Saturday, 8 December 2007

မျိုးချစ်သူရဲကောင်း


ကမ္ဘာလူထု၊ အလေးပြုပြီ
အို…..ငုယင်ဗန်ထရွိုင်း
သမိုင်းတွင်ရစ်၊ ကျောက်ဆစ် စာကြောင်း
မျိုးချစ်ဗီယက်နမ် သူရဲကောင်း …။
တကမ္ဘာလုံး၊ ကြွက်ကြွက်ဆုံးမျှ
မဆုံနှစ်ပေါင်း၊ သင့်အကြောင်းကို
ပြန်ပြောင်းပြောရစ်၊ တွင်မည်တကား …။

တိုင်းပြည်မငဲ့၊ သစ္စာမဲ့သည့်
နယ်ချဲ့စေပါး၊ စစ်ကြေးစားတို့ 
သင်အား ဖမ်းဆီးကြလေပြီ။

ဖမ်းကြခြင်းသည်
သင့်ပြည်သူကို သင်က ချစ်သောကြောင့် …။
အသားထဲကလောက်၊ သစ္စာဖောက်တို့ 
အော်ငေါက်သင့်အား ညှဉ်းကြပြီ …။

ညှဉ်းကြခြင်းသည်
သင့်ပြည်သူဘက်မှ သင်က ရပ်သောကြောင့် …။

အာရှမြေ၌
အမေရိကန်၊ စစ်ဖောက်ပြန်တို့ 
စစ်ရန်မီးမွှေး၊ စစ်သံပေးကာ
စစ်သွေးမာန်ပြ နယ်ချဲ့ရမ်း …။

နယ်ချဲ့ရှူးတိုက်၊ မြင်တိုင်းတိုက်သည့်
ခွေးမိုက် ဗိုလ်ချုပ်ငုယင်ခန်း။
အာဏာမူးယစ်၊ စစ်ဖက်ဆစ်တို့ 
မျိုးချစ်များကို သတ်သော်လည်း …။


မျိုးချစ်မသေ၊ သေလည်း ဂုဏ်ယူ
သရဖူဖြင့်
ပြည်သူ ဂုဏ်ပြုပါလိမ့်မည် …။

သင့်မျက်နှာထက်
နက်သော အ၀တ်၊ စည်းနှောင် ပတ်ကာ
လူသတ်ကုန်းသို့  ထုတ်လာစဉ် …။

သင့်ပြည်သူတို့ 
ကြည်ဖြူလေးမြတ်၊ ဆံခင်းညွှတ်ကာ
ရင်ဘတ်စည်တီး ငိုကြ၏ ။
အငိုလည်း ရပ်၊ သံစိတ်ဓာတ်ဖြင့်
ဦးမတ်တဖန် ထောင်လာ၏ …။

စစ်ဖောက်ပြန်ကို
တော်လှန်ပုန်းစား၊ ဓားကိုဓားနှင့်
သင်ကား နည်းပြ၊ ပြည်ကြွပြီ
ဟုန်းထနေသော ခွန်အားများ
ဟုန်းထနေသော ခွန်အားများ
ဟုန်းထနေသော ခွန်အားများ …။

မတုန်မရီ၊ သင်တေးသီသည်
“ဟိုချီမင်းတို့  အောင်ပွဲခံ”
ရဲဝံ့လှစွာ၊ သင်ဆိုရာကား
“သစ္စာဖောက်တို့  ရှုံးမည်အမှန်”

ငါ၏လင်္ကာ၊ သ၀ဏ်လွှာဖြင့်
သစ္စာမြွက်ကြား၊ သင့်စကားကို
ကျောက်သားထွင်းထု လိုက်ပါသတည်း …။

အို…..ငုယင်ဗန်ထရွိုင်း
သမိုင်းတခေတ်၊ စာတွင်ရစ်ပြီ
“ဖူးချစ်” “ဂျမီလာ”
“လုမွန်ဘာ့” “ရိုဇင်ဘတ်”
သတ်လည်း မသေ
သေလည်း သက်ရှိ၊ တည်တံ့ဘိသည်
အသိသက်သေ၊ ကမ္ဘာမြေက
မျက်ရည်ယိုကျ၊ ပြလိမ့်တကား ။ ။

ကြည်အောင်

ရန်ကုန်၊ ၁၉၆၅ ဖေဖ၀ါရီ ၂၃။
(ဒုဋ္ဌ၀တီမှ ဧရာဝတီသို့  ကဗျာများမှ …)
ပေးပို့သူ ဏီသစ်သို့ ကျေးဇူးတင်ပါသည်။

ဒေါက်တာလွဏ်းဆွေ ဘလော့မှ ကူးယူသည်။

Read More...

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ ၈၈နှစ်မြောက်မွေးနေ့ ပြည်သူသို့နှုတ်ခွန်းဆက်စကား

ကျနော် ဒီကနေ့အသက် ၈၈နှစ် ပြည့်ပါပြီ။ ဒီနေ့မှာပဲ အမှတ်တရအနေနဲ့ ကျနော် ပြည်သူများကို စကားအနည်းငယ်ပြောကြားလိုပါတယ်။ ပထမဆုံးအနေနဲ့ ကျနော်ချစ်မြတ်နိုး လှတဲ့ ပြည်သူအပေါင်းကို အားပေးစကား၊
ထောက်ခံစကား ပြောကြားလိုပါတယ်။ ကျနော်တို့ ပြည်သူတွေ စွန့်လွှတ်မှုကြီးစွာ၊ သူရသတိကြီးမားစွာ၊ ဇွဲနပဲကြီးစွာနဲ့ မိမိတို့လိုလားတဲ့ ဒီမိုကရေစီ စနစ်တရပ်ရဖို့၊ မိမိတို့ဘ၀လွတ် မြောက်ဖို့၊ တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ စဉ်ဆက်မပြတ်ကြိုးပန်းနေမှုအပေါ် ကျနော်သိပ်ဂုဏ်ယူပါတယ်။ ခင်ဗျားတို့တတွေ အားမ လျှော့ဘဲဆက်ကြိုးစားကြပါ။ ကျနော် အမြဲထာဝရ ခင်ဗျားတို့ကို ထောက်ခံအား ပေးသွားပါ့မယ်။ ခင်ဗျားတို့နောက်ဆုံး အောင်မြင်မှာပါ။ ဒုတိယ တိုက်တွန်းပြောကြားလိုတာကတော့၊ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ၊ လူမျိုးစုခေါင်းဆောင် တွေကိုပါ။ ခင်ဗျားတို့တကယ်ပဲ တိုင်းပြည်နဲ့ပြည်သူတွေကို ချစ်တယ်ဆို ရင် အတိတ်တွေအားလုံး၊ အမြင်မတူတာတွေအားလုံးဘေးဖယ်ပြီး အလွန်ကြီးမားကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးတရပ် ပေါ်လာ အောင် ကြိုးစားကြပါ။ အခုချိန်ဟာ ဒီမိုကရေစီလှုပ်ရှားမှု အတွက် နိုင်ငံတကာက ထောက်ခံမှုကို မရစဖူး အကြီးအကျယ်ရနေချိန်၊ ပြည်သူတွေရဲ့ နိုင်ငံ ရေးစိတ်ဓါတ်အရှိန် မြင့်နေချိန်၊ ဒီအခွင့်ကောင်းကို ဆုပ်ကိုင်ပြီး သဘောထားကြီးကြီးထားပြီး စည်းလုံးညီညွတ်ရေးရအောင် ကြိုးစားကြပါလို့ တိုက်တွန်းပါရစေ။
တတိယကတော့ ကျနော်ကိုယ်တိုင် ပါဝင်တည်ဆောက်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးက ဗိုလ်ချုပ်ကြီးများကစလို့ အောက်ခြေတပ်မှူးတပ်သားအားလုံးကို သတိပေးစကား ပြောလိုပါ တယ်။ ကျနော်လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ် ၁၉၇၆ ခုနှစ်က တိုင်းပြည်သို့ တိုင်းပြည်သို့တင်ပြ ချက်ဆိုတဲ့ မိန့်ခွန်းတရပ် အသံလွှင့်ပြော ဖူးပါတယ်။ အဲဒီတုန်းက ခင်ဗျားတို့တပ်မတော်သား များကို ခင်ဗျားတို့ ဒီအတိုင်းသွားရင်တော့ အတော မသတ်တဲ့ ပြည်သူ့သတ်ပွဲတွေ လုပ်သွားရ လိမ့်မယ်။ ခင်ဗျားတို့ နောင်သားစဉ်မြေးဆက် ခေါင်းဖော်ရဲ မှာမဟုတ်ဘဲ သမိုင်းအမှိုက်ပုံးထဲ ပြည်သူတွေကစွန့်ပစ်ကြလိမ့်မယ်လို့ ထောက်ပြပြောဆိုခဲ့ဖူးပါတယ်၊ အခု ခင်ဗျားတို့ဘ၀ကိုပြန် ကြည့်ပါ ခင်ဗျားတို့တတွေ ကျေးလက်တောရွာ ဒေသတွေမှာ လူမျိုးစုဒေသတွေမှာ ထောင်တွေအချုပ်ခန်းတွေထဲမှာ သတ်ခဲ့၊ ဖြတ်ခဲ့၊ အနိုင်ကျင့်ခဲ့တာတွေ နည်းသလား။ ရန်ကုန်မြို့အပါအ၀င် မြို့တကာကလမ်းတွေပေါ်မှာရော ပြဿနာပေါ်တိုင်း သွေးချောင်းစီး သတ်ဖြတ်ခဲ့တာရော နည်းသလား။ လူအများအပြားကို ဖမ်းဆီးနှိပ်ဆက်၊ ပုဒ်မအမျိုးမျိုးတပ်ပြီး နစ်ရှည်ထောင်ဒဏ်တွေချနေတာရော နည်းသလား။ အခုနောက်ဆုံး စက်တင်ဘာ သံဃာ့အရေးတော်ပုံမှာ ရန်ကုန်မြို့လယ်ခေါင် ရွှေတိဂုံဘုရားခြေတော်ရင်း၊ ဆူးလေဘုရား ခြေတော်ရင်းတွေမှာ ဘုရား သားတော်သံဃာတော်များကို ရိုက်ရ၊ နှက်ရ၊ သတ်ဖြတ်ရလုပ်နေ ရပြန်ပါပြီ။ ခင်ဗျားတို့တတွေ ဒီလိုအတောမသတ် သွေးချောင်စီးသတ်ဖြတ်ပြီး ဖိနှိပ်လိုက်လို့ ပြဿနာတွေ ပြေလည်သွားသလား။ လူထုက ကာလတခုပဲ ငြိမ်သွားပြီး။ ပြန်ထကြွတာပဲ မဟုတ်လား။ ခင်ဗျားတို့ပဲ ဂုဏ်သိက္ခာတွေကျပြီးရင်း ကျရင်းနဲ့ ကမ္ဘာ့အလယ်တံတွေးခွက် ပက်လက်မြောရပြီး၊ လူတောမတိုးရဲတဲ့ဘ၀ ရောက်ရပြီးမဟုတ်လား။ ပြည်သူတွေရဲ့ မုန်းတီးရွံ ရှာနာကျည်းမှုကတော့ ပြောစရာမရှိတော့ဘူး။ ဒါ့ကြောင့် ခင်ဗျားတို့အနေနဲ့ ထစ်ကနဲ့ရှိတိုင်း လက်နက်သုံးအကြမ်းဖက် ဖြေရှင်းတဲ့နည်းကို စွန့်လွှတ်လိုက်ပါတော့။ နောက်ဖြေရှင်း နည်းတခု ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းကို စမ်းသပ်လုပ်ဆောင်ကြည့်ပါလို့ အကြံပေးပါ ရစေ။ ခင်ဗျားတို့တကယ်ပဲ ပြည်သူတွေကိုချစ်ရင်၊ ပြည်သူတွေပေါ်မှာ သဘောထားမှန်ရင်၊ အခု ကုလသမဂ္ဂက ၀င်ရောက်ဖြန်ဖြေလုပ်ဆောင်ပေးနေတဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ၀င်ရောက် လုပ်ဆောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ကဲဒီလောက်ပါဘဲဗျာ

နေ့စွဲ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်

Read More...

ဇီးရိုးအာဝါ(သို့) နောက်ဆုံးပိတ်တိုက်ပွဲ

(၁)
မေတ္တာ … တရားလား
သစ္စာ .. တရားလား
ချစ်သဒ္ဓါ .. ပွားသလား
မုဒိတာ .. ထားမလား
လား .. လား .. မှ မထိုက်
သည်လူမိုက်တစု .. ကို။

(၂)
ဓမ္မနဲ့ အဓမ္မ
ဘယ်သူနဲ့ဘယ်တုန်း .. က
အနိုင်ရခဲ့တဲ့ .. သာဓက
လောဘနဲ့ သံသရာမှာ
ချာချာလည်တာ .. တွေ့ခဲ့ဘူးပြီးပဲ။

(၃)
ဒို့ … ရန် ငါ မပြတ်လို့
သံဃာတွေပါ
အသတ်ခံခဲ့ရပါပြီ။

(၄)
လက်နက်မရှိလို့လား …
သတ္တိမရှိလို့လား …
အတ္တထိမှာ … ကြောက်လို့လား
အနာဂါတ်အသိတွေ … ပျောက်လို့လား။

(၅)
မသိရင် … ကြောက်တတ်ပါတယ်
သိရင်လျှောက် … ရပါတယ်
ဘ၀အမောတွေပြေစေဘို့
သဘာဝ “အပြော” ကို ပြင်စေဘို့ ..။

(၆)
ဟော … သေနတ်ဆိုတာ…
ကျည်မရှိရင်
“ဒုတ်”လောက်ပင်… အားကိုးလို့မရ။

(၇)
“ကျည်”ရှိတဲ့နေရာ
ဖျက်ဆီးရမှာပ

(၈)
“ကျည်”ရှိလဲ …
ဘယ်လောက်ပစ်နိုင်မှာလဲ …
“ကျည်ကွယ်”လဲယူ …
“မျက်ကွယ်”လဲ … ယူ
ပြိုင်တူ ချီတက်
တက် ဆုတ် ပြန်ပတ် …
ကျည်တကပ်ကုန်ရင် … ဒို့အလှည့်
ဆက်သွယ်ရေး .. လမ်းတွေ
ဖြတ်တောက် …
သတင်းပေး .. သစ္စာဖေါက်တွေ
ချေမှုန်း
ဓါတ်ဆီ ပုံးတွေက
အသုံးတည့်လှပါတယ်။

(၉)
ရတာနဲ့ .. ခုခံ
အုတ်ခဲ .. ဓါး .. လှံ
ဂျင်ကလိ .. စပုတ်တံ
လေးဂွ .. ရရာ တော်လှန်ပေရော့။

(၁၀)
ချေမှုန်းတဲ့စစ် ပြည်သူ့စစ် အစစ်ဆိုတာ .. ဒို့တတွေပါ
သူတို့နဲ့ ပြည်သူ.. ဘယ်သူကများသလဲ။

(၁၁)
မင်းလားကွ .. စစ်သား
ပြည်သူစော်ကားတဲ့ .. ရဲ
ကြံ့ဖွတ်ငနဲနဲ့ .. စွမ်းအားရှင်.. မင်းတို့ .. ဘ၀င်တွေ .. မြင့်လွန်းတယ်။

(၁၂)
ဒို့နှလုံးသားက .. သိမ်မွေ့ပါတယ်
ဒို့ဘက်ပါ နင်လာ .. ထား
နောင်များဆို .. ပြည်သူ့မေတ္တာ ဒဏ်သင့်လိမ့်။

(၁၃)
တရားသလား
မတရားသလား
မင်းလဲသိထား .. တာမို့။

(၁၄)
ပြည်သူ့ထမင်းစား ..
ပြည်သူ့စော်ကား ..
ပြည်သူ့ “ကျည်ဆံ” နဲ့
ပြည်သူကို မှန်အောင်ပစ်
သိပ် ညစ် ပတ် စုတ်ပဲ့
ယုတ်မာတဲ့ သူတွေရဲ့ ဦးဆောင်မှု
အာဏာလုထားတဲ့သူတွေ
အပေါ်စီးကယူ “သတ်” “ပစ်” အမိန့်တွေပေးနေတယ်။

(၁၅)
အေး… လေ…
မင်းကြိုက်နေသလား
မင်းသိပ်မိုက်နေလား .. မင်းသိပ်ခိုက်နေပြီးလား ..
မင်းသိပ် ချမ်းသာ နေပြီးလား။

(၁၆)
ထားပါတော့ …
ထားပါတော့ …
ဒီပွဲမှာ …
မင်းလဲ ဆုံးဖြတ်ရမှာက ..။

(၁၇)
နောက်ဆုံးပိတ်တိုက်ပွဲ
တိုက်ရဲသူ
အနိုင်ယူ …
နိုင်တဲ့သူက .. ပြည်သူ့ဘက်တော်သား တွေပါပဲ။

(၁၈)
သေသူသေ ..
ရှင်သူရှင်
တိုက်ရဲရင်
တိုက်တတ်ရင်
စိတ်ဓါတ်သာတဲ့ သူဖြစ်ရင်…
အောင်ပွဲဆင်နိုင်မှာမို့။

(၁၉)
ကဲ…. စကြစို့
ဇီးရိုး .. ဆိုတဲ့
သုံည နာရီ
ကိုယ်စီ တာဝန်ယူစို့။

(စူးထက်)

Read More...

Read More...

အ … ညီလာခံ

ခေတ်ပျက်ထဲ
ငါ … အနုပညာမြောက်အောင်
ဆက်ထုံးတွေ
စံပယ်ပွင့်တွေလို သီကုံးတုန်းက
ငါ့လက်ထဲ ပါမလာတဲ့
ရေပေါ်ဆီ မျက်နှာပြောင်တိုက်မှုများ …။

ဘုရားကားတခြား၊ မျောက်ကားတခြား
မိတ်ဆွေတခြား၊ ရန်သူတခြား
အနုပညာတခြား၊ ကြေးစားတခြား
အနှစ်သာရတခြား၊ မာယာတခြား
မကွဲပြားတဲ့
ငါတို့ ဘ၀ပတ်ဝန်းကျင်မှာ …။

ဒီနေရာမှာနေ
ဒီအစားအစာကိုစား
ဒီငွေကြေးကိုယူ
ပြီးတော့
ဒီပြဋ္ဌာန်းချက်အတိုင်းပြော
ပြီးရင်
မင်းဟာ မဟာအနုပညာရှင်က၀ိအကျော်ပေါ့ …။

အော်…
တွေးလိုက်တိုင်း အရိုးနာသည်
မဆီမဆိုင်ပေမယ့်
ငါ့လျှာကိုသာ ဖြတ်လိုက်ချင်ရဲ့။ ။

ကမာပုလဲ

(အချုပ်တန်းဆရာဖေနှင့် ဦးပုညအမှတ်တရ)
ခေတ်ပြိုင်မှ

Read More...

လူထုအတွက် လူထုဖက်က လူထုဒေါ်အမာ

( ၁ )

ကျနော်ဟာ အညာသားဖြစ်ပေမဲ့ မန္တလေးထက် ရန်ကုန်ကိုပဲ ပိုပြီး ကျွမ်းကျွမ်း ကျင်ကျင်သွားတတ်လာတတ်ရှိခဲ့ပါတယ်။ ဘ၀မှာအနေကြာခဲ့ရတာကလဲ ရန်ကုန်မှာမဟုတ် လား။ ဟိုတုန်းက မွေးရပ်ဌာနေ ရွှေဘိုမြေဆီပြန်တိုင်း မန္တလေးမှာပဲ
ရက်တော်တော်ကြာကြာ ၀င်တတ်နားတတ်ရောက်တတ်ခဲ့တာ အခါခါပေမဲ့၊ ‘၀င်းတွေနဲ့တည်ထားတဲ့ မန္တလေးနေပြည်’ ကို ရန်ကုန်လောက်မကျွမ်းကျင်ခဲ့တာကတော့ အမှန်ပါ။ ဒါပေမဲ့ အညာသွေး ဗမာသွေးကပဲ စကားပြောလို့လား၊ ကုန်းဘောင်သွေးကပဲစကားပြောလို့လား၊ ဘာလို့လဲတော့မသိပါ။ မန္တလေးကို ချစ်ခဲ့တာကတော့ ငယ်ငယ်ကတည်းကပါ။ ‘မန်းရတနာပုံနေပြည် ...’ဆိုတဲ့ အသံလေးနဲ့စလိုက်တဲ့ သီချင်းသံကိုကြားရရင် ငယ်ငယ်ကတည်းက ဘာရယ်မသိ လွမ်းတတ် ခဲ့ဖူးပြီး၊ ‘ ခြေတော် အသရေလျှမ်း ... ပြည်တော်ရွှေမန်း ...ငါးစောင်လေသိုက် ကျမ်း...စိုက်နန်းရယ် တည်တော်မူ...’ဆိုတဲ့ ခန့်ခန့်ညားညားစာသားစကားပိုဒ်တွေ ပါဝင်တဲ့
အောင်မင်္ဂလာ - နဲ့အစချီ လိုက်တဲ့ အောင်မင်္ဂလာသီချင်းကြီး သီချင်းခံသံကြီးကို ကြားလိုက် ရလေတိုင်းလဲ ရင်ထဲ တလှပ်လှပ် ခံစားခဲ့ရဖူးပါတယ်။ ‘ ... ကော်ရော်သံ - ကော်ရော်သံ ... ဆင်ပန်းလက်စုံမိုးတယ် ... မျိုးလေးပါး - ရာရာကျော် ...သက်တော်ရှည်စေကြောင်းငယ် ...တောင်းဆုချွေ ...’ဆိုတဲ့ ဆုတောင်းမေတ္တာပို့ သသံအပိုဒ်နဲ့အတူ‘ - - ဘုံဝေယံ ...နိုင်ငံ ပြည်သူ ...အေးစေဗိုလ်လူ ...’ဆိုတဲ့ အပိုဒ်ကတော့ ရင်ထဲမှာ အမြဲလိုလို လှိုင်းခတ်နေတတ် ခဲ့ပါတယ်။ ကျနော်ငယ်ငယ်လေးက ကျနော်တို့အိမ်အိုလေးရဲ့ထရံစုတ်လေးပေါ်မှာ အမေမှတ် မှတ်ရရ၀ယ်လာ ချိတ်ဆွဲထားတဲ့ ‘မန်းရာပြည့်’ ပြက္ခဒိန်လေးပေါ်က မန္တလေးနန်းမြို့ရိုးနဲ့ကျုံးရိပ် ရေပြင်ညို့ညို့ မန္တလေးအမှတ်အသား မန္တလေးပန်းချီကားလေးကိုလဲ အဲဒီတုန်းကတည်းက ခဏခဏငေးကြည့်မိရင်း အိပ်မက်ထဲအထိ မကြာမကြာမက်တတ် ခဲ့ဖူးပါတယ်။ ကျနော်မှတ်မိ သမျှ ကျနော့်အမေလယ်သူမကြီးရဲ့တသက်တာမှာ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ် ကြီး ပုံတချပ်နဲ့ မဟာမြတ်မုနိဘုရားကြီးပုံတော်တချပ်ပြီးရင်၊ ပြက္ခဒိန်အဖြစ် ၀ယ်ဖူးတာဆိုလို့ အဲဒီမန္တလေးရာပြည့် အထိမ်းအမှတ် မန္တလေးနန်းမြို့ရိုးနဲ့ကျုံးရေပြင်ညို့ညို့ပါ ပြက္ခဒိန်တခုပဲ ၀ယ်ခဲ့ဖူးပါတယ်။ အမေခမြာ တော်တော်ကို ကြိုက်လွန်းလှလို့ဝယ်ခဲ့တာဖြစ်သလို၊ ကျနော့်ဘ၀ မှာလဲ ပထမဆုံး အိမ်မှာ စမြင်ဖူး စွဲလန်းနှစ်သက်ဖူးတဲ့ပန်းချီကားဟာ အဲဒီမန္တလေးနန်းမြို့ရိုးပုံ ပန်းချီကားလေးပဲ ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ရောင်စုံခဲတံဗူးလေး စရတော့၊ ကိုယ့်ဟာ ကိုယ် မကြာမကြာလိုက်လိုက်ပြီး ကူးယူဆွဲကြည့်ခဲ့ဖူးတာဟာလဲ အဲဒီပြက္ခဒိန်ပေါ်က မန္တလေးနန်းမြို့ရိုးပန်းချီကားလေးပါပဲ။ ကျနော်ပထမဆုံး မန္တလေးကိုစရောက်တော့၊ နန်းရှေ့ ဖက်ရောက်အောင်သွားပြီး၊ ငယ်ငယ်တုန်းကတည်းက အင်မတန်နှစ်သက်ခဲ့ဖူးတဲ့ မန်းရာပြည့် ပြက္ခဒိန်ပေါ်မှာပါခဲ့တဲ့ ပန်းချီကားထဲက ရှုခင်းလေးနဲ့တူမယ့်နေရာ သေချာရွေးပြီး တမေ့တမော ထိုင်ကြည့်ခဲ့ဖူးပါတယ်။

မန္တလေးဟာ ရွှေဘိုနဲ့ဘာမှမဝေးလှပေမဲ့၊ မန္တလေးကို ငယ်ငယ်ကတည်းက စွဲစွဲလန်း လန်းရှိခဲ့ပေမဲ့၊ ဘ၀အခြေအနေအရ ကျနော့်ရဲ့လူငယ်ဘ၀နှစ်ပေါင်းများစွာဟာ မန္တလေးကို ကျော်ပြီး ရန်ကုန်မှာ သွားကြီးပြင်းခဲ့ရပါတယ်။ အကြောင်းကြောင်းကြောင့် မန္တလေးကိုရောက် ဖြစ်ရင်လဲ တပတ်ဆယ်ရက် ဆယ့်ငါးရက်တွေထက် မပိုခဲ့ရသလို ဖြစ်ခဲ့ရပြီး မချင့်မရဲ ခံစားခဲ့ ရဖူးပါတယ်။ အဲဒီလို မချင့်မရဲ ခံစားခဲ့ရတဲ့ မန္တလေးကို ကြုံမယ့်ကြုံ ဆုံမယ့်ဆုံရတော့လဲ ၀ရမ်း
ပြေးဘ၀နဲ့ပဲ ရက်ပေါင်းများစွာ လရှည်နှစ်ပေါက် ရင်ချင်းအပ်ပွေ့ဖက်နွေးထွေးခဲ့ရပါတော့ တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး၊ အရေးတော်ပုံကြီးရဲ့အကျိုးဆက် နိုင်ငံရေးပါတီ တွေ အလျှိုအလျှိုပေါ်ထွက်အပြီး၊ သိပ်တောင် များများစားစားမလှုပ်ရှားလိုက်ရပါဘူး၊ နိုင်ငံ ရေးနဲ့ပဲ ၀ရမ်းပြေးဘ၀ ထပ်ရောက်ရပါတယ်။ ဟိုဟိုဒီဒီကနေ နောက်ဆုံးမှာ မန္တလေးကို ရောက်လာ ရပါတော့တယ်။ ကျောင်းရိပ်ကန်ရိပ် သံဃာ့အရိပ်ပေါင်းစုံမှာခိုရင်း၊ ရဲဘော်တကာ မိတ်ဆွေ တကာရဲ့ခြံပေါင်းများစွာ အိမ်တကာမှာခိုရင်း၊ မန္တလေးမြို့ရဲ့နေရာပေါင်းစုံ လမ်းကြို လမ်းကြား ချောင်ကြားမကျန် အနှံ့ရောက်ရကျင်လည်ရပါတော့တယ်။ လူက ၀ရမ်းပြေးဖြစ်တဲ့ အပြင်၊ စက်ဘီးမြို့တော်ကြီးဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာစက်ဘီးမစီးတတ်တဲ့ကျနော်ဟာ မြေလျှောက်ဝိဇ္ဇာတပိုင်း ဖြစ်ရပါတော့တယ်။ ဘယ်လောက်အထိတောင် မြေလျှောက်ဝိဇ္ဇာ ဖြစ်နေရသလဲဆိုတော့၊ ယူဂျီ တပိုင်းအဖြစ်နေနေရတဲ့ကာလတချို့မှာ မန္တလေးက မိတ်ဆွေ ရဲဘော်တချို့က အထူးသဖြင့် ဟာသကြွယ်ကြွယ်လူငယ်တချို့က ကျနော့်ကွယ်ရာမှာ သူတို့ အချင်းချင်းလျှို့ဝှက်နာမည်ပေးခေါ်နေကြတာက ‘မြေလျှောက်ဝိဇ္ဇာကြီး’ ဆိုတဲ့ အထိပါပဲ။ နောက်ပိုင်းကျတော့ တချို့က ‘၀ိဇ္ဇာ’ ကြီးလို့ သူတို့ဟာသူတို့နာမည်ပြောင်ပေးပြီး လျှို့ဝှက် ခေါ်ဆိုနေကြရာကနေ၊ ‘ပထမံကြီး’လို့ပြောင်းလဲခေါ်ဝေါ်တဲ့သူတွေလဲ ရှိခဲ့ရတဲ့အထိပါပဲ။ လူက လဲ ဟိုနေရာရောက်လိုက် ဒီနေရာရောက်လိုက်နဲ့မန္တလေးအနှံ့ ခြေစကြာဖြန့် နေခဲ့ရပါတော့ တယ်။ ကိုယ်ကိုယ်တိုင်ကလဲ အညာသားဖြစ်တဲ့အပြင် အသားအရောင်ကလဲ ကြေးနီရောင် မက ကြေးညိုကြေးမဲရောင်ပေါက်နေတော့၊ လွယ်အိတ်တလုံး ပခုံးပေါ်လွယ်ပြီး လမ်းတကာ ပေါ်ကုန်းကြောင်းလျှောက်နေတဲ့ ကျနော့်ကို မြင်ရသူ မသိကြသူအပေါင်းကတော့၊ ဘယ်က တောသား-မြို့တက် ဈေးလာဝယ်သလဲလို့ပဲ မြင်ကြလိမ့်မယ်ထင်ပါတယ်။ အဲဒီလိုတောင် ရောက်လိုက် မြောက်ရောက်လိုက်နဲ့မန္တလေးရွှေမြို့တော်ကြီးရဲ့နှလုံးသား တည့်တည့်ပေါ် မကြာမကြာ သွားလာလှည့်လည်နေတတ်တဲ့ ကျနော်ဟာ မန္တလေးမြို့ကြီးရဲ့ အထင်ကရနေရာ
(ဂ၄) လမ်းမကြီးပေါ်ကိုလဲ အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရဖူးပါတယ်။
(ဂ၄) လမ်းမကြီးပေါ်ရောက်ရလို့ ‘လူထု’ တိုက်ရှေ့က မကြာခဏ ဖြတ်သန်းသွားရလေ တိုင်း ဖျတ်ကနဲ ရင်ခုန်တတ်လေ့ ရှိပါတယ်။ ဒီအနီးအနားဝန်းကျင်မှာ အမြဲလိုလို ထောက်လှမ်း ရေး ဒလျှိုဒလံတွေ ချထားတတ်တယ် - လို့ပြောကြဆိုကြ သတိပေးကြဖူးတဲ့ လုပ်ဖော်ကိုင် ဖက် မိတ်ဆွေအပေါင်းအသင်းတွေရဲ့ စကားသံတွေကို ပြန်ပြန်ကြားမိ သတိရမိနေတာ ကြောင့်တော့ မဟုတ်ပါ။
‘လူထု’ ဆိုတဲ့ စာလုံးလေးနှစ်လုံးနဲ့ရေးထိုးထားတဲ့ ကမ္ဗည်းဆိုင်းဘုတ်လေးဟာ ဆိုင်း ဘုတ်အနေနဲ့ကတော့ ဘာမှကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားမရှိပါ။ ဒုတိယမြို့တော်ကြီး ဖြစ်နေတဲ့ မန္တလေးမြို့ကြီးပေါ်မှာ ဧရာမဆိုင်းဘုတ်ကြီးတွေ နေရာအနှံ့ရှိပါတယ်။ ထိုးမုန့်ဆိုင် တခုရဲ့နာမည်ဆိုင်းဘုတ်၊ လဖက်ရည်ဆိုင်တခု၊ လွယ်အိတ်ဆိုင်တခုရဲ့ အမည်ဆိုင်းဘုတ် လောက်တောင် ကြီးကြီးမားမားထည်ထည်ဝါ၀ါ ဟိတ်နဲ့ဟန်နဲ့နေရာယူထားတာ မရှိပေမဲ့၊ တခြားတခြားသော ဆိုင်းဘုတ်ကြီးတွေနဲ့ယှဉ်လိုက်ရင် ဆိုင်းဘုတ်လေးဟာ ခပ်သေးသေးပါပဲ လို့တောင် ပြောရမှာဖြစ်ပေမဲ့၊ ‘လူထု’ ဆိုတဲ့ စာလုံးလေး နှစ်လုံးဟာ ထူးထူးခြားခြားသက်ဝင် လှုပ်ရှားနေပါတယ်။ ‘လူ’ ဆိုတဲ့ ပထမစာလုံးလေးကိုက ‘လ’ နဲ့တဆက်တည်း နှစ်ချောင်းငင် ဟာတချောင်းနဲ့တချောင်း-ခွဲမနေပဲ ခပ်သော့သော့လက်ရေးအသွင် တဆက်တည်းဆက်နေပါ တယ်။ ‘ထု’ ဆိုတဲ့ စာလုံးလေးက နောက်ဆုံးတချောင်းငင်လေးကလဲ လှိုင်းတွန့်လေးလို ကွေးတက်သွားပြီး ရိုးရိုးလေးနဲ့ထူးထူးခြားခြားဖြစ်နေရင်း လူနဲ့အတူဟန်ချက်ညီအချိုးကျနေ တယ် ထင်မိတယ်။ ဒါကိုက ‘လူထု’ တိုက် ရဲ့လူထုအထိမ်းအမှတ် ‘လူထု’ လိုဂို၊ ‘လူထု’ မူပိုင် ထရိတ်မတ်လေးသဖွယ် လူထုကြားမှာအသားကျနေခဲ့တာ နှစ်ပေါင်းနဲနဲနောနော မဟုတ် တော့။ ‘လူထု’ ဆိုတဲ့ စာလုံးလေးက ရိုးရိုးလေးနဲ့အားပါနေသလို၊ ‘လူထု’ ဆိုတဲ့ စာလုံးလေး နှစ်လုံးကိုဆက်ပြီး ထွက်ပေါ်လာခဲ့တဲ့ ဗမာဝေါဟာရ၊ ‘လူထု’ ဆိုတဲ့ ဝေါဟာရရဲ့အနက် အဓိပ္ပါယ်ကလဲ ရိုးရိုးလေးနဲ့အားမာန်ပြည့်နေရုံမက ကျယ်ကျယ် ပြန့်ပြန့်လေးလေးနက်နက်နဲ့ အခြေခံကျကျ အနှစ်သာရသဘောကို ဖေါ်ညွှန်းနေပါတယ်။ ‘လူထု’ ဆိုတာ အခြေခံအကျဆုံး သော အကျယ်ပြန့်ဆုံးသော အများတကာ့အများစုကြီးဖြစ်သော ပြည်သူပြည်သားအားလုံးကို ကိုယ်စားပြုထားတဲ့ ဝေါဟာရမဟုတ်လား။
ကနေ့ကာလမှာတော့ ‘လူထု’ဆိုတဲ့ဝေါဟာရဟာ ရေပန်းအစားဆုံးဝေါဟာရတခု ဖြစ်နေတာ ကြာပါပြီ။ ‘လူထုသဘောထား’ ‘လူထုစစ်တမ်းကောက်ယူချက်’ ‘လူထု တိုက်ပွဲ’ ‘လူထုခေါင်းဆောင်’ ‘လူထုထောက်ခံမှု’ ‘လူထု ဆန္ဒ’။
‘လူထု’ တိုက် နားက ဖြတ်သန်းသွားရလေတိုင်း၊ ‘လူထု’ဆိုတဲ့ ဆိုင်းဘုတ်လေးဆီလှမ်း ကြည့် မိလျက်သားဖြစ်တတ်ခဲ့ပြီး၊ နိုင်ငံရေးဝရမ်းပြေးတယောက်ဘ၀ပေမို့ တခါမှမ၀င်ဖြစ် အောင် သတိထားရှောင်ကွင်းခဲ့ရပေမဲ့၊ အဲဒီနားက ဖြတ်သန်းရတိုင်း ရင်ခုန်မိတတ်တာတော့ မှတ်မှတ်ထင်ထင်ပါပဲ။
ဒီ ‘လူထု’ ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့‘လူထု’ဆိုတဲ့ တိုက်အိမ်လေးထဲမှာ အမေလူထုဒေါ်အမာ ရှိနေလိမ့်မယ်၊ အမေဒေါ်အမာဟာ လူထုဒေါ်အမာဆိုတဲ့အတိုင်း လူထုရပ်တည်ချက်နဲ့ လူထု ဖက်က လူထုအတွက် စာပေတွေကို အိုကြီးအိုမပေမဲ့၊ ကလောင်မချ တက်တက်ကြွကြွ ရေးသားဖေါ်ကျူး နေလိမ့်မယ် - ဆိုတာတွေကို မှန်းမျှော်တွေးဆကြည့်မိရင်း စိတ်ထဲကနေ ဂါရ၀ပြုမိခဲ့တာကလဲ အကြိမ်ကြိမ်ပါပဲ။ ကျနော်တို့ကိုယ်တိုင် နိုင်ငံရေးစာပေတွေကို အသည်း အသန် ဖတ်ရှုစအရွယ်က လူထုတိုက်ထုတ်စာအုပ်စာပေတွေကို ဖတ်ရှုခဲ့ရတာနဲ့ အမေလူထု ဒေါ်အမာရဲ့ ‘ဘ၀ချင်းမတူသည့် တရုတ်ပြည်’၊ ‘အို - ယန်းကီးတို့’ ‘ငွေနဲ့လက်နက်’ တို့အပါ အ၀င် လူထုဦးလှရဲ့ ‘လှောင်ချိုင့်တွင်းက ငှက်ငယ်များ’၊ ‘အားလုံးကောင်းကြရဲ့လား’ ‘သတင်း စာများကပြောသော သမိုင်း’ စတဲ့စာအုပ်တွေအကြောင်း ဖျတ်ကနဲဖျတ်ကနဲသတိရမိတတ် ပါတယ်။

( ၂ )

ကျနော်တို့ဗမာပြည်စာပေသမိုင်းမှာအလေးထားရမယ့် စံတင်လောက်တဲ့ အမျိုးသမီး ကလောင်ရှင်တွေ ခေတ်အလိုက် ခေတ်အလိုက်ထွက်ပေါ်ခဲ့ဖူးပါတယ်။ ပဒေသရာဇ်ခေတ်တွေ လောက်ဆီကိုခဏထား၊ အနီးခေတ်ကာလလောက်အထိပဲ ခွဲကန့်ကြည့်မယ်ဆိုရင် ဒေါ်ဒဂုန် ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေး၊ ဒေါ်ခင်မျိုးချစ်၊ ဒေါ်ခင်နှင်းယုနဲ့ အမေလူထုဒေါ်အမာ တို့ကို အားကောင်းမောင်းသန်တကယ့်ကလောင်ရှင်ကြီးတွေအဖြစ် တွေ့ရပါလိမ့်မယ်။ ဗမာ စာပေအနုပညာလောကမှာ မှတ်တိုင်ကိုယ်စီ စိုက်ထူထားနိုင်ကြပြီးသား၊ အနုပညာအရည် အသွေးပြည့် ကလောင်ရှင်ကြီးတွေ ဖြစ်သလို၊ ဒေါ်ဒဂုန်ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေး နဲ့ အမေလူထုဒေါ်အမာတို့ဟာ သတင်းစာနဲ့ပါ ပတ်သက်နေကြတဲ့ ရှားရှားပါးပါး အမျိုးသမီး သတင်းစာပညာရှင်ကြီးတွေလဲ ဖြစ်ခဲ့ကြပါတယ်။ ဒေါ်ဒဂုန်ခင်ခင်လေးက ယုဝတီဂျာနယ်နဲ့ ယုဝတီ သတင်းစာကို ဦးစီးထုတ်ဝေခဲ့သူ၊ အမျိုးသမီးကလောင်ရှင်တွေကို ယုဝတီကလောင် ရှင် ဘွဲ့ပေးပြီး အမျိုးသမီးကလောင်ရှင်များအဖွဲ့ကို တည်ထောင်ခဲ့သူ ဖြစ်သလို၊ ဂျာနယ်ကျော် မမလေး ဆိုတာကလဲ ခင်ပွန်းသည် ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်ပြီးကတည်းက ဂျာနယ်ကျော်နဲ့ ‘ပြည်သူ့ဟစ်တိုင်’ နေ့စဉ်သတင်းစာတွေကို မိန်းမသားတန်မယ့် နေ့စဉ်အပတ်စဉ်မပျက် ဦးစီးထုတ်ဝေခဲ့သူဖြစ်ပါတယ်။ ကျနော်တို့တွေရဲ့အမေ အမေလူထု ဒေါ်အမာ ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ လူထုဂျာနယ်နဲ့ လူထုသတင်းစာ တို့ရဲ့ဖခင်ဟာ လူထုဦးလှ ဖြစ်ခဲ့ပြီး၊ လူထုဂျာနယ်နဲ့ လူထုသတင်းစာတို့ရဲ့မိခင်ရင်းအစစ် ဟာ လူထုဒေါ်အမာပေပဲပေါ့။ ခင်ပွန်းသည် လူထုဦးလှတယောက် ဖဆဆိုရှယ်တွေရဲ့ ယုတ်မာမှုနဲ့ နရသိန်ထဲ ထောင်ထဲ ကြွရောက်စံမြန်းနေရစဉ် ကာလတလျောက်လုံးမှာလဲ အမေလူထု ဒေါ်အမာ ကပဲ အဆက်မပြတ်ဦးစီးထုတ်ဝေရှေ့ဆောင်ခဲ့ရတယ် မဟုတ်လား။ ဂျာနယ်ကျော်နဲ့
ပြည်သူ့ဟစ်တိုင်ဟာ ဗမာပြည်စာနယ်ဇင်းသမိုင်းမှာသာမက ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာပါ အရေးပါတဲ့ မှတ်တိုင်တွေရှိခဲ့သလို၊ လူထုဂျာနယ်နဲ့လူထုသတင်းစာ ဆိုတာဟာလဲ လူထုအတွက် လူထုဖက်က ထွန်းပြောင်တဲ့သမိုင်းအစဉ်အလာတွေ တသီကြီးနဲ့မဟုတ်လား။ ဂျာနယ်ကျော်မမလေးရဲ့ ‘ပြည်သူ့ဟစ်တိုင်’ ဟာအာဏာရအုပ်စိုးသူ ဖေါက်ပြန်သူ ဖဆဆိုရှယ် များရဲ့ ယုတ်ယုတ်မာမာ အကြမ်းဖက်ဝင်ရောက်ပြီး၊ စက်တွေကို ရဲဒင်းတွေ ပုဆိန်တွေနဲ့ ရိုက် ချိုး၊ ခဲစာလုံးနဲ့စာစီခွက်တွေပါမကျန် တူနဲ့ထု မှောက်လှန်ချေမွ ဖျက်ဆီးပစ်တာ ခံခဲ့ရဖူးသလို၊ လူထုဦးလှ လူထုဒေါ်အမာတို့ရဲ့ ‘လူထု’ ဟာလဲ ဗုံးနဲ့ခွဲတာတောင် ခံခဲ့ရဖူးပါတယ်။
ကနေ့ခေတ်ကာလလို မဟုတ်ပဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နိုင်ငံတကာ့ လှုပ်ရှားမှုတွေအတွင်းအထိ တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ ရှားရှားပါးပါး ဗမာအမျိုး သမီးကလောင်ရှင်တွေအဖြစ် ထူးထူးခြားခြား မှတ်တမ်းတင်ထားရမှာကလဲ ဂျာနယ်ကျော် မမလေး နဲ့လူထုဒေါ်အမာပဲ ရှိမယ်ထင်ပါတယ်။ ဂျာနယ်ကျော်မမလေးဟာ ၁၉၅၈ ခုနှစ် လောက်က ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့၊ အနုမြူ ဗုံးပိတ်ပင်ရေး၊ အနုမြူဗုံးမစမ်းသပ်ရေး၊ စစ်ဆန့်ကျင်ရေးညီလာခံကွန်ဖရင့်ကြီးသို့၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့် မြန်မာနိုင်ငံမှ ကိုယ်စား လှယ် တဦးအဖြစ်တက်ရောက်ခဲ့ဖူးပါတယ်။ အမေလူထုဒေါ်အမာဟာလဲ ၁၉၅၃ ခုနှစ်က ဒိန်းမတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ‘ကမ္ဘာ့အမျိုးသမီးများညီလာခံကြီး’ကို မြန်မာနိုင်ငံက အမျိုးသမီး ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တောမှိုင်း ဦးဆောင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှု ၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအတွင်း တက် တက်ကြွကြွပါဝင်ခဲ့ကြတဲ့ ရှားရှားပါးပါး အမျိုးသမီးကလောင်ရှင်တွေထဲမှာ ဂျာနယ်ကျော် မမလေး နဲ့အမေလူထုဒေါ်အမာတို့ဟာ ရှေ့တန်းအခန်းက ပါခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
အနီးခေတ်ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတလျောက်မှာ၊ အမှန်တရားဘက်ကနေ ရပ်တည်လှုပ်ရှားခဲ့ကြတဲ့၊ သမိုင်းတာဝန်ကြေပြွန်ခဲ့ကြတဲ့၊ ထက်မြက်တဲ့ ကလောင်တွေလဲ အဆက်မပြတ်လိုလို ပေါ်ပေါက်ခဲ့ပါတယ်။ ကျနော့်တဦးချင်းခံစားနားလည်မှုအရ ပြောရရင်၊ နိုင်ငံရေးအရပါ နိုးကြားတက်ကြွတဲ့ ကလောင်ရှင်တွေထဲမှာ အမျိုးသမီးတွေထက် အမျိုးသား ကလောင်ရှင်တွေက ပိုပြီးများပါတယ်။ အဲဒီလို နိုင်ငံရေးအရပါ တိုးတက်တဲ့၊ နိုးကြားထက်မြက် တဲ့ ရှားရှားပါးပါး အမျိုးသမီး ကလောင်ရှင်တွေထဲမှာတော့ ကျနော့်အမြင်မှာ အမေလူထု ဒေါ်အမာ ဟာ ရှေ့ဆုံးကဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။
အမေလူထုဒေါ်အမာဟာအားကျစရာကောင်းလောက်အောင်စာစုံရေးနိုင်ခဲ့တဲ့ ကလောင် ရှင်လဲ ဖြစ်ပါတယ်။ ဘာသာပြန်တွေရော ပင်ကိုရေးတွေပါ၊ ရသရော သုတပါ၊ နိုင်ငံရေးရော လူမှုရေးတွေပါ၊ အမျိုးဘာသာသာသနာအရေးတွေရော၊ အနုပညာယဉ်ကျေးမှု အမွေအနှစ် တွေပါ၊ ဘာဆိုဘာမှ မလပ်ရအောင် ထောင့်စုံအောင် စာစုံရေးနိုင်ခဲ့တဲ့ တကယ့်ကလောင်ရှင် ဆိုတာ စစ်မှန်တဲ့ဗမာပြည် စာပေအနုပညာသမားတိုင်းသိပါတယ်။ စာပေအနုပညာ ၀မ်းစာ ကလဲ ကုံလုံကြွယ်ဝသူဆိုတော့၊ ဆေးစက်ကျရာ အရုပ်ထင်စေနိုင်တဲ့ တကယ့်ပန်းချီကျော် တဦးလို၊ မြင်မြင်သမျှ ကြားကြားသမျှ၊ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးပြနိုင်စွမ်းရှိတဲ့ စာပေအနု ပညာရှင်လဲဖြစ်ပါတယ်။ ဘာတွေရေးရေး၊ ရည်ရွယ်ချက်နဲ့စေတနာ အတိုင်းသားပါနေတာက တော့ အမေလူထုဒေါ်အမာရဲ့ စာပေလက်ရာတွေတိုင်းပေါ်မှာပါပဲ။
အမေလူထုဒေါ်အမာဟာ မန္တလေးသူပါ။ မန္တလေးဆိုတာ ကုန်းဘောင် (၁၁) ဆက်ရဲ့ (၁၀) ဆက်မြောက်မင်း၊မင်းတုန်းမင်းကြီး တည်ထောင်ခဲ့တဲ့ ရတနာပုံမင်းနေပြည်မြို့တော်ကြီးဖြစ် သလို၊ နောက်ဆုံးမင်းဆက် သားတော်သီပေါမင်းလက်ထက်မှာ ထီးကျိုးစည်ပေါက် သူ့ကျွန် ဘ၀ရောက်ခဲ့ရပြီး ကုန်းဘောင်ခေတ်ရဲ့နေ၀င်ချိန်မှာ ဗမာဘုရင်ခေတ်ရဲ့နောက်ဆုံးထီးစိုက် နန်းစိုက်ခဲ့ရာ မြို့တော်ကြီးလဲ ဖြစ်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံး အမှတ်အသားလို့ ဆိုပေမဲ့၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းရဲ့ပြယုဂ်၊ ရာဇ၀င်ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေ
အနှစ်တွေနဲ့ပြည့်နှက် ထုံမွှမ်းနေဆဲနေရာ၊ ဗမာအမျိုးသားတွေရဲ့ထင်ရှားတဲ့ အမျိုးသားယဉ် ကျေးမှု အမှတ်လက္ခဏာသင်္ကေတတခုလဲပဲ ဖြစ်ခဲ့ပါတယ်။ မန္တလေးဟာ ထင်ရှားတဲ့ ကိုယ့်မူ ကိုယ့်ဌာန် ကိုယ့်သဏ္ဍာန်နဲ့ကိုယ်ပိုင်ဟန်ရှိတဲ့ မြို့တော်ကြီးတခုလဲပဲ မဟုတ်လား။ စကားမှာ တောင် ချိုသာယဉ်ကျေးတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေနဲ့‘မန်းစကား’ ဆိုတာ ထူးခြားတဲ့ ကိုယ်ပိုင်ဟန် ရှိတယ်မဟုတ်လား။
ဆရာစွမ်း (ဆရာမောင်စွမ်းရည်) ကတော့ မန္တလေးသူဖြစ်တဲ့ အမေလူထုဒေါ်အမာ ရဲ့ ရေးဟန်ကို ‘မန်းသံ အပြည့်နဲ့အသုံးထူးအလင်္ကာတွေ ဝေေ၀ဆာဆာနဲ့ဗြန်းဗြန်းကွဲ ရေးလေ့ ရှိတယ်’ လို့ မှတ်ချက်ပြု ဖေါ်ပြခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ အမေလူထုဒေါ်အမာရဲ့ ရေး ဟန်ဟာ မန်းသံ မန်းဟန်အပြည့်နဲ့ တကယ့်ကို ထူးထူးခြားခြားကိုယ်ပိုင်ဟန်ရှိတဲ့ ရေးဟန်ပါ။ မန္တလေးဟာ ဗမာဘုရင်ခေတ်ရဲ့နောက်ဆုံးနန်းစိုက်ခဲ့ရာ မင်းနေပြည်မြို့တော်ကြီးတခု ဖြစ်ခဲ့လေ တော့၊ တချို့ကတော့ - ‘မန်းဟန်’ ‘မန်းသံ’ ဆိုတာ ‘နန်းဆန်’ တာ လို့ပဲမြင်ချင်မြင် ကြနိုင်ပါတယ်။ အမေလူထုဒေါ်အမာရဲ့ မန်းသံ မန်းဟန်ကတော့၊ ကျနော့်အမြင်မှာ အင်မတန် ကို ‘လူထုဆန်’ ပါတယ်။ လူထုကြားမှာ လူထုတွေ နေ့စဉ်သုံးစွဲပြောဆိုနေကြတဲ့ လူထုသုံး စကားတွေနဲ့ပဲ ဝေေ၀ဆာဆာဖြစ်အောင် ပေါ်ပေါ်လွင်လွင်ဖြစ်အောင် ရေးသားဖေါ်ကျူးပြလေ့ ရှိပါတယ်။ လူထုကြား ခိုင်းနှိုင်းပြောဆိုသုံးစွဲနေကြတဲ့ ပြောထုံးဆိုထုံးလေးတွေ၊စကားပုံလေး တွေ၊ ဆိုရိုးစကားလေးတွေ၊ ဒေသိယလေလေးတွေ၊ လူထုအလင်္ကာလေးတွေကတော့၊ သူ့ နေရာနဲ့သူ၊ ‘ဂွင်’ ကို ကျလို့ပေါ့။ တမင်ဟန်လုပ်ပြီး ရေးထားတာမဟုတ်ပဲ၊ ရင်ထဲကလာတဲ့ အသံနဲ့ရေးထားတဲ့ အမေရဲ့လက်ရာတွေဟာ၊ အမေ၀မ်းစာဘယ်လောက်ရှိတယ် ဆိုတာ၊ ဝေါဟာရတွေ ဘယ်လောက်ကြွယ်တယ်ဆိုတာ၊ အမျိုးသားယဉ်ကျေးမှုအနှစ်သာရနဲ့ ဘယ် လောက် တသားတည်းဖြစ်နေသလဲဆိုတာ လှစ်ကနဲလှစ်ကနဲ
ထင်ဟပ်ပြနေသလိုပါပဲ။
အမေလူထုဒေါ်အမာဟာ စာပေနယ်မှာ သူကိုယ်တိုင် အင်မတန်အရိပ်အာဝါသကြီးတဲ့ စာပေပင်ရိပ်ကြီးတပင်ဖြစ်နေပေမဲ့၊ နောက်ထပ် နောက်ထပ်သော စာပေပင်ရိပ်ပျိုပင်ရိပ်ငယ် လေးတွေရဲ့အဆက်မပြတ်ဖွံ့ ဖြိုးကြီးထွားတိုးတက်လာရေးကိုလဲ ဂရုတစိုက် အရေးတယူ ဖေး ကူ လမ်းပြသွန်သင်တတ်လေ့ရှိတာ သတိထားမိပါတယ်။ သူ့မြေးအရွယ်လောက်ပဲ ရှိမယ့်၊ ‘ချောအိမာန်’ ဆိုတဲ့ မန္တလေးသူ ကလောင်ရှင်မလေးရဲ့ ‘ကောင်းကင်အနမ်း’ဆိုတဲ့ စာအုပ် ကလေး အတွက် အမှာစကား ရေးသားချီးမြှင့်ပေးရာမှာ၊ အမေလူထုဒေါ်အမာက
‘ အမေလျှောက်ခဲ့တဲ့ လမ်းကို ခေတ်လူငယ်တယောက်အနေနဲ့ လျှောက်ဖော်ရတဲ့အတွက် အမေအရမ်းဝမ်းသာတယ်။ စာကစေတနာနဲ့များများရေးလေ ကောင်းလေလေပဲ၊ ဟန်လုပ်ပြီး ရေးရင် မကောင်းတော့ဘူး။ အမေမှာချင်တာကတော့ လူငယ်တွေ စာတွေများများဖတ်ပြီး၊ စာတွေများများ ရေးကြပါလို့ ...’ တဲ့။
လူငယ်တွေ စာတွေများများဖတ်ပြီး စာတွေများများရေးကြမှာကို လိုလိုလားလားရှိလွန်းလှ တဲ့ အမေလူထုဒေါ်အမာဟာ ကိုယ်တိုင်လဲ စာတွေများများဖတ်ပြီး များများရေးနိုင်ခဲ့သူ ဖြစ်ပါ တယ်။ အမေရေးခဲ့တဲ့ စာတွေနဲရော့သလား။ လူထုဂျာနယ် လူထုသတင်းစာ ပုံမှန်ထုတ်ဝေနေ တုန်းကတည်းက ညနက်သန်းကောင်အထိစာတွေဖတ်၊ ပရုဖ်တွေပါ ဖတ်ရလွန်းလို့၊ အသက် (၃၉)နှစ် လောက်ကတည်းက မျက်မှန် စတပ်ခဲ့ရတဲ့အမေဟာ အိုကြီးအိုမအရွယ်အထိလဲ စာတွေဖတ် စာတွေရေးနေလိုက်တာ အားကျစရာပါပဲ။
ကျနော်တို့ကအမေလူထုဒေါ်အမာကို သည့်ထက်သည် အသက်ရာကျော်ရှည်စေချင်ပြီး၊ လူထုအတွက် လူထုဖက်က အမေ့စာတွေကို သည့်ထက်သည်များနိုင်သမျှ များများကြီး၊ များလေ ကောင်းလေ ဖတ်ချင်ပေမဲ့၊ မတရားအာဏာယူထားတဲ့၊ လူထုက လုံးဝမကြည်ဖြူတဲ့ နအဖစစ်အစိုးရနဲ့စစ်အစိုးရ ရဲ့လက်ကိုင်ဒုတ်တွေ ၊ ကပ်ဖားရပ်ဖား လူရမ်းကားတွေကတော့ အမေ့ကို မလိုမုန်းထား ရန်ငြိုးထားရင်း၊ အမေ့စာတွေအပေါ် မရှုစိမ့်နိုင်ရုံမက တတ်နိုင်ရင် အမေ့ကို မြန်မြန်သေစေချင်နေကြတဲ့အထိတောင် အကုသိုလ်ပွားနေကြတာကိုလဲ ကြားနေ သိနေရပါတယ်။ လွန်ခဲ့တဲ့ (၁၀)နှစ်လောက် ၁၉၉၇ ခုနှစ်လောက်တုန်းကလဲ၊ အသက်(ဂ၂) နှစ်အရွယ်မှာရာသီဥတုက ပူလောင်လွန်းလို့ မေမြို့တက်နေရရှာတဲ့ အမေ့ကို၊ နအဖဖက်က သူတောင်းစားတွေက ‘ဒေါ်အမာ အိမ်မှာရှိသလား’ လို့သုံးကြိမ်လောက် ဖုန်းဆက်မေးရုံနဲ့ တောင် အားမရလို့ အိမ်အထိတောင်လာပြီး၊ ‘ဒေါ်အမာ သေတယ်ကြားလို့ဟုတ်သလား’ လို့ လာမေးခဲ့ကြဆိုပဲ။ အမရပူရ တောင်လေးလုံးကျောင်းက ဆရာတော်ဦးပညာ ဆီကိုလဲ ‘ဒေါ်အမာ သေတယ် ကြားတယ်၊ ဟုတ်သလား’ လို့မေးတဲ့သူက လာမေးကြသေးတယ် ဆိုပဲ။ အဲဒီတုန်းက အဖြစ်အပျက်ကိုတော့၊ အမေလူထုဒေါ်အမာကိုယ်တိုင် ပင်တိုင်ရေးနေတဲ့ ‘မိုး - ဂျာနယ်’ ကနေ ‘တုံးကျော်မ’ ဆိုပြီး ပြန်ရေးပြခဲ့ဖူးတာ ကျနော်တို့ဖတ်ရဖူးပါတယ်။ ဒါကြောင့် (၂၀၀၅)ခုနှစ်ကအမေ့အသက် (၉၀)ပြည့်အဖြစ် တောင်သမန်အင်းစောင်းက ကိုပညာရဲ့ တောင်လေးလုံးကျောင်းမှာ အခမ်းအနားပွဲ လုပ်ကြတဲ့အခါ၊ အရင်က ‘လမင်းတရာ အငြိမ့်’ ကို ခေါင်းဆောင်ကခဲ့တဲ့ မဌေးဌေးမြင့်(ပန်တျာ ဌေးဌေးမြင့်)က အမေ့ရဲ့ရှေ့မှောက်မှာပဲ ပထမဆုံး ဂုဏ်ပြုအဖွင့်အဖြစ် နာမည်ကျော် လေဘာတီရဲ့ ‘တုံးကျော်မ’ သီချင်းကို သီဆိုပြီး ဂါရ၀ပြု ဖွင့်လှစ်ပေးခဲ့တာကိုလဲ ဗွီစီဒီအပြားပေါ်ကနေတဆင့် ကျနော်တို့မှတ်မှတ်ရရ ကြည့်လိုက်ရဖူး ပါတယ်။ အမေကအတီးမပါ အဆိုပိုင်ပိုင်နဲ့သီဆိုပြသွားတဲ့ မဌေးဌေးမြင့်ရဲ့တုံးကျော်မသီချင်း ကိုနားဆင်ရင်း လှလှပပကြီးပြုံးလို့မဟုတ်လား။ ဟော..မကြာသေးခင် တလောလောက်ကပဲ၊ မန္တလေးမှာ နအဖဖက်သား လူရမ်းကားနွယ်ဝင် မသမာအဖွဲ့ဝင်တချို့က အမေလူထုဒေါ်အမာ ကို အောက်လမ်းနည်းတွေနဲ့ ဟိုလိုလိုဒီလိုလိုစကားတင်းဆိုလာကြတဲ့အသံတွေ တကျော့ပြန် ထွက်ပေါ်လာတာ ကြားလိုက်ရပြန်ပါတယ်။
အမေ့ကလောင်ကို ရောင်ခြည်မထွက်နိုင်အောင် အမှောင်ချ၊ ပိတ်ကြ ပင်ကြဦးမလား တောင် မသိပါဘူး။ ဘာပဲဖြစ်ဖြစ် အမေကတော့သတ္တိရှိရှိ နှလုံးသွေးနဲ့တုံးကျော်မ သီချင်းသံကို နားဆင်ရင်း လှလှပပကြီးပြုံးနေဦးမှာပါပဲ။

(၃)

အမေလူထုဒေါ်အမာဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးသက္ကရာဇ် အတူတူ တခုတည်း ဖွား၊ ၁၉၁၅ ခုနှစ်ဖွား ဆိုတော့၊ ဒီနှစ်ဆိုရင် အသက် (၉၂) နှစ်တောင် ရှိပါပြီ။ မကြာမီ ရက်ပိုင်း အတွင်း၊ နိုဝင်ဘာ (၂၉) ရက်နေ့ဆိုရင်အသက် (၉၂) နှစ်တင်းတင်းကြီး ပြည့်တော့မှာပါ။
နှစ်စဉ်လိုလို မွေးနေ့ကျင်းပနေကျ၊ တောင်သမန်အင်းစောင်းက တောင်လေးလုံး ကျောင်းမှာ အသက် (၉၀) ပြည့်ပွဲကို (၂၀၀၅)ခုနှစ်က ကျင်းပနိုင်ခဲ့ပေမဲ့၊ မနှစ်က (၂၀၀၆) ခုနှစ်ကတော့ အသက် (၉၁) နှစ်ပြည့်ပွဲကို ကျင်းပနိုင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒီနှစ်ကော - ကျင်းပနိုင်ခွင့် ရပါ့မလား။
ဒီနှစ်ဟာ အမေလူထုဒေါ်အမာရဲ့အသက် (၉၂) မြောက်ဖြစ်သလို၊ အမေလူထုဒေါ်အမာ ရဲ့ - အမေကိုယ်တိုင် ခေါင်းစည်းတပ်ပြီး မကြာမကြာရေးဖွဲ့လေ့ရှိတဲ့ (ငယ်ကကျွမ်းတဲ့ ခင်ပွန်း သည်သို့) ဆိုတဲ့ ငယ်ကကျွမ်းတဲ့ခင်ပွန်းသည် လူထုဦးလှ ကွယ်လွန်ခဲ့တာ (၂၅) နှစ်မြောက်လဲ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် သြဂုတ်လ (၇)ရက်နေ့က ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ လူထုဦးလှ ဟာ ၁၉၁၀ ပြည့် ဇန်န၀ါရီ (၁၉) ရက်နေ့ဖွားပါ။ အခုချိန်အထိ ရှိဦးမယ်ဆိုရင် (၉၇) နှစ်တောင် ကျော်ပြီပေါ့။ နောက် (၂) နှစ်ကျော်ကျော် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလထဲဆိုရင် လူထုဦးလှရာ ပြည့်ပေါ့။ ကျနော်တို့ကတော့ လူထုဦးလှရာပြည့်ပွဲကို အမေလူထုဒေါ်အမာကိုယ်တိုင် ဦးစီး ကျင်းပသွားတာမြင်ချင်သလို၊ အမေကိုယ်တိုင် အမေ့ရာပြည့်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင် သွားရေးကိုလဲ တမ်းတမ်းတတ ဆန္ဒပြုမိနေပါတယ်။
ကျနော်ဟာ အမေလူထုဒေါ်အမာရဲ့စာတွေနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရ ဖူးပေမဲ့၊ အမေလူထုဒေါ်အမာကို စတင်တွေ့ဖူးတာကတော့ ကျနော်အသက် (၃၀) ကျော်မှပါ။ အမေလူထုဒေါ်အမာတို့ လူထုဦးလှတို့ကိုယ်တိုင်လဲ ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းခဲ့ရဖူးပြီး၊ နာမည် ကိုတောင် မခေါ်ချင်လွန်းလို့- ‘ဟိုအထဲ’ လို့အမှတ်သညာပြုထားကြတဲ့ ‘ထောင်ထဲ’ ကနေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာမှ စတင်တွေ့ရဖူးတာပါ။ နှစ်ကတော့ ၁၉၈၆ လား၊ ၁၉ဂ၇ လား၊ သိပ်မကွဲပြားလှတော့ပေမဲ့၊ စာဆိုတော်လကြီး ဆိုတာကိုတော့ မှတ်မှတ်ရရ မှတ်မိနေပါတယ်။
အဲဒီနှစ်မှာ ထောင်ထဲမှာတုန်းက အတူနေဘက် တကသ - ဗကသခေါင်းဆောင်ဟောင်း အကို ကြီးကိုလှရွှေတို့ရဲ့ ဘိုကလေးစာပေဟောပြောပွဲ ထူးထူးခြားခြား ဖြစ်မြောက်ရေးနဲ့ပတ်သက်ပြီး တော့ဖြစ်ပါတယ်။ အကိုကြီးကိုလှရွှေတို့နဲ့ လုပ်တူကိုင်ဖက် ကျောင်းဆရာမဟောင်းကြီး တယောက်က ‘နှစ်စဉ် ဘိုကလေးမြို့မှာ ကျင်းပလာခဲ့တဲ့ စာဆိုတော်နေ့စာပေဟောပြောပွဲတွေ ဟာ မဆလနွယ်ဝင် စာပေသမားယောင်ယောင် တဦးကချည်းပဲ၊ သူ့ခြေသူ့လက်လုပ်ပြီး ဖိတ် တာကြားတာ ဦးစီးလုပ်ကိုင်နေတာဟာ တနှစ်မှလူသူလေးစားစရာ တူတူတန်တန်စာရေးဆရာ စာရေးဆရာမကြီးတွေ မပါဖူးဘူး၊ ဒါကြောင့် ဒီနှစ်တော့ အတိုက်ခံလုပ်ပြီး တူတူတန်တန်စာပေ ဟောပြောပွဲဖြစ်အောင် လုပ်ပြမယ်ဆိုပြီး တာဝန်ယူလာခဲ့ပြီ၊ အဲဒီအတွက် ၀ိုင်းပြီးအကူအညီ ပေးကြပါအုန်း’ ဆိုပြီး ကိုလှရွှေအားကိုးနဲ့ ကိုလှရွှေနေထိုင်ရာ ရန်ကုန်ကို ဆင်းလာရာကနေ ကျနော်နဲ့ပါ ဆုံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အကိုကြီးကိုလှရွှေက ‘ဟေ့ကောင် - မင်း အကူအညီပေး အုန်း ’ဆိုပြီး ကျနော့်ကိုပြောတော့၊ ကျနော်က ကျနော်နဲ့ရင်းနှီးတဲ့ မနုနုရည် (နုနုရည် - အင်းဝ) တို့ကိုပြောပြပြီး ထပ်ဆင့်အကူအညီ တောင်းပါတယ်။ မနုနုရည်က မန္တလေးက လူထုဒေါ်အမာ ကိုပါ ရအောင်ဖိတ်ပေးမယ် တာဝန်ယူပြီး သူပါဘိုကလေးဟောပြောပွဲကို လိုက်ဟောဖို့တာဝန် ယူပါတယ်။ အဲဒီနှစ်က ဘိုကလေးမှာကျင်းပတဲ့ စာပေဟောပြောပွဲဟာ ဘယ်နှစ်ကနဲ့မှမတူ အောင် တူတူတန်တန် စည်စည်ကားကား ဖြစ်မြောက်သွားခဲ့ပါတယ်။ (ဆရာဂျမ်းတို့၊ ဆရာစွမ်း တို့တောင် ပါဝင်ဟောပြောဖြစ်သေးတယ် ထင်ပါတယ်။ ကောင်းကောင်းတော့ မမှတ်တော့ပါ။)
ကျနော်မှတ်မိနေတာကတော့ ဘိုကလေး စာပေဟောပြောပွဲအတွက် အမေလူထုဒေါ် အမာ မန္တလေးကနေ ရန်ကုန်ကိုဆင်းလာတော့၊ အကိုကြီးကိုလှရွှေနဲ့ကျနော်ဟာ အမေလူထု ဒေါ်အမာကို သွားကြိုကြပါတယ်။ မနုနုရည်တို့လင်မယားရဲ့ အကူအညီနဲ့အမေလူထုဒေါ်အမာ တည်းနေကျ ရန်ကုန်ကဦးအေးကြည်ရဲ့အိမ်အထိ သွားတွေ့ဖြစ်ကြတာပါ။ အမေလူထု ဒေါ်အမာကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ပါပဲ။ အဲဒီတုန်းက အမေဒေါ်အမာဟာ အသက်(၇၀) ကျော် အရွယ်ရှိနေပါပြီ။ ဒါပေမဲ့ သွက်သွက်လက်ရှိတုန်း၊ သွားနိုင် လာနိုင်တုန်းပေါ့။
အမေလူထုဒေါ်အမာနဲ့ကျနော် ဒုတိယအကြိမ် ဆုံဖူးရတာကတော့ လူချင်းမဟုတ်ပါ။ စာ ချင်းလဲ မဟုတ်ပါ။ ဒါပေမဲ့ ကျနော့်ရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်စရာအဖြစ်တခုအဖြစ် တိုက် တိုက်ဆိုင်ဆိုင် မှတ်မှတ်သားသားဖြစ်နေခဲ့ပါတယ်။ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံလှုပ် ရှားမှုကြီးနဲ့လဲ ဆက်စပ်ပတ်သက်နေတာကြောင့်မို့ပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီး မြေတုန် ဟီးအောင် ပေါ်ထွန်းနေစအချိန်ကြီးမှာ၊ ဘားကောင်စီကျေညာချက် ထွက်ပေါ်လာပြီး မကြာခင် မှာပဲ၊ ကျနော်တို့စာပေအနုပညာရှင်တွေကလဲ မဆလစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျေညာချက်တစောင် လက်မှတ်တွေရေးထိုး လှုပ်ရှားခဲ့ကြပါတယ်။ တာဝန်ယူ ဆောင်ရွက်သူ တွေက နေရာအသီးသီးခွဲပြီး လက်မှတ်ရေးထိုး ကောက်ခံရယူရာမှာ ကျနော့်ရဲဘော် အယ်ဒီတာတဦးက ကျနော့်ဆီ လက်မှတ်ယူဖို့ရောက်လာခဲ့ပါတယ်။ မှတ်မှတ်ရရ ‘ချယ်ရီ မဂ္ဂဇင်း’ အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်တဲ့ ‘ကိုထွဋ်’ ရဲ့စားပွဲပေါ်မှာပါ။ လက်မှတ်ရေးထိုးဖို့ ပေးလာသူကတော့ ဆရာမောင်ကိုယုရဲ့လူရင်း၊ ဆရာမောင်ကိုယု နာယကလုပ်နေတဲ့ ‘မြတ်လေး’ မဂ္ဂဇင်းက နောက်ကွယ်အယ်ဒီတာတဦး ဖြစ်ပါတယ်။ ကျနော်က တက်တက် ကြွကြွနဲ့ လက်မှတ်ရေးထိုးပေးဖို့၊ ကျနော့်ဆီ ထိုးပေးလာတဲ့ စာရွက်ဖြူကို သေသေချာချာ ကြည့်လိုက်တော့၊ အပေါ်ဖက်မှာ လက်မှတ်တွေ တချို့အစီအရီ ထိုးထားပြီးသား ဖြစ်နေပါပြီ။ ကျနော့်ဆီ ပေးလာတဲ့ စာရွက်ဖြူပေါ်မှာ၊ ကျနော် လက်မှတ်ရေးရထိုးရမယ့်နေရာရဲ့အပေါ်မှာ နောက်ဆုံးလက်မှတ်ရေးထိုးထားတာကတော့ ဆရာ ‘လူထု စိန်ဝင်း’ ပါ။ ဆရာလူထုစိန်ဝင်းရဲ့ အပေါ်မှာ ကပ်လျက်သား တွေ့ရတာကတော့၊ အမေ ‘လူထုဒေါ်အမာ’ ပါပဲ။ အမေလူထု ဒေါ်အမာနာမည်နဲ့ လူထုဒေါ်အမာ ကိုယ်စားဆိုပြီး ဆရာလူထုဦးစိန်ဝင်းကပဲ လက်မှတ်ထိုး ထားပါတယ်။ ‘လူထုဒေါ်အမာရဲ့ ဖုန်းနဲ့လှမ်းပြီး အကြောင်းကြားချက်အရ’ ဆိုပြီးလဲ ဆရာလူထု ဦးစိန်ဝင်းက ဖေါ်ပြရေးသားထားပြီး လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ ကျနော့်ရင်ထဲမှာ လှိုက်ကနဲ ခုန်သွားရပြန်ပါတယ်။ အမေလူထုဒေါ်အမာဆိုတာ အဲဒီလို အမေမျိုးပါကလား။ လူထုအရေး လူထုတိုက်ပွဲတွေနဲ့ပတ်သက်ရင်၊ ဘယ်နေရာကပဲဖြစ်ဖြစ်၊ ရှိရာနေရာ ကြားရာ အရပ်ကနေ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းတတ်သူပါကလား။ လူထုအရေးအတွက် လူထု ဖက်ကနေ လူထုတိုက်ပွဲတွေနဲ့အစဉ်ထာဝရ တသားတည်း ကျနေတတ်သူမျိုးပါကလားလို့ မှတ်မှတ်သားသား ဖြစ်ခဲ့ရပါတယ်။ ကျနော်ဟာ အမေတို့လူထုဦးစိန်ဝင်းတို့ရဲ့ အောက်ခြေကပ် လျက်သားကနေ ဂုဏ်ယူစွာနဲ့ လက်မှတ်ရေးထိုးခဲ့ဖြစ်ပါတယ်။ ကျနော်ပြီးတော့ အဲဒီစာရွက် ပေါ်မှာပဲ အဲဒီနေရာနားမှာပဲ လက်မှတ်ထိုးပေးသူကတော့ ကာတွန်းကိုဝင်းထွန်း (အခု ပြည်ပ ရောက် - ကာတွန်း မစ္စတာဘားမား) လို့ပဲ စိတ်ထဲမှာ စွဲထင်မှတ်မိနေပါတယ်။
အမေနဲ့လူချင်း နောက်ဆုံးတွေ့ဆုံဖြစ်ခဲ့တာကတော့၊ ၁၉ဂဂ ခုနှစ်အကုန် ဂ၉ ခုနှစ်ဆန်း ကာစထဲမှာပါပဲ။ အမေ့ရဲ့အိမ် အမေ့ရဲ့ ‘လူထု’ တိုက်ထဲမှာပဲ သွားရောက်တွေ့ဆုံခဲ့ရတာ ဖြစ်ပါ တယ်။ ကျနော်တို့အကိုကြီးကိုလှရွှေတို့ပါ ပါဝင်ဖွဲ့စည်းဖြစ်ခဲ့ကြတဲ့ ပြည်သူ့တိုးတက်ရေးပါတီ ပေါ်ပေါက်ပြီးစ၊ သိပ်တောင်ကာလ မကြာမြင့်လှသေးတဲ့ အချိန်အတောအတွင်းမှာပါပဲ။ မှတ်မှတ်ရရ နှင်းတွေဝေနေဆဲ ဆောင်းကာလကြီးအတွင်းမှာပါပဲ။
မန္တလေးသား ရဲဘော်ကြီးတဦးနဲ့အတူ အမေ့အိမ်ကို ရောက်အောင်သွားခဲ့ကြတာပါ။ လူထုတိုက်ရဲ့ ဧည့်ခန်းလေးအတွင်း ကျနော်တို့ကိုလှရွှေတို့ ရောက်ရှိသွားချိန်မှာ အမေက အပြုံးလဲ့လဲ့လေးနဲ့ကြိုဆိုပါတယ်။ ဘေးနားမှာ ဖတ်လက်စလို့ထင်ရတဲ့ စာအုပ်တအုပ်နဲ့ အဲဒီ စာအုပ်လေးပေါ်မှာ မျက်မှန်လေးတလက် တင်ထားတာလဲ တွေ့ရပါတယ်။ အဲဒီကျတော့မှပဲ ကျနော်က အမေ့မျက်နှာကို သေသေချာချာသတိထားပြီး ကြည့်မိပါတယ်။ အသက်အရွယ် တော်တော်ကြီးနေပြီဖြစ်ပေမဲ့ အမေ့ရဲ့မျက်နှာဟာ အိုကြီးအိုမနဲ့ ဇရာထောင်းနေတဲ့ပုံ၊ အားအင် ကုန်ခမ်း ညှိုးနွမ်းဖျော့တော့နေတဲ့ပုံ မပေါက်သေးပါ။
ကျနော်က အမေလူထုဒေါ်အမာကိုယ်တိုင် တချိန်ကရေးဖွဲ့ပြခဲ့ဖူးတာလို့ စိတ်ထဲမှာ ရေးတေးတေးထင်နေတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ရုပ်ပုံဘွဲ့စာပန်းချီခြယ်သချက် စကားလုံးစာပိုဒ်တချို့ကို ဖျတ်ကနဲအမှတ်ရမိလိုက်ပါတယ်။ အမေရေးသားပြုစုခဲ့တဲ့ ‘ဆရာကြီး သခင်ကိုယ်တော်မှိုင်း’ အတ္တုပ္ပတ္တိစာအုပ်ကြီးထဲမှာပဲလို့ ထင်မိနေပါတယ်။ အဲဒါကတော့ - ‘ - - ဗမာပီသတဲ့ရုပ်ဆိုတာ ဘယ်လိုဟာလဲ မေးလာရင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ထိုးပြ လိုက်စမ်းပါ၊ ဆရာကြီးရဲ့ရုပ်ရည်ဟာ အင်မတန် ဗမာပီသလှပါတယ်။ ဆရာကြီးရဲ့နှာတံဟာ သေသေချာချာပန်းပုထုပြီး တင်ထားသလို ဖြောင့်ဖြောင့်စင်းစင်းနဲ့ နှာတံပေါ်ပေါ် လှပလှပါ တယ်’ လို့ဆိုတဲ့ ဖွဲ့ဆိုရေးသားထားချက်ပါပဲ။ တိတိကျကျတော့ မမှတ်တော့ပါ။ အမေလူထု ဒေါ်အမာကိုယ်တိုင် ရေးသားပြခဲ့တာလို့ပဲ စိတ်ထဲမှာ ဝေေ၀၀ါးဝါး စွဲထင်နေမိခဲ့ပါတယ်။
အဲဒီလိုပါပဲ၊ အမေလူထုဒေါ်အမာကိုလဲ လေးလေးစားစားငေးမောကြည့်မိရင်း ကျနော်က ‘ဗမာအမျိုးသမီးတယောက်ရဲ့ ရုပ်ပုံဟာဘယ်လိုများပါလဲလို့ နိုင်ငံခြားသားဒါမှမဟုတ် လေ့လာ သိရှိလိုသူ တဦးဦးကများမေးလာရင်၊ ကျနော်တို့ရဲ့အမေ လူထုဒေါ်အမာရဲ့ရုပ်ပုံကိုပဲ နမူနာ အဖြစ် ထိုးပြလိုက်စမ်းပါ’ လို့ပဲပြောလိုက်ချင်ပါတယ်။ အမေလူထုဒေါ်အမာရဲ့မျက်နှာဟာ အင်မတန်ဗမာပီသလှပါတယ်။ ထူးထူးခြားခြားပေါ်လွင်နေတာကလဲ နှာတံလို့ပဲ ထင်ပါတယ်။ မျက်ခုံးမွှေးကလဲ ရှည်လျားလှတဲ့ နှာတံနဲ့လိုက်ဖက်ညီအောင် ပေါ်ပေါ်လွင်လွင် ရှိလှပါတယ်။
အမေလူထုဒေါ်အမာက ကျနော်တို့ကို လဖက်ရည်တွေ မုန့်တွေနဲ့လဲ ဧည့်ခံလိုက်ရုံမက၊ (လဖက်ရည်အချိုတွေ မုန့်ပဲသရေစာတွေနဲ့ မဆီမဆိုင်နိုင်လိုက်တာလို့ပဲ ဆိုချင်ဆို) အညာ ထွက်ပစ္စည်းစစ်စစ် အညာဇီးချိုသီးတွေနဲ့လဲ ဧည့်ခံလိုက်ပါသေးတယ်။ ဇီးချိုသီးတွေကို ပန်းကန်ပြားလေးထဲမှာ ထည့်လို့ပေါ့။
အမေလူထုဒေါ်အမာဆီကို ကျနော်တို့လာခဲ့ကြတာက အမေ့ကို လာရောက်နှုတ်ဆက် ချင် စကားစမြည် ပြောချင်လို့သာမက၊ ကျနော်တို့ ပြည်သူ့တိုးတက်ရေးပါတီ ဖွဲ့စည်းလှုပ်ရှား နေပြီ၊ အဲဒီအတွက်ပါတီရံပုံငွေ အလှူငွေထည့်ဖို့ လာရောက်အလှူခံကြတာလဲ အကြောင်း တချက်အဖြစ် ပါပါတယ်။
အမေက ပြည်သူ့တိုးတက်ရေးပါတီအတွက် အလှူငွေ (၂၀၀) လားပဲ ထည့်လိုက်ပါသေး တယ်။ အဲဒီတုန်းက အလှူငွေ (၂၀၀) ဆိုတာ သိပ်နည်းလှတဲ့ငွေ မဟုတ်ပါ။ ပါတီဖွဲ့စည်းမှတ် ပုံတင်ကြေးတခုလုံးမှ ကျပ် (၅၀၀) ပဲ သတ်မှတ်ထားတဲ့ အချိန်မဟုတ်လား။

( ၄ )

ပြည်တွင်းမှာ နေလို့မရတော့လို့ ပြည်ပကိုထွက်လာရတော့တဲ့အချိန်အထိ၊ ကျနော် နောက်ဆုံးထွက်လာခဲ့ရတဲ့ နေရာဟာလဲ မန္တလေးပါပဲ။ အခုလို နှင်းတွေ တဝေ့ဝေ့ဝေနေတဲ့ ဆောင်းတွင်းကာလကြီးမှာပါပဲ။ အရုဏ်တောင် မလာတတ်သေးတဲ့ ဆောင်းတွင်းနံနက်စော စော မြူရိပ်ဝေေ၀တွေကြားထဲမှာ လွမ်းစရာ့မန္တလေးကို ဆွတ်ဆွတ်ကျင်ကျင် နှုတ်ဆက်ခဲ့ရပါ တယ်။ ကျနော်ငယ်ငယ်တုန်းက စွဲလန်းခဲ့ဖူးတဲ့မြင်ကွင်း၊ မန္တလေးနန်းမြို့ရိုးနဲ့ ကျုံးရိပ်ရေပြင် ညို့ညို့ဟာ မလင်းနိုင်သေးတဲ့အမှောင်စတွေကြားထဲမှာ မှိုင်းမှုန်ဝေရီ ကျန်ရစ်ခဲ့ပါတယ်။
နယ်စပ်တဖက်ခြမ်းဆီ ရောက်လာပြီးတဲ့နောက်ပိုင်းမှာလဲ အမေလူထုဒေါ်အမာရဲ့ အသံ ကို လေလှိုင်းပေါ်တွေကတဆင့် အခါအားလျော်စွာ ကြားနေရပါတယ်။ အမေလူထုဒေါ်အမာရဲ့ (ဂ၀) ပြည့်မွေးနေ့ … (၉၀) ပြည့်မွေးနေ့ ... စသဖြင့်စသဖြင့်တွေသာမက၊ အခါအားလျော်စွာ ပြည်တွင်းအခြေအနေတွေနဲ့ ပတ်သက်တဲ့၊ ဒီမိုကရေစီရေးအဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ အမေလူထုဒေါ်အမာရဲ့ အမြင်၊ လူထုဒေါ်အမာရဲ့သဘောထား၊ လူထုဒေါ်အမာရဲ့အသံတွေ ...
အသက်အရွယ်တွေ ဘယ်လောက်ကြီးလို့ဇရာတွေ ဘယ်လောက်ထောက်ထောက်၊ ဒေါ်အမာဆိုတဲ့ နာမည်နဲ့ပညတ်သွားရာ ဓာတ်သက်ပါလောက်အောင် ကိုက်ညီနေလွန်းလှတဲ့ အမေဒေါ်အမာရဲ့ ခိုင်မာလွန်းလှတဲ့ လူထုရပ်တည်ချက် လူထုအတွက် အသံတွေကဖြင့် - ကြားရ ကြားရလေတိုင်း ဦးညွှတ်ခဲ့ရပါတယ်။ ဒါကြောင့်လဲ ‘လူထုဒေါ်အမာ’ ဆိုတာ ‘လူထု ဒေါ်အမာ’ ဖြစ်ခဲ့ရတာကိုး - လို့လဲ ရင်တွင်းကပါ နက်နက်ရှိုင်းရှိုင်း ကျေကျေနပ်နပ် နားလည်ခဲ့ ရပါတယ်။ ။

( ၀င်းတင့်ထွန်း)
၁၅-၁၁-၂၀၀၇

(နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်မယ့် အမေလူထုဒေါ်အမာရဲ့အသက် (၉၂) နှစ်မြောက် မွေးနေ့ကို အထိမ်းအမှတ်ပြု ဦးညွှတ်လိုက်ပါတယ်။)

Read More...

Friday, 7 December 2007

နအဖရဲ့ ရှေ့ခြေလှမ်းကို ရိုက်ချိုးဖို့ပြင်ကြစို့

ဒီတခါ အာစီယံမှာ နအဖတုံးကျော်သွားတာလား၊ သက်ပြင်းချနိုင်သွားသလား။
ဒါဆွေးနွေးစရာ၊ ငြင်းခုံစရာဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့တကယ်တော့ ဒီအစည်းအဝေး ကရလဒ်ဟာ ဘာကြီးပဲဖြစ်နေနေ ဗမာပြည်ပြည်သူတွေအတွက်၊ အထူးသဖြင့် စစ်အာဏာရှင် စနစ်ဖယ်ရှားရေးအတွက် သိပ်ပြီးအရေးမပါပါဘူး၊ နအဖကို
နိုင်ငံတကာအသိုင်းအ၀ိုင်းအလယ် မှာ သိက္ခာချနိုင်တာကလွဲလို့ သိပ်အရေးပါ ထိရောက်တာမဟုတ်ဘူး၊ အဲဒီမှာ ဘာပဲဆုံးဖြတ်၊ ဆုံးဖြတ် နအဖက ဂရုမစိုက်တာသေချာတယ်၊ သံတမာန်ရေးရာနဲ့ နိုင်ငံတကာဆက်ဆံရေး အပိုင်းကို နအဖအစိုးရက နကမ္ပတိလုပ်ထားရတာကြာပြီ၊ ဂမ်ဘာရီနဲ့ပီညဲရိုးတို့အပေါ် ဆက်ဆံ ပြနေပုံတွေဟာ ကုလသမဂ္ဂနဲ့အိုင်အယ်လ်အိုကိုတောင် ဂရုမစိုက်ဘူးလို့ ပြောနေတာဖြစ်တယ်၊ နောက်ပြီး ဂမ်ဘာရီရဲ့လှုပ်ရှားမှုကို တရုတ်နဲ့အိန္ဒိယတို့က ထောက်ခံထားတယ်ဆိုတာလည်း သူတို့ မသိတာမဟုတ်ဘူး၊ နအဖဟာဒီနယ်ပယ်မှာ သန်းခေါင်ထက်ညဥ့် မနက်ဘူးလို့ တွက် ထားပြီးဖြစ်တယ်၊ သူတို့မှာ လိမ္မာထိရောက်တဲ့ သံတမာန်ရေးလှုပ်ရှားမှု ပြုလုပ်နိုင်စွမ်းမရှိတော့ တာကြာပြီပဲ၊ နပေနကတ်လို တုတ်တောင်းနေတာဖြစ်တယ်လို့ ပြောရင်ရမယ်၊ အဲဒီတုတ်ချက် လောက်ကိုတော့ စစ်ဗိုလ်ချုပ်တွေက မမှုဘူးလုပ်နေကြတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ သံဃာ့အရေးအခင်းကြီးက ရှင်းရှင်းလင်းလင်းပြသလိုက်တဲ့ အ ချက်တချက်ကတော့ နအဖတကယ်ကြောက်တာ သူတို့ကိုတကယ်ကိုင်လှုပ်နိုင်တာဟာ ပြည် တွင်းက ပြည်သူတွေရဲ့အုံကြွမှုသာဖြစ်တယ်ဆိုတာပဲ၊ သူတို့တတွေ အခုထက်ထိ အရေးအ ခင်းရဲ့ကျိန်စာကတော့ မလွတ်နိုင်သေးဘူးဆိုတာအဘက်ဘက်မှာ အထင်အရှားတွေ့နေရ တယ်။ အခုထက်ထိ လူတွေကိုလိုက်ရှာဖမ်းဆီးနေတာဟာ၊ နယ်ပယ်ပေါင်းစုံမှာ ဆင်ဆာအ မျိုးမျိုးလုပ်နေတာ စတာတွေဟာ သူတို့စိုးရိမ်ထိတ်လန့်နေတုန်းပဲ ဆိုတာကိုပြတာဖြစ်တယ်၊ နအဖအဖို့ ငြိမ်းအဖွဲ့တွေအပေါ် မီးမသေလှဘူးဆိုတာလည်း သူခြေတလှမ်းလှမ်းတိုင်း တွေ့နေ ရတယ်၊ တချို့အဖွဲ့ဟာဆိုရင် စစ်အစိုးရကလုပ်ခိုင်းသမျှကို ဆန့်ကျင်နေတဲ့ သဘောမျိုးတောင် တွေ့လာနေရပြီ၊ သူတို့ချင်းထိပ်တိုက်တွေ့မှာကို ရှောင်ဖို့ကြိုးစားလို့ ရပါအုန်းမလားဆိုတာ တောင်မှ တွေးစရာဖြစ်လာနေတယ်၊ နိုဝင်ဘာလ ၂၂ရက်နေ့က ကေအိုင်အေစခန်းကိုသိမ်း တာကိုထောက်ရင် နအဖ က သူတို့အပေါ်မှာ စစ်ရေးအရကိုပဲ စပြီးဖိအားပေးလာနေပြီ ဆိုတာ သေချာတယ်။
ဒီလိုအနေအထားမှာ ပြည်တွင်းက ဆန့်ကျင်မှုကိုသာ တကယ်လန့်သူဖြစ်တဲ့ နအဖဟာ သူ့တပ်တွင်းက တုန့်ပြန်မှုကို အဓိကထားကြည့်နေတယ်၊ တပ်ဟာသူတို့ထင်သလို ခိုင်းလို့ရမရ ဆိုတာနဲ့ အခြေအနေတွေနဲ့ သူတို့ဆက်ပြီး အုပ်စိုးလို့ ရမရဆိုတာကို သုံးသပ်တာပါ၊ အခုတ လောလေးမှာပဲ တပ်ထိပ်ပိုင်းမှာ နေရာတွေ၊ ရာထူးတွေခွဲတမ်းချဝေခြမ်းပြီးတဲ့နောက် သူတို့ ကိုယ် သူတို့အတော် စိတ်ချသွားဟန်တူတယ်၊ ဒါကြောင့် ဗိုလ်သန်းရွှေရဲ့ကြံ့ဖွတ် တွေကိုပြော တဲ့မိန့်ခွန်းမှာ သူ့ကိုယ်သူ အတော်ယုံကြည်မှု ရှိတဲ့ လေသံတွေ ပါနေတာဖြစ်တယ်။
ဘယ်အခမ်းအနားမှာပဲဖြစ်ဖြစ်၊ ဘယ်ပြည်ပခေါင်းဆောင်နဲ့တွေ့ရာမှာပဲဖြစ်ဖြစ်၊ နအဖ က တိုင်းပြည်အခြေအနေ တညငြိမ်နေ ပါတယ်လို့ ပြောနေတာဟာ သူ့တပ်ကိုသူပိုင်တယ်လို့ ယူဆပြီးပြောနေတာသာဖြစ်တယ်၊ သူတို့ပြောတိုင်းမှာ တိုင်းပြည်အခြေ အနေတညငြိမ်တယ်။ သူတို့ရဲ့လမ်းပြမြေပုံအတိုင်း ဆက်လုပ်မယ်ဆိုတာ အမြဲပါတယ်ဆိုတာ သတိထားမိစရာပဲ၊ ဒါတွေက ပြနေတာကတော့ နအဖ အနေနဲ့ လမ်းပြမြေပုံရဲ့အဆင့်လေးကို မဖြစ်မနေလုပ် တော့မယ်ဆိုတာပဲ။
နအဖဟာ ဘာကြောင့်မို့ဒီဆန္ဒခံယူပွဲဆိုတဲ့ အဆင့်လေးကို အင်မတန်စိတ်ထက် သန် နေရတာလဲ၊ သေချာတာက သူတို့ အစီအစဉ်အတိုင်းသာ ဆန္ဒခံယူပွဲလုပ်နိုင်မယ်ဆိုရင် သူတို့ အနေနဲ့ ထောက်ခံမဲ ၁၀၅ရာခိုင်နှုန်းတောင် ရအောင်လုပ်နိုင်တယ်ဆိုတာ ဘာမှသံသယရှိစ ရာမလိုဘူး၊ သူတို့ပြချင်တဲ့ကိန်းဂဏန်းကို ပြလို့ရောအင်လုပ်နိုင်တယ်၊ ၁၉၇၄ခုနှစ်တုန်းက ဗိုလ်နေ၀င်းလုပ်ခဲ့တာနဲ့ တလောက ပါကစဏတန်က စစ်အာဏာရှင် မူရှာရာ့ဖ် လုပ်ပြသွား တာတွေကိုပဲကြည့်တော့။
တကယ်က နအဖအခုလုပ်နေပြောနေတာတွေ မှန်သမျှဟာ တခုမှမျက်စိလည်စရာ မရှိဘူး၊ အင်မတန်ရှင်းနေတာတွေမို့ အတိုက်အခံတွေအကြားမှာ ဘာမှအငြင်းမပွားကြဘူး၊ နအဖအလိုတော်ရိတွေတောင်မှ အသံမထွက်ကြဘူး၊ (သူတို့ကို နအဖက ပါးစပ်ပိတ်ခိုင်းထား လို့လည်း ဖြစ်ကောင်းဖြစ်မယ်)၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည် စကားပြောတယ် ဆိုတဲ့ လုပ်ဇာတ်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မဗေဒါရေခပ်ခိုင်းသလိုလုပ်ထားတာ ဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မပြောနဲ့ သာမာန်လူထုတောင်သိတယ်၊
ဒီတော့ အတိုက်အခံတွေ။ အထူးသဖြင့် မြေအောက်လုပ်ငန်းလုပ်နေသူတွေဟာ အဲဒီ လမ်းပြမြေပုံအဆင့်လေးလုပ်လာမှာ အတွက်အခုကတည်းက စဉ်းစားပြင်ဆင်တာတွေ လုပ် သင့်တယ်၊ အာဏာရှိတဲ့လူနဲ့ မရှိတဲ့လူနဲ့တူတာမဟုတ်ဘူး၊ အာဏာရှိတဲ့ လူကလုပ်ချင်ရင် မြန်တယ်၊ အချိန်ဆိုတာကလည်း ကုန်မှန်းမသိကုန်သွားတတ်တယ်၊ ပြီးခဲ့တဲ့သံဃာ့အရေး အခင်းကြီးတုန်းက ကိုယ်က နောက်ကလိုက်ရတာမျိုးဖြစ်ခဲ့ကြတယ်မဟုတ်လား။
ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးကို ပြန်ပြီးသုံးသပ်။ နိဂုံးချုပ်ပြီးရှေ့လုပ်စရာတွေချ မှတ်ကြသင့်ပြီ၊ ဒါကို ပါဝင်လှုပ်ရှားခဲ့ သူတွေက အဓိကလုပ်သင့်တယ်၊ ဘာဖြစ်လို့ ဒီရေလှိုင်း လုံးတွေလို ဗြုံးစားကြီးပေါ်ပေါက်လာသလဲ၊ ဘာဖြစ်လို့ တုံးတိပြတ်တောက် သွားရသလဲ၊ နအဖ တကယ်လန့်တာဘာလဲ၊ သူ့တပ်တွင်းကိုဘယ်လို ဂယက်ရိုက်ခဲ့သလဲစတာတွေကို ကိုယ်ဖြစ်စေချင်တာ။ ကိုယ့်ဆန္ဒအစွဲမပါပဲ သေသေချာချာ သုံးသပ်သင့်တယ်။
အဲဒီကနေ ဘယ်လိုတိုက်ပွဲပုံစံတွေ ကျင့်သုံးလို့ရမလဲ။ ကျင့်သုံးရင်ကောင်းမလဲ စတာ တွေကိုလည်း သုံးသပ်။ ဆုံးဖြတ်သင့်ပြီ၊ ပြီးရင် ပြင်ဆင်ရမယ်၊ ဒီတိုင်းပြည်မှာက ဘယ်သူက ပဲဖြစ်ဖြစ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ်။ ဘယ်ပုံစုံနဲ့ဖြစ်ဖြစ် ဒီနအဖစစ်ဗိုလ်တွေကို ဆန့်ကျင် ဆန္ဒပြတယ်ဆိုတာ တရားတာမှန်တာချည်းပဲ။ ထောက်ခံရမှာချည်းပဲ၊ ဒါကြောင့် ဒါမျိုးဟာအ ချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။
ကိုယ့်ဘက်က ပြင်ဆင်မှုမရှိပဲ တိုက်ရတယ်ဆိုတာမျိုး မဖြစ်ရင်အကောင်းဆုံးပဲ။

ဗသြ

Read More...

အဝေးကပေးစာတစောင်

ကိုဟိုဒင်းရေ-
“သီတင်းကျွတ်ပွဲတော်ကြီးပြီးလို့ တန်ဆောင်မုန်းတန်ဆောင်တိုင် ဆီမီးကမြိုင်။ မသိုးအလှ မြတ်သင်္ကန်း ကပ်ဖို့။ ရွှေတိဂုံ ကုန်းတော်ပေါ်မှာပြိုင်”ဆိုတဲ့ ကျနော်တို့ငယ်ငယ်တုန်းက ဒီလို အချိန်မှာကြားရလေ့ရှိတဲ့ ကိုမြကြီးရဲ့သီချင်းလေး ကိုမှတ်မိတယ်
မဟုတ်လားဗျာ၊ ရန်ကုန် တန်ဆောင်တိုင်ပွဲတော်။ လေးဆူဓာတ်ပုံ ရွှေတိဂုံနဲ့ အလှူရေစက် လက်နဲ့မကွာ၊ ရက်ရောလှ တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ၊ ခွဲလို့ရနိုင်ရိုးလား ဗျာ၊ အခုတော့ ရွှေတိဂုံကုန်းတော်ပေါ်ကို သံဃာတော်တွေဟာ ခွင်ပြုချက်လက်မှတ်နဲ့ တက် ရသတဲ့။ ဘုရားဖူးကြည်ညိုသူတွေ လူစုလူ ဝေးနဲ့ မတက်ရဘူးတဲ့၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်ထက်ဆိုးတဲ့ ကာလတခုကို ရောက်နေပါပေါ့ လားဗျာ။ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်၊ ဘုန်းကြီးကျောင်းတွေကနေ မောင်းထုတ်။ ပြန်ခိုင်း။ သာသနာ့စောင်းထက် နအဖစောင်းက ပိုထက်တယ်လို့ ပြောဖို့လုပ်နေတဲ့ ကာလ ကြီးမှာ ကျနော်ဖြင့်ဗမာပြည်က ကထိန် အလှူပွဲတော်များအတွက် စိုးရိမ်ပူပန်မိတာ အမှန်ပါပဲ၊ ဒီကနေ ပြန်စဉ်းစားလိုက်တိုင်း ကထိန်ပွဲကြီးတွေ ခြိမ့်ခြိမ့်သဲကျင်းပပြီး လမ်းတကာ၊ ရပ်တကာ မှာ ကထိန်ညှပ်ကြီးတွေ အပြိုင်အဆိုင်ဆင်ယင်။ ခင်းကျင်းကြ။ ပွဲတွေလမ်းတွေ ကျင်းပကြ။ ရန်ကုန်မှာဆိုရင် (ကာတွန်း)ဦဘဂျမ်းလမ်းမှာ ကာတွန်းပြပွဲတွေလုပ်ကြ။ မန္တလေးဘက်မှာဆို ရင် စစ်ကိုင်းတောင် တောင်လုံးညွှတ်မျှကထိန်သွားခင်းကြ။ ဈေးချိုထဲက အေရုံ၊ ဘီရုံ စတာ ကြီးတွေက အငြိမ့်တွေပွဲတွေနဲ့ နေ့ခင်းကြီးဧည့်ခံကြ။ ဒီလိုချစ်စရာ။ ဂုဏ်ယူစရာအစဉ် အလာ လေးတွေဟာ နအဖစစ်အစိုးရ ရဲ့စစ်မိန့်တွေကြောင့် ပျောက်ကုန်တော့မှာပါလားဗျာ။
ကျနော်တို့ဗမာနိုင်ငံသားများဟာ ကိုယ့်မှာရှိရင် ကိုယ်ချည်းမစားသုံးပဲ သူများကိုလည်း ပေးကမ်းဝေ မျှချင်တယ်ဆိုတဲ့စိတ် စေတသိက်လေးရှိနေတော့ စပါးသိမ်း။ ပဲသိမ်းပြီးရင် လှူကြ တန်းကြတာဟာ နှစ်ထောင်နဲ့တောင်ရှိပြီနဲ့ တူပါတယ်ဗျာ၊ ဘယ်သူကမှ ရိုက်ခိုင်းဖို့မလို။ အမိန့် ပေးခိုင်းဖို့မလိုတဲ့ အစဉ်အလာကောင်းပါ၊ မင်းမှ စိုးမှ လုပ်တာမဟုတ်ပါဘူး။ ဆင်းရဲသားလဲ တတ်နိုင်ရင် တတ် နိုင်သလောက် လှူကြတမ်းကြတဲ့ နိုင်ငံနဲ့ နိုင်ငံသားတွေပါဗျာ၊ အခုတော့ လှူချင်လို့မလှူရ။ လှူချင်သူကိုမလှူရ။ ၀ဋ်ဒုက္ခတမျိုးလိုပါပဲ။
ဒီကြားထဲမှာ နအဖအစိုးရရဲ့ဝါဒဖြန့်ယန္တရားများနဲ့ နောက်လိုက်ခွေး မီဒီယာများထဲမှာ သူတို့လက်ပါးစေ ကြံ့ဖွတ်တွေက ဘုန်းကြီးကျောင်းတွေကိုသွားပြီး ကထိန်ပစ္စည်းတွေအတင်း လက်ခံခိုင်း။ အတင်းရေ စက်ချ။ အတင်းကထိန်လိုက်ခင်းနေကြတယ်လို့ ကြားရတော့ ပိုပြီးစိတ် မချမ်းမသာဖြစ်ရတယ်၊ အေးဓားပြ တိုက်တယ်ဆိုတာနဲ့ ပြောင်းပြန် ကုသိုလ်ဓားပြတိုက်တယ် လို့ ဆိုရမလား မသိပါဘူး၊ တချို့သံဃာ တော်များကတော့ ပတ္တနိက္ကုဇ္ဇနကံဆောင်ထား တာမို့ သူတို့ပေးတဲ့အခါ လက်ခံထားလိုက်ပေမဲ့ သူတို့သွားတဲ့ နောက် ကိုယ်တိုင်မသုံးပဲ သူများကိုစွန့် ကြဲလိုက်ကြတယ်လို့လဲ ကြားရတယ်၊ နအဖကြောင့်မို့ သံဃာတော်များ လုပ် နေရပုံအတွက် လည်း စိတ်မကောင်းဖြစ်ရတယ်။
ကျနော်တို့ ဗုဒ္ဓဘာသာမှာ အလှူဒါနဖြစ်မြောက်ဖို့အတွက် အချက်သုံးချက်လိုအပ် တယ်ဆိုတာ ခင်ဗျားမှတ်မိတယ်မဟုတ်လား၊ အဲဒါတွေက လှူတဲ့သူရယ်၊ လှူတဲ့ပစ္စည်းရယ်၊ အလှူခံတဲ့လူရယ်လို့ ဆိုသမို့လား၊ အခုတော့ သံဃာတော်များကလက်မခံချင်တာကို အာဏာ နဲ့ အတင်းယူခိုင်းနေတယ်ဆိုတော့ အလှူဒါနဖြစ်မြောက်ဖို့အတွက် လိုအပ်တာဟာ စစ်တပ် အာဏာအပါ အချက်လေးချက်ဖြစ် သွားပြီပေါ့ဗျာ၊ မူလသုံးချက်နဲ့တင် မရတော့တာလည်း အမှန်ပဲ၊ စစ်အာဏာပိုင်တွေကခွင့်မပြုလို့ မခင်းရတဲ့ ကထိန်တွေ၊ မကျင်းပရတဲ့အလှူပွဲတွေ နည်းမှမ နည်းတော့ပဲ၊ ဗုဒ္ဓဘာသာပြော ပြောရရင် ဒါနမမြောက်အောင် နှောင့်ယှက်ဖျက်ဆီး တယ်ဆိုတဲ့ အပြစ်ဟာ ဘယ်လောက်ကြီးသလဲ စစ်ဗိုလ်ချုပ် တွေ စဉ်းစားမိရဲ့လားမသိဘူး။
ဒီစာကိုရေးနေရင်းပဲ ကိုဟိုဒင်းရေ။ သတင်းတခုဝင်လာသဗျ၊ ကောင်းသတင်းပြော ရမ လား။ ဆိုးသတင်း ပြောရမလားမသိဘူး၊ ခင်ဗျားမို့ မျှရအုန်းမယ်၊ အဲဒါ(ဦး)မြတ်ခိုင်ရဲ့ လျှပ်တစ် ပြက်ဂျာနယ်ပိတ် လိုက်ရပြီတဲ့ဗျ၊ ထုတ်ဝေခွင့်ပိတ်လိုက်တာလို့ ဆိုတာပဲ၊ ဘာကြောင့်လဲဆိုတာ တော့ မသိရသေးဘူး၊ ပြန်ကြား ရေးဝန်ကြီး (ဗိုလ်ကျော်ဆန်း) ကို ပိုင်လှတယ်ဆိုတဲ့လူ။ သူ လည်းကမ်းနားသစ်ပင် ပဲကိုး၊ ကိုယ့်ကိုယ်အမှီ ကောင်းရှိ။ အကာအကွယ်ကောင်းရှိတယ်ဆိုပြီး သူတကာကိုတွယ်။ စာပေအနုပညာ သည်တွေကို တပည့်မွေး။ ရန်သူထား လုပ်ချင်သလိုလုပ် နေတဲ့လူရယ်လေဗျာ၊ နအဖကိုယ်စား တရားမ၀င် ၀ါဒဖြန့်တာ။ တိုက်ခိုက်တာတွေလည်း လုပ်မှ လုပ်၊ လျှပ်တစ်ပြက်ဆိုတာက ဗမာပြည်ရဲ့နံပတ်ဝမ်း အ၀ါရောင် စာနယ်ဇင်းရယ်လို့ ဆိုင်းဘုတ် ချိတ်ဆွဲမထားယုံတမယ် နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ “အတွင်းရေး” ဆိုတဲ့ ကောလာဟာလတွေ ကိုဘုံးဘောလအော။ ရက်ရက်ရောရာကြီးဖော်ပြနေတဲ့ ဂျာနယ်ပါကလားဗျာ၊ သူနဲ့မတည့် လို့ကတော့ ရုပ်ရှင်လောကသားတွေ။ ဂီတလောကသားတွေ သွားပေရော့ပဲ၊ တယ်လဲပြောင် မြောက်ဆိုကိုးဗျ။
အရင်လတုန်းက ကျနော့်စာထဲမှာ သူ့ဂျာနယ်ကနေ နိုင်ငံရေးကျားသေတွေကို နအဖရဲ့ စီမံကိန်းနဲ့ အသက်သွင်းလာတာကို ရေးလိုက်မိသေးတယ်မှတ်တယ်၊ ဦးအောင်ကြီး။ သခင် တင်မြ။ ဦးချစ်လှိုင်တို့သုံးဦး ကို ခမ်းခမ်းနားနားကြီးပွဲထုတ်ပြီး အတိုက်အခံတွေကို တိုက်တာ လေဗျာ၊ ပြည်တွင်းက နိုင်ငံရေးလောကနဲ့ စာပေလောကမှာကို တော်တော်ပြောစရာဖြစ်ခဲ့ တာပေါ့၊ အခုတော့သူများ ပျက်စီး တဲ့အတွက် ၀မ်းသာ တယ်လို့တော့ မပြောချင်ပါဘူးဗျာ၊ ဒါပေမဲ့ ‘လျှပ်တစ်ပြက်ဘာကြောင့် အပိတ်ခံ ရတာလဲ’ ဆိုတာလို ကျနော့်ခေါင်းထဲမှာ မရှင်း တာလေးတွေ ကျန်နေခဲ့တဲ့အတွက်ပဲ အစာမကြေသလို ဖြစ်နေတာပါ၊ သူကမင်းသမီး တယောက်အကြောင်း ပုတ်ခတ်ရေးသားလို့ အဲဒီမင်းသမီးက ကြပ်ပြေးအထိ တက်တိုင်တာနဲ့ အပိတ်ခံရသလိုလိုတော့ ကြားတာပဲ၊ ကြပ်ပြေးက အာဏာပိုင်များက မင်းသမီးလေး ကိုပိုစာ နာသွား တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ၊ အလွယ်သာမာန် အရပ်သားပြော ပြောရင်တော့လည် လွန်းတဲ့ဘီး ချေးသင့်တာပါပဲ၊ အခုလိုအခါကြီးရက်ကြီးမှာ ဗမာပြည်သားတွေအဖို့ တရား သံဝေယူစရာ ဖြစ်တာ ပေါ့လေ။
ဒါလောက်ပဲဗျာ။
ဘယာဘေး ကွာဝေးကြပါစေ။

ယာတောကသာဗြော

Read More...

Sunday, 2 December 2007

စစ်ပွဲထဲမှာ

• အမြင့် နေရာရသူတွေကြား
အစားအစာအကြောင်း ပြောလိုက်မိရင်
အောက်တန်းကျတယ်လို့ထင်
ထင်မှာပေါ့၊ သူတို့က
စားလို့သောက်လို့ ၀နေကြပြီကိုး။
• အောက်လွှာက လူတွေကတော့
ကမ္ဘာမြေက ထွက်ခွာသွားကြရလိမ့်မယ်
မြည်းစမ်းမကြည့်ဖူးသေးဘဲနဲ့
အသားဟင်းကောင်းလေး တခွက်တလေလောက်ကိုမှ။
• အံသြတွေးတောစရာ၊ သူတို့ ဘယ်ကလာကြပါလိမ့်
ဘယ်ကို သွားကြမှာတဲ့လဲ
လှပသာယာ ညနေခင်းတွေက သူတို့ကို တွေ့မြင်ကြတယ်
အမောဆို့နေကြတဲ့ပုံရိပ်တွေ။
• သူတို့မတွေ့ မမြင်ဖူးကြသေး
တောင်တန်းတွေ၊ ပြီးတော့ မဟာပင်လယ်
ဘ၀တွေမှည့်ပျော်၊ အချိန်တွေ ညောင်းလာတာတောင်မှ။
• အောက်လွှာက လူတွေမစဉ်းစားကြဖူးဆိုခဲ့ရင်
အောက်တန်းကျတာ ဘယ်အရာတွေလဲဆိုတာ
ဘယ်တော့မှ ... သူတို့
မြင့်တက်လာကြမှာမဟုတ်။
• ငတ်မွတ်နေတဲ့ အဲဒီပေါင်မုန့်ဟာ
အားလုံး စားကုန်သွားပြီပဲ
အသားဆိုတာ မသိဖူးတဲ့အရာ၊ အသုံးမကျ တန်ဖိုးမ၀င် ဖြစ်နေတာကတော့
လူထုချွေးစက်တွေက ထွက်အန်ပွင့်သီးလာတဲ့အရာတွေ။
• (သပြေညို အောင်ပန်းလိုမျိုး)
လော်ရာပင် တောအုပ်တွေကိုလည်း
ခုတ်ထွင်ချိုင်ချ ညွှတ်ခကုန်ကြပေါ့
လက်နက်စက်ရုံခေါင်းတိုင်များမှ
မီးခိုးတွေကတော့
လွင့်တက်လို့။
• အိမ်ဆေးသုတ်သူက
ကြီးမြတ်ခေတ်တခေတ်
ရောက်လာတော့မယ်တဲ့
ပြောနေလေရဲ့
သစ်တောတွေကတော့ ပေါက်ရောက်ကြီးထွားမြဲ
စိုက်ခင်းတွေကလည်း သီးပွင့်မြဲ
မြို့တွေကလည်း ရပ်တည်နေကြဆဲ
လူတွေလည်း အသက်ရှူနေကြမြဲပါ။
• ပြက္ခဒိန်တွေမှာတော့
အဲဒီနေ့အကြောင်း
မဖော်ပြ မမှတ်သားရသေးဘူး။
လတိုင်းလတိုင်း၊ ရက်တိုင်းရက်တိုင်း
ကုန်ဆုံးလွန်မြောက်သွားကြ
ကြက်ခြေခတ် အမှတ်အသားတွေနဲ့ချည်းပဲ။
• အလုပ်သမားတွေ ဟစ်ကြွေးနေတာက
ပေါင်မုန့်အတွက်။
ကုန်သည်တွေ အော်မြည်နေတာက
ဈေးကွက်။
အရင်က အလုပ်လက်မဲ့တွေ ငတ်ပြတ်ကြရတဲ့အဖြစ်
အခုတော့ အလုပ်လက်ရှိတွေပါ ငတ်ပြတ်ကြရတဲ့သနစ်။
ခေါက်သိမ်း ငြိမ်နေရတဲ့လက်တွေ။ ပြန်လည် အလုပ်များ လာရပြန်ပြီပေါ့
သူတို့လုပ်နေရတာက ဗုံးဆံ၊ ဗုံးကျည်တွေ။
• စားပွဲပေါ်ကအသား၊ အခန့်သားယူစားနေသူက
ရောင့်ရဲတင်းတိမ်မှုအကြောင်း
သင်ကြားနေပါကလားဟေ့။
• သူတို့အတွက် အလုပ်အကျွေးပြုပေးကြဖို့
လျာထားသတ်မှတ် တောင်းဆိုချက်ကတော့
အသက်ပေးကြဖို့ဆိုပဲ။
• ဖူဖူလုံလုံ ၀၀လင်လင် စားနေရသူက
ငတ်နေသူကို ပြောပြနေတယ်
အံ့သြဖွယ် ခေတ်ကာလဟာ
ရောက်လာတော့မှာပါ တဲ့။
• တိုင်းပြည်ကို ချောက်ထဲကျအောင်
ဆွဲခေါ်ခေါင်းဆောင်နေသူက
သာမန် အရပ်သားတွေ အုပ်ချုပ်ရတာ
ခက်လှပါကြောင်း
ညည်းပြ အော်ပြနေတယ်။
• ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးအကြောင်း ပြောနေရင်
သာမန်ပြည်သူတွေ သိလိုက်ပြီ၊ “စစ်ဖြစ်တော့မယ်”
ခေါင်းဆောင်တွေက စစ်ပွဲကို ကျိန်ဆဲနေကြရင်တော့
“စစ်သားဆွဲမယ့်အမိန့် ရေးပြီးနေပြီ”ပေါ့။
• ထိပ်ပိုင်းလူတွေက ပြောကြတယ်
ငြိမ်းချမ်းရေးနဲ့ စစ်ဆိုတာ
ကွဲပြားခြားနားတဲ့ ရင်းမြစ် ၂ ရပ်ပါတဲ့။
ဒါပေမဲ့
သူတို့ရဲ့ငြိမ်းချမ်းရေးနဲ့ စစ်ဆိုတာကတော့
လေပြင်းနဲ့ မုန်တိုင်းလိုမျိုးသာပါ။
• စစ်ဟာ
သူတို့ရဲ့ငြိမ်းချမ်းရေးထဲက ရှင်သန်ပေါက်ဖွားခဲ့
မိခင်ကသားကို ဖွားမြင်လိုက်တဲ့ ပမာ
သူဟာ ဖွားမြင်ပေါ်ထွန်း ဖြစ်တည်လာတယ်
သူမရဲ့ ထိတ်လန့်စရာ မျက်နှာ၊ လက္ခဏာများအတိုင်းပဲ။
• သူတို့ရဲ့စစ်ပွဲက သတ်ပစ်လိုက်တယ်
သူတို့ရဲ့ငြိမ်းချမ်းရေးက ခြွင်းချန်ခ၊ဲ့ ကျန်ရစ်တာမှန်သမျှ အားလုံး။
• နံရံပေါ်မှာ စာရေးထားတယ်
“စစ်ကို သူတို့ လိုလားတယ်”တဲ့။
ဒီစာရေးသူက ကျသွားရှာပြီလေ။
• ထိပ်ပိုင်းက ပြောတယ်
ဒါဟာ“ဂုဏ်ကျက်သရေဆီ ချီရာလမ်း”ဆိုပဲ။
အောက်ရောက်နေသူက ဆိုတယ်
“ဒါဟာ သင်္ချိုင်းမြေဆီ ချီရာလမ်း”တဲ့။
• ဖြစ်လာနေတဲ့ ဒီစစ်ပွဲ
ပထမဆုံး စစ်ပွဲမဟုတ်၊ ဒီမှာ
သည့်အရင် တခြားစစ်ပွဲတွေလည်း ရှိခဲ့
နောက်ဆုံးစစ်ပွဲ ပွဲသိမ်းတော့
နိုင်သူနိုင် - ရှုံးသူရှုံးပေါ့
ရှုံးနိမ့်တဲ့ဘက်က အရပ်သား ပြည်သူတွေဟာ
ငတ်ပြတ်ကုန်ကြတယ်။ အောင်နိုင်သူ ဘက်မှာလည်း
သာမန်ပြည်သူတွေဆိုတာ ငတ်ကြတာပါပဲ။
• ထိပ်ပိုင်းက ပြောတယ်
စစ်တပ်တွင်း လွှမ်းမိုးရမှာ ရဲဘော်စိတ်တဲ့။
ဒါနဲ့ပတ်သက်တဲ့ အမှန်တရား
စားဖိုဆောင်မှာ တွေ့ရမယ်။
အားလုံးရဲ့ နှလုံးသားများဟာ
သတ္တိသွေးမှာ တခုတည်းလို တညီတညာ၊ ရဲရမယ်တဲ့။ ဒါပေမဲ့
သူတို့ ထမင်းစားပန်းကန်တွေမှာကျတော့
ရာရှင် ဝေစုခွဲထားပုံဟာ
နှစ်မျိုးနှစ်စား ပါလားဟေ့။
• စစ်တပ်ကြီး ချီတက်လာတဲ့အခါ
အများ မသိကြတာတွေ ရှိနေလေရဲ့။
သူတို့ရဲ့ ရန်သူက သူတို့ရဲ့တပ်ဦးက ချီတက်နေတဲ့အကြောင်း။
သူတို့ကို အမိန့်ပေးတဲ့အသံဟာ ရန်သူ့အသံပဲ ဆိုတာ။
ရန်သူ - ရန်သူ ဆိုပြီး ပြောပြောနေသူဟာ
သူကိုယ်တိုင် ရန်သူဖြစ်နေတဲ့အကြောင်း။
• ဒါဟာ ညပါပဲ
လက်ထပ်ပြီး စုံတွဲတွေက
အိပ်ရာထက် လဲလျောင်းနေကြ။ ငယ်ရွယ်သူ အမျိုးသမီးလေးများဟာ
မိဘမဲ့လေးများ မွေးဖွားလာကြလိမ့်မယ်။
• ဗိုလ်ချုပ်ကြီးခင်ဗျာ။ ခင်ဗျားရဲ့တင့်ကား။ စွမ်းအားကြီး ယာဉ်တစီးပါပဲ။
သစ်တောတွေကို ဖိချေပစ်။ လူတရာကို ညက်ညက်ကျေစေနိုင်။
ဒါပေမဲ့ သူ့မှာ ချွတ်ယွင်းချက်တခု ရှိနေရဲ့။
မောင်းသူ လိုနေတယ်။
• ဗိုလ်ချုပ်ကြီး ခင်ဗျာ။ ခင်ဗျားရဲ့ ဗုံးကြဲလေယာဉ်။ အစွမ်းထက်လှပါဘိ။
ပျံသန်းရင် မုန်တိုင်းထက် ပိုမြန်တယ်။ ၀န်သယ်ရင်လည်း ဆင်တကောင်ထက် ပိုပြီးသယ်နိုင်တယ်။
ဒါပေမဲ့ ချိုတဲ့ချက်တခု ရှိနေရဲ့။
စက်ဆရာတယောက်လိုပါတယ်။
• ဗိုလ်ချုပ်ကြီး ခင်ဗျာ။ လူဆိုတာကတော့ အလွန်အသုံးဝင်တာပေါ့။
သူက ပျံသန်းနိုင်တယ်။ သတ်ဖြတ်နိုင်တယ်။
အဲ ... သူ့မှာ ချွတ်ယွင်းတာလည်း တခုတည်းပါပဲ။
လူဆိုတာက စဉ်းစားနိုင်တယ် - တွေးခေါ်တတ်တယ်လေ။ ။


ဂျာမန်စစ်ပွဲဆိုင်ရာ သင်ပုန်းကြီးဖတ်စာတအုပ်မှ ...
ဘားတော့ဘရက်။ (၁၈၉၈ - ၁၉၅၆)ဂျာမန်ကဗျာဆရာ
မြန်မာဘာသာပြန်သူ - နောင်ဝင်းချို

Read More...

ဗိုလ်ချုပ်ကျော်ဇော

သုံးကျိပ်တဲ့ရဲဘော်
တော်လှန်တဲ့သမိုင်း။
စစ်ပညာ
ဂျပန်မှာသူသင်လို့
ထိုင်းရောက်လျှင်စစ်တပ်ဖွဲ့
နယ်ချဲ့ကိုဝိုင်း။

ဗိုလ်ချုပ်ကျော်ဇောတဲ့
ကျော်ဇော်တဲ့ဗိုလ်ချုပ်ပါ။
အောင်ကျော်နဲ့သူလဲပါ
အောင်ဆန်းမှာ သူလဲလိုက်။
ကျောင်းသားနဲ့သခင်
လှုပ်ရှားစဉ်သူပါခဲ့
စစ်ချီရာသူလိုက်
အောင်ဆန်းနဲ့အတူတိုက်။

နယ်ချဲ့နဲ့ဖက်ဆစ်ပါ
တော်လှန်ရာရှေ့တန်း
တရုတ်ဖြူမောင်းထုတ်ပွဲ
ရဲတဲ့မော်ကွန်း။

တိုင်းပြည်ရန်ဟူသမျှ
သူတိုက်ရ ရှေ့တန်းမှာ
စစ်ပွဲတွေပြီးတဲ့ခါ
ယမ်းငွေ့မှာသူမအောင်း
စစ်အာဏာသူမမက်
စစ်မင်းဆက်သူမထောင်ဘု
ငြိမ်းချမ်းအောင် ချိုးဖြူလွှတ်ပါလို့
မှိုင်းသခင့်ထံတော်ပါးမှာ
စစ်မုန်းသူ ပြည့်စစ်သားရယ်လို့
အားထုတ်ခဲ့ကြောင်း။

ဗမာပြည်စစ်ကျွန်သဘောက်
လွတ်မြောက်စေစော။
လွတ်မြောက်တဲ့ဗမာပြည်
ငြိမ်းချမ်းစေသော။ ။

မောင်စွမ်းရည်
၂၀၀၇ မတ်လ ၂၇ တော်လှန်ရေးနေ့။
(နောင်တခေတ် ဒေါင်းဖတ်စာမှာသုံးဖို့)

Read More...

ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်အား ရုပ်ရှင်လောကသားများကို ဖိအားပေး ကန့်ကွက်ခိုင်း

ပေးပို့သူ - ကျွန်ုပ်တို့၏ သတင်းထောက်

၂-၁၂-၂၀၀၇၊ နံနက်ပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ခန်းမ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ကန့်ကွက်ကြောင်းနှင့် နအဖက လိမ်လည် ပြုလုပ်နေသော လူထုဆန္ဒ ထုတ်ဖော်ပွဲများကို ထောက်ခံကြောင်း အခမ်းအနား ကျင်းပနိုင်ရေးအတွက် အစည်းဝေးတရပ် ကျင်းပရာ ရုပ်ရှင်လောကသားများကို အတင်းအကျပ် တက်ရောက်စေခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အစည်းအဝေးတွင် နအဖလက်ကိုင်တုတ် အမှုဆောင်များ ဖြစ်ကြသည့် ရုပ်ရှင်အစည်းအရုံးမှ မြင့်သိန်းဖေ၊ ဒါရိုက်တာ မလိခ စိုးထိုက်အောင်နှင့် ရုပ်ရှင်လုပ်ငန်းမှ သိန်းထွန်းအောင်တို့က အစည်းအဝေး တက်ရောက်လာသည့် သရုပ်ဆောင်များအား ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ကန့်ကွက်ကြောင်းနှင့် နအဖက လိမ်လည်ပြုလုပ်နေသော လူထုဆန္ဒ ထုတ်ဖော်ပွဲများကို ထောက်ခံကြောင်း အတင်းအကျပ် လက်မှတ် ထိုးခိုင်းခဲ့ပြီး မကြာမီထုတ်ပြန်မည့် သဘောထား ကြေညာချက်ကိုလည်း ရုပ်ရှင်အစည်းအရုံး ဆင်ဝင်ကြီးအောက်တွင် အများမြင်သာစေရန် ရေးသား ချိတ်ဆွဲမည် ဖြစ်သည်ဟု သတင်းရရှိသည်။

ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူသည်။

Read More...

Tuesday, 27 November 2007

Asean Summit ကို မကျေနပ်တဲ့ စင်္ကာပူမှ မြန်မာတွေရဲ့ ဆန္ဒပြပွဲ

၂၀ ရက်။ နိုဝင်ဘာ။ ၂၀၀၇ ခု။ အင်္ဂါနေ့။.....

ဒီနေ့ ငါတို့ ဆန္ဒပြဖြစ်ခဲ့ကြတယ်။
လူငါးယောက်ထက်ပိုပြီး စုဝေးခွင့်မရှိတဲ့ စင်ကာပူနိုင်ငံရဲ့ လူအစည်ကားဆုံးနေရာမှာ ငါတို့ မြန်မာတွေ စုစုပေါင်း အယောက် ၅၀ ခန့်ဟာ တူညီဝတ်စုံတွေ ၀တ်ပြီး ဆန္ဒပြဖြစ်ခဲ့ကြတယ်။
ဒီဆန္ဒပြပွဲကို မနက် ၁၀ နာရီလောက်ကမှ ကောက်ခါငင်ခါ စီစဉ်လိုက်ကြရတာပါ။ အကြောင်းကတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲက ထုတ်ပြန်ကြေညာချက်မှာ ငါတို့ လုံးဝလက်မခံနိုင်စရာအချက်တွေ ပါလာလို့။ အဓိက ကတော့ “မြန်မာ့အရေးကို ဖြေရှင်းရာမှာ မြန်မာအစိုးရရဲ့ သဘောထားအတိုင်း ဖြစ်စေရမယ်။ မြန်မာအစိုးရရဲ့ ဆန္ဒကို သူတို့လေးစားတယ်။ သူတို့ ၀င်မရှုပ်ဘူး။ ကုလသမဂ္ဂနဲ့ ပူးတွဲလုပ်ဆောင်မှုကို အားပေးထောက်ခံတယ်။” ဆိုတာမျိုး သူတို့က ကြေညာချက်ထုတ်လာတယ်။

တခါလာလည်း မြန်မာအစိုးရ သဘောထားကို လေးစားရမယ်။ တခါလာလည်း မြန်မာအစိုးရကို မိသားစုဝင်လို သတ်မှတ်ရမယ်။ မြန်မာပြည်သူတွေရဲ့ သဘောထားကို လေးစားရမယ်ဆိုတာ တခါမှမပါဘူး။ ဒီတခါတော့ သည်းမခံနိုင်ကြတော့ဘူး။ ငါတို့ အားလုံးရဲ့ ခံစားမှုတွေ ပွင့်ထွက်ကုန်တယ်။

အေး....ငါတို့ တခုခု လုပ်ကြရင်ကောင်းမယ်။ ဘာလုပ်ကြမလဲ။ အော့ချာ့ဒ်လမ်းမမှာ ဆန္ဒသွားပြကြမယ်။ ရဲတွေ မသိအောင် လျို့ဝှက်လုပ်ကြ။ ရဲတွေ ခြေရာခံမမိအောင် တတ်နိုင်သမျှ လမ်းဘေးဖုန်းနဲ့ ပြောကြ ဆွေးနွေးကြ။ ဖိတ်ကြားကြ။ မီဒီယာတွေကိုလည်း ခေါ်ထား။ စင်ကာပူဘက်က လူ့အခွင့်အရေး လှုပ်ရှားသူတွေကိုလည်း အကြောင်းကြားထား။ အတိုက်အခံပါတီတွေကိုလည်း အသိပေး။

မူလအစီအစဉ်အရ အလုပ်က ဆင်းတာနဲ့ ညနေ ၆ နာရီလောက်မှာ အောချာ့ဒ် လမ်းဒေါင့်က စတားဘတ်က် ကော်ဖီဆိုင်မှာ လူစုကြမယ်။ နောက်မှ အင်္ကျီအနီတွေ လဲပြီး အော့ချာ့ဒ်လမ်းပေါ်ထွက်မယ်။ ဆန္ဒပြမယ်။ အသေးစိတ်ကို ကော်ဖီဆိုင်မှာ ထိုင်တုန်း ဆွေးနွေးကြမယ်။ ရဲလာမဖမ်းခင် မီဒီယာနဲ့ စကားပြော။ ရဲလာတားရင် ဆယ်မိနစ်လောက် အချိန်ပေးဘို့ စေ့စပ်ညှိနှိုင်းမယ်။ ညှိနှိုင်းလို့မရင် လက်ချင်းတွဲပြီး လမ်းမပေါ်ထိုင်ချမယ်။ ဖမ်းပလေ့စေ။ မခုခံကြနဲ့။ အားလုံးရဲစခန်းကို လိုက်သွားကြမယ်။ အလွန်ဆုံး ရဲစခန်းမှာ တည အိပ်ရရုံဘဲရှိမယ်။ ဒီကောင်တွေ အပြည်ပြည်ဆိုင်ရာ အာရုံစိုက်မှုအောက်မှာ ငါတို့ကို အသားလွတ်ဖမ်းမထားရဲဘူး။ ဖမ်းလည်း သူတို့ ငါတို့ကို ဖမ်းတာနဲ့ ထိုက်တန်တဲ့ တန်ရာတန်ဘိုးကို ပေးရလိမ့်မယ်။

ကဲ....ကိုဘို....ခင်ဗျားက အဆက်အသွယ်ကောင်းတယ်။ ၀င်မပါနဲ့။ ခပ်လှမ်းလှမ်းကနေ အကဲခတ်။ ကျုပ်တို့ကို ဖမ်းရင် ခင်ဗျားက သက်ဆိုင်ရာမီဒီယာ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး လုပ်စရာဆက်လုပ်။

အဲဒီလို အစီအစဉ်တွေလုပ်ပြီးမှ နေ့လည် ၂ ချက်တီးလောက်ရောက်တော့ သတင်းက ဘလော့ဂ်တွေ စီဘောက်စ်တွေ အီးမေးတွေထဲကို ပေါက်ကြားသွားတယ်။ ဟာ...သွားပဟ။ စတောင် မစ ရသေးဘူး။ ရဲတွေတော့ သိကုန်တော့မယ်။ ဗမာတွေ အော့ချာ့ဒ်လာတာနဲ့ ဘူတာမှာ ဖမ်းစစ်တော့မှာဘဲ။ ဒုက္ခပါဘဲ။ စိတ်လေတယ်။

သည်လိုနဲ့ ညနေရုံးဆင်းတော့ နီးစပ်ရာလူတွေကို တခြားဘူတာပြောင်းချိန်းရတယ်။ သတိဆိုတာ ပိုတယ်မရှိဘူး။ အဲ....ဖယောင်းတိုင်ပြေးဝယ်တဲ့လူက၀ယ်၊ စာရွက်ပေါ်မှာ ဆော့ပင်နဲ့ တောင်းဆိုချက်တွေကို ရေးသူကရေး။

ခဏနေတော့ ကိုဘိုလည်း ရောက်လာတယ်။ ခပ်လှမ်းလှမ်းမှာ။ မျက်လုံးချင်းဆုံတော့....အံမယ်...ခပ်တည်တည်နဲ့။ ကြိုတင်စီစဉ်ထားတဲ့အတိုင်း “သူနဲ့ ငါတို့ လုံးဝမသိဘူးဆိုတဲ့ အက်တင်အပြည့်နဲ့။” ကိုယ့်လူကို စိတ်ထဲမှာ အကယ်ဒမီပေးလိုက်တယ်။

ကံကောင်းချင်တော့ ရဲတွေနဲ့ မီဒီယာတွေက ညနေ ၆ နာရီလောက်ကတည်းက လာစောင့်ပြီး ဒီနေ့အဖို့ ဘာမှ မဖြစ်တော့ဘူး ယူဆသွားပုံရတယ်။ အဲဒီနားမှာဘဲ မီဒီယာကလူတွေနဲ့အတူ အေးအေးလူလူ ယောင်တောင်ပေါင်တောင် လုပ်နေကြတယ်။

သည်လိုနဲ့ ညနေ ၇ နာရီထိုးတော့ စတားဘတ်က်မှာ မြန်မာတွေ ၅၀ လောက်စုမိကြတယ်။ အင်္ကျီအနီတွေကို ခဏအတွင်း ပြောင်းလဲ ၀တ်ဆင်လိုက်ကြတယ်။ အခြေအနေကိုသုံးသပ်၊ လုပ်ငန်းစဉ်ကို အမြန်ဆွေးနွေးပြီး ကော်ဖီဆိုင်ထဲက ထွက်လိုက်ကြတယ်။ အဲသည်အချိန်မှာ မီဒီယာက ၀ိုင်းပြီး တဖျတ်ဖျတ်နဲ့ ဓါတ်ပုံတွေရိုက်။ ဗီဒီယိုရိုက်။

လူသွားလမ်းပေါ်မှာ လက်ချင်းချိတ်လို့ သုံးယောက်တတန်း ရှေ့နောက်တန်းလိုက်ကြတာ ၁၅ တန်းလောက် ရတယ်။ ဟိုး ရှေ့ဆုံးက သုံးယောက်က အင်္ဂလိပ်လို ရေးထားတဲ့ ဘန်နာ အကြီးကြီးကို ကိုင်လို့။ ရေးထားတာက “မြန်မာတွေရဲ့ ဆန္ဒကို နားထောင်ပါ။ စစ်အစိုးရရဲ့ အမိန့်ပေးမှုကို နားမယောင်ပါနဲ့” တဲ့။ နောက်ကလူတွေကလည်း တတောင်ဆစ်ချင်းချိတ်ထား တာဆိုတော့ အားနေတဲ့လက်ချောင်းတွေထဲမှာ အေဖိုးဆိုက်နဲ့ ရေးထားတဲ့ တောင်ဆိုချက်တွေကို ကိုင်ပြီး ရင်ဘတ်ရှေ့မှာ ထောင်ထားကြတယ်။ လမ်းသွားလမ်းလာတွေ ၀ိုင်းကြည့်ကြတယ်။ ဓါတ်ပုံရိုက်ကြ။ ရပ်ကြည့်ကြပေါ့လေ။

ပထမတော့ အရပ်ဝတ်ရဲတွေဘဲ ရှိသေးတယ်။ ရဲတွေ အင်အားများများ ရှိမနေဘူး။ မီဒီယာတွေက စိတ်တိုင်းကျ ရိုက်ယူကြတယ်။ ငါတို့အထဲမှာ မီဒီယာ တာဝန်ခံ နှစ်ယောက်က ဘေးကနေ မီဒီယာတွေကို အင်တာဗျူး ဒိုင်ခံဖြေပေးတယ်။ အဲသည်လိုနဲ့ မိနစ် ၂၀ လောက်ကြာတော့ ရဲတွေ ရောက်လာတယ်။

ကြိုတင်တိုင်ပင်ထားတဲ့အတိုင်း အားလုံး သုံးယောက်တတွဲကနေ လမ်းမဘက်ကို မျက်နှာလှည့်လိုက်ပြီး လူငါးဆယ်အတန်းရှည်ကြီး လက်ချင်းယှက်ပြီး တွဲရပ်လိုက်တယ်။

ရဲတွေ ပျာယာခပ်သွားတယ်။ ဘာလုပ်ရမှန်းမသိဘူး။ ငါတို့အစီအစဉ်ကို သူတို့မသိဘူးလေ။ အဲဒါနဲ့ ရဲတပ်ဖွဲ့ခေါင်းဆောင်က ရဲတွေကို အမိန့်ပေးတယ်။ မင်းတို့ သူတို့နဲ့ မျက်နှာချင်းဆိုင်မှာ သွားရပ်တဲ့။ အဲဒါနဲ့ ရဲတွေ မျက်နှာချင်းဆိုင်မှာ လာရပ်ကြတယ်။ ဘောလုံးပွဲမစခင် အသင်းနှစ်သင်း မျက်နှာချင်းဆိုင်ရပ်သလိုမျိုး။ လမ်းပေါ်က သွားနေတဲ့ ကားတွေပေါ်က လူတွေ ငါတို့ကို ကြည့်သွားကြ။ လက်မထောင်ပြသွားကြ။

ငါ့ညာဘက်မှာ ငါ့မိန်းမ။ ငါ့ဘယ်ဘက်မှာ ငါမသိတဲ့ လူတယောက်။ ညာဘက် တယောက် ကျော်မှာ ဘလော့ဂါမိန်းကလေးငယ်တယောက်။ ငါက ရွှတ်နောက်နောက်နဲ့ “ငါတို့တွေ အာဆီယံ ၀န်ကြီးတွေ လက်ယှက်သလို ခရော့စ်ပုံစံနဲ့ ယှက်ကြမလား” ပြောတော့ အားလုံး ၀ိုင်းရယ်ကြတယ်။ တကယ်တော့ အဲဒီ အာဆီယံ လက်ယှက်ပုံစံဟာ အင်မတန် မျက်စိထဲမှာ ထော်လော်ကန့်လန့်နိုင်တယ်။ ကိုယ့်ဘေးကလူနဲ့ အနီးဆုံးလက်နှစ်ဘက်ကို လွယ်လွယ်ကူကူ ယှက်တာမျိုးမဟုတ်ဘဲ၊ ဝေးတဲ့ဘက်ခြမ်းက လက်ကို ခက်ခက်ခဲခဲ လှမ်းဆွဲကြရတာမျိုးလေ။ အာဆီယံခေါင်းဆောင်တွေ ဓါတ်ပုံအရိုက်ခံဘို့ လက်တွေယှက်ကြတိုင်း လက်တွေမှားမှားထုတ်ကြတုန်း။ အဲဒါကြောင့်ပြောတာ။ အာစီယံဟာ အစစ ထော်လော်ကန့်လန့်တွေချည်းဘဲလို့။ လက်ချင်းကောင်းကောင်းယှက်တတ်ဖို့တင် ဆယ်နှစ်လောက် အချိန်ယူရမယ်။ ဥရောပယူနီယံလို အသင်းအဖွဲ့မျိုးဖြစ်လာဘို့ဆိုရင် နောင်ဘုရားတဆူပွင့်တဲ့အထိ စောင့်ရမယ်ထင်တယ်။

ငါတို့အားလုံး ရဲတွေရှေ့မှာ အဲသည်အနေအထားနဲ့ ဆယ်မိနစ်လောက် ရပ်နေကြတယ်။ ငါ့စိတ်ထဲမှာ ငါ့ရှေ့က ရဲလူဖလံလေးကို ကြည့်ပြီး “သူ့ခမြာ ငါ့ကိုဖမ်းရင် မ မှ မနိုင်ပါ့မလား” တွေးပြီး စိတ်မောနေမိတယ်။ နောက်တော့ ငါတို့ အေးအေးချမ်းချမ်းဘဲ လူစုခွဲလိုက်တော့တယ်။

ငါတို့ ဒီနေ့ ဆန္ဒပြပွဲကို အောင်မြင်တယ်လို့ သတ်မှတ်ကြတယ်။ စင်ကာပူအစိုးရရဲ့ ချုပ်ခြယ်တဲ့ ဥပဒေကို ဆန့်ကျင်ပြီး ဆန္ဒပြကြတာလေ။ ကိုယ့်အခွင့်အရေးကို ကိုယ်လေးစားစွာ ကာကွယ်ခြင်း တမျိုးပေါ့။ စင်ကာပူ လူ့အခွင့်အရေးအဖွဲ့က မိတ်ဆွေတွေက ပွဲအပြီးမှာ လာပြီး ၀မ်းသာအားရ နှုတ်ဆက်ကြတယ်။ ကွန်ဂရက်ကျူလေးရှင်းပေါ့။ ပြန်လာတော့ ရထားပေါ်မှာ ကိုယ့်လူတွေ အိမ်ကို ချောချောမောမော ပြန်ရောက်ရဲ့လား ဖုန်းဆက်ကြည့်ရ သေးတယ်။

==================================================================

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စင်ကာပူမှာ ကျင်းပနေစဉ် စင်ကာပူရောက် မြန်မာတွေ အော့ချာ့ဒ်လမ်းမပေါ် ဆန္ဒပြခဲ့တဲ့ ဗီဒီယို အခု Youtube မှာ ကြည့်ရှုနိုင်ပါပြီ။ သည် ဗီဒီယိုက ဆန္ဒပြပွဲကို တော်တော်လေး ခြုံငုံမိတဲ့ ဗီဒီယိုပါ။


(ကိုပေါ) ၏ ဘလောဂ့်မှ ပြန်လည်ကူးယူဖော်ပြသည်။

Read More...

အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ


(၁)
အမေ ကျနော့်ကို မတားနဲ့
ကျနော် ဒေါ်အောင်ဆန်းစုကြည်အိမ် သွားမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ တမလွန် ခရီးကို မသွားပါနဲ့ဦး
ကျနော်တို့ ဒီမိုကရက်တစ်နိုင်ငံတော်ဆီ သွားရဦးမယ် အမေ …။
(၂)
အမေ ကျနော့်ကို မတားနဲ့
ကျနော် နေပြည်တော်ကို သိမ်းမှ ဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ … လူ့ဘ၀ကို မသိမ်းပါနဲ့ဦး
ကျနော်တို့ သွေးစွန်းနေတဲ့ သင်္ကန်းတွေ
သွေးစွန်းနေတဲ့ ဒေါင်းအလံတွေ
သွေးစွန်းနေတဲ့ မျက်ရည်တွေ သိမ်းရဦးမယ် အမေ …။

(၃)
အမေ ကျနော့်ကို မတားနဲ့
ကျနော် စစ်အာဏာရှင်မှန်သမျှ သတ်မှဖြစ်မယ်။

အမေ … အမေ့ကိုတော့ ကျနော် တားပါရစေ
အမေ ပရိဒေ၀မီးတွေ မသတ်ပါနဲ့ဦး
ကျနော်တို့ အစိုးရအကြမ်းဖက်ဝါဒကို သတ်ရဦးမယ် အမေ
ကျနော်တို့
.................. အစိုးရ အကြမ်းဖက်ဝါဒကို
...................................... သတ်ရဦးမယ် အမေ …။ ။

အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုကဗျာ
အမေ့သား-အောင်ဝေး (၂၃-၁၀-၂၀၀၇) (ခေတ္တ ပုန်းခိုကျင်း တနေရာ)
(မေတ္တာဖြင့် ပုံတူရေးဆွဲပေးပို့လာသော ပန်းချီမင်းကျော်ခိုင်အား အထူးကျေးဇူးတင်ရှိပါသည်)

Read More...

ပဉ္စမမြောက် မျိုးဆက်

ရွက်သစ်ထပ်တိုး
တော်လှန်မျိုးဟေ့
လျှောက်ရဲသူလှမ်း
အောင်ပွဲလမ်းသို့ … ။

ရိုးဆက်

(၂၇၊ ၁၁၊ ၂၀၀၇)

Read More...

တိုက်ပွဲသို့  …

ကဲ …
ရဲရင်ထွက်
တက်မဖြုတ်
သုတ်သုတ်လှမ်း
ရာဇ၀င်ပန်းပွင့်ဖြူဖြူ
ဘယ်သူ နမ်းကြူရဲသလဲဟေ့ … ။

(၁၉၈၈ ခုနှစ် အရေးတော်ပုံကာလတွင် အမည်မသိ ကဗျာဆရာတဦးမှ ရေးသားသည်)

Read More...

Monday, 26 November 2007

လဲမလား


Read More...

အယူတော်မင်္ဂလာကဗျာ

တပင်ဆံ ခ၀ါချပြီမို့
နာကြတဲ့ အသီးတွေ တွန့်လို့သာကြွေ။
အသီးတွေ ရာသီပြောင်း
သာသနာမောင်းရှေ့ကဆော်
ဒေါင်းတွေကအော်။
ဒေါင်းအော်ရင်မနေသာ သူလာပါလိမ့်လေး
ရှေ့နေထွက်လျက်မှောင်ကြတယ်
သန်းကောင်လကွယ်ထက်ဆိုး။
ခြင်္သေ့မင်းက ထမ်းပိုးကြွယ်
တိုးလို့ကွယ်ပျက်လိမ့်ဦး
ဂူပုန်းတဲ့ခင်ကြီးပျော်တို့ရယ်
သမီးတော် လွှတ်လိုက်ပဦး။
ဇာဏီ ကြက်မ သူတွန်လျင်
ဇမ္ဗူတခွင် လင်းလို့မဆုံး။

ကုန်းဘောင်ခေတ် အယူတော်မင်္ဂလာ ဦးနိုးရဲ့ကဗျာပါ။ခု အခြေအနေနဲ့ ချိန်ထိုး ကြည့်နိုင်ကြဖို့ဖော်ပြပေးလိုက်ပါတယ်။

Read More...

လောကနီတိ

လောကေလောက၌ ၀ီသံ အဆိပ်ကို ၀ီသံက္ကူတိ အဆိပ်ဟူ၍ န အာ ဟု မဆိုကုန်။သံဃသ သံဃာတော် ၏ ဓနံ
ဥစ္စာကို ၀ီသံက္ကူတိ အဆိပ်ဟူ၍ အာ ဟု ဆိုကုန်၏။
အဆိပ်သည် တစ်ဘ၀ ကိုသာ သတ်တတ်၏။
သံဃာတော် တို့၏ ဥစ္စာကား ဘ၀ပေါင်းများစွာကိုသတ်တတ်၏။
(လောကနီတိ)
ပြန်ခေါက်ထားပေးနော့်

Read More...

ပွဲသိမ်းလက်သီး။

ကိုယ့်လူရယ်
အကယ်ဒမီရှော့နဲ့
ရင်ကော့ပြီးပြမနေစမ်းပါနဲ့
အလွန်ပြင်းတဲ့ဝိုက်လက်သီး
အရှိုက်တည့်တည့်ကြီးထိခဲ့မင့်ဟာ
ဘယ်လောက်ထိခံနိုင်မှာတဲ့တုန်း
ဒိုင်ပွဲရပ်အဖြေသာ
လက်ခံလိုက်ပါတော့ ။

အဲဒီလက်သီးဟာ
ဟိုလီဖီးထိုးသလောက်
မိုဟာမက်အလီထိုးသလောက်
မိုက်တိုင်စန်တို့ထိုးခဲ့သလောက်သာ
ပြင်းထန်မယ်မထင်ပါနဲ့။

အဲဒီလက်သီးချက်မှာ
၄၅နှစ်စာအမုန်းများပါသကွဲ့
ဆုံးရှုံးခဲ့လူ့အခွင့်အရေးတွေအတွက်
တောင်းဆိုချက်တွေလည်းပါသကွဲ့
မမက်ခဲ့ရဖူးသေးတဲ့
ငါတို့ရဲ့ ဒီမိုကရေစီအိပ်မက်များလည်းပါသေး
ဆိုတော့
ခင်ဗျားအတွက်ပွဲသိမ်းချက်ပေါ့ဗျာ ။

ဗျာ
အရှုံးမပေးသေးဘူး ဟုတ်စ
ကောင်းပါ့ဗျား
ကိုင်း၊ မိတ်ဆွေများရေ
အသည်းကောင်းလို့ ပွဲထပ်တောင်းနေသတဲ့၊

အဲဒီဖုတ်ဝင်သယ်သဘောက်သား
နောက်ကောက်ကျသွားအောင်
လက်သီးမိုးထပ်ရွာကြစို့ရဲ့
လာဟဲ့ တချီတမောင်း
ကဲရွာစားရေ၊ မတိမ်းမစောင်းနဲ့ဗိန်းဗောင်း။

(ရေးသားသီဖွဲ့ သူ - ဒေါင်းတမန်)။

Read More...

အရုဏ်ဦးဆိုတာ ရင်နဲ့ပျိုးယူရတယ်


ပင်ညဲရိုးလာပြန်ပြီ
ဂမ်ဘာရီပြန်ပြန်ပြီ
မင်းကိုနိုင်ရေ
လာရင်လာတယ်လို့မှတ်
ပြန်ရင်ပြန်တယ်လို့မှတ်။
ရဲဘော်တို့ရေ
ငါတို့ရဲ့ မေတ္တာစမ်းတွေမခမ်းသမျှ
ခြေလှမ်းတွေလှမ်းနေသမျှ
ပန်းတိုင်ဟာ နီးနီးလာမှာမုချ
လမ်းမတွေကတော့
ထုံးစံအတိုင်းစိုလိုက်ခြောက်လိုက်ပေါ့။

အဓမ္မ၀ါဒီတို့ရေ
မိစ္ဆာတို့သွားရာလမ်းကို
ဆဒမ်ဟူစိန်ကညွှန်ပြခဲ့ပြီ။
အဲဒီ အမှောင်ခါးခါးကြီးကို
ငါတို့မျိုချလိုက်နိုင်တဲ့အခါ
ဝဋ္ဋ်ကိုနောက်ဘ၀ထိစောင့်စရာမလိုတော့ပါဘူး။

ငရဲကြီးရှစ်ထပ်မှာလည်းမင်းတို့အတွက်
နေစရာတွေကအဆင်သင့်ပြင်ပြီးသား။
ကိုယ့်လူတို့ရေ
စင်ပေါ်က မင်းသားခေါင်းလေးဆောင်းပြလိုက်တာနဲ့
အဲဒီလိုဖင်တကြွကြွဖြစ်မနေပါနဲ့။
၈၈ အစ ဒီပဲယင်းအလယ် ၂၀၀၇ အဆုံး
နောက်ဘာတွေဖြစ်လာအုံးမလဲ
အရုဏ်ဦးဆိုတာ ရင်နဲ့ပျိုးယူရတယ်။

မြတ်သစ်(dawn)

Read More...

၉၂ ပြည့်မွေးသမိခင်သို့ ပေးစာတစောင်

အဲဒီညကလေ၊ အမေ။
မိုးလေးတွေက တဖွဲဖွဲကျလို့
မသဲလှပေမဲ့ အသဲကတော့ ကျင်နေတယ်
မခွဲချင်တာကတော့ အမှန်ပါ
အရင်ဆုံးဖြတ်တာက တံခွန်တိုင်
နောက် - အရာတော်
တောင်မြင့်
မှောင်နဲ့ မည်းမည်းထဲမှာ
တနေရာပြီးတနေရာကျန်ရစ်ခဲ့တယ်
စားချင်စိတ်လည်းမရှိ
အိပ်ချင်စိတ်လည်းမရှိ
စဉ်းစားချင်တာပဲရှိပေမဲ့
ဘာမှစဉ်းစားလို့လည်းမပေါ်
သြော်၊ မြစ်ငယ်တောင်ကျော်သွားပါပေါ့လား။

အဖေနဲ့အမေကို
ကန်တော့ခဲ့ပါတယ်
ညီနဲ့ အမ နှမ
ငါ့ကိုခွင့်လွှတ်ကြနော်
တကိုယ်ကောင်းဆန်တာမဟုတ်
သူရဲကောင်းဖြစ်ချင်တာလည်းမဟုတ်
အခြေအနေက တွန်းပို့တော့
ဒို့မှာ ရွေးစရာမရှိလို့သာ။
နားလည်ကြပါကွာ
အဖေနဲ့အမေကို
ဂရုစိုက်ကြပါကွာလို့။

အဲဒီနောက်တော့ အမေရယ်
တောင်တွေ၊ တောတွေ
ချောင်းတွေ၊ အင်းတွေ
လွှားကနဲ လွှားကနဲ၊ တသွားထဲသွား၊
နယ်စွန်နယ်ဖျားထိ
ကဗျာတပုဒ်တောင်ရေးမိသေးတယ်
အမေမှတ်မိမယ်ထင်ပါတယ် …
‘အနောက်ကိုတချက်ငဲ့ကြည့်လို့
အရှေ့ကိုတဲ့ ထွက်ခဲ့တယ်’ ဆိုတာလေ။

ပြက္ခဒိန်စာမျက်နှာတွေ
သစ်ရွက်ခြောက်တွေလို
တဝေေ၀လွင့်ကျ
နီသူတွေဖြူ၊ ဖြူသူတွေနီ
ဘ၀တွေ၊ ချစ်ခင်ရင်းနှီးသူတွေ
သွေကွဲရော၊ ရှင်ကွဲရော
ခွဲခွာကုန်ကြ
အသစ်တွေနဲ့လည်း
တင်းတင်းကြပ်ကြပ်ပဲ
လက်ဆွဲနှုတ်ဆက်ကြ
ဘာသာစကားတောင်
အတော်စုံအောင်တတ်ခဲ့
နှစ်ပေါင်းသုံးဆယ်ဆိုတာ
နည်းသမို့လားအမေရယ်။

အပါးမှာအဖေလည်းမရှိ
ကျနော်တို့လည်းမရှိ
အမေချည့်တယောက်ထဲ
မဟုတ်ဘူး၊ လှေခွက်ချည်းမဟုတ်ဘူး
ပြည်သူတွေနဲ့လက်တွဲလို့
သားမြေးသစ်တွေနဲ့လက်တွဲလို့
အမယ်အို့ခြေလှမ်းမို့
သူတို့လောက်မသွက်လည်း
၁၉၃၆ တုန်းကလိုပဲ
ချီဆဲတက်ဆဲ
အခုလည်းလက်တွန်းလှည်းနဲ့
ရဲရဲကြီးချီတက်နေတဲ့
အမေ့ရဲ့သားမှာ ၁၃၀၀ ရတီ*
အမေအိုဆိုတဲ့စိန်နားကပ်ကြောင့်
ပါးအပြောင်ကြီးပြောင်ခဲ့ရပါတယ်။

အမေလဲလှမ်း
ကျနော်လည်းလှမ်း
ဒီလမ်းကြီးတလျှောက်မှာ
မောတယ်တခွန်းမပြောပါဘူး
၉၀ ကျော်ကြီးနှုတ်က
တခွန်းပဲထွက်ရှာတယ်
ဘာအဓိပ္ပာယ်လဲ
ကဗျာဖတ်သူတွေတွေးကြည့်ပါ
“ငါ့သားကျန်းမာအောင်နေ
အမေလည်းကျန်းမာအောင်နေတယ်” တဲ့။ ။

ဖိုးသံ (လူထု)

* ၁၃၀၀ ပြည့်မျိုးဆက်ကိုညွှန်းတာပါ။

Read More...

Sunday, 25 November 2007

ကျနော်မမြင်ဘူးလိုက်သော ကျနော့်သူရဲကောင်း ဦးသန့်




Read More...

သားပျောက်တေး

သွေးနဲ့ ရေးမှ ဆေးမှင်ကြောင်
ရင်နဲ့သွေးခဲ့တယ် ရင်သွေး

အချစ်များစွာနဲ့  ပြစ်မှားမိခဲ့ပါတယ်

ကဗျာနဲ့ ငါ
အဖန်ငါးရာ ငါးကမ္ဘာ

သို့  …
မိစ္ဆာအတွက်ဖိတ်စာ

အ၀ီစိရဲ့အောက်
ငရဲကိုနောက်တထပ်တိုးဖို့
ပဉ္စမမျိုးဆက်သွေးနဲ့
ဒီကဗျာကို ငါရေးတယ် …။

သစ်ကောင်းအိမ်
(၃၀၊ ၁၀၊ ၂၀၀၇)

Read More...

ကမ္ဘာလောကရဲ့ သမီး

ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲ
ကျောင်းသွားဖို့
ပြင်ဆင်နေတဲ့
သမီးလေးဟန်ပန်က
လေပြေနဲ့အတူ
ယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။

သမီး
လမ်းကူးရင် သတိထားနော်
ဆော့လည်းမသွားနဲ့
ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့
ဟုတ်လား… သမီး၊
နားထောင်နေတဲ့ သမီးလေးဟာ
ပါးချိုင့်လေးနဲ့ တခါပြုံး
အဖေ့ပါးကို တချက်နမ်းလို့
ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်
လွယ်အိတ်လေးကို
မနိုင့်တနိုင်ဆွဲလို့
ဂါဝန်လေးက လေမှာလွှဲလို့
ပြန်ရောက်မလာတော့ပါလား၊

“ခလေးတွေ သတ္တိ ရှိလိုက်ကြတာ
ခွေးတွေ ရက်စက်လိုက်ကြတာ
ကောင်မလေးတယောက်ဆိုရင်….”
အို…
တော်ကြပါတော့ တော်ကြပါတော့
ဆက်မပြောကြပါနဲ့တော့ဗျာ၊

သမီးလေးရယ်
အဖေနဲ့အမေတို့ရဲ့
အချစ်တွေနဲ့တင် မလုံလောက်လို့
ကမ္ဘာလောက တခုလုံးရဲ့အချစ်ကို
သိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

(ဌေးအောင်)

Read More...

“ဗုဒ္ဓရဲ့သားတွေ ကျတဲ့မျက်ရည်စများ”

ကြုံနေရတယ်
ခေတ်ကပျက်တာလား
မေတ္တာတရားကပဲ မလွှမ်းမိုးနိုင်တာလား။
သားတယောက်ရဲ့
ရယ်မောသံကလေးနဲ့
မပြုံးနိုင်ရှာတဲ့အမေတို့ရေ
အလံကိုင်ချီတက်နေရင်း မျက်ရည်ကျ
သံဃာတွေ အစော်ကားခံနေရတဲ့
ကျနော်တို့ရဲ့ အမိနိုင်ငံမှာ ...။

ကမာပုလဲ
၀၆၊ ၁၀၊ ၂၀၀၇

Read More...

အမျက်ဖြေလင်္ကာသစ်


သူတည်း တယောက်
ကောင်းဖို့ ရောက်မူ
သူအများမှာ၊ ပျက်လင့်ကာသာ
မဆုံးပါတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ၊ မင်းချမ်းသာအား
မလွတ်စတမ်း၊ သူစွဲလမ်းကာ
တဏှာဖက်နေ၊ မက်မပြေရှာ
တသက်လျာတည်း။

ကြင်နာမထား၊ သံဃာအားသတ်
အမိုက်ဇာတ်လည်း၊ မလွတ်ကြမ္မာ
ရှိလိမ့်မှာကို၊ သိကိုသိလျက်
မျက်စိမှိတ်ရမ်း၊ ဆိုးသွမ်းတတ်သည်
မကျွတ်နိုင်စွာ၊ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်
ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏
ဤဘုံဘ၀၊ ဆပ်ခဲ့ရသည့်
သံသရာကြွေး၊ ကုန်နှင့်သေးလော့
သူ့အကြွေးမူ၊ တုံ့မယူလို
လူဖြစ်သမျှ၊ ဘ၀ဆက်တိုင်း
ထိုလူရိုင်းနှင့်၊ မဆုံခွင့်သာ
ဦးတင်ပါသည်
သစ္စာဆုတောင်း ပြည့်စေသတည်း။ ။

ဒေါင်းတမန်

Read More...

အကယ်၍

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စား ပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ….

ဒါမှမဟုတ်
မင်းဘ၀ တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင်…..

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တစ်ခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် …
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်….

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့် ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်….
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…..

အကယ်၍
စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်….
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင်….

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်း မုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်…
ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင်….

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်….
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်…

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် …

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီးနာကျည်းအောင် မလုပ်နိုင်စေရင်….

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…..

ငါ့သားရေ …
မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုတ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…
အဲဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်း တယောက်ပဲပေါ့….။ ။

RUDYARD KIPLING ၏ If ကို - ဒေါ်အောင်ဆန်းစုကြည်မှ ဘာသာပြန်သည်။

IF

If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise:

If you can dream and not make dreams your master;
If you can think and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two imposters just the same;
If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build’ em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and –toss.
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: “ Hold on:!”

If you can talk with crowds and keep your virtue,
Or walk with Kings-nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds’ worth of distance run.
Yours is the Earth and everything that’s in it,
And which is more - you’ll be a Man, my son!

RUDYARD KIPLING

Read More...

ခင်ဗျား ….. ထပါ

အောက်တန်းကျတဲ့မြန်မာ့ရုပ်သံ
လုပ်ကြံသတင်းအဖျင်းအညာ
သတင်းစာတွေနဲ့ ဘာလို့ရန်ဖြစ်နေမှာလဲ
တရားတာ - မတရားတာဟာ စကားအရာနဲ့
အလကားဝါနေမယ့်အစား
ခင်ဗျားတို့ပါဖို့မလိုဘူးလား။

ကွယ်ရာပြောအတင်းတဲ့
အရေးအခင်းအပမှာ လေးခင်းပြနေမယ့်အစား
ခင်ဗျားပါဖို့မသင့်ဘူးလား။

ဘီဘီစီ ဗွီအိုအေ ရေဒီယို ကက်ဆက်
ထွက်သမျှခွေ နားထောင်ကျေနပ်
ယက်ခပ်နေမယ့်အစား
လက်ခုပ်တီးနေ အံကြိတ်နေမယ့်အစား
ခင်ဗျားပါဖို့မကောင်းဘူးလား။

ခင်ဗျားတို့အသိ ခင်ဗျားတို့အဘိဓမ္မာဟာ
လက်တွေ့မွေးဖွားမလာရင်
ဘာလုပ်မလဲ အမြုံပဲပေါ့။

ဝေဖန်မနေနဲ့၊ လေကန်မနေနဲ့
ညည်းညူမနေနဲ့၊ ဂျီးထူမနေနဲ့
တက်ခေါက်နေတာလဲ လက်မြှောက်နေတာပဲ
ဆင်ခြေ မြင်းခြေ အသင်္ချေကို
လေတိုက်ပွဲမှာ ထားခဲ့ပါတော့။

ဈေးဆိုင်၊ ကနားကြောင့် ဘေးထိုင်နားနေသလား
လစာထိုးတဲ့ လာဘ်ကြောင့်
ဘ၀ပါထိုးပြီး အပ်လိုက်သလား
တရားရေးပျောက်ပြီး စပါးဈေးနောက်
တကောက်ကောက် လိုက်နေသလား
ထမင်းတနပ် ဟင်းတဖတ်ကြောင့်
တင်းကြပ်နေကြသလား။

အလကား ……….
ခင်ဗျားလိုပဲ လူတိုင်းလည်း
အလားတူ အပူနဲ့ချည်းမှတ်ပါ
ဒါပေမယ့် ……….
ခင်ဗျားစဉ်းစားကြည့်ပါ …..
သွားနေသူတွေ သွားနေကြတယ်
ဝင်နေသူတွေ ၀င်နေကြတယ်
လုပ်နေသူတွေ လုပ်နေကြတယ်
ခင်ဗျားကသီးခြား အခွင့်ထူးခံလား
အသနားခံလား၊ အကယ်ဆယ်ခံလား
ခင်ဗျားတို့ဘ၀တွေကို ခင်ဗျားတို့မှအပ
ဘယ်သူက ကယ်တင်နိုင်မှာလဲ။

မျိုးဆက်တခုလုံးအရေး
ခင်ဗျားမပါသေးသမျှ ဝေးနေအုံးမှာပဲ။
ဘ၀ဆုံးတဲ့အဖြစ် လူဖြစ်ရှုံးတဲ့အဖြစ်
တရစ်ပြီးတရစ် နစ်ပြီးရင်းနစ်နေရတဲ့
ဖက်ဆစ်စနစ် စစ်အာဏာရှင်စနစ်အောက်မှာ
နောက်ထပ်ဆုံးရှုံးစရာ ဘာကျန်သေးလို့လဲ
သံနှောင်ကြိုးပဲမဟုတ်လား
စစ်သံဖနှောင့်ပဲ မဟုတ်ာလား။

ဘာလဲ … လက်ရှိနဲ့လက်မဲ့ ဆိုတဲ့စကား
အင်အားခြင်း မမျှဘူးဆိုတဲ့စကား
ခင်ဗျားပြောအုံးမလို့လား။

ဒီမှာ … ခင်ဗျားပါရင် တအား
ကျုပ်ပါရင် တအား
သူပါရင် တအား
အားလုံး အားလုံး ပါဝင်ပြီး
အင်အားတွေ စုစည်း
ကြီးသထက် ကြီးလာရင်
မြက်ပင်တွေနဲ့ ကျစ်တဲ့ `လွန်´ ဟာ
ခွန်အားဘုရင် ဆင်ဆိုတာတောင်
ဆွဲပြီးပစ်လှဲ ပစ်နိုင်တယ်မဟုတ်လား။

ရေမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ `လှိုင်း´ ဟာ
ကျောက်ဆောင် တံတိုင်းဆိုတာတွေကိုတောင်
ဖြိုချပစ်နိုင်တယ်မဟုတ်လား
ကျေးဇူးပြုပြီး
ခင်ဗျားထပါ
ထ … ထစမ်းပါ။

ဗမာပြည်သား

Read More...

တို့တိုင်းပြည်



ထလော့ မြန်မာ၊ အို … မြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ်
စေတီ စပါး၊ များလည်း များ၏

များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည် သွားလျက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့ မြန်မာ၊ အို … မြန်မာတို့
တို့ရွာ တို့မြေ၊ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံ ချိုပျား၊ များလည်း များ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
လောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့ မြန်မာ၊ မြန်မာ ထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါက အားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့ တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း။ ။

ဇော်ဂျီ

Read More...

သတင်းစာဆရာကြီး ဦးဝင်းတင်ဆီက သတင်းစကား

Thursday, 22 November 2007

Read More...