Saturday 23 February 2008

နအဖက ဗမာပြည်သူတွေကို စိန်ခေါ်လိုက်ပြီ

ဗိုလ်တင်အောင်မြင်ဦးလက်မှတ်နဲ့ ထုတ်ပြန်ခဲ့တဲ့ နအဖရဲ့ ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ တို့ဟာ စစ်ကြေငြာချက်တခုအလား ပြည်တွင်း ပြည်ပမှာ ဂယက်ထ သွားတယ်။ နအဖက သူတို့ရဲ့လမ်းပြမြေပုံရဲ့
စတုတ္ထခြေလှမ်းဖြစ်တဲ့ သူတို့စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံဥပဒေအတွက် ပြည်သူ့ဆန္ဒခံယူပွဲလုပ်တော့မယ်၊ နောင် ၂ နှစ်ကြာရင် ရွေးကောက်ပွဲကိုလည်း လုပ်တော့မယ်လို့ ထုတ်ပြန် ခဲ့တယ်။
နအဖဟာ ဆန္ဒခံယူပွဲဆိုတာကို အခုလိုအံ့သြစရာ ကောင်းလောက်အောင်စောပြီး ကျင်းပမယ်ဆိုတဲ့အတွက် အားလုံးအဖို့ ပဟေဠိဖြစ်သွားခဲ့ရတယ်။ ဒိနောက်ကွယ်မှာ ဘာအကောက်ကြံထားတာတွေရှိနေလဲ၊ အာဏာရှင်ဗိုလ်ချုပ်တွေ ဘာကြောင့် သူတို့ ကိုယ်သူတို့ ဒါလောက်တောင် ယုံကြည်မှုရှိနေတာလဲ။
နအဖအဖို့ပြောရရင် ညောင်နှစ်ပင်ညီလာခံဟာ ဟန်ပြသက်သက်ပဲ။ သူတို့ကြိုက်သလောက် အချိန်ဆွဲ၊ သူတို့နားချင်တဲ့ အချိန်မှာနား၊ သူတို့ ထုတ် ပြန်ချင်တာကို ထုတ်ပြန်လို့ရတဲ့ညီလာခံဖြစ်တယ်။ အလားတူ အဲဒီမှာရေးဆွဲတယ်ဆိုတဲ့ ဖွဲ့စည်းပုံဆိုတာဟာလည်း အချိန်မရွေး “ရေးဆွဲပြီးပြီ” လို့ ပြောလို့ရတဲ့ အ ရာဖြစ်တယ်။ သူတို့ရဲ့အချိန်ရွေးချယ်မှုကိုပဲ သတိထား၊ စဉ်းစားရမှာဖြစ်တယ်။ ဒီလိုအရေးကြီးတဲ့ ခြေလှမ်းကြီးနှစ်ရပ်ကို မကြေငြာခင် နအဖတဖွဲ့လုံး အစည်းအ ဝေးထိုင်တဲ့ သတင်းမကြားရဘူး။ ဒါဖြင့် ဒါဟာ ဗိုလ်သန်းရွှေနဲ့ သူ့လက်စွဲကြံ့ဖွတ်ဂိုဏ်းက ဆုံးဖြတ်လုပ်ချလိုက်တာလား စဉ်းစားစရာဖြစ်နေတယ်။ ဒါမှမဟုတ် ဗိုလ် သန်းရွှေဟာ တခြား နအဖအဖွဲ့ဝင်တွေအပေါ် အင်မတန်မီးသေနေလို့လား။ ကျန်တဲ့လူတွေမှာ ပြောခွင့်မရှိလို့လား။
သေချာတာတခုကတော့ နအဖဟာ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ မစုစုနွေးစတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်မလွှတ်ခင် ဆန္ဒခံယူပွဲ ဆို တာကိုလုပ်လိုက်ချင်တယ်ဆိုတာပဲ။ သူတို့မရှိရင် နအဖအနေနဲ့ သူတို့လုပ်ချင်တာတွေကို လုပ်လို့ပို ကောင်းတယ် မဟုတ်လား။
နအဖရဲ့ဒီခြေလှမ်းဟာ အင်မတန်သဘာဝမကျဘူး၊ တရားနည်းလမ်း မကျဘူးဆိုတာ အထူးပြောဖို့မလိုဘူး၊ လူတိုင်းသိတယ်။ ဖွဲ့စည်းပုံဥပဒေကိုမှ လူထုသိအောင် မကြေငြာရသေးဘူး၊ အဲဒါကိုအတည်ပြုဖို့ ဆန္ဒခံယူပွဲစီစဉ်ပြီးပြီ။ နှစ်လသာကျန်တော့တဲ့ ဆန္ဒခံယူပွဲဟာ ဘယ်ဥပဒေအပေါ်အခြေပြုလို့ ဘယ်သူ့ ကြီးကြပ်မှုနဲ့လုပ်မယ်ဆိုတာလည်း မပြောဘူး။ ဒီလိုတနိုင်ငံလုံးနဲ့ဆိုင်တဲ့ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ကိစ္စကြီးတခုကို ကျင်းပဖို့လုပ်ရာမှာ နှစ်လသာလိုတဲ့ အချိန်အထိ ရက်အတိအကျ သတ်မှတ်ပေးမထားဘူး။ နောက်ပြီးဖွဲ့စည်းပုံဥပဒေကိုမှအတည်မပြုရသေးဘူး အဲဒီ ဥပဒေကပြဌာန်းတဲ့ ရွေးကောက်ပွဲကို ရက်သတ် မှတ်ထား လိုက်ပြီ။ အဲဒီလို ကမောက်ကမတွေက အများကြီး။
ဒါဖြင့်သူတို့ဟာ ဒီလိုမြင်းလှည်းကရှေ့၊ မြင်းကနောက်ဖြစ်နေတဲ့ အရာမျိုးတွေကို ဘာလို့ဒီအချိန်မှာ ပွဲထုတ်လာတာလဲ။ အင်မတန် နိုင်ငံရေးအပါးဝ တဲ့၊ နအဖအကြောင်းနောကျေနေတဲ့ ဗမာပြည် ပြည်သူလူထုကြီးကို လှည့်စားဖို့တော့မဟုတ်နိုင်ဘူး။ ရည်ရွယ်ချက တခုက သူ့တပ်တွင်းကို ငါတို့ဘက်က အလွန်မဟုတ်ဘူးလို့ ပြောနိုင်ဖို့ဆိုတာဖြစ်တယ်။ ဒီထက်ပိုအဓိကကျတာက နိုင်ငံတကာက တချို့အင်အားစုတွေကို ဦးတည်တာဖြစ်တယ်။ ပြည်ပက အစိုးရတွေ၊ အဖွဲ့အစည်းအမျိုးမျိုးတွေ အကြားမှာ ဗမာပြည်အရေးကို စိတ်မရှည်တော့လို့ ရှိနေတဲ့အခြေအနေကိုပဲ အသိအမှတ်ပြုပြီး နအဖနဲ့လက်တွဲချင်တဲ့ဟာတွေ ရှိနေ တယ်။ တချို့ဟာ နအဖဘက်ကသာ ဒီမိုကရေစီလမ်းလိုက်တဲ့သဘောမျိုး ဟန်ဆောင်လောက်ပဲဖြစ်ဖြစ်၊ တခုခုလုပ်ပြလိုက်ရင် ရပြီလို့ စဉ်းစားပြီး စောင့်နေကြ တာ။ အခု နအဖဟာ အဲဒီလိုအင်အားစုတွေကို ပစ်မှတ်ထားပြီး မီးရှူးမီးပန်းလွှတ်ပြလိုက်တာဖြစ်တယ်။
စစ်အစိုးရအဖို့ပြောရရင် သူတို့ရဲ့လမ်းပြမြေပုံအဆင့် ၇ ဆင့်မှာ ဒီနံပတ် ၄ အဆင့်ဟာ သူတို့အတွက် အခက်ခဲဆုံးဖြစ်တယ်။ ကျန်တဲ့အဆင့်တွေဟာ သူတို့ချည်း၊ ကိုယ့်ခြေကိုယ့်လက် ကြိုက်သလိုလုပ်ရတာဖြစ်တယ်။ ညောင်နှစ်ပင်လိုဟာဆိုရင် ကိုယ်တက် စေချင်သူကိုတက်ခိုင်း၊ တက်ခိုင်းပြီးမှ သဘောမကျရင် ထုတ်ပစ်၊ ဖမ်းတောင် ဖမ်းချုပ်ပစ်တာ။ ဒါပေမဲ့ဒီအဆင့်မှာတော့ သူတို့ လိုသော်ရှိ၊ မလိုသော်ရှိ လူထုကြီးကို ပါခိုင်းလာရပြီ။ သူတို့အတွက် အန္တရာယ်အကြီးဆုံးနဲ့ အစွန့်စားရဆုံးအဆင့်လို့ ပြောရင်ရတယ်။ ဒါကြောင့်လည်း နဖအစစ်တိုင်းမှူးတွေဟာ ငြိမ်းအဖွဲ့တွေဆီတဖွဲဖွဲသွားပြီး တီးခေါက်တာ၊ နှစ်သိမ့်တာတွေလုပ်နေကြ တယ်။ အခုလိုအခါမှာ ဒင်းတို့တတွေ တပူအပြင် နှစ်ပူမဆင့်ချင်ကြဘူး။ ငြိမ်းတွေကလည်း နအဖအခြေအနေကို သိနေလို့ နအဖ ဗိုလ်ချုပ်တွေတောင်းဆိုတာကို ဈေးဆစ်တယ်။ နအဖကလည်း ငြိမ်းတွေ ထောင်မလာလောက်သေးဘူးဆိုတာ တွေ့ရတော့ သဘောတူလိုက်တယ်။ ဘာစာနဲ့မှရေးမထားတဲ့ ဒီလိုသဘောတူညီ ချက်မျိုးတွေဟာ ဗမာ့နိုင်ငံရေးသမိုင်းရဲ့ထူးခြားချက်မိုဏ္ဍ စိတ်ဝင် စားစရာလည်းကောင်း၊ မှတ်သားစရာလည်းကောင်းတယ်။
ပြည်သူလူထုဘက်ကကြည့်ရင်တော့ ဒီအဆင့်ဟာကိုယ့်အစွမ်းပြလို့ အကောင်းဆုံးဖြစ်တယ်။ ဘာပဲလုပ်နေနေ၊ နအဖဟာ နည်းမျိုးစုံညစ်ပြီး ဆန္ဒခံယူပွဲကို အနိုင်ယူမှာမို့ ဘာမှမလုပ်ဘူးလို့ မတွေးသင့်ဘူး။ အနည်းဆုံး နအဖစစ်ဗိုလ်တွေ ဒီတကွေ့မှာ သာမန်ညစ်ယုံနဲ့ မရအောင်ဝိုင်းလုပ်ကြဖို့လိုတယ်။ ကိုယ့်ဘက်က မဲလေးတမဲဖော်ပြလိုက်ယုံနဲ့ နအဖကိုပိုအရှက်ရစေ၊ ပွင့်ကျစေ၊ ဒုက္ခတွေ့စေမယ့် အခွင့်အရေးကို လက်မလွှတ်သင့်ဘူး။

ဗသြ

Read More...

Thursday 21 February 2008

ဖဒို မန်းရှာ ( သို့ မဟုတ် ) ဧရာဝတီမှ ဒေါန ရေဆန်



(၁)
ဒီ ဖေဖေါ်ဝါရီလထဲမှာက တိုက်တိုက်ဆိုင်ဆိုင် အမှတ်ရစရာတွေကလဲ များပြားလှပါတယ်။ ကျနော်နဲ့သန်ကောင်စာရင်းတခုတည်း အတူနေဖြစ်ခဲ့တဲ့ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) ဆုံးခဲ့တာလဲ ဖေဖေါ်ဝါရီလထဲမှာ ဖြစ်ခဲ့သလို၊
ဆရာမြသန်းတင့် နဲ့ကိုသိန်းတင် (စာရေးဆရာတင်သိန်းမောင်ခေါ် ပထ၀ီမောင်တင်) ဆုံးခဲ့ တာလဲ ဖေဖေါ်ဝါရီထဲမှာပါပဲ။ ဦးမြသန်းတင့်နဲ့ ကိုသိန်းတင်ဆိုရင် - တရက်တည်း တနေ့တည်းတောင်အတူတူ သင်္ဂြိုလ်ခဲ့ရလေသတဲ့။ ဦးမြသန်းတင့်က ဆေးရုံကြီး မှာ ဆုံးခဲ့တာဖြစ်ပြီး ကိုသိန်းတင်က အင်းစိန်ထောင်မှာ ထောင်ချခံနေရရင်း ဆုံးခဲ့ရတာဖြစ်ပေမဲ့၊ သင်္ဂြိုလ်ခဲ့ရတဲ့နေ့ရက်ကတော့ တရက်တည်းဖြစ်ခဲ့ရပါတယ်။ အဲဒီ တုန်းက အမေလူထုဒေါ်အမာကတောင် ‘နှမျောတသ ယူကျုံးမရနဲ့ လွမ်းလောက်တဲ့ရေးဖေါ်တွေ’ လို့ခေါင်းစည်းတပ်ပြီး အမှတ်တရရေးခဲ့ဖူးပါ တယ်။ ကျနော် ကိုယ်တိုင်လဲ ‘ချစ်စွာသော ကိုသိန်းတင်’ လို့ခေါင်းစည်းတပ်ပြီး ပထမဆုံး ‘ခေတ်ပြိုင်’ ကနေ ရေးခဲ့ဖူးပါတယ်။ နောက်တော့ - ‘သံတိုင်ကြား ကြွေသွားရတဲ့ ကြယ် စင်တွေ’ ဆိုပြီး ရုပ်ပုံလွှာပေါင်းချုပ်အဖြစ် (၂၀၀၁) ခုနှစ်ထဲမှာ ထုတ်ဝေတဲ့အခါ ‘ချစ်စွာသော ကိုသိန်းတင်’ လဲ ပါဝင်ခဲ့ပါတယ်။ ပြီးတော့ - ကျနော်အင်မတန် ချစ်ခင်လေးစားတဲ့ ဦးလေးဦးခင်မောင်မြင့် (ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌကြီး ဦးခင်မောင်မြင့်) ထောင်ထဲမှာပဲ သူရဲကောင်းပီသစွာ ကျဆုံးကွယ်လွန်ခဲ့ရတာ ဟာလဲ အခုလို ဖေဖေါ်ဝါရီလထဲမှာပဲ မဟုတ်လား။
ဒီနှစ် ဖေဖေါ်ဝါရီလဆန်းကတည်းကပဲ အမေရိကန်မှာနေတဲ့ မိတ်ဆွေတယောက်က ဦးမြသန်းတင့်နဲ့ပတ်သက်တဲ့ ကဗျာ ဆောင်းပါး ရုပ်ပုံလွှာ တခုခု ရေးထားတာများမရှိဘူးလား၊ ရှိရင်ပေးစမ်းပါလို့ ကျနော့်ဆီ လှမ်းစာရေးခဲ့ပါသေးတယ်။ ဦးမြသန်းတင့်ဆိုတာ ဘယ်လိုစာရေးဆရာကြီးလဲဆိုတာ တော်တော်များ များ သိပြီးဖြစ်ပါတယ်။ ထောင်လဲ ကျဖူး၊ ကျွန်းလဲ အပို့ခံရဖူးရုံမက မြေပေါ်နိုင်ငံရေးပါတီ လှုပ်ရှားမှုတွေမှာ ပြည်သူ့တိုးတက်ရေးပါတီရဲ့ဗဟိုကော် မီတီဝင်အဖြစ်လဲ ဆောင်ရွက်ခဲ့ဖူးသူ မဟုတ်လား။ ထောင်ကို ဘ၀တက္ကသိုလ်လို့ မကြာခဏရေးခဲ့ပြီး၊ ကျွန်းကအပြန်မှာတော့ ကျွန်းကို နောက်ခံကားအဖြစ်ထားတဲ့ သူ့ရဲ့နာမည်ကြီး ၀တ္ထုကြီး ‘ဓါးတောင်’ ကိုရေးခြယ်ခဲ့တယ် မဟုတ်လား။ ပြီးခဲ့တဲ့ပတ်ထဲကပဲ အမေရိကန်မှာပဲနေနေတဲ့ ကျနော့်ရဲ့မိတ်ဆွေကြီးကိုစိုးချိန်ကလဲ ကျနော့်ဆီဖုန်းဆက်ပြီး ကိုနိုင်ဝင်း ( နိုင်ဝင်းဆွေ) ရဲ့ဇာတိရပ်ရွာ နောက်ခံနဲ့မိဘဆွေမျိုးသားချင်းတွေအကြောင်း မှတ်မှတ်ရရမေးလာပြန်ပါတယ်။ ဂျပန်က အာဟာရစာစောင်ကလုပ်မယ့် ဆရာမြသန်းတင့် - နိုင်ဝင်းဆွေ အမှတ်တရနဲ့စာစောင်အထိမ်းအမှတ်အတွက် သိလိုရာရာလေးတွေ အချက်အလက်လေးတွေကို စုဆောင်းပေးဖို့တဆင့် မေးမြန်း ကြည့်တာပါ-တဲ့။ ကျနော့်မှာ တိုက်တိုက်ဆိုင်ဆိုင် အမှတ်ရစရာတွေချည်း အဆက်မပြတ်ဖြစ်နေခဲ့ရပါတယ်။
အဲဒီလို ဖေဖေါ်ဝါရီလထဲမှာ တိုက်တိုက်ဆိုင်ဆိုင်အမှတ်ရစရာတွေကို တသီတတန်းကြီးသတိရနေမိဆဲမှာပဲ၊ ဟော - - ဖဒိုမန်းရှာတယောက် ကျဆုံး ကွယ်လွန်သွားရပြန်ပြီ - တဲ့ ။
တနေ့ကပဲ ကျနော့်ဇနီးသည်က ပန်းသီး အခွံနွှာဖို့အရိုးဝါ၀ါနဲ့ဓါးလေးကို ထုတ်ယူလာတော့ ‘ဒါ - ဖထီးဖဒို မန်းရှာပေးခဲ့တဲ့ ဓါးလေးကွ - ’ လို့ပြောမိ သေးတယ်။ အခုတော့ ဖဒိုမန်းရှာတယောက်လဲ ဆုံးပါးရပြန်ပြီ။ ဥရောပမှာတော့ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ဟာ ‘ချစ်သူများနေ့’ ပေါ့။ ချစ်သူတွေက ချစ်သူတွေ ကိုချစ်စရာ နှင်းဆီပန်း လှလှလေးတွေပေးကြ၊ မေတ္တာရဲ့အမှတ်အသားတွေကို မွှေးမြတဲ့နှင်းဆီပန်းဖူး ပန်းငုံလေးတွေနဲ့ ဆွတ်ဆွတ်ပျံ့ပျံ့ပို့သ ဖေါ်ပြနေကြတဲ့ အချိန်မှာ၊ ပြည်တွင်းစစ်မီး အရှိန်တငြီးငြီး တောက်လောင်နေရဆဲ ကျနော်တို့နိုင်ငံလို ငြိမ်းချမ်းရေးငတ် ဒီမိုကရေစီငတ် အမျိုးသားသွေးစည်းညီညွတ်မှုငတ် နိုင်ငံ တွေအဖို့မှာတော့၊ မုန်းသူတွေက မုန်းသူတွေကို ကျည်ဆံတွေ သတ်ဖြတ်မှုတွေ လုပ်ကြံမှုတွေနဲ့ပဲ ယုတ်ယုတ်မာမာ ပက်ပက်စက်စက် ပေးဝေဖေါ်ပြ နေကြပါရော့ ကလား။ ဖဒိုမန်းရှာလို ပုဂ္ဂိုလ်တယောက် သွေးမြေကျခဲ့ရတာ ကြေကွဲစရာပါပဲ။

( ၂ )
အကြောင်းအမျိုးမျိုးကြောင့် ၀နယ်ကနေ မာနယ်ပလောဆီ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) ကို တာဝန်ယူခေါ်ဆောင်သွားခဲ့သူဟာ ဖဒိုမန်းရှာပါ။ ပြည်တွင်း မှာ ကိုနိုင်ဝင်းနောက်ဆုံး ထုတ်ဝေသွားခဲ့တဲ့ လုံးချင်းဝတ္ထုရှည်စာအုပ်ကြီးဟာ ‘ရေဆန်လမ်း’ ပါ။ ဒီရေဆန်လမ်းဝတ္ထုကြီးကို ကိုနိုင်ဝင်းဟာ ကျနော်နဲ့အတူနေနေ တဲ့ကာလ၊ အင်းစိန်ဖေါ့ကန်က တဲစုတ်သာသာ အိမ်အိုလေးထဲမှာပဲ တကုပ်ကုပ်အထပ်ထပ်ရေးနေခဲ့ပါတယ်။ ကျနော့်ရှေ့မှာပဲ ရေးနေခဲ့တာ ဖြစ်တော့၊ တခါတရံ သူဈာန်ဝင် ရေးသားနေချိန်တွေမှာ ကျနော်ကပဲ ပန်းခူး ရေလောင်းအလုပ်တွေ ၀င်ဝင်လုပ်လိုက်ရတာ ခဏခဏပါပဲ။ တဲသာသာ အိမ်အိုလေးရဲ့ရှေ့မှာက နှင်းဆီနီ ခင်းကြီးဟာ ကျနော်တို့အတွက်ရင်လှိုင်းခုန်ဖွယ် သက်ဝင်ပန်းချီကားတချပ်သာ မဟုတ်၊ ကျနော်တို့ရဲ့ အဓိကထမင်းအိုးကြီးလဲ ဖြစ်နေရတဲ့ကာလမဟုတ်လား။ ကိုနီဟိန်းနဲ့ ကိုကြည်နိုင် ရေးလာခဲ့တဲ့ ‘ရေဆန်လမ်းအတွက်အမှာ’ ကို ကျနော်တို့ဝိုင်းဝန်းဖတ်ရှုဝေဖန်အတည်ပြု ပေးခဲ့ကြပါတယ်။ ကိုနိုင်ဝင်းက တော်လှန်ရေးကို ရေဆန်လမ်းအဖြစ် မြင်ခဲ့ပါတယ်။ ရေဆန်လမ်းအဖြစ် ပမာတင်ခဲ့ပါတယ်။ စာပေအနုပညာယဉ်ကျေးမှု စစ်မျက်နှာမှာလဲ ယဉ်ကျေးမှုဟောင်းကို ဆန့်ကျင်ပြီး ယဉ်ကျေးမှုသစ်ဆီ ရှေ့ရှုရာမှာ၊ တော်လှန်တဲ့စာပေ အနုပညာဟာ ဖောက်ပြန်တဲ့စာပေအနုပညာကို တိုက်ပွဲဆင်ရင်း၊ ဖောက်ပြန်တဲ့ရေပုပ်မြောင်း ရေစီးဟောင်းကို ဆန့်ကျင်ပြီး တွန်းလှန်ဆန်တက် လှော်ခတ်ရတဲ့ ရေဆန်လမ်းအဖြစ် နိမိတ်ပုံယူခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကြိုက်တာ မကြိုက်တာတွေ ခဏထား၊ ဒီစာအုပ်နဲ့ပတ် သက်ပြီး အသံပလံတွေတော့ တော်တော်လေးထွက်ခဲ့ပါတယ်။ ဆရာစွမ်း (မောင်စွမ်းရည်) ကဆိုရင် - သူ့ရဲ့ ‘မြန်မာစာပေဘာလဲ ဘယ်လဲ’ ထဲမှာ ရေဆန်လမ်း ဝေဖန်ရေးထဲမှာ ‘ -- နိုင်ဝင်းဆွေရေ - တွေ့လား တွေ့လား ကျောက်ဆောင်’ လို့တောင် ရေးခဲ့ဖူးပါတယ်။
ဒီနေရာမှာ ထပ်ပြီး တိုက်ဆိုင်လာပြန်တာက၊ ဖဒိုမန်းရှာရဲ့ ကလောင်နာမည်တခုဟာလဲ ‘ရေဆန်’ ဆိုတာပါပဲ။ ရေဆန်လမ်းရဲ့လက်ရာရှင် ကိုနိုင်ဝင်းဆွေကို ၀နယ်ကနေ မာနယ်ပလောဆီ တာဝန်ယူခေါ်ဆောင်လာခဲ့သူဟာဖထီး ဖဒိုမန်းရှာပါ။ ‘ရေဆန်’ ဆိုတဲ့ ကလောင်ရှင် ဖဒိုမန်းရှာပါ။ ကိုနိုင်ဝင်းက သူ့ရဲ့ ‘ရေဆန်လမ်း’ ကို ဘာလို့ရေဆန်လမ်းလို့ နာမည်တပ်ခဲ့တာလဲဆိုတာတော့ ထိုက်သင့်သလောက်သိရှိခဲ့ပြီးဖြစ်ပေမဲ့၊ ဖဒိုမန်းရှာက ဘာလို့ ‘ရေဆန်’ ဆိုတဲ့ ကလောင်နာမည်ကို ခံယူခဲ့သလဲ ဆိုတာကိုတော့ ခုချိန်အထိ ကျနော်မသိပါ။ ‘ရေဆန်’ ဆိုတဲ့ကလောင်ရှင်ရဲ့ဆောင်းပါးတွေ လက်ရာတွေကိုတော့၊ ကရင်ဘာသာ နဲ့ရော ဗမာဘာသာနဲ့ပါ ထုတ်ဝေနေတဲ့ ‘သနူထူ’ ဂျာနယ်မှာ မကြာခဏတွေ့ရ မြင်ရ ဖတ်ရှုရရင်း ထူးထူးခြားခြားသတိမူမိ မှတ်သားမိနေပေမဲ့၊ ‘ရေဆန်’ ဆိုတာ ဖထီးမန်းရှာမှန်း၊ ကွဲကွဲပြားပြားသိရတာတောင် သိပ်မကြာလှသေးပါ။ ကိုနိုင်ဝင်းဆွေ ကွယ်လွန်ခြင်း (၁၀) နှစ်မြောက် ‘မဟူရာမေတ္တာရှင်၏ တော်လှန်ရေးစာပေ မှတ်တိုင်’ ဆိုတဲ့ အထိမ်းအမှတ်စာအုပ် ထွက်လာတဲ့ (၂၀၀၅) ခုနှစ်ထဲကမှ၊ ဆရာရေဆန်ရဲ့ ကိုနိုင်ဝင်းဆွေအမှတ်တရ ‘တောင်ရိုင်းပေါ်က တေးပန်းချီ’ ကို ဖတ်ရ ရင်း ပြက်ပြက်ထင်ထင် သိရှိလာခဲ့ရတာ ဖြစ်ပါတယ်။
ကိုနိုင်ဝင်းတယောက် ၀နယ်ကနေ မာနယ်ပလောကို ဖထီးဖဒိုမန်းရှားတို့နဲ့ လိုက်ပါသွားခဲ့တာဖြစ်တယ် ဆိုတာကိုတော့၊ ကျနော် တရုတ်ပြည်ဖက် ခြမ်း ရောက်စကတည်းက သိပြီးဖြစ်တဲ့အတွက်၊ ကျနော် ပထမဦးဆုံး ဖထီးဖဒိုမန်းရှာနဲ့ လူချင်းစတင်ဆုံဆည်းခွင့်ရစဉ် - ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်းတော်တော်ကြာ ကာလကတည်းက ကိုနိုင်ဝင်းဆွေဘယ်လို ကျဆုံးသွားခဲ့ရသလဲဆိုတာရဲ့အဖြစ်သနစ်ကိုတော့ ဖထီးဖဒိုမန်းရှာကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းခဲ့ဖူးပါတယ်။ ဖထီး ဖဒိုမန်းရှာကလဲ ကိုနိုင်ဝင်းဆွေရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်းကို ကျနော့်ကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြခဲ့ဖူးပါတယ်။ လေအေးအေးလေးနဲ့ပဲ တလုံးချင်း တချက်ချင်း ဖြေးဖြေးဆေးဆေးရှင်းပြပြောဆိုနေတဲ့ ဖဒိုမန်းရှာရဲ့မျက်နှာပေါ်မှာတော့ ခံစားမှုအရိပ်တွေ သိသိသာသာေ၀၀ဲနေတာ အတိုင်းသားတွေ့နေရပါ တယ်။မာနယ်ပလော လက်လွတ်ခဲ့ရမှုနဲ့ဆက်စပ်ပြီး ပြောဆိုနေရတာဖြစ်တဲ့အတွက် သူ့လေသံဟာ တချက်တချက် ဆို့နစ်ဆိုင်းပျနေသလို၊ အင်မတန် ကရင်ပီသ လှတဲ့ သူ့မျက်နှာပေါ်က ကရင်မေးရိုး ကားကားကြီးဟာလဲ တင်းကနဲတင်းကနဲ ရံဖန်ရံခါ ဖြစ်ဖြစ်သွားတာ သတိထားမိလိုက်ပါတယ်။ အဲဒီတုန်းက ဖထီးဖဒိုမန်းရှာ ဟာ NLD – LA က ဥက္ကဋ္ဌ - ဦးတင်အောင်တို့နဲ့အတူတူ ဂန္ဓာလရာဇ်ဖက်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ သူတို့ရောက်လာနေစဉ် တလျောက်လုံး သူတို့လျှို့ဝှက် တည်းခိုနေရာ တည်းခိုခန်းကို ကျနော်နေ့စဉ် မှန်မှန်ရောက်နေရပါတယ်။ တခါတရံ မနက်အစောကြီးကတည်းက အဖေါ်သွားလုပ်နေရရင်း၊ ညမိုးချုပ်မှ အိမ်ပြန်ရ တဲ့အခါမျိုးတွေလဲ ရှိခဲ့ဖူးပါတယ်။ မနက်စာရော ညစာပါ သူတို့တွေနဲ့ပဲ အတူတူစားဖြစ်ခဲ့ရတာတွေလဲ အကြိမ်ကြိမ်ပါ။ အများအားဖြင့်တော့ တည်းခိုရာဟိုတယ်နဲ့ သိပ်မဝေးလှတဲ့နေရာက ကြုံရာ ရှိရာ စားသောက်ဆိုင်လေးတွေမှာပဲ စားဖြစ်ကြတာ များပါတယ်။ မနက်စောစောစာစားရင် ဦးတင်အောင်နဲ့ ဖထီးဖဒိုမန်းရှာက တိုဟူးပျော့နဲ့ရှမ်းခေါက်ဆွဲကိုပဲ မကြာမကြာ စားတတ်ကြပါတယ်။ နေ့လည်စာ ညနေစာထမင်းစားကြပြီဆိုရင်တော့ ‘ဖထီး ဘာစားမလဲ-ကြည့်လေ-’ လို့ပြောရင် သူက မြစ်ဝကျွန်းပေါ်သား ဇာတိပြလာသလားမသိပါ၊ ငါးဒါမှမဟုတ် ပုစွန်ဆိတ်သေးသေးလေးတွေကို လက်ညှိုးထိုး ပြလေ့ရှိပြီး၊ ပုစွန်ဆိတ်သေးသေးလေးတွေကို နီနေအောင်ကြော်ထားတာကို နှစ်နှစ်သက်သက် စားလေ့ရှိပါတယ်။ တခါတော့ သူကြိုက်တတ်မှန်းသိလို့ တဦးက နောက်တပွဲမှာလိုက်တဲ့အတွက် အဲဒီနေ့ညစာ အပြီးမှာ ပုစွန်ဆိတ်ကြော်လေးတွေက မကုန်ပဲတော်တော်ကို ပိုကျန်နေပါတယ်။ အဲဒါကို ဖထီးကဆိုင်ရှင်ဆီ ကျွတ်ကျွတ်အိတ်လေးတောင်းပြီး အိတ်ထဲအကုန် ထည့်ပါတယ်။ ကျနော်က သူအခန်းထဲရောက်တဲ့အခါ ရေနွေးကြမ်းနဲ့မြည်းဖို့ ယူနေတာနေမှာလို့ တွေးမိလိုက်ပါတယ်။ လတ်စသတ်တော့ - ဘယ်ဟုတ်မလဲ၊ ထုပ်ပြီးတဲ့အခါ ‘ခင်ဗျား - အိမ်ကိုယူသွားပါဗျ၊ နှမြောစရာကြီး ဗျာ - အိမ်မှာ ကလေးတွေ စားရတာပေါ့ - ’ လို့ပြောပြီး ကျနော့်ကို ထိုးပေးတာကိုလဲ အကြောင်း တိုက်ဆိုင်တိုင်း မကြာမကြာသတိရစရာ ဖြစ်နေခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ချိုးခြံချွေတာတတ်မှုကို ကျနော်ဖျတ်ကနဲမြင်လိုက်ရပါတယ်။
ဖထီးနဲ့ထမင်းအတူစားဖြစ်ခဲ့တဲ့ အကြိမ်တော်တော်များများကြုံခဲ့ရရာမှာ ကျနော်သတိထားမိတာတခုက ဖဒိုမန်းရှာ အရက်သောက်လေ့ မရှိတာလဲ ပါ ပါတယ်။ ညစာစားကြတဲ့အချိန်မှာ တော်တော်များများကတော့ အရက်သောက်ကြလေ့ ရှိပါတယ်။ အနိမ့်ဆုံး ဆေးဖြစ်ဝါးဖြစ်တို့ မိတ်ဖြစ်ဆွေဖြစ်တို့၊ လူကြီးလူ ကောင်းသောက်တို့ ဆိုတာတွေလောက်တော့ အများတကာ့အများစုကြီက သောက်ကြစားကြပါတယ်။ အဲဒီထမင်းစားပွဲတွေထဲမှာ ဖထီးသောက်တာ မတွေ့ရပါ။ ထိုင်းဖက်မှာ တခြားနေရာတွေမှာ သောက်မသောက်တော့ ကျနော်မသိပါ၊ ဂန္ဓာလရာဇ်ဖက်မှာ ကျနော်တို့နဲ့အတူဆုံဖူး စားဖူးကြစဉ်တွေတိုင်းမှာတော့ ဖထီးတခါမှ အရက်သောက်လေ့မရှိတာကို ကျနော်သတိထားမိပါတယ်။ သူများတွေ အရက်သောက်နေချိန်မှာ ဖထီးကတော့ ဟင်းချိုပူပူ ဒါမှမဟုတ် ရေနွေးကြမ်းကိုပဲ တဖူးဖူး မှုတ်သောက်နေတတ်ပြီး၊ အသားထက် ဟင်းသီးဟင်းရွက်တွေကိုပဲ ပိုကြိုက်ပိုစားတတ်တာကိုလဲ မြင်လိုက်ရ သတိထားမိလိုက်ရပါတယ်။ အသီးလဲ တော်တော် ကြိုက်တာ တွေ့လိုက်ရပါတယ်။ အခန်းထဲမှာ ပန်းသီး ဒါမှမဟုတ် တရုတ်လို ‘လိဇစ်’ လို့ခေါ်တဲ့ တရုတ်သစ်တော်သီး အရည်ရွှမ်းရွှမ်းတွေကိုတော့၊ ဒီဖက်ရောက်မှ ဟိုတယ်ဘေးက ဆိုင်လေးတဆိုင်က ကောက်ဝယ်လိုက်တဲ့ အရိုးဝါ၀ါ ဓါးလေးတချောင်းနဲ့ အခွံနွှာပြီး အားရပါးရစားနေလေ့ ရှိပါတယ်။ (သူပြန်တော့ - ကျနော့်ကို အဲဒီ ဓါးဝါ၀ါလေးကိုလဲ အိမ်ယူသွားဖို့ပေးထားခဲ့လို့ အဲဒီဓါးဝါ၀ါလေးကိုမြင်တိုင်း ဖျတ်ကနဲ ဖျတ်ကနဲ သတိရမိတတ်တာ၊ ဖထီးမဆုံးခင် တရက်ကျော်ကပဲ တိုက်တိုက်ဆိုင်ဆိုင် ဇနီးသည်ကို ပြောမိသေးတာ ဖြစ်ပါတယ်။)
အဲဒီတုန်းက တည်းခိုရာအခန်းထဲမှာ တရုတ်တီဗွီလဲရှိရာမှာ တီဗွီလိုင်းတော်တော်များများ ဖမ်းယူကြည့်ရှုလို့ရပေမဲ့၊ ဖထီးကတော့ အမြဲတန်းလိုလို ဂန္တ၀င်မြောက် တရုတ်တော်လှန်ရေး ရုပ်ရှင်ကားဟောင်းကြီးတွေကိုပဲ စိတ်ဝင်စားစွာကြည့်နေလေ့ရှိပြီး၊ ပြောက်ကျားတိုက်ပွဲကားတွေ ယူဂျီလှုပ်ရှားမှုနောက်ခံ ရုပ်ရှင်ကားတွေကိုလဲ သဘောတကျကြည့်နေတတ်တာ တွေ့လိုက်ရပါတယ်။ သူ စိတ်ပါဝင်စားစွာ စူးစူးစိုက်စိုက်ကြည့်နေပြီဆိုရင် - သူ့မျက်နှာပေါ်က သိသိသာ သာ ပေါ်လွင်နေတဲ့၊ သူ့ရဲ့ထူထူထဲထဲမျက်ခုံးမွှေး ရှည်ရှည်ကားကားကြီးအစုံအောက်က မျက်လုံးတွေဟာလဲ စူးစူးရှရှဖြစ်နေတတ်တာ တွေ့ရပါတယ်။
တရုတ်တော်လှန်ရေး ရုပ်ရှင်ကားဟောင်းကြီးတွေကို ကြည့်နေရာက၊ အလ္လာပ သလ္လာပစကား ဆက်စပ်ပြောမိကြရာမှာ ကရင့်တော်လှန်ရေး သမိုင်း ကြောင်းထဲက စောဘဦးကြီး၊ မန်းဘဇံနဲ့ မုဆိုးကော်ကဆာအကြောင်းလဲ ဖထီးဆီက တပိုင်းတစ ကြားလိုက်ရပါတယ်။ မုဆိုးကော်ကဆာ ဘာလို့သမိုင်းဇာတ်ခုံ ပေါ်ကနေ ဇာတ်ခုံအောက်ရောက်သွားရသလဲ ဆိုတာရဲ့ပုဂ္ဂိုလ်ရေးသဘောသဘာဝ တစွန်းတစကို အမှတ်မထင်ဖျတ်ကနဲ ကြားလိုက်ရပါတယ်။ သမိုင်းမှာ တာ ထွက်ကောင်းခဲ့ကြပေမဲ့၊ တချို့သော အထင်ကရသမိုင်းဇာတ်ဆောင်ကြီးတွေ၊ ဇာတ်ကောင်ကြီးတွေဟာ လမ်းခုလတ်မှာပဲ သမိုင်းဇာတ်ခုံပေါ်ကနေ ရုပ်ပျက် ဆင်းပျက် ဆင်းပြေးကြရ ပျောက်ကွယ်သွားကြရတာဟာ အဓိကကတော့ နိုင်ငံရေးရပ်တည်ချက်ကြောင့်ဆိုတာ သံဝေဂယူဖွယ် ကြားလိုက်ရပါတယ်။ ဖဒိုမန်းရှာရဲ့ တော်လှန်ရေးစိတ်ဓါတ်နဲ့ခိုင်မာတဲ့ ရပ်တည်ချက်ကို ဖျတ်ကနဲ ကျနော် မြင်လိုက်ရပါတယ်။

( ၃ )
ကျနော့်တဦးချင်းအနေနဲ့ ဖဒိုမန်းရှာနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေထဲမှာ - သူတို့တတွေ ကေအိုင်အိုနဲ့တွေ့ဆုံဖို့ လာကြတဲ့အခေါက်တုန်းက အဖြစ် အပျက်လေးတွေကိုလဲ ရံဖန်ရံခါ သတိရမိနေပါတယ်။ အဲဒီတုန်းကဖဒိုမန်းရှာနဲ့အတူတူ ဂန္ဓာလရာဇ်ဖက် ရောက်လာကြသူတွေကတော့ ဦးခွန်မာကိုဘန်နဲ့ ကိုအောင်စောဦး။
အဲဒီအခေါက်တုန်းက သူတို့က ကျနော်တို့နေတဲ့ မြို့ဖက်ဆီကို ရောက်မလာပဲ၊ ကေအိုင်အိုဌာနချုပ်နဲ့ သိပ်မဝေးလှတဲ့ တရုတ်ဖက်ခြမ်းက မြို့လေးတ မြို့ဆီ တန်းပြီးဝင်လိုက်ကြတော့၊ ကိုမြမောင် (ကိုအောင်ကျော်ဇော) နဲ့ကျနော်ကသူတို့ရောက်နေရာ ‘ယင်ကျန်း’ အထိသွားတွေ့ရတဲ့ အခေါက်ဖြစ်ပါတယ်။ ကေအိုင်အိုနဲ့ ချိန်းဆိုထားကြပြီး သူတို့က တည်းခိုခန်းတခုမှာတည်းရင်း စောင့်နေကြတာ ဖြစ်တဲ့အတွက်၊ ကိုမြမောင်နဲ့ကျနော်ကလဲ သူတို့တည်းတဲ့ တည်းခိုခန်း မှာ သွားမတည်းတော့ပဲ၊ နှစ်ယောက်သား တခြားတည်းခိုခန်းတခုမှာ တည်းလိုက်ကြပါတယ်။ ကိုမြမောင်နဲ့ကျနော်ဟာ နှစ်ယောက်ခန်းတခုကို ယူလိုက်ကြပြီး၊ ပါလာခဲ့ကြတဲ့ ခရီးဆောင်အိတ်သေးသေးလေးနှစ်လုံးကို ကိုယ်တည်းမယ့်အခန်းလေးထဲမှာပဲ ချန်ထားခဲ့ကြကာ ဖထီးတို့ဆီ သွားတွေ့ကြပါတယ်။ ရောက်ရောက် ချင်း မျက်နှာသွားပြနှင့်တဲ့ သဘောပါ။ ဖထီးတို့ သူတို့ကိစ္စတွေနဲ့သူတို့ - လုပ်စရာရှိတာတွေ လုပ်ာကြ၊ ချိန်းထားသူတွေနဲ့တွော့က ဆုံကြပြီးတဲ့နောက်မှ၊ အားတဲ့ အချိန်နဲ့ အခြေအနေကိုကြည့်ပြီး နောက်ထပ်အေးအေးဆေးဆေးသွားတွေ့ကြ ဖို့ရည်ရွယ်ပြီး သွားတွေ့ကြတာပါ။ ထင်ထားတဲ့အတိုင်းပဲ ဖထီးတို့နဲ့ချိန်းထားတဲ့ ဧည့်သည်တွေရဲ့ ကားဝင်ကားထွက်တွေကိုလဲ ဟိုတယ်ဝင်းကြီးထဲ ရောက်ရောက်ချင်း မြင်နေရတဲ့အတွက်၊ သူတို့အားမယ့်အချိန် ညပိုင်းမှပဲထပ်လာတော့မယ်လို့ ပြောပြီး နှစ်ယောက်သား တည်းခိုရာဆီ ပြန်လာကြပါတယ်။ လမ်းမှာ ကိုမြမောင်က ဖထီးကိုမှတ်မှတ်ရရ လက်ဆောင်ပေးဖို့ အင်းင်္ကျီနှစ်ထည်ပါလာခဲ့တာကို ပြောပြပါတယ်။ သူ့မိတ်ဆွေတွေဆီကရထားတဲ့ဒီ အင်းင်္ကျီနှစ်ထည်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဖထီး ဒီဖက်ရောက်လာတာနဲ့ကြုံတုန်း၊ လက်ဆောင်ပေးဖို့ အကောင်း ဆုံးဖြစ်သွားရတာကို သူကပြုံးပြုံး ပြုံးပြုံးနဲ့ ပြောပြပါတယ်။ ‘အင်းင်္ကျီတွေက အင်ဒိုနီးရှားပါတိတ်အစစ် အင်းင်္ကျီတွေဗျ -’ လို့ပြောတဲ့အတွက် ကနုတ်ပန်းခွေ ပန်း နွယ်ဒီဇိုင်းလှလှလေးတွေနဲ့ အရောင်စိုစို အင်ဒိုနီရှားပါတိတ်အင်းင်္ကျီတွေကို ၀တ်လေ့ရှိတဲ့ ဆရာတာရာကိုတောင် ကျနော်က ဖျတ်ကနဲ သွားသတိရလိုက်မိပါ သေးတယ်။
ငှါးထားတဲ့ အခန်းလေးထဲ နှစ်ယောက်သားပြန်ရောက်ကြတော့၊ ကိုမြမောင်က ကုတင်ပေါ်တင်ထားခဲ့တဲ့ သူ့ခရီးဆောင်အိတ်လေးကို ဆွဲဖွင့်လှစ်ရင်း ‘ဟာ - သွားပြီ ’ ဆိုတဲ့အသံပါ ထွက်လာပါတော့တယ်။ ကျနော်က ဘာလို့လဲဆိုတဲ့သဘောမျိုးနဲ့သူ့မျက်နှာကို ကြည့်လိုက်တော့၊ ‘ဖထီးအတွက် ယူလာခဲ့တဲ့ ပါတိတ်အင်းကျီ နှစ်ထည်လုံး - ပါသွားဘီ၊ တထည်မှကို မရှိတော့ဘူး၊ နှစ်ထည်လုံးကို အကုန်မသွားတာပဲ တောက်’ ဆိုတဲ့အသံ ထပ်ထွက်လာပါတော့တယ်။ အခန်းတံခါးကို ဂျက်ကောင်းကောင်းကျအောင် ချသွားပိတ်သွားခဲ့ပါလျက်နဲ့ ဒီအခန်းတွေအကြောင်း ကောင်းကောင်းသိထားတဲ့၊ ဒီတည်းခိုခန်းက တာဝန်ကျ အခန်းသော့ကိုင် ကောင်မလေးတွေနဲ့ တစုံတရာဆက်စပ်ပတ်သက်နေတဲ့ အတွင်းသူခိုးတယောက်ယောက်က ကျနော်တို့အပြင်သွားနေတုန်း စိမ်ပြေနပြေ ၀င်ယူ ၀င်ခိုးသွားခဲ့တာ ခံလိုက်ရတာဖြစ်ပါတယ်။ တည်းခိုခန်းပိုင်ရှင်ကို အကျိုးအကြောင်းသွားပြောခဲ့ပေမဲ့၊ ဘာမှအဖြေမထွက်တော့ပါ။ တည်းခိုခန်းပိုင်ရှင်လုပ်သူရဲ့ သူတို့အလျော်ပေးရမှာနဲ့ နာမည်ပျက်မှာစိုးတဲ့အတွက် ‘ဒီတည်းခိုခန်းမှာ ဒါမျိုး ဒီလိုပျောက်တာ ရှတာမျိုးတခါမှ မဖြစ်ဖူးပါဘူး’ ဆိုတဲ့သဘောမျိုး ဘူးပိတ်ပြောဆို ဖြေရှင်းလိုက်တာသာ အောင့်သက်သက်နဲ့ ကြားနာခဲ့ရပါတော့တယ်။ ကိုမြမောင်ရဲ့ဖထီးအတွက် တခုတ်တရယူဆောင်လာခဲ့တဲ့ ပါတိတ်အင်င်္ကျီလက်ဆောင်ဟာ တည်းခိုခန်းက ဓါတ်သိအတွင်းသူခိုးရဲ့ ကြားဝင်ဖျောင်တာ ခံလိုက်ရရင်း၊ စိတ်မကောင်းစရာ အမှတ်တရတခုသဖွယ်သာ ဖြစ်ခဲ့ရပါတော့တယ်။
ညပိုင်းမှာ ဖထီးနဲ့ကျနော်တို့တွေ - အေးအေးဆေးဆေးစကားပြောခွင့်ရပါတယ်။ အဲဒီတုန်းက ‘ပီဒီ’ တောင် မပေါ်သေးပါ။ ဖထီးက ‘ပီဒီ’ ဆိုတဲ့ နိုင်ငံရေးအန်တုမှု လုပ်ငန်းအကြောင်း စပြောတော့၊ ကျနော်က ‘အန်တုမှု’ ဆိုတဲ့ဝေါဟာရအပေါ် ဝေါဟာရအရ သိပ်ဘ၀င်မကျ လှတာကို ပြန်ပြောမိပါသေးတယ်။ အန်တုတယ်ဆိုတာ ကိုယ့်ဖက်က သိပ်အနိမ့်ဆုံးအခြေအနေမှာ ရှိနေပြီး၊ ကိုယ်နဲ့ဘယ်လိုမှ ယှဉ်လို့မရနိုင်အောင် တန်ခိုးသြဇာပါဝါ အပြတ်အသတ်ကြီးလွန်းနေသူ ကိုပြန်ပြီး၊ ယှဉ်ပြိုင်နေတဲ့သဘော ဆောင်တယ်လို့ထင်တယ်။ ဖားတုလို့ ခရုပြိုင်ဆိုတာမျိုး၊ ဆီးစေ့နဲ့ မြင့်မိုရ်တောင်သဘောမျိုး သက်ရောက်နေမှာစိုးတယ်၊ အနက် နိမ့်လွန်းနေမှာ စိုးတယ်လို့ ပြန်ပြောမိခဲ့သေးတယ်။ အဲဒီတုန်းက ဖထီးက ဖွဖွလေးပြုံးနေခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီလိုသာ ဝေါဟာရအပေါ်မှာ ကျနော်မြင်သလို ပြောကြည့်ခဲ့ဖူးပေမဲ့၊ ကျနော်ဟာ ‘ပီဒီ’ နဲ့တခါမှ တရားဝင်မပတ်သက်ခဲ့ဖူးပါ။
အဲဒီတုန်းက ဖထီးတို့ ယင်ကျန်းကနေ ပြန်ထွက်ခါနီးမှာလဲ သတင်းတပုဒ်ဝင်လာတဲ့အတွက်၊ ကိုအောင်စောဦးနဲ့တိုင်ပင်ပြီး၊ ဖထီးတို့လုံခြုံရေးအတွက် ကျနော့်မှာ တတ်နိုင်သလောက် ကြံဖန်စီစဉ်ပေးလိုက်ရပါသေးတယ်။ ဖြစ်ပုံက ဖထီးတို့ ဒီဖက်ရောက်လာနေတယ်လို့ သတင်းအစအနအနံ့ကို ရလိုက်တဲ့သူတဦး က ဖထီးနဲ့တွေ့ချင်လို့ဆိုပြီး အခုဖထီးတို့ရောက်နေတဲ့မြို့ကို တက်လာနေပြီ - ဆိုတဲ့အခိုင်အမာသတင်းတခု ၀င်လာခဲ့တဲ့အတွက် အဲဒီလူနဲ့မတိုးမိအောင်၊ ဖထီးတို့ လဲ လုံလုံခြုံခြုံနဲ့တခြားမြို့တမြို့ကို ရောက်ရှိသွားအောင် ကျနော့်ဟာကျနော်စဉ်းစားပြီး စီစဉ်ပေးလိုက်ရတာဖြစ်ပါတယ်။ ဖထီးနဲ့တွေ့ချင်လို့ တက်လာတယ်ဆိုတဲ့ လူဟာ တချိန်ကဖထီးနဲ့သိကျွမ်းခဲ့တာ အမှန်ပဲဖြစ်ပေမဲ့၊ နောက်ဆုံးအနေအထားက စိတ်မချရတဲ့ အဖွဲ့တဖွဲ့မှာ ရောက်ရှိနေပြီး၊ လူကလဲ နေရာတော်တော်များများ မှာ နာမည်ပျက်နေသူဖြစ်တဲ့အတွက် မတိုးမိ မဆုံဆည်းမိအောင် အဲဒီလိုအရေးပေါ် စီစဉ်ပေးလိုက်ရတာဖြစ်ပါတယ်။ အဲဒီကိစ္စကို ကိုအောင်စောဦးကလဲ ဖထီးကို သေသေချာချာရှင်းပြပြီး၊ နောက်ဆုံးမှာ ခရီးစဉ်ကို အောင်အောင်မြင်မြင် အရွှေ့အပြောင်းအကူးအဆက် လုပ်နိုင်ခဲ့ကြပါတယ်။ ကျနော့်မှာ ဖထီးတို့အေးအေးဆေး ဆေး သွားလိုရာသွား၊ ရောက်လိုရာ ရောက်သွားကြပြီ ဆိုမှ သက်ပြင်းချနိုင်ခဲ့ပါတော့တယ်။

(၄)
တကယ်က ကျနော်ဟာ ဖထီးနဲ့ထဲထဲဝင်ဝင်ရင်းရင်းနှီးနှီးဖြစ်ခွင့် များများစားစား မရှိခဲ့ပါ။ ဒါပေမဲ့ စာဖတ်တာကိုလဲ မွေ့လျော်၊ ကိုယ်တိုင်လဲ ‘ရေဆန်’ ဆိုတဲ့ နာမည်နဲ့စာတွေ ဆောင်းပါးတွေရေးနေတဲ့ ဖထီးဟာ ကျနော့်ကို နိုင်ငံရေးသမားမှန်းလဲသိ၊ စာပေသမားမှန်း ကဗျာသမားမှန်းလဲ သိနေတဲ့အတွက် ‘ဂျူးလိ ယက်ဖူးချစ်’ ရဲ့ ‘ကြိုးစင်ပေါ်က မှတ်တမ်းများ’ကို ရှာပေးဖို့ကိုတော့ တခုတ်တရ မှာဖူးပါတယ်။ ကျနော်ကလဲ သူ့ကို ကျနော့်ရဲ့ ပထမဆုံး လုံးချင်းကဗျာစာအုပ် ကလေး ‘နိုးနေသော လင်္ကာသည်’ ကို စာပေလက်ဆောင်အဖြစ် မှတ်မှတ်ရရပေးခဲ့ဖူးပါတယ်။
အနက်ရောင်နောက်ခံပေါ်မှာ တငုံတည်းသော နှင်းဆီနီဖူးပန်းချီ မျက်နှာဖုံးလေးနဲ့ထုတ်ဝေခဲ့တဲ့ မူရင်းကဗျာစာအုပ်လေးကိုပဲ ရှားရှားပါးပါး လက် ဆောင်အဖြစ် အမှတ်တရ ပေးခဲ့ဖူးတာပါ။ ‘ရေဆန်’ ဆိုတာ ဖဒိုဖန်းရှာမှန်း သိရပြီးတဲ့နောက်ပိုင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖဒိုမန်းရှာအနေနဲ့ စုံစုံစေ့စေ့မပြော နိုင်တဲ့ ဖဒိုမန်းရှာရဲ့နှလုံးသားထဲက ရင်တွင်းစကားတွေကို ‘ရေဆန်’ ကနေတဆင့် ပြည့်ပြည့်စုံစုံ ကြားနာလိုက်ရတာတွေလဲ ရှိပါတယ်။ ဖဒိုမန်းရှာကို ဖဒိုမန်းရှာက နေ အပြင်၊ ရေဆန်ကပါ မြင်လိုက်ရတဲ့ ရုပ်ပုံလွှာဟာ ပိုပြီးပီပီသသ ထင်သာမြင်သာ ရှိခဲ့ပါတယ်။ ‘ရေဆန်’ ရဲ့ ‘ချစ်ရဲဘော်များသို့ ပေးစာ’ တွေကို အလျဉ်းသင့် သလို ကျနော် ဂရုတစိုက်ဖတ်ခဲ့ဖူးပါတယ်။ ကရင်ပီသလှတဲ့၊ ကရင်ပီပီ ကရင်မျိုးချစ်စိတ်ဓါတ် မြင့်မားလှတဲ့ ဖဒိုမန်းရှာဟာ သူ့ရဲ့ ‘ချစ်ရဲဘော်များသို့ ပေးစာ’ တခု ထဲကနေ ‘မျက်မှောက် ကရင်အမျိုးသားများရဲ့ စံတန်ဖိုးဟာ ဘာလဲ’ ဆိုတာကို ဖေါ်ထုတ်ဖွင့်ဆိုရင်း သူ့ရဲ့တိုက်ပွဲဝင်စိတ်ဓါတ်ကို ပြသခဲ့တာ မှတ်မှတ်ထင်ထင် သတိရနေပါတယ်။ သူက ‘ယနေ့လူတွေဟာ စံတန်ဘိုး ဆိုတဲ့စကားလုံးကို အတော်သုံးနှုန်း ပြောဆိုလာကြပါတယ်။ လူသားတွေရဲ့စံတန်ဖိုး၊ ဥရောပရဲ့စံတန်ဖိုး၊ အာရှရဲ့စံတန်ဖိုး - စတာတွေကို ပြောနေကြပါတယ်။ ဒီလိုဆိုရင် ကရင်အမျိုးသားများအတွက်၊ အထူးသဖြင့် လူမျိုးတမျိုးအဖြစ်လုံခြုံစွာ ရပ်တည်သွားကြဖို့ ပိုင်းဖြတ် ထားကြတဲ့ ကရင်မျိုးချစ်များအတွက် မျက်မှောက်ကာလ ကရင်အမျိုးသားများရဲ့စံတန်ဘိုးဟာ ဘာလဲ’ ဆိုတာကို မေးခွန်းအဖြစ်မေးလိုက်ပြီး၊ ‘ကရင် လူမျိုးတွေဟာ သမိုင်းမှာ ဘယ်လူမျိုးကိုမှရန်ပြုခြင်း ကျွန်ပြုခြင်းမရှိခဲ့၊ တခြားအမျိုးသားတွေနဲ့ အေးအေးချမ်းချမ်း သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြတယ်။ ဒါဟာ ကရင်အမျိုးသားတွေရဲ့ စံတန်ဖိုးလား။ ရိုးရိုးအေးအေးနဲ့ ရောင့်ရဲတင်းတိမ် လွယ်တတ်ကြတယ်၊ မာန်မာန မောက်မာထောင်လွှားမှုတွေ နည်းတတ်ကြတယ်၊ ဒါဟာ စံတန်ဖိုးလား။ တာဝန်ကျေတတ်ကြတယ်၊ မိမိလူမျိုးအပေါ် ကျွန်ပြုထားသူများထံမှာ အမှုထမ်းဖြစ်ခဲ့ရင်တောင် ကျိုးနွံသစ္စာမြဲလေ့ ရှိတယ်။ ဒါဟာ စံလား။’ လို့ စသဖြင့် စသဖြင့် - ဖွင့်ဆိုဖေါ်ပြပြီးတဲ့နောက် သူကိုယ်တိုင် အဖြေပေးလိုက်တာကတော့၊ ‘ကရင်အမျိုးသားတွေဟာ မတရားမှုအပေါ် ဘယ်တော့မှ ဦးမညွှတ်ဆိုတဲ့ စိတ်ဓါတ်နဲ့ဇွဲသတ္တိ’ ပါပဲ လို့ဖွင့်ဆို ဟစ်ကြွေးခဲ့ပါတယ်။ဖဒိုမန်းရှာက ရေဆန်နေရာကနေ- ‘ကျနော့်အနေနဲ့ကတော့ တွေဝေခြင်းအလျဉ်းမရှိ ရှင်းလင်းပြတ်သားတဲ့ အဖြေကို ပေးပါတယ်။ ဒါကတော့ မျက်မှောက်ကရင်အမျိုးသားတို့ရဲ့ စံတန်ဘိုးဟာ မတရားမှုအပေါ် ဘယ်သောအခါမျှ ဦးမညွှတ်ဆိုတဲ့ ကရင်အမျိုးသားတို့ရဲ့ စိတ်ဓာတ်နဲ့ဇွဲသတ္တိပါဘဲ။ ဒါကို တိကျရှင်းလင်းစွာ ထင်ဟပ်ပေးနေတာကတော့ ကေအဲန်ယူ ဦးဆောင်တဲ့ ကရင့်အမျိုးသားတော်လှန်ရေးကြီးပါပဲ၊’ လို့ဖော်ကျူးခဲ့ပါ တယ်။ ဖဒိုမန်းရှာရဲ့ ‘ဦးမညွှတ်’ ဆိုတဲ့စိတ်ဓါတ်ကို ရေဆန်ကနေ ပီပီသသ မြင်လိုက်ရပါတယ်။ ကျနော်လေးစားပါတယ်။

(၅)
ဖဒိုမန်းရှာတယောက် ကျဆုံးသွားရပြီ ဆိုတဲ့သတင်းကို ကြားလိုက်ရ ကြားလိုက်ရခြင်း စိတ်မကောင်းခြင်းကြီးစွာ ခံစားလိုက်ရပါတယ်။
သူနဲ့ကြုံရ ဆုံရဖူးစဉ်က သူ့ရဲ့ပြောဟန် ဆိုဟန် ရုပ်ပုံမှန်ကို ဖျတ်ကနဲ ဖျတ်ကနဲ တကျော့ပြန် ပြန်လည်မြင်ယောင်မိနေပါတယ်။ ပြီးတော့ - မီဒီယာ အ သီးသီးကနေ ‘ဗျူးသံ’ တွေထဲကနေ - သူ့ရဲ့ခိုင်မာပြတ်သားလှတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓါတ်ပေါ်ကနေ ပြတ်ပြတ်သားသား ထွက်ပေါ်လာခဲ့တဲ့ တိုက်ပွဲခေါ်သံ တုန့်ပြန်သံတွေကိုလဲ လတ်လတ်ဆတ်ဆတ်ကြီးပဲ ပြန်လည်ကြားယောင်နေမိပါတယ်။ ပြီးတော့ - ‘ရေဆန်’ ဆိုတဲ့ ကလောင်တချောင်းဆီကနေ မကြာခဏထွက်ပေါ် ရင့်ကျူးဖော်ထုတ် ပြသလိုက်တဲ့ ကရင့်ဇွဲမာန် ဖားစည်သံတွေကိုလဲ ပဲ့တင်ညံအောင် ပြန်လည်ကြားယောင် မြင်ယောင်နေမိရပါတယ်။ ရေဆန် ဆိုတာ - ရေစုန်မဟုတ်တဲ့အတွက် အားထုတ်ရမှု လုံးပမ်းရမှုတွေ အသင်္ချေနဲ့ဒဏ်ရာဆင့်ရ ဆုံးရှုံးရမှုတွေလဲ တော်တော်ကို များပြားလွန်းလှပါကလား။
တနေ့က (ဖေဖေါ်ဝါရီ - ၁ဂရက်နေ့က) ပဲ သူ့ဈာပနကို ဘယ်လိုကျင်းပတယ်ဆိုတာ မီဒီယာတွေကနေ ပြည့်ပြည့်စုံစုံ ကျနော် နားထောင်နေမိပါ တယ်။ နှင်းဆီပင်လယ်ကြီးထဲမှာပဲ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနဲ့အညီ သရဏဂုံတင်သံ အမျှပေးဝေသံတွေရော၊ ခရစ်ယာန်လို ဓမ္မတေးသံ ဆုတောင်းသံတွေပါ ပေါင်းဆက်စီးမျောနေတာ ကြားလိုက်ရ သိလိုက်ရပါတယ်။ ဒီလို ဘာသာကြီးနှစ်ခုရဲ့ မ္မတေးသံတွေ ပေါင်းဆက်စီးမျောနေတဲ့ ဈာပနတခုကို လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) လောက်က ဆရာဗန်းမော်တင်အောင်ရဲ့ဈာပနမှာ ကျနော်ကိုယ်တိုင် မြင်လိုက်ရ သိလိုက်ရ ကြုံလိုက်ရ လိုက်ပါပို့ဆောင်လိုက်ရ ဖူးပါတယ်။ ဒီတခါတော့- ဖထီးဖဒိုမန်းရှာရဲ့ ဈာပနမှာပေါ့။ လေလှိုင်းသံတွေကနေတဆင့် ကြားလိုက်ရ မြင်လိုက်ရ သိလိုက်ရပါတယ်။
ဈာပနကို ကိုယ်တိုင် လိုက်ပါပို့ဆောင်နိုင်ခြင်းမရှိခဲ့ပေမဲ့၊ ဖထီးအတွက် ရက်လည်ဆွမ်းသွတ် အမျှအတန်းပေးဝေမှုကိုတော့၊ အဝေးကနေ- ဂန္ဓာလ ရာဇ်ကျေးကနေ - ကနေ့မနက်မှာပဲ ကျနော်တို့တတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် - ဖထီးရေ - အမျှ အမျှ။ ။

(၀င်းတင့်ထွန်း) ၂၀၊ ၂၊ ၂၀၀၈

Read More...

Wednesday 20 February 2008

နွမ်းလျမိခင် ဂျာမဏီ

အို နွမ်းလျမိခင် ဂျာမဏီ
ပြည်သူတွေကြားမှာ အမေထိုင်နေတော့
အမေ့တကိုယ်လုံး ညစ်ပေနေလိုက်တာ
သွားပုပ်လေလွင့် အပြောခံရသူတွေအကြားမှာ
အမေဟာ ခေါင်းမော့ထားတယ်။

အမေ့ရဲ့ အဆင်းရဲဆုံးသားဟာ
အရိုက်ခံရလို့ လဲကျနေချိန်မှာ
ကျန်တဲ့သားတွေက
ဗိုက်ဆာနေတဲ့သူ့ကို
လက်မြှောက်ရွယ်ထားကြတယ်။
ဆိုးလှပါတယ်အမေရယ်။

သူတို့ဟာ အဲဒီလို လက်တွေမြှောက်
ကိုယ့်ညီလေးကို ရွယ်ထားပြီး
မထီတရီနဲ့ အမေ့ကို ၀ိုင်းပတ်လျှောက်ကြ
အမေ့မျက်နှာ တည့်တည့်ကြည့် ရီကြတယ်
ဒါ အားလုံးအသိပါ။

အမေ့အိမ်ထဲမှာ
မုသားတွေကျယ်ကျယ်လောင်လောင် ဟိန်းလို့
အမှန်တရားဟာ နှုတ်ဆိတ်နေရသတဲ့
အဲဒါ ဟုတ်သလားအမေ။

ဖိနှိပ်သူတွေက
အမေ့ကို နေရာတကာမှာ ချီးမွမ်းပြီး
အဖိနှိပ်ခံတွေကတော့
အမေ့ကို စွပ်စွဲနေကြတယ်။
လုယက်ခံရသူတွေက
အမေ့ကို လက်ညှိုးထိုးကြပြီး
လုယက်သူတွေကတော့
အမေ့အိမ်ထဲမှာ တည်ထောင်ထားတဲ့စနစ်ကို
ချီးမွမ်းနေကြတယ်။

အမေ့ အကောင်းဆုံးသားတွေရဲ့
သွေးတွေ စွန်းပေနေတဲ့
ခြုံလွှာရဲ့ အနားစွန်းကို
အမေ၀ှက်နေတာ
လူတိုင်းကမြင်ကြတယ်။

အမေ့အိမ်ထဲက ရန်ထောင်သံတွေ ကြားရတော့
လူတွေက ရယ်ကြတယ်၊
ဒါပေမဲ့ ဓားပြကပ်လာတဲ့အခါမှာ
အမေ ဓားလှမ်းဆွဲတာကို
ဘယ်သူမြင်လို့လဲ။

အိုအမေရယ်
အမေ့သားတွေက
အမေ့ကို ဆင်ပေးလိုက်တာ
လူကြားထဲမှာ
အထင်သေးစရာ
ထိတ်လန့်စရာကြီး ဖြစ်နေပါပေါ့လား။ ။

ဗားတော့ဗရက်
(အင်္ဂလိပ်လိုမှ ဘာသာပြန်သူ မောင်ချစ်ခင်)

Read More...

၁၉၄၂ ခုနှစ်၊ မေလ (၂၃) ရက်

ကောင်းကင်ထက်မှ၊ တိမ်ဖြူလွှလွှ
ပင့်သက်မလျက်၊ မရွေ့ မလျား
ကျောက်ချထား။

မင်းဝံရွှေတောင်၊ စေတီထောင်သောင်း
ခေါင်းလောင်းမမြည်၊ ကြေးစည်မတီး
အံ့သြတကြီး။

အင်းဝတံတား၊ သံမဏိသားဟာ
မားမားရပ်လျက်၊ မျက်မှောင်ကိုကြုတ်
လက်သီးဆုပ်။

ဧရာဝတီ၊ သည်နေ့တွင်ကား
ငါးမမြူး၊ ငှက်မပျံ
လှိုင်းတွေသာ မာန်ထနေ။

“ဤတိုင်းပြည်၊ ဤပြည်သူအတွက်
ဖက်ဆစ်စနစ်၊ ဖြိုပစ်ဖို့အတွက်
ကမ္ဘာစစ်ကြီး၊ ရပ်ပစ်ဖို့အတွက်
ငါ့အသက်ကို၊ ပေးဆက်ပါသည်
ဤတောင်ရိုး သက်သေထား
ဤတံတား တိုင်တည်ကာ
ဤမြစ်ကို သင်္ချိင်းပြုမယ်
ဆယ်သက်ဆယ်ပြန်ပဲ သေပါစေတော့။”

“ငါသေပြီးနောက်
မကောက်နဲ့ ငါ့အလောင်း
ငါ့အကြောင်းကိုသိချင်ရင
ငါ့ပြည်သူကိုသာမေး
ငါ့သွေးရဲ့ အရောင်ကိုသိချင်ရင်
အဲဒီ ဂျပန်တွေကိုသာ မေးပေတော့။
ဖက်ဆစ်နဲ့ ကွန်မြူနစ်
ဒီစစ်ကြီးမှာ
ဘယ်သူဟာ အောင်နိုင်သူလဲ
ငါမမီပေမယ့်၊ အဖြေကိုသိနေတယ်
နှုတ်ဆက်ခဲ့ပါတယ် ရဲဘော်တို့။”

ဖိုးသံ (လူထု)
(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဂျပန်ဖက်ဆစ်တော်လှန်ရေး မြေအောက်လုပ်ငန်းကို အကြောင်းပြုပြီး ဖက်ဆစ်ဂျပန်တို့က ဖမ်းဆီးညှဉ်းဆဲ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ စစ်ကိုင်းမှ ရဲဘော်သိန်းတန်ကို ဒီကဗျာနဲ့ ဂုဏ်ပြုအပ်ပါတယ်။)

Read More...

မုတ်သုန်လေနှင့် တော်လှန်ရေးအစဉ်အလာ

မုတ်သုန်ဤလေ
နွေကိုနန်းတင်၊ ဆောင်းကိုနှင်၏။
ရွက်ဟောင်းကိုနှင်၊ ရွက်သစ်ဆင်၏။
အစဉ်အလာ ထူးမြတ်စွ။

ဆောင်းကိုဖီဆန်၊ မုတ်သုန်ထန်စဉ်
တရံခါက၊ မတ် - တလ၌
ထကြွပုန်ကန်၊ တို့တော်လှန်သော်
ဂျပန်ဖက်ဆစ် ပြေးရခဲ့။

ခါတိုင်းလိုပင်
ပင်လက်ပံလည်း၊ မီးလျှံမီးတုတ်
ကိုင်ကာဆုပ်၍၊ မုတ်သုန်ရှေ့ က
အချက်ပြသည်၊ မတ်လ ခါတိုင်း ၀တ်မပျက်။

တောမီးကိုထမ်း၊ ရှမ်းတောင်တန်းလည်း
အောင်ဆန်း,ဗထူး၊ သတ္တိထူးကို
ချီးကျူးတင်စား၊ နေသည့်လားသို့
ရှေ့ ဖျား ရဲရဲ နီလျက်။

ထလော့ ကြွလော့ လှုံ့ဆော်ပြောသို့
ဥသြရဲဘော်၊ ခွန်းဆင့်ကြော်လျှင်
တော်လှန်ခဲ့ကြ၊ မတ် တလကို
မှန်းဆအားအင် ၀င်မိ၏ ။

ဥသြစစ်ချီ၊ သီလော့-သီလော့
ရိုးမမီးနီ၊ နီလော့-နီလော့
လက်ပံပွင့်နီ၊ နီလော့-နီလော့
မုတ်သုန်လေနီ၊ ချီလော့-ချီလော့

မတ်လ...မတ်လ...
သတိရ၍၊ သွေးကြွဆူလာ
စာဆိုငါသည်၊ ကဗျာတပုဒ်
ရေးသီထုတ်ခိုက်၊ မုတ်သုန်လေလျှင်
ငါ့ဆံပင်ကို၊ ဝှေ့ငင်လှုပ်ဆွ
ကြက်သီးထပြီ......
ထ - ထ - သူပုန် - အော်မိ၏။ ။

မောင်စွမ်းရည်
၂၇-၃-၆၄

Read More...

တော်လှန်ရေး

ချောမွေ့ ရှည်လျား၊ ၀ါးလုံးများကို
ဓားဖြင့် စိပ်ဖြာ၊ ခွဲလိုက်ရာတွင်
ဝါးမှာ ပျက်စီးခဲ့လေပြီ၊

ကြမ်းတမ်းရှည်လျား၊ ၀ါးခြမ်းများကို
ဓားဖြင့်ဖြတ်သတ်၊ ယက်ပါလတ်မူ
သပ်ရပ်လှစွာ၊ တောင်းဖြစ် လာလိမ့်
တောင်းမှာ ၀ါးထက်၊ တန်ဘိုးတက်၏
ဝါးတွက် နှမြော မရှိနှင့်။ ။

မောင်စွမ်းရည်
၂၉၊ ၁၁၊ ၁၉၆၁

Read More...

အောင်လံထူမယ့် စိတ်

သမိုင်းအုတ်တချပ်ဆင့်ဖို့
အသက်နဲ့တောင်ရင်းခဲ့ရ
ခံပြင်းတက်ခေါက်
စိတ်တွေလဲ မီးတောက်
ဒူးထောက်သူ ရင်ကော့သူ
လူအမျိုးမျိုးနဲ့ ကြုံ
သူပုန် တဖြစ်လဲ
အောင်ပွဲရဖို့ ရှေ့ ချီတက်
လက်တွဲစို့ရဲဘော်
အနာဂတ်ကိုမျှော်ကြမယ်။

ကိုယ်ကျိုးကို မြေမြှပ်
ကိုယ့်အထုတ် ကိုယ်မပိုက်
တိုက်ပွဲသာအသက်
တိုက်ရဲတာ လက်နက်
သွေးစက်စက်ကျပေစေ
အုတ်မြစ်ချ လူ့ဗိမာန်
အကျည်းမတန်စေရ။

လူမှန်ရင် သတ္တိရှိရမယ်
အသိစိတ်မြင့်မား
တရားကိုချစ်တတ်ရမယ်။
အမှားနွံမနစ်
တရားမွန်ချစ်တတ်မှ
လောကသစ် အုတ်တချပ်
အနာဂတ်အတွက်စီနိုင်မယ်။

အောင်လံထူဖို့
လွယ်ကူတဲ့အလုပ်မဟုတ်။

အချောင်ကံထလို့
အောင်လံမရနိုင်။

နောင်အမြဲလှစေဖို့
အောင်ပွဲအရချီတက်လော့။ ။

တင်မိုး
၂၈၊၀၁၊ ၂၀၀၅( သောကြာနေ့လယ်ခင်း)

Read More...

ကဗျာစာအုပ် (ကဗျာဆရာ ဗားတော့ဗရက်)

၁၉၇၀ - ဂျူလိုင်
ပထမအကြိမ်
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၁ိ
အဖုံးရိုက် - သိန်းသန်းဦး
ပုံနိုပ်သူ - ထုတ်ဝေသူ
မောင်ကျော်ညွှန့် (၀၁၀၀) ရွှေဟင်္သာပုံနှိပ်တိုက် ၉၂/၉၃ လမ်း၊ရန်ကုန်က တာဝန်ခံပုံနှိပ်၍ဦးလှမြင့် (နတ်နွယ်) (၀၉၁၇)။ နွယ်နီ (၃) လမ်း။ (က) ရပ်ကွက်။ ဥက္ကလာပ (မြောက်ပိုင်း) က တာဝန်ခံထုတ်ဝေသည်၊

မာတိကာ
တင်မိုးအမှာ
လူထုစာဆို ဗားတော့ဗရက် - - - - - - - - - - - -
၁။ အနာဂတ်အတွက် ကဗျာ - - - - - - - - - - -
၂။ မုန်တိုင်းတပ်သား၏ တေးသံ - - - - - - - - - - - -
၃။ ယမမင်းကြီးကို သပိတ်မှောက်ခြင်း - - - - - - - - - -
၎။ အကုန်လုံး လွတ်ရင်လွတ် အကုန်လုံးငတ်ရင်ငတ် - - - -
၅။ စစ်သားမိန်းမ ဘာတွေရသလဲ - - - - - - - - - - -
၆။ ဆူပူလှုံ့ဆော်ရေးသမားရဲ့ ဈာပန - - - - - - - - - -
၇။ အလုပ်သမားတစ်ဦး သမိုင်းဘာသာရပ် လေ့လာခြင်း - -
၈။ အ၀တ်ကလေးတစနဲ့ပေါင်မုန့်ကလေးတဖဲ့ - - - - - - -
၉။ အဆီယစ်နေသူများ - - - - - - - - - - - - - - -
၁၀။ စာတတ်အောင်သင် - - - - - - - - - - - - - - -
၁၁။ ခရစ်သက္ကရာဇ် ၁၅၉၂ ခုနှစ်က သားချော့သီချင်း - - - - -
၁၂။ ကလေးတွေ အမေပျောက်စဉ်က - - - - - - - - - -

မြန်မာကဗျာလောကတွင် ဘာသာပြန်ကဗျာစာအုပ်ဟူ၍ ထုပ်ထုပ်ပိုက်ပိုက်ပြုစရာ အနည်းငယ်သာ ရှိပါသည်။ တင်မောင်အေးက ဂျာမန်စာဆို ဗား တော့ဗရက်၏ ကဗျာအသီးအနှံများကို မြန်မာကဗျာကျီတိုက်ထဲသို့ သွင်းနှံလောင်းဖြည့်သောအခါ ၀မ်းမြောက် ဖွယ်ကောင်းမှုတရပ်ပင် ဖြစ်ပါပေသည်။
တင်မောင်အေး၏ ဘာသာပြန်လက်ရာသည် ကောင်း၏၊ သို့မဟုတ် မကောင်း၏ဟူ၍ ဝေဖန္တိကပြုရန်ကျနော်မစွမ်းပါ။ သို့ရာတွင် တင်မောင်အေး သည် ကဗျာဘာသာပြန်ရာတွင် လက်စိမ်းတစ်ယောက် မဟုတ်ပါဟူ၍ကား ပြောနိုင်ပါသည်။ သူသည် ဒေါက်တာအက်ပတ် စုဆောင်းပုံနှိပ်အပ်သော ဂျာမန်မြန်မာ ကဗျာစာအုပ်တွင် ဂျာမန်ကဗျာစာစုကို မြန်မာဘာသာပြန်ဆိုခဲ့သူ လူငယ်တစ်ဦးပင် ဖြစ်ပါသည်။
ကျနော်တို့မြန်မာကဗျာ ပရိသတ်သည်အများအားဖြင့် အင်္ဂလိပ်နှင့်အိန္ဒိယတို့မှလာသော ကဗျာအငွေ့အသက်များကို နမ်းရှိုက်လေ့ရှိပါသည် (၀ါ) နမ်း ရှိုက်ခွင့်ရလေ့ရှိပါသည်။ အခြားမျိုးတူရေခြား နိုင်ငံများမှကဗျာတို့နှင့်အထိအတွေ့ အလွန်နည်းပါသည်။ တင်မောင်အေးသည် မြန်မာကဗျာနှင့် ဂျာမန်ကဗျာအကြား ပေါင်းကူးတံတား ထိုးလိုက်ပါသည်။
ဗားတော့ဗရက်၏ ကဗျာများကိဖတ်ကြည့်ရသောအခါ စစ်မောင်းသံကိုကြားလိုက်ရဘိသကဲ့သို့ ကြက်သီးမွေးညှင်းထလာပါသည်။ ဆံပင်မွေးထောင် လာပါသည်။ ကဗျာများ၏အသံမှာ ဟိန်းလှပါသည်။ ကဗျာတေးသံမှ ဟုတ်ကဲ့လား။ ကျည်ဆံတွေများလား။ ဤသို့ခံစားမိပါသည်။ ကျနော်သာ နာဇီဖက်ဆစ် ဖြစ် ပါသမင့်၊ ဤနေရာတွင်ပင် ပွဲချင်းပြီး ကျဆုံးဖွယ် ရှိပါသည်။ ဤကဗျာများသည် ကဗျာများမဟုတ်။ လူများပါပေတကား။ ပြည်သူသိန်းသန်း ပါပေတကား။ ဤသို့ မှတ် ချက်ချ မိပါတော့သည်။
ဗားတော့ဗရက်၏ ကဗျာများကိုဖတ်မိတော့မှ တင်မောင်အေး ဘာ့ကြောင့်သည်ကဗျာတွေကို ပြန်ချင်ကြောင်း နားလည်လာရသည်။ ဆိုရှယ်လစ်နိုင်ငံ တကာတည်ဆောက်ရာတွင် ဤကဗျာများသည် မည်မျှအဖိုးတန်ကြောင်း သဘောပေါက်လာရသည်။ ဤကဗျာများသည် ဆိုရှယ်လစ်စိတ်ဓာတ်ကို ပုံသွန်းသော ဗိသုကာဖြစ်မည် မလွဲတည်း။
ဤမျှထက်ပှို ကဗျာအကြောင်း မပြောလိုပါ။ ကဗျာများကိုဖတ်လိုက်မိလျှင် ဖတ်သူ၏ နှလုံးစိတ်ဝမ်းထဲ၌ ဤကဗျာများ အသက်ရှင်လှုပ်ရှားနေတော့ မည်ဖြစ်ရာ ကျနော်ကနှမ်းဖြူးနေဖွယ် မလိုပါ။ ကဗျာများကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါဟု တိုက်တွန်းနှိုး ဆော်ရုံသာ ရှိပါသည်။
တင်မောင်အေးသည် စိတ်အားထက်သန်လှသော၊ အကျိုးများမည့်စွန့်စားမှုကို ခုံမင်လှသော၊ ကဗျာကိုအလွန်ချစ်တတ်သော လူငယ်တစ်ဦးဖြစ်ရာ နောက်ထပ်၍ကျနော်တို့က မတိုက်တွန်းစေကာမူ သူကတော့ဆက်လက်ကြိုးစား ထုတ်ဝေဦးမည်မှာ ယုံမှားဖွယ်မလိုပါ။ “ကျနော်တို့လူငယ်တွေဟာ ကျနော်တို့ ကိုယ်ကျိုး ကိုယ့်စီးပွားသက်သက်အတွက် အသက်ရှင်နေရမယ်ဆိုရင် ဘယ်မှာအသက်ရဲ့တန်ဖိုး ရှိတော့မလဲဗျ” ဟူ၍ တတွတ်တွတ်ဂါထာ ရွတ်လေ့ရှိသူ တင်မောင်အေးက ဗားတော့ဗရက်၏ကဗျာများကိုမှရွေး၍ ထုတ်ဝေလိုက်သည်မှာ ချီးကျူးရန်မှတပါး အံ့သြရန်မရှိပေ။ လုပ်သင့်လုပ်ထိုက်သော ကောင်းမှုတရပ်ကို ပြုခြင်းမျှသာ ဖြစ်ပေသည်တကား။

တင်မိုး
၁၇-၇-၇၀

လူထုစာဆို ဗားတော့ဗရက်

၁၉၂၀ ခုနှစ်နဲ့ ၁၉၃၀ ခုနှစ်အကြားကဥရောပတိုက်မှာ စိတ္တဗေဒကိုနက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ကြတယ်။ အဲဒီအခါစိတ္တဇရှုထောင့် အနုပညာဆရာ တွေ ထွန်းကားလာကြတယ်။ ကိုယ်ခံစားရသလိုရေးတဲ့ ကဗျာဆရာတွေဆိုပြီး လူ့လောကဖြစ်ရပ်တွေကို ကိုယ့်တဦးတည်းခံစားချက်နဲ့ မှတ်တမ်းတင်တယ်။ အဲဒီ ခေတ် ပြင်သစ်ပညာရှင်တွေရဲ့ ဝေဖန်နည်းဖြစ်တဲ့ လူမှုရေးပြဿနာမှာ လူထုရှုထောင့်ကမကြည့်ဘဲ ပညာရှင်အုပ်စုဝင်တဦးရဲ့ ရှုထောင့်ကသာ သီးခြားတဦး တည်း (တသီးပုဂ္ဂလ၀ါဒ) အမြင်နဲ့ ငါးပွက်ရာငါးစာချ ပြစ်တင်မှု ပြုတယ်။ ရေတို ဝေဖန်မှုပြုတယ်။ ခြုံငုံတဲ့ နိုင်ငံရေးအဘိဓမ္မာတရပ်ရဲ့ ဦးဆောင်မှုကို မခံယူခဲ့ဘူး။ နောက်ဆုံးတော့ မင်းမဲ့ဝါဒဆံဆံ ငါတကောကော စိတ်ပျက် တဲ့လေသံတွေပဲ ထွက်လာကြတော့တယ်။ နိုင်ငံရေး မဆန်ဘူးလေ။
ဂျာမန်စာပေလောကရဲ့ ဘုရားတဆူဖြစ်တဲ့စာဆိုကြီး ဗားတော့ဗရက်ကတော့ တသီးပုဂ္ဂလ၀ါဒကို ဆန့်ကျင်ပြီး လူထုခံစားမှုဘက်က ကျယ်ပြန့်စွာ တိုင်းတာရှုမြင်ပါတယ်။ ပုံစံအားဖြင့်လည်း လူထုကအသိအမှတ်ပြုပြီးလို့ လူထုထဲတိုးဝင်နိုင်တဲ့ ဂီတဆန်တဲ့ကဗျာပုံစံများနဲ့ စပ်ဆိုခဲ့တယ်။ ဗားတော့ဗရက်ဟာ ဟောဒီခေတ်ရဲ့ တဦးတည်းသော လူထုရှုထောင့်ကဗျာဆရာ၊ ပုံစံအရရော အကြောင်းအရာမှာပါ လူထုနဲ့အတူ အစဉ်ရပ်တည်တဲ့ ကဗျာဆရာ၊ တဦးတည်းသော နိုင်ငံရေးကဗျာဆရာရယ်လို့ ဆိုလိုက်ချင်ပါတယ်။
ထင်သလို လွတ်လွတ်လပ်လပ် ကူးသန်းရောင်းဝယ်ရေးဆိုတဲ့ လာဇေဖဲယား ဆိုတဲ့မူဟာ လူတွေကိုဒုက္ခ ရောက်စေခဲ့ပြီမို့ ကမ္ဘာ့စီးပွားရေးလောကမှာ တယောက်ထဲရှုထောင့်က ရပ်တည်လုပ်ဆောင်ခွင့် မပြုတော့ဘဲ အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ စီမံကိန်းအသွင်အမျိုးမျိုး ဖော်ထုတ်နေကြတဲ့ မျက်မှောက်ခေတ်မှာ ယဉ်ကျေးမှုဆိုင်ရာ အခန်းကဏ္ဍမှာလည်းပဲ တဦးတည်းရဲ့ အနေအထားဟာ ဘောင်ကျဉ်းသထက် ကျဉ်းကျဉ်းလာပြီ။ ဗားတော့ဗရက်ဟာ ယဉ်ကျေးမှု တော်လှန်ရေးရဲ့ ခေါင်းဆောင် စာဆိုကြီးတယောက် ဖြစ်ပါတယ်။
ဗရက်ခေတ် ဂျာမဏီဟာစစ်ရှုံးနိုင်ငံမို့လို့ အဖြစ်အပျက်ကို စိတ်ကူးယဉ်မကြည့်နိုင်ဘဲ ပကတိအခြေအနေ၊ စိတ်မှအခြားဖြစ်သော အခြေအနေတွေ အတိုင်း ရုပ်ပိုင်းကျကျကြည့်ပါတယ်။ ဗရက်ရဲ့ ပထမဆုံးကဗျာစာအုပ်ထဲမှာ အဲဒီသဘာဝကို ဇာစ်မြစ်ထဲအတွင်း နှိုက်ဝေဖန်ရေးနဲ့ တွဲစပ်တင်ပြရှုမြင်ခဲ့တယ်။ ဗရက် ကိုယ်တိုင်ကလည်း ပထမကမ္ဘာစစ်မှာဝင်တိုက်ခဲ့တဲ့ စစ်သားဟောင်းကြီးမို့ စစ်ရဲ့ကြေကွဲစရာကောင်းအောင် လောကကိုဖျက်ဆီးတက်တာ နားလည်ခဲ့တယ်။ အ ကြင်နာတရားလွှမ်းမိုးမယ့် အနာဂတ်ကမ္ဘာကို မျှော်လင့်ထားတယ်။ ဒါပေမဲ့ အဲဒီအနိဌာရုံတရားတွေရဲ့ လက်သည်ဟာမမြင်တွေ့ရမဲ့ ကံတရားကြောင့်၊ တန်ခိုးရှင် ကြီးတွေကြောင့်လို့ အဖြေမထုတ်ဘူး။ ရုပ်ပိုင်းကျကျ အဖြေရှာတယ်။ လူထုဖက်က လူထုခံစားမှုနဲ့ တိုင်းတာပြီး အဖြေထုတ်တယ်။
ဗရက်ခေတ် ဂျာမဏီမှာ အခြေခံလူတန်းစားတွေအတွက် အခွင့်အရေးအပြည့်ပေးမယ့် ဆိုရှယ်လစ်တော်လှန်ရေးလှိုင်းတံပိုး ဟာပထမပိုင်းမှာ အလွန် ပဲအားကောင်းခဲ့တယ်။ တဖြည်းဖြည်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ယိုယွင်းလာပြီး အချောင်သမားတွေ နေရာတကာမှာအခွင့်ထူးရပြီး ဇိမ်ခံနိုင်ကြတယ်။ ငွေစက္ကူ ၀ယ်အားတန်ဖိုး လျော့လာတယ်။ စီးပွားရေးကြပ်တည်း လာတယ်။ လူထုကြီးရဲ့ ဆင်းရဲခံနေရတာနဲ့ လူတစုဇိမ်ခံရတာ သိသိသာသာ ခြားနားလာတယ်။ အပေါ်စီး သမားတွေက အခြေအနေမှန်ကို မခံစားတက်ပေမဲ့ ဗရက်အနေနဲ့တော့ လူထုအများစုဟာ ငရဲဘုံထဲမှာလိုပဲ စားဝတ်နေရေး ဒုက္ခပင်လယ်ဝေတာ တွေ့မြင်ခဲ့ပါ တယ်။ တော်လှန်ရေးအသွင်ကနေပြီး အခြေအနေကြပ်တည်းရှုပ်ထွေးမှုကို အခွင့်ကောင်းယူ အမြတ်ထုတ်လိုသူတို့ကြောင့် တန်ပြန်တော်လှန်ရေးအန္တရာယ်တွေက အနိုင်ရနေတဲ့ အခြေအနေဖြစ်ပါတယ်။
တိုင်းပြည်ရဲ့အခြေအနေဆိုးတွေဟာ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဆိုက်တာနဲ့ ကြုံကြိုက်လို့ ပိုဆိုးဝါးလာပြီး ဘာလုပ်ရမလဲတွေးကြတော့ စိတ်ပိုင်းဆိုင်ရာ အဖြေထုတ်ခြင်းတမျိုးဖြစ်တဲ့ ရုပ်အခြေအနေတို့မှ ကင်းလွတ်သောစိတ်ကူးယဉ် ဖက်ဆစ်ဝါဒအခြေခံတဲ့ စိတ်ကူးယဉ်လူ့ဘောင်ကြီးကို တည်ဆောက်ဖို့ကြိုးပမ်းသူ တို့က အရေးသာကြပါတယ်။ အခြေခံအကျဆုံးကြည့်တဲ့ ဗရက်တို့အုပ်စုကတော့ ပြဿနာတွေဟာ အရင်းရှင်စီးပွားရေး ဆက်ဆံမှုကြောင့်သာ ဖြစ်ကြောင်းတွေ့ရှိ လေတော့ နိုင်ငံတော်ရဲ့ယန္တရားကို တော်လှန်ပြောင်းလဲပစ်ရမယ်လို့ နားလည်သဘောပေါက်လာတယ်။ ဗရက်ဟာ နိုင်ငံရေးအယူအဆနဲ့ ခေတ်ကိုလှပထက်မြက် အောင် ပေါင်းစပ်ရေးမှာ အစွမ်းကုန် အားထုတ်ခဲ့ပါတော့တယ်။
ဒီအချိန်တုန်းက ဂျာမဏီပြည်ရဲ့ အလုပ်သမားတွေဟာ နိုင်ငံရေးအရရော ယဉ်ကျေးမှုအရပါ ဥရောပတိုက်မှာ အတက်ကြွဆုံးပါပဲ။ လက်ဝဲအင်အားစု ဟာ စည်းရုံးရေးအရှိန်အဟုန်ကောင်းလှတာမို့ အနုပညာရှင်များစွာပဲ အလုပ်သမားလူတန်းစားဘ၀ကို ခံယူကာတသီးပုဂ္ဂလဥာဉ်တွေကို စွန့်ပယ်ကြပါတယ်။ ဗရက် ကတော့ အဲဒီကစပြီးသေတဲ့တိုင် ဒီအနေအထားမှာရှိတယ်။ လူထုလှုပ်ရှားမှုနဲ့ ကင်းလွတ်တဲ့စာပေက၀ိကြီးဘ၀ကို ဆန့်ကျင်တယ်။ အဲဒီလိုစာဆိုကြီးမျိုးတွေက အနုပညာနဲ့ စိတ်ကွန့်မြူးရုံပဲလုပ်မယ်။ လုပ်ငန်းးရဲ့ယူဆချက်တွေမှာ ထိန်းချုပ်ခြုံငုံတဲ့ သဘောတရားတွေမရှာပဲ ငါးပွက်ရာငါးစာချပြီး လုပ်ဆောင်ယူဆတယ်။ အမြင့်ဆုံးအဆင့်မှာ ဘာသာရေးယုံကြည်ချက်ဆန်ဆန် ကိုယ်လွတ်ရုန်း အပေါ်ယံလူတန်းစားတွေရဲ့ အမြင်နဲ့သုံးသပ်တယ်။ ဗရက်ကတော့ မာက်စ်ဝါဒကို လက်ခံ လိုက်ပြီး ဘာလုပ်မယ်၊ ဘယ်လိုတိုင်းတာ ဆုံးဖြတ်မယ်လို့ တိတိကျကျသုံးသပ်တယ်။ အစိုးရကပြဌာန်းတဲ့ ကျောင်းစာအုပ်တွေ၊ သင်ရိုးညွှန်း တန်းတွေအတိုင်း သင်တယ်။ တပည့်တွေစိတ်ဝင်စားအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆွဲဆောင်သလိုပဲ လူထုလက်ခံပြီး ကဗျာဖွဲ့နည်း၊ ကဗျာတင်ပြနည်းတွေနဲ့ တော်လှန်ရေးခရီးကို ညွှန်ပြပါတယ်။
အပိုစုလစ်မွမ်းချွန်တွေကို ဗိသုကာပညာကလည်း ပစ်ပယ်ပြီးလိုအပ်တဲ့ လျော်ညီတဲ့အဆောက်အဦတွေ ဆောက်တဲ့ခေတ်လေ။ ပန်းပုဆရာတွေက လဲ ဒီလိုပဲ။ ဂျာမန်ဂီတဆရာတွေကလည်း လူစုလူဝေးနဲ့ သံပြိုင်သီဆိုစရာ သီချင်းတွေရေးတယ်။ ပန်းချီဆရာတွေကလည်း လူလက်ခံပြီးနည်းတွေနဲ့ ခံစားမှုကို သိပ်သိပ်သည်းသည်း ကျစ်ကျစ်လစ်လစ် ဖော်ထုတ်စမ်းသပ်တယ်။
ဗရက်ဟာဗဲလက်ခေါ်တဲ့ ကျေးလက်ကဗျာနဲ့ဇာတ်နိပါတ်ခင်းသလို ပြောပြလို့လူတိုင်းမြင်လွယ်တယ်။ ဂျာမန်ကဗျာတွေ ကိုယ်၌ကလည်း ဂီတကိုသီ ကျူးနိုင်တဲ့ကဗျာတွေမို့ ရိုးရာကဗျာဖွဲ့နည်း ပုံစံဘောင်အတွင်းက ဗရက်လည်းကဗျာဖွဲ့တယ်။ လူထုတွေဝိုင်းဆိုနိုင်တဲ့ တိုက်ပွဲကဗျာတွေ၊ စစ်ချီကဗျာတွေ၊ သရော်စာ ကဗျာတွေ ဖြစ်ပါ တယ်။
တခြားကဗျာဆရာတွေလိုတော့ စကားလုံးအပိုတွေမသုံးချင်ဘူး။ စိတ်ခံစားမှုလွန်ကဲတာ ရှောင်တယ်။ နိမိတ်ပုံတွေကိုအကန့် အသတ်နဲ့သုံးပြီး ဇာတ် ခုံပေါ်မှာတကွက်ချင်း တကွက်ချင်းတင်ပြသလို ထိထိမိမိပုံဖော်တယ်။ အသေးစိတ်ကလေးတွေကိုတော့ သတင်းဆောင်းပါးမှာလိုပဲ စီကာစဉ်ကာ ထည့်သွင်းဖော်ပြ တတ်လို့ အင်မတန်ပီသတဲ့ သရော်စာကဗျာတွေ ဖြစ်လာပါတော့တယ်။
ဗရက်ဟာသူလက်ခံတဲ့ ၀ါဒရှုထောင့်ဘက်ကနေ ထမင်းမရှိဘဲစစ်မတိုက်နိုင်ဘူး ဆိုတာမျိုးတို့၊ ထန်ပြင်းလှတဲ့စစ်မြေပြင်ခရီးရဲ့ အလယ်မှာချစ်မေတ္တာ စိတ်ဓာတ်ဟာ မပွင့်လန်းနိုင်ဘူးတို့၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေပေးသလောက်သာ စိတ်ဓာတ်ရဲ့ပျော့ပျောင်းခြင်း၊ ခက်ထန်ခြင်း စတဲ့အပြောင်းအလဲတွေ ဖြစ်လာ ရတယ်တို့၊ လူတန်းစား အနေအထားချင်းမတူပဲ ၀ါဒလမ်းစဉ်တရပ်ကို အတူမဖော်ဆောင်နိုင်ဘူးတို့ အစရှိတဲ့ သဘောတရားတွေကိုထူထောင်ကာ ဟစ်တလာရဲ့ အပေါ်စီးစိတ်ထားနဲ့ အတွင်းနှိုက်သုံးသပ်လိုတဲ့ ခံစားနေရတဲ့လူထုတွေရဲ့ မလွှဲမသွေပဋိပက္ခဖြစ်တော့မယ့် အကြောင်းတွေတင်ပြခြင်းလည်း ဖြစ်ပါတယ်။ လုပ်သား လူတန်းစားကို လုံးဝယုံကြည် အားကိုးတယ်။ ဒါပေမယ့် တင်ပြပုံက နည်းပရိယာယ်ကြွယ်ဝပြီး စိတ်ဝင်စားစရာကောင်းတယ်။
ဗရက်ဟာသူ့ရဲ့ ဗဲလက်ကဗျာတွေကို ဂီတာနဲ့တီးလို့ရအောင် သီကုံးခဲ့တယ်။ အိုက်စလာဆိုတဲ့ ဂီတပညာရှင်နဲ့တွဲပြီး လိုင်းရစ်ခေါ်တဲ့ကဗျာမျိုးကို ဇာတ်သဘင်နဲ့ရုပ်ရှင်မှာ ထည့်သုံးဖို့ဆောင်ရွက်ခဲ့တယ်။ ဗရက်ရဲ့ အလုပ်သမားလှုပ်ရှားမှုနဲ့ပတ်သတ်တဲ့ ကဗျာတွေကို အိုက်စလာကဂီတသံသွင်းပြီး အပြည်ပြည် ကို ဖြန့်ချိအောင်မြင်ခဲ့တယ်။ ဂျာမဏီပြည်၊ ရုရှားပြည်၊ အမေရိကန်ပြည်နဲ့ ပြည်တွင်းစစ်ကာလ စပိန်ပြည်တို့မှာ အလုပ်သမားချီတက်ပွဲတွေလုပ်တော့ အဲဒီ သီချင်းတွေဆိုကြတယ်။ ကဗျာဟာလူတစုသာ နားလည်တဲ့အဆင့်ကနေ လူထုအသုံးတော်ခံဘ၀ ရောက်ခဲ့ပါတယ်။ စိတ္တဇဆန်တဲ့ တသီးပုဂ္ဂလ၀ါဒကဗျာတွေ လွှမ်းမိုးနေတဲ့ ကာလဒေသတွေဖြစ်ပေမယ့် ဗရက်ဟာ ထိုးဖောက်ကျော်ကြားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
စာပိုဒ်ခွဲရာမှာသံမှန်ကျူးသီနေရာက ဖြတ်လိုက်နားလိုက်နဲ့မညီမညာဖော်ပြကာ သူလိုချင်တဲ့အာနိသင်တွေ သက်ဝင်စေခဲ့တာကို ဘာသာပြန်ရာမှာလဲ အဲလိုပဲဖြစ်နေအောင် ကြိုးစားထားလိုက်ပါတယ်။ ဒီစပ်နည်းကြောင့် ကာရန်မဲ့ကဗျာဟာ လှပကြွယ်ဝလာပြီး သာမန်ကဗျာလောက် နားယဉ်ရမခက်ခြင်း၊ စကားပြေ ထက်လဲ ပိုမိုထိရောက်ခြင်း အကျိုးများရခဲ့ပါတယ်။
နာဇီဝါဒက လက်ဝဲအင်အားစုကို ချေမှုန်းဖြိုခွဲလိုက်တဲ့အခါမှာ ဗရက်ဟာ နာဇီဝါဒဆန့်ကျင်ရေးကဗျာကို ထက်မြက်စူးရှစွာ ပြုစုပါတော့တယ်။ ဟစ်တ လာတက်စကတည်းက တပြည်မှတပြည်ရောက် ပြည်နှင်ဒဏ်အပေးခံခဲ့ရပါတယ်။ သူ့ကဗျာတွေကိုဂျာမဏီအတွင်း တော်လှန်ရေးရဲ့အသံလို့ မှတ်ယူကြပါတယ်။ သူဟာဟစ်တလာရဲ့ တတိယဂျာမဏီနိုင်ငံတော်ကြီး (သဒ်ရိုက်) ကိုသရော်ရေးသားခဲ့ပါတယ်။ အဝေးရောက်ဂျာမန်အမျိုးသားတို့ရဲ့ စာစောင်များကတဆင့်ဖြစ်စေ၊ အသံလွှင့်ရုံကတဆင့်ဖြစ်စေ ဒီကဗျာတွေကို ဖြန့်ဖြူးခဲ့တယ်။ ပထမကမ္ဘာစစ်ကြီး ပြီးစကရေးခဲ့တဲ့ စစ်ဆန့်ကျင်ရေး သရော်စာကဗျာတွေကအစ နောက်ဆုံး ဖက် ဆစ်ဝါဒရဲ့ ကြောင်သူတော်အရေခွံကို တလွှာချင်းခွာပြတဲ့ အထက်မြက်ဆုံးကဗျာတွေအထိ အားလုံးပဲဂျာမန်အတွင်း တော်လှန်ရေးရဲ့ အသံလဲဖြစ်ပါတယ်။ ချွတ် ခြုံကျနေတဲ့ ဂျာမန်ယဉ်ကျေးမှု အတွေးအခေါ်ပိုင်းကို ပြင်ဆင်ဖို့အားထုတ်ခြင်းလည်း ဖြစ်ပါတယ်။
ဂျာမန်လူမျိုး အနေနဲ့ဖြစ်စေ၊ ဂျာမန်ယဉ်ကျေးမှုကို ပြန်လည်ထူထောင်ရေးမှာဖြစ်စေ ပြောင်မြောက်ထိ ရောက်ခဲ့သလိုပဲ နိုင်ငံတကာအတွက်လည်း ဗရက်ရဲ့ကဗျာတွေဟာ တန်ဖိုးရှိလှပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ အနိဌာရုံတွေကိုလည်း ခံစားပြီးပြီ။ ကမ္ဘာဖျက်လက်နက်ကြီးတွေကလည်း လူသားတချို့လက် ထဲမှာဆုပ်ကိုင်လျက်သားရှိနေတာမို့ လူမှုရေးနဲ့နိုင်ငံရေးအဆောက်အအုံကို မျက်ခြည်ပြတ်ဖြစ်သလိုထားလို့မဖြစ်တော့ဘူး။ မျက်မှောက်ခေတ်ကို အမွှေနှောက်ဆုံး အရေးကြီးဆုံးပြဿနာတွေကို ဗရက်ဟာကဗျာနဲ့ ပြေပြစ်ရှင်းလင်းအောင် ဆွေးနွေးတင်ပြထားပါတယ်။ သူဟာလူထုစာဆိုတဦးအဖြစ်နဲ့ ကဗျာသစ်တွေဖန်တီး ပေးသူ ဖြစ်ပါတယ်ခင်ဗျား။

အိပ်ခ်ျအာဟေးစ်
(အင်္ဂလိပ်ဘာသာပြန်စာအုပ်နိဒါန်းမှ)
(အိပ်ခ်ျအာဟေးစ်၏ အင်္ဂလိပ်ဘာသာပြန်ကိုမှီး၍ ဂျာမန်ဘာသာမှ တိုက်ရိုက်ပြန်ဆိုသည်။)

၁။ အနာဂတ်အတွက်ကဗျာ

(၁)
တကယ်တော့ ငါ့ခေတ်ဟာ အမှောင်ခေတ်ကြီးပါ
ရိုးရိုးမှန်မှန်ပြောလို့ မဖြစ်ဖူး၊ မျက်မှောင်မကြုတ်တဲ့ခဲ့
လူဟာ ခေတ်ရဲ့ဒုက္ခတွေကို မခံစားတတ်လို့ပဲ
ရီမောနေတဲ့လူဟာလဲ ကြောက်စရာကောင်းတဲ့
ခေတ်ရေစီးရဲ့ ၀ါးမျိုမလိုတက်လာတဲ့ အသံကို
မကြားသေးသူသာဘဲ ဖြစ်တယ်။

ကွယ် … ၊ ဘယ်လိုခေတ်ဆိုးကြီးပါလိမ့်
သစ်ပင်တွေရဲ့ သဘာဝအလှအကြောင်း
စကားပြောတယ်ဆိုတာ
လူ့လောကကြီးကို လျစ်လျူပြုရက်စက်ရာ
ရောက်ပါတယ်။

မတရားတဲ့အဖြစ်သနစ်တွေကို နှုတ်ပိတ်ရေငုံနေခြင်းလည်း
ဖြစ်ပါတယ်။

လမ်းကိုဖြတ်သွားတဲ့အခါ အေးအေးဆေးဆေး
လမ်းလျှောက်သူဟာ
ဒုက္ခရောက်နေတဲ့ မိတ်ဆွေတွေနဲ့ ကင်းကွာနေတဲ့သူပဲ
ဖြစ်တယ်။

ငါ့အနေနဲ့တော့ အလုပ်လက်ရှိ စားနိုင်သောက်နိုင်
မှန်ပါတယ်
သို့ပေမဲ့ဒါက ကံကောင်းလို့ကွ၊ ငါတကယ်ပြောတာ
ငါကြားရသလောက်ဟာ ငါလုပ်တာနဲ့ တန်ကိုမတန်ဘူး။
ကံအကြောင်းတရားပဲ (ကံဆိုးတဲ့ အလှည့်မှာတော့ ငါလည်းငတ်မှာပဲ)။

ငါပညာရှိတဦး ဖြစ်ချင်ပါတယ်
ကျမ်းဂန်ဟောင်းကြီးတွေက ပညာရှိခြင်းဟူသည်မှာ
ဒီလိုဆိုတယ်
ပင်ပင်ပန်းပန်း ဘယ်တော့မှမလုပ်နဲ့၊ ရှောင်နေ၊
အေးအေးဆေးဆေးနေ
ဘယ်သူ့ကိုမှ ကြောက်စရာ အကောင်ကြီးလို့
ထည့်မတွေးနဲ့
အကြမ်းဖက်မှု မပြုနဲ့
သူကဆိုးပေမယ့်၊ မှားပေမယ့် ကိုယ်ကကောင်းတာ
မှန်တာနဲ့ တုံ့ပြန်
စိတ်အလိုဆန္ဒကို ချုပ်တည်းပါ၊ မေ့ထားစမ်းပါ
ပညာအကြောင်းပဲ အာရုံစူးစိုက်ပါ
ငါ ဒါတွေ တခုမှ မလုပ်နိုင်ဘူး
တကယ်တော့ ငါဟာ အမှောင်ခေတ်ကြီးထဲမှာ
နေရတာကိုး။ ။

(၂)
ကစဥ့်ကရဲ ခေတ်ပျက်ထဲမှာမြို့တော်ကြီးကို
ငါရောက်လာတယ်
လူတွေ အကုန်၊ အငတ်ငတ် အပြတ်ပြတ်
ဖြစ်နေကြတယ်
လူတွေ ဆူပူအုံကြွတော့ ငါ လူအုပ်ကြီးနဲ့
ရောပါသွားတယ်
ငါလဲ သူတို့နဲ့အတူ ဆူပူတော်လှန်တာပဲ
ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တာကိုး။

ထမင်းစားလည်း ဘေးပတ်လည်မှာ အလောင်းတွေ
ပြန့်ပြန့်ကြဲလို့
အိပ်နေရင်လည်း အိပ်မက်ထဲမှာ သတ်တာဖြတ်တာတွေပဲ
မြင်တယ်
ချစ်သူနဲ့ချစ်တဲ့အခါလည်း ဥပေက္ခာစိတ်နဲ့ တ၀က်ပဲ
ချစ်နိုင်ခဲ့တယ်
သဘာဝလောကကြီးတခုလုံးကို ငါ စိတ်တိုနေမိတယ်
ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
ငါတို့လုပ်နိုင်တာ ဒါပဲ ရှိတော့တာကိုး။

ငါတို့ခေတ်မှာ ဘယ်လမ်းကို ဆုံးအောင်လိုက်လိုက်
နွံဗွက်အိုင်ကြီးတွေက ပိတ်ဆီးပြီး ရောက်လာသူကို
မျိုပစ်နေတာပဲ
စကားပြောရင်လည်း အသတ်ခံရမှာ ကြောက်နေရတယ်
ငါ မဖြစ်စလောက်ပဲ လုပ်နိုင်တတ်နိုင်တယ်
ဒါပေမယ့် ငါမရှိခဲ့ရင်
ငါတို့ခေတ်အစိုးရဟာ ခုလောက် ပြုတ်အကျ မြန်မှာ
မဟုတ်ဖူး
ငါကတော့ ပြုတ်ကျစေမယ့် ရည်မှန်းချက်နဲ့
လုပ်ခဲ့ပါတယ်
ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တာကိုး။

လူဆိုတာ အားပျော့ပါတယ်
ပန်းတိုင်က ဟိုး … အဝေးကြီးမှာ ရှိတယ်လေ
မြင်သာပေမယ့် ငါတို့အဖို့ရောက်အောင်သွားဖို့
ခက်လှပါတော့တယ်
ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
ငါတို့လုပ်နိုင်တာ ဒါပဲရှိတော့တာကိုး။ ။

(၃)
မင်းတို့ကတော့ လွတ်ပြီလေ၊ ကျွတ်ပြီလေ
ဒို့ကို ဖုံးလွှမ်းနှစ်မြှုပ်ခဲ့တဲ့
ဥဒကတောဝါကနေပြီး မင်းတို့ လွတ်လာပြီပေါ့
မင်းတွေးကြည့်လေ
ဒို့ ပျော့ညံ့ မှားယွင်း ချို့တဲ့ အားနည်းတဲ့
အကြောင်းရယ်
အဲဒီလိုဖြစ်စေခဲ့တဲ့ မှောင်ကျနေတဲ့
ဒို့ခေတ်ကြီး အကြောင်းရယ်
မင်းပြောတဲ့အခါတိုင်း ဒို့ဟာ ဖိနပ်သစ်တွေ အလဲလဲ
စီးဖို့ထက်
တိုင်းပြည်အခြေအနေကို ပြောင်းလဲအောင်ပဲ
အဖိနှိပ်ခံလူတန်းစားတွေ လွတ်မြောက်ရေးအတွက်
ရုန်းကန်ရင်း စိတ်ပျက်လက်ပျက်နဲ့
မတရားမှုတွေချည်းသာ တွေ့ရှိ အရှုံးပေးခဲ့ရတယ်
ဆိုတာ မမေ့နဲ့လေ။

ခါးသီးရွံ့မုန်းစရာတွေချည်း တွေ့ပြီး
ဒို့ တနေ့ထက် တနေ့ ငိုပြီး
မျက်မှောင်ကြုတ်နေခဲ့ရတယ်
ဒို့ခေတ်ကို အသေးစိတ် သိနေမြင်နေရတာကိုး
မတရားမှုကို ဒေါသဖြစ်လွန်းလို့မို့
စကားပြောရင်တောင် ထန်ပြင်း မာကြော
ရိုင်းစိုင်းနေတယ်
အိုကွာ ဒို့ကိုယ်တိုင်ကတော့ အကြင်နာတရား
မပွားနိုင်တော့ဘူးလေ
အကြင်နာတရား အခြေခံတဲ့ လောကသစ်ကြီးကို
တည်ဆောက်လိုတဲ့ ဆနကြတော့
ဒို့ရင်ထဲမှာ အပြည့်အသိပ်ပါပဲ။

ဒီတော့ မင်းတို့ခေတ်မှာမှ လူသားအချင်းချင်း
ကြင်နာတရားထားလို့
ဖြစ်နိုင်တယ်ဆိုတာ စဉ်းစားမိလေတိုင်း
ဒို့ကို ထန်ပြင်းရိုင်းစိုင်းသူတွေလို့
မပြောတော့ဘူး မယူဆတော့ဘူး မဟုတ်လားကွယ်။ ။

ဗားတော့ဗရက်

၂။ မုန်တိုင်းတပ်သား၏တေးသံ

ဗိုက်ဆာနေလို့ နွမ်းပြီး
ဗိုက်နာလို့လည်း ပန်းလှပါတယ်
ကျနော့်နားထဲမှာတော့
“ဂျာမနီ ထလော့” ဆိုတဲ့ အော်သံကြီး
ကြားနေရတယ်။

လူတွေ အများကြီးပဲ
“သဒ်ရိုက်” (တတိယဂျာမနီ နိုင်ငံ) ကို
သွားမယ်ဆိုပြီး ချီတက်သွားကြတယ်
ကျနော် နောက်ကျန် မနေရစ်ချင်ဘူး
ကျနော်လည်း လူအုပ်ကြီးနောက်က
ရောနှောလိုက်ခဲ့ပါတယ်။

ကျနော်ပါသလို ဗိုက်ပူသူဌေးကြီးလည်း
ကျနော့်ဘေးမှာ ချီတက်လိုက်လာတာပဲ
“ထမင်းပေးပါ၊ အလုပ်ပေးပါ”
ကျနော်က ကြွေးကြော်လိုက်တော့
“ထမင်းပေးပါ၊ အလုပ်ပေးပါ” လို့
ဗိုက်ပူကြီးက လိုက်အော်တယ်။

ခေါင်းဆောင်ကြီးတွေဟာ
ဘွတ်ဖိနပ်ရှည်ကြီးတွေ စီးထားပြီး
ကျနော်တို့တော့ ဖိနပ်မရှိလို့
နှင်းအစိုစို ခြေချော်လျက်နဲ့ လမ်းလျှောက်တယ်
ဒါပေမယ့် စိတ်တူသဘောတူ ဆန္ဒတူပဲ
ကျနော်တို့အားလုံး လမ်းလျှောက်ချီတက် ခဲ့ကြပါတယ်။

ကျနော် လက်ဝဲဘက်ကွေဏ္ဍဖို့လုပ်တုန်းပဲ
“ညာကွေ့” လို့စစ်မိန့်သံကြားတယ်
ကျနော် အ အလိုပဲ အကန်းလိုပဲ
စစ်မိန့်သံပေးတဲ့အတိုင်း
ဆိုးရာရောက်ရောက် ကောင်းရာရောက်ရောက်
ကွေ့ခဲ့ပါတယ်။

ဂျာမဏီပြည်သစ်ကြီးဆီ သွားကြတာပဲ
ဘယ်မှာရှိနေတယ်တော့ မမှန်းတက်ဖူးလေ၊
ငတ်ပြတ်ပျော့ခွေတဲ့ လူတွေရယ်
ဗိုက်အပြည့် စားစရာရှိသူတွေရယ်
အတူချီတက်ခဲ့ကြတယ်။

ကျနော့်ကိုခေါင်းဆောင်တွေက
ခြောက်လုံးပူး တလက်ပေးတယ်
“ရှေ့မှာရန်သူ ပစ်လိုက်”လို့ အမိန့်ပေးတယ်
အမိန့်ပေးတဲ့နေရာ အတိအကျ ပစ်ထည့်လိုက်တော့
ကျနော့်ညီကလေး သေနတ်မှန်ပြီး
လဲကျသွားပါရောဗျာ။

ကျနော့်ညီ သေသွားပြီ၊ အစကတော့ ငတ်နေတယ်
ဆိုတာပဲ စိတ်မှာရှိပြီး ကျနော့်ညီကို ရန်ပြုမယ့်
သူတွေနဲ့ တစိတ်တည်း တသဘောတည်း တလမ်းတည်း
ယှဉ်တွဲ လမ်းလျှောက်လာခဲ့မိပါပြီကောဗျာ။

ကျနော့်ညီလေး သေသွားပြီဗျာ
ကျနော့်ညီကို ကျနော့်လက်နဲ့ ကိုယ်တိုင်သတ်မိပါတယ်
နောက်ဆုံးအခြေအနေမှာတော့ ကျနော့်ညီရဲ့ဘက်က
စစ်နိုင်ပြီး ကျနော့်ဘက်က စစ်ရှုံးခဲ့တော့တယ်၊
ကျနော် စစ်ရှုံးသူပါ။ ။

ဗားတော့ဗရက်


၃။ ယမမင်းကြီးကို သပိတ်မှောက်ခြင်း

ဆည်းဆာမှိန်ရီ
ဝီစကီပုလင်းတွေက အစီစီ
သူဌေးမင်းရဲ့တိုက်ခန်းကြီးကလဲ အရောင်က မဟော်ဂနီ
ဝီစကီအရှိန်နဲ့ တရီရီတဝေေ၀
ငါတို့အုပ်စု ယမမင်းကြီး အခန်းထဲရောက်လာတာ
မြင်ကြရတယ်။

နှစ်စဉ်ထွက်တဲ့ လယ်ယာသီးနှံတွေ
ဇိမ်ခံအရက်သောက်လို့ပဲ ဖြုန်းနေကြတာကိုး
ငါ့လိုလားချက်တွေကို မင်းတို့ အမှတ်မထားတော့ဘူး
ငါကိုယ်တိုင် ခု ရောက်လာပြီ
ငါ့စကား ကြားကြရရဲ့လား
အခန်းထဲကလူတွေ တယောက်မျက်နှာ တယောက်
ကြည့်မိကြတယ်
ပြုံးမိကြောင်းပါ၊ စကားသံနာခံလျက်ပါ ယမမင်း။

ဆည်းဆာမှိန်ရီ
ဝီစကီပုလင်းတွေက အစီစီ
သူဌေးမင်းရဲ့တိုက်ခန်းကြီးကလဲ အရောင်က မဟော်ဂနီ
ဝီစကီအရှိန်နဲ့ ရီရီဝေေ၀
ငါတို့အုပ်စု အခန်းထဲရောက်လာတဲ့ ယမမင်းကြီးကို
ကြည့်နေမိတယ်လေ။

ဟိုတနေ့တုန်းက မင်းတို့ ရီစရာတွေ
ပြောဆို ပျော်ရွှင်နေတုန်းမှာ
ဗျပ်ထိုးခေါင်းရွက်ဈေးသည် ဒေါ်တုတ်မ
နေမကောင်းဖြစ်ပြီး
ဆေးမကုနိုင်လို့ သေသွားရှာတာ ငါတွေ့လိုက်တယ်
အခန်းထဲကလူတွေ တယောက်မျက်နှာ တယောက်
ကြည့်မိကြတယ်
မှန်လှပါ နာခံလျက်ပါ ယမမင်း။

ဆည်းဆာမှိန်ရီ
ဝီစကီပုလင်းတွေက အစီစီ
သူဌေးမင်းရဲ့တိုက်ခန်းကြီးကလဲ အရောင်က မဟော်ဂနီ
ဝီစကီအရှိန်နဲ့ ရီရီဝေေ၀
ငါတို့အုပ်စု အခန်းထဲရောက်လာတဲ့ ယမမင်းကြီးကို
ကြည့်နေမိတယ်လေ။

မင်းတို့ဟာ သူတော်ကောင်းတွေကိုလဲ
သေနတ်နဲ့ ပစ်သတ်ခဲ့တယ်
ဟိုမှာကြည့်စမ်း၊ မင်းတို့သတ်တဲ့ အလောင်းကောင်တွေ
ပုံလို့ပါလား
မင်းတို့ဟာ တာဝတိံသာနဲ့ တန်ပါ့မလားကွ
ကြည့်စမ်းပါအုံး၊ အသက်တွေကလည်း ကြီးလှပြီကော
အခန်းထဲကလူတွေ တယောက်မျက်နှာ တယောက်
ကြည့်မိကြတယ်
မှန်လှပါ နာခံလျက်ပါ ယမမင်း။

ဆည်းဆာမှိန်ရီ
ဝီစကီပုလင်းတွေက အစီစီ
သူဌေးမင်းရဲ့တိုက်ခန်းကြီးကလဲ အရောင်က မဟော်ဂနီ
ဝီစကီအရှိန်နဲ့ ရီရီဝေေ၀
ငါတို့အုပ်စု အခန်းထဲရောက်လာတဲ့ ယမမင်းကြီးကို
ကြည့်နေမိတယ်လေ။

ငရဲသားတွေ အခန်းထဲက ထွက်သွားကြစမ်း
သောက်လက်စ စီးကရက်တွေလဲ ပါးစပ်က
ဖြုတ်လိုက်စမ်း
မင်းတိုနဲ့တန်တဲ့ ငရဲဘုံပဲ သွားနေကြစမ်း
ငရဲဘုံကို အမြန်သွာစမ်း ကြာကြာနေရင်
ငါ လက်လွန်မိလိမ့်မယ်
အခန်းထဲကလူတွေ တယောက်မျက်နှာ တယောက်
ကြည့်မိကြတယ်
မှန်လှပါ ကျနော်တို့ဟာ
ငရဲနဲ့ပဲ တန်သူတွေပါပဲ ယမမင်း။

ဆည်းဆာမှိန်ရီ
ဝီစကီပုလင်းတွေက အစီစီ
သူဌေးမင်းရဲ့တိုက်ခန်းကြီးကလဲ အရောင်က မဟော်ဂနီ
ဝီစကီအရှိန်နဲ့ ရီရီဝေေ၀
ငါတို့အုပ်စု အခန်းထဲရောက်လာတဲ့ ယမမင်းကြီးကို
ကြည့်နေမိတယ်လေ။

ဟေး သူငယ်ချင်းတို့၊ အခန်းထဲကတော့ တစက်မှ
မထွက်ဘူးကွ
ငြိမ်ငြိမ်နေ၊ ဒို့ သပိတ်မှောက်တယ်ဟေ့၊
အာဏာဖီဆန်တယ်ဟေ့
အသင်ယမမင်းကြီး၊ ကျွန်ုပ်တို့အား ငရဲကို
ပို့ဦးမလို့လား
ကျွန်ုပ်တို့ ယခုနေတာလဲ ငရဲဘုံပဲ မဟုတ်လား
အခန်းထဲကလူတွေ တယောက်မျက်နှာ တယောက်
ကြည့်မိကြတယ်
မထွက်နိုင်ပါ ယမမင်းကြီး
အသင့်စကားကို နားမထောင်နိုင်ကြောင်းပါ။ ။

ဗားတော့ဗရက်


၎။ အကုန်လုံး လွတ်ရင်လွတ်၊ အကုန်လုံး ငတ်ရင်ငတ်

အို အမှောင်ထုထဲမှာ လဲလျောင်းနေတဲ့ ကျေးကျွန်
သင် လွတ်မြောက်အောင် ဘယ်သူက လွှတ်ပေးမှာလဲ
အသင့်ကို ကျေးကျွန်အချင်းချင်းသာ
မြင်နေ တွေ့နေပါတယ်
အသင်တောင်းဆိုတာ ငိုကြွေးတာလည်း
ကျေးကျွန်အချင်းချင်းသာ ကြားရတယ်
ရဲဘော်ကြီးရေ၊ ကျေးကျွန်အချင်းချင်းကသာ
သင်လွတ်မြောက်အောင် ကူလိမ့်မယ်။

အကုန် ရရင်ရ မရရင် တခုမှ မလိုချင်ဘူး
အကုန် လွတ်ရင်လွတ် မလွတ်ရင်
တယောက်မှ မလွတ်ချင်ဘူး
တယောက်တည်း လွတ်သွားလည်း သူရပ်တည်နိုင်မှာ မဟုတ်ဘူး
သေနတ်လား၊ အချုပ်အနှောင်သံကြိုးလား၊ ရွေးကြစို့
အကုန် ရရင်ရ မရရင် တခုမှ မလိုချင်ဘူး
အကုန် လွတ်ရင်လွတ် မလွတ်ရင်
တယောက်မှ မလွတ်ချင်ဘူး
ထမင်းဆာလို့ အငတ်ငတ်အပြတ်ပြတ်နဲ့
ထမင်းတောင်းနေတဲ့ အသင် လူငတ်ကြီး
ဒို့ဆီလာခဲ့ပါ၊ ဒို့လဲ ငတ်နေတယ်
ဒို့အငတ်အဖွဲ့နဲ့ အတူမငတ်အောင် ရှာကြံစားကြမယ်
လူငတ်ချင်းသာ မင်းငတ်နေတာ နားလည်ပြီး
ရှာကြံကျွေးမယ်။

အကုန် ရရင်ရ မရရင် တခုမှ မလိုချင်ဘူး
….. ….. ..… ..… …..
….. ….. ….. ….. …..
အကုန် လွတ်ရင်လွတ် မလွတ်ရင်
တယောက်မှ မလွတ်ချင်ဘူး။

အရိုက်ခံရလို့ မေ့မျောလဲကျနေတဲ့ အဖိနှိပ်ခံရသူရေ
မင်းအရိုက်ခံရတဲ့အတွက် ဘယ်သူက
လက်စားချေပေးမှာတဲ့လဲ
မင်းလိုပဲ အရိုက်ခံရတဲ့လူတွေက မင်းကို
လှမ်းခေါ်နေကြတယ်
ဒို့လည်း အရိုက်ခံရတာမို့ ကိုယ်ချင်းစာပြီး မင်းကို
စိတ်ဓာတ်မကျအောင် အားပေးနေတာပါ
ရဲဘော်ရေ၊ မင်းအတွက် ဒို့ လက်စားချေပေးမယ်
လာခဲ့။

အကုန် ရရင်ရ မရရင် တခုမှ မလိုချင်ဘူး
….. ….. ..… ..… …..
….. ….. ….. ….. …..
အကုန် လွတ်ရင်လွတ် မလွတ်ရင်
တယောက်မှ မလွတ်ချင်ဘူး။

ဟေ့ စိတ်ဓာတ်ချွတ်ခြုံကျအောင်
အဖိနှိပ်ခံရသလားဟေ့
သည်းမခံနိုင်လောက်အောင် အစော်ကားခံရပြီဆိုရင်
ခံရတာတွေ တကွက်ချင်း ပြန်တွေးပြီး
မခံချင်စိတ် မွေးစမ်း
ကြေကွဲစရာ ခံစားမှုတွေနဲ့ မရှိမဖြစ်တဲ့
လိုအပ်ချက်တွေအတွက်
ခုချက်ချင်း တိုက်ပွဲဝင်ပါ၊ နက်ဖြန်ခါကို ဆိုင်းမနေနဲ့။

အကုန် ရရင်ရ မရရင် တခုမှ မလိုချင်ဘူး
….. ….. ..… ..… …..
….. ….. ….. ….. …..
အကုန် လွတ်ရင်လွတ် မလွတ်ရင်
တယောက်မှ မလွတ်ချင်ဘူး။ ။

ဗားတော့ဗရက်


၅။ စစ်သားမိန်းမ ဘာတွေရသလဲ

ပရိတ်မြို့တော်ကြီးကို
(ဟစ်တလာရဲ့ နာဇီတပ်မတော်ကြီး) သိမ်းစဉ်က
စစ်သားမိန်းမ ဘာတွေရသလဲ။

ပရိတ်မြို့တော်က ဒေါက်မြင့် ဖိနပ်ကြီးတွေ ရတယ်လေ
အောင်သတင်းနဲ့ အောင်ဆုမွန်တွေတောင်းတဲ့
စာတွေရယ် လက်ဆောင်ရယ်
စစ်သားမိန်းမ ဒေါက်မြင့်ဖိနပ်ကြီးတွေ ရခဲ့တယ်။

(သြစတြီးယားနိုင်ငံ) အော့စလိုမြို့ကို
ကျူးကျော်စဉ်က
အော့စလိုမြို့တော်က သားမွေးအထည်စလေးတခု
ရတယ်၊
သဘောကျမယ်လို့တော့ ထင်တာပဲဆိုတဲ့ စာနဲ့အတူ
စစ်သားမိန်းမ သားမွေးအထည်စ တစ ရခဲ့တယ်။

အမ်စတာဒမ်သူဌေးမြို့တော်က
စစ်သားမိန်းမ ဘာတွေရသလဲ။

အမ်စတာဒမ်မြို့တော်ကတော့ ဦးထုပ်လေးတလုံး
ရတယ်လေ။
ချက်ပြည်ဖြစ် ဦးထုပ်ကလေးက လှသမို့
လိုက်ဖက်လှပမှာပဲတဲ့
စစ်သားမိန်းမ ဦးထုပ်တလုံး ရလိုက်ပါတယ်။

ဘယ်လဂျီယံမြို့တော် ဗရပ်ဆဲကို နာဇီတွေ
ကျူးကျော်တော့
စစ်သားမိန်းမ ဘာတွေရသလဲ။
ဗရပ်ဆဲနိုင်ငံက ရှားပါးလှတဲ့ လည်ဆွဲတခု
ရတယ်။
ပျော်စရာပါပဲ ၀မ်းသာစရာပါပဲ
စစ်သားမိန်းမ ဗရပ်ဆဲနိုင်ငံက လည်ဆွဲတခုရတယ်။

အလင်းရောင်တွေ ဝေေ၀ရွှန်းပနေတဲ့ ပါရီမြို့တော်က
စစ်သားမိန်းမ ဘာတွေရသလဲ။
ပါရီမြို့တော်က ပိုးဂါဝန်ပုံကျကျ တထည် ရတယ်။
တနယ်လုံး သိတယ်၊ တမြို့လုံး သိတယ်
စစ်သားမိန်းမ ပိုးဂါဝန်တထည် ရတယ်။

ရူမေးနီးယားနိုင်ငံ ဘူခါရက်ကို
ဟစ်တလာစစ်တပ်တွေ ရောက်တော့
စစ်သားမိန်းမ ဘာတွေရသလဲ။
ဘူခါရက်မြို့တော်က ဂါဝန်ကားကားဖားဖားပွပွကြီး
ရတယ်။
ကြည့်ရဆန်းပြီး ၀တ်ရတာ ရီစရာသိပ်ကောင်းတယ်
စစ်သားမိန်းမ ဂါဝန်ကားကားကြီး တထည်ရတယ်။

နှင်းနိုင်ငံ ရုရှားပြည်က
စစ်သားမိန်းမ ဘာတွေရသလဲ။
မုဆိုးမ အထိမ်းအမှတ် ၀တ်စုံနက်ပဲ လက်ခံရတယ်။
ဝမ်းနည်းကြေကွဲတာမို့ လင်သည်ရဲ့ သေဆုံးမှု
အထိမ်းအမှတ်ပေါ့
စစ်သားမိန်းမ ၀တ်စုံနက်တစုံ ရပါတယ်။ ။

ဗားတော့ဗရက်

၆။ ဆူပူလှုံ့ဆော်ရေးသမားရဲ့ ဈာပန

ကြည့်စမ်း၊ ဟောသည် “ခေါင်း”ထဲမှာ
လူသေတလောင်း ရှိတယ်
ဆူပူလှုံ့ဆော်ရေးသမားပေမို့
အလကားကောင် တကောင်လို့ပဲ
ဆိုကြပါစို့။

သူ့ကြောင့် ဆိုးဆိုးဝါးဝါးအဖြစ်တွေ
ပင်လယ်ဝေခဲ့တယ်၊ သူ့ကို မြေကြီးထဲမြှုပ်မယ်
သူ့သင်္ချိုင်းကိုသွားတဲ့ ဈာပနမှာ ပို့တဲ့သူကတော့
စုစုပေါင်းမှ သူ့မိန်းမတည်းဟူသော
၎င်းတယောက် ပေါင်းတယောက်၊
သူ့ကိုလိုက်ပို့တဲ့လူဟာ ဆူပူရေးဂိုဏ်းဝင်
စာရင်းတင်ခံရမှာမို့ ဘယ်သူမှ လိုက်မပို့ဝံ့။

ဟောသည် “ခေါင်း” ထဲကလူဟာ
လိုချင်တာတွေ အများကြီးအတွက်
ဆူပူလှုံ့ဆော်ခဲ့တယ်
လူတိုင်း အစား၀၀ စားရေး
လူတိုင်း နေစရာအိမ် ရရေး
လူတိုင်း သားသမီးတွေကို
ကျကျနန မွေးကျွေးရေး
လူတိုင်း လုပ်အားခ အပြည့်ရရေး
ပြီတော့ မင်းလို ငါလို လူဆင်းရဲချင်း
အုပ်သင်းမကွဲ စည်းရုံးရေးနဲ့
ဝေဖန်တွေးခေါ်ရေး လိုချင်တယ်တဲ့။

ဟောသည် “ခေါင်း” ထဲကလူဟာ
ကုန်စည်ထုတ်လုပ်မှု၊ ကူးသန်းရောင်းဝယ်မှု
အသွင်သစ်တရပ်ကို တောင်းဆိုတယ်
မင်းလို ငါလို လူအများက
ခေါင်းဆောင်စီမံ ရမယ်တဲ့
ဒီလိုမလုပ်ရင် ဒို့နောက်ဆို ခွေးလောက်မှ
ကောင်းမှာ မဟုတ်တော့ပဲကိုး။

“ခေါင်း” ထဲကလူဟာ
အဲဒါအဲဒါတွေ ပြောလို့
ခုလိုပဲ “ခေါင်း” ထဲမှာ သပ်အထည့် ခံရတယ်
လူတွေလှုပ်ရှားဆူပူအောင် လှုံ့ဆော်ခဲ့တာကြောင့်
မြေမြှုပ်ခံရ တော့မယ်။

လူတိုင်း အစား ၀၀စားရေး
အော်သူ ဘယ်သူမဆို
လူတိုင်း အိမ်နဲ့ နေရအောင်
အော်သူ ဘယ်သူမဆို
လူတိုင်း လုပ်အားခ အပြည့်ရရေး
အော်သူ ဘယ်သူမဆို
လူတိုင်း သားသမီး ကျကျနန မွေးကျွေးရေး
အော်သူ ဘယ်သူမဆို
ဒီလိုပဲ ခံရမှာပဲ။

ဝေဖန်တွေးခေါ်သူတိုင်း
အဖိနှိပ်ခံ အနှိမ်ခံတွေနဲ့ လက်တွဲသူဆိုရင်
အခုရော နောင်အနာဂတ်ပါ
ဟောသည်လူလို အသတ်ခံရမယ်
“ခေါင်း”ထဲ အထည့်ခံ ရမယ်
ဆူပူလှုံဆော်ရေးသမား အဖြစ်
မြေမြှုပ်သင်္ဂြိုလ်ခံရမယ် ဆိုပါလားဟေ့။ ။

ဗားတော့ဗရက်


၇။ အလုပ်သမားတဦး သမိုင်းဘာသာရပ် လေ့လာခြင်း

သီးဘီးမြို့တော်ကြီး၏ တံခါးမကြီးခုနစ်ပေါက်
ဘယ်သူ ဆောက်ပါသလဲ
သမိုင်းစာအုပ်ကြီးထဲမှာ ဘုရင်တွေရဲ့ နာမည်တွေ
ရှုပ်ရှက်ခတ်နေတာပဲဗျာ
ကြမ်းတမ်းတဲ့ ကျောက်တုံးကြီးတွေကို
ဘုရင်တွေကိုယ်တိုင် သယ်ယူလာကြသလား
ပြီးတော့ ခဏခဏ စစ်တိုက်ဖျက်ဆီးခံရတဲ့
ဘေဘီလုံမြို့ကြီးလေ
မြို့ကြီးကို ပြန်ဆောက်တဲ့အတိုင်း
ဘယ်သူတွေကမြို့ပြန်ဆောက်ရသလဲ။
ရွှေရောင်ဝင်းတဲ့ လီးမားမြို့တော်ကြီးက
အိမ်တွေထဲမှာကော ကိုယ်တိုင်ကိုယ်ကျ
အိမ်ဆောက်တဲ့လူတွေ နေရတယ်လို့မတွေ့ရပါလား။
တရုတ်ပြည်ကိုဝိုင်းထားတဲ့ ဧရာမနံရံကြီး
ပြီးစညနေမှာ
ပန်းရံဆရာတွေ ဘယ်နေရာသွားအိပ်ရပါသလဲ
ရောမမြို့ကြီးရဲ့ အောင်တံခါးခုံးကြီးတွေ
ဆောက်တာကော ဘယ်သူတွေလဲ
တေးဖွဲ့ချီးကျူးလို့ မဆုံးနိုင်တဲ့
ဘိုင်ဇမ်တီယမ်မြို့တော်ကြီးမှာလဲ
အိမ်တိုင်းဟာ နန်းတော်တွေပဲ
ဘယ်သူတွေ ဆောက်တာလဲ
ဘယ်သူတွေ နေတာလဲ
ဒ္ဂာရီပါ အတ္တလန်တစ်မြို့တော်ကြီး
ရေလွှမ်းမိုးညတုန်းက
ရေနစ်သူတွေက ဟေ့ ငါ့ကျေးကျွန်တွေ
ငါ့ဆီလာခဲ့စမ်းလို့ ခေါ်ပြီး
အကူအညီတောင်းသေးတယ်လို့
လေ့လာသိရှိရပါတယ်။

ပျိုရွယ်တဲ့ စစ်မှူး အိန္ဒိယပြည်ကို သိမ်းပိုက်ခဲ့တယ်
တယောက်တည်းနဲ့လား
ဆီဇာက ဂေါလလူမျိုးတွေကို စစ်နိုင်ခဲ့တယ်
သူ့တပ်မတော်ကြီးထဲမှာ
ထမင်းချက် တယောက်မှ မပါဘူးလားဗျာ
စပိန်ရေတပ်ကြီး ဖျက်ဆီးခံ
ရေနစ်သေဆုံး ပျက်စီးတော့
ဖိလစ်ဘုရင်ကြီး
ချုံးပွဲချလို့ ငိုတယ်တဲ့
တခြားလူတွေကတော့ကော မငိုကြလို့
သမိုင်းထဲမပါတာလား
ခုနစ်နှစ်ကြာ စစ်ပွဲကြီးကို ဖရက်ဒရစ်ဘုရင်ကြီး
အောင်နိုင်တဲ့အခါ
အတူတူ ဘယ်သူတွေ အောင်ပွဲခံကြပါသလဲ။

စာမျက်နှာတိုင်း အောင်ပွဲသတင်းတွေ
အောင်ပွဲခံဖို့အခမ်းအနားအတွက်
ဘယ်ကပိုက်ဆံ ရသလဲ
ဆယ်နှစ်ကို ခေါင်းဆောင်တစ်ယောက် တက်လာတယ်
တက်နိုင်အောင် ဘယ်သူတွေက
ကူညီမစ ၀ိုင်းဝန်းကြသလဲ။

အသေးစိတ် အချက်အလက်တွေက အဲဒါတွေပါပဲဗျာ
ကျုပ်တော့ အဲဒါတွေ သိချင်လှပါသေးတယ်။ ။

ဗားတော့ဗရက်

၈။ အ၀တ်ကလေးတစနှင့် ပေါင်မုန့်ကလေးတဖဲ့

ဝတ်ထားတဲ့အင်္ကျီစုတ်သွားလို့ ၀တ်စရာမရှိတော့ဘူး
အလုပ်ရှင်ဆီကို သွားပြောပြီး
ဝတ်စရာအင်္ကျီ တောင်းယူရမှာပဲ
ချမ်းချမ်းစီးစီး အင်္ကျီဗလာနဲ့ လူအများကပဲ
စောင့်နေကြပါတယ်
ကိုယ်စားလှယ်ကို အလုပ်ရှင်ဆီလွှတ်ပြီး
အင်္ကျီတောင်းခိုင်းတယ်
နောက် ၀မ်းပန်းတသာ သူပြန်လာတာ မြင်ရပါတယ်
တောင်းလို့ရတဲ့ ရလဒ်ကို ကိုင်မြှောက်ပြလိုက်ပါတယ်
အ၀တ်စလေးတစ။

ကောင်းပေ့ကွာ အ၀တ်စလေး တစထဲပါလား
အင်္ကျီတထည်လုံး ၀တ်မယ်
ဘယ်မှာလဲ။

စားစရာကုန်တိုင်း စားစရာ မရှိတော့ဘူး
အလုပ်ရှင်ဆီကို သွားပြောပြီး
စားစရာ တောင်းယူရမှာပဲ
အငတ်ငတ် အမွတ်မွတ်နဲ့ လူအများက
စောင့်နေကြပါတယ်
ကိုယ်စားလှယ်ကို အလုပ်ရှင်ဆီလွှတ်ပြီး
စားစရာတောင်းခိုင်းတယ်
နောက် ၀မ်းပမ်းတသာ သူ ပြန်လာတာ မြင်ရပါတယ်
တောင်းလို့ရတဲ့ ရလဒ်ကို ကိုင်မြှောက်ပြလိုက်ပါတယ်
ပေါင်မုန့်လေးတဖဲ့။

ကောင်းပေ့ကွာ ပေါင်မုန့်တဖဲ့ ထဲပါလား
ပေါင်မုန့်တလုံးလုံး
ဘယ်မလဲ။

အ၀တ်လေးတစနဲ့ ဘယ်လို ၀တ်ရမှာလဲ
အင်္ကျီဝတ်ဖို့လိုနေတာပါ။
ပေါင်မုန့်လေးတဖဲ့နဲ့ မလောက်ဖူးလေ
ပေါင်မုန့်တလုံးလုံးကို စားရမှ ဖြစ်မယ်
အလုပ်တခု ခန့်ထားခံရရုံနဲ့ ဘယ်လို ဖြစ်နိုင်မှာလဲ
စက်ရုံကြီးတခုလုံး စက်အရင်းအနှီး
ကုန်ကြမ်းအားလုံးနဲ့
တိုင်းရေးပြည်မှု ခန့်ခွဲခွင့်ပါ လိုပါတယ်။

လိုချင်တာတွေကတော့ အဲဒါ အဲဒါတွေပဲ
ကြည့်လေ
အခု ဘာတွေရသလဲ။ ။

ဗားတော့ဗရက်

၉။ အဆီယစ်နေသူများ

ပြည်သူ့ချွေးနည်းစာ အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစား လုပ်နေသူတွေက
နည်းနည်းနဲ့ ရောင့်ရဲကြပါလို့
ဆုံးမနေပါလားဟေ့။

ဗိုက်အပြည့် စားသောက်နေရတဲ့လူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။

တိုင်းပြည်ကြီးကို ချောက်ထဲ ဆွဲခေါ်ချမယ့်လူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။

တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေ နားလည်ဖို့
အင်မတန် ခက်ပါတယ် ဆိုပါလားဟေ့ ။ ။

ဗားတော့ဗရက်

၁၀။ စာတတ်အောင်သင်

အသုံးလုံးမှစှု လေ့လာသင်ယူပါ
သင်တို့ခေတ် ရောက်လာလေပြီ
နောက်ကျခြင်းဟူသည် မရှိ၊ ခု စသင် ခု တတ်မည်
“ကကြီး”“ခခွေး” ကို တတ်အောင်သင်ပါ
ဒါလေးတွေနဲ့
အကုန်တတ်ပြီ မမှတ်ယူနိုင်သော်လည်း
စိတ်မပျက်ဘဲ အခြေခံ သဘောဖြစ်သည့်
“ကကြီး”“ခခွေး”ကိုစတင် လေ့လာပါ
ဘာမဆို သိနားလည် နေသင့်ပေသည်၊
သင်သည် လူ့ဘောင်ကြီးကို ဦးဆောင်ရပေတော့မည်။

စိတ်ဓါတ်ရေးအရ မူမမှန်ဟု စွပ်စွဲခံရသူ
စာတတ်အောင်သင်ပါ
အကျဉ်းထောင်ကရဲဘက်ကြီး စာတတ်အောင်သင်ပါ
မီးဖိုချောင်က ဇနီးသည် စာတတ်အောင်သင်ပါ
အသက် ၆၀ ကျော်အဘ စာတတ်အောင်သင်ပါ
နေစရာ အိမ်မရှိပါလဲ အသုံးလုံး သင်ပေးမယ့်နေရာ
တွေ့အောင်ရှာ
လောကကြီးကို ရင်မဆိုင်ရဲသူတို့
သင်တို့ဥာဏ်စွမ်းကို မြှင့်တင်ဖို့ကြိုးစားပါ
အို အသင်လူငတ် စာအုပ်သည် ထမင်းတိုက်ပွဲအတွက်
လက်နက်ကောင်းကြီးတခု ဖြစ်ပေသည်၊
သင်သည် လူ့ဘောင်ကြီးကို
ဦးဆောင်ရပေတော့မည်။

မသိလျှင် မရှင်းလျှင် ဗြောင်မေးစမ်းပါ
အရာရာမှာ ကြောက်သွေးမွှန် မနေတော့ဘဲ
ကိုယ့်လမ်းကို ကိုယ်ထွင်ကြပါစို့၊
ကိုယ့်အနေနဲ့ သိအောင် ကြိုးစားမထားလျှင်
အသင် ဘာမျှ သိမည်မဟုတ်
တစ် နှစ် သုံး လေး ရေတွက်တတ်အောင် လုပ်ပါ
အခွန်ဘဏ္ဍာစသည်တို့ကို ပေးဆောင်ရသူမှာ
သင်တို့သာ ဖြစ်ပေသည်
လက်ချိုး၍ ရေတွက်ခြင်းမှစ၍ ဂဏန်းသင်ပါ
တခုခုဖြစ်ပျက်တိုင်း ကြောင်းရင်းဇစ်မြစ်
ဖွေဆန်းစစ်ပါ
သင်သည် လူ့ဘောင်ကြီးကို ဦးဆောင်ရပေတော့မည်။ ။

ဗားတော့ဗရက်


၁၁။ ခရစ်သက္ကရာဇ် ၁၅၉၂ ခုနှစ်က သားချော့သီချင်း

အပ်ချုပ်သမားသည်
(ခရစ်ယာန် ဂိုဏ်းချုပ် ) ဆရာတော်အား
“မိမိသည် ငှက်လို မိုးပေါ်သို့ ပျံနိုင်ကြောင်း
စောင့်သာကြည့်ပါတော့ ” ဟု ပြောတယ်
ဒီနောက် ငှက်တောင်နှင့် သဏ္ဍာန်တူသော
အတောင်ကြီးနှစ်ခုကို ကိုင်တွယ်တပ်ဆင်ကာ
ခရစ်ယာန်ကျောင်းတော်၏ ခေါင်းမိုးမြင့်ကြီးသို့
တက်တယ်
ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကား မရှုစိမ့်တော့
“ဒီကောင် မဖြစ်နိုင်တဲ့ အလကားဟာတွေ ပြောနေတာပဲ
လူဆိုတာ ငှက်မဟုတ်
လူသည်ဘယ်တော့မှ ကောင်းကင်ကို
ပျံနိုင်မှာမဟုတ်ဘူး” ရယ်လို့သာ
တပြောထဲ ပြောနေတယ်။

အပ်ချုပ်သမားတော့ သေရှာပြီလေ
ဈေးထဲမလည်း ဒီသတင်းပဲ
ဆရာတော်ကိုလည်း လူတွေက
အကျိုးအကြောင်း လာပြောတယ်
အတောင်ကြီးတွေလည်း သမံတလင်းပေါ်ကျပြီး
စိစိညက်ညက်ကြေ
လူလဲစိစိညက်ညက်ကြေ ရှာပြီတဲ့လေ
ကျောင်းခေါင်ပေါ် မျှော်စင်က
ခေါင်းလောင်းကြီးကို တီးခတ်ပြီး
အရပ်သိအောင် ဟောဒီလို ကြေညာချင်စမ်းတယ်တဲ့
“မဖြစ်နိုင်တဲ့ အလကားဟာတွေ ပြောတာကိုး
လူဆိုတာ ငှက်မဟုတ်
လူဟာ ဘယ်တော့မှ
ကောင်းကင်ကို ပျံနိုင်မှာမဟုတ်ဖူး”။ ။

ဗားတော့ဗရက်

၁၂ ၊၊ ကလေးတွေ အမေပျောက်စဉ်က

၁၉၃၉ခုနှစ်က ပိုလန်ပြည်ကို
နာဇီဖက်ဆစ်တပ်တွေ ကျူးကျော်တော့
တပြည်လုံးပဲ သွေးချောင်းစီကာ စစ်ဖြစ်ခဲ့တယ်၊
မြို့တွေ ရွာတွေ အများကြီးပဲ
တစပြင်အတိ ဖြစ်ခဲ့ပါတယ်။

မောင်ပျောက်တဲ့ ညီမသည်တွေ
စစ်ဒဏ်ကြောင့် မုဆိုးမဖြစ်ရရှာတဲ့ ဇနီးသည်တွေ
လောင်မီးတွေအနှ့ကျပြီး အကွဲကွဲအပြားပြားနဲ့
ကလေးတွေ အမေနဲ့ကွဲပြီး ကစဥ့်ကရဲ ဖြစ်ခဲ့ပါတယ်။

ပိုလန်ကသတင်းတွေတော့ မှောင်ကျသွားခဲ့ပါတယ်၊
ပေးစာတွေလည်း မရ၊ သတင်းစာတွေလည်း
ဖတ်ခွင့် မကြုံတော့ဘူး၊
သို့ပေမယ့် ဥရောပ အရှေ့ဖျားနိုင်ငံတခုက လူတွေဟာ
ပိုလန်ပြည်နဲ့ ပတ်သက်တဲ့ မကြုံဘူးတဲ့
ဖြစ်ရပ်ဆန်းတခုအကြောင်း
သတင်းစကား ကြားကြရတယ်။
နှင်းသည်းထန်တဲ့ ဆောင်းလယ်မှာပဲ
ပိုလန်ပြည်အရှေ့ပိုင်း မြို့လေးတမြို့မှာ
ကြုံခဲ့ပုံလေးလေ
ကလေးတွေ အမေပျောက်တော့ ကလေးချင်းစုကာ
အမေ သို့မဟုတ် ခိုကိုးရာ လိုက်လို့ရှာကြပါတယ်တဲ့၊၊

တာလမ်းမကြီးတွေတလျှောက်မှာ
ငတ်ပြတ်နေတဲ့ ကလေးတွေဟာ အစုအဝေးနဲ့
ခိုကိုးရာ ရှာတယ်
အိမ်ပျက်တွေနား ရောက်တော့
အိမ်ထဲက ကလေးတချို့ ထွက်လာပြီး
အဲဒီ အစုအဝေးထဲကို လိုက်လာပြီး
မေမေဖေဖေတို့ကို ရှာဖို့လိုက်ခဲ့တယ်။

လူသတ်ကွင်းဖြစ်တဲ့ မြို့ပျက်နဲ့တော့
ဝေးချင်ကြပါတယ်တဲ့
ညဆို တစ္ဆေကလဲ ခြောက်ပါဘိသနဲ့
ဒီကထွက်သွားပြီး စိတ်အေးချမ်းသာရာရမယ့်
တိုင်းပြည်သစ်တခုတော့ တွေ့ကောင်းပါရဲ့ထင်မိတယ်။

ကလေးတယောက်က ခေါင်းဆောင်ပါတယ်
ခေါင်းဆောင်နောက်ကို ကလေးတွေ လိုက်ကြမယ်
ခက်တယ် … အဲဒီခေါင်းဆောင်လဲ လမ်းမသိဘူး
ဦးနှောက်သိပ်ရှုပ်တာပဲ။

ဆယ်နှစ်သမီးလေးတယောက်ဟာ
လေးနှစ်သားအရွယ် မောင်ကလေးကို
ပွေ့ချီလိုက်ပါလာတယ်
စစ်မဲ့နိုင်ငံတခုကို ရောက်ရင်တော့
သူ့မောင်လေးကို သားလေးလို
ဂရုတစိုက် မွေးကျွေးခွင့် ရရှာမှာပဲ

ဟောဟိုမှာ … ကတ္တီပါအင်္ကျီနဲ့
ကလေးလေးတယောက်
ကတ္တီပါကော်လာမှာလည်း နှင်းစက်လေးတွေ
စွတ်စွတ်စိုလို့ပဲ
ခြေမွေးမီးမလောင် အကျသား နေခဲ့ထိုင်ခဲ့ရတဲ့
ဒီကလေးခမျာလည်း
တခြားကလေးတွေလိုပဲ ဒုက္ခရောက်နေတာပါပဲ။

စစ်တိုက်တိုင်းကစားလေ့ရှိတဲ့ ညီအကိုနှစ်ဦးဟာ
စားစရာ တွေ့မလားလို့ လယ်တဲတခုကို
ချဉ်းကပ်ဖောက်ထွင်းတယ်
တဲထဲမှာ ဘာစားစရာမှ မတွေ့တော့
သူရဲကောင်းလေး နှစ်ဦးဟာ
တဲကနေ ပြန်ဆုတ်ခွာလာရပါတယ်။

ပိန်ချုံးပြီး စိတ်ညစ်နေတဲ့ ချောင်ကပ်နေတဲ့
ဟိုကလေးလေးက ငြိမ်လှချည့်လား
သူက အရင်တုန်းက နာဇီလူငယ်အဖွဲ့ထဲ
ဝင်ဖူးတယ်လေ
ဒီလို ၀င်မိခဲ့တာကိုပဲ
သူ့ကိုယ်သူ အကြိမ်ကြိမ်ဆဲရေးပြစ်တင်မိတယ်။

ဂီတသမားလေးတယောက်လည်း ပါတယ်
ဂိုဒေါင်ပျက်ကြီးတခုထဲက ဘင်ကလေးတလုံး
ကောက်ရထားတယ်
ဒါပေမယ့် ရန်သူစစ်တပ်တွေ ကြားမှာစိုးလို့
ဘင်ကလေးကို တီးချင်ရက်နဲ့ မတီးရဲရှာပါဘူး။

ခွေးတကောင်လည်း ပါသေး
သတ်ပြီး ဟင်းချက်စားဖို့ခေါ်လာတာလေ
လက်တွေ့တော့ ခွေးကိုမသတ်ရက်ဘူး၊ သနားတယ်
ခွေးကလည်း တန်းလန်းတန်းလန်းနဲ့ လိုက်လာတာပဲ။

စာပြတမ်း သိပ်ကစားချင်တဲ့
ကလေးတယောက်လည်း ပါတယ်
ကကြီးခခွေး သင်ပေးမယ်တဲ့
တင့်ကားပျက်ကြီးတစ်ခုရဲ့ နံရံမှာ
စာလုံးပေါင်းတွေ ရေးကာ စာသင်ပေးပါတယ်။

ရေတံခွန်ကြီးတစ်ခုဘေးကို ရောက်တော့
ရေသံဆူညံတာကို အကာအကွယ်ယူကာ
အပျော်တမ်း ပြဇာတ်လေး ကပြီး
ဘင်သမားလေးက ဘင်တီးတယ်
ဘယ်သူမှ ဒီကအသံတွေကို မကြားနိုင်တော့ဘူးလေ။

ဆယ့်နှစ်နှစ်သမီးလေး တယောက်နဲ့
ဆယ့်ငါးနှစ်သားလေး တယောက်
ရီးစား ဖြစ်သွားသေးတယ်
လယ်တဲပျက်ကလေးဘေးမှာ
နှစ်ယောက်သားထိုင်ကာ
ကောင်လေးကို ကောင်မလေးက ခေါင်းဖီးပေးတယ်။

စစ်ပြေးခရီးစဉ်ရဲ့ ထန်ပြင်းတဲ့ အတိဒုက္ခတွေကြားမှာ
အချစ်စိတ်ကို ဘယ်လို ရှင်သန်အောင်
လုပ်နိုင်ကြမှာလဲ
နှင်း သိပ်သိပ်သည်းသည်း ထူထူထပ်ထပ် ကျနေရင်
ပဲကလေးတွေ အညှောက်မပေါက်နိုင်ဘူးလေ။

တနေရာမှာ တခြားနေရာက ကလေးတစုနဲ့ တွေ့တယ်
တဖွဲ့နဲ့တဖွဲ့ စကားများ ရန်ဖြစ် ရိုက်နှက်ကြတယ်
အဓိပ္ပာယ်မဲ့စွာ ရန်ဖြစ်နေမိမှန်း စဉ်းစားမိကြတော့
ဆက်ပြီး ရန်မဖြစ်ကြတော့ဘူး။

လမ်းဗိုလ်တယောက်ရဲ့ အိမ်ကို ဗဟိုပြုပြီး
တဦးနဲ့တဦး ရိုက်နှက်၊ တဖွဲ့နဲ့တဖွဲ့
ရန်ပြုနေကြတုန်းမှာလည်း
အဖွဲ့တဖွဲ့ဟာ ပါလာတဲ့ စားစရာတွေ ကုန်သွားတယ်
သိပ်ကို စိတ်ဒုက္ခရောက်တာပဲ၊ ခက်တယ်။

တခြားအဖွဲ့က ဒီသတင်းကိုကြားတယ်
ငတ်တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ တွေးတယ်
ရန်သူကလေးတွေဆီကို
အာလူးအိတ်တအိတ် ပို့ပေးတယ်
စားစရာမရှိဘဲ စစ်တိုက်လို့ မဖြစ်ပါဘူး။

အငြင်းအခုံဖြစ်ပြီး ဆူညံသွားသေးတယ်
ရန်ဖြစ်တဲ့ကလေးနှစ်ယောက်ဟာ
ဒေါသမီးဟုန်းဟုန်း တောက်နေကြတယ်
ကလေးတယောက်က ၀င်ပြီးဖြန်ဖြေဖို့
ကြိုးစားပါသေးတယ်
ဖြန်ဖြေတဲ့သူကို ၀ိုင်းဆဲလိုက်တာနဲ့
တရားသူကြီးလဲ ခွေသွားတာပဲ

တယောက်တယောက် အကူအညီပေးကြတာလည်း
ရှိပါတယ်
ကူညီတယ်ဆိုတာ တကွက်မှ အပြစ်တင်စရာ
မရှိပါဘူးတဲ့
အိမ်စေမလေးတဦးဟာ ချာတိတ်လေးတယောက်ကို
ရေချိုးပေးခြင်းဖြင့်
အကူအညီဆိုတာ အကျိုးပြုလုပ်ငန်း ဖြစ်ကြောင်း
လက်တွေ့ပြတယ်။

ဒါပေမယ့် အဲဒီအိမ်စေမလေးဟာ သူများကို ကူညီဖို့
တနေ့ နှစ်နာရီပဲ အချိန်ရမိရှာပါတယ်
သူ့သခင်မလေးအတွက်
အ၀တ်လျှော်ပေးရသေးတာမို့
တာဝန်ကိုလည်း အပျက်မခံဝံ့ရှာဘူးလေ။

ကတ္တီပါအင်္ကျီနဲ့သူဌေးသားကလေး
လမ်းမှာသေသွားတယ်
ဂျာမန်ကလေးနှစ်ယောက်နဲ့
ပိုလန်ကလေးနှစ်ယောက်က
သူ့အလောင်းကို သယ်ပေးပြီး မသာချကြရတယ်
အလောင်းကို တနေရာမှာပဲ မြေမြှုပ်ခဲ့ရပါတယ်။

ရေဖြန်းခရစ်ယာန်ရော ရေနှစ်ခရစ်ယာန်ရော
နာဇီလူငယ်အဖွဲ့ဝင်ဟောင်းတွေရော
ကျင်းနားမှာရှိတယ်၊
မြေမြှုပ်ပြီးတဲ့အခါ ဆိုရှယ်လစ်ဝါဒ စိတ်ဝင်စားတဲ့
ကလေးတယောက်က
ယခုမသေဘဲ ကျန်သူတွေရဲ့
နောင်တခေတ် အလားအလာကို တရားဟောတယ်။

ဆိုရှယ်လစ်လူ့ဘောင်အတွက်
မျှော်လင့်ယုံကြည်ကြပါတယ်
လောလောဆယ်တော့ ထမင်းမရှိ ဟင်းမရှိ
စားစရာ ရှိရက်နဲ့ ခေါ်မကျွေးရင်တော့
ခိုးစားကြရမှာပဲ၊ ထမင်းမကျွေးလို့
ရှိတဲ့ဆီက ခိုးတာ တရားတယ်။

ဆင်းရဲလို့ မကျွေးမမွေးနိုင်တဲ့လူကိုတော့
ခေါ်မကျွေးရင်လည်း အပြစ်မတင်ပါဘူး
ကျွေးချင်မွေးချင် ဒါနပြုချင်ပေမယ့်
ကျီထဲမှာ စပါးမရှိရင် ဘယ်သူ ထမင်းကျွေးနိုင်မှာလဲ။

လူနှစ်ယောက် သုံးယောက်လောက်တော့
ကျွေးမွေးပြုစုနိုင်ပါတယ်
လူသိပ်များရင် မတတ်နိုင်ဘူးလေ
အိမ်တံခါးပိတ်လိုက်ရတာပဲ။

လယ်တဲပျက်တခုကို ရောက်တော့
စပါးအိတ်တအိတ် တွေ့ပါတယ်
ဆံဖွပ်မယ် ထမင်းချက်မယ်
ဆယ့်နှစ်နှစ်အရွယ် ကောင်မလေးတယောက်
ကြိုးစားရှာပါတယ်။

ထောင်းလိုက် ထုလိုက်
ထင်းတွေရှာကာ အသင့်ချထားလိုက်ကြသေး
ဆန်မကောင်းဘူး၊ ကြေနေတယ်
ဆန်မှ မဖွပ်တတ်ဘဲကိုး။

တောင်ဘက်အရပ်ဒေသဆီ သွာကြမယ်တဲ့
တောင်ဘက်ဆိုတာ
မွန်းတည့်ချိန်မှာ နေမင်းကြီးက
ခေါင်းပေါ်မှာ တည့်တည့်ကြီး ထွန်းလင်းတဲ့ ဒေသတဲ့လေ။

တနေ့တော့ ထင်းရှူးတောတခုထဲ ရောက်တော့
ဒဏ်ရာနဲ့လဲနေတဲ့ စစ်သားတစ်ယောက်ကို တွေ့တယ်
ဒီလူ နေကောင်းအောင် ခုနစ်ရက်လောက်
ပြုစုကုသကြတယ်
ဒီလူကြီးကတော့ ဒို့ကို လမ်းပြနိုင်မှာပဲလို့ထင်ပြီး
ပျော်လည်းပျော်တယ်။

“ဘစ်ဂိုရေး”ခေါ်တဲ့မြို့ကို ရောက်အောင်
သွားကြလို့ပဲ
စစ်သားကြီးက ပြောနိုင်ရှာတော့တယ်
အဖျားက လွန်နေပြီမို့
ရှစ်ရက်မြောက်နေ့မှာ သေတော့တယ်
ကလေးတွေဟာ စစ်သားအလောင်းကို
မြေမြှုပ်ပစ်ခဲ့ကြတယ်။

နှင်းတောထဲမှာ မြှုပ်နေတဲ့ ဘစ်ကိုရေးဆီ ညွှန်ပြတဲ့
လမ်းပြဆိုင်းဘုတ်တခုကို ကလေးတွေ တွေ့ကြတယ်။

ဆိုင်းဘုတ်ဟာ နေရာမှန်မှာ မရှိတော့ဘဲ
လမ်းလွှဲပြဖို့ရွှေ့ထားတာကို
ကလေးတွေမသိကြပါဘူး၊၊

စစ်ကာလ စစ်ရေးစစ်ရာမို့
ရီစရာပြောင်တာ မဟုတ်ဘူး
တမင် လမ်းလွှဲဖို့ဆိုင်းဘုတ်ရွှေ့ကာ
လမ်းမှားဆီ ပြထားတယ်
ကလေးတွေဟာ သူတို့လိုက်ရှာလို့
တွေ့နိုင်မှာ မဟုတ်တော့တဲ့ ဘစ်ဂိုရေးမြို့ကို
လိုက်ရှာဖို့ခရီးဆက်ကြတယ်။

ကလေးခေါင်းဆောင်နားမှာ အားလုံးစုပြီး
ခဏရပ်လိုက်တယ်
နှင်းဝေနေတဲ့ ကောင်းကင်ပြင်ကို စိုက်ကြည့်ကြတယ်
“ဟောဟိုမှာ ဘစ်ဂိုရေးမြို့ ရှိလိမ့်မယ် ”
ခေါင်းဆောင်က စိတ်မှန်းနဲ့ လက်ညှိုးထိုးနေတယ်၊၊

ခရီဆက်တော့ ညမှာ မီးရောင်တစု တွေ့တယ်
အနားကို မကပ်ရဲပါဘူး
တင့်ကားကြီး သုံးစီးနဲ့
စစ်သားတွေ အများကြီးကို မြင်ရပါတယ်။

တခါတော့ မြို့တော်ကြီးတခုကို ရောက်ကြသေးတယ်
မြို့ကို ကွေ့ပတ် ရှောင်ကွင်းကြပါတယ်
နေ့ခင်းကို ခရီးမသွားရဲဘူး
မြို့ကို ကွင်းပြီး ရှောင်ခဲ့ရပါတယ်။

နှင်း သိပ်သိပ်ကျတဲ့
ပိုလန်ပြည် အရှေ့တောင်ပိုင်းကို
ကလေး ငါးဆယ့်ငါးဦး ရောက်လာကြတာပဲ
နောက်ဆုံးအဆင့် စုံစမ်းလို့ရပါတယ်။

သူတို့အကြောင်း မျက်စိစုံမှိတ်ကာ တွေးကြည့်မိတယ်
စပါးကျီပျက် တခုက တခု
ဟိုသွား ဒီသွားနဲ့
ခရီးသည်ကလေးတွေကို မြင်ယောင်မိပါတော့တယ်။

နောက်တော့ တနေရာရာကပဲ
နှင်းအေးထဲမှာ မဆုံးတမ်း ခရီးဆက်နေရတဲ့
အိုးပစ်အိမ်ပစ် စစ်ပြေးဒုက္ခသည်တွေ
အသစ်အသစ် ထပ်ပေါ်ပေါ်က်လာကြပါတော့တယ်။

ငြိမ်းချမ်းသော ကမ္ဘာမြေကို
တောင်းတရှာမောကြတယ်
စစ်မီးဟာ ဒီလူတွေရဲ့ တိုင်းပြည်တွေကို
ပြာကျပျက်စီးစေခဲ့ပါတယ်၊
ဒီလိုလူတွေ ဒီလိုပြည်တွေ ပိုများပြားလာပါတယ်။

ကျနော့်ရဲ့ မြင်ကွင်းထဲမှာ
စစ်ပြေးဒုက္ခသည်တွေ ပိုများလာတာ တွေ့ရတယ်
စပိန်ပြည် ပြင်သစ်ပြည် စသည် စသည်
အစုလိုက် ဒုက္ခရောက်ကြတယ်။

အဲဒီနှစ် ဇန်န၀ါရီလမှာ
ပိုလန်လူမျိုးတချို့ဟာ အစာငတ်ပြတ်နေတဲ့
ခွေးတကောင် ဖမ်းမိတယ်
ခွေးရဲ့လည်ပင်းမှာ စာတန်းကပ်ကလေးတခု
ကြိုးနဲ့ချည်ပြီး တန်းလန်းဆွဲထားတာ တွေ့တယ်။

စာကတော့ “ကျေးဇူပြု၍ ကူညီပါခင်ဗျား
ကျနော်တို့ ဘယ်ရောက်နေသလဲ မသိတော့ပါဘူး
ကျနော်တို့ ကလေးငါးဆယ့်ငါးဦး ရှိရာသို့
ဤခွေးက ခင်ဗျားကို လမ်းပြပေးပါလိမ့်မယ်။

တကယ်လို့ ခင်ဗျား ကျတော်တို့ကို
လာမကယ်အားပါက
ဒီခွေးကို လွှတ်လိုက်ပါ
ခွေးကို ပစ်မသတ်ကြပါနဲ့၊ ကျနော်တို့ရှိရာကို
ဒီခွေးကလွှဲလို့ ဘယ်သူမှ လမ်းရှာလာတက်မှာ
မဟုတ်ပါဘူး”။

ကလေးလက်ရေးလေးနဲ့ပဲ ။
လယ်သမားတွေက ဒါကို ဖတ်မိကြပါတယ်
အဲဒီနောက် နှစ်နှစ်လောက်ကြာတော့
အစာငတ်နေတဲ့ အဲဒီခွေးဟာ လှည့်လည်ရင်း
သေသွားပါတယ်။ ။

ဗားတော့ဗရက်

Read More...

Monday 18 February 2008

အနိုင်မခံ ( ဗိုလ်ချုပ် ဘာသာပြန်ရေးခဲ့တဲ့ ကဗျာ )

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။


ဗိုလ်ချုပ်အောင်ဆန်း
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)

Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeoning s of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Lies but the horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
Engrave this quote in Our Store! Rate this Quote! Tell a Friend.


-William Ernest Henley, "Invictus", 1875

ချစ်တဲ့မနော်မြေဘလော့မှ ကူးယူသည်။

Read More...

တိုင်းပြည် (၂)

မြန်မာပြည်မှာက
ငှက်ဖျားပေါတယ်။
ခွေးလေ ခွေးလွင့်
သူတောင်းစားနဲ့
ဆင်းရဲသားပေါတယ်။

ခြင်
ယင်ကောင်
ဖာ
သူခိုးနဲ့
အလှူခံလည်း ပေါတယ်။

ဘုန်းကြီး
စစ်သား
ဘိန်းသမားနဲ့
ကပ်ဖါး ရပ်ဖါး
အချောင်သမားလည်း ပေါ
အရည်အချင်းမရှိဘဲ
ခေါင်းဆောင် လုပ်ချင်သူလည်းပေါ။

မရယ်ရတဲ့ လူပြက်တွေနဲ့
အသုံးမကျတဲ့ အကယ်ဒမီတွေလည်းပေါ
ခါတော်မှီ
ကော်ပီ သီချင်းတွေနဲ့
ထောက်လှမ်းရေးတွေလည်း ပေါတယ်ပေါ့။

ဒီမိုကရေစီသမားတွေ ပေါသလို
ကြံ့ဖွတ်တွေလည်းပေါ
ဗိုလ်ချုပ်ကြီးတွေ ပေါသလို
ထောင်သားတွေလည်းပေါတယ်ပေါ့။

ဆေးအတု
ဆီအတု
ရွေးကောက်ပွဲ အတု
အမဲခြောက် အတုနဲ့
နိုင်ငံရေးသမား အတုတွေလည်းပေါ။

ဥပဒေ အတု
အစိုးရ အတု
ပညာတတ် အတုနဲ့
ရဲရဲတောက် အတုတွေလည်းပေါ။

တကယ်တော့
မြန်မာပြည်ဆိုတာက
လူ့ အခွင့်အရေး
ရှားပါးလွန်းတာကလွဲလို့
ကျန်တာတွေ အကုန်ပေါတဲ့
အရပ် …….. ဆိုပါတော့။ ။

မာရု
ချစ်တဲ့မနောမြေဘလော့မှ ကူးယူဖော်ပြသည်။

Read More...

Sunday 17 February 2008

ငါတို့ထဲက တချို့သို့

ခွင့်ပြုကြ သူငယ်ချင်းတို့
အမှန်တရားကို ဆိုတဲ့ငှက်ဟာ
ငါ့နှုတ်ဖျားမျာ ခဏလာနားလို့။

ခွင့်ပြုကြ သူငယ်ချင်းတို့
ရင်ထဲက အသံဟာ
ငါ့ကဗျာကို အခုလာငှားလို့။

ငါတို့ဟာ ငါတို့အားလုံးရဲ့ ပျမ်းမျှကိုယ်တိုင်းနဲ့ တော်တဲ့အင်္ကျီကို
ဝတ်ဆင်နေကြခြင်းသာဖြစ်တယ်။

ငါတို့ထဲက တချို့က
ကိုယ့်အတောင်ပံကိုယ်ဖြတ် ခွပ်ဒေါင်းအလံကိုယက်နေချိန်မှာ
ငါတို့ထဲက တချို့က ပက်ကြားအက်နေတဲ့ ပါးစပ်တွေနဲ့
မိုးခါးရေကို မက်နေကြလို့။

ပဒေသရာဇ်ဆန်တဲ့ ညတွေထဲ
ငါတို့ထဲက တချို့က ကိုယ့်ကိုယ်ကိုယ်မီးမြှိုက်တောက်ပ ပေးနေချိန်မှာ
ငါတို့ထဲက တချို့က အဆိပ်ရေတွေနဲ့ ငြိမ်းနေခဲ့ကြလို့။

ဒဏ္ဍာရီတွေထဲကအတိုင်း
သွေးဆာနေတဲ့ဘီလူးရိုင်းတွေ
ဓာတ်ပုံတွေကိုင်ပြီး တမြို့လုံးဝင်မွှေနေချိန်မှာ
ငါတို့ထဲကတချို့က ခေတ်ပျက်တာကို ခေတ်ပျက်တယ်လို့ရှုနေကြတယ်။

ငါတို့ထဲက တချို့က
ယုံကြည်ချက်တွေပန်ပြီး ယောနသံဇင်ယော်လိုပြန်နေချိန်မှာ
ငါတို့ထဲက တချို့က
ကိုယ့်အနာဂတ်ကို ကိုယ်တိုင်သော့ခတ်
သော့တံကို မိစ္ဆာတွေဆီအပ်လို့။

ရန်သူကငါတို့ကို တည့်တည့်ပစ်နေချိန်မှာ
ငါတို့ထဲက တချို့က
ညီအကိုအချင်းချင်း
နှုတ်ခမ်းကျဉ်းကျဉ်းတွေနဲ့
အပေါစားတံဆိပ်တွေကပ်
ဒေါသအဆိပ်တွေ ခတ်နေကြလို့။

ငါတို့ထဲက တချို့က
မိဘစကားမလွန်ဆန်ရက်ရင် ဘုရားတောင်မှမပွင့်နိုင်ဘူး ဆိုတဲ့အတွေးနဲ့
တော်လှန်ခြင်းအကျင့်ကို အဆုံးစွန်ထိ ကျင့်ကြတယ်။
ငါတို့ထဲက တချို့က
မိစ္ဆာတွေစကား လွန်ဆန်ခဲ့ရင် ကိုယ့်အတ္တကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့အတွေးနဲ့
နာခံခြင်းအကျင့်ကို အဆုံးစွန်ထိကျင့်ကြတယ်။

အာဇာနည်တွေရဲ့ အပြင်းစားရင်ခုန်သံတွေဟာ သေနတ်သံတွေထက် ဆူညံခဲ့ပါတယ်။
ဒါပေမဲ့ ငါတို့ထဲက တချို့က လက်ခုပ်ကိုတောင် ကျယ်ကျယ်မတီးရဲကြဘူး။

ငါတို့ထဲက တချို့ကြောင့် ငါတို့အင်္ကျီတွေသေးနေရတယ်။
ကန့်လန့် ကန့်လန့် လုပ်လာရင်တော့
ငါတို့ထဲက တချို့ကို
ငါတို့ထဲက ထုတ်ရမယ်။

ငါတို့ရင်ထဲက သံပုံးတီးသလိုမြည်လာတဲ့ ကြွေးကြော်သံတွေနဲ့
မကောင်းဆိုးဝါးတွေကို နှင်ထုတ်ကြ။
ခွပ်ဒေါင်းတွေရဲ့ အတောင်ပံဟာ
စည်းမဲ့ကမ်းမဲ့ သေနတ်ကိုင်သူတွေကို ခွပ်ဖို့ဖြစ်တယ်။

၂၀၀၇ နိုဝင်ဘာ။
ကောင်းကင်ကို
ကောင်းကင်ကိုမှ ဓာတ်ပုံရိုက်ထားသည်။

Read More...

Saturday 16 February 2008

Read More...

Thursday 14 February 2008

တော်လှန်ရေး သူရဲကောင်း


ဇွဲကပင်တောင်ခြေမှာနှင်းမကွဲသေးဘူး
တိုင်းရင်းသားလူမျိုးစုတွေရော
မြန်မာလူမျိုးအားလုံးရော
စစ်အာဏာရှင်စနစ်ဆိုးအောက်က
မလွတ်မြောက်နိုင်ကြသေးဘူး .. ။

အချိန်မတန်ခင်ကြွေလွင့်သွားတဲ့
တော်လှန်ရေးသူရဲကောင်းကြီး
ဖဒိုမန်းရှာတစ်ယောက်
တမလွန်ဘ၀ကနေ
ရဲရဲတောက်တော်လှန်ရေးဝိဥာဉ်တစ်ခုနဲ့
ဆက်လက်တိုက်ပွဲဝင်နေမှာလား .. ။

မြူလည်းစဲပြီ
ကျေးငှက်သံတွေလည်းတိတ်ခဲ့ပြီ
မျှော်လင့်ချက်မျက်နှာတွေ
ငိုပွဲဆင်ခဲ့ရပြီ ..
သွေးညှီနံ့တွေပြည့်နှက်
ယမ်းငွေ့သံတွေတဝေေ၀
ကောက်ကျစ်ယုတ်မာမှုတွေပြည့်နှက်
ကိုယ့်လူမျိုးအချင်းချင်းယုတ်မာနေတဲ့
စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ဖို့
ညီညွတ်ရေးအဆောက်အအုံတွေ
ကြိုးစားတည်ဆောက်ရဦးမယ် .. ။

အရိုအသေလေးမြတ်မှုတွေကြား
ခေါင်းဆောင်တစ်ယောက်ကျဆုံးတိုင်း
တစ်ခါပေါက်ထွက်တဲ့နှလုံးသားနဲ့အတူ
ကြေကွဲခြင်းတေးသံများလွှမ်းခြုံ
လွတ်မြောက်ရေးရောင်နီဆီ
အားလုံးဆက်လျှောက်ကြရင်း
တော်လှန်ရေးဝိဥာဉ်ဖြန့်ဝေနေမည့်
သူရဲကောင်းကြီး `ဖဒိုမန်းရှာ´အား
လေးစားဂုဏ်ပြုဦးညွှတ်လိုက်ပါ၏ .. ။

လင်းလက်ကြယ်စင်
လင်းလက်ကြယ်စင်ဘလော့မှ ကူးယူသည်။

Read More...

ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်) အခဏ်း - ၅

လူရုပ်သွင်များနှင့် ရုပ်တုကလေးများ (၁)
ဤခေတ်ကြီးမှ ကျော်ထွက်နိုင်ကြမည့် ခင်ဗျားတို့တတွေအား-တခုဖြင့် ကျနော်တောင်းပန်လိုသည်။ မမေ့ကြပါနဲ့။
အကောင်းကိုရော၊
အဆိုးကိုရော မမေ့ကြပါနှဲ့။ ကိုယ့်အနေနဲ့သာမက၊ ခင်ဗျားတို့ကိုယ်စားပါ အသေခံသွားကြတဲ့ လူတွေအကြောင်း သက်သေအထောက်အထားတွေကို စိတ်ရှည်လက်ရှည် ရှာကြ ဖွေကြပါ။ တနေ့တွင် ပစ္စုပ္ပန်သည် အတိတ်အဖြစ်သို့ ကူးပြောင်းသွားလိမ့်မည်။ ထိုအခါတွင် ခေတ်ကြီးတခေတ်အကြောင်း၊ သမိုင်းကိုဖန်တီးခဲ့သော အမည်မဲ့သူရဲ ကောင်းများအကြောင်းတို့ကို ပြောစမှတ်ပြုကြပေလိမ့်မည်။ သို့သော် အမည်မရှိသော သူရဲကောင်းဟူ၍မရှိ၊ ထိုသူတို့သည် အမည်များ၊ မျက်နှာများ၊ ဆန္ဒအာသီသ များ၊ မြှော်လင့်ချက်များ ရှိခဲ့ကြသော သူများဖြစ်သည်၊ ၎င်းတို့အနက် နောက်ဆုံးပိတ်မှပုဂ္ဂိုလ်၏ ဒုက္ခခံစားရမှုသည် အမည်ကျန်ရစ်သော ရှေ့ဆုံးမှပုဂ္ဂိုလ်၏ ခံစားရ မှုထက် မသေးငယ်ကြောင်းစသည်တို့ကို သိကြစေလိုသည်။ ခင်ဗျားတို့ သိကျွမ်းသောသူများ၊ သို့မဟုတ် ခင်ဗျားတို့၏ သွေးသားများ၊ သို့မဟုတ် ခင်ဗျားတို့ကိုယ် တိုင်ပင် ဖြစ်ဘိသကဲ့သို့၊ ထိုသူတို့အပေါ် ရင်းနှီးစိတ် အမြဲမပြတ်မွေးကြစေလိုသည်။
သူရဲကောင်းများကား အိမ်ထောင်လုံးကျွတ်အသတ်ခံကြရသည်လည်း ရှိသည်။ ၎င်းတို့အနက်မှ အနည်းဆုံးတယောက်ယောက်အပေါ်ဝယ်၊ သားများ သမီးများသဖွယ် ချစ်ခင်ကြပါ။ ထိုသူကား အနာဂတ်အတွက် နေထိုင်ခဲ့သော ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်သည်ဟူ၍ ဂုဏ်ယူရစ်ကြပါ။ အနာဂတ်အတွက် သစ္စာရှိစွာ နေထိုင်ခဲ့လျက်၊ လှပသော အနာဂတ်အတွက် အသက်ပေးသွားသူတိုင်းကား ကျောက်ဖြင့်ထုထားသော လူရုပ်အသွင်အပြင်များဖြစ်ကြသည်။ အတိတ်မှ ဖုံမှုန့်များ ကို ရေကာတာပြုလုပ်လျက်၊ တော်လှန်ရေး၏ ဒီရေအဟုန်ကို တားဆီးလိုသူတိုင်းကား ယခုအခါတွင် ပခုံးများ၌ရွှေချထားသော ရာထူးအဆင့်အတန်းတို့ကို တပ် ဆင်ထားကြသည့်တိုင်အောင် သစ်ဆွေးဖြင့်ထုလုပ်ထားသော ရုပ်တုအငယ်စားကလေးများသာ ဖြစ်ကြသည်။ သို့သော် ဤရုပ်တုကလေးများကို ကြည့်ရှုသည့်အ ခါ၌ပင် ၎င်းတို့၏ အသုံးမကျမှုနှင့်သေးဖွဲမှု၊ ၎င်းတို့၏ ရက်စက်မှုနှင့်ထုံထိုင်းမှုတို့ကို အသက်ဝင်စွာ မြင်တတ်ရန်လိုပေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကား အနာဂတ်တချိန်တခါ၊ လက်ငင်းခေတ်ကို ပြန်လည်သရုပ်ဖော်သည့်အခါတွင် အသုံးဝင်လာမည့် အထောက်အထားများ ဖြစ်သောကြောင့်တည်း။
ကျနော်ရှေ့ဆက်၍ ပြောပြနိုင်သည်တို့ကား၊ သက်သေတယောက်၏ထွက်ချက်၊ ပစ္စည်းအထောက်အထားမျှသာ ဖြစ်လေသည်။ တနေရာ တစိတ် တပိုင်းကလေးမှ ပြောက်ကျားပြောက်ကျား မြင်ခဲ့ရသောအချက်များဖြစ်၍ ဝေဖန်ပိုင်းခြားခြင်းလည်း ပြုလုပ်ထားသည်မဟုတ်ပါ။ သို့သော် ကြီးသည်ကကြီး၍ ငယ် သည်ကငယ်သော လူရုပ်သွင်များနှင့် ရုပ်တုကလေးများ၏ တကယ့်ပုံတူမျဉ်းကြောင်းများ ဤမှတ်စုများတွင် ပါရှိပါသည်။

ယဲလီနက်တို့ ဇနီးမောင်နှံ
ယိုးဇက်နှင့် မာရိယယ်၊ သူကဓာတ်ရထားမောင်းသမား၊ သူမကအစေခံ။ သူတို့၏အိမ်ခန်းကို ခင်ဗျားသိဖို့လိုသည်။ ရိုးရိုးနှင့်ခေတ်မီသော အိမ်ထောင် ပရိဘောဂအချောစား။ စာအုပ်စင်၊ ကြွေရုပ်ကလေးတရုပ်၊ ထရံပေါ်တွင်ရုပ်ပုံများ၊ သန့်လိုက်သည်မှ ယုံနိုင်ဖွယ်မရှိအောင် သန့်ပြန့်နေသည်။ ထို အိမ်မှုကိစ္စများတွင် သာ သူမ၏၀ိညာဉ်တခုလုံးပိတ်ဝင်နေ၍ အပြင်လောကကြီးအကြောင်း ဘာကလေး တခုမျှပင်သိမည်မဟုတ်ဟု ခင်ဗျားအနေနှင့် ဆိုကောင်းဆိုဖွယ်ရာ ဖြစ်သည်။ သို့သော် သူမကား ကွန်မြူနစ်ပါတီဝင်အဖြစ် အလုပ်လုပ်နေခဲ့သည်မှာ ကြာပြီ။ ကိုယ့်သဘာဝအလိုက် တရားမျှတမှုအကြောင်း စိတ်ကူးယဉ်ခဲ့သည်မှာ ကြာပြီ။ နှစ် ယောက်စလုံးပင် သစ္စာရှိရှိ၊ ငြိမ်ငြိမ်သက်သက်နှင့် အလုပ်လုပ်ခဲ့ကြသည်။ နိုင်ငံခြားရန်သူများပို၍ ကြီးမားလာသည့်အခါ၌လည်း တွန့်ဆုတ်ခြင်းမရှိခဲ့ကြပေ။
သုံးနှစ်မျှကြာသောအခါတွင် သူတို့နှစ်ဦး၏ အိမ်ခန်းအတွင်းသို့ ပုလိပ်များဝင်လာကြလေသည်။ သူတို့သည်လက်များကို ခေါင်းပေါ်အထိမြှောက်ထား ယင်း၊ ယှဉ်တွဲ၍ရပ်နေခဲ့ကြလေသည်။
....... ....... ....... ...... ....... ....... ....... ....... ....... ....... .......
၁၉၄၃ ခုနှစ် မေလ ၁၉ ရက်နေ့။
ယနေ့ည သူတို့သည် ကျနော်၏ဂုစတီနာကို “အလုပ်လုပ်ခိုင်းရန်” ပိုလန်ပြည်သို့ ခေါ်သွားကြပေတော့မည်။ အူရောင်ရောဂါဖြင့် သေရန် ဂယ်လေ များသို့ ခေါ်သွားကြပေတော့မည်။ သူ့အနေနှင့် ရက်သတ္တပတ်အနည်းငယ်၊ သို့မဟုတ် နှစ်လ၊ သုံးလလောက်သာ အသက်ရှင်နေကောင်း ရှင်နေလိမ့်မည်။ ကျနော်၏ အမှုတွဲကိုလည်း ရုံးသို့တင်လိုက်ပြီဟု ပြောသံကြားရသည်။ ပန်းကရာ့စ်တွင် နောက်ထပ် လေးပတ်လောက် အစစ်ခံရလျှင် ခံရဦးမည်၊ ထိုမှတဖန် အဆုံးသတ်အထိ နှစ်လ သုံးလမျှသာ ကျန်ပေတော့မည်။ ဤသတင်းမှတ်တမ်းကား အဆုံးသတ်နိုင်တော့မည် မဟုတ်။ ဤရက်အနည်းငယ်ကလေးအတွင်း အကြောင်းသင့်က ဆက်၍ရေးရန် ကြိုးစားဦးမည်။ ယနေ့အဖို့ကား သတင်းမှတ်တမ်းကို ဆက်၍မရေးနိုင်တော့။ ယနေ့အဖို့ ကျနော်၏ ခေါင်းနှင့်နှလုံးသားတို့ သည် ဂုစတီနာဖြင့်သာ ပြည့်လျှံနေသည်။ သူကား ကျက်သရေရှိသူတယောက်၊ နက်နက်ရှိုင်းရှိုင်းကြီး သဘောထားပြည့်သူတယောက်ဖြစ်သည်။ တိုတောင်း၍ ငြိမ်သက်မှုလည်း မရှိခဲ့သော ကျွန်တော့်ဘ၀တွင် ရှာမှရှား၍ အားထားလောက်သော အပေါင်းအဖော်တယောက်လည်း ဖြစ်ခဲ့ပါသည်။
ဂယ်လေ - အကျဉ်းသမားများ အလုပ်ကြမ်းလုပ်မည့်နေရာကို တင်စား၍ ခေါ်ခြင်းဖြစ်သည်။ ဂယ်လေဆိုသည်မှာ ရှေးကာလတွင် ကျွန်များ၊ အကျဉ်းသမားများ ပင် ပန်းစွာ လှော်ခတ်ရသည့် လှေကြီးတမျိုးဖြစ်သည်။
ညနေတိုင်းညနေတိုင်း ကျနော်သည် သူကြိုက်တတ်သော သီချင်းတပုဒ်ကို ဆိုပြနေပါသည်။ စတဲ့ပ် ကွင်းပြင်ကြီးမှ မြက်ခင်းပြာလဲ့လဲ့များသည် ပြောက်ကျားတိုက်ပွဲများ၏ မော်ကွန်းတို့ဖြင့် အသံမြည်နေကြသည့် အကြောင်း၊ ယောက်ျားများနှင့် ရင်ဘောင်တန်း၍ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်လှမ်းခဲ့ သော အမျိုးသမီးတယောက်အကြောင်း၊ ထိုအမျိုးသမီး၏ သတ္တိရှိပုံ၊ တိုက်ပွဲတပွဲ၌ကား မည်ကဲ့သို့ ကောဇာ့က်“ယေး ပေါဒညတ်ဆယာ စဇဲမလီ ည်ပရီရှလော့စ်” ဟူ၍ ဖြစ်သွားသည့်အကြောင်းများလည်း ပါလေသည်။
ကောဇာ့က် - ရှေးဇာဘုရင်များလက်ထက်က မြင်းတပ်သားများအဖြစ် အသုံးချခဲ့သော လူစုတစု။ အောက်တိုဘာ တော်လှန်ရေးနှင့် ပြည်တွင်းစစ်ခေတ်များတွင် အမြင်မှန်ရသော ကောဇာ့က်တို့သည် တော်လှန်ရေးတပ်သားများ ဖြစ်လာကြသည်။
“ယေး ပေါဒညတ်ဆယာ စဇဲမလီ ည်ပရီရှလော့စ်” - (ရုရှစကား) မထနိုင်ဘဲ မြေပေါ်တွင် လဲ၍နေတော့သည်။
ဗော့တ် မာယီ ဒရူဈော့က် ဘောထဲဗောယီ။ မျက်နှာက ပန်းပုလက်ရာလို ဖြောင့်ဖြောင့်ရှင်းရှင်း၊ ကလေးဆန်တဲ့ မျက်လုံးကြီးတွေမှာ ကြင်နာမှုတွေ အပြည့်၊ ဒါပေမယ့် ဒီလက်တဆုပ် ကိုယ်ခန္ဓာကလေးအတွင်းမှာ သတ္တိတွေ ဘယ်လောက်ရှိသလဲလို့။ တိုက်ပွဲကြောင့်၎င်း၊ မကြာခဏခွဲခွါသွားရခြင်းကြောင့်၎င်း၊ ကျနော်တို့နှစ်ဦးမှာ ထာဝရ သမီးရည်းစားများသဖွယ် ဖြစ်နေခဲ့ကြပါသည်။ သမီးရည်းစားများသဖွယ် တဘ၀အတွင်း၌ ပထမဆုံးသော အပွေ့အပိုက်၊ ပထမဆုံးသော အထိအတွေ့တို့ကို တကြိမ်တည်းသာမဟုတ်၊ အကြိမ်ပေါင်းတရာ ကြုံတွေ့ခံစားခဲ့ကြရပါသည်။ သို့စဉ်လျက် ကျနော်တို့၏ နှလုံးသားများမှ သွေးတိုးချက်များမှာ တချက်တည်း ညီနေသည်။ ပျော်ရွှင်မှု၊ ကျဉ်းကြပ်မှု၊ စိတ်လှုပ်ရှားမှု၊ သို့မဟုတ် ၀မ်းနည်းမှုတို့ဖြင့် ပြည့်နေသော နာရီများတွင်လည်း တလေတည်းကို ရှူရှိုက်ခဲ့ကြပါသည်။
ဗော့တ် မာယီ ဒရူဈော့က် ဘောထဲဗောယီ။ - (ရုရှစကား) ကြည့်လိုက်စမ်း၊ အဲဒါပဲ ကျုပ်ရဲ့ အချစ်၊ ကျုပ်ရဲ့ ရဲဘော် ရဲဘက်။
ကျနော်တို့သည် နှစ်ပေါင်းများစွာ တွဲဖက်၍ အလုပ်လုပ်ခဲ့ကြသည်။ အချင်းချင်းလည်း ရဲဘော်တယောက်ကသာ ရဲဘက်တယောက်ကို ကူညီနိုင် သည့်နည်းမျိုးဖြင့် ကူညီခဲ့ကြပါသည်။ နှစ်ပေါင်းကြာမြင့်စွာပင် ကျနော်ရေးသောစာတိုင်းကို ပထမဆုံးဖတ်၍ ပထမဆုံးဝေဖန်ခဲ့ပါသည်။ ကျနော်၏ကျောဘက် မှနေ၍ ချစ်စနိုးဖြင့် သူကြည့်နေသည်ကို မခံစား မထိတွေ့ရပါက၊ ကျနော့်အတွက် စာအရေးရခက်နေတတ်ပါသည်။ ကျနော်တို့အဖို့ လုံးဝမခေါင်းပါးခဲ့သော တိုက်ပွဲများတွင်၊ နှစ်ယောက်သား ယှဉ်တွဲလျက် ရပ်တည်နေခဲ့ကြသည်။ ကျနော်တို့နှစ်သက်သော ဒေသအရပ်ရပ်သို့လည်း၊ နှစ်ပေါင်းများစွာ လက်တွဲ၍ လည် ပတ်ခဲ့ကြပါသည်။ ကျနော်တို့သည် အခက်အခဲပေါင်းများစွာကို ခံစားခဲ့ကြလျက်၊ ရွှင်လန်းမှုကြီးများကလည်း မြောက်များစွာကြုံတွေ့ကြရပါသည်။ ထိုရွှင်လန်းမှု ကြီးများ၏ အရသာတို့ကို ခံစားနိုင်သည်မှာ ကျနော်တို့အနေနှင့် လူဆင်းရဲတို့၏ ပစ္စည်းဥစ္စာ၊ ဆိုလိုသည်မှာ ရင်တွင်း၌ရှိသော ပစ္စည်းဥစ္စာအားဖြင့် ကြွယ်ဝကြ သောကြောင့်လည်း ဖြစ်ပါသည်။
ဂုစတီနာလား။ ကြည့်စမ်းပါအုံး ... ဟောဒါပဲ ဂုစတီနာ ...
လွန်ခဲ့သော ဇွန်လအလည်ပိုင်း၊ မာရှယ်လောကြေညာပြီးစအချိန်က ဖြစ်သည်။ ကျနော်အဖမ်းခံရပြီးနောက် ခြောက်ပတ်မျှအကြာတွင် ဖြစ်သည်။ သူခမြာ ကျနော်သေပြီဟူသော သတင်းများကို ကြားပြီးသည့်နောက်ပိုင်း၊ တမြုံ့မြုံ့ဆွေးနေခဲ့ရသည့်နေ့များ၏ နောက်ပိုင်းတွင် ကျနော့်အား ပထမဆုံးအကြိမ် အဖြစ် တွေ့ဆုံခဲ့ရပါသည်။ ကျနော်စိတ်ပျော့သွားအောင် သူ့အားခေါ်သွင်းလာကြပါသည်။
“ခင်ဗျားယောက်ျားကို နားချစမ်းပါ” ကျနော်တို့နှစ်ဦးအား မျက်နှာချင်းဆိုင်ပေးရင်း၊ ဌာနအကြီးအကဲလုပ်သူက သူ့အားပြောပါသည်။ “ဉာဏ်ကို လွှာသုံးဖို့ နားချစမ်းပါ။ ကိုယ့်ကိုယ်ကိုယ်မငဲ့ရင်၊ အနည်းဆုံးခင်ဗျားကိုငဲ့ပါစေ။ ကဲ၊ ခင်ဗျားတို့စဉ်းစားဖို့အချိန်တနာရီပေးမယ်။ ဒီနောက်တောင် သူခေါင်းမာနေအုံး မယ်ဆိုရင်တော့၊ ဒီနေ့ညနေ ခင်ဗျားတို့နှစ်ယောက်စလုံးကို ပစ်သတ်မယ် ... နှစ်ယောက်စလုံး ...”
ဂုစတီနာသည် သူ၏အကြည့်ဖြင့် ကျနော့်အား ယုယနှစ်သိမ့်လိုက်သည်။ ၎င်းနောက် အေးအေးကလေးပင် အဖြေပေးလိုက်သည်။
“အရာရှိကြီးရဲ့ ဒီဟာ ကျွန်မကို ကြောက်သွားအောင် လုပ်နိုင်မယ့်ခြိမ်းချောက်မှုမဟုတ်ပါဘူး။ ဒါဟာကျွန်မရဲ့ နောက်ဆုံးဆန္ဒပါပဲ။ သူ့ကို သတ်မယ်ဆို ရင် ကျွန်မကိုလဲ သတ်ပစ်လိုက်ပါ။”
ကြည့်စမ်း။ ဒါပဲ ဂုစတီနာ။ အချစ်စိတ်နဲ့ တည်ငြိမ်တဲ့စိတ်။ ကိုယ်တို့ကို သူတို့သတ်ချင်သတ်နိုင်ကြတယ်။ ဟုတ်တယ်မဟုတ်လား ဂုစတီနာ။ ဒါပေမဲ့ ကိုယ်တို့ရဲ့ ဣနြေ္ဒနဲ့ ကိုယ်တို့ရဲ့ အချစ်ကိုတော့ ဘယ်တော့မှ ချေမှုန်းလို့ ရမှာမဟုတ်ဘူး။
အို ... လူအပေါင်းတို့ ဒီကွေကွင်းမှုတွေကို ကျော်လွန်ပြီးကြတဲ့နောက် ကျနော်တို့နှစ်ဟာ ပြန်တွေ့ကြမယ်ဆိုရင် ဘယ်လိုများနေကြမယ်ဆိုတာ ခန့်မှန်းနိုင်ကြပါရဲ့လား။ အချုပ်အချယ်ကင်းပြီး ဖန်တီးတည်ထောင်မှုတွေနဲ့ လှပနေမယ့် လွတ်လပ်တဲ့ဘ၀ကြီးမှာ ပြန်တွေ့ကြမယ်ဆိုပါတော့။ ကျနော်တို့ တောင့်တခဲ့ကြတာတွေ၊ မရရအောင် တိုက်ပွဲဝင်ခဲ့တာတွေ၊ အခုလဲ ဒီရည်မှန်းချက်တွေအတွက် အသက်ပေးကြတော့မယ်။ အဲဒီဟာတွေအားလုံး တကယ်ပေါ်ထွန်းလာတဲ့အခါမှာ ပြန်တွေ့ကြမယ်ဆိုပါတော့။ အမှန်အားဖြင့်ဆိုသော် သေပြီးသည့်တိုင်အောင်လဲ ကျနော်တို့သည် ခင်ဗျားတို့၏ ကြီးမားသော ပျော်ရွှင်မှု၏ တနေရာ တစိတ်တပိုင်းကလေးတွင် ဆက်လက်၍ နေထိုင်မြဲ နေထိုင်ကြမည်သာဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့သည် ဤပျော်ရွှင်မှုကြီးအတွင်းသို့ ကျနော်တို့၏အသက်များကို ပေးသွင်းခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုအချက်ကြောင့်လည်း၊ ခွဲခွါသည့်အခိုက်တွင် ၀မ်းနည်းစရာ ဖြစ်နေသော်လည်း ကျနော်တို့အတွက် ၀မ်းသာအားရစိတ်ပေါ်နေခဲ့ပါသည်။
ဂုစတီနာနှင့်ကျနော့်အား နောက်ဆုံးအနေဖြင့် နှုတ်ဆက်ရန်ပင် ခွင့်မပေးကြ။ ပွေ့ပိုက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းတို့ကိုပင် ခွင့်မပြုကြ။ ကာရလောဗာ နှင့် ပန်းကရာ့စ် ထောင်နှစ်ထောင်အကြား ဆက်စပ်ထားသော ထောင်တွင်းအစုအပေါင်းကသာ ကျနော်တို့နှစ်ဦးအတွက် တယောက်၏သတင်း တယောက်ထံသို့ ဆောင်ကျဉ်းပေးကြသည်။
ကိုယ်တို့ တယောက်နဲ့တယောက် ပြန်မတွေ့ကြဖို့က များတယ်ဆိုတာ မင်းလဲသိတယ်၊ ဂုစတီနာ၊ ကိုယ်လဲသိတယ်။ ဒါနဲ့တောင် မင်းအဝေးကနေပြီး လှမ်းပြောနေတာကို ကိုယ်ကြားနေသေးတယ်။ ပြန်ပြီးတွေ့ကြအုံးစို့ ... အချစ်ရေ ... တဲ့။
ပြန်တွေ့ကြသေးတာပေါ့ ... မောင့် ဂုစတီနာရေ။
....... ....... ....... ....... ....... ....... ....... ....... ....... ....... .......
ကျနော်၏ သေတမ်းစာ။
ကျနော့်တွင် ကိုယ်ပိုင်စာကြည့်တိုက်မှတပါး ပစ္စည်းဟူ၍ ဘာတခုမျှမရှိခဲ့။ ထိုစာကြည့်တိုက်ကိုပင် ဂက်စတာပိုက ဖျက်ဆီးပစ်ခဲ့လေပြီ။
ကျနော်သည် ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆောင်းပါးများ၊ သတင်းမှတ်တမ်းများ၊ စာပေနှင့်သဘင်ဆိုင်ရာ လေ့လာစာတမ်းများနှင့် အစီရင်ခံစာများကို အမြောက်အများရေးခဲ့သည်။ ၎င်းတို့အနက် အများအပြားမှာ ခေတ်နှင့်သာဆိုင်၍ ခေတ်နှင့်ပင် ဘ၀ဆုံးခဲ့သည်။ ၎င်းတို့ကိုကား ရှိပါစေတော့။ သို့သော် အချို့စာများကား ဘ၀သို့ အကြုံးဝင်သည်။ ယခင်ကသော်၊ ဂုစတီနာက ထိုစာများကို စီစဉ်ထုတ်ဝေလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ သို့သော် ထိုသို့ဖြစ်နိုင်မည့် အလားအလာကား အလွန်နည်းပါးသွားလေပြီ။ ထို့ကြောင့် အဆိုပါစာများမှ ရွေးချယ်၍ အောက်ပါအတိုင်း စာအုပ် ငါးအုပ်ဖွဲ့ရန်၊ ရိုးသားဖြောင့်မတ်လှသည့် မိတ်ဆွေ လားဂျာ၊ ရှတောလ် အား တောင်းပန်ခဲ့ပါသည်။
(၁) နိုင်ငံရေးဆောင်းပါးများနှင့် အငြင်းအခုန်စာပေများ။
(၂) ပြည်တွင်းရေးရာများနှင့်ပတ်သက်သော လက်ရွေးစဉ်သတင်းမှတ်တမ်းများ။
(၃) ဆိုဗီယက်ယူနီယံအကြောင်း လက်ရွေးစဉ် သတင်းမှတ်တမ်းများ။
(၄) နှင့် (၅) စာပေနှင့် သဘင်ဆိုင်ရာ ဆောင်းပါးများနှင့် လေ့လာချက်များ။
အများအားဖြင့် ထိုစာများကို တဗောရဘာ ဂျာနယ်နှင့် ရူဒဲပရာဗော သတင်းစာများတွင် တွေ့နိုင်သည်။ အချို့ကို ကမဲန်။ ပရာမဲန်။ ပရောလဲတကုလ်တ်။ ဒေါဘာ။ ဆောစီယဲလိစတာ၊ အဗန့်တဂါရ်ဒ် စသည်တို့တွင် တွေ့နိုင်သည်။
ကမဲန်။ ပရာမဲန်။ ပရောလဲတကုလ်တ်။ ဒေါဘာ။ ဆောစီယဲလိစတာ၊ အဗန့်တဂါရ်ဒ် - ဒုတိယ ကမ္ဘာစစ်မဖြစ်မီက ထုတ်ဝေခဲ့သော ဂျာနယ်မဂ္ဂဇင်းများ။
ပုံနှိပ်ထုတ်ဝေသူ ဂီရဂါလ် ထံတွင် (ရန်သူများဝင်ရောက် စိုးမိုးနေသည့်အခါ၌ပင် ကျနော်၏ ဘောဇဲနာ၊ ညဲမစောဗား စာအုပ်ကို မဆုတ်မငြင်း ထုတ် ဝေရဲသော သတ္တိကြောင့် သူ့အား ကျနော်ချစ်ခင်လှပါသည်။)
ဘောဇဲနာ၊ ညဲမစောဗား - ညဲမစောဗား (၁၈၂၀ - ၁၈၆၂) ချက်အမျိုးသမီး စာရေးဆရာ။ ဇဲယဲရ် (၁၈၄၁ - ၁၉၀၁) ချက်ကဗျာဆရာ။ ဆာဘီနာ (၁၈၁၃ - ၁၈၇၇) ချက်သတင်းစာဆရာ၊ စာရေးဆရာ။
ယူးလိယုစ်၊ ဇဲယဲရ်အကြောင်း လေ့လာချက် လက်ရေးစာမူရှိပါသည်။ ယဲလီနက်တို့၊ ဗီဆုရှီလ်တို့၊ ဆူခါးနက်တို့ နေထိုင်ခဲ့ကြသော အိမ်အတွင်းတနေရာရာ၌လည်း ဆာဘီနာအကြောင်း လေ့လာစာနှင့်ယန်၊ နဲရုဒါ အကြောင်းမှတ်ချက်များကို ၀ှက်ထားသည်။ ထိုအိမ်တွင်နေခဲ့သူများအနက် အများစုကားအနိစ္စရောက်ခဲ့ကြလေပြီ။
ကျနော်သည် ကျနော်တို့၏ခေတ်အကြောင်း ၀တ္ထုရှည်ကြီးတပုဒ်ကို စတင်၍ရေးသားခဲ့သည်။ အခဏ်းနှစ်ခဏ်းမှာ ကျနော်၏ မိဘများထံတွင်ရှိသည်၊ ကျန်သမျှကား အဖျက်ဆီးခံရပြီဟု ထင်သည်။ ဂက်စတာပို၏ အမှုဖိုင်တွဲများထဲတွင်၊ ကျနော်၏၀တ္ထုတို လက်ရေးစာမူအချို့ကို တစေ့တစောင်း မြင်မိပါသည်။
ယန်၊ နဲရုဒါအပေါ် ကျနော်ချစ်ခဲ့သမျှတို့ကို နောင်မွေးဖွားလာမည့် စာပေသမိုင်းဆရာအတွက် အမွေပြု၍ထားရစ်ခဲ့ပါသည်။ နဲရုဒါသည် ကျနော်၏အ ကြီးဆုံးသော ကဗျာဆရာကြီးဖြစ်သည်။ ကျနော်တို့ကိုပင် ဖြတ်ကျော်လျက်၊ အနာဂတ်သို့ဝေးလံစွာ မြင်တတ်ခဲ့သောသူဖြစ်သည်။ သို့စင်လျက်သူ့အား သဘော ပေါက်လျက် သူ့ကိုလဲ တန်ဘိုးထားသော ကျမ်းတစောင်တလေမျှ ထွက်မလာသေး။ နဲရုဒါကို ပစ္စည်းမဲ့အဖြစ်ပြရန်လိုသည်။ ဆရာတို့သည် သူ၏အပေါ်အင်္ကျီ နောက်မြီးတွင် ကြည်နူးစရာ မာလာစတရာနာ ၀တ္ထုတိုများကိုသာ တွယ်ချိတ်ပေးခဲ့ကြသည်။ သို့သော် ရှေးမာလာစတရာနာ ရပ်ကွက်၏ “ကြည်နူးစရာ့” အသိုင်း အ၀ိုင်းတွင်မူ နဲရုဒါမှာ “တေလေဂျပိုးတယောက်ဖြစ်ခဲ့သည်” ကို မမြင်ကြ။
“တေလေဂျပိုးတယောက်ဖြစ်ခဲ့သည်” - နဲရုဒါက မိမိ၏ကလေးဘ၀ကို ဖော်ပြရေးသားခဲ့သော ၀တ္ထုတိုတပုဒ်၏အမည်။
နဲရုဒါသည် စမီးခေါဗ် ရပ်ကွက်၏ အစွန်အဖျား၊ အလုပ်သမားများနေထိုင်ကြသော ပတ်ဝန်းကျင်၌မွေးဖွားခဲ့သည်။ သူ၏ “သင်္ချိုင်းမှ ပန်းမာလာများ” အတွက် မာ လာစတရာနာသင်္ချိုင်းသို့ သွားရာတွင် ရင်းဂဟောဖဲရ် စက်ရုံကြီးများဘေးမှ ဖြတ်၍သွားရသည်။ ဤသည်တို့ကို မမြင်ကြ။ ဤအချက်တို့ကို မမြင်လျှင် “သင်္ချိုင်းမှ ပန်းမာလာများ” ဟူသော ကဗျာအစုအစ “၁၈၉၀ ခုနှစ် မေလတရက်နေ့” ဟူသော စာညွန့်အဆုံး၊ နဲရုဒါအား ခင်ဗျားသဘောပေါက်နိုင်လိမ့်မည်မဟုတ်။ နဲရုဒါ၏ ကဗျာရေးစပ်ခြင်းများမှာ၊ သူ၏ သတင်းစာဆရာအလုပ်များကြောင့် အရှိန်သေခဲ့ရသည်ဟု မြင်သူက မြင်ကြသည်။ ထိုးထွင်းပေါက်ရောက်စွာမြင်တတ်သော ရှာလဒါ လို ပုဂ္ဂိုလ်မျိုးကပင် ဤသို့ယူဆသည်။
ရှာလဒါ - ရှာလဒါ (၁၈၆၇ - ၁၉၃၇) ချက်စာပေဝေဖန်ရေးဆရာ။
သို့သော် ထိုအယူအဆကား လုံးဝအခြေအမြစ်မရှိ။ သတင်းစာဆရာဖြစ်၍သာလျှင် နဲရုဒါသည် “ရှေးပုံပြင်များနှင့် ဒဏ္ဍာရီများ” ကဲ့သို့ ကောင်းမွန်ခံ့ညားလှသည့် လက်ရာကိုလည်းကောင်း၊ သို့မဟုတ် “သောကြာနေ့သီချင်းများ” ကိုလည်းကောင်း၊ “အကြောင်းအရာရိုးရိုးကလေးများ” ဟူသော ကဗျာများမှ အများစုကိုလည်းကောင်း၊ ရေးသားနိုင်ခဲ့ခြင်းဖြစ် သည်။ သတင်းစာဂျာနယ်လုပ်ငန်းသည် လူတယောက်တွင်ရှိသော အင်အားဟူသ၍တို့ကို စုပ်ယူတတ်သည်။ စိတ်လေလွင့်ကောင်းပင် လွင့်စေသည်ထင်သည်။ သို့သော်လဲထိုအလုပ်သည် သတင်းစာဆရာအား စာဖတ်သူနှင့်ဆက်စပ်ပေးသည်၊ ကဗျာစပ်ရာတွင်ပင် ဖန်တီးမှုကိုသင်ပေးသည် သို့သော်၊ သတင်းစာဆရာဘက် ကလဲ နဲရုဒါကဲ့သို့ ဖြောင့်မတ်တည်ကြည်ရန် လိုပေလိမ့်မည်။ ခေတ်နှင့်ဆက်စပ်နေသော သတင်းစာများနှင့်သာ မပေါင်းဖက်လျှင်၊ နဲရုဒါသည် ကဗျာစာအုပ် အမြောက်အများရေးကောင်း ရေးခဲ့မည်။ သို့သော် ထိုစာအုပ်များကား ယခုလက်ရှိ နဲရုဒါ၏စာများကဲ့သို့၊ ရာစုနှစ်အဟောင်းမှ လက်ငင်းအချိန်အထိ သက်ဆိုးရှည်ကြ မည်မဟုတ်ပေ။
ဆာဘီနာအကြောင်း စာတမ်းကိုလဲ တယောက်ယောက်က အဆုံးသတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ လုပ်ထိုက်သော အလုပ်တရပ်ပင် ဖြစ်ပါ သည်။
ကျနော်၏မိဘများသည် သူတို့၏အချစ်၊ သူတို့၏ရိုးသားသောကျက်သရေတို့အတွက် နေပွင့်သောဆောင်းဦးရာသီကို မလွဲဧကန်ရကြစေရန် ကျနော် ၏လုပ်ငန်းအ၀၀တို့ကို ဦးတည်၍ ထားခဲ့ပါသည်။ သူတို့အတွက်ချည့်လည်း မဟုတ်ပါ။ ကျနော်မရှိတော့သည့်အတွက်ကြောင့် ဤစေတနာအတိုင်း မဖြစ်နိုင်သည် မရှိ ပါစေသတည်း။ “အလုပ်သမားကား အနိစ္စသဘောတရားကို မလွန်ဆန်နိုင်၊ အလုပ်ဟူသည်ကား ဆက်လက်၍အသက်ဝင်နေသည်”။ ထို့ကြောင့် ကျနော့် မိဘများကို ၀န်းရံနေမည့် အနွေးဓာတ်နှင့် အလင်းရောင်ဝယ်၊ ကျနော်လည်း အမြဲမပြတ် လက်ပွန်းတတီး ရှိနေလိမ့်မည်သာတည်း။
ဖေဖေနှင့်မေမေတို့အနေဖြင့် ကျနော်တို့မိသားစုအတွင်း ဟာသွားသောအကွက်ကို မေ့မေ့ပျောက်ပျောက်ဖြစ်နေရန် မိမိတို့၏ သီချင်းသံများဖြင့် ဖြည့် တင်းပေးကြပါမည့်အကြောင်း၊ နှမဖြစ်သူ လီဘာနှင့်ဗြဲရကာ တို့အား မေတ္တာရပ်ခံခဲ့ပါသည်။ သူတို့နှစ်ယောက်သည် ပက်ချက်နန်းတော်အတွင်းသို့ ထောင်ဝင်စာ ခံလျက် ကျနော်တို့အား လာ၍တွေ့ရာတွင်၊ မျက်ရည်များကို အနိုင်နိုင်မြိုသိပ်ခဲ့ကြရရှာသည်။ သို့သော်လဲသူတို့၏ ကိုယ်တွင်း၌ကား ရွှင်လန်းမှုသည် ရှင်၍နေ သည်။ ထို့အတွက်ကြောင့်လဲ သူတို့အား ကျနော်ချစ်သည်။ ထို့အတွက်ကြောင့်လဲ ကျနော်တို့တယောက်နှင့်တယောက် ချစ်ကြခြင်းဖြစ်သည်။ သူတို့ကား ရွှင်လန်း မှုသည် ပျိုးကြဲသူများဖြစ်ကြသည် - ဤသဘာဝသည် သူတို့၌ အမြဲမပြတ် တည်မြဲနေပါစေသတည်း။
ဤနောက်ဆုံးတိုက်ပွဲကို ဖောက်ထွက်ကြမည့် ရဲဘော်များနှင့် ကျနော်တို့၏နောက်သို့ လိုက်လာကြမည့် ရဲဘော်တို့အား လှိုက်လှဲစွာ လက်ဆွဲနှုတ်ဆက် ခဲ့ပါသည်။ ကျနော်တို့ကား ကျရောက်လာသော တာဝန်ကို ကျေပြွန်ခဲ့ကြပါပြီ။
ထပ်လောင်း၍ ဆိုပါဦးမည်။ ကျနော်တို့သည် ရွှင်လန်းမှုအတွက် ဤလောကတွင် နေထိုင်ခဲ့ကြသည်။ ရွှင်လန်းမှုအတွက် တိုက်ပွဲသို့ဝင်ခဲ့ကြ၍၊ ရွှင် လန်းမှုအတွက်ပင် အသေခံခဲ့ကြပါပြီ။ ထို့ကြောင့်ပင် ကျနော်တို့၏ အမည်များနှင့် ပူဆွေးဝမ်းနည်းခြင်းဟူသည်ကား တွဲလျက်သားမရှိပါစေသတည်း။

၁၉၊ ၅၊ ၄၃။ ယ၊ ဖ။

၁၉၄၃ ခုနှစ်၊ မေလ ၂၂ ရက်။
အဆုံးသတ်၍ လက်မှတ်ထိုးခဲ့ပြီ။ စစ်ဆေးစုံစမ်းသူတရားသူကြီးနှင့်ကား ယမန်နေ့ကပင်ကိစ္စပြီးခဲ့ပြီ။ ကျနော်တွက်ထားသည်ထက်ပင် ပို၍မြန်နေ သည်။ ကျနော်တို့၏အမှုကို တက်သုတ်ရိုက်နေကြပုံပေါ်သည်။ ကျနော်နှင့်တမှုတည်းစွဲချက် အတင်ခံရသူများကား လီဒါ၊ ပလာခါ နှင့် မီးရက် တို့ဖြစ်သည်။ သူရဲ ဘောကြောင်မှုသည်၊ သည်လူ့အတွက် ဘာကလေးတခုမျှ အကျိုးမထူးခဲ့ပေ။
စစ်ဆေးစုံစမ်းသူ တရားသူကြီး၏ ရုံးတွင်ကား အစစအရာရာမှာ စည်းကမ်းဥပဒေအရ တိကျလှသည်။ အေးစက်လိုက်သည်မှာလဲ ထုံကျင်နေသည် အထိ ဖြစ်သည်။ ဂက်စတာပိုတွင် ကြုံတွေ့ရသမျှတို့ကား ဘ၀၏တစိတ်တပိုင်းဖြစ်နေခဲ့သေးသည်။ ဆိုးဝါးလှသော်လဲ ဘ၀၏တစွန်းတစပင်ဖြစ်နေသေးသည်။ စိတ်များမာန်များဟူ၍ ရှိနေခဲ့သေးသည်၊ တဘက်တွင် တိုက်ပွဲဝင်နေသူတို့၏ စိတ်မာန်များရှိသည်၊ ဒုတိယတဘက်တွင် အမဲလိုက်သူများ၊ သားရဲတိရိစ္ဆာန်များ၊ သို့မဟုတ် သာမန်ဓားပြရိုးရိုးတို့၏ စိတ်မာန်များရှိသည်။ အဆိုပါ ဒုတိယတဘက်မှ အချို့သောသူတို့တွင် ယုံကြည်ချက်ကလေးအစ ဘာကလေးအစပင် ရှိနေခဲ့ သေးသည်။ ဤနေရာ စစ်ဆေးစုံစမ်းသူ တရားသူကြီး၏ ရုံးခန်းတွင်ကား ရာထူးဌာနန္တရဟူသည်သာ ရှိသည်။ ကုတ်အင်္ကျီကော်လာများပေါ်မှ စကြာတံဆိပ် ဘိန်း မုန့်ကြီးများက ကိုယ်တွင်း၌မရှိသော ယုံကြည်ချက်ကို ဖော်ပြနေသည်။ ဤဘိန်းမုန့်ကြီးများသည် ဤခေတ်ကြီးအတွင်းမှ ကြံဖန်၍ကျော်ထွက်ရန် အလေ့ကျကြိုး စားနေသော သနားစဖွယ်အရာရှိစုတ်ကလေးတယောက်ကို ဒိုင်းသဖွယ်ကာကွယ်ပေးနေသည်။ သူကား တရားခံအပေါ် ဆိုးလဲမဆိုး၊ ကောင်းလဲမကောင်း။ ပြုံးလဲမ ပြုံး၊ မျက်မှောင်လဲမကြုတ်။ ရုံးသာထိုင်တော်မူလေသည်။ သူ၏ကိုယ်တွင်း၌ သွေးဟူ၍မရှိ၊ ဟင်းချို ရေကျဲကလေးသာ ရှိလေသည်။
သွန်၍သာ ရေးကြသည်၊ လက်မှတ်ထိုးကြသည်၊ ဥပဒေပုဒ်များနှင့် ၀င်ဆောင့်မိကြသည်။ စွဲချက်တွင် နိုင်ငံတော်သစ္စာဖောက်ခြင်း ဟူသောစကား ခြောက်ခါလောက် ပါသည်။ ဂျာမန်အင်ပါယာအား လုပ်ကြံခြင်း၊ လက်နက်ကိုင်ပုန်ကန်မှုအတွက် ပြင်ဆင်ခြင်း၊ နောက်ဘာများလဲ မသိထည့်ထားသေးသည်။ ၎င်း တို့အနက် အချက်တချက်တည်းကပင်လျှင် လိုရင်းသို့ရောက်လောက်ပါပေသည်။
ကျနော်သည် ဆယ့်သုံးလတိုင်တိုင်အခြားသူတို့၏ အသက်များနှင့် မိမိ၏ အသက်အတွက်ပါ လုံးပန်းနေခဲ့သည်။ သတ္တိကိုလဲ သုံးသည်။ စဉ်းလဲမှုလဲ သုံးခဲ့သည်။ ရန်သူတို့သည် “ရှေးခေတ်မြောက်ဘက်ဒေသမှ ပင်လယ်ဓားပြတို့၏ ကောက်ကျစ်စဉ်းလဲမှု” ကို အတုယူစရာတရပ်ဟု မိမိတို့၏ အစီအစဉ်များတွင် ထည့်ထားသည်။ ကျနော်သည်လဲ ဤစဉ်းလဲမှုမျိုးကို သုံးတတ်သည်ဟု ထင်ပါသည်။ သူတို့အနေနှင့် ဤအရည်အချင်းကိုသာမက၊ လက်ထဲ၌ ပုဆိန်ကိုလဲ ကိုင် ထားသောကြောင့်သာ ကျနော်ရှုံးရခြင်းဖြစ်ပါသည်။
သို့ဖြင့် ဤနပမ်းပွဲကား အဆုံးတိုင်လေပြီ။ စောင့်နေရန်သာရှိတော့သည်။ စွဲချက်ရေးဆွဲ၍ မပြီးသေးမီနှစ်ပတ် သုံးပတ်မျှစောင့်၊ နောက် ရိုခ် သို့ ခရီး ထွက်၊ ရုံးချိန်းသည့်ရက်ကိုစောင့်၊ အမိန့်ကျ၊ နောက်ဆုံးတွင် ကွပ်မျက်သည့်နေ့အထိ ရက်ပေါင်း ၁၀၀ စောင့်ဆိုင်းနေရပေလိမ့်မည်။
ရိုခ် - အင်ပါယာ။ ဟစ်တလာလက်ထက်က ဂျာမဏီပြည်ကို ရိုခ် ဟု ခေါ်ကြသည်။
ဤကား ရှေ့တွင်မြင်နိုင်သည့် အလားအလာဖြစ်သည်။ နောက်လေးလ သို့မဟုတ် ငါးလကြာလျှင်ကြာမည်။ ဤအချိန်အတွင်း အပြောင်းအလဲများ၊ များစွာပေါ် ပေါက်လာနိုင်သည်။ ဤအချိန်အတွင်း အစစအရာရာပင် ပြောင်းလဲသွားနိုင်သည်။ ထိုသို့ပြောင်းလဲသွားရန် အခြေအနေများရှိကောင်း ရှိမည်။ ဤနေရာမှကား ချင့် ချိန်၍မရ။ သို့သော် အပြင်ဘက်မှ အဖြစ်အပျက်များ ခြေသွက်လာခြင်းသည်ပင် ကျနော်တို့၏ အဆုံးသတ်ကို မြန်သည်ထက်မြန်သွားစေနိုင်သည်။ သို့နှင့်ပင် နှစ်ဘက်စလုံး မျှ၍သွားလေသည်။
ဤသည်ကား မျှော်လင့်ချက်နှင့် စစ်တို့၏ အပြေးပြိုင်ပွဲဖြစ်လေသည်။ သေခြင်းနှင့် သေခြင်းတို့၏ အပြေးပြိုင်ပွဲဖြစ်သည်။ မည်သည့်သေခြင်းက အ လျင်ရောက်လာမည်နည်း။ ဖက်ဆစ်ဝါဒီတို့၏ သေပွဲလော၊ ကျနော်၏သေပွဲလော။ ဤမေးခွန်းကို မေးနေသည်မှာ ကျနော်တယောက်တည်းသာလော။ ကျနော် တ ယောက်တည်းကား မဟုတ်၊ သောင်းနှင့်ချီသော အကျဉ်းသမားများကလဲ ဤသို့မေးနေကြသည်။ ဥရောပတ၀ှမ်းလုံး၊ ကမ္ဘာတ၀ှမ်းလုံးရှိ ကုဋေနှင့်ချီသော လူအ ပေါင်းတို့သည်လည်း ဤသို့မေးနေကြသည်။ အချို့တွင် မျှော်လင့်ချက်ပို၍ကြီးသည်၊ အချို့တွင် ပို၍ငယ်သည်၊ သို့သော်လဲ ဤသည်ကား ထင်ကြေးမျှသာဖြစ် သည်။ ပုပ်ဆွေးပြိုဆင်းနေသော အရင်းရှင်စနစ်က တကမ္ဘာလုံးကို လွှမ်းခြုံလိုက်သည့် အန္တရာယ်ကြီးများသည် လူတိုင်းလူတိုင်းအား ဒင်ပြည့်ကျပ်ပြည့် ခြိမ်း ခြောက်လျက် ရှိသည်။ နောက်ထပ် လူပေါင်းသိန်းချီ၍ ကျဆုံးကြဦးမည် - ဘယ်လောက် တန်ဘိုးရှိတဲ့လူတွေလဲ - ထို့နောက်ပိုင်းတွင်မှ ကျန်ရစ်သောသူများသည် ကျုပ်တော့ ဖက်ဆစ်ခေတ်ကို ကျော်လွန်နိုင်ခဲ့ပြီဟု ဖြေနိုင် ဆိုနိုင်ကြပေလိမ့်မည်။
ယခုအခါတွင် လပိုင်းလောက်ကသာ အဆုံးအဖြတ် ပေးလိမ့်မည်။ မကြာမီတွင်ပင် ရက်ပိုင်းလောက်ကသာ အဆုံးအဖြတ်ပေးပေတော့မည်။ ထိုရက် များသည်ပင် အရက်စက်အကြမ်းကြုတ်ဆုံးသော နေ့များဖြစ်ပေလိမ့်မည်။ စစ်ပွဲ၏ နောက်ဆုံးစက္ကန့်တွင်မှ၊ နှလုံးသားအတွင်းသို့ နောက်ဆုံးကျည်ဆံအ၀င်ခံလိုက် ရသော စစ်သား၏အဖြစ်သည် ၀မ်းနည်းဘွယ်ကောင်းလေစွဟူ၍ အစဉ်ပင် တွေးတောမိခဲ့ဘူးသည်။ သို့သော် တယောက်ယောက်သည် ထိုနောက်ဆုံးကျဆုံးသူ၏ နေရာကိုယူမည်သာဖြစ်လေသည်။ ထိုနောက်ဆုံးကျဆုံးသူ၏ နေရာကို ကျနော်ယူနိုင်သည်ဟု သိရလျှင်ကား၊ ယခုချက်ခြင်းပင် ထွက်ခွာသွားလိုလှပါသည်။
....... ....... ....... ....... ....... ...... ....... ....... ....... ....... .......
ပန်းကရာ့စ်တွင် ဆက်လက်နေထိုင်ရမည့်အချိန်ကား တိုတောင်းနေပြီဖြစ်သောကြောင့် ဤသတင်းမှတ်တမ်းကို မူလကြံရွယ်ရိုးရှိသည့်အတိုင်းရေးနိုင် တော့မည် မဟုတ်ပါ။ ပို၍ အကျဉ်းချုံ့ ရပေတော့မည်။ ခေတ်တခေတ်လုံးအကြောင်း သက်သေခံခြင်းထက် လူများအကြောင်းကို သက်သေခံသည်က ပိုလိမ့်မည်။ ဤကိစ္စကား အရေးကြီးဆုံးဖြစ်သည် ထင်သည်။
ကျနော်သည် ဤလူရုပ်သွင်များကို ရေးသားဖော်ပြရာ၌ ယဲလီနက်တို့ ဇနီးမောင်နှံနှင့်အစပြုခဲ့သည်။ သူတို့ကား ရိုးရိုးတန်းတန်းလူများဖြစ်ကြသည်။ သာမန်အခြေအနေများတွင် ခင်ဗျားအနေနှင့် သူတို့နှစ်ဦးအားသူရဲကောင်းများအဖြစ် မြင်တတ်မည်မဟုတ်ပေ။ အဖမ်းခံရသောအချိန်က သူတို့သည် လက်များကို ခေါင်းပေါ်အထိ မြှောက်ထားယင်း နှစ်ယောက်သားယှဉ်၍ ရပ်နေခဲ့ကြသည်။ သူကား ဖြူပတ်ဖြူရော်၊ သူမကား နားထင်အောက်တွင် တီဘီရောဂါသွေးများ လျှမ်း နေသည်။ သူမ၏ စံပြုလောက်အောင် သန့်ရှင်းသောအိမ်ခန်းကို ဂက်စတာပိုက ငါးမိနစ်အတွင်း ဇောက်ထိုးမိုးမြှော် လုပ်ပစ်လိုက်ကြသည်ကို မြင်ရသောအခါတွင် မျက်လုံးများ၌ ထိတ်လန့်သော အရိပ်အရောင်များပေါ်လာသည်။ နောက်မိမိ၏ ယောက်ျားဘက်သို့ ခေါင်းကိုဖြည်းညှင်းစွာ လှည့်၍မေးလိုက်သည်။
- ပဲပါ ..... ဘာတွေများဖြစ်အုံးမှာလဲဟင် .....
သူကား စကားနည်းသူတယောက်ဖြစ်သည်၊ စကားလုံးရှာရသည်မှာလဲ သူ့အတွက် အတော်ခက်သည်၊ စကားပြောနေရလျှင် သူ့အနေနှင့် စိတ်မငြိမ် မသက်ဖြစ်နေတတ်သည်။ ယခုသော် မပင်မပန်းအေးအေးသက်သာပင် အဖြေပေးလိုက်သည်။
- သွားပြီး သေကြရတော့မှာပေါ့၊ မားညာ။
သူမသည် အော်လဲမအော်၊ ဣနြေ္ဒလဲမပျက်။ သူတို့အား အစဉ်သဖြင့် ချိန်ထားသော ပစ္စတိုပြောင်းဝများရှေ့တွင်ပင် သူမ၏လက်ကိုညွှတ်၍ သူ့ထံသို့ လှမ်းပေးလိုက်သည်။ ထိုသို့ပြုလုပ်သည့်အတွက် သူရောသူပါပထမဆုံးအကြိမ် ပါးအရိုက်ခံကြရလေသည်။ သူမသည်ပါးကိုပွတ်ယင်း ၀င်ရောက်ကျူးကျော်သော သူများအား အနည်းငယ်အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ ပြီးလျှင် လှောင်သလို ပြောင်သလို နီးနီးအသံနေအသံထားနှင့် .....
- ရုပ်ရည်ကလေးတွေက သနားကမားနဲ့ - ဟုပြောလိုက်သည်။ နောက်သူမ၏အသံမှာပို၍ ကျယ်လာသည် - ရုပ်ရည်ကလေးတွေက သနားကမားနဲ့၊ ဒါပေမဲ့ မိုက်ကန်းလိုက်တဲ့ အကောင်တွေ။
မားညာ။ - ချက်ကိုယ်ပိုင်အမည်များကိုရင်းနှီးသည့်သဘော။ ချစ်စနိုးသည့်သဘောဖြင့် တမျိုးပြင်၍ခေါ်လေ့ရှိကြရာတွင် ယိုးဇက်အစား ပဲပါ။ မာရိယယ်အစား မား ညာ ဟုခေါ်ကြသည်။
သူမသည် ၎င်းတို့အား မှန်ကန်စွာအကဲဖြတ်ခဲ့လေသည်။ နောက်နာရီအနည်းငယ်ကြာသောအခါ သူမအား “အမှုစစ်သူ” အရာရှိ၏ ရုံးခန်းမှခေါ်ထုတ် သွားကြရာတွင် အရိုက်အနှက်များ အပြင်းအထန်ခံရသဖြင့် သတိလစ်နေလေသည်။ သို့သော်သူမထံမှ ဘာတခွန်းမျှမရခဲ့ကြ။ ဤတခါတွင်လဲ မရ၊ နောက်အခါ များတွင်လဲ ဘာကလေးတချက်မျှ မရခဲ့ကြပေ။
အစစ်မခံနိုင်ဘဲ အကျဉ်းခန်းထဲတွင် ကျနော်လဲနေစဉ်တုန်းက သူတို့ဘာတွေ ဖြစ်ခဲ့ကြသည်ကို ကျနော်မသိ။ ထိုတချိန်လုံးတွင် ဘာတခွန်းမျှမဖောက် ကြားခဲ့ကြသည်ကိုကား ကျနော်သိသည်။ ကျနော့်ကို စောင့်နေကြသည်။ ထို့နောက်ပိုင်းတွင်လည်း ပဲပါကို လက်ပြန်ကြိုးဘယ်နှစ်ခါတုတ်၍၊ ဘယ်နှစ်ခါ ရိုက်နှက်၊ ထိုးကြိတ်၊ကန်ကြောက်ခဲ့ကြပြီနည်း။ စစ်ဆေးမေးမြန်းနေသူများ ရေလိုက်လွဲကုန်ကြရန် မည်သည့်အချက်ကိုပြောနိုင်သည် သို့မဟုတ် မည်သို့ဖြေရမည်စသည်ဖြင့် ကျနော်က သူ့အားမပြောနိုင်သမျှ၊ ယုတ်စွအဆုံး မျက်ရိပ်ဖြင့် အချက်မပေးနိုင်သမျှ ကာလပတ်လုံး စကားတခွန်းမျှ မပြောခဲ့ပေ။
သူမကား ထိလွယ် နာလွယ်ခဲ့သည်၊ ၀မ်းနည်းစိတ် ကြီးခဲ့ဖူးသည်။ အဖမ်းမခံရမီက ဤသို့လျှင် သူမ၏သဘာဝကို အကဲခတ်မိသည်။ သို့သော် ဂက်စတာပို၏ လက်တွင်းရှိနေသမျှတချိန်လုံးတွင် သူမ၏ မျက်စိများ၌ မျက်ရည်ကလေးတပေါက်တလေမျှပင် မမြင်မတွေ့ခဲ့ရ။ သူမသည် မိမိတို့၏အိမ်ခန်းအပေါ် သံယောဇဉ်ကြီးသည်။ သို့သော် အိမ်ထောင်ပရိဘောဂများကို မည်သူခိုးယူသည်ကို သိကြောင်း၊ ထိုသူအား စောင့်ကြည့်နေကြကြောင်းဖြင့် အပြင်မှရဲဘော်များက သူမစိတ်သက်သာစေရန် သတင်းပေးကြသည့်အခါတွင် ဤသို့ ဖြေခဲ့သည်။
- အိမ်ထောင်ပရိဘောဂတွေ ဖြစ်ချင်ရာဖြစ်ပစေ၊ ဒါတွေနဲ့ ပတ်သက်ပြီးအချိန်ကုန် ခံမနေကြပါစေနဲ့။ ဒီထက်ပိုပြီး အရေးကြီးတဲ့ကိစ္စတွေရှိနေကြတဲ့ ကြားထဲမှာ အခုလဲ ကျမတို့ကိုယ်စား ပိုပြီးအလုပ်လုပ်ကြမယ်မဟုတ်လား။ အောက်ခြေသိမ်းကနေပြီး ဆေးကြောပစ်ဖို့က ပထမ။ ဒီအတောအတွင်း မသေဘူး ဆိုရင် နောက်တော့မှ ကျမအိမ်ကို ကျမကိုယ်တိုင်ရှင်းမယ်။
တနေ့သော် သူတို့နှစ်ယောက်အား ခေါ်ထုတ်သွားကြသည်။ တယောက်တကွဲ ခေါ်ထုတ်သွားကြသည်။ သူတို့ ဘာတွေဖြစ်ကုန်ကြသည်ကို သိရှိရန် ကျနော်စုံစမ်းသမျှကား အချည်းအနှီးပင် ဖြစ်ခဲ့သည်။ ဂက်စတာပိုလက်တွင်းသို့ ကျရောက်သွားသော သူများကား၊ လက်ရာပျောက်၊ ခြေရာဆုံး စုန်းစုန်းမြှုပ်သွား ကြသည်သာ ဖြစ်သည်။ သုဿာန်ပေါင်းတထောင်ဝယ် ပျိုးကြဲသလို ပြန့်ဆင်းသွားကြသည်။ ဤတုံလှုပ်ဖွယ်ရာသောပျိုးခင်းမှ မည်သို့သောစပါးများ ပေါ်ပေါက်လာ လိမ့်မည်နည်း။
သူမက နောက်ဆုံးစကား ဤသို့မှာကြားသွားသည်။
- ဆရာကြီး၊ ကျမဒီလိုဖြစ်သွားတဲ့အတွက် သနားမနေကြနဲ့၊ ကြောက်မသွားကြနဲ့လို့ အပြင်ကိုသတင်းပို့ပေးပါ။ အလုပ်သမားတာဝန်က လမ်းညွှန်တဲ့ အတိုင်း လုပ်စရာရှိတာကိုလုပ်ခဲ့ပြီ၊ ဒီအတိုင်း အသေခံမှာပါပဲ။
သူမကား “အစေခံတယောက်မျှသာ” ဖြစ်လေသည်။ ဂန္ထ၀င်စာပေကို သင်ကြားလေ့လာခဲ့ရသည် မဟုတ်၍လည်း၊ ရှေးယခင်အခါတရပ်က အောက် ပါအတိုင်း ဆိုခဲ့ကြဖူးသည်ကို မသိခဲ့ရှာပေ။
အိုဘယ့်ခရီးသည်။ ဥပဒေများကငါတို့အား ညွှန်ပြခဲ့ကြသည့်အတိုင်း ဤနေရာတွင်ငါတို့တတွေသေကြ လဲလျောင်းနေကြပြီဟူ၍ လာကယ်ဒါအိမောန် တို့အား ကြေညာလိုက်ပါတော့။
လာကယ်ဒါအိမောန် - ခရစ်မတိုင်မီ သက္ကရာဇ် ၄၈၀ ပြည့်၌ ကြီးမားသောပါရှားစ်စစ်တပ်များကို ခုခံရင်း အသေခံသွားကြသော စပါရတန်စစ်သည်တော်များအား ဂုဏ်ပြုသည့်ကျောက်တိုင်မှ စာတမ်း။

ဗီဆုရှီလ်တို့ ဇနီးမောင်နှံ
သူတို့လင်မယားသည်ယဲလီနက်တို့နှင့် တတိုက်တည်းကပ်လျက်သားအိမ်ခန်းတွင် နေထိုင်ခဲ့ကြသည်။ နာမည်များမှာလဲ ယိုးဇက်နှင့်မာရိယယ်ပင်ဖြစ် သည်။ အောက်တန်းစာရေး၏ အိမ်ထောင်ကလေးဖြစ်၍၊ ယဲလီနက်တို့ထက် အနည်းငယ်ပို၍အသက်ကြီးသည်။ ဆယ့်ခုနှစ်နှစ်သားအရွယ်က ဤ နုစလယ် အရပ် သား ဒေါင်ရှည်ရှည်ကို၊ စစ်ထဲသို့ဆွဲသွင်းကြ၍ ပထမကမ္ဘာစစ်ကြီးထဲသို့ ထိုးထည့်လိုက်ကြသည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း၌ပင် ဒူးတဖက်ကြေလျက် ပြန်ခေါ်လာကြသည်။ ဒူးမှအနာကား ပြန်၍ကျက်မလာတော့ချေ။ သူမမှာ ဘာရနော မြို့ စစ်တပ်ဆေးရုံတွင် သူနာပြုဆရာမအဖြစ် အလုပ်လုပ်နေခဲ့ရာ၊ ဆေးရုံတွင် ပင်နဖူးစာဆုံကြသည်။ သူမက သူ့ထက်ရှစ်နှစ်မျှပို၍ကြီးသည်။ စည်း၊ ၀ါးမကိုက်သောအိမ်ထောင်ဟောင်းမှ ဖျက်ထွက်လာသူဖြစ်သည်။ စစ်ပြီးသောအခါ ပဲပီက်နှင့် အိမ်ထောင်ကျသည်။ သူမကသူ့အပေါ်ဆက်ဆံပုံမှာ သူနာပြုဆရာသဘော၊ မိခင်သဘောမပျောက်ဘဲ ကျန်နေလေသည်။ ပစ္စည်းမဲ့အိမ်ထောင်များမှ ဆင်းသက် လာကြသူများ မဟုတ်သည်သာမက၊ ကိုယ်တိုင်လဲ ပစ္စည်းမဲ့အိမ်ထောင်ကဲ့သို့ မနေကြ။ ပါတီတွင်းသို့ သူတို့ရောက်လာသောလမ်းမှာ ပို၍ရှုပ်ထွေးသည်၊ ပို၍ ခက် ခဲသည် - သို့သော် ထိုလမ်းကို ရှာ၍တွေ့ကြလေသည်။ ထိုလမ်းကား - အခြားအခြားသောသူများလဲ အသုံးချခဲ့သလို - ဆိုဗီယက်ယူနီယံမှတဆင့် ကွန်မြူနစ်ပါတီ နှင့် ဆက်စပ်နေသောလမ်းဖြစ်လေသည်။ နိုင်ငံတော်ကို ရန်သူများဝင်ရောက်မစီးနင်းမီ ခပ်စောစောပိုင်းကပင် မိမိတို့လိုလားသော အချက်ကို မိမိတို့သဘော ပေါက်ခဲ့ ကြ၍ ဂျာမန်ရဲဘော်များကို မိမိတို့၏အိမ်ခန်း၌၀ှက်ထားခဲ့ဘူးကြသည်။
ပဲပီက် - ယိုးဇက်။
ဆိုဗီယက်ယူနီယံကို ဂျာမန်များဝင်ရောက်တိုက်ခိုက်သည့်နောက် အခက်အခဲဆုံးသော အချိန်များတွင်လည်းကောင်း၊ ၁၉၄၁ ခုနှစ် ပထမဆုံးအကြိမ် မာရှယ်လော ကြေညာထားသောကာလတွင်လည်းကောင်း၊ သူတို့၏ အိမ်၌ ဗဟိုကော်မတီဝင်များ တွေ့ဆုံလေ့ရှိကြသည်။ ထိုအိမ်တွင် ဟောန်းဇာ၊ ဇိကာနှင့် ဟောန်းဇာ၊ ချာရနီ တို့အိပ်လေ့ရှိကြသည်။ အထူးသဖြင့် ကျနော်သည်ထိုအိမ်၌ အများဆုံးအိပ်ခဲ့ဘူးသည်။ ဤနေရာတွင် ကျနော်တို့သည် ရူးဒဲပရေားဗော သတင်း စာကိုရေးကြသည်။ ဆုံးဖြတ်ချက်အများအပြားကို ပြုလုပ်ကြသည်။ ဤနေရာ၌ပင် “ကားရဲလ်” ဟု အမည်ပေးထားသော ချာရနီကို ပထမဆုံးအကြိမ် သိကျွမ်းခဲ့ရ ပါသည်။
သူတို့လင်မယားကား အနေအထိုင်ကျဉ်းကြပ်သည်အထိ အချိန်မှန်တတ်သည်။ အလိုက်သိသည်။ မြေအောက်လုပ်ငန်းတွင် တောင်လိုပုံနေတတ် သော ရှောင်တခင်ပြဿနာများကို မည်သို့ကိုင်ရတွယ်ရမည်ဟု အမြဲသိတတ်ကြသည်။ မှင်သေသေ လုပ်တတ်ကြသည်။ အမှန်အားဖြင့် “မီးရထားဘက်မှ” ဤသို့ သော သဘောကောင်းသည့် အောက်တန်းစားစာရေး အရပ်ရှည်ရှည်နှင့် “မမကြီး” ဗီဆုရှီလောဗာတို့သည် တရားမ၀င်သော ကိစ္စတရပ်နှင့်ပတ်သက် နေကြမည်ဟု မည်သူကမျှ စိတ်ကူးထဲသို့ ထဲ့မိကြမည်မဟုတ်ပေ။
သို့ပင်ဖြစ်စေကာမူ ကျနော်အဖမ်းခံရပြီး များမကြာမီပင် သူလည်းအဖမ်းခံရလေတော့သည်။ သူ့အားမြင်လျှင်မြင်ချင်း ကျနော့်မှာ အထူးတုန်လှုပ်သွား မိသည်။ သူ့ဆီကများပေါက်ကြားသွားမယ်ဆိုရင် ဘယ့်လောက်များဆိုးလိမ့်မလဲလို့။ သို့သော်သူကားရေငုံ၍နေခဲ့သည်။ သူသည် မိတ်ဆွေတယောက်အားလျှို့ဝှက် စာတမ်းတချို့ကို ဖတ်ရန်ပေးခဲ့သည်။ ထိုစာတမ်းများကြောင့် ဤနေရာသို့ ရောက်လာသည် - ဂက်စတာပိုကလည်း ထိုစာတမ်းကိစ္စထက်လွန်၍ ဘာမျှမသိရ။
လပေါင်းအနည်းငယ်မျှအကြာတွင် ပေါကောရနီနှင့် ပစ်ကဆောဗာ တို့၏ စည်းကမ်းမသေ၀ပ်မှုတို့ကြောင့်၊ ဗီဆုရှီလ်၏ နှမထံတွင် ဟောန်းဇာ၊ ချာရနီ နေထိုင်ကြောင်းကို ဂက်စတာပိုတို့ သိရှိသွားသည်။ ကျနော်တို့ ဗဟိုကော်မတီမှနောက်ဆုံး မောဟိကန် ဖြစ်သူ၏ ခြေရာများကို ဖော်ထုတ်ရန် ပဲပီက်အား နှစ်ရက် ဆက်၍ ထုံးစံအတိုင်း “စစ်” ကြလေတော့သည်။ တတိယနေ့တွင် နံပါတ်လေးရာသို့ရောက်လာသည်။ တင်ပါးချ၍ ထိုင်ရမည်ဆိုလျှင် ဒဏ်ရာအစိုများမှာ အကျိုး နည်း နာကျင်စေသည့်အတိုင်း ခုံတန်းလျားပေါ်တွင် ရွရွကလေးထိုင်ချလိုက်ပါသည်။ ကျနော်သည်သူ့အား စိတ်ပူစွာကြည့်လိုက်သည်။ ထိုအကြည့်တွင် မေးခွန်းလဲ ပါသည်၊ အားပေးမှုလဲ ပါသည်။ သူက ရွှန်းရွှန်းစားစားအဖြေပေးသည်။ နုစလယ်အရပ်သားပီပီ တစ်တစ်ခွခွလဲ ပြောလိုက်သည်။
မောဟိကန် - ပြုတ်ပြုတ်ပြုန်းလုပြီဖြစ်သော အမေရိကန်လူနီမျိုးတမျိုးမှ နောက်ဆုံးကျန်ရစ်သောသူဟု တင်စားရေးသားခြင်းဖြစ်သည်။
- ဘူးလို့သာ ခေါင်းကခါလိုက်ရင်၊ ပါးစပ်ပေါက်ကပြောဖို့နေနေသာသာ စအိုကတောင် မတွန်ဘူး။
ဤလင်မယားကို ကျနော်ကောင်းစွာသိကျွမ်းခဲ့ပါသည်။ သူတို့တယောက်နှင့်တယောက် မည်မျှတွယ်တာကြသည်ကိုလဲ သိသည်။ တရက်လေး နှစ် ရက်ကလေးခွဲခွါနေကြရလျှင်ပင် မည်မျှမနေတတ်မထိုင်တတ် ဖြစ်ကြသည်ကို ကျနော်သိပါသည်။ ယခုသော် လပေါင်းများစွာရွေ့ခဲ့ပြီ - မိခလယ် အရပ်ရှိ ဖေါ်ရွေ လှသောအိမ်အတွင်းမှ အမျိုးသမီးအတွက် မည်မျှစိတ်မချမ်းသာစရာ ကောင်းနေလိမ့်မည်နည်း။ ယခုလိုအရွယ်တွင် အဖော်ကင်းမဲ့ခြင်းသည် သေခြင်းထက်သုံးပြန် ပို၍ အခံရခက်လေသည်။ တယောက်နှင့်တယောက် ဖေဖေလေး၊ မေမေလေးဟု ကလေးသလို၊ ကလားသလို ခေါ်ဝေါ်နေခဲ့ကြသော အေးရိပ်သာကို ပြန်လည် တည်ထောင်ရန်၊ မိမိ၏ ယောက်ျားအား မည်သို့အကူအညီပေးရန် စသည်များကိုအကြိမ်ပေါင်းမည်မျှ အိပ်မက်မက်ခဲ့ရှာပြီနည်း။ သည်တချိန်တွင်လည်း သူမသည် တခုထီးတည်း ကျန်ရစ်သောလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြန်သည်။ ထိုလမ်းကား အလုပ်ကိုဆက်လုပ်ရမည်ဟူသည့်လမ်း ဖြစ်လေသည်။ ကိုယ့်အတွက်သာမက ခင်ပွန်း သည်၏ကိုယ်စားပါ နှစ်ယောက်စာ အလုပ်လုပ်ရန်ဖြစ်လေသည်။
၁၉၄၃ ခုနှစ်သို့ နှစ်ကူးသောညတွင်၊ သူမသည် စားပွဲ၌တယောက်တည်း ထိုင်နေခဲ့သည်။ သူထိုင်လေ့ရှိသောနေရာတွင် သူ၏ဓာတ်ပုံထောင် ထားသည်။ သန်းခေါင်ယံရိုက်ဆော်၍ နှစ်သစ်ကူးမိသည့်အခါတွင် သူ၏အရက်ဖလ်ခွက်ကို မိမိ၏အရက်ဖလ်ခွက်ဖြင့် ထိခတ်လိုက်ယင်း ကျန်းမာပါစေ၊ ပြန်လာ ပါစေ၊ လွတ်လပ်သောခေတ်ကို မြင်တွေ့ပါစေဟု မေတ္တာပို့လေသည်။
တလမျှကြာသောအခါ သူမလဲအဖမ်းခံရလေသည်။ နံပါတ်လေးရာရှိ လူအများအပြားပင် တုန်လှုပ်သွားကြသည်။ သူမကား ထောင်တွင်းနှင့် ထောင် ပြင်အဆက်အသွယ်များကို ကိုင်တွယ်နေခဲ့သူတယောက်ဖြစ်လေသည်။ သူမထံမှကား တခွန်းတပါဒမျှ မပေါက်ကြားခဲ့။
သင်းတို့သည် သူမအား အရိုက်အပုတ်များဖြင့်မညှဉ်းဆဲကြ။ အထူးမမာမကျန်းဖြစ်နေသောကြောင့် သူတို့၏လက်အောက်၌ပင် အသက်ပျောက်သွား နိုင်သည်။ ထို့ကြောင့် ထို့ထက်ဆိုးဝါးသောနည်းဖြင့် ညှဉ်းပန်းကြသည်။ စဉ်းစားခိုင်းကြသည်။
သူမအား မဖမ်းမီ ရက်အနည်းငယ်ကပင် ခင်ပွန်းသည်အား အလုပ်ကြမ်းလုပ်ခိုင်းရန် ပိုလန်ပြည်သို့ခေါ်သွားကြသည်။ ယခုသူမအား ဤသို့ဆိုလာကြ သည်။
- စဉ်းစားကြည့်စမ်း၊ ဟိုမှာနေရထိုင်ရတာက အတော်ကြမ်းတာ။ ကျန်းမာတဲ့လူတွေအတွက်တောင် ခပ်ခက်ခက်။ ခင်ဗျားယောက်ျားက ခြေကျိုးရယ်၊ ဘယ်နည်းနဲ့မှခံနိုင်မှာမဟုတ်ဘူး။ တနေနေရာမှာ ပျက်စီးသွားမှာပဲ၊ ခင်ဗျားလည်း သူ့ကိုဘယ်တော့မှမြင်ရတော့မှာ မဟုတ်ဘူး။ ခင်ဗျားကကော၊ ခင်ဗျားအရွယ် ရောက်မှ ဘယ့်နဲ့လုပ်ပြီး နောက်တယောက်ရှာနိုင်အုံးမှာလဲ။ ဒီတော့ဉာဏ်ကိုလွှာသုံးပေါ့။ ခင်ဗျား ဘာတွေသိတယ်ဆိုတာ ကျုပ်တို့ကိုပြော၊ ကျုပ်တို့ကသူ့ကို ခင်ဗျားဆီ အရောက် ပြန်ခေါ်လာခဲ့မယ်။
တနေနေရာမှာ ပျက်စီးသွားမှာပဲတဲ့။ သနားစရာကောင်းလိုက်တဲ့ ပဲပီက် ကလေးရယ်။ ဘယ်လိုအသေဆိုးနဲ့ သေရမှာပါလိမ့်။ ကျမရဲ့ ညီမကိုလည်း သတ်ပစ်ခဲ့ကြပြီ၊ ကျမယောက်ျားကိုလည်း သတ်ဖြတ်နေကြပြီ။ ကျမတယောက်တည်းပဲ ကျန်ရစ်တော့မယ်။ တယောက်တည်းမှ တယောက်တည်းရယ်။ ဟုတ် တယ်လေ ... ဒီလိုအရွယ်ကြီးမှာ ... ဘယ်မှာသွားပြီးတော့ နောက်တပင် ထူနိုင်ပါ့မလဲ။ ... တယောက်တည်း ... အိုမင်းပြီးသေတဲ့အထိ အဖော်မပါဘဲနဲ့ နေရ တော့မှာ ... ကျမ သူ့ကိုကယ်နိုင်တယ်။ ကျမဆီအရောက် သူ့ကိုပြန်ခေါ်လာကြလိမ့်မယ် ... ဟုတ်တယ် ... ဒါပေမဲ့ ဒါလောက်ကြီးတဲ့တန်ဖိုးကို ပေးရမှာလား။ ဒီလိုလုပ်လိုက်ရင် ကျမဟာ ကျမ မဟုတ်တော့ဘူး။ သူလည်းပဲ ကျမရဲ့ဖေဖေလေး ဟုတ်တော့မှာ မဟုတ်ဘူး ...
တခွန်းတပါဒမျှ ဖွင့်မပြောခဲ့။
သူမသည် ဂက်စတာပို၏ အမည်မဲ့သော သယ်ယူပို့ဆောင်ရေးယာဉ်များအတွင်းတွင် ကွယ်ပျောက်သွားသည်။ များမကြာမီပင် ပဲပီက်သည်လဲ ပိုလန် ပြည်၌ သေဆုံးသွားပြီဟူသော သတင်းရောက်လာလေသတည်း။

လီဒါ
ကျနော်သည် ဘာ့က်စ်တို့၏အိမ်သို့ တညနေခင်းတွင် ပထမဆုံးအကြိမ်ရောက်လာခဲ့သည်။ အိမ်တွင် ယောဈကာ တယောက်တည်းသာရှိလျက်၊ သူ နှင့်အတူ မျက်လုံးကလေးကလယ်ကလယ်နှင့် သတ္တ၀ါအသေးစားကလေးကို တွေ့ရသည်။ ထိုကလေးမအား လီဒါဟုခေါ်ကြသည်။ အမှန်အားဖြင့်သူကား ကလေး မျှသာရှိသေးသည်။ ကျနော်၏ မုတ်ဆိတ်များကို စပ်စပ်စုစုနှင့်ခိုးကြည့်ရင်း စိတ်ဝင်စားစရာအသစ်အဆန်းတခု အိမ်တွင်းသို့ရောက်လာသည့်အတွက် အပျင်းဖြေ ဖော်ရလိမ့်မည်ဟု ကျေနပ်နေလေသည်။
သူနှင့်ကျနော် လျင်မြန်စွာပင် မိတ်ဆွေဖွဲ့မိကြလေသည်။ အဆိုပါ ခလေးသူငယ်ကလေးမှာ ဆယ့်ကိုးနှစ်ပင်ပြည့်တော့မည်ဟူ၍ အံ့သြစရာသိရှိ လာရသည်။ ယောဈကာနှင့်ညီမ၀မ်းကွဲ တော်လျက်၊ အမည်အားဖြင့် ပလာခါ ဟုခေါ်သည်ဟုလဲသိလာရသည်။ ပလာခါဟူသောစကားလုံးမှာ ရှက်ကြောက်ခြင်းဟု အဓိပ္ပာယ်ရှိသည်။ သို့သော်လဲ သူ့တွင်ကား ထိုကြန်အင်လက္ခဏာ များစွာမရှိ။ ဇာတ်စင်ပေါ်သို့ တခါတရံတက်၍ အပျော်တန်းကပြတတ်သည်။ လောက၌ သူ အတွယ်တာဆုံးမှာ ဇာတ်သဘင်ဖြစ်ကြောင်းသိရှိလာရသည်။
ကျနော်ကားသူ၏ တိုးတိုးဖော်ဘ၀သို့ ရောက်သွားသည်။ ထိုအကြောင်းကြောင့် ကျနော်မှာ အရင်းစစ်လိုက်လျှင် လူကြီးပိုင်းသို့ရောက်နေပြီဖြစ် ကြောင်း မိမိဘာသာမိမိရိပ်မိလာပါသည်။ သူက သူမ၏ငယ်ရွယ်သည့် သောကများနှင့်နုပျိုသော စိတ်ကူးယဉ်မှုတို့ကို ကျနော်အားဖွင့်ပြောသည်။ သူမ၏အမနှင့် ဖြစ်စေ၊ ခဲအိုနှင့်ဖြစ်စေ၊ သဘောချင်းမတိုက်ဆိုင်သည့်အခါတွင် ကျနော့်ထံသို့ ဒိုင်လူကြီးသဖွယ် ပြေး၍တိုင်တတ်သည်။ သူကား မိန်းကလေးငယ်ငယ်ရွယ်ရွယ်များ နည်းတူ စိတ်ဆတ်သည်။ မိဘများအသက်ကြီးမှ မွေးဖွားလာသောကလေးပီပီ နွဲ့ဆိုးဆိုးတတ်လေသည်။
အိမ်တွင်း၌ခြောက်လမျှ အောင်းနေပြီးသည့်နောက် ကျနော့်အနေနှင့် ပထမဆုံးအကြိမ် အပြင်သို့လမ်းလျှောက်ထွက်သည့်အခါဝယ် သူသည်ကျနော် ၏အဖော်အဖြစ် လိုက်ပါလာခဲ့သည်။ ခြေထော့ကျိုးနှင့်အဘိုးကြီးတယောက်၊ တယောက်တည်း လမ်းသွားသည်ထက် ဘေးတွင်အမျိုးသမီးတယောက် ပါလာက လူများ၏ အာရုံစိုက်ခြင်းမှ ပို၍သက်သာသည်။ လူတိုင်းသည် အဘိုးကြီးကို ကြည့်မည့်အစား မိန်းကလေးကို ပို၍ကြည့်ကြသည်။ ထိုအကြောင်းကြောင့် ဒုတိယအ ကြိမ်လမ်းလျှောက်ထွက်ရာ၌လဲ သူပါလာခဲ့ပြန်သည်။ ထိုအကြောင်းကြောင့်လဲ လျှို့ဝှက်စွာချိန်းဆိုထားသော နေရာတနေရာသို့ ပထမဆုံးအကြိမ်သွားရသည့်အခါ တွင် ကျနော်နှင့်လိုက်လာခဲ့သည်။ ထို့အကြောင်းကြောင့်ပင် မြေအောက်ဂိုဏ်းဝင် အိမ်တအိမ်သို့အသွား၌ သူပါလာခဲ့ပြန်သည်။ သို့နှင့် ယခုစွဲချက်ထဲတွင်ပါ သည့်အတိုင်း ဒုတ်စက်သလို ဆက်သွား၍ သူလဲ ကျနော်၏ဆက်သား ဖြစ်လာခဲ့လေသည်။
သူကား တာဝန်ကိုနှစ်သက်စွာ ထမ်းဆောင်ခဲ့လေသည်။ အလုပ်တွင် မည်သို့အဓိပ္ပာယ်ပါသည်၊ မည်သည့်အကျိုးသို့ သက်ရောက်စေသည် စသည် တို့ဖြင့် ခေါင်းအရှုပ်မခံ။ လုပ်ရသောအလုပ်မှာ အသစ်အဆန်း၊ စိတ်ဝင်စားစရာဖြစ်သည်။ လူတိုင်းလုပ်သော အလုပ်မျိုးလည်းမဟုတ်၊ စွန့်စားခန်းအရသာလဲ ပါ သည်။ ဤအချက်တို့ပင် သူ့အတွက် ဖူလုံလေသည်။
အသေးအဖွဲကိစ္စကလေးများကိုသာ လုပ်နေသမျှကာလပတ်လုံး ကျနော်သည် သူ့အားလိုသည်ထက်ပို၍ ပြောမပြလိုခဲ့။ အဖမ်းခံရမည်ဆိုလျှင် “အပြစ်” ရှိသည်ဟူသော စိတ်မသိုးမသန့်ဖြစ်မှုသည် မကောင်း၊ မသိနားမလည်ခြင်းသည် သူ့အား အကာအကွယ်ပို၍ ပေးနိုင်ပေလိမ့်မည်။
သို့သော် လီဒါကား လုပ်သက်ရင့်လာသည်။ လီဒါကား ယဲလီနက်တို့အိမ်သို့ မှာလိုက်သောစကားကလေးတခွန်းကိုဝင်၍ ပြောပေးရုံသာမက၊ ထို့ ထက်ကြီးမားသော တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိလာသည်။ သို့သော် ထိုအချိန်အခါတွင်မူ ဘာလုပ်၍ ဘာကိုင်နေမှန်းသဘောပေါက်ရန် လိုလာလေပြီ။ ကျ နော်ကလဲ အစပျိုးပါတော့သည်။ သို့နှင့်သင်တန်း ... တကယ့်ကျောင်းသင်တန်းတရပ်ကို ဖွင့်ရတော့သည်။ လီဒါလည်း ကြိုးစားပမ်းစားနှင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး လေ့လာလေသည်။ အပေါ်ရံကြောအရကား လီဒါသည်ယခင်အတိုင်း ပျော်ပျော်ရွှင်ရွှင်၊ ပေါ့တီးပေါ့ဆနှင့်နေတတ်သော ဂျပမိုးမကလေးကဲ့သို့ပင် ဆက်လက်နေ ထိုင်လေသည်။ အတွင်း၌ကား တမူကွဲပြား ခြားနားခဲ့လေပြီ။ တွေးတောလေပြီ။ ကြီးပြင်းလာလေပြီ။
အလုပ်လုပ်ယင်း မီးရက်နှင့်သိကျွမ်းလာသည်။ မီးရက်မှာအလုပ်ဘက်တွင် အတော်ဝါရင့်နေပြီဖြစ်လျက် အလုပ်အကြောင်းလဲ နားဝင်ကောင်းအောင် ပြောတတ်သည်။ လီဒါကား သူ့အပေါ်အထင်ကြီးလာသည်။ မီးရက်၏အတွင်းအမြုတေအစစ်ကိုကား လီဒါ့အနေနှင့်သေသေချာချာ သရုပ်ဖမ်းမိပုံမပေါ်ပေ၊ သို့သော် ဤနေရာတွင် ကျနော်ကိုယ်တိုင်ပင် အမြင်မှန်ကိုမမြင်ခဲ့။ အရေးကြီးသည်မှာ မီးရက်သည် အလုပ်အရ၊ အပြင်ဘန်း ယုံကြည်ချက်အရ၊ အခြားယောက်ျားကလေး များထက်ပို၍ လီဒါနှင့်နီးစပ်ခဲ့ခြင်း ဖြစ်လေသည်။
ဤစိတ်ဓာတ်သည် ကလေးမ၏ကိုယ်တွင်း၌ ပေါက်ဖွားလာကာ အမြစ်များလဲ နက်ရှိုင်းသည်ထက် နက်ရှိုင်းလာလေသည်။
၁၉၄၂ ခုနှစ် အစပိုင်းလောက်တွင် သူသည်ပါတီဝင်ရေးကိစ္စနှင့် ပတ်သက်၍မရဲတရဲ မေးစပြုလာသည်။ ယခင်ကဆိုလျှင် သူဤမျှရှက်ကိုး ရှက်ကန်း ဖြစ်သည်ကို တခါမျှမတွေ့ဘူးခဲ့၊ ယခင်က မည်သည့်ကိစ္စကိုမျှ ဤမျှလောက် လေးလေးနက်နက်မယူဆခဲ့။ ကျနော်ကား ဆိုင်းငံ့၍နေခဲ့သေးသည်။ သူ့အား ဆက် လက်၍ သင်ပြမြဲသင်ပြနေသေးသည်။ သူ့အား စမ်းသပ်၍နေခဲ့သေးသည်။
၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဗဟိုကော်မတီက သူ့အားပါတီဝင်အဖြစ် တိုက်ရိုက်လက်ခံခဲ့လေသည်။ ခိုက်ခိုက်တုန်အေးသော ညဥ့်နက်သန်းခေါင် ၀ယ်၊ ကျနော်တို့နှစ်ဦးသား အိမ်သို့ပြန်လာနေကြသည်။ ခါတိုင်းတွင် သူကား စကားတတွတ်တွတ် ပြောနေတတ်သည်။ ယခုသော် တိတ်ဆိတ်နေသည်။ အိမ်အနီး လယ်ကွင်းပြင်များသို့ရောက်တော့မှ ဗြုံးကနဲရပ်လိုက်သည်။ ခပ်တိုးတိုးပြောလိုက်သော လေသံမှာတိုးလွန်းလှသဖြင့် ဘိနပ်များအောက်မှ နှင်းအပွင့်တိုင်း အပွင့်တိုင်းနိမ့်ဆင်းသွားပုံများကိုပင် ကြားနေနိုင်ပါသည်။
- ကျမတသက်မှာ ဒီနေ့ဟာအရေးအကြီးဆုံးနေ့ ဖြစ်တယ်ဆိုတာကို သိပါတယ်။ အခု ကျမကိုယ်ကို ကျမမပိုင်တော့ဘူး။ ရဲဘော်တို့ကို ကတိပေးပါ တယ်။ ရဲဘော်တို့မျှော်လင့်သမျှကို ဘယ်တော့မှ ယောင်းမမြင်းစီး မဖျက်ဆီးပါဘူး။ ဘာကြီးပဲဖြစ်ဖြစ် ...
အမျိုးမျိုးသော ကိစ္စများလည်း ဖြစ်ပေါ်လာခဲ့သည်။ လီဒါကား မဖောက်ပြားခဲ့။
သူသည် ပါတီခေါင်းဆောင်ပိုင်း အတွင်းအကျဆုံးသော အဆက်အသွယ်တို့ကို ကိုင်တွယ်ခဲ့သည်။ အန္တရာယ်အကြီးဆုံးသော တာဝန်များကို ထမ်း ဆောင်ရသည်။ ပြတ်သွားသောအဆက်များကိုပြန်ဆက်၍ အန္တရာယ်ဝိုင်းလာသော အဆက်အသွယ်များကို ကာကွယ်ရသည်။ အထက်ပိုင်း တနေရာရာတွင်ဖြစ် စေ၊ အိမ်တအိမ်၌ဖြစ်စေ မီးများဝိုင်းလာသည့်အခါတွင် လီဒါသည် ထိုနေရာသို့သွား၍ ငါးရှဥ့်သဖွယ် လျှောကနဲလွတ်ထွက်သွားတတ်သည်။ ယခင်ကကဲ့သို့ပင် လုပ်စရာရှိလျှင်လုပ်၍၊ ပူပင်သောကမပါပျော်ရွှင်စွာပင် လုပ်တတ် ကိုင်တတ်သည်။ သို့သော် ထိုအမူအရာ၏အောက်၌ကား တာဝန်သိတတ်ခြင်း တည်းဟူသော အသိဉာဏ်က ခိုင်ခိုင်မြဲမြဲကြီး ၀င်ရောက်၍နေလေပြီ။
ကျနော်တို့အဖမ်းခံရပြီးသည့်နောက် တလမျှအကြာတွင် သူလဲအဖမ်းခံရသည်။ မီးရက်က တောက်လျှောက်ကြီးဖော်၍ စကားပြောနေခိုက်၊ လီဒါ၏ အမည်မှာ ဂက်စတာပိုထံသို့ ပါသွားလေသည်။ ထို့နောက်ပိုင်းတွင်ကား အစ်မနှင့်ခဲအိုဖြစ်သူတို့ ထွက်ပြေးလွတ်မြောက်ကာ၊ မြေအောက်ခိုသွားရန် လီဒါကပင် အကူအညီပေးလိုက်ကြောင်းကို ဆက်စပ်ကြည့်ရန် မခက်တော့ပေ။ သူကား ခေါင်းကလေးကို ဆတ်ကာ၊ တော့ကာနှင့် မလုပ်သင့်သည်ကို လုပ်မိမှန်းမသိ၊ လုပ်မိ သမျှသည် မိမိအတွက်မည်သို့ အမှုပတ်လာမည်ကိုမသိသော ပေါ့တီးပေါ့ဆမိန်းကလေးတယောက်၏ အခဏ်းကနေ၍ မာန်ပါပါ အသုံးတော်ခံလေသည်။
သူသိသမျှကား များပြားလှသည်။ ဘာတခွန်းမျှကား ဖွင့်၍မပြောခဲ့။ ထို့ထက် အရေးကြီးသည်ကား ထောင်ထဲ၌ပင် အလုပ်ကိုဆက်၍လုပ်နေခြင်းဖြစ် လေသည်။ ပတ်ဝန်းကျင်ပြောင်းသွားသည်၊ လုပ်နည်း ကိုင်နည်းများ ပြောင်းသွားသည်၊ တာဝန်လုပ်ငန်းများသည်လဲ ပြောင်းလဲသွားသည်။ သို့သော် မည်သည့် အစိတ်အပိုင်းသို့ရောက်စေကာမူ လက်ပိုက်၍ ထိုင်မနေရဟူသော ပါတီဝင်တို့၏ နားလည်မှုကား ပြောင်းမသွား။ ညွှန်ကြားချက်များအတိုင်း လုပ်စရာရှိသည်တို့ကို သစ္စာရှိစွာ၊ လျင်မြန်စွာ တိကျစွာ လုပ်ကိုင်သည်။ အပြင်ဘက်မှ လူတယောက်ကို ကာကွယ်ရန် သပွတ်အူလိမ်နေသော အခြေအနေတရပ်မှ ကျော်လွှားရမည် ဆိုလျှင် လီဒါသည် သူ၏အပြစ်ကင်းမဲ့သော မျက်နှာကလေးနှင့် အခြားသူတယောက်ယောက်၏ “အပြစ်” ကို မိမိခေါင်းပေါ်သို့ ခံယူလေသည်။ ပန်းကရာ့စ်ထောင် တွင် သူသည် စင်္ကြံဘာယာတယောက် ဖြစ်လာသည်။ သူကြားက ဆောင်ရွက်ပေးခဲ့သော ကျေးဇူးကြောင့် အပြင်ဘက်ရှိလူအများအပြား အဖမ်းမခံကြရချေ။ သူ ကာကွယ်ခဲ့သော အချို့သူများကား လုံးဝလူစိမ်းများဖြစ်ကြသည်။ တနှစ်နီးပါးကြာလုမှ သူ့ကိုယ်ပေါ်တွင် လျှို့ဝှက်စာတစောင်ကို ဖမ်းမိသွားတော့သည်။ ထိုအခါကျ မှသာ သူ၏ “ဇာတ်မင်းသမီးအလုပ်” လဲ တစခန်းသိမ်းလေတော့သည်။
ယခုသူသည် ကျနော်တို့နှင့်အတူ ရုံးအတင်ခံရန် ရိုခ်သို့ ခရီးထွက်ရပေတော့မည်။ ကျနော်တို့၏ အစုအဝေးကြီးတခုလုံးတွင် လွတ်လပ်ရေးရသည့်အ ချိန်အထိ အသက်ရှင်နေရန်၊ အထောက်အထားနှင့်တကွ မျှော်လင့်နိုင်သူကား သူတယောက်သာရှိလေသည်။ သူကား ငယ်သေးသည်။ ကျနော်တို့မရှိကြတော့ လျှင်၊ သူ့အနေနှင့် လမ်းလွဲမသွားပါစေနှင့်။ သူ့အနေနှင့် လေ့လာဖွယ်ရာအများအပြားရှိသေးသည်။ သင်ပေးကြပါ။ တုံးမသွားပါစေနှင့်။ သူ့အား ခေါင်းဆောင်မှုပေး ကြပါ။ မာန၀င်၍လုပ်ခဲ့သမျှ တင်းတိမ်မသွားပါစေနှင့်။ အခက်အခဲဆုံး အချိန်များတွင် မိမိ၏တန်ဘိုးကိုပြခဲ့သည်။ မီးထဲမှ ဖောက်၍သွားခဲ့သည်။ သတ္ထုမျိုးကောင်း ဖြစ်သည်ကို တွေ့ခဲ့ကြရပါပြီ။

ကျနော်၏ အရာရှိ
ဤသည်ကား လူရုပ်သွင်များအတွင်းသို့ အကြုံးမ၀င်တော့။ သို့သော် ရုပ်တုကလေးအနေနှင့်ဆိုက စိတ်ဝင်စားဖွယ်ဖြစ်သည်။ အရွယ်အစားအရ လည်း အခြားရုပ်တုကလေးများထက် သိသိသာသာကြီး ပို၍ ထွားလေသည်။
လွန်ခဲ့သော ဆယ်နှစ်က ဗီနောဟရာဒီ ရပ်ကွက်၊ ဖလောရာ ကဖီးတွင် ခင်ဗျားသည် အိတ်တွင်းတွင်မှ အကြွေများကို လှုပ်လိုလျှင်လည်းကောင်း၊ သို့မဟုတ် “ဒီမှာဆရာ ... စာရင်းရှင်းကြစို့” ဟူ၍ ခေါ်လိုသောအခါ၌လည်းကောင်း၊ အ၀တ်စုံအနက်ကိုဝတ်ထားသည့် လူပိန်ပိန်ရှည်ရှည်တယောက်သည် ကုလားထိုင်များအကြားဝယ် ရေငုတ်သင်္ဘောပြောင်းတိုင်ကဲ့သို့ အသံမမြည်ဘဲ လျင်မြန်စွာ ဖြတ်သန်းလာလျက်၊ ခင်ဗျား၏ ဘီလ်စာရွက်ကို ထိုးပေးပေလိမ့်မည်။ သူ့တွင် သားရဲတိရိစ္ဆာန်ကဲ့သို့ လျင်မြန်လျက်နှင့်တိတ်ဆိတ်သော လှုပ်ရှားမှုလဲရှိသည်။ အစစအရာရာကို မြင်တတ်သော သားရဲတိရိစ္ဆာန်၏ စူးရှသော မျက်လုံးများလဲ ရှိသည်။ ခင်ဗျားလိုသမျှကို မှာနေရန်ပင် မလို။ သူကိုယ်တိုင်ကပင် လက်အောက်ခံစားပွဲထိုးများအား လှမ်း၍ခန့်ခွဲနှင့်သည်။ “တတိယစားပွဲ၊ နို့နဲ့ကာဖီအကြီးစားတခွက်၊ မလိုင်မထည့်နဲ့”၊ “ဘယ်ဘက်ပြူတင်းပေါက်၊ ကိတ်မုန့်နဲ့ပြည်သူ့သတင်းစာ”။ သူကား ဖောက်သည်များအတွက်လဲ ကောင်းမွန်သော လုပ်ဖော်ကိုင်ဖက်တယောက်ဖြစ်သည်။
ထိုအချိန်အခါက သူ့အားကျနော်မသိသေးခဲ့။ နောက်အတော်ကြီးကြာတော့မှ ယဲလီနက်တို့၏အိမ်တွင် သူနှင့်သိကျွမ်းလာရသည်။ ဤအခါတွင်ကား သူသည်လက်ထဲ၌ခဲတံကို မကိုင်ဘဲ ပစ္စတိုတလက်ကို ကိုင်ထားသည်။ ကျနော့်အား ညွှန်ပြရင်းလဲ ...
- ဒီလူ့ကို ငါစိတ်အ၀င်စားဆုံးပဲဟေ့
ဟု ပြောခဲ့လေသည်။ အမှန်ကိုဆိုရလျှင် ကျနော်နှင့်သူကား တဦးနှင့်တဦး အပြန်အလှန်စိတ်ဝင်စားခဲ့ကြပါသည်။
သူသည် ပင်ကိုယ်ဉာဏ်ကောင်းသူတယောက်ဖြစ်၏။ လူ့သဘာဝကို နားလည်တတ်သော အရည်အချင်းကြောင့်လည်း အခြားသော ဂက်စတာပိုများထက် တပန်းသာလေသည်။ ရာဇ၀တ်ဖက်ဆိုင်ရာ ပုလိပ်ဖက်တွင်သာ အလုပ်လုပ်မည်ဆိုလျှင် ထိုအရည်အချင်းကြောင့် ကြီးပွားမည့်လူစား ဖြစ်လေသည်။ သူခိုးကလေးများ သို့မဟုတ် လူသတ်သမားများဟူသည်ကား အောက်သို့လျှောကျ၍ မိမိတို့၏ ဂိုဏ်းဝင်များနှင့်လဲ အဆက်ပြတ်သွားကြပြီဆိုလျှင် ကိုယ့်အသားနာမည်ကိုသာ ပူပင်လေ့ရှိကြသည်၊ ထိုအခါမျိုးတွင် မိမိတို့၏ ရင်တွင်း၌ရှိသမျှတို့ကို သူ့အားဖွင့်ပြောရန် ၀န်လေးကြမည်မဟုတ်ဟု ထင်သည်။ သို့သော် နိုင်ငံရေးပုလိပ်အနေနှင့်သော်ကား၊ ဤသို့သော ကိုယ်ရေးကိုယ်သာ ကြည့်တတ်သည့်လူမျိုးကို လက်တွင်းသို့ရနိုင်ခဲကြသည်။ ဤနေရာမျိုးတွင်ကား ပုလိပ်၏လိမ္မာပါးနပ်မှုနှင့်သာ အစွမ်းပြိုင်ရသည်မဟုတ်ပေ။ ထို့ထက်အဆပေါင်းများစွာ ကြီးမားသော အင်အားများနှင့်ပြိုင်ဆိုင်ရလေသည်။ အဖမ်းခံထားရသူ၏ ယုံကြည်ချက်၊ ထိုသူနှင့် ဆက်စပ်နေသော အဖွဲ့အစည်းတခုလုံး၏ ဉာဏ်ကြီးမှု၊ ဤသည်တို့နှင့် အားချင်းပြိုင်ရသည်။ ထိုသို့ပြိုင်ရမည်ဆိုလျှင် လိမ်မာပါးနပ်မှုလဲ မလုံလောက်၊ ထိုးကြိတ် ရိုက်နှက်ချင်းများလဲ မဖူလုံပေ။
“ကျနော်၏ အရာရှိ” ထံတွင် ခင်ဗျားရှာကြည့်မည်ဆိုပါက၊ ခိုင်မြဲသော ယုံကြည်ချက်ဟူ၍ တွေ့ရလိမ့်မည်မဟုတ်ပေ။ အခြားသူများထံတွင် တွေ့နိုင်သော ယုံကြည်ချက်မျိုးကို သူ့ထံ၌တွေ့ရမည်မဟုတ်ပေ။ သို့သော် အခြားသူတယောက်ယောက်ထံတွင် ဤသို့သောယုံကြည်ချက်မျိုးရှိသည်ဟု ဆိုပြန်က ထိုယုံကြည်ချက်သည် ဖျင်းအထုံထိုင်းမှုတို့နှင့်သာ ရောယှက်နေလေသည်။ လိမ်မာပါးနပ်ခြင်း၊သဘောတရားများတွင် ကျွမ်းကျင်ခြင်း၊ လူ့သဘာဝကိုနားလည်ခြင်း စသော အရည်အချင်းများဖြင့် ပူးပေါင်းနေလေ့မရှိပေ။ ခြုံကြည့်လိုက်သည့်အခါ သူတို့ဘက်တွင် အောင်မြင်မှုများ တလေးသာနေသည်ဆိုပါက ထိုသို့ဖြစ်ရခြင်းမှာ ကျနော်တို့သည် အခြားအခြားသော မြေအောက်လှုပ်ရှားမှုများနှင့် မနှိုင်းသာလောက်အောင် ခက်ခဲသောအခြေအနေ၀ယ် ကျဉ်းမြောင်းသော ဒေသတွင်း၌ အလွန်ကြာမြင့်စွာ တိုက်ပွဲဝင်နေရသောကြောင့်ဖြစ်သည်။ မြေအောက်လုပ်ငန်းတွင် နှစ်နှစ်ကြာခံနိုင်သောသူသည် လူတော်တယောက်ဖြစ်သည်ဟု ရုရှဘော်လ်ရှီဗစ်များက ဆိုခဲ့ကြသည်။ သို့သော် ၎င်းတို့အနေနှင့်ဆိုလျှင် မော်စကိုမြို့တွင် မီးများဝိုင်းလာက ပဲတရောဂရဒ် မြို့သို့ကူးသွားနိုင်သည်။ ပဲတရောဂရဒ်မြို့မှတဖန် သြဂျက်ဆာ မြို့သို့ပြောင်း၊ လူသန်းပေါင်းများစွာရှိသော မြို့များတွင် မည်သူကမျှလဲ သူတို့အားမသိစေဘဲ ခြေဖျောက်၍နေနိုင်ကြသည်။ ကျနော်တို့တိုင်းပြည်တွင်ကား ပရာဟာ၊ ပရာဟာနှင့် ပရာဟာ တမြို့တည်းသာ ရှိသည်။ မြို့ပေါ်ရှိ လူတ၀က်ကလဲ ခင်ဗျားကိုသိနေကြသည်။ ရန်သူကလဲ သူလျှိုများကို တအုပ်ကြီးပြုံ၍ ချထားနိုင်သည်။ သို့စဉ်လျက် ကျနော်တို့သည် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံနေခဲ့ကြသည်။ အချို့ရဲဘော်များဆိုလျှင် ဂက်စတာပိုက ဖော်မထုတ်နိုင်ဘဲ ငါးနှစ်ကြာသည်အထိ မြေအောက်လျှိုနေခဲ့ကြသည်။ ယင်းသို့နေနိုင်သည်မှာ ကျနော်တို့အနေနှင့် နည်းနာနိသျှအမြောက်အများတို့ကို သင်ကြားခံယူခဲ့ရသောကြောင့်လဲ ဖြစ်သည်။ ဟုတ်သည်။ တချိန်တည်းတွင်လဲ ရန်သူသည် အင်အားကြီးမားကြမ်းကြုတ်လှသည့်တိုင်အောင်၊ ဖျက်ဆီးခြင်းမှလွဲ၍ အခြားဘာတခုကိုမျှ မလုပ်တတ်သောကြောင့်လဲ ကျနော်တို့ ဤသို့ နေနိုင်ကြုခင်းဖြစ်လေသည်။
ဌာနခွဲ၊ ဒုတိယ - (က) - ၁ - တွင် ကွန်မြူနစ်ဝါဒ အမြစ်ကစ၍ နှုတ်ပစ်ရေးတွင် ထိပ်ထိပ်ကျဲဖြစ်သည်ဟူ၍ လူသုံးယောက်နာမည်ကြီးကြသည်။ ပြည်တွင်းရန်သူအား တိုက်ခိုက်သည့် စစ်မျက်နှာတွင် ရဲရင့်မှုအတွက်ဟူ၍ အနက်၊ အဖြူ၊ အနီရောင်ဖဲပြားကို တင်ဆင်နိုင်ကြသည်။ ထိုသူတို့ကား ဖရိဒရစ်။ ဇန်ဒဲရ် နှင့်“ကျနော်၏အရာရှိ” ယိုးဇက်၊ ဘဲမ်းတို့ဖြစ်ကြသည်။ သူတို့သည် ဟစ်တလာ ၏ ဓနရှင်ဆိုရှယ်လစ်ဝါဒအကြောင်းကို များစွာပြောလေ့ပြောမရှိ။ ထိုဝါဒအကြောင်း သူတို့သိသမျှမှာလဲ ထမင်းစားရေသောက်လောက်သာ ဖြစ်သည်။ သူတို့ကား နိုင်ငံရေးသဘောတရားတခုအတွက် တိုက်ပွဲဝင်နေသူများ မဟုတ်ပေ။ ကိုယ်ကျိုးကိုသာ ကိုယ်ရှာနေကြသည်။ ကိုယ်တတ်သလို ကိုယ်လုပ်နေကြသည်။
ဇန်ဒဲရ်ကား သေးသေးနုပ်နုပ်၊ လူပုသလောက်လဲ စိတ်တိုတတ်သည်။ ပုလိပ်နည်းများ၊ လုပ်ဟန်ကိုင်ဟန်များကို အခြားသူများထက်ပို၍ တတ်မြောက်သည်။ အထူးသဖြင့် စားပေါက်ထွင်ခြင်း၌ကျွမ်းကျင်သည်။ တခါက ပရာဟာမြို့မှနေ၍ ဘာလင်မြို့သို့ လေးငါးလမျှ နယ်ပြောင်းရသည်တွင်၊ သူတောင်းစား ချွဲ ချွဲကာ ပရာဟာမြို့သို့ ပြန်မရောက်ရောက်အောင်လုပ်ခဲ့သည်။ သူ၏အမြင်အရ ရိုခ်နေပြည်တော် ဘာလင်မြို့တွင် အလုပ်လုပ်ရခြင်းမှာ ရာထူးလျှော့ချသည်နှင့်တူသည်၊ အထူးသဖြင့် ငွေဝင်လမ်းလျော့သွားခြင်း မည်လေသည်။ နက်မှောင်နေသော အာဖရိက တိုက်တွင်လည်းကောင်း၊ ပရာဟာမြို့တွင်၎င်း၊ တာဝန်ထမ်းဆောင်ရသည့် ကိုလိုနီအရာရှိဟူသည်ကား ဧရာမပုဂ္ဂိုလ်ကြီးတယောက် ဖြစ်သည်။ ဘဏ်တိုက်တွင်းသို့ ငွေများသွင်းရန် အလားအလာပို၍ရှိသည်။ ဇန်ဒဲရ်ကား အလုပ်ကြိုးစားသည်။ မိမိဘယ်လောက်ကြိုးစားသည်ကို လူမြင်စေရန် ထမင်းစားယင်းပင် အမှုစစ်တတ်သည်။ ကြိုးစားပုံတို့ကို ထိုသို့လူမြင်ပါမှ၊ တာဝန်၏ အပြင်အပတွင် ထို့ထင်ပင်ကြိုးစားတတ်ကြောင်းကို လူမသိမည်ဖြစ်သည်။ သူ့လက်တွင်းသို့လည်း ရောက်၊ အိမ်တွင်လည်း ငွေစုစာအုပ် သို့မဟုတ် ငွေတန်ဘိုးရှိသော စာချုပ်စာတမ်းများကို ရှိသည့်သူကား နှစ်ထပ်ကွမ်းကံဆိုးလေတော့သည်။ ဤသို့သောသူများကား အမြန်ဆုံးသေရမည်၊ အဘယ့်ကြောင့်ဆိုသော် ငွေစုစာအုပ်များနှင့် တန်ဘိုးရှိသော စာချုပ်စာတမ်းများက ဇန်ဒဲရ်တပ်မက်သော အရားများဖြစ်သောကြောင့်တည်း။ သူ့အား အရည်အချင်းအရှိဆုံးသော အရာရှိတယောက်ဤသို့သော ကိစ္စမျိုး၌ အရည်အချင်းအရှိဆုံးသော အရာရှိတယောက်ဟု ဟူဆကြလေသည်။ (ဤနေရာတွင် သူ၏ ကူဖော်လောင်ဖက် စကားပြန်လုပ်သူ ချက်လူမျိုး ဆမောလာ နှင့်ကွာသည်။ ဆမောလာကား လူကြီးလူကောင်းဓားပြ ဖြစ်၍၊ ငွေရလျှင် လူ့အသက်ကို တောင်းဆိုလေ့မရှိပေ။)
ဖရီးဒရစ်ကား ပိန်ပိန်ရှည်ရှည်၊ အသားညိုညို၊ မျက်လုံးများက ခပ်ဆိုးဆိုး၊ ပြုံးလျှင်လဲ ခပ်ဆိုးဆိုးပြုံးတတ်သည်။ ၁၉၃၇ ခုလောက်ကတည်းက ချက်ကိုစလိုဗားကီးယားပြည်သို့ ဂက်စတာပိုသလျှိုအဖြစ် ရောက်လာကာ၊ တကျွန်းတမြေသို့ ထွက်ပြေးတိမ်းရှောင်လာကြသော ဂျာမန်ရဲဘော်များကို လုပ်ကြံသုတ်သင်ရေး၌ အကူအညီပေးခဲ့သည်။ ထိုသို့လုပ်သည်မှာ အဆန်းမဟုတ်၊ အဘယ့်ကြောင့်ဆိုသော် လူသေများကား သူ၏မက်မောရာဖြစ်သောကြောင့်တည်း။ သူ့အနေနှင့်ဆိုလျှင် အပြစ်မရှိသူဟူ၍ မည်သူမျှမရှိ။ သူ့ရုံးခန်း၏ ခါးပန်းကိုကျော်လိုက်မိသူတိုင်းကား အပြစ်ရှိသူများဖြစ်သွားကြလေတော့သည်။ မိန်းမများအား ၎င်းတို့၏ခင်ပွန်းသည်များသည် အကျဉ်းစခန်းများ၌သေဆုံးသွားကြပြီ၊ သို့မဟုတ် အသတ်ခံကြရပြီဟု ပြောရမည်ဆိုလျှင် အထူးအရသာတွေ့နေတတ်သည်။ သူနှစ်ခြိုက်စွာ လုပ်လေ့ရှိသော ကိစ္စတရပ်မှာလဲ အံဆွဲထဲမှ ပြာအိုးကလေး ခုနှစ်အိုးကို ထုတ်၍အချုပ်ခံထားရသူများအား ပြသခြင်းပင်ဖြစ်လေသည်။
- ဟောဒီ ခုနှစ်ယောက်ဟာ ငါကိုယ်တိုင် ငါ့လက်နဲ့ရိုက်သတ်ပစ်လိုက်တာကွ။ မင်း နံပါတ်ရှစ်ဖြစ်သွားလိမ့်မယ်။
(ယခုသော် ယန်၊ ဈိဈကာ ကို ရိုက်သတ်ခဲ့ပြီဖြစ်၍ ပြာအိုးရှစ်လုံးဖြစ်နေလေပြီ။) သူသည် အမှုတွဲဟောင်းများကို လှန်လှောကြည့်ယင်း “လုပ်ပြီးပြီ၊ လုပ်ပြီးပြီ” ဟုဆိုကာ၊ လူသေစာရင်းများဖြင့် ကျေနပ်၍နေတတ်လေသည်။ အထူးသဖြင့် မိန်းမများကို မြိန်မြိန်ယှက်ယှက်ကြီး ညှဉ်းပန်းတတ်သည်။
သူသည် စည်းစိမ်ကိုမက်သည်။ ထိုတပ်မက်မှုသည်ကား သူ၏ပုလိပ်လုပ်ငန်းကို ဘေးပန်းမှ ကူညီပေးနေသော စက်ကလေးတလုံးကဲ့သို့ပင် ဖြစ်နေလေသည်။ ခင်ဗျား၏အိမ်သည် ကောင်းကောင်းမွန်မွန် ပြင်ဆင်မွမ်းမံထားသော အိမ်ဖြစ်က၊ သို့မဟုတ် ခင်ဗျားသည် အထည်ဆိုင်တဆိုင်ကိုပိုင်က - ခင်ဗျား မြန်မြန်သေရမည်။ ဤသည်မှလွဲ၍ အခြားဘာမျှမရှိ။
ချက်လူမျိုး၊ ၎င်း၏ ကူဖော်လောင်ဖက် နဲရဂါ ဆိုသူမျာ သူ့ထက်ခေါင်းတ၀က်သာမျှ နိမ့်သည်။ ဤကား အရပ်အမောင်းနှင့်စပ်ဆိုင်သည်။ ထိုမှတပါး သူတို့နှစ်ဦးအကြားတွင် ကွဲပြားခြားနားမှု ဟူ၍မရှိချေ။
ဘဲမ်းဆိုသော ကျနော်တို့၏အရာရှိကား ငွေကို အငန်းမရတပ်မက်လှသည် မဟုတ်၊ လူသေများကိုလဲ မမက်မောလှ။ စာရင်းတွက်၍ကြည့်လျှင်မူ ဤနေရာများတွင် အထက်ပါလူနှစ်ယောက်ထက် များစွာညံ့ဖျင်းလိမ့်မည် - မဟုတ်ပေ။ သူကား လူကြီးကြီးကျယ်ကျယ်တယောက် ဖြစ်လာလိုသောဆန္ဒနှင့် စွန့်စွန့်စားစားကျဲနေသော သူတယောက်ဖြစ်လေသည်။ သူလည်း ဂက်စတာပိုတွင် လုပ်သက်ရှည်လှပြီဖြစ်သည်။ နပိုလီယံရိပ်သာတွင် ပြုလုပ်ခဲ့သော ဘဲရန် ၏ လျှို့ဝှက်ဆွေးနွေးပွဲများတွင် စားပွဲထိုးအဖြစ် အလုပ်လုပ်ခဲ့သည်။ ဟစ်တလာကိုဘဲရန်က မပြောဘဲကျန်နေသော အချက်ဟူသ၍ ဘဲမ်းက ဖြည့်စွက်ပြောဆိုခဲ့လေသည်။ သို့သော် ဤကိစ္စမျိုးကား သေးနုပ်နေသေးသည်။ သူတပါးကို အမဲလိုက်သလို လိုက်၍ဖမ်းရခြင်း၊ ၎င်းတို့၏ သေရေးရှင်ရေးတည်းဟူသော ပြဿနာတွင် သက်ဦးဆံပိုင်ဖြစ်ရခြင်း၊ အိမ်ထောင်များ၏ကံကြမ္မာကို သူကသာ အဆုံးအဖြတ်ပေးရခြင်း၊ ဤသို့သော ကိစ္စများသာလျှင် ကျေနပ်ဖွယ်ရာ ကောင်းလေသည်။
ဘဲရန် - ရူးဒေါလ်ဖ်၊ ဘဲရန်။ ဖောက်ပြန်သော ချက်ဓနရှင်များ၏ကိုယ်စားလည်။ အမျိုးသားသစ္စာဖောက်။ ဂျာမန်များဝင်ရောက်အုပ်စိုးစက ရုပ်သေးအစိုးရ ၀န်ကြီးချုပ်အဖြစ် တိုင်းပြည်အကျိုးယုတ်စေခဲ့သည်။
သူ၏ စိတ်ကျေနပ်မှုရရန်အတွက် နေရာတကာတွင် မချိမဆန့်ဇာတ်သိမ်းနေရန်မလိုပေ။ သို့သော် သူ့ဘက်က တနည်းနှင့်မဟုတ် တနည်းနည်းနှင့် လက်မထောင်နိုင်လျှင်၊ အခြေအနေများမှာ ထို့ထက်ပင် ပို၍ဆိုးဝါးသွားနိုင်သည်။ ဟဲရောစတရာတောစ် လိုသာ နာမည်ကြီးရမည်ဆိုရင်၊ ဘာလဲဟဲ့ အလှ၊ ဘာလဲဟဲ့ အသက်။
ဟဲရောစတရာတောစ် - ရှေးဟောင်းဂရိပြည်တွင်၊ ဟဲရောစတရာတောစ်ဆိုသူသည် နာမည်ကျော်ကြားးလိုသောကြောင့် အလှပဆုံးဝတ်သော ၀တ်ကျောင်းကြီးတ ကျောင်းကို မီးတိုက်ဖျက်ဆီးခဲ့လေသည်။
သူအကွက်ရိုက်၍ ဖြန့်ချထားသောသူလျှိုစနစ်မှာ အကြီးကျယ်ဆုံးဖြစ်ကောင်းဖြစ်မည်။ သူကား အမဲလိုက်ခွေးတအုပ်ကြီးကို သုံးသောမုဆိုးဖြစ်လေ သည်။ တကယ်လဲ အမဲလိုက်လေသည်။ မကြာခဏလဲ အမဲလိုက်ရခြင်းအရာသာ သက်သက်ကြောင့်သာ လူများကိုလိုက်လံဖမ်းဆီးသည်။ သူ့အနေနှင့်ဆိုလျှင် အ မှုစစ်ခြင်းဟူသည်ကား အများအားဖြင့် ငြီးငွေ့စရာကောင်းသော အလုပ်ကြီးတခုဖြစ်လေသည်။ သူ့အတွက် အရေးကြီးသည်ကား လူများကိုဖမ်းချုပ်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်လျှင် သူ၏ ရှေ့သို့လူအမြောက်အမြား ရောက်လာကြမည်၊ သူ၏ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေကြပုံကို မြင်ရသည်။ တခါက သူသည်ပရာဟာမြို့ရှိ ဓာတ်ရထား၊ ဘတ်စ်ကားနှင့် တရော်လီဘတ်စ်ကားများမှ ဒရိုင်ဘာနှင့်စပယ်ယာပေါင်းနှစ်ရာခန့်ကို ဖမ်းဆီးခဲ့သည်။ လိုင်းများတလျှောက်လိုက်လံ ဖမ်းဆီးသဖြင့်၊ ယာဉ်များလဲရပ်တန့်ကာ လူများလဲကျီးလန့်စာစား ဖြစ်ခဲ့သည်။ ထိုအခါတုန်းက၊ သူသည် အထူးပျော်ရွှင်၍နေလေသည်။ ၎င်းနောက် ဖမ်းထားသော လူများအနက် မှ လူတရာ့ငါးဆယ်ကို လွှတ်ပစ်လိုက်ကာ၊ အိမ်ထောင်ပေါင်း တရာ့ငါးဆယ်တွင် သူ့အား သူတော်ကောင်းကြီးအဖြစ် ပြောဆိုနေကြတော့မည် ဟူ၍လည်း ကျေနပ် နေပြန်သည်။
“ငါ့အမှုတွေထဲမှာ မင်းကိစ္စဟာအကြီးဆုံးပဲ” သူသည်ကျနော့်အား မကြာခဏ၊ ပွင့်ပွင့်လင်းလင်းကြီးပြောလေ့ရှိသည်။ ကျနော့်ကိစ္စကို အမှုရှိသမျှအ နက်အကြီးဆုံးဟူ၍ အထက်မှစာရင်းသွင်းလိုက်ကြသောအခါ သူ့အနေနှင့်သွေးကြွသွားခဲ့လေသည်။ ဤအကြောင်းကြောင့်ပင် ကျနော့်အနေနှင့် သက်ဆိုးရှည်နေရသည် ဖြစ်ကောင်း ဖြစ်ပေမည်။
သူနှင့်ကျနော်သည် တယောက်နှင့်တယောက် ကြိုးစားပမ်းစား မနားမနေလိမ်ကြသည်။ အသားလွတ်တော့ မလုပ်ကြ။ သူလိမ်သမျှကို ကျနော်အ ကုန်သိသည်။ ကျနော်လိမ်နေသမျှကိုကား သူကတခါတလေမျှသာ ရိပ်မိသည်။ သို့သော်လည်ဆယ်နေသော အချက်တချက်ထင်ရှား၍လာသောအခါ၌လဲ ကျနော် တို့သည် တိုင်ပင်မထားသော သဘောတူညီချက်အရ ကိစ္စကိုကျော်၍သာသွားကြသည်။ ကျနော့်အထင်ကို ပြောရမည်ဆိုလျှင်သူသည် အမှန်ကိုပေါ်လာအောင် စစ်ဆေးရမည်ထက် “သူ၏အမှုကြီး” ပေါ်တွင် အစွန်းအထင်းကလေး တပြောက်မျှတင်မသွားရန် ပို၍စိတ်ဝင်စားပုံ ပေါ်လေသည်။
ကြိမ်လုံးနှင့် သံဒုတ်တို့မှာ အမှုစစ်ဆေးရာ၌ အသုံးပြုရမည့်တခုတည်းသော နည်းလမ်းများဖြစ်သည်ဟု သူကမယူဆပေ။ သူသည် “မိမိ၏” လူတ ယောက်အပေါ် မည်သို့တန်ဘိုးဖြတ်သနည်း၊ တန်ဘိုးဖြတ်သည့်အတိုင်းလဲ ဖြောင်းဖျသည့်နေရာတွင် ဖြောင်းဖျသည်၊ ခြိမ်းခြောက်သည့်အခါ ခြိမ်းခြောက်သည်။ ဘယ်သောအခါကမျှ ကျနော့်ကိုနှိပ်စက်ညှဉ်းပမ်းခြင်းမပြုခဲ့ - အဖမ်းခံရသည့် ပထမညတုန်းကမူ သူပါကောင်းပါမည်။ သို့သော် လိုအပ်သည်ဟု ယူဆလာသောအ ခါ၌မူ ကျနော့်အား အခြားတယောက်ယောက်ထံ ခေတ္တထုတ်၍ ချေးငှားတတ်လေသည်။
သူသည် အခြားသူများထက်ပို၍ စိတ်ဝင်စားဖွယ်ရာကောင်းသည်။ ဤအချက်ကိုကား ယုံမှားသံသယရှိစရာ မလိုပေ။ အခြားသူများထက်လဲ ပို၍စိတ် ကူးစိတ်သန်း ကြွယ်ဝသည်။ ကြွယ်ဝသလိုလဲ အသုံးချတတ်သည်။ တခါသော် လူတယောက်အား ထောင်ဖမ်းရန်ဟု လုပ်ဇာတ်ခင်းကာ၊ သူနှင့်ကျနော် ဘရားညစ် အရပ်သို့သွားကြသည်။ နောင်တွင်လဲ ကျနော်တို့သည် ထိုနေရာသို့မကြာခဏသွားကြ၍ ဘီယာဆိုင်တဆိုင်၏ ခြံဝင်းထဲတွင်ထိုင်ကာ ဘေးပတ်လည်မှ အမြှင်မ ပြတ်သွားလာနေကြသော လူများကိုကြည့်နေတတ်ကြသည်။
- မင်းကို ငါတို့ကဖမ်းချုပ်လိုက်တယ် - သူသည် လူများကိုကြည့်ယင်း ဤသို့ဆန်းစစ်ပြလေသည် - ဒါပေမဲ့ ကြည့်စမ်း ဘာတွေများပြောင်းလဲသွားသ လဲ။ လူတွေဟာအရင်ကလိုပဲ သွားကြလာကြ ရယ်ကြ မောကြ။ အယင်ကလိုပဲ ကိုယ့်သဘောနဲ့ကိုယ်လဲရှိရဲ့။ လောကကြီးဟာ ဆက်ပြီးရွေ့လျှားနေလိုက်တာ၊ မင်း လိုလူမျိုးတယောက် ကမ္ဘာပေါ်ကိုမရောက်ခဲ့ဘူးသလိုပဲ။ ဒီလူတွေကြားထဲမှာ မင်းရဲ့စာဖတ်ပရိတ်သတ်တချို့တောင် ပါမှာပဲ - မင်းအတွက်ကြောင့် ဒီလူတွေမှာ ပါးရည် ကလေးတချက်ပိုပြီးတွန့်သွားတယ် ထင်သလား။
တခါတွင်လဲ တနေ့လုံးစစ်ဆေးမေးမြန်းနေခဲ့ပြီးနောက်၊ ကျနော့်အားကားတစင်းပေါ်သို့တင်ကာ ပရာဟာ၏ညနေခင်းကိုဖြတ်လျက် နဲရုဒါလမ်း အ ထက် ဟရဒ်ချန်နီ သို့အရောက်မောင်းနှင်ခေါ်ဆောင်သွားပါသည်။
- မင်း ပရာဟာကိုချစ်တယ်ဆိုတာ ငါသိပါတယ်။ ကြည့်စမ်း ဒီမြို့ထဲကို တခါတလေတော့ ပြန်မသွားချင်ဘူးလား၊ ဘယ့်လောက်လှတဲ့မြို့လဲ။ လှတာမှ မင်းမရှိပြီးတဲ့နောက်တောင်မှ ဒီမြို့ဟာ လှမြဲလှနေမှာ ...
သူသည် အကုသိုလ်ဘက်သို့ဆွဲသော နတ်မိစ္ဆာ၏အခန်းကို ကောင်းစွာကပြတတ်သည်။ နွေရာသီ၏ညနေခင်းသည် ဆောင်းဦးရာသီ၏ ရှေ့တော်ပြေး အငွေ့အသက်များဖြင့် မြို့တော်ကိုပက်ဖြန်းထားသည်။ မြို့တော်မှာ မှည့်နေသောသပျစ်ညိုသီးကဲ့သို့ ပြာလဲ့လဲ့အရောင်ဖြင့် မှိုင်းနေသည်။ အရက်ကဲ့သို့ ယစ်မူးစေ သည်။ ကျနော်ကား ထိုအလှများကို ကမ္ဘာဆုံးသည့်အထိ ငေးကြည့်နေလိုလှသော်လည်း ... သူက စကားကို ကြားကဖြတ်၍ ပြောလိုက်သည်။
- ခင်ဗျားတို့မရှိတော့တဲ့နောက်ဆို၊ ဒီထက်တောင်ပိုပြီးလှလာလိမ့်အုံးမယ်။
သူက တချက်မျှရယ်လိုက်လေသည်။ အဆိုးသဘောနှင့်ရယ်သည်ကား မဟုတ် စိတ်မချမ်းသာသည့်အနေနှင့်ဖြစ်လေသည်။ ထို့နောက်
- မင်းက အပျက်ကချည်း လိုက်ကြည့်နေတဲ့အကောင်ပဲ။
ဟု ပြောလေသည်။
သူသည် ထိုညနေခင်းသို့ မကြာမကြာ ပြန်၍လှည့်လာတတ်သည်။
- ဒို့ဒီမှာ မရှိတော့တဲ့နောက် ... ဟုတ်လား ... ဒီလိုဆိုရင် ဒို့နိုင်မယ်ဆိုတာ မင်းမယုံဘူးပေါ့။
သူက ဤကဲ့သို့မေးသည်။ သူကိုယ်တိုင်လဲ မယုံတော့သောကြောင့် ဤသို့မေးခြင်း ဖြစ်လေသည်။ နောက် ကျနော်က ဆိုဗီယက်ယူနီယံ၏ အင်အား၊ ဆိုဗီယက်ယူနီယံကို မည်သူကမျှ မချေမှုန်းနိုင်ပုံ စသည်တို့ကိုပြောပြသောအခါ သူသည် အာရုံစိုက်၍နားထောင်နေခဲ့သည်။ စကားစပ်မိ၍ပြောရဦးမည်။ ဤသည် ကား ကျနော်၏ နောက်ဆုံး “အစစ်ခံချက်” တချို့တ၀က်ပင် ဖြစ်လေသည်။
- ချက် ကွန်မြူနစ်တယောက်ကို သတ်တိုင်း သတ်တိုင်း၊ ခင်ဗျားတို့ဟာ ဂျာမန်လူမျိုးရဲ့ မျှော်လင့်ချက်တစိတ်တပိုင်းကို သုတ်သင်ပစ်နေကြတာပဲ ဟု ကျနော်ကသူ့အား ပြောပြခဲ့ပါသည် - ဂျာမန်လူမျိုးရဲ့ရှေ့ရေးကို ကယ်တင်နိုင်တာ ကွန်မြူနစ်ဝါဒ တခုတည်းပဲရှိတယ်။
သူသည် ဖြစ်ချင်ရာဖြစ်ပစေ ဟူသော အမူအရာဖြင့် လေကိုလက်နှင့် ရိုက်ပြပါသည်။
- ဒို့ ရှုံးမယ်ဆိုရင်တော့ ဒို့ကိုဒီဝါဒက ကယ်တင်နိုင်မှာ မဟုတ်ပါဘူးကွာ - ဟု ပြောယင်း အိတ်ထဲမှ ပစ္စတိုကိုထုတ်၍ ပြပါသည် - မြင်လား၊ နောက် ဆုံး ကျည်ဆံသုံးတောင့်ကို ကိုယ့်အတွက်ကိုယ်ချန်ထားတယ်။
... သို့သော် ဤသည်ကား ရုပ်တုကလေးတခုကိုသာ ကိုယ်စားပြနေခြင်း မဟုတ်တော့။ ဤသည်ကား အရွယ်နှောင်း၍ ဟောင်းနေပြီဖြစ်သော ခေတ်တခုကို သရုပ်ဖော်ခြင်း ဖြစ်လေသည်။

(ပခုံးသိုင်းကြိုးတစုံ - ကြားဖြတ်တူရိယာသံ)
မျက်နှာချင်းဆိုင် အကျဉ်းခန်း၏ တံခါးဘေးတွင် ပခုံးသိုင်းကြိုးတစုံ ချိတ်ဆွဲထားသည်။ ယောက်ျားဘောင်းဘီများကို ထိန်းသည့်သာမန်ပခုံးသိုင်းကြိုး တစုံမျှသာ ဖြစ်သည်။ ကျနော် ဘယ်တုန်းကမျှမနှစ်သက်ခဲ့ဘူးသည့် ပစ္စည်းတခုဖြစ်သည်။ ယခုသော် ကျနော်တို့၏ အကျဉ်းခန်းတံခါးကို ဖွင့်လိုက်ကြတိုင်း အဆိုပါ ပစ္စည်းကို ၀မ်းမြောက်စွာ ကြည့်မိသည်။ ထိုပခုံးသိုင်းကြိုးများတွင် မြှော်လင့်ချက်ကလေး တပိုင်းတစမျှ မြင်တွေ့နေမိပါသည်။
ခင်ဗျားအား ဖမ်းဆီးသည့်အခါတွင် သူတို့သည် ခင်ဗျားအားသေသည့်အထိ ရိုက်ကောင်းရိုက်ကြမည်။ သို့သော် ခင်ဗျားဖာသာခင်ဗျား ကြိုးဆွဲချ၍ မ သေနိုင် ရှေးဦးပထမတွင်ခင်ဗျား၏ ကော်လာစည်း၊ ခါးပတ်၊ သို့မဟုတ် ပုခုံးသိုင်းကြိုးများကို ယူသွားကြသည်။ (အိပ်ရာခင်းကို သုံးမည်ဆိုလျှင်ကား လှလှကြီး ကြိုးဆွဲချသေနိုင်သည်။) ၎င်းနောက် ဤမျှအန္တရာယ်ကြီးလှသော သေမင်း၏လက်သုံးကိရိယာများကို ထောင်တွင်းရုံးခန်း၌ သိမ်းထားကြသည်။ နောက် ဂက်စတာပိုရှိ ခင်ဗျားမသိသော ကံကြမ္မာတခုက ခင်ဗျားအား အလုပ်ကြမ်းလုပ်ရန်ဖြစ်စေ၊ ထောင်စခန်းတခုခုသို့ဖြစ်စေ၊ သို့မဟုတ် ကြိုးစင်ပေါ်သို့ဖြစ်စေ၊ တနေနေရာသို့ ပို့ရမည်ဟု ဆုံးဖြတ်သောအခါကျမှ ခင်ဗျားအား ခေါ်ကာ ထိုပစ္စည်းများကိုတခန်းတနားပြန်လည် ပေးအပ်ကြလေသည်။ သို့သော် အကျဉ်းခန်းအတွင်းသို့ကား ပြန်လည် ယူသွားခွင့်မပြု။ အပြင်ဘက်တံခါး၏ ဘေးတွင်ဖြစ်စေ၊ တံခါး၏ရှေ့မှ သံတန်းတွင်ဖြစ်စေ ချိတ်ထားရသည်။ အမိန့်ကျသောအချိန်မှစ၍ တကယ်ပင် ထွက်ခွာသွားရသောအချိန်အထိ ထိုနေရာတွင် တွဲလွဲခိုနေကြရသည်။ ထိုသို့သော ပစ္စည်းများကား အကျဉ်းခန်းအတွင်းမှ တစုံတယောက်သောသူသည် မသွားလိုသောလမ်းသို့ ခရီးထွက်ရန် အသင့်ဖြစ်နေရပြီဟူသော အထိမ်းအမှတ်ပင်ဖြစ်သတည်း။
ဂုစတီနာ၏ ကံကြမ္မအကြောင်းကို ကြားရသောနေ့၌ပင် ပခုံးသိုင်းကြိုးတစုံသည် ကျနော်တို့နှင့်မျက်နှာချင်းဆိုင် အကျဉ်းခန်းရှေ့တွင် ပေါ်ပေါက်လာ သည်။ မျက်နှာချင်းဆိုင်အကျဉ်းခန်းမှ မိတ်ဆွေတယောက်သည် သူမနှင့်တသုတ်တည်း အလုပ်ကြမ်းလုပ်ရာသို့ ထွက်ခွာသွားရမည်ဖြစ်သည်။ ထိုလူသိုက်ကား ယခုထက်ထိ ခရီးမထွက်ရသေး။ ဗြုံးကနဲ ရက်ရွေ့လိုက်ကြသည်။ သူတို့သွားရမည့်အလုပ်ရုံမှာ ဗုံးကြဲခံရသဖြင့် ပျက်စီးကုန်သည်ဟု ကြားရသည်။ (ဤသည်ကား တွက်ကိန်းကိုက်သော အဖြစ်အပျက်တရပ်။) မည်သည့်အချိန်တွင် ခရီးထွက်ရမည်ကို မည်သူမျှမသိ။ ယနေ့ညနေ သို့မဟုတ် မနက်ဖြန်၊ နောက်အပတ် သို့မဟုတ် ဆယ့်လေးရက်အကြာတွင် သွားကောင်းသွားကြရမည်။ ပခုံးသိုင်းကြိုးများကား တွဲလောင်းခိုမြဲခိုနေကြလေသည်။ သို့နှင့်ကျနော်လည်း သိနေရသည်။ ထိုပစ္စည်းကို မြင်နေရသမျှကာလပတ်လုံး ဂုစတီနာတယောက်ဖြင့် ပရာဟာမြို့တွင် ရှိနေပေလိမ့်ဦးမည်။ ထို့ကြောင့် ထိုပုခုံးသိုင်းကြိုးများသည် သူ့အားကူညီနေသာ ပုဂ္ဂိုလ် တယောက်ဖြစ်ဘိသည့်အလား ၎င်းတို့အား ၀မ်းသာမြတ်နိုးစွာ ကြည့်ရှုနေခဲ့ပါသည်။ သူ့အနေနှင့် တရက်မျှ အချိန်ရလာမည်၊ နှစ်ရက် ... သုံးရက် ... ဒီအချိန်ဟာ ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ။ ဒီလိုရလိုက်တဲ့ ရက်ကလေးတရက်ကပဲ သူ့အသက်ကိုကယ်ဆယ်ကောင်း ကယ်ဆယ်မိမှာ ...
ကျနော်တို့အားလုံးသည် ဤသို့သာ နေထိုင်ခဲ့ကြသည်။ ယနေ့လဲ ဤသို့ပင် နေကြသည်။ ယခင်လ၊ ယခင်နှစ်ကလဲ ဤသို့ပင်။ မြှော်လင့်ချက်တည်ရှိ ရာ မနက်ဖြန်သို့ အမြဲတန်းမျက်နှာမူနေကြသည်။ ခင်ဗျား၏ ကံကြမ္မာကိုကား ချိတ်တံဆိပ်ခပ်နှိပ်လိုက်ပြီ။ ခင်ဗျားအား သဘက်ခါတွင် သေနတ်နှင့်ပစ်သတ်ရန် ဆုံးဖြတ်လိုက်ကြပြီ - အမယ် ဒါပေမဲ့ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်ပါ့မလဲ။ နက်ဖြန်ခါအထိသာ အသက်ရှင်နေဦးမည်ဆိုလျှင် ... နက်ဖြန်ကျလျှင် အစစအရာရာ ပြောင်းလဲသွားနိုင်သည်။ အစစအရာရာကား မခိုင်မကျည်ရှိလှစွာသည်။ မှန်သည်၊ နက်ဖြန်ဘာဖြစ်မည်ကို မည်သူသိသနည်း။ သို့နှင့် နက်ဖြန်ပေါင်း များစွာလဲ ရွေ့လျားသွားသည်။ ထောင်ပေါင်းများစွာသော လူတို့အတွက်ကား မနက်ဖြန်ဟူ၍မရှိတော့။ သို့ရာတွင် ဆက်လက်၍ နေထိုင်နေကြသည် - နက်ဖြန်ခါ၊ နက်ဖြန်ခါ ဘာဖြစ်တော့မယ်ဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ။
ဤသို့သော တွက်ကိန်းမျိုးမှ အကြောင်ဆုံးသော ကောလာဟလသတင်းများ ပေါက်ဖွားလာခဲ့သည်။ အပတ်တိုင်း အပတ်တိုင်း ဘယ်တော့စစ်ပြီး တော့မည်ဟူသော နှင်းဆီရောင်သတင်းများပေါ်လာတတ်သည်။ ထိုသတင်းများကို လူတိုင်းသည်ပါးစပ်ကို နားနှစ်ဘက် ထိလုနီးနီးဖြဲရင်း အငန်းမရ နားထောင်လေ့ ရှိကြသည်။ အပတ်တိုင်း အပတ်တိုင်း ပန်းကရာ့စ်ထောင်သည် ထူးခြားသော ၀မ်းသာစရာသတင်းတရပ်ကို တိုးတိုးကလေး ဖွင့်ပြောတတ်သည်။ ထိုသတင်းမျိုးကို လူတိုင်းကပင် အားတက်သရောလက်ခံလိုကြသည်။ ခင်ဗျားက ဤကိစ္စမျိုးကိုတွန်းလှန် တိုက်ခိုက်သည်။ လွဲမှားသော မြှော်လင့်ချက်များကို ခင်ဗျားကတိုက်ဖျက် သည်။ ဤကိစ္စမျိုးကား လူ၏စရိုက်ကို မကြံ့ခိုင်စေသည်သာမက ပျော့ညံ့စေသည်။ အဆုံးသတ်၌ အစစအရာရာသည် ချောချောမောမော ဖြစ်သွားလိမ့်မည်ဟူသော သဘောထားကို လိမ်လည်ချက်ဖြင့် အစာခွန့်ရန် လိုလဲမလို၊ သင့်လဲမသင့်။ ထိုအကောင်းမျှော် စိတ်ဓာတ်သဘောထားကို အမှန်စကားဖြင့်လည်းကောင်း၊ မြေကြီး လက်ခတ်မလွဲ ရရှိမည့်အောင်ပွဲကို ပြတ်ပြတ်သားသား မြင်တတ်ခြင်းဖြင့်လည်းကောင်း၊ ယင်းသို့သာ အားဖြည့်ထားရပေမည် - သို့သော်လည်း အခြေခံသဘာဝကား ခင်ဗျား၏ ကိုယ်တွင်း၌လည်း ရှိနေသည်။ သည်ရက်ကလေး တရက်သည်ပင် အဆုံးအဖြတ်ပေးမည့်နေ့ ဖြစ်နိုင်သည်။ ခင်ဗျားအချိန်ရလိုက်သော ရက်ကလေးတရက်သည်ပင် ခင်ဗျားအား ခြိမ်းချောက်နေသော သေဘေး၏ နယ်စပ်မှ ခင်ဗျားမစွန့်လွှတ်လိုသော ဘ၀၏နယ်တွင်းသို့ ဖြတ်ကူးမိရန်ကူညီကောင်း ကူညီနိုင်လိမ့်မည်။
လူတို့၏တသက်တာတွင် ရက်ပေါင်းနည်းပါးလှစွာသည်။ သို့စဉ်လျက် ခင်ဗျားသည်ထိုရက်များကို လျင်မြန်စွာရွေ့လျားသွားစေလိုသည်။ ပို၍မြန်လေ၊ အတတ်နိုင်ဆုံးမြန်လေလေ၊ ခင်ဗျားအနေနှင့်ပို၍နှစ်သက်သည်။ အချိန်ကား ဖမ်း၍မရ၊ ပြေး၍နေသည်။ ခင်ဗျား၏ သွေးကြောများမှ မရပ်မဆိုင်းဘဲ တစိမ့်စိမ့်ယို ထွက်နေသောအချိန်ကား ခင်ဗျား၏မိတ်ဆွေပင် ဖြစ်လေသည်။ အံ့ဘွယ်ကောင်းလေစွ။
နက်ဖြန်သည် ယမန်နေ့ဖြစ်သွားသည်။ သဘက်ခါသည် ယနေ့ဖြစ်လာသည်။ ဤသည်လည်း လွန်ခဲ့ပြန်လေပြီ။
မျက်နှာချင်းဆိုင် အကျဉ်းခန်းတံခါးဘေးမှ ပခုံးသိုင်းကြိုးများကား တွဲလွဲခိုမြဲခိုနေကြလေသည်။

Read More...