ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါတယ်တဲ့။
နောက်ဆုံးတော့ လိပ်မိသားစု အိမ်ကထွက်လာပြီး သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ်အကြာမှာတော့ သူတို့အတွက် အကောင်းဆုံးနေရာ တခုကို ရှာတွေ့သွားကြပါတယ်။
အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီးပြင်ဆင်တာတို့ကိုတော့ ၆ လအကြာမှာ ပြီးစီးသွားပါတယ်။ အဲဒီအခါကျမှ သူတို့ဆားကျန်ခဲ့တာကို သိလိုက်ရပါတယ်။ ဆားမပါတဲ့ပျော်ပွဲစားက ဘယ်လိုမှကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်တယ်။ အဲဒီကိစ္စကို အကြာကြီးဆွေးနွေးအပြီးမှာတော့ အငယ်ဆုံးလိပ်ကလေးကို အိမ်မှာဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက်ကြပါတယ်။ မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီးငိုယိုပါတော့တယ်။ နောက်တော့ ကတိတခုတောင်း ပြီးမှ သွားမယ်လို့ သဘောတူပါတယ်။ ကတိကတော့ ဘယ်သူမှ သူပြန်မရောက်မချင်း အစားအသောက်တွေကို မစားပါဘူးဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။
သုံးနှစ်ကြာတဲ့အထိ လိပ်ကလေးပြန်ရောက်မလာပါဘူး။ ငါးနှစ် … ခြောက်နှစ် … ခုနှစ်မြောက်လာတဲ့အခါမှာတော့ အသက်အကြီး ဆုံးလိပ်ကြီးက ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့ စားတော့မယ်လို့ပြောပြီး အသားညှပ်ပေါင်မုန့်ထုတ်ကို ဖွင့်လိုက် ပါတော့တယ်။ အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင်အနောက်ကနေ ရုတ်တရက်ထွက်လာပြီး အော်လိုက်ပါတယ်။
“တွေ့လား ! သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ တော်ပြီ ဆားသွားမယူတော့ဘူး …”
လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့်ထားသလိုလုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲကိုယ့်အချိန်တွေကို ဖြုန်းပြစ်တတ်ကြတယ်။ သူများတွေ ဘာလုပ်သလဲဆိုတာကို အလေးထားစိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။ ။
Friday, 12 September 2008
စောင့်တတ်သူ
Posted by ရွှေဥသြ at 09:23 4 comments
Tuesday, 2 September 2008
ဆိုင်ဘာအတိုက်အခံတယောက်၏အရှုံး
http://www.naytthit.com ..... မှ
တနေ့တာ ဆူညံလှုပ်ရှားခဲ့ပြီးနောက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကိုင်ရိုမြို့ရဲ့ အင်တာနက်ကဖီးဆိုင်တဆိုင်ထဲမှာတော့ နာရီက သန်းခေါင်ကျော်ပြီး ၁ နာရီ ၄၉ မိနစ်ကိုညွှန်ပြနေပါတယ်။ အသက် ၂၇ နှစ် အရွယ် အာမက်ဒ်မာဟာ ဟာကွန်ပျုတာတလုံးရှေ့မှာ
အလုပ်လုပ် နေပါတယ်။ သူဝတ်ထားတဲ့ ရှပ်အင်္ကျီဟာ ဒီကနေ့ပါဆိုရင် ၃ ရက်ရှိပြီဖြစ်ပါတယ်။ သူ့ဘ၀ရဲ့ အခြေခံအသုံးအဆောင်တွေက ကွန်ပျူတာကီးဘုဒ်ဘေးမှာ ပျံ့ကျဲတည်ရှိနေပါတယ်။ အဲဒါတွေကတော့ ကားသော့၊ စီးကရက်နဲ့ ဆဲလ်ဖုံးတလုံးတို့ဖြစ်ပါတယ်။
မာဟာ ဟာ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားရင်း စာရိုက်နေပါတယ်။ သူစိတ်ကူးယဉ်ခဲ့တဲ့ အင်တာနက် ဖေ့စ်ဘွတ်က် အကျိုး ဆောင်ဝက်ဘ်ဆိုက်ကတဆင့် လူထုအုံကြွမှုတခု စည်းရုံးလှုံ့ဆော်ခဲ့တာဟာ အခုတော့ကီးဘုဒ်ပေါ် လူးလာလှုပ်ရှားနေတဲ့ သူ့လက်ချောင်း တွေကြားထဲက ချော်ထွက်သွားနေပါပြီ။ အိဂျစ်နိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားတက်ကြွမှုရဲ့ အန္တရာယ်အကျိုးဆက်တွေအပေါ် စိုးရိမ်ပူပန်မှုတွေကို ကွန်ပျုတာမြင်ကွင်းမှာ တင်လာကြပါတယ်။ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ တယောက်ကရိုက်လာပါတယ်။ အစိုးရက ငါတို့အထဲကို စိမ့်ဝင်ထိုး ဖောက်ထားပြီလို့ နောက်တယောက်က ရေးလာတယ်။ အခုလုပ်နေတာက မိုက်မဲဉာဏ်နည်းရာရောက်တယ်လို့ တတိယတယောက်က စာ ရိုက်ပါတယ်။
မတ်လကုန်ပိုင်းလောက်ကစပြီး မာဟာနဲ့တခြားအိဂျစ်လူငယ် လေး - ငါးယောက် ဖန်တီးလွှင့်တင်ထိန်းချုပ်ခဲ့တဲ့ ဖေ့စ်ဘွတ်က် Facebook စာမျက်နှာမှာ အိဂျစ်ပြည်သူ ၇၄၀၀၀ စာရင်းသွင်းမှတ်ပုံတင်ခဲ့ပါတယ်။ အများစုဟာ နိုင်ငံရေး လှုပ်ရှားတက်ကြွရေးနယ်ပယ်မှာ လူ သစ်တွေဖြစ်ပါတယ်။ အိဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီအလားအလာကို စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ သက်ကြီးပိုင်းအိဂျစ်လူမျိုးတချို့ကတောင် အမေရိကန်ကောလိပ်ကျောင်းသားတွေ စတီထွင်ခဲ့တဲ့ လူမှုရေးပေါင်းသင်း သဟာယဖွဲ့မှု ၀က်ဘ်ဆိုက်ဟာ သမတ ဟော့စ်နီမူဘာရတ်ရဲ့ ၂၇ နှစ်တာအုပ်စိုးမှုကို ဆန့်ကျင်ဖို့ အီလက်ထရွန်နစ် နည်းပညာနဲ့စုစည်းတဲ့ အစပြုမှတ်ဖြစ်နိုင်လေမလားလို့ မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဖေ့စ်ဘွတ်က် လှုပ်ရှားတက်ကြွသူတွေရဲ့ အတွေ့အကြုံက ဖိနှိပ်ချုပ်ချယ်တဲ့အစိုးရတရပ်ကို ဆန့်ကျင် အတိုက်အခံပြုရာ မှာ နည်းပညာပိုင်းရဲ့ အကန့်အသတ်တွေကို ပြသခဲ့ပါတယ်။ မာဟာ ဟာ ပြီးခဲ့တဲ့နှစ်လအတွင်း နိုင်ငံရေးလှုပ်ရှားတက်ကြွမှုကြောင့် အဖမ်းခံရ တဲ့ အိဂျစ်နိုင်ငံသား ၅၀၀ ထဲမှာဘဲ လမ်းဆုံးသွားပြီး ကိုင်ရိုမြို့က ရဲစခန်းတခုထဲမှာ ကိုယ်တုံးလုံးချွတ် ထုတ်မှာဆွဲ အရိုက်ခံတဲ့အခြေ ဆိုက်ဖို့ သာများပါတယ်။
စီစဉ်ထားတဲ့သပိတ်တိုက်ပွဲရက်ဖြစ်တဲ့ မေ ၄ ရက် တနင်္ဂနွေနေ့ အရုဏ်မတက်မီမှာတော့ မာဟာရဲ့ ဖေ့စ်ဘွတ်က် လှုပ်ရှားမှုဟာ အချည်းနှီးဖြစ်သွားတဲ့အကြောင်း တစတစ ပေါ်လွင်လာပါတယ်။ မာဟာနဲ့ တခြားစည်းရုံးရေးသမားတွေက မိမိတို့နောက်လိုက်တွေရဲ့ စိတ်ဓာတ်တွေ ပြန်တက်လာအောင် ကြိုးစားကြပါတယ်။ တခုခုတော့လုပ်မှဖြစ်မယ်လို့ မာဟာက အင်တာနက်ပေါ်မှာပြောပါတယ်။ မနက် ၇ နာရီမှာတော့ မာဟာ ဟာ ကုလားထိုင်နောက်မှီပေါ်လှဲပြီး အဲဒီညအတွက် ပထမဆုံးအဖြစ်မျက်စိမှတ် တရေးအိပ်ခဲ့ပါတယ်။ နောက်တနာရီအ ကြာ ပြန်နိုးလာတော့ ကွန်ပျူတာမြင်ကွင်းမှာ သူ့စာမျက်နှာပိတ်ခံရပြီဖြစ်ကြောင်း စာတန်းကိုတွေ့ရပါတယ်။ သူဟာ အီးမေးတွေ စာတွေအ များကြီးပို့ခဲ့တာကြောင့် ဖေ့စ်ဘွတ်က်က သူ့ကို စပမ် (ကြော်ငြာ အမှိုက်စာ) စာပို့သမားလို့ သံသယဖြစ်ပြီး ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။
အစ္စရာအက်ဘ်ဒဲလ်ဖာတာ ဟာ အသက် ၂၇ နှစ်အရွယ် လူသားရင်းမြစ်စီမံခန့်ခွဲရေးကျွမ်းကျင်သူဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံ ဘာမှမရှိပါဘူး။ “ဖေ့စ်ဘွတ်က်မိန်းကလေး” လို့လူသိများတဲ့ သူမဟာ မာဟာနဲ့တွဲပြီး အင်တာနက်ပေါ်က စည်းရုံးလှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်ပါ တယ်။ အိဂျစ်နိုင်ငံရဲ့ စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကန့်ကွက်ဆန္ဒပြတဲ့ ဧပြီ ၆ ရက်ဆန္ဒပြပွဲမှာ ပါဝင်ဆင်နွှဲကြဖို့ ပြည်သူအားလုံးကို အ တိအလင်းဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲဟာ ချည်မျှင်အလုပ်သမားတွေရဲ့ လုပ်ခလစာတိုးရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး အလုပ်ရပ် သပိတ် မှောက်ပွဲနဲ့ တိုက်ဆိုင်မိသွားတဲ့အခါ အိဂျစ်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အထူးခြားအကြီးကျယ်ဆုံး နိုင်ငံရေးဆန္ဒပြပွဲ ဖြစ်ပေါ်သွားပါတယ်။
ကိုင်ရိုမြို့တော်ကနေ နှစ်နာရီခရီးမှာရှိတဲ့ အဲလ်မာဟာလာအဲလ်ကူဘရာမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြအရပ်သားတွေကို နှိမ်နင်းတဲ့အခါ အနည်းဆုံး နှစ်ယောက်သေပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသမားတွေက မူဘာရတ်ရုပ်ပုံ ပိုစတာကြော်ငြာ ဘုတ်ကြီးတခုကို တွန်းလှဲပစ်တာကိုတွေ့ရတဲ့ အိဂျစ်ပြည်သူအများအပြားဟာ အံ့သြတကြီး ကြက်သီးမွှေးညှင်းထမိပြီး ဒါဟာ အိဂျစ်နိုင်ငံရဲ့ အလှည့်အပြောင်းဆုံချက်တခုကို ရောက်သွားပြီလားလို့ ထင်မိကြတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံတလွှားမှာ အက်ဘ်ဒဲလ်ဖာတာ အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူတွေကို ရာနဲ့ချီပြီး ဖမ်းဆီးခဲ့ပါတယ်။ သူမ ထောင်ကထွက်လာတဲ့အခါမှာတော့ နိုင်ငံရေးကိုစွန့်လွှတ်ကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီအခါ မာဟာကဘဲ မူဘာရတ်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ချိန်ရွယ်တဲ့ မေ ၄ ရက်ဆန္ဒပြပွဲကို ဦးစီးစီစဉ်ခဲ့ပါတယ်။
“ဖေ့စ်ဘွတ်က်အုပ်စုဝင် ၉၅ ရာခိုင်နှုန်းဟာ အရင်က ဘယ်နိုင်ငံရေးပါတီမှာမှ မပါခဲ့ဖူးဘူး၊ ကျနော်တို့ဟာ နိုင်ငံရေးအုပ်စုမဟုတ် ဘူး” လို့ မာဟာက မေ (၄) ရက်ဆန္ဒပြပွဲမတိုင်မီ နှစ်ရက်အလိုက ပြောပြခဲ့တယ်။ “ကျနော်တို့ရဲ့ အဓိကလုပ်ငန်းတာဝန်က ပြည်သူလူထုတွေ မိမိတို့အခွင့်အရေးကို သိမြင်နားလည်လာပြီး ကိုယ့်ကိုတုပ်နှောင်ထားတဲ့ လက်ထိပ်တွေ သံခြေကျင်းတွေကို ဘယ်လိုရိုက်ချိုးရမလဲဆိုတာ သိလာအောင်လုပ်ဖို့ဖြစ်တယ်” လို့ဆက်ပြောပါတယ်။
အစိုးရက သူတို့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေတယ်လို့ တွက်ဆမိတဲ့အတွက် ခေါင်းဆောင်တွေက ခရမ်းသီး၊ သခွားသီး စတဲ့ နိုင်ငံရေးပုံမပေါက်တဲ့ နာမယ်တွေနဲ့ ဖေ့စ်ဘွတ်က်အုပ်စုခွဲလေးတွေ ထပ်ဖန်တီးခဲ့ပါတယ်။ သူတို့ဟာ အင်တာနက်ပေါ်မှာ အယူအဆတွေ ဖလှယ်ကြ၊ မဟာဗျူဟာတွေ ဆွဲကြပါတယ်။ မွတ်စလင်နိုင်ငံရဲ့ အလုပ်ပိတ်ရက် မဟုတ်တဲ့ တနင်္ဂနွေနေ့ မေ (၄) ရက်မှာ အိမ်ပြင်မထွက်ဘဲ ကိုယ့်အိမ်ထဲမှာဘဲ နေကြဖို့ပြည်သူလူထုကို ပန်ကြားဆော်သြခဲ့ပါတယ်။ သတ္တိအရှိဆုံးလူတွေကတော့ သတ်မှတ်ထားတဲ့နေရာတွေမှာ စုဝေး ပြီးဆန္ဒပြကြဖို့ဖြစ်ပါတယ်။ စုဝေးဖို့နေရာ တွေကို ဖုံးမက်ဆေ့ဂ်ျတွေနဲ့ အကြောင်းကြားဖို့ စီစဉ်ထားပါတယ်။ သတ္တိသိတ်မရှိသူတွေကိုတော့ အ နက်ရောင်တီရှပ်တွေ ၀တ်ကြဖို့သို့မဟုတ် အိဂျစ်နိုင်ငံတော်အလံတွေ မိမိတို့အိမ်တံခါးပေါက်တွေ အိမ်ခေါင်မိုးတွေမှာ ထောင်ဖို့ဆော်သြထားပါ တယ်။ အကြမ်းဖက်ရေးလှုံ့ဆော်မှုတွေအားလုံးကို ဆန္ဒပြပွဲစည်းရုံးစီစဉ်သူတွေက ပယ်ဖျက်ပစ်ခဲ့ပါတယ်။
မာဟာ့အပြောအရ အတက်ကြွဆုံး အခိုင်မာဆုံးလူ အများအပြားဟာ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ်တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။ ကိုင်ရိုကောလိပ် ဒုတိယနှစ်ကျောင်းသူ အစဏရားမူစတာဖာ ဟာ အသက် ၁၈ နှစ်ရှိပြီး တခါမှဆန္ဒမပြခဲူ့း၊ လှုပ်ရှားမှုတခုခုမှာ မပါခဲ့ဖူး၊ မဲမပေးခဲ့ဖူးပါဘူး။ သူမဟာ ဖေ့စ်ဘွတ်က်အုပ်စုထဲ စကတည်းကပါခဲ့ပါတယ်။ သူမကို ဧပြီ ၆ ရက်မှာ ရဲက ခဏထိန်းသိမ်းခဲ့ပါတယ်။ အဲသလို အဖမ်းခံရလို့ သူမစိတ်ဓာတ်က ပိုခိုင်မာသွားပါတယ်။ “ကျမလုပ်နေတာ ကျမရဲ့ ဥပဒေနဲ့ညီတဲ့အခွင့်အရေးဖြစ်တယ်ဆိုတာ ကျမသဘော ပေါက်သွားတယ်” လို့ မူစတာဖာက ပြောတယ်။
လှုပ်ရှားသူတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲက တချို့ကို သဘောပေါက်ကြပါတယ်။ စိန်ခေါ်မှုတခု ကတော့ အိဂျစ်ပြည်သူ သန်း ၈၀ မှာ လေးပုံတပုံကျော်ဟာ စာမတတ်ဘဲ လူဦးရေရဲ့ ၈ ရာခိုင်နှုန်းဘဲ အင်တာနက်သုံးနိုင်တယ်ဆို ဖြစ်ပါ တယ်။ ဒါကြောင့် ဆန္ဒပြပွဲအကြောင်း သတင်းပျံ့နှံ့အောင် ဖေ့စ်ဘွတ်က်အုပ်စုဝင်တွေက နံရံတွေမှာ မှုတ်ဆေးတွေနဲ့ ကြွေးကြော်သံတွေ လှုံ့ ဆော်စာတွေရေးဖို့၊ နဖူးစည်းစာတမ်းတွေ အလံတွေ တံခွန်တွေလွှင့်ထူဖို့ အားပေးခဲ့ပါတယ်။ ငွေစက္ကူတွေ၊ အထူးသဖြင့် ဆင်းရဲသားပြည် သူတွေ အသုံးများတဲ့ တန်ဖိုးနိမ့်ငွေစက္ကူတွေပေါ်မှာ ကြွေးကြော်သံတွေရေးတာမျိုးလည်း လုပ်ကြပါတယ်။
မေ ၂ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေက မာဟာ၊ မူစတာဖာနဲ့ ဖေ့စ်ဘွတ်က်အုပ်စုဝင်နောက်တယောက်ကို ကိုင်ရိုမြို့လယ်မှာ ပထမ တော့ နောက်ယောင်ခံလိုက်ခဲ့ပြီး နောက်ပိုင်းမှာ အတင်းလိုက်ဖမ်းခဲ့ပါတယ်။ မာဟာက ဆိုင်တဆိုင်ထဲဝင် ကိုယ်ရောင်ဖျောက်ပြီး လွတ်သွားပါ တယ်။ မူစတာဖာကတော့ ကိုင်ရိုမြေအောက်ရထားဘူတာရုံထဲ ၀င်ပြေးပြီး အမျိုးသမီးသီးသန့်တွဲပေါ်တက်ပြေးတဲ့အခါ နောက်ကလိုက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့ ၀င်တွေကို တခြားရထားစီး အမျိုးသမီးတွေက ပိတ်ဆို့ကာဆီးပေးလို့ လွတ်သွားပါတယ်။ မာဟာ ဟာမိမိရဲ့ သုံးလသမီးနဲ့ ဇနီးကို နှုတ်ဆက်ပြီး မြေအောက်ပုန်းလျှိုးရပါတော့တယ်။
ဝါရင့်နိုင်ငံရေးသမားတွေကတော့ ပြည်သူလူထုတွေကို အိမ်ပြင်မထွက်ဘဲနေဖို့ ဖေ့စ်ဘွတ်က်အဖွဲ့က ဆော်သြတာကို ပျက်ရယ် ပြုကြပါတယ်။ ဒါဟာ မလှုပ်မယှက်မတက်မကြွလူမျိုးတမျိုးက ပိုပြီးမလှုပ်မယှက် မတက်မကြွတဲ့နည်းနဲ့ ဆန္ဒပြတာဖြစ်တယ် လို့ဝေဖန်ပါတယ်။
မေ ၄ ရက်နီးလာတာနဲ့အမျှ အစိုးရဘက်ကလည်း လှုပ်ရှားလာပါတယ်။ မဟာလာချည်မျှင်စက်ရုံအလုပ်သမားတွေကို ဘောနပ်စ် ဆုကြေးတွေပေးတာ၊ အစိုးရ၀န်ထမ်းတွေကို လစာ ၃၀ ရာခိုင်နှုန်းတိုးပေးတာတွေလုပ်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုအပေါ် မကျေနပ်မှုတွေကို တစုံတရာလျော့ပါးစေခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက ဆဲလ်ဖုံးကုမ္ပဏီတွေကို မက်ဆေ့ဂ်ျ ပို့တာတွေအားလုံး ပိတ်ပင်ဖို့၊ နာမည်မှတ်ပုံမတင်တဲ့ ဖုံးပိုင်ရှင်တွေအတွက် အသံပို့ဆက်သွယ်မှုအားလုံးကို ပိတ်ပင်ဖို့အမိန့်ထုတ်ပါတယ်။ မူဘာရတ်ရုပ်ပုံ ကြော်ငြာဘုတ်ကြီးကို ဖြိုလှဲချနေတဲ့ ဓာတ်ပုံတွေ ဖြန့်ချိထုတ်လွှင့်တဲ့ ရုပ်သံလွှင့်သမား တဦးကိုလည်း တရားစွဲခဲ့ပါတယ်။
မေ ၄ ရက်မနက် အိပ်ရာကနိုးလာတော့ ကိုင်ရိုမြို့သားတွေဟာ အဓိကလူစည်ကားရာနေရာတွေမှာ ကြော်ငြာ ဘုတ်အသစ်ကြီး တွေ မြင်ရပါတယ်။ “လူငယ်တွေ အိဂျစ်ပြည်ကို ချစ်ကြသည်။” “တွေးခေါ်တတ်သောပြည်သူများက ဖန်တီးကြသည်၊ မဖျက်ဆီးကြ။” လို့ ရေးထားပါတယ်။
မေ ၄ ရက် နေ့လည် ၂ နာရီမှာ ကိုင်ရိုမြို့လယ်လမ်းတွေပေါ်မှာ ထုံးစံအတိုင်း ကားတွေပြည့်ညပ်နေပါတယ်။ လူထုဆန္ဒပြပွဲဖြစ် မယ့်လက္ခဏာတော့ လုံးဝမတွေ့ရပါဘူး။ မာဟာကမြို့ထဲ ကားတစီးနဲ့လှည့်ကြည့်နေရင်း ဇနီးဆီကဖုံးခေါ်တာကို ပြန်ဖြေရပါတယ်။ ဇနီးသည် က သူ့ရဲ့လှုပ်ရှားမှုတွေအပေါ် အင်မတန့်ကို စိုးရိမ်ပူပန်နေပါတယ်။ သူမဟာ ကလေးငယ်ကိုခေါ်ပြီး မိဘတွေအိမ် ပြန်သွားနေခဲ့တယ်လို့ မာဟာကို ပြောပြတယ်။
အဓိကဆန္ဒပြဖို့ ရည်ရွယ်ထားတဲ့ ကိုင်ရိုမြို့ထဲကနေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက အသင့်နေရာယူထားပါတယ်။ အဲဒီမှာ အ နက်ရောင်တီရှပ်တွေ ၀တ်ထားတဲ့ လူငယ်လေး - ငါးယောက်က လက်ကမ်းစာရွက်တွေ ဝေကြပါတယ်။ အမျိုးသမီးတချို့က ရဲတွေ လုံထိန်း တွေဝိုင်းထားတဲ့ကြားထဲက ကြွေးကြော်သံတွေအော်ကြတယ်။ လူငယ်အမျိုးသားနှစ်ယောက်က အဲဒီအမျိုးသမီးတွေဆီ သွားပေါင်းဖို့လုပ်တဲ့အ ခါ ရဲတွေက တွန်းထုတ်ပစ်လိုက်ပါတယ်။ မြို့တော်တွင်း တခြားနေရာတွေမှာလည်း တချို့ကတော့ ဆန္ဒပြဖို့လှုံ့ဆော်ထားတဲ့အတိုင်း လိုက် လုပ်ကြပါတယ်။
ဆင်းရဲသားတွေက လူလတ်တန်းစားတွေထက်ပိုပြီး ဆန္ဒပြပွဲရဲ့အဓိပ္ပာယ်ကို နားလည်ကြတယ်လို့ အင်ဘာဘာ ဆင်းရဲသားရပ် ကွက်က အသက် ၂၂ နှစ်အရွယ် ဟစ်ဘာအီမမ်က ပြောပါတယ်။ “အင်တာနက်တက်တဲ့လူတွေက တကယ့်ဒုက္ခကို မခံစားရဘူးရှင့်။ ဆန်ရဖို့ တန်းစီတိုးရတာတွေကို သူတို့မသိဘူး” လို့သူမကပြောတယ်။ သူမဟာ တနင်္ဂနွေနေ့ခင်းကျမှ အိမ်ပြင်ထွက်လာတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်က် အကြောင်း သူမကြားဖူးတယ်။ ဒါပေမဲ့ သူမနေတဲ့ ရပ်ကွက်က လူအများကတော့ ဖေ့စ်ဘွတ်က်ဆိုတာကို တခါမှမကြားဖူးပါဘူး။
ညနေစောင်းခါနီးတော့ ဖေ့စ်ဘွတ်က်ဝက်ဘ်ဆိုက် ဆန္ဒပြရေးစာမျက်နှာမှာ မှတ်ပုံတင်ထားသူ ၇၄၀၀၀ မှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ စုစုပေါင်း ၁၅ ယောက်ဘဲ လူစုဝေးပြီးဆန္ဒပြဖို့ စိတ်အားထက်သန်တာ ကျန်ပါတော့တယ်။ အဲဒီထဲမှာ မာဟာ မပါ ပါဘူး။
မူစတာဖာကို ရဲတွေက ပင်မဆန္ဒပြနယ်မြေက မောင်းထုတ်ခံလိုက်ရပြီးနောက် မာဟာဆီဖုံးဆက်ပါတယ်။
“ငါ ဘာလုပ်ရမလဲ။”
“အိမ်ဘဲပြန်လိုက်ပါ” လို့ မာဟာကပြောလိုက်တယ်။
ညနေစောင်းတဲ့အခါမှာတော့ မူစတာဖာငိုနေပါပြီ။ နာကျည်းခါးသီးစွာနဲ့ သူမနာမည်ကိုဖေ့စ်ဘွတ်အုပ်စုထဲက ပယ်ဖျက်ပစ်လိုက်ပါ တယ်။ ဒါပေမဲ့ နာရီအနည်းငယ်ကြာပြီးနောက်မှာ အုပ်စုထဲပြန်ဝင်ဖို့ မှတ်ပုံတင်ပြန်ပါတယ်။
နောက်တနေ့ဖြစ်တဲ့ မေ ၅ ရက်မှာတော့ အိဂျစ်အစိုးရက လောင်စာဆီဈေးနှုန်းတွေကို ၄၀ ရာခိုင်နှုန်းမက တိုးမြှင့်လိုက်ခြင်းဖြင့် အိဂျစ်ပြည်သူတွေကို အငိုက်မိသွားစေခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ မာဟာက သူ့မိသားစုမနေတော့တဲ့အိမ်ကို ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြန်အသွားမှာ ရဲတွေဖမ်းတာ ကို ခံလိုက်ရပါတယ်။ ဒီနောက် ရဲတွေနဲ့လုံထိန်းတွေက ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီကနေ ကြာသပတေးနေ့ မနက် ၃ နာရီအထိ သူ့ကိုရိုက် နှက်ပါတယ်၊ ကိုယ်တုံးလုံးချွတ်၊ ကြိုးချည်ပြီး ကြမ်းပြင်ပေါ် ဒရွတ်တိုက်ဆွဲပါတယ်၊ ယောက်ျားချင်း မုဒိမ်းကျင့်မယ်လို့လည်း ခြိမ်းချောက်ခဲ့ပါ တယ်။ သူတို့က ဖေ့စ်ဘွတ်က်အုပ်စုထဲဝင်တဲ့ ပါ့စ်ဝါဒ်တွေတောင်းတယ်။ အုပ်စုဝင်အဖြစ် မှတ်ပုံတင်ထားသူတွေရဲ့ နာမယ်ရင်းတွေတောင်း တယ်။ တကယ်တော့ ဖေ့စ်ဘွတ်က် အုပ်စုတွေမှာ ပါ့စ်ဝါဒ်မလိုပါဘူး။
မာဟာ ပြန်လွတ်လာတဲ့အခါ ပွန်းပဲ့ရာတွေ အသဋိုးရာတွေ ပါလာတဲ့အပြင် နားတဖက်လည်းလေးသွားပါတယ်။
“ဒီတခါတော့ မင်းနားရွက်ကို ဆွဲရုံဘဲဆွဲလိုက်တာကွ။ နောက်တခါကျရင်တော့ တကယ်ချမှာ” လို့ လုံထိန်းအရာရှိ တယောက်က မာဟာကို ပြောလိုက်ပါသတဲ့။
ဂါမဏိ
ရည်ညွှန်း။ ။ ၀ါရှင်တန်ပို့စ် သတင်းစာ၊ မေ ၁၈ ရက် ၂၀၀၈
Posted by ရွှေဥသြ at 03:27 1 comments
Labels: ဆောင်းပါး
Monday, 1 September 2008
မြင့်မြင့်စန်း ဇာတ်လိုက်ဖြစ်ပြီ
http://www.naytthit.com ..... မှ
မာရေကျောရေနိုင်တဲ့ကောင်လေ
ဘာဖြစ်လဲ
ချော်ကျရင်တောင် မှော်ထနေဦးမယ့်ကောင်။
ဆန္ဒစွဲအရ ပြောကြစတမ်းဆိုရင်
သူပုန်ထပွဲကြီး ချိမ့်ချိမ့်သဲသဲ ကျင်းပလိုက်ချင်တာပါပဲ။
ငါ့ကို
ကန့်လန့်တိုက်တယ်လို့ မပြောကြနဲ့
ရန်သူကို ရန်သူလို့ မခေါ်ရဲတဲ့ကောင်တွေကို တိုက်မယ်
မြေထုလိုမစွဲမြဲရင် လေထုလို အသဲကွဲရမယ်
ဘုရားသခင်က မောင်ရင်တို့ကို ကျော်မကြည့်ခဲ့
ဘယ်လောက်ပဲ ပူလောင်ပါစေ ရင်ခွဲရုံမှာတော့ ဇိမ်မရှိဘူး
တပ်ကြပ်ကြီးအထာ လာလုပ်မနေနဲ့။
မြင့်မြင့်စန်းရေ …
မင်းက ငါ့ကို
တင့်တင့်တယ်တယ် လူရာဝင်စေချင်သတဲ့
ဟုတ်စ
မင်းက ငါ့မိန်းမဆက်ဖြစ်နေဦးမယ့်သူပါကွယ်
မညံ့နဲ့။
မြင့်မြင့်စန်းရေ … မိန်းမရေ
မင်းသူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ
ဟိုစာစောင် ဒီစာစောင်မှာပါလာတော့
မင်းရဲ့မျက်နှာ တညှို့တထွာ
အားမငယ်စမ်းပါနဲ့ မိန်းမရာ
မင်းကို ငါ
ကဗျာထဲမှာ ထည့်ရေးပြီ။
ညိုထက် (လမ်းသစ်ဦး)
Posted by ရွှေဥသြ at 19:46 0 comments
Labels: ကဗျာ
အရက်သောက်ရင် ယူအန်လျှောက်မယ်
http://www.naytthit.com .... မှ
ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း ကျနော်တို့ကျောင်းသားလူငယ်တွေ တောထဲတောင်ထဲကို ရောက်လာခဲ့ကြပြီး အဲဒီကမှ အကြောင်းအမျိုးမျိုးနဲ့ အကြောင်းကြောင်းကြောင့် တတိယနိုင်ငံတွေမှာသွားပြီး အခြေချဘို့ဖြစ်လာ ကြတယ်မဟုတ်လား။
အစပိုင်းတုန်းက ယူအန် ဒုက္ခသည်အဖြစ်လျှောက်တယ်ဆိုတာ ဗန်ကောက်မှာပဲရှိတာ အဲဒီတော့ ဒုက္ခသည်လျှောက်ချင်ရင် ဗန် ကောက်တက်ကြရတယ်။ ယူအန်ရုံးက လက်ခံတယ်ဆိုရင် ဘတ်ငွေ ၃၀၀၀ ရမယ်။ နေစရာကတော့ ကိုယ့်ဟာကိုယ်ငှားနေပေါ့။ ဒီလိုနည်းနဲ့ ဗန်ကောက်ထဲမှာ ဗမာပြည်က ကျောင်းသားလူငယ်တွေ ပြန့်နှံ့နေကြတယ်။
နောက်ပိုင်း ထိုင်းအစိုးရနဲ့ယူအန်က ဗန်ကောက်ထဲမှာ ဗမာပြည်သားတွေအတွက် မနီလွိုင်း ဒုက္ခသည်စခန်းဆိုတာဖွင့်လိုက်တယ်။ ဗန်ကောက်မှာ ဒုက္ခသည်အဖြစ်တင်ထား သူလျှောက်ထားသူးမှန်သမျှ ဒီစခန်းကိုဝင်ကြရတယ်။ ဒီစခန်းက နေစရာ စားစရာပေးမယ် အသုံး စားရိတ်အဖြစ်ငွေနည်းနည်းပေးတယ်။ ဒီစခန်းကိုဝင်တဲ့ ဒုက္ခသည်ကိုပဲ တတိယနိုင်ငံထွက်ဘို့ စဉ်းစားပေးမယ်ဖြစ်လာတယ်။ အဲဒီတော့ ထိုင်းနိုင်ငံကို နည်းပေါင်းစုံနဲ့ရောက် နေတဲ့သူတွေရော ကျနော်တို့ကျောင်းသားလူငယ်တွေပါ ယူအန်ဒုက္ခသည်အဖြစ်ခံယူချင်ရင် မနီလွိုင်း စခန်းကိုဝင်ကြရတယ်။ နယ်စပ်က လျှောက်ချင်တဲ့သူတွေကလည်း နယ်စပ်နဲ့နီးတဲ့မြို့တွေကနေတဆင့် ဗန်ကောက်ကိုတက်ကြတယ်။
အဲဒီအချိန် လူတွေက တက်ကြွတဲ့အရွယ်တွေလေ လုပ်မယ်ဆိုလဲဇွတ်ပဲ မလုပ်ဘူးဆိုလဲ အရှင်းဒိုးမယ်ဆိုလဲမြန်တယ်။ တခုခုလုပ် တော့မယ် ဆုံးဖြတ်တော့မယ်ဆိုရင် လှည့်ကြည့်စရာ အတွယ်အတာတွေ ချိုင့်တွေအဆင့်တွေ မရှိသေးဘူး။ ခုတော့ အချိန်တွေကြာလာတာ နဲ့အမျှ အိမ်ထောင်တွေကျ သားသမီးတွေရ အရင်လို ဒုန်းဒုန်းဒိုင်းဒိုင်းလုပ်မရတော့ဘူးလေ တခုခုလုပ်တော့မယ်ဆို အတွေစအမျှင်တန်းတွေ တသီတတန်းနဲ့ပေါ့။
၂၀၀၃/၂၀၀၄ ကာလမှာ ယူအန်ဒုက္ခသည်ရုံးတွေဟာ ထိုင်းနယ်စပ်မြို့တွေထိရောက်လာကြတယ်။ နယ်စပ်ကလူတွေရော ဒုက္ခ သည်စခန်းမှာ နေထိုင်နေတဲ့လူတွေပါ ဒုက္ခသည်အဖြစ်နဲ့ တတိယနိုင်ငံသွားချင်တယ်ဆိုရင် ယူအန်ရုံးရှိတဲ့နယ်စပ်မြို့တွေမှာ သွားရောက် နေ ထိုင်ပြီးဆက်သွယ်ကြတယ်။ တတိယနိုင်ငံထွက်ခွင့်ရရင်လည်း သွားကြပေါ့။ အရင်လို ဗန်ကောက်ရောက်အောင် သွားစရာမလိုတော့ဘဲ နယ် စပ်မြို့တွေမှာတင် ကိစ္စပြီးတဲ့အတွက် အလွန်အဆင်ပြေတယ်လေ။ ဒုက္ခသည်အဖြစ်လျှောက်တဲ့လူတွေထဲမှာ နယ်စပ်ဒုက္ခသည်တွေ တောထဲ ကရဲဘော်တွေချည်းမဟုတ်ဘူး။ နယ်စပ်မြို့တွေမှာ နေထိုင်နေကြတဲ့ လူတွေပါလျှောက်ကြတာ။ တောထဲကရဲဘော်တွေ နယ်စပ်ဒုက္ခသည် ခန်း လူတွေကတော့ ရှင်းတယ် ယူအန်လျှောက်တဲ့ရည်ရွယ်ချက်ကိုက တတိယနိုင်ငံသွားမှာဖြစ်တယ်။ မြို့ပေါ်က ဒုက္ခသည်အဖြစ်လျှောက်တဲ့ လူတွေထဲမှာတော့ တတိယနိုင်ငံကို သွားချင်ကြတာလဲပါတယ်။ ထိုင်းရဲအဖမ်းမခံရအောင် လျှောက်ထားချင်တာလဲပါတယ်။ ထိုင်းရဲက စစ် လားဆေးလားနဲ့ရစ်လာရင် ယူအန် ဒုက္ခသည် လက်မှတ်ပြလိုက်တာနဲ့ နည်းနည်းတော့သက်သာတယ်။
အရင်တုန်းက လူတွေက တကိုယ်တည်းသမားတွေမဟုတ်လား။ လုပ်စရာရှိရင် ပြတ်ပြတ်ပဲ။ ခုတော့အိမ်ထောင်တွေနဲ့။ ယူအန် လျှောက်ထားတော့လည်း ကိုယ်တယောက်တည်း မဟုတ်တော့ဘူး။ အတွယ်အတာတွေနဲ့လေ။ တတိယနိုင်ငံကို ကိုယ်ကမသွားချင်တောင်မှ ကိုယ့်ရဲ့မိန်းမက သွားချင်းရင်သဘောထားခွဲပြီးသွားပေးလို့ရတယ်။ ကိုယ့်သားသမီးကလည်း အသက် ၁၈ နှစ်ပြည့်ရင် ခွဲပြီးသွားချင်သွားလို့ရ နေတယ်။ ကိုယ်မလိုက်လည်း မိန်းမက “ဘိုင့်ဘိုင်” လုပ်ပြီး လစ်သွားလဲဖြစ်နေတဲ့အခြေအနေ။
၂၀၀၅ ခုနှစ်နောက်ပိုင်းမှာတော့ တရားဝင် ဒုက္ခသည်ဖြစ်ရေးနဲ့ တတိယနိုင်ငံသွားအခြေချရေးတွေဟာ နယ်စပ်ဒုက္ခသည်စခန်း တွေထဲထိရောက်လာတယ်။ အဲဒီအချိန်မှာတော့ ယူအန်ဒုက္ခသည် ဖြစ်ချင်သည်ဖြစ်စေ မဖြစ်ချင်သည်ဖြစ်စေ ဒီစခန်းတွေမှာနေမယ်ဆိုရင် တရားဝင်ဒုက္ခအဖြစ် အသိမှတ်ပြုခံထားရသူမှ နေထိုင်ခွင့်ရှိတယ် တတိယနိုင်ငံသွားပြီး အခြေချဖို့ သဘောထားပေးပိုင်ခွင့်ရှိတယ်။ ဒီလိုနဲ့ပဲ စခန်းတွင်းမှာ နေထိုင်နေကြတဲ့လူတွေအားလုံး တရားဝင်ဒုက္ခတွေလည်းဖြစ် တတိယနိုင်ငံကိုသွားခွင့်ရှိသူတွေလည်း ဖြစ်ကုန်ဆိုပါတော့။ ခု ကာလက တတိယနိုင်ငံကိုသွားပြီး အခြေချဘို့ အခွင့်အရေးတွေရကြတော့၊ တအိမ်ထောင်တည်းမှာပဲ တယောက်ကသွားမယ် တယောက်က မသွားဘူး။ လင်မယားနှစ် ယောက်စလုံးကသွားချင်တာတောင် ယောက္ခမလုပ်သူက ငါသေမှပဲသွားလို့ ဆိုတာမျိုးတွေ လည်းရှိသေးတယ်။
အရင်က ကျနော်တို့အိမ်ထောင်ရေးတွေမှာ ယောက်ကျားနဲ့မိန်းမ စကားများတာပဲဖြစ်ဖြစ် ရန်ဖြစ်တာပဲဖြစ်ဖြစ် ရက်အတော်ကြာ တယောက်နဲ့တယောက် စိတ်ဆိုးစိတ်ကောက်ပြီး စကားမပြောဘဲနေကြရုံပဲ။ ယောက်ကျားကိုစိတ်တိုင်းမကျတာ စိတ်တိုစရာတွေတွေ့ရင် ဆောင့်အောင့်ပြီး အိုးခွက်တွေကို ဂလုံးဂလွမ် လုပ်ပြီးအသံပေးလိုက်တယ် အဲဒီလောက်ပဲ။
နေညိုရင်ဖြင့် လေပြိုတတ်တဲ့ အပေါင်းအသင်းရောင်းရင်း ယမကာဆွေသဟာတိုင်း “ညမူကလိုး” နဲ့ အဖေါ်လုပ်ရမြဲလေ။ ကျနော် တို့နေတဲ့စခန်းထဲမှာက “ညမူကလိုး” ဆိုတဲ့ တောအရက်ကလည်း ဈေးပေါတော့ ကျနော်တို့အဖွဲ့တွေနဲ့ အကိုက်ဖြစ်နေတာပေါ့။ ညနေစောင်း ပြီဆိုရင်ပဲ ပလပ်စတစ်အိတ်ထဲက အရက်ကို အချိုရည်ဗူးခွံကြီးထဲကိုထဲ့ အချိုရည် သုံးဘတ်တန်တဗူးနဲ့ရော လူလေးငါးယောက်ဝိုင်းထိုင်ပြီး ခွက်သေးတလုံးနဲ့ ပတ်ကြတယ်။ “ညမူကလိုး”အရှိန်ရလာတော့ တွေ့ကရာရှစ်သောင်းပြောရင်းနဲ့ ကမ္ဘာ့အရေး မြန်မာ့အရေး ဒုက္ခသည်အရေး၊ အရေးတကာ့အရေးတွေကို “ညမူကလိုး” နဲ့ မြည်းကြ အရက်ကုန်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြပေါ့။
အိမ်ရောက်တော့ မိန်းမမျက်နှာမကောင်းတော့ဘူး။ ဘယ်ကောင်းမလဲ မကြိုက်တာလုပ်လာတာကိုး။ အရင်က ဒီလိုအခြေအနေ ဖြစ်လာရင် စိတ်ကောက်ပြီး နှစ်ရက်လောက် စကားမပြောပဲနေရောမဟုတ်လား။ ဒီညတော့ မိန်းမပြောလာတာက … “တော် ဒီအရည်တွေ သောက်နေအုံးမယ်ဆိုရင် ကျမယူအန်တင်ပြီး နိုင်ငံခြားသွားမယ်” ဟု ပြောလာပါတော့တယ်။ ယူအန်တင်မယ်အသံကြားလိုက်တာနဲ့ ဆံပင် တွေဘာတွေထောင် အမူးတွေဘာတွေပျောက်ပေါ့။ ဒီကိစ္စကအလွန်အရေးကြီးတယ်လေ မြန်မြန်ရှင်းရမယ်။
“မိန်းမနဲ့ကွာ မသောက်နဲ့တော့ဆိုလည်း ရပါတယ်ကွ မင်းတင်မယ့် ယူအန်ကြီးတော့ မလုပ်လိုက်ပါနဲ့ကွာ” ဟု မိန်းမကိုသွက်သွက် ကလေးချော့လိုက်ရတယ်။ မသောက်တော့ဘူးလို့ ကတိပေလိုက်ရတော့ ညမူကလိုးနဲ့ ဝေးရမယ့်အရေး စိတ်လေးနေမိတယ်။ တော်တော်နဲ့ လည်းအိပ်မပျော်နိုင်ဘဲ တောင်တွေးမြောက်တွေး စဉ်းစားစရာ အမျှင်တန်းတွေ ခေါင်းထဲရောက်လာတယ်။
ကျနော်တို့တွေ ကျနော်တို့တွေ နအဖရဲ့ တိုင်းပြည်အပေါ် လူထုအပေါ်ကိုစနစ်တကျ ယုတ်မာခဲ့ပုံတွေကို အသံနဲ့တမျိုး ဓါတ်ပုံနဲ့ တသွယ် သတင်းနဲ့တဖုံ ဗွီဒီယိုနဲ့တနည်း နောက်ဆုံးခံစားခဲ့ရသူကိုယ်တိုင်တွေ့ဆုံမေးမြန်းနည်းနဲ့တချိမ့် ဒီလိုနည်းပေါင်းစုံနဲ့ တကမ္ဘာ လုံးကိုရော ယူအန်ကိုပါသိအောင် ယူအန်အနေနဲ့ နအဖကို အရေးယူဖိအားတွေပေးလို့ရအောင် နည်းအမျိုးမျိုးနဲ့တင်ပြခဲ့ကြတယ်မဟုတ်လား။
နအဖ က ယူအန်ကိုအရေးမစိုက်တဲ့အပြင် ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပစ်ခတ်နှိမ်နင်းပြီးတဲ့နောက် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှု ဒီပဲရင်အရေးအခင်း ရွှေဝါရောင်တော်လှန်ရေး စသည့် ရဟန်ရှင်လူကျောင်းသားပြည်သူ လှုပ်ရှားမှုများကို နှိမ်နင်းရင်း ထပ်ခါထပ်ခါ ညှဉ်းပမ်းသတ်ဖြတ် ဖမ်းဆီးမှုတွေကို ဆက်လက်လုပ်ပြနေဆဲပါ။ နအဖ ကတော့ ယူအန်ကို မကြောက်ရေးချမကြောက်။ ခုတော့ နအဖ က ယူအန်ကိုမကြောက်ရပဲ ယူအန်ကို နအဖ က အရေးစိုက်လာအောင်လုပ်ခဲ့တဲ့ ကြိုးစားခဲ့ကြတဲ့ ကျနော်တို့သာ ယူအန်နဲ့ အနီးကပ်ချိမ်းခြောက် တာကိုခံနေရပါရောလား။ နဖူးပေါ်လက်တင်စဉ်းစားလိုက်တာ မိုးလင်းတာတောင်သတိမထားမိလိုက်ဘူ့။ “တုံ” “တုံ” “တုံ” “တုံ” “တုံ” “တုံ” ရပ်ကွက် ဂိုဒေါင်ဘက်က တုံးခေါက်သံကြားရတယ်။
“ယောက်ကျားရေ … ဒီနေ့ဆန်ထုတ်မယ်ထင်တယ်တော့ ဂိုဒေါင်မှာတုံးခေါက်နေပြီ”
(ခန့်အောင်)
Posted by ရွှေဥသြ at 19:44 0 comments
Labels: ရယ်စရာ မောစရာ
Sunday, 24 August 2008
ဂမ္ဘာရီဆိုတဲ့ ဂန္ဘလား
http://www.naytthit.com ... မွ
မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင်ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံသမိုင်းမှာ အကြမ်းကြုတ်အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။
အဲဒီကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာချာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စား လှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာစစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာမျက်နှာစာမှာ ပညာသားပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ပါ လက်ပါ ကိုယ်စားပြုပေးခဲ့တာဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေလုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယားလူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေး မဟုတ်ဘူး” လို့ ဂမ်ဘာရီ အဲဒီတုံးကပြောခဲ့ပါသေးတယ်။
အဘာချာအစိုးရအပေါ် တကမ္ဘာလုံးကနေ ဖိအားတွေတိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင် စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကိုလမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလ မှာ နာမည်ကျော်စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ အိုဂိုနီတိုင်းရင်းသား လူထုခေါင်းဆောင် ကင်ဆာရိုဝီဝါ ကို မတရားအမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား” တယောက်သာဖြစ်တယ်၊ လူသတ်သမားဖြစ် တယ်လို့ စီအဲန်အဲန်ရုပ်သံအစီအစဉ်တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာတော့ ဒီလိုမပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေနည်းလမ်းတကျ တရားရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံကာကွယ်လျှောက်လဲခွင့် ရခဲ့ကြောင်း ဂမ်ဘာရီက ပြောပါတယ်။ ဒါပေမဲ့ အပြင်တရားရုံး မှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာစစ်တာ၊ အမှုစစ်ပုံကို ကန့်ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြသက်သေတွေကို စစ်အစိုးရကငွေပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့်မရတာတွေကိုတော့ ထည့်မပြောပါဘူး။
ကင်ဆာရိုနဲ့ အိုဂိုနီတိုင်းရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတွေကို သွားပြီး သေဒဏ်ကိစ္စလက်ခံဖို့ စည်းရုံးနားချတာရော ရေနံလက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီးယားသံတမန် (၂)ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့မရခဲ့ပေမဲ့ တချို့နိုင်ငံတွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီးယားဘဏ္ဍာရေးဌာနကိုပိုင်တယ်၊ သူ့မှာ အဘာချာစစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆိုလုပ်နိုင်ဖို့ အကန့်အသတ်မဲ့ရင်းမြစ်တွေရှိတယ်လို့ သတင်း တွေ ထွက်ခဲ့ပါတယ်။
၁၉၉၈ ခုမှာ အာဏာရှင်အဘာချာတယောက် ပြည့်တန်ဆာ (၂)ယောက်နဲ့ ပျော်ပါးနေရင်း ဗိုင်ယာဂရာ (ကာမအားဆေး) ဆေးလွန်လို့သေသွားပြီးနောက် ဒီမိုကရေစီ တစုံတရာပေါ်လာပြီး၊ အဘာချာရဲ့ မိုက်ဖော်ဆိုးဖက် တွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ ဂမ်ဘာရီ လွတ်နေခဲ့ပါတယ်။ ရှင်းလင်းဖြေကြားတာတွေ မလုပ်ခဲ့ရပါဘူး။ အရှက်ခွဲ ရှုတ်ချခံရမယ့်အစား ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်ကခေါ်ယူ သူကောင်းပြုပေးပြီး လက်ထောက် အတွင်းရေးမှူးချုပ်တောင် ဖြစ်လာပါတယ်။
တကယ်တော့ ကိုဖီအာနန့်သား ကိုဂျိုအာနန် ဟာ အဘာချာစစ်အစိုးရနဲ့ပေါင်းပြီး နိုင်ဂျီးရီးယားရေနံလုပ်ငန်း ထဲ ပတ်သက်နေလို့ ကိုဖီအာနန်ကိုယ်တိုင်က နိုင်ဂျီးရီးယားမှာ ဒီမိုကရေစီ ရှိမရှိကို စိတ်မဝင်စားခဲ့ပါဘူး။ နိုင်ဂျီးရီးယား နိုင်ငံမြို့တော် လေးဂို့စ်မှာ ကိုဂျိုအာနန်ရဲ့ ဧရာမဇိမ်ခံတိုက်အိမ်ကြီး အထင်အရှားရှိပါတယ်။ ကိုဂျိုအာနန်နဲ့ အဘာချာ နဲ့ ရေနံလုပ်ငန်းတွေကြားမှာ အဓိကဂျိတ်ဆက်က ဂမ်ဘာရီဖြစ်တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။ (ကိုဖီ အာနန့်သားဟာ နောက်ပိုင်းမှာလည်း ဆဒ္ဒမ်ဟူစိန်လက်ထက် အီရတ်ကိုပိတ်ဆို့ အရေးယူထားချိန်မှာ ကုလရဲ့ ပိတ်ဆို့ရေးဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး အကြံအဖန်နည်းနဲ့ အောက်လမ်းကဝင် စီးပွားရေးသောင်းကျန်းခဲ့ပါ သေးတယ်။)
အဘာချာသေပြီးနောက်မှာ ကိုဖီအာနန်က နိုင်ဂျီးရီးယားကိုသွားပြီး ၁၉၉၃ သမတရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ (အဘာချာအာဏာသိမ်းလို့ သမတမဖြစ်လိုက်ရတဲ့) အာဘီယိုလာကို ၉၃ ရွေးကောက်ပွဲမင်းဒိတ် စွန့်လွှတ်ဖို့ ဖြောင်းဖြခဲ့ရာမှာလည်း ဂမ်ဘာရီက ကိုဖီအာနန်ကို အရင်မိတ်ဆက် သဘောထားချပေးခဲ့တာဖြစ်ပါတယ်။ အာဘီယိုလာခမျာ အဘာချာသေပေမဲ့ သမတမဖြစ်လိုက်ဘဲ ထောင်ထဲမှာဘဲ သေသွားခဲ့ပါတယ်။
ဒါတွေကြောင့်လည်း ၂ဝဝ၈ ခုထဲမှာ ဂမ်ဘာရီကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ထိပ်သီးအစည်းအဝေးရဲ့ ပဲ့ကိုင် ကော်မတီဥက္ကဌအဖြစ် ခန့်ဖို့ကို နိုင်ဂျီးရီးယားပြည်သူတွေက အပြင်းအထန်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၅ တုံးက လည်း အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ် မက်ဒ်ဂါအဲဗားစ်ကောလိပ် အာဏာပိုင်တွေက ဂမ်ဘာရီကို လာဟောပြော ပို့ချပေးဖို့ ဖိတ်ခဲ့တဲ့အခါ နယူးယောက်မှာရှိတဲ့ ပြည်ပရောက်နိုင်ဂျီးရီးယားအသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ ပါသေးတယ်။ အထူးသဖြင့် ဂမ်ဘာရီလို စစ်အာဏာရှင်ဒေါက်တိုင်က လူမှုအခွင့်အရေးအကြောင်း ပို့ချမှာဟာ ဘုန်းကြီးနဲ့ဘီးလိုဖြစ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ အဘာချာလက်ထက်မှာ ဂမ်ဘာရီဟာ သတင်းစာ တိုက်တွေ၊ စာအုပ်တိုက်တွေ ပိတ်ပစ်တာကို ဆင်ခြေပေးကာကွယ်ပေးခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အလုပ်သမားအခွင့်အရေး၊ ကျောင်းသားအခွင့်အရေးတို့ကို ပိတ်ပင်တဲ့အမိန့်တွေ၊ ဥပဒေတွေ ထုတ်ပြန်တာကိုလည်း ရပ်ခံ ကာကွယ်လျှောက်လဲပေးခဲ့သူဖြစ်ပါတယ်။
ပုဆိန်က မေ့နိုင်ပေမဲ့ သစ်ပင်က ဘယ်တော့မှမမေ့ဘူး လို့ နိုင်ဂျီးရီးယားပြည်သူတွေက ဆိုပါတယ်။ ကင်ဆာရိုဝီဝါ ဆိုတဲ့နာမည်ဟာ ဂမ်ဘာရီရဲ့ တသက်တာကို ထာဝစဉ်ခြောက်လှန့်နေလိမ့်မယ်၊ ဂမ်ဘာရီရဲ့ သွေးစွန်း ထားတဲ့သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ဘူးလို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောထားပါတယ်။
အဲဒီဂမ်ဘာရီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ သြဂုတ်လ (၂ဝ)ရက်တုံးက ရန်ကုန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေနဲ့တွေ့တော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတအောင် လုပ်မယ်ဆိုပြီး နအဖ အခြေခံဥပဒေ၊ နအဖဆန္ဒခံယူပွဲ၊ နအဖလမ်းပြမြေပုံတွေကို အသိအမှတ်ပြုတဲ့ ဘက်ကနေ ရူးကြောင်မူးကြောင်နဲ့ပြောခဲ့တာ ဘာများဆန်းပါသလဲ။ သူ့ဆရာ ဘန်ကီမူးကိုယ်တိုင်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စသက်သက်အတွက် ဗမာပြည်ကိုလာတယ်ဆိုပြီး သန်းရွှေနဲ့တွေ့တဲ့အခါ မျက်နှာချိုသွေးလေးနဲ့ လမ်းပြမြေပုံကို အမြန်ဆုံးပြီးမြောက်အောင်မြင်သွားအောင်လုပ်ဖို့ ခယဝယလုပ်ခဲ့သေးတယ် မဟုတ်ပါလား။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာနဲ့ တီဗွီမှာပါဖို့ ဓာတ်ပုံအရိုက်ခံရရုံ၊ ဝါဒဖြန့်ခံရရုံသက်သက် အတွက် ဂမ်ဘာရီနဲ့တွေ့ဆုံရတာကို သပိတ်မှောက်တာဟာ လုံးဝမှန်ကန်ပါတယ်။ ဒေါ်စုကိုယ်တိုင်က ဒီလို ရှင်းရှင်း ပြတ်ပြတ် သဘောထားပေးနေမှတော့ ကျနော်တို့ပြည်သူတွေအနေနဲ့လည်း အခုလိုကွဲလွယ် မှောက်လွယ်တဲ့ ဂမ်ဘလားတွေ၊ လင်ဘန်းတွေကို အားကိုးမနေဘဲ ကိုယ့်လူထု၊ ကိုယ့်တပ်မတော် အောက်ခြေတပ်မှူးတပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင်တိုက်ထုတ်ရမှာဖြစ်ပါကြောင်း။
ဂါမဏိ
Posted by ရွှေဥသြ at 21:11 0 comments
Labels: ဆောင်းပါး
Saturday, 23 August 2008
သနပ်ခါး
http://www.naytthit.com ...မှ ကူးယူဖော်ပြသည်။
သဘာဝရဲ့
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
အညာကျေးလက် တပ်မက်ဖွယ်ရာ။
နွေထဲ
သဲမုန်တိုင်းတွေနဲ့ ရိုင်းစိုင်းလှတဲ့ လေထဲ
ပက်ကြားအက် ကုန်းမြေမာခေါင်ခေါင်ထဲ
ချွံမြ ဆူးတွေထုတ်လို့ အာခံ
ဘ၀ကို ဒီလို ရှင်သန်တယ်။
အရွယ်ရောက်တော့
အလိုကျ ဖြတ်တောက်ခံကာ
ကြမ်းတမ်းခက်မာ ကျောက်သားပြင်
ဘ၀ကို မှတ်ကျောက်တင် အသွေးခံလို့…။
အိုမင်း တွန့်ရွ
အမေ့ အသားအရည်ပေါ်မှာ ဖြစ်ဖြစ်
ပန်းနုရောင်ပြေး
ချစ်သူ့ပါးပြင် ကလေးပေါ်မှာ ဖြစ်စေ
သူဟာ
ပန်းတွေနဲ့ အပြိုင် မွှေးတယ်။ ။
ကမာပုလဲ
၂ ၀ ၀ ၈။
Posted by ရွှေဥသြ at 01:24 0 comments
Labels: ကဗျာ
Wednesday, 20 August 2008
ဒီလေထု
လေထုဟာ စေးပျစ်နှစ်နေတယ်
စေးပျစ်နှစ်နေတာမှ နာဂစ်အနံ့ထောင်းထောင်း
အမျိုးတွေ အကျိုးစီးပွားကောင်းအောင်
ကြည့်နေတဲ့ခေတ်ဆိုတော့လည်း
ရွေ့လို့ကို မဖြစ်နိုင်တော့ဘူး။
မနက်ဖြန်ကို သူတို့ခိုးဖို့ ကြံထားမှတော့ နိုးပေါ့
ဂုတ်ချိုးခွစီးထားတာကို ခွါချလိုက်ရမှာပဲ နိုးပေါ့
အသက်အောင့်ပြီး "နိုး" ခလုတ်ကို ဖြုတ်ချလိုက်တာတောင်မှ
၉၂ ရာခိုင်နှုန်းဆိုတော့ ကောင်းပါလေရော။
လူတွေက သူတို့အသည်းနှလုံးကို ကိုယ်တိုင်လိမ်တယ်
"နာနာရိုက်နေတဲ့ တုတ်ကိုလျှာနဲ့ ရက်နေပုံမျိုး"
ကျိုးကျိုးနွံနွံ လိမ်ခဲ့တယ်
တခါက လှိုင်းထန်တာကို မေ့ခဲ့တဲ့ ပင်လယ်လို..
မုန်တိုင်းလွန် လေပြေညင်းလို...
ကောလာဟလသတင်း
အလဇ္ဇီ အတင်းအဖျင်း အနံ့တွေနဲ့ ကျေနပ်ပွဲဖွဲ့လို့။
ပေးစာကမ်းစာလောက်နဲ့
အဲသည်နွံထဲမှာပဲ သူငယ်နာလို နစ်လို့...။
မေမေ
၂၀၀၈ မှာ တခုခု ဖြစ်လာမှာလား
မေမေ..
သား အိုလံပစ်မီးရှုးတိုင် သွားပြေးလုရမလား။
မေမေ...
ဂျော်ဂျီယာနဲ့ ရုရှား သား ဘယ်သူ့ဘက်က ရပ်ရပါ့
မေမေ..
ဇင်ဘာဘွေမှာ
တိတ်ဆိတ်နေပုံက မသင်္ကာစရာ
မေမေ..
၂၀၁၀ ဆန္ဒမဲရေတွက်နေတာကို
အသက်မရှုဘဲ စောင့်နေကြဦးမှာလား...
ကမ္ဘာဦးည မှောင်မဲထဲမှာ
ကျနော်ပေါက်ကွဲတယ်... မေမေ
နံရံ ကျောကပ် တန်းစီ ပစ်လိုက်ရရင်တော့
စစ်ဗိုလ်ချုပ်တွေချည်း သက်သက် မဟုတ်လေဘူး
ကျနော်ပါ သွားရပ်ရလိမ့်မယ်။ ။
ယောဟန်အောင်
သြဂုတ် ၁၈၊ ၂၀၀၈။
Posted by ရွှေဥသြ at 08:03 0 comments
Monday, 2 June 2008
ဒေါက်တာဇီးဗားဂိုးဝတ္ထု၊ စီအိုင်အေနဲ့ နိုဘယ်လ်ဆု
ဗမာပြည်မှာ ဘောရစ္စပါစတာနက်ရဲ့ ဒေါက်တာဇီးဗားဂိုးဇာတ်လမ်းကို ၀တ္ထုအဖြစ်နဲ့ရော၊ ရုပ်ရှင်အနေနဲ့ပါ ပွန်းတီးတဲ့လူတွေ များပါ တယ်။ ကိုးကားခဲ့တဲ့လူတွေလည်း မနည်းပါဘူး။
ဒီဝတ္ထုနိုဘယ်ဆုရတာကိုရော ဒီရုပ်ရှင်ကားအမှန်းကြတဲ့ ကာလတွေကိုရော သိမှီတဲ့သူတ ယောက်အနေနဲ့ ဒေါက်တာဇီဗားဂိုးဇာတ်လမ်းဟာ အဲဒီတုန်းက စစ်အေးစစ်ပွဲမှာ ဘယ့်ကလောက် အရာရောက်ခဲ့တယ်ဆိုတာကို ပြန်သတိရ နေမိပါတယ်။ စာအုပ်က ၁၉၅၇ ခုနှစ်မှာထွက်လာတာဆိုတော့ အနှစ် ၅၀ တင်းတင်းတောင်ရှိသွားပါပြီ။ ထွက်တာနဲ့ နိုဘယ်ဆုရတာနဲ့၊ ဆိုဗီ ယက်ကပြန်တုန့်ပြန်တာနဲ့၊ အမေရိကန်ဘာက ပြန်ချီးမြှောက်ကြတာနဲ့၊ အတော်ကို အာရုံစိုက်ခံခဲ့ရတဲ့စာအုပ်ပါ။ ရုပ်ရှင်ကတော့ထွက်လာတာ တော်တော်နောက်ကျတယ် ထင်ပါတယ်။ ဒေးဗစ်လီးန် (David Lean) ရိုက်တဲ့ အဲဒီရုပ်ရှင်ကိုလည်း အော်စကာ (၅)ဆုတောင်ပေးခဲ့တာပါ။ တော် တော်လေး သည်းသည်းလှုပ်လှုပ်ဖြစ်ခဲ့ပြီး ကနေ့အထိဂယက်ကျန် နေသေးတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ ဘော်ရှီဗစ်တော်လှန်ရေးကို နောက်ခံပြုရေးထားတဲ့ စာအုပ်/ရုပ်ရှင်နဲ့ ပတ်သက်ပြီး အငြင်းအခုန်တွေအထဲ အဲဒီတုန်းကတော့ ကိုယ်ကအသက်ငယ်သေးတော့ ၀င်မပါနိုင်ခဲ့ ပါဘူး၊ ပရိတ်သတ်သက်သက်ပါ။
ဒါပေမဲ့ အခုရာစုနှစ်တ၀က်နီးပါး ကြာခဲ့တဲ့အခါမှာ ၂၀၀၇ခု၊ ဇန်န၀ါရီလထဲက ဆန်းဒေးတိုင်းမ်စ်သတင်းစာ (Sunday Times) ထဲက ဆောင်းပါးကို ဖတ်ရတော့ တယောက်တည်း မဲ့ပြုံး ပြုံးမနေချင်တာနဲ့ စာဖတ်သူများကို ဝေငှလိုက်ပါတယ်။ သမိုင်းကို တူးဖော်ကြရင်း “အော်ဒီ လိုကိုး” ဆိုတဲ့ ကိစ္စမျိုးတွေဿကံရတာဟာ မဆန်းလှပါဘူး။ ဒါပေမဲ့ ဒါကတော့ ဒီစာအုပ်ဖြစ်နေလို့ တင်ပြလိုက်တာပါ။
လွတ်လပ်ရေးအသံလွှင့်ဌာန (Radio Liberty) နဲ့ လွတ်လပ်တဲ့ဥရောပအသံ (Radio Free Europe) ဆိုတဲ့ ၀ါရှင်တန် က ထောင်ပေးထားတဲ့ အသံလွှင့်ဌာနတွေမှာအလုပ်လုပ်တဲ့ အီဗန်တော်စတွိုင်း (Ivan Tolstoy) သူက ရုရှားဘာသာမူ ဒေါက်တာဇီးဗားဂိုးဝတ္ထုကို စီအိုင်အေက ဘယ်လို လုပ်ခဲ့တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး သူ့တွေ့ရှိထားတာတွေကို စာအုပ်အဖြစ် ထုတ်ခဲ့တာပါ။ စာအုပ်ရဲ့နာမည်က “ခ၀ါချထားတဲ့ဝတ္ထု” (The Laundered Novel) ဖြစ်ပါတယ်။ ဆယ်စုနှစ်တခုကျော် သုတေသနလုပ်ထားတယ်ဆိုတဲ့ဒီစာအုပ်မှာ သူကအဲဒီစာအုပ်ထဲမှာ ဒီလို ရေးထားပါတယ်။
ပါစတာနက်ဟာ အနောက်တိုင်းက သူ့မိတ်ဆွေတွေဆီ သူရေးတဲ့ဝတ္ထုကို မူတွေပွားပြီးပေးပို့ခဲ့ပါတယ်။ ရုရှားဘာသာနဲ့ ရေးထား တာပါသတဲ့။ အဲဒီလိုပို့လိုက်ပြီးတဲ့နောက်မှာ ဘာဆက်ဖြစ်တယ်ဆိုတာကို ဖော်ပြတဲ့စာတစောင်ကို အီဗန်တော်စတွိုင်းက ရလိုက်ပါတယ်။ ဒီလိုနဲ့သမိုင်းကို အသစ်ပြန်ရေးစရာဖြစ်လာတာပါပဲ။ စာကို စီအိုင်အေသူလျှိုတယောက်က ရေးထားတာပါ။ အဲဒီ စီအိုင်အေသူလျှိုဟာ ဗြိတိသျှ ထောက်လှမ်းရေးအကူအညီနဲ့ မော်လ်တာကျွန်းပေါ်ကို အတင်းဆင်းခိုင်းတဲ့ လေယာဉ်ပျံတစင်းပေါ်မှာ ပါစတာနက်ရဲ့ စာအုပ်တမူကိုရလိုက်ပါ တယ်။ ခရီးသည်တွေကို လေဆိပ်မှာ ၂ နာရီလောက် စောင့်ခိုင်းထားပြီးနောက်မှာ သူတို့က ရယူလိုက်တာဖြစ်ပါတယ်။ သေတ္တာတလုံးထဲမှာ တွေ့တဲ့စာမူကို သူတို့က ဓာတ်ပုံတွေရိုက်ယူပြီး သူ့နေရာသူပြန်ထားလိုက်ပါတယ်။ ပြီးနောက် စီအိုင်အေက “ဒေါက်တာဇီးဗားဂိုး” စာအုပ်၊ ရု ရှားမူကိုဥရောပနဲ့ အမေရိကန်မှာတပြိုင်နက်တည်း ထုတ်ဝေလိုက်တာပါ တော့တယ်။ အဲဒီစာအုပ်တွေမှာ သူတို့က အနောက်နိုင်ငံတွေက သုံးတဲ့စက္ကူမျိုးနဲ့ ပုံနှိပ်စာလုံးပုံစံမျိုးတွေကိုရှောင်ပြီး အဲဒီတုန်းက ရုရှားနိုင်ငံအတွင်းမှာ အသုံးများတဲ့စက္ကူနဲ့ စာလုံးမျိုးကိုတမင်ရွေးသုံးခဲ့ပါ တယ်။
ဆွီဒင်နိုင်ငံမှာရှိတဲ့ နိုဘယ်ဆုပေးတဲ့အဖွဲ့ဟာ ၁၉၅၈ ခုနှစ်၊ နိုဘယ်ဆုအတွက်ရွေးတော့မယ်ဆိုတော့မှ စီအိုင်အေရဲ့ ရုရှားဘာသာ မူတွေ အချိန်မီရုံကပ်ပြီး ရောက်လာတော့ အတော်ကို အံ့သြသွားပါသတဲ့။ အဲဒီနှစ်အောက်တိုဘာလ ၂၃ ရက်နေ့မှာ သူ့စာအုပ်ကို နိုဘယ်ရ ကြေငြာခံရပြီး ၂ ရက်အကြာမှာ သူကနိုဘယ်ဆုပေးတဲ့ ဆွီးဒင်အကယ်ဒမီ (Swedish Academy) ကို အခုလို ကြေးနန်ရိုက်လိုက်ပါတယ်။ “အင်မ တန်၊ ကျေးဇူးတင်၊ စိတ်ထိခိုက်၊ ဂုဏ်ယူ၊ အံ့သြ၊ ရှက်မိပါတယ်” တဲ့။
ပါစတာနက်ရဲ့စာအုပ်ကို ကရင်မလင်ကပိတ်ပင်ခဲ့ပြီး နောင်ကျမှပြန်ဖွင့်ပေးခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူ့အဖေကိုယ်စား နိုဗယ်ဆု သွားယူခဲ့တဲ့ ပါစတာနက်ရဲ့သမီး ယက်ဗ်ဂျယ်နီပါစတာနက် (Yevgeny Pasternak) ကတော့ “ကျမအဖေဟာ အဲဒီ ရုရှားဘာသာမူနဲ့ ဘာမှ မပတ်သက်ပါဘူး။ စီအိုင်အကြောင်းလည်း မသိရှာပါဘူး” လို့ပြောပါတယ်။ အီဗန်တော်စတွိုင်းကတော့ “ပါစတာနက် နိုဘယ်လ်ဆုရတာမှာ စီအိုင်အေရဲ့ကျေးဇူးမုချပါတယ်” လို့ပြောပါတယ်။ “စီအိုင်အေအဖို့ ကရင်မလင်ကိုတိုက်ဖို့ လက်နက်တခု ရသွားတာတော့အမှန်ပဲ” လို့လည်း သူက သတင်းထောက်တွေကို ပြောပါတယ်။ နိုဘယ်ဆုပေးသူတွေရဲ့ ပေါ်လစီက ဘာသာပြန်စာမူကို ဆုပေးလို့မရပါဘူး။ မူရင်းဘာသာနဲ့မှ ရတာပါ။ အဲဒါကြောင့် မော်စကိုကခေါင်းဆောင်တွေကို အရှက်ခွဲရအောင် စီအိုင်အေဟာ အခုလိုဖုတ်ပူမီးတိုက်နဲ့ လုပ်ခဲ့တာပါ။
ဒီစာအုပ်နဲ့ပတ်သက်လို့ စီအိုင်အေပြောရေးဆိုခွင့်ရှိသူကတော့ ဘာမှမှတ်ချက်မပေးပါဘူး။ ဥရောပ (အရှေ့အပါ) က ယဉ်ကျေးမှု နယ်ပယ်မှာ စီအိုင်အေပါဝင်ခဲ့တာတွေနဲ့ပတ်သက်တာတွေကိုတော့ စီအိုင်အေက ဘယ်သူ့ကိုမှကြည့်ရှုခွင့်မပေးသေးပါဘူးလို့ သမိုင်းဆရာ တွေက ပြောပြကြပါတယ်။
အဖြစ်အပျက်တွေကို သမိုင်းနောက်ခံနဲ့ယှဉ်ကြည့်မှ ပြည့်စုံတာပါ။ ဒေါက်တာဇီးဗားဂိုးရယ်၊ စီအိုင်အေရယ်၊ နိုဘယ်ဆုရယ် တို့ကို လည်း စစ်အေးခေတ်နဲ့ ခွဲကြည့်လို့မဖြစ်ပါဘူး။
တာရာလင်းယုန်
Posted by ရွှေဥသြ at 05:46 0 comments
Tuesday, 20 May 2008
အမေ....၊ နာဂစ်နှင့် မုန်တိုင်းဒဏ်ခံ ဇာတိမြို့ကလေး
အမေ .....
အခုဆို ကျနော့်ဇာတိမြို့ကလေးကို ကျနော် ပြန်မရောက်နိုင်ခဲ့တာ ဆယ်စုနှစ်မက ကြာခဲ့ပါပြီကော။ ကျနော်ငယ်ငယ်က အမေရိုက်ပြီး အတင်းပို့ခဲ့ရ တဲ့ မူလတန်းကျောင်းကလေးရော ရှိသေးသလားအမေ။ ကျောင်းရှေ့က ကုက္ကိုလ်ပင်တန်းကတော့
ကျနော်ရှိကတည်းက သူတို့ ခုတ်ပစ်လိုက်တယ်ဆိုတာ ကျ နော်မှတ်မိနေပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီး အပြီးမှာနော်။ အမေ မှတ်မိတယ်မလား။ အဲဒီတုန်းက အမေက ကြောက်လိုက်တာ တုန်နေတာပဲ။ သေနတ်သံ တွေကလည်း ခြားခြားပြီး ပစ်နေတာမလား။ အပ်တိုတချောင်းတောင် ကိုင်ဆောင်မထားတဲ့ သပိတ်မှောက်ကျောင်းသားကလေးတွေရဲ့ သပိတ်စခန်းတွေကို ဗိုလ် နေ၀င်းတပ်တွေက ပစ်ခတ်စီးနင်းနေတာလေ။ အဖေကတော့ ခြင်ထောင်ထဲကနေ ဘီဘီစီကို မပျက်မကွက် နားထောင်လို့ပေါ့။ အမေကတော့ ကြောက်လွန်းလို့ အဖေ့ကို တဆူဆူလုပ်လို့။ အဖေက ကျနော်တို့ကို တနိုင်ငံလုံးရဲ့ လူထုအုံကြွမှု သတင်းတွေ လာလာပြောလိုက်၊ ပြန်နားထောင်လိုက်။ အဲဒီအချိန်မှာ အမေက အဖေ့ကိုပြောခဲ့တဲ့ ဆူဆူပြောပြော စကားလေး ကျနော် ခုထိ မှတ်မိနေသေးတယ်။
"တော် ... နော် …. ကလေးတွေကိုမြှောက်ပေးနေ"
အဖေကတော့ပြုံးပြီး အမေ့ကိုကြည့်လို့။ ကျနော်တို့မိသားစုလေးရဲ့ ရှစ်လေးလုံးအရေးတော်ပုံ ဘ၀ရင်ခုန်သံလို့ ပြောရင်ရမလားပဲနော်။ နောက်တော့ အာဏာသိမ်းစစ်အုပ်စုက သစ်ပင်တွေကိုခုတ်ပစ်လိုက်တာ တမြို့လုံး ကန္တာရလိုဖြစ်သွားတော့တယ်။ မြို့ကလေးကို တည်စကတည်းက မြို့ကလေးနဲ့အတူ စိုက်ခဲ့၊ ပျိုးခဲ့ရတဲ့ နေပြောက်မထိုး အရိပ်ရကုက္ကိုလ်ပင်ကြီးတွေခမျာ မျက်စိရှေ့မှာတင် ပျောက်ဆုံးသွားခဲ့တာ။ ဘာဖြစ်လို့ ခုတ်ပစ်တယ်ဆိုတာ ပထမတော့ နားမလည် ဘူး။ အာဏာပိုင်တွေအတွက် အိမ်မှာထင်းစိုက်ဖို့လားပေါ့။ တကယ်လဲ ထင်းအဖြစ်ရောင်းခဲ့တာပဲလေ။ ဒါလောက်တောင် အောက်တန်းကျရသလား။ ဥတုရာသီ တောကိုမှီဆိုတာ ကလေးကအစ သိနေတဲ့ကိစ္စ။ လားလား ... နောက်တော့မှသိတယ်။ စစ်ရေးအရ ပြင်တာတဲ့။ သပိတ်စခန်းတွေကို သိမ်းစဉ်မှာ ကျောင်းသားနဲ့ လူထုက သစ်ပင်တွေကွယ်ပြီး ရရာလက်နက်နဲ့ခုခံခဲ့လို့တဲ့။ ဘယ်လိုလက်နက်တွေလဲဆိုတာ အမေလည်းသိပြီးသားပဲ။ လေးခွနဲ့ ဂျင်ဂလိလေ။
"ဒါလေးတွေများ ကြောက် ကြောက်တတ်ရန်ကော။ ဒါလောက်လေးနဲ့ သစ်ပင်တွေခုတ်ရတယ်လို့" အမကပြောတော့ အမေက...
"ညည်းဘာသိလို့လဲ လူထုက နောက်တခါကျရင် ဒီထက်ကောင်းတဲ့ လက်နက်တွေနဲ့ ဒင်းတို့ကို တိုက်ခိုက်လာမှာ ကြောက်လို့အေ့" တဲ့။
ဟုတ်တယ်အမေ။ အမေ ဒီစကားကို စိတ်ကူးယဉ်ပြောခဲ့တာမဟုတ်ဘူးဆိုတာ ကျနော်သိတယ်။ အမေက ဖက်ဆစ်တော်လှန်ရေးကို မီခဲ့တဲ့ မိန်းမ ကြီးပဲ။ အမေက ကိုယ့်နိုင်ငံလူထုအကြောင်းကို စာမတတ်ပေမဲ့ ဘ၀ဖြတ်သန်းမှုအရသိခဲ့တာ။
"ဘယ်တော့ တိုက်မှာလဲ အမေ" လို့ အမက အထွန့်တက်တော့ .....
"ကျုပ် အတတ်မပြောနိုင်ဘူး။ ညည်းမယုံရင် မသေအောင်လုပ်ပြီးစောင့်ကြည့်။ ဒီအတိုင်းဆို ဖြစ်မှာသေချာတယ်" အမေ့ကို ကြောက်လို့လား ဒါမှမ ဟုတ် တကယ်ယုံသွားလို့လားတော့ မသိဘူး အမဆီကအသံ တိတ်သွားတယ်။ အမေကပြောင်းဖူးဖက် ဆေးလိပ်ကြီးကိုငေါ့ပြီး အဖေ့ကိုမျက်စောင်းလှည့် ထိုးလိုက် သေးတယ်။ အဖေကတော့ ပြုံးလို့ပေါ့။ ကျနော်ကတော့ ယုံတယ်အမေ။ သေသေချာချာ သိနေလို့တော့ မဟုတ်ပါဘူး။ ခံစားမှုကြောင့် လို့ဆိုရင် ရနိုင် မယ်ထင်တယ်။ အဲဒီခံစားမှုကြောင့်ပဲ ကျနော် ဇာတိမြို့ကို စွန့်ခွာခဲ့တာမလား။ အခုအထိပဲလေ။
(၂)
"အခုလို သစ်ပင်တွေကို စည်းမရှိကမ်းမရှိ ခုတ်လှဲနေတာ မကောင်းဘူး။ နေပြောက်မထိုးတဲ့ ငါတို့ဒေသမှာ သစ်ပင်တွေ ကုန်သလောက်နီးနီးဖြစ်ကုန် ပြီ။ လံတွေပေးခုတ်၊မီးသွေးဖုတ်နဲ့ သူပုန်မခိုနိုင်အောင်လုပ်တယ်တဲ့ကွာ။ အံ့ပါရဲ့။ တဖြည်းဖြည်းနဲ့ ငါတို့ မြစ်ဝကျွန်းပေါ်ဒေသဟာ အညာလွင်တီးခေါင်လိုဖြစ်နေ တယ်။ ရေငံလည်း တဖြည်းဖြည်းနောက်ဆုတ်သွားတယ်။ အဲဒါ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ အန္တရာယ်ရှိတယ်"
"ဘယ်လို အန္တရာယ်လဲ အဖေ"
"သဘာဝ ဘေးအန္တရာယ်တွေပေါ့ ကွာ။ ရာသီဥတုတွေ ဖေါက်ပြန်ပြီး မုန်တိုင်းတွေတိုက်၊ ရေတွေကြီးနိုင်တာပေါ့။"
"ဒါဆို အစားအသောက်တွေ ရှားပါးကုန်မှာပေါ့နော်"
"ဘယ်ကမလဲသားရယ်။ လူတွေ၊ တိရိစ္ဆာန်တွေပါ အတိဒုက္ခရောက်ပြီး သေကုန်နိုင်တာပေါ့"
"ဗျာ တကယ်"
"တော်ကလဲ ကလေးကို ဘာတွေပြောနေတာလဲ။ မဟုတ်က၊ ဟုတ်ကဟာတွေကို။ ဟဲ့ကောင်လေး သွား။ သူငယ်ချင်းတွေနဲ့ သွားဆော့"
အမေ့ တားမြစ်သံကြောင့် အဖေ ဆက်မပြောတော့။ အမေက အကင်းပါးလွန်းတယ်။ ညီလေးအရွယ်က ငယ်လွန်းနေတာကိုး။ တည ...
"အဖေ ..... ဟိုနေ့က ရာသီဥတုအကြောင်း ဆက်ပြောလေ"
"အေးကွာ။ ဒီအတိုင်းဆို မလွယ်ဘူးကွ။ လူဆိုတာ သဘာဝကို ရင်ဆိုင်တိုက်ပွဲဝင်နေရတာဖြစ်တယ်။ တဆက်တည်းမှာ လူမှုစနစ် .... အေး ... မင်း တို့ငါတို့ကို အုပ်ချုပ်ချယ်လှယ်နေတဲ့ စနစ်တွေကိုလည်း ရင်ဆိုင်နေရတာမလား။ မင်းလည်း ခေတ်ပညာ အတန်အသင့်တတ်ထားတဲ့ကောင်ပဲ"
"ဟုတ်ကဲ့"
"အေး ဒီတော့ ကိုယ့်ကို အုပ်စိုးချယ်လှယ်နေတဲ့ လူမှုစနစ်ဟာ ကောင်းမွန်မှန်ကန်တယ်ဆိုရင် မင်းတို့ ငါတို့ သဘာဝကိုရင်ဆိုင်ရတာ အားရှိတာပေါ့။ အေး ခေတ်စနစ်က မကောင်းရင် သွားပြီပေါ့ကွာ။ သဘာဝကလည်း နှိပ်စက်၊ လူမှုစနစ်ကလည်း နှိပ်စက်နဲ့ပေါ့။ ကပ်ဘေးဒုက္ခ တွေဆိုတာ ဘယ်တန်ခိုးရှင်ကမှ ဖန်တီးနေတာမဟုတ်ပါဘူးကွာ။ အုပ်ချုပ်မင်းလုပ်နေတဲ့ ကောင်တွေနဲ့ သူတို့ရဲ့ခေတ်စနစ်တွေ မကောင်းရင်တော့ လူထုတွေခမျာမယ် မတွေးဝံ့စရာပေါ့"
"ဒါကြောင့် လူမှုတော်လှန်ရေးတွေ ပေါ်ပေါက်နေတာပေါ့နော် အဖေ"
"ဟေ .... အေး ..... ဟုတ်မှာပေါ့ သားရယ်။ ကဲ ကဲ အိပ်စို့ကွာ။ မနက်အစောကြီး ထရမှာ။ တော်ကြာ အဖွားကြီး၊ မင်းအမေ လာကောနေဦး မယ်။ သွား ... သားလဲအိပ်တော့။ ဟုတ်လား"
အဖေက ကျနော့်ကို အဓိပ္ပါယ်ပါပါ ကြည့်ရင်း အိပ်ယာထဲဝင်သွားတယ်။ အဖေက သူအသံထွက်ပြီး မပြောလိုတဲ့ စကားမျိုးကို မျက်နှာရိပ် မျက်နှာကဲ နဲ့ ပြောနေကြ။ အမေကတော့ အဖေ့လိုမဟုတ်ဘူးနော်။ အမေက စကားလမ်းကြောင်းလွှဲပြီး ပြောတတ်တယ်။ ဆူငေါက်ပြီးတော့ပေါ့။ လုပ်လို့မပြောဘဲ လုပ်ချင် လုပ်ဆိုတဲ့ သဘောမျိုး။ မလုပ်စေချင်မှ ဘယ်သူမှမကြားအောင် ကြိတ်ပြောတတ်တာ မလား။ ကျနော် ထောင်ကျသွားတော့လဲ ....
"ဟဲ့ ဒါမျိုးလုပ်လို့ ထောင်ကျတာတော့ ငါဂုဏ်ယူတယ်" တဲ့။ ထောင်ကထွက်တော့ အမပြန်ပြောပြလို့သိရတာ။ ည ... ညတော့ ... ကြိတ် ... ငိုတယ် တဲ့။ ကျနော်က ဟုတ်လားအမေလို့ မေးတော့ .... အမေက
"အမလေး ... အမလေး .... ငိုမိပေါင်တော်" တဲ့။
"ဒါဖြင့် ငါးပိ၊ ငါးခြောက်ကလေးတွေ ကြော်လှော်ပြီး ပို့ပေးတာကရော"
"အမလေးတော် ဒါကတော့ ရှင်ငတ်ပြီးသေမစိုးလို့ပါ။ ရှင့်ကို မွေးထားတဲ့ တာဝန်ကရှိနေတယ်မလား"
"ဒါနဲ့ နေပါဦး။ နင် အခုတလော လမ်းသိပ်များနေတယ်။ ကြည့်လုပ်နော်။ နင်သွားတော့မလို့ လား .... ဟင်း"
ကျနော်က ဘာမျှ ပြန်မပြော။ အင်းလဲ မလုပ်။ ဟင့်အင်းဆိုပြီးလည်း မငြင်း။ အမေက သားအမိကြားလောက်ရုံအသံဖြင့် ......
"အေးလေ။ ပိုင်းပိုင်းဖြတ်ဖြတ်ရှိမှလုပ်။ မလုပ်နိုင်လို့ ပြန်လာရင်လည်း နင်တသက်လုံး လူတောတိုးတော့မှာ မဟုတ်ဘူး။ နင့်ကိုလည်းဘယ်သူကမှ ယုံမှာမဟုတ်တော့ဘူး။ ပြီးတော့ တို့သေရင်လည်း နင်လာနိုင်မှာမဟုတ်ဘူး။ နင်နေထိုင်မကောင်း ဖြစ်ရင်လည်း ငါတို့ လာပြီးပြုစုနိုင်မှာ မဟုတ်ဘူး။ ငါထင်ပါ တယ်။ နင့်ပုံကြည့်ရတာ သွားဖို့ ဆုံးဖြတ်ထားပုံပါ"
ဟုတ်တယ်အမေ။ ဆုံးဖြတ်ပြီးပြီ။ ဆုံးဖြတ်တာမှ အခိုင်အမာကို ဆုံးဖြတ်ပြီးပါပြီ။ ကျနော့်ဆုံးဖြတ်ချက်ကို အသံထွက်ပြီး အသိမပေးနိုင်ခဲ့။ ဒါကို အဖေ ရော အမေပါ နားလည်နိုင်မှာပါ။ ကျနော် ဦးချနှုတ်ဆက်တော့ အမေ့ခမျာ ကြိတ်လို့သာ ငိုနိုင်ရှာခဲ့တယ်။ ခွင့်လွှတ်ပါ အမေ။
(၃)
ကျနော် ဆယ်စုနှစ်မက စွန့်ခွာခဲ့ရတဲ့ ဇာတိမြို့ကလေးကို နာဂစ်ဆိုတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးရဲ့ ဖျက်ဆီးမှုနဲ့အတူ ပြန်ပြီးတွေ့လိုက် ရတယ်အမေ။ စစ်အုပ်စုရဲ့ မီဒီယာရုပ်မြင်သံကြား အစီစဉ်ကထုတ်လွှင့်နေတုန်း တွေ့လိုက်ရတာပါ။ ကျနော့်အထင် ဆယ့်လေးငါးစက္ကန့်ထက် မပိုဘူးထင်ပါတယ်။ ကျနော့် ဇာတိ မြို့ကလေးဆိုတာ ဟုတ်မှ ဟုတ်ပါလေစအမေရယ်။ ဟယ်လီကော်ပတာပေါ်ကနေ ရိုက်ပြသွားတာ။ မြစ်ဝကျွန်းပေါ်က ရွာပျက်နဲ့ မြို့ပျက်ကြီးတွေဟာ စစ်ကြောင့် ပျက်စီးနေတဲ့ မြို့ပျက်၊ ရွာပျက်တွေထက် ကြောက်စရာကောင်းလှချည်ရဲ့။ အိမ်တိုင်နဲ့ သစ်ပင်ငုတ်တိုတွေသာ ကျိုးတိုးကျဲတဲကျန်နေခဲ့တဲ့ အဲဒီဆိုးရွားလှတဲ့ အရပ် ဟာ မြစ်ဝကျွန်းပေါ်အရပ်တဲ့လား။ တချိန်ကလူတွေ နေထိုင်ကြီးပြင်းခဲ့တဲ့ အရပ်ဆိုတာ သေချာရဲ့လား။ ဗမာပြည်ရဲ့ စပါးကျီအရပ်ဆိုတာ၊ ရွှေရောင်စပါးခင်းတွေနဲ့ သနပ်ခါးဘဲကျား လယ်သူမကလေးများရဲ့ အလှတွေ၊ ဘ၀တွေတည်ရှိရာ အရပ်ဆိုတာဖြစ်နိုင်ခဲ့ပါရဲ့လား။ အဲဒီအရပ်မှာ ရာသီအလိုက် ပွဲတော်တွေ၊ အလှူအတန်း တွေ၊ စာအံသံတွေ၊ အားကစားပွဲတွေ၊ ဂီတ တူရိယာ အစုံအလင်နဲ့ တီးမှုတ်ကခုန်ခဲ့တာတွေ၊ ဘုရားသွားကျောင်းတက် ဇာတိပုည၊ လူမျိုးတမျိုးမှာ ရှိသင့်ရှိအပ်တဲ့ ရိုးသားလှပ ဂုဏ်မာနတွေ ကျနော်တို့ ဇာတိမြေမှာ တချိန်ကရှိခဲ့ဖူးတာပေါ့လို့ နှောင်းလူတွေကို ယုံတမ်းစကားအဖြစ် ပြောရတော့မလား အမေ။
ကျနော့် မျက်ဝန်းထဲမှာ မြို့ကလေးရဲ့ လက်ရှိအနေအထားကို မြင်နေရတယ်အမေ။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြို့ပျက်ကြီးမှာ ကျန်ရစ်ခဲ့ရတဲ့ ကြီးကြီးမား မား ရှားပါးအဆောက်အဦကြီးတွေ။ သူတို့ခမျာလည်း စုတ်ပြတ်အသက်ငင်နေပြီပေါ့။ ကျနော်ကြားနေရတဲ့ သတင်းတွေကို အခြေခံပြီး ကျနော်တို့မြို့ကလေးမှာ အမိုးလန်ပြိုကျနေတဲ့ စာသင်ကျောင်း အချို့နဲ့ ဘုန်းတော်ကြီးကျောင်းတွေသာ ရှိတော့တယ်အမေ။ စာသင်ကျောင်းတွေမှာ မသေဘဲကျန်ရစ်ခဲ့တဲ့ သွေးပျက်ပြည် သူတွေရဲ့ ငတ်မွတ်ဆာလောင် ငိုကြွေးသံတွေနဲ့ ......။ ဘုန်းတော်ကြီးကျောင်းတွေ ခမျာလည်း ဒုက္ခသည်တွေ၊နောက်ဆက်တွဲ ကပ်ရောဂါတွေနဲ့အတူ သီလပေး သံတွေတိတ်ဆိတ်လို့။ အမိုးအကာမရှိတဲ့ အားကစားကွင်းထဲမှာတော့ ရွက်ဖျင်တဲကလေးတောင် ထိုးမနေနိုင်ရှာတဲ့ မိုးရေထဲက မြို့သူမြို့သားတွေနဲ့ ပြည့်နှက် ကြပ်သိပ် ...။ ရုပ်ရှင်ရုံတွေလား။ ရုပ်ရှင်ရုံတွေကလည်း သွေးပျက်နေတဲ့ မိမဲ့၊ ဖမဲ့ ကလေးတွေရဲ့ ကြောက်မက်ဖွယ် ဆွံ့အငိုသံတွေကို တင်ဆက်ပြသလို့ပေါ့ အမေ ရယ်။ ကမ်နားလမ်းမှာတော့ ရူးသွပ်သွေးပျက်သွားတဲ့ မိခင်တွေလေ ..... စီးဆင်းနေတဲ့ မြစ်ရေတွေကိုကြည့်ပြီး ..... ကျမတို့ ... ကျမတို့ကလေးတွေမှာ ဘာအပြစ် ရှိလို့လဲ ...... ကျမတို့ကလေးတွေ ..... ပြန်ပေး ... ကျမတို့ကလေးတွေ ပြန်ပေး .......
ကူညီကယ်ဆယ်ရေး ... ဟုတ်လားအမေ။ အာဏာသိမ်းစစ်အုပ်စုဟာအနိုင်ကျင့် ပြည်တွင်းစစ်ပဲ တိုက်တတ်ခဲ့တာ။ ဘာလုပ်တတ်မလဲအမေ။ စေတ နာလား။ စေတနာကတော့ ပြည်သူသေသ ငါတို့စစ်အုပ်စုမာဖို့ အရေးကြီးတဲ့ ကောင်တွေဆိုတာ အမေလည်းသိခဲ့တာပဲ။ နိုင်ငံတကာက ကူညီမယ်ဆိုတော့လည်း လက်မခံဘူးအမေ။ သူတို့ဆီက တဆင့်သွားရမယ်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ သူတို့ကို တရားဝင်အစိုးရ အဖြစ်အသိအမှတ်ပြုရမယ်တဲ့လေ။ ကုလ သမဂ္ဂနဲ့ အမေရိကန် အနောက်အုပ်စုကလည်း ခုပဲ အင်အားသုံးဝင်တော့မလို၊ အခုပဲ ဒုက္ခသည်တွေကို ဟယ်လီကော်ပတာ ထောင်ချီနဲ့ ကယ်တင်တော့မလိုလို နေ့ရွေ့ညရွေ့နဲ့ ဒုက္ခရောက်ပြည်သူတွေခမျာ အချိန်နဲ့အမျှ ရူးသွပ်၊ ငတ်မွတ်၊ သွေးပျက်၊ သေဆုံးနေရတယ်အမေ။ ဒီကြားထဲ စစ်အုပ်စု သကောင့်သားတွေက သူ တို့ မတရားရေးဆွဲထားတဲ့ (ဘယ်လူထုကမှ မထောက်ခံတဲ့) အခြေခံဥပဒေ ဆန္ဒခံယူပွဲကို ကလိန်ကကျစ်နည်းနဲ့ ဗိုလ်ကျကျင်းပ အနိုင်ယူသွားတယ်။ ပွဲလန့်တုန်း ဖျာခင်းရုံတင်မက ပွဲလန့်တုန်း တရားဝင် အာဏာကို ဓါးပြတိုက်လိုက်တာပေါ့ အမေရယ်။
ဟုတ်ပါတယ် အမေ။ အဖေ တခါကပြောခဲ့သလိုပါပဲ။ လူသားဟာ သဘာဝတရားကို ရင်ဆိုင်၊ တွန်းလှန်၊ အနိုင်ယူရင်းက ကမ္ဘာမှာ လူသားအဖြစ်ရပ် တည်နိုင်ခဲ့တာပါ။ တဆက်တည်းမှာလည်း လူသားဟာ မတရားဖိနှိပ်အုပ်ချုပ်နေတဲ့ ခေတ်ဆိုး၊ စနစ်ဆိုးကိုလည်း တွန်းလှန်အနိုင်ယူလို့ လူသားတယောက်ရဲ့ လွတ်လပ်ရှင်သန်မှုနဲ့အတူ လူ့တန်ဖိုးကို ဖေါ်ပြတည်ဆောက်ဆောက်နေရတယ် မလား။ လူသားအဖို့ အဖျက်နဲ့ရင်ဆိုင်ရရင် အပြုနဲ့ ပြန်လည်တည်ဆောက်ရမှာပါ။ မတရားတဲ့ လူ့ပတ်ဝန်းကျင်ကို တရားမျှတတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပုံဖေါ်ထုဆစ်ဖို့ဟာ လူသားရဲ့ သမိုင်းပေးတာဝန် ဖြစ်ပါတယ်။ ကျနော်တို့မှာ မကုန်မခမ်းနိုင်တဲ့ စွမ်းအားတွေ တည်ရှိခဲ့၊ တည်ရှိဆဲ၊ တည်ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီစွမ်းအားကတော့ ကျနော်တို့ရဲ့ ပြည်သူလူထုကြီးပဲ ဖြစ်ပါတယ် အမေ။ ကုလသမဂ္ဂပဲဖြစ်စေ၊ အနောက်အုပ်စုပဲဖြစ်စေ ကျနော်တို့ရဲ့ အပြစ်မဲ့ဒုက္ခသည်တွေကို ထိထိရောက်ရောက် အချိန်မီကူညီနိုင်မယ် ထင်ခဲ့တယ်အမေ။ ဒါပေမယ့် လက်တွေ့မှာ အဲဒီလိုဖြစ် မလာခဲ့ဘူး။ မသေသင့်၊ မဆုံးရှုံးသင့်တဲ့ အပြစ်မဲ့ ပြည်သူတွေသေဆုံးပြီးမှ ရောက်လာမယ်ဆိုလဲ ဒါကို အမျိုးသားကြေကွဲမှုနဲ့ ရင်းပြီးရလိုက်တဲ့ နိုင်ငံရေး ယဉ်ကျေး မှုအသိ သင်္ခန်းစာလို့ မှတ်ယူလိုက်ပါမယ် အမေ။ တိုင်းတပါးအကူအညီနဲ့ ခေတ်၊ စနစ်တွေပြောင်းဖို့လား။ ပိုဆိုးတာပေါ့ အမေရယ်။ ကျနော်ငယ်ငယ်က အမေတောင်းကျွေးဖူးတဲ့ ဖိုးလမင်းဆီက ထမင်းဆီဆမ်း၊ ရွှေလင်းပန်းကမှ ရရင်ရဦးမယ်။ ဒါ့ကြောင့် ဦးလေးလူထုစိန်ဝင်းက ပြောခဲ့တာ။ ဘယ်တိုင်းတပါးကိုမှ မမျှော်နဲ့။ ကိုယ့်လူထု အင်အားနဲ့သာ စည်း စည်းလုံးလုံးတိုက်မှ ရမယ်လို့ပြောခဲ့တာပေါ့ အမေရယ်။ အော် အမေ မကြားလိုက်ဖူးနော် … အမေ
အမေ့အနေနဲ့ ဘယ်ကြားခွင့်ရှိတော့မလဲ အမေရယ်။ အမေနဲ့အဖေနှစ်ယောက်လုံး ဘယ်မှာကြားခွင့် ရှိနိုင်ပါတော့မလဲ။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဇာတိ မြို့ကလေးမှာ ကျန်ရစ်ခဲ့တဲ့ အမေ့သား၊ သမီး၊ မြေး၊မြစ်တွေ ဘာဖြစ်ကုန်ပြီလဲဆိုတာ အမေဘယ်သိနိုင်တော့မလဲ။ ဒီသဘာဝ ဘေးအန္တရာယ်ကြီးက ဆိုးရွားလွန်း လှတဲ့ အနိဌာရုံကြီးတွေတောင် သူ့ကြောင့် ထိတ်လန့်ဆွံ့အသွားတယ် အမေ။ အကြေကွဲဆုံးဆိုတဲ့ ကြေကွဲမှုတွေကလည်း သူ့ကိုအရှုံးပေးပြီး သွေးပျက်တိတ်ဆိတ် လို့ နင်းစရာမြေတောင် မရှိတော့တဲ့ ဒေါသရေလွှာပြင်ပေါ်မှာ .....။
ကျနော်ဟာ အမေနဲ့ အဖေ့ ဈာပနကို အဝေးကနေ နောက်ကျကြားသိခဲ့ရသူပါ။ ခုချိန်ထိ ကျနော့မှာ သူတို့အတွက် သက်ပျောက်ဆွမ်းလေးတောင် ကပ်ခွင့်မကြုံသေးဘူ။ အဲဒီလို ပြုမူဆောင်ရွက်ပြီးရင် ကျနော့်အနေနဲ့ သူတို့အပေါ်တာဝန်ကျေပြီလို့ ကျနော့်ကိုယ်ကျနော် မသိစိတ်က ယူဆသွားမှာစိုးလို့လားမသိ တော့ပါဘူး။ အခု ကျနော်မြင်နေရတယ်။ ကျနော့်မိဘနှစ်ပါး အေးချမ်းငြိမ်သက်စွာ လဲလျောင်းနေတဲ့ ကျနော့ဇာတိမြို့ကလေးရဲ့ တခုတည်းသောသုဿာန်က လေးခမျာ မုန်တိုင်းသင့် ရေလွှမ်းပျောက်ကွယ်သွားပါပကော။ အဖေနဲ့အမေရဲ့ မြေပုံမှတ်တိုင်ကလေးနှစ်ခုဟာ ကျိုးပျက်ပြီး အပြစ်မဲ့မြို့သူ၊ မြို့သား၊ ကလေးသူ ငယ်များရဲ့ ပုပ်ပွရုပ်အလောင်းများနဲ့အတူ ကူသူမဲ့၊ဆယ်သူမရှိ မျောပါနေပေါ့။ ဘယ်ကိုလဲ ... ဟုတ်လား။ အော် .... မြစ်ဝကျွန်းပေါ်အရပ်ဆိုတာ ပင်လယ်ကိုမေး တင်ထားတဲ့ ဒေသမလား။ ဒီတော့ ပင်လယ်ဆီကို ရောက်ရင်လည်းရောက်မယ်။ လမ်းမှာတင် ပျက်သုဉ်းသွားရင်လည်း ပျက်သုဉ်းသွားမယ်ပေါ့။ နော် ... အမေရယ် .... နော်။ ဒါပေမယ့် အမေရယ်......
လူသားဆိုတာ ...........။ ။
ညွှန်းဆက် ၂၀၀၈၊မေ ၂၀။
Posted by ရွှေဥသြ at 06:28 0 comments
Labels: ၀တ္ထု
Sunday, 11 May 2008
ဒေါသမြစ်တစင်း၏ သေတမ်းစာ.................
ဟောဟိုမှာ
ဓနိတော၊ လမုတန်းနဲ့ 
ချောင်းတို ၊ချောင်းခွတွေကပေါ
မြစ်အဏ္ဏ၀ါတကြော
ဗေဒါတွေတင်မျောနေကြတာမဟုတ်ဘူးလေ။
ရေမျောပြီး ကမ်းလာတင်ကြ
ထင်းချောင်းသစ်တိုသစ်စ
အဲဒါတွေသည်ပင်လည်းမက
သဘာဝလည်းမကျစွာ။
သည်မှာလေ
အပြာစ အနီ စ အ၀ါစ
အ၀တ်စပါလေရုံ သာသာ
ဝိညာဉ်မဲ့ကိုယ်ခန္ဓာ
သင်္ဂြိုလ်မယ့်သူကိုရှာ
မင်းတို့ ငါတို့ လိုပါ
လူသားအသက်တွေ
ထောင်သောင်းပေါင်းများစွာ။
သူတို့အတွက်မှာ
ဈာပနတေးသံဆိုတာမရှိ
ကြေးစည်သံမရှိ
ခွေးအူသံလည်းမရှိ
ရေချမ်းအိုးငယ်လေးတွေလည်းမရှိ
ဆွမ်းသွပ်မယ့်လူလည်းမရှိ
ဆွေလုံးကျွတ်
မျိုးလုံးကျွတ်
ရွာလုံးကျွတ်မျှ
သည်မြေပေါ်က
လွင့်ပါး ပျက်သုဉ်းကြ
နောက်ဆုံးဘ၀ကူးခရီး
အနှောင်အဖွဲ့ တွေ ကာဆီး။
အစိုးရလုပ်သူကိုယ်တိုင်က
တာဝန်မဲ့မဲ့ ပြောထား
မပြည့်မစုံသတင်းစကား
ဝိုးဝါး ထွေအင်
မုန်တိုင်းဒဏ်လွတ်လေနိုးနိုး ထင်
မိသားစုဝင်တွေ
တယောက်လက်တယောက်တွဲ
ကြိုးနဲ့ချည်နှောင်တည်း
သေပွဲကြီး ၀င်ရရှာ
ရင်နင့်စရာမြင်ကွင်း
မြစ်တစ်စင်းလုံး
ပြည့်လုလု.....။
ပစ္စက္ခ
တို့ သမိုင်းမှာ
မင်းမဲ့၊ တရားမဲ့
တိုင်းပြည်ဘဝ
ဒီလောက် နိမ့်ကျ
တရံတခါ
ရာဇ၀င်တွေလည်းမရိုင်းခဲ့ပါဘူး ကွာ ။
တာဝန်မဲ့မဲ့
သစ္စာပျက်
နင်
ဟဲ့  အစိုးရ
ဆန္ဒ ကန့်ကွက်မဲ
ဖြုတ်နိုင်ခွင့်သည် တခါလွဲ
ဘဒ္ဒ သံသရာထဲမှာ
တို့ 
ဝိညာဉ်တွေ
မလွတ်မကျွတ်ရင် နေပါစေ..............
ကျန်ရစ်သူတို့ရေ
ဒို့ တတွေ အတွက်လေ
အမျှဝေ မနေနဲ့ 
လက်စားသာ ချေလှည့်ကြတော့။ ။
ကိုဝေလင်း
(၁၀၊ ၅၊ ၂၀၀၈)
မှတ်ချက်။ ။ဒေါင်းအိုးဝေ၊အတွဲ(၁)၊အမှတ်(၆)၊ဧပြီ၊မေ၊ဂျွန် စာအုပ်တွင်
ပုံနှိပ်ဖေါ်ပြမည့် ကဗျာဖြစ်ပါသည်။
ဟင်းလင်ပြင်ဘလော့မှ ကူးယူသည်။
Posted by ရွှေဥသြ at 11:27 0 comments
Labels: ကဗျာ
Friday, 2 May 2008
ဆင်စမ်းနေတဲ့ ပုရောဟိတ်
ဗုဒ္ဓဘုရားရှင်လက်ထက်က ပညာရှိကြီးတယောက် ရှိတယ်လို့ ကြားဖူးတယ်။ ပညာတွေကို ၀မ်းဗိုက်ထဲမှာ သိုမှီး ထားရတာများလွန်းလို့ ပေါက်မထွက်သွားအောင် ခါးပါတ်ကြီးနဲ့
ပါတ်ထားရတယ်ဆိုဘဲ။ ပညာတွေလား၊ ပဲဟင်းတွေလား။ စဉ်းစားစရာပါ။ ဆင်ဆိုတာကြိုးပါလား၊ သစ်ပင်ပါလား၊ ယပ်တောင်ပါလား ဆိုတာမျိုးလည်း ရှိနေတတ်ပါတယ်။
ဘယ်သူကမှ ရိုက်မစစ်ဘဲ ပွင့်ပွင့်လင်းလင်း ၀န်ခံရမယ်ဆိုရင် ဒေါက်တာ ဦးတင်မောင်သန်းရဲ့ အစီအစဉ်တွေကို ကျော်ပြီးချန်ပြီး ဒီဗွီဘီကို နားထောင်နေတာကြာပါပြီ။ တစ်ခြားပညာရှင်တွေ ဆွေးနွေးတာထက် သူကပညာရှိလေသံ အပေါက် လွန်နေလို့ လားမသိ။ ပညာသိပ်မတတ်လှနဲ့ တောင်မရောက် မြောက်မရောက်ဖြစ်နေတဲ့ ကျုပ်အဖို့က လိုက်မမှီဖြစ်လိုက်၊ နား လျှံလိုက်၊ နားကလောလိုက်ဖြစ်နေလို့ပါ။ ဒေါက်တာ ဦးတင်မောင်သန်းဟာ ထူးချွန်သော ပညာရှင်တစ်ယောက်၊ စာရေးဆရာ ကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို ဘယ်သူကမှ မငြင်းနိုင်ပါဘူး။ တိုင်းပြည်ချစ်တယ်။ တိုင်းပြည်ကောင်း စားစေချင် တယ်။ တိုင်းပြည်ကောင်းအောင် လုပ်ခဲ့တယ်ဆိုတာကို ယုံပါတယ်။
သို့သော်။
ဆရာရဲ့ ကြားမိတွေးမိသမျှ အစီအစဉ်က ဧပြီလ ၄ ရက်နေ့ ၂၀၀၈၊ ဒီဗွီဘီမှာ “လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲအ တွက် သော့ချက်ကျတဲ့အချက်ကို သုံးသပ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးချက်ဟာ ရာသီစာ၊ ဓာတ်စာဖြစ်နေတာမို့ တခုတ် တရ နားထောင်လိုက်မိပါတယ်။ နားထောင်ရင်းနဲ့ စိတ်ထဲမှာ “အော်၊ ဒါ့ကြောင့် ကုန်ရှုံးရင် တခါမှောက်၊ လင်ရှုံးရင် တသက် လုံးမှောက်၊ ဆရာမှားရင် တသံသရာလုံးမှောက်” လို့ ဆိုရိုးရှိပေတာပဲလို့ တွေးမိလိုက်တော့တာပါပဲ၊
ဆရာက လာမယ့်ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးဇာတ်ခုံကို သုံးပိုင်း၊ သုံးအုပ်စု ခွဲပြီးဆွေးနွေး ထားပါ တယ်။ ပထမအုပ်က အင်အယ်လ်ဒီနဲ့ အတိုက်အခံတွေဖြစ်ပါတယ်။ သူတို့က ကန့်ကွက်မဲ ပေးကြမယ်လို့ ဆိုပါတယ်၊ ဟုတ်ပါ တယ်။
ဒုတိယအုပ်စုက ကြံ့ဖွတ်နဲ့အပေါင်းအပါတွေဖြစ်ပါတယ်။ သူတို့က ထောက်ခံမဲပေးကြမယ်လို့ဆိုပါတယ်။ ရာခိုင်နှုံးအ တော်များများ မမှန်ဘူးဆိုတာ သေသေချာချာသိပေမဲ့ အတိုင်းအတာတရပ်အထိ ဖြစ်နိုင်ခြေရှိတာမို့ ငြင်းချက် မထုတ်တော့ပါ ဘူး။
အဆုံးအဖြတ်ပေးမယ့် အုပ်စုအဖြစ်နဲ့ ဆရာအလေးအနက်ထား ဆွေးနွေးထားတဲ့ တတိယအုပ်စုကို စိတ်ဝင်စားမိပါ တယ်၊ အဆုံးအဖြတ်ပေးမယ့်အုပ်စုလို့ ဆိုလေတော့ အထင်မသေးရဲပါဘူး။ တတိယအုပ်စုဆိုပြီး ဆရာပေးလိုက်တဲ့ ထင်ရှားတဲ့ ဥပမာတွေက မသိင်္ဂီရယ်၊ ပြည်တွင်းက အကြီးတန်းသတင်းစာဆရာတယောက်ရယ်၊ စစ်တပ်မိသားစုတွေရယ် ဖြစ်နေပါ တယ်၊။ တဖန် ဒီအုပ်စုက အဆုံးအဖြတ်ပေးမယ့် အုပ်စုဖြစ်ပြီး လာမယ့်ဖွဲ့စည်းပုံဥပဒေကို ထောက်ခံမဲပေးကြလိမ့်မယ် ဆိုတဲ့ အပိုင်းကို ထင်ဟပ်ဆွေးနွေးတဲ့အခါမှာ ဆရာက ထောက်ခံကြလိမ့်မယ်ဆိုတဲ့ အယူအဆတရပ်ဟာ လူတွေကြားမှာ ဖြစ်နေ တယ်။ လူတချို့မှာ ဖြစ်နေတယ်။ ပြည်တွင်းက ပညာတတ်တွေမှာ ဖြစ်နေတယ်။ စစ်တပ်မိသားစုတွေမှာ ဖြစ်နေတယ်ဆိုတဲ့ စကားလုံးတွေကို ပညာရှိပီသစွာ လိုသလိုညှပ်ပြီး ပါးပါးနပ်နပ်နဲ့ ထည့်သွင်းပြောဆိုသွားတာကို ကြားလိုက်ရပါတယ်။
ဆရာခင်ဗျား
ဆရာထောက်ပြတဲ့ အုပ်စုသုံးအုပ်စုထဲမှာ အတိုက်အခံပါတီဝင်တွေ မဟုတ်တဲ့၊ ကြံ့ဖွတ်တွေ မဟုတ်တဲ့၊ မသိင်္ဂီ မဟုတ်တဲ့၊ ပြည်တွင်းက အကြီးတန်းစာနယ်ဇင်းသမား မဟုတ်တဲ့၊ စစ်တပ်မိသားစုဝင်တွေ မဟုတ်တဲ့၊ သန်းပေါင်းများစွာသော သာမန် မိဘပြည်သူတွေကို ဘယ်နေရာမှ ကျနော်ရှာမတွေ့ပါဘူး။ ကြံ့ဖွတ်လို၊ မသိင်္ဂီလို၊ အကြီးတန်းစာနယ်ဇင်းသမားလို၊ စစ်တပ်မိသားစုဝင်တွေလို (ဆရာပြောတဲ့အတိုင်း ပြန်ကိုးကားရရင်) တနည်းနည်းနဲ့ သက်သာရာရ အသက်ရှူပေါက်ချောင်ရာ ကို မရှာဘဲ၊ စစ်ဗိုလ်တွေရဲ့ ညံ့ဖျင်းနုံချာတဲ့ အုပ်ချုပ်မှု၊ ဖိနှိပ်မှုကို အဆိုးဝါးဆုံး ခံနေရတဲ့၊ နေထွက်က နေ၀င်စားရေး၊ နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေအတွက် သောကပင်လယ်တွေဝေနေတဲ့၊ စစ်တပ်ကိုကြောက်ရလို့ တအိမ်တယောက် ထွက်ပြီး ထမင်းအငတ်ခံ လုပ်အားပေးပွဲတွေ၊ ထောက်ခံပွဲတွေတက်နေရတဲ့ သာမန် မိဘပြည်သူတွေရဲ့ အခန်းကဏ္ဍကို ဆရာ တယောက် ပညာလျှံပြီး ထည့်တွက်ဖို့ မေ့လျော့သွားခဲ့လေသလားလို့ တွေးမိပါတယ်၊ တကယ်တော့ ကြံ့ဖွတ်လို၊ မသိင်္ဂီလို၊ အ ကြီးတန်း စာနယ်ဇင်းသမားလို၊ စစ်တပ်မိသားစုဝင်လို လူတွေထဲမှာ စစ်ဗိုလ်တွေရဲ့ အလိမ်အညာကိုမခံဘဲ ပြတ်ပြတ်သား သား ဆန့်ကျင်မဲပေးကြမယ့်သူတွေ အများအပြား အသေအချာရှိနေတာကိုလည်း၊ ဆရာ တမင်မသိချင်ယောင် ဆောင်ထားခဲ့ ပါတယ်။
အခုအခါမှာ အတိုက်အခံက သုညအဆင့်မှာဖြစ်နေပြီး စစ်တပ်က တစ်ရာရာနှုံးပိုင်စိုးထားတာမို့ ဖွဲ့စည်းပုံကိုထောက် ခံလိုက်ခြင်းအားဖြင့် သုညထက်ပိုသောတစုံတစ်ရာကို မျှဝေရနိုင်တယ်ဆိုတဲ့ စာနယ်ဇင်းသမားရဲ့အမြင်ကို ဆရာ အလေးထား ထောက်ပြဆွေးနွေးသွားပါတယ်၊ ဒီစာနယ်ဇင်းသမားရဲ့အမြင်ကိုပဲ လူတွေကြားမှာ ဖြစ်ပေါ်နေတဲ့အမြင်လို့ ဆရာက ထပ်ဆင့် အတည်ပြု ဆိုလိုက်ပြန်ပါတယ။ ဒီစာနယ်ဇင်းသမားရဲ့အမြင်က ပြည်သူတွေရဲ့အမြင်နဲ့ တထပ်တည်းကျတူနေတယ်လို့ ဆရာ ဘာ့ကြောင့် ပြောနိုင်ပါသလဲ၊ တကယ်တူတာလား။ ဆရာက တူစေချင်တာလား။ ဆရာ ရိုးသားပါရဲ့လား။
အခုအခါမှာ အာဏာကိုလိုသလိုသုံးပြီး ထင်သလိုအုပ်ချုပ်နေတဲ့စစ်ဗိုလ်တွေကို ဖွဲ့စည်းပုံကို အတည်ပြုလိုက်ခြင်း ဖြင့် သူတို့လုပ်ချင်ရာကို အရင်အတိုင်း ဒုံရင်းဆက်လုပ်နိုင်ဖို့ အခြေခံဥပဒေကြီးနဲ့ အကာအကွယ်ပေးလိုက်ရတော့မှာမို့ တရား စွဲလို့လည်းမရ၊ လူထုခုံရုံးလည်းမရှိ၊ နိုင်ငံတကာ ခုံရုံးလည်းပျောက်နဲ့ ချိုတပ်ပေးလိုက်တဲ့မြင်းလို ထိန်းမနိုင် သိမ်းမရဖြစ်သွား မှာကို ဆရာတွေးပူဟန် မရှိပါဘူး။ အရင်တုန်းက အာဏာသိမ်းရင် ဥပဒေကိုဖျက်ပြီး အာဏာသိမ်းရတတ်တဲ့ စစ်ဗိုလ်ချုပ်က အခုဖွဲ့စည်းပုံကို အတည်ပြုလိုက်ရင် ဥပဒေအရ အာဏာသိမ်းရတာဖြစ်သွားပြီး ဒါကို ကန့်ကွက်တဲ့၊ ဆန္ဒပြတဲ့ပြည်သူ တွေကို သတ်ချင်သလောက်သတ် တရားစွဲခွင့်မရှိတော့မှာကို ဆရာစိုးရိမ်ပုံမပြပါဘူး။ အခုနေအခါမှာ ဘယ်လိုမှမရနိုင်တဲ့ တရားဝင် လူသတ်လိုင်စင်ကို လာမယ့်ဖွဲ့စည်းပုံအရ စစ်တပ်က တဦးတည်းမူပိုင်ရသွားမှာကို ဆရာမြင်ပုံမရပါဘူး။ စစ်တပ် တမတ်သား က တနိုင်ငံလုံး ကို ထင်သလိုချယ်လှယ်ပြီး စစ်တပ်သဘောမတူဘဲ ဘာမှပြောင်းလို့ မရတဲ့ အခြေခံဥပဒေကို တိုးတက်တဲ့ မူတရပ်လို့ ပြည်သူကို ဆရာက သတင်းစကားပေး ချင်ပုံရပါတယ်။
ဆွေးနွေးချက်တခုလုံးကို သေသေချာချာ ဆန်းစစ်လိုက်ရင် ဖွဲ့စည်းပုံကို အတည်မဖြစ်သွားမှာကို ဆရာ အလွန်အ မင်း ပူပန်နေပုံရပါတယ။ ဆရာ့သောကနဲ့ စစ်အာဏာရှင်တွေရဲ့သောကနဲ့ စာနယ်ဇင်းသမားကြီးရဲ့ သောကတွေဟာ တထပ် တည်းကျပြီး တူနေတာက မေးခွန်းထုတ်စရာဖြစ်ပါတယ။ အကျိုးစီးပွားများ တူနေလေလို့လား။
အင်အယ်လ်ဒီလုပ်ဆောင်သမျှကို ဆရာက နအဖလိုဘဲ ဘယ်သောအခါကမှ လုံလောက်တယ်လို့ မထင်ခဲ့ပါဘူး။ အင်အယ်လ်ဒီ ဘယ်တော့မှ မမှားဘူးလို့ မဆိုလိုပါဘူး။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံရသူကို တတန်းတည်း ထားတတ်တာဟာ အမြဲမမှန် နိုင်ပါဘူး။ အခုလည်း ဖွဲ့စည်းပုံကို ကန့်ကွက်ပြီးရင် ဘာလုပ်မယ်ဆိုတာ အင်အယ်လ်ဒီက ရှင်းရှင်းလင်းလင်း မပြောနိုင်ပါဘူး ဆိုပြီး ဆရာက စာနယ်ဇင်းသမားကြီးရဲ့ လက်ကိုငှားပြီး ခုတ်ပြန်ပါတယ။
ပညာရှင်ကြီးတဦးဖြစ်တဲ့ ဆရာ့ကိုမေးခွန်းတခု မေးလိုက်ချင်ပါသေးတယ်။ အာဏာရှင်က အာဏာကို တစ်ရာရာ ခိုင်နှုံး ရယူထားပြီး အတိုက်အခံက သုညဖြစ်နေတဲ့ အခြေအနေမျိုးမှာ အာဏာရှင်ကသာ ရွှေ့ကွက်တွေကို ဦးဆောင်နိုင်တယ် ဆိုတာ ဆရာဘာလို့ အသိအမှတ်မပြုနိုင်ရတာလဲ။ အင်အားချိနဲ့နေတဲ့ အတိုက်အခံလုပ်သူက ဘာပြီးရင် ဘာလာမယ်ဆို တာ ကို ဘယ်လိုမှ မသိနိုင်တာမို့ အချို့အခြေအနေတွေမှာ ကိုယ်ကဘာလုပ်မယ်ဆိုပြီး ကြိုတင်မချပြနိုင်တာကို ဆရာဘာလို့ မစာနာနိုင်၊ နားလည်မှု မပေးနိုင်ရတာလဲ။
ဒီဗွီဘီဟာ အမည်အရကိုယ်က စစ်အာဏာရှင်တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် ပြည်သူတွေကို သတင်းမှန် အချက်အလက်မှန်တွေကို ပေးဖို့တာဝန်ရှိပါတယ။ နအဖက သူတို့စိတ်ဿကိက်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ကို အတည်ပြုပေးနိုင်အောင် ပြည်သူလူထုကို ချော့လိုက်၊ ချောက်လိုက်လုပ်နေတာကို ဒီဗွီဘီက မသိဘူးဆိုရင် ဖြစ်နိုင်ပါ့ မလား။ ပြည်သူလူထုက စစ်ကျွန်ဖွဲ့စည်းပုံကို အမြင်ရှုတ်ထွေးပြီး အတည်ပြုလာအောင်၊ တခုတည်းသော အထင်ကရအတိုက် အခံပါတီ အင်အယ်လ်ဒီကို လူထုက အယုံအကြည်ကင်းမဲ့လာအောင်၊ အသေခံ၊ အသတ်ခံပြီး ကန့်ကွက်မဲပေးကြဖို့ သက် စွန့်ဆံဖျား ဿကိးစားနေတဲ့ ကျောင်းသားတွေ၊ ရဟန်းရှင်လူ ပြည်သူတွေ၊ အင်အယ်လ်ဒီတွေကို နောက်ကြောက ဓားနဲ့ထိုး သလို လိမ်မာပါးနပ်စွာ သွေးထိုးလှုံ့ဆော်နေတဲ့ ဆရာဦးတင်မောင်သန်းကို ဒီဗွီဘီက စင်တင်ပေးပြီး စစ်ဗိုလ်တွေအဿကိက် ထောက်ခံမဲပေးဖို့ အော်နေတာ မရှက်ဘူးလား။
ကျုပ်တို့ဒီဗွီဘီက လွတ်လပ်တဲ့ သတင်းဌာနဖြစ်တယ်၊ အမြင်အားလုံးကို တင်ပြမယ်ဆိုရင် လေးစားပါတယ်၊ မှန် လည်း မှန်ပါတယ်။ ဒါဆို ကျုပ်အမြင်ကိုလည်း တင်ပြခွင့်ပြုပါ၊ ဆရာဦးတင်မောင်သန်း ကိုယ်တိုင်က ကျုပ်ဆောင်းပါးကို ကိုယ် တိုင်ဖတ်ပြီး ဒီဗွီဘီမှာ ရှင်းရဲပါသလား။
အောင်ထီ
ဧပြီလ ၅၊ ၂၀၀၈
Posted by ရွှေဥသြ at 03:45 0 comments
Labels: ဆောင်းပါး
Thursday, 1 May 2008
ကိုယ်ကခံစစ်ဆိုပေမဲ့မရှုံးနိုင်
ရက်ပိုင်းမျှသာလိုတော့တဲ့ “ဆန္ဒခံယူပွဲ” အတွက် နအဖဟာ ခက်ခက်ခဲခဲ တက်လှမ်းနေတာ တွေ့နေရတယ်။ ခြိမ်း ခြောက်တာ ချော့မြူတာတွေအပြင် ဖမ်းချုပ်တာ၊ ချောင်းရိုက်တာတွေပါ
ဖောဖောသီသီကြီးလုပ်နေတယ်။ မရှက် - မကြောက် - မကွယ် - မ၀ှက်။
တဖက်မှာတော့ ပြည်သူလူထုတွေထဲမှာတော့ ကန့်ကွက်မဲထည့်ဖို့ ကြက်ခြေခတ်ဖို့ဆိုတဲ့ သဘောထားဟာ ပြတ် ပြတ်သားသားချမှတ်ပြီးသွားပြီ။ ဆိုလိုတာ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီ။ ဘယ်ကမှ ရှောင်ဖယ်လို့မရတော့။
“နအဖဟာ သူတို့နိုင်အောင် တနည်းမဟုတ်တနည်းနဲ့ညစ်မှာပဲ” ဆိုတဲ့စကားတွေ နေရာတကာမှာ ပေါ်နေတယ်။ (ဒီ လေသံကို သူတို့လူတွေကတဆင့် မသိမသာလွှင့်နေတာလဲ ရှိနိုင်တယ်။) ဟုတ်တယ်သူတို့ကတနည်းမက နည်းပေါင်းသောင်း ခြောက်ထောင် ကျင့်သုံးကြလိမ့်မယ်။ သံသယမရှိနဲ့။ အာဏာရသူဖက်က လက်နက်နဲ့ အာဏာနဲ့ပေါင်းပြီး ညစ်တာဖြစ်တဲ့အ တွက် သူတို့က နိုင်ကောင်းနိုင်သွားနိုင်တယ်။ ဒါမဆန်းဘူး။ တိုက်ပွဲတရာ အောင်ပွဲတရာဆိုတာ နာေးထာင်လို့သာ ကောင်းပြီး လက်တွေ့မှာမရှိဘူး၊ ကိုယ်တိုက်ချင်တဲ့ ဂွင်၊ ကိုယ်တိုင်ချင်တဲ့ အချိန်မှာ၊ ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြီးတိုက်ရရင် တမျိုးဖြစ် တယ်။ ဒီတခါ ပြီးခဲ့တဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီးမှာ အကြီးအကျယ်အထိနာသွားတဲ့ နအဖဟာ နိုင်ငံရေးလက်ဦးမှု ရယူရေးအတွက် ထိုးစစ်ဆင်လာတာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုကဖက်ပြောရရင် ဒီတပွဲဟာ ကိုယ်ကခံစစ်ကနေ လက်ဦးမှုရအောင် ပြန်လုပ်ရတာ ဖြစ်တယ်။
ဒါပေမဲ့ ဒါဟာစစ်ရေးတိုက်ပွဲမဟုတ်ဘူး။ နိုင်ငံရေးတိုက်ပွဲနဲ့ စစ်ရေးတိုက်ပွဲမှာ မတူတာတွေ အများကြီးရှိတယ်။ စစ်ရေးတိုက်ပွဲမှာ စစ်ရှုံးရင် လူပါ၊ နယ်မြေပါဆုံးရှုံးသွားတာမို့ နာလံမထူအောင် ဖြစ်တတ်တယ်။ နိုင်ငံရေးတိုက်ပွဲမှာ အဲဒီလို အကျအဆုံးမရှိအောင် တိုက်လို့ရတယ်။ ဒီတချီတိုက်ပွဲရဲ့ ထူးခြားမှုတခုကိုက ပြည်သူတွေဖက်က အရင်းအနှီးနည်းနည်းနဲ့ နအဖရဲ့ မသမာမှုကို ဖွင့်ချနိုင်တာ၊ သူတို့ချင်းကွဲလွဲမှုကို ပိုနက်ရှိုင်းစေတာ ဖြစ်တယ်။
ဒီတိုက်ပွဲမှာ နအဖက ထိုးစစ်ဆင်လာတာဖြစ်ပေမယ့် သူ့ဖက်က အခြေအနေကောင်းလှလို့ မဟုတ်ဘူး။ သူ့အဖို့ပြောရရင် ဒါဟာ ပွဲသိမ်းတိုက်ပွဲမဟုတ်ဘူး။ တောင်ကုန်းတကုန်း ရယူရေးတိုက်ပွဲသာ ဖြစ်တယ်။ ဒီခြေလှမ်းကို လှမ်းဖို့အတွက် နအဖထဲမှာ အကြာကြီး ပြင်ဆင်ချိန်ဆနေတဲ့ကြားကနေ နောက်ဆုံးမှာ စွတ်ရွတ်ပြီး ဆုံးဖြတ်ချက်ချလိုက်ရတာ ဖြစ်တယ်။ ဗိုလ်သန်းရွှေနဲ့ သူ့အပါးတော်မြဲတွေက ဖြစ်ချင်ရာဖြစ်ဆိုပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကြေငြာပြီးမှ တခြားနအဖအဖွဲ့ဝင်တွေကို အသိပေးအကောင်အထည် ဖော်ခိုင်းကြတယ်။ တကယ်တော့ စစ်အုပ်စုတခုဆိုတာ ထိပ်သီးပုဂ္ဂိုလ်နဲ့ သူ့ရဲ့အတွင်းစည်းဝိုင်းသာပဲ ဖြစ်တယ်။ ဗမာပြည်မှာဆိုရင် ဗိုလ်သန်းရွှေနဲ့ သူ့ပတ်ဝန်းကျင်က အနည်းစုလေးသာ ဖြစ်တယ်။ သူတို့အထဲမှာ ဒီမိုကရေစီမရှိဘူး။ ဗိုလ်သန်းရွှေလက်ညှိုးညွှန်ရာ ရေဖြစ်ရတာ။ ဒါကြောင့် ဒီတပွဲဟာ ဗိုလ်သန်းရွှေရဲ့ အရှက်ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ဆက်နေတာမို့ သူ့လက်စွဲတွေဟာ အပြတ်ကြမ်းရမ်းလုပ်ကိုင်နေကြတယ်။
အခုလာတော့မယ့် ဆန္ဒခံယူပွဲဆိုတာဟာ ဗိုလ်သန်းရွှေအစုက စွတ်ရွတ်လုပ်ချလိုက်တာဖြစ်တဲ့အတွက် အကုန်အိုးနင်းခွက်နင်း ဖြစ်နေတာတွေတွေ့ရတယ်။ ဆန္ဒခံယူပွဲကို နောက်သုံးလမှာ ကျင်းပမယ်ပြောတယ်။ ဖွဲ့စည်းပုံမူကြမ်းဆိုတာက စာအုပ်ဖြစ်မလာသေးဘူး။ စာအုပ်ရယ်လို့ ရိုက်ထွက်လာတော့လဲ အမှားမှားအယွင်းယွင်းတွေ ဖြစ်နေတယ်။ မှားတာမှ စာရိုက်စာစီမှားတာ မဟုတ်ဘူး။ စာရိုက်စာစီမှားတာဆိုရင် စာလုံးမှားတာပဲ ဖြစ်မယ်။ အခုဟာက ၀ါကျလိုက်တွေ မှားနေတာ။ မှားတာမှ အယူအဆအရ ကပြောင်းကပြန်ဖြစ်နေအောင် မှားတာဖြစ်တယ်။ သူတို့ချင်းမှ ပြတ်အောင်ဆွေးနွေးလိုက်ကြရရဲ့လား စဉ်းစားစရာပဲ။ ဒါမှမဟုတ်၊ သူတို့ကိုယ်တိုင်ရော အသေအချာဖတ်ကြရဲ့လား။
ဘာပဲပြောပြော ဒီတချီမှာလဲ နအဖအဖို့ အင်မတန်ကြပ်ကြပ်တည်းတည်း လုပ်နေရတာတွေကို မြင်နေရတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံကို ဝေဖန်ဆန့်ကျင်သူတွေကို တရားဥပဒေအရ အရေးယူမလိုလိုပြောပေမယ့် အခု အရေးမယူရဲဘူးဖြစ်နေတယ်။ ပြည်သူတွေက ဗြောင်ဆန့်ကျင်၊ ဟားတိုက်ပြောနေကြတယ်။ ဒီအစား နအဖဟာ တရားမဲ့ ချောင်းရိုက်တာ၊ ဗြောင်ရိုက်တာ၊ ကားနဲ့တိုက်တာတွေ လုပ်နေတယ်။ တပြည်လုံးကို စည်းရုံးတာကနည်းနည်း၊ ခြိမ်းခြောက်တာကများများ လုပ်နေတယ်။ ရဲဆိုတာကလဲ ဗုံးခွဲတာဖမ်းမမိ၊ လူသတ်တာ၊ လူရိုက်တာအမှုမဖွင့်နဲ့၊ ပေထိုင်နေတယ်။ မီးသတ်က မီးမသတ်၊ လူသတ်နေတယ်။ စွမ်းအားရှင်ဆိုတာတွေက လက်နက်မဲ့ပြည်သူလူထုအပေါ် စွမ်းအားတွေ အမျိုးမျိုးပြနေကြတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲဟာ မင်းမဲ့စိုးမဲ့ နိုင်ငံတခုမှာကျင်းပတာနဲ့ အတူတူပဲဖြစ်မယ်။
တတိုင်းပြည်လုံးကို ဧရာမစစ်တပ်ကြီးနဲ့ ခြိမ်းခြောက်ပြီး အနိုင်ကျင့်အုပ်ချုပ်သလိုပဲ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်ဆိုတာတွေကိုလဲ အရေအတွက် ဂဏန်းအကြီးကြီးပြပြီး တပြည်လုံးကို ခြိမ်းခြောက်ပြန်တယ်။ တချို့မသိနားမလည်သူက ယုံပြီးကြောက်ရှာကြတယ်။ တချို့ကတော့ ဒီဂဏန်းတွေကို အသုံးချပြီး နအဖရဲ့ခွင်ထဲကို မောင်းပို့ကြတယ်။ ဒီတိုင်းပြည်က လူတွေလို ဒါလောက်တာရှည် တထိတ်ထိတ် တလန့်လန့် အသက်ရှင်နေထိုင်ရတဲ့ နိုင်ငံသားတွေ တခြားနိုင်ငံတွေမှာ ရှိမှရှိပါ့မလားဆိုတာ စဉ်းစားစရာပဲ။
တဖက်ကပြောရင်လဲ ဒီနိုင်ငံသားတွေလောက် အမှားအမှန်ခွဲခြားတတ်တာ၊ သတ္တိရှိတာ ကမ္ဘာမှာရှားတယ်။ ဒီတခါ နအဖရဲ့ ဆန္ဒခံယူပွဲဟာ နအဖဖက်ကစတဲ့ ထိုးစစ်ဖြစ်တာမှန်ပေမယ့် ဒီလိုပြည်သူလူထုနဲ့ရင်ဆိုင်ရတာမို့ သတို့တတွေ ကသောင်းကနင်း၊ မရှက်နိုင်၊ မကြောက်နိုင် လုပ်ကိုင်နေကြတာဖြစ်တယ်။ စိုးရိမ်နေ၊ ကြောက်ရွံ့နေတာဟာ သူတို့ပဲဖြစ်တယ်။
ဒီလိုအခါမှာ နအဖက နည်းမျိုးစုံနဲ့ညစ်မှာမို့ သူတို့နိုင်မှာပဲလို့ တွေးပူနေစရာ မလိုဘူး။ သူတို့ မုချဒီလိုလုပ်မှာပဲ။ သူတို့က ထိုးစစ်ဆင်လာတာကို ရင်ဆိုင်တဲ့ပြည်သူတွေအဖို့ ကိုယ့်ဖက်က အကျအဆုံးနည်းနည်းနဲ့ သူတို့ကို နိုင်ငံရေးအရ ထိထိရောက်ရောက် ထိုးနှက်နိုင်ရင်၊ နောက်ပြီး သူတို့တွင်းမကျေလည်မှုတွေ ပိုများပြားစေနိုင်တယ်ဆိုရင် ဒီတိုက်ပွဲဟာ နိုင်ပြီပဲ။ ဒါ့အပြင် အခြေအနေပေးရင် ဒီထက်ကြီးမားတဲ့အောင်ပွဲတွေတောင် ရနိုင်သေးတယ်။ ကိုယ့်ဖက်က လောဘကြီးလို့ မဖြစ်ဘူး။ သူ့အမှားတွေ များသထက်များလာအောင် ဖန်တီးရမယ်။ ကိုယ့်အတွက် တပ်လေ့ကျင့်ရေးတခုလို သဘောထားသင့်တယ်။ ပြည်သူတွေအဖို့ ဒီတခါဟာ တိုက်ပွဲနည်းမျိုးပေါင်းစုံကို တိုက်နိုင်၊ တိုက်တတ်အောင်လေ့ကျင့်ဖို့ အခွင့်အလမ်းကောင်းတခုပါ။ ဒီတိုက်ပွဲပြီးသွားတဲ့နောက်မှာ လူထုကြီးဟာ ကြောက်သွားတာ မဖြစ်ဘို့နဲ့ သူ့အကြပ်အတည်းက ကိုယ့်အကြပ်အတည်းဖြစ်မသွားဘို့ပဲ အရေးကြီးတယ်။
နအဖစစ်အုပ်စုကို ခြေလှမ်းရှိရှိနဲ့ တလုပ်ချင်းဝါးစားသွားမယ့် သဘောထားချမှတ်ထားရမယ်။
ဗသြ
Posted by ရွှေဥသြ at 09:48 0 comments
Labels: ဆောင်းပါး
တိုင်းရင်းသားပြည်သူများသို့တိုက်တွန်းချက်
ကျွန်ုပ်တို့စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးပါတီများက အလေးအနက် တိုက်တွန်းအပ်ပါသည်။
၁။ ၂၀၀၈-ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင်ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲသည် မြန်မာ့နိုင်ငံရေး
အခင်းအကျင်းကို ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေး တစ်ရပ်အဖြစ် ရှုမြင်သဘောပေါက်ကာ မိမိတို့၏ဆန္ဒအစစ်အမှန်ကို ရဲဝံ့ပြတ်သားစွာ ဖော်ထုတ်ပြသကြပါရန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ - ခုနှစ်၊ ဧပြီလ (၂) ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ပြည်သူသို့ပန်ကြားချက်နှင့် လုပ်ဆောင်ရမည့် အချက်များပါကိစ္စရပ်များကိုလည်း တခဲတနက်ပူးပေါင်း ပါဝင်ဆောင်ရွက် ကြပါရန် တိုက်တွန်း အပ်ပါသည်။
၂။ ယခုဆန္ဒခံယူမည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသည် ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲထားခြင်းမဟုတ်၊ စစ်တပ်က အဓိကအာဏာအရပ်ရပ် ကို ချုပ်ကိုင်ထားမည့် ဗဟိုကချုပ်ကိုင်သော အစိုးရပုံစံသာဖြစ်ပြီး ဒီမိုကရေစီအနှစ်သာရပြည့်ဝသည့် စစ်မှန်သော ပြည်ထောင်စုကိုလည်း မဖော်ဆောင်နိုင်။ သို့ဖြစ်ပါ၍ ပြည်သူလူထုသည် ၄င်းတို့နှင့် ထိုက်တန်သော အစိုးရကိုသာရရှိသည်ဆိုသည့် နိုင်ငံရေး အဆိုအမိန့်အရ နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိရှိသူတိုင်းက မိမိတို့၏ ဆန္ဒမဲတစ်ပြားစီဖြင့် မြန်မာနိုင်ငံတော်ကို လမ်းကြောင်းမှန်ပေါ်သို့ ပို့ ဆောင်ကာ သမိုင်းမှတ်ကျောက်တင်ကြပါရန် ထပ်မံတိုက်တွန်းအပ် ပါသည်။
၃။ မြန်မာ့အရေးကို ကမ္ဘာတစ်ဝန်းလုံးက အာရုံစိုက်စောင့်ကြည့်ကြမည်ဖြစ်ပါ၍ မိမိတို့၏ ဆန္ဒအမှန်ကိုထုတ်ဖော်ခြင်းကြောင့် ဘေးအန္တရာယ်ကြုံတွေ့ မည်ကို စိုးရွံ့ရန်မလို။ စိုးရွံ့မှုကြောင့်ဆန္ဒအမှန်ကို မျိုသိပ်ခြင်း၊ မဲရုံသို့သွားရန် ပျက်ကွက်ခြင်း၊ ကြားနေခြင်းတို့သည် ရလဒ်ဆိုးများကို သွယ်ဝိုက်ထောက်ခံရာ ရောက်မည်ဖြစ်ပြီး ပိုမိုဆိုးရွားခါးသီးသော အနာဂတ်နှင့် ရင်ဆိုင်ရလိမ့်မည်ကို အထူးသတိချပ်ရန်လည်း တိုက်တွန်းအပ်ပါသည်။
၎။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၈ - ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေအခန်း (၈)၊ ပုဒ်မ (၂၂)၊ ပိုဒ်ခွဲ (က)၊ အငယ် (၁) အရ မဲရုံပိတ်ပြီးသည်နှင့် တပြိုင်နက် (၁၀) ဦးထက်မနည်း သော ဆန္ဒမဲပေးခွင့်ရှိသူတို့၏ ရှေ့ မှောက်တွင် ဆန္ဒမဲများကိုရေတွက်ရမည်ဟု ဖော်ပြထားပါ၍ ပြည်သူတို့အနေဖြင့် မဲရုံဖွင့်ချိန်နှင့် ဆန္ဒမဲရေ တွက်ချိန်တွင် ပူးပေါင်းပါဝင် စောင့်ကြည့်ကြပါရန်လည်း အလေးအနက်တိုက် တွန်းအပ်ပါသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)
ဇိုမီးအမျိုးသားကွန်ဂရက် (ZNC)
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)
ကရင်အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD)
ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD)
ကယားပြည်နယ်လူမျိုးပေါင်းစုံဒီမိုကရေစီအဖွဲ့ချုပ် (KSANLD)
ကယန်းအမျိုးသားညီဍွတ်ရေးနှင့်ဒီမိုကရေစီအဖွဲ့ (DOKNU)
မရာပြည်သူ့ပါတီ (MPP)
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)
ရခိုင်ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (APDF)
ရက်စွဲ။ ။ ၂၀၀၈-ခုနှစ်၊ ဧပြီလ (၃၀)ရက်
ရန်ကုန်မြို့။
Posted by ရွှေဥသြ at 09:42 0 comments
Tuesday, 29 April 2008
တိုင်းပြည်ရဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးတဲ့ကာလရောက်တော့မယ်
တိုင်းပြည်တပြည်မှာ နိုင်ငံရေးအကြပ်အတည်း။ ဒါမှမဟုတ်ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးကြုံလာ ရရင် ဆေးမြီးတိုကအစ တဘောင်ပေး။ နတ်လမ်းညွှန်ပေးတာတွေ။
တိုင်းပြည်တပြည်မှာ နိုင်ငံရေးအကြပ်အတည်း။ ဒါမှမဟုတ်ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးကြုံလာ ရရင် ဆေးမြီးတိုကအစ တဘောင်ပေး။ နတ်လမ်းညွှန်ပေးတာတွေ။ ရွှေငုံးမင်းအမြီးမျှော်သလို မျှော်ခိုင်းတာစတာတွေ ဟိုက ဒီကပေါ်လာတတ်ပါတယ်၊ ပုံမှန်အခြေအနေမှာ နိုင်ငံရေးစကားပြောနေသူ မဟုတ်သူတွေတောင် ဒီလိုအခါမှာ ခုန်ထွက်လာ တတ်ပါတယ်၊ ဒါမဆန်းပါဘူး၊ တကမ္ဘာလုံးမှာ ဖြစ်တတ်တာပါပဲ၊
ဒါပေမဲ့ အဲဒီလိုသဘောတရားတွေ ထုတ်လာသူတွေဟာ ဘယ်လိုသဘောထားနဲ့ ပေးတယ်ဆိုတာကိုတော့ သေချာ စိစစ်ဖို့လိုပါတယ်၊ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာရှိသူတွေပါတတ်သလို တချို့ကတော့ ဒီတကွေ့မှာဖြင့်ငါ့အ ကွက်ပေါ်ပြီလို့ယူဆပြီး ထွက်လာတာပါ၊ ငါ့အကွက်ဆိုတာမှာ အတိုက်အခံနိုင်ငံရေးလောကမှာဆိုရင် ခေါင်းဆောင်ဖြစ်ဖို့။ ထင် ပေါ်ကျော်စောဖို့။ အလိုတော်ရိလောကမှာဆိုရင် ငါမျက်နှာရအောင်လုပ်ဖို့။ ရာထူးနေရာရဖို့။ စတာမျိုးတွေပါတတ်ပါတယ်၊ စစ် အစိုးရကိုဆန့်ကျင်ရတဲ့ ဒီမိုကရေစီတိုက်ပွဲသက်တမ်း ရှည်ကြာလာတာနဲ့အမျှ ဒီလိုထူးထူးဆန်းဆန်း အယူအဆတွေတွေ့လာ ရပါတယ်၊ တချို့ဆိုရင်အနောက်တိုင်းက စာအုပ်တွေထဲမှာပါတာတွေကို ကိုယ့်နိုင်ငံအခြေအနေနဲ့ သင့်တော်သည်။ မသင့် တော်သည်မစဉ်းစားပဲ အတင်းဆွဲယူပြီး သဘောတရားဖန်တီးကြတာ တွေ့ရပါတယ်၊ ဖိနပ်မတော်ရင် ဖနောင့်ဖြတ်မယ့် သဘောပါ၊
ဗမာပြည်ရဲ့ လက်ရှိအနေအထားမျိုးမှာ အာဏာရလူတန်းစားဟာ “ခွင်လုံးကျွတ်နိုင်ချင်နေသမျှ”။ ဒါမှမဟုတ် “ခွင် လုံးကျွတ် အနိုင်ယူဖို့ပဲတွေးခေါ် လုပ်ဆောင်နေသမျှ” ဘယ်တော့မှ နှစ်ဖက်အနိုင်ရရှိတဲ့ “Win - Win ဖြေရှင်းနည်း” ဖြစ်ပေါ် မ လာနိုင်ပါဘူး၊ “Win - Win ဖြေရှင်းနည်း” ဆိုတာဟာ နှစ်ဖက်စလုံးကသဘောရိုးနဲ့။ အဖြေကောင်းရလိုတဲ့ ဆန္ဒအစပြုချက်နဲ့ ဆွေးနွေးကြမှရတာပါ၊ အာဏာရလူတန်းစားက “သူ့ဘက်က အနိုင်ရနေတယ်” လို့ထင်နေသမျှ “ဂိမ်းသီဝရီ” ဆိုတာအလုပ်မ ဖြစ်နိုင်ပါဘူး၊ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ရန်သူဟာ ဘယ်လိုလူလဲဆိုတာကို အကဲဖြတ်တာမှာကိုပဲ ပြဿနာ ရှိနေပါတယ်၊ စစ်ဗိုလ်ချုပ်တွေကို ပန်းပန်။ သနပ်ခါးလိမ်းပေးနေပြီး ဒီချုပ်ကိုအိုးမည်းသုပ်ဖို့ ကြိုးစားနေတာတွေလည်း တွေ့ရ ပါတယ်၊ ကိုယ့်ဖက်ကသူ့ကိုကြည့်ရင်တမျိုး။ သူ့ဖက်က ကိုယ့်ကိုကြည့်ရင် တမျိုးဆိုတာမဆန်းပါဘူး၊ ဒါပေမဲ့ဘယ်ဖက် မှာရပ် တယ်ဆိုတဲ့ကိစ္စကိုတော့ ပြောရပါမယ်၊
ဒီနေ့ဗမာပြည်ကြုံတွေ့နေရတဲ့ အကြပ်အတည်းဟာ လက်နက်ကိုင်ထားတဲ့ အာဏာရလူတန်းစားက အာဏာကို ပြည်သူက ရွေးကောက်တင်မြှောက်သူတွေလက်ထဲ လွှဲပြောင်းဖို့မပြောနဲ့ တဖဲ့တစတောင် ခွဲမပေးချင်လို့ဖြစ်ပါတယ်၊ တချို့ သော ကိုယ့်ကိုယ်ကို နိုင်ငံရေးပရောဟိတ်လို့ သတ်မှတ်ယူဆနေသူတွေပြောသလို အတိုက်အခံတွေဖက်က။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီဖက်က အလျှော့မပေးလို့။ တင်းခံနေလို့လုံးဝမဟုတ်ပါဘူး၊
ဒါကြားထဲကပဲ “ကိုယ်ကလျှော့ပေးရင် သူကလည်းလျှော့ပေးလာမယ်” ဆိုတဲ့ အံ့သြစရာစဉ်းစားတွေးခေါ်နည်းတွေ တောင် ကြားရ ဖတ်ရပါတယ်၊ သူတို့ဟာ နအဖကိုဖားချင်လွန်းတာလား။ နုံအလွန်းတာလား စဉ်းစားစရာဖြစ်နေပါတယ်၊ ဒီ ထက်ဒီသာဆက်ပြီး အလျှော့ပေးရမယ်ဆိုရင်တော့ ခါးပါပါယုံမက “ကျားရှေ့ခံတွင်းရှေ့မှာ ကိုယ်ကိုစင်းပေး” တာပဲဖြစ်မှာ တော့မှာပါ၊
ဒီအတွေးအခေါ်တွေနဲ့ တဆက်ထဲတချို့က ဗမာပြည်ရဲ့ “ပြည်တွင်းစစ်သမိုင်းကိုလည်း သူတို့ဖြစ်စေချင်သလိုဆွဲ တွေး။ ဆွဲရေးနေတာတွေ ပေါ်လာနေပါတယ်၊ နအဖပေးထားတဲ့ဒီမိုကရေစီဟာ သူတို့ရဲ့အဲဒီလိုရေးသားမှုတွေအတွက်တော့ တကယ့်ကို အံကိုက်ပါ၊ ပြန်စဉ်းစားကြည့်ပါ၊ စေ့စပ်ဆွေးနွေးပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည် ထောင်ဖို့ ဗကပက ၁၉၅၅ခုနှစ်မှာ ကမ်းလှမ်းတုန်းက ‘စစ်အုပ်စု’ဟာ တပ်မတော်ရဲ့တစိတ်တပိုင်းမှာပဲ ဘန်ကာတူး။ အခြေ စိုက်နေရတုန်းပဲဖြစ်ပါတယ်၊ ‘မဆလ ဆိုရှယ်လစ်အတွေးအခေါ်’ ဆိုတာကို စတင်ပြီးတော့ ကြံဆနေရတုန်းဖြစ်မှာပါ၊ စစ်အုပ်စု အပိုင်စီးထားတဲ့ ‘စိတ်ဓာတ်စစ်ဆင်ရေးဌာန’ ကို အသုံးပြုပြီး ‘ခေတ်ရေး’ စာစောင်ကလေးတွေ ထုတ်နေပြီး တပ်ကို တလက် ကိုင်ဖြစ်အောင် ဿကိးစားစည်းရုံးနေတုန်းဖြစ်ပါတယ်၊ (အဲဒီ ‘ခေတ်ရေး’ စာစောင်ကလေးတွေကို ပြန်လည်လေ့လာကြည့်ရင် ရှင်းပါလိမ့်မယ်၊ သောင်းနဲ့ချီရိုက်ပြီး အလကားဝေခဲ့တာမို့ အခုရှာရင် ရနိုင်ပါသေးတယ်၊) ဒါကြောင့်အဲဒီတုန်းကတည်းက ‘ဖဆပလ အစိုးရ’ ရဲ့ တရားဝင်ပေါ်လစီ’ နဲ့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ ရဲ့ ပေါ်လစီဟာ အတိအလင်းကွဲပြားနေတာကိုလည်း တွေ့ကြရမှာပါ၊ စစ်တပ်ဟာဦးနုကို မျက်လုံးထဲတောင်မထားပါဘူး၊
ဗကပထဲမှာလည်း အဲဒီတုန်းကတည်းက ကိုယ့်ဘက်ကလျှော့ပေးလိုက်ရင် သူ့ဘက်ကလည်း လျှော့ပေးလိမ့်မယ် ဆိုတဲ့ အတွေးအခေါ်ကို စစ်တမ်းတွေ ပလူပျံအောင်ရေးပြီး ဖြန့်နေကြတာပါ၊ အလွယ်ဆုံးဥပမာပြရရင် “ချမ်းအေးစစ်တမ်း” ပါ၊ ဒါကတခုပဲဖြစ်ပါတယ်၊ တခြားစစ်တမ်းတွေလည်းရှိပါသေးတယ်၊ ဒါပေမဲ့ အဲဒါတွေအားလုံးမှာ အခြေခံအတွေးအခေါ်ကတော့ တခုတည်းပါ၊ အဲဒါက “ကိုယ့်ဘက်ကလျှော့ပေးမှ သူ့ဘက်ကလျှော့လာမယ်” ဆိုတဲ့အတွေးအခေါ်ဖြစ်ပါတယ်၊ အဲဒီအယူ အဆရှင်တချို့က “ဆုတ်မယ့်ဆုတ် ကတုတ်ထိအောင်ဆုတ်ရမယ်” လို့ပြောပြီး လက်နက်ချ အညံ့ခံဖို့ပြောကြပါတယ်၊ သူတို့ မစဉ်းစားမိတာက “ခွင်လုံးကျွတ် အနိုင်ယူ ချင်သူဟာ လျှော့ပေးရင် ကမ်းတက်တတ်တယ်” ဆိုတာပါပဲ၊
“ဒီမိုကရေစီကို လက်နက်နဲ့လဲ” လို့မရခဲ့တာကိုတော့ “ပြည်သူ့ရဲဘော်” တွေ “အလံနီ” တွေရဲ့ ဖြစ်ရပ်ကသက်သေပြခဲ့ပါပြီ၊
“ဒီမိုကရေစီကို ‘မဲပြား’ နဲ့ရအောင်လုပ်ရင်ရမယ်၊ ‘အကြမ်းမဖက်ရေး’ နဲ့ လုပ်ရင်ရမယ်ထင်တဲ့ ‘ထင်ယောင်မှားမှု’ ကိုတော့ ပထစ နဲ့ ဒီချုပ် အတွေ့အကြုံတွေက ပြသွားခဲ့ပြီမဟုတ်ပါလား၊ အခုတော့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ မှာ အောက်သက်ကျေခဲ့တဲ့ ဗိုလ်သန်းရွှေက “တရားခံအဖြစ်ခံပြီး” အခြေခံဥပဒေ ရေးဆွဲလိုက်ပါပြီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နောက်ဆုံးလက်သီး ချက်သွင်းတဲ့ coup de grace အဆင့်ကို ရောက်နေပြီ၊ စစ်အုပ်စုဟာ ‘စစ်တပ်နဲ့အာဏာသိမ်း’ coup deta နဲ့ စခဲ့ပြီး coup de grace နဲ့ စစ်အုပ်စုမင်းဆက်ကို ထူထောင်ချင်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်၊ ဒိထက်ထပ်လျှော့ရင်ဘာဖြစ်မလဲ၊ ပြားပြား ၀ပ်တဲ့ဘ၀ပဲရောက်မှာပါ၊ အညွန့်တုံးတဲ့ဘ၀ပဲ ရောက်မှာပါ၊
၂၀၀၈ခုနှစ်ကနေ ၂၀၁၀ခုနှစ်။ ဒီ၂နှစ်အတွင်းမှာအဖြစ်အပျက်တွေဟာ ဗမာပြည်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပါလိမ့်မယ်၊ ဘာဖြစ်မလဲ၊ အကောင်းလား။ အဆိုးလားတွေ့ရတော့မှာပါ၊ ကြာကြာစောင့်ရမယ် မထင်ပါဘူး၊ တွေဝေနေရင် တသက်တာလုံး ခံရပါလိမ့်မယ်၊
ဖဆပလ - ပထစ - မဆလ တို့ရဲ့ဇာတ်သိမ်းမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မသိမ်းရလေအောင် ကျွန်တော်တို့တတွေအားလုံး ကြိုးစားကြရပါမယ်၊ ဒါဟာ နောက်မြီးဆွဲလုပ်တာမဟုတ်ပါဘူး၊ သမိုင်းတခေတ်မှာရင်ဆိုင်ရတဲ့ အခြေအနေမှာ ကိုယ့်ကျတဲ့အခန်းကနေ ၀င်ပါတာဖြစ်ပါတယ်၊
တကယ်တော့ဗမာပြည်ရဲ့အဖြစ်ဟာ ဖွတ်မိကျောင်းဖြစ်လာလို့ ဖွတ်ကျောပြာစုဘ၀ရောက်ရတာပါ၊ ၁၉၅၅ခုနှစ် လောက်တုန်းက စစ်အုပ်စုဟာ အိမ်မြှောင်အဖြစ်ကနေ ပြည်တွင်းစစ်ကြောင့် ကြီးထွားလာတဲ့ ‘ဖွတ်ဘ၀’ ပဲရှိပါသေးတယ်၊ ဒီလိုနဲ့ ၁၉၅၈ခုနှစ်မှာ ဖဆပလကွဲတော့ တဆင့်တက်လာပါတယ်၊ စစ်အုပ်စုဟာ ‘နိုင်ငံတော်အာဏာပိုင်’ အဖြစ် ယာယီဖြစ်လာ ပါတယ်၊ အာဏာရဲ့အရသာကို လျှာနဲ့လျက်ခွင့်ရလိုက်ပါတယ်၊ နေသေးသပခြုံထဲက။ ချိုသွေးသပတမြမြလုပ်နေပါတယ်၊
ဗိုလ်နေ၀င်းနဲ့သူ့တပ်မှူးတွေဟာ ၁၉၅၈ခုနှစ်မှာ သူတို့ကို “အာဏာလွှဲပေးခဲ့တဲ့” ဦးနုရဲ့ပထစအစိုးရကို ခဏစောင့်ကြည့်ပြီး ၁၉၆၂ ခုနှစ်မှာကျတော့ သူတို့အာဏာသိမ်းရင် ပထစတွေ လွန်ဆန်နိုင်မှာမဟုတ်ဘူးလို့ တွက်မိပြီး တဆင့်တက်လိုက်တာပါပဲ၊ အာဏာကို အပြီးအပိုင်သိမ်းလိုက်တာပါ၊ ကမ္ဘာတည်သရွေ့အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ‘မဆလအလံ’ ကိုလည်း အတိအလင်းထူပြ လိုက်ပါတယ်၊
၁၉၈၈ မှာ စစ်အုပ်စုဟာမျိုးဆက်သစ်ကို အာဏာအမွေလွှဲပေးပါတယ်၊ ရှစ်လေးလုံးတိုက်ပွဲကြီးကြောင့် ဗိုလ်နေ၀င်းပန်းပေး သွားတာပါ၊ ၁၉၈၈ခုနှစ်ကနေ အခု၂၀၀၈ခုနှစ် အထိမှာတော့ အာဏာကိုလဲလွှဲမပေး။ စစ်တန်းလျားကိုလည်းမပြန်တော့ပါဘူး၊ နေပြည် တော်အသစ် ထူထောင်ပြီး အာဏာကိုရာသက်ပန် သိမ်းထားမယ်ဖြစ်နေပါပြီ၊ အခုဗမာပြည်သူတွေရင်ဆိုင်နေရတာဟာ အာဏာကို တရားဝင်ရာသက်ပိုင်ဆုပ်ကိုင်ထားဖို့အတွက် ဥပဒေပြုနေတာနဲ့ စစ်အင်အားတည်ဆောက်နေတဲ့ အနေအထားဖြစ်ပါတယ်၊
၂၀၀၀ခုနှစ် ၀င်လာကတည်းက နိုင်ငံတကာ့အခြေအနေကလည်း တစတစပြောင်းလာလိုက်တာ အခုတော့ ဗမာပြည်ဟာ အင်အားကြီးတွေရဲ့ကြားမှာ ကစားစရာဖြစ်နေပါပြီ၊ ကုလသမဂ္ဂကိုပြေးတိုင်လိုက်။ ကုလသမဂ္ဂကိုရန်ထောင်လိုက်နဲ့ လူရီစရာတွေ ဖြစ်လာပါလိမ့်မယ်၊ ပြည်ပမှာသူများတွေက အမှိုက်လှည်းကြီးလို့ ထင်စရာဖြစ်လာနေချိန်မှာ ပြည်တွင်းမှာကျတော့ ဖွတ်ကမိကျောင်း ဖြစ်တာကြာပြီဖြစ်တဲ့အတွက် မြစ်ပြင်တခုလုံး မချမ်းသာရုံမက မြစ်ပြင်တခုလုံး မီးဟုန်းဟုန်းတောက်မယ့် အခြေအနေဆိုက်နေပါပြီ၊
နိုင်ငံရေးဘ၀မှာ ဇာတ်ဆရာမရှိပါဘူး၊ ကိုယ်တိုင်ပါဝင် ကကြရတာပါ၊ လူတိုင်း။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်နဲ့ နိုင်ငံရေးသမားတိုင်းဟာ ပွဲကြည့်တွေမဟုတ်ပါဘူး၊ ကိုယ်တိုင်ကပြနေကြတာပါ၊ ဘာမှမလုပ်ပဲထိုင်နေရင် အဲဒါလည်းသရုပ်ဆောင်နေတာပဲ ဖြစ်တယ်ဆိုတာကို မမေ့ဖို့ပါပဲ၊
ရဲဘော်ဖိုးသံချောင်း
Posted by ရွှေဥသြ at 07:52 0 comments
Labels: ဆောင်းပါး
စေ့စပ်ဆွေးနွေးပွဲ နဲ့ စကားပြောပွဲ
ဒီနေ့ဗမာပြည်မှာ ဖေဖော်ဝါရီလထဲမှာ ထုတ်ပြန်လိုက်တဲ့ ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ တို့ရဲ့ဂယက်တွေ အပြင်းအထန်ရိုက် ခတ်နေပါတယ်။ အဲဒါကတော့ နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့
“စကားပြော” နေတဲ့အကြားက သူတို့ရဲ့ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ ကိုအတည်ပြုဖို့နဲ့ ရွေးကောက်ပွဲအစီအစဉ်တို့ကို အတင်းတင်ပြလာတာဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့နအဖတို့ “စကားပြော” တာရဲ့အဖြေလား၊ နောက်ဆက်တွဲလား၊ စဉ်းစားစရာဖြစ်ပါတယ်။ အဲဒီ “စကားပြောပွဲ” ဟာ ဘာဖြစ်သွားပြီလဲ၊ ဆက်ပြီး ပြောခိုင်း ထားအုန်းမှာလား၊ မေးစရာတွေလည်းပေါ်လာပါတယ်။
တကယ်တော့ ဒီစကားပြောပွဲဟာစံကျတဲ့ စစ်အုပ်စုပုံစ စကားပြောပွဲတခုသာဖြစ်ပါတယ်။
ဒီလိုဆိုတော့ စကားပြောပွဲဆိုတာနဲ့ စေ့စပ်ဆွေးနွေးပွဲဆိုတာတို့ရဲ့ ခြားနားချက်ကိုပြောဖို့လိုလာပါတယ်။ စေ့စပ်ဆွေး နွေးတယ်ဆိုတာဟာ နှစ်ဖက်ကွဲလွဲနေတာတွေကို ဖြေရှင်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ရှိရှိ စကားပြောကြတာဖြစ် ပါတယ်။ စကားပြောပွဲ ဆိုတာကတော့ ဘာဘောင်မှခတ်မထားတဲ့၊ တနည်းပြောရရင် ဦးတည်ချက်မထားပဲ ပြောရင်လည်း ပြောလို့ရတဲ့စကားပြောခြင်းတရပ် ဖြစ်ပါတယ်။ န၀တ - နအဖရဲ့သက်တမ်းတလျှောက်မှာ စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ စကား မပြောနဲ့ စာပွဲဝိုင်းမှာထိုင်တယ်ဆိုတဲ့ စကားမျိုးကိုတောင် မသုံးဘူးဆိုတာသတိပြုမိပါတယ်။ သူတို့တတွေ ငြိမ်းအဖွဲ့တွေနဲ့ တွေ့ ဆုံတာတွေမှာတောင် ဒီလိုအသုံးအနှုန်းတွေ မသုံးတဲ့ပါဘူး။
တကယ်ကျတော့ စစ်အုပ်စုတိုင်းလိုလိုပဲ ‘စေ့စပ်ဆွေးနွေးရေး’ ကို ယတိပြတ်ငြင်းပယ်လေ့ ရှိပါတယ်။ သူတို့ဟာ ‘သ ရေပွဲ’ ဆံတဲ့အဖြေမျိုးကို လက်ခံနိုင်စွမ်းမရှိပါဘူး။ သူတို့က ‘နိုင်ရမှ’ ကြိုက်ပါတယ်။ ‘နိုင်’ ပြီးပြီဆိုတော့မှ ဘယ်၍ ဘယ်သို့သော စည်းကမ်းချက်တွေနဲ့ အညံ့ခံပါ၊ လက်နက်ချပါ၊ အဲဒီကျမှ နိုင်သူနဲ့ရှုံးသူ ‘စကားပြောပွဲ’ လုပ်ကြမယ်လို့ ပြောလေ့ရှိတာဟာ သူ တို့ရဲ့ဝသီပါ။ ထုံးစံပါ။ ဒါဟာစစ်ဗိုလ်ချုပ်ရဲ့ အတွေးအခေါ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စဉ်းစားမှုခြားနားချက်လို့ ပြောရင်ရ မယ်ထင်ပါတယ်။
စစ်ဗိုလ်တွေရဲ့ ဒီလိုအတွေးအခေါ်ကို ကမ္ဘာ့စစ်ပွဲ (၂) ခုမှာလည်းတွေ့ခဲ့ကြရပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲမှာ ဂျပန်ကို အဲဒီနည်းနဲ့ လက်နက်ချခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ကတင်းခံနေတော့ မနိုင်နိုင်တဲ့နည်းနဲ့ ‘အနုမြူဗုံးကြဲချခဲ့တာပါပဲ။ ကိုးရီးယား စစ်ပွဲ (၁၉၅၀ - ၅၃ ခုနှစ်) မှာကျတော့လည်း စစ်ဗိုလ်တွေက (အမေရိကန်က မက်အာသာက) စစ်ပွဲကြာလာတာနဲ့အမျှ သူတို့ ဖက်က အကျအဆုံးများလာလို့ အနိုင်အရှုံးပြတ်ဖို့ အနုမြူဗုံးကိုသုံးချင်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးခေါင်းဆောင်ဖြစ်နေတဲ့ သမ္မတထရူးမင်းက မက်အာသာကို ‘ကိုယ်အာဏာမပိုင်တဲ့ ပေါ်လစီကိုထုတ်ပြန်ခဲ့မှု’ နဲ့ ကိုးရီးယားစစ်မြေပြင်တပ်မှူး အဖြစ်က ဖြုတ်ပစ်ခဲ့ရပါတယ်။ (တကယ်တော့ ထရူးမင်းဟာ ဂျပန်မှာအနုမြူဗုံးကြဲဖို့ အမိန့်ပေးခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက် မှာ အနုမြူဗုံးမရှိပါဘူး။ ဂျပန်ကို နာလန်မထူနိုင်အောင် အနုမြူဗုံးကြဲပြလိုက်တော့ ဆိုဗီယက်ကိုလည်း ခြောက်လှန့်ပြီးဖြစ်သွား လို့အကျိုး (၂) ခုရလိုက်ပါတယ်။ ကိုးရီးယားစစ်ပွဲမှာ တရုတ်ပြည်အပေါ် အနုမြူဗုံးကြဲမိရင် ဆိုဗီယက်က၀င်ပါရလိမ့်မယ်။ ဆိုဗီယက်မှာက အနုမြူဗုံးရှိနေပါပြီ။ ကမ္ဘာဖျက်စစ်ပွဲကြီး ဖြစ်တော့မှာသေချာသလောက်ပါ။ ဒါကြောင့် အရမ်းပြောအရမ်းလုပ် မယ့်စစ်ဗိုလ် မက်အာသာကိုအိမ်ဖြူတော်က ဖြုတ်လိုက်ရတာပါပဲ။ ဒီလိုနဲ့ သမ္မတအိုက်ဆင်ဟောင်ဝါ လက်ထက်မှာကျမှ နှစ် ဖက်စလုံးက ‘သရေပွဲ’ အဖြစ် အသိအမှတ်ပြုပြီး စစ်ကိုရပ်လိုက်တာ ဖြစ်ပါတယ်။ ကိုရီးယားစစ်ပွဲဟာ နိုင်ငံရေးနည်းနဲ့ ရှင်းမှပြီး သွားတာပါ။
ဗီယက်နမ်စစ်ပွဲမှာလည်း ဒီလိုပြသနာကြုံခဲ့ဖူးပါတယ်။ အမေရိကန်ဟာ စစ်ကိုနိုင်အောင် တိုက်နိုင်မယ်ထင်လို့ ပဲရစ် ဆွေးနွေး ပွဲတွေကိုဟန်ဆောင်လောာက်လုပ်ပြီး အချိန်ဆွဲနေခဲ့တာပါ။ ဒါပေမဲ့ စစ်ပွဲဟာ သူတို့ထင်သလိုဖြစ်ပေါ်မလာပဲ ဗြုံးဆိုအကွေ့အချိုးတခုကို ရောက်သွားပြီး အမေရိကန်တွေ အကုန်ထွက်ပြေးရတာဖြစ်ပါတယ်။ စစ်တိုက်နေတဲ့ စစ်ဗိုလ်တွေက နိုင်ရမှဿကိက်ပါတယ်။ အရှုံးအနိုင်ပြတ်ပြီးမှ စကားပြောချင်ပါတယ်။ သေနတ်နဲ့ပြောပြီးးမှ ပါးစပ်နဲ့ပြောချင်ကြတာပါ။ တကယ်တော့ ဗမာပြည်အရေးနဲ့ပတ်သက်လို့ ‘သရေပွဲ’ ထားဖို့ဆိုတဲ့ နိုင်ငံရေးနည်းနာဟာ အသစ်အဆန်းမဟုတ်ပါဘူး။ သခင် ကိုယ်တော်မှိုင်းရဲ့ ‘သူမနာကိုယ်မနာ သင်ပုန်းချေရေး’ နည်းဟာ ‘သရေပွဲ’ အဖြစ် လက်ခံတဲ့နည်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒါကို ဖဆပလအစိုးရနဲ့ စစ်ဗိုလ်တွေက “အဖိုးကြီးဟာ သူပုန်တွေအတွက်ရှေ့နေလုပ်တယ်” လို့ ပစ်ပစ်ခါခါပြောပြီး အပြုတ်တိုက် ရေးကို လုပ်ကြတာနဲ့ ပြည်တွင်းစစ်ကြီးဒီနေ့အထိမပြီးမပြတ်ဖြစ်နေရတာပါပဲ။
မဆလခေတ်မှာ ဒေါက်တာမောင်မောင်ဟာ ဗိုလ်နေ၀င်းရဲ့ ရုပ်သေးရုပ်တရုပ်သက်သက်ဖြစ်ပါတယ်။ သူအာဏာရ လိုက်တဲ့ ရက်ပိုင်းလေးအတွင်းမှာပြောခဲ့တာဟာ ‘စေ့စပ်ဆွေးနွေးပွဲ’ ခေါ်တာမဟုတ်ပါဘူး။ ‘စကားပြောပွဲ’ နည်းနဲ့ အချိန်ဆွဲချင် တာပါ။ ဒါကို ဘယ်သူကမှ ၀မ်းမပါးခဲ့ဘူးဆိုတာ အဲဒီကာလဖြတ်သန်းဖူးသူတိုင်းမှတ်မိကြပါတယ်။ သူက အပျော့ဆွဲဆွဲပြီး “လူ ထုအုံကြွမှု” ကို ရပ်ပေးအောင် လှည့်စားတာဖြစ်ပါတယ်။ ကြောင်ချေးပရိယာယ်ပါ။ သူ့စကားထဲမှာ တကသ အဆောက်အဦ ကြီးကိုသူတို့ခေါင်းဆောင်မှုနဲ့ ပြန်ဆောက်ကြဖို့ဆိုတာတောင် ပါသေးတာပဲ။ ဒီစကားမျိုးကို ဗိုလ်နေ၀င်းက အပြောမခိုင်းရင် ဒေါက်တာ (ဗိုလ်) မောင်မောင် ကပြောဝံ့ပါ့မလား။”
နိုင်ငံရေးမှာ ရိုးအထုံထိုင်းနေသူ နာတတ်ပါတယ်။ ဒေါက်တာ (ဗိုလ်) မောင်မောင်ရဲ့ စကားတွေထဲမှာ ကွယ်ဝှက် ထားတဲ့ အဓိပ္ပာယ်တွေ အများကြီးပါနေတာကို သတိပြုသင့်ပါတယ်။
‘အသံတိတ်နေတဲ့အများစုကြီး’ ဆိုတဲ့စကားရဲ့အဓိပ္ပာယ်။
‘တကသ အဆောက်အဦကို ပျော်ပျော်ပါးပါး ပြန်ဆောက်ကြပါစို့’ (ထင်ပါရဲ့) ဆိုတာရဲ့အဓိပ္ပာယ်။
‘၁၉၇၄ (မဆလ) အခြေခံဥပဒေ’ ကို ပြုပြင်သင့်တာပြင်ဖို့ဆိုတဲ့ အဓိပ္ပာယ် စသဖြင့် စကားတိုင်းရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကို တွေ့အောင်ကြည့်တတ်ရပါမယ်။
အလားတူပဲ ဗိုလ်သန်းရွှေတို့က ‘စကားပြောတယ်’ ဆိုတာရဲ့ နောက်ကွယ်မှာ ဖုံးဝှက်ထားတဲ့အဓိပ္ပာယ်ကိုလည်း ကျွန်တော်တို့ ထိုးထွင်းကြည်တတ်ဖို့လိုပါတယ်။ ကျွေးရင်ကျွေးတိုင်းစားတဲ့ အရွယ်တွေမဟုတ်ကြတော့ပါဘူး။
(ရဲဘော်ဖိုးသံချောင်း)
Posted by ရွှေဥသြ at 07:49 0 comments
Labels: ဆောင်းပါး
မေသမိုင်းသစ် အသင့်ပြင်
ကမ္ဘာ့ မှတ်တိုင်တရပ် ပါ့
သြဂတ်စပိုင့်ရဲ့ အရိုးတွန်သံ
နိုင်ငံတကာက ကြားခဲ့ကြ
ကမ္ဘာ့ အလုပ်သမားနေ့
မေဒေးနေ့ကြီးအဖြစ် မော်ကွန်းတင်
မေသမိုင်းစဉ်ကို လှုပ်နှိုးးပစ်ခဲ့သလို ...
ဗမာ့ မှတ်တိုင်တရပ် အဖြစ်
သြဂုတ်ရှစ်ဆယ့်ရှစ် အာဇာနည်များရဲ့အရိုးတွန်သံ
တနိုင်ငံလုံးက ပြန် ကြား ကြ
စစ်ဓါးမြ စစ်ဘီလူး စစ်အာဏာရူးများ ဆန့်ကျင်ရေး
ဗမာ့မေဒေးအသစ် မော်ကွန်းပြင်
မေသမိုင်းစဉ်ကို ထပ်ပြီး ထူ
အောင်သံတလူလူနဲ့ ပြကြဖို့ ...
ရဲဘော် တို့
မိတ်ဆွေ တို့
ပြည်သူလူထုအပေါင်း တို့ ...
မတိမ်းမစောင်း အသင့်ပြင်
သမိုင်းတွင်အောင် ကန့်ကွက်ကြ
မျက်ခြေမပြတ်
ကြက်ခြေခတ်ရုံ မက
နအဖရဲ့ကလိန်ဉာဏ်
မူမမှန်တဲ့ ဖွဲ့စည်းပုံ
အမှိုက်ပုံဆီ ပို့နိုင်ရေး
ဟစ်ကြွေး ဖေါ်ထုတ် ကန့်ကွက်ကြပါ စို့ ...
ဆန့်ကျင်မဲပေး ဆန္ဒပြကြပါ စို့ .....။ ။ ။ ။
(၀င်းတင့်ထွန်း)
၆ - ၄ - ၂၀၀၈
မှတ်ချက်
သြဂတ်စပိုင့် (August Spies) = ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့အဖြစ် ဖြစ်ပေါ်စေခဲ့တဲ့။ အမေရိကန် ချီကာဂိုမှ စတင်ခဲ့တဲ့ ၁၈၈၆ မေလအလုပ်သမား သပိတ်တိုက်ပွဲအတွင်းမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ပြီး။ ကြိုးပေးစီရင် သတ်ဖြတ်ခံခဲ့ရ တဲ့ အလုပ်သမားခေါင်းဆောင်တဦး။ ။
Posted by ရွှေဥသြ at 07:44 0 comments
Labels: ကဗျာ
ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ ကန့်ကွက်မဲပေးကြစို့
ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်
အမှတ် (၂/၂၀၀၈)
၂၆ - ၄ - ၂၀၀၈
(၁) NLD “အထူးကြေညာချက်အမှတ် ၇/၀၄/၀၈” ကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ထောက်ခံပါတယ်၊ အချိန် မီတယ်လို့လည်း ယူဆပါတယ်။
(၂) ‘အခြေခံဥပဒေ မရှိတာထက်ရှိတာက ကောင်းတယ်’ လို့ စစ်အစိုးရကရော၊ သူ့နောက်လိုက်နောက်ပါများကပါ ပြောဟော ရေးသားနေကြတာ တွေ့ရပါတယ်။ ဒါဟာ သူတို့ရေးဆွဲထားတဲ့ ‘အခြေခံဥပဒေ’ မှာ ချို့ယွင်းအားနည်းချက်တွေ အ များကြီးရှိနေကြောင်းကို တဖက်လှည့်နဲ့ ၀န်ခံနေတာဖြစ်ပါတယ်။ ‘ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ’ မှာ ပြည်သူလူထုက ကန့်ကွက်မဲ တွေပေးပြီး ပယ်ချမှာကို အစိုးရိမ်ကြီး စိုးရိမ်နေကြောင်းကိုလည်း ပြသတာဖြစ်ပါတယ်။ သူတို့ရေးဆွဲထားတဲ့ ‘အခြေခံဥပဒေ’ မှာဖြင့်ရင် ဘယ်အချက်တွေ ဘယ်အချက်တွေကတော့ ကောင်းကွက်တွေရှိပါတယ်ဆိုတာကို ရှင်းမပြနိုင်ဘဲ ‘မရှိတာထက် ရှိ တာက ကောင်းတယ်’ လို့သာ ပြောနေရတာ ဖြစ်ပါတယ်။
အဲဒီလောဂျစ် (ယုတ္တိဗေဒ) မှားပါတယ်။ ‘ဆေးမသောက်ဘဲနေတာထက် ဆေးသောက်တာ ကောင်းတယ်’ ဆိုပြီး အဆိပ်ဆေး ကို ဇွတ်တိုက်နေတဲ့လောဂျစ်ပဲ ဖြစ်ပါတယ်၊
(၃) ပြည်သူလူထုမှာ အားလုံးထောက်ခံနိုင်တဲ့ ‘အခြေခံဥပဒေ’ ရှိပါတယ်။ အဲဒါက ‘၁၉၄၇ အခြေခံဥပဒေ’ ဖြစ်ပါ တယ်။ အမျိုးသားညီညွှတ်ရေးအခြေခံနဲ့ ရေးထားတာဖြစ်ပါတယ်။ ခေတ်နဲ့အညီပြုပြင် (update) လုပ်ဖို့ပဲ လိုကောင်းလိုပါ လိမ့်မယ်။
ပြန်ခေါက်ထားပေးနော့်
Posted by ရွှေဥသြ at 07:42 0 comments
အခြေခံဥပဒေမူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ တရားမျှတမှုမရှိ အန်အယ်လ်ဒီပြော
စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ၊ နည်းဥပဒေတို့တွင် ပါဝင်သည့်အချက်များသည် လွတ်လပ်မှုနှင့် တရားမျှတမှုမရှိကြောင်းကို အန်အယ်လ်ဒီပါတီက ပြောဆိုလိုက်သည်။
အန်အယ်ဒီပါတီက ယနေ့ထုတ်ပြန်လိုက်သည့် အထူးကြေညာချက်တွင် ဖွဲ့စည်းပုံမူကြမ်း၏ အခန်းတချို့တွင် ဆန္ဒမဲ ပေးခွင့်ရှိသူ လေးပုံတပုံကျော်၏မဲဖြင့် ဖွဲ့စည်းပုံမူကြမ်းအား အလွယ်တကူအတည်ပြုနိုင်ရန်ဖန်တီးထားပြီး ပြဌာန်းချက်များ ပြန်လည်ပြင်ဆင်ခွင့်၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဖြင့် ပြင်ဆင်ရမည်ဟု အလွယ်တကူပြင်ဆင်ခွင့်မရအောင် ပြဌာန်းထားကြောင်း ထောက်ပြဝေဖန်ထားသည်။
မဲဆန္ဒရှင်များအား တားမြစ်ချက်နှင့် အပြစ်ဒဏ်များသတ်မှတ်ထားသော်လည်း ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်အဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဖောက်ဖျက်ခြင်း၊ စောင့်ထိန်း လိုက်နာရမည့်ကျင့်ဝတ်များကို ချိုးဖောက်ခြင်းတို့အတွက် တားမြစ်ချက်နှင့်အပြစ်ဒဏ်များ မသတ်မှတ်ထား သဖြင့် ဆန္ဒခံယူပွဲဥပဒေနှင့် နည်းဥပဒေ တို့သည်လည်း စံချိန်စံညွှန်းမမီကြောင်း ကြေညာချက်ကဆိုသည်။
အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းညွန့်က “ကျနော်တို့ကြားတာက စက်မှုဝန်ကြီးဌာနက သူ့ဝန်ထမ်းတွေကို
ဝန်ကြီးရုံးမှာစုပြီး မဲပေးခိုင်းတာမျိုး၊ ရန်ကုန်မြို့တော်စည်ပင်ရုံးမှာ စည်ပင်ဝန်ထမ်းတွေကို စုခေါ်ပြီး မဲပေးခိုင်းတာမျိုးတို့က ကိုယ်ပြဌာန်းတဲ့နည်းဥပဒေကို ကိုယ်မလေးစားတဲ့သဘော သက်ရောက်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အန်အယ်လ်ဒီ၏အထူးကြေညာချက်တွင် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးလျှင် ကျောင်းသားဖြစ်ပါက ကျောင်းထုတ်ပြီး
ဝန်ထမ်းဖြစ်ပါက အလုပ်ထုတ်မည်၊ လယ်သမား ယာသမားများကို လယ်ယာမြေသိမ်းမည်ဟူသည့် ခြိမ်းခြောက် ပြောဆိုမှုများကို ကြားသိနေရကြောင်းလည်း ရေးသားထားသည်။
မဲရေတွက်ရာ၌လည်း ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲစာရင်းများကို စုပေါင်းစာရင်းချုပ်သည့်အချိန်တွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ပြည်သူလူထုက စောင့်ကြည့်လေ့လာခွင့်မရှိခြင်းတို့သည် ပွင့်လင်းမြင်သာမှုမရှိဘဲ မမှန်မကန်လုပ်နိုင်သော အခွင့်အရေးများကို ရရှိစေသည်ဟုလည်း ကြေညာချက်က ဆိုသည်။
အာဏာပိုင်တို့က မည်သို့ပင် ဟန့်တားနှောင့်ယှက်မှုများရှိနေပါသော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြောက်ရွံ့ စိုးရိမ်ခြင်းမရှိဘဲ မဲရုံသို့သွားကာ ကန့်ကွက်မဲထည့်ကြရန် တိုက်တွန်းထားသည်။
ယခုလဆန်းပိုင်းကလည်း အန်အယ်လ်ဒီပါတီက ဆန္ဒခံယူပွဲ၌ကန့်ကွက်မဲပေးကြရန် မဲဆန္ဒရှင်ပြည်သူများအား ကြေညာချက်ထုတ်ကာ တိုက်တွန်းခဲ့သည်။
ဧရာဝတီ-ကိုသက် | ဧပြီ ၂၄၊ ၂၀၀၈
Posted by ရွှေဥသြ at 07:33 0 comments
Labels: ဆောင်းပါး
ခေါင်းခါလိုက်သည်
ခေါင်းတစ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားတစ်ခါ ဖြစ်တယ်..
စပျစ်သီးတွေ ချဉ်တယ်ဆိုတာ အလကား
အဖြေကို ကြိုသိနေတာတော့ ခါးတယ်
မပြေးနိုင်အောင် အပိုင်ချည်ပြီးမှ
လွတ်လွတ်လပ်လပ် ပေးသွားသားပဲလို့ မပြောကြေး
ရထားကတော့ အချိန်တန်ရင် ထွက်သွားမှာပဲ
အစစတိုးတက်ပြီး အပြိုင်တိုးထွက်နေကြတဲ့ ခေတ်ကြီးမှာ
မျက်မမြင်ပုဏ္ဏားတစ်စုကတော့ ငါ့လှေ ငါထိုး အမျိုးပျောက်ပျောက်
လက်ဖျစ်တတောက်ခတ်လိုက်ရင်
ကြက်ဆူပင်က လောင်စာထွက်တယ်
ဘိုးဘိုးအောင်အစွမ်းနဲ့ ၀လုံးတွေ တိုးသတဲ့
ဘိုးဘိုး (မျက်နှာ) ပြောင် အစွမ်းထက်ပုံက သုညတွေ တိုးတိုးလာတယ်..
မုန်တိုင်း အတွက် ပျိုးပျိုးလာတယ်...
အမှားဟာ အမှန်ဖြစ်နေတတ်ပြီး
အမှန်ဟာ အမှားဖြစ်နေတတ်တယ်
အမှန်တရားအတွက် ခေါင်းတစ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားတစ်ခါ ဖြစ်တယ်..
အမှန်တရားအတွက် ခေါင်းဆယ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားဆယ်ခါ ဖြစ်တယ်..
အမှန်တရားအတွက် အားလုံး ခေါင်းခါကြမယ့်နေ့ဟာ
ဒုတိယမြောက် လွတ်လပ်ရေးနေ့ပါပဲ... ။
ညီမင်းနိုင်
Posted by ရွှေဥသြ at 07:06 0 comments
Labels: ကဗျာ
Wednesday, 23 April 2008
အဝေးကပေးစာတစောင်
၂၀၀၈ခုနှစ၊ မတ် ၂၃။
ကိုဟိုဒင်းရေ -
စိုင်းထီးဆိုင်တယောက် ဆုံးရှာပြန်ပါရော့လားဗျာ။ တနေ့ကပဲ ကျနော်နဲ့မိတ်ဆွေတယောက်နဲ့ အီးမေးလ်အပြန်အလှန်ရေးကြရင်း
တကယ့်ဂီတ အနု ပညာသည်စစ်စစ်ဖြစ်တဲ့သူက - ဂီတလုလင်မောင်ကိုကိုဆုံးသွားတာ။ ဘယ်သူမှဂုဏ်ပြုစာမရေးကြဘူး။ ပြည်တွင်းမှာလည်း မရေးကြဘူးလို့ ၀မ်းနည်းဒေါသနဲ့ပြော ပါတယ်။ ကျနော်ကလည်း သူ့ခံစားမှုကိုကိုယ်ချင်းစာမိတာနဲ့ ငိုင်ကျသွားမိတယ်။ ဟုတ်တယ်ဗျာ။ သူနဲ့မတိမ်းမယိမ်းကွယ်လွန်ကြတဲ့ အေ၀မ်းစိုးမြင့်။ ကိုလေးညွန့် စသဖြင့် အစားထိုးမရတဲ့ပညာရှင်တွေ ကွယ်လွန်တာဟာလည်းတကယ်ကို ၀မ်းနည်းစရာပဲ။ ကျနော့်ခေါင်းထဲမှာ (ရင်ထဲမှာလို့လဲ ဆိုနိုင်ပါတယ်) သူတို့ကို ဂုဏ်ပြု တဲ့ ဆောင်းပါးလေးတစောင်လောက် ရေးချင်လိုက်တာလို့ ပေါ်ပါတယ်။ ဒါပေမဲ့ ကိုယ်ကသူတို့အကြောင်းကို သူများတကာထက် ပိုသိတာလဲမဟုတ်၊ သူတို့ပညာ ကိုလဲ လိုက်မီတာမဟုတ်ပဲနဲ့။ ရေးလိုက်ပါမှ ယောအတွင်းဝန်ဦးဘိုးလှိုင်ရဲ့စာကို ငတာက ချီးကျူးတာမျိုးဖြစ်နေမှာစိုးလို့ မရေးခဲ့ဘူးလို့ အဲဒီမိတ်ဆွေကို ပြန်ပြော လိုက်မိပါတယ်။ အခုတော့သူတို့နောက်ကို ထက်မြက်တဲ့ ဂီတာပညာရှင်နောက်တယောက် လိုက်သွားပါပြန်ကောလားဗျာ။
သူကွယ်လွန်တဲ့သတင်းကို ကျေညာပြီးနောက် ရေဒီယိုတွေကနေသူ့ရဲ့ ‘နေရစ်တော့ကွယ်၊ သွားတော့မယ်’ ဆိုတဲ့ သီချင်းလေး ဖွင့်ပေးတော့ ကျနော် ဖြင့်မျက်ရည်ကျလုတဲတဲ ငေးနေမိ။ ပြန်သတိရနေမိတယ်။ သတိရဆို ကျနော့်ဘ၀ရဲ့အကြီးမားဆုံး အပြောင်းအလဲကြီးတခု ဖြစ်ပေါ်နေတုန်းမှာ ကျနော့်ရဲ့ဘ၀ အတွင်းဝင်ရောက်လာတဲ့ သီချင်းများနဲ့တေးသံရှင်ပေကိုး။ ဘယ်လိုမှ မေ့မရတဲ့ နေ့ရက်များနဲ့ မေ့မရတဲ့သီချင်းများလေ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က။
ခင်ဗျားလည်းသိတဲ့အတိုင်းပဲ ကျနော့်လူငယ်ဘ၀ဟာ သာမန်လူ့လောကမှာတယ်ပြီးနေရတာမှမဟုတ်တာ။ ထောင်ထဲနဲ့ တောထဲမှာဖြတ်သန်းရတဲ့ ကာလကပိုများတဲ့ဥစဏာ။ ဒီလိုနဲ့ တခါတော့ခင်ဗျားတို့ သိကြတဲ့အတိုင်း ပစ္စ န္တရစ်အရပ်မှာ ကျနော်ကာလ တခုသွားနေလိုက်ရတယ်။ အဲဒီကပြန်ရောက်လာတော့ အင်းစိန်ထောင်ထဲရောက်တယ်။ အဲဒီအချိန်ကျမှ ခေတ်ပေါ်စတီရီယိုတေး တွေကိုကြားရတာကိုးဗျ။ ထောင်ပြင်ကနေ လွင့်ပျံလာတဲ့လော်သံတွေကပေါ့။ ကျနော် ဖြင့် ဟာ - ငါ့နားများမှားတာလား။ ဘာသာခြား သီချင်းတွေ လွင့်နေတာလား။ ဂီတကလည်း ဆန်းချင်တိုင်းဆန်း။ စာသားတွေကလည်း မပီပဲကိုးဗျ။ ယဉ်ကျေးမှု ချင်း ဆောင့်မိတာလို့ ဆိုရမလားမသိပါဘူး။ ခေါင်းကိုချာလပတ်လည် ရမ်းသွားတာပဲ။ အဲဒီနောက် အိမ်ပြန်ရောက်မှ နှမနဲ့ညီကိုမေးကြည့်ပြီး သူတို့ ပြောပြလို့သိရ တယ်။ အော် - ဒါစတီရီယိုတေး ဆိုတာတဲ့လားပေါ့။ နို့ပေမဲ့ ကိုယ့်နားနဲ့စိမ်းလွန်းလို့ ကျနော်က အလှမ်းဝေးဝေး မှာပဲနေလိုက်မိတယ်။ တပုဒ်မှ စိတ်မ၀င်စားခဲ့ဘူး။ ဒါပေမဲ့ အဲဒီအထဲမှာ ထူးထူးခြားခြားချွန်ထွက်နေတဲ့ သီချင်းတပုဒ်ကိုတော့ သတိထားလိုက်မိတယ်။ အဲဒါက မနက်ကနေ နေ၀င်အထိ ဆိုရမလောက်နီးပါး ကြားနေရတဲ့သီချင်းက “မန္တလေးရောက်ရှမ်းကလေး တယောက်” ဆိုတဲ့သီချင်း။
အဲဒီနောက်တော့ ကျနော်အိမ်ကိုစွန့်ခွာရရော။ မိဘမောင်နှမနဲ့ ဆွေမျိုးမိတ်ဆွေတွေကို ခွဲခွာရရော။ ရှမ်းပြည်နယ်က တောင်တန်းတွေပေါ် ရောက် သွားတယ်။ ရှမ်း၊ ပအို့၊ တောင်သူ၊ လီရှော၊ အင်းသား၊ ဓနုစတာတွေ နေထိုင်တဲ့တောင်တန်းတွေ၊ လွင်ပြင်တွေမှာပေါ့ဗျာ။ အိုးစည်သံ။ လင်းကွင်းသံတွေမြိုင်လှတဲ့။ အဲ - မဟုတ်ဘူးဗျ။ အိုးစည်သံ - လင်းကွင်းသံဆိုတာက ပွဲလမ်းကျမှကြားရတာ။ ၀ါတွင်းဆွမ်းကပ်ဖို့ အဖိတ်နေ့မှာလည်းကြားရတယ်။ ကျန်တဲ့အချိန်တွေမှာတော့ အများဆုံးကြားရတာဟာ စိုင်းထီးဆိုင်နဲ့ စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေပဲဗျို့။ ဘယ်နေရာရောက်ရောက၊ ဘယ်လူမျိုးတွေအကြားရောက်ရောက် ကာလသား။ ကာလသမီးတွေဟာ ကက်ဆက်ပါလာသူကို စိုင်းထီးဆိုင်နဲ့စိုင်းမော်ဝ်တို့ရဲ့ သီချင်းတွေဖွင့်ခိုင်းကြတာပဲ။ လားရှိုးသိန်းအောင်တို့ ဘာတို့လည်းကြိုက်ကြပါရဲ့။ ဒါပေမဲ့ ဒီနှစ်ယောက်၊ အထူးသဖြင့် စိုင်းထီးဆိုင်လောက်ပေါ်ပြူလာဖြစ်တာ ဘယ်သူ့မှမတွေ့ရပေါင်ဗျာ။
ပအို့အမျိုးသားတွေမှာ အပျိုလည်တယ်ဆိုတဲ့ ဓလေ့ရှိတာကိုးဗျ။ အပျိုလည်တယ်ဆိုတာ ထူးထူးခြားခြားတော့မဟုတ်ပါဘူး။ တနေ့လုံး သနပ်ဖက်ခြံ။ ကြက်သွန်ခင်းထဲမှာ အလုပ်လုပ်ကြပြီးတဲ့နောက် ညမှာအပျိုလေးတွေရှိတဲ့အိမ်တွေကိုသွားပြီး မီးဖိုရှေ့မှာထိုင်၊ လေကန်ကြတာကိုးဗျ။ မီးဖိုဆိုတာက အိမ်ရဲ့အဓိက အခန်း။ ဧည့်ခန်းကြီးထဲမှာရှိတာပါ။ နောက်ပြီးကာလသားနဲ့ ကာလသမီး တယောက်ချင်းစကားပြောတာမျိုး မဟုတ်ပါဘူး။ အိမ်ရှင်အပျိုကလာသမျှ ကာလသားကို ဧည့်ခံစကားပြောရတာပါ။ ပြောတာက တဖက်ကအလုပ်လုပ်ရင်း တဖက်ကပြောတာပါ။ ဥပမာကြက်သွန်ချိန်ဆိုရင် ကြက်သွန်မျိုးတွေကို စိုက်ဖို့အတွက် ဥတွေက နေ အမြှောင်းတွေအဖြစ်ချွေကြရတယ်။ အိမ်ရှင်မိန်းကလေးက သူ့အိမ်ကမျိုးတွေကိုချွေ။ လာတဲ့ကာလသားတွေကလည်း ကိုယ်ယူလာတဲ့ ကိုယ့်အိမ်ကကြက်သွန် မျိုးတွေကိုချွေ။ အဲဒီလိုလေကန်ကြတာပဲဗျ။ အဲ။ ထူးခြားတဲ့ထုံးစံတခုက ကာလသားတွေက ကောင်မလေးတွေကို နင်ငါ့ကိုကြိုက်သလားလို့မေးရင် ကြိုက်တယ်လို့ ပြန်ဖြေရတယ်ဗျ။ မကြိုက်ဘူးလို့မဖြေရဘူး။ ဒါပေမဲ့ဒီလိုစကားဝိုင်းမှာ ပြောတာကို ဘယ်သူမှအတည်မယူရဘူးလေ။ သူတို့ထုံးစံပဲ။ ခုနကပြောနေတာနဲ့ ပြန်ဆက် ရရင် အဲဒီလိုအပျိုလည်ကြရာမှာ တတ်နိုင်တဲ့ကာလသားများက ကက်ဆက်လေးတွေ သယ်သွားကြတာကိုးဗျ။ ပြီးမှအပျိုရှေ့မှာဖွင့်ပြ။ နားထောင်ကြ။ ထင်မြင် ချက်ပေးကြပေါ့လေ။ ဒါကြောင့် သူတို့ရဲ့ကြက်သွန်ထည့်တဲ့ ပလိုင်းတွေထဲမှာ ကက်ဆက်ခွေတွေနဲ့ ဓာတ်ခဲအသစ် အဟောင်း။ တပတ်ရစ်၊ ဓာတ်ခဲ မျိုးစုံပါလာ တတ်သဗျ။ လက်တဖက်မှာတော့ လက်နှိပ်ဓာတ်မီးပေါ့ဗျာ။ မိုးရွာရွာ။ နှင်းကျကျအဲဒီစတိုင်က မပျောက်ဘူးဗျ။ အဲဒီလို ညတွေမှာ ဖွင့်တဲ့သီချင်းတွေကတော့ စိုင်းထီးစိုင်၊ စိုင်မောဝ်တို့ရဲ့ ဟာတွေပေါ့ဗျ။
ကျနော်က။ အဲဒီတုန်းကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့အတူနေ။ အတူစား။ အတူလှုပ်ရှားနေတာဆိုတော့ ရွာတကာလှည့်ပြီး မြို့နယ်အ လုပ်တွေ လုပ်ကြတာပေါ့ဗျာ။ အဲဒီကျနော်တို့ရဲ့အဖွဲ့မှာ သေနတ်လိုပဲ မပါမဖြစ်ပါလေ့ရှိတာက ကက်ဆက်နဲ့ ကက်ဆက်ခွေတွေပဲဗျ။ သူတို့ကဒေသခံလူထု။ အထူး သဖြင့် လူငယ်ပိုင်းတွေနဲ့စကားပြောပြီးရင် ကက်ဆက်လေးဖွင့်။ ထွေရာလေးပါး ပြောကြတာပေါ့ဗျာ။ ဒီအခါမှာ ကာလသားတွေက ဘာသီချင်းရှိသလား။ ဘယ်သီ ချင်းလေးဖွင့်ပါအုန်း စသဖြင့်ပြောကြ တောင်းဆိုကြတာ။ စိုင်းထီးဆိုင်နဲ့စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေချည်းပဲ။ နောက်ပြီးကျနော်တို့တတွေ တတောင်ကနေတတောင်၊ တရွာကနေတရွာ သွားကြတော့လည်း လက်ထဲပါလာတဲ့ကက်ဆက်က သူတို့သီချင်းတွေပဲ ထွက်နေတာကိုးဗျ။ ဒါကြောင့် ကျနော့်အဖို့ ရှမ်းပြည်နယ်က ဒီတော။ ဒီတောင်၊ ဒီမြောင်၊ ဒီစမ်းတွေနဲ့ ဒီသီချင်းတွေဟာ ခွဲလို့မရဘူးဖြစ်သွားတယ်။ လှေစီးရင်း။ မြင်းစီးရင်း ဒီသီချင်းတွေနဲ့လွင့်မျောခဲ့ရတဲ့ နေ့ရက်တွေကို ဘယ်တော့မှ မမေ့ပါဘူး။ တခါတလေကိုယ်က သူတို့စကားနားမလည်လို့ ကိုယ့်ကိုရွာထဲက အိမ်တအိမ်မှာ သေနတ်တလက်၊ ကက်ဆက်တလုံးနဲ့ ထားခဲ့တာမျိုးတွေလည်း ရှိတယ်။ ကက်ဆက်နဲ့ထားခဲ့တယ်ဆိုတာထက် ထီးဆိုင်တို့စိုင်မောဝ်တို့နဲ့ ထားခဲ့တယ်ဆိုရင်ပိုမှန်မယ်ထင်ပါတယ်ဗျာ။
ကျနော်အဲဒီနေရာတွေကိုခွာရတဲ့အခါမှာ သူတို့သီချင်းတွေခေါင်းထဲရင်ထဲမှာ စွဲကပ်ပြီးပါလာတာပေါ့။ အဲဒါလည်းကြာသွားပြီ။
အခုတော့ကျနော့်လက်ထဲမှာ သေနတ်မရှိတော့ဘူး။ ရင်ထဲမှာစိုင်းထီးဆိုင်ရဲ့သီချင်းတွေတော့ရှိနေတယ်။
ယာတောကသာဗြော
Posted by ရွှေဥသြ at 22:57 0 comments
သမဂ္ဂ အမေသို့ကန်တော့ပန်း
ကျေးဇူးတင်ပါတယ် အမေ
ဒီလောက်အသက်ရှည်ရှည်နေပေးခဲ့တာ။
အသက် ၉၀ ကျော်အောင် ဒီအကျင့် ဒီစာဂ
ဒီသီလ ဒီမေတ္တာ
ဒီစေတနာ ဒီအသိနဲ့
ကတိတည်တည်
သတိမြဲမြဲ ဒီမြေဒီအခြေမှာ ဒီလိုနေရဲခဲ့တာ နေပေးသွားတာ
နဲတဲ့မဟာကရုဏာလားအမေ။
လူတွေကတော့နှမျောကြ၀မ်းနည်းကြတာပေါ့။
အမေရှိနေသမျှစေတီထိုက်တာကိုး။
ပုထုဇဉ်တွေဆိုတော့လည်း
အမေရေစက်ချမှ
သားတို့ရင်ထဲကကုသိုလ်တွေက ပိုးပိုးပေါက်ပေါက်ပိုကျ
အမေအမျှဝေမှ
သမီးတို့လိုက်ရတဲ့ သာဓုတွေက ပီတိပိုဖြာရတာကိုး။
သားသမီးတွေမှာလည်းအကျိုးများ
အမေ့မြေအမေ့ရေမှာ တိုးပွါး
ဗောဓိညောင်လိုအရိပ်တပါးအမေရေ။
စိတ်ချလို့သွားအမေ
သားသမီးတွေက လူလားမြောက်
အမှန်နဲ့အမှား တရားနဲ့မတရား
ပိုင်းခြားတတ်တဲ့အရွယ်တွေရောက်ကြပြီ
ကုသိုလ်တံတားများဘယ်လိုဆောက်
အကုသိုလ်တရားများဘယ်လိုဖျောက်
သဘောပေါက်တယ်အမေ
မြေးမြစ်တွေလည်း အတောင်ပေါက်
နိုင်ငံတကာတံခါးတွေကို သိက္ခာရှိရှိခေါက်တတ်ကြပြီ။
စိတ်ချအမေ
ဓမ္မကမ်းပါးမှာ အမေထားခဲ့တာ
သားတဖြာမြစ်တဖျာမှမဟုတ်တာ
အပွါးအစည်းသွေးသစ်တွေဝေေ၀ဆာဆာဖွဲ့
သားသမီးမြေးမြစ်တွေကုဋေကုဋာနဲ့
ဒီမြေ ဒီကမ္ဘာမှာ
ဒီမို တပြေတရွာ တည်လို့ရပါရဲ့အမေ။
(အောင်ဆန်းတို့အမေ ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ
ချွန်မြကြစေ တွန်ကကြစေ ဇာနည်အိုးဝေ)
သမဂ္ဂအမေ - သီချင်းကိုဆိုနေရင်း
ထောင်ထဲက အမေသားတွေ အမေ့ဂုဏ်တော်တွေကိုအောက်မေ့နေကြမှာပါ။
မြေအောက်က အမေ့သမီးတွေ အမေ့လိုဖြစ်အောင်ကျင့်ကြံနေကြမှာပါ။
စစ်ဖိနပ်အောက်က အမေ့ပြည်သူတွေ ရုန်းထနေကြမှာပါ။
အဝေးရောက်အမေ့သားသမီးတွေ အမိမြေအတွက် တိုက်ပွဲဆက်နေကြမှာပါ။
ခွန်ဆိုင်း ( ၈.၄.၀၈)
Posted by ရွှေဥသြ at 21:42 0 comments
Wednesday, 26 March 2008
မုန်တိုင်းသီချင်း
ကဲ … ဒီတပွဲတော့တွေ့ကြပြီ
နီရဲစွေးစွေး နှလုံးသွေးကိုပြ
(စစ်အာဏာရှင်တို့ရဲ့)
အခြေခံဥပဒေ ဆန့်ကျင်ကြ။
တောင်ဘို့မှန်းလဲသိ
ဓားပြမှန်းလဲသိ
သိသိကြီးနဲ့အညံ့ခံရင်
စစ်အာဏာရှင်ကျွန်ဘ၀နဲ့
လူလုံးမလှဖြစ်ကြရပေလိမ့်မယ်။
ကစ္စပနဒီ ဧရာဝတီ
စစ်တောင်း သံလွင်
ရာဇ၀င်မညှိုး
နယ်ချဲ့စနစ်ဆိုး
ဖက်ဆစ်စနစ်ဆိုး
ပိုင်းပိုင်းရိုက်ချိုးချေဖျက်
(ပြည်သူတွေ)
လက်နဲ့ရေးခဲ့ လွတ်လပ်ရေး
(စစ်အာဏာရှင်တို့)
ခြေနဲ့ဆေးဖျက်မခံနိုင်။
အို … ပြိုင်တူညီညာ
ဆိုပါလေ … ပြည်သူအများ
လိုက်ပြီးရွတ်ကြ …
“ကန့်ကွက်ကြလော့”
“ကန့်ကွက်ကြလော့”
“ကန့်ကွက်ကြလော့ စစ်အခြေခံဥပဒေ”။ ။
စိုးနေလင်း
Posted by ရွှေဥသြ at 04:41 0 comments
Labels: ကဗျာ
Friday, 14 March 2008
ကမ်းစပ်နေခြည်
လမျက်နှာ
မှုံရီဝါ
ကမ္ဘာအပြာ
တခါတစ်ခါ မာယာ။
ပင်လယ်ဟာ
နီဝါပြာထိန်လင်း
ရင်နဲ့ ရင်းတဲ့လှိုင်း
တံပိုးခရာမှုတ်
ဆန့်ထုတ်ပစ်လွှတ်အလင်းတန်း၊
လှိုင်းများ၊ ၀ဲဂယက်များ
ကြမ်းတမ်းလှုပ်ခပ်မရပ်မနား
ကျောက်ဆောင်နဲ့သောင်
တောင်ကမ္ဘားယံနဲ့မုန်တိုင်း
သမိုင်းကားနိဂုံးမချုပ်
ဆုတ်တက်ကစား
ကာလယန္တယား
အရင်းမဲ့သံစဉ်များ
ရသဒုက္ခများနဲ့ခရီးဆက်။
မြဲမြံတဲ့လက်များ
ကျစ်လစ်စွာကိုင်ဆုပ်၊ မဆုတ်မနစ်
ငတ်မွတ်မှုတမ်းခြင်း
ချစ်ခြင်းတို့နီမြန်း
သစ်လွင်ပြည့်သူ့လမ်း
တလှမ်းခြင်း၊ တဆစ်ခြင်းထုဆစ်
ခေတ်သစ်ရနံ့သင်း
ပန်းတခင်းစီ
အဲဒီလမ်း
ကမ်းအလင်းဆီ။ ။
နေလက်
၄၈၂၈ မတ်လ သို့
Posted by ရွှေဥသြ at 18:33 0 comments
Labels: ကဗျာ
Sunday, 9 March 2008
ဆန္ဒနဲ့လက်တွေ့
အခုတလော နအဖစစ်အုပ်စုကို တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင် နိုင်ငံရေးအဖွဲ့အစည်းများအကြား အတော်ကိုလှုပ်ခတ်သွားစေတဲ့ နိုင်ငံ ရေးလေထုတရပ် ဖြစ်ထွန်းနေပါတယ်။ အဖွဲ့အစည်းအလိုက်သော် လည်းကောင်း၊
တသီးပုဂ္ဂလအရသော်လည်းကောင်း လှုပ်ခတ်တာပါ။ ဒီမိုကရေစီရေးတိုက်ပွဲ ဝင်နေကြတဲ့ အဖိနှိပ် ခံပြည်သူများအတွက် အရေးတကြီးဆုံးဖြတ်ရမယ့် နိုင်ငံရေးပြဿနာတခုပါ။ ပြဿနာကို စတင်လိုက်သူကတော့ စစ်အုပ်စု နအဖပါပဲ။
မြန်မာနိုင်ငံရဲ့ ၂၀၀၇ ခုနှစ်ကို သံဃာတော်တွေဦးဆောင်တဲ့ စက်တင်ဘာလူထုအုံကြွမှုကြီးက ပုဒ်မဖြတ်ပေးလိုက်ပါတယ်။ ၂၀၀၇ ကုန်ဆုံးသွားပေ မယ့် ၂၀၀၈ နိဒါန်းဟာ သံဃာတော်တွေအပါအ၀င် တိုက်ပွဲဝင် လူထုသွေးတွေနဲ့ တအုံ့နွေးနွေး ဖွင့်လှစ်ခဲ့တာပါ။ စစ်အုပ်စု အတော်အကြပ်ရိုက်သွားခဲ့ပါတယ်။ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားတယ်။ ကုလသမဂ္ဂနဲ့ အိပ်ချင်ယောင်ဆောင်နေတဲ့ နိုင်ငံတချို့လည်း အလန့်တကြား ထကြည့်ပြော ဆိုလာရတယ်။ ကုလသမဂ္ဂက သံတမန်နည်းအရ ချဉ်းကပ်ပါတယ်။ ဂမ်ဘာရီလာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတယ်။ နအဖက ဗိုလ်အောင်ကြည်ကို ကိုယ်စားလှယ်ခန့်ပြီး နေအိမ် အကျဉ်းကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစေတယ်။ ဒိုင်ယာလော့မဟုတ်ပါ။ အဓိကကတော့ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဒေါ်အောင်ဆန်းစု ကြည်အား အတင်းအဓမ္မ လက်ခံခိုင်းစေတာပါ။ ချုပ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်း ထွက်လာပါတယ်။ “အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြ” ဖြစ်ပါ တယ်။
မြန့်မာ့နိုင်ငံရေးသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီစကားကို ပြောခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောပါတယ်။ အခြေအနေခြင်း လုံးဝမတူပါ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တုန်းက အစစအရာရာ အသားစီးကပါ။ “ရရင်ရ မရရင်ချ” ပါ။ အဲဒီတုန်းက လွတ်လပ်ရေး “မရ” ရင် “ချ” နိုင်မယ့် အခြေ အနေတွေ အားကောင်းပါတယ်။ ညီညွတ်ရေးအရရော၊ တိုက်ပွဲ (လက်နက်ကိုင်၊လူထု) အရရော အခြေအနေကောင်းပြီးသားပါ။ ဖက်ဆစ်ဂျပန်ကို တော်လှန်နိုင်ခဲ့ တာလည်း ဗိုလ်ချုပ်အောင်ဆန်းအတွက် စကားနောက်တရားပါသလို တရားနောက်မှာပါမယ့် အားကလည်း အဆင်သင့်ပါ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေ အနေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခြေအနေနဲ့ ကွာတယ်ဆိုရင် မငြင်းကြဘူးလို့ ထင်ပါတယ်။ ဒါ ပကတိ အရှိတရား ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားမှာပါတဲ့ “အကောင်းဆုံးကိုမျှော်လင့်” ဆိုတာမှာ အဆိုးဆုံးကို ရင်ဆိုင်ကျော်လွှားပြီးမှ သီးပွင့်လာမှာ ဖြစ်ပါတယ်။ No pain, No game (အနာခံမှ အသာစံရမယ်) လို့ ပြောလိုက်တာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ ဆန္ဒစွဲလား၊ ပကတိလက်တွေ့လားဆိုတာတော့ စက်တင်ဘာ အုံကြွမှုကြီးနဲ့ လူထုအရေးတော်ပုံအဆက်ဆက်က သက်သေပြခဲ့ပြီးပါပြီ။ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ကျနော်တို့ ဘာတွေ ဘယ်လို ပြင်ဆင်ထားပါသလဲ။ ကျနော်တို့ကိုယ် ကျနော်တို့ အသိဆုံးပါ။ ဒီအချိန်မှာ နအဖစစ်အုပ်စုက (၁/၂၀၀၈) နဲ့ (၂/၂၀၀၈) ကြေညာချက်များနဲ့ ပြည်သူလူထုကြီးကို စိမ်ခေါ်လိုက်ပါတယ်။ (၁/၂၀၀၈) က နအဖရဲ့ ညောင်နှစ်ပင်အခြေခံဥပဒေကို အတည်ပြုဖို့ဆန္ဒခံယူပွဲလုပ်မယ်။ ၂၀၀၈၊ မေလမှာ ဖြစ်တယ်။ (၂/၂၀၀၈) ကတော့ ရွေးကောက်ပွဲကျင်းပ မယ်။ (၂၀၁၀) ခုနှစ်မှာ လုပ်မှာ ဖြစ်ပါတယ်။
ဒီတော့ ဒီမိုကရေစီရေး တိုက်ပွဲဝင်အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အသံတွေ ထွက်လာရပါတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲကို သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲပေးမလား။ အချိန်ကလည်း (၃) လကျော်ကျော်ပဲ ရှိတော့တာ။ မြန်မြန်ဆုံးဖြတ်၊ မြန်မြန် အကောင်အထည်ဖော်လှုပ်ရှား။ အဓိကအကျဆုံးက အဖိ နှိပ်ခံ ပြည်သူ လူထုကြီးကို ဘယ်လိုမက်ဆေ့ခ်ျပေးပြီး ဘယ်လိုနည်းပရိယာယ်နဲ့ တိုက်ပွဲဝင်မလဲဆိုတာပါ။ အရေးကြီးပြီး အမှားမခံပါဘူး။ ဆန္ဒစွဲနဲ့ ပြောလို့မရပါ ဘူး။ လက်တွေ့နဲ့ ကိုက်ညီရပါမယ်။ လက်တွေ့ဆိုတာမှာ နအဖစစ်အုပ်စုရဲ့ သန္ဓေနဲ့ လက္ခဏာ၊ အဖိနှိပ်ခံပြည်သူလူထုကြီးရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ အစဉ်အလာနဲ့ လက်ရှိမိမိတို့ရဲ့ ပကတိအနေအထားတို့ ပါရပါမယ်။ ဖြစ်ချင်တာကို အူထဲ၊ အသည်းထဲကနေ ပြောရရင် နအဖစစ်အုပ်စုနဲ့၊ စစ်အာဏာရှင်စနစ်ကို တစက္ကန့်မဆိုင်းအမှုန့်ချေ ဖျက်သိမ်းလိုက်ချင်တာပါ။ ဒါဆန္ဒပါ။ ဘဝကတော့ အဲဒီလို ခွင့်ပြု၊ မပြု အများသိပြီး ဖြစ်ပါတယ်။
မြန်မာပြည်စစ်အုပ်စုနဲ့၊ စစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံ ပြည်သူလူထုကြီးက မစေ့စပ်စတမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါသမိုင်းပါ။ အကျိုးစီးပွားအရ စစ် အုပ်စု၊ စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ရန်ဘက်ပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ဒီမိုကရေစီစနစ်နဲ့ အကျိုးစီးပွား မဖြစ် ထွန်းနိုင်ပါ။ ၁၉၈၈ အရေးတော်ပုံကြီးရဲ့ ရလဒ်အဖြစ် ဗိုလ်နေဝင်းစစ်အုပ်စုနဲ့ မဆလ ပြုတ်ကျခဲ့ရပါတယ်။ ဗိုလ်စောမောင် (နဝတ) စစ်အုပ်စုက (၁၉၉၀) ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကို မတတ်သာလို့ ကျင်းပပေးရတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက ရှင်းပါတယ်။ ဘယ်တော့မှ ဒီမိုကရေစီ မပေးပါဘူး။ ဗိုလ်စောမောင်ကို စိတ္တဇဝေဒနာရှင်အရူးအဖြစ်နဲ့ ရာထူးက ဖယ်ရှားပစ်လိုက်ပြီး ကတိအားလုံးကို ဖျက်ပစ်ပါတယ်။ နအဖက အချိန်ဆွဲတဲ့ဗျူဟာနဲ့ အတုအယောင် အမျိုးသားညီလာခံကို ကျင်းပပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်ဆိုပြီး စစ်အာ ဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် အခြေခံဥပဒေကို အဓမ္မရေးဆွဲပါတယ်။ နအဖရဲ့လမ်းပြမြေပုံ (၇) ချက်ကို အကောင်အထည်ဖော်ပါတယ်။ တချိန်ထဲမှာ ပြည်သူ လူထုနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်သူများရဲ့ တိုက်ပွဲရလဒ်တွေကို ငြင်းပယ်ပါတယ်။ ရှုပ်ထွေးအောင်လုပ်ပါတယ်။ ဝယ်ယူ၊ ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ် ... စတဲ့ ချေ မှုန်းရေးကိုလည်း အစဉ်တစိုက် လုပ်ပါတယ်။ စစ်အာဏာရှင်စနစ်က စစ်အာဏာရှင်အလုပ်ကို လုပ်ပါတယ်။
အဖိနှိပ်ခံပြည်သူလူထုကြီးက နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်ပါတယ်။ နအဖစစ်အုပ်စုရဲ့ လမ်းပြမြေပုံ (၇) ချက်ကို လက်မခံပါဘူး။ စစ်အုပ်စုရဲ့ အ ခြေခံဥပဒေကိုလည်း လုံးဝလက်မခံပါဘူး။ ဒီမိုကရေစီရေး အဖွဲ့အစည်း၊ ခေါင်းဆောင်တွေရဲ့ တိုက်ပွဲဝင်ကြွေးကြော်သံတွေကို အသက်နဲ့ရင်းပြီး အုံကြွတိုက်ပွဲ ဝင်နေတာ ပြည်သူလူထု ဖြစ်ပါတယ်။ အခု နအဖက (၁/၂၀၀၈) ပြည်သူ့ဆန္ဒခံယူပွဲဆိုတဲ့ ကြေညာချက်နဲ့ ပြည်သူလူထုကို စိန်ခေါ်လိုက်ပါပြီ။ ပြည်သူလူထု ဘာ လုပ်မလဲ။ သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲသွားပေးမလား။ ဒါကို ဒီမိုကရေစီရေး တိုက်ပွဲဝင်အဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်များကလူထုကို ဘယ်လိုမက်ဆေ့ခ်ျ ပေးပြီး ဘယ်လို ကြွေးကြော်သံနဲ့ ဦးဆောင်တိုက်ပွဲဝင်ကြမယ်ဆိုတာ အရေးကြီးဆုံး ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ လွတ်မြောက်နယ်မြေရောက် ဒီမိုကရေစီ ခေါင်းဆောင်နှစ်ဦးနဲ့ မီဒီယာအင်တာဗျူးထဲက ကောက်နုတ်ချက်တချို့ကို ကိုးကား ဖော်ပြလိုပါ တယ်။ သူတို့က ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဘက်ကပါ။
NLD အမတ်လည်းဖြစ် MPU ရဲ့ တွဲဖက်အတွင်းရေးမှူး လည်းဖြစ်တဲ့ ခွန်မြင့်ထွန်းရဲ့အမြင်ကတော့.....
(“ကျနော်တဦးတည်း အမြင်အရပြောရမယ်ဆိုရင်တော့ နအဖရေးတဲ့ ဖွဲ့စည်းပုံအသွင်ကူးပြောင်းရေးဆိုတဲ့ ကာလဆိုတဲ့အချက်ထဲမှာ အချက်တချက်က ဘာပါသလဲဆိုရင် မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်မဲနဲ့ အတည်ပြုပြဌာန်းမယ်လို့ ပါတယ်။ ဟို မဲလာပေးတဲ့ လူထက်ဝက်ကျော် မဟုတ်ဘူးနော်၊ မဲပေး ပိုင်ခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်လို့ ပြောတဲ့အတွက် ကျနော်တဦးတည်းရဲ့ သဘောထားကတော့ ဒီဆန္ဒခံယူပွဲကို သပိတ်မှောက်စေချင်ပါတယ်။ ပြည်သူလူထု အနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့အတွက်ကို ကျနော့် တဦးတည်းသဘောထား အဲဒီလိုရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကတော့ သူ့ဘဝလက်တွေ့ အခြေ အနေမှာတော့ရင် သေနတ်နဲ့ ထောက်ပြီးတော့ မဲထည့်ခိုင်းရင် သူက ဒါဆန့်ကျင်ကန့်ကွက်တဲ့မဲ ပေးသွာမှာပါပဲ။ ဒီအခြေအနေကို လူထုက ဆုံးဖြတ်သွားမယ်လို့ မြင် ပါတယ်”)။ ဖေဖော်ဝါရီ ၂၃၊ ၂၀၀၈။ BBC (မြန်မာပိုင်းအစီအစဉ်)
နောက်တဦးကတော့ ဒေါက်တာတင့်ဆွေပါ။ Burma Digest မှာ ဖော်ပြထားတဲ့ ဒေါက်တာတင့်ဆွေရဲ့ “အတုအယောင် လူထုဆန္ဒခံယူပွဲ တိုက်ဖျက်ရန် မှာ (ဒိုင်လင်မာ) မဟုတ်” ဆိုသည့် ဆောင်းပါးမှ ကောက်နုတ်ချက်ပါ။
(အကယ်၍ နအဖ၏ ၂၂/ ၂ / ၂၀၀၆ နေ့ထုတ် မြန်မာ့အလင်း စာမျက်နှာ ၆ - ၇ ကပါ။ ကူးပြောင်းရေးကာလ ပြဌာန်းချက်များ အမှတ် (၁) အရ “ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် အတည်ပြုပြဌာန်းပြီးသည့် နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာတည်သည်” ဟူသည့်အတိုင်း တကယ်လုပ်မည်ဆိုပါက၊ ဆန္ဒခံယူပွဲအား “သပိတ်မှောက်ရန်” ဆော်ဩရပါမည်။ လို့ ဆိုထားပါတယ်။
ဒီနေရာမှာ ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့ နှစ်ဦးစလုံးရဲ့ အာဘော် (နုတ်ထွက်စကား) ဟာ အရေးကြီးပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ ဒီမို ကရေစီခေါင်းဆောင်တွေလည်းဖြစ်၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရဲ့ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ် စစ်စစ်တွေလည်း ဖြစ်နေလို့ပါပဲ။ ဆန္ဒခံယူပွဲကို သပိတ် မှောက်ရေးဘက်က ပြောခဲ့ပါတယ်။ နှစ်ဦးစလုံး ကိုင်တွယ်ပြောဆိုခဲ့တာက နအဖ ရေးဆွဲနေတဲ့ အခြေခံဥပဒေမူကြမ်းပါ အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက် များကို ကိုင်ပြောတာပါ။ ခက်တာက နအဖရဲ့ အခြေခံဥပဒေမူကြမ်းက အတည်မပြုရသေးပါ။ ဆန္ဒခံယူပွဲကို ဖြတ်သန်းရမှာပါ။ အတည်ဖြစ်၊ မဖြစ်ကလည်း ဆန္ဒခံ ယူပွဲရလဒ်က ဆုံးဖြတ်ရမှာပါ။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဝက်ကျော်ရဲ့ ဆန္ဒမဲဖြင့် အတည်ပြု၊ မပြုကိုလည်း နအဖက ရှင်းရှင်းလင်းလင်း မကြေညာပါဘူး။ နအဖ ရဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ” ဆိုတာမှာလည်း ဒီအချက်ကိုဘာမှ ပြောမ ထားပါဘူး။ ဒါကို ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့က “တကယ်လုပ်မည်ဆိုပါက” ကိုအခြေခံပြီး နအဖအနေနဲ့ ဆန္ဒခံယူပွဲဥပဒေ နောက်ဆက်တွဲထပ်ထုတ်လေ ဦးမလားဆိုပြီးမျှော်လင့်ချက်နဲ့ ပကတိအပေါ်အခြေမခံဘဲ ဆန္ဒခံယူပွဲကိုသပိတ်မှောက်ရေးတိုက်ပွဲနည်းနာ တင်ပြထားတာကတော့ တာဝန်ခံမှုအပိုင်းအရပြောရရင် မလုပ်သင့်ဘူးလို့ထင်ပါတယ်။ ဥပဒေမဟုတ်တာကို အဟုတ်လုပ်ကိုးကားတဲ့အတွက် လူထုကို မှားယွင်းတဲ့မက်ဆေ့ခ်ျ ပေးသလိုဖြစ်နေပါတယ်။ ဆန္ဒခံယူပွဲလုပ် မယ့်အချိန်ကလည်း အတော့ကိုနီးကပ်နေပါတယ်။ မီဒီယာတွေရဲ့ စွမ်းဆောင်နိုင်မှုကလည်း အချိန်နဲ့တပြေးညီ လူထုဆီကိုရောက်ရှိနေပါတယ်။ မှန်ကန်တဲ့တိုက်ပွဲ နည်းနာတွေ လူထုဆီကိုရောက်ဖိုအရေးကြီးပါတယ်။ တဦးချင်းသဘောထားလို့ ဆိုရာမှာလည်း ပြည်သူလူထုကို ကိုယ်စားပြုခဲ့တဲ့ ကိုယ်စားလှယ်တွေဖြစ်လို့လည်း အရေးပါ၊ အရေးကြီးလွန်းလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ရဲ့ အကျဉ်းကျအခြေအနေကနေ ရှားရှားပါးပါး ထွက်ပေါ်လာတဲ့ နှုတ်ထွက် စကားတွေလိုမျိုး တန်ဖိုးကြီးလို့ပါ။
မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေကို နကဖစစ်အုပ်စုနဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးအကြား “ဘောလုံး” စကားနဲ့ပြောကြတာ ကြားရပါတယ်။ ဘောလုံးက သူ့ဘက်မှာလား၊ ကိုယ့်ဘက်မှာလားပေါ့။ “ဂန္ဒီ” ခန်းမပြီးကတည်းက ဘောလုံးဟာ ကျနော်တို့ ခြေထဲမှာမရှိတော့ပါ။ ဒါကို ပြည်သူလူထုကြီးက ၁၉၉၆ လှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှု စတာတွေနဲ့ ပြန်ရအောင် မနည်းကိုလုပ်နေရတာပါ။ နအဖက အဓမ္မနည်းနဲ့ ကျနော်တို့ ပြည်သူလူထုကြီးဘက်ကို ပယ်နယ်တီချည်း လှိမ့်ကန်နေတာပါ။ ၁၉၉၀ ရွေးကောက်ပွဲလှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှုကြီးတွေလို (Counter Offensive) ပြန်လှန်ထိုးစစ် အဆင်ခံရလို့ စစ်အုပ်စုအ နေနဲ့ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားရတာပါ။ စက်တင်ဘာအုံကြွမှုမှာ လူထုရဲ့သမိုင်းတာဝန်ကျေမှုက အံ့မခန်းစရာပါ။ တချို့ဆို ဟုတ်မှဟုတ်ရဲ့လားလို့ မှင်တက်မိနေ ကြတယ် မဟုတ်ပါလား။ မြန်မာပြည် ပြည်သူလူထုကြီးက သမိုင်းတလျှောက်လုံး တာဝန်ကျေခဲ့တာပါ။ စစ်အာဏာရှင်စနစ် သန္ဓေစတည်ဖို့ ကြိုးစားခဲ့တဲ့အချိန် ကာလကစလို့ ယနေ့ အထိပါပဲ။
ကျနော်တို့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြသူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင်ဖျက်သိမ်းပစ်ဖို့ သမိုင်းတာဝန်ကျေကြဖို့ပါပဲ။ ပြည်သူ လူထုရဲ့ ပကတိအနေအထားက စစ်အာဏာရှင်စနစ်ရဲ့ ဓားအောက်မှာ အချိန်နှင့်အမျှ နေနေရတာပါ။ စစ်အုပ်စု အကြောက်ဆုံးကလည်း ပြည်သူလူထုကြီးကိုပါ။ အကြောက်ဆုံးဖြစ်လို့လည်း မလှန်နိုင်အောင် အနိုင်ကျင့်ဖိနှိပ်ထားပါတယ်။ ဒါဟာ နအဖစစ်အုပ်စုရဲ့ ပင်ကိုယ်လက္ခဏာလည်းဖြစ်၊ သွေးရူးသွေးတန်း ရူးသွပ်မှု လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မရပါဘူး။ လူထုကြီးက အုံကြွတိုက်ပွဲဝင်လျက်ပါ။ ဒီမိုကရေစီရေးတိုက်ပွဲ ဦးဆောင်သူတွေက လူထုကို မှန်ကန်တဲ့ဦးဆောင်မှု ပေးရ မှာပါ။ အဲဒီလို ဦးဆောင်မှုပေးဖို့ဆိုရင် လူထုနဲ့ တသားတည်းရှိဖို့လိုပါတယ်။ ဘယ်လို တသားတည်းရှိအောင်လုပ်မလဲဆိုတာက ကိုယ့်ပြဿနာပါ။ တော်လှန်ရေး ပါတီ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ကြေညာချက်တွေနဲ့ ကန့်ကွက်ဆန္ဒမဲပေးကြဖို့ လူထုကိုရော အဖွဲ့အစည်းအသီးသီးကိုပါ တပ်လှန့်စည်းရုံးလိုက်ပါတယ်။ တကယ်လို့ နအဖရဲ့ အဓမ္မဆန္ဒခံယူပွဲမှာ နအဖက တဘက်သတ်အနိုင်ယူပြီး ဘယ်သူကမှလက်မခံတဲ့ ညောင်နှစ်ပင်အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ရင် ဆက် လက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်မှုရှိဖို့ကိုလည်း တော်လှန်ရေးသတိနဲ့ ပိုင်းဖြတ်ချက် ရှိရပါမယ်။ လူထုကို လက်တွေ့ကျကျ ရှေ့ကနေ မားမားမတ်မတ်ဦးဆောင်ပြီး တိုက်ပွဲဝင်ချီတက်သွားဖို့က ကျနော်တို့ဒီမိုကရေစီရေး တိုက်ပွဲဝင်အဖွဲ့အစည်းများရဲ့ တာဝန်ဖြစ်ပါတယ်။ သမိုင်းက အညှာအတာကင်းသလို သမိုင်းကိုညာလို့ လည်းမရပါဘူး။
မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရေးဟာ အဖိနှိပ်ခံပြည်သူတွေရဲ့ သေနင်္ဂဗျူဟာဖြစ်ပါတယ်။ ဘယ်လို တိုက်ပွဲဝင်ကြမလဲဆိုတာက တော့ နည်းနာပိုင်းပါပဲ။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတာဖြစ်လို့ နအဖရဲ့လမ်းပြမြေပုံ၊ ညောင်နှစ်ပင်ညီလာခံနဲ့ နအဖရဲ့အခြေခံဥပဒေကိုလည်း လုံးဝလက် မခံနိုင်ပါဘူး။ အဲဒီ လက်မခံနိုင်မှုကို လက်တွေ့ကျကျ အကောင်အထည် ဖေါ်ရမှာပါ။ ဆန္ဒခံယူပွဲကို သပိတ်မှောက်လို့ ဖြစ်နိုင်၊ မဖြစ်နိုင်နဲ့ အောင်မြင်မှု ရှိနိုင်၊ မရှိ နိုင်ဆိုတာအရေးကြီးပြီး အချိန်မီဆုံးဖြတ် အကောင်အထည်ဖေါ်ရမှာပါ။ ဒါကိုပြောရတာဟာ လူထုနဲ့လူထုတိုက်ပွဲကို ယုံကြည်လွန်းလို့ ပြောရတာပါ။ ကျနော်တို့က လူထုအပေါ် တောင်းဆိုရုံသက်သက်နဲ့ တာဝန်မကျေသေးပါဘူး။ လက်တွေ့ဦးဆောင်ပြရမှာပါ။ တောင်းဆိုရာမှာလည်း ဆန္ဒစွဲနဲ့တောင်းဆိုလို့ မရပါဘူး။ အချက် အလက်ခိုင်မာဖို့လိုပါတယ်။ ကျနော်တို့ဘက်က ရှစ်လေးလုံးအရေးတော်ပုံကြီးလို၊ ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှုကြီးလို လူထုတိုက်ပွဲမျိုး (၃) လ အတွင်းမှာ ဖေါ်ဆောင် နိုင်ပါသလား ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ဒါကလည်း လူထုနဲ့ တသားတည်းဖြစ်နေတဲ့ လူထုလုပ်ငန်းကို စနစ်တကျလုပ်ကိုင်နေတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေက အသိဆုံးပါ။ ဒါ့ကြောင့် လူထုအနေနဲ့ ကန့်ကွက်ဆန္ဒမဲပေးပြီး နအဖရဲ့အခြေခံဥပဒေကို ရိုက်ချိုးပစ်ရပါလိမ့်မယ်။ ဒီလို လူထုအနေနဲ့ မဲရုံသွားပြီး ကန့် ကွက်ဆန္ဒမဲပေးတာကို နအဖရဲ့ လမ်းပြမြေပုံကို အသိအမှတ်ပြုသလို ဖြစ်တယ်၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုပစ်ပယ်တာဖြစ်တယ်လို့ တကြောင်းဆွဲတွေးပြီး ယတိပြတ်ပြောလို့မရပါဘူး။ ကန့်ကွက်မဲပေးပြီး လက်တွေ့ကျကျ သပိတ်မှောက်လိုက်တာ ဖြစ်ပါတယ်။ နအဖ စစ်အုပ်စုကလည်း သူ့စစ်အာဏာရှင် အကျိုးစီးပွား ဘက်က နည်းပေါင်းစုံသုံးပြီး အဓမ္မ ချေမှုန်းမှာဖြစ်ပါတယ်။ လူထုကလည်း တိုက်ပွဲကို အဆင့်ဆင့်မြှင့်ပြီး တိုက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ကျနော်တို့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအကြားမှာ ညီညွတ်ရေးကအရေးကြီးပါတယ်။ သမိုင်းဝင်နေသူရိန်ခေတ်က ညီညွတ်ရေးမျိုး အထူးလိုအပ်ပါတယ်။ ဒါမှလည်း ဘုံရန်သူ စစ်အာဏာရှင် ကိုတိုက်ဖို့ အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်တရပ် အခိုင်အမာပေါ်လာနိုင်ပါမယ်။ အဲဒီကနေ တဆင့် အဆင့်ဆင့်မြှင့်လို့ တိုက်ပွဲဝင်လူထုကြီးနှင့် အတူ ..............။
ရဲဘော်ကိုပေါက်
၆၊ ၃၊ ၂၀၀၈။
Posted by ရွှေဥသြ at 08:44 0 comments
Labels: ဆောင်းပါး