Wednesday, 13 February 2008

ဗဟိန်း သို့မဟုတ် ညီညွတ်ရေးဗိသုကာ


အာဏာရှင်ဖြစ်စေ၊ ရီပတ်ဗလစ်ကင် ဖြစ်ပါစေ၊ အစိုးရမှန်သမျှသည် သူ့အား မိမိတို့နယ်မြေများမှ နှင်ထုတ်ခဲ့ကြသည်။ သမားရိုးကျဖြစ်စေ၊ အလွန်အကျွံ ဒီမိုကရက်ဖြစ်စေ ဓနရှင်မှန်သမျှသည် သူ့အားအပြိုင်အဆိုင် ပုတ်ခတ်ခဲ့ကြသည်။ ......
သူ့တွင် ဆန့်ကျင်ဘက်များအမြောက်အများရှိကောင်းရှိမည် ဖြစ်သော်လည်း ပုဂ္ဂိုလ်ရေးရန်သူဟူ၍ တဦးတလေမျှပင်ရှိနိုင်ခဲကြောင်း ရဲဝံ့စွာပြော လိုက်ရပေသည်။

ဖရစ်ဒရစ်အိန်ဂယ်
(ကားလ်မာ့က်စ်၏ဘ၀နှင့် ပတ်သက်၍ပြောကြားချက်)

(၁)
လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော် ...။
စစ်တပ်မှ ဒုတိယအကြိမ် အပြီးအပိုင် အာဏာမသိမ်းမီကာလ၊
နွေရာသီရဲ့ ပူရှိန်ပြင်းပြင်း ... ကျောင်းဖွင့်ချိန် ... ဇွန်လဆန်း။
... ... ... ... ...
မန္တလေးတက္ကသိုလ်ပရ၀ဏ်တွင် အဆောက်အအုံတွေက ဤမျှလောက်နီးနီးကပ်ကပ် ပူးပူးကျပ်ကျပ် မရှိသေး -
ပူပင်ပူအိုက်ငြားသော်လည်း တမာတန်းနှင့်စိန်ပန်းပင် အုပ်အုပ်တွေကြားက တချက်တချက်ဖြတ်သန်းလာသော သန့်သန့်ရှင်းရှင်းလေကို ရှူရှိုက် လိုက်ကြရလျှင် ငြီးစီစီဖြစ်နေသည့် ကျောင်းသူ ကျောင်းသားများလန်းလန်းဆန်းဆန်းဖြစ်သွားကြ၏။
ကျောင်းဆင်းကျောင်းတက်သွားကြ ပြန်ကြ၊ ဆိုင်များတွင် စားကြ၊ သောက်ကြ၊ သစ်ပင်ရိပ်များတွင် နားကြ၊ ခိုကြ။ အရှေ့ရှမ်းရိုးမဆီငေးကြမောကြ။
နယ်မှ ၁၆ နှစ် ၁၇ နှစ် ရွယ် ကျောင်းသား ၂ ယောက်သည် သင်တန်းတချိန်အပြီး မုန့်သွားစားလိုက်၊ ပင်မအဆောက်အအုံထဲဝင်လိုက်၊ စာသင်ခန်း တွေကိုလေ့လာကြည့်လိုက် ... နှင့် နောက်ဆုံးပြတိုက်ရှိရာ ရာဇတ်အဆောက်အအုံဘက်ရောက်သွားကြသည်။ အောက် - အထက် ... တက်ကြည့်ဖြစ်ကြသည်။ တနေရာတွင် ကျက်သရေရှိလှသော လူတယောက်၏ ပုံတူပန်းချီကားတချပ်ကို မြင်လိုက်ကြရ၏။ မျက်နှာထား ကြည်ကြည်လင်လင်နှင့် ပြေပြစ်ချောမောလှသော ထိုသူ၏ ပုံကိုကြည့်ရင်း - “ဘယ်သူလဲ ?” ဟု တယောက်က မေးသည်။ ကျန်တယောက်က ခေါင်းယမ်းပြ၏။
အခန်းထောင့် စားပွဲတလုံးပေါ်မှာ မျက်နှာအပ်၍မှေးနေသော ကျောင်းသားကြီးတယောက် ထလာသည်။
“ကိုယ်တို့ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းပုံလေ။ ဒီမန္တလေးက အင်တာ ( - ) အောင်သွားတယ်။ နောက် ရန်ကုန်တက္ကသိုလ်ဆက်တက်တယ်။ ဗကသ ဥက္ကဋ္ဌ ဖြစ်လာတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို ခေါင်းဆောင်ခဲ့တဲ့ သခင်ဗဟိန်းဆိုတာ သူပဲ ... ပေါ့၊ သူ့ကို မန္တလေးကတင်မဟုတ်ဘူး၊ တပြည်လုံးက ချစ်ကြတယ်လေ...”
ဖရက်ရှာကျောင်းသားနှစ်ယောက် ငေးနားထောင်ရင်းက ပန်းချီကားကြီးကို တခါထပ်ကြည့်လိုက်ကြပြန်သည်။
ချစ်ခင်မှု၊ လေးစားမှုသည် သူတို့၏ မျက်နှာပေါ်တွင် အထင်းသားထင်ဟပ်လာခဲ့ကြချေပြီ။

(၂)
“တစ္ဆေကြီးတကောင်သည် ဥပရောပတိုက်တွင် လှည့်လည်သွားလာနေပေသည်။ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင် ဖြစ်၏။ ပုပ်ရဟန်းမင်းကြီးနှင့် ဇာဘုရင်၊ မက်တာနစ်ခ်ျနှင့် ဂီဇော့၊ ပြင်သစ်ရယ်ဒီကယ်များနှင့် ဂျာမန်ပုလိပ် သူလျှိုများ ...ဟူသော ဟောင်းနွမ်းသည့် ဥရောပတိုက်ရှိ အင်အားစုအားလုံးသည် ဤတစ္ဆေကြီးအား မောင်းထုတ်ပစ်ရေးအတွက် သူတော်စဉ် မဟာမိတ်ကို ဖွဲ့စည်းလိုက်ကြလေပြီ။”

- ကွန်မြူနစ်ကြေငြာစာတမ်း (၁၈၄၈) -


ဤတစ္ဆေကြီးသည် အနှစ် ၇၀ မျှအကြာတွင် တကမ္ဘာလုံးသို့ ကိုယ်ထင်ပြလိုက်၏။ ဆိုဗီယက်နိုင်ငံတော်ကြီး ပေါ်ပေါက်ခဲ့၏။ သို့သော် ကိုလိုနီနိုင်ငံ တနိုင်ငံဖြစ်နေသော မြန်မာပြည်တွင်မူ အနှစ် ၉၀ ကြာမှ အရိပ်ထင်နိုင်ခဲ့ပေသည်။ ၁၉၃၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်၍ တည်ထောင်လိုက်နိုင်ခဲ့ကြသည်။
.........................................................................................................

“ရုပ်ဝါဒ ဆိုသည်မှာ စိတ်ဝါဒမဟုတ်၊ စိတ်ကူးစိတ်သန်း မဟုတ်၊ အကောင်အထည်က မာကျောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို ယေဘုယျ လူအများက မှတ်ထင်ကြပေမည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင် ဗဟိန်းအား ....ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့် ရုပ်ဝါဒနိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟု ထင်မှတ်ကြပေလိမ့်မည်။ သည်လို မှတ်ထင်လျှင် ဗဟိန်းကို နိုင်ငံရေးသမား အဖြစ် တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာသည်။”
ဤကား 'လူ' ကိုဗဟိန်း နှင့် ကွန်မြူနစ် ကိုဗဟိန်း အပေါ် ယှဉ်တွဲ ပေါင်းစပ်ကြည့်သောသူ တဦး၏ အမြင်ဖြစ်သည်။
သခင်သန်းထွန်းတယောက် သပ်သပ်ရပ်ရပ်နေ၊ သေသေသပ်သပ် အလုပ် လုပ် တတ်သည်ကို တွေ့သိကြသော သူများက “ကွန်မြူနစ်တွေလည်း ဒီလိုနေ၊ ဒီလို လုပ်တတ်ပါလား” ဟု ပြောမိကြသည်။ “ကွန်မြူနစ်ဆိုတာ ဖြစ်သလို နေ၊ ဖြစ်သလို စားပြီး အလုပ် အင်မတန် လုပ်သူများ” ဟူ၍သာ သူတို့ သိထားကြသည်။ နယ်ချဲ့ အရင်းရှင်များ၊ ဖက်ဆစ်များနှင့် သူတို့၏ အလိုတော်ရိ လက်ဝေခံများက ပုံဖျက်ထားသော အာဘော်များနှင့်သာ လက်ပွန်းတတီး နေခဲ့ရသော ကိုလိုနီနိုင်ငံရှိ ပြည်သူများ-ဤသို့ ရောထွေး ထင်ကြ၊ပြောကြသည်မှာ သဘာဝတော့ ကျချေသည်။
အမှန်မှာမူ တော်လှန်ရေး ကိုယ်၌မူက အနုပညာ တရပ် ဖြစ်သည် .....ဟု ကွန်မြူနစ်များ ခံယူထားသည်ကို သူတို့ မသိကြ၍သာ ....။

(၃)

ကိုဗဟိန်းကို လူအဖြစ် တချို့ က ဤသို့ မြင်ကြသည်။
သမဂ္ဂ ပျော်ပွဲစားရုံတွင် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံ တို့ဖြင့် ဆူပွက်နေစဉ် သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့ စကားပြောထဲတွင် မပါဘဲ စီးကရက်ကို တွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓါတ်စက်ကို ဓါတ်ပြား တချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။
သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင်အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်း ကဲ့သို့ လန်းရွှင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲနေသော ပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားလျက်ရှိသည်။ ကျက်သရေဖြင့် လျှမ်းသောအပြုံး၊ မေတ္တာ၏ အထိမ်းအမှတ် အပြုံး -
( လူစိမ်း တဦးနှင့် မိတ်ဆက်ပေးလိုက်သော အခါ ) သူ၏ ကြာပွင့်ချပ်ကလေး ထဲမှ ၀တ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့် အပြုံးဖြင့် တုံ့ပြန်ကာ -
“ ကျနော်တော့ မေရှင်ကို အတော် ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ ....” ဟု မေးတတ်သည်။ နောက်တော့ ....
“ချစ်၍ ခေါ်ရာ၊ ချစ်၍ ခေါ်သည်”....သီချင်းကို ဖွင့်၊ “သော်တာ ငွေမင်း” .... ကို ဖွင့်သည်။ (နောက်တော့ ဂီတနှင့် ပတ်သက်၍ သူ့ ခံယူချက် ကို ဤသို့ ပြောပြပါလိမ့်မည်။)
“ တချို့ ကအင်္ဂလိပ် တီးလုံးသွားသီချင်းတွေကို မကြားနိုင်ကြဘူး၊ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးထဲ ကန့်သတ်ထားတာမဟုတ်ဘူး...”
သူသည်သီချင်း ဓာတ်ပြားတွေကို တပြားပြီးတပြား ဖွင့်ရင်း ဤအဘိဓမ္မာကို ရင့်ကျူးဖော်ထုတ်နေတက်၏။
“ ကျနော့်အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြားဂျပန်ပဲဖြစ်ဖြစ်၊ က္ကုတာလျံပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့ က အင်္ဂလိပ်သံဆိုရင် အသံသေးအသံကြောင် ဆိုပြီးနားမထောင်နိုင်ကြတာ အံ့သြစရာပဲ...”
ဤသို့ပြောသံကြားသောအခါ သူငယ်ချင်းတယောက်လည်းဖြစ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံတွင် ကိုဗဟိန်းနှင့် အတူတွဲ၍ ခေါင်းဆောင်ပါဝင်ခဲ့သော ကိုဗဆွေ(နောင် ဖဆပလ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ)က...“ ဗဟိန်းကလည်း ဝတ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတ လိုက်စားချင်နဲ့တော့... မင်းတို့တွေစိတ်ကူးယဉ် သမားတွေကိုး...” ဟု မှတ်ချက်ချသည်။
ဒီအခါ ကိုဗဟိန်းက ... “ လူဆိုတာ အလှအပကိုမက်တာပဲ၊ ကဗျာဂီတရဲ့ အလှအပကို မကြည်နူးပဲ မနေနိုင်ဘူး။ လူဆိုတာမင်းပြောတဲ့ စိတ်ကူး ယဉ်ပဲဆိုပါတော့ ကဗျာဂီတကို နားလည်မွေ့ လျော်လာတာ ယဉ်ကျေးလာတာကွ”... ဟု ရယ်ရင်းမောရင်း ပြောတတ်၏။ သူသည် အမှန်တကယ်လည်း ဂီတကို ချစ်မြတ်နိုးသူဖြစ်သည်။ အချိန်ရရင် ရသလို ဂီတကို ဖက်ပွေ့ တတ်သည်။
ဇမ္ဗူ့ ကျွန်းလုံးသီချင်းခံ့ကို ဂီတ၌ အတော်အတန် ဝါရင့်သူများသာရပေသည်။ ကိုဗဟိန်းသည် ဇမ္ဗူ့ ကျွန်းလုံးသီချင်းခံ့ကို အစအဆုံးပင် ဆိုနိုင်သည် မှာ အံ့သြဖွယ် ကောင်းပေသည်။ ပြည်လှဖေ၏ “ နတ်သျှင်နောင်”၊ ဒိုရာသန်းအေး၏ “ လှေကလေး” ကိုလည်း အတော်သဘောကျသည်။ (ချစ်ဒုက္ခ ဦးဘညွှန့် နှင့် ခင်မင်သော ကိုဗဟိန်းသည် “ ဆုထူးရွယ်” သီချင်းကို ဓါတ်ပြား မထွက်မီက ရနှင့်နေသည်။)
တခါတရံ မေရှင်၏ “ ကျောင်းပိတ်ရက်” သီချင်းကို ဆိုလေ့ရှိ၏။
ကဗျာကိုတွေ့လျှင် လူတွေချစ်သလို၊ ကိုဗဟိန်းကိုလည်း တွေ့လျှင် မချစ်ဘဲ မနေနိုင်။ သူ၏အပြုံးသည် အင်မတန် ချစ်ဖွယ်ကောင်းသည်။ အပြုံးမှာ ကဗျာလေးတပုဒ်နှင့် တူနေ၏။ အင်္ဂလိပ်စာ ပါမောက္ခ ရုတ်စ် ကပင် ကိုဗဟိန်းအား “ နှစ်လိုဖွယ် ကောင်းသော သူငယ်ပဲ” ဟုပြောကြောင်း မှတ်တမ်းတခုရှိဖူး၏။
အကယ်၍ ကိုဗဟိန်းသည် နိုင်ငံရေးသမား မဖြစ်လျှင် ဧကန်စာရေးဆရာ တယောက်ဖြစ်မည်။... ဟု ထင်ကြသည်။
သူသည် စာပေကိုလည်း အင်မတန်ဝါသနာပါသည်။ ကားလ်မာ့က်စ်၏ ကွန်မြူနစ် စာပေ ပရိယတ္တိကိုသာမဟုတ်၊ အနုစာပေ စသည်ကိုလည်း ဖတ် သူဖြစ်၏။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။
(ဂေါ်ကီ၏ ဝတ္ထုတိုတပုဒ်ကို “ လေလွင့်သူ” အမည်နှင့် ဗမာလိုဆီလျော်အောင် ဘာသာပြန်၍ လက်ရွေးစဉ်မဂ္ဂဇင်းတွင် ထည့်ဖူးသည်။ ပစ္စည်းမဲ့အ ချင်းချင်း ဆင်းရဲသော ဘဝအကွေ့ ၌ တွေ့ကာရင်းနှီးခင်မင်ပုံ သဘာဝကို ပြထားသော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်ပေသည်။)
ဒဂုဏ်မဂ္ဂဇင်းတွင်ပါသော သူ၏ “ ဘဝခရီး” အမည်ရှိဝတ္ထုတိုကား ဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှသည်။ ကုလားဗမာအထိကရုဏ်းကို နောက်ခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာ သူငယ်ချင်းနှစ်ယောက်၏ မေတ္တာငတ်မွတ်ခြင်းအကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာထည့်သွင်းထားသေးသည်။
ထွန်အေး စာအုပ်ဖြန့်ချိရေးဌာနမှ ထုတ်ဝေသော “ ဓနရှင်လောက” ကား ဗမာစာနယ်ဇင်းလောကတွင် ထင်ရှားသည်။ “ ဓနရှင်လောက” သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဗဟိန်းသည် အရေးအသား၌ နိုင်နင်း ကျွမ်းကျင်ကြောင်း ဖော်ကြွားထားပေသည်။ သူသည် စာရေးကောင်းသူတယောက် ဖြစ်သည်။
အင်္ဂလိပ်ပြေးခါနီး သူထောင်မကျခင် ချားလ်စ်ဒစ်ကင်း ၏ နာမည်ကျော် “ မျှော်တလင့်လင့်” ဝတ္ထုကြီးကို “လူ့အလို” အမည်ဖြင့်ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ (၆၀) ကျော်သာရိုက်နှိပ် ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် ဗမာစာပေလောကတွင် ကျော် စောထင်ရှားဦးမည့် ဝတ္ထုကောင်းတပုဒ် ဖြစ်ပေမည်။ သူသည်နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေလေရာ တဖောင်ရိုက်နေစဉ် နောက်တဖောင် ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေးစာအုပ် ဖြန်ချီရေးဌာန အလုပ်ခန်းတွင် ထိုင်ကာ ရေးပေးသောဝတ္ထု ဖြစ်သည်။
သူ့မှာဝတ္ထုစာရေးဆရာကြီးတယောက် ဖြစ်နိုင်သော လက္ခဏာအများကြီးရှိသည်ဟု စာရေးဆရာ အချင်းချင်း အကဲဖြတ်ထားသည်။ သို့သော် မြန်မာ ပြည်ကို လွတ်လပ်ချင်သောစိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘဝ ကတည်းကပင် ထောင်ကျ ဆင်းရဲအနစ်နာခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်ပေသည်။
ကိုဗဟိန်းသည် လူအဖြစ်ကုံလုံပြည့်စုံသူ တစ်ယောက်ဖြစ်သည်။
ကိုဗဟိန်းကို သူ့မိဘများက ကြေးမုံသဖွယ် အရိပ်ရိပ်တကြည့်ကြည့် နေအောင်ချစ်၏။ သူရန်ကုန်တက္ကသိုလ်သို့ လာနေသောအခါ မိဘများက သူ၏ သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကျပ်နေအောင် သိပ်ပေးခဲ့၏။ (သားအပေါ်မည်မျှချစ်သည် ဆိုရသော်၊ ထိုအချိန်က သားဖြစ်သူအပေါ် စိတ်ဆိုးနေချိန် ဖြစ်သော်လည်း) ဖခင်ဖြစ်သူဦးမှင်က ရှမ်းပြည်တက်မည့် သူ့သားအတွက် အချမ်းလုံအောင်ဆိုပြီး ရှူးဖိနပ်ကို ကိုယ်တိုင်ဆေးသုတ်ပေးရှာ၏။
(သခင်အောင်ဆန်း သူ့အိမ်သို့ရောက်စဉ်က) “ သူ့ကိုကျုပ်တို့က ဘယ်လောက် တကြည့်ကြည့်နဲ့ ချစ်ခဲ့ရပေမဲ့ သူကမိဘကို နိုင်ငံရေးလောက် ချစ်တာမဟုတ်ဖူး”... ဟုဖွင့်ပြောသည်။ တခါသခင်အောင်ဆန်း ပြန်သွားသောအချိန်၌ “ ကိုအောင်ဆန်းနဲ့ ဗဟိန်းဟာအတူတူဘဲ၊ သူတို့ဟာ နိုင်ငံရေးကို မိဘထက် အပုံကြီးချစ်တယ်” ... ဟု ပြောပြန်လေသည်။
မိခင်နှင့် အမများကလည်း သူ့ကို “ ကိုဟိန်း... ကိုဟိန်း” နှင့် ပါးစပ်ဖျားက မချ။
မိဘများက သူ့ကို ဘယ်လောက်ပင် ချစ်ချစ် သူသည်နိုင်ငံရေး အတွက် အတွယ်အတာများကို စွန့်ပယ်ကာ မိဘ၏ အေးချမ်းရိပ်ငြိမ်သော အရပ်တွင် မနေဘဲ၊ ကြမ်းတမ်းခက်ထရော်၍ မာကျောလှသော အကျဉ်းထောင် နံရံ လေးဘက်အတွင်း၌သာ ဆင်းရဲခြင်းဒုက္ခကို တွေ့ကြုံရလေသည်။

၁၃၀၀ ပြည့်အရေးတော်ပုံ
၁၉၃၈ - အထွေထွေသပိတ်အရေးတော်ပုံ၏ အမှတ်အသား
သခင်ဗဟိန်း၊ ဒေါက်တာလှရွှေ
တို့ဗမာအစည်းအရုံးသည် နယ်ချဲ့ ဆန်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ ဒီရေမြင့်ကြီးတွင် ရဲရဲရင့်ရင့် ခေါင်းဆောင်ကာ ပြတ်ပြတ်သား သား ဆင်နွှဲခဲ့သည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ သို့သော်လည်း အစပိုင်းတွင် တော်လှန်သည့် လမ်းညွှန်သဘောတရား ကင်းမဲ့ခဲ့ရုံမက၊ တော်လှန်သည့် သဘောတရား ဖြင့်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းလည်း မဟုတ်လေရာ ထိုအချိန်က ဆင်နွှဲခဲ့ကြသည့် တိုက်ပွဲများသည် နောက်ဆုံးအောင်ပွဲ မရရှိကြဘဲ ဖြစ်နေကြသည်။
ဤအရင်းခံ အကြောင်းသည် ၁၃၀၀ ပြည့် အရေးတော်ပုံတွင်လည်း ထင်ဟပ်နေခဲ့၏။
ထိုစဉ်က ဖြစ်နေသည်မှာ အခြားကိုလိုနီနိုင်ငံများ ခံစားနေရသည့် နည်းတူ ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့ ကုမ္ပဏီများက အကျိုးအမြတ် မှန်သမျှ သိမ်းကြုံးယူ၊ ဌာနေ အလုပ်သမားများက ငတ်တလှည့် ပြတ်တလှည့် မဝရေစာ စားနေရသောကာလ၊ ထိုကာလသည် အချိန်အားဖြင့်လည်း ကြာညောင်းခဲ့လေပြီ။
ဤဘဝမှလွတ်မြောက်ရေးအတွက် အလုပ်သမားများက ၁၉၃၈ခု၊ ဇန်နဝါရီလ(၈) ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်) တွင် “ ရေနံမြေသပိတ်” ကြီးဖြင့် အုံကြွ ဆန္ဒပြကြသည်။ တပြည်လုံးမှ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းရှင်လူ များက တခဲနက် ထောက်ခံခဲ့ကြသည်။ စိတ်ဓာတ်အရ၊ နိုင်ငံရေးအရ၊ ရုပ်ဝတ္ထု ပစ္စည်းအရ အဖက်ဖက်မှ အားပေးခဲ့ကြသည်။
နိုဝင်ဘာ (၃၀) ရက်နေ့တွင် ချောက်ရေနံမြေမှ စတင်၍ အလုပ်သမား ၂၀၀၀ ခန့်က ရန်ကုန်မြို့ အထိ ဆန္ဒပြ ချီတက်လာရာ ရေနံချောင်း၊ ညောင်ခြေ ထောက်၊ နောက် မကွေးသို့ ဆဌမနေ့တွင် ရောက်ကြသည်။ မကွေးတွင် သပိတ်ခေါင်းဆောင်များကို နယ်ချဲ့ အလိုတော်ရိအစိုးရက ဖမ်းဆီးလိုက်ကြ၏။ မျက်နှာဖြူ အရေးပိုင်ကလည်း မကွေးမြို့ အတွင်း ပုဒ်မ (၁၄၄) ကို ထုတ်ပြန်လိုက်ပြန်သည်။ ဤလိုနှင့် မကွေးတွင် ရက် ၂၀ လောက်သောင်တင်နေကြ၏။ တဖက်တွင် ခြိမ်း ခြောက် တဖက်က ချော့မြှူခြင်းလည်း ခံနေရ၏။ နောက်ဆုံးတွင် ရိက္ခာပြဿနာ တက်လာခဲ့၏။ ထို့ကြောင့် တဝက်လောက်က ရေနံမြေသို့ ပြန်ကြရ၏။ ခေါင်းဆောင်များ လွှတ်ပေးရေးအတွက် ကျန်အလုပ်သမားများက အစာငတ်ခံဆန္ဒပြကြသည်။သို့သော် အစာငတ်ခံခြင်းထက် ပုဒ်မ (၁၄၄) ကိုတွန်းလှန်ကာ အာဏာဖီဆန်ခြင်းက ပိုထိရောက်မည်ဟု တို့ဗမာအစည်းအရုံးက ယူဆ၏။
ဒီဇင်ဘာ (၁၁) ရက် ညပိုင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေနှင့် အခြား ကျောင်းသားခေါင်း ဆောင် နှစ်ဦး ရောက်လာကာ ရေနံသပိတ်တပ်ကြီးအား ပုဒ်မ (၁၄၄) ဖီဆန်၍ တရားဟောပြော ကြလေသည်။ ကိုဗဟိန်း၏ ကျော်ကြားလှသော “ မြင်းခွာတချက် ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်” မိန့်ခွန်းသည် ဤနေရာတွင် ပြောကြားခြင်း ဖြစ်သည်။ အသက်သေသော အရိုးကြေကြေ ရည်မှန်းချက်ပန်းတိုင်အ ရောက် မမှိတ်မသုန် ချီတက်ကြရန်လည်း လှုံ့ဆော်ခဲ့အပြီး ကျောင်းသားခေါင်းဆောင် (၄) ဦးစလုံး အဖမ်းခံလိုက်ရ၏။
သို့သော် လမ်းညွှန်ချက် ရလိုက်ပြီဖြစ်သော အလုပ်သမားတပ်ကြီးက နောက်တရက် နံနက် (၆) နာရီတွင် နံပါတ်တုတ်ကိုင် ပုလိပ်တပ်၊ လှံစွပ်တပ်၊ သေနတ်ကိုင်တပ်၊ မြင်းစီးတပ်များ အတွင်းသို့ ထိုးဝင်ဖြိုခွဲ၍ ချီတက်ကြတော့သည်။
မြို့ သူမြို့ သားများက ဝိုင်းဝန်းအားပေးကြသည်။ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ ဆွဲချုပ် အဖမ်းခံလိုက်ရသူ အများအပြား ရှိသော်လည်း နောက်မတွန့် ကြတော့ပေ။ ရိုက်နှက်သော နံပါတ်တုတ်ကိုင် ပုလိပ်များ၊ မြို့သူမြို့သားများနှင့် အလုပ်သမားများ အရောရော အနှောနှော ဖြစ်ကုန်၍ လှံစွပ်သေနတ်များ သုံးမရ ဖြစ်ကုန်တော့သည်။ မြင်းစီးပုလိပ်များက ဝင်၍ ရိုက်ပြန်သည့် အဆုံး မခံမရပ်နိုင် ဖြစ်နေသော မြို့သူမြို့သားများက ငြာသံပေးကာ ရရာလက်နက်နှင့် ဝင်ပြီး ခုခံကြသောကြောင့် တပ်လန်ကုန် ကြပြန်သည်။ ထိုသို့ ဖြစ်နေစဉ် ချိတ်ဆက်လုပ်ထားသည့် အတိုင်း ကိုဗဟိန်းက ထောင်အမိုးပေါ်တက်၍ ထောင်သားများအား လှုံ့ဆော်တရားဟောပြန်တော့ရာ ထောင်တွင်းတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ ထောင်ထပြီအထင်နှင့် ပုလိပ်များ ထောင်ဘက်သို့ အကူအညီ ပေးရန် ပြေးကြစဉ် သပိတ်တပ်ကြီးက မကွေးမြို့ အပြင်သို့ အရောက်ဖောက်၍ အောင်မြင်စွာ ထွက်နိုင်ခဲ့ကြသည်။ ကျန်လမ်းခရီးကား ချောမောပြေပြစ်၍ သွားတော့သည်။ လမ်းခရီးမှ လယ်သမားများလည်း ပူးပေါင်း ချီတက်လာကြရာ လယ်သမားနှစ်သောင်းကျော်အထိ ပါဝင်ခဲ့သည်။ အလုပ်သမား အရေးအခင်းသက်သက်တိုက်ပွဲသဏ္ဌာန် မဟုတ်တော့ဘဲ အမျိုးသားရေး လက္ခဏာ ဆောင်နေချေပြီ။
တပြည်လုံးရှိ ကျောင်းသားများ ပိုမိုဆူပွက် လာကြသည်။ ရန်ကုန်ရှိအတွင်းဝန်ရုံးကို ကျောင်းသားများ ဝိုင်းဝန်းဆန္ဒပြရာ ဗြိတိသျှတို့၏ မြင်းစီးပုလိပ် များလက်ချက်ဖြင့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရ၏။ ကျောင်းသားကျောင်းသူ (၂၀၀) ဒဏ်ရာရကြ၏။
မန္တလေးတွင် ၁၃၀၀ ပြည့် အရေးတော်ပုံနှစ်ပတ်လည် အဖြစ် ၁၉၃၉ခု၊ ဖေဖော်ဝါရီ (၁၀)ရက်နေ့၌ ရဟန်းရှင်လူ (၂) သိန်းကျော် ဆန္ဒပြကြ၏။ ထိုဆန္ဒပြပွဲကို အုပ်စိုးသူများ ပစ်ခတ်ဖြိုခွဲ၍ ရဟန်းတော် (၇) ပါး၊ (၁၂) နှစ်အရွယ် ကျောင်းသားလေး အပါအဝင် ပြည်သူ (၁၇) ဦး ကျဆုံးခဲ့ပြန်သည်။
အကျိုးဆက်အားဖြင့် ဒေါက်တာဗမော် အမှူးပြုသော ညွှန့်ပေါင်း အစိုးရ ပြုတ်ကျသွား၏။ ဦးပု အစိုးရ တက်လာသည်။ သို့သော် အလုပ်သမား၊ လယ် သမားနှင့် ပြည်သူ အသိန်းအသန်း၏ ဘဝကား ထူးခြား မလာခဲ့ပေ။ တို့ဗမာအစည်းအရုံး သည်လည်း ကွဲသွားခဲ့၏။ တိုးတက်သော ဆရာကြီး သခင်ကိုယ်တော် မှိုင်းဂိုဏ်းနှင့် သခင်ထွန်းအုပ်-သခင်ဗစိန်ဂိုဏ်း ဟူ၍ ကွဲ၏။
အခြား အောင်ပွဲမခံလိုက်ရသော ကိစ္စများနည်းတူ ၁၃၀၀ ပြည့်အရေးတော်ပုံ အောင်ပွဲမရခြင်းက - နောက်ဆုံး အောင်ပွဲခံရန် မှန်ကန်သော ပါတီတရပ်၏ ခေါင်းဆောင်မှု လိုအပ်သည်ဟူသော အမြင်ကို ရှေ့တန်းရောက် နယ်ချဲ့ ဆန့်ကျင်ရေးသမားများအား ပေးအပ်လိုက်၏။ ရှေးမဆွကပင် နယ်ချဲ့ ထမ်းပိုးအောက်မှ ရုန်းထွက် နိုင်ရန်အတွက် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များ အနေနှင့် ကြိုးပမ်းခဲ့ကြပါ၏။ အနုနည်း အကြမ်းနည်း၊ နည်းမျိုးစုံဖြင့် လွတ်လမ်းကို ရှာဖွေ ကြ၏။ စူးစမ်းကြ၏။ နောက်ဆုံးတွင် တော်လှန်သော ပညာတက်လူငယ်များက တော်လှန်ရေး သဘောတရားများကို အငမ်းမရ ရှာဖွေကြရာမှ သူတို့သည် မာ့က်စ် ဝါဒ၊ လီနင်ဝါဒကို ရှာဖွေ တွေ့ရှိသွားကြခြင်း ဖြစ်သည်။
မာ့က်စ်၊ လီနင်ဝါဒ ကို ၁၉၃၇ ခုနှစ်၊ တို့ဗမာအစည်းအရုံး မြင်းခြံညီလာခံတွင် ဥက္ကဋ္ဌသခင်လေးမောင်က ထည့်သွင်းဟောကြားခဲ့၏။ ၁၉၃၉ ခုနှစ်၊ မော်လမြိုင် ညီလာခံတွင် “ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဆိုရှယ်လစ် ဘုံနိုင်ငံ ထူထောင်ရေးလမ်းစဉ်” ကိုပင် ချမှတ်နိုင်ခဲ့သည်။
ဤသို့ချမှတ်နိုင်လောက်အောင်ပင် ထိုစဉ်က တပြည်လုံးတွင် လက်ဝဲစာပေ လေ့လာရေးများ အပျံ့အနှံ့ ပေါ်ပေါက်နေ၏။ ရန်ကုန်တွင် နဂါးနီစာအုပ် တိုက်၊ နယ်များတွင် ရောင်နီစာဖတ်အသင်း၊ လက်ဝဲစာဖတ်အသင်း ... စသည်ဖြင့် အနှံ့အပြား ဖြစ်နေ၏။ မာ့က်စ်ဝါဒ လေ့လာရေးအဖွဲ့များ ... ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ မြစ်ဝကျွန်းပေါ်၊ ထားဝယ်၊ မြိတ်နှင့် အခြားခရိုင်များတွင် ဖွဲ့စည်းပြီး ဖြစ်နေကြလေပြီ။ ဤသို့ဖြင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ သည် ဗမာပြည်နိုင်ငံရေး သမိုင်းသစ်ကို ဖန်တီးလိုက်လေရာ ၁၉၃၉ ခုနှစ်တွင် ဤလေ့လာရေး အစုများကို စုစည်း၍ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်ပေသည်။ ပါတီစတင် တည်ထောင်သူများတွင် ကိုဗဟိန်းသည် ကျောင်းသားစည်းရုံးရေး အတွက် တာဝန်ယူပြီး ပါတီ၏ အထွေထွေ အတွင်းရေး မှူးမှာ သခင်အောင်ဆန်း ဖြစ်သည်။
သခင်အောင်ဆန်းကား ဗမာပြည်ကွန်မြူနစ်ပါတီကို တည်ထောင်သူ တဦးလည်းဖြစ်၊ ပါတီ၏ ပထမဆုံးသော အထွေထွေ အတွင်းရေးမှူး တာဝန် ကိုယူခဲ့ ရသူလည်း ဖြစ်သည်။ ၄င်းအပြင် သူ့ကို မြန်မာနိုင်ငံတွင် ပထမဆုံး လက်နက်ကိုင်ခေတ်မီ အမျိုးသားတပ်မတော်ကို ထူထောင်သူ တဦးအဖြစ်လည်း အသိအမှတ် ပြုဖို့လည်း လိုပေသည်။
ကိုဗဟိန်းသည် ၁၉၃၈ ခုနှစ်၊ သူ ကျောင်းသားဥက္ကဋ္ဌ ဖြစ်စဉ်ကပင် ဗကသ ကြွေးကြော်သံ “ မျိုးညွှန့်မဂ္ဂဇင်း” အယ်ဒီတာချုပ် လုပ်၍ ကျောင်း သားများကို နိုင်ငံရေး ပညာပေး ခဲ့သူဖြစ်၏။ ယခုပါတီ၏ ကျောင်းသားစည်းရုံးရေး တာဝန်ခံ ဖြစ်လာသောအခါ တဆင့်တိုး၍ လုပ်ခဲ့၏။ ဗကသညီလာခံ တက် ရန်ရောက်ရှိလာသော အနယ်နယ် အရပ်ရပ်မှ ကျောင်းသားများကို မာ့က်စ်ဝါဒ သင်တန်းများပေးခဲ့၏။ ပါတီခေါင်းဆောင်များ ဖြစ်ကြသော ကိုဗဟိန်းနှင့် ရဲဘော် ဂိုရှယ်တို့က “ ဓနရှင်ခရီးစဉ်သဘောတရား” နှင့် “ မာ့က်စ်ဘောဂဗေဒ” ... တို့ကိုပို့ချခဲ့၏။


ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလ

ဗမာပြည်တွင် ကွန်မြူနစ်ပါတီတရပ် ထူထောင်လိုက်နိုင်ခြင်းသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်လိုသော ပြည်သူများ အခွင့်အခါ ကောင်းယူ နိုင်ရန် လက်မတင် အချိန်မီရုံလေး ဖြစ်နေသည်။
ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်၏ ရှေ့ပြေးခြေလှမ်းများ အဖြစ် နာဇီ ဂျာမဏီက ဥရောပတွင် မွှေနေပြီ ဖြစ်သည်။
“ အင်္ဂလိပ်အခက်-ဗမာ့အချက်” ကာလကား ရောက်ခဲ့ချေပြီ။ သို့သော် မည်သည့်အချက် ယူရမည်နည်း ဟူသောနေရာ၌ မတူဘဲ ဖြစ်လာကြသည်။ မြန်မာပြည်ရှိ နိုင်ငံရေးသမားများကြားတွင် လမ်းစဉ်-၃-ခု ခွဲထွက်လာသည်။ ပထမလမ်းစဉ်ကို ကိုယ်စားပြုသူအစုက ဗမာပြည် လွတ်လပ်ရေးရဖို့ မည်သူနှင့် မဆို ပေါင်းမည်ဟု ပြောကြ၏။ (နောက်တော့ ဂျပန်နှင့် ပေါင်းဖြစ်သွားကြသည်။) ဒုတိယ လမ်းစဉ်သမားများက လွတ်လပ်ရေးရဖို့ မည်သူ့မှ မယုံစားရ။ ဂျပန်ရော၊အင်္ဂလိပ် ပါ စစ်မျက်နှာ နှစ်ဖက်ဖွင့်ရမည် ... ဆို၏။ တတိယအုပ်စုကမူ ဆိုဗီယက် ပြည်ထောင်စုကို ဂျာမန်ဖက်ဆစ်များ ဝင်ရောက် တိုက်ခိုက်သည့် အချိန်မှစ၍ ကမ္ဘာ စစ်ရဲ့လက္ခဏာ ပြောင်းသွားပြီး၊ အင်္ဂလိပ် နယ်ချဲ့သမားကို ဖက်ဆစ်တိုက်ဖျက်ရေးအတွက် မဟာမိတ်အဖြစ် ထားနိုင်သည် ... ဟု ယူဆကြ၏။ ထိုအစုတွင် သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ဗိုလ်၊ သခင်ကျော်စိန်နှင့် သခင်တင်မောင်ကြီး တို့ပါဝင်၏။
ကိုဗဟိန်းသည် ဒုတိယလမ်းစဉ်သမား ဖြစ်၏။ သူတို့က ... “ ဆိုဗီယက်ယူနီယံ လုပ်တာမှန်တယ်။ ဒါပေမဲ့ ဗမာပြည်မှာကျတော့ အင်္ဂလိပ်တို့က ကျုပ်တို့ကို မဟာမိတ်ပြုခွင့် မပေးဘူး။ လွတ်လပ်ရေးပေးရင် ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ပြောတာ လက်မခံဘူး။ သခင်တွေကို သိမ်းကြုံးဖမ်းပြီး ထောင် ချထားတယ်။ ဒါကြောင့် သူတို့ကို မထောက်ခံရုံမက ပြည်တွင်းစစ် လုပ်ရမယ်။ စစ်မျက်နှာ နှစ်ဖက်ဖွင့်ကြစို့ ...” ဟူ၍ တင်ပြကြသည်။ သို့သော် စစ်မျက်နှာ နှစ် ဖက်ဖွင့်ရန် မိမိတို့တွင် လုံလောက်သော အင်အားမရှိသည်ကို သူတို့ သတိမထားကြ ... သူတို့ ပြောကြသည့် အချက်အချို့ မှာ မှန်ပါ၏။ ထိုအချိန်က သခင်တော် တော်များများသည် ထောင်ချခံနေရ၏။ ကိုဗဟိန်းဆို စစ်မဖြစ်ခင်က မကွေးထောင်၊ အင်းစိန်ထောင် တို့တွင် နေခဲ့ရ၏။ ဖက်ဆစ်ဂျပန်ပါ စစ်ထဲဝင်လာ၍ အင်္ဂလိပ် အစိုးရမင်းများ ပြေးခါနီးတွင် အဖမ်းခံရပြန်ကာ ထောင်အမျိုးမျိုးပြောင်းပြီး ဒုက္ခခံနေရသူ ဖြစ်၏။
ဂျပန်များ မြန်မာပြည် အတွင်းဝင်လာ၍ မကြာမီ ပထမလမ်းစဉ်သမားများ ကျောချမှ ဓားပြမှန်း သိကုန်ကြ၏။
ကိုဗဟိန်းတို့ ဒုတိယလမ်းစဉ် သမားများမှာမူ - လုပ်ရင်းကိုင်ရင်းမှ တတိယလမ်းစဉ် မှန်ကန်ကြောင်း လက်ခံလာကြ၏။ ဤသို့ဖြင့် ပေါင်းစည်းမိ ကြတော့၏။
ဗမာပြည်ကွန်မြုနစ်ပါတီသည် တည်ထောင်စဉ်ကတည်းက လျို့ ဝှက်မြေအောက်ပါတီ ဖြစ်၏။ လမ်းစဉ် (၃)ခု ကွဲကြသောအခါ ပါတီထဲတွင် အတွေး အခေါ်အရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ ဖရိုဖရဲ ဖြစ်ကုန်ရာ တဖက်တွင် ကွန်မြူနစ်ပါတီကို ပြန်လည်စုစည်းဖို့ လိုနေ၏။ ၁၉၄၂ ခုနှစ်တွင် ထိုလုပ်ငန်းကို သခင် စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း တို့ပင် အောင်မြင်စွာ တာဝန်ယူလုပ်ဆောင်ခဲ့၏။
ဂျပန်တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲအတွက် ပြင်ဆင်မှုများ အနှံ့အပြား လုပ်ခဲ့ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ဘီဒီအေ ထဲတွင် ကွန် မြူနစ်များကို စည်းရုံးလုပ်ဆောင်ခွင့် ပေးထား၏။ သခင်စိုးနှင့် လှို့ ဝှက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ခဲ့၏။ သခင်သန်းထွန်းက ဂျပန်ဝန်ကြီး ဘဝနှင့် ရန်ကုန် တွင် ဗဟိုဌာနချုပ် ပြုလုပ်၍ တပြည်လုံးဆက်သွယ် ရှေ့ဆောင်သည်။ အိန္ဒိယရှိ မဟာမိတ် စစ်ဌာနချုပ်နှင့် လှို့ ဝှက်စွာဆက်သွယ်၍ နိုင်ငံခြား ဆက်သွယ်ရေး လုပ်ငန်းများကို ချုပ်ကိုင်ဆောင်ရွက်သည်။ သခင်စိုးက မြစ်ဝကျွန်းပေါ်မှ ရန်ကုန်သို့ လိုအပ်သလိုတက်လာ၍ လုပ်ငန်းများကို စစ်ဆေးရှေ့ဆောင်သည်။
ကိုဗဟိန်းကမူ ခပ်စောစောကတည်းက အင်းယားကန်စွန်းရှိ နိုင်ငံခြားရေးဌာန “ အိမ်ဖြူ” တွင်၊ စည်းစိမ်ရှိရှိ “ နှပ်” မနေအားဘဲ၊ မြေလျှိုးသွားခဲ့ပြီ ဖြစ်သည်။ အနုအလှတွေကြား ငြိမ့်၍ မနေနိုင်တော့ပေ။
အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်တက်သူ...
သန့်ရှင်းစွာ နေတက်သူ...
ဘန်ကောက်လုံချည် အပြာရောင်ကိုကြိုက်၍ ဂီတကိုချစ်သူ...
စာပေ၌ မွေ့လျော်သူ...
ယဉ်ကျေးသိမ်မွေ့သူ...
တဖက်နှင့် တဖက် အပြန်အလှန် ပုတ်ခတ်၍ပြင်းပြင်းထန်ထန် အကြိတ်အနယ် ပြောဆို စွပ်စွဲနေသော အစည်းအဝေး များ
၌ပင် ပြုံးပြုံးကလေးနားထောင်နေတတ်သူ...။
ထို“သူ”ကိုဗဟိန်းသည် ယခုတော့ တောင်ငူခရိုင်တွင် ဌာနချုပ်ဖွင့်ပြီး ပဲခူး-တောင်ငူဒေသများအတွင်း ဂျပန်ကို လက်နက်ကိုင်ပြီး တိုက်ရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများကို ဦးစီးလုပ်ကိုင် နေပေပြီ။
ဤသို့ဖြင့် ၁၉၄၅ ခု၊ မတ်လထဲတွင် ပဲခူးရိုးမစခန်းကြီးသည် တော်လှန်ရေးအတွက် အသင့် ဖြစ်ခဲ့လေပြီ။ ထိုစခန်းကြီးကို အုပ်ချုပ် ရှေ့ဆောင်နေသူ မှာ သခင်သန်းထွန်း ဖြစ်သည်။ သူသည် တပြည်လုံး ဂျပန်ကိုတော်လှန်ရာတွင် နိုင်ငံခြား ဆက်သွယ်ရေး တာဝန်ခံလည်း ဖြစ်သည်။
ပဲခူးရိုးမ အောက်စခန်းကား ခြင်များပေါများလှ၏။ ညညခြင်ထောင် မရှိလျှင် အိပ်၍မရ၊ ထိုင်နေကြရ၏။ ခြင်တွေမြည်ရာ အောက်စခန်းသည် တောင်ငူ တနယ်လုံး ပြောက်ကျားတပ်များကို ဦးစီး၍ ဂျပန်ကို တိုက်ခိုက်နေသော ကိုဗဟိန်း၏ စခန်း ဖြစ်ပေသည်။ ထိုစခန်းသို့ အိန္ဒိယမှ မဟာမိတ်လေယာဉ်ကို စီးကာ လေထီးဖြင့် ဆင်း၍ရောက်လာသော ဗိုလ်မှူးချစ်ကောင်းက သူ၏ “ အနှစ်နှစ်ဆယ်” စာအုပ်တွင် ဤသို့ဖော်ပြထား၏။
“ ကိုဗဟိန်း၏ ဤအခါက အလုပ်နှင့် သူ၏ရုပ်ရည်သည် လုံးဝဟပ်၍မရ။ သူ၏အလုပ်က တိုက်ရေးခိုက်ရေး၊ ပစ်ရေးခတ်ရေး၊ သတ်ရေးဖြတ်ရေး၊ ချရေးဆော်ရေး၊ သူ့ရုပ်ရည်က ပိန်ပိန်ပါးပါး၊ ဖြူဖြူဖွေးဖွေး၊ သိမ်မွေ့နူးညံ့သောရုပ်ရည်၊ ယင်းသို့သော မင်းသားရုပ်ဖြင့် သူပုန် အလုပ်ကို ပင်ပန်းစွာ လုပ်နေသည်ကို တွေ့ရသည်...”
ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်မှုဖြင့် ကိုဗဟိန်း၊ သခင်သန်းဖေတို့ဦးစီးသော “ ရဲခေါင်ပြောက်ကျားများ” သည် ဂျပန်များကို လက်သံပြောင်ပြောင်နှင့် အကြီးအကျယ် ချေမှုန်း နိုင်ခဲ့၏။ ထွန်းပြောင်သောအောင်ပွဲများကို ရရှိခဲ့ကြ၏။
၁၉၄၅ ခု၊ မတ်လ(၂၇)ရက်နေ့မှ စတင်သော ဖက်ဆစ်တော်လှန်ရေး အင်အားများကို ကြည့်လျှင် ဗမာ့ကာကွယ်ရေးတပ်မတော် (B.D.A) သည် အင်အား ၃၀၀၀ မှ သုံး-လေးလ အတွင်း အင်အား ၂၀,၀၀၀ ကျော်ဖြစ်လာ၏။ ကွန်မြူနစ်ပါတီမှ တိုက်ရိုက်ကိုင်တိုက်သော ပြောက်ကျားတပ်အင်အားမှာ ၁၀,၀၀၀ ကျော်၏။ မောင့်ဘက်တန် အစီရင်ခံစာအရ “ ဗမာပြည်တွင် ဂျပန်ဖက်ဆစ်များ သေကြေခဲ့ရသည့် အရေအတွက် ၆၀ ရာခိုင်နှုန်းသည် “ ဗမာမျိုးချစ်ပြောက်ကျား” များ၏ လက်ချက်ကြောင့် ဖြစ်သည်...” ဟု ဖော်ပြထားသည်။
“ ဗမာမျိုးချစ်ပြောက်ကျား” များဟု ဆိုရာတွင် ကိုဗဟိန်းတို့၏ “ ရဲခေါင်ပြောက်ကျား” များသည် အဓိကဖြစ်၏။ သူကားပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်း ဆိုသောလူစားတည်း။


နေသူရိန်ခေတ်(သို့မဟုတ်)ဆန်းနှင့်သန်း ခေတ်

ဂျပန်တော်လှန်ရေးအောင်ပွဲခံပြီးနောက် သခင်သန်းထွန်းက ရန်ကုန်သို့စော၍ ပြန်ရောက်ရာ ဂျပန်ခေတ် ဝန်ကြီးလုပ်စဉ်က နေခဲ့သော အိမ်မှာပင် နေ၏။ သခင်သန်းထွန်းနှင့် အတူ ကိုဗဟိန်း၊ ဗိုလ်မှူးချစ်ကောင်းနှင့် အခြားရဲဘော်များ လည်းရှိကြ၏။ မကြာမီ ဗိုလ်ချုပ်အောင်ဆန်း ပြန်ရောက်လာရာ သခင်သန်း ထွန်းနှင့် အတူလာနေ၏။ နောက်ဒေါ်ခင်ကြည် ရောက်လာမှ အိမ်ပြောင်း၍သွားခဲ့၏။
လွတ်လပ်ရေးအကြိုခေတ် (သို့မဟုတ်) နေသူရိန်ခေတ်ကို “ ဆန်းနှင့်သန်း” ခေတ်ဟူ၍ ခေါ် ကြ၏။ အနောက်နိုင်ငံ သတင်းစာကြီးများက ဗမာပြည်တွင် “ဆန်းနှင့်သန်း” ဟု ရေးကြ၏။
၁၉၄၅ ခု၊ စက်တင်ဘာလတွင် ချုပ်ဆိုခဲ့သော ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ဗမာစစ်တပ်(ဘားမားရိုင်ဖယ်) အဖြစ် ပြောင်း၍ ဖွဲ့စည်း လိုက်သောအခါ တပ်ထဲမှ ကွန်မြူနစ်ပါတီဝင် တပ်မှူးတပ်သားအချို့ တပ်ထဲတွင် ဆက်လက်အမှု မထမ်းကြတော့ဘဲ ပါတီလုပ်ငန်းများတွင် အချိန်ပြည့် ဝင်လုပ် ကြသည်။
ထိုစဉ်က ကိုဗဟိန်းနှင့် ဗိုလ်မှူးချစ်ကောင်းတို့သည် မြေနုလမ်းမှာနေခဲ့၏။ ပထမဆုံး ‘ပြည်သူ့အာဏာဂျယ်နယ်’ ထုတ်နိုင်ရေးအတွက် သူတို့သည်ငွေရှာကြ၏။ ဆောင်းပါးများကို သူတို့ပင် ရေးကြ၏။ စာပုံနှိပ်ပြီး စာရွက်များကို သူတို့ပင်ခေါက်၏။ ထို့နောက် ဂျာနယ်များကို လက်တွင်ပိုက်ပြီး ဂေါ်နှင့်အော်ကာ တအိမ်တက်ဆင်း သူတို့ပင် လျှောက်၍ရောင်းကြလေသည်။ ကိုဗဟိန်းသည် “ပြည်သူ့အာဏာ” ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်လာသည်။ သူတို့၏ ကြိုးပမ်းချက်များဖြင့် ၁၉၄၅ ခု၊ စက်တင်ဘာ (၂၉) ရက်နေ့တွင် ‘ပြည်သူ့အာဏာ’ စ၍ ထွက်ခဲ့၏။
'ဆန်းနှင့်သန်း' ခေတ်ကား ပျော်စရာကြီးပင်ဖြစ်၏ ။ အပြည်လုံး တက်ညီလက်ညီ လုပ်ကြကိုင်ကြသည်မှာ အားရစရာကြီးဖြစ်၏ ။ လူတိုင်းလူတိုင်း ကိုယ်ရေးကိုယ်တာတွေကို ဘေးဖယ်ထားကြပြီး လွတ်လပ်ရေး အတွက်သာ အားသွန်၍ ကြီုးပမ်းကြ၏ ။ ကိုယ်ကျိုးစွန့်ကြ၏ ။ အနာခံကြ၏။ ဒါတွေကိုပင် အရသာဖြစ်ကြ ပီတိဖြစ်ကြ၏။
ထို့ကြောင့်ပင် ၁၉၄၅ ခုနှစ် အကုန်၊ အလယ်ပစ္စယံတွင် ဖဆပလ၊ ညီလာခံကြီး ပြုလုပ်သောအခါ၌ တခဲနက်သော လူထုကြီးမှာ သိန်းချီ၍ တက်လာကြပြီး အမျိုးသမီးများသည် လွတ်လပ်ရေး ရန်ပုံငွေအတွက် မိမိတို့ကိုယ်တွင် အမြတ်တနိုးဝတ်ဆင်ထားသော ရွှေ၊ ငွေ၊ ရတနာများကို ချွတ်၍ ရက်ရက်ရောရောလှူခဲ့ကြသည်။
ဤသို့ တပြည်လုံး ညီညီညွတ်ညွတ် စုစုစီးစီးနှင့် နှစ်ထောင်းအားရစရာ ကောင်းလောက်အောင် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြစဉ် ကိုဗဟိန်း၏ နှလုံးရောဂါမှာ စိုးရိမ်စရာကောင်းသော အခြေအနေသို့ ရောက်နေခဲ့ပြီဖြစ်သော်လည်း စိတ်ဆောင်နေသဖြင့် အလုပ်ကို တက်တက်ကြွကြွ လုပ်ကိုင်ဆဲပင် ရှိသေး၏။
သူသည် ကွန်မြူနစ်ပါတီ သဘာပတိဖြစ်၍ လက်ဝဲညီညွတ်ရေးနှင့် အမျိုးသားညီညွတ်ရေးတို့ကို အစဉ်တစိုက် ကြိုးပမ်းခဲ့လေသည်။ သူ့ကို ကွန်မြူနစ်ပါတီဝင်များ ကသာမက အခြားလက်ဝဲအင်အားစုများနှင့် အမျိုးသားအင်အားစုများကပင် ချစ်ခင်လေးစားကြ၏။
ပုဂ္ဂိုလ်ရေးအရ သခင်သန်းထွန်းက သူ့ကို အတော်ခင်မင်၏။ ဗိုလ်ချုပ်အောင်ဆန်းက ယုံကြည်အားထား၏။ သူ တပ်မှထွက်ပြီး နိုင်ငံရေးလောကသို့ ခြေစုံပစ်ဝင်မည် ပိုင်းဖြတ်သောအခါ တပ်ထဲတွင် စိတ်မချရသူတချို့ ရှိ၍ တပ်ကိုကိုင်ရန် ကွန်မြူနစ်ပါတီမှ ကိုဗဟိန်းကို တောင်း၏။ ပါတီက ပါတီလုပ်ငန်းများအတွက် မပေးနိုင်ခဲ့ချေ။
ဂျပန်ကို တော်လှန်ကာနီးအချိန်က ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ (ဆိုရှယ်လစ်) တို့သည် တော်လှန်ရေးတပ်ဦးအမည်နှင့် တဖွဲ့တည်း ပေါင်း၍ ဖွဲ့စည်းခဲ့ကြ၏။ ထို့နောက် နှစ်ဖွဲ့ပြန်၍ ဖြစ်သွားကြပြန်ရာ ၎င်းတို့ တဖွဲ့တည်း ပြန်လည်ဖြစ်မြောက်ရေး အတွက် ကိုဗဟိန်းသည် အတတ်နိုင်ဆုံး ကြိုးစားလေသည်။ ကိုဗဟိန်း၏ မြေနုလမ်းအိမ်မှာ ကွန်မြူနစ်နှင့် ဆိုရှယ်လစ် ခေါင်းဆောင်များ စေ့စပ်ရာ ဂေဟာဖြစ်နေ၏။ အောင်မြင်မှုကား မရ ---
ဤအထဲ ကွန်မြူနစ်ပါတီတွင်း ကွဲအက်မှုက ဖြစ်လာပြန်၏။ ရဲဘော်များအနေနှင့် သူတို့ အယုံကြည်ဆုံး၊ အားအထားဆုံး၊ ချစ်မြတ်နိုးဆုံး ပါတီကွဲမည်ကို မလိုလားကြပေ။ ပါတီကွဲမှုကြောင့် နောင်အခါတွင် တိုင်းပြည်၌ ဆက်၍ ဆက်၍ ဖြစ်လာမည့် အန္တရာယ်များကိုလည်း စိုးရိမ်မိကြသည်။ ကိုဗဟိန်းကိုပင် အားကိုးကြ၏။ ကွဲရန် ဆုံးဖြတ်ပြီးသည့် အချိန်အထိ အားမလျှော့ကြ။ သခင်စိုးကြီးကို ကိုဗဟိန်း၏ အိမ်သို့ မရမက ခေါ်လာ၏။ သူတို့နှစ်ယောက် စကားပြောလိုက်သည်မှာ ညသန်းကောင် တိုင်သည်အထိဖြစ်၏။ ကိုဗဟိန်းက များများပြော၏။ နောက်ဆုံးတွင် အတော် ပြေပြေလည်လည် ဖြစ်လာကြ၏။ ခေါ်လာသူများ အားတက်ကြရ၏။ ရယ်နိုင် မောနိုင် ဖြစ်လာကြ၏။ သခင်စိုးကို ပြန်ပို့သည်အထိ အဆင်ပြေနေ၏။
သို့သော် သိကြသည့်အတိုင်းပင် ခုတမျိုး ခုတမျိုး ဖြစ်တတ်သည့် သခင်စိုးတို့က ခွဲထွက်ကြ၏။ ကိုဗဟိန်းလည်း မတတ်နိုင်တော့ပေ။ အကျိုးဆက်ကတော့ သူ့ရောဂါမှာ ပို၍ ဆိုးလာခဲ့၏။ သူ့ကို ပါတီမှလည်းကောင်း၊ သူ ဥက္ကဋ္ဌ လုပ်နေသော အလုပ်သမား သမဂ္ဂမှလည်းကောင်း၊ အနားယူခွင့် ပေးထားရတော့၏။ သူသည် အနားယူရင်းကနေ ဂိုဏ်းဂဏ ၀ါဒကို တိုက်ဖျက်သော စာတမ်းများကို ရေးသေး၏။ သူ့ရောဂါမှာ ပို ပိုဆိုးလာ၍ သူ့မိဘရပ်ထံ မန္တလေးသို့ပြန်ပြီး အနားယူ ဆေးကုနေရ၏။ မန္တလေးတွင်မူ ရောဂါ သက်သာလာသေး၏။
ထိုအချိန်က သူစိတ်လှုပ်ရှားမည်စိုး၍ သူ့ကိုဘာသတင်းစာမှ ပေးမမဖတ်၊ သို့သော် တနေ့တွင် ပစ္စည်း ထုပ်လာသော သတင်းစာစက္ကူစ ကလေးကို သူကိုင်ကြည့်မိရာက ဖဆပလ ထဲမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်ကြောင်း သတင်းကို သွားတွေ့၏။ ထိုအခါမှ စ၍ သူ၏ ရောဂါမှာ အတက်ဖက်သို့သာ သွားနေခဲ့ရာ နောက်ဆုံး ကွယ်လွန်သည်အထိ ဖြစ်တော့၏။
သူသည် နောက်ဆုံးအချိန်ထိပင် စည်းလုံးညီညွတ်ရေး အတွက် စဉ်းစား တွေးခေါ်နေပေလိမ့်မည်။ ကြိုးလည်းကြိုးစားခဲ့သည်။ လုံးလည်း လုံးပမ်းခဲ့သည်။ သူ့ ရည်မှန်းချက်အတိုင်း ဖြစ်မလာသည်ကတော့ သူ့အတွက်သော်လည်းကောင်း၊ တိုင်းပြည် အတွက်သော်လည်းကောင်း၊ ကြေကွဲရင်နင့်စရာများ ဖြစ်ဖို့ ဖန်လာသည်ဟုသာ ပြောရပါတော့မည်။
၁၉၄၆ခု၊ နိုဝင်ဘာ(၂၀) ရက်နေ့တွင် သူ ကွယ်လွန်ခဲ့ပြီ။ “သူကား တကယ့်ညီညွတ်ရေး ဗိသူကာပင် ဖြစ်လေသည် ”....ဟု ဗိုလ်မှူးချစ်ကောင်းက မှတ်ချက်ပြုခဲ့သည်။


“နိဂုံး”

သမိုင်းတွင် “နိုင်လျှင် အာဇာနည်၊ ရှုံးလျှင် သစ္စာဖေါက်” အဖြစ် မှတ်တမ်းတင်ခြင်း ခံရလေ့ရှိ၏။ ဖဆပလ တွင် ဆိုရှယ်လစ်များ အာဏာရလာချိန်မှ စ၍ ဤသဘောမျိုးတွေ့ရ၏။ တော်လှန်ရေးကောင်စီခေတ်၊ မဆလ ခေတ်တွင် ပို၍ ထင်ရှား၏။ န၀တ/နအဖ ခေတ်တွင်မူ “တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ ...” ဆိုပြီး မိမိကိုယ်ကို အထွတ်အထိပ် နေရာသို့ တွန်းတင်လိုက်၏။ သို့သော် သမိုင်းတင်သည်၊ သမိုင်းရေးသည် ဆိုရာမှာ မိမိအာဏာ ရချိန်တွင် မိမိပိုင် စာနယ်ဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့ကို အသုံးချပြီး အာဘော်လွှင့်ထုတ်လိုက်ရုံနှင့် ပြီးသည့်ကိစ္စ မဟုတ်ချေ။ ယာယီ အချင်းအရာသာ ဖြစ်သည်ကို သူတို့ မသိ။
ခေတ်သစ် မြန်မာသမိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခန်းကဏ္ဍသည် ဖျောက်ဖျက်၍ မရသော ကိစ္စဖြစ်၏။ ထိုအခါ အုပ်စိုးသူများက ယောင်ဝါးကုန်အောင် လုပ်ကြ၏။ တခါတရံ ပြောင်းပြန်ဖြစ်အောင် လုပ်၏။ အဖြူရောင်ကို အနက်ဆိုးခြင်း၊ ဖျောက်ဖျက်ခြင်း၊ ငွေမင်သုတ်ခြင်း ...စသည့် လုပ်ဆောင်ချက်များကား အမှန်တရားကို ရင်မဆိုင်ရဲသောကြောင့် မဟုတ်ပါလော။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်များကိုလည်း ရစရာမရှိအောင် ပုံဖျက်ကြ၏။ တဦးစီ ကောင်းမှုမှန်သမျှကို အသိအမှတ် ပြုဖို့ဆိုသည် ...ဝေးစွ။ အတ္ထုပ္ပတ္တိ အကြောင်းချင်းရာ တခုထဲ နာမည်ပါသွားလျှင်ပင် အလွတ်မခံ။ ငွေမင်သုတ်ခြင်း၊ ဆေးနက်ဆိုးခြင်းများ လုပ်နေကြရ၏။ ဤမျှအထိ ကြောက်လန့်တကြား ဖြစ်နေကြချေသည်။ သို့သော် ပါတီနှင့်ခေါင်းဆောင်များကို တိုက်ခိုက်ပုံဖျက်သော စာအုပ်စာတမ်းများထဲတွင်ကား ...ဤနာမည်များကို ဖေါဖေါသီသီ သုံးခွင့်ပြုထား၏။
ကိုဗဟိန်းကိုမူကား ရှိခဲ့ဖူးသည်ဆိုသောအချက်ပင် ပြည်သူတွေကို သိစေချင်ပုံမပေါ်။ အဓိကအားဖြင့် လျစ်လျူရှုသည့်နည်းနာနှင့် ဖျောက်ဖျက်ထား ၏။ မတတ်သာသည့်အခါ သောကောရောကောထဲ ထည့်လိုက်၏။
သို့သော် 'ဗဟိန်း' ဆိုသော နာမည်သည် ပြည်သူတို့ကြားတွင် အတော် 'ဟိန်း' ၏။ ပညာတတ်လူငယ်၊ ကျောင်းသားများ၊ တိုးတက်သူ လူငယ်များကြားတွင် အတုယူစရာ 'သင်္ကေတ' အဖြစ် ကျန်ရစ်၏။ သူ့ကို အားကျခြင်း၊ သူ့လို ပြည်သူတို့၏ 'မျက်ရှု' 'ရင်နှစ်သည်းခြာ' ဖြစ်လိုကြ၏။ 'ဟိန်း' ပါသော နာမည် မှည့်ခေါ် ခြင်းသည် လူငယ်များကြား ခေတ်စား၏။
သူသည် စစ်ကိုင်းကျောင်းသားများ နယ်ချဲ့ ဆန့်ကျင်ရေး သပိတ်မှောက်ရာတွင် ပါဝင်ရန် မန္တလေးမှ ဆင်း၍ စည်းရုံးသဖြင့် ကျောင်းအုပ်ကြီး အီးစီဒေါင်းက ဘွိုင်းကောက်ကျောင်းသားများအား အရိုက်ခိုင်းခဲ့၏။ နောင် မြူမင်းကြီး ဖြစ်လာမည့် ဗိုလ်မှူးကြီးထွန်းစိန် အပါအ၀င် စကောက်ကျောင်းသားများက စကောက်တုတ်များနှင့် ၀ိုင်းရိုက်ကြရာ မေ့မျောသွားခဲ့ဖူး၏။
ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်သူတဦး ဖြစ်သကဲ့သို့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် တဦးအဖြစ် တော်လှန်ရေးတာဝန်များကို ထက်မြက်ထူးချွန်စွာ ထမ်းဆောင်သွားခဲ့၏။
ပင်ကိုယ် သဘာဝအရ အနုအလှကို သဘောကျပြီး မေတ္တာဓါတ် ကြီးမားသူ၊ ကလေးငယ်များကို ချစ်တတ်သူ၊ ထို 'သူ' ကို မျိုးချစ် ပြည်ချစ်စိတ်က တော်လှန်ရေးသမား ဖြစ်စေ၏။ တိုင်းပြည်လူဦးရေ၏ အများစုကြီးဖြစ်သော ဆင်းရဲသားပြည်သူတို့ကို ချစ်တတ်သောသူမို့ ကွန်မြူနစ်ဖြစ်စေ၏။ သေနတ်ကိုင်စေခဲ့၏။ သမိုင်းတွင် ခေတ်စနစ်တို့က ဤသို့သော လူများကို လမ်းကြောင်း ပြောင်းပေးကြသည်မှာ ဓမ္မတာပင် ဖြစ်ချေသည်။
လရောင်ရွှမ်းမြ၍ လှချင်တိုင်းလှနေသော လားရှိုးမြို့ ၏ ညတညတွင် တောတောင် သဘာဝရှုခင်းတွေကို ကြည့်ရင်း သူသည် အဖေါ်တယောက်နှင့် လမ်းလျှောက်နေ၏။ ပုံမှန်အတိုင်းဆိုလျှင် သူသည် စာပေအကြောင်း၊ ဂီတအကြောင်း ဒါမှမဟုတ် ကျန်ရစ်ခဲ့သော သူ့ချစ်သူ (ဒေါ် )ခင်ကြီး အကြောင်း ကရားရေလွှတ် တတွတ်တွတ် ပြောပြပေလိမ့်မည်။ ခုတော့ သူက “ ဒီလို ငွေလရောင်မြူးခိုက်မှာ ...စိတ်ဟာ ကြည်လင်ရွှင်လန်းလာပြီး xxxx လီနင်ရေးတဲ့ နိုင်ငံတော်၊ အစိုးရနှင့် တော်လှန်ရေး အကြောင်းကို ဆွေးနွေးရအောင် ...” ဟူ၍ ပြောခဲ့လေသည်။
အမှန်ပင် ထိုအချိန်က သူသွားမည့် ခရီးမှာ ဒုတိယ ကမ္ဘာစစ် ဥရောပတွင် စတင်နေချိန် ...ညီနောင်ပါတီနှင့် အဆက်အသွယ်ယူရန် ထွက်လာသည့် ခရီး .....။
ဤအချိန်တွင် သူသည် တော်လှန်ရေးဘာသာရပ်ကို ကောက်ကိုင်လိုက်သည်မှာ သဘာဝကျသည်။ တကယ်က သူသည် မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ် ဖြစ်ရုံသာမက နိုင်ငံတကာ့ဝါဒီ တဦးလည်း ဖြစ်ပေသည်။
တော်လှန်ရေးဆိုသည်မှာ အသက်သွေးချွေးမျက်ရည်တို့ ရင်းနှီးရသော လုပ်ငန်းဖြစ်၏။ ဤစကား မှန်ကန်ကြောင်း အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးမှသည် ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ နောက်မဆလ ခေတ်၊ န၀တ (ယ္ခု နအဖ) ခေတ်ထိ မှန်နေကြောင်း ပြည်သူများ သဘောပေါက်ကြသည်။ အမျိုးသား ဂုဏ်သိက္ခာ အတွက်သော်လည်းကောင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း အတွက်သော်လည်းကောင်း ... နေ့တကြာင့်ကြကြ၊ ညတကြောင့်ကြကြ ဖြစ်နေရသော ယနေ့ပြည်သူများ က ပိုသဘောပေါက်ကြ ပေလိမ့်မည်။ တခါသေဖူး၍ ပျဉ်ဖိုးနားလည်ကြပြီ ... အရေးအခင်း အဆက်ဆက် အထူးသဖြင့် ၈-၄လုံး အရေးအခင်းတွင် မိမိ၏ မိသားစုများ၊ ဆွေမျိုးရင်းခြာများ၊ မိတ်ဆွေများ၊ အပေါင်းအသင်း ရောင်ရင်းများ၊ အသိအကျွမ်းများ .... အသက်ပေးသွားခဲ့ကြပြီ။ အချို့ ထောင်တန်း ကျခံနေရသည်။ အချို့ တောထဲ၊ တောင်ထဲ၊ တချို့ နယ်စပ်၊ တချို့ နိုင်ငံရပ်ခြားသို့ လွင့်စင်ကုန်ကြပြီ။
ပြည်သူများဘက်မှ ဆုံးရှုံးမှုများ ရှိသကဲ့သို့ ရရှိလိုက်သောအောင်ပွဲ၏ အသီးအပွင့်များလည်း မနည်းလှပေ။ မဆလ အစိုးရ ပြုတ်သွားပြီး နိုင်ငံရေး ပါတီများ ထူထောင်ခွင့် ပေးလိုက်ရခြင်း၊ ပြည်သူများ တောင်းဆိုခဲ့ကြသော ရွေးကောက်ပွဲ လုပ်ပေးခဲ့ရခြင်း၊ စစ်တပ်ပါတီ ရှုံးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြီးအကျယ် အနိုင်ရခြင်း ...စသည်တို့ကား ချေဖျက်၍ မရနိုင်သော အောင်သီးအောင်နှံများပင် ....။
ယနေ့ ပြည်သူတို့၏ ရင်ထဲမျက်စိထဲတွင် ပြန်စဉ်းစားတိုင်း ကြည့်မျှော်လေတိုင်း ...အလောင်းများ၊ သွေးများ၊ ဖြူဖတ်ဖြူရော်မျက်နှာများ၊ မီးခိုးများ၊ ယမ်းခိုးများ၊ ၀န်ထုပ်ဝန်ပိုးများ၊ ထောင်နံရံများ၊ အကျဉ်းစခန်းများ၊ ကြာပွတ်များ၊ စီးကရက် မီးရဲရဲများ၊ အက်ဆစ်ငရဲမီးများ၊ကျင်စက်များ၊ လက်သီးများ၊ စစ်ဖိနပ်များ၊ စစ်ယူနီဖေါင်းများ၊ စစ်ကားများ၊ သေနတ်ပြောင်းဝများ၊ လှံစွပ်များသာ ...မြင်ကြရ၊ ခံစားနေကြရသည်။
န၀တ (နအဖ) စစ်ဗိုလ် စစ်သားအချို့ ၊ဂုဏ်ယူလက်မထောင်၊ လက်ညှိုးထိုးပြနေသော ပြည်သူ့ရင်ပြင်၊ ဂုံးကျော်တံတား၊ ကားလမ်း၊ ရထားလမ်း၊ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားတို့ကိုလည်း နရသူ ၏ မှိုင်းညို့ ညို့ ဓမ္မရံကြီး ဘုရားပမာ မြင်နေကြရသည်။ ဤပစ္စည်း၊ အဆောက်အအုံတို့ပေါ်တွင် ပြည်သူတို့၏ သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ဖုံးလွှမ်းစွတ်စိုခဲ့သည် မဟုတ်ပါလား။ မသမာမှုတွေ၊ လာဘ်စားမှုတွေ၊ နှင့် ပြည့်နှက်နေသည် မဟုတ်ပါလား ...။
ပြည်သူ့သားကောင်းများကား .... ပြည်သူကို အလုပ်အကျွေးပြုရင်း ကွယ်လွန်ကြ-ကျဆုံးခဲ့ကြချေပြီ။ သို့သော် စစ်အာဏာကို အချောင်ရထားသူများ၊ ရလိုက်သူများကတော့ -ခေတ်အဆက်ဆက်တွင် ကားတ၀ီဝီစီး၊ ဟယ်လီကော့ပတာ တငြိမ့်ငြိမ့်ဝဲကာ စည်းစိမ်တက်၊ ဇိမ်ယစ်နေခဲ့ကြသည်။ ယနေ့ စစ်(၃)စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တရား) သည် ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားကြလေပြီ။ နယ်ချဲ့ သမားများ၊ လက်ဝေခံဖယ်ပေးလိုက်ရသော ပြည်သူ့ဂုတ်ပေါ် ခွစီးကာ လက်ညှိုးတညွှန်ညွန် လုပ်နေကြသည်။
မြန်မာပြည်သူများကား တော်လှန်ပုံကန်ရဲသူများ ဖြစ်ကြ၏။ နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ တိုက်ပွဲအလီလီ၏ အောင်ပွဲများက ဤအချက်ကို သက်သေထူခဲ့ပြီ ဖြစ်သည်။ နယ်ချဲ့ ဗြိတိလျှခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်မှသည် မဆလ ခေတ်အထိ၊ ဖေါက်ပြန်ရေး အုပ်စိုးသူ အဆက်ဆက် ရာဇပလ္လင် ဖင်မမြဲအောင် ကိုင်လှုပ်ခဲ့ကြ၏။ သမိုင်းအမြင်နှင့် ကြည့်လျှင် ပြည်သူနှင့် ကင်းကွာ၍ မည်သည့် အစိုးရများ ရေရှည်မြဲခဲ့ဖူးပါသနည်း။
စစ်သား စစ်ဗိုလ် အချို့ အ၀က်နှင့် သူတို့၏ လက်ဝေခံ တချို့ မှလွဲ၍ ထောက်ခံမှု မရှိသော န၀တ(နအဖ) ကော မည်မျှကြာကြာ ရာဇပလ္လင်ကို တွယ်ကပ်နေနိုင် ပါမည်နည်း။
ကိုလိုနီခေတ်၊ ဖက်ဆစ်ခေတ်များတွင် ပြည်သူများထဲမှ 'သခင် ဗဟိန်း' ကဲ့သို့သော 'သူ' များ မွေးထုတ်ပေးခဲ့၏။ 'ဗဟိန်း' သည် တိုက်ပွဲများကြားတွင် လူလားမြောက်ခဲ့၏။ အလားတူ ဖဆပလ ခေတ်၊ တော်လှန်ရေးကောင်စီ ခေတ်များတွင်လည်း 'ဗဟိန်း' အများအပြား မွေးထုတ်ပေးခဲ့၏။ တော်လှန်ရေးသမားများ ဖြစ်လာကြ၏။ မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ်တွင်လည်း အလားတူ 'ဗဟိန်းကလေး' များ မွေးထုတ်ပေးနေ၏။
တော်လှန်ရေး မျိုးဆက်ဟူသည် ကုန်ဆုံးသွားသည် မရှိ။
( ၂ ၊ ၃ ၊ ၁၉၉၄ )
မှတ်ချက် ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီ
ဗဟိုပညာရေးနှင့်ဝါဒဖြန့်ချိရေးဌာနမှထုတ်ဝေခဲ့သည့် စာအုပ်ဖြစ်ပါသည်။

1 comment:

lu soe said...

history of political life