Tuesday 12 February 2008

ပြည်တွင်းပြည်ပပေါင်းစပ်ခြင်းနဲ့ခေါင်းဆောင်မှု (ဗသြ)

စက်တင်င်္ဘာမှာဘက်ရဲ့ ဗမာပြည်နိုင်ငံရေးကို အားလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
နအဖ ဘာလုပ်နေသလဲ၊ ပြည်သူလူထု ဘာစဉ်းစားနေလဲ၊ ပြည်တွင်းပြည်ပ အတိုက်အခံတွေဘာလုပ်နေသလဲ။ အခြေအနေဟာ ငြိမ်နေလို့မရ တော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းကြီးပြနေတယ်။ တောင်းဆိုနေတယ်။ စစ်ရေးသဘောပြောရရင် နှစ်ဘက်အကြားမှာ နေရာအရအသာစီးရစေမယ့် တောင် ကုန်းတကုန်းရှိနေတယ်။ အဲဒီကုန်းကို ကိုယ်ကမစီးမိရင် သူကစီးသွား လိမ့်မယ်။
နအဖဟာ ပြီးခဲ့တဲ့စက်တင်ဘာအရေးအခင်းမှာ ဘယ်လိုမှပြန်ကုလို့မရတဲ့ဒဏ်ရာကြီး ရသွားပြီ။ အဲဒါကတော့ သာသနာ့ လောကကိုသွေးစွန်းစေတဲ့ လုပ်ရပ်ကြောင့် သာမာန်ပြည်သူလူထုတွေကတောင် စိတ်နာမုန်းတီးသွားတာဖြစ်တယ်။ ဒီလုပ်ရပ်ကြောင့် နိုင်ငံရေးကိုစိတ်မ၀င်စားကြတဲ့၊ တမင်နိုင်ငံရေးနဲ့ ကင်း အောင်နေကြတဲ့လူတွေ၊ သာသနာရေးပုဂ္ဂိုလ်တွေကို အမျက်ထွက်စေခဲ့တယ်။ ဗုဒ္ဓဘာသာမှမဟုတ်၊ ဘာသာစုံကပုဂ္ဂိုလ်တွေကို လှုပ်နှိုးလိုက်သလိုဖြစ်သွားခဲ့တယ်။ နအဖစစ်ဗိုလ်တွေဟာ သူတို့အင်မတန်ကြည်ညိုပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးနဲ့ မယ်သီလတွေအပေါ်တောင် ဒီလိုလုပ်တယ်ဆိုရင် ငါတို့ခရစ္စယာန် ဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေအပေါ် ပိုလို့သာဆိုးမှာပဲလို့ သတိပေးလိုက်သလိုဖြစ်သွားခဲ့တယ်။
ဒါတွေဟာ ရှစ်လေးလုံးအရေးအခင်းတုန်းက ဒေါက်တာမောင်မောင် စိမ်ခေါ်ခဲ့တဲ့ ငြိမ်သက်နေတဲ့အများစုကြီးကို လှုပ်နှိုးလိုက်တာဖြစ်တယ်။ လူထု အုံကြွမှုတို့၊ တော်လှန်ရေးတို့ဆိုတာဟာ ဒီငြိမ်သက်နေတဲ့အများစုကြီး ကိုယ့်ဘက်ကိုပါဝင်လာအောင် လုပ်ကြရတာဖြစ်တယ်။ ဒီစာရင်းထဲမှာ မီးဖိုချောင်ထဲက အိမ် ထောင်ရှင်တွေသာမက စစ်တန်းလျား - ရဲတန်းလျားထဲက အိမ်သူတွေ၊ ကြံ့ဖွတ်နဲ့စွမ်းအားရှင်မိသားစုတွေ၊ အောက်ခြေတပ်မှူးတပ်သားတွေပါ ပါဝင်တယ်။ သူတို့ ပါဝင်လာပြီဆိုရင် လှုပ်ရှားမှုရဲ့အကွေ့အချိုး တခုကိုရောက်တော့တာပဲ။ လှုပ်ရှားမှုတခုအနေနဲ့ပြောရရင် လူထုကြီးကို ဒီလိုအဆင့်မျိုးရောက်အောင် မြ‡င့်တင်ရတာ လွယ်တာ မဟုတ်ဘူး။ အခုအဲဒီလိုအပ်ချက်က ပြည့်စုံသလောက်ဖြစ်နေပြီ။ လိုအပ်နေတာ မှန်ကန်တဲ့ဦးဆောင်မှုပဲ။
ခေါင်းဆောင်မှုဆိုတာ အဝေးကနေဘာလုပ်လို့ညွှန်ကြားတာကို ပြောတာမဟုတ်ဘူး။ ညွှန်ကြားနေကြတာတွေက နေရာအနှံ၊ အများကြီးပဲ။ ကမ္ဘာ့ ထောင့်တိုင်းကနေ ညွှန်ကြားနေကြတယ်လို့တောင် ပြောရင်ရတယ်။ တချို့ကခေါင်းဆောင်တယ်ဆိုတာ ဘာလုပ်ရမယ်လို့ ညွှန်ပြတာပဲလို့ ယူဆကြသလားမသိ ဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင် ခေါင်းဆောင်ခဲ့တယ်၊ ခေါင်းဆောင်မှု ပေးခဲ့တယ်ဆိုတဲ့လူတွေကို ပြန်ကြည့်ပါ။ ဘာလုပ်ကြလို့ပြောခဲ့ကြယုံ သက်သက်ပဲ လား။ မဟုတ်ဘူး။ လက်တွေ့လုပ်ငန်းတွေထဲမှာ ကိုယ်ရောစိတ်ပါ ပါဝင်လုပ်ကိုင်ခဲ့ကြတာ။ တော်လှန်ရေးတပ်ဖွဲ့တခုကို တည်ထောင်ရာမှာပါယုံမက၊ ရှင်သန်ကြီး ထွားအောင်လုပ်ရာ၊ ဆိုးတူကောင်းဘက်အတူ တိုက်ပွဲဝင်တာတွေမှာပါ ထိပ်ကပါခဲ့ကြတာ။
ပြည်ပကနေ လှမ်းပြီးခေါင်းဆောင်တယ်ဆိုတဲ့ သာဓကတွေလည်းပြည်တွင်းပြည်ပသမိုင်းမှာ အများကြီးရှိခဲ့တာပဲ။ လီနင်ဟာ ရုရှားတော်လှန်ရေးကို ပြည်ပကခေါင်းဆောင်ခဲ့တယ်။ သခင်သိန်းဖေတို့ဟာလည်း အိန္ဒိယမှာနေရင်း ဂျပန်တော်လှန်ရေးကို ခေါင်းဆောင်ရာမှာ ပါဝင်ခဲ့ကြတယ်။ သတိပြုကြရမှာက သူ တို့မှာ ပြည်တွင်းကအခြေခံ အခိုင်အမာ၊ ထုနဲ့ထည်နဲ့ရှိတယ်။ အပြင်ကနေအသံသက်သက်နဲ့ ခေါင်းဆောင်ခဲ့တာ မဟုတ်ဘူး။ သူတို့ခေတ်တွေတုန်းက အခုလို ပြည်ပအသံလွှင့်ဌာနတို့၊ အင်တာနက်တို့၊ တယ်လီဖုံးတို့ဆိုတာတွေကို အိပ်မက်ထဲမှာတောင် တွေ့ဖူးခဲ့တာမဟုတ်ဘူး။ အကုန်လုံးက မြေအောက်လုပ်ငန်းကို အဓိကထားလုပ်ကြရတယ်။ အဆက် အသွယ်အားလုံးဟာ စွန့်စားမှုတွေပြည့်နေတာချည့်ဖြစ်တယ်။
ပြည်ပကနေ ပြည်တွင်းကို ကိုယ့်သဘောထားတွေကို ဿကိက်သလိုပို့နိုင်နေတဲ့ကာလမှာ အထဲကလူတွေဦးဏှောက်ခြောက် ကုန်စေတဲ့ မတူတဲ့အ မြင်တွေပို့တယ်ဆိုရင် ခွင့်မလွှတ်နိုင်တဲ့အမှားကျူးလွန်တာပဲ။ အတွင်းနဲ့အပြင်နဲ့ ငြင်းရမယ့်ကိစ္စတွေကိုလည်း အရမ်းမဖြန့်လွှင့်သင့်ဘူး။ အထဲကလူတွေအနေနဲ့ သူတို့အမြင်တွေကို ပြောခွင့်၊ ဖြန့်ခွင့်မရှိသေးတဲ့ အနေအထားမှာ ကိုယ့်အယူ အဆကအသံနဲ့ ဖိထားတယ်ဆိုတာမျိုး မဖြစ်သင့်ဘူး။ ကိုယ့်အချင်းချင်း ငြင်းကြရမှာ တွေကို ခဏချထားသင့်တယ်။ ကိုယ့်မှာ ငွေရေး ကြေးရေးက အကုန်လိုလိုပြည့်စုံနေတဲ့အခါမှာ အကုန်ချို့တဲ့နေသူတွေကို ငဲ့ည‡ာသင့်တယ်။ တချို့ဟာ အခုလို အခွင့်အရေးကောင်းတုန်း ငါတို့အမြင်တွေကိုလွှမ်းအောင် လုပ်ထားလိုက်မယ်လို့များ ယူဆထားကြသလားအောက်မေ့ရတယ်။ မလုပ်သင့်ပါဘူး။
ပြည်ပကလူတွေရဲ့တာဝန်ဟာ ပြည်တွင်းမှာတကွဲတပြားဖြစ်နေသူတွေကို စုစည်းပေးဖို့၊ တူညီတဲ့ကြွေးကြော်သံတွေတင် နိုင်အောင် ညိ‡နှိုင်းပေးဖို့ ဖြစ်သင့်တယ်။ အအက်ကို သပ်လျှိုတာမျိုးမလုပ်သင့်ဘူး။ စစ်အုပ်စုက ပြည်တွင်းမှာအတိုက်အခံတွေကို လေသံလေးမှဟခွင့်မပေးပဲထားတဲ့အချိန်မှာ ပြည်ပရှိလူ တွေအနေနဲ့ တပြည်လုံး၊ တကမ္ဘာလုံးကြားအောင် သံကုန်ဟစ်ခွင့်ရနေတယ်။ ဒါကိုတန်ဘိုးထား၊ ထိရောက်စွာအသုံးချကြရမယ်။ အနည်းဆုံး အားလုံးသဘောတူ လက်ခံနိုင်တဲ့ လုပ်ငန်းစဉ်တရပ် ပေါ်လာအောင် ဿကိးစားကြသင့်တယ်။
ပြည်ပအင်အားစုတွေဟာ ပြည်တွင်းအင်အား စုဆောင်းရေး၊ တည်ဆောက်ရေးမှာလည်း အားစိုက်ပါဝင်ရမယ်၊ ကိုယ့်အခွင့် အရေးကိုအသုံးပြုပြီး သုံး စွဲသူ၊ ဖြုန်းတီးသူသက်သက်မဖြစ်သင့်ဘူး။ အတွင်းကတည်ဆောက်ထားတဲ့အင်အားတွေကို တန်ဘိုးထား ထိန်းသိမ်း၊ အတူတိုက်ပွဲဝင်ကြရမယ်။ ဒီလိုလုပ်ငန်း မျိုးဟာ ဒီနေ့လိုကာလမှာ တည်ဆောက်ရတာ ဘယ်လောက်ခက်တယ်ဆိုတာ လုပ်ဖူးသူတိုင်းသိတယ်။ တည်ဆောက်ထားတာမှန်သမျှဟာ အလွယ်တကူ၊ အချိန် တိုနဲ့ ရရှိခဲ့တာမဟုတ်ဘူး။ အာဇာနည်တွေရဲ့ အရှိန်သြဇာတွေ၊ ပါတီတွေ၊ ၀ါဒတွေ၊ လူပုဂ္ဂိုလ်တွေရဲ့အစဉ်အလာသြဇာတွေ၊ စတာတွေနဲ့တည်ဆောက်ထားကြတာ ဖြစ်တယ်။ နအဖကိုမုန်းတီးမှုတခုထဲနဲ့ တည်ဆောက်ထားတာမဟုတ်ဘူး။ ဒီနေ့နာကျည်းမုန်းတီးတယ်ဆိုတာနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံထဲက အစိပ်အပိုင်းတခုဖြစ်သွားတာမဟုတ်ဘူး။ စစ်သားကောင်းတယောက်ဟာ ကျည်ဆံကိုအရမ်းမိံဖန်းတီးဘူး၊ တပ်မှူးကောင်းတယောက်ဟာ တပ်သားတွေရဲ့အ သက်ကိုအရမ်းမဖြုန်းဘူး။ အလားတူပဲ ယူဂျီလုပ်ငန်းတာဝန်ယူလုပ်နေသူတွေဟာ မိမိအင်အားတွေကို အလွယ်တကူစတေးပစ်လို့မဖြစ်ဘူး။ ရှာရတယ်၊ မွေးရ တယ်၊ တည်ဆောက်ရတယ်။
ခေါင်းဆောင်မှုဆိုတာ အတတ်ပညာ၊ အနုပညာဖြစ်တယ် ဆိုတာတွေအပြင် ကိုယ်ကျိုးကင်းမှု၊ အမြော်အမြင်ကြီးမှု စတာတွေလည်းပါတယ်။ လူထု အရေး၊ လူထုအရေးတော်ပုံကို ကိုယ့်အရေး၊ ကိုယ့်အရေးတော်ပုံလို သဘောထားတယ်ဆိုတာဟာ ကိုယ်အကျိုးနဲ့ တွဲဖက်ထားတာကို ဆိုလိုတာမဟုတ်ဘူး။
ဆိုလိုတာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို သာမာန်လတ်တလောချင်းပေါ်ပေါက်တဲ့ လှုပ်ရှားမှုလောက်နဲ့ လုပ်လို့မရဘူး။ ရေရှည်တည်ဆောက်၊ ပြင်ဆင်မှုတွေလုပ်ကြရမယ်။ တပွဲနဲ့မအောင်ရင် နောက်တပွဲဆက်တိုက်နိုငအောင် တည်ဆောက်ရမယ်။ ဒီလိုအဆောက်အအုံ တည်ဆောက်တာကို လက်နက် အားကိုး၊ ငွေအားကိုးနဲ့ ခုရေတွင်းတူး၊ ခုရေကြည်သောက်လုပ်လို့မရဘူး။ ခေါင်းဆောင်မှုအရည်အသွေးဟာ ဒီနေရာမှာစကားပြောတာပဲ။ တိုက်ပွဲတပွဲကို ဦးဆောင် တာနဲ့ အရေးတော်ပုံတခုကို ဦးဆောင်တာတို့တောင်မတူဘူး။ စစ်ခေါင်းဆောင်မှုမှားရင် ရလာဒ်ကိုချက်ခြင်းမြင်ရတယ်။ နိုင်ငံရေးခေါင်းဆောင်မှုမှားရင် ရလာဒ်ကို ချက်ခြင်း မြင်ကောင်းမှမြင်ရတယ်။ ဒါပေမဲ့ ဆုံးရှုံးမှုကတော့ ဘာမှမကွာဘူး။ ဆုံးရှုံးမှုဒဏ်ကိုခံကြရရာမှာလည်း အာဏာရနေသူနဲ့ အာဏာမဲ့သူတို့မတူဘူး။ အာဏာမဲ့သူဟာ ဆုံးရှုံးမှုပိုကြီးလေ့ရှိတာပဲ။
နောက်ဆုံး မမေ့သင့်တဲ့အချက်တချက်က ခေါင်းဆောင်ဆိုတာဟာ ခေါင်းဆောင်တာသက်သက်မဟုတ်ဘူး၊ သူပါ ပါဝင်တိုက်ပွဲဝင်၊ ဆင်နွှဲရတာဖြစ် တယ်ဆိုတဲ့အချက်ဖြစ်တယ်။ တိုက်ပွဲတပွဲ၊ လှုပ်ရှားမှုတခု ဆုံးရှုံးတယ်ဆိုရင် အောက်ခြေက တရားခံ ဖြစ်တယ်ရယ်လို့မရှိဘူး။ ခေါင်းဆောင်ပဲတရားခံဖြစ်တယ်။ သူ့ပဲအဓိကတာဝန်ရှိတယ်။

ဗသြ

No comments: