Monday 2 June 2008

ဒေါက်တာဇီးဗားဂိုးဝတ္ထု၊ စီအိုင်အေနဲ့ နိုဘယ်လ်ဆု

ဗမာပြည်မှာ ဘောရစ္စပါစတာနက်ရဲ့ ဒေါက်တာဇီးဗားဂိုးဇာတ်လမ်းကို ၀တ္ထုအဖြစ်နဲ့ရော၊ ရုပ်ရှင်အနေနဲ့ပါ ပွန်းတီးတဲ့လူတွေ များပါ တယ်။ ကိုးကားခဲ့တဲ့လူတွေလည်း မနည်းပါဘူး။
ဒီဝတ္ထုနိုဘယ်ဆုရတာကိုရော ဒီရုပ်ရှင်ကားအမှန်းကြတဲ့ ကာလတွေကိုရော သိမှီတဲ့သူတ ယောက်အနေနဲ့ ဒေါက်တာဇီဗားဂိုးဇာတ်လမ်းဟာ အဲဒီတုန်းက စစ်အေးစစ်ပွဲမှာ ဘယ့်ကလောက် အရာရောက်ခဲ့တယ်ဆိုတာကို ပြန်သတိရ နေမိပါတယ်။ စာအုပ်က ၁၉၅၇ ခုနှစ်မှာထွက်လာတာဆိုတော့ အနှစ် ၅၀ တင်းတင်းတောင်ရှိသွားပါပြီ။ ထွက်တာနဲ့ နိုဘယ်ဆုရတာနဲ့၊ ဆိုဗီ ယက်ကပြန်တုန့်ပြန်တာနဲ့၊ အမေရိကန်ဘာက ပြန်ချီးမြှောက်ကြတာနဲ့၊ အတော်ကို အာရုံစိုက်ခံခဲ့ရတဲ့စာအုပ်ပါ။ ရုပ်ရှင်ကတော့ထွက်လာတာ တော်တော်နောက်ကျတယ် ထင်ပါတယ်။ ဒေးဗစ်လီးန် (David Lean) ရိုက်တဲ့ အဲဒီရုပ်ရှင်ကိုလည်း အော်စကာ (၅)ဆုတောင်ပေးခဲ့တာပါ။ တော် တော်လေး သည်းသည်းလှုပ်လှုပ်ဖြစ်ခဲ့ပြီး ကနေ့အထိဂယက်ကျန် နေသေးတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ ဘော်ရှီဗစ်တော်လှန်ရေးကို နောက်ခံပြုရေးထားတဲ့ စာအုပ်/ရုပ်ရှင်နဲ့ ပတ်သက်ပြီး အငြင်းအခုန်တွေအထဲ အဲဒီတုန်းကတော့ ကိုယ်ကအသက်ငယ်သေးတော့ ၀င်မပါနိုင်ခဲ့ ပါဘူး၊ ပရိတ်သတ်သက်သက်ပါ။
ဒါပေမဲ့ အခုရာစုနှစ်တ၀က်နီးပါး ကြာခဲ့တဲ့အခါမှာ ၂၀၀၇ခု၊ ဇန်န၀ါရီလထဲက ဆန်းဒေးတိုင်းမ်စ်သတင်းစာ (Sunday Times) ထဲက ဆောင်းပါးကို ဖတ်ရတော့ တယောက်တည်း မဲ့ပြုံး ပြုံးမနေချင်တာနဲ့ စာဖတ်သူများကို ဝေငှလိုက်ပါတယ်။ သမိုင်းကို တူးဖော်ကြရင်း “အော်ဒီ လိုကိုး” ဆိုတဲ့ ကိစ္စမျိုးတွေဿကံရတာဟာ မဆန်းလှပါဘူး။ ဒါပေမဲ့ ဒါကတော့ ဒီစာအုပ်ဖြစ်နေလို့ တင်ပြလိုက်တာပါ။
လွတ်လပ်ရေးအသံလွှင့်ဌာန (Radio Liberty) နဲ့ လွတ်လပ်တဲ့ဥရောပအသံ (Radio Free Europe) ဆိုတဲ့ ၀ါရှင်တန် က ထောင်ပေးထားတဲ့ အသံလွှင့်ဌာနတွေမှာအလုပ်လုပ်တဲ့ အီဗန်တော်စတွိုင်း (Ivan Tolstoy) သူက ရုရှားဘာသာမူ ဒေါက်တာဇီးဗားဂိုးဝတ္ထုကို စီအိုင်အေက ဘယ်လို လုပ်ခဲ့တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး သူ့တွေ့ရှိထားတာတွေကို စာအုပ်အဖြစ် ထုတ်ခဲ့တာပါ။ စာအုပ်ရဲ့နာမည်က “ခ၀ါချထားတဲ့ဝတ္ထု” (The Laundered Novel) ဖြစ်ပါတယ်။ ဆယ်စုနှစ်တခုကျော် သုတေသနလုပ်ထားတယ်ဆိုတဲ့ဒီစာအုပ်မှာ သူကအဲဒီစာအုပ်ထဲမှာ ဒီလို ရေးထားပါတယ်။
ပါစတာနက်ဟာ အနောက်တိုင်းက သူ့မိတ်ဆွေတွေဆီ သူရေးတဲ့ဝတ္ထုကို မူတွေပွားပြီးပေးပို့ခဲ့ပါတယ်။ ရုရှားဘာသာနဲ့ ရေးထား တာပါသတဲ့။ အဲဒီလိုပို့လိုက်ပြီးတဲ့နောက်မှာ ဘာဆက်ဖြစ်တယ်ဆိုတာကို ဖော်ပြတဲ့စာတစောင်ကို အီဗန်တော်စတွိုင်းက ရလိုက်ပါတယ်။ ဒီလိုနဲ့သမိုင်းကို အသစ်ပြန်ရေးစရာဖြစ်လာတာပါပဲ။ စာကို စီအိုင်အေသူလျှိုတယောက်က ရေးထားတာပါ။ အဲဒီ စီအိုင်အေသူလျှိုဟာ ဗြိတိသျှ ထောက်လှမ်းရေးအကူအညီနဲ့ မော်လ်တာကျွန်းပေါ်ကို အတင်းဆင်းခိုင်းတဲ့ လေယာဉ်ပျံတစင်းပေါ်မှာ ပါစတာနက်ရဲ့ စာအုပ်တမူကိုရလိုက်ပါ တယ်။ ခရီးသည်တွေကို လေဆိပ်မှာ ၂ နာရီလောက် စောင့်ခိုင်းထားပြီးနောက်မှာ သူတို့က ရယူလိုက်တာဖြစ်ပါတယ်။ သေတ္တာတလုံးထဲမှာ တွေ့တဲ့စာမူကို သူတို့က ဓာတ်ပုံတွေရိုက်ယူပြီး သူ့နေရာသူပြန်ထားလိုက်ပါတယ်။ ပြီးနောက် စီအိုင်အေက “ဒေါက်တာဇီးဗားဂိုး” စာအုပ်၊ ရု ရှားမူကိုဥရောပနဲ့ အမေရိကန်မှာတပြိုင်နက်တည်း ထုတ်ဝေလိုက်တာပါ တော့တယ်။ အဲဒီစာအုပ်တွေမှာ သူတို့က အနောက်နိုင်ငံတွေက သုံးတဲ့စက္ကူမျိုးနဲ့ ပုံနှိပ်စာလုံးပုံစံမျိုးတွေကိုရှောင်ပြီး အဲဒီတုန်းက ရုရှားနိုင်ငံအတွင်းမှာ အသုံးများတဲ့စက္ကူနဲ့ စာလုံးမျိုးကိုတမင်ရွေးသုံးခဲ့ပါ တယ်။
ဆွီဒင်နိုင်ငံမှာရှိတဲ့ နိုဘယ်ဆုပေးတဲ့အဖွဲ့ဟာ ၁၉၅၈ ခုနှစ်၊ နိုဘယ်ဆုအတွက်ရွေးတော့မယ်ဆိုတော့မှ စီအိုင်အေရဲ့ ရုရှားဘာသာ မူတွေ အချိန်မီရုံကပ်ပြီး ရောက်လာတော့ အတော်ကို အံ့သြသွားပါသတဲ့။ အဲဒီနှစ်အောက်တိုဘာလ ၂၃ ရက်နေ့မှာ သူ့စာအုပ်ကို နိုဘယ်ရ ကြေငြာခံရပြီး ၂ ရက်အကြာမှာ သူကနိုဘယ်ဆုပေးတဲ့ ဆွီးဒင်အကယ်ဒမီ (Swedish Academy) ကို အခုလို ကြေးနန်ရိုက်လိုက်ပါတယ်။ “အင်မ တန်၊ ကျေးဇူးတင်၊ စိတ်ထိခိုက်၊ ဂုဏ်ယူ၊ အံ့သြ၊ ရှက်မိပါတယ်” တဲ့။
ပါစတာနက်ရဲ့စာအုပ်ကို ကရင်မလင်ကပိတ်ပင်ခဲ့ပြီး နောင်ကျမှပြန်ဖွင့်ပေးခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူ့အဖေကိုယ်စား နိုဗယ်ဆု သွားယူခဲ့တဲ့ ပါစတာနက်ရဲ့သမီး ယက်ဗ်ဂျယ်နီပါစတာနက် (Yevgeny Pasternak) ကတော့ “ကျမအဖေဟာ အဲဒီ ရုရှားဘာသာမူနဲ့ ဘာမှ မပတ်သက်ပါဘူး။ စီအိုင်အကြောင်းလည်း မသိရှာပါဘူး” လို့ပြောပါတယ်။ အီဗန်တော်စတွိုင်းကတော့ “ပါစတာနက် နိုဘယ်လ်ဆုရတာမှာ စီအိုင်အေရဲ့ကျေးဇူးမုချပါတယ်” လို့ပြောပါတယ်။ “စီအိုင်အေအဖို့ ကရင်မလင်ကိုတိုက်ဖို့ လက်နက်တခု ရသွားတာတော့အမှန်ပဲ” လို့လည်း သူက သတင်းထောက်တွေကို ပြောပါတယ်။ နိုဘယ်ဆုပေးသူတွေရဲ့ ပေါ်လစီက ဘာသာပြန်စာမူကို ဆုပေးလို့မရပါဘူး။ မူရင်းဘာသာနဲ့မှ ရတာပါ။ အဲဒါကြောင့် မော်စကိုကခေါင်းဆောင်တွေကို အရှက်ခွဲရအောင် စီအိုင်အေဟာ အခုလိုဖုတ်ပူမီးတိုက်နဲ့ လုပ်ခဲ့တာပါ။
ဒီစာအုပ်နဲ့ပတ်သက်လို့ စီအိုင်အေပြောရေးဆိုခွင့်ရှိသူကတော့ ဘာမှမှတ်ချက်မပေးပါဘူး။ ဥရောပ (အရှေ့အပါ) က ယဉ်ကျေးမှု နယ်ပယ်မှာ စီအိုင်အေပါဝင်ခဲ့တာတွေနဲ့ပတ်သက်တာတွေကိုတော့ စီအိုင်အေက ဘယ်သူ့ကိုမှကြည့်ရှုခွင့်မပေးသေးပါဘူးလို့ သမိုင်းဆရာ တွေက ပြောပြကြပါတယ်။
အဖြစ်အပျက်တွေကို သမိုင်းနောက်ခံနဲ့ယှဉ်ကြည့်မှ ပြည့်စုံတာပါ။ ဒေါက်တာဇီးဗားဂိုးရယ်၊ စီအိုင်အေရယ်၊ နိုဘယ်ဆုရယ် တို့ကို လည်း စစ်အေးခေတ်နဲ့ ခွဲကြည့်လို့မဖြစ်ပါဘူး။

တာရာလင်းယုန်

Read More...