အမှာ
ချက်အမျိုးသား အာဇာနည်သူရဲကောင်း ဖူးချစ်ရေးသားသော “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ်ကား ယုံ ကြည်ချက်ကြောင့် သေမင်းကိုပြုံးပြုံးကလေး ရင်ဆိုင်သွားခဲ့သော နာဇီဆန့်ကျင်ရေးသူရဲကောင်း မှတ်တမ်းအဖြစ်၎င်း၊ ဂန္တ၀င်မြောက်သောစာပေအဖြစ်၎င်း
ကမ္ဘာတွင် မော်ကွန်းတင်ကျန်ရစ်လောက်အောင် အစွမ်းထက်လှသော စာအုပ်ဖြစ်ပေသည်၊ ကမ္ဘာအရပ်ရပ်မှ ပြည်သူများသည် ထွန်းပြောင်သော သတင်းစာဆရာတစ်ဦး၏ စာဖတ်သူ အသဲနှလုံးကို ဆွဲကိုင်နိုင်သော ပြောင်မြောက်သည့် အရေးအသားများကို၎င်း၊ သူမတူအောင်ရက်စက်ကြမ်းကြုတ် လှသော ရန်သူများကိုရင်ဆိုင်ရသည့် အချိန်အခါမျိုးတွင် အင်အားတက်ကြွကြံ့ခိုင်စေပြီး တော်လှန်ရေးစိတ်ဓာတ် မြင်မားလာအောင် ဖန်တီးပေးနိုင်စွမ်းရှိသော ထက်မြက်သည့် တော်လှန်ရေးစွမ်းရည်များကို၎င်း၊ တခဲနက်အသိ အမှတ်ပြုကြပေသည်။ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” သည် ဤမျှအစွမ်းထက်လှပေသည်။
နာဇီဆန့်ကျင်ရေးကာလ၏ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” ကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အလုပ်သမား လယ် သမား အာဏာပိုင်နိုင်ငံတည်ဆောက်နေသော ယခုလိုအချိန်အခါမျိုး၌ ဘာကြောင့် ထုတ်ဝေရသနည်းဟု စာ ဖတ်သူများစိတ်တွင် မေးခွန်းထုတ်ကောင်း ထုတ်လိုကြပေလိမ့်မည်။
အားလုံးသိရှိကြပြီးဖြစ်သည့်အတိုင်း ချက်အာဇာနည်သူရဲကောင်းဖူးချစ်သည် “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” ကို ရေးသားခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကျော်ပြီဖြစ်သည်။ ထိုအနှစ် (၂၀) အတောအတွင်း၌ ကမ္ဘာ့အခြေအနေ အ ရပ်ရပ်သည် အခြေအမြစ်မှ ပြောင်းလဲခဲ့ပြီဖြစ်သည်။ ဆိုရှယ်လစ်စနစ်သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀) တုံးကလို နယ်ချဲ့နာဇီအရင်းရှင်များ၏ တိုက်ခိုက်မှုကိုအလူးအလဲ ခံနေရသည့် အနေအထားမျိုးမဟုတ်တော့ဘဲ၊ ကမ္ဘာ့ နိုင်ငံရေးလမ်းကြောင်းကြီး၏ ကံကြမ္မာကိုဆုံးဖြတ် ဖန်တီးနိုင်စွမ်းရှိလာပြီဖြစ်သည်။ ဤသို့ချီတက်လာသော ခရီး ကြမ်းကို ပြန်လှန်သုံးသပ်ရှုမြင်ခြင်းအားဖြင့် အခြေအနေအသစ်များ ပေါ်ထွန်းပြောင်းလဲနေသည့် ရုပ်ဝတ္ထုအခြေ အနေများကို တအံ့တသြမြင်နိုင်စွမ်းရှိပြီး၊ ထိုအခြေသစ် အနေသစ်များ၊ ကမ္ဘာ့လုပ်သားပြည်သူတရပ်လုံး၏ အောင်မြင်မှု အသီးအပွင့်များကို ခိုင်မာအောင်ထိန်းသိမ်းပြီး ဆက်လက်ကြီးထွားတိုးပွားအောင် ပြုလုပ်ရမည် ဖြစ်သော လုပ်ငန်းတာဝန် များကို ကြည်ကြည်လင်လင် သိမြင်နိုင်ကြမည်သာဖြစ်သည်။
အခြေသစ်အနေသစ်များ၊ ကမ္ဘာ့လုပ်သားပြည်သူများ၏ အောင်မြင်မှုအသီးအပွင့်များ၏ အရှိန်သြဇာနှင့် မြန်မာ ပြည်သူများ၏ ရုန်းကန်တိုက်ပွဲဝင်မှုများကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံဆိုလျှင် အရင်းရှင်မြေရှင်နိုင်ငံရေး ဖြစ် ပေါ်တိုးတက်မှုလမ်းကြောင်းကို မပြန်လမ်းသို့ပို့ဆောင်ပြီး မြန်မာ့ဆှိုရှယ်လစ်လမ်းစဉ်ဖြင့် အလုပ်သမား လယ်သ မား အာဏာပိုင်နိုင်ငံ ထူထောင်ရေးအတွက် အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နိုင်နေလေပြီ။ ဤသို့သော ကမ္ဘာ့ အခြေအနေနှင့် မြန်မာ့အခြေအနေ တိုးတက်ပြောင်းလဲမှုများကို မြင်နိုင်စွမ်းမရှိသူများအား ချက်အမျိုးသား အာဇာနည်ဖူးချစ်တို့ ကမ္ဘာ့လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို မည်သို့မည်ပုံ ရင်ဆိုင်ခဲ့ကြသည်ဟူသော ဆိုးဝါး ပြင်းထန်သည့် အလွန်တရာခက်ခဲလှသော အခြေအနေများကို “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” တွင် ပြန်လည်တွေ့ မြင်နိုင်ကြပြီး ယနေ့အခြေအနေသစ်များနှင့် အခြေခံကျသော အပြောင်းအလဲများကိုလည်း ချိန်ထိုးအကဲဖြတ်နိုင် ကြရန် ဤစာအုပ်အား ထုတ်ဝေလိုက်ရခြင်းဖြစ်ပေသည်။
ဖူးချစ်ကို သူရဲကောင်းများထွန်းညှိညွှန်ပြရာ မီးရှူးတန်ဆောင်အတိုင်း နိုင်ငံအားလုံးမှ လုပ်သားပြည်သူအင်အား စုများ လိုက်ပါချီတက် တိုက်ခိုက်ခဲ့ကြခြင်း၏ရလဒ်အဖြစ် ကမ္ဘာကြီးပြောင်းလဲကာ အခြေသစ်အနေသစ်များ ပေါ် ပေါက်လာရခြင်းဖြစ်သည်ကို နှလုံးသွင်းမိကြဖို့လိုအပ်သည်။ ဖက်ဆစ်နာဇီများကို ချေမှုန်းတိုက်ခိုက်ရာတွင် အမာခံဖြစ်သော ဆိုဗီယက်ပြည်သူများနှင့် နိုင်ငံတကာရှိ ဖူးချစ်လို နာဇီဖက်ဆစ် ဆန့်ကျင်ရေးသူရဲကောင်း များ၏ အနိုင်မခံအရှုံးမပေးသော တိုက်ပွဲဝင်စိတ်ဓာတ်များ၊ နယ်ချဲ့ အရင်းရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲတွင် အသဲနှင့်ယှဉ်ပြီး အသက်နှင့်ကိုယ်ခန္ဓာကို စတေးခဲ့ကြသော ဆိုရှယ်လစ်ဘက်တော်များ၏ ကျေးဇူး တရားကိုလည်း သိတတ်ကြဘို့လိုအပ်ပေသည်။
ဤကျေးဇူးတရားများကို ရင်ဝယ်ပိုက်ထွေးရင်း ချက်အာဇာနည်သူရဲကောင်းဖူးချစ်ကို မွေးထုတ်ခဲ့သော ချက်ကို စလိုဗက်ပြည်သူများနှင့် ဖက်ဆစ်ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့ကြသည့် မြန်မာပြည်သူများသည် အခြေသစ် အနေသစ်များပေါ်တွင် မိတ်ဆွေဖြစ်ရေး၊ ငြိမ်းချမ်းရေးနှင့် နှစ်ပြည်ထောင် ပူးပေါင်းဆောင်ရွက်ရေး၏ အမှတ် အသားအဖြစ်လည်းရည်စူးပြီး ဤစာအုပ်ကိုထုတ်ဝေခဲ့ခြင်းလည်း ဖြစ်ပါသည်။ ၎င်းရည်စူးချက်နှင့်တပါတည်း မြန်မာ့အာဇာနည်သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းအား ချက်ပြည်သူများက ကြည်ညိုချစ်ခင်လေးစားကြ သ လို ချက်သူရဲကောင်းဖူးချစ်အား မြန်မာပြည်သူများက ပိုမိုသိနားလည်ပြီး ပိုမိုကြည်ညိုလေးစားကြစေရန် ရည်သန် ချက် အောင်မြင်ပြည့်မြောက်မည်ဆိုလျှင် ဤ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ်ထုတ်ဝေရကျိုး ပိုနပ်လိမ့်မည် သာဖြစ်သည်။
အားသစ်စာပေကော်မတီ။
ကြိုးစင်ပေါ်မှ မှတ်တမ်းများ
ပန်းကရာ့စ်၊ ဂတ်စတာပို အကျဉ်းထောင်၌ ၁၉၄၃ ခုနှစ်၊ နွေဦးရာသီတွင် ရေးသားသည်။
သတိအနေအထားနှင့်ထိုင်၊ ကိုယ်ကိုမတ်မတ်တောင့်၊ ဒူးများပေါ်တွင် လက်များကပ်ထား၊ မျက် လုံးများကလည်း ပက်ချက် နန်းတော်ရှိ “အိမ်တွင်းထောင်” မှ ၀ါကျင့်ကျင့်ထရံကို စူးစူးစိုက်စိုက်ကြည့် နေရမည်ဆိုလျှင် ဤသည်ကား အမှန်အားဖြင့်၊ အတွေးနယ်ချဲ့ရန် သက်တောင့်သက်သာရှိလှသော အနေအထားမျိုးမဟုတ်ပါပေ။ ဒါပေမယ့် စိတ်ဆိုတာမျိုးကိုတော့ သတိအနေအထားနဲ့ ထိုင်နေလို့ဘယ် သူက အာဏာပြနိုင်မှာလဲ။
တစုံတယောက်က မည်သူမည်ဝါက မည်သည့်အခါတွင် ပြောခဲ့သည်ကိုကား အသေအချာစုံစမ်း၍ ရကောင်းမှ ရတော့မည် ဤပက်ချက်နန်းတော်တွင်းမှ “အိမ်တွင်းထောင်” ကို “ဘိုင်စကုတ်ရုံ” ဟု အမည်ပေးခဲ့လေသည်။ ထက်သန်သော ပကတိဥာဏ်ပါပေ။ ကျယ်ပြန့်လှသော အခန်းကြီးအတွင်းဝယ် ခုံတန်းရှည်ကြီးခြောက်လုံးကို တလုံးနောက်တလုံးစီချထားသည်။ ၎င်းခုံများပေါ်၌ကား အစစ်ဆေးခံအကျဉ်းသမားများသည် ကျောများတောင့်၍ ထိုင်နေကြရသည်။ ရှေ့တည့်တည့်မှ ဗလာဟင်းလင်းဖြစ်နေသော ထရံကြီးသည်ကား ရုပ်ရှင်ရုံထဲမှ ပိတ်ကား သဘွယ် ဖြစ်နေလေသည်။ တခါထပ်၍ အစစ်ဆေးခံရလျက်၊ အညှင်းခံလိုခံ၊ သေလိုသေကြရမည့် အကျဥ်းသမား တို့၏ မျက်စိများက ဤထရံပေါ်တွင် ပြသ ခဲ့သော ရုပ်ရှင်ဇာတ်ကားတို့ကား များပြားလှချေသည်။ တကမ္ဘာလုံးရှိ ရုပ်ရှင်စတူဒီယိုများသည်ပင် ထို မျှလောက် များမြောင်သော ဇာတ်လမ်းများကို မရိုက်ကူးခဲ့ကြရသေးပေ။ မိမိတို့၏ တသက်ပတ်လုံး ဖြစ်စေ၊ ထိုတသက်တာမှ အသေးစိတ် တကဏ္ဍကလေးများကိုဖြစ်စေ ဖော်ပြသည့် ရုပ်ရှင်ကားများ။ မိခင်၏ အကြောင်း၊ ဇနီးအကြောင်း၊ ကလေးများအကြောင်း၊ အဖျက်ဆီးခံရသော အိမ်၏အကြောင်း၊ ဆုံးရှုံးရသော အလုပ်အကိုင်အကြောင်း စသည်တို့ကိုပြသည့် ရုပ်ရှင်ကားများ။ ရဲရင့်သော ရဲဘော်တယောက်အကြောင်းနှင့် သစ္စာဖောက်မှုတမှုအကြာင်း၊ ထိုစာတမ်းတစောင်ကို ကျွန်တော်ကပေးခဲ့သော လူတယောက်၏အကြောင်း၊ ထပ် လောင်း၍ စီးဆင်းဦးမည့် ရစ်ပတ်မိလောက်အောင် တင်းတင်းကြပ်ကြပ် လက်ချင်းညှစ်၍ နှုတ်ဆက်ပုံအကြောင်း စသည်တို့ကို ဖော်ပြသည့် ရုပ်ရှင်ကားများ။ တုန်လှုပ် ခြင်းနှင့်သန္နိဋ္ဌာန်၊ အမုန်းနှင့်အချစ်၊ သောကနှင့်မျှော်ကိုးချက်၊ ဤသည်တို့ဖြင့် ပြည့်ဝနေသော ရုပ်ရှင် ကားများပါပေ။ ဘ၀ကို ကျောခိုင်းထားကြပြီဖြစ်၍ ဤနေရာ ဤဌာန၀ယ် လူတိုင်းလူတိုင်းသည် မိမိတို့၏မျက်စေ့အောက်၌ပင် နေ့စဉ်နှင့်အမျှ အသက်ပျောက်ကြသည်။ သို့သော် လူတိုင်း ကား အသစ်တဖန် မွေးဖွားလာပြန်သည်မဟုတ်။
ဤအခန်းအတွင်း၌ ကျွန်တော်သည် ကိုယ်ရေးရုပ်ရှင်ကားကို အကြိမ်ပေါင်း ရာပေါင်းများစွာကြည့်ခဲ့သည်။ အသေး စိတ်များကိုလည်း အကြိမ်ပေါင်း ထောင်ပေါင်းများစွာ မြင်ခဲ့သည်။ ယခုထို ရုပ်ရှင်ကားကို တကြိမ်မျှပြန်လည် ပြောစမ်းကြည့်လိုပါသည်။ အဆုံးမသတ်နိုင်မီ၊ ကြိုးကွင်းကို ဆွဲတင်းလိုက်ပြီဆိုလျှင်လည်း၊ ဤရုပ်ရှင်၏ “ဟက်ပီ အဲန်းဒ်” ကို ဆက်လက်ရေးသားကြမည့် လူပေါင်းကား သန်းပေါင်းအလီလီ ကျန်ရစ်ဦးမည် ဖြစ်ပေသတည်း။
“ဟက်ပီအဲန်းဒ်” – (အင်္ဂလိပ်စကား) ပျော်ရွှင်သော ဇာတ်သိမ်းခဏ်း။
အခဏ်း - ၁
နှစ်ဆယ့်လေးနာရီ
နောက်ငါးမိနစ်အကြာတွင် နာရီကား ဆယ်ချက်တိတိရိုက်ဆော်လေတော့မည်။ ၁၉၄၂ ခု၊ ဧပြီလ ၂၄ ရက်၊ နွေဦး ရာသီ၏ လှလှပပနှင့် မပူမအေးသော ညဥ့်ဦးအခါ ဖြစ်ပေသည်ကို။
ကျွန်တော်သည် ခြေလှမ်းသွက်သွက်လေး လှမ်းနေခဲ့သည် - ရုပ်ဖျက်ထားသည့်အတိုင်း၊ ခြေ ထော့နင်းနှင့် အရွယ် ရင့်ရင့်လူကြီးတယောက်၏ ဟန်အမူအရာမပျက်စေရုံမျှ သတိထားကာ ယဲလီနက်တို့ထံ တိုက်တံခါးမပိတ်မီ အ ရောက်၊ သွက်သွက်ကလေး လျှောက်နေခဲ့ပါသည်။ ထိုအိမ်တွင် ကျွန်တော်၏ “လက်ထောက်” မီးရက်တယောက် ဖြင့် စောင့်နေပေလိမ့်မည်။ ဤတခေါက်တွင် သူ့အနေနှင့် ပြောစရာအကြာင်းထူးမရှိမှန်း ကျွန်တော်သိသည်။ ကျွန်တော့ ဘက်ကလည်း သူ့အားမှာကြားစရာဘာမျှမရှိ။ သို့သော် ချိန်းထားလျက်နှင့် ပျက်ကွက်ခဲ့လျှင်၊ အခြားသူများစိုးရိမ်မကင်း ဖြစ်သွားနိုင်သည် - အထူးသဖြင့် အိမ့်ရှင်သူတော်ကောင်း နှစ်ယောက်အပေါ် အပို စိတ်သောက မရောက်စေလိုပါ။
သူတို့က လဘက်ရည်တခွက်နှင့် ဆီးကြိုကြပါသည်။ မီးရက်ကားရောက်နှင့်နေပြီ - သူသာမက ဖရီးဒ်တို့ လင်မယားလည်း စောင့်နေကြသည်။
- ရဲဘော်တို့၊ ခင်ဗျားတို့ကိုတွေရတာတော့ ကောင်းပါရဲ့။ ဒါပေမယ့် အခုလို တပြုံကြီးစုပြီးတော့ဖြင့် မတွေ့ချင်ဘူး။ ဒါမျိုးဆိုတာဟာ ထောင်နဲ့သေလမ်းကို တန်းနေတာပဲ။ လျှို့ဝှက်ရေးစည်းကမ်းတွေကို စောင့်ထိန်းယင်ထိန်းကြ၊ မထိန်းနိုင်ဘူးဆိုယင်တော့ အလုပ်မလုပ်ဘဲ နေကြတာကကောင်းလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုလုပ်ပုံမျိုး ဟာ ကိုယ့်ကိုယ်ကိုယ်ရော၊ သူများတွေကိုရော အန္တရာယ်ဖြစ်စေတယ်။ နားလည်လား။
- နားလည်ပါတယ်။
- ကဲ ကျွန်တော်တို့ ဘာများယူလာခဲ့ကြသလဲ။
- မေဒေးနေ့ထုတ် ရူဒဲပရားဗော သတင်းစာ။
ရူဒဲပရားဗော - ချက်ကိုစလိုဗားကီးယားပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သတင်းစာ။ စစ်အတွင်းက စာကူး စက်ဖြင့် လျှို့ဝှက်စွာ ရိုက်နှိပ်ဖြန့်ချိရသည်။ (ရူဒဲပရားဗော - အခွင့်အရေးနီ)
- ကောင်းပါ့ဗျား။ အဲ ... မင်းကော ... မီးရက်။
- ဒီလို ဒီလိုပါပဲ၊ ထွေထွေထူးထူးတော့ ဘာမှ မရှိပါဘူး။ အလုပ်ကတော့ ချောချောမောမောပဲ ...
- ကဲ၊ ဒါဖြင့်ပြီးရော။ မေဒေးလွန်မှ တွေ့ကြသေးတာပေါ့။ ကျွန်တော်အကြောင်းကြားလိုက်ပါ့မယ်။ ကိုင်း ... သွား တော့မယ်။
- လဘက်ရည်တခွက်လောက် ထပ်သောက်သွားပါအုံး၊ ဆရာကြီး။
- ဟာ၊ မဖြစ်သေးဘူး၊ မစ္စစ် ယဲလီနကောဗား။ ဒီမှာ ကျွန်တော်တို့သိပ်စုနေကြလို့။
ယဲလီနကောဗား - ချက်လူမျိုးတို့၏ အမည်များတွင်၊ ကိုယ်ပိုင်အမည်၊ မျိုးရိုးအမည်ဟု တွဲ၍သုံးကြသည်။ ချက် အမျိုးသမီးများ၏ မျိုးရိုးအမည်များမှာ (ေ -ာဗား) သို့မဟုတ် (-ား) တွင် အဆုံးသတ်သည်။ သို့ဖြင့် ယောက်ျား အမည်များက ဖူးချစ်။ ယလီနက်။ ပလာခီ။ ဟုဆိုလျှင် မိန်းမအမည်များကို ဖူးချစ်ကောဗား၊ ယဲလီနကောဗား၊ ပလာခါ ဟူ၍ ခေါ်ကြသည်။
- တခွက်ထဲပါလေ။ သောက်သွားပါအုံး။
ငှဲ့ချလိုက်သော လဘက်ရည်မှ အငွေ့တထောင်းထောင်း ထလာသည်။ တစုံတယောက်က တံခါးခေါင်းလောင်းကို နှိပ်သည်။ ညကြီးမင်းကြီး အချိန်မတော် ... ဘယ်သူများပါလိမ့်။ ဧည့်သည်တော်များကား စိတ်မရှည်ကြ။ တံခါးကို တ၀ုန်းဝုန်းနှင့် ထုကြလေသည်။
- ဖွင့်ပါတော့လား။ ဒီမှာ ပုလိပ်တွေကွ။
- ပြူတင်းပေါက်ဆီကို မြန်မြန် ... ပြေးကြ။ ကျွန်တော့မှာ ပစ္စတိုတလက်ပါလာတယ်။ ခင်ဗျားတို့ လွတ်အောင် သူတို့ကိုဟန့်ထားမယ်။
နောက်ကျသွားခဲ့ပြီ။ ပြူတင်းပေါက်အောက်တွင် ဂက်စတာပိုများရောက်နေကြကာ အခန်းတွင်းသို့ ပစ္စတိုများဖြင့် ချိန်ထားကြသည်။ အရပ်ဝတ်အရပ်စားနှင့် စုံထောက်များသည်လည်း အပြင်စင်္ကြန်မှတံခါးကို ချိုးဖွင့်ဝင်ရောက် လျက်၊ မီးဖိုဆောင်ငယ်ကိုကျော်ကာ အခန်းတွင်းသို့ ရောက်လာကြသည်။ တယောက်၊ နှစ်ယောက်၊ သုံးယောက် ... အားလုံးလူကိုးယောက်။ ကျွန်တော်ကား သူတို့ဖွင့်ဝင်လာသော တံခါး၏အကွယ်သူတို့၏ နောက်တည့်တည့် သို့ ရောက်နေသည်။ ထို့ကြောင့် ကျွန်တော့်ကိုမမြင်ကြ။ ပစ်မည်ဆိုလျှင် သူတို့အား အေးအေးဆေးဆေး ပစ်ချနိုင် သည်။ သို့သော် ပစ္စတိုကိုးလက်က မိန်းမသားနှစ်ယောက်နှင့် လက်နက်မဲ့ယောက်ျားသုံးယောက်ကို ချိန်ထား သည်။ အကယ်၍ ကျွန်တော်က စတင်ပစ်ခတ်လိုက်လျှင်၊ ကျွန်တော်မကျခင် ကျွန်တော့်ရဲဘော်များ ကျဆုံးကြရ တော့မည်။ ကျွန်တော့ကိုသာ ပြန်၍ပစ်ပြီထားဦးတော့ ကျည်ဆံများက ပလူပျံလျက်၊ ကျွန်တော့်ရဲဘော်များ သာ လျှင် ဓားစာခံကြရပေလိမ့်မည်။ အကယ်၍ ကျွန်တော်က မပစ်ဘဲနေခဲ့လျှင် သူတို့အနေနှင့် နှစ်ဝက်ဖြစ်စေ၊ တနှစ် ဖြစ်စေ ၀င်ထိုင်နေကြရမည်။ နောက်တော်လှန်ရေးက ၎င်းတို့အား အရှင်လတ်လတ် ကယ်တင်လွတ်မြောက်စေ လိမ့်မည်။ မီးရက်နှင့်ကျွန်တော်သာ ဤတောင်ကို ကျော်နိုင်ကြမည်မဟုတ်။ ကျွန်တော်တို့အား ညှဉ်းပန်းကြလိမ့် မည်၊ ကျွန်တော့ထံမှကား ဘာတခုမျှရကြလိမ့်မည်မဟုတ်။ မီးရက်ထံမှကော။ မီးရက်သည် စပိန်ပြည်၌ တိုက်ပွဲ ၀င်ခဲ့သောလူတယောက်၊ ပြင်သစ်အကျဉ်းစခန်းတွင် နှစ်နှစ်တာမျှနေခဲ့ရသောသူ၊ စစ်ကာလကြီးအတွင်း၊ ပြင်သစ် ပြည်မှ ပရာဟာမြို့အရောက် လျှို့ဝှက်စွာပြန်လာခဲ့သော သူတယောက်။ ဤသို့သောသူမျိုးကား ဘာတခုမျှဖော် လိမ့်မည်မဟုတ်။ ကျွန်တော့်အနေနှင့် ဆုံးဖြတ်ချက်ချရန် နှစ်စက္ကန့်မျှသာရှိသည်။ ဒါမှမဟုတ် သုံးစက္ကန့်ပဲလား။
ပစ်ခတ်လိုက်လျှင် ဘာတခုကိုမျှ ကာကွယ်နိုင်မည်မဟုတ်။ ကျွန်တော့တယောက်အနေနှင့် သာ အညှဉ်းပန်းခံရ ခြင်းမှ လွတ်မြောက်မည်။ သို့သော် ထိုသက်သာမှုအတွက် အကြောင်းမဲ့သက်သက် ရဲဘော်ငါးယောက် အသက် တို့ကို ယဇ်ပူဇော်လိုက်ရမည်။ ဒီလိုတွက်တာ မှန်သလား၊ မှန်တယ်။ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ပုန်းနေရာမှ အပြင် သို့ထွက်လိုက်သည်။
ဂက်စတာပို - နာဇီများ၏ လျှို့ဝှက်သော ပုလိပ်အဖွဲ့။ ဤဘာသာပြန်စာအုပ်ထဲတွင် အဆိုပါပုလိပ်အဖွဲ့ ၀င်များ ကိုလည်း ဂက်စတာပိုဟူ၍ပင် ခေါ်ထားသည်။
- ဟား၊ နောက်တယောက်။
မျက်နှာပေါ်သို့ ပဋ္ဌမဆုံးတချက် အထိုးခံလိုက်ရသည်။ ကျွန်တော့်အား နော့ကောက် ချိန်ဟန်တူသည်။
- ဟဲန်းဒ်အောက်ဖ်။
ဟဲန်းဒ်အောက်ဖ် - (ဂျာမန်စကား = လက်မြှောက်)
ဒုတိယတချက်၊ တတိယအချက်။ ဤသို့လျှင် ထင်မိသည်။ တသသနှင့် လှလှပပထားခဲ့သော အိမ်ခန်းကား၊ အိမ် ထောင်ပရိဘောဂများနှင့် ဖရိုဖရဲ၊ မှန်ကွဲများအမွမွဖြစ်ခဲ့ပြီ။ လက်နှင့်အထိုးအကြိတ်၊ ခြေနှင့် အကန်အကျောက်။
- မာ့ရ်ရှ်။
မာ့ရ်ရှ် - (ဂျာမန်စကား = ရှေ့ကိုသွား)
ကျွန်တော့်အား မော်တော်ကား တစင်းထဲသို့ သွတ်သွင်းလိုက်ကြသည်။ ပစ္စတိုများကား ကျွန် တော့်ကို အမြဲမပြတ် ချိန်နေကြသည်။ လမ်းတွင်ပင်ကျွန်တော့်အား စစ်လားမေးလားပြုကြပါတော့သည်။
- မင်း ဘယ်သူလဲ။
- ကျောင်းဆရာ ဟောရတ်။
- မင်း လိမ်တာ။
ကျွန်တောက ပခုံးကို တွန့်ပြလိုက်သည်။
- ငြိမ်ငြိမ်ထိုင်နေဆို ... နို့မို့ပစ်လိုက်မယ်။
- ပစ်ချင် ပစ်ပေါ့။
ပစ်မည့်အစား လက်သီးမိုးသာ ရွာလာသည်။ ကျွန်တော်တို့သည် ဓာတ်ရထားတစီးကို ကျော်တက်မိကြသည်။ အဖြူရောင်ဖြင့် မွမ်းမံထားသည်ဟု ထင်မိသည်။ ဘဲ့နဲ့ ... မင်္ဂလာဆောင်ဓာတ်ရထား အခုလို ညကြီးမင်းကြီးမှာ ရယ်။ အဖျားတက်စပြုပြီထင်သည်။
ပက်ချက် နန်းတော်။ ဤအဆောက်အဦအတွင်းသို့ အသက်နှင့်ခန္ဓာတွဲလျက်သား ၀င်ရလိမ့်မည်ဟု ဘယ်သော အခါကမျှ မထင်မိခဲ့။ ယခုလေးထပ်အပေါ်ထိ ပုံစံအတိုင်း ပြေး၍တက်ရသည်။ သြော် ဒါကနာမည်ကျော် ဒုတိယ (က) - ၁ ဆိုတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးဌာနကိုး။ ကျွန်တော့အနေနှင့် စပ်စပ်စုစုသိလိုစိတ်များပင် ပေါ်လာသည် ဟု ထင်ရသည်။
ပက်ချက် - စစ်မဖြစ်မီက အရင်းရှင်ကြီး ပက်ချက်၏ ဘဏ်တိုက်အဆောက်အဦ။ စစ်အတွင်းက ဤဂေဟာတွင် ပရာဟောမြို့ ဂတ်စတာပိုက ဌာနချုပ်ဖွင့်ထားသည်။
ဘမ်းဆီးသောတပ်စိတ်ကို အုပ်ချုပ်သည့် ပုလိပ်အရာရှိ ပိန်ပိန်ရှည်ရှည်သည် ပစ္စတိုကို အိတ်တွင်းသို့ထည့် လိုက်ကာ၊ သူ၏ အခန်းတွင်းသို့ ကျွန်တော့အား ခေါ်သွားသည်။ ၎င်းနောက် စီးကရက်တလိပ်တည်၍ မီးညှိပေး သည်။
- မင်းဘယ်သူလဲ။
- ကျောင်းဆရာ ဟောရတ်။
- မင်းလိမ်တာ။
သူ၏ လက်ကောက်ဝတ်မှနာရီသည် ဆယ့်တစ်နာရီသို့ ညွှန်ပြနေလေသည်။
- သူ့ကိုရှာကြစမ်းဟေ့။
အရှာအဖွေများ စပါတော့သည်။ ကျွန်တော့ အ၀တ်အစားများကို ချွတ်ကြသည်။
- မှတ်ပုံတင်လက်မှတ်ပါတယ်ဗျ။
- နာမည်က ...
- ကျောင်းဆရာ ဟောရတ်တဲ့။
- မှန်ရဲ့လားဆိုတာ လှမ်းမေးကြည့်စမ်း။
တယ်လီဖုန်းဆက်သည်။
- ထင်သားပဲ။ စာရင်းမှ သွင်းမထားပဲ။ ဒီလက်မှတ်က အတုကြီးရယ်။
- မင်းကို ဒီလက်မှတ် ဘယ်သူပေးသလဲ။
- ပုလိပ်မင်းကြီးရုံးက။
ပဌမဆုံးအကြိမ် ဒုတ်နှင့်အရိုက်ခံရသည်။ ဒုတိယ၊ တတိယ၊ အချက်ပေါင်း ဘယ်နှစ်ချက်ဆိုတာကို ရေတွက်ပြီး ထားရမှာလည်း။ မောင်ရင် ... ဒီအခြေအနေ ရောက်မှတော့၊ ဒီလိုအချက်အလက်တွေကို ဘယ်နေရာ ဘယ် အချိန်မှာ သတင်းပြန်ပေးနိုင်တော့မှာလဲ။
- မင်းနာမည် ဘယ်သူလဲ ... ပြော ... ဘယ်မှာနေသလဲ ... ပြောစမ်း ... ဘယ်သူတွေနဲ့ အဆက် အသွယ်လုပ် သလဲ။ ပြော ... ပြော ... ပြောဆို ... နို့မို့ မင်းအသက်ထွက်သွားမယ်။
ကျန်းမာတဲ့ လူတယောက်ဟာ အချက်ပေါင်း ဘယ်နှစ်ချက်အထိ ခံနိုင်ပါသလဲ။ ရေဒီယိုမှ သန်းခေါင်ယံရိုက်ဆော် လေပြီ။ ကာဖီဆိုင်များလည်း ပိတ်ကြပြီ။ နောက်ဆုံး ဧည့်သည်များလည်း ပြန်ကြပြီ။ ချစ်သူများကား မခွဲနိုင်မခွါရက် နှင့် တံခါးဝများတွင် ရစ်သီနေကြသည်။ အရာရှိပိန်ပိန်ရှည်ရှည်ကား အခန်းတွင်းသို့ ရွှင်ရွှင်ပြုံးပြုံးကြီး ရယ် မော၍ ပြန်ရောက်လာသည်။
- ဦးအယ်ဒီတာကြီးခင်ဗျား၊ နေသာထိုင်သာ ရှိပါရဲ့နော်။
မည်သူကသူတို့အား ဖွင့်ပြောလိုက်ပြီနည်း။ ယဲလီနက်တို့လင်မယားလော။ ဖရီးဒ်တို့လော။ သူတို့ကား ကျွန်တော် ၏ အမည်ကိုပင် မသိကြ။
- မြင်တဲ့အတိုင်းပဲလေ။ ကျုပ်တို့အားလုံး သိပါတယ်ဗျာ။ ကဲ ဖွင့်ပြောမလား၊ လိမ္မာစမ်းပါကိုယ့်လူရာ။
ထူးဆန်းလှသော အဘိဓာန်ပါပေ။ လိမ္မာခြင်း = သစ္စာဖောက်ခြင်း။ ကျွန်တော်ကား မလိမ္မာပါ။
- ဒီကောင့်ကို ကြိုးနဲ့တုပ်ပြီး ထပ်အုပ်ကြစမ်းကွာ။
တနာရီ။ နောက်ဆုံး ဓာတ်ရထားများ ကားရုံများဆီသို့ ပြန်သိမ်းနေကြလေပြီ။ လမ်းများလည်း လူသွားလူလာပြတ် သလောက် ဖြစ်နေကြလေပြီ။ ရေဒီယိုကား သောတရှင်အပေါင်းကို မင်္ဂလာညပါရှင်ဟု နှုတ်ဆက်လေပြီ။
- ဗဟိုကော်မတီမှာ ဘယ်သူတွေ ပါသေးသလဲ။ အသံလွှင့်ဌာနတွေ ဘယ်မှာလဲ။ ပုံနှိပ်စက်တွေ ဘယ်မလဲ။ ပြော ... ပြော ... ပြောလေ။
ယခု ဒဏ်ရာဒဏ်ချက်များကို အေးဆေးစွာ ရေတွက်နိုင်ပြန်ပေပြီ။ ကျွန်တော်ကိုက်ထားမိရာ နှုတ်ခမ်းများတွင် သာ နာရမှန်း၊ ကျင်ရမှန်း သိတတ်ပါတော့သည်။
- ဘိနပ်တွေချွတ်လိုက်။
မှန်ပေသည်။ ခြေဖ၀ါးများကား ယခုထက်ထိ မထုံတတ်သေးပါ။ ခြေမ၀ါးများတွင်တော့ နာတတ်သေးသည်။ ငါး ချက်၊ ခြောက်ချက်၊ ခုနှစ်ချက်၊ ယခုဒုတ်တိုကား ဦးနှောက်အထိ တိုးလျှိုပေါက်နေ သကဲ့သို့ခံရသည်။ နှစ်နာရီ။ ပရောဟာမြို့တော်ကား အိပ်ပျော်လေပြီ။ တနေရာတွင် ကလေးတယောက်သည် အိပ်ယင်းက အီကောင်း အီနေ ပေလိမ့်မည်။ ယောက်ျားတယောက်သည် ဇနီးသည်၏ တင်ပါးကို ပွတ်သပ်ကောင်းပွတ်သပ်နေပေလိမ့်မည်။
- ပြော၊ ပြောစမ်း။
ပါးစပ်ထဲတွင် လျှာကိုလှည့်ယင်း၊ သွားဘယ်နှစ်ချောင်း ကျိုးခဲ့ပြီကို စမ်းသပ်ကြည့်နေမိပါသည်။ စေ့ငှအောင် မရေ တွက်နိုင်ပါ။ ဆယ့်နှစ်၊ ဆယ့်သုံး၊ ဆယ့်ခုနှစ်။ ဟုတ်သေးပါဘူးလေ၊ ဒါက ကျွန်တော့်ကို “စစ်ဆေးမေးမြန်း” နေကြ တဲ့ ပုလိပ်အရာတွေရဲ့ ဦးရေပဲ။ ထိုသူတို့အနက် အချို့ကား ယခုပင် သိသိသာသာကြီး လက်အံသေနေကြလေပြီ။ သေမင်းကလည်း ယခုထက်ထိ မလာနိုင်သေး။
သုံးနာရီ။ ရောင်နီဦးသည် မြို့ဆင်ခြေဖုန်းဘက်မှ တွား၍တက်လာလေပြီ။ ဟင်းသီး ဟင်းရွက်သည်များကား ဈေး ဘက်သို့ ဦးတည်နေကြပြီ။ လမ်းတံမြက်လှဲသမားများလည်း လမ်းများပေါ်သို့ ထွက်လာကြပြီ။ ပုံပန်းအားဖြင့် ကျွန်တော်ကား နောက်ထပ် တမိုးသောက်ကို မြင်ရလိမ့်ဦးမည်ထင်သည်။
- ခင်ဗျား ဒီလူကိုသိသလား။
ကျွန်တော်၏ ဇနီးကို ခေါ်လာကြသည်။ သူ မမြင်ပါစေရန် ကျွန်တော်သည် သွေးတို့ကို မြိုချခဲ့ သည်။ အမှန်အားဖြင့် ထိုသို့သော အားထုတ်မှုကား အလဿမျှသာဖြစ်သည်။ ကျွန်တော်၏ မျက်နှာပေါ်တွင် သွေးများတကွက်မလပ် ထွက် နေသည်သာမက၊ လက်ဖျားများမှလည်း သွေးများယိုစီးနေသေးသည်။
- ခင်ဗျား ဒီလူ့ကိုသိသလား။
- မသိဘူး။
ဤသို့ပင် ပြောလိုက်သည်။ မျက်ရိပ်ကလေး တရိပ်မျှပင်မပျက်။ ဇမ္ဗူရာဇ်ရွှေစင်ကလေး။ ကျွန်တော့်အား သိ သည်ဟူ၍ ဘယ်သောအခါမျှ မပြောပါဟူသော ကတိအတိုင်း တည်ကြည်ရှာပေသည်။ သို့သော် လက်ငင်းအခြေ အနေအရကား ထိုသို့ငြင်းရန်ပင် လုံးဝမလိုအပ်တော့။ ကျွန်တော်၏ အမည်ကိုမည်သူက ဖော်ထုတ်ခဲ့လေသ နည်း။
သူ့အား အပြင်သို့ခေါ်ထုတ်သွားကြသည်။ ကျွန်တော်လည်း အရွှင်လန်းနိုင်ဆုံးသော မျက်နှာထားဖြင့် သူ့အား နှုတ်ဆက်ခဲ့ပါသည်။ ထိုမျက်နှာထားကား ရွှင်လန်းကောင်းမှ လန်းပေတော့မည်။ ဒါကိုတော့ ကျွန်တော် မပြောတတ်။
လေးနာရီ။ မိုးလင်းပြီလား၊ ဒါမှမဟုတ် မှောင်နေတုန်းပဲလား။ လိုက်ကာများဆွဲချထားသော ပြူတင်းပေါက်က အဖြေမပေးကြ။ သေမင်းကလည်း လာနိုင်ခဲလှသည်။ သေမင်းကြီးခင်ဗျားဆီကို ကျွန်တော်လာခဲ့ရမလား။ ဘယ့်နဲ့ လာခဲ့ရမှာလဲ။
တစုံတယောက်အား ကျွန်တော်က လှမ်း၍ထိုးလိုက်သည်။ ထို့နောက် ကျွန်တော်လည်း ကြမ်းပေါ်သို့စိုက်၍ ကျ သွားသည်။ သူတို့က ကျွန်တော့်အား ကန်ကြသည်။ နင်းကြဆောင့်ကြသည်။ အဲ ... ဟုတ်ပြီ ... ဒါမှ ကိစ္စမြန်မြန် ချောမယ်။ ပုလိပ်အရာရှိ မဲတဲတဲသည် ကျွန်တော့်အား မုတ်ဆိတ်မွေးများမှ ကိုင်၍ဆွဲထူသည်။ ထို့နောက် ကျွတ် ထွက်သွားသော မုတ်ဆိတ်မွေးလက်တဆုပ်ကို ကျွန်တော့်အားပြန်၍ပြရင်း ဟက်ဟက်ပက်ပက်ကြီး ရယ်မော လေသည်။ တကယ်တော့လည်း ရယ်စရာပင် ဖြစ်လေသည်။ ကျွန်တော့်အနေနှင့်ကား နာရမှန်းလုံးဝမသိတော့။
ငါးနာရီ၊ ခြောက်နာရီ၊ ခုနှစ်နာရီ၊ ဆယ်နာရီ၊ တမွန်းတည့်လေပြီ။ အလုပ်သမားများလည်း အလုပ်သွားသူသွား၍ အလုပ်ပြန်သူပြန်ကြလေပြီ။ ကလေးများလည်း ကျောင်းတက်သူတက်၍ ကျောင်းဆင်းသူဆင်းကြလေပြီ။ ဆိုင်များ တွင် ရောင်းဝယ်နေကြသည်။ အိမ်များတွင် ချက်ပြုတ်နေကြသည်။ ယခုအချိန်ဆိုလျှင် မေမေသည် ကျွန်တော့် အား သတိရကောင်းရနေပေလိမ့်မည်။ ရဲဘော်များလည်း ကျွန်တော်အဖမ်းခံရကြောင်း သိကုန်ကြပြီ ... မတော် တဆ ကျွန်တော်ကများဖွင့်ပြောလိုက်လျှင် ... ဤ သို့တွက်ကာ ဘေးအန္တရာယ်မှကာကွယ်ရန် အစီအစဉ်များ ပြုလုပ်ကောင်းပြုလုပ်နေကြပြီ။ မစိုးရိမ်ကြပါနဲ့၊ မပြောပါဘူး၊ ယုံကြပါ။ အမှန်ကိုဆိုရလျှင် အဆုံးသတ်ဟူသည်ကား ဝေးနိုင်တော့မည်မဟုတ်။ ခုအဖြစ်အပျက် အစစအရာရာတို့သည် အိပ်မက်၊ မကောင်းသော ချောက်အိပ်မက် ကြီးသာ ဖြစ်နေတော့ သည်။ အရိုက်အနှက် မိုးရွာ၊ နောက်ကျွန်တော့်အားရေနှင့်ဖြန်း၊ နောက်တဖန် အထိုးအကြိတ် များ ၀င်လာပြန်၍ ... ပြော ... ပြော ... ပြောဆို ... ကျွန်တော်ကဖြင့် သေပဲမသေနိုင်။ မေမေတို့ ဖေဖေတို့၊ ကျွန်တော့် ဒါလောက်အားကောင်းအောင် ဘာဖြစ်လို့ မွေးထားခဲ့ကြတာလဲ။
နေ့လည်ခင်း၊ ညနေငါးနာရီ။ ယခု သူတို့အားလုံး နွမ်းနယ်နေကြပြီ။ အရိုက်အနှက်များကား ပြတ်တောင်း ပြတ် တောင်းနှင့် တချီနှင့်တချီအကြား အကြာကြီးနားနားနေတတ်သည်။ ယခုတော့ ၀တ်ကြေ၀တ်ကုန်မျှသာ ဖြစ်နေကြ ပြီ။ ထိုခဏတွင်၊ ခပ်ဝေးဝေးမှ အတော်မသတ်နိုင်သော အဝေးမှအေးဆေးငြိမ်သက်သော အသံတသံပေါ်လာ သည်။ ထိုအသံကား ပွတ်သီးပွတ်သပ်လုပ်သလို နူးညံ့နေသည်။
- အဲရ် ဟတ် ရှုံဂဲနု။
နောက်တကြိမ် ပြန်၍ထိုင်၊ ရှေ့တည့်တည့်မှ စားပွဲကား ပြိုသွားလိုက်၊ ပေါ်လာလိုက်၊ နောက် တစုံတယောက်က ကျွန်တော့်အား သောက်ရေတခွက်လာပေး၊ အခြားတယောက်ကလည်း ကျွန်တော့အား ဘိနပ်များစီးပေးရန် ကြိုး စားယင်းက စွပ်မရတော့ဟုပြော၊ နောက်သူတို့သည် ကျွန်တော့်အား ချီတခါဆွဲတလှည့်ဖြင့် လှေခါးထစ်တ လျှောက် ခေါ်ချသွား၊ ကားထဲထည့်၊ မောင်း၍သွား၊ တစုံတယောက်ကလည်း သေနတ်ဖြင့်ချိန်ထား၊ ရယ်စရာပင် ကောင်းသေးတော့၊ ပန်းဖြူဖြူများဖြင့် မွမ်းမံထားသော မင်္ဂလာဆောင်ဓာတ်ရထားကို ကျော်တက်၊ သို့သော် ဤကိစ္စအလုံးစုံကား အိပ်မက်မျှသာ ဖြစ်ကောင်းသည်။ အဖျားတက်ခြင်း၊ ဖြစ်နေပေမည်။ သေဇော်ငင်ခြင်း၊ သို့မဟုတ် သေခြင်းစင်စစ်ပင် ဖြစ်ကောင်းဖြစ်နေပေမည်။ သေဇောငင်ခြင်းကား ခက်ခဲကြပ်တည်းလှသည် မဟုတ် ပါလော။ သို့ရာတွင် ဤအဖြစ်ကား ပေါ့ပေါ့ကလေးနှင့် သပွတ်အူလိမ်နေသည်။ နောက်တချက် အသာကလေး အသက်ရှူထုတ်လိုက်လျှင်ပင်၊ အစစအရာရာ အဆုံးသတ်သွားချေတော့မည်။
အဲရ် ဟတ် ရှုံဂဲနု - (ဂျာမန်စကား = ဒီလူ နောက်ထပ် ခံနိုင်တော့မှာ မဟုတ်ဘူး။)
အဆုံးသတ်သွားရောတဲ့လား။ မဟုတ်သေးဘူးလေ။ အခုတခါ ထပ်ပြီးမတ်တတ်ရပ်နေရပြန်ပြီကော။ တကယ့်ကို ပင် ရပ်နေရသည်။ တယောက်တည်း အဖေးအမမရှိဘဲ ရပ်နေသည်။ ကျွန်တော့်ရှေ့တွင်လည်း ညစ်ပတ်ဝါကျင့် သော ထရံကြီးကပ်၍နေကာ ... ထရံမှာ ဘာတွေပေနေပါလိမ့်။ သွေးတွေပေနေသည်ဟူ၍ကား စိတ်ကထင်မိ သည်။ ဟုတ်သည်။ သွေးတွေပင်ဖြစ်သည်။ လက်ညှိုးကို မြှောက်၍ တို့ကြည့် သုတ်ကြည့်သည်။ ဟုတ်တယ်လေ၊ လတ်လတ်ဆတ်ဆတ်ကြီး ကျွန်တော့်သွေးတွေရယ် ...။
တစုံတယောက်က နောက်မှနေ၍ ကျွန်တော်၏ခေါင်းကို ရိုက်လိုက်သည်။ လက်နှစ်ဖက်ကို မြှောက်၍ထိုင်ချေ၊ ထချေ လေ့ကျင့်ခဏ်းလုပ်ခိုင်းသည်။ တတိယအကြိမ်တွင် ကျွန်တော်လည်း ခွေကျသွားသည်။
အရှည်ရှည်နှင့် အက်ဆက်စမန်း တယောက်သည် ကျွန်တော့်ကိုယ်ပေါ်မိုး၍ရပ်ကာ၊ ကန်လိုက်ကျောက်လိုက် နှင့် အထခိုင်းသည်။ မဖြစ်နိုင်သည်ကိုမှ ခိုင်းလေသည်တကား။ တဖန် တစုံတယောက်က ကျွန်တော့်အား ဆေး ကျောပေး၊ တဖန် ပြန်၍ထိုင်မိ၊ မိန်းမတယောက်ကလည်း ကျွန်တော့်အားဆေးများ လှမ်းပေး၍၊ မည်သည့်နေရာ တွင် နာကျင်သနည်းဟု မေးမြန်းသည်။ ထိုခဏ၌ ကျွန်တော့်အနေနှင့် နာသမျှဟူသည်မှာ နှလုံးသားတွင်သာ စုပြုံနေသည်ဟု ထင်မိသည်။
အက်ဆက်စမန်း - နာဇီတပ်များအနက် ရက်စက်ကြမ်းကြုတ်ရာတွင် နာမည်ကြီးလှသည့် အက်ဆက်စ် အဖွဲ့ဝင်။
- မင်းမှာနှလုံးသားဆိုတာမှ မရှိဘဲနဲ့ ဟု အက်ဆက်စမန်း အရပ်ရှည်ရှည်က ပြောလေသည်။
- အိုး ရှိတာပေါ့ကွ ဟု ကျွန်တော်က ပြန်ပြောလိုက်ကာ၊ မိမိ၏ နှလုံးသားဘက်က ခုခံပြောဆိုနိုင်လောက်အောင် အင်အားဖူဖူလုံလုံရှိသေးခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသည်။ နောက် အစစအရာရာ မှုန်ပျောက်သွား ကြပြန်သည်။ ထရံ ... ဆေးနှင့် မိန်းမ ... အက်ဆက်စမန်း အရပ်ရှည်ရှည် ...
ကျွန်တော့်ရှေ့တည့်တည့်တွင် အကျဉ်းခန်း၏ ပွင့်လျက်သားတံခါးပေါက်ကို တွေ့ရသည်။ အက်ဆက်စမန်း ၀၀ တုပ်တုပ်တယောက်က ကျွန်တော့်အား အကျဉ်းခန်းအတွင်းသို့ ဆွဲသွင်း၊ အစိပ်စိပ် အမွှာမွှာဖြစ်နေသော ရှပ် အင်္ကျီကိုချွတ်၊ ကောက်ရိုးမွေ့ရာပေါ်သို့ ဆွဲတင်၊ ဖောယောင်ဖုထစ်နေသော ကိုယ်ကိုစမ်းသပ်၍၊ ကျပ်ထုပ်များ ထိုးပေးရန် အမိန့်ပေးသည်။
- ကြည့်စမ်း သူက အခြားတယောက်အား ခေါင်းကိုအသာခါပြရင်း ပြောလေသည် - ကြည့်စမ်း၊ ဒီ ကောင်တွေ ဘယ်လောက်တတ်နိုင်တယ်ဆိုတာ ...
တဖန် ခပ်ဝေးဝေးမှ အတောမသတ်နိုင်သော အဝေးမှ အေးဆေးငြိမ်သက်သော အသံတသံကို ကြားလိုက်ရပြန် သည်။ ထိုအသံကား ပွတ်သီးပွတ်သပ်လုပ်သလို နူးညံ့နေသည်။
- မနက်အထိတောင် မခံတော့ပါဘူး။
နောက်ငါးမိအကြာတွင် ဆယ်နာရီထိုးပေတော့မည်။ ၁၉၄၂ ခု၊ ဧပြီလ ၂၅ ရက်၊ နွေဦးရာသီ၏ လှလှပပနှင့် မပူ မအေးသော ညဥ့်ဦးအခါ ဖြစ်ပေသည်ကို။
အိုးဝေထွန်းအောင်နှင့် ဦးစံရွှေ
ချက်ဘာသာမှ မြန်မာပြန်ဆိုသည်။
Friday, 14 December 2007
ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်) အခဏ်း (၁)
Posted by ရွှေဥသြ at 19:55
Labels: ကိုယ့်အကြိုက် စာအုပ်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment