Sunday, 10 February 2008

နောက်ဆုံးပင်လယ်

ပန်းတိုင်ကိုသွားရတယ်ဆိုတာ
လရောင်အောက်မှာ လမ်းလျှောက်တာမဟုတ်ဘူး
(ဓားတောင် ၀တ္ထုမှ)
ကျွန်းရဲ့ထိပ်များမှာ တလူလူအင်္ကျီဟောင်းတထည်
အော်သံကွဲကွဲ ပင်လယ်တဖျပ်ဖျပ် မီးစုန်းတောက်စား
ဒါပဲ အသားကုန်ထိုင်ငေးကြည့်နေရတဲ့ ဖြစ်စဉ်မှာ
ကျောက်ဆောင်များ ကြိမ်ဆူးများ
ငါးကင်လိပ်ဥနဲ့ အုန်းရည်ချိုချိုညစာများ
အလို ဘုတ်မြည်သံဖွဲ့နွဲ့မှုနဲ့ ဒီတက်ပြီလား
တနေ့ ကျောက်တုံးတတုံးကျ နေ့စွဲတွေ ရိုက်နှင်ရတာ
မုန်တိုင်းနဲ့ ငါးမန်းစွယ်ရောင်ဖွေးဖွေးပေါ့
ဝါးရုံပြာဆားနဲ့ ဘ၀ကို ယပ်ခတ်ရင်း
ပင်လယ်ကိုကျော်ဖြတ်ဖို့ ကောင်းကင်အပြာနဲ့ လွဲချော်ရ
သင်္ဘောမလာမီ ထွက်ခွာသွားသူကြီး။ ။

(၁၈-၂-၉၈ မှာ ကွယ်လွန်သွားခဲ့တဲ့ ဆရာမြသန်းတင့် သို့ ...)
မောင်ဆေးရိုး
(၂၀၀၀ပြည့်နှစ် ဖေဖော်ဝါရီ၊ ယနေ့မန္တလေးစာအုပ်တိုက်)

No comments: