Tuesday 27 November 2007

Asean Summit ကို မကျေနပ်တဲ့ စင်္ကာပူမှ မြန်မာတွေရဲ့ ဆန္ဒပြပွဲ

၂၀ ရက်။ နိုဝင်ဘာ။ ၂၀၀၇ ခု။ အင်္ဂါနေ့။.....

ဒီနေ့ ငါတို့ ဆန္ဒပြဖြစ်ခဲ့ကြတယ်။
လူငါးယောက်ထက်ပိုပြီး စုဝေးခွင့်မရှိတဲ့ စင်ကာပူနိုင်ငံရဲ့ လူအစည်ကားဆုံးနေရာမှာ ငါတို့ မြန်မာတွေ စုစုပေါင်း အယောက် ၅၀ ခန့်ဟာ တူညီဝတ်စုံတွေ ၀တ်ပြီး ဆန္ဒပြဖြစ်ခဲ့ကြတယ်။
ဒီဆန္ဒပြပွဲကို မနက် ၁၀ နာရီလောက်ကမှ ကောက်ခါငင်ခါ စီစဉ်လိုက်ကြရတာပါ။ အကြောင်းကတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲက ထုတ်ပြန်ကြေညာချက်မှာ ငါတို့ လုံးဝလက်မခံနိုင်စရာအချက်တွေ ပါလာလို့။ အဓိက ကတော့ “မြန်မာ့အရေးကို ဖြေရှင်းရာမှာ မြန်မာအစိုးရရဲ့ သဘောထားအတိုင်း ဖြစ်စေရမယ်။ မြန်မာအစိုးရရဲ့ ဆန္ဒကို သူတို့လေးစားတယ်။ သူတို့ ၀င်မရှုပ်ဘူး။ ကုလသမဂ္ဂနဲ့ ပူးတွဲလုပ်ဆောင်မှုကို အားပေးထောက်ခံတယ်။” ဆိုတာမျိုး သူတို့က ကြေညာချက်ထုတ်လာတယ်။

တခါလာလည်း မြန်မာအစိုးရ သဘောထားကို လေးစားရမယ်။ တခါလာလည်း မြန်မာအစိုးရကို မိသားစုဝင်လို သတ်မှတ်ရမယ်။ မြန်မာပြည်သူတွေရဲ့ သဘောထားကို လေးစားရမယ်ဆိုတာ တခါမှမပါဘူး။ ဒီတခါတော့ သည်းမခံနိုင်ကြတော့ဘူး။ ငါတို့ အားလုံးရဲ့ ခံစားမှုတွေ ပွင့်ထွက်ကုန်တယ်။

အေး....ငါတို့ တခုခု လုပ်ကြရင်ကောင်းမယ်။ ဘာလုပ်ကြမလဲ။ အော့ချာ့ဒ်လမ်းမမှာ ဆန္ဒသွားပြကြမယ်။ ရဲတွေ မသိအောင် လျို့ဝှက်လုပ်ကြ။ ရဲတွေ ခြေရာခံမမိအောင် တတ်နိုင်သမျှ လမ်းဘေးဖုန်းနဲ့ ပြောကြ ဆွေးနွေးကြ။ ဖိတ်ကြားကြ။ မီဒီယာတွေကိုလည်း ခေါ်ထား။ စင်ကာပူဘက်က လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုလည်း အကြောင်းကြားထား။ အတိုက်အခံပါတီတွေကိုလည်း အသိပေး။

မူလအစီအစဉ်အရ အလုပ်က ဆင်းတာနဲ့ ညနေ ၆ နာရီလောက်မှာ အောချာ့ဒ် လမ်းဒေါင့်က စတားဘတ်က် ကော်ဖီဆိုင်မှာ လူစုကြမယ်။ နောက်မှ အင်္ကျီအနီတွေ လဲပြီး အော့ချာ့ဒ်လမ်းပေါ်ထွက်မယ်။ ဆန္ဒပြမယ်။ အသေးစိတ်ကို ကော်ဖီဆိုင်မှာ ထိုင်တုန်း ဆွေးနွေးကြမယ်။ ရဲလာမဖမ်းခင် မီဒီယာနဲ့ စကားပြော။ ရဲလာတားရင် ဆယ်မိနစ်လောက် အချိန်ပေးဘို့ စေ့စပ်ညှိနှိုင်းမယ်။ ညှိနှိုင်းလို့မရင် လက်ချင်းတွဲပြီး လမ်းမပေါ်ထိုင်ချမယ်။ ဖမ်းပလေ့စေ။ မခုခံကြနဲ့။ အားလုံးရဲစခန်းကို လိုက်သွားကြမယ်။ အလွန်ဆုံး ရဲစခန်းမှာ တည အိပ်ရရုံဘဲရှိမယ်။ ဒီကောင်တွေ အပြည်ပြည်ဆိုင်ရာ အာရုံစိုက်မှုအောက်မှာ ငါတို့ကို အသားလွတ်ဖမ်းမထားရဲဘူး။ ဖမ်းလည်း သူတို့ ငါတို့ကို ဖမ်းတာနဲ့ ထိုက်တန်တဲ့ တန်ရာတန်ဘိုးကို ပေးရလိမ့်မယ်။

ကဲ....ကိုဘို....ခင်ဗျားက အဆက်အသွယ်ကောင်းတယ်။ ၀င်မပါနဲ့။ ခပ်လှမ်းလှမ်းကနေ အကဲခတ်။ ကျုပ်တို့ကို ဖမ်းရင် ခင်ဗျားက သက်ဆိုင်ရာမီဒီယာ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး လုပ်စရာဆက်လုပ်။

အဲဒီလို အစီအစဉ်တွေလုပ်ပြီးမှ နေ့လည် ၂ ချက်တီးလောက်ရောက်တော့ သတင်းက ဘလော့ဂ်တွေ စီဘောက်စ်တွေ အီးမေးတွေထဲကို ပေါက်ကြားသွားတယ်။ ဟာ...သွားပဟ။ စတောင် မစ ရသေးဘူး။ ရဲတွေတော့ သိကုန်တော့မယ်။ ဗမာတွေ အော့ချာ့ဒ်လာတာနဲ့ ဘူတာမှာ ဖမ်းစစ်တော့မှာဘဲ။ ဒုက္ခပါဘဲ။ စိတ်လေတယ်။

သည်လိုနဲ့ ညနေရုံးဆင်းတော့ နီးစပ်ရာလူတွေကို တခြားဘူတာပြောင်းချိန်းရတယ်။ သတိဆိုတာ ပိုတယ်မရှိဘူး။ အဲ....ဖယောင်းတိုင်ပြေးဝယ်တဲ့လူက၀ယ်၊ စာရွက်ပေါ်မှာ ဆော့ပင်နဲ့ တောင်းဆိုချက်တွေကို ရေးသူကရေး။

ခဏနေတော့ ကိုဘိုလည်း ရောက်လာတယ်။ ခပ်လှမ်းလှမ်းမှာ။ မျက်လုံးချင်းဆုံတော့....အံမယ်...ခပ်တည်တည်နဲ့။ ကြိုတင်စီစဉ်ထားတဲ့အတိုင်း “သူနဲ့ ငါတို့ လုံးဝမသိဘူးဆိုတဲ့ အက်တင်အပြည့်နဲ့။” ကိုယ့်လူကို စိတ်ထဲမှာ အကယ်ဒမီပေးလိုက်တယ်။

ကံကောင်းချင်တော့ ရဲတွေနဲ့ မီဒီယာတွေက ညနေ ၆ နာရီလောက်ကတည်းက လာစောင့်ပြီး ဒီနေ့အဖို့ ဘာမှ မဖြစ်တော့ဘူး ယူဆသွားပုံရတယ်။ အဲဒီနားမှာဘဲ မီဒီယာကလူတွေနဲ့အတူ အေးအေးလူလူ ယောင်တောင်ပေါင်တောင် လုပ်နေကြတယ်။

သည်လိုနဲ့ ညနေ ၇ နာရီထိုးတော့ စတားဘတ်က်မှာ မြန်မာတွေ ၅၀ လောက်စုမိကြတယ်။ အင်္ကျီအနီတွေကို ခဏအတွင်း ပြောင်းလဲ ၀တ်ဆင်လိုက်ကြတယ်။ အခြေအနေကိုသုံးသပ်၊ လုပ်ငန်းစဉ်ကို အမြန်ဆွေးနွေးပြီး ကော်ဖီဆိုင်ထဲက ထွက်လိုက်ကြတယ်။ အဲသည်အချိန်မှာ မီဒီယာက ၀ိုင်းပြီး တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေရိုက်။ ဗီဒီယိုရိုက်။

လူသွားလမ်းပေါ်မှာ လက်ချင်းချိတ်လို့ သုံးယောက်တတန်း ရှေ့နောက်တန်းလိုက်ကြတာ ၁၅ တန်းလောက် ရတယ်။ ဟိုး ရှေ့ဆုံးက သုံးယောက်က အင်္ဂလိပ်လို ရေးထားတဲ့ ဘန်နာ အကြီးကြီးကို ကိုင်လို့။ ရေးထားတာက “မြန်မာတွေရဲ့ ဆန္ဒကို နားထောင်ပါ။ စစ်အစိုးရရဲ့ အမိန့်ပေးမှုကို နားမယောင်ပါနဲ့” တဲ့။ နောက်ကလူတွေကလည်း တတောင်ဆစ်ချင်းချိတ်ထား တာဆိုတော့ အားနေတဲ့လက်ချောင်းတွေထဲမှာ အေဖိုးဆိုက်နဲ့ ရေးထားတဲ့ တောင်ဆိုချက်တွေကို ကိုင်ပြီး ရင်ဘတ်ရှေ့မှာ ထောင်ထားကြတယ်။ လမ်းသွားလမ်းလာတွေ ၀ိုင်းကြည့်ကြတယ်။ ဓါတ်ပုံရိုက်ကြ။ ရပ်ကြည့်ကြပေါ့လေ။

ပထမတော့ အရပ်ဝတ်ရဲတွေဘဲ ရှိသေးတယ်။ ရဲတွေ အင်အားများများ ရှိမနေဘူး။ မီဒီယာတွေက စိတ်တိုင်းကျ ရိုက်ယူကြတယ်။ ငါတို့အထဲမှာ မီဒီယာ တာဝန်ခံ နှစ်ယောက်က ဘေးကနေ မီဒီယာတွေကို အင်တာဗျူး ဒိုင်ခံဖြေပေးတယ်။ အဲသည်လိုနဲ့ မိနစ် ၂၀ လောက်ကြာတော့ ရဲတွေ ရောက်လာတယ်။

ကြိုတင်တိုင်ပင်ထားတဲ့အတိုင်း အားလုံး သုံးယောက်တတွဲကနေ လမ်းမဘက်ကို မျက်နှာလှည့်လိုက်ပြီး လူငါးဆယ်အတန်းရှည်ကြီး လက်ချင်းယှက်ပြီး တွဲရပ်လိုက်တယ်။

ရဲတွေ ပျာယာခပ်သွားတယ်။ ဘာလုပ်ရမှန်းမသိဘူး။ ငါတို့အစီအစဉ်ကို သူတို့မသိဘူးလေ။ အဲဒါနဲ့ ရဲတပ်ဖွဲ့ခေါင်းဆောင်က ရဲတွေကို အမိန့်ပေးတယ်။ မင်းတို့ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ သွားရပ်တဲ့။ အဲဒါနဲ့ ရဲတွေ မျက်နှာချင်းဆိုင်မှာ လာရပ်ကြတယ်။ ဘောလုံးပွဲမစခင် အသင်းနှစ်သင်း မျက်နှာချင်းဆိုင်ရပ်သလိုမျိုး။ လမ်းပေါ်က သွားနေတဲ့ ကားတွေပေါ်က လူတွေ ငါတို့ကို ကြည့်သွားကြ။ လက်မထောင်ပြသွားကြ။

ငါ့ညာဘက်မှာ ငါ့မိန်းမ။ ငါ့ဘယ်ဘက်မှာ ငါမသိတဲ့ လူတယောက်။ ညာဘက် တယောက် ကျော်မှာ ဘလော့ဂါမိန်းကလေးငယ်တယောက်။ ငါက ရွှတ်နောက်နောက်နဲ့ “ငါတို့တွေ အာဆီယံ ၀န်ကြီးတွေ လက်ယှက်သလို ခရော့စ်ပုံစံနဲ့ ယှက်ကြမလား” ပြောတော့ အားလုံး ၀ိုင်းရယ်ကြတယ်။ တကယ်တော့ အဲဒီ အာဆီယံ လက်ယှက်ပုံစံဟာ အင်မတန် မျက်စိထဲမှာ ထော်လော်ကန့်လန့်နိုင်တယ်။ ကိုယ့်ဘေးကလူနဲ့ အနီးဆုံးလက်နှစ်ဘက်ကို လွယ်လွယ်ကူကူ ယှက်တာမျိုးမဟုတ်ဘဲ၊ ဝေးတဲ့ဘက်ခြမ်းက လက်ကို ခက်ခက်ခဲခဲ လှမ်းဆွဲကြရတာမျိုးလေ။ အာဆီယံခေါင်းဆောင်တွေ ဓါတ်ပုံအရိုက်ခံဘို့ လက်တွေယှက်ကြတိုင်း လက်တွေမှားမှားထုတ်ကြတုန်း။ အဲဒါကြောင့်ပြောတာ။ အာစီယံဟာ အစစ ထော်လော်ကန့်လန့်တွေချည်းဘဲလို့။ လက်ချင်းကောင်းကောင်းယှက်တတ်ဖို့တင် ဆယ်နှစ်လောက် အချိန်ယူရမယ်။ ဥရောပယူနီယံလို အသင်းအဖွဲ့မျိုးဖြစ်လာဘို့ဆိုရင် နောင်ဘုရားတဆူပွင့်တဲ့အထိ စောင့်ရမယ်ထင်တယ်။

ငါတို့အားလုံး ရဲတွေရှေ့မှာ အဲသည်အနေအထားနဲ့ ဆယ်မိနစ်လောက် ရပ်နေကြတယ်။ ငါ့စိတ်ထဲမှာ ငါ့ရှေ့က ရဲလူဖလံလေးကို ကြည့်ပြီး “သူ့ခမြာ ငါ့ကိုဖမ်းရင် မ မှ မနိုင်ပါ့မလား” တွေးပြီး စိတ်မောနေမိတယ်။ နောက်တော့ ငါတို့ အေးအေးချမ်းချမ်းဘဲ လူစုခွဲလိုက်တော့တယ်။

ငါတို့ ဒီနေ့ ဆန္ဒပြပွဲကို အောင်မြင်တယ်လို့ သတ်မှတ်ကြတယ်။ စင်ကာပူအစိုးရရဲ့ ချုပ်ခြယ်တဲ့ ဥပဒေကို ဆန့်ကျင်ပြီး ဆန္ဒပြကြတာလေ။ ကိုယ့်အခွင့်အရေးကို ကိုယ်လေးစားစွာ ကာကွယ်ခြင်း တမျိုးပေါ့။ စင်ကာပူ လူ့အခွင့်အရေးအဖွဲ့က မိတ်ဆွေတွေက ပွဲအပြီးမှာ လာပြီး ၀မ်းသာအားရ နှုတ်ဆက်ကြတယ်။ ကွန်ဂရက်ကျူလေးရှင်းပေါ့။ ပြန်လာတော့ ရထားပေါ်မှာ ကိုယ့်လူတွေ အိမ်ကို ချောချောမောမော ပြန်ရောက်ရဲ့လား ဖုန်းဆက်ကြည့်ရ သေးတယ်။

==================================================================

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စင်ကာပူမှာ ကျင်းပနေစဉ် စင်ကာပူရောက် မြန်မာတွေ အော့ချာ့ဒ်လမ်းမပေါ် ဆန္ဒပြခဲ့တဲ့ ဗီဒီယို အခု Youtube မှာ ကြည့်ရှုနိုင်ပါပြီ။ သည် ဗီဒီယိုက ဆန္ဒပြပွဲကို တော်တော်လေး ခြုံငုံမိတဲ့ ဗီဒီယိုပါ။


(ကိုပေါ) ၏ ဘလောဂ့်မှ ပြန်လည်ကူးယူဖော်ပြသည်။

Read More...

အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ


(၁)
အမေ ကျနော့်ကို မတားနဲ့
ကျနော် ဒေါ်အောင်ဆန်းစုကြည်အိမ် သွားမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ တမလွန် ခရီးကို မသွားပါနဲ့ဦး
ကျနော်တို့ ဒီမိုကရက်တစ်နိုင်ငံတော်ဆီ သွားရဦးမယ် အမေ …။
(၂)
အမေ ကျနော့်ကို မတားနဲ့
ကျနော် နေပြည်တော်ကို သိမ်းမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ … လူ့ဘ၀ကို မသိမ်းပါနဲ့ဦး
ကျနော်တို့ သွေးစွန်းနေတဲ့ သင်္ကန်းတွေ
သွေးစွန်းနေတဲ့ ဒေါင်းအလံတွေ
သွေးစွန်းနေတဲ့ မျက်ရည်တွေ သိမ်းရဦးမယ် အမေ …။

(၃)
အမေ ကျနော့်ကို မတားနဲ့
ကျနော် စစ်အာဏာရှင်မှန်သမျှ သတ်မှဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ ပရိဒေ၀မီးတွေ မသတ်ပါနဲ့ဦး
ကျနော်တို့ အစိုးရအကြမ်းဖက်ဝါဒကို သတ်ရဦးမယ် အမေ
ကျနော်တို့
.................. အစိုးရ အကြမ်းဖက်ဝါဒကို
...................................... သတ်ရဦးမယ် အမေ …။ ။

အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုကဗျာ
အမေ့သား-အောင်ဝေး (၂၃-၁၀-၂၀၀၇) (ခေတ္တ ပုန်းခိုကျင်း တနေရာ)
(မေတ္တာဖြင့် ပုံတူရေးဆွဲပေးပို့လာသော ပန်းချီမင်းကျော်ခိုင်အား အထူးကျေးဇူးတင်ရှိပါသည်)

Read More...

ပဉ္စမမြောက် မျိုးဆက်

ရွက်သစ်ထပ်တိုး
တော်လှန်မျိုးဟေ့
လျှောက်ရဲသူလှမ်း
အောင်ပွဲလမ်းသို့ … ။

ရိုးဆက်

(၂၇၊ ၁၁၊ ၂၀၀၇)

Read More...

တိုက်ပွဲသို့  …

ကဲ …
ရဲရင်ထွက်
တက်မဖြုတ်
သုတ်သုတ်လှမ်း
ရာဇ၀င်ပန်းပွင့်ဖြူဖြူ
ဘယ်သူ နမ်းကြူရဲသလဲဟေ့ … ။

(၁၉၈၈ ခုနှစ် အရေးတော်ပုံကာလတွင် အမည်မသိ ကဗျာဆရာတဦးမှ ရေးသားသည်)

Read More...

Monday 26 November 2007

လဲမလား


Read More...

အယူတော်မင်္ဂလာကဗျာ

တပင်ဆံ ခ၀ါချပြီမို့
နာကြတဲ့ အသီးတွေ တွန့်လို့သာကြွေ။
အသီးတွေ ရာသီပြောင်း
သာသနာမောင်းရှေ့ကဆော်
ဒေါင်းတွေကအော်။
ဒေါင်းအော်ရင်မနေသာ သူလာပါလိမ့်လေး
ရှေ့နေထွက်လျက်မှောင်ကြတယ်
သန်းကောင်လကွယ်ထက်ဆိုး။
ခြင်္သေ့မင်းက ထမ်းပိုးကြွယ်
တိုးလို့ကွယ်ပျက်လိမ့်ဦး
ဂူပုန်းတဲ့ခင်ကြီးပျော်တို့ရယ်
သမီးတော် လွှတ်လိုက်ပဦး။
ဇာဏီ ကြက်မ သူတွန်လျင်
ဇမ္ဗူတခွင် လင်းလို့မဆုံး။

ကုန်းဘောင်ခေတ် အယူတော်မင်္ဂလာ ဦးနိုးရဲ့ကဗျာပါ။ခု အခြေအနေနဲ့ ချိန်ထိုး ကြည့်နိုင်ကြဖို့ဖော်ပြပေးလိုက်ပါတယ်။

Read More...

လောကနီတိ

လောကေလောက၌ ၀ီသံ အဆိပ်ကို ၀ီသံက္ကူတိ အဆိပ်ဟူ၍ န အာ ဟု မဆိုကုန်။သံဃသ သံဃာတော် ၏ ဓနံ
ဥစ္စာကို ၀ီသံက္ကူတိ အဆိပ်ဟူ၍ အာ ဟု ဆိုကုန်၏။
အဆိပ်သည် တစ်ဘ၀ ကိုသာ သတ်တတ်၏။
သံဃာတော် တို့၏ ဥစ္စာကား ဘ၀ပေါင်းများစွာကိုသတ်တတ်၏။
(လောကနီတိ)
ပြန်ခေါက်ထားပေးနော့်

Read More...

ပွဲသိမ်းလက်သီး။

ကိုယ့်လူရယ်
အကယ်ဒမီရှော့နဲ့
ရင်ကော့ပြီးပြမနေစမ်းပါနဲ့
အလွန်ပြင်းတဲ့ဝိုက်လက်သီး
အရှိုက်တည့်တည့်ကြီးထိခဲ့မင့်ဟာ
ဘယ်လောက်ထိခံနိုင်မှာတဲ့တုန်း
ဒိုင်ပွဲရပ်အဖြေသာ
လက်ခံလိုက်ပါတော့ ။

အဲဒီလက်သီးဟာ
ဟိုလီဖီးထိုးသလောက်
မိုဟာမက်အလီထိုးသလောက်
မိုက်တိုင်စန်တို့ထိုးခဲ့သလောက်သာ
ပြင်းထန်မယ်မထင်ပါနဲ့။

အဲဒီလက်သီးချက်မှာ
၄၅နှစ်စာအမုန်းများပါသကွဲ့
ဆုံးရှုံးခဲ့လူ့အခွင့်အရေးတွေအတွက်
တောင်းဆိုချက်တွေလည်းပါသကွဲ့
မမက်ခဲ့ရဖူးသေးတဲ့
ငါတို့ရဲ့ ဒီမိုကရေစီအိပ်မက်များလည်းပါသေး
ဆိုတော့
ခင်ဗျားအတွက်ပွဲသိမ်းချက်ပေါ့ဗျာ ။

ဗျာ
အရှုံးမပေးသေးဘူး ဟုတ်စ
ကောင်းပါ့ဗျား
ကိုင်း၊ မိတ်ဆွေများရေ
အသည်းကောင်းလို့ ပွဲထပ်တောင်းနေသတဲ့၊

အဲဒီဖုတ်ဝင်သယ်သဘောက်သား
နောက်ကောက်ကျသွားအောင်
လက်သီးမိုးထပ်ရွာကြစို့ရဲ့
လာဟဲ့ တချီတမောင်း
ကဲရွာစားရေ၊ မတိမ်းမစောင်းနဲ့ဗိန်းဗောင်း။

(ရေးသားသီဖွဲ့ သူ - ဒေါင်းတမန်)။

Read More...

အရုဏ်ဦးဆိုတာ ရင်နဲ့ပျိုးယူရတယ်


ပင်ညဲရိုးလာပြန်ပြီ
ဂမ်ဘာရီပြန်ပြန်ပြီ
မင်းကိုနိုင်ရေ
လာရင်လာတယ်လို့မှတ်
ပြန်ရင်ပြန်တယ်လို့မှတ်။
ရဲဘော်တို့ရေ
ငါတို့ရဲ့ မေတ္တာစမ်းတွေမခမ်းသမျှ
ခြေလှမ်းတွေလှမ်းနေသမျှ
ပန်းတိုင်ဟာ နီးနီးလာမှာမုချ
လမ်းမတွေကတော့
ထုံးစံအတိုင်းစိုလိုက်ခြောက်လိုက်ပေါ့။

အဓမ္မ၀ါဒီတို့ရေ
မိစ္ဆာတို့သွားရာလမ်းကို
ဆဒမ်ဟူစိန်ကညွှန်ပြခဲ့ပြီ။
အဲဒီ အမှောင်ခါးခါးကြီးကို
ငါတို့မျိုချလိုက်နိုင်တဲ့အခါ
ဝဋ္ဋ်ကိုနောက်ဘ၀ထိစောင့်စရာမလိုတော့ပါဘူး။

ငရဲကြီးရှစ်ထပ်မှာလည်းမင်းတို့အတွက်
နေစရာတွေကအဆင်သင့်ပြင်ပြီးသား။
ကိုယ့်လူတို့ရေ
စင်ပေါ်က မင်းသားခေါင်းလေးဆောင်းပြလိုက်တာနဲ့
အဲဒီလိုဖင်တကြွကြွဖြစ်မနေပါနဲ့။
၈၈ အစ ဒီပဲယင်းအလယ် ၂၀၀၇ အဆုံး
နောက်ဘာတွေဖြစ်လာအုံးမလဲ
အရုဏ်ဦးဆိုတာ ရင်နဲ့ပျိုးယူရတယ်။

မြတ်သစ်(dawn)

Read More...

၉၂ ပြည့်မွေးသမိခင်သို့ ပေးစာတစောင်

အဲဒီညကလေ၊ အမေ။
မိုးလေးတွေက တဖွဲဖွဲကျလို့
မသဲလှပေမဲ့ အသဲကတော့ ကျင်နေတယ်
မခွဲချင်တာကတော့ အမှန်ပါ
အရင်ဆုံးဖြတ်တာက တံခွန်တိုင်
နောက် - အရာတော်
တောင်မြင့်
မှောင်နဲ့ မည်းမည်းထဲမှာ
တနေရာပြီးတနေရာကျန်ရစ်ခဲ့တယ်
စားချင်စိတ်လည်းမရှိ
အိပ်ချင်စိတ်လည်းမရှိ
စဉ်းစားချင်တာပဲရှိပေမဲ့
ဘာမှစဉ်းစားလို့လည်းမပေါ်
သြော်၊ မြစ်ငယ်တောင်ကျော်သွားပါပေါ့လား။

အဖေနဲ့အမေကို
ကန်တော့ခဲ့ပါတယ်
ညီနဲ့ အမ နှမ
ငါ့ကိုခွင့်လွှတ်ကြနော်
တကိုယ်ကောင်းဆန်တာမဟုတ်
သူရဲကောင်းဖြစ်ချင်တာလည်းမဟုတ်
အခြေအနေက တွန်းပို့တော့
ဒို့မှာ ရွေးစရာမရှိလို့သာ။
နားလည်ကြပါကွာ
အဖေနဲ့အမေကို
ဂရုစိုက်ကြပါကွာလို့။

အဲဒီနောက်တော့ အမေရယ်
တောင်တွေ၊ တောတွေ
ချောင်းတွေ၊ အင်းတွေ
လွှားကနဲ လွှားကနဲ၊ တသွားထဲသွား၊
နယ်စွန်နယ်ဖျားထိ
ကဗျာတပုဒ်တောင်ရေးမိသေးတယ်
အမေမှတ်မိမယ်ထင်ပါတယ် …
‘အနောက်ကိုတချက်ငဲ့ကြည့်လို့
အရှေ့ကိုတဲ့ ထွက်ခဲ့တယ်’ ဆိုတာလေ။

ပြက္ခဒိန်စာမျက်နှာတွေ
သစ်ရွက်ခြောက်တွေလို
တဝေေ၀လွင့်ကျ
နီသူတွေဖြူ၊ ဖြူသူတွေနီ
ဘ၀တွေ၊ ချစ်ခင်ရင်းနှီးသူတွေ
သွေကွဲရော၊ ရှင်ကွဲရော
ခွဲခွာကုန်ကြ
အသစ်တွေနဲ့လည်း
တင်းတင်းကြပ်ကြပ်ပဲ
လက်ဆွဲနှုတ်ဆက်ကြ
ဘာသာစကားတောင်
အတော်စုံအောင်တတ်ခဲ့
နှစ်ပေါင်းသုံးဆယ်ဆိုတာ
နည်းသမို့လားအမေရယ်။

အပါးမှာအဖေလည်းမရှိ
ကျနော်တို့လည်းမရှိ
အမေချည့်တယောက်ထဲ
မဟုတ်ဘူး၊ လှေခွက်ချည်းမဟုတ်ဘူး
ပြည်သူတွေနဲ့လက်တွဲလို့
သားမြေးသစ်တွေနဲ့လက်တွဲလို့
အမယ်အို့ခြေလှမ်းမို့
သူတို့လောက်မသွက်လည်း
၁၉၃၆ တုန်းကလိုပဲ
ချီဆဲတက်ဆဲ
အခုလည်းလက်တွန်းလှည်းနဲ့
ရဲရဲကြီးချီတက်နေတဲ့
အမေ့ရဲ့သားမှာ ၁၃၀၀ ရတီ*
အမေအိုဆိုတဲ့စိန်နားကပ်ကြောင့်
ပါးအပြောင်ကြီးပြောင်ခဲ့ရပါတယ်။

အမေလဲလှမ်း
ကျနော်လည်းလှမ်း
ဒီလမ်းကြီးတလျှောက်မှာ
မောတယ်တခွန်းမပြောပါဘူး
၉၀ ကျော်ကြီးနှုတ်က
တခွန်းပဲထွက်ရှာတယ်
ဘာအဓိပ္ပာယ်လဲ
ကဗျာဖတ်သူတွေတွေးကြည့်ပါ
“ငါ့သားကျန်းမာအောင်နေ
အမေလည်းကျန်းမာအောင်နေတယ်” တဲ့။ ။

ဖိုးသံ (လူထု)

* ၁၃၀၀ ပြည့်မျိုးဆက်ကိုညွှန်းတာပါ။

Read More...

Sunday 25 November 2007

ကျနော်မမြင်ဘူးလိုက်သော ကျနော့်သူရဲကောင်း ဦးသန့်




Read More...

သားပျောက်တေး

သွေးနဲ့ ရေးမှ ဆေးမှင်ကြောင်
ရင်နဲ့သွေးခဲ့တယ် ရင်သွေး

အချစ်များစွာနဲ့  ပြစ်မှားမိခဲ့ပါတယ်

ကဗျာနဲ့ ငါ
အဖန်ငါးရာ ငါးကမ္ဘာ

သို့  …
မိစ္ဆာအတွက်ဖိတ်စာ

အ၀ီစိရဲ့အောက်
ငရဲကိုနောက်တထပ်တိုးဖို့
ပဉ္စမမျိုးဆက်သွေးနဲ့
ဒီကဗျာကို ငါရေးတယ် …။

သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)

Read More...

ကမ္ဘာလောကရဲ့ သမီး

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊

“ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

(ဌေးအောင်)

Read More...

“ဗုဒ္ဓရဲ့သားတွေ ကျတဲ့မျက်ရည်စများ”

ကြုံနေရတယ်
ခေတ်ကပျက်တာလား
မေတ္တာတရားကပဲ မလွှမ်းမိုးနိုင်တာလား။
သားတယောက်ရဲ့
ရယ်မောသံကလေးနဲ့
မပြုံးနိုင်ရှာတဲ့အမေတို့ရေ
အလံကိုင်ချီတက်နေရင်း မျက်ရည်ကျ
သံဃာတွေ အစော်ကားခံနေရတဲ့
ကျနော်တို့ရဲ့ အမိနိုင်ငံမှာ ...။

ကမာပုလဲ
၀၆၊ ၁၀၊ ၂၀၀၇

Read More...

အမျက်ဖြေလင်္ကာသစ်


သူတည်း တယောက်
ကောင်းဖို့ ရောက်မူ
သူအများမှာ၊ ပျက်လင့်ကာသာ
မဆုံးပါတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာအား
မလွတ်စတမ်း၊ သူစွဲလမ်းကာ
တဏှာဖက်နေ၊ မက်မပြေရှာ
တသက်လျာတည်း။

ကြင်နာမထား၊ သံဃာအားသတ်
အမိုက်ဇာတ်လည်း၊ မလွတ်ကြမ္မာ
ရှိလိမ့်မှာကို၊ သိကိုသိလျက်
မျက်စိမှိတ်ရမ်း၊ ဆိုးသွမ်းတတ်သည်
မကျွတ်နိုင်စွာ၊ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်
ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏
ဤဘုံဘ၀၊ ဆပ်ခဲ့ရသည့်
သံသရာကြွေး၊ ကုန်နှင့်သေးလော့
သူ့အကြွေးမူ၊ တုံ့မယူလို
လူဖြစ်သမျှ၊ ဘ၀ဆက်တိုင်း
ထိုလူရိုင်းနှင့်၊ မဆုံခွင့်သာ
ဦးတင်ပါသည်
သစ္စာဆုတောင်း ပြည့်စေသတည်း။ ။

ဒေါင်းတမန်

Read More...

အကယ်၍

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စား ပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ….

ဒါမှမဟုတ်
မင်းဘ၀ တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင်…..

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တစ်ခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် …
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်….

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့် ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်….
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…..

အကယ်၍
စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်….
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင်….

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်း မုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်…
ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင်….

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်….
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်…

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် …

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကျည်းအောင် မလုပ်နိုင်စေရင်….

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…..

ငါ့သားရေ …
မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုတ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…
အဲဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်း တယောက်ပဲပေါ့….။ ။

RUDYARD KIPLING ၏ If ကို - ဒေါ်အောင်ဆန်းစုကြည်မှ ဘာသာပြန်သည်။

IF

If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise:

If you can dream and not make dreams your master;
If you can think and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two imposters just the same;
If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build’ em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and –toss.
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: “ Hold on:!”

If you can talk with crowds and keep your virtue,
Or walk with Kings-nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds’ worth of distance run.
Yours is the Earth and everything that’s in it,
And which is more - you’ll be a Man, my son!

RUDYARD KIPLING

Read More...

ခင်ဗျား ….. ထပါ

အောက်တန်းကျတဲ့မြန်မာ့ရုပ်သံ
လုပ်ကြံသတင်းအဖျင်းအညာ
သတင်းစာတွေနဲ့ ဘာလို့ရန်ဖြစ်နေမှာလဲ
တရားတာ - မတရားတာဟာ စကားအရာနဲ့
အလကားဝါနေမယ့်အစား
ခင်ဗျားတို့ပါဖို့မလိုဘူးလား။

ကွယ်ရာပြောအတင်းတဲ့
အရေးအခင်းအပမှာ လေးခင်းပြနေမယ့်အစား
ခင်ဗျားပါဖို့မသင့်ဘူးလား။

ဘီဘီစီ ဗွီအိုအေ ရေဒီယို ကက်ဆက်
ထွက်သမျှခွေ နားထောင်ကျေနပ်
ယက်ခပ်နေမယ့်အစား
လက်ခုပ်တီးနေ အံကြိတ်နေမယ့်အစား
ခင်ဗျားပါဖို့မကောင်းဘူးလား။

ခင်ဗျားတို့အသိ ခင်ဗျားတို့အဘိဓမ္မာဟာ
လက်တွေ့မွေးဖွားမလာရင်
ဘာလုပ်မလဲ အမြုံပဲပေါ့။

ဝေဖန်မနေနဲ့၊ လေကန်မနေနဲ့
ညည်းညူမနေနဲ့၊ ဂျီးထူမနေနဲ့
တက်ခေါက်နေတာလဲ လက်မြှောက်နေတာပဲ
ဆင်ခြေ မြင်းခြေ အသင်္ချေကို
လေတိုက်ပွဲမှာ ထားခဲ့ပါတော့။

ဈေးဆိုင်၊ ကနားကြောင့် ဘေးထိုင်နားနေသလား
လစာထိုးတဲ့ လာဘ်ကြောင့်
ဘ၀ပါထိုးပြီး အပ်လိုက်သလား
တရားရေးပျောက်ပြီး စပါးဈေးနောက်
တကောက်ကောက် လိုက်နေသလား
ထမင်းတနပ် ဟင်းတဖတ်ကြောင့်
တင်းကြပ်နေကြသလား။

အလကား ……….
ခင်ဗျားလိုပဲ လူတိုင်းလည်း
အလားတူ အပူနဲ့ချည်းမှတ်ပါ
ဒါပေမယ့် ……….
ခင်ဗျားစဉ်းစားကြည့်ပါ …..
သွားနေသူတွေ သွားနေကြတယ်
ဝင်နေသူတွေ ၀င်နေကြတယ်
လုပ်နေသူတွေ လုပ်နေကြတယ်
ခင်ဗျားကသီးခြား အခွင့်ထူးခံလား
အသနားခံလား၊ အကယ်ဆယ်ခံလား
ခင်ဗျားတို့ဘ၀တွေကို ခင်ဗျားတို့မှအပ
ဘယ်သူက ကယ်တင်နိုင်မှာလဲ။

မျိုးဆက်တခုလုံးအရေး
ခင်ဗျားမပါသေးသမျှ ဝေးနေအုံးမှာပဲ။
ဘ၀ဆုံးတဲ့အဖြစ် လူဖြစ်ရှုံးတဲ့အဖြစ်
တရစ်ပြီးတရစ် နစ်ပြီးရင်းနစ်နေရတဲ့
ဖက်ဆစ်စနစ် စစ်အာဏာရှင်စနစ်အောက်မှာ
နောက်ထပ်ဆုံးရှုံးစရာ ဘာကျန်သေးလို့လဲ
သံနှောင်ကြိုးပဲမဟုတ်လား
စစ်သံဖနှောင့်ပဲ မဟုတ်ာလား။

ဘာလဲ … လက်ရှိနဲ့လက်မဲ့ ဆိုတဲ့စကား
အင်အားခြင်း မမျှဘူးဆိုတဲ့စကား
ခင်ဗျားပြောအုံးမလို့လား။

ဒီမှာ … ခင်ဗျားပါရင် တအား
ကျုပ်ပါရင် တအား
သူပါရင် တအား
အားလုံး အားလုံး ပါဝင်ပြီး
အင်အားတွေ စုစည်း
ကြီးသထက် ကြီးလာရင်
မြက်ပင်တွေနဲ့ ကျစ်တဲ့ `လွန်´ ဟာ
ခွန်အားဘုရင် ဆင်ဆိုတာတောင်
ဆွဲပြီးပစ်လှဲ ပစ်နိုင်တယ်မဟုတ်လား။

ရေမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ `လှိုင်း´ ဟာ
ကျောက်ဆောင် တံတိုင်းဆိုတာတွေကိုတောင်
ဖြိုချပစ်နိုင်တယ်မဟုတ်လား
ကျေးဇူးပြုပြီး
ခင်ဗျားထပါ
ထ … ထစမ်းပါ။

ဗမာပြည်သား

Read More...

တို့တိုင်းပြည်



ထလော့ မြန်မာ၊ အို … မြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ်
စေတီ စပါး၊ များလည်း များ၏

များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည် သွားလျက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ၊ အို … မြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံ ချိုပျား၊ များလည်း များ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
လောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့ မြန်မာ၊ မြန်မာ ထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါက အားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့ တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း။ ။

ဇော်ဂျီ

Read More...

သတင်းစာဆရာကြီး ဦးဝင်းတင်ဆီက သတင်းစကား

Thursday, 22 November 2007

Read More...

စဉ်းစားကြည့်ကြပေါ့။

ကိုနစ်နေမန်းမှကူးယူသည်။

Read More...