Sunday 3 February 2008

ကိုကိုးကျွန်းအာဇာနည်များသို့တိုင်တမ်းစာ ရဲဘော်ဖိုးသံ

ရဲဘော်သိန်းကြည်၊ ရဲဘော်အုန်းမော်၊ ရဲဘော်ချစ်ဆွေ၊ ရဲဘော်ထွန်းမြင့်၊ ရဲဘော်စိန်ချင်း၊ ရဲဘော်မောင်မောင်စိုး၊
ရဲဘော်လေးမောင်နဲ့ ရဲဘော်ထွန်းဝင်းတို့ခင်ဗျား-
တလောတုန်းကကျင်းပတဲ့ ထိုင်းနိုင်ငံမှာကျင်းပတဲ့ မြန်မာသတင်းသမဂ္ဂညီလာခံမှာ တက်ရောက်လာသူတယောက်က ကျနော်ဒီဗွီဘီအသံလွှင့်ဌာန မှာပြောတဲ့၊ နောင်မှာ “ကျောင်းသား၊ ထောင်၊ တော်လှန်ရေးသမား” ဆိုတဲ့စာအုပ်ထဲမှာပါတဲ့ ရဲဘော်တို့ရဲ့အကြောင်းတွေကို မဖြစ်နိုင်ဘူး၊ မယုံဘူးလို့ ထပြောတယ် လို့ကြားလိုက်ရပါတယ်။ ကျနော်လည်းကိုယ့်နားကို မယုံနိုင်အောင်ဖြစ်သွားတယ်ဆိုတာ အရင်ဆုံးပြောလိုပါတယ်။ တဆက်တည်းမှာ ဘာဖြစ်လို့သူများကဒီလိုများ စဉ်းစားသလဲလို့ ကိုယ့်ကိုယ်ကိုမေးမိပါတယ်။ တင်ပြသူကလည်း ကျနော်အပါအ၀င် ဘယ်သူ့အပေါ်မှာမှ အာဃာတရှိလို့မဟုတ်ဘူးလို့ယုံပါတယ်။ ကျနော့်ကိုမယုံရ အောင်လဲ ကျနော်နဲ့သူနဲ့လူချင်းလည်းမတွေ့ဖူး၊
လုပ်ငန်းချင်းလည်း မပတ်သက်ဖူးပါဘူး။ တယောက်နဲ့ တယောက်ကမ္ဘာ တခြမ်းစီမှာနေပြီး တူညီတဲ့ရည်မှန်းချက်အတွက် လုပ်ကိုင်နေတယ်လို့ပဲ သဘောထား၊ လေးစားနေတာပါ။ သူ့မှာ မယုံကြည်ခွင့်လဲ အပြည့်ရှိပါတယ်။ ဒါဖြင့် ငါရေးတာများညံ့လို့လား။ ဒီအကြောင်းကြောင့်ဆိုရင် ရဲဘော်တို့ကို ကျနော် အနူးအညွှတ်တောင်းပန်ပါတယ်။ ကျနော့်အနေနဲ့ ရဲဘော်တို့ကိုဘယ်လောက် လေးစားတယ်ဆိုတာ ရဲဘော်တို့လျှောက်စေချင်တဲ့ လမ်းအတိုင်း ကျနော်ဆက် လျှောက်နေတာကိုကြည့်ရင် သိနိုင်ပါတယ်။ နောက်ပြီး စာအုပ်အဖြစ်ထွက်လာတဲ့အခါမှာ ကျနော်အနေနဲ့ ကိုယ်လုပ်သင့်တာ၊ ကိုယ်လုပ်ချင်တာလေး လုပ်လိုက်ရ ပြီဆိုပြီး အတိုင်းမသိ ၀မ်းသာမိတဲ့အကြောင်း အမှာမှာရေးခဲ့ပါတယ်။
တကယ်တော့ ဒီအဖြစ်အပျက်ဟာ ပြည်မနဲ့အလှမ်းကွာတဲ့ ကျွန်းတကျွန်းပေါ်မှာဖြစ်ခဲ့တာဆိုပေမဲ့ အဲဒီတုန်းက အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသား က နှစ်ရာကျော်၊ ထောင်အမှုထမ်းက ၁၀၀ နီးပါး၊ လူ ၃၀၀ လောက်မျက်စိအောက်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စပါ။ အဲဒီအထဲ လူ ၈၀% လောက်လည်း အသက်ရှင်နေကြ ပါသေးတယ်။ နောက်ပြီးအဲဒီတုန်းက မဆလအစိုးရထဲကဒီကိစ္စနဲ့ပတ်သက်တဲ့ တာဝန်ရှိသူဆိုတာလဲနည်းမှာ မဟုတ်ပါဘူး။ ဒါကို ရေဒီယိုကနေကျနော်ကတကမ္ဘာ လုံးကိုပြောပြတာ၊ လိမ်ပြီး ပြောဝံ့ပါ့မလားဗျာ။ ကိုကိုးကျွန်းပေါ်ပါလာသူတွေထဲမှာ ကျနော်တို့နဲ့နိုင်ငံရေး အမြင်မတူသူတွေလည်းပါခဲ့ပါတယ်။ နောက်ပြီး ကျနော့် စာအုပ်ထဲမှာ သူတို့မကျေနပ်မယ်ဆိုရင်လည်း မကျေနပ်စရာကောင်းတဲ့ ရေးသားချက် တချို့လည်းပါပါတယ်။ ကျနော်ရေးတဲ့ ကိုကိုးကျွန်းရဲ့ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းရေးတိုက်ပွဲနဲ့ ပတ်သက်တဲ့အချက်တွေသာ အလိမ်အညာတွေဆိုရင် သူတို့က (ဆိုလိုတာသူတို့နဲ့ ပတ်သက်တဲ့အချက်တွေ မဟုတ်ခဲ့ရင်) ဒီအတိုင်းနေမ တဲ့လားဗျာ။ ရေးတော့မှာပေါ့။ ရေးရင်ကောဗျာ။ နအဖက ဒီအတိုင်းကြည့်နေမလား။ သူတို့ရဲ့မီဒီယာတွေမှာ ၀မ်းသာအားရဖော်ပြပေးမှာပေါ့။ သူတို့မရေးတောင်မှ နအဖကိုယ်တိုင်က ကျနော်ဆိုတဲ့အကောင်ဟာ မရှိကိုအရှိလုပ်ပြောနေတယ်ဆိုပြီး ဆော်တော့မှာပေါ့ဗျာ။ ကျနော်ရော၊ ကျနော်တို့အဖွဲ့အစည်းရော၊ ကျွန်းတိုက်ပွဲ သမိုင်းရော တခါတည်းသွားကရောပေါ့။ ဒါပေမဲ့ နအဖက ဘာမှမပြောခဲ့ပါဘူး။ နအဖက ကျနော်နဲ့ ကျနော်တို့ အဖွဲ့အစည်းကို အားနာလို့တော့ မဟုတ်တန်ပါဘူး။
တကယ်က ဒီအဖြစ်အပျက်တွေကို ကျနော်တယောက်ထဲပြောနေ၊ ရေးနေတာမဟုတ်ပါဘူး။ (ဦးလေး) ဗန်းမော်တင်အောင်၊ (ဦးလေး) မြသန်းတင့်၊ (ဦးလေး) ဗိုလ်အုန်းမောင်၊ ဆရာရာဂျန်၊ ဆရာကေတီဦးကျော်တင့်၊ (ဦးလေး) သခင်ခင်အောင်၊ အများကြီးပါ။ သူတို့တတွေရော ကျနော့်လိုပဲ လိမ်တတ်ကြသ လားဗျာ။ တနေရာရာမှာတော့ မှားနေပါပြီ။
နောက်တချက် ကျနော်စဉ်းစားမိတာက အခုပြောနေကြတဲ့ မျိုးဆက်ကွာဟမှုကြောင့်များလား။ ကျနော်ကျွန်းကပြန်လာ၊ ထောင်က ထွက်လာပြီးတဲ့ နောက်မှာ နိုင်ငံရေးစိတ်ဝင်စားသူရော စိတ်မ၀င်စားသူများပါ ကိုကိုးကျွန်းအကြောင်းဆိုရင် စိတ်ဝင်တစားနားထောင်ကြပါတယ်။ တချို့က မေးရမှာအားနာလို့မ မေးတာ၊ သိပ်သိချင်တာပဲလို့လည်း ပြောကြပါတယ်။ ဒါကြောင့် အဲဒီတုန်းက နိုင်ငံရေးစိတ်ဝင်စားသူလောကမှာ ကိုကိုးကျွန်းအဖြစ်အပျက်တွေကို မသိသူမရှိသ လောက်ပါပဲ။ နောက်ပြီး မကြုံဖူးပါဘူး။ ဒီတိုက်ပွဲနဲ့ ဒီအာဇာနည်တွေကြောင့် စစ်အစိုးရဆန့်ကျင်ရေးတိုက်ပွဲမှာ ပိုမိုပြတ်သားလာ၊ ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ပါဝင် လာသူတွေ အများအပြားကိုသာတွေ့ရပါတယ်။ အခုတော့ ဒီအကြောင်းတွေကို မကြားဖူးယုံမက မဖြစ်နိုင်ဘူးလို့ယူဆရလောက်အောင်ကို မျိုးဆက်တခုနဲ့တခု စဉ်းစားတွေးခေါ်မှုတွေကွာ ကုန်လေပလားလို့။ ကိုကိုးကျွန်းအာဇာနည်တွေဟာလည်း ဒီပြင်သူရဲကောင်းတွေအကြောင်း ကြားသိမှတ်သားပြီး ပိုင်းဖြတ်ချက်ချခဲ့ ကြတာပါ။ သူတို့ဖတ်ခဲ့တာ၊ ကြားခဲ့တာတွေကိုကျနော်အပါ တခြားလူတွေအများကြီးရှိပါတယ်။ ဒီအထဲကပဲ သစ္စာဖောက်လည်းပေါ်ခဲ့၊ အာဇာနည်တွေလည်း ပေါ်ခဲ့ပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ကိုကိုးကျွန်းပြန်တွေထဲက စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အတွက် ထောင်ကထွက်လာပြီးမှ ကျဆုံးသွားကြတာ အတော်များပါပြီ။ ပဲခူးရိုးမမှာ ရဲဘော်အောင်ဝေ(တောင်ငူခရိုင်)၊ ရဲဘော် မြတ်စံဦး (ရန်ကုန် - ကြည့်မြင်တိုင်)၊ ရဲဘော်အောင်နိုင် (ရန်ကုန် - တံတားကလေး)၊ ရဲဘော်ဉာဏ်ဝင်းနဲ့ ရဲဘော်တင်မောင်ဝင်း (ရန်ကုန်)၊ ရဲဘော်အောင်ဘော် (ကျောက်ပန်းတောင်း)၊ ရခိုင်ပြည်နယ်မှာကျဆုံးတာက ရဲဘော်အောင်ထီ (ဆက်သွယ် ရေးတပ်) နဲ့ ရဲဘော်သိန်းလှ (စစ်တွေ) ကိုရန်ရွှေနဲ့ကိုသိန်းမြ (အလုပ်သမားညီညွှတ်ရေးပါတီ)၊ အရှေ့မြောက်စစ်ဒေသမှာ ရဲဘော်သန်းမောင် (မန္တလေး)၊ ဒါ့အပြင် ထောင်ထဲမှာကျသွားတဲ့ ရဲဘော် (ဦး) ခင်မောင်မြင့် (ပြည်သူ့တိုးတက်ရေးပါတီ)၊ ရဲဘော် နီအောင်မေသု (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)။ တကယ် ဂုဏ်ပြောင်ပြီး ဘယ်သူမှငြင်းမရတဲ့ အာဇာနည်သူရဲကောင်းတွေပါ။
ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက တိုက်ပွဲအမျိုးစုံဆင်နွှဲနေရတဲ့ တိုင်းပြည်ဆိုတော့ အာဇာနည်တွေ အများကြီးအသက်ပေးခဲ့ကြရ ပါတယ်။ နောင်လည်း ပေးကြရအုန်းမှာပါ။ အဲဒီ အသက်ပေးသွားသူတွေအကြောင်းကို မယုံဘူးဆိုရင် သူတို့လို အသက်ပေးနိုင်ပါ့မလား၊ စဉ်းစားစရာပါ။
ကျနော့်အတွက် တသက်တာ မီးရှူးတန်ဆောင်လိုဖြစ်နေတဲ့ ရဲဘော်များခင်ဗျား-
ဗမာပြည် ပြည်သူများအတွက် ဒီမိုကရေစီအရေးတော်ပုံဟာ လွယ်လွယ်နဲ့မအောင်မြင်ဘူး၊ စွန့်လွှတ်မှုအနစ်နာခံမှုတွေ မပါဘဲမပြီးမြောက်ဘူးလို့ ကျနော်စွဲစွဲမြဲမြဲယုံကြည်နေပါတယ်။ ရဲဘော်တို့ရဲ့နာမည်တွေကို တမ်းတသံတွေဟာ ထောင်တွေထဲ၊ တောတွေထဲမှာ ဆက်လက်ကြားနေရဦးမှာ မုချပါခင်ဗျား။

ရဲဘော်တို့ရဲ့
ရဲဘော်ဖိုးသံ

No comments: