သီးသီးမှည့်လေးကို ထညက်နဲ့ပေါက်ပြီး (ထန်းလျက်ကို ဓါးနဲ့ပါးပါးလေးလှီးချ၊ ရတဲ့ ထန်းလျက်နဲ့ သီးသီးမှည့်အသားကို စရနယ်ပြီး) ကျွေးတာကိုပါ စားဖူးခဲ့ရင်း၊ ဆရာစွမ်းရဲ့‘အမေ့ခေါ်သံ’ ကို စာမျက်နှာပေါ်မှာသာမက၊ ကာရန် နရီ ရစ်သမ်ဆိုတာတွေနဲ့သာမက၊ မျက်ဝါးထင်ထင် ရင်နဲ့တကြိမ်၊ သိင်္ဂါရရသအပြည့် ဖတ်ခဲ့ရဖူးပါတယ်။ ‘အမေ့ခေါ်သံ’ ဘယ်လိုထွက်ပေါ်လာခဲ့သလဲ ဆိုတာရဲ့ဇာစ်မြစ်ကိုပါ ကောင်းကောင်း သဘောပေါက် နားလည်ခဲ့ရဖူးပါတယ်။
အောင်မြင်မှု တွေအနေနဲ့ပြောရရင် - ဆရာကြည်အောင်ရဲ့အမှတ်အသားဟာ ‘လမင်းတရာ’၊ ဆရာတင်မိုးရဲ့ အမှတ်အသားဟာ ‘ဖလ်မီးအိမ်’၊ ဆရာ မောင်စွမ်းရည်ရဲ့အမှတ်အသားဟာ ‘အနီနှင့်အပြာ’ ပါ။ ဒါပေမဲ့ - ကျနော့်ရင်ထဲ နှလုံးသည်းပွတ်ထဲအထိ ကြိမ်ဖန်များစွာ စူးဝင်ရိုက်ခတ်နေတဲ့အသံ (တနည်းအား ဖြင့်) ဆရာစွမ်းရဲ့ကဗျာတွေထဲက ကျနော့်အကြိုက်ဆုံးကဗျာကတော့၊ ‘အမေ့ခေါ်သံ’ ပဲ ဖြစ်ခဲ့ပါတယ်။ အနီနဲ့အပြာ နောက်ခံကားချပ်ပေါ်မှာ ‘အမေ့ခေါ်သံ’ ဟာ အကြည်လင်ဆုံး၊ အလှပဆုံး၊ အပီသဆုံးဖြစ်နေရုံမက ပဲ့တင်ထပ်သံ အားအကောင်းဆုံးလဲ ဖြစ်ခဲ့ပါတယ်။ မောင်စွမ်းရည်ကို အသိအမှတ်မပြုချင်သူ၊ မမြင်ယောင် ဆောင်နေကြသူတချို့ကတောင်၊ မောင်စွမ်းရည်ရဲ့ ‘အမေ့ခေါ်သံ’ ကိုကျတော့၊ ဖြတ်ကနဲမျက်ခုံးတွေပင့် မျက်လုံးဖွင့်ပြီး၊ လေးလေးနက်နက် နားစွင့် နားထောင်ခဲ့ ကြရတာလဲ ဆရာစွမ်းကိုယ်တိုင် အသိဆုံးပဲ မဟုတ်လား။
၁၉၇ဂ ခုနှစ်ကနေ ၁၉ဂ၂ ခုနှစ် နှစ်ဦးပိုင်းကာလတွေအတောအတွင်း၊ ဆရာစွမ်း ဆရာဂျမ်းတို့ဆီ နေ့စဉ်လိုလို အရောက်အပေါက်အများဆုံး လူတွေ ထဲမှာ ထိပ်ဆုံးက ပါတာကတော့ ကျနော်လို့ပဲထင်ပါတယ်။ ဆရာစွမ်းရော ဆရာဂျမ်းပါ မြန်မာစာသင်ရိုးမှာ လုပ်နေကြတဲ့ကာလ၊ တောင်ငူဆောင် အပေါ်ထပ် ခေတ်မှာရော၊ ခြောက်ထပ်ရုံးကြီး ခေတ်မှာပါ၊ မကြာခဏ ကျနော်ရောက်လေ့ရှိသလို၊ စနေနေ့တ၀က် ရုံးပိတ်ကာလတုန်းက စနေ၀ိုင်း၊ စနေနေ့ရုံးပိတ်ဖြစ်သွား တော့ သောကြာဝိုင်းအဖြစ် ဆရာတို့တွေ စကားဝိုင်းဖွဲ့ ကြတဲ့ကာလတွေ - ‘သောကြာဝိုင်း’ ‘စနေ၀ိုင်း’ ကာလတွေမှာလဲ ရံဖန်ရံခါ ရောက်တတ်ခဲ့တဲ့အပြင်၊ အိမ်ထိ အောင်တောင် အကြောင်းအားလျော်စွာ ရောက်တတ်ခဲ့တာ ကျနော်ဖြစ်ခဲ့ပါတယ်။ အဓိကက ဆရာဂျမ်း ဆရာစွမ်းတို့အပေါ် နှလုံးသားထဲကပါ ရင်းနှီးနေလို့ဖြစ်ပါ တယ်။
ကျနော့်ရဲ့ပထမဆုံး လုံးချင်းကဗျာစာအုပ်ကလေးကို ဆရာဂျမ်းဆရာကြူးရဲ့အမှာစာနဲ့ထုတ်ခဲ့ပြီး၊ ဒုတိယထုတ်မယ့် ကဗျာစာအုပ်ကိုတော့ ဆရာစွမ်း၊ ဆရာကြည်အောင်တို့ရဲ့အမှာစာနဲ့ထုတ်မယ်လို့တောင် ရင်ထဲမှာ တော်တော်စောစော ကာလလောက်ကတည်းက အစီအစဉ်ရှိရှိ ရည်စူးထားခဲ့ဖူးပါတယ်။ ဒုတိယ ထုတ်မယ့်ကဗျာစာအုပ်အတွက် ဆရာစွမ်းကို အမှာစာရေးပေးဖို့ကိုတောင်၊ နှုတ်နဲ့တောင်းဆိုခဲ့ဖူးပြီးသား၊ ပြင်ဆင်ခဲ့ပြီးသား ဖြစ်ပေမဲ့၊ အဲဒီစာအုပ်ကတော့ လက် တွေ့အားဖြင့် အကောင်အထည်ဖေါ်နိုင်ခွင့်တောင် မရတော့ပါ။ ကဗျာလေးတွေကို လက်တွေ့စုစည်းပေါင်းရုံးကြည့်နေတုန်းကာလမှာပဲ၊ လူကိုယ်တိုင်က အင်းစိန် နရသိန်အတွင်း ရောက်ရှိသွားရတာကြောင့် ဖြစ်ပါတယ်။
မဆလစစ်အစိုးရရဲ့ကောင်းမှုနဲ့၊ ကျနော်တယောက် အဲဒီလို ဗြုန်းစားကြီးထောင်ထဲ ၀င်ခဲ့ရတဲ့အချိန်ထိအောင်တောင်၊ ဆရာစွမ်းနဲ့ကျနော့်ကြားမှာ မ မေ့နိုင်စရာအဖြစ်အပျက်တွေက ကပ်ပါလာခဲ့ပါသေးတယ်။ အဖြစ်ကတော့ ဒီလိုပါ။ မဆလစစ်အစိုးရက နိုင်ငံရေးမှုနဲ့ကျနော့်ကို ဖမ်းလိုက်တဲ့အချိန်အထိ၊ ကျနော် နောက်ဆုံး လုပ်ခဲ့တဲ့အလုပ်က သမ၀ါယမဌာနတခုမှာပါ။ သမ၀ါယမဌာနက သာမန်စာရင်းစစ်လေးတယောက်ပါ။ သမ၀ါယမအသင်းတွေကို လိုက်ပြီးစာရင်းစစ် ဆေးရတာဖြစ်တဲ့အတွက် မြို့နယ်အတွင်းက သမအသင်းဆိုင်တွေ တော်တော်များများနဲ့ ရင်းနှီးတာတွေ ရှိပါတယ်။ ကျနော့်အပေါ် ပုဂ္ဂိုလ်ရေးသံယောဇဉ်ရှိကြတဲ့ သမဆိုင်ဝန်ထမ်းတွေလဲ တော်တော်များများရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော့်ဆရာစွမ်းကြီးရဲ့ဇနီးက အငယ်ဆုံးသောသမီးထွေး ‘ကြာဖြူ’ လေးကိုမွေးပြီးစ အ ချိန်ပါ။ ကြာဖြူလေးကို နို့တိုက်ဖို့နို့မှုန့်ဗူး လိုပါတယ်။ အဲဒီအတွက် ကျနော်က ကျနော်နဲ့ရင်းနှီးတဲ့ ဆိုင်တွေကနေ၊ သမဆိုင်သတ်မှတ်ဈေးနဲ့ ရံဖန်ရံခါ နို့မှုန့်ဗူး ၀ယ် ပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက အိမ်ထောင်မရှိ ရည်းစားတောင်မရှိတဲ့ကျနော်က ရံဖန်ရံခါနို့မှုန့်ဗူး သွားသွားဝယ်တာတွေ့ရတဲ့အခါ၊ လုပ်ဖေါ်ကိုင်ဖက်ဝန်ထမ်းတွေ ထဲကရော ဆိုင်ဝန်ထမ်းအမျိုးသမီးတချို့ကပါ ကျနော့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ပြီး ပြုံးကြ နောက်ကြပါတယ်။ အခု - နရသိန်ထဲရောက်နေတဲ့ ရှမ်းအမျိုးသား ဒီချုပ်က အတွင်းရေးမှူး စိုင်းညွန့်လွင် ရဲ့အမ၊ ‘စန်းကြီး’ဟာ ကျနော့်ကို အစဆုံး အလှောင်ဆုံးပေါ့။ အဲဒီလိုနဲ့ - အဖမ်းခံရမယ့်နေ့ကတော့၊ ခါတိုင်းခါ နို့မှုန့်ဗူးအ၀ယ် ခိုင်းရင် ချွေချွေတာတာနဲ့ တဗူးတဗူးပဲ အ၀ယ်ခိုင်းတတ်လေ့ရှိတဲ့ ဆရာစွမ်းကြီးက (ဒီတခါမှ ရှိတာလေး ပိုပြီးကုန်ချင်တော့-) ‘ဒီတပတ် - ပိုက်ဆံလေး လက်ထဲ ရှိနေတုန်း - နှစ်ဗူးသာ ၀ယ်ပေးနော်’ ဆိုပြီး၊ နို့မှုန့်ဗူး နှစ်ဗူးဖိုး ပိုက်ဆံလေး အစိတ်လား သုံးဆယ်လားကို နေ့လည်ပိုင်းလောက်ကပဲ ကျနော့်လက်ထဲ ပြုံးပြုံးကြီး ထည့်ပေးခဲ့ပါတယ်။ ညပိုင်းမှာ ထောက်လှမ်းရေး (၆) က ကျနော့်ကို ကားနက်ကြီးနဲ့လာဆွဲတော့၊ ကျနော့်အင်းကျီအိတ်ကပ်ထဲမှာ အဲဒီပိုက်ဆံလေးပဲ ပါလာခဲ့ပြီး၊ ခါးဝတ်ခါးစားနဲ့ပဲ လိုက်ခဲ့ရ အဖမ်းခံခဲ့ရပါတယ်။ ကျနော့်မှာ ထောက်လှမ်းရေး (၆) ထဲမှာ တဘုံးဘုံးအရိုက်ခံနေရစဉ်ကရော၊ အင်းစိန်ထောင်ထဲ ၀င်ခဲ့ရချိန်အထိပါ ဆရာစွမ်းရဲ့မျက်နှာပြုံးပြုံးကြီးကိုပဲ ခဏခဏသတိရနေတတ်ပြီး စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ခဲ့ရပါတယ်။ ‘ခါတိုင်း နေ့တိုင်းလောက်ရောက်နေတဲ့လူ၊ နို့မှုန့်ဗူး နှစ်ဗူးဖိုးလဲ ပေးလိုက်မိပြီးကရော၊ တခေါက်မှကို ရောက်မလာတော့ပဲ ဘယ်များသဝေထိုးနေသလဲ’ လို့များ ဆရာစွမ်းကြီး ထင်နေမလား။ ဆရာကတော်က ‘ဘယ် မလဲ - တော့် နို့မှုန့်ဗူး’ လို့မေးလာရင် ‘ပူမနေစမ်းပါနဲ့၊ ငါ ဒီတပတ်-သမီးအတွက် နို့မှုန့်နှစ်ဗူးတောင် မှာထားပီးပါဘီ’ လို့များ ပြောမိထားရင်းက လာနိုးလာနိုးများ စောင့်နေလေမလား။ ကျနော့်မှာ တောင်တွေးမြောက်တွေး ရောက်တတ်ရာရာ လျှောက်တွေးနေမိခဲ့ရင်း၊ စိတ်မကောင်းခြင်းတွေနဲ့အတူ၊ ကြံကြံဖန်ဖန်ဖြစ်ရမှုတွေ အပေါ် ခါးသက်သက်ပြုံးချင်စရာ ဖြစ်ခဲ့ရပါတယ်။ တခါတခါကျတော့ ‘အင်း - ဆရာစွမ်းကြီးတော့-ဒီအချိန်လောက်ဆို ငါအဆွဲခံလိုက်ရတာ ထောင်ထဲရောက်နေ တာ သိများသိသွားပြီး၊ တောက် - ဖြစ်မှ ဖြစ်ရပလေတယ် - ဖြစ်မှဖြစ်ရပလေတယ်’ လို့များ သက်ပြင်းချကောင်း ချနေလေမလားလို့လဲ တွေးမိတဲ့အခါတွေးမိခဲ့ ရပါတယ်။ ဆရာဂျမ်း ဆရာစွမ်းတို့နဲ့ကျနော် နိုင်ငံရေးအရ ဘယ်လိုဆက်စပ်မှုရှိသလဲဆိုတာ ထောက်လှမ်းရေး (၆) က ဗိုလ်ကြီးအောင်ဝင်းဆိုတဲ့ (ကျနော်တို့ နိုင်ငံ ရေးအကျဉ်းသားတွေကတော့ - ရွှေကျီးခေါ် ကျီးမဲ လို့လျှို့ဝှက်နာမည်ပေး ကင်ပွန်းတပ်ထားတဲ့) သတ္တ၀ါကတနေ့လုံးလုံး သပ်သပ်ထုတ်ပြီးကျနော့်ကို နည်းမျိုးစုံနဲ့ စစ် ဆေးခဲ့ပါတယ်။ ကျနော်က နိုင်ငံရေးအရ ဘယ်လိုမှမပတ်သက်ကြောင်း၊ နည်းမျိုးစုံနဲ့စစ်ဆေးတာကို နည်းမျိုးစုံနဲ့ဘူးခါ ငြင်းဆိုခဲ့ပါတယ်။ အဲဒီတော့ ရွှေကျီးက ‘ဒီ တင်မိုးတို့ - စွမ်းရည် တို့ဆိုတဲ့ကောင်တွေလဲ၊ ဘယ်လိုကောင်တွေလဲဆိုတာ ဒို့သိတယ်ကွ’ ဆိုပြီး မိုက်မိုက်ရိုင်းရိုင်းရင့်ရင့်သီးသီးနဲ့ပြောဆိုစစ်ဆေးခဲ့ပါတယ်။ ဆရာစွမ်းတို့ ဆရာဂျမ်းတို့ မျက်နှာကြီးတွေကို ဖြတ်ကနဲဖြတ်ကနဲ ပေါ်လာနေမိရင်းကပဲ၊ ဒီနို့မှုန့်နှစ်ဗူးဖိုး ပိုက်ဆံကိစ္စဟာ တလျောက်လုံးလိုလို တ၀ဲလည်လည် ပြန်ပြန်ပေါ်လာနေမိတတ်ပါတယ်။ ကျနော့်အိပ်ကပ်ထဲမှာ ပါလာခဲ့တဲ့ ဒီနို့မှုန့်နှစ်ဗူးဖိုး ပိုက်ဆံလေးဟာ အင်းစိန်ထောင်ဗူးဝမှာ အပ်ထားခဲ့ရပြီး၊ အင်းစိန်ထောင်က နေ သာယာဝတီထောင်ပြောင်းပြီး ပို့တဲ့အထိလဲ စာရင်းအရလူနဲ့အတူ ကပ်ပါလာခဲ့ရုံမက ကျနော့်ဘ၀မှာ ကျနော့်အတွက်တော့ တသက်တာအမှတ်ရစရာကိစ္စတခု သဖွယ် ဖြစ်နေခဲ့ရပါတော့တယ်။
ထောင်အ၀င်မှာ ဆရာစွမ်းနဲ့ပတ်သက်ပြီး အဲဒီလို မှတ်မှတ်သားသားဖြစ်ဖွယ်ကိစ္စတွေနဲ့ ၀င်လာခဲ့ရတဲ့ကျနော်ဟာ ထောင်ကပြန်လာတဲ့အချိန်ကျ တော့လဲ မှတ်မှတ်သားသားဖြစ်စရာတွေ ထပ်ကြုံရပြန်ပါတယ်။ ကျနော်နောက်ဆုံး ထွက်လာခဲ့ရတဲ့ထောင်ဟာ သာယာဝတီထောင်ပါ။ အဲဒီနေ့က သာယာဝတီက နေ ညကြီးမိုးချုပ် အချိန်ကြီးကျမှ ရန်ကုန်ကိုပြန်ရောက်ပါတယ်။ အိုးမရှိအိမ်မရှိတဲ့ ကျနော်ဟာတလမ်းလုံး ‘ဘယ်သူ့ဆီ အရင်ဝင်ရမလဲ၊ ကနေ့ည ဘယ်အိမ်အရင် ၀င်အိပ်ရ ကောင်းမလဲ’ လို့ကားပေါ်မှာ တွေးလာရင်းက၊ စီးလာမိတဲ့ကားကလေး အာအိုင်တီအကျော် ခ၀ဲခြံရှေ့အရောက်မှာ ဆင်းလိုက်ပြီး၊ ကျနော့်အပေါ် အင်မ တန်သံယောဇဉ်ကြီးလှတဲ့ ကျနော့်ရဲ့အကိုကြီးသဖွယ်ဖြစ်နေတဲ့ ကိုခင်မောင်အေး (ရှေ့နေကြီးကိုခင်မောင်အေး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အမှုမှာလိုက်ပါ ဆောင်ရွက်နေတဲ့၊ တလောလေးကမှ ဆုံးသွားရှာသူ) ရဲ့အိမ်ကို ၀င်လိုက်ပါတယ်။ နောက်တရက်နှစ်ရက် ကျော်မှာတော့၊ ကျနော့်ချစ်ဆွေကြီး ပန်းချီဆရာကိုယဉ် မင်းပိုက်နဲ့အတူ၊ ဆရာစွမ်းဆရာဂျမ်းတို့ရဲ့‘သောကြာဝိုင်း’ လေးရှိရာ ပညာရေးတက္ကသိုလ်နောက်ကျောခြမ်း ကဲင်တင်းထဲက လဖက်ရည်ဆိုင်လေးဆီအရောက် ချီတက်လာခဲ့ပါတယ်။ အဲဒီမှာ ဆရာစွမ်းကြီးရဲ့နရသိန်ပြန်ကျနော့်ကို အပြုံးမြမြနဲ့ကြိုဆိုလိုက်ပုံကတော့ တသက်မမေ့စရာပါ။ အားရပါးရကြီး ပြုံးလိုက်ရင်းက ပါးစပ်ကလဲ ‘ဟာ - လာ လာ ဘာစားမလဲ၊ ထမင်းကြော်လား၊ ခေါက်ဆွဲကြော်လား’ တဲ့။ ကျနော်က ‘ဆရာ - ကျနော်အခုပဲ ထမင်းစားလာခဲ့ပီ၊ ဗိုက်ပြည့်နေပီ၊ တော်ပီ’ လို့ငြင်းလိုက်မိတော့၊ ‘ဟာ ဗိုက်ပြည့်လဲ ထပ်ပီးစား၊ ကိုယ်က ထောင်က ထွက်လာခဲ့တဲ့သူဆိုရင် - မှတ်မှတ်ရရ တခုခုကို ကျွေးရမှ’ တဲ့။ အဲဒါကြောင့် အဲဒီ နေ့က ဆရာစွမ်းကျွေးတဲ့၊ ခေါက်ဆွဲကြော်ပွဲကြီး တပွဲကို အဲဒီနားမှာတင် ဆရာစွမ်း၊ ဆရာဂျမ်း၊ ဆရာနိုးတို့ရှေ့မှာတင်၊ မကုန်ကုန်အောင် ကျနော်စားခဲ့ရပါတယ်။
နောက် နှစ်ရက်လောက်နေတော့၊ ပန်းချီဆရာကပဲ ကျနော် ရှိတဲ့နေရာကို တခုတ်တရလိုက်ရှာပြီး၊ ‘ဒီမှာ - ခင်ဗျားအတွက် ဆရာစွမ်းက ကျနော်နဲ့ ပေးလိုက်တာ ရှိသေးတယ်’ ဆိုပြီး လွယ်အိတ်ထဲကနေ အထုပ်တထုပ်ကိုပေးလာပြန်တယ်။ ကြည့်လိုက်တော့ - မျက်နှာသုတ်ပ၀ါ အသစ်ကလေးတထည်နဲ့ ကိုယ်တိုက်ဆပ်ပြာမွှေးကတခဲ - ။ ပန်းချီဆရာက လှလှပပ ဖွဖွလေး ရယ်မောရင်း၊ ‘ထောင်က ထွက်လာခါစလူဆိုတော့၊ ခင်ဗျားအတွက် အသုံးလိုမယ့်ဟာဆိုပြီး ပေးလိုက်တဲ့သဘောပဲ။ ဆရာစွမ်းက ကဗျာဆရာဆိုတော့ ကဗျာဆရာအချင်းချင်း သံယောဇဉ်ရှိတာ စေတနာရှိတာလဲ ပါသပေါ့။ တခုက ခင်ဗျားကို ရေလေး ဘာလေး ချိုးအုံး လို့လဲ ပြောလိုက်တဲ့သဘော - ဆပ်ပြာခဲ ထည့်ပေးလိုက်တာ နေမှာဗျ၊ ဆရာစွမ်းပေးလိုက်တဲ့ အမှတ်တရကတော့ ပိုင်သဗျာ - ’ ဆိုပြီး တဟဲဟဲနဲ့ ရယ်မောပါတော့တယ်။ ကျနော့်မှာလဲ ကြည်ကြည်နူးနူးနဲ့ပြုံးမိရပါတော့တယ်။ ကျနော့်ရဲ့ ထောင်အပြန်အတွက်၊ ဆရာစွမ်းကျွေးခဲ့ဖူးတဲ့ ခေါက်ဆွဲကြော်နဲ့ ဆရာစွမ်း ပေးခဲ့ဖူးတဲ့ အဲဒီအမှတ်တရလက်ဆောင်ဟာ ဘယ်တော့မှ မမေ့နိုင်ဖွယ်ရာ ဖြစ်ခဲ့ရင်း အကြောင်းဆုံတိုင်းလိုလို သတိရစရာ လွမ်းမောစရာဖြစ်နေခဲ့ရပါတယ်။

( ၄ )
အပေါ်ယံအားဖြင့်ပဲ သိသူတယောက်က ဆရာဂျမ်းနဲ့ဆရာစွမ်းကို ဖြတ်ကနဲ ကြည့်လိုက်မယ်ဆိုရင်၊ ဆရာဂျမ်းကြီးကိုတော့ မြင်မြင်ချင်းကိုပဲ အင်မ တန် သဘောကောင်းမယ့်ပုံ၊ ဘယ်နေရာမှာ ဘယ်လိုလူမျိုးနဲ့ဖြစ်ဖြစ် အလိုက်အထိုက် အကြောင်းအပေါင်းသင့်အောင် နေတတ်ထိုင်တတ်မယ့်ပုံ၊ ပျော့ပျော့ ပျောင်းပျောင်းရှိမယ့်ပုံလို့ တန်းမြင်လိုက်မှာဖြစ်ပြီး ချစ်ချစ်ခင်ခင်ဖြစ်သွားကြမှာပါ သေချာသလောက်ရှိပေမဲ့၊ ကျနော်တို့ဆရာစွမ်းကြီးကိုတော့၊ ထဲထဲဝင်ဝင် မ ဆက်ဆံဖူးပဲနဲ့ မြင်မြင်ချင်း လွယ်လွယ်ကူကူ ရင်းနှီးချစ်ခင်သွားကြလိမ့်မယ် မထင်ပါ။ ဆရာဂျမ်းရော ဆရာစွမ်းပါ ၀၀ပြည့်ပြည့် မဟာစည်ကိုယ်တော်ကြီးတွေ ဖြစ် ပေမဲ့၊ ဆရာဂျမ်းရဲ့သွားဟန်လာဟန်က ခပ်ဖြေးဖြေးခပ်ရို့ရို့နဲ့လေးလေးအေးအေးပုံ ပေါက်သလောက်၊ ဆရာစွမ်းရဲ့သွားဟန်လာဟန်ကတော့ ခပ်တင်းတင်း ခပ် မှန်မှန်နဲ့အားမာန်အပြည့်ပါတာ တွေ့ရပါလိမ့်မယ်။ အရပ်ပြော တောသားပြော ပြောရရင်တော့၊ ဆရာဂျမ်းရဲ့ပုံက ပေါင်းလို့သင်းလို့မိတ်ဆွေဖွဲ့ဖို့ မိတ်ဆွေဖြစ်ဖို့လွယ် မယ့်ပုံ ပေါက်သလောက်၊ ဆရာစွမ်းရဲ့ပုံကတော့ တော်တော်တန်တန်နဲ့ မြန်မြန်ဆန်ဆန် မိတ်ဆွေဖွဲ့ဖို့ မိတ်ဆွေဖြစ်ဖို့လွယ်မယ့်ပုံမျိုး မပေါက်ပါ။ အကြောင်းမသိ သူတွေကဆိုရင်၊ တော်တော်ကို အပေါင်းရအသင်းရ အဆက်ဆံရ ခက်မယ့်ပုဂ္ဂိုလ်မျိုးလို့တောင် ဖြတ်ကနဲ မြင်ကောင်းမြင်ကြနိုင်ဖွယ်ရှိပါတယ်။ ပန်းချီဆန်ဆန် ပြောရရင်တော့၊ ဆရာဂျမ်းရဲ့ရုပ်ပုံလွှာက ကောက်ကြောင်းပျော့ပျော့၊ စုတ်ချက်နုနု၊ ဆေးသားလွင်လွင်။ ဆရာစွမ်းရဲ့ရုပ်ပုံလွှာကတော့ ကောက်ကြောင်းတင်းတင်း၊ စုတ်ချက် ကြမ်းကြမ်း၊ ဆေးသားထူထူ - -။ ဒါကြောင့်လဲ နိုင်ငံရေးအမြင် နိုင်ငံရေးရပ်တည်ချက်နဲ့ စာပေအမြင် စာပေရပ်တည်ချက်မှာ အနှစ်သာရအားဖြင့် တသ ဘောတည်းလိုလို အတူတူပဲရှိခဲ့ပေမဲ့၊ ဆရာဂျမ်း(ဆရာတင်မိုး)ကို ခါးခါးသည်းသည်း မုန်းတီးကြသူတွေ သိပ်မတွေ့ရပဲ၊ ကျနော်တို့ရဲ့ဆရာစွမ်းကိုတော့ မုန်းတီးကြ သူတွေ တော်တော်များများရှိခဲ့တာလဲ တွေ့ခဲ့ရဖူးပါတယ်။ ဆရာစွမ်းများ ခြေလှမ်းတချက်လောက် မှားလိုက်မယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာသိက္ခာချဖို့ ချောင်ထဲ ကနေအမြဲလိုလို ချောင်းနေကြသူတွေလဲ မရှားလှတာတွေ့ရဖူးပါတယ်။ ဆရာစွမ်းကထက်မြတဲ့ ကဗျာဆရာသာမက၊ အင်မတန်ထက်ရှတဲ့ စာပေဝေဖန်ရေးဆရာ တဦးလဲပဲ ဖြစ်နေပြန်တယ် မဟုတ်လား။
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ဝန်းကျင်လောက်က စာပေလောကမှာ အုတ်အော်သောင်းတင်းဖြစ်ခဲ့တဲ့ အဖြစ်အပျက်တခု ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ ‘ဘီရို ကြီး’ ဆိုတဲ့ ကိစ္စပါ။ စာပေဝေဖန်ရေးဆရာ ဆရာမောင်စွမ်းရည်ကို ဒီတခါတော့ အပိုင်ပဲ ဆိုတဲ့အပေါက်မျိုးနဲ့ဟိုက ဒီက၀ိုင်းပြီး ဆော်ကြကလော်ကြတဲ့ အဖြစ်ပါ။ စာပေရပ်ကွက်သတင်း လိုလိုကဏ္ဌမျိုးတွေမှာ၊ စာနယ်ဇင်းလောက ကြားသမျှမြင်သမျှ - ဆိုတဲ့ အခန်းကဏ္ဌမျိုးလိုလိုတွေမှာသာမက၊ ဟိုမှာ ဒီမှာ နေရာအနှံ့- ကာ တွန်းနဲ့လှောင်တဲ့သူက ကာတွန်းနဲ့လှောင်၊ ဟာသရေးပြီး ခပ်နှက်နှက်ကလေး ကလိတဲ့သူ ကကလိနဲ့မဂ္ဂဇင်းတချို့ရဲ့ စာမျက်နှာတွေပေါ်ကနေ တော်တော်ကြာ အောင် သရော်တာ ခနဲ့တာ ဟားတိုက်တာကို ဆရာစွမ်းကြီး ကြုံခဲ့ရပါတယ်။ ‘အမျိုးသမီးကလောင်ရှင်တဦးရဲ့ဝတ္ထုကို နာမည်ကြီးဝေဖန်ရေးဆရာကြီးတဦးက ကောင်းတယ်လို့ချီးကျူးရေးသား၊ ဘာလို့လဲဆိုတော့ အဲဒီအမျိုးသမီးစာရေးဆရာမက ဘီရိုကြီးတလုံး လက်ဆောင်ပေးခဲ့လို့ဆိုပဲ’ ဆိုတဲ့ အကြောင်းအရာကိစ္စ ဖြစ် ပါတယ်။ ကြားရသူတိုင်း စိတ်ဝင်စားဖွယ်ဖြစ်ခဲ့ရပြီး၊ အမှန်တကယ်လဲ သို့လောသို့လော တွေးတောချင်စရာကြီး ဖြစ်ခဲ့ရပါတယ်။ အမျိုးသမီးစာရေးဆရာမ ဆိုတာ က မနုရည် (နုနုရည် - အင်းဝ) ကို ဆိုလိုတာဖြစ်ပြီး၊ နာမည်ကြီးဝေဖန်ရေးဆရာတဦး ဆိုတာကတော့၊ ကျနော်တို့ရဲ့ဆရာစွမ်းကြီးကို ရည်ရွယ်တိုက်ခိုက်ခဲ့တာ ဖြစ် ပါတယ်။ အဲဒီတုန်းက “ကျုပ်အိမ်မှာ ကြည့်စမ်းပါဗျာ - ဘီရိုကြီးမပြောနဲ့၊ ဘီရိုနဲ့တူတာဆိုလို့ ကြောင်အိမ်တောင် ကောင်းကောင်းမရှိပါဘူးဗျာ” လို့ မခံချိမခံသာ အပြုံးနဲ့ ဆရာစွမ်းရဲ့ပြောဆိုသံကိုလဲ ကျနော်ကောင်းကောင်းကြားသိခဲ့ရပါတယ်။ အဲဒီ ‘ဘီရိုကြီးကိစ္စ’ ရဲ့အဓိက လက်သည်တရားခံကလဲ၊ တခြားသူတပါးသူ မှတ် လို့၊ ကိုအောင်ကျော်တိုး ကိုယ်တိုင်ဖြစ်နေတယ်။ ‘နုနုရည် -အင်းဝ’ ရဲ့ယောက်ကျား ကိုအောင်ကျော်တိုးကိုယ်တိုင် တာဝန်ရှိသူဖြစ်နေတာ သိရပါတော့တယ်။ တ ရက်မှာ ရန်ကုန်တက္ကသိုလ်ထဲက ချောင်ကျကျ သက်သာလဖက်ရည်ဆိုင်လေးတခုထဲမှာ ကိုအောင်ကျော်တိုးက ကျနော့်ကို လဖက်ရည်တိုက်ရင်းက ‘အခု ကျုပ် မှာ ဆရာစွမ်းကြီးကို မတွေ့အောင် ရှောင်နေရတာဗျ၊ တွေ့များ တွေ့လို့ကတော့ - ဒီကောင့်ကို လက်သီးနဲ့ကို ဆွဲထိုးမှာလို့ ကြိမ်းထားတယ်ဗျ၊ အဲဒါ ပက်ပင်းတိုး နေရင် အထိုးခံရနိုင်တယ်ဗျ’ လို့ပြောရင်း၊ သူ့ရဲ့ထုံးစံအတိုင်း ပြုံးဖြဲဖြဲမျက်နှာကြီးနဲ့ဇာတ်စုံခင်းပြမှ ကျနော့်မှာ အကြောင်းစုံ သိရပါတော့တယ်။ အဖြစ်ကတော့ ကို အောင်ကျော်တိုးရဲ့နောက်စပ်စပ်ပြောတတ် ဆိုတတ်တဲ့ဝါသနာကြောင့် ‘ဘီရိုကြီးပြဿနာ’ ပေါ်ခဲ့ရတာဖြစ်ပါတယ်။ နုနုရည်ရဲ့ဝတ္ထုကို ကျနော်တို့ရဲ့ဆရာစွမ်းကြီး ကသူကိုင်စွဲထားတဲ့ ဝေဖန်ရေးပေတံကြီးနဲ့တိုင်းပြီး ကောင်းတယ်လို့ချီးကျူးထောပနာ ပြုပြီးတဲ့နောက်မကြာခင်မှာပဲ စာပေလောကနေရာတခုမှာ ကိုအောင်ကျော် တိုးနဲ့တွေ့တဲ့ စာပေသမားတဦးက ‘တော်တော် တန်တန်များ ကောင်းတယ်လို့ကို သိပ်မပြောတတ်တဲ့ ဒီဆရာကြီးက ခင်ဗျားမိန်းမရဲ့စာအုပ်ကိုတော့ တယ်ချီးကျူး ထားပါလားဗျ’ လို့စကားစပြီးပြောသတဲ့။ အဲဒီတော့ ခပ်တည်တည်နဲ့မထေ့တထေ့ပြောရာမှာ၊ ဗလရွတ် ရွှတ်တ နောက်တီးနောက်တောက် ပြောရာဆိုရာမှာ အင်မတန် ပါရမီပါလှတဲ့ ကိုအောင်ကျော်တိုးက အနီးအနားမှာ ဘယ်လိုလူတွေ ရှိနေတယ်ဆိုတာမျိုးတောင် ဂရုမစိုက်ပဲ၊ သူ့ရဲ့ထုံးစံအတိုင်း ပြုံးဖြဲဖြဲနဲ့ ‘ဟာ - ကောင်းတယ်လို့ပြောမှာပေါ့ဗျ၊ ကျနော်တို့လင်မယားက ဘီရိုကြီးတလုံးလုံးသွားပီး လက်ဆောင်ပေးထားတာကိုးဗျ’ လို့ခပ်တည်တည်ပဲ ပြန်လည်ဖြေဆိုသမှု ပြုခဲ့ သတဲ့။ အဲဒီအကြောင်းကို ကြားလိုက်ကြရသူတွေထဲက ရွှေဥာဏ်တော်စူးရောက်ကြသူတွေ၊ ဆရာစွမ်းကြီးအပေါ် မေတ္တာတုံးကြီးကြီး ဟီးတိုက်ပြီးပို့သချင်သူတွေ က၊ ဒီကိစ္စကတော့ အပိုင်ပဲ၊ လင်ယောက်ကျား လုပ်သူကိုယ်တိုင်က တော်တော်များများအကြားပြောဆို ဖွင့်ဟသွားခဲ့တဲ့စကားပဲဆိုပြီး၊ မဂ္ဂဇင်းစာမျက်နှာ တွေပေါ် အထိ ရောက်လာခဲ့ရတော့တာ ဖြစ်ပါတယ်။ ကာတွန်းသမားက ကာတွန်းနဲ့လှောင်၊ ဟာသစာရေးဆရာက ဟာသနဲ့နောက်၊ ‘ဘီရိုကြီး လက်ဆောင်ရလို့၊ စာအုပ် ကောင်းတယ်လို့ဝေဖန်ရေး ရေးပေးသူ ဝေဖန်ရေးဆရာကြီး’ အဖြစ်ပုံဖေါ်တိုက်ခိုက် လှောင်ပြောင်တာကို ဆရာစွမ်းကြီးခံခဲ့ရရှာပါတယ်။ အဲဒီကာလက နုနုရည်ဆို တာတောင် လူချင်းမမြင်ဖူး မသိဖူးသေးပဲ ကိုယ်ယုံကြည်ယူဆတဲ့အမြင်အတိုင်း ဝေဖန်ရေး ရေးခဲ့တာဖြစ်တဲ့အတွက် ဆရာစွမ်းကြီး ဘယ့်လောက် ရှူးရှူးရှားရှား ဖြစ်လိုက် ဒေါသထွက်လိုက်မလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ နောက်စစပြောတတ်လွန်းတဲ့ ကိုအောင်ကျော်တိုးကိုယ်တိုင် နဲနဲတော့ ဖြုံသွားခဲ့တယ်လို့ထင်ပါ တယ်။ ကျနော်ကတော့ - ဆရာစွမ်းကြီး ဒေါသထွက်တာ ကြားလဲ ကြားဖူး၊ မြင်လဲ မြင်ဖူးပါတယ်။

(၅)
ကျနော်တို့ရဲ့ဆရာစွမ်းကြီးဟာ (၁၉၃၇) ခုနှစ် ဖေဖေါ်ဝါရီ (၁၇) ရက်နေ့ဖွားဆိုတော့၊ မနှစ်က ၂၀၀ရခုနှစ် ဖေဖေါ်ဝါရီ (၁၇) မှာ အသက် (၇၀) တိတိ ပြည့်မြောက်ခဲ့ပါတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ (၇၀) ပြည့်အမီ ဆရာစွမ်းကြီးအတွက် ရုပ်ပုံလွှာဖွဲ့ဦးမယ်လို့ရင်ထဲမှာ ခံစားမှုတွေ စုစည်းပွားစည်နေမိတုန်းပဲ ရှိသေး၊ ဇန်န၀ါရီလထဲမှာ ဆရာဂျမ်းကြီးရုတ်တရက် ကွယ်လွန်သွားတာ ကြားလိုက်ရပြီး၊ ဆရာဂျမ်းရဲ့ရုပ်ပုံလွှာကိုပဲ လွမ်းလွမ်းဆွတ်ဆွတ်ရေးဖွဲ့လိုက်ရပါ တော့ တယ်။ ဆရာစွမ်းရဲ့အသက် (၇၀) ပြည့်အတွက် မရေးဖွဲ့ဖြစ်တော့ပါ။ ဒီနှစ်တော့ ဘာပဲဖြစ်ဖြစ် ဆရာစွမ်းကြီးရဲ့ရုပ်ပုံလွှာကို ကျနော်မြင်သလို နားလည်သလို ခံစား မိခဲ့သလို အခုပဲ ကောက်ကြောင်းတို့ကြည့်လိုက်မိပါပြီ။ ကျနော် - တို့ကြည့်မိလိုက်တဲ့ ကောက်ကြောင်းဟာ ဘယ်လိုမှတော့ ပြည့်စုံလုံလောက်မှာ မဟုတ်ပေမဲ့၊ ဆရာစွမ်းကြီးကိုယ်တိုင် ကျန်းကျန်းမာမာသက်ရှိထင်ရှားရှိနေတုန်းမှာပဲ အခုလို ရေးခြယ်ပြလိုက်နိုင်တာအပေါ်မှာတော့၊ ကိုယ့်ဟာကိုယ် ၀မ်းသာပီတိ ဖြစ်လိုက်မိ ပါတယ်။
ဆရာဟာ ပညာရေးသမား၊ ပညာရှင်၊ စာကြည့်တိုက်ပညာအပေါ် မြတ်မြတ်နိုးနိုးတန်ဖိုးထား လှသူ၊ ကောက်စိုက်တေး - လူထုတေးတွေစုဆောင်းသူ၊ အသံလွှင့်ဆောင်းပါးရှင်၊ စသဖြင့် စသဖြင့် လေးစားအပ်ဖွယ် ဂုဏ်ပုဒ်တွေ တသီတသန်းကြီးနဲ့ပေမဲ့၊ ဆရာ့ကို ကျနော်မြင်တာကတော့ - တကယ့်ကဗျာဆရာနဲ့ တကယ့် စာပေဝေဖန်ရေးဆရာ ဆိုတာပါပဲ။ ဆရာ့ရဲ့ကဗျာတွေဟာ ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန်နဲ့ထက်ထက်ရှရှ ရှိခဲ့သလို၊ ဆရာ့ရဲ့ဝေဖန်စာတွေဟာလဲ ပစ် ကွင်းရှိရှိ ထိချက်မှန်မှန် ရပ်ခံမှု ပီပီသသနဲ့လူထုဖက်ကဆိုတာ ပြတ်ပြတ်သားသားပေါ်လွင်နေခဲ့ပါတယ်။ ‘မောင်စွမ်းရည်’ ဆိုတဲ့ ကလောင်ဟာ ဘယ်လိုကလောင် လဲဆိုတာ စာပေသမားမှန်ရင် သိပါတယ်။
ဖေါက်ပြန်သူတွေအပေါ် စစ်အာဏာရှင်ရူးတွေအပေါ် တစိုက်မတ်မတ် ထိုးနှက်တိုက်ခိုက်ရာမှာ ကဗျာတွေထဲမှာမှ ထိထိမိမိစူးစူးရှရှ ရှိခဲ့တာမဟုတ်၊ စာပေဝေဖန်ရေးတွေ စာအုပ်ဝေဖန်ချက်တွေထဲမှာလဲ ပြင်းပြင်းထန်ထန် လေးလေးနက်နက် ထက်ထက်ရှရှ ရှိခဲ့ပါတယ်။ ကဗျာထဲမှာရော ဝေဖန်ရေးထဲမှာပါ သိသိ သာသာ ထိုးထိုးထွက်လာပြီး ပေါ်ပေါ်လွင်လွင်ထက်ထက်မြမြ တွေ့ရမြင်ရ ကြားရတတ်တာကတော့၊ (တခြားသူတွေနဲ့မတူ တမူထူးခြားတယ်လို့ပြောရလောက်တဲ့) ထေ့သံ လှောင်သံ သရော်သံပါပဲ။ ဒါဟာ ဆရာစွမ်းရဲ့ကိုယ်ပိုင်ဟန်ပါ။ စာပေသမားတိုင်းလိုလို အလွယ်တကူ မြင်ရနိုင်တဲ့ ဆရာစွမ်းကြီးရဲ့ကိုယ်ပိုင်ဟန်ပါပဲ။
ဒိထက်တဆင့်တက်ပြီး ကျနော်မြင်လိုက်မိတာကတော့၊ ဆရာစွမ်းကြီးဟာ ထက်မြက်တဲ့ ကလောင်ရှင်သာမဟုတ်၊ ထက်မြတဲ့ခေါ်သံရှင်လဲ ဖြစ်တယ် ဆိုတာပါပဲ။ ကျနော်ဆိုလိုတဲ့ ‘ခေါ်သံ’ ကတော့၊ လိုက်လာဖို့ခေါ်လိုက်သံ မျှတင်မကပါဘူး၊ နှိုးလိုက်တဲ့အသံ၊ စလိုက်တဲ့အသံ၊ လူထုကြားကျအောင် ချပေးလိုက် တဲ့အသံတွေပါ ပါပါတယ်။ ကြည့်ပါ့ --
ဆရာစွမ်းကြီးရဲ့စာကဗျာတွေထဲမှာ- တိုက်ပွဲခေါ်သံ စိန်ခေါ်သံတွေလဲ အများအပြားရှိပါတယ်။ ‘အမေ့ခေါ်သံ’ ‘အဘခေါ်သံ’ တွေသာမက၊ ‘မြန်မာစာ ပေ ဘာလဲ ဘယ်လဲ’ လို့မေးလိုက်တဲ့ အသံကနေ ‘ဘာလဲဟဲ့ - ’ ‘ဘာလဲ ဟဲ့ -’ လို့မေးလိုက်မြန်းလိုက် ကြိမ်းမောင်းလိုက်သံ၊ စိန်ခေါ်သံတွေအထိ အင်မတန် ပြောင်ပြောင်မြောက်မြောက် ထူးထူးခြားခြား ရှိခဲ့ပါတယ်။ လူတိုင်းလူတိုင်းရဲ့နားထဲ မျက်စေ့ထဲ ကွက်ကနဲ ကွင်းကနဲဖြစ်သွားရအောင်၊ မဟုတ်မဟပ် စာမျိုးတွေ အပေါ် ‘အပစ်အခတ် အညှစ်အသတ် အညစ်အပတ်စာပေ’ တွေလို့ ခေါ်ဝေါ်ကင်ပွန်းတပ်ပေးခဲ့တာလဲ ဆရာစွမ်းကြီးပဲ မဟုတ်လား။ ၁၉၇၆ လောက်က ‘မြန်မာ စာပေ ဘာလဲ ဘယ်လဲ’ လို့ခေါင်းစဉ်တပ်ပြီး စာပေဝေဖန်ရေးစာအုပ် ထုတ်ဝေခဲ့သလို၊ ၂၀၀၇ ခုနှစ်ထဲမှာ ‘ဘာလဲဟဲ့ - မောင်စွမ်းရည်’ ဆိုတဲ့ ဆောင်းပါးပေါင်းချုပ် ထုတ်ဝေခဲ့တဲ့အထိ နှစ်ပေါင်း (၃၀) ကျော်ကျော်လောက်အတွင်းမှာလဲ ဆရာစွမ်းကြီးရဲ့ခေါ်သံမျိုးစုံဟာ စာပေနယ်တခုလုံးမှာ ပဲ့တင်ဝေနေခဲ့တာ အားလုံးကြားကြ သိကြတဲ့ အတိုင်းပါပဲ။ ခေါ်သံတွေကတော့ တိုက်ပွဲခေါ်သံ စိန်ခေါ်သံ ခေါ်ဝေါ်သံ ခေါ်လိုက်သံ - - အစုံ အစုံ ပါပဲ။
ဒါကြောင့်မို့ ကျနော်ကတော့ ဆရာစွမ်းကြီးကို ထက်မြက်တဲ့ ကလောင်ရှင်သာမက၊ ထက်မြတဲ့ခေါ်သံရှင်လို့လဲ မြင်မိနေပါတယ်။ အနီနဲ့အပြာ နောက် ခံကားချပ်ပေါ်မှာ ဆရာစွမ်းကြီးရဲ့ရုပ်ပုံဟာ တိုက်ပွဲဝင်စိတ်ဓါတ်အပြည့်နဲ့ တဖျတ်ဖျတ်လှုပ်ရှားနေဆဲဖြစ်တာ ငေးမောကြည့်မိရင်း၊ ပဲ့တင်သံတွေကိုလဲ ကြားနေမိပါ တယ်။ ဆရာစွမ်းရဲ့ခေါ်သံ အလီလီကိုလဲ ကြားနေမိပါတယ်။
ဆရာစွမ်းရေ - အမှတ်တရ ဦးညွှတ်လိုက်ပါတယ်။

(၀င်းတင့်ထွန်း)
၂၆-၁-၂၀၀ဂ
(၂၀၀ဂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် ဆရာမောင်စွမ်းရည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့ကို မှတ်မှတ်ရရရည်စူး အထိမ်းအမှတ်ပြု ရေးဖွဲ့လိုက်တာ ဖြစ်ပါတယ်။)

No comments: