Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, 1 September 2008

မြင့်မြင့်စန်း ဇာတ်လိုက်ဖြစ်ပြီ

http://www.naytthit.com ..... မှ

မာရေကျောရေနိုင်တဲ့ကောင်လေ
ဘာဖြစ်လဲ
ချော်ကျရင်တောင် မှော်ထနေဦးမယ့်ကောင်။

ဆန္ဒစွဲအရ ပြောကြစတမ်းဆိုရင်
သူပုန်ထပွဲကြီး ချိမ့်ချိမ့်သဲသဲ ကျင်းပလိုက်ချင်တာပါပဲ။

ငါ့ကို
ကန့်လန့်တိုက်တယ်လို့ မပြောကြနဲ့
ရန်သူကို ရန်သူလို့ မခေါ်ရဲတဲ့ကောင်တွေကို တိုက်မယ်
မြေထုလိုမစွဲမြဲရင် လေထုလို အသဲကွဲရမယ်
ဘုရားသခင်က မောင်ရင်တို့ကို ကျော်မကြည့်ခဲ့
ဘယ်လောက်ပဲ ပူလောင်ပါစေ ရင်ခွဲရုံမှာတော့ ဇိမ်မရှိဘူး
တပ်ကြပ်ကြီးအထာ လာလုပ်မနေနဲ့။

မြင့်မြင့်စန်းရေ …
မင်းက ငါ့ကို
တင့်တင့်တယ်တယ် လူရာဝင်စေချင်သတဲ့
ဟုတ်စ
မင်းက ငါ့မိန်းမဆက်ဖြစ်နေဦးမယ့်သူပါကွယ်
မညံ့နဲ့။

မြင့်မြင့်စန်းရေ … မိန်းမရေ
မင်းသူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ
ဟိုစာစောင် ဒီစာစောင်မှာပါလာတော့
မင်းရဲ့မျက်နှာ တညှို့တထွာ
အားမငယ်စမ်းပါနဲ့ မိန်းမရာ
မင်းကို ငါ
ကဗျာထဲမှာ ထည့်ရေးပြီ။

ညိုထက် (လမ်းသစ်ဦး)

Read More...

Saturday, 23 August 2008

သနပ်ခါး

http://www.naytthit.com ...မှ ကူးယူဖော်ပြသည်။

သဘာဝရဲ့
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
အညာကျေးလက် တပ်မက်ဖွယ်ရာ။

နွေထဲ
သဲမုန်တိုင်းတွေနဲ့ ရိုင်းစိုင်းလှတဲ့ လေထဲ
ပက်ကြားအက် ကုန်းမြေမာခေါင်ခေါင်ထဲ
ချွံမြ ဆူးတွေထုတ်လို့ အာခံ
ဘ၀ကို ဒီလို ရှင်သန်တယ်။

အရွယ်ရောက်တော့
အလိုကျ ဖြတ်တောက်ခံကာ
ကြမ်းတမ်းခက်မာ ကျောက်သားပြင်
ဘ၀ကို မှတ်ကျောက်တင် အသွေးခံလို့…။

အိုမင်း တွန့်ရွ
အမေ့ အသားအရည်ပေါ်မှာ ဖြစ်ဖြစ်
ပန်းနုရောင်ပြေး
ချစ်သူ့ပါးပြင် ကလေးပေါ်မှာ ဖြစ်စေ
သူဟာ
ပန်းတွေနဲ့ အပြိုင် မွှေးတယ်။ ။

ကမာပုလဲ
၂ ၀ ၀ ၈။

Read More...

Sunday, 11 May 2008

ဒေါသမြစ်တစင်း၏ သေတမ်းစာ.................


ဟောဟိုမှာ
ဓနိတော၊ လမုတန်းနဲ့ 
ချောင်းတို ၊ချောင်းခွတွေကပေါ
မြစ်အဏ္ဏ၀ါတကြော
ဗေဒါတွေတင်မျောနေကြတာမဟုတ်ဘူးလေ။

ရေမျောပြီး ကမ်းလာတင်ကြ
ထင်းချောင်းသစ်တိုသစ်စ
အဲဒါတွေသည်ပင်လည်းမက
သဘာဝလည်းမကျစွာ။

သည်မှာလေ
အပြာစ အနီ စ အ၀ါစ
အ၀တ်စပါလေရုံ သာသာ
ဝိညာဉ်မဲ့ကိုယ်ခန္ဓာ
သင်္ဂြိုလ်မယ့်သူကိုရှာ
မင်းတို့ ငါတို့ လိုပါ
လူသားအသက်တွေ
ထောင်သောင်းပေါင်းများစွာ။

သူတို့အတွက်မှာ
ဈာပနတေးသံဆိုတာမရှိ
ကြေးစည်သံမရှိ
ခွေးအူသံလည်းမရှိ
ရေချမ်းအိုးငယ်လေးတွေလည်းမရှိ
ဆွမ်းသွပ်မယ့်လူလည်းမရှိ
ဆွေလုံးကျွတ်
မျိုးလုံးကျွတ်
ရွာလုံးကျွတ်မျှ
သည်မြေပေါ်က
လွင့်ပါး ပျက်သုဉ်းကြ
နောက်ဆုံးဘ၀ကူးခရီး
အနှောင်အဖွဲ့ တွေ ကာဆီး။

အစိုးရလုပ်သူကိုယ်တိုင်က
တာဝန်မဲ့မဲ့ ပြောထား
မပြည့်မစုံသတင်းစကား
ဝိုးဝါး ထွေအင်
မုန်တိုင်းဒဏ်လွတ်လေနိုးနိုး ထင်
မိသားစုဝင်တွေ
တယောက်လက်တယောက်တွဲ
ကြိုးနဲ့ချည်နှောင်တည်း
သေပွဲကြီး ၀င်ရရှာ
ရင်နင့်စရာမြင်ကွင်း
မြစ်တစ်စင်းလုံး
ပြည့်လုလု.....။

ပစ္စက္ခ
တို့ သမိုင်းမှာ
မင်းမဲ့၊ တရားမဲ့
တိုင်းပြည်ဘဝ
ဒီလောက် နိမ့်ကျ
တရံတခါ
ရာဇ၀င်တွေလည်းမရိုင်းခဲ့ပါဘူး ကွာ ။

တာဝန်မဲ့မဲ့
သစ္စာပျက်
နင်
ဟဲ့  အစိုးရ
ဆန္ဒ ကန့်ကွက်မဲ
ဖြုတ်နိုင်ခွင့်သည် တခါလွဲ
ဘဒ္ဒ သံသရာထဲမှာ
တို့ 
ဝိညာဉ်တွေ
မလွတ်မကျွတ်ရင် နေပါစေ..............

ကျန်ရစ်သူတို့ရေ
ဒို့ တတွေ အတွက်လေ
အမျှဝေ မနေနဲ့ 
လက်စားသာ ချေလှည့်ကြတော့။ ။

ကိုဝေလင်း
(၁၀၊ ၅၊ ၂၀၀၈)
မှတ်ချက်။ ။ဒေါင်းအိုးဝေ၊အတွဲ(၁)၊အမှတ်(၆)၊ဧပြီ၊မေ၊ဂျွန် စာအုပ်တွင်
ပုံနှိပ်ဖေါ်ပြမည့် ကဗျာဖြစ်ပါသည်။
ဟင်းလင်ပြင်ဘလော့မှ ကူးယူသည်။

Read More...

Tuesday, 29 April 2008

မေသမိုင်းသစ် အသင့်ပြင်

ကမ္ဘာ့ မှတ်တိုင်တရပ် ပါ့

သြဂတ်စပိုင့်ရဲ့ အရိုးတွန်သံ

နိုင်ငံတကာက ကြားခဲ့ကြ

ကမ္ဘာ့ အလုပ်သမားနေ့

မေဒေးနေ့ကြီးအဖြစ် မော်ကွန်းတင်

မေသမိုင်းစဉ်ကို လှုပ်နှိုးးပစ်ခဲ့သလို ...

ဗမာ့ မှတ်တိုင်တရပ် အဖြစ်

သြဂုတ်ရှစ်ဆယ့်ရှစ် အာဇာနည်များရဲ့အရိုးတွန်သံ

တနိုင်ငံလုံးက ပြန် ကြား ကြ

စစ်ဓါးမြ စစ်ဘီလူး စစ်အာဏာရူးများ ဆန့်ကျင်ရေး

ဗမာ့မေဒေးအသစ် မော်ကွန်းပြင်

မေသမိုင်းစဉ်ကို ထပ်ပြီး ထူ

အောင်သံတလူလူနဲ့ ပြကြဖို့ ...

ရဲဘော် တို့

မိတ်ဆွေ တို့

ပြည်သူလူထုအပေါင်း တို့ ...

မတိမ်းမစောင်း အသင့်ပြင်

သမိုင်းတွင်အောင် ကန့်ကွက်ကြ

မျက်ခြေမပြတ်

ကြက်ခြေခတ်ရုံ မက

နအဖရဲ့ကလိန်ဉာဏ်

မူမမှန်တဲ့ ဖွဲ့စည်းပုံ

အမှိုက်ပုံဆီ ပို့နိုင်ရေး

ဟစ်ကြွေး ဖေါ်ထုတ် ကန့်ကွက်ကြပါ စို့ ...

ဆန့်ကျင်မဲပေး ဆန္ဒပြကြပါ စို့ .....။ ။ ။ ။

(၀င်းတင့်ထွန်း)

၆ - ၄ - ၂၀၀၈

မှတ်ချက်

သြဂတ်စပိုင့် (August Spies) = ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့အဖြစ် ဖြစ်ပေါ်စေခဲ့တဲ့။ အမေရိကန် ချီကာဂိုမှ စတင်ခဲ့တဲ့ ၁၈၈၆ မေလအလုပ်သမား သပိတ်တိုက်ပွဲအတွင်းမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ပြီး။ ကြိုးပေးစီရင် သတ်ဖြတ်ခံခဲ့ရ တဲ့ အလုပ်သမားခေါင်းဆောင်တဦး။ ။

Read More...

ခေါင်းခါလိုက်သည်

ခေါင်းတစ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားတစ်ခါ ဖြစ်တယ်..
စပျစ်သီးတွေ ချဉ်တယ်ဆိုတာ အလကား
အဖြေကို ကြိုသိနေတာတော့ ခါးတယ်
မပြေးနိုင်အောင် အပိုင်ချည်ပြီးမှ
လွတ်လွတ်လပ်လပ် ပေးသွားသားပဲလို့ မပြောကြေး
ရထားကတော့ အချိန်တန်ရင် ထွက်သွားမှာပဲ
အစစတိုးတက်ပြီး အပြိုင်တိုးထွက်နေကြတဲ့ ခေတ်ကြီးမှာ

မျက်မမြင်ပုဏ္ဏားတစ်စုကတော့ ငါ့လှေ ငါထိုး အမျိုးပျောက်ပျောက်
လက်ဖျစ်တတောက်ခတ်လိုက်ရင်
ကြက်ဆူပင်က လောင်စာထွက်တယ်
ဘိုးဘိုးအောင်အစွမ်းနဲ့ ၀လုံးတွေ တိုးသတဲ့
ဘိုးဘိုး (မျက်နှာ) ပြောင် အစွမ်းထက်ပုံက သုညတွေ တိုးတိုးလာတယ်..
မုန်တိုင်း အတွက် ပျိုးပျိုးလာတယ်...
အမှားဟာ အမှန်ဖြစ်နေတတ်ပြီး
အမှန်ဟာ အမှားဖြစ်နေတတ်တယ်
အမှန်တရားအတွက် ခေါင်းတစ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားတစ်ခါ ဖြစ်တယ်..
အမှန်တရားအတွက် ခေါင်းဆယ်ချက် ခါလိုက်တိုင်း
မုန်တိုင်းအတွက် အားဆယ်ခါ ဖြစ်တယ်..
အမှန်တရားအတွက် အားလုံး ခေါင်းခါကြမယ့်နေ့ဟာ
ဒုတိယမြောက် လွတ်လပ်ရေးနေ့ပါပဲ... ။

ညီမင်းနိုင်

Read More...

Wednesday, 26 March 2008

မုန်တိုင်းသီချင်း

ကဲ … ဒီတပွဲတော့တွေ့ကြပြီ
နီရဲစွေးစွေး နှလုံးသွေးကိုပြ
(စစ်အာဏာရှင်တို့ရဲ့)
အခြေခံဥပဒေ ဆန့်ကျင်ကြ။

တောင်ဘို့မှန်းလဲသိ
ဓားပြမှန်းလဲသိ
သိသိကြီးနဲ့အညံ့ခံရင်
စစ်အာဏာရှင်ကျွန်ဘ၀နဲ့
လူလုံးမလှဖြစ်ကြရပေလိမ့်မယ်။

ကစ္စပနဒီ ဧရာဝတီ
စစ်တောင်း သံလွင်
ရာဇ၀င်မညှိုး
နယ်ချဲ့စနစ်ဆိုး
ဖက်ဆစ်စနစ်ဆိုး
ပိုင်းပိုင်းရိုက်ချိုးချေဖျက်
(ပြည်သူတွေ)
လက်နဲ့ရေးခဲ့ လွတ်လပ်ရေး
(စစ်အာဏာရှင်တို့)
ခြေနဲ့ဆေးဖျက်မခံနိုင်။

အို … ပြိုင်တူညီညာ
ဆိုပါလေ … ပြည်သူအများ
လိုက်ပြီးရွတ်ကြ …
“ကန့်ကွက်ကြလော့”
“ကန့်ကွက်ကြလော့”
“ကန့်ကွက်ကြလော့ စစ်အခြေခံဥပဒေ”။ ။

စိုးနေလင်း

Read More...

Friday, 14 March 2008

ကမ်းစပ်နေခြည်

လမျက်နှာ
မှုံရီဝါ
ကမ္ဘာအပြာ
တခါတစ်ခါ မာယာ။

ပင်လယ်ဟာ
နီဝါပြာထိန်လင်း
ရင်နဲ့ ရင်းတဲ့လှိုင်း
တံပိုးခရာမှုတ်
ဆန့်ထုတ်ပစ်လွှတ်အလင်းတန်း၊

လှိုင်းများ၊ ၀ဲဂယက်များ
ကြမ်းတမ်းလှုပ်ခပ်မရပ်မနား
ကျောက်ဆောင်နဲ့သောင်
တောင်ကမ္ဘားယံနဲ့မုန်တိုင်း
သမိုင်းကားနိဂုံးမချုပ်
ဆုတ်တက်ကစား
ကာလယန္တယား
အရင်းမဲ့သံစဉ်များ
ရသဒုက္ခများနဲ့ခရီးဆက်။

မြဲမြံတဲ့လက်များ
ကျစ်လစ်စွာကိုင်ဆုပ်၊ မဆုတ်မနစ်
ငတ်မွတ်မှုတမ်းခြင်း
ချစ်ခြင်းတို့နီမြန်း
သစ်လွင်ပြည့်သူ့လမ်း
တလှမ်းခြင်း၊ တဆစ်ခြင်းထုဆစ်
ခေတ်သစ်ရနံ့သင်း
ပန်းတခင်းစီ
အဲဒီလမ်း
ကမ်းအလင်းဆီ။ ။

နေလက်
၄၈၂၈ မတ်လ သို့

Read More...

Saturday, 1 March 2008

မီးခြစ်တဆံ

အနှစ် (၂၀) ဆိုပါလားဟေ့ …။
အမြင်ကတ်လောက်အောင်
ကိုယ့်ကိုယ်ကိုယ် တပ်မက်စိတ်ရှိသူများက
ကြောင်သူတော် သောကနဲ့လေ။

အနှစ် (၂၀) ဆိုပါလားဟေ့ …။
ကောက်ကျစ်သော
အမြင်တိုသော
ကိုယ်ကျိုးငဲ့ ရန်လိုစိတ်နဲ့
လူလားမြောက်လာတဲ့
အာဏာပါးကွက်သားတို့က
ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းငှာ
မတတ်စွမ်းနိုင်တဲ့
ကောက်ရိုးမျှင် ဥပဒေနဲ့လေ။

အနှစ် (၂၀) ဆိုပါလားဟေ့
အကောင်းအဆိုးအပေါ်မှာ
ရှက်ဖွယ်လိလိ ဥပက္ခာပြုနိုင်သူများက
ယုတ်ညံ့သိမ်ဖျင်းမှုနဲ့
မသန့်စင်သော အရာမှန်သမျှရဲ့
မုသား ပုဒ်မနဲ့လေ။

အနှစ် (၂၀) ဆိုပါလားဟေ့ …။
ရုပ်မှာ အာဏာနဲ့ကျည်ဆံ
နာမ်မှာ ဖက်ဆစ်
မအောင်မြင်တဲ့ သူရဲကောင်းများရဲ့
အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့
ခုံရုံးအမိန့်နဲ့လေ။

(၂)
မီးပွားကလေးကနေပြီး
မီးတောက်ကြီးဖြစ်လာတဲ့အခါ
ကမ္ဘာမြေပေါ်မှာရှိတဲ့
အညစ်အကြေးဟူသမျှနဲ့
လူလေလူလွင့် ဂျပိုးတေလေတွေကို
လောင်စားသွားလိမ့်မယ် ….. (ဂေါ်ကီ)
မောင်သော်ကရဲ့ မီးခြစ်တဆံဟာ
နောင် ….. အနှစ် (၂၀) ကြာတဲ့အခါမှာ
လောင်စာများရဲ့ ပြာနဲ့ထုဆစ်
သမိုင်းဝင်ကျောက်တိုင်ဖြစ်လာမယ်။ ။

မောင်သော်က
(၁၂. ၆. ၉၁) ရက်နေ့တွင် ကွယ်လွန်သွားသော ဆရာ (မောင်သော်က) အား ဂုဏ်ပြုသောအားဖြင့် သူအကျဉ်းထောင်ထဲတွင် ရေးသားခဲ့သော ကဗျာတပုဒ်ကို ဖော်ပြပါသည်။

ဒေါင်းအိုးဝေ အတွဲ - ၂၊ အမှတ် - ၁၁၊ ဇူလိုင်၊ ၁၉၉၁ မှ ကူးယူဖော်ပြသည်။

Read More...

Wednesday, 20 February 2008

နွမ်းလျမိခင် ဂျာမဏီ

အို နွမ်းလျမိခင် ဂျာမဏီ
ပြည်သူတွေကြားမှာ အမေထိုင်နေတော့
အမေ့တကိုယ်လုံး ညစ်ပေနေလိုက်တာ
သွားပုပ်လေလွင့် အပြောခံရသူတွေအကြားမှာ
အမေဟာ ခေါင်းမော့ထားတယ်။

အမေ့ရဲ့ အဆင်းရဲဆုံးသားဟာ
အရိုက်ခံရလို့ လဲကျနေချိန်မှာ
ကျန်တဲ့သားတွေက
ဗိုက်ဆာနေတဲ့သူ့ကို
လက်မြှောက်ရွယ်ထားကြတယ်။
ဆိုးလှပါတယ်အမေရယ်။

သူတို့ဟာ အဲဒီလို လက်တွေမြှောက်
ကိုယ့်ညီလေးကို ရွယ်ထားပြီး
မထီတရီနဲ့ အမေ့ကို ၀ိုင်းပတ်လျှောက်ကြ
အမေ့မျက်နှာ တည့်တည့်ကြည့် ရီကြတယ်
ဒါ အားလုံးအသိပါ။

အမေ့အိမ်ထဲမှာ
မုသားတွေကျယ်ကျယ်လောင်လောင် ဟိန်းလို့
အမှန်တရားဟာ နှုတ်ဆိတ်နေရသတဲ့
အဲဒါ ဟုတ်သလားအမေ။

ဖိနှိပ်သူတွေက
အမေ့ကို နေရာတကာမှာ ချီးမွမ်းပြီး
အဖိနှိပ်ခံတွေကတော့
အမေ့ကို စွပ်စွဲနေကြတယ်။
လုယက်ခံရသူတွေက
အမေ့ကို လက်ညှိုးထိုးကြပြီး
လုယက်သူတွေကတော့
အမေ့အိမ်ထဲမှာ တည်ထောင်ထားတဲ့စနစ်ကို
ချီးမွမ်းနေကြတယ်။

အမေ့ အကောင်းဆုံးသားတွေရဲ့
သွေးတွေ စွန်းပေနေတဲ့
ခြုံလွှာရဲ့ အနားစွန်းကို
အမေ၀ှက်နေတာ
လူတိုင်းကမြင်ကြတယ်။

အမေ့အိမ်ထဲက ရန်ထောင်သံတွေ ကြားရတော့
လူတွေက ရယ်ကြတယ်၊
ဒါပေမဲ့ ဓားပြကပ်လာတဲ့အခါမှာ
အမေ ဓားလှမ်းဆွဲတာကို
ဘယ်သူမြင်လို့လဲ။

အိုအမေရယ်
အမေ့သားတွေက
အမေ့ကို ဆင်ပေးလိုက်တာ
လူကြားထဲမှာ
အထင်သေးစရာ
ထိတ်လန့်စရာကြီး ဖြစ်နေပါပေါ့လား။ ။

ဗားတော့ဗရက်
(အင်္ဂလိပ်လိုမှ ဘာသာပြန်သူ မောင်ချစ်ခင်)

Read More...

၁၉၄၂ ခုနှစ်၊ မေလ (၂၃) ရက်

ကောင်းကင်ထက်မှ၊ တိမ်ဖြူလွှလွှ
ပင့်သက်မလျက်၊ မရွေ့ မလျား
ကျောက်ချထား။

မင်းဝံရွှေတောင်၊ စေတီထောင်သောင်း
ခေါင်းလောင်းမမြည်၊ ကြေးစည်မတီး
အံ့သြတကြီး။

အင်းဝတံတား၊ သံမဏိသားဟာ
မားမားရပ်လျက်၊ မျက်မှောင်ကိုကြုတ်
လက်သီးဆုပ်။

ဧရာဝတီ၊ သည်နေ့တွင်ကား
ငါးမမြူး၊ ငှက်မပျံ
လှိုင်းတွေသာ မာန်ထနေ။

“ဤတိုင်းပြည်၊ ဤပြည်သူအတွက်
ဖက်ဆစ်စနစ်၊ ဖြိုပစ်ဖို့အတွက်
ကမ္ဘာစစ်ကြီး၊ ရပ်ပစ်ဖို့အတွက်
ငါ့အသက်ကို၊ ပေးဆက်ပါသည်
ဤတောင်ရိုး သက်သေထား
ဤတံတား တိုင်တည်ကာ
ဤမြစ်ကို သင်္ချိင်းပြုမယ်
ဆယ်သက်ဆယ်ပြန်ပဲ သေပါစေတော့။”

“ငါသေပြီးနောက်
မကောက်နဲ့ ငါ့အလောင်း
ငါ့အကြောင်းကိုသိချင်ရင
ငါ့ပြည်သူကိုသာမေး
ငါ့သွေးရဲ့ အရောင်ကိုသိချင်ရင်
အဲဒီ ဂျပန်တွေကိုသာ မေးပေတော့။
ဖက်ဆစ်နဲ့ ကွန်မြူနစ်
ဒီစစ်ကြီးမှာ
ဘယ်သူဟာ အောင်နိုင်သူလဲ
ငါမမီပေမယ့်၊ အဖြေကိုသိနေတယ်
နှုတ်ဆက်ခဲ့ပါတယ် ရဲဘော်တို့။”

ဖိုးသံ (လူထု)
(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဂျပန်ဖက်ဆစ်တော်လှန်ရေး မြေအောက်လုပ်ငန်းကို အကြောင်းပြုပြီး ဖက်ဆစ်ဂျပန်တို့က ဖမ်းဆီးညှဉ်းဆဲ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ စစ်ကိုင်းမှ ရဲဘော်သိန်းတန်ကို ဒီကဗျာနဲ့ ဂုဏ်ပြုအပ်ပါတယ်။)

Read More...

မုတ်သုန်လေနှင့် တော်လှန်ရေးအစဉ်အလာ

မုတ်သုန်ဤလေ
နွေကိုနန်းတင်၊ ဆောင်းကိုနှင်၏။
ရွက်ဟောင်းကိုနှင်၊ ရွက်သစ်ဆင်၏။
အစဉ်အလာ ထူးမြတ်စွ။

ဆောင်းကိုဖီဆန်၊ မုတ်သုန်ထန်စဉ်
တရံခါက၊ မတ် - တလ၌
ထကြွပုန်ကန်၊ တို့တော်လှန်သော်
ဂျပန်ဖက်ဆစ် ပြေးရခဲ့။

ခါတိုင်းလိုပင်
ပင်လက်ပံလည်း၊ မီးလျှံမီးတုတ်
ကိုင်ကာဆုပ်၍၊ မုတ်သုန်ရှေ့ က
အချက်ပြသည်၊ မတ်လ ခါတိုင်း ၀တ်မပျက်။

တောမီးကိုထမ်း၊ ရှမ်းတောင်တန်းလည်း
အောင်ဆန်း,ဗထူး၊ သတ္တိထူးကို
ချီးကျူးတင်စား၊ နေသည့်လားသို့
ရှေ့ ဖျား ရဲရဲ နီလျက်။

ထလော့ ကြွလော့ လှုံ့ဆော်ပြောသို့
ဥသြရဲဘော်၊ ခွန်းဆင့်ကြော်လျှင်
တော်လှန်ခဲ့ကြ၊ မတ် တလကို
မှန်းဆအားအင် ၀င်မိ၏ ။

ဥသြစစ်ချီ၊ သီလော့-သီလော့
ရိုးမမီးနီ၊ နီလော့-နီလော့
လက်ပံပွင့်နီ၊ နီလော့-နီလော့
မုတ်သုန်လေနီ၊ ချီလော့-ချီလော့

မတ်လ...မတ်လ...
သတိရ၍၊ သွေးကြွဆူလာ
စာဆိုငါသည်၊ ကဗျာတပုဒ်
ရေးသီထုတ်ခိုက်၊ မုတ်သုန်လေလျှင်
ငါ့ဆံပင်ကို၊ ဝှေ့ငင်လှုပ်ဆွ
ကြက်သီးထပြီ......
ထ - ထ - သူပုန် - အော်မိ၏။ ။

မောင်စွမ်းရည်
၂၇-၃-၆၄

Read More...

တော်လှန်ရေး

ချောမွေ့ ရှည်လျား၊ ၀ါးလုံးများကို
ဓားဖြင့် စိပ်ဖြာ၊ ခွဲလိုက်ရာတွင်
ဝါးမှာ ပျက်စီးခဲ့လေပြီ၊

ကြမ်းတမ်းရှည်လျား၊ ၀ါးခြမ်းများကို
ဓားဖြင့်ဖြတ်သတ်၊ ယက်ပါလတ်မူ
သပ်ရပ်လှစွာ၊ တောင်းဖြစ် လာလိမ့်
တောင်းမှာ ၀ါးထက်၊ တန်ဘိုးတက်၏
ဝါးတွက် နှမြော မရှိနှင့်။ ။

မောင်စွမ်းရည်
၂၉၊ ၁၁၊ ၁၉၆၁

Read More...

အောင်လံထူမယ့် စိတ်

သမိုင်းအုတ်တချပ်ဆင့်ဖို့
အသက်နဲ့တောင်ရင်းခဲ့ရ
ခံပြင်းတက်ခေါက်
စိတ်တွေလဲ မီးတောက်
ဒူးထောက်သူ ရင်ကော့သူ
လူအမျိုးမျိုးနဲ့ ကြုံ
သူပုန် တဖြစ်လဲ
အောင်ပွဲရဖို့ ရှေ့ ချီတက်
လက်တွဲစို့ရဲဘော်
အနာဂတ်ကိုမျှော်ကြမယ်။

ကိုယ်ကျိုးကို မြေမြှပ်
ကိုယ့်အထုတ် ကိုယ်မပိုက်
တိုက်ပွဲသာအသက်
တိုက်ရဲတာ လက်နက်
သွေးစက်စက်ကျပေစေ
အုတ်မြစ်ချ လူ့ဗိမာန်
အကျည်းမတန်စေရ။

လူမှန်ရင် သတ္တိရှိရမယ်
အသိစိတ်မြင့်မား
တရားကိုချစ်တတ်ရမယ်။
အမှားနွံမနစ်
တရားမွန်ချစ်တတ်မှ
လောကသစ် အုတ်တချပ်
အနာဂတ်အတွက်စီနိုင်မယ်။

အောင်လံထူဖို့
လွယ်ကူတဲ့အလုပ်မဟုတ်။

အချောင်ကံထလို့
အောင်လံမရနိုင်။

နောင်အမြဲလှစေဖို့
အောင်ပွဲအရချီတက်လော့။ ။

တင်မိုး
၂၈၊၀၁၊ ၂၀၀၅( သောကြာနေ့လယ်ခင်း)

Read More...

Monday, 18 February 2008

အနိုင်မခံ ( ဗိုလ်ချုပ် ဘာသာပြန်ရေးခဲ့တဲ့ ကဗျာ )

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။


ဗိုလ်ချုပ်အောင်ဆန်း
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)

Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeoning s of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Lies but the horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
Engrave this quote in Our Store! Rate this Quote! Tell a Friend.


-William Ernest Henley, "Invictus", 1875

ချစ်တဲ့မနော်မြေဘလော့မှ ကူးယူသည်။

Read More...

တိုင်းပြည် (၂)

မြန်မာပြည်မှာက
ငှက်ဖျားပေါတယ်။
ခွေးလေ ခွေးလွင့်
သူတောင်းစားနဲ့
ဆင်းရဲသားပေါတယ်။

ခြင်
ယင်ကောင်
ဖာ
သူခိုးနဲ့
အလှူခံလည်း ပေါတယ်။

ဘုန်းကြီး
စစ်သား
ဘိန်းသမားနဲ့
ကပ်ဖါး ရပ်ဖါး
အချောင်သမားလည်း ပေါ
အရည်အချင်းမရှိဘဲ
ခေါင်းဆောင် လုပ်ချင်သူလည်းပေါ။

မရယ်ရတဲ့ လူပြက်တွေနဲ့
အသုံးမကျတဲ့ အကယ်ဒမီတွေလည်းပေါ
ခါတော်မှီ
ကော်ပီ သီချင်းတွေနဲ့
ထောက်လှမ်းရေးတွေလည်း ပေါတယ်ပေါ့။

ဒီမိုကရေစီသမားတွေ ပေါသလို
ကြံ့ဖွတ်တွေလည်းပေါ
ဗိုလ်ချုပ်ကြီးတွေ ပေါသလို
ထောင်သားတွေလည်းပေါတယ်ပေါ့။

ဆေးအတု
ဆီအတု
ရွေးကောက်ပွဲ အတု
အမဲခြောက် အတုနဲ့
နိုင်ငံရေးသမား အတုတွေလည်းပေါ။

ဥပဒေ အတု
အစိုးရ အတု
ပညာတတ် အတုနဲ့
ရဲရဲတောက် အတုတွေလည်းပေါ။

တကယ်တော့
မြန်မာပြည်ဆိုတာက
လူ့ အခွင့်အရေး
ရှားပါးလွန်းတာကလွဲလို့
ကျန်တာတွေ အကုန်ပေါတဲ့
အရပ် …….. ဆိုပါတော့။ ။

မာရု
ချစ်တဲ့မနောမြေဘလော့မှ ကူးယူဖော်ပြသည်။

Read More...

Sunday, 17 February 2008

ငါတို့ထဲက တချို့သို့

ခွင့်ပြုကြ သူငယ်ချင်းတို့
အမှန်တရားကို ဆိုတဲ့ငှက်ဟာ
ငါ့နှုတ်ဖျားမျာ ခဏလာနားလို့။

ခွင့်ပြုကြ သူငယ်ချင်းတို့
ရင်ထဲက အသံဟာ
ငါ့ကဗျာကို အခုလာငှားလို့။

ငါတို့ဟာ ငါတို့အားလုံးရဲ့ ပျမ်းမျှကိုယ်တိုင်းနဲ့ တော်တဲ့အင်္ကျီကို
ဝတ်ဆင်နေကြခြင်းသာဖြစ်တယ်။

ငါတို့ထဲက တချို့က
ကိုယ့်အတောင်ပံကိုယ်ဖြတ် ခွပ်ဒေါင်းအလံကိုယက်နေချိန်မှာ
ငါတို့ထဲက တချို့က ပက်ကြားအက်နေတဲ့ ပါးစပ်တွေနဲ့
မိုးခါးရေကို မက်နေကြလို့။

ပဒေသရာဇ်ဆန်တဲ့ ညတွေထဲ
ငါတို့ထဲက တချို့က ကိုယ့်ကိုယ်ကိုယ်မီးမြှိုက်တောက်ပ ပေးနေချိန်မှာ
ငါတို့ထဲက တချို့က အဆိပ်ရေတွေနဲ့ ငြိမ်းနေခဲ့ကြလို့။

ဒဏ္ဍာရီတွေထဲကအတိုင်း
သွေးဆာနေတဲ့ဘီလူးရိုင်းတွေ
ဓာတ်ပုံတွေကိုင်ပြီး တမြို့လုံးဝင်မွှေနေချိန်မှာ
ငါတို့ထဲကတချို့က ခေတ်ပျက်တာကို ခေတ်ပျက်တယ်လို့ရှုနေကြတယ်။

ငါတို့ထဲက တချို့က
ယုံကြည်ချက်တွေပန်ပြီး ယောနသံဇင်ယော်လိုပြန်နေချိန်မှာ
ငါတို့ထဲက တချို့က
ကိုယ့်အနာဂတ်ကို ကိုယ်တိုင်သော့ခတ်
သော့တံကို မိစ္ဆာတွေဆီအပ်လို့။

ရန်သူကငါတို့ကို တည့်တည့်ပစ်နေချိန်မှာ
ငါတို့ထဲက တချို့က
ညီအကိုအချင်းချင်း
နှုတ်ခမ်းကျဉ်းကျဉ်းတွေနဲ့
အပေါစားတံဆိပ်တွေကပ်
ဒေါသအဆိပ်တွေ ခတ်နေကြလို့။

ငါတို့ထဲက တချို့က
မိဘစကားမလွန်ဆန်ရက်ရင် ဘုရားတောင်မှမပွင့်နိုင်ဘူး ဆိုတဲ့အတွေးနဲ့
တော်လှန်ခြင်းအကျင့်ကို အဆုံးစွန်ထိ ကျင့်ကြတယ်။
ငါတို့ထဲက တချို့က
မိစ္ဆာတွေစကား လွန်ဆန်ခဲ့ရင် ကိုယ့်အတ္တကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့အတွေးနဲ့
နာခံခြင်းအကျင့်ကို အဆုံးစွန်ထိကျင့်ကြတယ်။

အာဇာနည်တွေရဲ့ အပြင်းစားရင်ခုန်သံတွေဟာ သေနတ်သံတွေထက် ဆူညံခဲ့ပါတယ်။
ဒါပေမဲ့ ငါတို့ထဲက တချို့က လက်ခုပ်ကိုတောင် ကျယ်ကျယ်မတီးရဲကြဘူး။

ငါတို့ထဲက တချို့ကြောင့် ငါတို့အင်္ကျီတွေသေးနေရတယ်။
ကန့်လန့် ကန့်လန့် လုပ်လာရင်တော့
ငါတို့ထဲက တချို့ကို
ငါတို့ထဲက ထုတ်ရမယ်။

ငါတို့ရင်ထဲက သံပုံးတီးသလိုမြည်လာတဲ့ ကြွေးကြော်သံတွေနဲ့
မကောင်းဆိုးဝါးတွေကို နှင်ထုတ်ကြ။
ခွပ်ဒေါင်းတွေရဲ့ အတောင်ပံဟာ
စည်းမဲ့ကမ်းမဲ့ သေနတ်ကိုင်သူတွေကို ခွပ်ဖို့ဖြစ်တယ်။

၂၀၀၇ နိုဝင်ဘာ။
ကောင်းကင်ကို
ကောင်းကင်ကိုမှ ဓာတ်ပုံရိုက်ထားသည်။

Read More...

Thursday, 14 February 2008

တော်လှန်ရေး သူရဲကောင်း


ဇွဲကပင်တောင်ခြေမှာနှင်းမကွဲသေးဘူး
တိုင်းရင်းသားလူမျိုးစုတွေရော
မြန်မာလူမျိုးအားလုံးရော
စစ်အာဏာရှင်စနစ်ဆိုးအောက်က
မလွတ်မြောက်နိုင်ကြသေးဘူး .. ။

အချိန်မတန်ခင်ကြွေလွင့်သွားတဲ့
တော်လှန်ရေးသူရဲကောင်းကြီး
ဖဒိုမန်းရှာတစ်ယောက်
တမလွန်ဘ၀ကနေ
ရဲရဲတောက်တော်လှန်ရေးဝိဥာဉ်တစ်ခုနဲ့
ဆက်လက်တိုက်ပွဲဝင်နေမှာလား .. ။

မြူလည်းစဲပြီ
ကျေးငှက်သံတွေလည်းတိတ်ခဲ့ပြီ
မျှော်လင့်ချက်မျက်နှာတွေ
ငိုပွဲဆင်ခဲ့ရပြီ ..
သွေးညှီနံ့တွေပြည့်နှက်
ယမ်းငွေ့သံတွေတဝေေ၀
ကောက်ကျစ်ယုတ်မာမှုတွေပြည့်နှက်
ကိုယ့်လူမျိုးအချင်းချင်းယုတ်မာနေတဲ့
စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ဖို့
ညီညွတ်ရေးအဆောက်အအုံတွေ
ကြိုးစားတည်ဆောက်ရဦးမယ် .. ။

အရိုအသေလေးမြတ်မှုတွေကြား
ခေါင်းဆောင်တစ်ယောက်ကျဆုံးတိုင်း
တစ်ခါပေါက်ထွက်တဲ့နှလုံးသားနဲ့အတူ
ကြေကွဲခြင်းတေးသံများလွှမ်းခြုံ
လွတ်မြောက်ရေးရောင်နီဆီ
အားလုံးဆက်လျှောက်ကြရင်း
တော်လှန်ရေးဝိဥာဉ်ဖြန့်ဝေနေမည့်
သူရဲကောင်းကြီး `ဖဒိုမန်းရှာ´အား
လေးစားဂုဏ်ပြုဦးညွှတ်လိုက်ပါ၏ .. ။

လင်းလက်ကြယ်စင်
လင်းလက်ကြယ်စင်ဘလော့မှ ကူးယူသည်။

Read More...

Sunday, 10 February 2008

နောက်ဆုံးပင်လယ်

ပန်းတိုင်ကိုသွားရတယ်ဆိုတာ
လရောင်အောက်မှာ လမ်းလျှောက်တာမဟုတ်ဘူး
(ဓားတောင် ၀တ္ထုမှ)
ကျွန်းရဲ့ထိပ်များမှာ တလူလူအင်္ကျီဟောင်းတထည်
အော်သံကွဲကွဲ ပင်လယ်တဖျပ်ဖျပ် မီးစုန်းတောက်စား
ဒါပဲ အသားကုန်ထိုင်ငေးကြည့်နေရတဲ့ ဖြစ်စဉ်မှာ
ကျောက်ဆောင်များ ကြိမ်ဆူးများ
ငါးကင်လိပ်ဥနဲ့ အုန်းရည်ချိုချိုညစာများ
အလို ဘုတ်မြည်သံဖွဲ့နွဲ့မှုနဲ့ ဒီတက်ပြီလား
တနေ့ ကျောက်တုံးတတုံးကျ နေ့စွဲတွေ ရိုက်နှင်ရတာ
မုန်တိုင်းနဲ့ ငါးမန်းစွယ်ရောင်ဖွေးဖွေးပေါ့
ဝါးရုံပြာဆားနဲ့ ဘ၀ကို ယပ်ခတ်ရင်း
ပင်လယ်ကိုကျော်ဖြတ်ဖို့ ကောင်းကင်အပြာနဲ့ လွဲချော်ရ
သင်္ဘောမလာမီ ထွက်ခွာသွားသူကြီး။ ။

(၁၈-၂-၉၈ မှာ ကွယ်လွန်သွားခဲ့တဲ့ ဆရာမြသန်းတင့် သို့ ...)
မောင်ဆေးရိုး
(၂၀၀၀ပြည့်နှစ် ဖေဖော်ဝါရီ၊ ယနေ့မန္တလေးစာအုပ်တိုက်)

Read More...

ဓားလိုတယ်

ဒီကျွန်းပေါ်မှာ ဆက်နေရင်
ငတ်သေမှာပဲ
ငတ်မသေ ဖျားသေမှာပဲ
မြွေ ကုဋ္ဋေ ကုဋ္ဋာ
ယိမ်းထိုးခေါင်းခါ ပါးပျဉ်းတလှုပ်လှုပ်
ကျားခုန်အုပ် ရေလှိုင်း
ငါးမန်း ၀ိုင်းနေတဲ့
လေရိုင်းထပင်လယ်
ဖြတ်ရမယ် ကိုနန္ဒာ
ကျုပ်တို့ လိုတာတော့
ဓားပါ ခင်ဗျာ့ ဓား
ဓားတချောင်းပဲဗျို့
ဖောင်ကောင်းကောင်းဖွဲ့ဖို့တဲ့
သံချောင်းရဲ့တောင်းဆိုသံ ။

(ဓားတောင်နဲ့မီးပင်လယ်ဖြတ်သူ ဆရာမြသန်းတင့် သို့)
အံ့မောင်
(၂၀၀၀ပြည့်နှစ် ဖေဖော်ဝါရီလ ယနေ့မန္တလေးစာအုပ်တိုက်)

Read More...

Tuesday, 29 January 2008

ကျွန်

ရှေးရှေးတုန်းကတော့
နယ်ချဲ့တွေ ကျွန်ပြုဖို့ ကျွန်တော်တို့ဆီကို လာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ကိုယ်တိုင် ခရီးထွက်တယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်ကမရှိခဲ့ဘူးအမေရယ်။

ကျွန်တော့်အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့အဖြစ်။

သေရင်မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့မပို့ငွေလေးက ကျွန်တော်တို့အတွက်တော့ ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော် ... အမေနဲ့ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့ ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့လား။

ကိုယ့်အခွင့်အရေးကို သိဖို့နေနေသာသာ
တချို့သူငယ်ချင်းတွေဆို ကိုယ့်အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ကလေးတွေဆို မြန်မာနာမည်တောင် မရှိရှာဘူး။
ဘော့ (စ်) ဆိုသူတွေ ပေးတဲ့နာမည်ပဲ ရှိကြတယ်။

အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွားမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲအမေ။
ကျွန်ဖြစ်လေလေပဲအမေရဲ့။
လူအချင်းချင်းဆိုတဲ့အသိ
သူတို့မှာ မရှိဘူးအမေ။
သွေးစုပ်ဖို့ပဲ သူတို့သိတယ်။

အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပ၀ါလောက် ဖြစ်ဖို့မှန်းပြီး ထွက်ခဲ့တာပေါ့။
အခုဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပဆိုး
မရှိသေးတဲ့အစွယ်တောင် ကျိုးခဲ့ပြီ။

ခုတော့
ကျွန်တော့်အသည်းနှလုံးကလည်း
ကျွန်အချင်းချင်းတောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစေ့ပေါ့။

ကိုယ့်ကိုယ်ကိုယ် ကျွန်လို့သုံးလို့
မငိုလိုက်ပါနဲ့အမေရယ်။
သူတို့ဒေါသလေးတချက် ထွက်ရုံနဲ့
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့အသက်တချောင်းက
ရာဘာပင် တပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့အချစ်တော် ကြောင်တကောင်လောက်တောင် တန်ဖိုးမရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကိုယ် သခင်လို့
မျက်လုံးစုံမှိတ်ပြီး ကြွေးကြော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ရမှာပေါ့အမေ။

လူတွေပြောတော့
မြန်မာအချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့လူတွေလဲ အများကြီးရှိပါတယ်။
တချို့ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ရွှေလို့ ခြုံငုံခေါ်နေတဲ့အထဲက တချို့ကပဲ။
အချင်းချင်းရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့လူစိတ်မရှိတာကတော့
သေချာပါတယ်။
ရွှေဆိုတဲ့စကားလုံးက
အကုန်လုံးနဲ့တော့ မတန်ဘူးအမေ။
သူတို့ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။

ဟိုတလောက စာအုပ်ထဲမှာဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့သူက ကျွန်စနစ်ပပျောက်အောင် လုပ်ခဲ့ပေးသတဲ့။
ဘယ်မှာ ဟုတ်လို့လဲ အမေရယ်။
သားတို့ကို လာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူတို့နိုင်ငံကွက်ကွက်လေးပဲ
သူ့ကိုလေးစားပေမယ့်
ကျွန်တော်တို့အတွက်တော့ သူဟာ
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။

လူ့အဖြစ်က ရခဲတယ်ဆို။
ရခဲတာပဲ ကောင်းပါတယ်အမေ။
ကျွန်တော်လူမဖြစ်ချင်တော့ဘူး။
ကျွန်တော်ငှက်တွေကို ငေးကြည့်မိတယ်အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေးအဓိကရုဏ်းမရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီးအတင်းရွှေ့ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့သခင်က သူတို့ကို အချစ်နဲ့လှောင်ထားတာ။
ကျွန်တော်တို့ကတော့ အမုန်းနဲ့လှောင်ထားခြင်း ခံရတယ်။
မေတ္တာအရမ်းငတ်တယ် အမေရယ်။

ကမ္ဘာ့ခေါင်းဆောင်တွေကလဲ
ကျွန်တော်တို့ ငိုသံတွေဘယ်လောက်ကျယ်ကျယ်
အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့။

လူ့အခွင့်အရေးဆိုတဲ့ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာမပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်
မပပျောက်သေးပါဘူးအမေရယ်။ ။

ကောင်းကင်ကို
ကောင်းကင်ကို ဘလော့ခ်မှဝတ်မှုံကူးသည်။

Read More...