Sunday 16 December 2007
ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်) အခဏ်း (၂)
အသက်ငင်ခြင်း
`နေမင်း၏ ရောင်ခြည်များနှင့်
ကြယ်ပွင့်တို့၏ အလင်းရောင်များသာ
ငါတို့အတွက် ကွယ်ပျောက်ခဲ့သော်
ငါတို့အတွက် ကွယ်ပျောက်ခဲ့သော်´
လူနှစ်ယေက်သည် စိတ်မချမ်းမြေ့စရာ ဓမ္မသီချင်းတပုဒ်ကို အတိုင်အဖောက်လည်းမညီဘဲ လေးတွဲ့သော အသံများဖြင့် သီဆိုနေကြသည်။ သူတို့သည် အောက်ဘက်သို့ ဆန့်တန့်ထားသောလက် များကို ကိုယ်အရှေ့တွင် ယှက်ထား၍၊ ဖြူဖွေးသော လိုဏ်ဂူအတွင်း လေးဆေးသော ခြေလှမ်းများဖြင့် ၀ိုင်းကြီးပတ်လည် လှည့်နေကြသည်။
`... ၀ိဥာဉ်များလည်း နှစ်သိမ့်စဘွယ်
ဆောင်ကျဉ်း၍ သွားတော့မည်
ကောင်းကင်ဘုံ ထိုအဝေးသို့လည်း
ကောင်းကင်ဘုံ ထိုအဝေးသို့လည်း ... ´
တစုံတယောက်ကား အနိစ္စရောက်ခဲ့ပြီ။ ဘယ်သူများပါလိမ့်။ ကျွန်တော်သည် ဦးခေါင်းကိုလှည့် ရန် ကြိုးစားသည်။ အလောင်းထည့်ထားသော ခေါင်းနှင့်၊ ခေါင်းရင်းတွင် ထောင်နေသော ဖယောင်းနှစ် တိုင်ကို တစေ့တစောင်းဖြင့် မြင်ကောင်းရာသည်။
`... ထိုဌာနီတွင် ည၏မှောင်မိုက်မှုလည်းကင်း
ထာဝရရောင်ခြည်လည်း
ထွန်းလင်းနေလေသည် ...´
မျက်လုံးများကိုကား ဖွင့်၍ရခဲ့ပြီ။ အခြားမည်သူ့ကိုမျှ မတွေ့။ ဤနေရာတွင် ဤလူနှစ်ယေက်နှင့် ကျွန်တော်မှလွဲ၍၊ အခြားမည်သူ တဦးတယောက်မျှမရှိ။ သို့ဖြစ်လျှင် အသုဘတွေးချင်းကို မည်သူ့ အတွက် ဆိုနေကြသနည်း။
`... ထာဝစဉ်လက်နေသော ထိုကြယ်ပွင့်ကား
ယေရှုသခင်ကိုယ်တော်တိုင်တည်း
ယေရှုသခင်ကိုယ်တော်တိုင်တည်း။´
ဤသည်ကား အသုဘ၊ ဟုတ်သည်။ အကယ်ပင် အသုဘဖြစ်လေသည်။ မည်သူ့အား မြှုပ်နှံ နေကြသနည်း။ ဤနေရာတွင် မည်သူရှိသနည်း။ သူတို့နှစ်ယောက်နှင့် ကျွန်တော်သာရှိသည်။ ဟုတ် သည် - ကျွန်တော်သာ ရှိသည်။ ဤသည်ကား ကျွန်တော်၏ အသုဘပင်ဖြစ်ပေသလော။ ဒီမှာ ... မိတ်ဆွေတို့ ... နားထောင်ကြစမ်းပါ။ မှားနေပြီထင်တယ်။ ကျွန်တော်မသေသေးပါဘူး။ အသက်ရှင်နေ တာ မတွေ့ဘူးလား။ ခင်ဗျားတို့ကိုကြည့်ပြီး ခင်ဗျားတို့ကို စကားပြောနေတာ မြင်တယ်မဟုတ်လား။ တော်ကြပါတော့ဗျာ၊ ကျွန်တော့်ကို မြေမမြှုပ်ကြပါနဲ့အုံး။
`ကျွန်ုပ်တို့အား တစုံတဦးက
နောက်ဆုံးနှုတ်ဆက်ခြင်းဖြင့်
နှုတ်ဆက်နေသည့်အခါ
နှုတ်ဆက်နေသည့်အခါ ...´
မကြားကြ၊ နားပင်းနေကြသလော။ ကျွန်တော်ကပင် အသံခပ်ကျယ်ကျယ်မပြော၍လော။ သို့မ ဟုတ် ကျွန်တော်သည် အကယ်ပင် သေဆုံးခဲ့ပြီဖြစ်၍၊ ရုပ်မရှိတော့သော အသံကို မကြားနိုင်ကြခြင်း လော။ ကျွန်တော်၏ ကိုယ်လုံးကြီးကား မှောက်လျက်သားငြိမ်နေသည်။ ကျွန်တော်ကလည်း မိမိ၏ အသုဘကို မိမိပြန်ကြည့်နေရသည်။ ရယ်ဘွယ်ကောင်းလေစွ။
`... လျှမ်းလျှမ်းတောက် မျက်လုံးများဖြင့်
မော်၍ကြည့်သည်မှာ
ကောင်းကင်ဘုံ ထိုအဝေးသို့
ကောင်းကင်ဘုံ ထိုအဝေးသို့တည်း ...´
မှတ်မိပါပြီ။ တစုံတဦးက ကျွန်တော့်အား ခဲခဲယဉ်းယဉ်းပင့်မ၍ အ၀တ်များ ၀တ်ပေးခဲ့သည်။ နောက် လူနာတင်ထမ်းစင်ဖြင့် ကျွန်တော့အား သယ်ဆောင်သွားကြသည်။ စင်္ကြန်တလျှောက်တွင် သံခွာသံများ ဟိန်းနေခဲ့သည်။ ထို့နောက် ... ထို့ထက်လွန်၍ကား ဘာမျှမသိတော့၊ ထို့ထက်လွန်၍ကား ဘာမျှမသိ၊ ဤသည်ကား ကျွန်တော်၏ အစွမ်းကုန်ပစ်ဖြစ်သည်။
`... ထိုဌာနိအား ထာဝရအလင်းရောင်
အမြဲတစေ ၀င်းနေသည်လည်း ... ´
သို့သော် ဤကိစ္စကား အဓိပ္ပာယ်လုံးဝမရှိ။ ကျွန်တော်ကား အသက်ရှင်နေသည်။ ဝေးလံသော နာကျင်မှုတရပ်ကိုခံစားနေရသည်။ ရေလည်း ငတ်သေးသည်။ လူသေကောင်ဟူသည်ကား ရေမဆာတတ်။ ရှိသမျှအားတို့ကို အစွမ်းကုန်ညှစ်ထုတ်လျက်၊ လက်ကိုလည်း လှုပ်ရှားရန် ကြိုးစားလိုက်သည်တွင်၊ သဘာဝမကျသော အသုံးစိမ်းကြီးတသံသည် ကျွန်တော့်ကိုယ်တွင်းမှ ပွင့်ထွက်သွားသည်။
- ရေ
အခုမှပဲလေ၊ လူနှစ်ယောက်လည်း ၀ိုင်းကြီးပတ်လည်လျှောက်နေရာမှ ရပ်သွားသည်။ ယခု ကျွန်တော့်ကိုယ်ပေါ်သို့ ငုံ့မိုးလျက်ကြည့်နေကြသည်။ တယောက်က ကျွန်တော့်ခေါင်းကို ပင့်လျက် ရေခရားကို ပါးစပ်သို့ တေ့ပေးသည်။
- မောင်ရင်၊ တခုခုဖြင့် စားအုံးမှပေါ့။ နှစ်ရက်ပြီ၊ ရေချည့်ပဲ သောက် ... သောက်နေတာ။
ဘာတွေပါလိမ့်၊ နှစ်ရက်ရှိပြီတဲ့လား။ ဒီနေ့ ဘာနေ့လဲ။
တနင်္လာနေ့။
တနင်းင်္လာနေ့။ ကျွန်တော်အဖမ်းခံရသည်မှာ သောကြာနေ့ဖြစ်သည်။ ခေါင်းကလည်း လေးလှ ချည့်။ ရေကဖြင့် ရင်ကိုအေးစေလိုက်တာ။ အိပ် ... အိပ်ပါရစေ။ ရေတွင်း၏ မှန်သာရင်ပြင်ကို ရေတ ပေါက်က ဆင်းသက်လှုပ်ရှားလိုက်သည်။ ဤသည်ကား တောင်ပေါ်ရှိ မြက်ခင်းစိမ်းစိမ်းကလေးမှ စမ်း ရေဦး။ ကျွန်တော်သိပါသည်၊ ရောကလန်တောင်ခြေရှိ တောစောင့်၏ တဲနံဘေး၌ဖြစ်ပါသည်။ ထင်းရှူး တောထဲတွင်ကား မိုးတစိမ့်စိမ့် တဖျောက်ဖျောက်ရွာနေသည် ... အိပ်ရတာ အရသာရှိလိုက်တာလေ ...
... နောက်တကြိမ် ပြန်၍နိုးလာသောအခါတွင်ကား အင်္ဂါနေ့ညနေသို့ ရောက်နေလေပြီ။ ခွေး ကြီးတကောင်သည် ကျွန်တော့်ကိုယ်ပေါ်သို့ မိုး၍ရပ်နေသည်။ ခွေးဝံပုလွေမျိုးဖြစ်သည်။ လှပနက်နဲ သော မျက်လုံးများဖြင့် ကျွန်တော့အား စူးစမ်းကြည့်ရှုနေသည်။
- မင်း ဘယ်အိမ်မှာနေခဲ့သလဲ။
အို ဟုတ်သေးပါဘူးလေ။ ခွေးကမေးနေတာ မဟုတ်ပါဘူး။ အသံကား တစုံတယောက်၏ အ သံဖြစ်သည်။ မှန်သည် ဤနေရာတွင်အခြားသူတယောက် ရပ်နေသည်။ ဘွတ်ဖိနပှ်ရှည်ကြီးတရံကို မြင် ရသည်။ နောက်ထပ် ဖိနပ်ရှည်တရံနှင့် စစ်သားဘောင်းဘီများ သို့သော် ... အထက်သို့ကား မကြည့် နိုင်တော့။ မော့်ကြည့်ရန် ကြိုးစားသည့်အခါဝယ် ခေါင်းဆီက ယစ်၍ယစ်၍မူးလာသည်။ အမယ်လေး ... ဂရုစိုက်နေရမှာလား။ အေးအေးဆေးဆေး အိပ်စမ်းပါရစေအုံး ...
ဗုဒ္ဓဟူးနေ့။
ဓမ္မသီချင်းများကို သီဆိုခဲ့ကြသည့် လူနှစ်ယောက်ကား ယခုအခါတွင် စားပွဲ၌ထိုင်ကာ မြေပန်း ကန်များထဲမှ တစုံတရာကို နှိုက်၍နှိုက်၍စားနေကြသည်။ ယခုတော့ သူတို့အား ခွဲခွဲခြားခြားမှတ်မိပါပြီ။ တယောက်ကား ခပ်ငယ်ငယ်၊ ဒုတိယတယောက်ကား အရွယ်ပို၍ရင့်သည်။ ယခုမူ ဘုန်းကြီးများနှင့် လည်း မတူကြတော့။ လိုဏ်ဂူသည်လည်း လိုဏ်ဂူမဟုတ်တော့၊ သာမန် အကျဉ်းခန်းတခန်းသာဖြစ် သည်။ ကြမ်းပြင်မှ ပျဉ်ချပ်များကား ကျွန်တော်မျက်စေ့အောက်မှ တပြေးတည်းပြေး၍ စုသွားကာ၊ ၎င်း တို့၏အဆုံးတွင်မူ လေးလံနက်မှိုင်းသော တံခါးကြီး .....
သော့ခလောက်အတွင်းသို့ သော့သွင်းသံကြားရသည်။ လူနှစ်ယောက်လည်း ထိုင်နေရာမှ ခုန် ၍ထကြကာ၊ သတိအနေအထားနှင့် ရပ်လိုက်သည်။ အက်ဆက်စ်ယူနီဖောင်းဝတ် နှစ်ယောက် ၀င်လာ ၍ ကျွန်တော့်ကိုအ၀တ်အစားများဝတ်ပေးရန် အမိန့်ပေးကြသည်။ ထိုအချိန်အထိ - ဘောင်းဘီခြေအိုး တဘက်တဘက်၊ ရှပ်အင်္ကျီလက်အိုး တဘက်တဘက်တွင် နာကျင်မှုများ မည်မျှခိုအောင်းနေသည်ကို ကျွန်တော်မသိခဲ့ဘူး - သူတို့သည် ကျွန်တော့်အား လူနာထမ်းစင်ပေါ်သို့ တင်ကာ၊ လှေခါးတလျှောက်မှ နေ၍ အောက်ဘက်သို့ ခေါ်ဆောင်သွားကြသည်။ စင်္ကြန်တလျှောက်လုံး သံခွာသံများ ဟိန်းနေခဲ့သည် … တခါ ကျွန်တော့်ကို သယ်ဆောင်သွားတုန်း သတိလစ်သွားတာတောင် ဆက်ပြီးသယ်သွားကြတဲ့ လမ်းဒီလမ်းကိုး။ ဘယ်ကိုခေါ်သွားကြမလို့လဲ၊ ဘယ်ငရဲမှာ အဆုံးသတ်မှာလဲ။
ပန်းကရာ့စ် ပေါလိစိုင်း၊ ဂဲဖဲန်းဂနစ္စ ရှိ သုန်သုန်မှုန်မှုန်နှင့် ဘော်ရွှေခြင်းကင်းမဲ့လှသော ဧည့်ခံရုံး ခန်း။ သူတို့လည်း ကျွန်တော့်အား ကြမ်းပြင်ပေါ်သို့ ချလိုက်ကြသည်။ ဒေါသဖြင့် မှုတ်ထုတ်လိုက်သော ဂျာမန်အသံ၏ မေးခွန်းကိုချက်အသံက စိတ်ရင်းကောင်းသကဲ့သို့ ဟန်ဆောင်ယင်း ဘာသာပြန်ပေး သည်။
- မင်း သူ့ကို သိသလား။
ကျွန်တော်သည် ကျွန်တော်၏မေးကို လက်ဖြင့်ထိန်း၍ ကြည့်လိုက်သည်။ လူနာတင်ထမ်းစင် ရှေ့တွင် ပါးမို့ကလေးများနှင့် မိန်းကလေးခပ်ရွယ်ရွယ်တယောက် ရပ်နေသည်။ ၀င့်ဝင့်ကြွားကြွား၊ မား မားမတ်မတ်ကလေး ရပ်နေသည်။ အာခံသည့်အနေဖြင့် မဟုတ်ပဲမွန်မြတ်သော အမူအရာဖြင့်ခေါင်းကို ခပ်မော့မော့ ပင့်ထားရာမှ၊ ကျွန်တော့်အား မြင်သာရုံနှုတ်ဆက်သည့် အမူအရာပြနိုင်ရုံသာ မျက်လွှာများ ကို နှိမ့်ချထားသည်။
- မသိဘူး။
ထိုရုန့်ရင်း ကြမ်းတမ်းသော ညတုန်းက၊ သူ့အား ပက်ချက်နန်းတော်ထဲတွင် ရိပ်ကနဲတွေ့မိ ကောင်း တွေ့မိခဲ့မည်ဟု အမှတ်ရသည်။ ယခု ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ တတိယအကြိမ် အဖြစ်နှင့်ကား မတွေ့ရတော့။ တွေ့များသာ တွေ့ရလျှင်၊ ဤနေရာ၌ ကျက်သရေရှိစွာ ရပ်တည်နေခဲ့ပုံအ တွက် သူ၏လက်ကိုညှစ်၍ နှုတ်ဆက်လိုလှပေသည်။ ထိုအမျိုးသမီးကား အာရ်နော့ရှိ၊ လောရဲန့်ဇ်၏ ဇနီးဖြစ်၍၊ ၁၉၄၂ ခုနှစ် မာရှယ်လောကျေညာပြီး ရက်အနည်းငယ်အတွင်း ကွပ်မျက်ခြင်းခံရသည်။
ပေါလိစိုင်း၊ ဂဲဖဲန်းဂနစ္စ - (ဂျာမန်စကား - ပုလိပ်အချုပ်ထောင်ကြီး)
- ဒါပေမယ့်သူ့ကိုတော့ မင်းမုချသိရမယ်။
အာညိခ်ျကာ၊ ယီရာစကောဗား။ ဘုရားရေ၊ အာညိခ်ျကာ … ခင်ဗျား ဘယ့်နဲ့ ဒီကိုရောက်လာရ တာလဲ။ ခင်ဗျားနာမည်ကို ကျွန်တော်ဖွင့်မပြောခဲ့ပါဘူး။ ခင်ဗျားနဲ့ကျွန်တော် ဘယ်လိုမှ မပတ်သက်ဘူး နော်၊ ခင်ဗျားကို ကျွန်တော်မသိဘူး။ နားလည်လား။ မသိဘူးနော်။
- မသိဘူး။
- လိမ္မာစမ်းပါ၊ ကိုယ့်လူရာ။
- မသိဘူး။
- ယူးလာ၊ ဖုံးနေလို့လဲမထူးတော့ပါဘူးရှင် - အာညိခ်ျကာက ၀င်၍ပြောလိုက်သည်။ လက်ကိုင်ပုဝါကို ဆုတ်ကိုင်ထားသော လက်ချောင်းများ၏ မသိမသာတုန်ဆက်မှုကလေးကသာ သူ၏စိတ်လှုပ်ရှားမှုကို မလုံမလဲဖြစ်စေသည် - မထူးတော့ပါဘူး၊ ကျွန်မကိုဖော်တဲ့ ဖော်ကောင်က ရှိနေပြီပဲ။
- ဘယ်သူလဲ။
- တိတ် - ပေါ်လာမည့်အဖြေကို တစုံတယောက်က ၀င်၍တားလိုက်သည်။ ထို့နောက် သူကကျွန်တော့် အားနှုတ်ဆက်ရန် ငုံ့၍လက်လှမ်းပေးသည့်အခါတွင်၊ သူ့အားကြမ်းတမ်းစွာ တွန်းထုတ်ပစ်လိုက်ကြ သည်။
- အာညိခ်ျကာရယ်။
ကျွန်တော်သည် နောက်ပေါ်လာသည့် မေးခွန်းများကိုမကြားတော့။ အက်ဆက်စမန်းနှစ် ယောက်က ကျွန်တော့်အား အကျဉ်းခန်းသို့ သယ်ယူသွားပုံ။ ထမ်းစင်ကို ရုန့်ရင်းစွာ ခါယင်းတော့ယင်း၊ ထိုသို့အနာမည့်အစား လည်ပင်းကြိုးတန်းလန်းနှင့် ယီးလေးမခိုချင်သလောဟု မေးပုံတို့ကိုပင် အဝေးမှ မနာမကျင်နိုင်သော ပွဲကြည့်သမားကဲ့သို့သာ ထိတွေ့ပါတော့သည်။
ယူးလာ - ဗမာအမည်များကို အဖျားဆွတ်ခေါ်ကြသကဲ့သို့ ချက်ကိုယ်ပိုင်အမည်မျာကို ရင်းနှီးသည့်သ ဘော၊ ချစ်စနိုးသဘောဖြင့် တမျိုးပြင်၍ခေါ်လေ့ရှိကြသည်။ သို့ဖြင့် ယူးလိယုစ်အစား ယူးလာ သို့မဟုတ် ယူးလက်။ ဂုစတာအစား ဂုစတီနာ။ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။
ကြာသာပတေးနေ့။
ကျွန်တော်သည် ပတ်ဝန်းကျင်ကို သိတတ်စပြုပါပြီ။ ကျွန်တော်နှင့်ထောင်ကျဘက် တဦးဖြစ် သော သူငယ်မှာ ကားရလစ် ဟုခေါ်သည်။ အရွယ်ပို၍ရင့်သော အခြားသူကား `အဘ´ ဟုအမည်တွင် သည်။ သူတို့က မိမိတို့၏ ဇာတ်လမ်းအဖြစ်အပျက်များကို ကျွန်တော့အား ပြောပြကြသည်။ သို့သော် အစစအရာရာတို့သည် ကျွန်တော်၏ခေါင်းတွင်း၌ ရှုပ်ထွေးကုန်လေသည်။ မိုင်းတွင်းတတွင်း။ ခုံတန်း လျားပေါ်တွင် ထိုင်နေကြသော ကလေးများ။ ခေါင်းလောင်းထိုးသံကို ကြားရသည်။ တနေရာ၌ မီး လောင်နေသည် ထင်သည်။ ဆရာဝန်တယောက်နှင့် အက်ဆက်စ် သူနာပြုတယောက် ကျွန်တော့်ထံ လာကြသည်ဟု ဆိုသည်။ ကျွန်တော်၏ အခြေအနေမှာ ထင်သလောက်မဆိုး၊ ပစ်တိုင်းထောင် ပြန်၍ ဖြစ်လိမ့်မည်ဟု ဆိုသွားကြသည်ဟူ၍ပြောသည်။ ယင်းသို့လျှင် `အဘ´ ကပြောသည်။ သူကလည်း အရေးတယူပြန်ပြော၊ ကားရလစ်ကလည်း အားတက်သရောကြီး ထောက်ခံပြန်သောကြောင့်၊ ဝေဒနာ ကို ကိုယ်တိုင်ခံစားနေရသော ကျွန်တော့်မှာ စေတနာနှင့်လည်ဆယ်ကြရှာသည်တကား ဟူ၍သာ သဘောပိုက်ရပါတော့သည်။ ကောင်းမွန်လှသော အသိုင်းအ၀ိုင်းပါပေ။ သူတို့ပြောသမျှ မယုံကြည်နိုင် သည့်အတွက်ပင် စိတ်မကောင်းဖြစ်ရပါသေးသည်။
နေ့လည်ပိုင်း
အကျဉ်းခန်းတံခါးပွင့်သွားကာ ခွေးတကောင်သည် အသံမမြည်ဘဲ ခြေဖျားထောက်၍ ပြေးဝင် လာသည်။ ကျွန်တော်၏ခေါင်းနားတွင်ရပ်တန့်ကာ စူးစူးစမ်းစမ်းကြည့်ရှုပြန်ပါသည်။ တဖန်ဖိနပ်ရှည်ကြီး နှစ်ရံ၊ ယခုတော့သိပါပြီ။ ဖိနပ်တရံကား ခွေးပိုင်ရှင်၊ ပန်းကရာ့စ် ထောင်မှူး၏ ဖိနပ်များဖြစ်လျက် အခြား ဖိနပ်တရံကိုပိုင်သူကား ထိုတညကျွန်တော့်ကို စစ်ဆေးမေးမြန်းကြစဉ် ကြီးမှူးခေါင်းဆောင်ခဲ့သော ကွန်မြူနစ်ဆန့်ကျင်ရေး ဌာနမှူးပင်ဖြစ်သည်။ ထို့ပြင် အရပ်ဝတ် အရပ်စားဘောင်းဘီ။ ကျွန်တော်၏ မျက်လုံးများသည် ထိုဘောင်းဘီတလျှောက် မော့၍ကြည့်လိုက်သည် ဟုတ်သည်၊ သူ့ကို ကျနော်သိ သည်။ ထိုသူကား ဖမ်းဆီးသည့်တပ်စိတ်ကို ခေါင်းဆောင်ခဲ့သည့် ပုလိပ်အရာရှိ ပိန်ပိန်ရှည်ရှည်ဖြစ် သည်။ သူသည် ကုလားထိုင်တလုံး၌ ၀င်၍ထိုင်ကာ ကျနော့်အား စစ်ဆေးမေးမြန်းပြန်ပါသည်။
- မင်းရဲ့ဇာတ်ကတော့ ပျက်ပါပြီကွာ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့တော့ ရအုံးမယ်၊ ဖွင့်သာပြော ပေတော့။
သူက စီကရက်တလိပ်ထုတ်ပေးသည်။ ကျွန်တော်က လက်မခံ။ ထိုစီးကရက်ကို နိုင်အောင် ကိုင်နိုင်မည်လည်းမဟုတ်။
- မင်း ဘာ့က်စ် တို့အိမ်မှာ ဘယ်လောက်ကြာကြာနေခဲ့သလဲ။
ဘာ့က်စ်တို့အိမ် … ဒါကိုလဲ သိသကိုး … သူတို့ကို ဘယ်သူကများ ဖွင့်ပြောလိုက်ပါလိမ့်။
- ကဲ၊ မြင်တယ်မဟုတ်လား၊ ဒို့ အားလုံးသိတယ်ကွ။ အကုန်သာ ဖွင့်ပြောပေတော့။
ခင်ဗျားတို့ အကုန်လုံးသိတယ်ဆိုယင်၊ ကျုပ်က ဘာများထပ်ပြီးပြောနေရအုံးမှာလဲ။ ကျုပ်ဟာ ကျုပ်ရဲ့ဘ၀ကို အလဟဿဖြုန်းတီးခဲ့တဲ့ လူစားးမဟုတ်ဘူး၊ ဒီဘ၀ရဲ့ အဆုံးသတ်ကိုလဲ အပျက်ဆီးခံ မှာမဟုတ်ဘူး။
စစ်ဆေးခြင်းကား တနာရီကြာသည်။ မငေါက်မငန်း။ မေးခွန်းကို စိတ်ရှည်လက်ရှည် ထပ်၍ ထပ်၍ ကြော့သည်။ အဖြေမရလျှင် ဒုတိယမေးခွန်း၊ တတိယမေးခွန်း၊ ဒဿမ။ ဆင့်၍ဆင့်၍လာသည်။
- ဒါလောက်တောင် ထိုင်းရသလားကွ။ ဒါအဆုံးသတ်ပဲဟာ။ နားလည်လား။ မင်းတို့ လုံးလုံးကြီးရှုံးပြီပဲ။
- ရှုံးတာက ကျုပ်တယောက်တည်း ရှုံးတာပါ။
- ကွန်မြူးန်တွေ နိုင်လိမ့်မယ်လို့ ယုံတုန်းပဲလား။
- ဒါပေါ့။
- ခုထက်ထိ ယုံတုန်းပဲတဲ့လား - တာဝန်ခံက ဂျာမန်ဘာသာဖြင့် မေးသည်ကို၊ အရာရှိ အရပ်ရှည်ရှည် က ဘာသာပြန်ပေးသည် - ရုရှတွေ အနိုင်ရလိမ့်မယ်လို့ ယုံတုန်းပဲတဲ့လား။
- ဒါပေါ့၊ အဆုံးသတ်ဟာ ဒီတလမ်းပဲရှိတာ။
ကျွန်တော်ကား နွမ်းနယ်လျက်ရှိပြီ။ အငိုက်မိမသွားစေရန် ရှိသမျှအင်အားများဖြင့် တောင့်ထား ခဲ့သည်။ ယခုမူ ဒဏ်ရာနက်နက်မှ သွေးဒလဟောထွက်သကဲ့သို့ သတိလည်း ကျွန်တော့်ထံမှ လွတ်စ ပြုလေပြီ။ ကျွန်တော်အား လက်လှမ်းပေး၍ နှုတ်ဆက်သွားကြသည်ကို တွေ့ထိလိုက်သေးသည် - ပုံ ပန်းအားဖြင့် ကျွန်တော်၏ နဖူးပြင်ပေါ်တွင် သေမင်း၏အမှတ်အသားကို ဘတ်ကြားမိကြဟန်တူသည်။ မှန်ပေသည်။ အချို့သော် တိုင်းပြည်များမှ အာဏာပါးကွက်သားတို့သည်၊ အမိန့်အတိုင်း မကွပ်မျက်မီ၊ သေဒဏ်သင့်သူ၏နဖူးကို နမ်းရှုံ့သောဓလေ့မျိုးပင် ထားခဲ့ဘူးကြသည် မဟုတ်လော။
ညနေပိုင်း။
လက်ယှက်ထားသည့် လူနှစ်ယောက်သည်၊ တယောက်နောက်မှ တယောက် ၀ိုင်းကြီးပတ် လည် လျှောက်နေကြသည်။ စိတ်မချမ်းမြေ့စရာ ဓမ္မသီချင်းတပုဒ်ကို အတိုင်အဖောက်လည်း မညီဘဲ လေးတွဲ့သော အသံများဖြင့် သီဆိုနေကြသည်။
“နေမင်း၏ ရောင်ခြည်များနှင့်
ကြယ်ပွင့်တို့၏ အလင်းရောင်များသာ
ကျွန်ုပ်တို့အတွက် ကွယ်ပျောက်ခဲ့သော် ...”
အမလေး ... ကိုယ့်လူတို့ ... ကိုယ့်လူတို့ကလဲဗျာ။ တော်ကြစမ်းပါတော့။ ခင်ဗျားတို့သီချင်းက ကောင်းယင်တော့ ကောင်းမှာပါ၊ ဒါပေမယ့် ဒီနေ့ဟာ မေဒေးအကြိုနေ့ခင်ဗျ။ မေဒေးဆိုတာ လူ့လောက တ၀ှမ်းလုံးမှာ အလှပဆုံး၊ အရွင်ပြဆုံးပွဲတော်မဟုတ်လား။ ကျွန်တော်သည် လန်းဆန်းသော သီချင်း တပုဒ်ကို ဆိုကြည့်သည်။ သို့သော် ကားရလစ်က တဘက်သို့လှည့်သွား၍ အဘခမြာ မျက်ရည်သုတ်ရ သည့်အထိ၊ ပို၍စိတ်မချမ်းမြေ့စရာဖြစ်သွားပုံရသည်။ သို့သော် ကျွန်တော်က အညံ့မခံဘဲ ဆက်၍ဆို သွားသည်တွင်၊ သူတို့လည်း ရော၍၀င်လာကြသည်။ ကျွန်တော်လည်း စိတ်ကျေနပ်စွာ အိပ်ပျော်သွားပါ တော့သည်။
မေဒေးနေ့၏၏ နံနက်စောစောပိုင်း။
ထောင်မြှော်စင်မှ နာရီသည် သုံးချက်တိတိ ရိုက်ခတ်လိုက်လေသည်။ ထိုအသံကို ပဌမဦးဆုံး အကြိမ် ကြည်ကြည်လင်လင်ကြီးကြားရသည်။ အဖမ်းခံရသည့် အချိန်မှစ၍တွက်လျှင် ပြည့်ပြည့်၀၀ သတိပြန်လည်သည်မှာ ယခအခါ ပဌမဆုံးအကြိမ်ဖြစ်လေသည်။ သန့်ရှင်းသောလေပြေသည် ပြူတင်း ပေါက်မှလျှံဆင်းလာလျက်၊ ကြမ်းပေါ်ရှိကျွန်တော်၏ ကောက်ရိုးမွေ့ရာကို ဆွ၍နေသည်။ တမဟုတ်ချင်း ပင်၊ ကောက်ရိုးစများသည် ကျွန်တော်၏ ရင်ပတ်နှင့်ဝမ်းဗိုက်အား တင်းတင်းကြပ်ကြပ်ကြီး တွန်းထိုးနေ ကြသည်ကို ခံစားရသည်။ တကိုယ်လုံးတွင်လည်း တကွက်မျှမလပ်အောင် အကိုက်အခဲပေါင်း တ ထောင်ဖြင့် ကိုက်ခဲနာကျင်နေကာ၊ အသက်ရှူရလည်း ကြပ်တည်းလာသည်။ ထိုအခိုက်၊ ပြူတင်းပေါက် ကိုဖွင့်လိုက်သကဲ့သို့ ရှင်းလင်းပြတ်သားသော အသိဓာတ်လည်းပေါ်လာသည်။ ကျွန်တော်ကား အသက်ငင်နေလေပြီ။
သေမင်းကြီး ခင်ဗျားကို စောင့်နေလိုက်ရတာဗျာ၊ ကြာလှပါပြီကော။ ဒါနဲ့များတောင် ဟိုတ လောတုန်းကဆိုရင် ခင်ဗျားနဲ့တွေ့ဘို့နှစ်တွေ အမြောက်အများလိုသေးတယ်လို့ ထင်နေသေးတယ်။ လွတ်လပ်တဲ့လူ့ရဲ့ဘ၀ကို ပြန်ရောက်လိမ့်အုံးမယ်၊ အလုပ်တွေအများကြီး လုပ်နိုင်အုံးမယ်၊ အချစ်စိတ် တွေအများကြီးမွေး၊ သီချင်းတွေအများကြီးဆို၊ ကမ္ဘာတ၀ှမ်းလုံးကိုလဲ လျှောက်ပြီးလေလွင့်လိုက်အုံးမယ် လို့တောင် မျှော်လင့်နေခဲ့သေးတယ်၊ အမှန်က ကျွန်တော်ဟာ အခုမှ အတောင်အလက်စုံစပြုရတာပါ။ အားတွေလဲ အများကြီး ... အများကြီးရှိနေခဲ့သေးတယ်။ အခုတော့ ဒီအားတွေ ဘာမှမရှိတော့ဘူး။ ကုန်လုပါပြီ။
ကျွန်တော်ဟာ ဘ၀ကိုချစ်ခဲ့တယ်။ ဘ၀ရဲ့အလှအတွက် စစ်မြေပေါ်ကို ကျွန်တော်ထွက်ခဲ့တယ်။ လူအပေါင်းတို့၊ ခင်ဗျားတို့ကို ကျွန်တော်ချစ်ခဲ့တယ်။ ဒီအချစ်ကို ခင်ဗျားတို့က တုံ့ပြန်ကြတဲ့အခါမှာ ကျွန် တော်ဟာ ပျော်ရွှင်နေခဲ့တယ်။ ကျွန်တော့်ကို ခင်ဗျားတို့နားမလည်ကြတဲ့အခါမှာတော့၊ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ဟာ တစုံတယောက်ကို ထိခိုက်စရာလုပ်မိခဲ့မယ်ဆိုရင် ကျွန်တော့်ကိုခွင့် လွှတ်ကြပါ။ ကျွန်တော်က တစုံတဦးကို စိတ်ချမ်းမြေ့စရာပြုလုပ်ခဲ့တယ်ဆိုရင် အဲဒီကိစ္စကို မေ့သာပစ် လိုက်ပါတော့။ ၀မ်းနည်းမှုဆိုတာဟာ ကျွန်တော့်န်ာမည်နဲ့ ဘယ်တော့မှ တွဲမနေပါစေနဲ့။ အဲဒါပဲ ကျွန်တော့်ရဲ့ သေတမ်းစာ။ ဒီသေတန်းစာဟာ ဖေဖေ၊ မေမေ၊ ကိုကို့ညီမလေးတို့ဘို့။ ပြီးတော့ မင်းဘို့ကွဲ့ မောင့်ဂုစတီနာ။ ရဲဘော်တို့၊ ဒီသေတန်းစာဟာ ခင်ဗျားတို့ဘို့၊ ကျွန်တော်ခင်မင်ခဲ့တဲ့ လူတွေအားလုံး အတွက်ပါပဲ။ ပူဆွေးမှုဆိုတဲ့ သဲမှုန့်တွေ မျက်လုံးထဲဝင်နေတာကို၊ မျက်ရည်က ဆေးကျောပစ်နိုင် တယ်ဆိုယင်တော့၊ ခဏတဖြုတ်လောက်ငိုကြပေါ့။ ဒါပေမယ့် ယူကြုံးမရဖြစ်မနေကြပါနဲ့။ ကျွန်တော် လောကကြီးမှာ နေခဲ့တာဟာ ပျော်ရွှင်မှုအတွက်ပါ။ အခုလဲ ပျော်ရွှင်မှုအတွက် အသက်ကိုပေးတော့ မယ်။ ကျွန်တော့်ဂူပေါ်မှာ ၀မ်းနည်းမှုနတ်သ္မီးရဲ့ရုပ်တုကို တင်ထားကြမယ်ဆိုရင်တော့ ကျွန်တော့်အပေါ် မတရားရာကျနေလိမ့်မယ်။
မေဒေးနေ့။ ဤအချိန်များဝယ်၊ ကျွန်တော်တို့သည် မြို့ဆင်ခြေဖုံးများ၌ အိပ်ရာမှထ၊ အလံများ ကို ပြင်ဆင်ခဲ့ကြသည်။ ဤအချိန်များတွင် မေဒေးနေ့ စီတန်းလမ်းလျှောက်ပွဲအတွက်၊ မော်စကိုမြို့တော် လမ်းမများပေါ်၌ ပဌမလူစုလူဝေးများ ပေါ်လာစမြဲဖြစ်သည်။ ယခုအချိန်တွင်ကား သန်းပေါင်းများစွာ သောလူတို့သည် မနုဿလူသား၏ လွတ်မြောက်ရေးအတွက် နောက်ဆုံးတိုက်ပွဲကြီး ဆင်နွှဲနေကြ လေပြီ။ ယင်းတိုက်ပွဲတွင် လူပေါင်း ထောင်ပေါင်းများစွာလည်း ကျဆုံးနေကြသည်။ ထိုကျဆုံးသူတို့တွင် ကျွန်တော်လည်း တယောက်အပါအ၀င်ဖြစ်သည်။ ဤစာရင်းထဲတွင် ပါဝင်ရခြင်း၊ နောက်ဆုံးတိုက်ပွဲ ၀င်နွှဲသူတို့၏ စာရင်းတွင် ပါဝင်ရခြင်းကား ကောင်းမွန်လှပေစွ။
သို့သော် သေဇောင်နေခြင်းကား မကောင်း။ မွန်း၍နေသည်။ အသက်မရှူနိုင်။ လည်ချောင်းထဲ တွင်လည်း ဂလိုင်ခြစ်သံကို ကြားရသည်။ ဒီအသံကြောင့် ထောင်ကျဘော် ထောင်ကျဘက်များ နိုးသွား မည်ကို စိုးရသေးသည်။ အကယ်၍ ရေအနည်းငယ်နှင့် ဆွတ်လိုက်ရမည်ဆိုလျှင် ... သို့သော် ခရား တွင်းမှရေကား ကုန်နေလေပြီ။ ကျွန်တော်နှင့် ခြေလှမ်းခြောက်လှမ်းမျှအကွာ၊ အကျဉ်းခန်းထောင့်ရှိ ကမုတ်ထဲတွင်ကား ရေလိုချင်သလောက်ရနိုင်မည်။ သို့သော် ထိုနေရာသို့ အရောက်သွားရန် အားရှိမှ ရှိပါမည်လော။
သေခြင်း၏ဂုဏ်ရည်သည် မည်သူတဦးတယောက်ကိုမျှ မနှိုးမိခြင်းအပေါ်တွင်တည်နေဘိသည့် အလား၊ ကျွန်တော်သည် တိတ်ဆိတ်ငြိမ်သက်စွာ တွား၍တွား၍သွားသည်။ သို့နှင့် လိုရာသို့ရောက် သွားကာ၊ ရေဆွဲအိမ်သာ ကမုတ်တွင်းမှရေကို တကျိုက်ပြီးတကျိုက် သောက်နေခဲ့ပါသည်။ ထိုသို့ရေ သောက်နေသည်မှာ မည်မျှကြာသွားသည်မသိ၊ ပြန်၍တွားသွားသည်မှာလည်း မည်မျှကြာသည်မသိ။ သတိဟူသ၍ကား ကျွန်တော့်ထံမှ ဖယ်ခွာစပြုနေပြန်သည်။ ကျွန်တော်သည် လက်မောင်းမှ သွေးကျော ကို စမ်းကြည့်မိသည်။ အထိအတွေ့ဟူ၍ လုံးဝမခံစားရ။ ကျွန်တော်၏နှလုံးသည် လည်ချောင်းအထိ ထိုး တက်သွား၍ ယခုပြင်းထန်သော အဟုန်ဖြင့် အောက်သို့ကျလာသည်။ ကျွန်တော်သည် ထိုနှလုံးသား နှင့်အတူ ကျဆင်းလာသည်။ အကြာကြီးပင် ကျဆင်းနေခဲ့သည်။ လမ်းခုလတ်တွင် ကားရလစ်၏အသံ ကို ကြားလိုက်ရသေးသည်။
- အဘ၊ အဘ၊ ကြားလားဗျို့၊ ဒီလူ့ခမျာ တည်းတည်းကလေးပဲ ကျန်တော့တယ်။
... ... ... ... ... ... ... ... ... ... ...
နံနက်ပိုင်းတွင် ဆရာဝန်ရောက်လာသည်။
သို့သော် ထိုအဖြစ်အပျက်များကား နောက်အတော်ကြီးကြာမှ ပြန်လည်ကြားသိရခြင်းဖြစ် သည်။
ဆရာဝန်ရောက်လာ၍ ကျွန်တော့်အား စမ်းသပ်ကြည့်ကာ၊ ခေါင်းကိုခါလေသည်။ နောက်ဆေး ခန်းသို့ပြန်သွား၍၊ ယမန်နေ့ညက ကျွန်တော့်အမည်တပ်ကာ၊ အသင့်ပြင်ထားခဲ့သော သေစာရင်းလက် မှတ်ကို ဆုတ်ပစ်လိုက်သည်။ ၎င်းနောက် ကျွမ်းကျင်သော ပညာရှိ၏၀န်ခံချက်အနေဖြင့် ကျေညာသမှု ပြုလိုက်လေသည်။
- သန်လိုက်တဲ့ ဖြစ်ခြင်း၊ မြင်းနဲ့တောင် နင်လားငါလားပဲ။
Read More...
Friday 14 December 2007
ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်) အခဏ်း (၁)
အမှာ
ချက်အမျိုးသား အာဇာနည်သူရဲကောင်း ဖူးချစ်ရေးသားသော “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ်ကား ယုံ ကြည်ချက်ကြောင့် သေမင်းကိုပြုံးပြုံးကလေး ရင်ဆိုင်သွားခဲ့သော နာဇီဆန့်ကျင်ရေးသူရဲကောင်း မှတ်တမ်းအဖြစ်၎င်း၊ ဂန္တ၀င်မြောက်သောစာပေအဖြစ်၎င်း
ကမ္ဘာတွင် မော်ကွန်းတင်ကျန်ရစ်လောက်အောင် အစွမ်းထက်လှသော စာအုပ်ဖြစ်ပေသည်၊ ကမ္ဘာအရပ်ရပ်မှ ပြည်သူများသည် ထွန်းပြောင်သော သတင်းစာဆရာတစ်ဦး၏ စာဖတ်သူ အသဲနှလုံးကို ဆွဲကိုင်နိုင်သော ပြောင်မြောက်သည့် အရေးအသားများကို၎င်း၊ သူမတူအောင်ရက်စက်ကြမ်းကြုတ် လှသော ရန်သူများကိုရင်ဆိုင်ရသည့် အချိန်အခါမျိုးတွင် အင်အားတက်ကြွကြံ့ခိုင်စေပြီး တော်လှန်ရေးစိတ်ဓာတ် မြင်မားလာအောင် ဖန်တီးပေးနိုင်စွမ်းရှိသော ထက်မြက်သည့် တော်လှန်ရေးစွမ်းရည်များကို၎င်း၊ တခဲနက်အသိ အမှတ်ပြုကြပေသည်။ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” သည် ဤမျှအစွမ်းထက်လှပေသည်။
နာဇီဆန့်ကျင်ရေးကာလ၏ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” ကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အလုပ်သမား လယ် သမား အာဏာပိုင်နိုင်ငံတည်ဆောက်နေသော ယခုလိုအချိန်အခါမျိုး၌ ဘာကြောင့် ထုတ်ဝေရသနည်းဟု စာ ဖတ်သူများစိတ်တွင် မေးခွန်းထုတ်ကောင်း ထုတ်လိုကြပေလိမ့်မည်။
အားလုံးသိရှိကြပြီးဖြစ်သည့်အတိုင်း ချက်အာဇာနည်သူရဲကောင်းဖူးချစ်သည် “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” ကို ရေးသားခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကျော်ပြီဖြစ်သည်။ ထိုအနှစ် (၂၀) အတောအတွင်း၌ ကမ္ဘာ့အခြေအနေ အ ရပ်ရပ်သည် အခြေအမြစ်မှ ပြောင်းလဲခဲ့ပြီဖြစ်သည်။ ဆိုရှယ်လစ်စနစ်သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀) တုံးကလို နယ်ချဲ့နာဇီအရင်းရှင်များ၏ တိုက်ခိုက်မှုကိုအလူးအလဲ ခံနေရသည့် အနေအထားမျိုးမဟုတ်တော့ဘဲ၊ ကမ္ဘာ့ နိုင်ငံရေးလမ်းကြောင်းကြီး၏ ကံကြမ္မာကိုဆုံးဖြတ် ဖန်တီးနိုင်စွမ်းရှိလာပြီဖြစ်သည်။ ဤသို့ချီတက်လာသော ခရီး ကြမ်းကို ပြန်လှန်သုံးသပ်ရှုမြင်ခြင်းအားဖြင့် အခြေအနေအသစ်များ ပေါ်ထွန်းပြောင်းလဲနေသည့် ရုပ်ဝတ္ထုအခြေ အနေများကို တအံ့တသြမြင်နိုင်စွမ်းရှိပြီး၊ ထိုအခြေသစ် အနေသစ်များ၊ ကမ္ဘာ့လုပ်သားပြည်သူတရပ်လုံး၏ အောင်မြင်မှု အသီးအပွင့်များကို ခိုင်မာအောင်ထိန်းသိမ်းပြီး ဆက်လက်ကြီးထွားတိုးပွားအောင် ပြုလုပ်ရမည် ဖြစ်သော လုပ်ငန်းတာဝန် များကို ကြည်ကြည်လင်လင် သိမြင်နိုင်ကြမည်သာဖြစ်သည်။
အခြေသစ်အနေသစ်များ၊ ကမ္ဘာ့လုပ်သားပြည်သူများ၏ အောင်မြင်မှုအသီးအပွင့်များ၏ အရှိန်သြဇာနှင့် မြန်မာ ပြည်သူများ၏ ရုန်းကန်တိုက်ပွဲဝင်မှုများကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံဆိုလျှင် အရင်းရှင်မြေရှင်နိုင်ငံရေး ဖြစ် ပေါ်တိုးတက်မှုလမ်းကြောင်းကို မပြန်လမ်းသို့ပို့ဆောင်ပြီး မြန်မာ့ဆှိုရှယ်လစ်လမ်းစဉ်ဖြင့် အလုပ်သမား လယ်သ မား အာဏာပိုင်နိုင်ငံ ထူထောင်ရေးအတွက် အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နိုင်နေလေပြီ။ ဤသို့သော ကမ္ဘာ့ အခြေအနေနှင့် မြန်မာ့အခြေအနေ တိုးတက်ပြောင်းလဲမှုများကို မြင်နိုင်စွမ်းမရှိသူများအား ချက်အမျိုးသား အာဇာနည်ဖူးချစ်တို့ ကမ္ဘာ့လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို မည်သို့မည်ပုံ ရင်ဆိုင်ခဲ့ကြသည်ဟူသော ဆိုးဝါး ပြင်းထန်သည့် အလွန်တရာခက်ခဲလှသော အခြေအနေများကို “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” တွင် ပြန်လည်တွေ့ မြင်နိုင်ကြပြီး ယနေ့အခြေအနေသစ်များနှင့် အခြေခံကျသော အပြောင်းအလဲများကိုလည်း ချိန်ထိုးအကဲဖြတ်နိုင် ကြရန် ဤစာအုပ်အား ထုတ်ဝေလိုက်ရခြင်းဖြစ်ပေသည်။
ဖူးချစ်ကို သူရဲကောင်းများထွန်းညှိညွှန်ပြရာ မီးရှူးတန်ဆောင်အတိုင်း နိုင်ငံအားလုံးမှ လုပ်သားပြည်သူအင်အား စုများ လိုက်ပါချီတက် တိုက်ခိုက်ခဲ့ကြခြင်း၏ရလဒ်အဖြစ် ကမ္ဘာကြီးပြောင်းလဲကာ အခြေသစ်အနေသစ်များ ပေါ် ပေါက်လာရခြင်းဖြစ်သည်ကို နှလုံးသွင်းမိကြဖို့လိုအပ်သည်။ ဖက်ဆစ်နာဇီများကို ချေမှုန်းတိုက်ခိုက်ရာတွင် အမာခံဖြစ်သော ဆိုဗီယက်ပြည်သူများနှင့် နိုင်ငံတကာရှိ ဖူးချစ်လို နာဇီဖက်ဆစ် ဆန့်ကျင်ရေးသူရဲကောင်း များ၏ အနိုင်မခံအရှုံးမပေးသော တိုက်ပွဲဝင်စိတ်ဓာတ်များ၊ နယ်ချဲ့ အရင်းရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲတွင် အသဲနှင့်ယှဉ်ပြီး အသက်နှင့်ကိုယ်ခန္ဓာကို စတေးခဲ့ကြသော ဆိုရှယ်လစ်ဘက်တော်များ၏ ကျေးဇူး တရားကိုလည်း သိတတ်ကြဘို့လိုအပ်ပေသည်။
ဤကျေးဇူးတရားများကို ရင်ဝယ်ပိုက်ထွေးရင်း ချက်အာဇာနည်သူရဲကောင်းဖူးချစ်ကို မွေးထုတ်ခဲ့သော ချက်ကို စလိုဗက်ပြည်သူများနှင့် ဖက်ဆစ်ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့ကြသည့် မြန်မာပြည်သူများသည် အခြေသစ် အနေသစ်များပေါ်တွင် မိတ်ဆွေဖြစ်ရေး၊ ငြိမ်းချမ်းရေးနှင့် နှစ်ပြည်ထောင် ပူးပေါင်းဆောင်ရွက်ရေး၏ အမှတ် အသားအဖြစ်လည်းရည်စူးပြီး ဤစာအုပ်ကိုထုတ်ဝေခဲ့ခြင်းလည်း ဖြစ်ပါသည်။ ၎င်းရည်စူးချက်နှင့်တပါတည်း မြန်မာ့အာဇာနည်သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းအား ချက်ပြည်သူများက ကြည်ညိုချစ်ခင်လေးစားကြ သ လို ချက်သူရဲကောင်းဖူးချစ်အား မြန်မာပြည်သူများက ပိုမိုသိနားလည်ပြီး ပိုမိုကြည်ညိုလေးစားကြစေရန် ရည်သန် ချက် အောင်မြင်ပြည့်မြောက်မည်ဆိုလျှင် ဤ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ်ထုတ်ဝေရကျိုး ပိုနပ်လိမ့်မည် သာဖြစ်သည်။
အားသစ်စာပေကော်မတီ။
ကြိုးစင်ပေါ်မှ မှတ်တမ်းများ
ပန်းကရာ့စ်၊ ဂတ်စတာပို အကျဉ်းထောင်၌ ၁၉၄၃ ခုနှစ်၊ နွေဦးရာသီတွင် ရေးသားသည်။
သတိအနေအထားနှင့်ထိုင်၊ ကိုယ်ကိုမတ်မတ်တောင့်၊ ဒူးများပေါ်တွင် လက်များကပ်ထား၊ မျက် လုံးများကလည်း ပက်ချက် နန်းတော်ရှိ “အိမ်တွင်းထောင်” မှ ၀ါကျင့်ကျင့်ထရံကို စူးစူးစိုက်စိုက်ကြည့် နေရမည်ဆိုလျှင် ဤသည်ကား အမှန်အားဖြင့်၊ အတွေးနယ်ချဲ့ရန် သက်တောင့်သက်သာရှိလှသော အနေအထားမျိုးမဟုတ်ပါပေ။ ဒါပေမယ့် စိတ်ဆိုတာမျိုးကိုတော့ သတိအနေအထားနဲ့ ထိုင်နေလို့ဘယ် သူက အာဏာပြနိုင်မှာလဲ။
တစုံတယောက်က မည်သူမည်ဝါက မည်သည့်အခါတွင် ပြောခဲ့သည်ကိုကား အသေအချာစုံစမ်း၍ ရကောင်းမှ ရတော့မည် ဤပက်ချက်နန်းတော်တွင်းမှ “အိမ်တွင်းထောင်” ကို “ဘိုင်စကုတ်ရုံ” ဟု အမည်ပေးခဲ့လေသည်။ ထက်သန်သော ပကတိဥာဏ်ပါပေ။ ကျယ်ပြန့်လှသော အခန်းကြီးအတွင်းဝယ် ခုံတန်းရှည်ကြီးခြောက်လုံးကို တလုံးနောက်တလုံးစီချထားသည်။ ၎င်းခုံများပေါ်၌ကား အစစ်ဆေးခံအကျဉ်းသမားများသည် ကျောများတောင့်၍ ထိုင်နေကြရသည်။ ရှေ့တည့်တည့်မှ ဗလာဟင်းလင်းဖြစ်နေသော ထရံကြီးသည်ကား ရုပ်ရှင်ရုံထဲမှ ပိတ်ကား သဘွယ် ဖြစ်နေလေသည်။ တခါထပ်၍ အစစ်ဆေးခံရလျက်၊ အညှင်းခံလိုခံ၊ သေလိုသေကြရမည့် အကျဥ်းသမား တို့၏ မျက်စိများက ဤထရံပေါ်တွင် ပြသ ခဲ့သော ရုပ်ရှင်ဇာတ်ကားတို့ကား များပြားလှချေသည်။ တကမ္ဘာလုံးရှိ ရုပ်ရှင်စတူဒီယိုများသည်ပင် ထို မျှလောက် များမြောင်သော ဇာတ်လမ်းများကို မရိုက်ကူးခဲ့ကြရသေးပေ။ မိမိတို့၏ တသက်ပတ်လုံး ဖြစ်စေ၊ ထိုတသက်တာမှ အသေးစိတ် တကဏ္ဍကလေးများကိုဖြစ်စေ ဖော်ပြသည့် ရုပ်ရှင်ကားများ။ မိခင်၏ အကြောင်း၊ ဇနီးအကြောင်း၊ ကလေးများအကြောင်း၊ အဖျက်ဆီးခံရသော အိမ်၏အကြောင်း၊ ဆုံးရှုံးရသော အလုပ်အကိုင်အကြောင်း စသည်တို့ကိုပြသည့် ရုပ်ရှင်ကားများ။ ရဲရင့်သော ရဲဘော်တယောက်အကြောင်းနှင့် သစ္စာဖောက်မှုတမှုအကြာင်း၊ ထိုစာတမ်းတစောင်ကို ကျွန်တော်ကပေးခဲ့သော လူတယောက်၏အကြောင်း၊ ထပ် လောင်း၍ စီးဆင်းဦးမည့် ရစ်ပတ်မိလောက်အောင် တင်းတင်းကြပ်ကြပ် လက်ချင်းညှစ်၍ နှုတ်ဆက်ပုံအကြောင်း စသည်တို့ကို ဖော်ပြသည့် ရုပ်ရှင်ကားများ။ တုန်လှုပ် ခြင်းနှင့်သန္နိဋ္ဌာန်၊ အမုန်းနှင့်အချစ်၊ သောကနှင့်မျှော်ကိုးချက်၊ ဤသည်တို့ဖြင့် ပြည့်ဝနေသော ရုပ်ရှင် ကားများပါပေ။ ဘ၀ကို ကျောခိုင်းထားကြပြီဖြစ်၍ ဤနေရာ ဤဌာန၀ယ် လူတိုင်းလူတိုင်းသည် မိမိတို့၏မျက်စေ့အောက်၌ပင် နေ့စဉ်နှင့်အမျှ အသက်ပျောက်ကြသည်။ သို့သော် လူတိုင်း ကား အသစ်တဖန် မွေးဖွားလာပြန်သည်မဟုတ်။
ဤအခန်းအတွင်း၌ ကျွန်တော်သည် ကိုယ်ရေးရုပ်ရှင်ကားကို အကြိမ်ပေါင်း ရာပေါင်းများစွာကြည့်ခဲ့သည်။ အသေး စိတ်များကိုလည်း အကြိမ်ပေါင်း ထောင်ပေါင်းများစွာ မြင်ခဲ့သည်။ ယခုထို ရုပ်ရှင်ကားကို တကြိမ်မျှပြန်လည် ပြောစမ်းကြည့်လိုပါသည်။ အဆုံးမသတ်နိုင်မီ၊ ကြိုးကွင်းကို ဆွဲတင်းလိုက်ပြီဆိုလျှင်လည်း၊ ဤရုပ်ရှင်၏ “ဟက်ပီ အဲန်းဒ်” ကို ဆက်လက်ရေးသားကြမည့် လူပေါင်းကား သန်းပေါင်းအလီလီ ကျန်ရစ်ဦးမည် ဖြစ်ပေသတည်း။
“ဟက်ပီအဲန်းဒ်” – (အင်္ဂလိပ်စကား) ပျော်ရွှင်သော ဇာတ်သိမ်းခဏ်း။
အခဏ်း - ၁
နှစ်ဆယ့်လေးနာရီ
နောက်ငါးမိနစ်အကြာတွင် နာရီကား ဆယ်ချက်တိတိရိုက်ဆော်လေတော့မည်။ ၁၉၄၂ ခု၊ ဧပြီလ ၂၄ ရက်၊ နွေဦး ရာသီ၏ လှလှပပနှင့် မပူမအေးသော ညဥ့်ဦးအခါ ဖြစ်ပေသည်ကို။
ကျွန်တော်သည် ခြေလှမ်းသွက်သွက်လေး လှမ်းနေခဲ့သည် - ရုပ်ဖျက်ထားသည့်အတိုင်း၊ ခြေ ထော့နင်းနှင့် အရွယ် ရင့်ရင့်လူကြီးတယောက်၏ ဟန်အမူအရာမပျက်စေရုံမျှ သတိထားကာ ယဲလီနက်တို့ထံ တိုက်တံခါးမပိတ်မီ အ ရောက်၊ သွက်သွက်ကလေး လျှောက်နေခဲ့ပါသည်။ ထိုအိမ်တွင် ကျွန်တော်၏ “လက်ထောက်” မီးရက်တယောက် ဖြင့် စောင့်နေပေလိမ့်မည်။ ဤတခေါက်တွင် သူ့အနေနှင့် ပြောစရာအကြာင်းထူးမရှိမှန်း ကျွန်တော်သိသည်။ ကျွန်တော့ ဘက်ကလည်း သူ့အားမှာကြားစရာဘာမျှမရှိ။ သို့သော် ချိန်းထားလျက်နှင့် ပျက်ကွက်ခဲ့လျှင်၊ အခြားသူများစိုးရိမ်မကင်း ဖြစ်သွားနိုင်သည် - အထူးသဖြင့် အိမ့်ရှင်သူတော်ကောင်း နှစ်ယောက်အပေါ် အပို စိတ်သောက မရောက်စေလိုပါ။
သူတို့က လဘက်ရည်တခွက်နှင့် ဆီးကြိုကြပါသည်။ မီးရက်ကားရောက်နှင့်နေပြီ - သူသာမက ဖရီးဒ်တို့ လင်မယားလည်း စောင့်နေကြသည်။
- ရဲဘော်တို့၊ ခင်ဗျားတို့ကိုတွေရတာတော့ ကောင်းပါရဲ့။ ဒါပေမယ့် အခုလို တပြုံကြီးစုပြီးတော့ဖြင့် မတွေ့ချင်ဘူး။ ဒါမျိုးဆိုတာဟာ ထောင်နဲ့သေလမ်းကို တန်းနေတာပဲ။ လျှို့ဝှက်ရေးစည်းကမ်းတွေကို စောင့်ထိန်းယင်ထိန်းကြ၊ မထိန်းနိုင်ဘူးဆိုယင်တော့ အလုပ်မလုပ်ဘဲ နေကြတာကကောင်းလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုလုပ်ပုံမျိုး ဟာ ကိုယ့်ကိုယ်ကိုယ်ရော၊ သူများတွေကိုရော အန္တရာယ်ဖြစ်စေတယ်။ နားလည်လား။
- နားလည်ပါတယ်။
- ကဲ ကျွန်တော်တို့ ဘာများယူလာခဲ့ကြသလဲ။
- မေဒေးနေ့ထုတ် ရူဒဲပရားဗော သတင်းစာ။
ရူဒဲပရားဗော - ချက်ကိုစလိုဗားကီးယားပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သတင်းစာ။ စစ်အတွင်းက စာကူး စက်ဖြင့် လျှို့ဝှက်စွာ ရိုက်နှိပ်ဖြန့်ချိရသည်။ (ရူဒဲပရားဗော - အခွင့်အရေးနီ)
- ကောင်းပါ့ဗျား။ အဲ ... မင်းကော ... မီးရက်။
- ဒီလို ဒီလိုပါပဲ၊ ထွေထွေထူးထူးတော့ ဘာမှ မရှိပါဘူး။ အလုပ်ကတော့ ချောချောမောမောပဲ ...
- ကဲ၊ ဒါဖြင့်ပြီးရော။ မေဒေးလွန်မှ တွေ့ကြသေးတာပေါ့။ ကျွန်တော်အကြောင်းကြားလိုက်ပါ့မယ်။ ကိုင်း ... သွား တော့မယ်။
- လဘက်ရည်တခွက်လောက် ထပ်သောက်သွားပါအုံး၊ ဆရာကြီး။
- ဟာ၊ မဖြစ်သေးဘူး၊ မစ္စစ် ယဲလီနကောဗား။ ဒီမှာ ကျွန်တော်တို့သိပ်စုနေကြလို့။
ယဲလီနကောဗား - ချက်လူမျိုးတို့၏ အမည်များတွင်၊ ကိုယ်ပိုင်အမည်၊ မျိုးရိုးအမည်ဟု တွဲ၍သုံးကြသည်။ ချက် အမျိုးသမီးများ၏ မျိုးရိုးအမည်များမှာ (ေ -ာဗား) သို့မဟုတ် (-ား) တွင် အဆုံးသတ်သည်။ သို့ဖြင့် ယောက်ျား အမည်များက ဖူးချစ်။ ယလီနက်။ ပလာခီ။ ဟုဆိုလျှင် မိန်းမအမည်များကို ဖူးချစ်ကောဗား၊ ယဲလီနကောဗား၊ ပလာခါ ဟူ၍ ခေါ်ကြသည်။
- တခွက်ထဲပါလေ။ သောက်သွားပါအုံး။
ငှဲ့ချလိုက်သော လဘက်ရည်မှ အငွေ့တထောင်းထောင်း ထလာသည်။ တစုံတယောက်က တံခါးခေါင်းလောင်းကို နှိပ်သည်။ ညကြီးမင်းကြီး အချိန်မတော် ... ဘယ်သူများပါလိမ့်။ ဧည့်သည်တော်များကား စိတ်မရှည်ကြ။ တံခါးကို တ၀ုန်းဝုန်းနှင့် ထုကြလေသည်။
- ဖွင့်ပါတော့လား။ ဒီမှာ ပုလိပ်တွေကွ။
- ပြူတင်းပေါက်ဆီကို မြန်မြန် ... ပြေးကြ။ ကျွန်တော့မှာ ပစ္စတိုတလက်ပါလာတယ်။ ခင်ဗျားတို့ လွတ်အောင် သူတို့ကိုဟန့်ထားမယ်။
နောက်ကျသွားခဲ့ပြီ။ ပြူတင်းပေါက်အောက်တွင် ဂက်စတာပိုများရောက်နေကြကာ အခန်းတွင်းသို့ ပစ္စတိုများဖြင့် ချိန်ထားကြသည်။ အရပ်ဝတ်အရပ်စားနှင့် စုံထောက်များသည်လည်း အပြင်စင်္ကြန်မှတံခါးကို ချိုးဖွင့်ဝင်ရောက် လျက်၊ မီးဖိုဆောင်ငယ်ကိုကျော်ကာ အခန်းတွင်းသို့ ရောက်လာကြသည်။ တယောက်၊ နှစ်ယောက်၊ သုံးယောက် ... အားလုံးလူကိုးယောက်။ ကျွန်တော်ကား သူတို့ဖွင့်ဝင်လာသော တံခါး၏အကွယ်သူတို့၏ နောက်တည့်တည့် သို့ ရောက်နေသည်။ ထို့ကြောင့် ကျွန်တော့်ကိုမမြင်ကြ။ ပစ်မည်ဆိုလျှင် သူတို့အား အေးအေးဆေးဆေး ပစ်ချနိုင် သည်။ သို့သော် ပစ္စတိုကိုးလက်က မိန်းမသားနှစ်ယောက်နှင့် လက်နက်မဲ့ယောက်ျားသုံးယောက်ကို ချိန်ထား သည်။ အကယ်၍ ကျွန်တော်က စတင်ပစ်ခတ်လိုက်လျှင်၊ ကျွန်တော်မကျခင် ကျွန်တော့်ရဲဘော်များ ကျဆုံးကြရ တော့မည်။ ကျွန်တော့ကိုသာ ပြန်၍ပစ်ပြီထားဦးတော့ ကျည်ဆံများက ပလူပျံလျက်၊ ကျွန်တော့်ရဲဘော်များ သာ လျှင် ဓားစာခံကြရပေလိမ့်မည်။ အကယ်၍ ကျွန်တော်က မပစ်ဘဲနေခဲ့လျှင် သူတို့အနေနှင့် နှစ်ဝက်ဖြစ်စေ၊ တနှစ် ဖြစ်စေ ၀င်ထိုင်နေကြရမည်။ နောက်တော်လှန်ရေးက ၎င်းတို့အား အရှင်လတ်လတ် ကယ်တင်လွတ်မြောက်စေ လိမ့်မည်။ မီးရက်နှင့်ကျွန်တော်သာ ဤတောင်ကို ကျော်နိုင်ကြမည်မဟုတ်။ ကျွန်တော်တို့အား ညှဉ်းပန်းကြလိမ့် မည်၊ ကျွန်တော့ထံမှကား ဘာတခုမျှရကြလိမ့်မည်မဟုတ်။ မီးရက်ထံမှကော။ မီးရက်သည် စပိန်ပြည်၌ တိုက်ပွဲ ၀င်ခဲ့သောလူတယောက်၊ ပြင်သစ်အကျဉ်းစခန်းတွင် နှစ်နှစ်တာမျှနေခဲ့ရသောသူ၊ စစ်ကာလကြီးအတွင်း၊ ပြင်သစ် ပြည်မှ ပရာဟာမြို့အရောက် လျှို့ဝှက်စွာပြန်လာခဲ့သော သူတယောက်။ ဤသို့သောသူမျိုးကား ဘာတခုမျှဖော် လိမ့်မည်မဟုတ်။ ကျွန်တော့်အနေနှင့် ဆုံးဖြတ်ချက်ချရန် နှစ်စက္ကန့်မျှသာရှိသည်။ ဒါမှမဟုတ် သုံးစက္ကန့်ပဲလား။
ပစ်ခတ်လိုက်လျှင် ဘာတခုကိုမျှ ကာကွယ်နိုင်မည်မဟုတ်။ ကျွန်တော့တယောက်အနေနှင့် သာ အညှဉ်းပန်းခံရ ခြင်းမှ လွတ်မြောက်မည်။ သို့သော် ထိုသက်သာမှုအတွက် အကြောင်းမဲ့သက်သက် ရဲဘော်ငါးယောက် အသက် တို့ကို ယဇ်ပူဇော်လိုက်ရမည်။ ဒီလိုတွက်တာ မှန်သလား၊ မှန်တယ်။ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ပုန်းနေရာမှ အပြင် သို့ထွက်လိုက်သည်။
ဂက်စတာပို - နာဇီများ၏ လျှို့ဝှက်သော ပုလိပ်အဖွဲ့။ ဤဘာသာပြန်စာအုပ်ထဲတွင် အဆိုပါပုလိပ်အဖွဲ့ ၀င်များ ကိုလည်း ဂက်စတာပိုဟူ၍ပင် ခေါ်ထားသည်။
- ဟား၊ နောက်တယောက်။
မျက်နှာပေါ်သို့ ပဋ္ဌမဆုံးတချက် အထိုးခံလိုက်ရသည်။ ကျွန်တော့်အား နော့ကောက် ချိန်ဟန်တူသည်။
- ဟဲန်းဒ်အောက်ဖ်။
ဟဲန်းဒ်အောက်ဖ် - (ဂျာမန်စကား = လက်မြှောက်)
ဒုတိယတချက်၊ တတိယအချက်။ ဤသို့လျှင် ထင်မိသည်။ တသသနှင့် လှလှပပထားခဲ့သော အိမ်ခန်းကား၊ အိမ် ထောင်ပရိဘောဂများနှင့် ဖရိုဖရဲ၊ မှန်ကွဲများအမွမွဖြစ်ခဲ့ပြီ။ လက်နှင့်အထိုးအကြိတ်၊ ခြေနှင့် အကန်အကျောက်။
- မာ့ရ်ရှ်။
မာ့ရ်ရှ် - (ဂျာမန်စကား = ရှေ့ကိုသွား)
ကျွန်တော့်အား မော်တော်ကား တစင်းထဲသို့ သွတ်သွင်းလိုက်ကြသည်။ ပစ္စတိုများကား ကျွန် တော့်ကို အမြဲမပြတ် ချိန်နေကြသည်။ လမ်းတွင်ပင်ကျွန်တော့်အား စစ်လားမေးလားပြုကြပါတော့သည်။
- မင်း ဘယ်သူလဲ။
- ကျောင်းဆရာ ဟောရတ်။
- မင်း လိမ်တာ။
ကျွန်တောက ပခုံးကို တွန့်ပြလိုက်သည်။
- ငြိမ်ငြိမ်ထိုင်နေဆို ... နို့မို့ပစ်လိုက်မယ်။
- ပစ်ချင် ပစ်ပေါ့။
ပစ်မည့်အစား လက်သီးမိုးသာ ရွာလာသည်။ ကျွန်တော်တို့သည် ဓာတ်ရထားတစီးကို ကျော်တက်မိကြသည်။ အဖြူရောင်ဖြင့် မွမ်းမံထားသည်ဟု ထင်မိသည်။ ဘဲ့နဲ့ ... မင်္ဂလာဆောင်ဓာတ်ရထား အခုလို ညကြီးမင်းကြီးမှာ ရယ်။ အဖျားတက်စပြုပြီထင်သည်။
ပက်ချက် နန်းတော်။ ဤအဆောက်အဦအတွင်းသို့ အသက်နှင့်ခန္ဓာတွဲလျက်သား ၀င်ရလိမ့်မည်ဟု ဘယ်သော အခါကမျှ မထင်မိခဲ့။ ယခုလေးထပ်အပေါ်ထိ ပုံစံအတိုင်း ပြေး၍တက်ရသည်။ သြော် ဒါကနာမည်ကျော် ဒုတိယ (က) - ၁ ဆိုတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးဌာနကိုး။ ကျွန်တော့အနေနှင့် စပ်စပ်စုစုသိလိုစိတ်များပင် ပေါ်လာသည် ဟု ထင်ရသည်။
ပက်ချက် - စစ်မဖြစ်မီက အရင်းရှင်ကြီး ပက်ချက်၏ ဘဏ်တိုက်အဆောက်အဦ။ စစ်အတွင်းက ဤဂေဟာတွင် ပရာဟောမြို့ ဂတ်စတာပိုက ဌာနချုပ်ဖွင့်ထားသည်။
ဘမ်းဆီးသောတပ်စိတ်ကို အုပ်ချုပ်သည့် ပုလိပ်အရာရှိ ပိန်ပိန်ရှည်ရှည်သည် ပစ္စတိုကို အိတ်တွင်းသို့ထည့် လိုက်ကာ၊ သူ၏ အခန်းတွင်းသို့ ကျွန်တော့အား ခေါ်သွားသည်။ ၎င်းနောက် စီးကရက်တလိပ်တည်၍ မီးညှိပေး သည်။
- မင်းဘယ်သူလဲ။
- ကျောင်းဆရာ ဟောရတ်။
- မင်းလိမ်တာ။
သူ၏ လက်ကောက်ဝတ်မှနာရီသည် ဆယ့်တစ်နာရီသို့ ညွှန်ပြနေလေသည်။
- သူ့ကိုရှာကြစမ်းဟေ့။
အရှာအဖွေများ စပါတော့သည်။ ကျွန်တော့ အ၀တ်အစားများကို ချွတ်ကြသည်။
- မှတ်ပုံတင်လက်မှတ်ပါတယ်ဗျ။
- နာမည်က ...
- ကျောင်းဆရာ ဟောရတ်တဲ့။
- မှန်ရဲ့လားဆိုတာ လှမ်းမေးကြည့်စမ်း။
တယ်လီဖုန်းဆက်သည်။
- ထင်သားပဲ။ စာရင်းမှ သွင်းမထားပဲ။ ဒီလက်မှတ်က အတုကြီးရယ်။
- မင်းကို ဒီလက်မှတ် ဘယ်သူပေးသလဲ။
- ပုလိပ်မင်းကြီးရုံးက။
ပဌမဆုံးအကြိမ် ဒုတ်နှင့်အရိုက်ခံရသည်။ ဒုတိယ၊ တတိယ၊ အချက်ပေါင်း ဘယ်နှစ်ချက်ဆိုတာကို ရေတွက်ပြီး ထားရမှာလည်း။ မောင်ရင် ... ဒီအခြေအနေ ရောက်မှတော့၊ ဒီလိုအချက်အလက်တွေကို ဘယ်နေရာ ဘယ် အချိန်မှာ သတင်းပြန်ပေးနိုင်တော့မှာလဲ။
- မင်းနာမည် ဘယ်သူလဲ ... ပြော ... ဘယ်မှာနေသလဲ ... ပြောစမ်း ... ဘယ်သူတွေနဲ့ အဆက် အသွယ်လုပ် သလဲ။ ပြော ... ပြော ... ပြောဆို ... နို့မို့ မင်းအသက်ထွက်သွားမယ်။
ကျန်းမာတဲ့ လူတယောက်ဟာ အချက်ပေါင်း ဘယ်နှစ်ချက်အထိ ခံနိုင်ပါသလဲ။ ရေဒီယိုမှ သန်းခေါင်ယံရိုက်ဆော် လေပြီ။ ကာဖီဆိုင်များလည်း ပိတ်ကြပြီ။ နောက်ဆုံး ဧည့်သည်များလည်း ပြန်ကြပြီ။ ချစ်သူများကား မခွဲနိုင်မခွါရက် နှင့် တံခါးဝများတွင် ရစ်သီနေကြသည်။ အရာရှိပိန်ပိန်ရှည်ရှည်ကား အခန်းတွင်းသို့ ရွှင်ရွှင်ပြုံးပြုံးကြီး ရယ် မော၍ ပြန်ရောက်လာသည်။
- ဦးအယ်ဒီတာကြီးခင်ဗျား၊ နေသာထိုင်သာ ရှိပါရဲ့နော်။
မည်သူကသူတို့အား ဖွင့်ပြောလိုက်ပြီနည်း။ ယဲလီနက်တို့လင်မယားလော။ ဖရီးဒ်တို့လော။ သူတို့ကား ကျွန်တော် ၏ အမည်ကိုပင် မသိကြ။
- မြင်တဲ့အတိုင်းပဲလေ။ ကျုပ်တို့အားလုံး သိပါတယ်ဗျာ။ ကဲ ဖွင့်ပြောမလား၊ လိမ္မာစမ်းပါကိုယ့်လူရာ။
ထူးဆန်းလှသော အဘိဓာန်ပါပေ။ လိမ္မာခြင်း = သစ္စာဖောက်ခြင်း။ ကျွန်တော်ကား မလိမ္မာပါ။
- ဒီကောင့်ကို ကြိုးနဲ့တုပ်ပြီး ထပ်အုပ်ကြစမ်းကွာ။
တနာရီ။ နောက်ဆုံး ဓာတ်ရထားများ ကားရုံများဆီသို့ ပြန်သိမ်းနေကြလေပြီ။ လမ်းများလည်း လူသွားလူလာပြတ် သလောက် ဖြစ်နေကြလေပြီ။ ရေဒီယိုကား သောတရှင်အပေါင်းကို မင်္ဂလာညပါရှင်ဟု နှုတ်ဆက်လေပြီ။
- ဗဟိုကော်မတီမှာ ဘယ်သူတွေ ပါသေးသလဲ။ အသံလွှင့်ဌာနတွေ ဘယ်မှာလဲ။ ပုံနှိပ်စက်တွေ ဘယ်မလဲ။ ပြော ... ပြော ... ပြောလေ။
ယခု ဒဏ်ရာဒဏ်ချက်များကို အေးဆေးစွာ ရေတွက်နိုင်ပြန်ပေပြီ။ ကျွန်တော်ကိုက်ထားမိရာ နှုတ်ခမ်းများတွင် သာ နာရမှန်း၊ ကျင်ရမှန်း သိတတ်ပါတော့သည်။
- ဘိနပ်တွေချွတ်လိုက်။
မှန်ပေသည်။ ခြေဖ၀ါးများကား ယခုထက်ထိ မထုံတတ်သေးပါ။ ခြေမ၀ါးများတွင်တော့ နာတတ်သေးသည်။ ငါး ချက်၊ ခြောက်ချက်၊ ခုနှစ်ချက်၊ ယခုဒုတ်တိုကား ဦးနှောက်အထိ တိုးလျှိုပေါက်နေ သကဲ့သို့ခံရသည်။ နှစ်နာရီ။ ပရောဟာမြို့တော်ကား အိပ်ပျော်လေပြီ။ တနေရာတွင် ကလေးတယောက်သည် အိပ်ယင်းက အီကောင်း အီနေ ပေလိမ့်မည်။ ယောက်ျားတယောက်သည် ဇနီးသည်၏ တင်ပါးကို ပွတ်သပ်ကောင်းပွတ်သပ်နေပေလိမ့်မည်။
- ပြော၊ ပြောစမ်း။
ပါးစပ်ထဲတွင် လျှာကိုလှည့်ယင်း၊ သွားဘယ်နှစ်ချောင်း ကျိုးခဲ့ပြီကို စမ်းသပ်ကြည့်နေမိပါသည်။ စေ့ငှအောင် မရေ တွက်နိုင်ပါ။ ဆယ့်နှစ်၊ ဆယ့်သုံး၊ ဆယ့်ခုနှစ်။ ဟုတ်သေးပါဘူးလေ၊ ဒါက ကျွန်တော့်ကို “စစ်ဆေးမေးမြန်း” နေကြ တဲ့ ပုလိပ်အရာတွေရဲ့ ဦးရေပဲ။ ထိုသူတို့အနက် အချို့ကား ယခုပင် သိသိသာသာကြီး လက်အံသေနေကြလေပြီ။ သေမင်းကလည်း ယခုထက်ထိ မလာနိုင်သေး။
သုံးနာရီ။ ရောင်နီဦးသည် မြို့ဆင်ခြေဖုန်းဘက်မှ တွား၍တက်လာလေပြီ။ ဟင်းသီး ဟင်းရွက်သည်များကား ဈေး ဘက်သို့ ဦးတည်နေကြပြီ။ လမ်းတံမြက်လှဲသမားများလည်း လမ်းများပေါ်သို့ ထွက်လာကြပြီ။ ပုံပန်းအားဖြင့် ကျွန်တော်ကား နောက်ထပ် တမိုးသောက်ကို မြင်ရလိမ့်ဦးမည်ထင်သည်။
- ခင်ဗျား ဒီလူကိုသိသလား။
ကျွန်တော်၏ ဇနီးကို ခေါ်လာကြသည်။ သူ မမြင်ပါစေရန် ကျွန်တော်သည် သွေးတို့ကို မြိုချခဲ့ သည်။ အမှန်အားဖြင့် ထိုသို့သော အားထုတ်မှုကား အလဿမျှသာဖြစ်သည်။ ကျွန်တော်၏ မျက်နှာပေါ်တွင် သွေးများတကွက်မလပ် ထွက် နေသည်သာမက၊ လက်ဖျားများမှလည်း သွေးများယိုစီးနေသေးသည်။
- ခင်ဗျား ဒီလူ့ကိုသိသလား။
- မသိဘူး။
ဤသို့ပင် ပြောလိုက်သည်။ မျက်ရိပ်ကလေး တရိပ်မျှပင်မပျက်။ ဇမ္ဗူရာဇ်ရွှေစင်ကလေး။ ကျွန်တော့်အား သိ သည်ဟူ၍ ဘယ်သောအခါမျှ မပြောပါဟူသော ကတိအတိုင်း တည်ကြည်ရှာပေသည်။ သို့သော် လက်ငင်းအခြေ အနေအရကား ထိုသို့ငြင်းရန်ပင် လုံးဝမလိုအပ်တော့။ ကျွန်တော်၏ အမည်ကိုမည်သူက ဖော်ထုတ်ခဲ့လေသ နည်း။
သူ့အား အပြင်သို့ခေါ်ထုတ်သွားကြသည်။ ကျွန်တော်လည်း အရွှင်လန်းနိုင်ဆုံးသော မျက်နှာထားဖြင့် သူ့အား နှုတ်ဆက်ခဲ့ပါသည်။ ထိုမျက်နှာထားကား ရွှင်လန်းကောင်းမှ လန်းပေတော့မည်။ ဒါကိုတော့ ကျွန်တော် မပြောတတ်။
လေးနာရီ။ မိုးလင်းပြီလား၊ ဒါမှမဟုတ် မှောင်နေတုန်းပဲလား။ လိုက်ကာများဆွဲချထားသော ပြူတင်းပေါက်က အဖြေမပေးကြ။ သေမင်းကလည်း လာနိုင်ခဲလှသည်။ သေမင်းကြီးခင်ဗျားဆီကို ကျွန်တော်လာခဲ့ရမလား။ ဘယ့်နဲ့ လာခဲ့ရမှာလဲ။
တစုံတယောက်အား ကျွန်တော်က လှမ်း၍ထိုးလိုက်သည်။ ထို့နောက် ကျွန်တော်လည်း ကြမ်းပေါ်သို့စိုက်၍ ကျ သွားသည်။ သူတို့က ကျွန်တော့်အား ကန်ကြသည်။ နင်းကြဆောင့်ကြသည်။ အဲ ... ဟုတ်ပြီ ... ဒါမှ ကိစ္စမြန်မြန် ချောမယ်။ ပုလိပ်အရာရှိ မဲတဲတဲသည် ကျွန်တော့်အား မုတ်ဆိတ်မွေးများမှ ကိုင်၍ဆွဲထူသည်။ ထို့နောက် ကျွတ် ထွက်သွားသော မုတ်ဆိတ်မွေးလက်တဆုပ်ကို ကျွန်တော့်အားပြန်၍ပြရင်း ဟက်ဟက်ပက်ပက်ကြီး ရယ်မော လေသည်။ တကယ်တော့လည်း ရယ်စရာပင် ဖြစ်လေသည်။ ကျွန်တော့်အနေနှင့်ကား နာရမှန်းလုံးဝမသိတော့။
ငါးနာရီ၊ ခြောက်နာရီ၊ ခုနှစ်နာရီ၊ ဆယ်နာရီ၊ တမွန်းတည့်လေပြီ။ အလုပ်သမားများလည်း အလုပ်သွားသူသွား၍ အလုပ်ပြန်သူပြန်ကြလေပြီ။ ကလေးများလည်း ကျောင်းတက်သူတက်၍ ကျောင်းဆင်းသူဆင်းကြလေပြီ။ ဆိုင်များ တွင် ရောင်းဝယ်နေကြသည်။ အိမ်များတွင် ချက်ပြုတ်နေကြသည်။ ယခုအချိန်ဆိုလျှင် မေမေသည် ကျွန်တော့် အား သတိရကောင်းရနေပေလိမ့်မည်။ ရဲဘော်များလည်း ကျွန်တော်အဖမ်းခံရကြောင်း သိကုန်ကြပြီ ... မတော် တဆ ကျွန်တော်ကများဖွင့်ပြောလိုက်လျှင် ... ဤ သို့တွက်ကာ ဘေးအန္တရာယ်မှကာကွယ်ရန် အစီအစဉ်များ ပြုလုပ်ကောင်းပြုလုပ်နေကြပြီ။ မစိုးရိမ်ကြပါနဲ့၊ မပြောပါဘူး၊ ယုံကြပါ။ အမှန်ကိုဆိုရလျှင် အဆုံးသတ်ဟူသည်ကား ဝေးနိုင်တော့မည်မဟုတ်။ ခုအဖြစ်အပျက် အစစအရာရာတို့သည် အိပ်မက်၊ မကောင်းသော ချောက်အိပ်မက် ကြီးသာ ဖြစ်နေတော့ သည်။ အရိုက်အနှက် မိုးရွာ၊ နောက်ကျွန်တော့်အားရေနှင့်ဖြန်း၊ နောက်တဖန် အထိုးအကြိတ် များ ၀င်လာပြန်၍ ... ပြော ... ပြော ... ပြောဆို ... ကျွန်တော်ကဖြင့် သေပဲမသေနိုင်။ မေမေတို့ ဖေဖေတို့၊ ကျွန်တော့် ဒါလောက်အားကောင်းအောင် ဘာဖြစ်လို့ မွေးထားခဲ့ကြတာလဲ။
နေ့လည်ခင်း၊ ညနေငါးနာရီ။ ယခု သူတို့အားလုံး နွမ်းနယ်နေကြပြီ။ အရိုက်အနှက်များကား ပြတ်တောင်း ပြတ် တောင်းနှင့် တချီနှင့်တချီအကြား အကြာကြီးနားနားနေတတ်သည်။ ယခုတော့ ၀တ်ကြေ၀တ်ကုန်မျှသာ ဖြစ်နေကြ ပြီ။ ထိုခဏတွင်၊ ခပ်ဝေးဝေးမှ အတော်မသတ်နိုင်သော အဝေးမှအေးဆေးငြိမ်သက်သော အသံတသံပေါ်လာ သည်။ ထိုအသံကား ပွတ်သီးပွတ်သပ်လုပ်သလို နူးညံ့နေသည်။
- အဲရ် ဟတ် ရှုံဂဲနု။
နောက်တကြိမ် ပြန်၍ထိုင်၊ ရှေ့တည့်တည့်မှ စားပွဲကား ပြိုသွားလိုက်၊ ပေါ်လာလိုက်၊ နောက် တစုံတယောက်က ကျွန်တော့်အား သောက်ရေတခွက်လာပေး၊ အခြားတယောက်ကလည်း ကျွန်တော့အား ဘိနပ်များစီးပေးရန် ကြိုး စားယင်းက စွပ်မရတော့ဟုပြော၊ နောက်သူတို့သည် ကျွန်တော့်အား ချီတခါဆွဲတလှည့်ဖြင့် လှေခါးထစ်တ လျှောက် ခေါ်ချသွား၊ ကားထဲထည့်၊ မောင်း၍သွား၊ တစုံတယောက်ကလည်း သေနတ်ဖြင့်ချိန်ထား၊ ရယ်စရာပင် ကောင်းသေးတော့၊ ပန်းဖြူဖြူများဖြင့် မွမ်းမံထားသော မင်္ဂလာဆောင်ဓာတ်ရထားကို ကျော်တက်၊ သို့သော် ဤကိစ္စအလုံးစုံကား အိပ်မက်မျှသာ ဖြစ်ကောင်းသည်။ အဖျားတက်ခြင်း၊ ဖြစ်နေပေမည်။ သေဇော်ငင်ခြင်း၊ သို့မဟုတ် သေခြင်းစင်စစ်ပင် ဖြစ်ကောင်းဖြစ်နေပေမည်။ သေဇောငင်ခြင်းကား ခက်ခဲကြပ်တည်းလှသည် မဟုတ် ပါလော။ သို့ရာတွင် ဤအဖြစ်ကား ပေါ့ပေါ့ကလေးနှင့် သပွတ်အူလိမ်နေသည်။ နောက်တချက် အသာကလေး အသက်ရှူထုတ်လိုက်လျှင်ပင်၊ အစစအရာရာ အဆုံးသတ်သွားချေတော့မည်။
အဲရ် ဟတ် ရှုံဂဲနု - (ဂျာမန်စကား = ဒီလူ နောက်ထပ် ခံနိုင်တော့မှာ မဟုတ်ဘူး။)
အဆုံးသတ်သွားရောတဲ့လား။ မဟုတ်သေးဘူးလေ။ အခုတခါ ထပ်ပြီးမတ်တတ်ရပ်နေရပြန်ပြီကော။ တကယ့်ကို ပင် ရပ်နေရသည်။ တယောက်တည်း အဖေးအမမရှိဘဲ ရပ်နေသည်။ ကျွန်တော့်ရှေ့တွင်လည်း ညစ်ပတ်ဝါကျင့် သော ထရံကြီးကပ်၍နေကာ ... ထရံမှာ ဘာတွေပေနေပါလိမ့်။ သွေးတွေပေနေသည်ဟူ၍ကား စိတ်ကထင်မိ သည်။ ဟုတ်သည်။ သွေးတွေပင်ဖြစ်သည်။ လက်ညှိုးကို မြှောက်၍ တို့ကြည့် သုတ်ကြည့်သည်။ ဟုတ်တယ်လေ၊ လတ်လတ်ဆတ်ဆတ်ကြီး ကျွန်တော့်သွေးတွေရယ် ...။
တစုံတယောက်က နောက်မှနေ၍ ကျွန်တော်၏ခေါင်းကို ရိုက်လိုက်သည်။ လက်နှစ်ဖက်ကို မြှောက်၍ထိုင်ချေ၊ ထချေ လေ့ကျင့်ခဏ်းလုပ်ခိုင်းသည်။ တတိယအကြိမ်တွင် ကျွန်တော်လည်း ခွေကျသွားသည်။
အရှည်ရှည်နှင့် အက်ဆက်စမန်း တယောက်သည် ကျွန်တော့်ကိုယ်ပေါ်မိုး၍ရပ်ကာ၊ ကန်လိုက်ကျောက်လိုက် နှင့် အထခိုင်းသည်။ မဖြစ်နိုင်သည်ကိုမှ ခိုင်းလေသည်တကား။ တဖန် တစုံတယောက်က ကျွန်တော့်အား ဆေး ကျောပေး၊ တဖန် ပြန်၍ထိုင်မိ၊ မိန်းမတယောက်ကလည်း ကျွန်တော့်အားဆေးများ လှမ်းပေး၍၊ မည်သည့်နေရာ တွင် နာကျင်သနည်းဟု မေးမြန်းသည်။ ထိုခဏ၌ ကျွန်တော့်အနေနှင့် နာသမျှဟူသည်မှာ နှလုံးသားတွင်သာ စုပြုံနေသည်ဟု ထင်မိသည်။
အက်ဆက်စမန်း - နာဇီတပ်များအနက် ရက်စက်ကြမ်းကြုတ်ရာတွင် နာမည်ကြီးလှသည့် အက်ဆက်စ် အဖွဲ့ဝင်။
- မင်းမှာနှလုံးသားဆိုတာမှ မရှိဘဲနဲ့ ဟု အက်ဆက်စမန်း အရပ်ရှည်ရှည်က ပြောလေသည်။
- အိုး ရှိတာပေါ့ကွ ဟု ကျွန်တော်က ပြန်ပြောလိုက်ကာ၊ မိမိ၏ နှလုံးသားဘက်က ခုခံပြောဆိုနိုင်လောက်အောင် အင်အားဖူဖူလုံလုံရှိသေးခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသည်။ နောက် အစစအရာရာ မှုန်ပျောက်သွား ကြပြန်သည်။ ထရံ ... ဆေးနှင့် မိန်းမ ... အက်ဆက်စမန်း အရပ်ရှည်ရှည် ...
ကျွန်တော့်ရှေ့တည့်တည့်တွင် အကျဉ်းခန်း၏ ပွင့်လျက်သားတံခါးပေါက်ကို တွေ့ရသည်။ အက်ဆက်စမန်း ၀၀ တုပ်တုပ်တယောက်က ကျွန်တော့်အား အကျဉ်းခန်းအတွင်းသို့ ဆွဲသွင်း၊ အစိပ်စိပ် အမွှာမွှာဖြစ်နေသော ရှပ် အင်္ကျီကိုချွတ်၊ ကောက်ရိုးမွေ့ရာပေါ်သို့ ဆွဲတင်၊ ဖောယောင်ဖုထစ်နေသော ကိုယ်ကိုစမ်းသပ်၍၊ ကျပ်ထုပ်များ ထိုးပေးရန် အမိန့်ပေးသည်။
- ကြည့်စမ်း သူက အခြားတယောက်အား ခေါင်းကိုအသာခါပြရင်း ပြောလေသည် - ကြည့်စမ်း၊ ဒီ ကောင်တွေ ဘယ်လောက်တတ်နိုင်တယ်ဆိုတာ ...
တဖန် ခပ်ဝေးဝေးမှ အတောမသတ်နိုင်သော အဝေးမှ အေးဆေးငြိမ်သက်သော အသံတသံကို ကြားလိုက်ရပြန် သည်။ ထိုအသံကား ပွတ်သီးပွတ်သပ်လုပ်သလို နူးညံ့နေသည်။
- မနက်အထိတောင် မခံတော့ပါဘူး။
နောက်ငါးမိအကြာတွင် ဆယ်နာရီထိုးပေတော့မည်။ ၁၉၄၂ ခု၊ ဧပြီလ ၂၅ ရက်၊ နွေဦးရာသီ၏ လှလှပပနှင့် မပူ မအေးသော ညဥ့်ဦးအခါ ဖြစ်ပေသည်ကို။
အိုးဝေထွန်းအောင်နှင့် ဦးစံရွှေ
ချက်ဘာသာမှ မြန်မာပြန်ဆိုသည်။
Read More...
ဂေါ်ကီရဲ့အမေ။ အနှစ်တရာပြည့်ပြီ
မာ့က်စင်ဂေါ်ကီဆိုသူက အမေဆိုသောဝတ္ထုရှည်ကြီးတပုဒ်ကို ၁၉၀၇ခုနှစ်ထဲတွင် ရေးထုတ်လိုက်သည်။ ထိုအချိန်တွင် သူ့အသက်မှာ ၃၉နှစ်ရှိနေပြီ။ ယခု အနှစ်တရာတိတိကြာသောအခါ ဤစာအုပ်ကိုဂုဏ်ပြုနေကြသည်။
ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နှင့်လည်းအံဝင်ကြောင်း ပြောနေကြသည်။
ဤစာအုပ်နှင့် ပတ်သက်ပြီး မိမိဘ၀တွင် မှတ်လောက်သားလောက်များ ကျန်ရစ်နေသည်ကိုပြန်စဉ်းစားမိပါသည်။
ထိုစာအုပ်ကို ကျွန်တော်က ၁၉၆၃ ခုနှစ်တွင်မှဖတ်ရသည်။ အသက် ၁၈ နှစ် အရွယ်ပါ။ ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်မှုကြောင့် ကျွန်တော် ပြေးလွှား၊ ပုန်းအောင်းနေစဉ် အိမ်ကိုလှမ်းမှာယူပြီး ဖတ်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းမှာ အင်္ဂလိပ်ဝတ္ထု ရှည်ကြီးတအုပ်ကို တသက်တွင် ပထမဆုံးဖတ်ဖူးခြင်းဖြစ်သည်။ လူကလည်း ပြေးလွှားပုန်းအောင်းနေတုန်း၊ အားနေတုန်းမို့ စာမျက်နှာ ၃၀၀ ကျော်လောက်ရှိသော စာအုပ်ထူကြီးကို နှစ်ရက်၊ သုံးရက်နှင့်အပြီးဖတ်လိုက်နိုင်ခြင်း ကြောင့် အင်္ဂလိပ်လိုရေးထားသည့် စာအုပ်ထူကြီးများကိုဖတ်ရန် ကိုယ့်ကိုယ်ကိုယုံကြည်မှု ရသွားစေခဲ့သည်ကို ကောင်းကောင်းမှတ်မိနေသည်။ ထို့ထက်ပိုအရေး ကြီးသည်က ဤစာအုပ်ကိုဖတ်ပြီးနောက် သရုပ်မှန်စာပေ၏ အစွမ်း နှင့်အင်အားကို ကောင်းကောင်း သဘောပေါက်ယုံကြည် သွားခြင်းပင်ဖြစ်ပါသည်။ နောက်ပြီး ကိုယ့်နိုင်ငံရေးယုံကြည်ချက်ကိုလည်း အားဖြည့်လောင်းသည့်အလား ခံစားခဲ့ရသည်။
ဤစာအုပ်မတိုင်မီက ပြည်တွင်းက၀တ္ထုပေါင်းများစွာကိုရော နိုင်ငံခြားဝတ္ထုဘာသာ ပေါင်းများစွာကိုပါ ကျွန်တော်ဖတ်ဖူးပါသည်။ အင်္ဂလိပ်လိုဆိုလျင် လည်း အတိုချုပ်ထားသော စာအုပ်တော်တော်များများဖတ်ဖူးပါသည်။ သို့သော်ဤ၀တ္ထုကိုဖတ်ပြီး နောက်ခံစားရသည့် ကျေနပ်မှု။အားတက်မှုမျိုး သည့်အယင် ဘယ်တုန်းကမှ မရရှိခဲ့ဖူးသည်မှာ အမှန်ပင်ဖြစ်သည်။ ဤ၀တ္ထုကိုဖတ်ရန် ကျွန်တော်တိုက်တွန်းမိသော လူအရေအတွက်ဆိုလျင်လည်း များလွန်း၍ မှတ်ပင်မမှတ်မိ တော့။
‘အမေ’ကို ဗမာပြည်တွင် စာရေးဆရာဂုဏ်ရောင်နှင့် တောင်တွင်းဦးကိုကိုကြီးတို့ ဘာသာပြန်ဖူးသည်။ နှစ်ဦးပေါင်းလျင် စောင်ရေသောင်းဂဏန်း ရှိ လောက်သည်။ ယခုပြန်ထုတ်ခွင့်ရလျင်လည်း ရောင်းရမည်ဟုယုံကြည်သည်။ နအဖပြောနေသော ‘အမေ’ ဆိုသောစံနှင့်တိုင်းတာကြည့်သင့်သည်။
ဂေါ်ကီ၏အမေသည် ဖိနှိပ်မှုနှစ်မျိုးကို ရင်ဆိုင်တွန်းလှန်ကာလူသုံးမျိုးကို ကိုယ်စားပြုသည်ဟုဆိုနိုင်သည်။ သူသည် (၁) မိန်းမ၊ (၂) မိခင်၊ (၃) အလုပ် သမားဆိုသော လူသုံးမျိုးကို ကိုယ်စားပြုကာ ယောက်ျားတို့၏စိုးမိုးမှုဆိုသော အိမ်တွင်းကျေးကျွန်ပြုမှုနှင့် လုပ်ခ၏ကျေးကျွန်ပြုမှုဆိုသော စနစ်ဆိုးနှစ်ခုကို ရင်ဆိုင် တွန်းလှန်သူဖြစ်ပေသည်။ ‘အမေ’ သည် နိုင်ငံရေးစကားတွေ ဖောင်အောင်ပြောနေသော သာလိကာဇာတ်ကောင်မျိုးမဟုတ်ချေ။ သူသည် မူလကနိုင်ငံရေးဟူ၍ နကန်းတလုံးမှမသိရှာသော။ သူ့သား ပေဗယ်လ်နှင့်သူ့ရဲဘော်တွေ လုပ်သမျှကိုမှောင်ရိပ်ထဲမှ စိုးရိမ်တကြီးစောင့်ကြည့်ကာ သက်ပြင်းတဖိုဖိုဖြင့် ‘ဘုရားတ’ နေရှာ သော မိန်းမကြီးတဦးသာလျင် ဖြစ်ပေသည်။ သည့်နောက်တွင်မှ သူသည်သူ့သားရဲ့ ရဲဘော်တွေအပေါ် သူ့သားလိုပဲချစ်ခင်လာကာ။ သံယောဇဉ်မွေးမိသော မိခင် တဦးဖြစ်လာသည်။ နောက်တဆင့်တက်တော့ သူသည်သူ့သားနှင့်ရဲဘော်များအတိုင်း သဘောပေါက်ယုံကြည်လာသည်။ ထိုမှထပ်တဆင့်တက်တော့ သူကသူ့ သားတို့တတွေ အဖမ်းခံရချိန်တွင်ကျန်ရစ် သောတာဝန်များကိုသူက ဆက်လုပ်ခြင်းပင်ဖြစ်လေသည်။
ဤဖြစ်ပေါ်တိုးတက်မှုမှာ အလွယ်တကူဖြစ်ပေါ်လာသည် မဟုတ်။ အတွေးအခေါ်ပဋိ ပက္ခပေါင်းများစွာကို ဖြတ်သန်းပြီးမှ တဖြည်းဖြည်းမြင့်တက်လာ ခြင်းဖြစ်သည်။ လူတန်းစားတိုက်ပွဲတွေ ပိုမိုပြင်းထန်လာလေလေ။ သူ၏အသိပိုတိုးတက်လာလေလေဖြစ်ခဲ့သည်မှ သတိပြုစရာဖြစ်သည်။ တချိန်က သူ့အဖို့နားစိမ်း ရုံမက တုန်လှုပ်စရာဖြစ်သော “နိုင်ငံရေးအတွေးအခေါ်၊ အုံကြွမှု၊ တိုက်ပွဲ၊ ဆိုရှယ်လစ်” စသည့် စကားများကို မှောင်ရိပ်ထဲမှနားထောင်ရင်း သူယဉ်ပါးခဲ့ရသည်။ နောက်တော့ သူကိုယ်တိုင် အကောင်အထည်ဖော်သူဖြစ်လာတော့သည်။ သူ့မှာသူယုံကြည်သော ဘာသာရေးအတွက် သားဖြစ်သူနှင့်ငြင်းခုံသည်ကိုလည်း ဤ စာအုပ် တွင်ဖတ်ကြရသည်။ ထို့ကြောင့်ဂေါ်ကီ၏ ‘အမေ’မှာ တခေတ်ထွန်းတယောက်ပေါ်။ လူထူး လူချွန်မဟုတ်။ အင်မတန်သာမာန်ကျသော သဘာဝမိခင်တဦး သာလျင်ဖြစ်နေသည်ကိုက ဤစာအုပ်၏ အစွမ်းဖြစ်နေပေသည်။
‘အမေ့’အဖို့ သူ့သားနှင့်အပေါင်းပါတွေလုပ်နေ။ ပြောနေသမျမှာ အဆန်းချည်းဖြစ်နေခဲ့သည်။ ၀တ္ထုတနေရာတွင် သူကသူ့သား၏ရောင်းရင်း ယူကရိန်း သားကို ဤသို့ပြောသည်။ “မင်းတို့ကလည်းထူးဆန်းလိုက်တာ။ မင်းတို့အားလုံးရဲဘော်တွေလား။ အာမေးနီးယန်းတွေ၊ ဂျူးတွေ၊ သြစထရီးယန်းတွေ၊ မင်းတို့တ တွေစကားပြောနေလိုက်ကြတာဟာ တကယ့်မိတ်ရင်းကျွမ်းဟောင်းတွေလိုပဲ။ မင်းတို့ဟာဝမ်းနည်းစရာရှိလည်း အားလုံးအတွက်ဝမ်းနည်းတယ်။ ၀မ်းသာစရာရှိ လည်း အားလုံးအတွက်ဝမ်းသာတယ်၊” ဤသည်ကိုယူကရိန်းသားကြီး ရိုင်ဘင်ကယခုကဲ့သို့ ပြန်ပြောသည် -
“ဟုတ်တယ်။ အားလုံးအတွက်ပဲအမေ။ အားလုံး အတွက်ပဲ။ ကမ္ဘာကြီးဟာ ကျွန်တော်တို့အတွက်။ ကမ္ဘာကြီးဟာ အလုပ်သမားတွေအတွက်ပဲ။ ကျွန်တော်တို့မှာ နိုင်ငံမရှိ။ လူမျိုးမရှိဘူး။ ရဲဘော်နဲ့ရန်သူပဲရှိတယ်။
‘အမေ’ကို ဂေါ်ကီရေးတော့ သူ့အသက်မှာ ၃၉နှစ်ရှိနေပြီ။ ထိုအခါတွင် သူသည်နာမည်ရစာရေးဆရာဘ၀ ရောက်နေပြီဖြစ်ယုံမက နိုင်ငံရေးလုပ်သက် လည်း အနှစ်နှစ်ဆယ်ရှိ နေပေပြီ။သူသည်ဆင်စွယ်နန်းပေါ်မှာ ငှက်ကလေးတွေပျံနေ။ ပန်းကလေးတွေ ပွင့်နေသည်ကို ကြည့်ကာစာဖွဲ့နေသူမဟုတ်။ ပေရေစုတ် ပြတ်နေသည့် အလုပ်သမားများအကြားနေထိုင်ကာ ကမ္ဘာကျော်စာများကို ထုတ်လုပ်နေသူဖြစ်သည်။တကယ်တွင် ဂေါ်ကီ၏ဘ၀သည်ပင် ဂန္တ၀င်ဝတ္ထုကြီးတပုဒ် ဖြစ်သည်။
သူငါးနှစ်သားကတည်းက အဖေသေသည်။ ထို့ကြောင့်သူ့ကိုအမေ့ဘက်က အဖိုးအဖွားများကခေါ်ထားခဲ့သည်။ သူ့ကိုခိုင်းစားလို့ရတဲ့ အရွယ်ဖြစ်တဲ့ ၈ နှစ်သားမှာပဲ သူ့အဖိုးကသူ့ကိုခိုင်းစားသည်။ ဖိနပ်ချုပ်ဆိုင်၊ ဘုရားကားရောင်းသည့်ဆိုင်၊ ပန်းကန်ဆေး၊ ဆေးသုတ်၊ အစုံပင်။ သို့သော်သူသည် ကျောင်းမတက် ဖူးချေ။ သူ ၁၂ နှစ်သားအရွယ်ရောက်တော့ အဖိုးအိမ်က ထွက်ပြေးတော့သည်။ ထိုအခါမှစ၍သူသည် ခြေသလုံးအိမ်တိုင်ပြုကာ တနေရာမှတနေရာသို့ သွားလာ ရှာဖွေစားသောက်ရတော့သည်။ ထိုအတွေ့အကြုံများကို သူ၏ “ကျွန်တော်၏ တက္ကသိုလ်များ” စာအုပ်တွင် ဖတ်ရှုကြရသည်။ သူမလုပ်ဖူးသော အလုပ်ဟူ၍မရှိ သ လောက်ပင်။ သူသည် သူခိုး၊ ပြည့်တန်ဆာစသည့် လူ့အောက်လွှာဝင်များနှင့်လည်း ပေါင်းသင်းခဲ့ရသည်။ သူများအိမ်တွင် လုပ်ရသောအခါများ၌ နှိပ်စက်မှုဆို သည်မှာ သူ့အဖို့မဆန်းသောအရာ သာဖြစ်ခဲ့သည်။ ငတ်တလှည့်ပြတ်တလှည့်နှင့် အသက်ရှင်ရင်း တနေ့၊ သူအသက် ၂၁ နှစ် အရွယ်တွင် သူ့ကိုယ်သူ သေနတ် နှင့်ပစ်သေရန် ကြိုးစားခဲ့ဖူးသည်။ သေတော့မသေ။ သို့သော် အဆုပ်ကိုဖောက်ထွက်သွားသဖြင့် တီဘီရောဂါဖြစ်ကာ ထိုရောဂါကသူ့ကိုသေသည်အထိ ဒုက္ခပေး သွားသည်။
သူသင်္ဘောပေါ်၌ အလုပ်ကြမ်းလုပ်နေစဉ် စာနာတတ်သော ထမင်းချက်တဦးက သူ့ကိုစာသင်ပေးခဲ့သည်။ ထိုပညာနှင့်ပင် သူသည်တော်စတွိုင်း၊ ချက်ကော့ဗ်တို့နှင့် အပေါင်းအသင်းဖြစ်ကာ ဆိုဗီယက်စာပေထုတ်ဝေရေးဌာန၏ တာဝန်ခံဖြစ်လာခဲ့သည်။
သူသည် လေးကြိမ်မျှအဖမ်းခံရကာ တရပ်တကျေးသို့ နယ်နှင်ဒဏ်လည်းခံရဖူးသည်။ သူသည် ၁၉၀၅ခုနှစ်တော်လှန်ရေးတွင် တက်တက်ကြွကြွပါဝင် ခဲ့သည်။ သူ့ဘ၀တသက်တာမှာ ရုရှားနိုင်ငံတွင် ပေါ်ပေါက်သော နိုင်ငံရေးလှုပ်ရှားမှုတိုင်းတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။ သူသည်လန်ဒန်၌ ကျင်းပသော ပထမအကြိမ်မြောက် ဘော်လ်ရှီဗစ်ပါတီကွန်ဂရက်ကိုတက် ရောက်ကာ အမေရိကန်သို့တကူးတကန့်သွား၍ အလုပ်သမားများအတွက် ရံပုံငွေကောက်ခံ ဖူးသည်။ သူ့ခရီးစဉ်ကိုစီစဉ်သူများတွင် အမေရိကန်စာရေးဆရာများဖြစ်သော မာခ်တွိန်း၊ ဂျက်လန်ဒန်၊အာ့ပ်တန်ဆင်ကလဲယား စသူတို့ပါဝင်သည်။
‘အမေ’ စာအုပ်ကို အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ်ထုတ်လိုက်တော့ နယူးယောက်တိုင်းသတင်းစာက ဤသို့ဝေဖန် သုံးသပ်သည်ကိုတွေ့ရ သည်။ “စာဖတ်သူကို ထိုတော်လှန်ရေးသမား အစုလေးနှင့်တရင်းတနှီး ပေါင်းမိသွားစေသည်။ ထို့နောက်တွင် အမေနှင့်အတူ သူစာရွက်စာတန်းတွေဖြန့်ရာနောက် က ကောက်ကောက် လိုက်ပါနေမိတော့သည်။ သူကမှတဆင့် သူ့လူတွေကို နားလည်ယူရသည်။”
ပါလာဂွေရာဗလာဆော်ဗာဆိုသော ဤမိခင်မျိုးကမ္ဘာမှာ မည်မျရှိသနည်။ တကယ် ကောရှိရဲ့လား။ ဂေါ်ကီက စိတ်ကူးယဉ်ပြီး ဖန်တီးလိုက်လို့သာ ပေါ်ပေါက်လာတာလား။ မကြုံဖူးသူများအဖို့ တွေးတောစရာရှိသည်။ သို့သော် ဗမာပြည်ကဲ့သို့ အစိုးရဖိနှိပ်မှုကို ရာစုနှစ်တ၀က်ကျော် ဖြတ်သန်းခဲ့သည့်နိုင်ငံတွင်မူ ဤ ‘အမေ’ မျိုးပေါင်းများစွာကို တွေ့ဖူးခဲ့ကြပေပြီ။ ရှစ်လေးလုံးအရေးအခင်းကို ဖြတ်သန်းခဲ့သူများတွင်လဲ ဤလိုအမေမျိုးတွေရှိကြသည်။ ဒေါက်တာမောင်မောင်က မီးဖိုချောင်ထဲကလူတွေမပါသေးဘူးလို့ စိမ်ခေါ်လိုက်တော့ ဤအမေမျိုးတွေထောင်နှင့်သောင်းနှင့် လမ်းပေါ်ကိုတက်လာကြသည်။ ဂေါ်ကီ၏အမေသည် ရုရှားနိုင်ငံ ကအမေမဟုတ်။ တကမ္ဘာလုံးမှ အမေဖြစ်သည်။
ရဲဘော် ဖိုးသံချောင်း
မှတ်ချက်။ ။ဆရာရဲဘော်ဖိုးသံချောင်း (၂၀၀၇) ခုနှစ် တွင်ရေးခဲ့သောဆောင်းပါးအားပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။
Read More...
Wednesday 12 December 2007
မုန်တိုင်း
မီဒီယာတွေက စကားရောင်း စကားဝယ်လုပ်ကြတယ်
တခါတရံမှာတော့လည်း
စကားရောင်း စကားဝယ်လုပ်တယ်ဆိုတာ
အဓိပ္ပါယ်ရှိပါတယ်။
အလကားပါ
ဘယ်သူရေးဆွဲပေးတဲ့ မြေပုံကိုမှ
သူတို့မယုံကြည်ပါဘူး၊
လူထုဟာ
သူ့တို့လျှောက်ရမယ့်လမ်းအတွက်
ကိုယ်ပိုင် မြေပုံရှိတယ်။
လူထုဟာ အကြောက်တရားဖိစီးနေတယ်
လူထုဟာ စားဝတ်နေရေးကိစ္စပဲ လုံးပမ်းနေရတယ်
လူထုဟာ နိုင်ငံရေးကို စိတ်မ၀င်စားနိုင်တော့ဘူး
တဲ့လား …
ကျနော်တို့ သည်းခံရပေါင်းများပြီ
လူကြီးမင်းဆိုသူများ ဝေးရာသွားနေကြပါ။
သေချာလာတယ်
ကြည်ရှင်းတောက်ပလာတယ်
လူထုဟာ သမိုင်းကို ဖန်တီးတယ်
သမိုင်းဟာ အညှာတာကင်းတယ်
ပဋိပက္ခရှိမှ တိုးတတ်တယ်။
ဒါဟာ
သူသေ ကိုယ်ရှင် တိုက်ပွဲဖြစ်တယ်
လှိုင်းတံပိုးတွေပြင်းထန်တယ်
တိုက်ရဲသူတွေရဲ့ရှေ့မှာ
စစ်အုပ်စုဟာ ဒူးထောက်ရလိမ့်မယ်။
ညိုထက် (လမ်းသစ်ဦး)
Read More...
Monday 10 December 2007
တော်လှန်သော ပြည်သူ့သူရဲကောင်းများ
“သူရဲကောင်း”
‘သူရဲကောင်း’နှင့် ‘သူရဲကောင်းဝါဒ’ ဟူသော ဝေါဟာရ နှစ်ရပ်မှာ အဓိပါယ်မတူပါ။ တချို့က သူရဲကောင်းဝါဒကို မနှစ်သက်ကြပါ။ သူတို့က သူရဲကောင်းဝါဒသည် တကိုယ်ကောင်း ဆန်သည်။ တကိုယ်တော် စွန့်စားမှုဖြစ် သည်ဟု
ဆိုပါသည်။ အချို့ကဆို သူရဲကောင်းဝါဒကို မိုက်ရူးရဲဆန်သည်ဟုပင် ဆိုပေသည်။ ဂျပန်သူရဲကောင်းဝါဒ ‘ဘူ ရှီဒို’ စိတ်ဓာတ်ကို သူတို့မကြိုက်ကြပါ။
သို့သော် ခြွင်းချက်တော့ ရှိပေမည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အခြေအနေနှင့် အချိန်အခါကို လိုက်၍ အသက်စွန့် ကြိုးပမ်းရသော သူရဲကောင်းများ ရှိပါသည်။ သူတို့၏ လုပ်ရပ်သည် ကြောင်းကျိုး ဆီလျော်ပြီး ဆင်ခြင်တုံတရားနှင့်လည်း ကိုက်ညီနေသည်ကို တွေ့ရပေမည်။
မည်သို့ဖြစ်စေ သူရဲကောင်းဝါဒဟု ဆိုလိုက်လျှင် တချို့က ဂယက်အနက်ကို မကြိုက်ကြပါ။ Bad sense အ နက်ဆိုး ထွက်သည်ဟု ယူဆကြပါသည်။
သို့ရာတွင် ‘သူရဲကောင်း’ တွေကိုတော့ ပြည်သူတွေက နှစ်သက်ကြ ချစ်ကြပါသည်။ ထို့ကြောင့်ပင်လျှင် မြန် မာတိုင်း မြန်မာတိုင်း တွင်တွင် အော်ဆိုခဲ့ရသည့် ‘ဗိုလ်ချုပ်အောင်ဆန်း’ သီချင်းထဲတွင် … ‘ကျနော်တို့ မြန်မာပြည်ဝယ် … မိဘတိုင်းကကွယ် … ဗိုလ်အောင်ဆန်းလို … သူရဲကောင်းတွေ မွေးရမယ် …’ ဟူ၍ ထည့်သွင်း ရေးဖွဲ့ထားသည် မဟုတ်လား။
ယခုအချိန်မှာကား မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းလို၊ ဒေါ်အောင်ဆန်းစုကြည်လို သူရဲကောင်းတွေ အမြောက်အမြား လိုအပ်နေသော အခါသမယလည်း မဟုတ်ပါလား။
“ပြည်သူ့သူရဲကောင်း”
တော်လှန်ရေးများသည် သူရဲကောင်းများကို မွေးဖွားပေးပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ချက်နိုင်ငံ နာဇီဟစ်တလာ လက်အောက်သို့ ကျရောက်သွားစဉ်က ဖြစ် သည်။ နာဇီဖက်ဆစ်များကို ခုခံဆန့်ကျင်ကြသည့် ချက်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကြီးတွင် သတင်းစာဆရာ ‘ဂျူးလိယက်ဖူးချစ်’ကို မွေးဖွားလိုက်ပါသည်။ ဖူးချစ်သည် နာဇီဂက်စတာပို အကျဉ်းထောင်ထဲတွင် လူမဆန်အောင် နှိပ်စက်ညှဉ်းပန်း ခံခဲ့ရပါသည်။
နာဇီစစ်ဗိုလ်က ဖူးချစ်ကို ဖြောင့်ချက်ပေးခိုင်းသည်။ ‘မင်းလိမ္မာစမ်းပါ၊ ခေါင်းမမာစမ်းပါနဲ့’ဟု ဆိုသည်။ ထိုအခါ ဖူးချစ်က …
‘ငါ့အဘိဓာန်ထဲမှာတော့ လိမ္မာခြင်းဆိုတာ သစ္စာဖောက်ခြင်းပဲ’ ဟူ၍ ပြန်ပက်လိုက်ပါသည်။
ဖူးချစ်ကို သူတို့ ကြိုးပေး သတ်လိုက်ကြပါသည်။ သို့သော် ချက်ပြည်သူတို့၏ နှလုံးသားထဲတွင် ဖူးချစ်မသေပါ။
အလားတူ ဗီယက်နမ် စစ်ပွဲကာလတုန်းက တောင်ဗီယက်နမ် နိုင်ငံတွင်လည်း သူရဲကောင်းတဦး ထွန်းကားခဲ့ ပါသည်။ သူကား ‘ငုယင်ဗန်ထရွိုင်း’ ပင်တည်း။ ဗန်ထရွိုင်းသည် စက်ရုံအလုပ်သမား တယောက်ဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်နာမားရားကို ဗုံးဖောက်ခွဲ သတ်ဖြတ်ရန် ကြံစည်မှုဖြင့် အဖမ်းခံ လိုက်ရသည်။
သူ့ကို ဆိုင်ဂုံ ရုပ်သေးအစိုးရက နှိပ်စက်ညှဉ်းပန်းသည်။ သူ့ဇနီး ဖန်သီကြူရင်နှင့် များပြီး ဖြောင့်ချက်ပေးခိုင်း သည်။ ဗန်ထရွိုင်းက မပေးပါ။ အသေခံသွားပါသည်။
ဗန်ထရွိုင်းကို သေဒဏ် စီရင်သည့်နေ့က သူ့ကိုသေနတ်နှင့် မပစ်ခင် သူ့မျက်လုံးတွေပေါ်က စည်းထားသော အ၀တ်စကို ဖယ်ပေးဖို့ အာဏာပိုင်များထံ တောင်းဆိုသည်။ ဗန်ထရွိုင်းသည် သူ့မြေကို မမှိတ်မသုန် ကြည့်ရင်း သေနတ်ပြောင်းတွေကို ရင်ကော့ စိန်ခေါ်လိုက်သည်။ သေနတ်သံတွေ ဆူညံစွာ ထွက်ပေါ်လာပြီး ယမ်းငွေ့တွေ ပြယ်မသွားခင် ဗန်ထရွိုင်းသည် ‘သမ္မတကြီး ဟိုချီမင်း အဓွန့်ရှည်ပါစေ’ဟု ကြွေးကြော် သွားခဲ့ပါသည်။ ထိုမြင်ကွင်းကို ကြည့်နေကြသော နိုင်ငံခြား သတင်းထောက်များ မျက်ရည်ဖြိုင်ဖြိုင်ကျ ငိုကြွေးခဲ့ကြပါသည်။
ဗီယက်နမ် စစ်ပွဲကြီးပြီး၍ နောင်နှစ်ပေါင်း အစိတ်ကျော်ကျော် ကြာသည့်အချိန်တွင် မက်နာမားရားက ‘ဗီ ယက်နမ် စစ်ပွဲမှာ အမေရိကန်တို့၏ အမှားဖြစ်ပါသည်’ဟု ၀န်ခံခဲ့ပါသည်။
ငုယင်ဗန်ထရွိုင်း မမှားပါ။ ပြည်သူ့ဘက်က ရပ်တည်သော သူရဲကောင်းများမှာ ဘယ်တော့မှ မမှားပါ။
“တော်လှန်သော ပြည်သူ့သူရဲကောင်း”
ယနေ့ ဗဟုဝါဒခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကမ္ဘာကြီးတွင် အရှေ့ဖြစ်ဖြစ် အနောက်ဖြစ်ဖြစ် ဘယ်နိုင်ငံ ဘယ်လူမျိုးက ဖြစ်ဖြစ်၊ လူငယ်ထုကြီးသည် ‘ချေဂွေဗားရား’ ဆိုသော သူရဲကောင်းတယောက် အကြောင်းကို ကောင်းကောင်း သိကြပါသည်။ လေးစားမြတ်နိုး တန်ဖိုးထားကြပါသည်။
ထိုလူငယ်များသည် ချေဂွေဗားရားကို သိမီလိုက်ကြသူများ မဟုတ်ကြပါ။ သူတို့ ရှေ့အထက် မျိုးဆက်နှစ်ဆက် သို့မဟုတ် သုံးဆက်ကျော်က သူရဲကောင်းတယောက်ကို ယနေ့ခေတ် လူငယ်တွေက ဘာကြောင့် စွဲလန်း ဂုဏ် ယူကြတာပါလဲ။
ချေမှာ ၁၉၆၀ပြည့် တ၀ိုက်က ကျူးဘားလွတ်မြောက်ရေး၊ ဘိုလီးဗီးယား လွတ်မြောက်ရေး တိုက်ပွဲများတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့သော အာဂျင်တီးနား နိုင်ငံသား ဆရာဝန်တဦး ဖြစ်သည်။ ၁၉၆၇တွင် ဘိုလီးဗီးယား စစ်အစိုးရတပ်က ချေကို ပစ်သတ် ဖမ်းဆီးခဲ့ကြပါသည်။
သို့ရာတွင် ချေသည် မသေပါ။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက အမျိုးသားလွတ်မြောက်ရေး ပြောက် ကျားတိုက်ပွဲများတွင် ချေ၏ ၀ိညာဉ်က လမ်းပြနေခဲ့ပါသည်။
မနေ့တနေ့ကတော့ ဘိုလီးဗီးယားနိုင်ငံ ကျေးရွာတခုအနီးတွင် မြှုပ်နှံထားသော ချေဂွေဗားရား၏ အရိုးစုကို တွေ့ရှိတူးဖော်ပြီး ကက်စထရိုကိုယ်တိုင် ကျူးဘားနိုင်ငံမြို့တော် ဟာဗာနာတွင် မြှုပ်နှံ ဂုဏ်ပြုခဲ့ပါသည်။
ချေသည် ကွန်မြူနစ် တယောက်၊ ပြောက်ကျား တယောက်၊ နိုင်ငံတကာဝါဒီ တယောက်။
သို့သော် ယနေ့လူငယ်ထုက သူ့ကို လေးစားကြသည်မှာ ထိုအချက်များကြောင့် မဟုတ်။ လူငယ်တွေက ချေကို လေးစားသည်မှာ ချေ၏ ‘ကိုယ်ကျိုးစွန့် အနစ်နာခံမှု’ ကြောင့်သာ ဖြစ်သည်ဟု ဆိုပါသည်။
ယနေ့မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် တော်လှန်သော ပြည်သူ့သူရဲကောင်းများ လိုအပ်နေပြီ ဖြစ်ပါကြောင်း။
အောင်ဝေး
ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူသည်။
Read More...
Sunday 9 December 2007
ရိုင်ဖယ်သေနတ်နှင့် ဆရာဝန်
(၁)
မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တယောက်အား ဆီးကြို၍ ထွေးပွေ့ထားခဲ့သည်မှာ ကြာပြီ။ သူကျဆုံးခဲ့သည့် ၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှ။ နှစ်ပေါင်း (၄၀) ရှိလေပြီ။
သူကား ဆရာဝန်တဦး။ သို့သော် သူကား မောင်းပြန်ရိုင်ဖယ် သေနတ်ကိုသာ ကိုင်၏။
“လူတယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်” သူပြောခဲ့သည့် စကားဖြစ်၏။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့က ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်းဖြစ်၏။
(၂)
၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီ ဟူသည်အား အတည်ပြုနိုင်သည်က အောက်တိုဘာလ (၁၅) ရက်နေ့မှဖြစ်သည်။ ကျူးဘားသမ္မတ ရဲဘော်ကြီး ဖီဒယ် ကက်စထရိုမှ အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းမှ ဖြတ်၍ယူလာခဲ့သည့် လက်မောင်းရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အား ကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည် ပြုခဲ့ရခြင်းဖြစ်သည်။ သူ၏အလောင်းကိုမူ မတွေ့ခဲ့ကြရ။ နှစ်ပေါင်း (၃၀) အထိ ပျောက်ဆုံးနေခဲ့၏။ ၁၉၉၇ ခုနှစ် ဇူလိုင်လ (၁၂) ရက်တွင်မှပင် သူ၏ ရုပ်အလောင်းအား မြေ၀သုန်အတွင်းမှ ပြန်လည် တူးဖော်ရရှိတော့၏။
ဘိုးလီးဗီးယားနိုင်ငံ “ဗယ်ရီဂရန်ဒေသ” လေယာဉ်ကွင်းငယ်လေး အနီးမှ ဖြစ်သည်။ ကျင်းငယ်အတွင်း၌ ရုပ်အလောင်း အရိုးစု (၇)စုအား တွေ့ရ၏။ အရိုးစု အမှတ် (၂)က လက်မောင်းရင်းမှနေ၍ လွှနှင့် တိုက်ဖြတ်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံး မရှိ။ ဒီအင်အေ စစ်ဆေးမှုပြု၍ အတည်ပြုနိုင်ခဲ့၏။
သူ ...။
သူကား နှစ်ပေါင်း (၃၀) ကြာမှပင် ကျူးဘားနိုင်ငံ “ဆန်တာကလာရာမြို့” ရှိ သူ၏ ဂူဗိမာန်
အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့၏။
(၃)
သူနှင့် ပတ်သက်၍ သူ့ဝန်းကျင်၏ မှတ်ချက်အမြင်များမှ သူ့အား တွေ့ရမည်။ ပြင်သစ်အတွေးအခေါ် ပညာရှင် “ယန်ပေါဆတ်” က သူ့အား “ကျနော်တို့ခေတ်ရဲ့ အပြီးအပြည့်အစုံဆုံး လူသား” ဟူ၍ မှတ်ချက်ပေး၏။ အမေရိကန်နိုင်ငံ မေရီလင်းအင်စတီကျူ က သူ့အား “ကမ္ဘာပေါ်တွင် နာမည် အကျော်ကြားဆုံး ၂၀-ရာစု ၏ သင်္ကေတတခု” ဟု သတ်မှတ်၏။ သူ၏ ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုကမူ သူ့အား“သူဟာ သူ့ရဲ့ အကျင့်စာရိတ္တ၊ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ အလုပ် လုပ်ရာမှာ စိတ်အားထက်သန်မှုတွေကို ထားရစ်ခဲ့တာဖြစ်တယ်။ တခွန်းတည်း အတိုချုပ် ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာဖြစ်တယ်”
(၄)
သူ့အား အားဂျင်တီးနားနိုင်ငံ၏ မြို့တော် “ဗွေနိုဇာရီမြို့” မှ မိုင် ၁၀၀ ကျော်ဝေးသည့် “ရိုစာရီယိုမြို့”
တွင် မွေးဖွားခဲ့၏။ “ရိုစာရီယိုမြို့” က “ပါရာနာ” မြစ်၏ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသည့်မြို့
ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲ အေးခဲ၍ နေသည်။
သူကား ၁၉၂၈ ခုနှစ် ဇွန် (၁၄) ရက်နေ့ဖွားဖြစ်သည်။ မောင်နှမ (၅) ယောက်အနက် အကြီးဆုံး ဖြစ်သည်။ ဖခင် အာနက်စ်စတို ဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာ တဦးဖြစ်ပြီး မိခင်က စီလီယာ ဆာနာဖြစ်၏။ သူကား ငယ်စဉ်က ချူချာ၏။ ပန်းနာရင်ကြပ်သည်တဦး။ အေးလျှင် ပန်းနာဝေဒနာက ထပြီ။
ပန်းနာရင်ကြပ်ရောဂါ ရှိပေမယ့် သူကား အားကစားဖက်တွင်လည်း ထူးချွန်ခဲ့၏။ “ရဂ္ဂဘီပွဲ” များ
တွင် ခပ်ကြမ်းကြမ်း ကစားတတ်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ် သင်ပေး၏။ စစ်တုရင် ကစားနည်း သင်ပေး၏။ သူသည် စစ်တုရင် ကစားရာတွင်လည်း ထူးချွန်သူတဦး ဖြစ်ခဲ့သလို သေနတ်ပစ်ရာတွင်လည်း…။
(၅)
သူက ငယ်စဉ်ကပင် စာအုပ်ပုံအကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဖခင်၏ ကိုယ်ပိုင် စာကြည့်ခန်းတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်ရှိ၏။ စာကြည့်တိုက်ငယ်လေး တခုပမာ။ “ဂျက်လန်ဒန်” ၊ ”“ဂျူးလဘန်း”၊ “ဆစ်ဂမန်ဖရိုက်”၊ “ဘာထရန်ရပ်ဆဲလ်” တို့အား ငယ်စဉ်ကပင် ဖတ်ခဲ့ရ၏။
သူက ကဗျာကိုလည်း အရူးအမူး စွဲလန်း၏။ “ပက်ဘလိုနီရူးဒါ” ၏ ကဗျာများအား အာဂုံဆောင် နိုင်သည်အထိ ဖတ်ခဲ့၏။ ဖခင်က လက်ဝဲ၀ါဒီ တဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ သူ လေ့လာခွင့်ရခဲ့၏။
(၆)
၁၉၄၇ ခုနှစ်တွင် သူ “ဗွေနိုဇာရီး” တက္ကသိုလ်တွင် ဆေးပညာ သင်ယူခဲ့သည်။ ထိုတက္ကသိုလ်မှပင် ဒေါက်တာဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ ခုနှစ်တွင် သူသည် ဆေးတက္ကသိုလ် တက်နေရင်း ခွင့်ယူ၍ သူငယ်ချင်းတဦးနှင့် အတူ မော်တော်ဆိုင်ကယ် တစီးနှင့် လက်တင်အမေရိကတိုက်တလွှား ခရီးနှင်၏။ ချီလီသို့ ရောက်၏။ ချီလီမှသည် ပီရူး၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ထိုမှ ဗင်နီးဇွဲလား...။
ဤခရီးစဉ်မှ သူသည် လက်တင်အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု၊ လူတန်းစား မညီမျှမှုများအား တွေ့ခဲ့သည်။ ဤခရီးစဉ် အကြောင်းအား သူကိုယ်တိုင် စာပြန်ရေး၏။ “မော်တော်ဆိုင်ကယ် ဒိုင်ယာရီ” ဟူ၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့၏။ စရေးသည်မှာ စပိန်ဘာသာနှင့် ဖြစ်သည်။ နောက်ပိုင်း
တွင်မူ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုစာအုပ်အားမှီး၍ ရုပ်ရှင် ပြန်ရိုက်၏။
(၇)
၁၉၅၃ ခုနှစ်တွင် အာဂျင်းတီးနား အစိုးရက ဆရာဝန်များအား အတင်းအကျပ် အမှုထမ်းခိုင်း၏။ သူက လူတယောက်ချင်း ခံစားနေရသည့် ဝေဒနာအား မကုသချင်။ ဤတွင် သူသည် အာဂျင်းတီးနားမှ တိမ်းရှောင် ထွက်ခဲ့တော့၏။
ပီးရူး၊ အီကွေဒေါ၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွား၊ ဟွန်ဒူးရပ်စ်၊ အဲလ်ဘာလဗာဒို၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ ရောက်၏။ မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့် တွေ့၏။ ပေါင်းမိ၏။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား “၂၆ J” ရဲဘော်များဟု ခေါ်ကြသည်။ ဖီဒယ်ကက်စထရိုတို့၏ “၂၆ J” ရဲဘော်များက ကျူးဘား အာဏာရှင် “ဖူလ်ဂျင်စီယို ဘာတစ္စတာ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ။
မက္ကဆီကိုတွင်ပင် “၂၆ J” ရဲဘော်များနှင့်အတူ သူ စစ်သင်တန်း တက်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှူးကြီးဟောင်းတဦး။ သင်တန်းမှူး ဗိုလ်မှူးကြီးဟောင်း “အယ်ဘာတိုဘေးယို”က မှတ်ချက်ပြု၏။ “သူသည် သင်တန်းသားများ အားလုံးအနက် အထူးချွန်ဆုံး ဖြစ်သည်” ဟူ၍။
(၈)
၁၉၅၆ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် “၂၆ J” ရဲဘော်များနှင့်အတူ သူသည် ကျူးဘားနိုင်ငံသို့ ၀င်ခဲ့ကြ၏။ Gramma အမည်ရှိ မော်တော်ငယ် တစီးနှင့်။ မိုင် ၁၃၀ ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ကြ၏။ ရဲဘော်ရှစ်ကျိပ်နှင့် တယောက်။ ဓားကောက်သဏ္ဍာန် ကျူးဘားကျွန်းပေါ်သို့ ရောက်၏။ မကြာ ကျူးဘား အာဏာရှင်တပ်များနှင့် တိုက်ပွဲများ ဖြစ်သည်။ တိုက်ပွဲအဖြေက မကောင်း။ သူတို့ဘက်မှ ရဲဘော် (၆၉) ယောက် ကျဆုံးကုန်၏။ သူ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော်(၁၂)ယောက်သာ ကျန်တော့၏။
အငတ်ငတ် အပြတ်ပြတ်။ ကြံခင်းများအတွင်း ပုန်းနေကြ၏။ ကြံများ စုတ်ရင်းသာ အာဟာရ ဖြည့်နေ ကြရသည်မှာ ရက်သတ္တပတ်ခန့် ကြာ၏။ ဤမှ သူတို့ အာဏာရှင်အား ပြန်တိုက်၏။ မောင်းပြန်ရိုင်ဖယ် (၁၂) လက်။ လူ (၁၂) ယောက်နှင့်။
(၉)
ကျူးဘားနိုင်ငံ “ဆီအဲယားမေထရာ” တောင်တန်းများပေါ်မှာ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောက်၏။ သူပုန်စခန်း ဖွင့်၏။ အောင်မြေ။
သူသည် ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများ ဖွင့်၏။ စာသင်ကျောင်းများ တည်ထောင်၏။ ဤတွင် သူသည် မောင်းပြန်ရိုင်ဖယ်အား လက်မှကိုင်ရင်း လူထုအား ဆေးကုသ၏။ လူတယောက်ချင်း၏ ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ ခံစားနေရသော ဝေဒနာကိုလည်း ကု၏။ လူထုမှ ထောက်ခံလာသည်။ တော်လှန်ရေးသည် မြင့်တက်၍ လာ၏။ ဒီလှိုင်းများသဖွယ် အားနှင့် မာန်နှင့်၊ အဆုံး၌ ကျူးဘား အာဏာရှင်အစိုးရ ကျဆုံးရ၏။
(၁၀)
ကျူးဘား တော်လှန်ရေးတွင် ကျူးဘားမဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယ သြဇာအာဏာ အရှိဆုံးပုဂ္ဂိုလ် ဖြစ်လာ၏။ ကျူးဘားနိုင်ငံ၏ ပြန်လည်ထူထောင်လုပ်ငန်းများတွင် အဓိက တာဝန်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတက်ရာတွင် သူသည် စီးပွားရေးရာအပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိုင်ငံသုံး ငွေစက္ကူပေါ်၌ သူ့လက်မှတ်ထိုးပေးရ၏။
ထိုစဉ်က GATT (ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ အထွေထွေ သဘောတူညီချက်အဖွဲ့) အစည်းအဝေးပွဲများသို့ သူတက်ရောက်ခဲ့ရသည်။ သံလွင်ရောင် စစ်ဝတ်စုံ၊ ပြောက်ကျား ယူနီဖောင်းနှင့် ...။
(၁၁)
၁၉၆၂ ခုနှစ်ကား စစ်အေးတိုက်ပွဲ အရှိန်အမြင့်မားဆုံး ကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နျူကလီးယားစစ်ပွဲများ ဖြစ်လေမည်လား။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်၏။
(၁၂)
၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ် မတ်လအထိ သူသည် နိုင်ငံတကာ ခရီးစဉ်များသွား၍ သံခင်း တမန်ခင်းများအား ခင်းကျင်း၏။ ပြင်သစ်၊ အီဂျစ်၊ အယ်ဂျီရီယား၊ ဂါနာ၊ ဂီနီ၊ မာလီ၊ ဒါဟိုမီ၊ ကွန်ဂို၊ အိုင်ယာလန်နှင့် တရုတ်ပြည်သစ်နိုင်ငံများသို့။
ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန်ဖြစ်သည်။ သူက သဘောတရားအရတွင် “မော်” တို့နှင့် တူ၏။ ဤအတိုင်းပင် သူ့ခရီးစဉ်များအတွင်း ပြောဆိုဆွေးနွေး၏။ ကျူးဘားခေါင်းဆောင်တဦး ပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ကြ၏။ ဤတွင် သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကို မနှစ်မြို့တော့။ သူတို့ ညီအစ်ကိုက “ခရူးရှော့”နှင့် နီးစပ်သူ။ သူခရီးစဉ်အပြီး “ဟားဗားနား” သို့ ပြန်ရောက်၏။ ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုနှင့် သူ၏ဆက်ဆံရေးက အေးအေးစက်စက်။ မကြာ သူ ကျူးဘားမှ ပျောက်သွားခဲ့တော့၏။ အားလုံးအား စွန့်လွှတ်၍ ...။
(၁၃)
အာဖရိကတိုက်ရှိ ကွန်ဂို-ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်း သူ သေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိက တောနက်ကြီးအတွင်း ပြောက်ကျားစစ် ဆင်နေတော့၏။ ရာသီဥတုက ဆိုးသည်။ ထိုစဉ်က သူအသက်သည် (၃၈) နှစ်ခန့်ရှိပြီ။ ပန်းနာရင်ကျပ် ဝေဒနာက ပြန်ထ၍လာပြီ။ ဆိုးဆိုးဝါးဝါး။
မရတော့။ သူ အနားယူရသည်။ အနားယူစဉ် ကာလအတွင်း “ကွန်ဂို ဒိုင်ယာရီ” အား ရေးခဲ့သည်။ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံများ။
(၁၄)
ထို့နောက် သူသည် ဘိုလီးဗီးယားအစိုးရအား တော်လှန်ရန် ဘိုလီဗီးယားသို့ ထွက်ခဲ့၏။ သူနှင့် ရဲဘော် (၁၇) ယောက်။ ဗီယက်နမ် ရဲဘော်များလည်း ပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ။ ၁၉၆၇ ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင် သူနှင့် ရဲဘော်များ ဘိုလီးဗီးယားနိုင်ငံ ယူဂို(ချူရီ) တောင်ကြားအတွင်းသို့ ၀င်ခဲ့ကြ၏။ ရိုင်ဖယ် သေနတ်များနှင့်။
ချောင်းရိုးငယ်အား ဖြတ်ကြ၏။ ဤတွင် ၀ိုင်းဝန်းပစ်ခတ်မှုအား သူတို့ ရုတ်တရက် ခံလိုက်ကြရ၏။ သူ ဦးဆောင်သည့် ပြောက်ကျားများ ဘိုလီးဗီးယား စစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီ။ အကျအဆုံးက များသည်။ သူလည်း ထိ၏။ ဆုတ်၍ မရ။ တက်၍ မရ။ နောက်ဆုံး သူ ဘိုလီးဗီးယား စစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။
(၁၅)
၁၉၆၇ ခုနှစ်အောက်တိုဘာလ (၉)ရက်နေ့။
ဘိုလီးဗီးယားနိုင်ငံ၏ မြို့တော်နှင့် ဝေးကွာလွန်းသည့် “ဗယ်လီဂရန်ဒေမြို့” လေယာဉ်ကွင်းငယ်၏ အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့် စစ်သုံ့ပန်းတဦးအား နောက်ပြန် လက်ထိပ်ခတ်၍ ထားသည်။ လက်ထိပ်ခတ် ခံထားရသည့် စစ်သုံ့ပန်းသည် ဘိုလီးဗီးယား စစ်သားများ၏ အရှေ့၌ မတ်မတ်ရပ်၍ နေသည်။ စစ်သားများက စစ်သုံ့ပန်းအား မောင်းပြန် ရိုင်ဖယ်သေနတ်များနှင့်ချိန်ထား၏။ စစ်သုံ့ပန်းက စစ်သားများအား သူ၏ စူးရှသော မျက်လုံးများနှင့် ကြည့်၏။
အမိန့်သံထွက်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍ သွားသည်။ ယမ်းညှော်နံ့တို့က လေယာဉ်ကွင်းအနီး မွှန်၍နေသည်။ စစ်သုံ့ပန်းသည် တဖြေးဖြေး ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ခန္ဓာကိုယ်အနှံ့မှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ဘိုလီးဗီးယား စစ်သားများက သွေးအလူးလူးနှင့် လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့်တိုက်၍ ဖြတ်ကြ၏။ ထိုနောက် လေယာဉ်ကွင်း အနီးတွင်ပင် လက်မပါသော ခန္ဓာကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။
(၁၆)
မပုပ်မသိုးရန် ဆေးရည် စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယားအစိုးရမှ ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုထံသို့ ပို့လိုက်၏။
၁၉၆၇ ခုနှစ် အောက်တိုဘာလ (၁၅)ရက်။
ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့် သိ၏။ သူနှင့် တော်လှန်ရေးများအတွင်း လက်တွဲခဲ့သည့် လက်များ။ မလွဲနိုင်။ သူ…။ သူ …။
“အာနက်စ်တို ဂွေဗားရား ဒီလာဆနာ” သို့မဟုတ် “ချေ”။
ချေ ဟူသည်က …..စပိန် ဘာသာအရ “ ရဲဘော်၊ ရဲဘက်” ဟူ၍ ဖြစ်သည်။
“မြေ၀သုန်ရေ ...
ဂုဏ်ပြုအပ်တဲ့
ဧည့်သည်တယောက်ကို
ဆီးကြိုပေတော့ ...”
(အော်ဒင်)
ရွှေအိမ်စည်
(ခေတ်ပြိုင်အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြပါသည်)
Read More...
ငါတို့ကို ဒီမိုကရေစီပြန်ပေး
(၁)
တက္ကသိုလ်ကျောင်းသားတဦးရဲ့
ဖျောက်ထားခံရတဲ့ သမိုင်းမှာ
သစ်ပုတ်ပင်ကြီးပါတယ်
သွေးစွန်းခဲ့တဲ့ အင်းလျားကန်ဘောင်ပါတယ်
ဖြိုချခံခဲ့ရတဲ့ တကသ အဆောက်အဦးလည်းပါတယ်။
ကျောင်းသားတို့ရဲ့
ကိုယ့်သမိုင်းကိုယ်ရေးခွင့်
ဘယ်လောက်ဖြင့် ဆုံးနေရဦးမှာလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၂)
သံဃာတော်တပါးရဲ့
ခြေမွခံလိုက်ရတဲ့ ပုံရိပ်မှာ
စစ်ဖိနပ်ဒဏ်ရာနဲ့ ကျောင်းသင်္ခမ်းကိုတွေ့တယ်
တားမြစ်ခံထားရတဲ့ ဆွမ်းချိုင့်လေးတွေတွေ့တယ်
ရွတ်ဆိုခွင့် မရတော့တဲ့
မေတ္တာပို့ ဆုတောင်းသံကိုလည်းတွေ့တယ်။
ဘယ်လောက် ဖောက်ပြန်ပိုးထိုး
ခေတ်ဆိုးကြီးများပါလိမ့်
ဘုရားသားတော်တွေရဲ့ ဘဝ
သင်္ကန်းရုံမှ
ပိုပြီး မလုံခြုံရတဲ့အဖြစ်
ရင်နင့်စရာ ကောင်းလှချည့်။
အခုခင်းကျင်းနေတဲ့ အမိုက်ဇာတ်
ဘယ်တော့များ ရပ်ပါ့မလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၃)
သာမန်ပြည်သူတယောက်ရဲ့
ဖျက်သိမ်းခံခဲ့ရတဲ့ ဘဝမှာ
မှတ်ပုံတင်ပြစရာ မလိုတဲ့
လွတ်လပ်စွာ ကိုးကွယ်ခွင့်ပါတယ်
အကြောက်တရားမဲ့ ပြောဆိုခွင့်ပါတယ်
အချုပ်အခြယ်မဲ့ စည်းရုံးခွင့်လည်းပါပါတယ်။
နောက် ဘယ်လောက်ကြာကြာ
အကျဉ်းချထားဦးမှာလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၄)
သာမန်စစ်သားတယောက်ရဲ့
မက်ခွင့်မရတဲ့ အိပ်မက်တွေထဲမှာ
နေ့တိုင်း ရွတ်နေရပြီး
ဘယ်တော့မှ ဦးထိပရရွက်ခွင့်မရခဲ့တဲ့
သစ္စာလေးချက်ကို တွေ့တယ်
ဖယ်ရှားခံထားရတဲ့
ပြည်သူနဲ့ တသားတည်း ဖြစ်ခွင့်ကိုတွေ့တယ်။
အခုဖြင့်
ပြည်သူကို သေနတ်ပြောင်းချိန်ဖို့သာ
အမိန့်ပေးခံထားရတဲ့
မလူးသာ မလွန့်သာဘဝ
ဘယ်တော့မှ ကုန်ဆုံးနိုင်မှာလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၅)
ရဟန်းပြည်သူ
ကျောင်းသူကျောင်းသား
စစ်သားမကျန်
မြန်ပြည်တဝှမ်း
ဘဝဂ်လွှမ်းအောင်
အစွမ်းရှိသမျှ
ဟစ်ကြွေးကြလော့ …။
“ငါတို့ကို
ဒီမိုကရေစီပြန်ပေး”
“ငါတို့ကို
ဒီမိုကရေစီပြန်ပေး”
“ငါတို့ကို
ဒီမိုကရေစီပြန်ပေး”
သံပြိုင်ဟစ်ဆို
ထိုတောင်းဆိုသံ
ပြည်လုံးညံကာ
ဤတခါမူ
ရန်သူဟူသမျှ
တောထုတ်နိုင်ကြပါစေသတည်း ။ ။
ဒေါင်းတမန်
ဒေါက်တာလွဏ်းဆွေဘလော့မှကူးယူသည်။
Read More...
မြူးနစ်ရဲ့ထာဝရ နှင်းဆီဖြူများ
မနေ့ညနေခင်းနှောင်းပိုင်းတုံးက ကျနော်နှင်းဆီဖြူ တပွင့်ကိုတွေ့ခဲ့တယ်၊ လူတွေကပြော နေကြ တယ်၊ နှင်းဆီဖြူတွေဆိုတာ သေခြင်းတရားကို ကိုယ်စားပြုတဲ့အရာပါတဲ့၊ တကယ်တော့ဗျာ၊ သေခြင်းတရားရယ်၊
ချစ်ခြင်းမေတ္တာရယ်၊ နုပျိုမှုဆိုတာတွေရယ်ဟာ တခုတည်းပါ၊ သေခြင်း တရားဆိုတာက ငယ်ရွယ်နုပျိုမှုထက်၊ အမြဲတန်းရှင်းလင်းတောက်ပနေတဲ့သိသာ ထင်ရှားတဲ့ အရာမို့လား၊ ဆိုတော့ နှင်းဆီဖြူဆိုတာ သူရဲ့သင်းရနံ့တွေနဲ့၊ နူးညံ့အပြစ်ကင်း ဖြူစင်မှုတွေနဲ့ ထာဝရနုပျိုနေမှုကို ကိုယ်စားပြုနေတဲ့ အဓိပ္ပါယ်ကိုဆောင်နေတယ်၊
ဒုတိယကမ္ဘာစစ်အတွင်း၊ဂျာမဏီမှပေးစာများ မှ
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က အက်စစ်မိုးမှုန်တွေကျနော်တို့ဘ၀တွေကို မတိုက် စားခင် ကိုခင်ဝမ်းရဲ့နှင်းဆီဖြူရဲ့ အဝေးကလူတယောက်သီချင်းကို ညလုံးပေါက်ဂစ်တာဝိုင်း တွေနဲ့ နိုးထနေတဲ့သမိုင်းဆောင်တွေမှာ၊ ကွဲရှခံစားခဲ့ဘူးကြပါတယ်၊ အနုပညာတွေနဲ့ ရှင်သန် ခဲ့ရတဲ့ရက်တွေဟာ အကုသိုလ်တွေနည်းသလို၊ မိတ်ဆွေစစ်စစ်တွေနဲ့ နေထိုင်ခဲ့ရတဲ့ရက်တွေ ကလည်း ဆွတ်ပျံ့ဘွယ်အောက်မေ့နေဆဲမို့ ပြည်ပမှာမြင်ကွင်းတွေကိုအာရုံနှောက်လာတဲ့အခါ၊ တခါတုံးက ဆိုဗီယက်အာဏာရှင်တွေလက်အောက်မှာ ပြိုကွဲသွားတဲ့ နိုင်ငံတွေဆီက ပြည်သူ တွေ ဖန်ဆင်းထားတဲ့အနုပညာသစ်တွေ၊ တေးဂီတသစ်တွေ၊ နိုင်ငံရေးနောက်ခံစာအုပ်တွေ၊ သူတို့ ဘ၀ရဲ့အပြောင်းအလဲတွေ၊ စစ်အတွင်းကဂျာမဏီမိန်းမတွေအပေါ် ရက်ရက်စက်စက် ပြုကျင့်ခဲ့ တဲ့ရုရှားလူမျိုးတွေရဲ့စရိုက်တွေအပေါ် တုံ့ပြန်ရေးသားခဲ့တဲ့ ပေးစာတွေ၊ စစ်ရှုံး ဂျာမဏီရဲ့ လှမ်းခဲ့ရတဲ့ခရီးတွေ၊ ဖတ်ကြည့်ခံစားလိုစိတ်တွေ ချဉ်ခြင်းတတ်နေခဲ့ပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင်စာ အုပ်လေး(၂) အုပ်ကို သွားဖတ်ဖြစ်တယ်။ (The White Rose) ဆိုတဲ့ဂျာမန်ကျောင်းသားလှုပ်ရှားမှု သမိုင်းစာအုပ်လေး တအုပ်နဲ့နောက်တအုပ်က (The Stalingrad) ဆိုတဲ့ ရုရှားလူမျိုးတွေ ရက်ရက်စက်စက် တိုက်ပွဲဝင်ခဲ့တဲ့စစ်သမိုင်းစာအုပ်ပါ၊
ဟစ်တလာကိုဆန့်ကျင်ခဲ့တဲ့မောင်နှမ တတွေထဲကမသေပဲကျန်ရစ်ခဲ့တဲ့ နှင်းဆီဖြူအဖွဲ့ဝင် တ ယောက်ဖြစ်တဲ့ ရှိုး (Inge School) လို့ခေါ်တဲ့အမျိုးသမီးတယောက်က ပြန်ရေးထားတဲ့ (The White Rose) စာအုပ်လေးကိုမိတ်ဆက်ပေးချင်ပါတယ်၊ ခုရက်တွေမှာ ကိုယ်ယုံယုံကြည်ကြည် ကိုး ကွယ်လာတဲ့အစိုးရအဖွဲ့တွေ၊လူတွေကိုပုံကန်တဲ့ ဇာတ်လမ်းမျိုးတွေကိုစိတ်ဝင်တစား ရှာ ကြည့် နေခဲ့ရင်း တိုက်တိုက်ဆိုင်ဆိုင်သွားဖတ်ဖြစ်ခဲ့ပါတယ်၊ (စစ်တပ်က ပုန်ကန်မှုတွေကို ကျနော်တို့ ကြားချင်နေလို့ထင်ပါရဲ့) ဟစ်တလာကို အရူးအမူးကိုးကွယ်ခဲ့ပေမဲ့ ဟစ်တလာနဲ့ နာဇီပါတီရဲ့ ခြေလှမ်းတွေကိုသိလာပြီး၊ ပြတ်ပြတ်သားသားဆန်ကျင်ဖို့ ကြိုးစားခဲ့ကြတဲ့၊
ဟစ်တလာလူငယ်တပ်ဖွဲ့က ကျောင်းသား၊ သူတွေရဲ့လှုပ်ရှားမှုအကြောင်းပါ၊ သူတို့ကို “နှင်းဆီဖြူ” အုပ်စုလို့သိကြပါတယ်၊ သမိုင်းမှာ ဟစ်တလာကြောက်တဲ့၊ မကြည့်ချင်လောက် အောင်မုန်းတဲ့ ပန်းပွင့်တခုရှိတယ်ဆိုတာ အဲ့ဒီ လူငယ်တွေကြောင့်ပါလားလို့ သဘောပေါက် လိုက်မိတယ်၊ တကယ်လို့ ဖတ်ဘူးပြီးသားစာအုပ်တအုပ်ဆိုရင်လည်း ကျနော်တို့စာမျက်နှာ တွေကိုကျော်ချလိုက်ပါ၊ အကြောင်းအမျိုးမျိုးကြောင့် ဖတ်ခွင့်မကြုံတဲ့ လူတွေအားလုံးအတွက် အတွေးလေး တခုလောက်ကျနော်တို့မျှကြည့်ချင်ပါတယ်၊
အပိုင်း(၁)
“ကျုပ်တို့အသံတွေက ငြိမ်သက်နေမှာမဟုတ်ဘူး၊ ကျုပ်တို့က ခင်ဗျားတို့အတွက်တော့ မနားတမ်းပြန်ဝဲနေမဲ့လိပ်ပြာဆိုးတွေပါ၊ နှင်းဆီဖြူတွေက ခင်ဗျားတို့ကိုငြိမ်းချမ်းနေတဲ့ ဘ၀ တွေထဲမှာထားရစ်ခဲ့မှာမဟုတ်ဘူး” ဂျာမဏီနိုင်ငံမြူးနစ်တက္ကသိုလ်ရဲ့ပင်မ ခန်းမဆောင်ထဲက စတုရမ်းပုံစံဒီဇိုင်အဆောက်အဦတခုဟာဆေးတက္ကသိုလ်ကျောင်းသားတချို့နဲ့ဒဿနိကပါမောက္ခ တယောက်ကိုဂုဏ်ပြုထားတဲ့ သင်္ကေတတခုလို့လူတိုင်းလေးမြတ်စွာနားလည်ခဲ့ကြတယ်၊ သူတို့ခြောက်ယောက်ကို ဟစ်တလာရဲ့ဂက်စတာဘိုတွေက ဖမ်းဆီးပြီးခေါင်းဖြတ်သတ် ခဲ့ကြ တယ်၊ ဟစ်တလာမကြည့်ချင်လောက်အောင်မုန်းတဲ့ နှင်းဆီပန်းတွေကိုသူတို့ကဖန်ဆင်းခဲ့ တယ်၊ အမေရိကနဲ့တခြားနိုင်ငံက တက္ကသိုလ်တွေ၊ (အထူးသဖြင့် တက္ကဆပ်တက္ကသိုလ်)၊ တေးဂီတအဖွဲ့တွေမှာ “နှင်းဆီဖြူ လူ့အဖွဲ့အစည်း” ဆိုတဲ့ဝေါဟာရဟာ သူတို့ကိုဂုဏ်ပြုထားတဲ့ အဖွဲ့အစည်းတွေပါ၊ ဂျာမဏီရဲ့သူရဲကောင်းများလို့ လေးမြတ်ခံရတဲ့ သူတို့အတွက်တက္ကသိုလ် တွေမှာ ထောင်ချီပြီးဝေတဲ့နှင်းဆီဖြူ လှုပ်ရှားမှုတွေ၊ “ငါတို့ဟာငြိမ်သက်နေမှာမဟုတ်” စာ တန်းပါတဲ့တီရှပ်တွေကိုဝတ်ပြီးလှုပ်ရှား နေကြတဲ့ကျောင်းသားတွေဟာ ငြိမ်းချမ်းရေးလှုပ်ရှားမှု တွေဆီထိပါဝင်ပတ်သက်နေကြပါတယ်၊ နာဇီဂျာမဏီစစ်ရှုံးတာလူတိုင်းသိပေမဲ့ ဟစ်တလာကို ဂျာမန်လူထုကလည်းမထောက်ခံခဲ့ဘူး၊ ဟစ်တလာရဲ့လူငယ်တပ်တွေကအစ ပုန်ကန်ခဲ့ကြတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောခဲ့တဲ့ သမိုင်းတွေက နည်းပါးခဲ့တယ်၊ နိုင်ငံတနိုင်ငံကိုကျူးကျော်တိုင်း
“ကျနော်တို့မိတ်ဆွေအဖြစ် လာခဲ့တာပါ၊ ခင်ဗျားတို့ကို စော်ကားဖို့မဟုတ်ပါဘူး” ဆိုတဲ့ဟစ်တလာရဲ့စကားကို ဂျာမန်ပြည်သူတွေကိုယ်တိုင်ကအစ
မယုံကြတော့ဘူး၊ အထူးသဖြင့် ပညာတတ်အသိုင်းအ၀ိုင်းနဲ့၊ ဟစ်တလာလူငယ်တပ်က ကျောင်းသားတွေက သူတို့စဉ်းစားမိသလောက်
ဆန့်ကျင်အာခံဖို့ကြိုးစားခဲ့ကြတယ်၊ ဟစ်တလာသတ်ဖို့ကြိုးစားတဲ့ ပိုးလစ်ရှ် ဂျူးတွေ (Polish Jews) ကိုဖွက်ပေး၊ အန္တရာယ်ကလွတ်အောင်စောင့်ရှောက်ကြနဲ့၊ ၁၉၄၀ ကာလတွေဆီကိုပြန်သွားကြည့်မိတယ်၊
ခြေရာ(၁)
နှင်းတွေ အေးစက်သိပ်သည်းစွာ၊ ဖွေးဖွေးစွတ်ကျနေသည့် ဂျာမဏီနိုင်ငံ၊ မြူးနစ် . ၁၉၄၀ ကာလများ၊ ဆိုရှယ်လစ်စစ်ချီကြွေးကြော်သံတွေ၊ မာကြောပြတ်သားမှုတွေနှင့် စူးရှပြောင်လက်နေသော မျက်လုံးများထဲမှာ ဂျာမဏီပြည်ကိုမိုးကောင်းကင်ထိ
ဆွဲတင်ပစ်ရမယ်ဆိုသော မျှော်လင့်ချက်အပြည့်ပါသည့်ရင်ခုန်သံတွေ၊ လူတိုင်းအလုပ်အကိုင်ရှိနေစေရမယ်၊ အစာရေဆာပြည့်စုံနေစေရမယ်၊ အဆင့်အတန်းမြင့်တဲ့လူအဖွဲ့အစည်းကိုကမ္ဘာလောကကြီးကမြင်ကြရမှာဖြစ်တယ် ဆိုသည့် ဟစ်တလာ. မိန့်ခွန်းတွေကြားမှာ လူတွေတက်ကြွရဲရင့်နေကြသည်၊ အသက် (၁၀) နှစ်ကနေ (၁၄) နှစ်အထိတအုပ်စု၊ အသက် (၁၅) နှစ်ကနေ (၂၀) ကျော်သူတွေအတွက်တစု၊ ဟစ်တလာလူငယ်တပ်ဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့ချုပ်တွေဆီမှာ ဆယ်ကျော်သက်အရွယ်တွေ၊ စာရင်းပေးပြီးလမ်းမတွေပေါ်မှာ အေးခဲနေသည့်လေထုကို မှုတ်ထုတ်ရင်းသိချင်းဆိုနေကြ သည်၊ နှလုံးသားကကောင်းကင်ဆီမှာ၊ စိတ်ကူးဆံနွယ်စတွေက သုခဘုံဆီမှာချည်နှောင်ထား ကြသည်ဟုထင်မှတ်မှားနေကြသည်၊-- ကမ္ဘာမှာဘယ်လူမျိုးမှ ဂျာမန်ပြည်သူတွေလောက် မမြင့်မြတ်ဆိုသည့် ဆိုရှယ်လစ်အစွန်းရောက် ခေါင်းဆောင်တယောက်က သူတို့နိုင်ငံကိုကြေကွဲမှု.အစွန်းဆီတွန်းချပစ်တော့မည်ဆိုတာကိုသူတို့သဘောမပေါက်ခဲ့ကြ၊
“ကျနော်ကတော့သံသယတွေကြီးလာတာအမှန်ပဲ၊ ဒီ--ဟစ်တလာဆိုတဲ့ခေါင်းဆောင်သစ်က အာဘောင်အာရင်းသန်သန်နဲ့ပြောသာနေတာ၊ သူလုပ်နေတာတွေက စစ်လက်နက်ထုတ်လုပ် မှုတွေကို တစထက်တစတိုးမြင့်လာတာရယ်၊ စစ်တန်းလျားတွေသာဆောက်နေတာပဲတွေ့ နေရတယ်၊ တိုင်းပြည်စည်းပွားရေးကိုဘယ်လိုစီမံခန့်ခွဲမယ်ဆိုတဲ့စိတ်ကူးတွေ တခုမှမတွေ့ရ ဘူး”ကျနော်တို့ရင်ဆိုင်ခဲ့ရတာဘယ်လောက်ခက်ခဲမလဲဆိုတာခင်ဗျားတို့စဉ်းစားကြည့်ပေါ့၊
တခါမှအာဏာရှင်စနစ်ကိုမကြုံခဲ့ဘူးတဲ့ပြည်သူတွေ နာဇီပါတီအာဏာရလာမှပဲ တသွေးတ သံတမိန့်ကိုကြုံခဲ့ရတော့တယ်၊
ဟစ်တလာရဲ့(Third Reich) ဥပဒေအရ၊ သူ့ကိုဟာသလုပ်ပျက်လုံးထုတ်တဲ့ ကောင်တွေကို သုတ်သင်ပစ်ဖို့အမိန့်ပေးထားတာဆိုတော့ ဂျာမန်ပညာတတ် ၅၀၀၀ ကျော်လောက်သတ်ဖြတ် ခံခဲ့ရတယ်၊ တိုင်းပြည်အာဏာကို ဟစ်တလာရဲ့လက်ထဲအပ်လိုက်ပြီးကတည်းက တိတ်တခိုး ဝေဖန်သံတွေ၊ မနှစ်မြို့သံတွေ၊ စစ်ပွဲတွေကြားမှာအတွေ့အကြုံများစွာဖြတ်သန်းခဲ့တဲ့ပညာတတ် တွေကြားမှာဇောကြောမေးခွန်းထုတ်စရာအဖြစ်အပျက်တွေရှိနေခဲ့ပါတယ်၊ဒါပေမဲ့သူတို့ရင် ဆိုင်နေရတဲ့အကြီးမားဆုံးပြဿနာက သူတို့ရဲ့ဆယ်ကျော်သက်ကလေးတွေကအစ ဟစ်တလာက ဖမ်းစားသိမ်းသွင်းနိုင်စွမ်းရှိခဲ့ပါတယ်၊ ဟစ်တလာက သူတို့ရဲ့သူရဲကောင်း၊ ဂျာမဏီပြည်သူတွေအတွက်အနာဂတ်မှာ အလုပ်တွေကိုဖန်တီးပေးဖို့ အတွက်စက်ရုံတွေကို
ဆောက်လုပ်ပေးနေတာလို့ယုံကြည်နေခဲ့ကြပါတယ်၊ ဒါကြောင့်လည်း ဟန်ရှိုးလ်နဲ့မောင်နှမ (၃) ယောက်လုံးက သူတို့အဖေ ရောဘတ်ရှိုးလ်ရဲ့ဝေဖန်မှုတွေကို “ဟာ အဖေကလည်း မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့မြင့်မြတ် တဲ့ခေါင်းဆောင်ကြီးက ကျနော်တို့ကိုရဲရင့်လှပတဲ့ အနာ ဂတ်ဆီ ကိုခေါ်ဆောင်ဖို့ကြိုးစားနေတာပါ၊ ဒီစက်ရုံတွေဆောက်လိုက်တော့ လူတွေအ လုပ်ပိုရတာပေါ့”လို့ပြန်တုန့်ပြန်ခဲ့ကြပါတယ်၊ သူတို့ကိုယ်တိုင်သွားပြီးဟစ်တလာရဲ့လူငယ်အဖွဲ့ တွေ၊ အမျိုးသမီးအဖွဲ့ချုပ်တွေဆီတက်တက်ကြွကြွဝင်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်၊ လူငယ် အဖွဲ့တွေဆီက လက်ရွေးစဉ်ကျောင်းသားတွေကို နာဇီပါတီ ကေဒါတွေအဖြစ် ဟစ်တလာက ချီးမြောက်လေ့ရှိတော့၊ ထောက်လှမ်းရေး၊ ဂက်စတာဘိုအုပ်စုတွေရဲ့ ယုံကြည်ကိုးစားမဲ့နေ့ရက် တွေကိုစောင့်စားခဲ့ကြပါတယ်၊
အပိုင်း (၂)
၁၉၄၂ ဂျွန်လ (၂၂) ရက်မှာ ဟစ်တလာနဲ့ သူ့ရဲ့ဖက်စစ်တပ်တွေကဆိုဗီယက် ပြည်ထောင်စု ကိုဝင် ရောက်ကျူးကျော်တိုက် ခိုက်တယ်၊ (၁) စတာလင်ဂရက်ဆိုတာ အဲ့ဒီတုံးကစက်မှု မြို့တော်တခုဆီကို အလုံးအရင်းနဲ့ချီတက်နေတဲ့ကာလ၊ ကက်စပီယံပင်လယ်နဲ့ ရုရှားတွေ အတွက်အရေးကြီးတဲ့လမ်းပမ်းဆက်သွယ်ရေးလမ်းကြောင်း၊ ရေနံတွင်းတွေကြွယ်ဝ တဲ့နေရာ၊ (၂) တပြိုင်တည်းမှာပဲ အဲ့ဒီဒေသကလူတွေစတာလင်အပေါ်မှာ ပျင်းရိစိတ်ပျက်နေတယ်ဆိုတဲ့ကောလဟာလလိုသတင်းကိုဟစ်တလာကကြားနေခဲ့တယ်၊ (၃) ဂျာမဏီ နယ်ချဲ့မှုနယ်နမိတ်မျဉ်းတွေလုံခြုံမှုအတွက် ရုရှားရဲ့နယ်မြေတချို့ကိုသိမ်းပိုက်မှဖြစ်မယ်၊ ဆိုတော့—ဒီအချက် (၃) ချက်ကို ကိုင်ပြီး ဂျာမဏီ က စတာလင်ဂရက်ကို သိမ်းဖို့ကြိုးစားတယ်၊ ပြဿနာက ဆိုဗီယက်ခေါင်းဆောင်“စတာလင်” ဆိုတဲ့နာမည်ဘာကြောင့် ပေါ်လာတယ်ဆိုတာ ဟစ်တလာအပါအ၀င်၊ ဂျာမဏီက ဗိုလ်ချုပ်တွေ
သိပုံမရဘူး၊ တကယ်တမ်း စတာလင် ရဲ့နာမည်အရင်းက Iosif Vissarionovich Dzhugashvili သူ့ရဲ့သံမဏီလိုမာကျောတဲ့ ဆုံးဖြတ်ချက်တွေ၊ မြို့သိမ်းတိုက်ပွဲတွေကြောင့်၊ သံမဏိ (စတာလင်) လို့ဆိုဗီယက်တွေက ဂုဏ်ပြုပြီးခေါ်ခဲ့ကြသလို စတာလင်ကိုယ်တိုင်ကလည်း နှစ်နှစ်ကြိုက်ကြိုက်သုံးစွဲခဲ့တယ်၊ စတာလင်က၊ ဟစ်တလာ ရဲ့တချက်ခုတ်၊ (၃) ချက်ပြတ်အကြံကိုသိတယ်၊
ဒါကြောင့်လည်း စစ်ပွဲမစခင်ကတည်းက ဂျာမန်တွေကြိုက်မဲ့အားနည်းချက်တွေကိုအကုန်ဟာကွက်မရှိအောင်ပြင်ဆင်တယ်၊ သူကလည်း စစ်ပွဲကိုနိုင်အောင်ခုခံနိုင်ခဲ့ရင် သူ့ကိုပျင်းနေတဲ့သူတွေကို သူဘာလည်းဆိုတာ တုန်လှုပ်သွားအောင် ပြသချင်ပုံရတယ်၊
စတာလင်ဂရက်မှာနေတဲ့ကလေးတွေ၊ မိန်းမတွေကအစ၊ မြို့ကိုထွက်ပြေးသွားခွင့်မပေးခဲ့ဘူး၊
အားလုံးအနည်းဆုံးရိုင်ဖယ်သေနတ်နဲ့ပြန်ပစ်ဖို့ပြင်ဆင်ခိုင်းထားတယ်၊ မြို့ကိုမကျဆုံးဖို့အတွက် အသေခံကာကွယ်ရမယ်လို့အမိန့်ပေးထားခဲ့တယ်၊မြို့ကိုစွန့်ခွာထွက်ပြေးဖို့ကြိုးစားသူတွေကို သစ္စာဖောက်ဆိုပြီးပစ်သတ်ခိုင်းတယ်၊
ဒါကြောင့်လည်း သမိုင်းမှာ ခြောက်လအတွင်းလူပေါင်း တသန်းခွဲသေကြေခဲ့တဲ့ အကြမ်းတမ်းဆုံးစစ်ပွဲတခုကိုကြုံတွေ့ခဲ့ရတာပေါ့၊ (စတာလင်ဂရက်တိုက်ပွဲက ၁၉၄၂ သြဂတ်လကနေ ၁၉၄၃ ဖေဖေါ်ဝါရီလအထိဖြစ်ခဲ့တယ်)
ဂျာမန်တွေ၊ ဆိုဗီယက်တွေရဲ့ ထောင်ခြောက်အောက်မှာ အလူးအလဲခံလိုက်ရတော့တယ်၊ မြို့တခုလုံးရဲ့၈၀ ရာခိုင်နှုန်းကျော်က ဂျာမန်တွေပက်ပက်စက်စက်ဗုံးကြဲတာကြောင့် ရစရာမရှိတော့လောက်အောင် ပျက်စီးသွားပေမဲ့၊ စတာလင်က ရုရှားရဲ့အအေးစက်ဆုံး
ဆောင်းရက်တွေကိုစောင့်တယ်၊ မြို့ထဲမှာ ဂျာမန်တပ်တွေကျွံဝင်လာအောင်မျှားခေါ်တယ်၊ နောက်တော့—ဆောင်းမုန်တိုင်းစစ်ဆင်ရေး၊
(Operation Winter Strom)၊ ယူရေးနတ်(စ်)စစ်ဆင်ရေးနဲ့ မာန်နတ်စစ်ဆင်ရေး (Operation Satan) တွေကို ပြန်ထိုးစစ်ဆင်တယ်၊ အစာရေဆာဖြတ်တောက်ခံရမှု၊ ရာသီဥတုပြင်းထန်မှုတွေနဲ့အတူ ကျနော်တို့ဂျာမန်တွေ ရောဂါတွေရ၊ ရက်စက်တဲ့ခံစစ်တွေ
အောက်မှာတဖြုတ်ဖြုတ်ကြွကုန်ကြတယ်၊ ဆိုဗီယက်တပ်တွေနဲ့ဂျာမန်တွေကွာခြားမှုက၊ စတာလင်ဟာသူရဲ့စစ်တပ်ကို မျှော်လင့်ချက်နဲ့ရှင်သန်နေစေမဲ့ ၀ါဒ ဖြန့်စာတွေကိုဆက်တိုက်ဖန်တီးခဲ့တယ်၊
သူရဲကောင်းတွေအကြောင်းကို နောက်လူတွေလေးစားပြီး သူတို့လိုလမ်းကြောင်းမှာ လျောက်လှမ်းနိုင်ဖို့အတွက်၊ အားပေးမြောက်စားတဲ့ အစီအစဉ်အရပ်ကို နီကီတာခရူးရှက်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်၊
အဲ့ဒီတုံးက နှင်းဆီဖြူအဖွဲ့ဝင်ဖြစ်တဲ့ ဂျာမန်ဆေးတက္ကသိုလ်ကျောင်းသားတွေက၊ ရုရှားနဲ့တိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာတွေဆီကို ဆေးမှူးတွေအဖြစ်
၃ လသွားပြီးတာဝန်ထမ်းရတယ်၊ သူတို့တတွေစစ်ရဲ့အနိဌာရုံတွေကို သဘောပေါက်သွားသလို၊ ဂျာမဏိဟာစစ်ရှုံးတော့မယ်ဆိုတာသိနေတယ်၊ တပြိုင်နက်ဟစ်တလာဟာသူ့ရဲ့ပါဝါအတွက်လူတွေအားလုံးကိုရင်းပစ်ဖို့ဝန်မလေးဘူးဆိုတာကိုသဘောပေါက်သွားတယ်၊ အပြန်မှာသူတို့ရေးသားဖြန့်ဝေတဲ့လက်ကမ်းစာစောင်တွေက သိတ်အားပါပြီးလူထုကိုရှင်းရှင်းလင်းလင်းဖွင့်ချတိုက်ပွဲဝင်ဖို့နိုးဆော်ခဲ့ကြတယ်၊
ခြေရာ(၂)
“အဆိုးဆုံးကတော့ ကျနော်တို့ကို နိုင်ငံခြားကလာတဲ့တေးဂီတတွေ နားမထောင်ရဘူး၊ ဂျာမန် တွေရဲ့အနုပညာဖန်တီးမှုလောက်ဘယ်အရာမှ မမြင့်ဘူးလို့ပြောနေတဲ့ အရာရှိတွေပဲ၊ ရုရှား သီချင်းတွေဆိုပိုလို့ဝေးရော့ပေါ့၊ ဟစ်တလာအမုန်းဆုံး လူမျိုးက ဂျူးတွေနဲ့ကွန်မြူနစ်တွေ ဖြစ်ပြီး၊ အမုန်းဆုံးဘာသာဗေကိုပြပါဆိုရင်ရုရှားဘာသာစကား ကထိပ်ကပါတာပေါ့၊ ပိုထူးဆန်းတာက ကျနော်တို့အရင်ကတည်းက နှစ်နှစ်သက်သက်ကိုင်ဆွဲနေတဲ့ လူငယ်တွေရဲ့အလံ တွေကိုကိုင်ဆောင်ခွင့်မပေးတော့တာပဲ၊ သူတို့ဝါဒဖြန့်မှုတွေသာနားထောင်ရမယ်၊ သူတို့ခိုင်းတဲ့ အရာ ကလွဲလို့အရာအားလုံးကိုဖျက်ဆီးပစ်ရမယ်ဆိုတဲ့သဘောပေါ့၊ တရက်ဗျာ(၁၂)နှစ်အရွယ် ကောင်လေးတယောက်ကသူနှစ်သက်တဲ့အလံလေး၊ ကိုင်ပြီးသီချင်းဆိုနေတာကို ဂျာမန်စစ် ဗိုလ်တယောက်က အတင်းလွှင့်ပစ်ခိုင်းတယ်၊ သီချင်းဆိုတာကိုလည်းရပ်ခိုင်းတယ်၊ ကောင် လေးက နားမထောင်တဲ့အခါ၊ စစ်ဗိုလ်က ရိုက်နှက်မလို့ လျောက်လာတာကို ကျနော်မြင်တော့ ပြေးသွားပြီး အဲ့ဒီဗိုလ်ကို ဖြတ်ထိုးပစ်လိုက်တယ်၊ အဲ့ဒီနေ့က ဟစ်တလာလူငယ်အဖွဲ့နဲ့ ကျနော် နောက်ဆုံးဇာတ်လမ်းပြတ်တဲ့နေ့ပဲ၊”
စစ်ရဲ့အနိဌာရုံကိုသိသွားတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတွေ၊ ဟစ်တလာရဲ့ရူးသွပ်နေတဲ့ ဆန္ဒ ကိုသိသွားတဲ့ ဆေးမှူးတွေ၊
ရှေ့တန်းစစ်မျက်နှာတွေကပြန်လာလာချင်း ၁၉၄၂ အလည်လောက်ကတည်းက လက်ကမ်း စာစောင်တွေစတင်ရေးသားတော့တယ်၊ ဆေးတက္ကသိုလ်ကျောင်းသား ဟန်ရှိုးက ရေးသားပြီး၊ သူငယ်ချင်းတွေအတူ ညီမဖြစ်တဲ့ဇီဝဗေကျောင်းသူ ဆိုဖီရှိုးက လိုက်ပြီးဖြန့်ဝေတယ်၊ သူတို့ရဲ့ လက်ကမ်းစာစောင်တွေထဲမှာ စိတ်ဓာတ်ဝိညည်နဲ့ မျှော်လင့်ချက်ဆိုတဲ့ အားပြင်းထန်တဲ့အယူ အဆတွေကိုထည့်သွင်းရေးသားထားတယ်၊ သူတို့ရဲ့ပထမဆုံးထုတ်တဲ့လက်ကမ်းစာစောင် မှာ
“ အသူတရာနက်တဲ့ချောက်ထဲကနေ သူဟာထင်ထင်ရှားရှား မြင့်တက်လာပေမဲ့
သံမဏိစိတ်ဆန္ဒတွေ ကောက်ကျစ်မှုတွေ နဲ့ ကမ္ဘာကြီးရဲ့တခြမ်းလောက်ကိုသိမ်းပိုက် ထားနိုင် ခဲ့ပေမဲ့၊ သေချာတာတခုက အဲဒီ-ချောက်ထဲကိုပဲသူပြန်သွားရမှာပါ၊ ခက်ထန်ကြမ်းတမ်းတဲ့မာန တွေနဲ့ သူကခုခံနေပေမဲ့၊ ထိတ်လန့်စိတ်ပျက်ကြောက်မက်ဘွယ်တွေက သူ့ကိုဝါးမျိုသွားပြီးပပြီ၊ သူနဲ့အတူရပ်ခဲ့တဲ့သူတွေအားလုံးလည်းပျက်စီးကုန်ကြတော့မှာပါ။
မျှော်လင့်ချက် ဆိုတဲ့အဆုံးသတ်လက်ကမ်းစာစောင်ထဲမှာတော့ “ အမှောင်ထဲမှာ လူကောင်း တွေကိုငါတို့ရှာခဲ့တယ်၊ အိပ်ပျော်နေတာမဟုတ်တဲ့ ငြိမ်သက်မှုတွေထဲမှာလွတ်မြောက်မှု ရဲ့ တောက်ပ၀င်းလက်နေတဲ့စကားလုံးတွေကို ခပ်တိုးတိုးရေရွတ် စောင့်မျှော်နေမိတယ်။
မြူးနစ်မှာကျောင်းတက်နေတဲ့ ဆေးတက္ကသိုလ်ကျောင်းသားဟန်ရှိုးဟာ နာဇီပါတီနဲ့ ဟစ်တလာဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ဗဟိုဖြစ်လာတယ်၊ သူ့နောက်ကွယ်မှာ နိုင်ငံရေးအတွေး အခေါ်တွေအားဖြည့်ပေးတဲ့ပုဂ္ဂိုလ်က ဒဿနိကပါမောက္ခ (Kurt Kubre)
ခြေရာ (၃)
“မှတ်မှတ်ရရ၊၁၉၄၃ ရဲ့ဆောင်းရာသီမှာပေါ့၊ ဂျာမဏီအမျိုးသမီးအဖွဲ့ချုပ်မှာဝင်ရောက်လုပ်ကိုင် နေတဲ့ ကျောင်းသူတွေသူတို့အိပ်မက်တွေဆွဲဆုတ်ခံလိုက်ရပြီဆိုတာ သဘောပေါက်လိုက်ကြ တယ်၊ ဘဗီရီယာခရိုင်တာဝန်ခံဗိုလ်ချုပ်က မြူးနစ်တက္ကသိုလ်ကိုရောက်လာပြီး မိန့်ခွန်းပေး တယ် “မိန်းမတွေဟာ၊ စာသင်ကြားနေမှုအပေါ်မှာ အချိန်ဖြုန်းနေမဲ့အစား၊ ဂျာမဏီ တပ်မတော်အတွက် နောက်မျိုးဆက်ကလေးတွေကိုမွေးပေးသင့်တယ်၊ ဆန့်ကျင်ဘက်လိင် အပေါ်ဆွဲဆောင်မှုအားနည်းတဲ့အမျိုးသမီးတွေအတွက် သူ့နားမှာကိုယ်ရံတော်အဖြစ်နေဖို့ စီစဉ် ပေးမယ်” လို့တိတိလင်းလင်းပြောလာတယ်၊၊ ကျောင်းသူတွေက သူရဲ့မိန့်ခွန်းကိုဆက်နားမ ထောင် တော့ပဲအခန်းအပြင်ကိုထွက်ဖို့ကြိုးစားတဲ့အခါ ဂက်စတာဘိုထောက်လှမ်းရေးတွေက ၀ိုင်းဖမ်းလိုက်ကြတယ်၊ ဒါပေမဲ့ နှင်းဆီဖြူလူငယ်တွေရဲ့လှုပ်ရှားမှုဟာ ကျောင်းတွေထဲမှာ ကောင်းကောင်းအမြစ်တွယ်နေပြီဆိုတာကိုလည်းသူတို့သဘောပေါက်နေကြတယ်၊ကျောင်းသူ တွေအားလုံးနီးပါး အာဏာဖီဆန်ဖို့ကြိုးစားတော့ ဂက်စတာဘိုတွေနဲ့ ရုန်းရင်ဆန်ခတ်ထိပ် တိုက်တိုးမိကြတော့တယ်၊ ကျောင်းသူ (၈၀) နီးပါးအဖမ်းခံရတယ်၊ ဘာပဲဖြစ်ဖြစ် မြူးနစ် တက္ကသိုလ်ဟာ ဟစ်တလာကိုဆန့်ကျင်တဲ့ နေရာတခုဖြစ်တယ်ဆိုတာ သမိုင်းကသက်သေခံ လိမ့်မယ်၊
ဂျာမန်တွေဟစ်တလာ သဘောထားကိုရိပ်စားမိသွားပြီ၊ နာဇီဂျာမဏီကိုအဆုံးသတ်ဖို့ လှုပ်ရှား မှုတွေဆက်တိုက်ပြုလုပ်လာကြတော့သည်၊ နှင်းဆီဖြူကျောင်းသားတွေ သမိုင်းမှာနာမည်ကြီး ကျန်ရစ်စေမည့် စာစောင်တွေပလူပျံလာသည်၊ စာစောင်နံပါတ်နှစ်မှာ ဟစ်တလာရဲ့ယုတ်မာ ရက်စက်မှုတွေကို ပျင်းရိဘွယ်မသိကျိုးကျွံ ပြုနေတဲ့ပြည်သူတွေကို နှိုးဆော်လိုက်သလို၊ အတွေးအခေါ်ပညာရှင် လာအိုဇူ (Lao_Tzu) ၏ “နိုင်ငံတော်ကိုလက်ဝါးကြီးအုပ်ဖို့ကြိုးစား နေသူဟာ နိုင်ငံတော်ကိုပျက်စီးအောင်လုပ်မဲ့သူဖြစ်တယ်၊ တိုင်းပြည်ကိုသူရဲ့အာဏာအောက် မှာ သွပ်သွင်းဖို့ကြိုးစားနေပေမဲ့၊ သူဟာဆုံးရှုံးလိမ့်မယ်”ဆိုသောအဆိုအမိန့်များကိုထည့်ထား တတ်သည်၊ မြူးနစ်တက္ကသိုလ်ပေါ်တံခါးပေါက်ဝတွေဆီက စာရွက်တွေကိုကြဲချလိုက်ပြီး မကြာ ခင်မှာ ကျောင်းသားယောင်ဆောင်ထားသော ဂျာမန်စစ်ထောက်လှမ်းရေးတွေနဲ့အရာရှိတွေ ရောက်လာပြီး၊ ဆိုဖီရှိုးအပါအ၀င် နှင်းဆီဖြူကျောင်းသားအဖွဲ့ဝင်တွေ ဖမ်းဆီးခံလိုက်ရတော့ သည်၊
၁၉၄၃ ဖေဖေါ်ဝါရီ (၂၂) ရက်မှာတော့ဂက်စတာဘိုတွေ ရက်ရက်စက်စက်နှိပ် စက်စစ်ကြောမှု ကိုခံလိုက်ရပြီးတဲ့နောက် နှင်းဆီဖြူလူငယ်တွေကို ပြည်သူ့တရားရုံးမှာ ခုံရုံးတင်ပြီး ခေါင်းဖြတ် စက်ဖြင့်သတ်ဖြတ်ပစ်ရန် စီရင်ချက်ချခဲ့သည်၊ ဆိုဖီရှိုးကဒဏ်ရာတွေ အပြည့်အသိပ်နှင့် အေး အေးဆေးဆေးပြုံးရင်း တရားသူကြီးအပါအ၀င်၊ ဂျာမန်စစ်ထောက်လှမ်းရေးတွေကို မေးခွန်း တခုမေးလိုက်သံကို တရားရုံးထဲကပြည်သူတွေရှင်းရှင်းလင်းလင်းကြားနေရသည်၊ “ နေပါအုံး၊ ရှင်တို့ကဘာလို့ ဒါ လောက်သူရဲဘောကြောင်နေရတာလဲ၊ ဂျာမဏီစစ်ရှုံးတော့မယ်ဆိုတာကို ပြည်သူကိုအသိပေးလိုက်တော့လေ” တဲ့ ….
နိဂုံး
နှင်းဆီဖြူကျောင်းသားတွေ တကယ်တမ်းထုတ်ခဲ့တာ လက်ကမ်းစာစောင်(၆) စောင်ပဲ ရှိပေမဲ့ အဲ့ဒီ စာစောင်တွေထဲက စာသားတွေ၊ ပြည်သူကိုတပ်လှန့်သံတွေဟာ အင်အားပြင်းထန်ခဲ့ပါ တယ်၊ သူတို့သတ်ဖြတ်ခံခဲ့ရပေမဲ့သူတို့ရဲ့စာတွေကိုဂျာမဏီကနေ အင်္ဂလန်ဆီခိုးထုတ်၊မဟာ မိတ်တပ်တွေကလေယာဉ်နဲ့ ဂျာမဏီပြည်ကမြို့တော်တွေဆီ “မြူးနစ်တက္ကသိုလ်ကျောင်းသား များ.ကြေငြာစာတန်း”အဖြစ်ကျဲချခဲ့ပါတယ်၊ ဟစ်တလာကို ဂျာမန်ပြည်သူတွေကအစလက်မခံ ဘူး ဆိုတာကမ္ဘာကိုပြချင်တဲ့ရည်ရွယ်ချက်တခုလည်းပါမယ်ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြူးနစ်တက္ကသိုလ်ရဲ့ပင်မအဆောက်အဦကို ရောက်ရင်၊ သူတို့ကိုလေးစားဂုဏ်ပြုထားတဲ့ အရာ တွေ၊ “ ငါတို့ဟာငြိမ်သက်နေမှာမဟုတ်” ဆိုတဲ့ နိုင်ငံအသီးသီးဆီပြန့်နှံ့သွားတဲ့စာတန်းတွေ၊ ဂီတနဲ့အသက်ဝင်လိပ်ပြာတွေသယ်ဆောင်လာတဲ့ နှင်းဆီဖြူတွေက ကမ္ဘာကြီးကိုတိတိကျကျ သတင်းပို့နေခဲ့ပါတယ်၊ “သူရဲကောင်းတွေဆိုတာအမြဲနုပျိုနေတဲ့ နှင်းဆီဖြူတွေပါဗျာ”တဲ့
အောင်မိုးဝင်း
စာအုပ်ကိုဖတ်မယ်ဆိုရင် ……. Inge School ရေးတဲ့ The White Rose ကိုဖတ်ပါ
၂၀၀၆ ခုနှစ် နိုင်ငံခြားဘာသာရုပ်ရှင်ကားဆုရတဲ့ Sophie School The Final Days နဲ့ပေါင်းပြီးခံစားလိုက်ရင်တော့ ပိုအရသာရှိမယ်လို့အကြံပေးချင်ပါတယ်။
Read More...
အမျိုးသားနေ့
အင်္ဂလိပ်လိုနေရှင်နယ်ဒေး ဗမာလိုအမျိုးသားနေ့ဆိုတာ နိုင်ငံတနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာ ကိုဖော်ကြူးတယ်လို့ယူဆကြတဲ့နေ့ရက်ကို သတ်မှတ်ကြတတ်တယ်။ တရုတ်အမျိုးသားနေ့ဆို တာ ပီအာစီလို့ အင်္ဂလိပ်လိုသိကြတဲ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့နေ့၊ အမေရိ ကန်တွေအတွက်ကျတော့ သူတို့ရဲ့လွတ်လပ်ရေးနေ့ဟာ အမျိုးသားနေ့ဖြစ်ပြန်ရော။ နောက် တခါ ပြင်သစ်တွေအတွက်ကျတော့ ပြင်သစ်တွေရဲ့ သုံးရောင်ခြယ်အလံမှာ ဖော်ကြူးနေတဲ့ liberty/ equality၊ နောက် fraternity ဆိုတဲ့လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ညီရင်းအကိုစိတ် ဓာတ်ရှိမှုတွေက အကြွင်းမဲ့ဘုရင်စံနစ်ပေါ် အနိုင်ရလိုက်တဲ့နေ့။ ဘုရင်မနှစ်သက်တဲ့စာတွေရေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားလေ့ရှိတဲ့ ဘာစတီးအကျဉ်းထောင်ကို ၀င်စီးတဲ့နေ့။ တနည်းအားဖြင့် အကြွင်းမဲ့စနစ်နဲ့အုပ်စိုးမှုကို မခံနိုင်လွန်းလို့သူပုန်ထတဲ့နေ့ပဲ။ အဲဒီနေ့ ကနေ့ ပြည်သူတွေရဲ့တောင့်တချက်တွေကို ဆောင်ကြဉ်းပေးမဲ့ ပြင်သစ်ပြည်ကြီးမွေးဖွားလာတယ်လို့ ပြင်သစ်တွေကယုံကြည်ကြတဲ့အတွက် ဘာစတီးနေ့ဟာပြင်သစ်တွေရဲ့ အမျိုးသားနေ့ဖြစ်လာ တယ်။ မြန်မာပြည်အတွက်တော့ ကောလိပ်ကျောင်းသားတွေ အင်္ဂလိပ်အစိုးရရဲ့ပညာရေးစနစ် ကိုစဘွိုင်းကောက်လုပ်တဲ့နေ့။ ပထမကျောင်းသားသပိတ်ရယ် ဆိုပြီးနောက်ပိုင်းမှာသတ်မှတ် လာကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော် ဆယ်ရက်နေ့ပဲ။ ဆိုတော့ ဒီနေ့ဟာအမျိုးသားရေး လက္ခဏာ ဘယ်လိုဆောင်သလဲဆိုတာကိုကြည့်မယ်။ အမျိုးသားနေ့ကို ကောလိပ်ကျောင်း သားတွေ စသပိတ်မှောက်တဲ့နေ့အဖြစ်သတ်မှတ်ဘို့ စအဆိုပြုတာ နေရှင်နယ်ဦးမြင့် လို့သိကြ တဲ့ ကျောင်းသားသပိတ်ကိုယ်စားလှယ် ကိုမြင့်ပဲ။ အဲဒါပေမဲ့ တို့မြန်မာတွေမှာ နေရှင်နယ် ဒေး၊ အမျိုးသားနေ့ရယ်ဆိုပြီး ရှိသင့်တယ်လို့ အဆိုသွင်းတာကတော့ န၀မအကြိမ် ဂျီစီဘီအေ အစည်းအဝေးမှာ ကန်ကြီးထောင့်က ကိုယ်စားလှယ်တယောက်က အဆိုတင်သွင်းတာဖြစ် တယ်၊ အဲဒိမှာတချို့ကလဲ သီပေါဘုရင်နန်းကျတဲ့နေ့၊ တချို့ကလဲ ဦးဥတ္တမထောင်ကျတဲ့နေ့ကို သတ်မှတ်ရင်ကောင်းမယ် စသဖြင့်တင်ပြကြတယ်၊ အဲဒိမှာ ကျောင်းသားကိုယ်စားလှယ် ကိုမြင့် က ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်တဲ့နေ့ဟာဖြင့် ပိုသင့်တော်တယ်ဆိုပြီး အကြံပြု တာဖြစ်တယ်။ သူရဲ့ ကြောင်းကျိုးပြဆိုချက်က မှတ်သားစရာကောင်းတယ်၊ ‘ယူနီဘာစတီ အက် ဥပဒေကို သပိတ်မှောက်တဲ့ကိစ္စဟာ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်သြဇာအာဏာဥပဒေ ကို ပဌမဆုံးတော်လှန်ပုန်ကန်တဲ့ ကိစ္စဖြစ်ပါတယ်၊ တနိုင်ငံလုံးကိုနိုးကြားထကြွသတိရပြီး ၀ံသာ နုရိက္ခိတတရားထွန်းကားလာပါတယ်’ တဲ့၊
အဝေးကနေလှမ်းကြည့်မယ်။ အပေါ်ယံရှပ်ကြည့်မယ်ဆိုရင်တော့ ဒါကောလိပ်ကျောင်းသား တွေရဲ့ ဟန်းတားပညာရေးဥပဒေကို မကျေမနပ်ဘွိုင်းကော့ လုပ်တဲ့ကိစ္စဘဲ။ (တချို့ စက်တင် ဘာ လူထုအုံကြွမှုကို ဆီဈေးတက်တာမခံနိုင်လို့ ဆန္ဒပြတဲ့ပွဲသက်သက်လို့ ယောင်တီး ယောင် တောင်ပြောတာတွေနဲ့ခပ်ဆင်ဆင်လို့ပြောရမလားဘဲ၊ ကြားစကားချပ်၊) ဒါပေမဲ့ သတိပြုရမှာ က အဲဒိအချိန်ကာလမှာ မြန်မာတွေဟာ အင်္ဂလိပ်က အိန္ဒိယလောက်မသာဘူးဆိုတဲ့ ဆုံးဖြတ် ချက်ကြောင့် မခံချိမခံသာဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်စနိုးကြားလာစချိန်၊ ဦးဥတ္တမကြီးက ‘ကရက်ဒေါက်ပြန်သွား’ဆိုပြီး ခပ်တည်တည်နဲ့ဟိန်းဟောက်တာကို သဘောခွေ့နေတဲ့အချိန်၊ မစ္စတာမောင်မှိုင်းအမည်ခံ ဆရာကြီးဦးလွန်းက နောင်သော် ဟုမ္မရူးဘက်တော်သားတွေ ကောင်းစားကြပါလိမ့်လို့ ထုထိသြဘာပေးနေတဲ့အချိန်ဖြစ်တယ်။ အင်္ဂလန်မှာမွေးတဲ့ အင်္ဂလိပ် ထက်ပိုပြီးလူမျိုးကြီးစိတ်ဓာတ်ရှိတဲ့ ကုလားပြည်ပေါက် အိုင်စီအက်စ်ဗျူရိုကရက် ကရက်ဒေါက် နဲ့ အမျိုးသားစိတ်ပြင်းထန်တဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ အဲ အဲဒိအချိန်ကတော့ ၀ံသာနုများ ပေါ့ဗျာ။ ၀ံသာနုအရေးလှုပ်ရှားသူတွေ တချိန်မဟုတ်တချိန် ငြိကြမှာဘဲ၊ ဆိုတော့နိုင်ငံရေး နောက်ခံကိုကြည့်ရင် ဂျီစီဘီအေ၀ံသာနုအသင်းကြီးရဲ့ ဟုမ္မရူးတောင်းဆိုချက်နဲ့ အိုင်စီအက်စ် ဗျူရိုကရက် ကရက်ဒေါက်အစိုးရရဲ့ အင်္ဂလိပ်သြဇာခံသက်သက် အုပ်ချုပ်ရေးတို့အားပြိုင်နေကြ တာတွေ့ရမယ်။ အဲ့ဒိအားပြိုင်မှုဟာ ကောလိပ်ပညာရေးမှာလာကူးစက်သွားပြီး ကောလိပ် ကျောင်းသားကြီးများက သူတို့နယ်ပယ်မှာ စတိုက်ပွဲဝင်ကြရာကနေ သမိုင်းဝင် တန်ဆောင်မုန်း လပြည့်ကျော်ဆယ်ရက်နေ့ဆိုတာ ပေါ်လာတာပဲ။ ဒါ့ကြောင့် ကျောင်းသားကိုယ်စားလှယ် ကိုမြင့်ပြောသလို ယူနီဘာစတီဘွိုင်းကော့ဟာ အင်္ဂလိပ်သြဇာအာဏာဥပဒေကို ပထမဆုံး တော်လှန်ပုန်ကန်မှုပဲ။ ဒီတော်လှန်ပုန်ကန်မှုမှာ ၀ံသာနုအရေးလှုပ်ရှားသူတွေက အင်္ဂလိပ် အစိုးရမင်းတွေကို ဘာကိုပြလိုက်သလဲဆိုတော့ ဟေ့ မင်းတို့သင်ပေးမှ တို့စာတတ်မှာ မဟုတ် ဘူး။ ဒို့လူမျိုးမှာ ကိုယ့်လူမျိုးကိုယ်သင်ပေးနိုင်တဲ့ စာတွေရှိတယ်။ မင်းတို့သင်မှ ဒို့စာတတ်မှာ မဟုတ်ဘူး ဆိုပြီးအားနဲ့မာန်နဲ့ကြွေးကြော်လိုက်တာဘဲဖြစ်တယ်၊ ပြောပြောဆိုဆိုပဲ အမျိုးသား ကောလိပ်နဲ့ အမျိုးသားကျောင်းတွေ နိုင်ငံအနှံ့ပေါ်လာတယ်။ ဒီချက်ချင်းဆိုသလို ပေါ်လာတဲ့ အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းတွေရဲ့ ရည်ရွယ်ချက်တွေ၊ အဲဒိကောလိပ်၊ ကျောင်း တွေမှာ သင်ကြားပေးတဲ့စာတွေကိုကြည့်ရင် တို့လူမျိုးဟာ သူများနှာခေါင်းပေါက်နဲ့မှ ရပ်တည် နိုင်မဲ့လူမျိုးမဟုတ်ဘူးဆိုတာကို ပြချင်တဲ့စေတနာက လွှမ်းမိုးနေတာကို ရှင်းရှင်းလင်းလင်းတွေ့ နိုင်တယ်။ ဗမာရာဇ၀င်၊ ဗမာစာပေကို ဗမာတွေ ဂုဏ်ယူတတ်အောင်ရည်ရွယ်ပြီး သင်ပေးတာ ဖြစ်တယ်။ သင်တဲ့အကြောင်းအရာတွေဟာ သမိုင်းဖြစ်ရပ်မှန်ဆိုတာထက် လူမျိုးခြားအောက် ရောက်နေတဲ့ ကိုယ့်လူမျိုးကိုယ် ဂုဏ်ယူစိတ်ရှိလာဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းတွေကို တည်ထောင်ကြတာဖြစ်တယ်။ ကိုယ့်လူမျိုးချင်းရိုင်းပင်ရမယ်၊ သူများအားမကိုးဘဲ ကိုယ့်အရေး ကို ကိုယ့်ဘာသာ ကိုယ်အားကိုးရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ဒီနေရာမှာအထင်အရှားတွေ့ နိုင် တယ်။ ဝေးဝေးမကြည့်နဲ့ ဆရာကြီးမှိုင်းရဲ့ ဟောဒိစာချိုးလေးမှာ ဒီစိတ်ဓာတ်ဟာအထင်းသားပဲ။ ဘယ်လောက် အားမာန်ပြည့်သလဲဆိုတာ ရွတ်ကြည့်။
‘အနောက်ဂိုက်နဲ့ အတူတညီမကွာကြွားကြစေဘို့ 
(အို - ဘေဒါရီရဲ့) မြှောက်လိုက်မကွဲ့ မောက်လိုက်မဟဲ့လို့ 
ဆောက်လိုက်မဲ့ ယူနီဘာစတီတွေအများ’ တဲ့၊
အမျိုးသားကောလိပ်ထောင်ပြီ၊ အမျိုးသားကျောင်းတွေဖွင့်ပြီဆိုရင်ဘဲ ဆရာကြီးဦးလွန်းဟာ သူရိယသတင်းစာကနေထွက်ပြီး အခမဲ့စာလာသင်ပေးတယ်။ နောက်ဦးဘချို၊ ဦးဘလွင်တို့ ဟာလဲ အစိုးရကျောင်းအုပ်တွေအဖြစ်ကထွက်ပြီး အမျိုးသားကျောင်းတွေ မှာပညာဒါနလာဖြန့် ကြတယ်။ အလားတူပဲ၊ ဆရာကြီးဦးရာဇတ်၊ ဦးဖိုးကြားတို့ဟာလဲ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ အမျိုးသားကျောင်းတွေမှာ လာဝိုင်းကြသူတွေဖြစ်တယ်။ ဟုမ္မရူးအရေးဆိုသူတွေ၊ အမျိုးသား ကျောင်းတည်ထောင်သူတွေဆီက ပေါ်ထွက်လာတဲ့ နောက်အချက်တချက်ကတော့ အင်္ဂလိပ် အစိုးရဟာ ဒို့ကိုအုပ်ချုပ်နေပင်နေသော်ငြားလဲ ဒို့တကယ်အလိုရှိတာက အင်္ဂလိပ်အုပ်ချုပ်မှု မ ဟုတ်ဘူး၊ အင်္ဂလိပ်မအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးဆိုတာကိုဘဲ ဒို့အလိုရှိတယ်ဆိုတာဘဲ။ နောက် ပိုင်း အမျိုးသားကျောင်းတွေ ပျက်ရှာပေမဲ့ အမျိုးသားနေ့ကနေ အရင်းခံလိုက်တဲ့ စိတ်ဓာတ် ကတော့ အမျိုးသားကျောင်းတွေကနေ တိုင်းပြည်အတွက်အားထားရမဲ့ သခင်အောင်ဆန်းတို့ မျိုးဆက် သခင်လူငယ်ကျောင်းသားတွေကို မွေးထုတ်ပေးခဲ့တဲ့ထိရှင်သန်ခဲ့တယ်။ ဒါ့ကြောင့်လဲ တချို့ကပြောကြတယ်။ အမျိုးသားနေ့ဟာ ကိုယ့်တိုင်းကိုယ့်ပြည်ရယ်လို့ပေါ်လာဘို့ ကြိုးပမ်းမှုရဲ့ အစတဲ့။
သူရိန်ကျော်ဇော
တိုက်စိုး ဂျူဘလီဟော
။ ပညာမင်းကြီး မက်သယူးဟန်းတားရဲ့ ရန်ကုန်ယူနီဘာစီတီအက်ဥပဒေ
။ သခင်ကိုယ်တော်မှိုင်း ဒေါင်းဋီကာ
။ သခင်ကိုယ်တော်မှိုင်း မျောက်ဋီကာ (၁၉၂၀ ပြည့်နှစ်၊ ယူနီဘာစီတီသပိတ်)
Read More...
Saturday 8 December 2007
ခြင်္သေ့မင်းကဲ့သို့သော ပြည်သူ၊ ခွေးနှင့်တူသော စစ်အုပ်စု
၁။
“ခြင်္သေ့ဟာ သူ့ကိုပစ်လိုက်တဲ့ အဆိပ်လူးမြား လာရာအရပ်ကို ရှာဖွေကြည့်ရှုတယ်။”
“ခွေးသတ္တ၀ါကတော့ သူ့အပါး ကျလာတဲ့ ခဲလုံးကိုသာ ဒေါသတကြီးလိုက်လံ ကိုက်ခဲတယ်။”
ခြင်္သေ့နဲ့ ခွေးသတ္တ၀ါ မကွာလား ?
အမြော်အမြင်ရှိသူများဟာ ပြဿနာသန္ဓေတည်မွေးဖွားရာ အကြောင်းတရားကို ရဲရဲရှာဖွေဖော်ထုတ်တယ်။ အရင်းခံ အကြောင်းတရားကိုပယ်သတ်ပြီး ဖြစ်ပေါ်နေတဲ့အကျိုး ဆက်ဆိုးကျိုးကို ချုပ်ငြိမ်းစေတယ်။
လူ့အန္တတွေကတော့ ပြဿနာရဲ အရင်းခံအကြောင်းတရားကို မရှာဖွေ။ မပယ်သတ်ဘဲ ဖြစ်ပေါ်နေတဲ့ရလဒ် ဆိုးကျိုး ကိုသာ ဆတက်ထမ်းပိုး တိုးပွားစေတယ်။
မြန်မာပြည်သူတွေ ဒုက္ခပင်လယ်ဝေနေရတဲ့ ပင်မအကြောင်းခံတရားဟာ စစ်အာဏာရှင်စနစ် ဖြစ်တယ်ဆိုတာ ကို ၂၀၀၇-စက်တင်ဘာ လူထုအရေးတော်ပုံကြီးကတဆင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေက ဖော်ထုတ် ပြသခဲ့ကြတယ်။ ရလဒ်ဆိုးကျိုးကို ချုပ်ငြိမ်းစေဖို့။ စစ်အာဏာရှင်စနစ်ကိုဖျက်သိမ်းပြီး တွေ့ဆုံဆွေးနွေးအဖြေရှာ ရေးကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ခရီးနှင်ဖို့လည်း အမြော်အမြင်ရှိစွာ တောင်းဆိုခဲ့ကြတယ်။
နအဖ စစ်အုပ်စုကတော့ သူ့ဆီပစ်လိုက်တဲ့ခဲလုံးကို ဒေါသတကြီး လိုက်ကိုက်တဲ့ခွေးလို ငြိမ်းချမ်းစွာအရေးဆိုလာ တဲ့ ရဟန်းရှင် လူပြည်သူတွေကိုပဲ ရန်မူခဲ့တယ်။ လက်နက်နဲ့အကြမ်း ဖက်ဖြိုခွဲခဲ့တယ်။ လူထုအရေးတော်ပုံများ ရဲ့ ဓမ္မတာအတိုင်း စက်တင်ဘာအရေးတော်ပုံကြီးဟာလည်း လှိုင်းလုံးသ္ဂန် နိမ်တုံမြင့်တုံဆောင်ခဲ့ပေမဲ့ ဦးကျိုးမသွား ခဲ့ဘူး။ နအဖ စစ်အုပ်စုသာ ပြည်သူတွေရဲ့ တံတွေးမြစ်မှာ ဂျွမ်းထိုးမှောက်ခုံ မြောခဲ့ရတယ်။
ပြည်သူတွေရဲ့ အမြော်အမြင်ရှိတဲ့တောင်းဆိုချက်တွေကို ဥပက္ခာပြုခဲ့တဲ့ စစ်အုပ်စုဟာ နိုင်ငံရေးအရ ခံစစ်ဘ၀ကို လုံးလုံးကျရောက်နေရပြီ။ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် အပြီးအပိုင်ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်ကြ ရလိမ့်ဦးမယ်။
၂။
အမှန်နဲ့အမှားရဲ့အားပြိုင်ပွဲမှာ အဆုံးတနေ့အမှန်ကသာ အောင်ပွဲခံရမှာပဲ။ ဒါဟာ ရှောင်လွဲမရတဲ့ နိယာမဧကန် သဘောဖြစ်တယ်။ တချိန်တည်းမှာဘဲ တပွဲချင်းနဲ့ ရေတိုသဘောမှာတော့ ပြိုင်ဘက်ထက်သာလွန်တဲ့ လူထု အင်အားကို မစုစည်းနိုင်ရင် ယာယီအရေးမသာမှုတွေ တွေ့ရ မြဲဖြစ်တယ်။
ဒါကြောင့် အမှန်တရားရဲ့ အဆုံးတနေ့အောင်မြင်ရမှု။ ယာယီအရေးနိမ့်ရမှုနဲ့ အမှားတရားရဲ့ယာယီအောင်မြင်မှု အဆုံးတနေ့မှာရှုံးနိမ့်ရမှုများနဲ့ပတ်သက်လို့ လက်တွေကျကျ ဆင်ခြင်ကြည့်မြင်ကြဖို့လိုတယ်။ အကောင်အထည်မဲ့ ယုံကြည်မှုသက်သက် တခုတည်းနဲ့တော့ အမှန်တရားရဲ့အောင်ပွဲကို ဆုပ်ဆုပ်ကိုင်ကိုင် ရရှိနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဘက်က မှန်နေပါ လျက်နဲ့ ဘာကြောင့် အရေးနိမ့်ရသလဲ။ ဆန့်ကျင်ဘက်က မှားနေပါလျက်နဲ့ ဘာကြောင့် အရေးသာသွားရသလဲ ဆိုတာတွေကို မှန်ကန်စွာနားလည်နိုင်မှာမဟုတ်ဘူး။ ဖြတ်သန်းခဲ့တဲ့ တိုက်ပွဲရဲ့ သင်္ခန်းစာ တွေကိုလည်း မှန်ကန်စွာနိဂုံးချုပ်နိုင်မှာမဟုတ်ဘူး။ ဒီအခါမျိုးမှာ မမြင်ရတဲ့ကံတရားဟာ ကိုးကွယ်ရာဖြစ်လာ တတ်ပြီး ကိုယ့်အချင်းချင်းကဲ့ရဲ့သင်္ဂြိုလ် အတင်းဆိုမှုတွေနဲ့ ညီညွတ်ရေးထိခိုက်မှုဆီ ဦးတည်သွားတတ်ကြတယ်။
တကယ်တော့ အမှန်တရားဆိုတာ လူ့အဖွဲ့အစည်းနဲ့ ကင်းလွတ်တည်ရှိနေတာ မဟုတ်ဘူး။ ကျနော့်တို့ ပြောဆို နေတဲ့ အမှန်တရားဆိုတာ အဖိနှိပ်ခံပြည်သူတွေရဲ ဘ၀တိုက်ပွဲအတွင်းက အတွေ့အကြုံအဆက်ဆက်ကို စုစည်း ပေါင်းချုပ်ထားတဲ့ အကောင်အထည်မဲ့ တန်ဖိုး သဘောတရားတခုပဲ။ ပြည်သူတွေအတွက် မှန်ကန်တဲ့တန်ဖိုး သဘောတရားတခုဟာ ဖိနှိပ်အုပ်စိုးသူ အဓမ္မ၀ါဒီတွေအတွက်တော့ အမှားတရားသာဖြစ်တယ်။ ပြည်သူတွေက ဖိနှိပ်မှုအောက်က လွတ်မြောက်အောင်ရုန်းကန်တိုက်ပွဲဝင်တာကို မှန်တယ်လို့ယုံကြည်ပေမဲ့ ဖိနှိပ်အုပ်စိုးသူတွေက တော့ အဲဒါကိုဆူပူအုကြွမှု မင်းမဲ့လုပ်ရပ်လို့မြင်တယ်။ လူထုအုကြွမှုကို အကြမ်းဖက်ဖြိုခွဲတဲ့ သူတို့လုပ်ရပ်ကို တရားတယ်လို့မြင်တယ်။ ဒါကြောင့်လဲ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူမျိုးတိုင်း တန်းတူ သွေးစည်း ရေးလှုပ်ရှားမှုတွေကို ဆူပူသောင်းကျန်းမှုတွေအဖြစ် လက်နက်အားကိုး ဖြိုခွဲကြတာဖြစ်တယ်။
တရားဆိုတာ အကောင်အထည်မဲ့သဘောပဲ။ အမှန်တရားတခုဟာ မှန်နေပေမဲ့ အခိုင်အမာအကောင်အထည် ဖြစ်လာအောင် အသက်မသွင်းနိုင်ရင် သူရဲ့မှန်ကန်မှုနဲ့ အစွမ်းသတ္တိ ခွန်အားကို မပြနိုင်ဘူး။ စိတ်ကူးပုံပြင်ထဲက တန်ခိုးရှင်ထက် ဘာမှမလိုဘူး။ ဖိနိုပ်မှုအောက်က လွတ်မြောက်လိုကြတဲ့ ပြည်သူတွေဟာ မိမိတို့ဘ၀တိုက်ပွဲ များစွာအတွင်းက စုစည်းပေါင်းချုပ် ချက် အကောင်အထည်မဲ့ အမှန်တရားကို အကောင်အထည်ဖြစ်လာအောင် လက်တွေ့နဲ့ အသိရှိရှိပေါင်းစပ်ကြရမြဲဖြစ်တယ်။ အဲဒီအခါကျမှသာ အကောင်အထည်မဲ့ အမှန်တရားဝိဥာဉ်ဟာ အခိုင်အမာကိုယ်ထည် ဖြစ်တည်လာပြီး အံ့မခန်းတဲ့တိုက်ပွဲဝင်အင်အားကြီးအဖြစ် အသက်ဝင် ရုန်းကြွလာတာ ဖြစ်တယ်။ ဒါကို ပြည်တွင်း ပြည်ပ ပြည်သူ့အရေးတော်ပုံများစွာက သက်သေပြခဲ့ပြီးပြီ။
၃။
အားပြိုင်ပွဲတခုအတွင်းမှာ ပေါင်းစည်းနေတဲ့ ဘက်နှစ်ဘက်ဟာ နှစ်ဘက်စလုံးက အနိုင်ရချင်ကြသလို နှစ်ဘက် စလုံးကပဲ အရှုံးမပေးလိုကြဘူး။ ဒါပေမဲ့ အခိုင်အမာအားပြိုင်မှုဆိုတာ ကာလအကန့်အသတ်မဲ့မဟုတ်ဘူး။ ကာလ အကန့်အသတ်ဆုံမှတ်တခု ရောက်ရင်တဘက်ကရှုံးပြီး။ တဘက်ကနိုင်ရမှာပဲ။ အများသိတဲ့အတိုင်း အဆုံးတနေ့ မှာ အမှန်က အမှားအပေါ်မုချအောင်ရမှာပဲ။ ဒါပေမဲ့ ဒါဟာအကောင်အထည်မဲ့ သဘောတရားမျှသာ ဖြစ်တယ် ဆိုတာ သတိချပ်သင့်တယ်။
အခိုင်အမာကျတဲ့ အနိုင်အရှုံးဆိုတာကတော့ အကောင်အထည်မဲ့သဘောတရား သက်သက်မဟုတ်ဘူး။ လက်တွေ့အခိုင်အမာတိုက်ပွဲရဲ့ သင်္ကေတဖြစ်တယ်။ တိုက်ပွဲတပွဲချင်းရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်တာဟာ ဘယ် ဘက်ကမှန်တယ်။ မှားတယ်ဆိုတာ တချက်တည်း အပေါ်မှာမတည်ဘူး။ ဘယ်ဘက်က တိုက်ပွဲလိုအပ်ချက် အင်အား (လူ။ စိတ်ဓာတ်။ ရုပ်ဝတ္တု) တွေကို ဆန့်ကျင်ဘက် ထက်သာလွန်အောင် စုစည်းအသုံးချနိုင်ခြင်း ရှိမရှိ အပေါ်မှာတည်တယ်။ အမှန်တရား (ပြည်သူ) ဘက်ကရပ်တည်တဲ့တိုင်အောင် အဲဒီအမှန်တရား သက်ဝင်ရုန်းကြွ လာစေမယ့် လက်တွေ့စည်းရုံးပြင်ဆင်မှုတွေမဲ့နေရင်။ ဒါမှမဟုတ် အနိမ့်ဆုံးလိုအပ်ချက်မပြည့်မီရင် တပွဲချင်းမှာ မလွဲမရှောင်သာ အရေးမသာမှုကြုံရမှာပဲ။
ပြည်သူဆန့်ကျင်ရေး အဓမ္မ၀ါဒီများဖြစ်နေတဲ့တိုင်။ လက်နက်တခုတည်းကိုသာ အင်အားအဖြစ် အကြွင်းမဲ့ ယုံကြည်ထားတဲ့ စစ်ဝါဒီများဖြစ်နေတဲ့တိုင် သူတို့ကိုင်စွဲထားတဲ့ အမှားတရားကို ခိုင်မာတိကျတဲ့ စည်းရုံးပြင်ဆင်မှု များနဲ့ အသက်သွင်းပြီး လက်ဦးမှုရှိရှိ အသုံးချနိုင်ရင် တပွဲချင်းအရအရေးသာမှုတွေ ရကြတာပဲ။ အဓမ္မ၀ါဒီတွေ ဟာ သူတို့ရဲ့ဒီလိုတပွဲချင်းအရ အရေးသာမှုတွေကို စဉ်ဆက်မပြတ်ထိန်းသိမ်းရင်း သက်ဆိုးရှည်အောင် ကြိုးပမ်း နေကြတာဖြစ်တယ်။ ဒါကိုလည်း ပြည်တွင်းပြည်ပ အမှန်နဲ့အမှားတို့ရဲ ရှည်ကြာတဲ့ တိုက်ပွဲသမိုင်းအတွေ့ အကြုံက သက်သေပြ၊ အတည်ပြုပေးခဲ့ပြီးပြီ။
၎။
အာဏာလက်ရှိ အဓမ္မ၀ါဒီနအဖစစ်အုပ်စုဟာ အာဏာကိုအသုံးပြုပြီး ပြည်သူကိုဖိနှိပ်သတ်ဖြတ်ဖို့ စစ်တပ်၊ ပုလိပ်၊ တရားရုံး၊ အကျဉ်းထောင်စတဲ့ဖိနှိပ်ရေးယနျွှရားတွေကို အသင့်ထူထောင်ထားပြီးဖြစ်တယ်။ သူတို့ရဲ့ ပြည်သူဖိနှိပ်ရေးပေါ်လစီတွေကို အသက်ဝင်လှုပ်ရှားလာအောင် အခိုင်အမာစည်းရုံးဖွဲ့စည်းမှုတွေနဲ့ လက်တွေ့ ပေါင်းစပ်ကြတာဖြစ်တယ်။ ဒါကြောင့်လည်း အဓမ္မ၀ါဒီစစ်အုပ်စုဟာ ပြည်သူဖိနှိပ်ရေးအတွက် အခိုင်အမာဆောင် ရွက်ရာမှာ ပြည်သူတွေထက်သာလွန်ပြီး လက်ဦးမှုရယူနိုင်ကြတာပဲ။ ဒီလိုလက်ဦးမှုရယူနိုင်လို့လည်း တပွဲချင်းမှာ အသာရသွားကြတာဖြစ်တယ်။ တခွန်းတည်းပြောရရင် လက်ဦးမှုဆိုတာ တပွဲချင်းအရ အာဏာရနေသူတွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာပဲ။
အဖိနှိပ်ခံပြည်သူလူထကြီးဟာ အဖိနှိပ်ခံဘ၀က လွတ်မြောက်လိုကြတာဓမ္မတာပဲ။ အဲဒီအတွက် ရုန်းကန်တိုက်ပွဲ ၀င်ကြတာဟာလည်း တရားတာပဲ။ ဒါပေမဲ့လူတန်းစား။ လူ့အလွှာတွေအဖြစ် အထပ်ထပ်။ အလွှာလွှာကွဲ ပြားနေတဲ့ ပြည်သူလူထကြီးကို အတွေးအခေါ်အရ။ နိုင်ငံရေးအရ။ စည်းရုံးရေးနဲ့လုပ်ဟန်အရ မစုစည်းနိုင်ရင် စစ် အုပ်စုထက်သာလွန်တဲ့ တိုက်ခိုက်ရေးအား ဖြစ်မလာနိုင်ဘူး။ ခိုင်မာသွေးစည်းတဲ့ လူထုညီညွတ်ရေးဆိုတာမျိုး ဟာ အလိုအလျောက်ဖြစ်လာနိုင်တာမျိုးမဟုတ်။ သိစိတ်ရှိရှိ အခိုင်အမာစုစည်းမှရနိုင်တာမျိုးဖြစ်တယ်။ စုစည်း ညီညွတ်တဲ့ လူထုအားနဲ့ ရန်သူကိုတိုက်ရင်း လက်ဦးမှုမဲ့ရာက ရှိရာကိုကူးပြောင်း ယူရတာဖြစ်တယ်။ လက်ဦးမှု ကို အဆက်မပြတ်တိုးချဲ့ရာက နောက်ဆုံးလက်ဦးမှုကို ပိုင်ပိုင်နိုင်နိုင်မလွတ်တမ်း ဆုပ်ကိုင်နိုင်တဲ့အချိန်ဟာ အောင်ပွဲရချိန်ပဲ။
ဒါကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲမှာလက်ဦးမှုရအောင်။ တိုက်ပွဲအဆုံးသတ်အထိ လက်ဦးမှုကို မလွတ်တမ်း ဆုပ်ကိုင်ထားနိုင်အောင် အားလုံးဝိုင်းဝန်းပြင်ဆင်ကြရမှာပဲ။
၅။
နောက်ထပ်လာမယ့် လူထုတိုက်ပွကြီးအတွက်ပြင်ရေးကို ဘယ်သူတွေတာဝန်ယူမလဲ။ ဘယ်နည်းနာတွေနဲ့ ပြင် ကြမလဲ။ ဓမ္မတာပဲ ရှည်ကြာတဲ့ လူထုတိုက်ပွကြီးအတွင်းက ထွက်ပေါ်လာတဲ့။ သက်ဆိုင်ရာ လူတန်းစား။ လူ့အ လွှာအသီးသီးကို ကိုယ်စားပြုတဲ့ လက်ရှိတိုက်ပွဲဝင်နေဆဲ ဥပဒေတွင်း။ ဥပဒေပနိုင်ငံရေးပါတီများ တက်ကြွတဲ့ တိုက်ပွဲဝင် အစုအဖွဲ့များ။ တကိုယ်တော်တိုက်ခိုက်ရေးသမားများစတဲ့ ပြည်သူ့ဘက်တော်သားများက ကိုယ်နိုင် တဲ့ဝန်ကိုထမ်းပြီး ပြင်ဆင်ကြရမှာပဲ။
ပြင်တဲ့နည်းနာကတော့ လျို့ဝှက်လုပ်ငန်းနဲ့ပြောင်လုပ်ငန်း နည်းနှစ်နည်းနဲ့ပြင်ကြရမယ် လို့ယူဆတယ်။ပြောင်ပြင် ဆင်ရေးလုပ်ငန်းကို တရားဝင် NLD ပါတီနဲ့ အခြားပါတီများက သက်ဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကို ဗဟိုပြုပြီးရသမျှ အခွင့်အရေးကို အသုံးချလုပ်ကိုင်ကြရမှာပဲဖြစ်တယ်။ လျို့ဝှက်ပြင်ဆင်ရေးမှာတော့ ဥပဒေပ နိုင်ငံရေးပါတီများ။ အစုအဖွဲ့များ။ တသီးပုဂ္ဂလများနဲ့ လျို့ဝှက်နည်းအရ။ စုစည်းထားတဲ့ ခေါင်းဆောင်မှုအဖွဲ့ တခုရှိသင့်တယ်။ ဒါမှသာ တပြည်လုံးလက္ခဏာအရ လမ်းညွှန်သဘောထား။ စီမံချက်စတာတွေနဲ့ လိုအပ်သလို ထိန်းကျောင်း နိုင်မှာဖြစ်တယ်။
လျို့ဝှက်ပြင်ဆင်ရေးလုပ်ငန်းတွေထဲက အခြေခံကျတဲ့အချက်အချို့ကို အကြမ်းဖျင်းတင်ပြရရင် လျို့ဝှက်ခေါင်း ဆောင်မှုအောက်ရှိ လိုင်းအသီးသီးဟာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ အမှုထမ်း၊ အသိပညာရှင်၊ အတတ်ပညာရှင်စတဲ့ လူထု လူတန်းစားအလွှာအသီးသီးအတွင်းက တက်ကြွသူအမာခံများကို မွေးမြူစုစည်းတာ။ တက်ကြွသူအမာခံတွေကို အခြေခံပြီး လူတန်းစား။ လူ့အလွှာအလိုက် သမဂ္ဂတွေဖွဲ့စည်းတာ။ စစ်တပ်။ ရဲ၊ ကြံဖွံ့၊ မီးသတ်၊ ကြက်ခြေနီစတဲ့ စစ်အုပ်စုရဲ့အဖွဲ့အစည်းများနဲ့ အပစ်ရပ်အဖွဲ့ တွေထဲမှာ ‘လူထုတိုက်ပွဲ ထောက်ခံရေး’ အင်အားစုတွေ လျို့ဝှက်စုစည်းတာပါပဲ။ အနိမ့်ဆုံး အားဖြင့် ကြားနေအင်အားစုများ ရှိလာအောင် လုပ်ရေးဖြစ်တယ်။ ဒီလိုပြင်ဆင်ထားနိုင်မှ ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေ၊ လူထုတိုက်ပွဲ ထောက်ခံရေး အစုတွေကို မဏ္ဏိုင်ပြုပြီး တောရောမြို့ပါမကျန် လူထုပါဝင်လာရေး ဖြစ်နိုင်စရာရှိတယ်၊ အထွေထွေသပိတ်ကြီး အဖြစ် အချိန်တိုအတွင်း ကူးပြောင်းနိုင်မှာဖြစ်တယ်။ လက်ဦးမှုကိုလျင်မြန်စွာတိုးချဲ့ပြီး အဆုံးအဖြတ်ကျချိန်အထိ ဆုပ် ကိုင်ထားနိုင်မှာ ဖြစ်တယ်။
သင့်လျော်တဲ့ ပြင်ဆင်မှုမရှိဘဲ တိုက်ပွဲကာလအတွင်းမှာမှ လူထုလူတန်းစားအဖွဲ့အ စည်းတွေကို အရေးပေါ် ဖွဲ့စည်းရတာမျိုးဟာ တိုက်ပွဲလိုအပ်ချက်ကို အချိန်မီဖြည့်ဆီးနိုင်ဖို့ မလွယ်ဘူး။ အထွေထွေသပိတ်ကြီးအဖြစ် အချိန်တိုအတွင်း ကူးပြောင်းနိုင်အောင် လုပ်ဖို့ခက်တယ်။
ဒီလိုပြောလို့ အလုံးစုံပြင်ပြီးမှ တိုက်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ လူထုတိုက်ပွဲဆိုတာ အင်မတန်ကျယ်ပြန့် ရှုပ်ထွေးလေ့ရှိပြီး ကိုယ်ခန့်မှန်းတွက်ချက်ထားသလို ဖြစ်ချင်မှဖြစ်တတ်တာမျိုး ဘယ်အချိန်ဘယ်နေရာမှာ ဘယ် အကြောင်းအချက်ပေါ်အခြေခံပြီး စတင်ပေါက်ကွဲမယ်ဆိုတာလဲ ဘယ်သူမှ အတတ်သိနိုင်တာမဟုတ်ဘူး။ တိုက်ပွဲ မဖြစ်ခင် ပြင်နိုင်သမျှပြင်။ တိုက်ပွဲဖြစ်လာတဲ့အခါ ပြင်ဆင်ပြီးသမျှနဲ့ အားဖြည့်၊ တိုက်ပွဲတွင်း ပြောင်းလဲလာတဲ့ အခြေအနေသစ်တွေရဲ့ တောင်းဆိုမှုအရလည်းထပ်ပြင်။ ပြင်နေရင်းတိုက်ပွဲတိုက် ဆိုတဲ့နည်းနဲ့ပျော့ပြောင်းစွာ ပေါင်းစပ်ရတာမျိုးလို့ သဘောပေါက်တယ်။ ဒါကြောင့်ကြိုပြင်တာဟာ မပြင်တာထက်၊ နောက်ကျပြင်တာထက် အကျိုးများတာအမှန်ပဲ။
၆။
နောက်ဆက်တွဲလူထုတိုက်ပွကြီးအတွက် ပြောင်လုပ်ငန်း၊ လျို့ဝှက်လုပ်ငန်း နည်းနှစ်နည်းနဲ့ ပြင်ဆင်သင့်တယ် လို့ပြောခဲ့ပြီ။ ဒီနှစ်ခုဟာအပေါ်ယံအရ လှုပ်ရှားရပုံမတူပေမဲ့ အတွင်းသဘောအရ လူထုလှုပ်ရှားမှု အောင်မြင်ရေး ရည်မှန်းချက်အတွက်ပဲဖြစ်တယ်။
တကယ်က ပြောင်လုပ်ငန်းနဲ့လျို့ဝှက်လုပ်ငန်းဟာ တခုကိုတခုဆန့်ကျင်နေတာ မဟုတ်ဘူး။ အပြန်အလှန် ထောက်ကူနေသာဖြစ်တယ်။ အထူးသဖြင့် ဥပဒေမဲ့စစ်အာဏာရှင်စနစ် အုပ်ချုပ်မှုအောက်မှာ လျို့ဝှက်လုပ်ငန်း ကောင်းအောင်လုပ်နိုင်လေ။ ပြောင်လုပ်ငန်း အတွက် အကျိုးများလေပဲ။ အပြန်အလှန်အားဖြင့် ပြောင်လုပ်ငန်းကို မိမိရရ အသုံးချနိုင်လေ။ လျို့ဝှက်လုပ်ငန်းကို ကျယ်ပြန့်နက်ရှိုင်းစွာလုပ်နိုင်လေပဲ။
လျို့ဝှက်လုပ်ငန်းနဲ့ ပြောင်လုပ်ငန်းဟာ အပြန်အလှန်ကူးပြောင်းတဲ့ သဘောလည်းရှိတယ်။ တိုက်ပွဲစဉ်အတွင်း အခွင့်မသာတဲ့အခါ ပြောင်လုပ်ငန်းဟာ လျို့ဝှက်လုပ်ငန်းအဖြစ်ကူး ပြောင်းသွားလေ့ရှိပြီး။ အောင်ပွဲရတဲ့အခါ လျို့ဝှက်လုပ်ငန်းဟာ ပြောင်လုပ်ငန်းအဖြစ် ကူး ပြောင်းသွားတတ်တယ်။ ဒီသဘောကို အမျိုးသားလွတ်မြောက် ရေးကာလ လှုပ်ရှားမှုများနဲ့ လွတ်လပ်ရေးခေတ် လူထုတိုက်ပွဲများအတွင်းမှာ လေ့လာတွေ့ရှိနိုင်တယ်။
၂၀၀၇ စက်တင်ဘာအရေးတော်ပုံကြီး အတွင်းမှာလည်း သံဃာနဲ့ကျောင်းသားများဟာ တိုက်ပွဲလိုအပ်ချက်အရ ပြောင်လုပ်ငန်းနဲ့ လျို့ဝှက်လုပ်ငန်း အကြားအဆက်အစပ်ကို အပြန်အလှန်ကူးပြောင်း လှုပ်ရှားခဲ့ကြတာ သတိပြု လိုက်မိတယ်။ ဒီလိုပြောင်းလွယ်ပြင်လွယ် လုပ်နိုင်တာဟာ လူထုတိုက်ပွဲအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်တယ်။ ဒါပေမဲ့ စက်တင်ဘာအရေး တော်ပုံလှုပ်ရှားမှုမှာ ပြောင်လုပ်ငန်းသဘောက အဓိကလွှမ်းမိုးနေတယ်လို့ ယူဆရ တယ်။ ဒီထက်ပိုမိုကျယ်ပြန့်တဲ့ လျို့ဝှက်လုပ်ငန်းတွေနဲ့သာ ကြိုပြင်ထားနိုင်ခဲ့ရင် စက်တင်ဘာအရေးတော်ပုံကြီး ကို ဒီထက်ပိုမိုအားဖြည့်ပေးနိုင်မှာအမှန်ပဲ။
၇။
နိဂုံးချုပ်ရရင် တပွဲချင်းအရ အာဏာကိုအသုံးချပြီး ပြည်သူအပေါ် အနိုင်ယူနေတဲ့ နအဖ စစ်အာဏာရှင်စနစ် အတွင်းမှာ မုချကျဆုံးရမယ့် အကြောင်းတရားတခုပါရှိနေတယ်။ အဲဒါကတော့ ပြည်သူကို ဖိနှိပ်ဆန့်ကျင်တဲ့ ရပ်တည်မှုအမှားပဲ။ အဲဒီအမှားကို အကြောင်းပြုပြီး အတွေးမှား၊ အမြင်မှား၊ အလုပ်မှားတွေကို အဆက်မပြတ် ကျူးလွန်ကာ နောက်ဆုံးကျဆုံး ခန်းဆီ ဦးတည်စေတာဖြစ်တယ်။ ဒါပေမဲ့ သူ့အလိုလျောက် ကျဆုံးမှာတော့ မဟုတ်ဘူး။ စည်း လုံးညီညွတ်တဲ့ လူထုအားနဲ့ တိုက်ပွဲဝင်မှ အပြီးသတ်ကျဆုံးမှာဖြစ်တယ်။
တပွဲချင်းအရ အရေးနိမ့်မှုတွေ ကြုံနေရတဲ့ ပြည်သူလူထကြီးအတွင်းမှာလည်း အဆုံး တနေ့ မုချအောင်ပွဲခံရမယ့် အကြောင်းတရားတခုရှိနေတယ်။ အဲဒါက စစ်အုပ်စုလက်တဆုပ် စာရဲ့ အကြမ်းဖက်ဖိနှိပ်မှုအောက်က ပြည်သူ တရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဆင်ရေးဆိုတဲ့ ရပ်တည်မှုအမှန်တရားပဲ။ ဒီရပ်တည်မှုအမှန်တရား ကို အကြောင်းခံပြီး ပြည်သူတွေဟာ အတွေးမှန်။ အမြင်မှန်။ လုပ်နည်းမှန်တွေကိုရရှိပြီး တပွဲချင်းအရေးနိမ့်မှုက အောင်မြင်မှုကို တက်လှမ်းလာနိုင်မှာဖြစ်တယ်။ လက်ဦးမှုမဲ့ရာက ရှိရာသို့ အဆက်မပြတ်တိုးချဲ့ပြီး အောင်ပွဲကို အရယူနိုင်မှာဖြစ်တယ်။
တသက်စာ အမှားဝန်ထုပ်ကြီးကို မချိမဆန့်ပိုးထားတဲ့ နအဖ စစ်အုပ်စုကို အမှန်တရားအရ အားကောင်းမောင်း သန်စုစည်းထားတဲ့ ပြည်သူ့အားနဲ့တွန်းရင် စစ်အုပ်စုဘုံးဘုံးလဲရမှာပဲ။ ဒီအတွက်လိုအပ်သမျှကို ၀ိုင်းဝန်း ပြင်ဆင်ရင်း လာမယ့်တိုက်ပွကြီးကို ကြိုကြဦးစို့။
ကိုရင်ဒေါင်း
Read More...