Tuesday, 29 January 2008

စစ်တပ်နဲ့ နိုင်ငံရေး (ရဲဘော် ဖိုးသံချောင်း)

ဒီဗွီဘီမှာ ၁၇၊ ၉၊ ၂၀၀၄ သောကြာနေ့မှစ၊ အပါတ်စဉ် အခန်းဆက်တင်ပြခဲ့တာ။

ပထမအကြိမ်
၂၀၀၆၊ မေ
အုပ်ရေ
၅၀၀
တန်ဖိုး Rs. 50/ - US$ 5

ကွန်ပြူတာ
နန္ဒတင့်ဆွေ

ထုတ်ဝေဖြန့်ချိရေး
STUDY DESK PUBLICATION
F-15, Vikas Puri
New Delhi. 110018 India
sdpublication@yahoo.co.in
maungpauk@yahoo.com

မာတိကာ

ဝန်ခံစကား ....... ....... ....... ....... ....... ၎
၁။ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ လက်နက်ကိုင်တိုက်ပွဲအယူအဆ ....... ၆
၂။ တပ်ကို နိုင်ငံရေးအရ တည်ဆောက်ရမယ် ....... ....... ....... ၈
၃။ ခေါင်ကို ဖြိုဖို့ကြံတဲ့ နယ်ချဲ့ ....... ....... ...... ....... ၁၁
၎။ အောင်ဆန်းကို ဘယ်သူသတ်သလဲ ....... ....... ....... ....... ၁၈
၅။ ဗမာပြည်ရဲ့ ကံကြမ္မာ - ဗိုလ်နေ၀င်းရဲ့ ကံဇာတာ ....... ....... ....... ၂၀
၆။ ခေါင်းနှစ်လုံးနဲ့ နဂါးကြီး ဖဆပလ ....... ....... ....... ....... ၂၇
၇။ လမ်းခွဲမှုကြီးနှစ်ခု ....... ....... ....... ....... ....... ၃၂
၈။ နံပါတ်ဝမ်း ....... ....... ....... ....... ....... ၃၄
၉။ စစ်ဗျူရိုကရက် အရင်းရှင်စနစ် ....... ....... ....... ....... ၃၉
၁၀။ “ဆိုရှယ်လစ်” – “ပြည်သူပိုင်” ....... ....... ....... ....... ၄၃
၁၁။ ကောက်ရိုးသင်္ခါရနဲ့ သံသင်္ခါရ ....... ....... ....... ....... ၄၅
၁၂။ စစ်အုပ်စုရဲ့ နိုင်ငံခြားရေး ....... ....... ....... ....... ၅၀
၁၃။ ၆၂ နဲ့ ၅၈ - ၈၈ ....... ....... ....... ....... ....... ၅၄
၁၄။ နိဂုံး ....... ....... ....... ....... ....... ....... ၅၇

၊နောက်ဆက်တွဲ၊

သန်းရွှေစစ်အုပ်စုကို ဘယ်သူတွေဖြုတ်ချမလဲ၊ ဘယ်ပုံစံနဲ့ ဖြုတ်ချမလဲ
- သန်းရွှေစစ်အုပ်စု ဘာကြောင့်ခေါင်းမာနေသလဲ ....... ....... ....... ၆၀
- ဗိုလ်ခင်ညွန့် နံပါတ်ဝမ်းနီးနီးဖြစ်ခဲ့တဲ့ကာလ ....... ....... ....... ၆၃
- ဘယ်သူတွေ ဖြုတ်ချမလဲ ....... ....... ....... ....... ၆၆
- လူထုအခြေအနေ ....... ....... ....... ....... ....... ၆၉
- အတိတ်ကို အတိတ်မှာထားခဲ့ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်ပဲ လုပ်ကြပါစို့ ....... ၇၃
- အလျှော့ပေးရေးဟာ အရှုံးပေးရေးပဲ ....... ....... ....... ....... ၇၆
- အမြော်အမြင်ရှိတဲ့ တပ်မတော်သားများသို့ ....... ....... ....... ၇၈
- ဘယ်လိုလုပ်မလဲ ....... ....... ....... ....... ....... ၈၃

ဝန်ခံစကား
ကျနော် ၀န်ခံပါရစေ ...။
ဒီစာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေဟာ ကျနော်တယောက်တည်းရဲ့ဝါယမက ပေါ်ထွက်လာတာမဟုတ်ပါဘူး။ စာဖတ်သူက နည်းနည်းလေး ပြန် စဉ်းစားလိုက်ရင် ကျနော့်အသက်အရွယ်နဲ့ ဒါတွေအားလုံးကို မသိနိုင်ဘူးဆိုတာ သဘောပေါက်လာမှာပါ။ ကျနော် သေသေချာချာ သိမီတဲ့အပိုင်းက ပထစအစိုးရ လက်ထက် ကာလလောက်မှာမှဖြစ်ပါတယ်။ အဲတော့ ဒီဆောင်းပါးများဖြစ်ပေါ်ရေးအတွက် ကျနော့်ကိုကူညီကြသူတွေ လိုခဲ့ပါတယ်။ သဘာဝကျစွာပဲ ကျနော်တို့ ပါတီရဲ့အရင်မျိုးဆက်က ခေါင်းဆောင်ဟောင်းများဆီက အကူအညီတွေ အများကြီးရခဲ့ပါတယ်။ နောက်ပြီး တခြားပါတီဝင်တွေဆီကရောပေါ့။ အမှန်ပြောရရင် ဒီစာ အုပ်ဟာ “မြင်းဝန်မင်းဘုရားတည်၊ မြင်းသားများကောင်းမှု” ဆိုတာမျိုးသာသာပါ။ ဒါကြောင့် ကျနော်ဒီမှာသူတို့အားလုံးကို လေးစားကျေးဇူးတင်ပါကြောင်း မှတ် တမ်းတင်ချင်ပါတယ်။
ကျနော်ဝန်ခံချင်တဲ့ နောက်တချက်က ဒီဆောင်းပါးဟာ ပြည့်စုံဖို့အများကြီးလိုသေးတယ်ဆိုတဲ့ အကြောင်းပါ။ စစ်အုပ်စုသမိုင်းကို သုတေသနပြုမယ်၊ ကျမ်းတစောင်ပေတဖွဲ့ ပြုမယ်ဆိုတာ အင်မတန် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပါ။ ဒါပေမယ့်ကျနော့်လို ကိုယ့်တိုင်းပြည်ပြင်ပကိုရောက်နေသူ တယောက်အနေနဲ့ လုံးဝ မဖြစ်နိုင်ပါ။ သတင်းစာတွေ၊ မှတ်တမ်းတွေ၊ မေးရမယ့်လူတွေ ပြည်တွင်းမှာမှ ပြည့်ပြည့်စုံစုံရှာဖွေလို့ ရမယ့်အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးများကို ကျနော် ရေဒီယိုကနေ ပြောကတည်းက “စစ်တပ်နဲ့ နိုင်ငံရေး” လို့ ခေါင်းစဉ်ကို သေချာစဉ်းစားပြီးပြောခဲ့တာပါ။
ကျနော်တို့နိုင်ငံမှာ စစ်အုပ်စုရဲ့ အုပ်စိုးမှုဟာ ကြာရှည်လွန်းတာကတကြောင်း၊ ဖိနှိပ်မှုတွေကလည်း ပြင်းထန်လွန်းတာက တကြောင်းတို့ကြောင့် နောင် မှာ စစ်အုပ်စုသမိုင်းကို ပြောကြစို့ဆိုရင်တောင် တုတ်ထမ်းပြီးပြောရမလား မသိပါ။ အမှန်ပြောရရင် နဂိုက စစ်အုပ်စုခေါင်းဆောင်ပိုင်းမှာ ပါခဲ့သူတွေ ဒီမိုကရေစီ ဖက်ကို ကူးပြောင်းရပ်တည်လာကြတာတွေ တွေ့မြင်ခဲ့ရတော့ စစ်အုပ်စုတွင်းပြဿနာတွေနဲ့ စဉ်းစားတွေးခေါ်နည်းတွေကို သူတို့ပါးစပ်ကများကြားရရင် ဘယ် လောက် စိတ်ဝင်စားစရာကောင်းလိုက်မလဲလို့ တောင့်တမိခဲ့ပါတယ်။ လုပ်ငန်းစဉ်တွေချမှတ်ရာမှာ အများကြီးအထောက်အကူရမယ်လို့ တွက်ခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ အခုထက်ထိတခါမှ မကြားရပါ။ သူတို့တတွေလည်း အသက်အရွယ်တွေ ကြီးလာပြီ၊ အလုပ်လည်း များကြတာဆိုတော့ အသက်ရှိတုန်းလေး၊ မှတ်တမ်းလေးတွေ ရေးခဲ့ကြပါစေလို့ ဆုတောင်းမိပါတယ်။ နအဖတို့ကတော့ ခြေစလက်စမှန်သမျှကို ဖျောက်ဖျက်ပစ်ချင်တဲ့ စိတ်မျိုးသာရှိမှာပါပဲ။
နောက်ဆုံးတော့ ကျနော့်ကို ဒီဆောင်းပါးများရေးဖြစ်အောင် အားပေးတိုက်တွန်းတဲ့ ဒီဗွီဘီဝိုင်းတော်သားများနဲ့ စာအုပ်ဖြစ်မြောက်ရေး လုံးပမ်းကြတဲ့ တိုက်ဖော်တိုက်ဖက်များအားလုံးရဲ့ ကျေးဇူးပြုမှုဟာလည်း ခြွင်းချန်လို့ မဖြစ်ပါကြောင်း ၀န်ခံပါရစေခင်ဗျား။ ။

ရဲဘော် ဖိုးသံချောင်း

နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအယူအဆ
လွတ်လပ်တဲ့နိုင်ငံတနိုင်ငံမှာ တပ်မတတော်တရပ်ဆိုတာ ရှိရတာပါပဲ။ အမျိုးသားတရပ်လွတ်လပ်သလား မလွတ်လပ်ဘူးလားဆိုတာကို တိုင်းတာတဲ့ အခါမှာ သူတို့မှာ ကိုင်ပိုင်တပ်မတော်တရပ် ရှိမရှိဆိုတဲ့အချက်ဟာ အင်မတန်အဓိကကျတဲ့ပုံစံ ဖြစ်ပါတယ်။ တပ်မတော်မရှိရင် ဘာမှအာမခံချက်မရှိဘူးဆိုတာ လူတိုင်းသိကြပါတယ်။ ဒါ အထူးပြောစရာမလိုတဲ့ ကိစ္စပါ။
ပဒေသရာဇ်မင်းတွေ လက်ထက်တုန်းက ကျနော်တို့ဗမာပြည်မှာ စစ်တပ်ဆိုတာက ပုံမှန်စစ်တပ်တွေ မဟုတ်သေးပါဘူး။ တိုက်စရာရှိမှ၊ စစ်တိုက် တော့မယ်ဆိုမှ လယ်သမားတွေကိုခေါ်ပြီး တပ်ဖွဲ့၊ အမြန်လေ့ကျင့်ပေးပြီး တိုက်ကြတာ။ ဒုတိယ ကုန်းဘောင်ခေတ်ကုန်ခါနီးမှာ အမြဲတမ်းတပ် တတပ်လိုအပ်တယ် ဆိုတာကိုသဘောပေါက်လာတဲ့ ကနောင်မင်းသားကြီးဟာ တည်ထောင်ဖို့ကြိုးစားခဲ့တာတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဗမာပြည်မှာ ပဒေသရာဇ်လက်ထက် တလျှောက်လုံးအမျိုးသားတပ်၊ အမျိုးသားတပ်မတော်တရပ် ရှိတယ်လို့ ပြောလို့မရပါဘူး။
အဲဒီနောက် ကျနော်တို့ဗမာပြည် ကိုလိုနီနိုင်ငံဘ၀ ရောက်တဲ့အခါမှာ ကိုလိုနီနယ်ချဲ့သမားဟာ သူတို့လုပ်လေ့ရှိတဲ့အတိုင်း လုပ်တော့တာပါပဲ။ အဲဒါက တော့ နိုင်ငံတခုကို သိမ်းပိုက်လိုက်တယ်ဆိုရင် ပထမဦးဆုံး သူတို့လုပ်တာက လက်နက်ကိုင်အဖွဲ့အစည်းနဲ့တူတာ၊ လက်နက်ကိုင်အဖွဲ့အစည်း ထူထောင်လို့ရတာ မှန်သမျှကို ပထမဆုံးနဲ့ အရင်ဆုံးဖျက်ဆီးပစ်တာပဲ။ ရတနာပုံ မန္တလေးကို အင်္ဂလိပ်က သိမ်းတဲ့အခါကျတော့ အမရစံခေါင်ရပ်ကွက် (အခု မန္တလေးဘီယာစက်ရုံရဲ့ အရှေ့မြောက်ဘက်ရှိတဲ့) လက်နက်စက်ရုံကို အရင်ဖျက်ပစ်တာပဲ။ ဒါအရင်ဆုံး သူတို့ဖြေရှင်းကြတာ။ ပြီးရင် တပ်ကြွင်းတပ်ကျန်တွေကို နှိမ်နှင်းတာတွေ ဆက်လုပ် တယ်။ ပြီးတော့ အနယ်နယ်အရပ်ရပ်မှာ လက်နက်နဲ့ ခုခံနေတဲ့ဟာတွေကို လိုက်ဖြိုပစ်တာပဲ။
အဲဒါတွေအားလုံးကို သိမ်းနိုင်ပြီ၊ သူတို့အုပ်ချုပ်နိုင်ပြီဆိုတဲ့အခါမှာ လက်နက်ဆိုရင် ၆ လက်မလောက်ရှိတဲ့ ဓားမြှောင်တောင် မကိုင်ရဘူးဆိုတဲ့ ဥပဒေ တွေကို ထုတ်တော့တာပဲ။ အဲဒီ ၆ လက်မအထက် ဓားမြှောင်ဆိုတဲ့ ဥပဒေဟာ အာမခံချက် မရနိုင်တဲ့ပုဒ်မမျိုး ဖြစ်ပါတယ်။
အဲတော့ လမ်းမပေါ်မှာဆန္ဒပြတဲ့ မန္တလေးကဆန္ဒပြပွဲမျိုးဆိုရင် ဗြိတိသျှကိုလိုနီက ရဟန်းရှင်လူ ၁၇ ဦးကွယ်လွန်တဲ့အထိ နှိမ်နှင်းတာမျိုးတွေ ရှိတယ်။ လက်နက်ကိုင်ပုန်ကန်မှုဆိုလို့ကတော့ ဒီထက်ကိုပိုပြီး ပြတ်ပြတ်သားသား နှိမ်နှင်းတော့တာဖြစ်ပါတယ်။ ဆရာစံပုန်ကန်မှုဟာ အထင်ရှားဆုံးပါ။ နောက်ပြီး (တွေ့ဖူး ကြပါလိမ့်မယ်။ ပြတိုက်ထဲမှာဖြစ်စေ၊ သမိုင်းစာအုပ်တွေမှာဖြစ်စေ) အင်္ဂလိပ်သိမ်းပြီးကာစဗမာနိုင်ငံမှာ အနယ်နယ်အရပ်ရပ်ကပုန်ကန်တဲ့ ဗမာအမျိုးသားခေါင်း ဆောင်တွေ၊ ဗိုလ်ချိုတို့ ဘယ်သူတို့ပုံတွေ၊ အဲဒီခေါင်းဆောင်တွေ အကုန်းလုံးကို သတ်ပစ်တာပါ။ ကျုပင်ခုတ် ကျူငုတ်မှမကျန်အောင် သတ်ပစ်တာပါဖြစ်ပါတယ်။
အဲဒါကြောင့် ကျနော်တို့ဗမာပြည်က ဟိုခေတ်က လူငယ်တွေ၊ ပညာတတ်တွေအပါအ၀င် ကိုယ့်အမျိုးသားရေးကို၊ ကိုယ့်နိုင်ငံကို တန်ဖိုးထားတဲ့လူ တွေဟာ ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက် စဉ်းစားကြတဲ့အခါမှာ သဘာဝကျစွာပဲ လက်နက်ကိုင်နည်းကိုလည်း စဉ်းစားကြတာရှိပါတယ်။ အဲဒီတုန်းက ဗမာပြည် လူငယ်တွေရဲ့ စိတ်ထဲမှာ ငါတို့မှာသာ စစ်တပ်တတပ်ရှိရင် ကိုယ့်ကိုလာပြီး ကျွန်ပြုနေတဲ့လူတွေကို မောင်းနှင်ထုတ်ပစ်မှာပဲလို့ စဉ်းစားကြတယ်။ အဲဒီလိုနဲ့ ဗမာ ပြည်မှာ လက်နက်ရရာရကြောင်း ရှာကြတယ်။ စစ်လေ့ကျင့်ရေး၊ တပ်ဖွဲ့စည်းရေးတွေ လေ့လာကြတယ်။ လုပ်ကြတယ်။
အဲဒီလို နောက်ခံသမိုင်းကြောင်းတွေရှိခဲ့ပြီးနောက် ဗမာပြည်ရဲ့ပထမဆုံး တပ်မတော်လို့ပြောရမယ့် BIA တပ်ပေါ်လာတာဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ် ဆိုတဲ့ဟာက အဲဒီ ၁၉၄၁ ခုနှစ်ကျမှ ဗြုန်းကနဲ တိုက်ချင်ခိုက်ချင်စိတ်ပေါ်ပြီး စစ်တပ်တတပ် ထဖွဲ့တာလို့ပြောရင်မှားပါတယ်။ ဒါဟာ သမိုင်းနဲ့ဖြတ်ပြီး စဉ်းစား တယ်လို့ ပြောလို့ရပါတယ်။ ကျနော်ပြောချင်တာက အဲဒီလို ပေါ်ပေါက်လာတဲ့တပ်၊ နိုင်ငံရေးနောက်ခံတွေ ဗမာပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေးနောက်ခံတွေနဲ့ ပေါ်ပေါက်လာတဲ့တပ်ဟာ နိုင်ငံရေးနဲ့ ဘယ်လိုဆက်နွယ်နေတဲ့အကြောင်း၊ ဒီနေ့အထိ ဘယ်လိုပတ်သက်နေတဲ့အကြောင်း ပြောချင်တာပါ။ ဒါကြောင့် ကျနော် ပြောတဲ့အခါမှာ ၁၉၄၁ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ၊ ၁၉၄၅ ကနေ ၁၉၄၈ အထိ စသဖြင့် အပိုင်းတွေခွဲပြီး ပြောသွားဖို့ စဉ်းစားပါတယ်။

တပ်ကို နိုင်ငံရေးအရ တည်ဆောက်ရမယ်
၁၉၄၁ ခုနှစ်ကနေ ၄၅ ခုနှစ်ထိ ကာလဟာ ကျနော်တို့နိုင်ငံမှာ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့သူတွေ အမျိုးသားရေးအလံတော်အောက်မှာ အတူလက်တွဲ လုပ်ခဲ့ကြတဲ့ကာလဖြစ်ပါတယ်။ နောင်တချိန်မှာ နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံရေးပါတီခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင် ဖြစ်လာမယ့်လူတွေအားလုံး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် ရှိခဲ့ကြတဲ့ကာလပါ။ ဒါဟာလည်း အကြောင်းမဲ့တိုက်ဆိုင်မှု မဟုတ်ပါဘူး။ သူ့ကျွန်ဖြစ်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့သမိုင်းစဉ်ရဲ့ စုစည်း ဖော်ပြချက်လို့ပြောရင်ရပါတယ်။ ဒီလိုဖြစ်လာရတာရဲ့ အနီးကပ်ဆုံးနဲ့ သြဇာအညောင်းဆုံး၊ ဂယက်အရိုက်ဆုံးကိစ္စကတော့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးလို့ ပြော လို့ရပါတယ်။
၁၃၀၀ ပြည့် အရေးတော်ပုံကြီးမှာ မြင်းခွာပေါက်ခဲ့လို့ မီးတောက်တယ်လို့ ပြောလို့ရပါတယ်။ နောင်မှာ ကွန်မြူနစ်ဖြစ်လာမယ့်လူတွေ၊ ဆိုရှယ် လစ်ပါတီဝင်ဖြစ်လာမယ့်လူတွေ ဒီအရေးတော်ပုံမှာ ပေါင်းစည်းမိခဲ့ကြပါတယ်။ အဲဒီက အဆက်အနေနဲ့ သခင်ဂိုဏ်းခွဲ ၂ ခွဲက လူတွေ ရဲဘော်သုံးကျိပ်မှာ လာပြီး ပေါင်းဖြစ်ကြတယ်။ ပြည်တွင်းမှာကျန်ခဲ့တဲ့ အဓိကကျတဲ့ သခင်ခေါင်းဆောင်တွေဟာလည်း ထောင်ထဲမှာဆုံမိကြတယ်။ အဲဒီတုန်းက တတိုင်းပြည်လုံး၊ ညီညွတ်ဖို့၊ စုစည်းဖို့၊ လက်တွဲဖို့ စည်းစားနေကြ၊ လုံးပန်းနေကြတဲ့ကာလဖြစ်ပါတယ်။ သူတို့အားလုံးခေါင်းထဲမှာ ကိုယ့်တိုင်းပြည်လွတ်လပ်ရေးဆိုတဲ့ ဘုံရည်မှန်းချက်အပေါ်မှာ မူတည်နေကြတော့ အားလုံးတွဲပြီး လုပ်နိုင်ခဲ့ကြပါတယ်။
အဲဒီကာလမှာ သူတို့ခေါင်းထဲမှာ အယူဝါဒကွဲပြားတာ၊ မတူတာမရှိဘူးလားဆိုတော့လည်း ရှိပါတယ်။ ဥပမာ ... အသိသာဆုံးက ဒုတိယကမ္ဘာစစ် ဖြစ် လာချိန်မှာ အဓိကအားဖြင့် အယူအဆ ၃ မျိုးကွဲတယ်လို့ ပြောလို့ရတယ်။ (၁) က ဂျပန်နဲ့ပေါင်းပြီး ဗြိတိသျှလက်အောက်က ရုန်းထွက်ရေး၊ (၂) က ဂျပန်ကိုလည်း တိုက်မယ်၊ ဗြိတိသျှကိုလည်း တိုက်မယ် (၃) ကတော့ အင်္ဂလိပ်အပါအ၀င် အရှင်းရှင်ဒီမိုကရေစီနိုင်ငံတွေနဲ့ပေါင်းပြီး ဂျပန်အပါအ၀င် ဖက်ဆစ်တွေကို တိုက်မယ် ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အဲဒီ ၃ မျိုးကွဲနေကြတာပါ။
အဲဒီတုန်းက ကွန်မြူနစ်တွေ၊ နောင်မှာကွန်မြူနစ်ဖြစ်လာမယ့်လူတွေက အဲဒီ ၃ မျိုးစလုံးထဲမှာ ပါဝင်နေကြပါတယ်။ ဒါပေမယ့် ပါတီစည်းရုံးရေးအရ၊ ပါတီရဲ့ဆုံးဖြတ်ချက်အရ အားလုံးဟာ အင်္ဂလိပ်အပါအ၀င် ဒီမိုကရေစီနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ဖက်ဆစ်ဝါဒကို တိုက်မယ်ဆိုတဲ့ တတိယအမျိုးအစားမှာ ပါဝင်ကြပါတယ်။ နောင်မှာ ဆိုရှယ်လစ်ပါတီဖြစ်လာမယ့်လူတွေကလည်း အထက်ကပြောခဲ့တဲ့ အမျိုးအစား ၁ နဲ့ ၂ မှာ ပါဝင်ကြပါတယ်။ ထွန်းအုပ် - ဗစိန်ဂိုဏ်း က လူတွေကတော့ အမျိုးအစား (၁) မှာပဲ ပါဝင်တာတွေ့ရပါတယ်။
ဒီလို စည်းလုံးညီညွတ်ရေး အရှိန်ရနေတဲ့အခြေခံပေါ်မှာ ရဲဘော်သုံးကျိပ်ဟာ ဂျပန်ပြည်ကိုသွားပြီး စစ်ပညာသင်တာတွေကို လုပ်ခဲ့ပါတယ်။ နောင် သူတို့ပြန်လာပြီးတော့လည်း ဂျပန်ကို စစ်ပညာသင်ထပ်ပြီးလွှတ်ခဲ့တာတွေ ရှိပါတယ်။
ဒီနေရာမှာ ဖြတ်ပြောချင်တာတခုက အဲဒီလိုနောက်ခံရှိနေတဲ့ အလျောက် နိုင်ငံရေးအမြင်မတူတဲ့သူတွေ ဒီတပ်မတော်ထဲမှာ ပါဝင်လာတဲ့အလျောက် ဒီတပ်ထဲမှာ အဲဒီဂယက်၊ နောင်မှာ ဂိုဏ်းဂဏဖြစ်လာမယ့် ဂယက်တွေလည်း ရှိတန်သလောက် ရှိတယ်လို့ ၀န်ခံရမှာပါ။
ဂျပန်တော်လှန်ရေးစိတ်ဓာတ် မြင့်တက်နေတဲ့ကာလမှာ ကွန်မြူနစ်ပါတီ၊ အရေးတော်ပုံပါတီ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ “ကျောင်းသားတပ်ဦး” နာ မည်နဲ့ ပူးပေါင်းခဲ့ကြပါတယ်။ ၁၉၄၄ ခုနှစ်မှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖတပလ) ကို ဖွဲ့ခဲ့ကြတယ်။ တဆက်တည်းမှာ တပ်ကို နိုင်ငံရေးအရ တည်ဆောက်ရမယ်ဆိုတဲ့ အယူအဆကို ကွန်မြူနစ်တွေကတင်ပြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လက်ခံအတည်ပြုခဲ့လို့ တပ်ထဲမှာနိုင်ငံရေးသင်တန်းတွေ ပေးခဲ့ပါ တယ်။
အမှန်ပြောရရင် ရဲဘော်သုံးကျိပ်အဖြစ် သန္ဓေတည်ပေါက်ဖွားလာတဲ့ ဒီတပ်မတော်ဟာ အားလုံးသိကြတဲ့အတိုင်း ဂျပန်ပြည်မှာ ပျိုးထောင်လေ့ကျင့်ခဲ့ ရတာပါ။ ဂျပန်လေ့ကျင့်ပေးတာ ရခဲ့တဲ့၊ ဂျပန်တွေရဲ့ သူတို့တပ်ပုံစံအတိုင်း (ပဒေသရာဇ်တပိုင်း ဖက်ဆစ်တပိုင်း ပုံစံအတိုင်း) ပုံသွင်းခံခဲ့ရတာပါ။ တသွေးတသံ တမိန့် ဆိုတာကိုပဲ အလေးဂရုပိုထားတဲ့ တပ်မျိုးပါ။ ဒါကြောင့်မို့လည်း ဒီ BIA တပ်ဟာ အစောပိုင်းမှာ ဖက်ဆစ်ဆန်လို့ လူထုရဲ့ မကျေနပ်မှုတွေ အတော်များများ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုပုံစံနဲ့ဖြင့် တိုင်းပြည်လွတ်လပ်ရေးအတွက် ဆောင်ရွက်လို့မဖြစ်နိုင်ဘူးဆိုတာကို သတိထားမိတဲ့ ကွန်မြူနစ်ပါတီဟာ ဒီတပ်ထဲမှာ နိုင်ငံရေး သင်တန်းပေးရမယ်လို့ သဘောပေါက်ပြီး အခုလို လှုပ်ရှားခဲ့တာဖြစ်ပါတယ်။
ဒီလို တပ်ကို နိုင်ငံရေးသင်တန်းပေးတာကို အဲဒီတုန်းက မကြိုက်တဲ့သူတွေ ရှိပါတယ်။ အထူးသဖြင့် ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးစတဲ့ လူတွေပါ။ (နောင်မှာ ဆိုရှယ်လစ်ပါတီဝင် ဖြစ်လာမယ့်လူတွေပါ။) သူတို့က ဒီတပ်ကို သူတို့တလက်ကိုင်တပ်ဖြစ်လာတဲ့အခါ၊ ဆိုရှယ်လစ်ပါတီရဲ့ တလက်ကိုင်တပ်ဖြစ်လာတဲ့ အခါမှာ နောင်မှာတပ်ကို နိုင်ငံရေးလုံးဝသင်မပေးတော့ဘဲနဲ့ တသွေးတသံတမိန့် သူတို့ခိုင်းရာလုပ်၊ သူတို့စေရာသွားဆိုတဲ့ တပ်ဖြစ်အောင်လုပ်ခဲ့တာပါပဲ။ ဒါက နောင်မှာပါ။
အဲဒီတုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောတူခွင့်ပြုမှုနဲ့ တပ်ထဲမှာ နိုင်ငံရေးသင်တန်းတွေ ပေးခဲ့ကြပါတယ်။ အဲဒီတုန်းက နိုင်ငံရေးသင်တန်း ပေးတတ်တာကလည်း ကွန်မြူနစ်တွေပဲ ရှိတယ်ဆိုတော့ ကွန်မြူနစ်တွေကပဲ ပေးတာပါ။
ကွန်မြူနစ်ပါတီက အဲဒီအချိန်ကတည်းက မြေအောက်လုပ်ငန်းရှိနေပါတယ်။ ကလာပ်စည်းတွေရှိနေပါတယ်။ တချို့ခရိုင်တွေမှာဆိုရင် ခရိုင်တခု တည်း ကလာပ်စည်း ၃ - ၄ ခုတောင် ရှိပါတယ်။ ဒါပေမယ့် တယောက်နဲ့တယောက်တော့ မသိကြသေးဘူးပေါ့။ သူတို့က ဂျပန်တွေမရိပ်မိအောင် နိုင်ငံရေး သင်တန်းပေးရတာဆိုတော့ သူတို့ကို ဗိုလ်နာမည်တွေတပ်ပြီး တပ်ထဲမှာ သွင်းထားရပါတယ်။ အဲဒီအချိန်တုန်းကတော့ ညီညွတ်ရေးစိတ်ဓာတ်ကလည်း လွှမ်းနေ၊ ဗိုလ်ချုပ်အောင်ဆန်းကလည်း သဘောတူထားတာဆိုတော့ ဒီလိုတပ်ထဲမှာ အပြင်ကနေလာပြီး တိတ်တိတ်သင်တန်းပေးတာတွေကို ဂျပန်မသိအောင် ကာကွယ် နိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလထဲမှာ အရေးတော်ပုံပါတီကလူတွေနဲ့ ကွန်မြူနစ်ပါတီကလူတွေပေါင်းပြီး ကွန်မြူနစ်ပါတီရယ်လို့ ဖွဲ့ခဲ့ပါတယ်။ ဆိုရှယ်လစ်ပါတီဆိုတာက ၁၉၄၅ ခုနှစ်၊ စက်တင်ဘာကျမှ အဲဒီထဲက ပြန်ထွက်ပြီး စင်ပြိုင်ပါတီတရပ် ထူထောင်တာဖြစ်ပါတယ်။
အဲဒီလို တပြည်လုံးရဲ့ အရေး၊ နိုင်ငံရဲ့အရေး၊ လွတ်လပ်ရေးကို ရှေ့တန်းတင် လုံးပန်းနေကြတုန်းမှာပဲ နဂိုက မတူတဲ့လူတွေဟာ တွဲဖက်လုပ်နိုင်ခဲ့ကြ တယ်။ နောင်ကျမှ ဒီလူတွေဟာ နိုင်ငံ့အရေးထက်ကိုယ်ကျိုး၊ ကိုယ့်အစုအကျိုးကို ရှေ့တန်းတင်လာကြပြီး တွဲမလုပ်နိုင်ဘဲ ဖြစ်ခဲ့တာပါ။ ဒါ ဒီနေ့အထိပါပဲ။ အဲဒီတုန်း က ကွန်မြူနစ်ပါတီအပေါ် အငြိုးထားခဲ့တဲ့ လူတွေဟာ အခုထိ ကွန်မြူနစ်ပါတီအပေါ်သာမက ဗိုလ်ချုပ်အောင်ဆန်းအပေါ်လည်း အငြိုးထား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်အပေါ်ကိုလည်း အငြိုးကြီးထားပြီးတော့ သူတို့တပ်ထဲက မျိုးဆက်သစ်တွေအပေါ်မှာ ဒီအငြိုးကို ဆွေစဉ်မျိုးဆက် လက်လွှဲပေးသွားတဲ့ သဘောမျိုးတွေ့ရပါတယ်။
ဗမာပြည်ရဲ့သမိုင်းမှာ အဲဒီလိုပဲ ပဋ္ဋိပက္ခတွေဖြစ်နေတဲ့ အင်အားစုတွေဟာ အခြေအနေတခုအောက်မှာ တွဲပြီးလုပ်ကြတယ်။ နောက်တခါကျတော့ တ ဖက်စီ တိုက်ကြတယ်။ လက်နက်တွေနဲ့ အသေအကြေတိုက်ကြတယ်။ အဲလို တိုက်နေတဲ့ကြားထဲမှာပဲ ထိပ်တိုက်စေ့စပ်ကြတယ်၊ ဆွေးနွေးကြတယ်။ ဒါတွေဟာ တလျှောက်လုံးရှိနေခဲ့တဲ့ဟာပါ။ ဒီနေ့ နအဖအစိုးရက စေ့စပ်တယ်၊ ဆွေးနွေးတယ်ဆိုတာကို မျက်စေ့မှိတ် ဘူးခါငြင်းနေတဲ့အခါမှာ အရင်တုန်းက အဲဒီလိုမဟုတ် ဘူးဆိုတာပြောချင်လို့ ဒီနေရာမှာ အလေးထားပြီး ပြောတာဖြစ်ပါတယ်။

ခေါင်ကိုဖြိုဖို့ကြံတဲ့ နယ်ချဲ့
၁၉၄၅ ခုကနေ ၁၉၄၈ ခုနှစ်ထိ ဆိုတဲ့ကာလဟာ (ဒီသုံးနှစ်ဟာ) ဗမာပြည်ရဲ့ ကံကြမ္မာကို ဖန်တီးလိုက်တဲ့ သုံးနှစ်ဖြစ်တယ်။ ဒါကြောင့် ဒီအခန်းကို ကျနော် နည်းနည်းကျယ်ကျယ်လေးပြောချင်တယ်။ ကျနော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာသာမက တပ်မတော်ရဲ့ ကံကြမ္မာကိုလည်း အလှည့်အပြောင်းဖြစ်စေတဲ့ သုံးနှစ် ဖြစ်ပါတယ်။
အထက်မှာပြောခဲ့တဲ့ ပြင်ပနိုင်ငံရေးရဲ့ ဂယက်တွေလဲ တပ်မတော်ထဲကို ဒီအချိန်မှာဝင်လာတယ်လို့ ပြောလို့ရပါတယ်။ နဂိုကတော့ ဂျပန်ကိုတိုက်နေရ တဲ့အတွက် ဒီဟာကို ထိန်းထားလို့ရတယ်။ နောက်ပြီးတော့လဲ ဂျပန်ကို အောင်ပွဲခံလိုက်တဲ့အခါ အောင်ပွဲရတဲ့အရှိန်နဲ့ ပြည်သူလူထုကလဲ တက်ကြွနေ၊ ပြည်သူ လူထုကလဲ တောင်းဆိုတဲ့အလျောက် သွေးစည်းညီညွတ်မှုကို ထိန်းသိမ်းနိုင်ကြပါတယ်။ အဲဒီလို ဗမာပြည်ရဲ့ နိုင်ငံရေးအင်အားစုတွေအားလုံး သွေးစည်းညီညွတ် နေတာကို မလိုလားတဲ့လူက ဗြိတိသျှကိုလိုနီသမားပဲဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီသမားဟာ ဗမာပြည်ထဲ ပြန်ဝင်လာတယ်ဆိုကတည်းက သူတို့ရဲ့ အဓိကပစ်မှတ်၊ သူတို့ရဲ့လုပ်ငန်းဟာ ဗမာပြည်ကို အဦးဆုံးသိမ်းပိုက်တုန်းက စဉ်းစားနည်းမျိုးနဲ့ပဲ သူတို့ ချဉ်းကပ်တာပါ။ အဲဒါဘာလဲဆိုတော့ ပထမဆုံး ဗမာအမျိုးသားတွေရဲ့ စစ် တပ်ကိုဖြိုခွဲဖို့၊ ဖျက်ဆီးဖို့ဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်ဟာ BIA ကို အင်မတန် အငြိုးထားပါတယ်။ သူတို့ခေါင်းထဲမှာ BIA ကိုတော့ မှတ်လောက်သား လောက်ဖြစ်အောင် ဆုံးမရမယ်လို့ တေးထားပါတယ်။ အင်္ဂလိပ်တွေကို တို့ပေးထားကြတာတွေကလဲ ရှိပါတယ်။ BIA အပေါ်မှာချဲ့ကားပြီးတော့ အင်္ဂလိပ်နဲ့ရန်တိုက် ပေးတာတွေလဲ ရှိသလောက် ရှိပါတယ်။ အင်္ဂလိပ်ကတော့ ခေါင်ကိုဖြိုရင် အားလုံးကို ပြိုမယ်လို့တွက်တာပါ။ ဒါကြောင့် သူတို့အဓိကထားတာ BIA ဖြိုဖို့အတွက် ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကို အရင်ဖြိုမယ်။ ဒါကြောင့် သူတို့က ဗိုလ်ချုပ်အောင်ဆန်းကို သထုံခရိုင် သဲဖြူကုန်းသူကြီး အဗ္ဒူရာရှစ်ကိုသတ်မှုနဲ့ ဖမ်းဖို့စဉ်းစားကြ တယ်။ ပြင်ဆင်ကြတယ်။ အဲဒီတုန်းက ဒီလူကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သတ်တာပါလို့ သက်သေခံမယ့်လူတွေကလဲ အသင့်ပြင်ပြီးစောင့်နေကြတယ်။ သူတို့ကလဲ အင်္ဂလိပ်နဲ့ပေါင်းရရင်ပြီးရော ဆိုတဲ့လူတွေ။ အဲလို သက်သေခံမယ့်လူက ဘယ်သူလဲဆိုတော့ သခင်ထွန်းအုပ်။ သခင်ထွန်းအုပ်ဆိုတာ ဗိုလ်နေ၀င်းရဲ့ လက်ရင်းဆရာ။ (ဒါက အားလုံးသိပြီးသားမို့ အကျယ်မပြောတော့ဘူး။)
အဲတော့ မေးစရာရှိတယ်။ အင်္ဂလိပ်က ဘာလို့ ခေါင်ကိုဖြိုချင်တာလဲ။ ဘာကြောင့်လဲဆိုတော့ ရှင်းတယ်။ အဲဒီတုန်းက တပ်မတော်ကို ကိုယ်စားပြုနေ တာက ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်ချုပ်အောင်ဆန်းကို နှိမ်နိုင်ရင်၊ ချိုးနိုင်ရင် ဒီတပ်မတော်တခုလုံး ဦးကျိုးပြီလို့ သူတို့တွက်ထားတာ။ ဒါကြောင့် ဒီအမှုမှာ တရား စွဲမယ့်လူကလဲ ရှိတယ်။ သက်သေလဲ ရှိတယ်။
ကိုလိုနီသမားဟာ သူတို့ကိုလိုနီလုပ်ခဲ့တဲနိုင်ငံမှာ အဲဒီနိုင်ငံက နိုင်ငံသားတွေရဲ့တပ်ဆိုတာကို နည်းနည်းမှ ခွင့်ပြုချင်တာမဟုတ်ဘူး။ ဒါပေမယ့် ဒါက ကိုလိုနီသမားရဲ့ သာမန်စဉ်းစားနည်းဖြစ်တယ်။ လက်တွေ့အနေနဲ့ကျတော့ သူတို့လုပ်လို့မရဘူး။ ဖမ်းလဲ မဖမ်းဖြစ်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုရင် အဲဒီတုန်းကသာ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းလိုက်တယ်ဆိုရင် ဗမာပြည်မှာ တော်လှန်ရေးထပေါက်ကွဲမှာ၊ ပြည်သူတရပ်လုံးက ထပြီး လက်နက်ကိုင်မှာ။ (လက်နက်တွေကလဲ အနှံ့အပြားရှိနေတယ်။) အင်္ဂလိပ်ဆိုတာကလဲ အဲဒီအချိန်တုန်းက အင်အားအင်မတန်ငယ်တယ်။ ဒုတိယကမ္ဘာစစ်ကြီးထဲမှာ အင်မတန်ပင်ပန်းပြီးတော့ ဒီမှာ ၀င်လာနိုင်တဲ့အင်အားကလည်း သိပ်များတာမဟုတ်ဘူး။ အဲလိုအချိန်မှာ ဗမာတမျိုးသားလုံး ထသာတိုက်လိုက်ရင် ဘယ်လိုဖြစ်မလဲ။ ဗမာပြည်ရဲ့တော်လှန်ရေးဟာ တရုတ်ပြည်တော်လှန်ရေးနဲ့ ဆက်မိသွားလိမ့်မယ်။
နောက်ပြီး ဗမာပြည်က ဗမာအမျိုးသားတွေရဲ့ တော်လှန်မှုကို ကုလားတပ်တွေကိုသုံးပြီး နှိမ်နှင်းဖို့ဆိုတာလဲ မဖြစ်နိုင်ဘူး။ ဒါက ဘိလပ်မှာရှိတဲ့ အင်္ဂလိပ်အစိုးရက တွက်တာ။ ဘုရင်ခံက တွက်တာမဟုတ်ဘူး။ သူတို့တွက်တာကလဲ မှန်တယ်။ သူတို့က အခြေအနေအားလုံးကို အကျယ်အပြန့်သိတဲ့လူတွေ။ အထူးသဖြင့် ကုလားတပ်ကို မသုံးနိုင်တော့ဘူးဆိုတာ သိပ်မှန်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ကုလားတပ်ကို မသုံးရဘူးဆိုပြီးတော့ အိန္ဒိယနိုင်ငံမှာ ကွန်ဂရက်ပါတီ၊ ကွန်မြူနစ်ပါတီနဲ့ အိန္ဒိယပြည်သူတွေက ပြတ်ပြတ်ဖော်ထုတ်ပြောထားပြီးဖြစ်တယ်။ သူတို့ဖာသာ အိန္ဒိယတပ်နဲ့ ဗမာပြည်ကိုနှိမ်ဖို့လုပ်မယ်ဆိုရင် စောစောကပြောသလို ဗမာပြည်မှာ တော်လှန်ရေးကလဲ အောင်မှာပဲ။ တရုတ်ပြည်တော်လှန်ရေးလဲ ဆက်နိုင်တယ်။ အိန္ဒိယအထိပါ တော်လှန်ရေးဆက်ပြီး ပေါက်ကွဲနိုင်တယ်။ ဒါ အင်္ဂလိပ်အကြောက်ဆုံးပဲ။
ဒီမှာ ရှိတဲ့ဘုရင်ခံကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းချင်တယ်။ တကယ်လို့ တော်လှန်ပုန်ကန်လာရင်လဲ တိုင်းရင်းသား သူတို့ သစ္စာခံတပ်တွေနဲ့ နှိမ်နှင်းပစ်နိုင်တယ်လို့ သူတို့ ထင်ထားတယ်။ ဒါပေမယ့် ဘိလပ်ကအစိုးရက အဲဒီလိုမထင်ဘူး။ အဲဒီတုန်းက အခြေအနေက ၁၉၄၅ ခုနှစ် စက်တင်ဘာလမှာ ဂန္ဒီစာချုပ်အရ PBF တပ်ထဲက အင်အား ၅၂၀၀ ကို အင်္ဂလိပ်စစ်တပ်က ယူကိုယူထားရတာ။ ကျန်တဲ့ တပ်မတော်သားတွေက ပြည်သူ့ရဲဘော် အဖြစ် ဖွဲ့ထားတယ်။ အဲဒီတပ်မတော်သားတွေက လက်နက်သာမရှိတာ၊ စစ်အတွေ့အကြုံရှိပြီးသား၊ စစ်တိုက်ဖူးပြီးသား။ စစ်လက်နက်ဆိုတာကလဲ တပြည်လုံး အနှံ့အပြား ပြန့်ကြဲနေတာ။ မြို့တွေ ရွာတွေမှာ ရွာသားက လေးခွစမ်းသလို သေနတ်ပစ်လက်တည့် စမ်းနေကြတဲ့ကာလမျိုး။ အဲဒါကိုသာ ခုနကတပ်က ထွက်ထား တဲ့သူတွေလက်ထဲ အပ်လိုက်ရင် ချက်ချင်း ပုံမှန်တပ်တွေဖြစ်သွားမှာ။
ခုနက ဂန္ဒီစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်း။ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ ဥက္ကဋ္ဌ၊ သခင်သန်းထွန်းက ဖဆပလ အထွေထွေ အတွင်းရေးမှူးအနေနဲ့ ခေါင်းဆောင်ပြီးတော့ မောင့်ဘက်တန်နဲ့ ချုပ်ထားတဲ့စာချုပ်ဖြစ်တယ်။
ဒီမှာ ထောက်ပြစရာတခုက အဲဒီကာလတုန်းက နောင်မှာဆိုရှယ်လစ်ပါတီခေါင်းဆောင်တွေဖြစ်မယ့် ဦးကျော်ငြိမ်းတို့၊ ဦးဗဆွေတို့က တော်လှန်ရေးရဲ့ ပင်မရေစီးထဲမှာ မရှိဘူး။ သူတို့က ဘေးရောက်နေကြတာ။ ဘေးရောက်နေတယ်ဆိုတာလဲ မဆန်းဘူး။ ဦးကျော်ငြိမ်းက ဂျပန်တော်လှန်ရေးမှာ တိုင်းခြောက်ရဲ့ နိုင်ငံရေးမှူးအဖြစ် သူ့ကို ပျဉ်းမနားကိုသွားဖို့လွှတ်တယ်။ အဲဒါ သူမသွားဘဲ ပုန်းနေတယ်၊ ရှောင်နေတယ်။ ဒါကြောင့်မို့လို့ သူ့နေရာမှာ ကွန်မြူနစ်ပါတီက သခင် တင်ထွန်းက ၀င်ယူရတယ်။ ဦးဗဆွေကလဲ အကြောင်းရှာပြီးတော့ ရန်ကုန်မှာပဲ ခိုကပ်နေတယ်။ ဘာမှ မလုပ်ဘူး။
ဂန္ဒီစာချုပ်အရ ဖွဲ့လိုက်တဲ့တပ်ထဲမှာ ဆိုရှယ်လစ်တပ်ကလူတွေ ပါတယ်။ သူတို့ကတော့ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေတို့ပေါ့။ ဗိုလ် အောင်ကြီးက အဲဒီတုန်းက ဆိုရှယ်လစ်ပါတီ တွဲဖက်အတွင်းရေးမှူးလုပ်နေတာ။ တပ်ထဲ ပြန်မ၀င်ဘူး။ အဲတော့ ဂန္ဒီစာချုပ် တပ်မတော်ထဲမှာ BIA, BDF, PBF ကလာတဲ့လူတွေက အနည်းစုတွေဖြစ်နေတယ်။ စစ်တပ်ရဲ့ အများစုနဲ့ စစ်ရုံးချုပ်တခုလုံးက သစ္စာခံတိုင်းရင်းသားတွေပဲ။ ဒါကြောင့်မို့ ဗမာပြည်မှာသာ (အထက်က ပြောခဲ့သလို) တော်လှန်ရေးပေါက်ကွဲလာတယ်ဆိုရင် အဲဒီတိုင်းရင်းသားတပ်တွေကို အားကိုးနိုင် အားမကိုးနိုင်ဆိုတာလဲ အင်္ဂလိပ်တွေ ချင့်ချိန်ကြ၊ စဉ်းစားကြ တယ်။ ဘုရင်ခံဦးစီးတဲ့ ဗမာပြည်ရောက် အင်္ဂလိပ်စစ်ဗိုလ်တွေကတော့ အားကိုးနိုင်တယ်လို့တွက်တယ်။ ဒါပေမယ့် ဘိလပ်အစိုးရက အားမကိုးလောက်ဘူးလို့ တွက်တယ်။
သူတို့စဉ်းစားက ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၄၆ ခုနှစ် မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနှစ်ပတ်လည်အပြီး နောက်တရက်မှာ ဖမ်းဖို့စီစဉ်တာ။ သူတို့ က ဘိလပ်ကို တင်ပြတယ်။ ဒါပေမယ့် ဘိလပ်က ပယ်ချတယ်။ တကယ်လို့များ အဲဒီတုန်းက ဖမ်းများဖမ်းလိုက်ရင် ကျနော်တို့တိုင်းပြည်မှာ တကယ့်ကို ပွဲကြီး ပွဲကောင်းတွေ့ရမှာ သေချာတယ်။ ကျနော်တို့တိုင်းပြည်ဟာ ပြည်ပအကူအညီမပါဘဲ အင်္ဂလိပ်ကို ကျနော်တို့အင်အားနဲ့ ကျနော်တို့ကြိုးစားမှုနဲ့ မောင်းထုတ်ပစ်နိုင် မှာ သေချာတယ်။ အဲလိုသာ လုပ်နိုင်ရင် ကျနော်တို့တိုင်းပြည်မှာ ပြည်တွင်းစစ်လဲ ဖြစ်ချင်မှဖြစ်မယ်။ ဗမာပြည်ရဲ့ကံကြမ္မာဟာ အခုလို ဟုတ်ချင်မှဟုတ်မယ်။ ဗမာ ပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာ အဲဒီတော်လှန်ရေးက အဆုံးအဖြတ်ပေးမှာဖြစ်သွားမယ်။
ဒါပေမယ့် အင်္ဂလိပ်အုပ်စိုးသူက ပြင်သစ်လိုမမိုက်ဘူး။ အမေရိကန်လိုလဲ သွေးနားထင်ရောက်နေတာ မဟုတ်ဘူး။ သူတို့က အင်မတန် ဉာဏ်နီ ဉာဏ်နက်များတဲ့လူတွေ။ သိပ်လည်တယ်။ သူတို့လုပ်တာကို ကြည့်ပါ။
၁၉၄၇ ခုနှစ်၊ မတ်လမှာ ဗိုလ်နေ၀င်းရဲ့ တပ်ရင်း ၄ ကို အင်္ဂလိပ်ကတပ်တွေနဲ့တွဲပြီး ပျဉ်းမနား - လယ်ဝေး ဒေသတွေထဲမှာ စစ်ဆင်ရေးတွေ လုပ်ခိုင်း တယ်။ နာမည်ပေးထားတာကတော့ Operation Flash လို့ပေးထားတာ။ ဒီ flash ကို ဘယ်လိုပြန်မလဲ။ ဒါဟာ ကောင်းအောင်ဘာသာပြန်ရင်လဲ ရတယ်။ ဆိုးအောင် ဘာသာပြန်ရင်လဲရတယ်။ အဲဒီထိုးစစ်လုပ်တဲ့အလုပ်က ဘာလဲဆိုတော့ အဲဒီတုန်းက ကွန်မြူနစ်ပါတီရဲ့ရှေ့ဆောင်မှုနဲ့ တိုက်ပွဲဝင်နေတဲ့ လယ်သမားသမဂ္ဂ၀င်တွေ ကို ချေမှုန်းရေးပဲ။ အဲဒီတုန်းက လယ်သမားတွေက မြေရှင်တွေရဲ့ မြေကွက်တွေထဲဝင်ပြီး ထွန်တုံးတိုက်ပွဲတွေလုပ်နေတာ။ သူတို့က လက်ငုတ်လယ် လက်မ လွှတ်ချင်လို့ လုပ်နေတာဖြစ်တယ်။ မြေရှင်တွေက လက်ငုတ်လယ်သမားတွေကို နှင်ထုတ်နေလို့ ပြန်တိုက်ရတဲ့တိုက်ပွဲဖြစ်တယ်။ အဲဒီစစ်ဆင်ရေးကို အင်္ဂလိပ်က ဘာအဓိပ္ပာယ်နဲ့ လုပ်တာလဲဆိုရင် ဆိုရှယ်လစ်နဲ့ကွန်မြူနစ်ကို ရန်တိုက်ပေးတာ။ နောက်တခါ တပ်ရင်း ၅ ကိုလဲ ရခိုင်ဘက်သွားပြီး နှိမ်နှင်းခိုင်းတယ်။ ဒါဟာလဲ ငါး ကြင်းဆီနဲ့ငါးကြင်းကြော်တဲ့ နည်းပရိယာယ်ပဲဖြစ်တယ်။ လူမျိုးရေးအာဃာတတွေ ကျန်နေအောင် တမင်လုပ်ခိုင်းတာဖြစ်တယ်။ သူတို့အင်္ဂလိပ်တပ်တွေ မသွားဘူး။
ဗိုလ်နေ၀င်းရဲ့ တပ်ရင်း ၄ မှာ အဲဒီတုန်းက အကြပ်လုပ်နေတဲ့လူတွေက ဗိုလ်ကျော်ထင်တို့၊ ဗိုလ်အေးကိုတို့ပေါ့။ သူတို့ကိုပဲ ဒေါက်တာမောင်မောင် နောက်ဆုံးရေးသွားတဲ့စာအုပ်ထဲမှာ အင်္ဂလိပ်လို Coterie လို့ သုံးသွားတယ်။ Coterie ဆိုတာ “အတွင်းစည်းဝိုင်း” လို့ သဘောပေါက်တယ် ထင်ပါတယ်။ အဲဒီတုန်းက တပ်ကြပ်ကျော်ထင်တို့၊ တပ်ကြပ်အေးကိုတို့ဟာ နေ၀င်းရဲ့ လက်သုံးတော်ကြီးများဖြစ်တယ်။ ၁၉၄၈ ခုနှစ်၊ မတ်လအ၀င်မှာ ကွန်မြူနစ်ပါတီကကျင်းပခဲ့တဲ့ ပျဉ်းမနား လယ်သမားကွန်ဂရက်ကြီးကို ဗိုလ်ကျောင်ထင်နဲ့ ဗိုလ်အေးကိုတို့က အရပ်ဝတ်ဝတ်ပြီး လာဖူးတယ်လို့ ၁၉၈၀ ခုနှစ်တုန်းက ကျနော်တို့ပါတီနဲ့ မဆလအစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပြောဖူးတယ်။ ဗိုလ်အေးကို ကိုယ်တိုင်ကနေ ကျနော်တို့ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လုပ်တဲ့ ဒု - ဥက္ကဋ္ဌ သခင်ဖေတင့်ကို ပြောပြတာ။ သူတို့က အရပ်ဝတ်နဲ့လာပြီးတော့ တက်တာပေါ့လေ။ သူတို့တက်တာက ထောက်လှမ်းတဲ့ သဘောမျိုးတက်တာပါ။
ဒါနဲ့ တဆက်တည်းမှာ ပြောဖို့လိုတာက ကန္ဒီစာချုပ်အရ PBF ကို အင်္ဂလိပ်က မျိုယူခဲ့ပုံ။ နဂိုက သောင်းနဲ့ချီပြီးရှိခဲ့တဲ့တပ်ထဲက ဗိုလ်က ၂၀၀၊ အောက် ခြေတပ်သားက ၅၀၀၀ ကိုပဲလက်ခံတာဖြစ်တယ်။ ဗိုလ်တွေကိုအင်္ဂလိပ်က အကြီးအကျယ်စစ်ဆေးပြီးမှ လက်ခံတာ။ စစ်မဖြစ်မီက ဘွဲ့ကြိုနဲ့ဘွဲ့ရဆိုရင် လွယ်လွယ် နဲ့လက်ခံတယ်။ ဒါကြောင့်မို့လို့ကွန်မြူနစ်ဗိုလ်၊ ဆိုရှယ်လစ်ဗိုလ်တွေအများကြီး ဗိုလ်အဖြစ်အရွေးခံရတာ။ BIA, BDA ထဲမှာမပါဘူးတဲ့ PBF ကျမှပါလာတဲ့ ကွန်မြူနစ် ဗိုလ်တွေတော်တော်များများလဲ အရွေးခံရတယ်။ ကွန်မြူနစ်ဗိုလ်တွေထဲကဆိုရင် ရှမ်းပြည်မှာ လက်နက်ကိုင်တိုက်ပွဲတုန်းကကျသွားတဲ့ ဗိုလ်စိုးမောင်တို့၊ တော်လှန် ရေးကောင်စီအစိုးရခေတ်တုန်းက လယ်သမားနှီးနှောဖလှယ်ပွဲတွေမှာ စွာကျယ်စွာကျယ်နဲ့ပြောနေခဲ့တဲ့ ဗိုလ်တင်စိုးတို့ အဲလိုလူတွေပါတယ်။ အစဉ်အလာနဲ့ ဂုဏ် သိက္ခာကြောင့် ပညာတတ်မဟုတ်ပေမယ့် အရွေးခံရတဲ့ ကွန်မြူနစ်ဗိုလ်တချို့လဲပါတယ်။ ဥပမာ ဗိုလ်အာဠာဝကတို့။ အဲဒီတုန်းက ကွန်မြူနစ်ပါတီရဲ့ အကြံအစည်က ဘာလဲဆိုရင် ရရင်ရ - မရရင်ချမှာ။ ဒါကြောင့်မို့လို့ နောက်ဆုံးတိုက်ပွဲ တိုက်ဖို့အတွက် တပ်ထဲမှာ ကွန်မြူနစ်တွေကို သွင်းထားတာဖြစ်တယ်။
တပ်ထဲမှာ ၀င်လာတယ်ဆိုရင် အစိုးရလခစားတွေ ဖြစ်တယ်။ ကွန်မြူနစ်ပါတီဝင်တွေဟာ တပ်ထဲရောက်သွားတယ်ဆိုရင် ကွန်မြူနစ်ပါတီကို လစဉ် ကြေးအဖြစ်နဲ့ သူတို့လခရဲ့ ၂၀% ကို လှူရတယ်။ တချို့ဆိုရင် တော်လှန်ရေးတုန်းက ဂျပန်ပြည်ရောက်နေလို့ မတ်လတော်လှန်ရေးမှာ မပါလိုက်ရတဲ့ဗိုလ်တွေလဲ ရှိသေးတယ်။ သူတို့လဲ ပါတီဝင်တွေ။ သူတို့လဲ လစဉ်ကြေးပေးကြတယ်။ အဲဒီတုန်းက ကွမြူနစ်ပါတီမှာက အချိန်ပြည့်ပါတီဝင်ရှိတယ်။ အချိန်ပိုင်း ပါတီဝင်ရှိတယ်။ အချိန်ပြည့်ရော၊ အချိန်ပိုင်းရော ပါတီဝင်ကြေးတော့ ပေးကြတယ်။ ဖဆပလနဲ့ကွန်မြူနစ်ကွဲတဲ့ ၁၉၄၆ ခု၊ အောက်တိုဘာလကျမှ တပ်တွင်းကွန်မြူနစ်တွေ အတော် များများ ပါတီကထွက်ကြတယ်။ သူတို့မထွက်ရင်လဲ ဖဆပလနဲ့အင်္ဂလိပ်နဲ့ပေါင်းပြီး တပ်ထဲကထုတ်တာပဲ။ ဗိုလ်အာဠာဝကတို့ဆိုရင် တပ်ထုတ်တာခံရတယ်။ နောင်မှာ ဗိုလ်အာဠာဝကက မန္တလေးမှာ အချိန်ပြည့်ပါတီဝင်လာလုပ်တယ်။ တချို့လဲ ကွန်မြူနစ်ပါတီနဲ့ မပတ်သက်တော့သလို နေကြတယ်။ လွတ်လပ်ရေးရမှ၊ ပြည်တွင်းစစ်ဖြစ်တော့မှ တောပြန်ခိုကြတယ်။
အဲဒီတုန်းက အင်္ဂလိပ်ရဲ့အစီအစဉ်က ဘာလဲဆိုတော့ သူတို့မျိုယူလိုက်ရတဲ့ ဗိုလ်တွေကို နိုင်ငံရေးစစ်သားဘ၀ကနေ ကြေးစားစစ်သားဖြစ်အောင် (သူ တို့ပြောတဲ့ professional စစ်သားဖြစ်အောင်) လုပ်ဖို့ လခနဲ့အခွင့်အရေးနဲ့ မြှူဆွယ်တာပဲ။ တကယ့်ကို သူတို့ရဲ့ ကိုလိုနီကြေးစားတပ်ပုံစံအတိုင်း သွင်းတာပဲ။
ဒီနေရာမှာစပ်မိလို့ ကျနော်အထက်မှာပြောခဲ့တဲ့ ဗိုလ်စိုးမောင်ပြောတဲ့ ရယ်စရာလေးတခု ဖြတ်ပြောဦးမယ်။ အင်္ဂလိပ်တပ်ရင်းမှူးကြီးတွေက သူတို့ တပ်တွေကို ပုံစံကျတဲ့ အင်္ဂလိပ်ကြေးစားတပ်ပုံစံအတိုင်း ပုံသွင်းတာ။ သူတို့တပ်ထဲမှာ အိန္ဒိယကပြန်လာတဲ့ ပုံစံကျပြီးသားတိုင်းရင်းသားဗိုလ်တွေ အတော်များ တယ်။ ဗိုလ်စိုးမောင်တို့လို PBF ဗိုလ်က အနည်းစုလေးပဲရှိတာ။ အင်္ဂလိပ်တပ်ရဲ့ အဲဒီတုန်းကထုံးစံက ဗိုလ်တွေအချင်းချင်း ရင်းနှီးကြဖို့၊ တနည်းအားဖြင့် ကြေးစား ပုံစံသွင်းပေးဖို့ တပ်ရင်းမှူးကြီးက ဗိုလ်တွေအားလုံးကို တပတ်မှာတခါ ညစာအတူစားတယ်။ တပ်သားနဲ့အတူမစားဘူး။ ဗိုလ်ဟာ ဗိုလ်ပဲဆိုတဲ့ ဗိုလ်စိတ်သွင်းပေး တာ။ တပ်သားနဲ့ ကင်းကွာကြောင်းကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်ပေးတာ။ အဲလို ညစာစားပွဲကို အပတ်စဉ်လုပ်တယ်။ တပ်ရင်းမှူးကြီးကိုယ်တိုင် တက်တယ်။ သောက်ကြစားကြ ပျော်ပျော်ပါးပါးပေါ့လေ။
အဲလို မိတ်ဆုံစားပွဲလုပ်မယ့်ညတခုမှာ ကွန်မြူနစ် PBF ဗိုလ်တွေကမြို့ထဲသွားပြီး နိုင်ငံရေးအစည်းအဝေးတက်ကြတယ်။ ပြန်လာတော့ အပြန်နည်း နည်းနောက်ကျသွားတယ်။ အင်္ဂလိပ်တပ်ရင်းမှူးကြီးက ထမင်းစားပွဲမစသေးဘဲ သူ့ရဲ့ဆင်းမလားပြန်ဗိုလ်တွေနဲ့ စကားစမြည်ပြောရင်း စောင့်နေတာပေါ့။ ခုနက PBF ဗိုလ်တွေဖြစ်တဲ့ ဗိုလ်စိုးမောင်တို့ကလည်း ကမန်းကတမ်းပြန်လာကြတယ်။ နောက်ကျသွားပြီ။ အရာရှိထမင်းစားခန်း (Officer mess) ထဲရောက်တဲ့အခါ ကျတော့ တယောက်ကသတိနဲ့အလေးပြုပြီး အင်္ဂလိပ်လို သူတို့ထုံးစံအတိုင်း "Good night, sir." လို့ပြောတယ်။ ဗမာကတော့ နေ၀င်ညကိုး။ အဲဒါကြောင့် Good night လို့ပြောမိ တာ။ အမှန်ကတော့ Good evening လို့ပြောရမှာ။
အဲဒီလိုအပြောမှားလိုတဲ့ အင်္ဂလိပ်တပ်ရင်းမှူးကြီးက ယမ်းပုံမီးကျဒေါပွတာ။ ဒါကို ပုံစံကျကုလားပြည်ပြန် တိုင်းရင်းသားအရာရှိများက ၀ိုင်းဟားကြ တာပေါ့လေ။ အင်္ဂလိပ်လိုကျတော့ ဟုတ်ပါတယ်။ Good night ဆိုတာ ပြန်ကြတဲ့အခါကျမှ နှုတ်ဆက်ပြောကြတဲ့ဟာ။ ဒါကို အင်္ဂလိပ်တပ်ရင်းမှူးကြီးတို့က အခွင့် ကောင်းယူပြီး နံနှိမ်တာပေါ့လေ။ “မင်းတို့ တက္ကသိုလ်ဘွဲ့ရတွေ။ တချို့က အင်္ဂလိပ်စာဂုဏ်ထူးနဲ့တောင် ရတယ်လို့ပြောတာ၊ ဒါလေးမှ မသိဘူးလား။ ငါ့စွားပွဲထိုးတို့၊ အစေခံတွေတို့၊ ဘတ်တလာတို့ကမှ မင်းတို့ထက် တတ်သေးတယ်။” နှိမ်လဲနှိမ် ကြိမ်းလဲကြိမ်းတာပေါ့လေ။ အဲဒီနောက်ပိုင်းမှာ PBF တပ်ကလာတဲ့ အရာရှိတွေနဲ့ ခုနက အိမ်တော်ပါအိန္ဒိယက ပါလာတဲ့ တပ်မှူးတွေနဲ့ ဆက်ဆံရေးတွေလဲ တန်းကုန်တယ်လို့ပြောပြတယ်။
ဒါကို ကျနော်ပြောတဲ့အဓိပ္ပာယ်က ဘာဘဲဆိုတော့ တပ်တတပ်ကို မျိုယူဖို့ဆိုတာ မလွယ်ဘူးဆိုတာပြောချင်တယ်။ အင်္ဂလိပ်တပ်ကနေ PBF တပ်ကို မျိုယူဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အများကြီးဖြတ်သန်းရတယ်။ အများကြီး ဖြုတ်တန်တာဖြုတ်လုပ်တာပဲ။ အဲလိုပဲ အခုနအဖကလည်း မျိုယူဖို့ သူတို့ဘယ်လို လုပ်ရမှန်းမသိဘူး။ မျိုမရ ထွေးမရဖြစ်နေတာ။

အောင်ဆန်းကို ဘယ်သူသတ်သလဲ
နောက်တချက် ကျနော်ပြောချင်တာက “အောင်ဆန်းကို ဘယ်သူသတ်သလဲ” ဆိုတဲ့ ပြဿနာ။
ဗမာပြည်မှာ ဒီပြဿနာဟာဒီနေ့အထိ ဂယက်ထနေတဲ့ပြဿနာ။ ဒီနေ့ထိ မပြီးပြတ်သေးတဲ့ပြဿနာ။ နိုင်ငံတကာနဲ့ပါ ဆက်နေတယ်လို့ ဗမာ့အမျိုး သားများက စဉ်းစားတဲ့ပြဿနာ။ ခုနောက်ပိုင်းမှာဆိုရင် ဒီဟာကို အကြောင်းပြုပြီး “..... ခဲ့သော်” ဆိုတဲ့ စဉ်းစားနည်းတွေ ပိုများလာနေတယ်။ “ဗိုလ်ချုပ်အောင် ဆန်းသာ အလုပ်ကြံမခံရသော် ...” အဲဒီကနေ စဉ်းစားလာတယ်။ နောက် ဘယ်သူလုပ်တာလဲ။ ဘယ်သူ လုပ်ကြံတာလဲဆိုတာ။
ကျနော်တို့တိုင်းပြည်ဟာ ဗိုလ်နေ၀င်းရဲ့အမွေဆိုးကို ခံရလေလေ ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတလေလေဖြစ်နေတယ်။ “ဗိုလ်နေ၀င်း လုပ်ကြံတာပဲ၊ ဗိုလ်နေ၀င်းဟာ အဓိကတရားခံပဲ” အထိ ပြောလာတာမျိုးတွေလဲ ရှိနေတယ်။
ရန်ကုန်ဘဆွေ သူကမသေခင်ဝန်ခံသွားလို့ ဂဠုန်စောကိုလုပ်ကြံဖို့စီစဉ်တာ ဘယ်သူတွေလုပ်တယ်ဆိုတာ သိရတယ်။ နောက်ပြီး တလောကကျနော် ဖတ်လိုက်ရတဲ့ပြည်ပရောက် ဆရာဝန်ဒေါက်တာကြင်ဟိုးရေးတဲ့ အောင်ဆန်းကိုနေ၀င်းသတ်တယ်ဆိုတဲ့ စာအုပ်ထဲမှာ သူ့ကိုပေဖူးလွှာဦးမြလှိုင်က ပြောပြတာရေး ထားတာကို ဖတ်လိုက်ရတယ်။ ဦးမြလှိုင်ဆိုတာက အဲဒီတုန်းက ရန်ကုန်ဘဆွေက ဦးစောကိုသေနတ်နဲ့ပစ်ရာမှာ ကားမောင်းပို့တာ။ ဦးမြလှိုင်ကတော့ ၄ ယောက် လက်ညှိုး ထိုးပြသွားတယ်။ အဲဒီအထဲမှာ ဗိုလ်အောင်ကြီးလဲ ပါတယ်။
ကျနော်တို့ ကွန်မြူနစ်ပါတီကတော့ ဂဠုန်စောသေနတ်နဲ့ပစ်ခံရတဲ့ကိစ္စမှာ ဗိုလ်နေ၀င်းဟာ သွေးထိုးတဲ့အခန်းက ပါတယ်ဆိုတာအတိအကျသိတယ်။ ဘာကြောင့်သိလဲဆိုတော့ ကျနော်တို့ပါတီက တပ်နီရဲဘော်တွေ အဲဒီတုန်းက ပါနေတယ်။ အဲဒီရဲဘော်က အခုတော့ တရုတ်ပြည်မှာ ကွယ်လွန်သွားပြီ။ သူ ကိုယ်တိုင်ပါလို့ သူက ပြန်ပြောပြတာ။
တနေ့မှာ ပြည်သူ့ရဲဘော်ဌာနချုပ်ကို ဗိုလ်နေ၀င်းရောက်လာတာ။ သူက “ဟေ့ ... ဟေ့ ... ဂဠုန်ငစောကို ဆုံးမမယ့်လူ မရှိတော့ဘူးလား” လို့ ပြော လိုက်တယ်။ အဲလို သူက ဆွပေးလိုက်တာနဲ့ ဂဠုန်စောကိုလုပ်ကြံဖို့ဆိုတဲ့ အစီအစဉ်ဖြစ်သွားတာလို့ သူကပြောတယ်။ အဲတော့ မင်းမဲ့စရိုက်ရှိတဲ့သူက ရှိပြီးသား။ ခုနက ဗိုလ်အောင်ကြီးတို့ ဘယ်သူတို့ဆိုတာကလဲ ဗိုလ်နေ၀င်းမျက်ရည်ကျရင် သူတို့က ရိုက်ပြီးသားဆိုတဲ့လူမျိုး။ ပေါင်းပြီးလုပ်ကြတာပဲ။
ဂဠုန်စောကမသေဘဲ ဒဏ်ရာရပြီးဆေးရုံရောက်တယ်။ ဒါကို အခြေအနေဘာမှမသိရှာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကဆေးရုံသွားပြီး (ဗမာတွေရဲ့ ယဉ် ကျေးမှုထုံးစံအရ) လူနာမေးတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကတော့ တကယ်ကိုစေတနာနဲ့ ရိုးရိုးသားသားသွားမေးတာ။ ဒါပေမယ့် ဂဠုန်စောဘက်ကကျတော့ ဒါ ဟာ သူ့ကိုစော်ကားတာဆိုပြီးတော့ အနာပေါ်တုတ်ကျဖြစ်တော့တာ။ “ငါ့ကိုလည်း သေကြောင်းကြံသေးတယ်။ နောက်ပြီး မျက်နှာထူထူနဲ့လာမေးနေတယ်”ဆိုတာ မျိုးပေါ့လေ။ သူ့ကို တမင်စော်ကားတာပဲလို့ယူဆပြီး သူကလည်း ပြန်လက်စားချေဖို့ လုပ်ကြတော့တာပဲ။ ဂဠုန်စောပြောလေ့ရှိတဲ့စကားက “ဒို့အမျိုးက ကိုယ့်တ ချက်ချရင် ကိုယ်ကနှစ်ချက်ပြန်ချရမှ ကျေနပ်တဲ့အမျိုး” လို့ ကြုံးဝါးလေ့ရှိတယ်။
အဲဒီနောက်မှာတော့ ဖဆပလ - ကွန်မြူနစ်ကွဲတယ်။ နိုင်ငံရေးမှာအကွက်၊ လာဘ်တွေ အင်မတန်မြင်တတ်ပါတယ်ဆိုတဲ့ ဦးကျော်ငြိမ်းက ဂဠုန်စော လုပ်ကြံမယ်ဆိုတာ မသိတာကျတော့ အတော်အံ့သြစရာကောင်းတယ်လို့ ကျနော်ထင်တယ်။ တကယ်ကျတော့ ဂဠုန်စောရဲ့စရိုက်နဲ့ ဦးနေ၀င်းရဲ့စရိုက်က တထပ် တည်းပဲ။ အင်္ဂလိပ်ကတော့ ဂဠုန်ဦးစောစရိုက်ကို ဘယ်လိုသုံးသပ်လဲဆိုတော့ “ဒီလူဟာ နိုင်ငံရေးပညာမဲ့တယ်။ အငြိုးအတေးကြီးတယ်။ တစောက်ကန်း လူမိုက် ခေါင်းဆောင်စရိုက် အပြည့်ရှိတယ်” လို့ သူတို့သုံးသပ်တယ်။ ဒါဟာ နေ၀င်းရဲ့စရိုက်နဲ့ တထပ်တည်းဖြစ်တယ်။
စရိုက်ချင်းတူပေမဲ့ နေ၀င်းကသာသွားတာကဘာလဲဆိုတော့ စစ်ကြီးအတွင်းမှာ ဦးစောကယူဂန်ဒါကို အပို့ခံလိုက်ရတာ။ ဗမာပြည်ကအခြေအနေတွေ နဲ့ ပြတ်သွားတာ။ ဒီထဲမှာ ဖြတ်သန်းရင်း ဗိုလ်နေ၀င်းဟာ အခြေအနေတွေကို ပိုပြီးဆုပ်မိတယ်။ အတွေ့အကြုံလဲ ပိုကြွယ်လာတယ်။ လူရည်လဲပိုပြီး လည်လာ တယ်။ နောက်လိုက် အခြွေအရံလဲ ပိုများလာတယ်။ ဒါတွေမှာ ဦးစောက နေ၀င်းကို အရှုံးပေးလိုက်ရတာဖြစ်တယ်။

ဗမာပြည်ရဲ့ကံကြမ္မာ - ဗိုလ်နေ၀င်းရဲ့ ကံဇာတာ
၁၉၄၈ ခုနှစ်နဲ့ ၅၈ ခုနှစ်အကြားကာလ ဆယ်စုနှစ်ဟာ ကျနော်တို့ ဗမာပြည်ရဲ့ကံကြမ္မာ အမှေးမှိန်ဆုံးကာလဖြစ်သလို ဗိုလ်နေ၀င်းရဲ့ ကံဇာတာ အ တက်ဆုံးကာလလို့ ပြောရင် မမှားဘူးထင်ပါတယ်။
ကျနော်တို့တိုင်းပြည်ရဲ့ကံကြမ္မာ အမှေးမှိန်ဆုံးလို့ပြောရတဲ့ အကြောင်းက အချက် ၃ ချက်ကြောင့်ဖြစ်ပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ ...
၁။ ပြည်တွင်းစစ်ကြီးဖြစ်တာ။
၂။ ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ်ပါတီအစုက တပ်မတော်ကို အုပ်စီးမိသွားတာ။
၃။ ဖဆပလ ကွဲတာ။
ဒီ ၃ ချက်ကနေ နောင်ဗမာပြည်ရဲ့ အဆိုးဆုံးသမိုင်းကာလကို ဖြစ်ပေါ်စေတဲ့ စစ်အာဏာရှင်တွေ ပေါ်ထွက်လာစေတာကြောင့် ဖြစ်ပါတယ်။ အဲတော့ ဒီ ၃ ချက်ကို ကျနော်ပြောပါတယ်။ အဲဒီထဲက ပြည်တွင်းစစ်ဖြစ်ပွားတဲ့ ကိစ္စနဲ့ပတ်သက်လို့ အဲဒါကိုအဓိကပြောမှာမို့လို့ အကျယ်မချဲ့တော့ပါဘူး။ ဒါ အားလုံးလဲ သိနေ ကြတဲ့ကိစ္စပါ။
ဒီနေရာမှာ ကျနော်တခုပဲ ကိုးကားချင်တယ်။ အဲဒါဘာလဲဆိုတော့ ဗိုလ်နေ၀င်းက ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ကို ပြောဖူးတဲ့စ ကားပါ။ ၁၉၈၀ ခုနှစ်မှာ မဆလအစိုးရနဲ့ ကျနော်တို့ ကွန်မြူနစ်ပါတီနဲ့ စေ့စပ်ဖို့ပြင်ဆင်တဲ့အနေနဲ့ ပီကင်းမှာ ဦးနေ၀င်းနဲ့ သခင်ဗသိန်းတင်တို့ တွေ့ကြပါတယ်။ အဲ လိုတွေ့ကြတော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာပေါ့။ အဲလိုပြောကြရင်းနဲ့ ဗိုလ်နေ၀င်းက စကားတလုံးထည့်လိုက်ပါတယ်။ ၄၈ ခုနှစ်က အဖြစ်အပျက်နဲ့ ပတ်သက်လို့။ အဲဒီတုန်းက ဦးကျော်ငြိမ်းက ဗမာပြည်ကွန်မြူနစ်ပါတီရုံးချုပ်ဖြစ်တဲ့ ဗားကရာလမ်းကပါတီရုံးမှာ တပ်ရင်းတရင်းရှိတယ်လို့ပြောတယ် ဆိုတဲ့ကိစ္စ။ အဲဒါကြောင့် ၀င်ဖမ်းရပါတယ်လို့ ဦးကျော်ငြိမ်းက ပြောတဲ့ကိစ္စ။ ဒါကို ဗိုလ်နေ၀င်းက ဘယ်လိုပြောလဲဆိုတော့ သူ့အနေနဲ့တဲ့ ကိုကျော်ငြိမ်းက ဒီလိုပြောတဲ့အခါမှာ “ဒီအပေါင်ဆိုင် ထပ်ခိုးလေးမှာ တပ်ရင်းတရင်း ရှိနေပါ့မလား” လို့ ကျနော်ပြန်ပြောလိုက်တယ်တဲ့။ ဒါဟာ ဗိုလ်နေ၀င်းရဲ့ လုပ်နေကျလုပ်နည်းလုပ်ဟန်တခုပါ။ သူ တခု ခုလုပ်တော့မယ်ဆိုရင် အဲလို ကြိုက်လုံးလေးတွေ ပစ်ပစ်ပေးပါတယ်။
တဆက်တည်း ဗိုလ်နေ၀င်းလုပ်ဟန်တခု ထပ်ပြောလိုက်မယ်ဆိုရင်လည်း ၁၉၆၃ ခုနှစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ကြတဲ့အခါကျတော့ ဗိုလ်နေ၀င်းနဲ့ သခင်ဗသိန်းတင်တို့ ရန်ကုန်မှာတွေ့ကြတော့ ဗိုလ်နေ၀င်းက ဘယ်လိုပြောလဲဆိုရင် “ကျနော်တို့က စစ်သားပါ” တဲ့။ “နိုင်ငံရေးတွေ နားမလည်ပါဘူး” တဲ့။ “သခင် ဗသိန်းတင်တို့ ကွန်မြူနစ်ခေါင်းဆောင်တွေက နိုင်ငံရေးနားလည်ပါတယ်။ တိုင်းပြည်လဲ တည်ဆောက်တတ်ပါတယ်။ အဲတော့ သခင်ဗသိန်းတင်တို့ပဲ မဆလပါတီ ကိုကိုင်ပြီးတော့ နိုင်ငံတော်အစိုးရလုပ်ကြပါ။ ကျနော်တို့ တပ်ကိုပြန်ပါ့မယ်” လို့ပြောတယ်။ ပြောလိုက်ရင်တော့ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် ကျနော်တို့က ပြန်စဉ်း စားပြီး ဗမာပြည်ကွန်မြူနစ်ပါတီက ဘာပြန်ပြောလဲဆိုတော့ “ခုဟာက ကွန်မြူနစ်ပါတီဖျက်ပြီးတော့ မဆလပါတီထဲ အ၀င်ခိုင်းတာပဲ။ အဲဒါတော့ မလုပ်နိုင်ဘူး” လို့ ပြောလိုက်တယ်။ အဲဒီလို ဗိုလ်နေ၀င်းက ပစ်လုံးလေးတွေနဲ့ ၀င်လေ့ရှိတယ်။
ကျနော်ပြောချင်တာက ပြည်တွင်းစစ်ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးဗိုလ်နေ၀င်းက ဦးကျော်ငြိမ်းကို လက်ညှိုးထိုးပြပြီး ကိုယ်လွတ်ရုန်းတာကို ပြောချင် တာ။
အခုအခါမှာလည်း စစ်အုပ်စုရဲ့စတုတ္ထမျိုးဆက်လို့ဆိုရမယ့် ဗိုလ်သန်းရွှေနဲ့သူ့တပည့်တွေက ပြည်တွင်းစစ်ကိုဖန်တီးတာလက်ရှိ ဒီချုပ်ခေါင်းဆောင် တွေအပါအ၀င် အရင်က တပ်မတော်မျိုးနွယ်တွေပဲဖြစ်တယ်။ သူတို့နဲ့မဆိုင်ဘူးလို့ ပြောနေကြတယ်။ အဲဒါနဲ့ ယှဉ်စဉ်းစားကြည့်ဖို့ပြောတာပါ။ စစ်အုပ်စုထိပ်သီးတွေ ဟာ ကိုယ်လုပ်တာတွေ မကောင်းမှန်း၊ မဟုတ်မှန်း မသိဘူးမဟုတ်ဘူး၊ သိတယ်။ ဒါပေမယ့် သူတို့တာဝန်မယူချင်ဘူး။ ဟိုလွှဲချ ဒီလွှဲချလုပ်တယ်။ သူတို့ အစဉ် အလာပဲ။ ၇ ရက်၊ ဇူလိုင်တုန်းက သမဂ္ဂအဆောက်အဦကြီး ဖြိုတဲ့ကိစ္စကိုပဲကြည့်။ ကျနော် အကျယ်ပြောဖို့မလိုဘူး။
အဲဒီလို ပြည်တွင်းစစ်အကြောင်းပြုပြီး စစ်တပ်ရဲ့အခန်းက အရေးပါလာတယ်။ စစ်ရေးမှာ စစ်တပ်ကို မလွန်ဆန်နိုင်တာက တခြားကိစ္စတွေမှာလည်း စစ်တပ်ကို အလျှော့ပေးလိုက်တာတွေ ဖြစ်လာပါတယ်။ နောက်တချက်က အဲဒီပြည်တွင်းစစ်ကြောင့် အိန္ဒိယကပြန်လာတဲ့ တိုင်းရင်းသားတပ်မတော် အရာရှိတွေ တပ်ကထွက်ရတယ်။ တိုင်းရင်းသားတပ်တွေကို ဖဆပလ ဆိုရှယ်လစ်အုပ်စုနဲ့ ဗိုလ်နေ၀င်းတို့က လက်နက်တွေဖြုတ်တယ်။ တပ်တွေဖျက်ပစ်တယ်။ အဲလို တ ဖြည်းဖြည်းနဲ့ ဗိုလ်နေ၀င်းတို့က တပ်ကိုအုပ်စီးမိသွားပါတယ်။
ဗိုလ်နေ၀င်းတပ်ကို အုပ်စီးမိသွားတာနဲ့တပါတည်းမှာ ဖဆပလကလည်း ဗိုလ်နေ၀င်းကို ဆွဲပြီးယူလိုက်ရတယ်။ နဂိုတုန်းကလဲသူက ဆိုရှယ်လစ်ပါတီ ကလူပါပဲ။ ဒါပေမယ့်အဲလိုတပ်ကို အုပ်စီးမိသွားတဲ့အခါမှာ ပိုပြီးတော့ကိုယ့်ဖက်အတွင်းလူထဲ ဆွဲသွင်းလိုက်တာ။ ဗိုလ်နေ၀င်းဟာဒီလိုနဲ့ ဆိုရှယ်လစ်ပါတီအမာခံ ဖြစ်တယ်။
ဒီနေရာမှာ ကြုံလို့ပြောပြချင်တာတခုက အိန္ဒိယပြန်တွေဟာ ပြည်တွင်းစစ်မှာ တော်လှန်ရေးအင်အားစုတွေဘက်ကို ပါမလာပါဘူး။ တိုင်းရင်းသား တပ်မှူးကြီးတွေပါ။ တော်လှန်ရေးထဲကိုပါသွားတဲ့ တပ်ကလူတွေကလည်း ဗိုလ်နေ၀င်းနဲ့ပြိုင်ဘက်တွေမဟုတ်ကြပါဘူး။ ဘယ်လိုပဲပြောပြော ဒီတကွေ့မှာတော့ ဆိုရှယ်လစ်ပါတီခေါင်းဆောင်တွေဟာ တိုင်းရင်းသားတပ်မှူးတွေကို တပ်ထဲကဖယ်ရှားလို့ရလိုက်ပြီး သူတို့အတွက်လုပ်ချင်တာလုပ်ဖို့ အခွင့်ကောင်းတခု ရသွား တာတော့ အမှန်ပဲ။
တကယ်ကပြောရရင် လွတ်လပ်ရေးရခါနီးမှာဗိုလ်နေ၀င်းကို အင်္ဂလိပ်အလိုတော်ရိတွေက မျက်စေ့ကျပါတယ်။ သူတို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့အပြိုင် Figure တခု (ပုဂ္ဂိုလ်တယောက်) မွေးချင်နေတာ။ ဗိုလ်နေ၀င်းကလည်း ပျဉ်းမနားမှာလယ်သမားတွေကို နှိမ်တဲ့အခါမှာ ရက်ရက်စက်စက်နှိမ်နှင်းတဲ့နည်းနဲ့ အင်္ဂလိပ် အကြိုက်ကို လုပ်ပြထားတာရှိတယ်။ ဗိုလ်နေ၀င်းရဲ့ တပ်ရင်း ၄ ကို တာဝန်ပေးလိုက်တဲ့အခါမှာ သူကအင်္ဂလိပ်ကို မျက်နှာလိုအားရလည်းဖြစ်၊ သူကိုယ်တိုင်လဲ ပုဂ္ဂိုလ်ရေးအရ အာဃာတတွေထားတဲ့ ကွန်မြူနစ်တွေကို နှိမ်နှင်းရတာမို့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ကာလကြီးမှာ ကိုယ့်အမျိုးသားချင်းကို ပြတ် ပြတ်သားသား ရက်ရက်စက်စက်နှိမ်နှင်းပြခဲ့ပါတယ်။ အဲဒါကို အင်္ဂလိပ်က အင်မတန်သဘောကျပါတယ်။ အင်္ဂလိပ်ရဲ့ အလိုတော်ရိတွေလည်း သဘောကျတယ်။
နောက်တချက်က ဗိုလ်နေ၀င်းရဲ့အကျင့်စရိုက်။ ဒီလိုအကျင့်စရိုက်ရှိတဲ့လူမျိုးကို တပည့်မွေးချင်တဲ့လူတွေက အရမ်းကြိုက်တယ်။ အဲဒီအချိန်က ကိုလို နီအစိုးရဘက်ကကြည့်ရင် သူတို့မွေးစရာ Figure က များများမရှိဘူး။ ICS ဦးတင်ထွဋ္ဋ်လိုပုဂ္ဂိုလ်မျိုး။ သူက ဗိုလ်နေ၀င်းလို ရုပ်ပြမကောင်းဘူး။ ဦးတင်ထွဋ္ဋ်က လန်ဒန် မှာ အင်္ဂလိပ်အစိုးရအတွက် အလုပ်လုပ်ပြီးပြန်လာတာ။ အဲဒီကနေ ပြန်လာတဲ့အခါမှာ အိန္ဒိယမှာရှိတဲ့ ဒေါ်မန်စမစ်တို့ဆီဝင်တာ။ လူတိုင်းက သူတို့အင်္ဂလိပ်ရဲ့လူလို့ သတ်မှတ်ကြတာ။ သူ့ကို ဗမာပြည် ပြည်သူလူထုက နည်းနည်းမှလက်မခံဘူး။ ဗိုလ်နေ၀င်းကျတော့ သူက “ရဲဘော်သုံးကျိပ်ဝင်” ဆိုတဲ့အရှိန်က ရှိနေတယ်။ ဒါ ကြောင့် အဲဒီတုန်းက ဘီအိုစီကိုယ်စားလှယ်လုပ်နေတဲ့ ဦးဘဖေက ဗိုလ်နေ၀င်းကို အာဏာသိမ်းခိုင်းတယ်။ ဒါပေမယ့် ဗိုလ်နေ၀င်းက ဦးဘဖေထက်ပိုလည်တယ်။ ဒီလောက်မအဘူး။ အဲလိုအချိန်မှာ လောဘတကြီးသူလုပ်လိုက်ရင် လူထုခြေဖ၀ါးအောက်မှာ မှုန့်မှုန့်ညက်ညက်ကြေသွားမယ်ဆိုတာ သူသိတယ်။ အဲဒီအချိန်တုန်း က ဗမာပြည် ပြည်သူလူထုကြီးဟာ လွတ်လပ်ရေး ဘယ်လောက်လိုလားနေတယ်၊ ဘာမဆိုလုပ်တော့မယ်ဆိုတဲ့ အခြေအနေမှာရှိနေတယ်ဆိုတာ သူသိတယ်။ ဒါကြောင့်မို့လို့ ဦးဘဖေ သူ့ကိုခိုင်းတဲ့ကိစ္စကို သူက ဖော်ကောင်လုပ်ပြီး အမှတ်ယူလိုက်တယ်။ ဒီနည်းနဲ့ ဆိုရှယ်လစ်ပါတီရဲ့ လူယုံတော်လည်း ပိုဖြစ်လာတယ်။
ဦးတင်ထွဋ္ဋ်ကျတော့ “ဗိုလ်ချုပ်” ဆိုတဲ့ ရာထူးကရထားတယ်။ ဆိုရှယ်လစ်အုပ်စုနဲ့လည်း မတည့်တော့၊ ခလုတ်ကန်သင်းတွေ ဖြစ်နေတော့အဲဒီကာလ တုန်းက ခေတ်စားတဲ့လုပ်ကြံနည်းဖြစ်တဲ့ လက်ပစ်ဗုံးနဲ့ပစ်သတ်တာခံလိုက်ရတယ်။ သူဟာ နိုင်ငံခြားရေးဝန်ကြီးနော်။ အဲဒီတုန်းက ခေတ်စားတယ်ဆိုတာက “ဗမာ့ ခေတ်” သတင်းစာတိုက်ကိုလည်း အလားတူပဲ လက်သည်မပေါ်အောင် လက်ပစ်ဗုံးနဲ့ပစ်ခဲ့တယ်။ ဦးတင်ထွဋ္ဋ်ကိစ္စလည်း ဒီနေ့ထိလက်သည်မပေါ်ပါဘူး။ (ဟို တလောကတော့ အဲဒီတုန်းက ဆိုရှယ်လစ်ပါတီထိပ်သီး စစ်ဗိုလ်တွေရဲ့ လက်ချက်လို့ သုတေသနပြုသူတဦးက ရေးတာဖတ်လိုက်ရတယ်။)
ဒီလိုနဲ့ ဖဆပလ တိုင်းပြည်အာဏာရလာတဲ့အခါမှာ ဦးနုက ၀န်ကြီးချုပ်ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်ကက်ဘိနက်တခုလုံးကို (အစိုးရအဖွဲ့တခုလုံး ကို) ချယ်လှနေတာဟာ ဆိုရှယ်လစ်ပါတီက လူတွေပါ။ ဦးနုဟာ အနည်းစုဖြစ်ပြီး ဘာမှပြန်မပြောနိုင်ပါဘူး။ ဟိုလူတွေက ဂိုဏ်းအုပ်စုသဏ္ဌာန်နဲ့ အင်အားလည်း တောင့်တယ်။ အဲဒါအပြင် သူတို့ရဲ့ နောက်ကွယ်မှာ စပကသတို့၊ TUCB တို့၊ ဗလမစတို့စတဲ့ အဖွဲ့အစည်းတွေကလည်း ရှိနေသေးတယ်။ အဲတော့ ကက်ဘိနက်ရယ် လို့ဖွဲ့လိုက်ရင် ဆိုရှယ်လစ်ပါတီကလူတွေက အရေးကြီးဆုံးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို အပိုင်ကိုင်လိုက်တာပဲ။ အဲဒီ ၀န်ကြီးဌာန နှစ်ခုကနေ နိုင်ငံရေးအရ ချုပ်ကိုင်ညွှန်ကြားတာ လုပ်ကြတော့တာပါပဲ။
Psycho လို့ခေါ်တဲ့ လူမှုဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့၊ နောင်မှာ MIS ဖြစ်လာမယ့် စစ်ထောက်လှမ်းရေးတို့ စတာတွေဟာ အဲဒီကာလမှာ ပေါ်လာတာဖြစ်ပါတယ်။ အဲဒီဌာနတွေကို ကိုင်တာကဗိုလ်မောင်မောင်ပါ။ နောက်ပြီး ဆိုရှယ်လစ်ပါတီကလူတွေ အလွတ်မပေးတဲ့ဝန်ကြီးဌာနတခုက ဘာလဲဆို တော့ အဲဒီတုန်းက ပြည်ပလက်ဝေခံတွေအတွက် အင်မတန်အရေးပါလှတဲ့ ကုန်သွယ်ရေးဌာနပါ။ အဲဒီဌာနကိုလည်း ဆိုရှယ်လစ်အုပ်စုက အပိုင်ကိုင်ထားပါတယ်။
အဲဒီကာလတုန်းက ဆိုရှယ်လစ်ပါတီက တပ်မတော်ကို နိုင်ငံရေးနဲ့ ချုပ်ကိုင်ထားတယ်လို့ ပြောလို့ရပါတယ်။ သူတို့ ချုပ်ကိုင်ထားတယ်ဆိုတာ ဘာလဲ ဆိုတော့ သူတို့ရဲ့အဓိကပေါ်လစီဖြစ်တဲ့ “ပြည်တွင်းစစ် အပြုတ်တိုက်ရေး”၊ “ငြိမ်းချမ်းရေးစကားပြောသူတွေကို အတိုက်အခံ၊ ကွန်မြူနစ်ကိုယ်စားလှယ်တွေဆိုပြီး ဖိနှိပ်ရမယ်”။ အဲဒါကို တပ်မတော်က တသွေးတသံတမိန့်ဆိုပြီး နာခံအကောင်အထည်ဖော်ရတာပဲ ဖြစ်ပါတယ်။
ဆိုရှယ်လစ်ပါတီနဲ့ ဗိုလ်နေ၀င်းတို့ဟာ သူတို့ရဲ့တပ်ထဲမှာကျတော့ တပ်မှူးတပ်သားတွေကို ဘာနိုင်ငံရေးမှ စဉ်းစားခွင့်၊ လုပ်ကိုင်ခွင့်ပေးတာ မဟုတ်ပါ ဘူး။ သူတို့ ရွေးကောက်ပွဲတွေလုပ်တယ်ဆိုရင် တပ်တွင်းမဲပေးရုံတွေမှာဆို ဗြောင်ပဲ၊ တချို့နေရာတွေမှာဆို ဖဆပလရဲ့ မဲပုံးတပုံးတည်းကို ချပေးထားတယ်။ ဒါမှမ ဟုတ်ရင် လဟာပြင်ကစားပွဲပေါ်မှာ မဲပုံးတွေတင်ထားပြီး အရာရှိတွေက ထိုင်ကြည့်နေတယ်။ အရာရှိတွေ မျက်စေ့အောက်မှာ မဲထည့်ရတယ်။ ဖဆပလမဲပုံးထဲ ထည့်ခိုင်းတာပဲ။
တပ်မတော်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဆိုတဲ့ဟာက အစိုးရကို (အထူးသဖြင့် ဦးနုတို့ကို) မဖြတ်သန်းဘဲ သူတို့ ၀ါဒဖြန့်ချင်တာတွေဖြန့်တယ်။ ပါလီမန်မှာ အဆုံးအဖြတ်မကျသေးတဲ့ဟာတွေကို အသံလွှင့်ပစ်တယ်။ တပြည်လုံးကို အသိပေးပစ်တယ်။ ဦးနုဟာဒီလိုနဲ့ အရုပ်သက်သက်ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ဒါကို ဦးနုက သိတယ်။ ရိပ်မိတယ်။ မရိပ်မိတာက ဆိုရှယ်လစ်ပါတီက လူတွေပဲ။ ဆိုရှယ်လစ်ပါတီကလူတွေက ၀မ်းသာအားရနဲ့ သူတို့ခေတ်၊ သူတို့အခါ၊ သူတို့မိုးပဲလို့ လုပ်နေကြတာ။ ဒါပေမယ့် သူတို့အဲလိုလုပ်တာဟာ နိုင်ငံတော်ထဲမှာ နိုင်ငံတော်တခုထောင်ပေးနေတာ။ နောင်မှာ သူတို့ကိုပါ ကန်ထုတ်နိုင်မယ့် ဗိုလ်နေ၀င်းကို အာဏာရှင်ဖြစ်လာအောင် မြင်းချိုတပ်ပေးနေခဲ့တယ်လို့ သူတို့ သတိမထားမိခဲ့ဘူ။
အဲဒီကာလတုန်းက တပ်တွင်းကဆိုရှယ်လစ်ပါတီတွင်း စစ်ဗိုလ်တွေဟာ “တပ်သားများစောင့်ရှောက်ရေး” နာမည်နဲ့ DSI, BEDC စတာတွေလုပ်ခွင့်ရပြီး စီးပွားရေးပါလုပ်လာကြတယ်။ DSI ဆိုတာကအစိုးရကို အခွန်အကောက်တွေမပေးရဘူး။ ပြီးတော့နိုင်ငံခြားက တင်သွင်းခွင့်လိုင်စင်တွေလည်း အပြည့်ရထားတာ။ အဲတော့ DSI က ပစ္စည်းကောင်းလေးတွေရှိတယ်၊ ဈေးသက်သာတယ်ဆိုတော့ အဲဒီသွားဝယ်ကြတယ်။ အပြင်မှာ ၀ယ်မရတဲ့ဟာတွေ သူတို့ဆီသွားဝယ်ကြတယ်။
အဲဒီတပ်တွင်းကနေ တဖြည်းဖြည်း တပ်ပြင်ကိုချဲ့လာတယ်။ နယ်ပယ်တွေလဲ ကျယ်ပြန့်လာတယ်။ သွင်းကုန်လိုင်စင်လုပ်ငန်းသာမက နိုင်ငံခြားစာအုပ် ရောင်းတာကနေ အရက်ချက်တာထိ သူတို့လုပ်လာတယ်။ လက်ဝါးကြီးအုပ်တယ်လို့ဆိုရင် ပိုမှန်မယ်လို့ထင်ပါတယ်။
အဲလိုနဲ့တင်တွင်းမှာ ဆှိုရယ်လစ်ပါတီလိုင်းက အတိအလင်းတွင်ကျယ်နေတယ်။ ဒါကိုကျန်တဲ့ စစ်ဗိုလ်တွေလဲသိနေကြတယ်။ ဒါကြောင့်ခုနက အိန္ဒိယ ကပြန်လာတဲ့ “သခင်ကြီးတပ်” ကလာတဲ့ ပေါထွန်းရွှေတို့လို ဗိုလ်တွေက “ငါတို့က တော်လှန်ရေးကာလတုန်းက အိန္ဒိယကိုရောက်နေတာ။ ဒါကြောင့် ကွန်မြူနစ်နဲ့ လဲ မနီးစပ်ဘူး။ ဆိုရှယ်လစ်ပါတီနဲ့လဲ မနီးစပ်ဘူး။ ဒါကြောင့် ငါတို့ ဘာအခွင့်အရေးမှ မခံစားခဲ့ရဖူးဘူး။ နောက်တခါမှာ ဘာပါတီပေါ်ပေါ် ၀င်ပစ်လိုက်မယ်” လို့ ထုတ်ပြောလာတဲ့အထိ ဖြစ်လာတယ်။ အဲဒီဗိုလ်တွေက နောက်တော့ မဆလ ပေါ်လာတဲ့အခါ (သူတို့ပြောတဲ့အတိုင်း) ခြေစုံပစ်ဝင်ခဲ့ကြတာပဲ။ မဆလခေါင်းဆောင် တွေ ဖြစ်လာကြတယ်။
အင်္ဂလိပ်အစိုးရဟာ ဂန္ဒီစာချုပ်အရတပ်ကို ပြန်ဖွဲ့တဲ့အခါကျတော့ ဂျပန်တော်လှန်ရေးဆင်နွှဲခဲ့တဲ့ PBF ကိုတပ်သား ၅၂၀၀ ထိလျှော့ချပစ်လိုက်ရတယ်။ အရာရှိက ၂၀၀ ပါတယ်။ အဲလို လျှော့်ချပစ်လိုက်ဦးတောင်မှ တပ်သားတွေရဲ့ခေါင်းထဲမှာ နိုင်ငံရေးရှိတယ်။ တိုင်းချစ်ပြည်ချစ်နိုင်ငံရေးရှိတယ်။ အဲဒီတပ်သားတွေကို အင်္ဂလိပ်က သူတို့ထဲသွင်းတဲ့အခါကျတော့ Professional Soldier လို့ခေါ်တဲ့ ကြေးစားတပ်ပုံစံ သွင်းတယ်။ ကြေးစားတပ်လို့ပြောရတာ ဘာကြောင့်လဲဆိုတော့ အဲဒီ တပ်ဟာ နိုင်ငံရေးအတွေးအခေါ်တခုအတွက် မဟုတ်ဘူး။ အဲဒီတပ်ထဲဝင်တဲ့လူတိုင်းဟာ တိုင်းပြည်ကိုချစ်လို့ အဲလိုမဟုတ်ဘူး။ လစာအတွက် တပ်ထဲဝင်တာပဲ။ အဲဒီတပ်သားတွေကိုလဲ အင်္ဂလိပ်အစိုးရက လစာနဲ့၊ အခွင့်အရေးနဲ့ ထိန်းကြတာပဲ။
ဗိုလ်နေ၀င်းနဲ့ ဖဆပလ ဆိုရှယ်လစ်ပါတီတို့ဟာ တပ်မတော်ကိုသူတို့လက်အောက် သွင်းလိုက်တဲ့အခါမှာလဲ အဲလိုပဲတပ်သားတွေကို နိုင်ငံရေး အ တွေးအခေါ် သွင်းပေးမထားဘူး။ တပ်မှူးတွေရော။ သူတို့ရဲ့ အမိန့်နာခံရေးသက်သက်တပ်အဖြစ်နဲ့ပဲ ဖွဲ့ထားခဲ့တာ။ အဲဒါဟာ လွတ်လပ်ရေးရပြီး ကာလ ကနေ ဒီနေ့ အထိလို့ပြောလို့ရတယ်။
အဲလို နိုင်ငံရေးအသိ တပ်ဆင်မထားလို့လဲ ဒီတပ်ဟာ ဗိုလ်နေ၀င်းတလက်ကိုင်အဖြစ် အလွယ်တကူကျရောက်သွားတာ ဖြစ်တယ်။ အခု နအဖ စစ် အုပ်စုလက်အောက်ကနေ တပ်မတော်ကို ဆွဲထုတ်မယ်ဆိုရင်လဲ ကျနော်တို့အနေနဲ့ တပ်မတော်ကို နိုင်ငံရေးစိတ်ဓာတ်သွင်းပေးရမယ်လို့ ထင်တယ်။ အထူးသဖြင့် တပ်မှူးကြီးတွေ အမျှော်အမြင်ကြီးဖို့လိုတယ်။ ပြည်ချစ်စိတ်၊ ဒီမိုကရေစီလိုလားစိတ် ရှိရမယ်။ ပြည်သူ့အတွက် ရပ်တည်ချင်တဲစိတ်ရှိရမယ်။ တပ်မတော်ဟာ ကိုယ့် စားဝတ်နေရေးချောင်အောင် ဘယ်လိုအကွက်ရှာရပါ့မလဲဆိုတာချည်း စဉ်းစားနေအောင် လုပ်ထားတာက ဗိုလ်သန်းရွှေတို့ ပုံသွင်းထားတာ။ သူတို့က အဲဒီလို ဖြစ်စေချင်တာ။
ကျနော်တို့ အတွေ့အကြုံအရဆိုရင် အစိုးရတပ်ကအရာရှိတွေဟာ စစ်မတိုက်တဲ့ကာလမှာ တပ်ထဲမှာနေချင်ကြတယ်။ စစ်တိုက်ရလို့တိုက်ပွဲတွေ ပြင်း ထန်လာရင် နောက်တန်းမှာထိုင်ပြီးအစိုးရဌာနတွေမှာ အရာရှိလုပ်ချင်ကြတာ။ မဆလခေတ်တုန်းက အရှေ့မြောက်မှာ တိုက်ပွဲတွေပြင်းထန်လို့ အဲဒီလိုဖြစ်တာချည်း ပဲ။ တခါမှ နိုင်ငံရေးစိတ်မ၀င်စားခဲ့တဲ့ စောစောကပေါထွန်းရွှေလိုလူတောင်မှ မဆလပါတီမှာ ထိပ်တန်းကိုရောက်လာတာပဲ။ နဂိုကသူက တပ်မတော်ခေါင်းဆောင် တယောက်ပဲ။ ခုပြောခဲ့တာ တပ်ကို ဆိုရှယ်လစ်ပါတီက စီးမိသွားတဲ့ကိစ္စ။ ဗိုလ်နေ၀င်းက စီးမိသွားတဲ့ကိစ္စ။

ခေါင်းနှစ်လုံးနဲ့ နဂါးကြီး ဖဆပလ
နံပါတ်သုံးအချက်က ဖဆပလ ကွဲတဲ့ကိစ္စ။
ဖဆပလကွဲတာရယ်၊ ကြားဖြတ်အစိုးရ အာဏာသိမ်းတာရယ်တို့က တိုက်ရိုက်ဆက်နွယ်နေတာ ဖြစ်ပါတယ်။ ၄၈ နဲ့ ၅၈ အကြားဖြစ်ပေါ်တိုးပွားမှုတွေ ဟာ ဗိုလ်နေ၀င်းရဲ့ အာဏာရမက်ကို တလိပ်လိပ်တက်လာစေခဲ့တယ်။ ပြည်တွင်းစစ်ကြောင့်ဖြစ်ဖြစ်၊ ကိုယ့်အချင်းချင်း ပြဿနာတွေကြောင့်ဖြစ်ဖြစ် ဆိုရှယ်လစ် ပါတီကလူတွေဟာ ဗိုလ်ဝေင်းကို နေရာပေးသည်ထက်ပေးလာကြတယ်။
ဒီနေရာမှာဦးကျော်ငြိမ်းက ဇာတ်ညွှန်းရေးပြီး ဦးသိန်းဖေ (မြင့်) ပါဝင်ကပြခဲ့တဲ့ “လက်ဝဲညီညွတ်ရေး” ပြဇာတ်ကိုလဲ ထည့်ရေးဖို့လိုတယ်။ အသေးစိတ် တော့ မပြောတော့ဘူး။ အားလုံးလဲ သိပြီးသားမို့ပါ။ အဲဒီကိစ္စကို စစ်အုပ်စုက ကိုးကားပြီး အမှတ်ယူလေ့ရှိတာကိုတော့ အားလုံးမှတ်မိကြလိမ့်မယ်ထင်ပါတယ်။ အဲဒီ “လက်ဝဲညီညွတ်ရေး” ဆိုတဲ့ထိုးဇာတ်ကြီး လုပ်လိုက်တဲ့အတွက် ဗိုလ်နေ၀င်းကိုရာဇာပလ္လင်အနား ခေါ်လိုက်သလိုဖြစ်သွားတယ်။ ဒါဟာ တိုင်းပြည်ကြမ္မာငင်ဖို့ ဖြစ် လာတာပဲ။
ဗိုလ်နေ၀င်းဟာ စစ်သားသာဖြစ်တယ်၊ နိုင်ငံရေးအစိုးရတရပ်ရဲ့ အမိန့်နာခံရတာကို အင်မတန် မကျေနပ်တဲ့လူပဲ။ “ရန်ကုန်အစိုးရ” ဘ၀ရောက်တဲ့ ၁၉၄၉ ခုနှစ်၊ အုပ်စိုးတဲ့အစိုးရအတွင်းမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ကြတယ်။ ဗမာပြည်တပြည်လုံးမှာ တော်လှန်ရေးအင်အားစုတွေက မြို့ကြီးတွေရော၊ ကား လမ်းတွေရော၊ သိမ်းထားတဲ့အဆင့် ရောက်လာတယ်။ အဲလိုအခြေအနေမှာ ၀န်ကြီးတွေက နှုတ်ထွက်ကုန်ကြတယ်။ ဘာလုပ်ရကိုင်ရမှန်းကို မသိဘူးဖြစ်ကုန် တယ်။ အဲလိုအခါမှာ ဗိုလ်နေ၀င်းကဦးနုကို ဘယ်လိုပြောလဲဆိုတော့ “တပ်မတော်ဟာ ၀န်ကြီးတွေကိုကာကွယ်ဖို့ မွေးထားတဲ့အိမ်စောင့်ခွေးမဟုတ်ဘူး။ ဒီဝန်ကြီး တွေကို ကာကွယ်ဖို့အတွက် အသေမခံနိုင်ဘူး” လို့ မောက်မောက်မာမာပြောခဲ့တယ်။ သူက အဲဒီလိုတင်ပြလိုက်ပြီးတော့ ဆက်တိုက်ဆိုသလိုပဲ ပြန်ဖွဲ့လိုက်တဲ့ အစိုးရထဲမှာ ဦးနုဟာ ဗိုလ်နေ၀င်းကို ဒု - ၀န်ကြီးချုပ် ခန့်လိုက်ရတယ်။ ဒါကို ဦးနုကသူ့ရဲ့ “တာတေစနေသား” ထဲမှာ ရေးထားတယ်။ ဗိုလ်နေ၀င်းဟာ အဲဒီအချိန်က စပြီး ဦးနုရဲ့ အထာကို သိသွားတယ်လို့ဆိုရင် မှန်မယ်လို့ထင်ပါတယ်။
အဲဒီကနေ ဆက်လိုက်တော့ ၁၉၅၆ ခုနှစ်၊ အကုန်ပိုင်းလောက်မှာ ဦးနုကို ဦးဗဆွေ၊ သံအမတ် ဦးလှမောင်၊ ဗိုလ်နေ၀င်း စသူတို့က ၀န်ကြီးချုပ်အဖြစ် ထွက်ပေးဖို့ တောင်းဆိုတာလုပ်လာတယ်။ သူတို့ပြောနည်းကတော့ “တရုတ်ပြည်မှာ မော်စီတုန်းက အစိုးရအဖွဲ့ထဲမှာမပါဘူး။ ပါတီဥက္ကဋ္ဌအဖြစ်ပဲ နေတယ်။ ဦးနုလည်း ဖဆပလ ဥက္ကဋ္ဌအဖြစ်ပဲနေပါ” လို့။ အမှန်က ဦးနုကို အစိုးရထဲက ဖယ်ပစ်တာ။ ဖဆပလအဖွဲ့ဥက္ကဋ္ဌက ဘာမှလုပ်စရာမရှိဘူး။ မော်စီတုန်းနေရာမျိုး မဟုတ်ဘူး။
ဒါကို ဦးနုက ဘယ်လောက်ရိပ်မိလဲတော့ မသိဘူး။ ဆိုရှယ်လစ်တွေအဖို့တော့ ဦးနုဟာ သူတို့အတွက် ခလုတ်ကန်သင်းဖြစ်နေပြီလို့ သတ်မှတ်ထား တာ ပိုရှင်းသည်ထက်ရှင်းလာတယ်။ ဖဆပလရဲ့ အက်ကြောင်းဟာလဲ အဲဒီကာလနဲ့ မတိမ်းမယိမ်းမှာ ပေါ်လာတာပဲ။ အဲဒီနောက် ဖဆပလ ကွဲတယ်။ ပါလီမန်ထဲမှာ မဲခွဲကြရင် ဦးနုဘယ်လိုမှ မနိုင်နိုင်ဘူးလို့ တည်မြဲတွေက အပိုင်တွက်ထားတယ်။ ဒါပေမယ့် တကယ်ခွဲလိုက်ကြတဲ့အခါကျတော့ ပမညတကသန့်ရှင်းကို မဲပေးပစ် လိုက်တယ်။ အဲလို မမျှော်လင့်တဲ့အဖြေ ထွက်လာတယ်။ အဲဒီတုန်းက ဆိုရှယ်လစ်ပါတီကလူတွေဟာ အာဏာကို သူတို့တကယ် လက်လွတ်ရမယ်ဆိုတာကို သဘောပေါက်သွားတယ်။ အဲတော့ အရှုံးကို အလွယ်တကူဝန်မခံလိုတဲ့ ဆိုရှယ်လစ်ပါတီကလူတွေက အာဏာသိမ်းမယ်လို့ ဆုံးဖြတ်လိုက်တာပဲဖြစ်တယ်။
အဲဒီတုန်းက သူတို့အကြောင်းပြတာကတော့ သန့်ရှင်းဟာ မြေပေါ်ကွန်မြူနစ်တွေနဲ့ ပေါင်းမိသွားပြီလို့ အကြောင်းပြတာ။ ဒါဟာ ဗိုလ်နေ၀င်းအနေနဲ့ “အိမ်စောင့်အစိုးရ” ဆိုပြီး အာဏာသိမ်းတာလုပ်ဖို့ ဆုံးဖြတ်ချက်ကျသွားစေတဲ့အချက်လို့ ပြောရင်ရပါတယ်။ ဒါပေမယ့် ဒါဟာ အနီးကပ်အကြောင်းရင်းပါ။ အဝေးအကြောင်းရင်းတွေလည်း ဒီနေရာမှာ ထည့်ပြောဖို့လိုလို့ ကျနော်ပြောချင်ပါသေးတယ်။
အဲဒါက တခြားမဟုတ်ပါဘူး။ စစ်တပ်ထိပ်သီးတွေအနေနဲ့က ဖဆပလနဲ့အတူ လုပ်လာကြာတာကြာတော့ ဖဆပလ ခေါင်းဆောင်တွေထဲမှာ တကယ် အရည်အချင်းရှိတာ၊ လူအရိုအသေခံလောက်တာ နည်းနည်းလေးရှိတယ်ဆိုတာ သူတို့လဲ သိမြင်လာကြတယ်။ ဖဆပလ ခေါင်းဆောင်တွေထဲမှာ အကျင့်စာရိတ္တ မမှန်တဲ့ သူတွေက ဒုနဲ့ဒေး။ နောက်ပြီး ဦးနှောက်မမှန်တဲ့သူတောင် ပါသေးတယ်။ (ကျနော် နာမည်မပြောတော့ပါဘူး။ ကွယ်လွန်သွားပါပြီး။) အဲဒီ ဖဆပလ အဖွဲ့ကို ဦးနုကိုယ်တိုင်က ထင်ရှူးသေတ္တာကြီး ခြစားပုံနဲ့ နှိုင်းပြောလိုက်တော့ ဖဆပလတွေရဲ့ သိက္ခာက ကုန်နေပြီ။
အဲလိုနဲ့ ကြာလာတော့ စစ်ဗိုလ်တွေရဲ့ခေါင်းထဲမှာ ... “ဟာ ... သူတို့လောက်တော့ ငါတို့လဲဖြစ်တာပေါ့။ ငါတို့လဲ အစိုးရလုပ်ရင် ရတာပေါ့” လို့ အတွေးပေါ်လာတယ်။ ၀န်ကြီးဆိုတဲ့ဟာတွေက တိုင်းခန်းလှည့်လို့ကြိုပါဆိုရင် စစ်ဗိုလ်တွေက အရိုအသေပေးရတယ်။ ၀န်ကြီးတွေရဲ့ လုံခြုံရေးယူပေးရတော့၊ အနီး ကပ်နေရတော့ ပိုသိလာတယ်။ အဲလို သူတို့မကြည်ညိုတဲ့သူတွေကို အရိုအသေပေးရတာကြာလာတော့ သည်းညည်းမခံနိုင်ဘူး။ ဒီလိုနဲ့ နေသေးသပ ခြုံထဲက ဖြစ်လာတယ်။
၁၉၅၈ ခုနှစ်ဆီလောက်က ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရှမ်းပြည်နယ်ပါတီကော်မတီကို တာဝန်ယူထားတဲ့ တာဝန်ခံရဲဘော်ကို ပါတီကော်မ တီက စစ်အစိုးရတပ်မှူးကြီးတွေနဲ့ ဆွေးနွေးဖို့ တာဝန်ပေးတယ်။ အဲတော့သူက လားရှိုးသွားပြီးတော့ တပ်မင်း၊ တပ်မှူးတွေနဲ့သွားပြီး အကြိမ်ကြိမ်ဆွေးနွေးရတယ်။ ကွန်မြူနစ်ပါတီကတင်ပြတဲ့ အဓိကအကြောင်းကတော့ ပြည်တွင်းစစ်ရပ်စဲပြီး ရှမ်းပြည်နယ်ထဲမှာဝင်နေတဲ့ တရုတ်ပြည်ကူမင်တန်တွေကို တိုက်ဖို့။ ဟိုကတော့ လုံးလုံးလက်မခံပါဘူး။ လက်နက်ချဖို့ပဲ ပြောနေတယ်။
အစည်းအဝေးအပြင်မှာ သူတို့နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတော့ (နဂိုကလည်း လူချင်းသိကြတဲ့ဟာတွေ ဆိုတော့) စပ်မိစပ်ရာတွေ အကုန် ပြောကြတာပေါ့။ တပ်မင်းဆိုတဲ့လူက သူ့ခံစားမှုတွေကိုလဲ ထုတ်ပြောတယ်။ ၀န်ကြီးတွေအကြောင်းလဲ ပြောတယ်။ ဗိုလ်နေ၀င်းအကြောင်းလဲပါတယ်။ အတင်း အဖျင်းစကား ဆန်ဆန်တွေပါ။ ဖဆပလ စကွဲတဲ့အချိန်မှာ “ကိုကျော်ငြိမ်းက ကညွတ်ရိုး၊ ကျော်ဒွန်းက တောထဲကဇရစ်ရိုး၊ ဘာယှဉ်နိုင်မလဲ” လို့ပြောတာလဲ အဲဒီ စစ်ဗိုလ်တွေက ပြောတာပဲ။ အဲဒီအခါမှာ တပ်မင်းဆိုတဲ့လူပြောတဲ့အထဲက သတိထားစရာကောင်းတဲ့ စကားတခွန်းက “ကျနော်တို့ အာဏာသိမ်းရင် ၂၄ နာရီအ တွင်း အောင်မြင်နိုင်တယ်” လို့ပြောလိုက်တာပါပဲ။

No comments: