Sunday 17 February 2008

ငါတို့ထဲက တချို့သို့

ခွင့်ပြုကြ သူငယ်ချင်းတို့
အမှန်တရားကို ဆိုတဲ့ငှက်ဟာ
ငါ့နှုတ်ဖျားမျာ ခဏလာနားလို့။

ခွင့်ပြုကြ သူငယ်ချင်းတို့
ရင်ထဲက အသံဟာ
ငါ့ကဗျာကို အခုလာငှားလို့။

ငါတို့ဟာ ငါတို့အားလုံးရဲ့ ပျမ်းမျှကိုယ်တိုင်းနဲ့ တော်တဲ့အင်္ကျီကို
ဝတ်ဆင်နေကြခြင်းသာဖြစ်တယ်။

ငါတို့ထဲက တချို့က
ကိုယ့်အတောင်ပံကိုယ်ဖြတ် ခွပ်ဒေါင်းအလံကိုယက်နေချိန်မှာ
ငါတို့ထဲက တချို့က ပက်ကြားအက်နေတဲ့ ပါးစပ်တွေနဲ့
မိုးခါးရေကို မက်နေကြလို့။

ပဒေသရာဇ်ဆန်တဲ့ ညတွေထဲ
ငါတို့ထဲက တချို့က ကိုယ့်ကိုယ်ကိုယ်မီးမြှိုက်တောက်ပ ပေးနေချိန်မှာ
ငါတို့ထဲက တချို့က အဆိပ်ရေတွေနဲ့ ငြိမ်းနေခဲ့ကြလို့။

ဒဏ္ဍာရီတွေထဲကအတိုင်း
သွေးဆာနေတဲ့ဘီလူးရိုင်းတွေ
ဓာတ်ပုံတွေကိုင်ပြီး တမြို့လုံးဝင်မွှေနေချိန်မှာ
ငါတို့ထဲကတချို့က ခေတ်ပျက်တာကို ခေတ်ပျက်တယ်လို့ရှုနေကြတယ်။

ငါတို့ထဲက တချို့က
ယုံကြည်ချက်တွေပန်ပြီး ယောနသံဇင်ယော်လိုပြန်နေချိန်မှာ
ငါတို့ထဲက တချို့က
ကိုယ့်အနာဂတ်ကို ကိုယ်တိုင်သော့ခတ်
သော့တံကို မိစ္ဆာတွေဆီအပ်လို့။

ရန်သူကငါတို့ကို တည့်တည့်ပစ်နေချိန်မှာ
ငါတို့ထဲက တချို့က
ညီအကိုအချင်းချင်း
နှုတ်ခမ်းကျဉ်းကျဉ်းတွေနဲ့
အပေါစားတံဆိပ်တွေကပ်
ဒေါသအဆိပ်တွေ ခတ်နေကြလို့။

ငါတို့ထဲက တချို့က
မိဘစကားမလွန်ဆန်ရက်ရင် ဘုရားတောင်မှမပွင့်နိုင်ဘူး ဆိုတဲ့အတွေးနဲ့
တော်လှန်ခြင်းအကျင့်ကို အဆုံးစွန်ထိ ကျင့်ကြတယ်။
ငါတို့ထဲက တချို့က
မိစ္ဆာတွေစကား လွန်ဆန်ခဲ့ရင် ကိုယ့်အတ္တကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့အတွေးနဲ့
နာခံခြင်းအကျင့်ကို အဆုံးစွန်ထိကျင့်ကြတယ်။

အာဇာနည်တွေရဲ့ အပြင်းစားရင်ခုန်သံတွေဟာ သေနတ်သံတွေထက် ဆူညံခဲ့ပါတယ်။
ဒါပေမဲ့ ငါတို့ထဲက တချို့က လက်ခုပ်ကိုတောင် ကျယ်ကျယ်မတီးရဲကြဘူး။

ငါတို့ထဲက တချို့ကြောင့် ငါတို့အင်္ကျီတွေသေးနေရတယ်။
ကန့်လန့် ကန့်လန့် လုပ်လာရင်တော့
ငါတို့ထဲက တချို့ကို
ငါတို့ထဲက ထုတ်ရမယ်။

ငါတို့ရင်ထဲက သံပုံးတီးသလိုမြည်လာတဲ့ ကြွေးကြော်သံတွေနဲ့
မကောင်းဆိုးဝါးတွေကို နှင်ထုတ်ကြ။
ခွပ်ဒေါင်းတွေရဲ့ အတောင်ပံဟာ
စည်းမဲ့ကမ်းမဲ့ သေနတ်ကိုင်သူတွေကို ခွပ်ဖို့ဖြစ်တယ်။

၂၀၀၇ နိုဝင်ဘာ။
ကောင်းကင်ကို
ကောင်းကင်ကိုမှ ဓာတ်ပုံရိုက်ထားသည်။

No comments: