Sunday 9 March 2008

ဆန္ဒနဲ့လက်တွေ့

အခုတလော နအဖစစ်အုပ်စုကို တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင် နိုင်ငံရေးအဖွဲ့အစည်းများအကြား အတော်ကိုလှုပ်ခတ်သွားစေတဲ့ နိုင်ငံ ရေးလေထုတရပ် ဖြစ်ထွန်းနေပါတယ်။ အဖွဲ့အစည်းအလိုက်သော် လည်းကောင်း၊
တသီးပုဂ္ဂလအရသော်လည်းကောင်း လှုပ်ခတ်တာပါ။ ဒီမိုကရေစီရေးတိုက်ပွဲ ဝင်နေကြတဲ့ အဖိနှိပ် ခံပြည်သူများအတွက် အရေးတကြီးဆုံးဖြတ်ရမယ့် နိုင်ငံရေးပြဿနာတခုပါ။ ပြဿနာကို စတင်လိုက်သူကတော့ စစ်အုပ်စု နအဖပါပဲ။
မြန်မာနိုင်ငံရဲ့ ၂၀၀၇ ခုနှစ်ကို သံဃာတော်တွေဦးဆောင်တဲ့ စက်တင်ဘာလူထုအုံကြွမှုကြီးက ပုဒ်မဖြတ်ပေးလိုက်ပါတယ်။ ၂၀၀၇ ကုန်ဆုံးသွားပေ မယ့် ၂၀၀၈ နိဒါန်းဟာ သံဃာတော်တွေအပါအ၀င် တိုက်ပွဲဝင် လူထုသွေးတွေနဲ့ တအုံ့နွေးနွေး ဖွင့်လှစ်ခဲ့တာပါ။ စစ်အုပ်စု အတော်အကြပ်ရိုက်သွားခဲ့ပါတယ်။ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားတယ်။ ကုလသမဂ္ဂနဲ့ အိပ်ချင်ယောင်ဆောင်နေတဲ့ နိုင်ငံတချို့လည်း အလန့်တကြား ထကြည့်ပြော ဆိုလာရတယ်။ ကုလသမဂ္ဂက သံတမန်နည်းအရ ချဉ်းကပ်ပါတယ်။ ဂမ်ဘာရီလာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတယ်။ နအဖက ဗိုလ်အောင်ကြည်ကို ကိုယ်စားလှယ်ခန့်ပြီး နေအိမ် အကျဉ်းကျခံနေရသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစေတယ်။ ဒိုင်ယာလော့မဟုတ်ပါ။ အဓိကကတော့ နအဖရဲ့ လမ်းပြမြေပုံ (၇) ချက်ကို ဒေါ်အောင်ဆန်းစု ကြည်အား အတင်းအဓမ္မ လက်ခံခိုင်းစေတာပါ။ ချုပ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်း ထွက်လာပါတယ်။ “အကောင်းဆုံးကိုမျှော်လင့်၊ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြ” ဖြစ်ပါ တယ်။
မြန့်မာ့နိုင်ငံရေးသမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီစကားကို ပြောခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောပါတယ်။ အခြေအနေခြင်း လုံးဝမတူပါ။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တုန်းက အစစအရာရာ အသားစီးကပါ။ “ရရင်ရ မရရင်ချ” ပါ။ အဲဒီတုန်းက လွတ်လပ်ရေး “မရ” ရင် “ချ” နိုင်မယ့် အခြေ အနေတွေ အားကောင်းပါတယ်။ ညီညွတ်ရေးအရရော၊ တိုက်ပွဲ (လက်နက်ကိုင်၊လူထု) အရရော အခြေအနေကောင်းပြီးသားပါ။ ဖက်ဆစ်ဂျပန်ကို တော်လှန်နိုင်ခဲ့ တာလည်း ဗိုလ်ချုပ်အောင်ဆန်းအတွက် စကားနောက်တရားပါသလို တရားနောက်မှာပါမယ့် အားကလည်း အဆင်သင့်ပါ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေ အနေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခြေအနေနဲ့ ကွာတယ်ဆိုရင် မငြင်းကြဘူးလို့ ထင်ပါတယ်။ ဒါ ပကတိ အရှိတရား ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားမှာပါတဲ့ “အကောင်းဆုံးကိုမျှော်လင့်” ဆိုတာမှာ အဆိုးဆုံးကို ရင်ဆိုင်ကျော်လွှားပြီးမှ သီးပွင့်လာမှာ ဖြစ်ပါတယ်။ No pain, No game (အနာခံမှ အသာစံရမယ်) လို့ ပြောလိုက်တာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါ ဆန္ဒစွဲလား၊ ပကတိလက်တွေ့လားဆိုတာတော့ စက်တင်ဘာ အုံကြွမှုကြီးနဲ့ လူထုအရေးတော်ပုံအဆက်ဆက်က သက်သေပြခဲ့ပြီးပါပြီ။ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ကျနော်တို့ ဘာတွေ ဘယ်လို ပြင်ဆင်ထားပါသလဲ။ ကျနော်တို့ကိုယ် ကျနော်တို့ အသိဆုံးပါ။ ဒီအချိန်မှာ နအဖစစ်အုပ်စုက (၁/၂၀၀၈) နဲ့ (၂/၂၀၀၈) ကြေညာချက်များနဲ့ ပြည်သူလူထုကြီးကို စိမ်ခေါ်လိုက်ပါတယ်။ (၁/၂၀၀၈) က နအဖရဲ့ ညောင်နှစ်ပင်အခြေခံဥပဒေကို အတည်ပြုဖို့ဆန္ဒခံယူပွဲလုပ်မယ်။ ၂၀၀၈၊ မေလမှာ ဖြစ်တယ်။ (၂/၂၀၀၈) ကတော့ ရွေးကောက်ပွဲကျင်းပ မယ်။ (၂၀၁၀) ခုနှစ်မှာ လုပ်မှာ ဖြစ်ပါတယ်။
ဒီတော့ ဒီမိုကရေစီရေး တိုက်ပွဲဝင်အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တွေရဲ့ အသံတွေ ထွက်လာရပါတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲကို သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲပေးမလား။ အချိန်ကလည်း (၃) လကျော်ကျော်ပဲ ရှိတော့တာ။ မြန်မြန်ဆုံးဖြတ်၊ မြန်မြန် အကောင်အထည်ဖော်လှုပ်ရှား။ အဓိကအကျဆုံးက အဖိ နှိပ်ခံ ပြည်သူ လူထုကြီးကို ဘယ်လိုမက်ဆေ့ခ်ျပေးပြီး ဘယ်လိုနည်းပရိယာယ်နဲ့ တိုက်ပွဲဝင်မလဲဆိုတာပါ။ အရေးကြီးပြီး အမှားမခံပါဘူး။ ဆန္ဒစွဲနဲ့ ပြောလို့မရပါ ဘူး။ လက်တွေ့နဲ့ ကိုက်ညီရပါမယ်။ လက်တွေ့ဆိုတာမှာ နအဖစစ်အုပ်စုရဲ့ သန္ဓေနဲ့ လက္ခဏာ၊ အဖိနှိပ်ခံပြည်သူလူထုကြီးရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ အစဉ်အလာနဲ့ လက်ရှိမိမိတို့ရဲ့ ပကတိအနေအထားတို့ ပါရပါမယ်။ ဖြစ်ချင်တာကို အူထဲ၊ အသည်းထဲကနေ ပြောရရင် နအဖစစ်အုပ်စုနဲ့၊ စစ်အာဏာရှင်စနစ်ကို တစက္ကန့်မဆိုင်းအမှုန့်ချေ ဖျက်သိမ်းလိုက်ချင်တာပါ။ ဒါဆန္ဒပါ။ ဘဝကတော့ အဲဒီလို ခွင့်ပြု၊ မပြု အများသိပြီး ဖြစ်ပါတယ်။
မြန်မာပြည်စစ်အုပ်စုနဲ့၊ စစ်အာဏာရှင်စနစ်ကို အဖိနှိပ်ခံ ပြည်သူလူထုကြီးက မစေ့စပ်စတမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါသမိုင်းပါ။ အကျိုးစီးပွားအရ စစ် အုပ်စု၊ စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ရန်ဘက်ပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ဒီမိုကရေစီစနစ်နဲ့ အကျိုးစီးပွား မဖြစ် ထွန်းနိုင်ပါ။ ၁၉၈၈ အရေးတော်ပုံကြီးရဲ့ ရလဒ်အဖြစ် ဗိုလ်နေဝင်းစစ်အုပ်စုနဲ့ မဆလ ပြုတ်ကျခဲ့ရပါတယ်။ ဗိုလ်စောမောင် (နဝတ) စစ်အုပ်စုက (၁၉၉၀) ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကို မတတ်သာလို့ ကျင်းပပေးရတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက ရှင်းပါတယ်။ ဘယ်တော့မှ ဒီမိုကရေစီ မပေးပါဘူး။ ဗိုလ်စောမောင်ကို စိတ္တဇဝေဒနာရှင်အရူးအဖြစ်နဲ့ ရာထူးက ဖယ်ရှားပစ်လိုက်ပြီး ကတိအားလုံးကို ဖျက်ပစ်ပါတယ်။ နအဖက အချိန်ဆွဲတဲ့ဗျူဟာနဲ့ အတုအယောင် အမျိုးသားညီလာခံကို ကျင်းပပါတယ်။ မြန်မာ့နည်းမြန်မာ့ဟန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ရမယ်ဆိုပြီး စစ်အာ ဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် အခြေခံဥပဒေကို အဓမ္မရေးဆွဲပါတယ်။ နအဖရဲ့လမ်းပြမြေပုံ (၇) ချက်ကို အကောင်အထည်ဖော်ပါတယ်။ တချိန်ထဲမှာ ပြည်သူ လူထုနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်သူများရဲ့ တိုက်ပွဲရလဒ်တွေကို ငြင်းပယ်ပါတယ်။ ရှုပ်ထွေးအောင်လုပ်ပါတယ်။ ဝယ်ယူ၊ ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ် ... စတဲ့ ချေ မှုန်းရေးကိုလည်း အစဉ်တစိုက် လုပ်ပါတယ်။ စစ်အာဏာရှင်စနစ်က စစ်အာဏာရှင်အလုပ်ကို လုပ်ပါတယ်။
အဖိနှိပ်ခံပြည်သူလူထုကြီးက နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်ပါတယ်။ နအဖစစ်အုပ်စုရဲ့ လမ်းပြမြေပုံ (၇) ချက်ကို လက်မခံပါဘူး။ စစ်အုပ်စုရဲ့ အ ခြေခံဥပဒေကိုလည်း လုံးဝလက်မခံပါဘူး။ ဒီမိုကရေစီရေး အဖွဲ့အစည်း၊ ခေါင်းဆောင်တွေရဲ့ တိုက်ပွဲဝင်ကြွေးကြော်သံတွေကို အသက်နဲ့ရင်းပြီး အုံကြွတိုက်ပွဲ ဝင်နေတာ ပြည်သူလူထု ဖြစ်ပါတယ်။ အခု နအဖက (၁/၂၀၀၈) ပြည်သူ့ဆန္ဒခံယူပွဲဆိုတဲ့ ကြေညာချက်နဲ့ ပြည်သူလူထုကို စိန်ခေါ်လိုက်ပါပြီ။ ပြည်သူလူထု ဘာ လုပ်မလဲ။ သပိတ်မှောက်မလား၊ ကန့်ကွက်ဆန္ဒမဲသွားပေးမလား။ ဒါကို ဒီမိုကရေစီရေး တိုက်ပွဲဝင်အဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်များကလူထုကို ဘယ်လိုမက်ဆေ့ခ်ျ ပေးပြီး ဘယ်လို ကြွေးကြော်သံနဲ့ ဦးဆောင်တိုက်ပွဲဝင်ကြမယ်ဆိုတာ အရေးကြီးဆုံး ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ လွတ်မြောက်နယ်မြေရောက် ဒီမိုကရေစီ ခေါင်းဆောင်နှစ်ဦးနဲ့ မီဒီယာအင်တာဗျူးထဲက ကောက်နုတ်ချက်တချို့ကို ကိုးကား ဖော်ပြလိုပါ တယ်။ သူတို့က ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဘက်ကပါ။
NLD အမတ်လည်းဖြစ် MPU ရဲ့ တွဲဖက်အတွင်းရေးမှူး လည်းဖြစ်တဲ့ ခွန်မြင့်ထွန်းရဲ့အမြင်ကတော့.....
(“ကျနော်တဦးတည်း အမြင်အရပြောရမယ်ဆိုရင်တော့ နအဖရေးတဲ့ ဖွဲ့စည်းပုံအသွင်ကူးပြောင်းရေးဆိုတဲ့ ကာလဆိုတဲ့အချက်ထဲမှာ အချက်တချက်က ဘာပါသလဲဆိုရင် မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်မဲနဲ့ အတည်ပြုပြဌာန်းမယ်လို့ ပါတယ်။ ဟို မဲလာပေးတဲ့ လူထက်ဝက်ကျော် မဟုတ်ဘူးနော်၊ မဲပေး ပိုင်ခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်လို့ ပြောတဲ့အတွက် ကျနော်တဦးတည်းရဲ့ သဘောထားကတော့ ဒီဆန္ဒခံယူပွဲကို သပိတ်မှောက်စေချင်ပါတယ်။ ပြည်သူလူထု အနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့အတွက်ကို ကျနော့် တဦးတည်းသဘောထား အဲဒီလိုရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကတော့ သူ့ဘဝလက်တွေ့ အခြေ အနေမှာတော့ရင် သေနတ်နဲ့ ထောက်ပြီးတော့ မဲထည့်ခိုင်းရင် သူက ဒါဆန့်ကျင်ကန့်ကွက်တဲ့မဲ ပေးသွာမှာပါပဲ။ ဒီအခြေအနေကို လူထုက ဆုံးဖြတ်သွားမယ်လို့ မြင် ပါတယ်”)။ ဖေဖော်ဝါရီ ၂၃၊ ၂၀၀၈။ BBC (မြန်မာပိုင်းအစီအစဉ်)
နောက်တဦးကတော့ ဒေါက်တာတင့်ဆွေပါ။ Burma Digest မှာ ဖော်ပြထားတဲ့ ဒေါက်တာတင့်ဆွေရဲ့ “အတုအယောင် လူထုဆန္ဒခံယူပွဲ တိုက်ဖျက်ရန် မှာ (ဒိုင်လင်မာ) မဟုတ်” ဆိုသည့် ဆောင်းပါးမှ ကောက်နုတ်ချက်ပါ။
(အကယ်၍ နအဖ၏ ၂၂/ ၂ / ၂၀၀၆ နေ့ထုတ် မြန်မာ့အလင်း စာမျက်နှာ ၆ - ၇ ကပါ။ ကူးပြောင်းရေးကာလ ပြဌာန်းချက်များ အမှတ် (၁) အရ “ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် အတည်ပြုပြဌာန်းပြီးသည့် နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာတည်သည်” ဟူသည့်အတိုင်း တကယ်လုပ်မည်ဆိုပါက၊ ဆန္ဒခံယူပွဲအား “သပိတ်မှောက်ရန်” ဆော်ဩရပါမည်။ လို့ ဆိုထားပါတယ်။
ဒီနေရာမှာ ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့ နှစ်ဦးစလုံးရဲ့ အာဘော် (နုတ်ထွက်စကား) ဟာ အရေးကြီးပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ ဒီမို ကရေစီခေါင်းဆောင်တွေလည်းဖြစ်၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရဲ့ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ် စစ်စစ်တွေလည်း ဖြစ်နေလို့ပါပဲ။ ဆန္ဒခံယူပွဲကို သပိတ် မှောက်ရေးဘက်က ပြောခဲ့ပါတယ်။ နှစ်ဦးစလုံး ကိုင်တွယ်ပြောဆိုခဲ့တာက နအဖ ရေးဆွဲနေတဲ့ အခြေခံဥပဒေမူကြမ်းပါ အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက် များကို ကိုင်ပြောတာပါ။ ခက်တာက နအဖရဲ့ အခြေခံဥပဒေမူကြမ်းက အတည်မပြုရသေးပါ။ ဆန္ဒခံယူပွဲကို ဖြတ်သန်းရမှာပါ။ အတည်ဖြစ်၊ မဖြစ်ကလည်း ဆန္ဒခံ ယူပွဲရလဒ်က ဆုံးဖြတ်ရမှာပါ။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တဝက်ကျော်ရဲ့ ဆန္ဒမဲဖြင့် အတည်ပြု၊ မပြုကိုလည်း နအဖက ရှင်းရှင်းလင်းလင်း မကြေညာပါဘူး။ နအဖ ရဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ” ဆိုတာမှာလည်း ဒီအချက်ကိုဘာမှ ပြောမ ထားပါဘူး။ ဒါကို ခွန်မြင့်ထွန်းနဲ့ ဒေါက်တာတင့်ဆွေတို့က “တကယ်လုပ်မည်ဆိုပါက” ကိုအခြေခံပြီး နအဖအနေနဲ့ ဆန္ဒခံယူပွဲဥပဒေ နောက်ဆက်တွဲထပ်ထုတ်လေ ဦးမလားဆိုပြီးမျှော်လင့်ချက်နဲ့ ပကတိအပေါ်အခြေမခံဘဲ ဆန္ဒခံယူပွဲကိုသပိတ်မှောက်ရေးတိုက်ပွဲနည်းနာ တင်ပြထားတာကတော့ တာဝန်ခံမှုအပိုင်းအရပြောရရင် မလုပ်သင့်ဘူးလို့ထင်ပါတယ်။ ဥပဒေမဟုတ်တာကို အဟုတ်လုပ်ကိုးကားတဲ့အတွက် လူထုကို မှားယွင်းတဲ့မက်ဆေ့ခ်ျ ပေးသလိုဖြစ်နေပါတယ်။ ဆန္ဒခံယူပွဲလုပ် မယ့်အချိန်ကလည်း အတော့ကိုနီးကပ်နေပါတယ်။ မီဒီယာတွေရဲ့ စွမ်းဆောင်နိုင်မှုကလည်း အချိန်နဲ့တပြေးညီ လူထုဆီကိုရောက်ရှိနေပါတယ်။ မှန်ကန်တဲ့တိုက်ပွဲ နည်းနာတွေ လူထုဆီကိုရောက်ဖိုအရေးကြီးပါတယ်။ တဦးချင်းသဘောထားလို့ ဆိုရာမှာလည်း ပြည်သူလူထုကို ကိုယ်စားပြုခဲ့တဲ့ ကိုယ်စားလှယ်တွေဖြစ်လို့လည်း အရေးပါ၊ အရေးကြီးလွန်းလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ရဲ့ အကျဉ်းကျအခြေအနေကနေ ရှားရှားပါးပါး ထွက်ပေါ်လာတဲ့ နှုတ်ထွက် စကားတွေလိုမျိုး တန်ဖိုးကြီးလို့ပါ။
မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေကို နကဖစစ်အုပ်စုနဲ့ အဖိနှိပ်ခံပြည်သူလူထုကြီးအကြား “ဘောလုံး” စကားနဲ့ပြောကြတာ ကြားရပါတယ်။ ဘောလုံးက သူ့ဘက်မှာလား၊ ကိုယ့်ဘက်မှာလားပေါ့။ “ဂန္ဒီ” ခန်းမပြီးကတည်းက ဘောလုံးဟာ ကျနော်တို့ ခြေထဲမှာမရှိတော့ပါ။ ဒါကို ပြည်သူလူထုကြီးက ၁၉၉၆ လှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှု စတာတွေနဲ့ ပြန်ရအောင် မနည်းကိုလုပ်နေရတာပါ။ နအဖက အဓမ္မနည်းနဲ့ ကျနော်တို့ ပြည်သူလူထုကြီးဘက်ကို ပယ်နယ်တီချည်း လှိမ့်ကန်နေတာပါ။ ၁၉၉၀ ရွေးကောက်ပွဲလှုပ်ရှားမှု၊ ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှုကြီးတွေလို (Counter Offensive) ပြန်လှန်ထိုးစစ် အဆင်ခံရလို့ စစ်အုပ်စုအ နေနဲ့ နိုင်ငံရေးအရ ခံစစ်ဖြစ်သွားရတာပါ။ စက်တင်ဘာအုံကြွမှုမှာ လူထုရဲ့သမိုင်းတာဝန်ကျေမှုက အံ့မခန်းစရာပါ။ တချို့ဆို ဟုတ်မှဟုတ်ရဲ့လားလို့ မှင်တက်မိနေ ကြတယ် မဟုတ်ပါလား။ မြန်မာပြည် ပြည်သူလူထုကြီးက သမိုင်းတလျှောက်လုံး တာဝန်ကျေခဲ့တာပါ။ စစ်အာဏာရှင်စနစ် သန္ဓေစတည်ဖို့ ကြိုးစားခဲ့တဲ့အချိန် ကာလကစလို့ ယနေ့ အထိပါပဲ။
ကျနော်တို့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြသူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင်ဖျက်သိမ်းပစ်ဖို့ သမိုင်းတာဝန်ကျေကြဖို့ပါပဲ။ ပြည်သူ လူထုရဲ့ ပကတိအနေအထားက စစ်အာဏာရှင်စနစ်ရဲ့ ဓားအောက်မှာ အချိန်နှင့်အမျှ နေနေရတာပါ။ စစ်အုပ်စု အကြောက်ဆုံးကလည်း ပြည်သူလူထုကြီးကိုပါ။ အကြောက်ဆုံးဖြစ်လို့လည်း မလှန်နိုင်အောင် အနိုင်ကျင့်ဖိနှိပ်ထားပါတယ်။ ဒါဟာ နအဖစစ်အုပ်စုရဲ့ ပင်ကိုယ်လက္ခဏာလည်းဖြစ်၊ သွေးရူးသွေးတန်း ရူးသွပ်မှု လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မရပါဘူး။ လူထုကြီးက အုံကြွတိုက်ပွဲဝင်လျက်ပါ။ ဒီမိုကရေစီရေးတိုက်ပွဲ ဦးဆောင်သူတွေက လူထုကို မှန်ကန်တဲ့ဦးဆောင်မှု ပေးရ မှာပါ။ အဲဒီလို ဦးဆောင်မှုပေးဖို့ဆိုရင် လူထုနဲ့ တသားတည်းရှိဖို့လိုပါတယ်။ ဘယ်လို တသားတည်းရှိအောင်လုပ်မလဲဆိုတာက ကိုယ့်ပြဿနာပါ။ တော်လှန်ရေး ပါတီ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ကြေညာချက်တွေနဲ့ ကန့်ကွက်ဆန္ဒမဲပေးကြဖို့ လူထုကိုရော အဖွဲ့အစည်းအသီးသီးကိုပါ တပ်လှန့်စည်းရုံးလိုက်ပါတယ်။ တကယ်လို့ နအဖရဲ့ အဓမ္မဆန္ဒခံယူပွဲမှာ နအဖက တဘက်သတ်အနိုင်ယူပြီး ဘယ်သူကမှလက်မခံတဲ့ ညောင်နှစ်ပင်အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ရင် ဆက် လက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်မှုရှိဖို့ကိုလည်း တော်လှန်ရေးသတိနဲ့ ပိုင်းဖြတ်ချက် ရှိရပါမယ်။ လူထုကို လက်တွေ့ကျကျ ရှေ့ကနေ မားမားမတ်မတ်ဦးဆောင်ပြီး တိုက်ပွဲဝင်ချီတက်သွားဖို့က ကျနော်တို့ဒီမိုကရေစီရေး တိုက်ပွဲဝင်အဖွဲ့အစည်းများရဲ့ တာဝန်ဖြစ်ပါတယ်။ သမိုင်းက အညှာအတာကင်းသလို သမိုင်းကိုညာလို့ လည်းမရပါဘူး။
မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်ရေးဟာ အဖိနှိပ်ခံပြည်သူတွေရဲ့ သေနင်္ဂဗျူဟာဖြစ်ပါတယ်။ ဘယ်လို တိုက်ပွဲဝင်ကြမလဲဆိုတာက တော့ နည်းနာပိုင်းပါပဲ။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတာဖြစ်လို့ နအဖရဲ့လမ်းပြမြေပုံ၊ ညောင်နှစ်ပင်ညီလာခံနဲ့ နအဖရဲ့အခြေခံဥပဒေကိုလည်း လုံးဝလက် မခံနိုင်ပါဘူး။ အဲဒီ လက်မခံနိုင်မှုကို လက်တွေ့ကျကျ အကောင်အထည် ဖေါ်ရမှာပါ။ ဆန္ဒခံယူပွဲကို သပိတ်မှောက်လို့ ဖြစ်နိုင်၊ မဖြစ်နိုင်နဲ့ အောင်မြင်မှု ရှိနိုင်၊ မရှိ နိုင်ဆိုတာအရေးကြီးပြီး အချိန်မီဆုံးဖြတ် အကောင်အထည်ဖေါ်ရမှာပါ။ ဒါကိုပြောရတာဟာ လူထုနဲ့လူထုတိုက်ပွဲကို ယုံကြည်လွန်းလို့ ပြောရတာပါ။ ကျနော်တို့က လူထုအပေါ် တောင်းဆိုရုံသက်သက်နဲ့ တာဝန်မကျေသေးပါဘူး။ လက်တွေ့ဦးဆောင်ပြရမှာပါ။ တောင်းဆိုရာမှာလည်း ဆန္ဒစွဲနဲ့တောင်းဆိုလို့ မရပါဘူး။ အချက် အလက်ခိုင်မာဖို့လိုပါတယ်။ ကျနော်တို့ဘက်က ရှစ်လေးလုံးအရေးတော်ပုံကြီးလို၊ ၂၀၀၇ စက်တင်ဘာ လူထုအုံကြွမှုကြီးလို လူထုတိုက်ပွဲမျိုး (၃) လ အတွင်းမှာ ဖေါ်ဆောင် နိုင်ပါသလား ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ဒါကလည်း လူထုနဲ့ တသားတည်းဖြစ်နေတဲ့ လူထုလုပ်ငန်းကို စနစ်တကျလုပ်ကိုင်နေတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေက အသိဆုံးပါ။ ဒါ့ကြောင့် လူထုအနေနဲ့ ကန့်ကွက်ဆန္ဒမဲပေးပြီး နအဖရဲ့အခြေခံဥပဒေကို ရိုက်ချိုးပစ်ရပါလိမ့်မယ်။ ဒီလို လူထုအနေနဲ့ မဲရုံသွားပြီး ကန့် ကွက်ဆန္ဒမဲပေးတာကို နအဖရဲ့ လမ်းပြမြေပုံကို အသိအမှတ်ပြုသလို ဖြစ်တယ်၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုပစ်ပယ်တာဖြစ်တယ်လို့ တကြောင်းဆွဲတွေးပြီး ယတိပြတ်ပြောလို့မရပါဘူး။ ကန့်ကွက်မဲပေးပြီး လက်တွေ့ကျကျ သပိတ်မှောက်လိုက်တာ ဖြစ်ပါတယ်။ နအဖ စစ်အုပ်စုကလည်း သူ့စစ်အာဏာရှင် အကျိုးစီးပွား ဘက်က နည်းပေါင်းစုံသုံးပြီး အဓမ္မ ချေမှုန်းမှာဖြစ်ပါတယ်။ လူထုကလည်း တိုက်ပွဲကို အဆင့်ဆင့်မြှင့်ပြီး တိုက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ကျနော်တို့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအကြားမှာ ညီညွတ်ရေးကအရေးကြီးပါတယ်။ သမိုင်းဝင်နေသူရိန်ခေတ်က ညီညွတ်ရေးမျိုး အထူးလိုအပ်ပါတယ်။ ဒါမှလည်း ဘုံရန်သူ စစ်အာဏာရှင် ကိုတိုက်ဖို့ အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်တရပ် အခိုင်အမာပေါ်လာနိုင်ပါမယ်။ အဲဒီကနေ တဆင့် အဆင့်ဆင့်မြှင့်လို့ တိုက်ပွဲဝင်လူထုကြီးနှင့် အတူ ..............။

ရဲဘော်ကိုပေါက်
၆၊ ၃၊ ၂၀၀၈။

No comments: