Tuesday 29 April 2008

ခေါင်းခါလိုက်သည်

ခေါင်းတစ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားတစ်ခါ ဖြစ်တယ်..
စပျစ်သီးတွေ ချဉ်တယ်ဆိုတာ အလကား
အဖြေကို ကြိုသိနေတာတော့ ခါးတယ်
မပြေးနိုင်အောင် အပိုင်ချည်ပြီးမှ
လွတ်လွတ်လပ်လပ် ပေးသွားသားပဲလို့ မပြောကြေး
ရထားကတော့ အချိန်တန်ရင် ထွက်သွားမှာပဲ
အစစတိုးတက်ပြီး အပြိုင်တိုးထွက်နေကြတဲ့ ခေတ်ကြီးမှာ

မျက်မမြင်ပုဏ္ဏားတစ်စုကတော့ ငါ့လှေ ငါထိုး အမျိုးပျောက်ပျောက်
လက်ဖျစ်တတောက်ခတ်လိုက်ရင်
ကြက်ဆူပင်က လောင်စာထွက်တယ်
ဘိုးဘိုးအောင်အစွမ်းနဲ့ ၀လုံးတွေ တိုးသတဲ့
ဘိုးဘိုး (မျက်နှာ) ပြောင် အစွမ်းထက်ပုံက သုညတွေ တိုးတိုးလာတယ်..
မုန်တိုင်း အတွက် ပျိုးပျိုးလာတယ်...
အမှားဟာ အမှန်ဖြစ်နေတတ်ပြီး
အမှန်ဟာ အမှားဖြစ်နေတတ်တယ်
အမှန်တရားအတွက် ခေါင်းတစ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားတစ်ခါ ဖြစ်တယ်..
အမှန်တရားအတွက် ခေါင်းဆယ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားဆယ်ခါ ဖြစ်တယ်..
အမှန်တရားအတွက် အားလုံး ခေါင်းခါကြမယ့်နေ့ဟာ
ဒုတိယမြောက် လွတ်လပ်ရေးနေ့ပါပဲ... ။

ညီမင်းနိုင်

No comments: