ကိုဟိုဒင်းရေ-
နှင်းလေးတမှုံမှုံ၊ လေအေးလေးတသုန်သုန်နဲ့ ချမ်းလို့များတုန်ပြီဆိုမှဖြင့်
ကျနော်လည်း စာဆိုတော်နေ့တွေအကြောင်းရေးမယ်လို့ စဉ်းစားလိုက်တာနဲ့ ကဗျာလိုလို၊
ကပြောင်လိုလိုတွေ ခေါင်းထဲက ခုန်ထွက်လာတာဗျို့။ စာ အကြောင်းပေအကြောင်းကို လွတ်လွတ်လပ်လပ်ပြော၊ လွတ်လွတ်လပ်လပ်နားထောင်ဆွေးနွေးဆိုတဲ့ အစဉ်အလာလေးတောင်မှ အခုတော့ ဒီနိုင်ငံမှာ သမိုင်း လိုလို၊ အိပ်မက်လိုလိုဖြစ်သွားပြီဆိုတာကို ပြန်တွေးကြည့်ရင် လွမ်းသလိုလို၊ နာကျည်းသလိုလို ဖြစ်နေမိတယ်ဗျာ။
ဗမာပြည်မှာတုန်းက ကိုယ်ကစာရေးဆရာ မဟုတ်ပေမဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ စာပေဟောပြောပွဲတွေကို သွားနားထောင်ခဲ့၊ စာရေး ဆရာတွေ နယ်လှည့်ဟောပြောရာတွေကို လိုက်ပါခဲ့ဖူးတော့ စာဆိုတော်နေ့ရဲ့ နက်နဲသိမ်မွေ့မှု၊ ကြည်နူးစရာတွေကို ကောင်းကောင်းသဘောပေါက်ပြီး သံယောဇဉ် တွယ်မိနေတာပေါ့ဗျာ။ ပြန်စဉ်းစားလိုက်တော့ သမိုင်းကလည်း ကြာခဲ့ပြီကိုး။
ဒုတိယကမြာစစ်၊ ဂျပန်ခေတ်၊ ဖက်ဆစ်ခေတ် တကယ့်အမှောင်ခေတ်ထဲမှာမှ ကျနော်တို့နိုင်ငံက စာရေးဆရာအသင်းဆိုတာ ပေါ်လာတာပါ။ ၁၉၄၄ ခုနှစ်ထဲမှာ ဆရာကြီးပီမိုးနင်းကွယ်လွန်တော့ သူ့ဈာပနမှာ စာရေးဆရာကြီးများဟာ စာရေးဆရာအသင်းတခုတော့ရှိမှလို့ သဘောပေါက်ပြောဆိုမိကြပြီး နောက်တ နေ့ကျတော့ ဆယ်သန်းသတင်းစာတိုက်မှာ ဂျာနယ်ကျော် ဦးချစ်မောင်၊ (ဦး)သင်္ခါ၊ (ဦး)ပဂျီငို၊ ဒီးဒုတ်ဦးဘချို၊ (ဆရာ)မဟာဆွေ၊ (ဆရာ)မြို့မဟိန်စသူတို့ တွေ့ဆုံ ဆွေးနွေးပြီးဖွဲ့လိုက်ကြတယ်လို့ ဖတ်ဖူး၊ မှတ်သားဖူးတယ်ဗျ။ ဥက္ကဋ္ဌက ဦးချစ်မောင်၊ ဒုဥက္ကဋ္ဌက မဟာဆွေ၊ အတွင်းရေးမှူးက သင်္ခါ စသဖြင့်တာဝန်ယူကြတယ်တဲ့။ တဆက်ထဲမှာ နှစ်စဉ်နှစ်တိုင်း နတ္တော်လဆန်း တရက်နေ့မှာစာဆိုတော်နေ့အခမ်းအနားတွေ ကျင်းပကြဖို့လည်း အဲဒီစာရေးဆရာ အသင်းကနေ ဆုံးဖြတ်လိုက်ကြ တယ်ဆိုပဲ။
ဖက်ဆစ်ဂျပန့်လှံစွပ်အောက်မှာ ဒီနေ့ကိုသတ်မှတ်၊ ဖော်ထုတ်၊ ကျင်းပတယ်ဆိုတော့ ဒီစာရေးဆရာတွေဟာ မျက်စိကန်း တစ္ဆေမကြောက်လုပ်ကြ တာလားလို့ မေးစရာရှိပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲဒီတုန်းက ဂျပန်ဖက်ဆစ်က ဗမာပြည်ကိုလွတ်လပ်ရေး ပေးတယ်လို့လုပ်ထားတာ၊ ဒီအခါမှာ အစိုးရအဆောက် အုံထဲမှာ ကိုယ့်လူတွေရှိနေတယ်ဆိုတဲ့ အချက်တွေကိုအခွင့်ကောင်းယူပြီး အမျိုးသားရေးလှုပ်ရှားမှုတရပ်အနေနဲ့ သတ္တိရှိရှိလုပ်ခဲ့တာဖြစ်ပါတယ်။ တဘက်က လည်း စာရေးဆရာတွေဟာ စုစုစည်းစည်းရှိကြောင်း၊ တနည်းစည်းလုံးညီညွတ်ကြောင်း အားလုံးသိအောင်ဖော်ပြရင်း အမျိုးသားရေးအလံကို လွှင့်ထူပြတာလည်း ဖြစ်ပါတယ်။ သူတို့ပထမဆုံးတင်ဆက်ကပြခဲ့ကြတဲ့ ၀ိဇယပြဇာတ်ထဲမှာ ၀ိဇယမင်းသားရဲ့အပေါင်းပါတွေ ရက်စက်ရိုင်းစိုင်းပုံတွေဟာ ဖက်ဆစ်ဂျပန်တွေ လုပ်နေ တာတွေကို ထင်ဟပ်ပြထားတာဖြစ်ပါတယ်။
ဒီလိုနဲ့ပဲ စာဆိုတော်နေ့လှုပ်ရှားမှုတွေဟာ လွတ်လပ်ရေးတိုက်ပွဲကာလမှာ အားလုံးကအာရုံစိုက်ရတဲ့ကိစ္စတရပ် ဖြစ်လာတာ ပေါ့ဗျာ။ အာရုံစိုက်ကြတဲ့အဓိက အကြောင်းရင်းကတော့ နိုင်ငံရေးအဓိပ္ပာယ်ကြောင့် အာရုံစိုက်ကြတာပါ။ စာပေသမားတွေက နှစ်စဉ်တင်တဲ့ ပြဇာတ်တွေဟာ ဘာနိုင်ငံရေးအဓိပ္ပာယ်ပါသလဲလို့ စဉ်းစားကြရတာကိုက စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။
နောက်တော့ ခင်ဗျားလည်းသိတဲ့အတိုင်းပဲ စာရေးဆရာတွေအကြားကွဲကြတာ၊ စင်ပြိုင်အသင်းအပင်းတွေ ထူထောင်ကြတာ၊ စာဆိုတော်နေ့ကို ကိုယ့်ဟာနဲ့ကိုယ်ကျင်းပကြတာစတာတွေ တွေ့လာရပါတယ်။ ဒါတွေဟာကောင်းတဲ့ အချဉ်းအရာတွေလို့ ကျနော့်အနေနဲ့မဆိုလိုပါဘူးဗျာ။ ဒါပေမဲ့ အခုပြန်စဉ်းစား လိုက်တော့ လွတ်လပ်ပြီးနောက်မှာ ကိုလိုနီဘ၀လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြတုန်းကလို လူ့အလွှာ၊ လူတန်းစားတွေအကြား မတူကွဲပြားကြတာဟာ သဘာဝကျတယ်လို့ထင်ပါတယ်။ မတူတာကို မတူတဲ့အတိုင်းရပ်တည် ခွင့်ရကြတာကိုပဲ ကောင်းတဲ့ကိစ္စလို့ သဘောထားရမှာပါ။ ဒီနေ့ကာလလို နအဖခွင့်ပြုတဲ့ စာပေအဖွဲ့အစည်းတခုတည်း တည်ရှိခွင့်ရနေတာနဲ့စာရင် တော်သေးတာပေါ့။ ဖဆပလအစိုးရဟာ စာရေးဆရာ၊ သတင်းစာဆရာတွေကို ဖမ်းတာ၊ ဆီးတာတွေရှိ ပေမဲ့ မဆလတို့ န၀တ-နအဖတို့ထက်တော့ အပုံကြီးတော်သေးတာ အမှန်ပဲဗျ။
မဆလခေတ်ကျတော့ ခင်ဗျားလည်းသိတဲ့အတိုင်းပဲလေ။ စာဆိုတော်နေ့ကျင်းပတာတွေဟာ လုံးဝပုံသဏ္ဌာန်ပြောင်းသွားတယ်။ ရန်ကုန်မှာက ဘာမှ လုပ်ခွင့်မရတော့ဘူး။ သတင်းစာဆရာ၊ စာရေးဆရာတွေ အသင်းအပင်းပုံစံနဲ့လှုပ်ရှားတယ်ဆိုတာ ပျောက်သလောက်ဖြစ်သွားတယ်။ အထူးသဖြင့် ၁၉၆၃ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲထိုးဇာတ်ကြီးကို ဗိုလ်နေ၀င်းကတော်လောက်ပြီလို့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် (ဆရာ) ဗန်းမော်တင်အောင်၊ ဆရာဒဂုန်တာရာ၊ (ဆရာ)မြသန်းတင့်တို့လိုလူတွေ ထောင်ထဲရောက်ကုန်ကြပြီးတဲ့ နောက်မှာပေါ့ဗျာ။ မန္တလေးမှာကတော့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းရယ်လို့ တည်တည် ကြည်ကြည် ရပ်တည်နိုင်ပြီး စာပေ ဟောပြောပွဲတွေ၊ စာပေရေးရာလှုပ်ရှားမှုတွေ အတော်လေးကျင်းပနေနိုင်ခဲ့တာပေါ့။
ဒီနေရာမှာစပ်မိလို့ မဆလလက်ထက် ကာလအတော်ကြာအထိ တည်တံ့နေနိုင်ခဲ့တဲ့ မန္တလေးကျုံးနံဘေးဓမ္မဗိမာန်က စာပေဟောပြောပွဲတွေအ ကြောင်း ပြောချင်သေးတယ်။ နှစ်စဉ်နှစ်တိုင်း ဂရုတစိုက်နဲ့စေ့စေ့စပ်စပ် စီစဉ်ကျင်းပကြတာ။ ဖတ်တဲ့စာတန်းတွေဆိုတာလည်း တခုမှ ကယော်ကမယ်မဟုတ်ဘူး။ စာတစောင်ပေတဖွဲ့ မှတ်တမ်းတင်ထိုက်တဲ့ ဟာတွေချည့်ပဲ။ သဘာပတိတွေ ထိုင်တဲ့နေရာရဲ့နောက်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံကြီးကို ထောင်လို့၊ အထက်မှာတော့ အထက်ဗမာနိုင်ငံစာရေးဆရာ အသင်းဆိုတဲ့ စာတန်းကြီးနဲ့၊ ထိုင်နေသူတွေက ဆရာတော်ရွှေကိုင်းသားခေါ် ဦးသောဘိတ၊ ပါမောက္ခဦးချမ်းမြ၊ လူထုဦးလှ၊ ဒေါက်တာသန်းထွန်းတို့လို ပုဂ္ဂိုလ်တွေ။ အင်မတန်ကျက်သရေရှိတာပေါ့ဗျာ။ (တခါတခါတော့ ဒေါက်တာသန်းထွန်းကြီး အိပ်ငိုက်နေတာ တွေ့ရတယ်)။ ကျနော်မှတ်မိသလောက်တော့ အမေလူထုဒေါ်အမာက နောက်ပိုင်းမှသဘာပတိစားပွဲမှာ ထိုင်တာ၊ အစောပိုင်းတုန်းကတော့ အောက်ကပရိသတ်ထဲမှာပဲ။ အောက် မှာထိုင်နေတဲ့ ပရိသတ်ထဲမှာ သံဃာတော်တွေအပါအ၀င် ကျနော့်အထင် နှစ်စဉ်လာနားထောင်သူက ရာခိုင်နှုန်း ၈၀ ထက်မနည်းဘူးဗျ။ ဒီအထဲမှာ ထောက်လှမ်း ရေးတို့၊ အက်စ်ဘီတို့လည်းပါသပေါ့ဗျာ။ အထက်မှာပြောခဲ့တဲ့ ဂျပန်ခေတ် ဒီမိုကရေစီနဲ့မကွာလှတဲ့ မဆလဒီမိုကရေစီအောက်မှာ ရိုးသားတည်ကြည်မှုဆိုတဲ့ ဂုဏ်နဲ့ ပွတ်သီကပ်သီလေး လှည့်ပတ်ပြီးလုပ်ကြရတဲ့ ရှားရှားပါးပါး အသင်းအပင်းလှုပ်ရှားမှုပေါ့။ ဒါပေမဲ့ ဒီအဖွဲ့အစည်းနဲ့ ဒီလှုပ်ရှားမှုဟာ မဆလ ခေတ်နှောင်းပိုင်းမှာ နိဋ္ဌိ တံသွားပါတော့တာပါပဲဗျာ။
အဲဒီခေတ်က အထက်အောက် ဗမာပြည်မှာလှည့်လည်ဟောပြောတာတွေအပါအ၀င် စာပေဟောပြောပွဲတွေမှာ လူထုဟာ စာပေကိုစိတ်ဝင်စားတာ တင်မက နိုင်ငံရေးငတ်လို့ နိုင်ငံရေးအသံ၊ နိုင်ငံရေးအဓိပ္ပာယ်တွေ ခံစားချင်လို့လာနားထောင်ကြတာလည်း ဖြစ်တယ်ဗျ။ ဗမာပြည်စာပေလောကရဲ့ ထူးခြားချက် တခုကိုက တိုင်းပြည်ရဲ့အခြေအနေနဲ့အတူ နိုင်ငံရေးရဲ့အခန်းဟာ အင်မတန်မှ အရေးပါနေပဲ။ ဒါဟာကိုလိုနီခေတ်ကတည်းက သန္ဓေတည်ခဲ့တာဆိုရင် မမှားပါဘူး ထင်ပါတယ်။ ဒါကြောင့်လည်းပဲ ဒီနိုင်ငံက အာဏာရသူတွေဟာ ကျောင်းသားဆိုတာ နိုင်ငံရေးနဲ့မဆိုင်ဘူး၊ တခြားစီလို့ပြောလေ့ရှိကြသလို၊ စာပေနဲ့နိုင်ငံရေးကို လည်း ခွဲထားရမယ်လို့ပြောတတ်ကြတာပဲ။ ဒါပေမဲ့ ပြောသာပြောတယ်ဗျာ၊ အဲဒီလိုလုပ်လို့မရမှန်းလည်း သူတို့ကောင်းကောင်းသိတယ်ဗျ။ အဲတော့ မဆလခေတ် ကစပြီး သူတို့ဟာ တခြားအသင်းတွေကို ဖျက်သိမ်းခိုင်းပြီး သူတို့သြဇာခံ စာပေလုပ်သားကောင်စီဆိုပြီး အတင်းဖွဲ့တော့တာပဲလေ။
ဒီခေတ်ကြီးမှာတော့ နအဖ က ခွင့်ပြုထားတယ်ဆိုတဲ့ စာရေးဆရာအစည်းအရုံးတို့၊ ထုတ်ဝေသူနဲ့ပုံနှိပ်သူများ အစည်းအရုံးတို့ စတာတွေဟာ အသင်း သားတွေကို နအဖအစိုးရကနေ ချုပ်ကိုင်လို့ကောင်းအောင် ဖွဲ့ထားတာတွေပဲဖြစ်နေတော့တယ်။ အသင်းသားဆိုသူတွေဟာ ခေါ်ရင်လာ၊ ပြောတာနားထောင်၊ ခိုင်း တာလုပ်၊ အလှူခံရင်ထည့်၊ ဒါပဲ လုပ်ရတော့တယ်။ တခြားရုပ်ရှင် အစည်းအရုံး၊ ပန်းချီအစည်းအရုံး စတာတွေဟာလည်း ပန်းချီဆရာကြီး (ဒါရိုက်တာ) ကိုဝင်းဖေရဲ့ ကာတွန်းတခုထဲက စကားအတိုင်းဆိုရင် “ဒီပုတ်ထဲကအခြားပဲ”သာ ဖြစ်ပါတယ်။ ဒီလိုစစ်အုပ်စုဒီမိုကရေစီအောက်မှာ လျှပ်တပြက်မြတ်ခိုင်တို့လို ပန်းပွတ်သည် တွေ ကောင်းစားနေတာအံ့သြစရာတော့ မရှိဘူးလို့ဆိုနိုင်သပေါ့ဗျာ။
ဒါပေမဲ့ ကိုဟိုဒင်းရေ၊ စက်တင်ဘာသံဃာ့အရေးအခင်းနောက်ကျတော့ နအဖဟာကိုယ့်အရိပ်ကိုယ်ပြန်ကြောက်တဲ့စိတ်ရောဂါ ရမလောက်ဖြစ်နေလို့ သူတို့လက်အောက်မှာ သူတို့လက်ညှိုးညွှန်တိုင်းလိုက်နာနေတဲ့ မြန်မာ့တိုင်းမ်တို့၊ လျှပ်တပြက်မြတ်ခိုင်တို့လို ဟာတွေကိုတောင် ခေါ်ပြီးသတိပေးတာ၊ ခဏရပ် ဆိုင်းတာတွေ လုပ်လာရတဲ့ အနေအထားရောက်လာနေပြီ။ တကယ်တော့ စာပေအပါ မီဒီယာလောကဟာ တိုင်းပြည် တပြည်ရဲ့ဒီမိုကရေစီပြဒါးတိုင်ဖြစ်တယ်ဆို တာ အားလုံးလိုလိုက လက်ခံထားကြပြီးပြီပဲ။ ဗိုလ်သန်းရွှေတို့က အဆက်မပြတ်လက်ထိပ်သံပေးနေတဲ့ ပတ်ဝန်းကျင်မှာ တန်ဘိုးရှိတဲ့စာပေတွေ ထုတ်လုပ်နေကြ သူတွေဟာ လေးစားစရာကောင်းလှတယ်လို့ပြောရုံကလွဲလို့ ကျနော်လည်းဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော
Wednesday, 30 January 2008
အဝေးကပေးစာတစောင် (၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလ ၂၅ရက်။)
Posted by ရွှေဥသြ at 19:21
Labels: အိတ်ဖွင့်ပေးစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment