Tuesday 29 April 2008

တိုင်းပြည်ရဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးတဲ့ကာလရောက်တော့မယ်

တိုင်းပြည်တပြည်မှာ နိုင်ငံရေးအကြပ်အတည်း။ ဒါမှမဟုတ်ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးကြုံလာ ရရင် ဆေးမြီးတိုကအစ တဘောင်ပေး။ နတ်လမ်းညွှန်ပေးတာတွေ။
တိုင်းပြည်တပြည်မှာ နိုင်ငံရေးအကြပ်အတည်း။ ဒါမှမဟုတ်ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးကြုံလာ ရရင် ဆေးမြီးတိုကအစ တဘောင်ပေး။ နတ်လမ်းညွှန်ပေးတာတွေ။ ရွှေငုံးမင်းအမြီးမျှော်သလို မျှော်ခိုင်းတာစတာတွေ ဟိုက ဒီကပေါ်လာတတ်ပါတယ်၊ ပုံမှန်အခြေအနေမှာ နိုင်ငံရေးစကားပြောနေသူ မဟုတ်သူတွေတောင် ဒီလိုအခါမှာ ခုန်ထွက်လာ တတ်ပါတယ်၊ ဒါမဆန်းပါဘူး၊ တကမ္ဘာလုံးမှာ ဖြစ်တတ်တာပါပဲ၊

ဒါပေမဲ့ အဲဒီလိုသဘောတရားတွေ ထုတ်လာသူတွေဟာ ဘယ်လိုသဘောထားနဲ့ ပေးတယ်ဆိုတာကိုတော့ သေချာ စိစစ်ဖို့လိုပါတယ်၊ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာရှိသူတွေပါတတ်သလို တချို့ကတော့ ဒီတကွေ့မှာဖြင့်ငါ့အ ကွက်ပေါ်ပြီလို့ယူဆပြီး ထွက်လာတာပါ၊ ငါ့အကွက်ဆိုတာမှာ အတိုက်အခံနိုင်ငံရေးလောကမှာဆိုရင် ခေါင်းဆောင်ဖြစ်ဖို့။ ထင် ပေါ်ကျော်စောဖို့။ အလိုတော်ရိလောကမှာဆိုရင် ငါမျက်နှာရအောင်လုပ်ဖို့။ ရာထူးနေရာရဖို့။ စတာမျိုးတွေပါတတ်ပါတယ်၊ စစ် အစိုးရကိုဆန့်ကျင်ရတဲ့ ဒီမိုကရေစီတိုက်ပွဲသက်တမ်း ရှည်ကြာလာတာနဲ့အမျှ ဒီလိုထူးထူးဆန်းဆန်း အယူအဆတွေတွေ့လာ ရပါတယ်၊ တချို့ဆိုရင်အနောက်တိုင်းက စာအုပ်တွေထဲမှာပါတာတွေကို ကိုယ့်နိုင်ငံအခြေအနေနဲ့ သင့်တော်သည်။ မသင့် တော်သည်မစဉ်းစားပဲ အတင်းဆွဲယူပြီး သဘောတရားဖန်တီးကြတာ တွေ့ရပါတယ်၊ ဖိနပ်မတော်ရင် ဖနောင့်ဖြတ်မယ့် သဘောပါ၊

ဗမာပြည်ရဲ့ လက်ရှိအနေအထားမျိုးမှာ အာဏာရလူတန်းစားဟာ “ခွင်လုံးကျွတ်နိုင်ချင်နေသမျှ”။ ဒါမှမဟုတ် “ခွင် လုံးကျွတ် အနိုင်ယူဖို့ပဲတွေးခေါ် လုပ်ဆောင်နေသမျှ” ဘယ်တော့မှ နှစ်ဖက်အနိုင်ရရှိတဲ့ “Win - Win ဖြေရှင်းနည်း” ဖြစ်ပေါ် မ လာနိုင်ပါဘူး၊ “Win - Win ဖြေရှင်းနည်း” ဆိုတာဟာ နှစ်ဖက်စလုံးကသဘောရိုးနဲ့။ အဖြေကောင်းရလိုတဲ့ ဆန္ဒအစပြုချက်နဲ့ ဆွေးနွေးကြမှရတာပါ၊ အာဏာရလူတန်းစားက “သူ့ဘက်က အနိုင်ရနေတယ်” လို့ထင်နေသမျှ “ဂိမ်းသီဝရီ” ဆိုတာအလုပ်မ ဖြစ်နိုင်ပါဘူး၊ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ရန်သူဟာ ဘယ်လိုလူလဲဆိုတာကို အကဲဖြတ်တာမှာကိုပဲ ပြဿနာ ရှိနေပါတယ်၊ စစ်ဗိုလ်ချုပ်တွေကို ပန်းပန်။ သနပ်ခါးလိမ်းပေးနေပြီး ဒီချုပ်ကိုအိုးမည်းသုပ်ဖို့ ကြိုးစားနေတာတွေလည်း တွေ့ရ ပါတယ်၊ ကိုယ့်ဖက်ကသူ့ကိုကြည့်ရင်တမျိုး။ သူ့ဖက်က ကိုယ့်ကိုကြည့်ရင် တမျိုးဆိုတာမဆန်းပါဘူး၊ ဒါပေမဲ့ဘယ်ဖက် မှာရပ် တယ်ဆိုတဲ့ကိစ္စကိုတော့ ပြောရပါမယ်၊

ဒီနေ့ဗမာပြည်ကြုံတွေ့နေရတဲ့ အကြပ်အတည်းဟာ လက်နက်ကိုင်ထားတဲ့ အာဏာရလူတန်းစားက အာဏာကို ပြည်သူက ရွေးကောက်တင်မြှောက်သူတွေလက်ထဲ လွှဲပြောင်းဖို့မပြောနဲ့ တဖဲ့တစတောင် ခွဲမပေးချင်လို့ဖြစ်ပါတယ်၊ တချို့ သော ကိုယ့်ကိုယ်ကို နိုင်ငံရေးပရောဟိတ်လို့ သတ်မှတ်ယူဆနေသူတွေပြောသလို အတိုက်အခံတွေဖက်က။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီဖက်က အလျှော့မပေးလို့။ တင်းခံနေလို့လုံးဝမဟုတ်ပါဘူး၊

ဒါကြားထဲကပဲ “ကိုယ်ကလျှော့ပေးရင် သူကလည်းလျှော့ပေးလာမယ်” ဆိုတဲ့ အံ့သြစရာစဉ်းစားတွေးခေါ်နည်းတွေ တောင် ကြားရ ဖတ်ရပါတယ်၊ သူတို့ဟာ နအဖကိုဖားချင်လွန်းတာလား။ နုံအလွန်းတာလား စဉ်းစားစရာဖြစ်နေပါတယ်၊ ဒီ ထက်ဒီသာဆက်ပြီး အလျှော့ပေးရမယ်ဆိုရင်တော့ ခါးပါပါယုံမက “ကျားရှေ့ခံတွင်းရှေ့မှာ ကိုယ်ကိုစင်းပေး” တာပဲဖြစ်မှာ တော့မှာပါ၊

ဒီအတွေးအခေါ်တွေနဲ့ တဆက်ထဲတချို့က ဗမာပြည်ရဲ့ “ပြည်တွင်းစစ်သမိုင်းကိုလည်း သူတို့ဖြစ်စေချင်သလိုဆွဲ တွေး။ ဆွဲရေးနေတာတွေ ပေါ်လာနေပါတယ်၊ နအဖပေးထားတဲ့ဒီမိုကရေစီဟာ သူတို့ရဲ့အဲဒီလိုရေးသားမှုတွေအတွက်တော့ တကယ့်ကို အံကိုက်ပါ၊ ပြန်စဉ်းစားကြည့်ပါ၊ စေ့စပ်ဆွေးနွေးပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည် ထောင်ဖို့ ဗကပက ၁၉၅၅ခုနှစ်မှာ ကမ်းလှမ်းတုန်းက ‘စစ်အုပ်စု’ဟာ တပ်မတော်ရဲ့တစိတ်တပိုင်းမှာပဲ ဘန်ကာတူး။ အခြေ စိုက်နေရတုန်းပဲဖြစ်ပါတယ်၊ ‘မဆလ ဆိုရှယ်လစ်အတွေးအခေါ်’ ဆိုတာကို စတင်ပြီးတော့ ကြံဆနေရတုန်းဖြစ်မှာပါ၊ စစ်အုပ်စု အပိုင်စီးထားတဲ့ ‘စိတ်ဓာတ်စစ်ဆင်ရေးဌာန’ ကို အသုံးပြုပြီး ‘ခေတ်ရေး’ စာစောင်ကလေးတွေ ထုတ်နေပြီး တပ်ကို တလက် ကိုင်ဖြစ်အောင် ဿကိးစားစည်းရုံးနေတုန်းဖြစ်ပါတယ်၊ (အဲဒီ ‘ခေတ်ရေး’ စာစောင်ကလေးတွေကို ပြန်လည်လေ့လာကြည့်ရင် ရှင်းပါလိမ့်မယ်၊ သောင်းနဲ့ချီရိုက်ပြီး အလကားဝေခဲ့တာမို့ အခုရှာရင် ရနိုင်ပါသေးတယ်၊) ဒါကြောင့်အဲဒီတုန်းကတည်းက ‘ဖဆပလ အစိုးရ’ ရဲ့ တရားဝင်ပေါ်လစီ’ နဲ့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ ရဲ့ ပေါ်လစီဟာ အတိအလင်းကွဲပြားနေတာကိုလည်း တွေ့ကြရမှာပါ၊ စစ်တပ်ဟာဦးနုကို မျက်လုံးထဲတောင်မထားပါဘူး၊

ဗကပထဲမှာလည်း အဲဒီတုန်းကတည်းက ကိုယ့်ဘက်ကလျှော့ပေးလိုက်ရင် သူ့ဘက်ကလည်း လျှော့ပေးလိမ့်မယ် ဆိုတဲ့ အတွေးအခေါ်ကို စစ်တမ်းတွေ ပလူပျံအောင်ရေးပြီး ဖြန့်နေကြတာပါ၊ အလွယ်ဆုံးဥပမာပြရရင် “ချမ်းအေးစစ်တမ်း” ပါ၊ ဒါကတခုပဲဖြစ်ပါတယ်၊ တခြားစစ်တမ်းတွေလည်းရှိပါသေးတယ်၊ ဒါပေမဲ့ အဲဒါတွေအားလုံးမှာ အခြေခံအတွေးအခေါ်ကတော့ တခုတည်းပါ၊ အဲဒါက “ကိုယ့်ဘက်ကလျှော့ပေးမှ သူ့ဘက်ကလျှော့လာမယ်” ဆိုတဲ့အတွေးအခေါ်ဖြစ်ပါတယ်၊ အဲဒီအယူ အဆရှင်တချို့က “ဆုတ်မယ့်ဆုတ် ကတုတ်ထိအောင်ဆုတ်ရမယ်” လို့ပြောပြီး လက်နက်ချ အညံ့ခံဖို့ပြောကြပါတယ်၊ သူတို့ မစဉ်းစားမိတာက “ခွင်လုံးကျွတ် အနိုင်ယူ ချင်သူဟာ လျှော့ပေးရင် ကမ်းတက်တတ်တယ်” ဆိုတာပါပဲ၊

“ဒီမိုကရေစီကို လက်နက်နဲ့လဲ” လို့မရခဲ့တာကိုတော့ “ပြည်သူ့ရဲဘော်” တွေ “အလံနီ” တွေရဲ့ ဖြစ်ရပ်ကသက်သေပြခဲ့ပါပြီ၊

“ဒီမိုကရေစီကို ‘မဲပြား’ နဲ့ရအောင်လုပ်ရင်ရမယ်၊ ‘အကြမ်းမဖက်ရေး’ နဲ့ လုပ်ရင်ရမယ်ထင်တဲ့ ‘ထင်ယောင်မှားမှု’ ကိုတော့ ပထစ နဲ့ ဒီချုပ် အတွေ့အကြုံတွေက ပြသွားခဲ့ပြီမဟုတ်ပါလား၊ အခုတော့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ မှာ အောက်သက်ကျေခဲ့တဲ့ ဗိုလ်သန်းရွှေက “တရားခံအဖြစ်ခံပြီး” အခြေခံဥပဒေ ရေးဆွဲလိုက်ပါပြီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နောက်ဆုံးလက်သီး ချက်သွင်းတဲ့ coup de grace အဆင့်ကို ရောက်နေပြီ၊ စစ်အုပ်စုဟာ ‘စစ်တပ်နဲ့အာဏာသိမ်း’ coup deta နဲ့ စခဲ့ပြီး coup de grace နဲ့ စစ်အုပ်စုမင်းဆက်ကို ထူထောင်ချင်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်၊ ဒိထက်ထပ်လျှော့ရင်ဘာဖြစ်မလဲ၊ ပြားပြား ၀ပ်တဲ့ဘ၀ပဲရောက်မှာပါ၊ အညွန့်တုံးတဲ့ဘ၀ပဲ ရောက်မှာပါ၊

၂၀၀၈ခုနှစ်ကနေ ၂၀၁၀ခုနှစ်။ ဒီ၂နှစ်အတွင်းမှာအဖြစ်အပျက်တွေဟာ ဗမာပြည်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပါလိမ့်မယ်၊ ဘာဖြစ်မလဲ၊ အကောင်းလား။ အဆိုးလားတွေ့ရတော့မှာပါ၊ ကြာကြာစောင့်ရမယ် မထင်ပါဘူး၊ တွေဝေနေရင် တသက်တာလုံး ခံရပါလိမ့်မယ်၊

ဖဆပလ - ပထစ - မဆလ တို့ရဲ့ဇာတ်သိမ်းမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မသိမ်းရလေအောင် ကျွန်တော်တို့တတွေအားလုံး ကြိုးစားကြရပါမယ်၊ ဒါဟာ နောက်မြီးဆွဲလုပ်တာမဟုတ်ပါဘူး၊ သမိုင်းတခေတ်မှာရင်ဆိုင်ရတဲ့ အခြေအနေမှာ ကိုယ့်ကျတဲ့အခန်းကနေ ၀င်ပါတာဖြစ်ပါတယ်၊

တကယ်တော့ဗမာပြည်ရဲ့အဖြစ်ဟာ ဖွတ်မိကျောင်းဖြစ်လာလို့ ဖွတ်ကျောပြာစုဘ၀ရောက်ရတာပါ၊ ၁၉၅၅ခုနှစ် လောက်တုန်းက စစ်အုပ်စုဟာ အိမ်မြှောင်အဖြစ်ကနေ ပြည်တွင်းစစ်ကြောင့် ကြီးထွားလာတဲ့ ‘ဖွတ်ဘ၀’ ပဲရှိပါသေးတယ်၊ ဒီလိုနဲ့ ၁၉၅၈ခုနှစ်မှာ ဖဆပလကွဲတော့ တဆင့်တက်လာပါတယ်၊ စစ်အုပ်စုဟာ ‘နိုင်ငံတော်အာဏာပိုင်’ အဖြစ် ယာယီဖြစ်လာ ပါတယ်၊ အာဏာရဲ့အရသာကို လျှာနဲ့လျက်ခွင့်ရလိုက်ပါတယ်၊ နေသေးသပခြုံထဲက။ ချိုသွေးသပတမြမြလုပ်နေပါတယ်၊

ဗိုလ်နေ၀င်းနဲ့သူ့တပ်မှူးတွေဟာ ၁၉၅၈ခုနှစ်မှာ သူတို့ကို “အာဏာလွှဲပေးခဲ့တဲ့” ဦးနုရဲ့ပထစအစိုးရကို ခဏစောင့်ကြည့်ပြီး ၁၉၆၂ ခုနှစ်မှာကျတော့ သူတို့အာဏာသိမ်းရင် ပထစတွေ လွန်ဆန်နိုင်မှာမဟုတ်ဘူးလို့ တွက်မိပြီး တဆင့်တက်လိုက်တာပါပဲ၊ အာဏာကို အပြီးအပိုင်သိမ်းလိုက်တာပါ၊ ကမ္ဘာတည်သရွေ့အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ‘မဆလအလံ’ ကိုလည်း အတိအလင်းထူပြ လိုက်ပါတယ်၊

၁၉၈၈ မှာ စစ်အုပ်စုဟာမျိုးဆက်သစ်ကို အာဏာအမွေလွှဲပေးပါတယ်၊ ရှစ်လေးလုံးတိုက်ပွဲကြီးကြောင့် ဗိုလ်နေ၀င်းပန်းပေး သွားတာပါ၊ ၁၉၈၈ခုနှစ်ကနေ အခု၂၀၀၈ခုနှစ် အထိမှာတော့ အာဏာကိုလဲလွှဲမပေး။ စစ်တန်းလျားကိုလည်းမပြန်တော့ပါဘူး၊ နေပြည် တော်အသစ် ထူထောင်ပြီး အာဏာကိုရာသက်ပန် သိမ်းထားမယ်ဖြစ်နေပါပြီ၊ အခုဗမာပြည်သူတွေရင်ဆိုင်နေရတာဟာ အာဏာကို တရားဝင်ရာသက်ပိုင်ဆုပ်ကိုင်ထားဖို့အတွက် ဥပဒေပြုနေတာနဲ့ စစ်အင်အားတည်ဆောက်နေတဲ့ အနေအထားဖြစ်ပါတယ်၊

၂၀၀၀ခုနှစ် ၀င်လာကတည်းက နိုင်ငံတကာ့အခြေအနေကလည်း တစတစပြောင်းလာလိုက်တာ အခုတော့ ဗမာပြည်ဟာ အင်အားကြီးတွေရဲ့ကြားမှာ ကစားစရာဖြစ်နေပါပြီ၊ ကုလသမဂ္ဂကိုပြေးတိုင်လိုက်။ ကုလသမဂ္ဂကိုရန်ထောင်လိုက်နဲ့ လူရီစရာတွေ ဖြစ်လာပါလိမ့်မယ်၊ ပြည်ပမှာသူများတွေက အမှိုက်လှည်းကြီးလို့ ထင်စရာဖြစ်လာနေချိန်မှာ ပြည်တွင်းမှာကျတော့ ဖွတ်ကမိကျောင်း ဖြစ်တာကြာပြီဖြစ်တဲ့အတွက် မြစ်ပြင်တခုလုံး မချမ်းသာရုံမက မြစ်ပြင်တခုလုံး မီးဟုန်းဟုန်းတောက်မယ့် အခြေအနေဆိုက်နေပါပြီ၊

နိုင်ငံရေးဘ၀မှာ ဇာတ်ဆရာမရှိပါဘူး၊ ကိုယ်တိုင်ပါဝင် ကကြရတာပါ၊ လူတိုင်း။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်နဲ့ နိုင်ငံရေးသမားတိုင်းဟာ ပွဲကြည့်တွေမဟုတ်ပါဘူး၊ ကိုယ်တိုင်ကပြနေကြတာပါ၊ ဘာမှမလုပ်ပဲထိုင်နေရင် အဲဒါလည်းသရုပ်ဆောင်နေတာပဲ ဖြစ်တယ်ဆိုတာကို မမေ့ဖို့ပါပဲ၊

ရဲဘော်ဖိုးသံချောင်း

No comments: