Sunday, 9 December 2007
ရိုင်ဖယ်သေနတ်နှင့် ဆရာဝန်
(၁)
မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တယောက်အား ဆီးကြို၍ ထွေးပွေ့ထားခဲ့သည်မှာ ကြာပြီ။ သူကျဆုံးခဲ့သည့် ၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှ။ နှစ်ပေါင်း (၄၀) ရှိလေပြီ။
သူကား ဆရာဝန်တဦး။ သို့သော် သူကား မောင်းပြန်ရိုင်ဖယ် သေနတ်ကိုသာ ကိုင်၏။
“လူတယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်” သူပြောခဲ့သည့် စကားဖြစ်၏။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့က ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်းဖြစ်၏။
(၂)
၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီ ဟူသည်အား အတည်ပြုနိုင်သည်က အောက်တိုဘာလ (၁၅) ရက်နေ့မှဖြစ်သည်။ ကျူးဘားသမ္မတ ရဲဘော်ကြီး ဖီဒယ် ကက်စထရိုမှ အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းမှ ဖြတ်၍ယူလာခဲ့သည့် လက်မောင်းရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အား ကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည် ပြုခဲ့ရခြင်းဖြစ်သည်။ သူ၏အလောင်းကိုမူ မတွေ့ခဲ့ကြရ။ နှစ်ပေါင်း (၃၀) အထိ ပျောက်ဆုံးနေခဲ့၏။ ၁၉၉၇ ခုနှစ် ဇူလိုင်လ (၁၂) ရက်တွင်မှပင် သူ၏ ရုပ်အလောင်းအား မြေ၀သုန်အတွင်းမှ ပြန်လည် တူးဖော်ရရှိတော့၏။
ဘိုးလီးဗီးယားနိုင်ငံ “ဗယ်ရီဂရန်ဒေသ” လေယာဉ်ကွင်းငယ်လေး အနီးမှ ဖြစ်သည်။ ကျင်းငယ်အတွင်း၌ ရုပ်အလောင်း အရိုးစု (၇)စုအား တွေ့ရ၏။ အရိုးစု အမှတ် (၂)က လက်မောင်းရင်းမှနေ၍ လွှနှင့် တိုက်ဖြတ်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံး မရှိ။ ဒီအင်အေ စစ်ဆေးမှုပြု၍ အတည်ပြုနိုင်ခဲ့၏။
သူ ...။
သူကား နှစ်ပေါင်း (၃၀) ကြာမှပင် ကျူးဘားနိုင်ငံ “ဆန်တာကလာရာမြို့” ရှိ သူ၏ ဂူဗိမာန်
အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့၏။
(၃)
သူနှင့် ပတ်သက်၍ သူ့ဝန်းကျင်၏ မှတ်ချက်အမြင်များမှ သူ့အား တွေ့ရမည်။ ပြင်သစ်အတွေးအခေါ် ပညာရှင် “ယန်ပေါဆတ်” က သူ့အား “ကျနော်တို့ခေတ်ရဲ့ အပြီးအပြည့်အစုံဆုံး လူသား” ဟူ၍ မှတ်ချက်ပေး၏။ အမေရိကန်နိုင်ငံ မေရီလင်းအင်စတီကျူ က သူ့အား “ကမ္ဘာပေါ်တွင် နာမည် အကျော်ကြားဆုံး ၂၀-ရာစု ၏ သင်္ကေတတခု” ဟု သတ်မှတ်၏။ သူ၏ ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုကမူ သူ့အား“သူဟာ သူ့ရဲ့ အကျင့်စာရိတ္တ၊ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ အလုပ် လုပ်ရာမှာ စိတ်အားထက်သန်မှုတွေကို ထားရစ်ခဲ့တာဖြစ်တယ်။ တခွန်းတည်း အတိုချုပ် ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာဖြစ်တယ်”
(၄)
သူ့အား အားဂျင်တီးနားနိုင်ငံ၏ မြို့တော် “ဗွေနိုဇာရီမြို့” မှ မိုင် ၁၀၀ ကျော်ဝေးသည့် “ရိုစာရီယိုမြို့”
တွင် မွေးဖွားခဲ့၏။ “ရိုစာရီယိုမြို့” က “ပါရာနာ” မြစ်၏ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသည့်မြို့
ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲ အေးခဲ၍ နေသည်။
သူကား ၁၉၂၈ ခုနှစ် ဇွန် (၁၄) ရက်နေ့ဖွားဖြစ်သည်။ မောင်နှမ (၅) ယောက်အနက် အကြီးဆုံး ဖြစ်သည်။ ဖခင် အာနက်စ်စတို ဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာ တဦးဖြစ်ပြီး မိခင်က စီလီယာ ဆာနာဖြစ်၏။ သူကား ငယ်စဉ်က ချူချာ၏။ ပန်းနာရင်ကြပ်သည်တဦး။ အေးလျှင် ပန်းနာဝေဒနာက ထပြီ။
ပန်းနာရင်ကြပ်ရောဂါ ရှိပေမယ့် သူကား အားကစားဖက်တွင်လည်း ထူးချွန်ခဲ့၏။ “ရဂ္ဂဘီပွဲ” များ
တွင် ခပ်ကြမ်းကြမ်း ကစားတတ်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ် သင်ပေး၏။ စစ်တုရင် ကစားနည်း သင်ပေး၏။ သူသည် စစ်တုရင် ကစားရာတွင်လည်း ထူးချွန်သူတဦး ဖြစ်ခဲ့သလို သေနတ်ပစ်ရာတွင်လည်း…။
(၅)
သူက ငယ်စဉ်ကပင် စာအုပ်ပုံအကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဖခင်၏ ကိုယ်ပိုင် စာကြည့်ခန်းတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်ရှိ၏။ စာကြည့်တိုက်ငယ်လေး တခုပမာ။ “ဂျက်လန်ဒန်” ၊ ”“ဂျူးလဘန်း”၊ “ဆစ်ဂမန်ဖရိုက်”၊ “ဘာထရန်ရပ်ဆဲလ်” တို့အား ငယ်စဉ်ကပင် ဖတ်ခဲ့ရ၏။
သူက ကဗျာကိုလည်း အရူးအမူး စွဲလန်း၏။ “ပက်ဘလိုနီရူးဒါ” ၏ ကဗျာများအား အာဂုံဆောင် နိုင်သည်အထိ ဖတ်ခဲ့၏။ ဖခင်က လက်ဝဲ၀ါဒီ တဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ သူ လေ့လာခွင့်ရခဲ့၏။
(၆)
၁၉၄၇ ခုနှစ်တွင် သူ “ဗွေနိုဇာရီး” တက္ကသိုလ်တွင် ဆေးပညာ သင်ယူခဲ့သည်။ ထိုတက္ကသိုလ်မှပင် ဒေါက်တာဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ ခုနှစ်တွင် သူသည် ဆေးတက္ကသိုလ် တက်နေရင်း ခွင့်ယူ၍ သူငယ်ချင်းတဦးနှင့် အတူ မော်တော်ဆိုင်ကယ် တစီးနှင့် လက်တင်အမေရိကတိုက်တလွှား ခရီးနှင်၏။ ချီလီသို့ ရောက်၏။ ချီလီမှသည် ပီရူး၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ထိုမှ ဗင်နီးဇွဲလား...။
ဤခရီးစဉ်မှ သူသည် လက်တင်အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု၊ လူတန်းစား မညီမျှမှုများအား တွေ့ခဲ့သည်။ ဤခရီးစဉ် အကြောင်းအား သူကိုယ်တိုင် စာပြန်ရေး၏။ “မော်တော်ဆိုင်ကယ် ဒိုင်ယာရီ” ဟူ၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့၏။ စရေးသည်မှာ စပိန်ဘာသာနှင့် ဖြစ်သည်။ နောက်ပိုင်း
တွင်မူ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုစာအုပ်အားမှီး၍ ရုပ်ရှင် ပြန်ရိုက်၏။
(၇)
၁၉၅၃ ခုနှစ်တွင် အာဂျင်းတီးနား အစိုးရက ဆရာဝန်များအား အတင်းအကျပ် အမှုထမ်းခိုင်း၏။ သူက လူတယောက်ချင်း ခံစားနေရသည့် ဝေဒနာအား မကုသချင်။ ဤတွင် သူသည် အာဂျင်းတီးနားမှ တိမ်းရှောင် ထွက်ခဲ့တော့၏။
ပီးရူး၊ အီကွေဒေါ၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွား၊ ဟွန်ဒူးရပ်စ်၊ အဲလ်ဘာလဗာဒို၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ ရောက်၏။ မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့် တွေ့၏။ ပေါင်းမိ၏။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား “၂၆ J” ရဲဘော်များဟု ခေါ်ကြသည်။ ဖီဒယ်ကက်စထရိုတို့၏ “၂၆ J” ရဲဘော်များက ကျူးဘား အာဏာရှင် “ဖူလ်ဂျင်စီယို ဘာတစ္စတာ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ။
မက္ကဆီကိုတွင်ပင် “၂၆ J” ရဲဘော်များနှင့်အတူ သူ စစ်သင်တန်း တက်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှူးကြီးဟောင်းတဦး။ သင်တန်းမှူး ဗိုလ်မှူးကြီးဟောင်း “အယ်ဘာတိုဘေးယို”က မှတ်ချက်ပြု၏။ “သူသည် သင်တန်းသားများ အားလုံးအနက် အထူးချွန်ဆုံး ဖြစ်သည်” ဟူ၍။
(၈)
၁၉၅၆ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် “၂၆ J” ရဲဘော်များနှင့်အတူ သူသည် ကျူးဘားနိုင်ငံသို့ ၀င်ခဲ့ကြ၏။ Gramma အမည်ရှိ မော်တော်ငယ် တစီးနှင့်။ မိုင် ၁၃၀ ကျော်ဝေးသည့် ပင်လယ်ခရီးအား နှင်ကြ၏။ ရဲဘော်ရှစ်ကျိပ်နှင့် တယောက်။ ဓားကောက်သဏ္ဍာန် ကျူးဘားကျွန်းပေါ်သို့ ရောက်၏။ မကြာ ကျူးဘား အာဏာရှင်တပ်များနှင့် တိုက်ပွဲများ ဖြစ်သည်။ တိုက်ပွဲအဖြေက မကောင်း။ သူတို့ဘက်မှ ရဲဘော် (၆၉) ယောက် ကျဆုံးကုန်၏။ သူ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော်(၁၂)ယောက်သာ ကျန်တော့၏။
အငတ်ငတ် အပြတ်ပြတ်။ ကြံခင်းများအတွင်း ပုန်းနေကြ၏။ ကြံများ စုတ်ရင်းသာ အာဟာရ ဖြည့်နေ ကြရသည်မှာ ရက်သတ္တပတ်ခန့် ကြာ၏။ ဤမှ သူတို့ အာဏာရှင်အား ပြန်တိုက်၏။ မောင်းပြန်ရိုင်ဖယ် (၁၂) လက်။ လူ (၁၂) ယောက်နှင့်။
(၉)
ကျူးဘားနိုင်ငံ “ဆီအဲယားမေထရာ” တောင်တန်းများပေါ်မှာ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောက်၏။ သူပုန်စခန်း ဖွင့်၏။ အောင်မြေ။
သူသည် ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများ ဖွင့်၏။ စာသင်ကျောင်းများ တည်ထောင်၏။ ဤတွင် သူသည် မောင်းပြန်ရိုင်ဖယ်အား လက်မှကိုင်ရင်း လူထုအား ဆေးကုသ၏။ လူတယောက်ချင်း၏ ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ ခံစားနေရသော ဝေဒနာကိုလည်း ကု၏။ လူထုမှ ထောက်ခံလာသည်။ တော်လှန်ရေးသည် မြင့်တက်၍ လာ၏။ ဒီလှိုင်းများသဖွယ် အားနှင့် မာန်နှင့်၊ အဆုံး၌ ကျူးဘား အာဏာရှင်အစိုးရ ကျဆုံးရ၏။
(၁၀)
ကျူးဘား တော်လှန်ရေးတွင် ကျူးဘားမဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယ သြဇာအာဏာ အရှိဆုံးပုဂ္ဂိုလ် ဖြစ်လာ၏။ ကျူးဘားနိုင်ငံ၏ ပြန်လည်ထူထောင်လုပ်ငန်းများတွင် အဓိက တာဝန်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတက်ရာတွင် သူသည် စီးပွားရေးရာအပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိုင်ငံသုံး ငွေစက္ကူပေါ်၌ သူ့လက်မှတ်ထိုးပေးရ၏။
ထိုစဉ်က GATT (ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ အထွေထွေ သဘောတူညီချက်အဖွဲ့) အစည်းအဝေးပွဲများသို့ သူတက်ရောက်ခဲ့ရသည်။ သံလွင်ရောင် စစ်ဝတ်စုံ၊ ပြောက်ကျား ယူနီဖောင်းနှင့် ...။
(၁၁)
၁၉၆၂ ခုနှစ်ကား စစ်အေးတိုက်ပွဲ အရှိန်အမြင့်မားဆုံး ကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နျူကလီးယားစစ်ပွဲများ ဖြစ်လေမည်လား။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်၏။
(၁၂)
၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ် မတ်လအထိ သူသည် နိုင်ငံတကာ ခရီးစဉ်များသွား၍ သံခင်း တမန်ခင်းများအား ခင်းကျင်း၏။ ပြင်သစ်၊ အီဂျစ်၊ အယ်ဂျီရီယား၊ ဂါနာ၊ ဂီနီ၊ မာလီ၊ ဒါဟိုမီ၊ ကွန်ဂို၊ အိုင်ယာလန်နှင့် တရုတ်ပြည်သစ်နိုင်ငံများသို့။
ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန်ဖြစ်သည်။ သူက သဘောတရားအရတွင် “မော်” တို့နှင့် တူ၏။ ဤအတိုင်းပင် သူ့ခရီးစဉ်များအတွင်း ပြောဆိုဆွေးနွေး၏။ ကျူးဘားခေါင်းဆောင်တဦး ပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ကြ၏။ ဤတွင် သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကို မနှစ်မြို့တော့။ သူတို့ ညီအစ်ကိုက “ခရူးရှော့”နှင့် နီးစပ်သူ။ သူခရီးစဉ်အပြီး “ဟားဗားနား” သို့ ပြန်ရောက်၏။ ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုနှင့် သူ၏ဆက်ဆံရေးက အေးအေးစက်စက်။ မကြာ သူ ကျူးဘားမှ ပျောက်သွားခဲ့တော့၏။ အားလုံးအား စွန့်လွှတ်၍ ...။
(၁၃)
အာဖရိကတိုက်ရှိ ကွန်ဂို-ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်း သူ သေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိက တောနက်ကြီးအတွင်း ပြောက်ကျားစစ် ဆင်နေတော့၏။ ရာသီဥတုက ဆိုးသည်။ ထိုစဉ်က သူအသက်သည် (၃၈) နှစ်ခန့်ရှိပြီ။ ပန်းနာရင်ကျပ် ဝေဒနာက ပြန်ထ၍လာပြီ။ ဆိုးဆိုးဝါးဝါး။
မရတော့။ သူ အနားယူရသည်။ အနားယူစဉ် ကာလအတွင်း “ကွန်ဂို ဒိုင်ယာရီ” အား ရေးခဲ့သည်။ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံများ။
(၁၄)
ထို့နောက် သူသည် ဘိုလီးဗီးယားအစိုးရအား တော်လှန်ရန် ဘိုလီဗီးယားသို့ ထွက်ခဲ့၏။ သူနှင့် ရဲဘော် (၁၇) ယောက်။ ဗီယက်နမ် ရဲဘော်များလည်း ပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ။ ၁၉၆၇ ခုနှစ် အောက်တိုဘာ (၇)ရက်နေ့တွင် သူနှင့် ရဲဘော်များ ဘိုလီးဗီးယားနိုင်ငံ ယူဂို(ချူရီ) တောင်ကြားအတွင်းသို့ ၀င်ခဲ့ကြ၏။ ရိုင်ဖယ် သေနတ်များနှင့်။
ချောင်းရိုးငယ်အား ဖြတ်ကြ၏။ ဤတွင် ၀ိုင်းဝန်းပစ်ခတ်မှုအား သူတို့ ရုတ်တရက် ခံလိုက်ကြရ၏။ သူ ဦးဆောင်သည့် ပြောက်ကျားများ ဘိုလီးဗီးယား စစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီ။ အကျအဆုံးက များသည်။ သူလည်း ထိ၏။ ဆုတ်၍ မရ။ တက်၍ မရ။ နောက်ဆုံး သူ ဘိုလီးဗီးယား စစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။
(၁၅)
၁၉၆၇ ခုနှစ်အောက်တိုဘာလ (၉)ရက်နေ့။
ဘိုလီးဗီးယားနိုင်ငံ၏ မြို့တော်နှင့် ဝေးကွာလွန်းသည့် “ဗယ်လီဂရန်ဒေမြို့” လေယာဉ်ကွင်းငယ်၏ အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့် စစ်သုံ့ပန်းတဦးအား နောက်ပြန် လက်ထိပ်ခတ်၍ ထားသည်။ လက်ထိပ်ခတ် ခံထားရသည့် စစ်သုံ့ပန်းသည် ဘိုလီးဗီးယား စစ်သားများ၏ အရှေ့၌ မတ်မတ်ရပ်၍ နေသည်။ စစ်သားများက စစ်သုံ့ပန်းအား မောင်းပြန် ရိုင်ဖယ်သေနတ်များနှင့်ချိန်ထား၏။ စစ်သုံ့ပန်းက စစ်သားများအား သူ၏ စူးရှသော မျက်လုံးများနှင့် ကြည့်၏။
အမိန့်သံထွက်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍ သွားသည်။ ယမ်းညှော်နံ့တို့က လေယာဉ်ကွင်းအနီး မွှန်၍နေသည်။ စစ်သုံ့ပန်းသည် တဖြေးဖြေး ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ခန္ဓာကိုယ်အနှံ့မှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ဘိုလီးဗီးယား စစ်သားများက သွေးအလူးလူးနှင့် လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့်တိုက်၍ ဖြတ်ကြ၏။ ထိုနောက် လေယာဉ်ကွင်း အနီးတွင်ပင် လက်မပါသော ခန္ဓာကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။
(၁၆)
မပုပ်မသိုးရန် ဆေးရည် စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယားအစိုးရမှ ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုထံသို့ ပို့လိုက်၏။
၁၉၆၇ ခုနှစ် အောက်တိုဘာလ (၁၅)ရက်။
ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့် သိ၏။ သူနှင့် တော်လှန်ရေးများအတွင်း လက်တွဲခဲ့သည့် လက်များ။ မလွဲနိုင်။ သူ…။ သူ …။
“အာနက်စ်တို ဂွေဗားရား ဒီလာဆနာ” သို့မဟုတ် “ချေ”။
ချေ ဟူသည်က …..စပိန် ဘာသာအရ “ ရဲဘော်၊ ရဲဘက်” ဟူ၍ ဖြစ်သည်။
“မြေ၀သုန်ရေ ...
ဂုဏ်ပြုအပ်တဲ့
ဧည့်သည်တယောက်ကို
ဆီးကြိုပေတော့ ...”
(အော်ဒင်)
ရွှေအိမ်စည်
(ခေတ်ပြိုင်အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြပါသည်)
Read More...
ငါတို့ကို ဒီမိုကရေစီပြန်ပေး
(၁)
တက္ကသိုလ်ကျောင်းသားတဦးရဲ့
ဖျောက်ထားခံရတဲ့ သမိုင်းမှာ
သစ်ပုတ်ပင်ကြီးပါတယ်
သွေးစွန်းခဲ့တဲ့ အင်းလျားကန်ဘောင်ပါတယ်
ဖြိုချခံခဲ့ရတဲ့ တကသ အဆောက်အဦးလည်းပါတယ်။
ကျောင်းသားတို့ရဲ့
ကိုယ့်သမိုင်းကိုယ်ရေးခွင့်
ဘယ်လောက်ဖြင့် ဆုံးနေရဦးမှာလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၂)
သံဃာတော်တပါးရဲ့
ခြေမွခံလိုက်ရတဲ့ ပုံရိပ်မှာ
စစ်ဖိနပ်ဒဏ်ရာနဲ့ ကျောင်းသင်္ခမ်းကိုတွေ့တယ်
တားမြစ်ခံထားရတဲ့ ဆွမ်းချိုင့်လေးတွေတွေ့တယ်
ရွတ်ဆိုခွင့် မရတော့တဲ့
မေတ္တာပို့ ဆုတောင်းသံကိုလည်းတွေ့တယ်။
ဘယ်လောက် ဖောက်ပြန်ပိုးထိုး
ခေတ်ဆိုးကြီးများပါလိမ့်
ဘုရားသားတော်တွေရဲ့ ဘဝ
သင်္ကန်းရုံမှ
ပိုပြီး မလုံခြုံရတဲ့အဖြစ်
ရင်နင့်စရာ ကောင်းလှချည့်။
အခုခင်းကျင်းနေတဲ့ အမိုက်ဇာတ်
ဘယ်တော့များ ရပ်ပါ့မလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၃)
သာမန်ပြည်သူတယောက်ရဲ့
ဖျက်သိမ်းခံခဲ့ရတဲ့ ဘဝမှာ
မှတ်ပုံတင်ပြစရာ မလိုတဲ့
လွတ်လပ်စွာ ကိုးကွယ်ခွင့်ပါတယ်
အကြောက်တရားမဲ့ ပြောဆိုခွင့်ပါတယ်
အချုပ်အခြယ်မဲ့ စည်းရုံးခွင့်လည်းပါပါတယ်။
နောက် ဘယ်လောက်ကြာကြာ
အကျဉ်းချထားဦးမှာလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၄)
သာမန်စစ်သားတယောက်ရဲ့
မက်ခွင့်မရတဲ့ အိပ်မက်တွေထဲမှာ
နေ့တိုင်း ရွတ်နေရပြီး
ဘယ်တော့မှ ဦးထိပရရွက်ခွင့်မရခဲ့တဲ့
သစ္စာလေးချက်ကို တွေ့တယ်
ဖယ်ရှားခံထားရတဲ့
ပြည်သူနဲ့ တသားတည်း ဖြစ်ခွင့်ကိုတွေ့တယ်။
အခုဖြင့်
ပြည်သူကို သေနတ်ပြောင်းချိန်ဖို့သာ
အမိန့်ပေးခံထားရတဲ့
မလူးသာ မလွန့်သာဘဝ
ဘယ်တော့မှ ကုန်ဆုံးနိုင်မှာလဲ။
ငါတို့ကို
ဒီမိုကရေစီပြန်ပေး ...။
(၅)
ရဟန်းပြည်သူ
ကျောင်းသူကျောင်းသား
စစ်သားမကျန်
မြန်ပြည်တဝှမ်း
ဘဝဂ်လွှမ်းအောင်
အစွမ်းရှိသမျှ
ဟစ်ကြွေးကြလော့ …။
“ငါတို့ကို
ဒီမိုကရေစီပြန်ပေး”
“ငါတို့ကို
ဒီမိုကရေစီပြန်ပေး”
“ငါတို့ကို
ဒီမိုကရေစီပြန်ပေး”
သံပြိုင်ဟစ်ဆို
ထိုတောင်းဆိုသံ
ပြည်လုံးညံကာ
ဤတခါမူ
ရန်သူဟူသမျှ
တောထုတ်နိုင်ကြပါစေသတည်း ။ ။
ဒေါင်းတမန်
ဒေါက်တာလွဏ်းဆွေဘလော့မှကူးယူသည်။
Read More...
မြူးနစ်ရဲ့ထာဝရ နှင်းဆီဖြူများ
မနေ့ညနေခင်းနှောင်းပိုင်းတုံးက ကျနော်နှင်းဆီဖြူ တပွင့်ကိုတွေ့ခဲ့တယ်၊ လူတွေကပြော နေကြ တယ်၊ နှင်းဆီဖြူတွေဆိုတာ သေခြင်းတရားကို ကိုယ်စားပြုတဲ့အရာပါတဲ့၊ တကယ်တော့ဗျာ၊ သေခြင်းတရားရယ်၊
ချစ်ခြင်းမေတ္တာရယ်၊ နုပျိုမှုဆိုတာတွေရယ်ဟာ တခုတည်းပါ၊ သေခြင်း တရားဆိုတာက ငယ်ရွယ်နုပျိုမှုထက်၊ အမြဲတန်းရှင်းလင်းတောက်ပနေတဲ့သိသာ ထင်ရှားတဲ့ အရာမို့လား၊ ဆိုတော့ နှင်းဆီဖြူဆိုတာ သူရဲ့သင်းရနံ့တွေနဲ့၊ နူးညံ့အပြစ်ကင်း ဖြူစင်မှုတွေနဲ့ ထာဝရနုပျိုနေမှုကို ကိုယ်စားပြုနေတဲ့ အဓိပ္ပါယ်ကိုဆောင်နေတယ်၊
ဒုတိယကမ္ဘာစစ်အတွင်း၊ဂျာမဏီမှပေးစာများ မှ
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က အက်စစ်မိုးမှုန်တွေကျနော်တို့ဘ၀တွေကို မတိုက် စားခင် ကိုခင်ဝမ်းရဲ့နှင်းဆီဖြူရဲ့ အဝေးကလူတယောက်သီချင်းကို ညလုံးပေါက်ဂစ်တာဝိုင်း တွေနဲ့ နိုးထနေတဲ့သမိုင်းဆောင်တွေမှာ၊ ကွဲရှခံစားခဲ့ဘူးကြပါတယ်၊ အနုပညာတွေနဲ့ ရှင်သန် ခဲ့ရတဲ့ရက်တွေဟာ အကုသိုလ်တွေနည်းသလို၊ မိတ်ဆွေစစ်စစ်တွေနဲ့ နေထိုင်ခဲ့ရတဲ့ရက်တွေ ကလည်း ဆွတ်ပျံ့ဘွယ်အောက်မေ့နေဆဲမို့ ပြည်ပမှာမြင်ကွင်းတွေကိုအာရုံနှောက်လာတဲ့အခါ၊ တခါတုံးက ဆိုဗီယက်အာဏာရှင်တွေလက်အောက်မှာ ပြိုကွဲသွားတဲ့ နိုင်ငံတွေဆီက ပြည်သူ တွေ ဖန်ဆင်းထားတဲ့အနုပညာသစ်တွေ၊ တေးဂီတသစ်တွေ၊ နိုင်ငံရေးနောက်ခံစာအုပ်တွေ၊ သူတို့ ဘ၀ရဲ့အပြောင်းအလဲတွေ၊ စစ်အတွင်းကဂျာမဏီမိန်းမတွေအပေါ် ရက်ရက်စက်စက် ပြုကျင့်ခဲ့ တဲ့ရုရှားလူမျိုးတွေရဲ့စရိုက်တွေအပေါ် တုံ့ပြန်ရေးသားခဲ့တဲ့ ပေးစာတွေ၊ စစ်ရှုံး ဂျာမဏီရဲ့ လှမ်းခဲ့ရတဲ့ခရီးတွေ၊ ဖတ်ကြည့်ခံစားလိုစိတ်တွေ ချဉ်ခြင်းတတ်နေခဲ့ပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင်စာ အုပ်လေး(၂) အုပ်ကို သွားဖတ်ဖြစ်တယ်။ (The White Rose) ဆိုတဲ့ဂျာမန်ကျောင်းသားလှုပ်ရှားမှု သမိုင်းစာအုပ်လေး တအုပ်နဲ့နောက်တအုပ်က (The Stalingrad) ဆိုတဲ့ ရုရှားလူမျိုးတွေ ရက်ရက်စက်စက် တိုက်ပွဲဝင်ခဲ့တဲ့စစ်သမိုင်းစာအုပ်ပါ၊
ဟစ်တလာကိုဆန့်ကျင်ခဲ့တဲ့မောင်နှမ တတွေထဲကမသေပဲကျန်ရစ်ခဲ့တဲ့ နှင်းဆီဖြူအဖွဲ့ဝင် တ ယောက်ဖြစ်တဲ့ ရှိုး (Inge School) လို့ခေါ်တဲ့အမျိုးသမီးတယောက်က ပြန်ရေးထားတဲ့ (The White Rose) စာအုပ်လေးကိုမိတ်ဆက်ပေးချင်ပါတယ်၊ ခုရက်တွေမှာ ကိုယ်ယုံယုံကြည်ကြည် ကိုး ကွယ်လာတဲ့အစိုးရအဖွဲ့တွေ၊လူတွေကိုပုံကန်တဲ့ ဇာတ်လမ်းမျိုးတွေကိုစိတ်ဝင်တစား ရှာ ကြည့် နေခဲ့ရင်း တိုက်တိုက်ဆိုင်ဆိုင်သွားဖတ်ဖြစ်ခဲ့ပါတယ်၊ (စစ်တပ်က ပုန်ကန်မှုတွေကို ကျနော်တို့ ကြားချင်နေလို့ထင်ပါရဲ့) ဟစ်တလာကို အရူးအမူးကိုးကွယ်ခဲ့ပေမဲ့ ဟစ်တလာနဲ့ နာဇီပါတီရဲ့ ခြေလှမ်းတွေကိုသိလာပြီး၊ ပြတ်ပြတ်သားသားဆန်ကျင်ဖို့ ကြိုးစားခဲ့ကြတဲ့၊
ဟစ်တလာလူငယ်တပ်ဖွဲ့က ကျောင်းသား၊ သူတွေရဲ့လှုပ်ရှားမှုအကြောင်းပါ၊ သူတို့ကို “နှင်းဆီဖြူ” အုပ်စုလို့သိကြပါတယ်၊ သမိုင်းမှာ ဟစ်တလာကြောက်တဲ့၊ မကြည့်ချင်လောက် အောင်မုန်းတဲ့ ပန်းပွင့်တခုရှိတယ်ဆိုတာ အဲ့ဒီ လူငယ်တွေကြောင့်ပါလားလို့ သဘောပေါက် လိုက်မိတယ်၊ တကယ်လို့ ဖတ်ဘူးပြီးသားစာအုပ်တအုပ်ဆိုရင်လည်း ကျနော်တို့စာမျက်နှာ တွေကိုကျော်ချလိုက်ပါ၊ အကြောင်းအမျိုးမျိုးကြောင့် ဖတ်ခွင့်မကြုံတဲ့ လူတွေအားလုံးအတွက် အတွေးလေး တခုလောက်ကျနော်တို့မျှကြည့်ချင်ပါတယ်၊
အပိုင်း(၁)
“ကျုပ်တို့အသံတွေက ငြိမ်သက်နေမှာမဟုတ်ဘူး၊ ကျုပ်တို့က ခင်ဗျားတို့အတွက်တော့ မနားတမ်းပြန်ဝဲနေမဲ့လိပ်ပြာဆိုးတွေပါ၊ နှင်းဆီဖြူတွေက ခင်ဗျားတို့ကိုငြိမ်းချမ်းနေတဲ့ ဘ၀ တွေထဲမှာထားရစ်ခဲ့မှာမဟုတ်ဘူး” ဂျာမဏီနိုင်ငံမြူးနစ်တက္ကသိုလ်ရဲ့ပင်မ ခန်းမဆောင်ထဲက စတုရမ်းပုံစံဒီဇိုင်အဆောက်အဦတခုဟာဆေးတက္ကသိုလ်ကျောင်းသားတချို့နဲ့ဒဿနိကပါမောက္ခ တယောက်ကိုဂုဏ်ပြုထားတဲ့ သင်္ကေတတခုလို့လူတိုင်းလေးမြတ်စွာနားလည်ခဲ့ကြတယ်၊ သူတို့ခြောက်ယောက်ကို ဟစ်တလာရဲ့ဂက်စတာဘိုတွေက ဖမ်းဆီးပြီးခေါင်းဖြတ်သတ် ခဲ့ကြ တယ်၊ ဟစ်တလာမကြည့်ချင်လောက်အောင်မုန်းတဲ့ နှင်းဆီပန်းတွေကိုသူတို့ကဖန်ဆင်းခဲ့ တယ်၊ အမေရိကနဲ့တခြားနိုင်ငံက တက္ကသိုလ်တွေ၊ (အထူးသဖြင့် တက္ကဆပ်တက္ကသိုလ်)၊ တေးဂီတအဖွဲ့တွေမှာ “နှင်းဆီဖြူ လူ့အဖွဲ့အစည်း” ဆိုတဲ့ဝေါဟာရဟာ သူတို့ကိုဂုဏ်ပြုထားတဲ့ အဖွဲ့အစည်းတွေပါ၊ ဂျာမဏီရဲ့သူရဲကောင်းများလို့ လေးမြတ်ခံရတဲ့ သူတို့အတွက်တက္ကသိုလ် တွေမှာ ထောင်ချီပြီးဝေတဲ့နှင်းဆီဖြူ လှုပ်ရှားမှုတွေ၊ “ငါတို့ဟာငြိမ်သက်နေမှာမဟုတ်” စာ တန်းပါတဲ့တီရှပ်တွေကိုဝတ်ပြီးလှုပ်ရှား နေကြတဲ့ကျောင်းသားတွေဟာ ငြိမ်းချမ်းရေးလှုပ်ရှားမှု တွေဆီထိပါဝင်ပတ်သက်နေကြပါတယ်၊ နာဇီဂျာမဏီစစ်ရှုံးတာလူတိုင်းသိပေမဲ့ ဟစ်တလာကို ဂျာမန်လူထုကလည်းမထောက်ခံခဲ့ဘူး၊ ဟစ်တလာရဲ့လူငယ်တပ်တွေကအစ ပုန်ကန်ခဲ့ကြတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောခဲ့တဲ့ သမိုင်းတွေက နည်းပါးခဲ့တယ်၊ နိုင်ငံတနိုင်ငံကိုကျူးကျော်တိုင်း
“ကျနော်တို့မိတ်ဆွေအဖြစ် လာခဲ့တာပါ၊ ခင်ဗျားတို့ကို စော်ကားဖို့မဟုတ်ပါဘူး” ဆိုတဲ့ဟစ်တလာရဲ့စကားကို ဂျာမန်ပြည်သူတွေကိုယ်တိုင်ကအစ
မယုံကြတော့ဘူး၊ အထူးသဖြင့် ပညာတတ်အသိုင်းအ၀ိုင်းနဲ့၊ ဟစ်တလာလူငယ်တပ်က ကျောင်းသားတွေက သူတို့စဉ်းစားမိသလောက်
ဆန့်ကျင်အာခံဖို့ကြိုးစားခဲ့ကြတယ်၊ ဟစ်တလာသတ်ဖို့ကြိုးစားတဲ့ ပိုးလစ်ရှ် ဂျူးတွေ (Polish Jews) ကိုဖွက်ပေး၊ အန္တရာယ်ကလွတ်အောင်စောင့်ရှောက်ကြနဲ့၊ ၁၉၄၀ ကာလတွေဆီကိုပြန်သွားကြည့်မိတယ်၊
ခြေရာ(၁)
နှင်းတွေ အေးစက်သိပ်သည်းစွာ၊ ဖွေးဖွေးစွတ်ကျနေသည့် ဂျာမဏီနိုင်ငံ၊ မြူးနစ် . ၁၉၄၀ ကာလများ၊ ဆိုရှယ်လစ်စစ်ချီကြွေးကြော်သံတွေ၊ မာကြောပြတ်သားမှုတွေနှင့် စူးရှပြောင်လက်နေသော မျက်လုံးများထဲမှာ ဂျာမဏီပြည်ကိုမိုးကောင်းကင်ထိ
ဆွဲတင်ပစ်ရမယ်ဆိုသော မျှော်လင့်ချက်အပြည့်ပါသည့်ရင်ခုန်သံတွေ၊ လူတိုင်းအလုပ်အကိုင်ရှိနေစေရမယ်၊ အစာရေဆာပြည့်စုံနေစေရမယ်၊ အဆင့်အတန်းမြင့်တဲ့လူအဖွဲ့အစည်းကိုကမ္ဘာလောကကြီးကမြင်ကြရမှာဖြစ်တယ် ဆိုသည့် ဟစ်တလာ. မိန့်ခွန်းတွေကြားမှာ လူတွေတက်ကြွရဲရင့်နေကြသည်၊ အသက် (၁၀) နှစ်ကနေ (၁၄) နှစ်အထိတအုပ်စု၊ အသက် (၁၅) နှစ်ကနေ (၂၀) ကျော်သူတွေအတွက်တစု၊ ဟစ်တလာလူငယ်တပ်ဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့ချုပ်တွေဆီမှာ ဆယ်ကျော်သက်အရွယ်တွေ၊ စာရင်းပေးပြီးလမ်းမတွေပေါ်မှာ အေးခဲနေသည့်လေထုကို မှုတ်ထုတ်ရင်းသိချင်းဆိုနေကြ သည်၊ နှလုံးသားကကောင်းကင်ဆီမှာ၊ စိတ်ကူးဆံနွယ်စတွေက သုခဘုံဆီမှာချည်နှောင်ထား ကြသည်ဟုထင်မှတ်မှားနေကြသည်၊-- ကမ္ဘာမှာဘယ်လူမျိုးမှ ဂျာမန်ပြည်သူတွေလောက် မမြင့်မြတ်ဆိုသည့် ဆိုရှယ်လစ်အစွန်းရောက် ခေါင်းဆောင်တယောက်က သူတို့နိုင်ငံကိုကြေကွဲမှု.အစွန်းဆီတွန်းချပစ်တော့မည်ဆိုတာကိုသူတို့သဘောမပေါက်ခဲ့ကြ၊
“ကျနော်ကတော့သံသယတွေကြီးလာတာအမှန်ပဲ၊ ဒီ--ဟစ်တလာဆိုတဲ့ခေါင်းဆောင်သစ်က အာဘောင်အာရင်းသန်သန်နဲ့ပြောသာနေတာ၊ သူလုပ်နေတာတွေက စစ်လက်နက်ထုတ်လုပ် မှုတွေကို တစထက်တစတိုးမြင့်လာတာရယ်၊ စစ်တန်းလျားတွေသာဆောက်နေတာပဲတွေ့ နေရတယ်၊ တိုင်းပြည်စည်းပွားရေးကိုဘယ်လိုစီမံခန့်ခွဲမယ်ဆိုတဲ့စိတ်ကူးတွေ တခုမှမတွေ့ရ ဘူး”ကျနော်တို့ရင်ဆိုင်ခဲ့ရတာဘယ်လောက်ခက်ခဲမလဲဆိုတာခင်ဗျားတို့စဉ်းစားကြည့်ပေါ့၊
တခါမှအာဏာရှင်စနစ်ကိုမကြုံခဲ့ဘူးတဲ့ပြည်သူတွေ နာဇီပါတီအာဏာရလာမှပဲ တသွေးတ သံတမိန့်ကိုကြုံခဲ့ရတော့တယ်၊
ဟစ်တလာရဲ့(Third Reich) ဥပဒေအရ၊ သူ့ကိုဟာသလုပ်ပျက်လုံးထုတ်တဲ့ ကောင်တွေကို သုတ်သင်ပစ်ဖို့အမိန့်ပေးထားတာဆိုတော့ ဂျာမန်ပညာတတ် ၅၀၀၀ ကျော်လောက်သတ်ဖြတ် ခံခဲ့ရတယ်၊ တိုင်းပြည်အာဏာကို ဟစ်တလာရဲ့လက်ထဲအပ်လိုက်ပြီးကတည်းက တိတ်တခိုး ဝေဖန်သံတွေ၊ မနှစ်မြို့သံတွေ၊ စစ်ပွဲတွေကြားမှာအတွေ့အကြုံများစွာဖြတ်သန်းခဲ့တဲ့ပညာတတ် တွေကြားမှာဇောကြောမေးခွန်းထုတ်စရာအဖြစ်အပျက်တွေရှိနေခဲ့ပါတယ်၊ဒါပေမဲ့သူတို့ရင် ဆိုင်နေရတဲ့အကြီးမားဆုံးပြဿနာက သူတို့ရဲ့ဆယ်ကျော်သက်ကလေးတွေကအစ ဟစ်တလာက ဖမ်းစားသိမ်းသွင်းနိုင်စွမ်းရှိခဲ့ပါတယ်၊ ဟစ်တလာက သူတို့ရဲ့သူရဲကောင်း၊ ဂျာမဏီပြည်သူတွေအတွက်အနာဂတ်မှာ အလုပ်တွေကိုဖန်တီးပေးဖို့ အတွက်စက်ရုံတွေကို
ဆောက်လုပ်ပေးနေတာလို့ယုံကြည်နေခဲ့ကြပါတယ်၊ ဒါကြောင့်လည်း ဟန်ရှိုးလ်နဲ့မောင်နှမ (၃) ယောက်လုံးက သူတို့အဖေ ရောဘတ်ရှိုးလ်ရဲ့ဝေဖန်မှုတွေကို “ဟာ အဖေကလည်း မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့မြင့်မြတ် တဲ့ခေါင်းဆောင်ကြီးက ကျနော်တို့ကိုရဲရင့်လှပတဲ့ အနာ ဂတ်ဆီ ကိုခေါ်ဆောင်ဖို့ကြိုးစားနေတာပါ၊ ဒီစက်ရုံတွေဆောက်လိုက်တော့ လူတွေအ လုပ်ပိုရတာပေါ့”လို့ပြန်တုန့်ပြန်ခဲ့ကြပါတယ်၊ သူတို့ကိုယ်တိုင်သွားပြီးဟစ်တလာရဲ့လူငယ်အဖွဲ့ တွေ၊ အမျိုးသမီးအဖွဲ့ချုပ်တွေဆီတက်တက်ကြွကြွဝင်ရောက်လုပ်ကိုင်ခဲ့ကြပါတယ်၊ လူငယ် အဖွဲ့တွေဆီက လက်ရွေးစဉ်ကျောင်းသားတွေကို နာဇီပါတီ ကေဒါတွေအဖြစ် ဟစ်တလာက ချီးမြောက်လေ့ရှိတော့၊ ထောက်လှမ်းရေး၊ ဂက်စတာဘိုအုပ်စုတွေရဲ့ ယုံကြည်ကိုးစားမဲ့နေ့ရက် တွေကိုစောင့်စားခဲ့ကြပါတယ်၊
အပိုင်း (၂)
၁၉၄၂ ဂျွန်လ (၂၂) ရက်မှာ ဟစ်တလာနဲ့ သူ့ရဲ့ဖက်စစ်တပ်တွေကဆိုဗီယက် ပြည်ထောင်စု ကိုဝင် ရောက်ကျူးကျော်တိုက် ခိုက်တယ်၊ (၁) စတာလင်ဂရက်ဆိုတာ အဲ့ဒီတုံးကစက်မှု မြို့တော်တခုဆီကို အလုံးအရင်းနဲ့ချီတက်နေတဲ့ကာလ၊ ကက်စပီယံပင်လယ်နဲ့ ရုရှားတွေ အတွက်အရေးကြီးတဲ့လမ်းပမ်းဆက်သွယ်ရေးလမ်းကြောင်း၊ ရေနံတွင်းတွေကြွယ်ဝ တဲ့နေရာ၊ (၂) တပြိုင်တည်းမှာပဲ အဲ့ဒီဒေသကလူတွေစတာလင်အပေါ်မှာ ပျင်းရိစိတ်ပျက်နေတယ်ဆိုတဲ့ကောလဟာလလိုသတင်းကိုဟစ်တလာကကြားနေခဲ့တယ်၊ (၃) ဂျာမဏီ နယ်ချဲ့မှုနယ်နမိတ်မျဉ်းတွေလုံခြုံမှုအတွက် ရုရှားရဲ့နယ်မြေတချို့ကိုသိမ်းပိုက်မှဖြစ်မယ်၊ ဆိုတော့—ဒီအချက် (၃) ချက်ကို ကိုင်ပြီး ဂျာမဏီ က စတာလင်ဂရက်ကို သိမ်းဖို့ကြိုးစားတယ်၊ ပြဿနာက ဆိုဗီယက်ခေါင်းဆောင်“စတာလင်” ဆိုတဲ့နာမည်ဘာကြောင့် ပေါ်လာတယ်ဆိုတာ ဟစ်တလာအပါအ၀င်၊ ဂျာမဏီက ဗိုလ်ချုပ်တွေ
သိပုံမရဘူး၊ တကယ်တမ်း စတာလင် ရဲ့နာမည်အရင်းက Iosif Vissarionovich Dzhugashvili သူ့ရဲ့သံမဏီလိုမာကျောတဲ့ ဆုံးဖြတ်ချက်တွေ၊ မြို့သိမ်းတိုက်ပွဲတွေကြောင့်၊ သံမဏိ (စတာလင်) လို့ဆိုဗီယက်တွေက ဂုဏ်ပြုပြီးခေါ်ခဲ့ကြသလို စတာလင်ကိုယ်တိုင်ကလည်း နှစ်နှစ်ကြိုက်ကြိုက်သုံးစွဲခဲ့တယ်၊ စတာလင်က၊ ဟစ်တလာ ရဲ့တချက်ခုတ်၊ (၃) ချက်ပြတ်အကြံကိုသိတယ်၊
ဒါကြောင့်လည်း စစ်ပွဲမစခင်ကတည်းက ဂျာမန်တွေကြိုက်မဲ့အားနည်းချက်တွေကိုအကုန်ဟာကွက်မရှိအောင်ပြင်ဆင်တယ်၊ သူကလည်း စစ်ပွဲကိုနိုင်အောင်ခုခံနိုင်ခဲ့ရင် သူ့ကိုပျင်းနေတဲ့သူတွေကို သူဘာလည်းဆိုတာ တုန်လှုပ်သွားအောင် ပြသချင်ပုံရတယ်၊
စတာလင်ဂရက်မှာနေတဲ့ကလေးတွေ၊ မိန်းမတွေကအစ၊ မြို့ကိုထွက်ပြေးသွားခွင့်မပေးခဲ့ဘူး၊
အားလုံးအနည်းဆုံးရိုင်ဖယ်သေနတ်နဲ့ပြန်ပစ်ဖို့ပြင်ဆင်ခိုင်းထားတယ်၊ မြို့ကိုမကျဆုံးဖို့အတွက် အသေခံကာကွယ်ရမယ်လို့အမိန့်ပေးထားခဲ့တယ်၊မြို့ကိုစွန့်ခွာထွက်ပြေးဖို့ကြိုးစားသူတွေကို သစ္စာဖောက်ဆိုပြီးပစ်သတ်ခိုင်းတယ်၊
ဒါကြောင့်လည်း သမိုင်းမှာ ခြောက်လအတွင်းလူပေါင်း တသန်းခွဲသေကြေခဲ့တဲ့ အကြမ်းတမ်းဆုံးစစ်ပွဲတခုကိုကြုံတွေ့ခဲ့ရတာပေါ့၊ (စတာလင်ဂရက်တိုက်ပွဲက ၁၉၄၂ သြဂတ်လကနေ ၁၉၄၃ ဖေဖေါ်ဝါရီလအထိဖြစ်ခဲ့တယ်)
ဂျာမန်တွေ၊ ဆိုဗီယက်တွေရဲ့ ထောင်ခြောက်အောက်မှာ အလူးအလဲခံလိုက်ရတော့တယ်၊ မြို့တခုလုံးရဲ့၈၀ ရာခိုင်နှုန်းကျော်က ဂျာမန်တွေပက်ပက်စက်စက်ဗုံးကြဲတာကြောင့် ရစရာမရှိတော့လောက်အောင် ပျက်စီးသွားပေမဲ့၊ စတာလင်က ရုရှားရဲ့အအေးစက်ဆုံး
ဆောင်းရက်တွေကိုစောင့်တယ်၊ မြို့ထဲမှာ ဂျာမန်တပ်တွေကျွံဝင်လာအောင်မျှားခေါ်တယ်၊ နောက်တော့—ဆောင်းမုန်တိုင်းစစ်ဆင်ရေး၊
(Operation Winter Strom)၊ ယူရေးနတ်(စ်)စစ်ဆင်ရေးနဲ့ မာန်နတ်စစ်ဆင်ရေး (Operation Satan) တွေကို ပြန်ထိုးစစ်ဆင်တယ်၊ အစာရေဆာဖြတ်တောက်ခံရမှု၊ ရာသီဥတုပြင်းထန်မှုတွေနဲ့အတူ ကျနော်တို့ဂျာမန်တွေ ရောဂါတွေရ၊ ရက်စက်တဲ့ခံစစ်တွေ
အောက်မှာတဖြုတ်ဖြုတ်ကြွကုန်ကြတယ်၊ ဆိုဗီယက်တပ်တွေနဲ့ဂျာမန်တွေကွာခြားမှုက၊ စတာလင်ဟာသူရဲ့စစ်တပ်ကို မျှော်လင့်ချက်နဲ့ရှင်သန်နေစေမဲ့ ၀ါဒ ဖြန့်စာတွေကိုဆက်တိုက်ဖန်တီးခဲ့တယ်၊
သူရဲကောင်းတွေအကြောင်းကို နောက်လူတွေလေးစားပြီး သူတို့လိုလမ်းကြောင်းမှာ လျောက်လှမ်းနိုင်ဖို့အတွက်၊ အားပေးမြောက်စားတဲ့ အစီအစဉ်အရပ်ကို နီကီတာခရူးရှက်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်၊
အဲ့ဒီတုံးက နှင်းဆီဖြူအဖွဲ့ဝင်ဖြစ်တဲ့ ဂျာမန်ဆေးတက္ကသိုလ်ကျောင်းသားတွေက၊ ရုရှားနဲ့တိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာတွေဆီကို ဆေးမှူးတွေအဖြစ်
၃ လသွားပြီးတာဝန်ထမ်းရတယ်၊ သူတို့တတွေစစ်ရဲ့အနိဌာရုံတွေကို သဘောပေါက်သွားသလို၊ ဂျာမဏိဟာစစ်ရှုံးတော့မယ်ဆိုတာသိနေတယ်၊ တပြိုင်နက်ဟစ်တလာဟာသူ့ရဲ့ပါဝါအတွက်လူတွေအားလုံးကိုရင်းပစ်ဖို့ဝန်မလေးဘူးဆိုတာကိုသဘောပေါက်သွားတယ်၊ အပြန်မှာသူတို့ရေးသားဖြန့်ဝေတဲ့လက်ကမ်းစာစောင်တွေက သိတ်အားပါပြီးလူထုကိုရှင်းရှင်းလင်းလင်းဖွင့်ချတိုက်ပွဲဝင်ဖို့နိုးဆော်ခဲ့ကြတယ်၊
ခြေရာ(၂)
“အဆိုးဆုံးကတော့ ကျနော်တို့ကို နိုင်ငံခြားကလာတဲ့တေးဂီတတွေ နားမထောင်ရဘူး၊ ဂျာမန် တွေရဲ့အနုပညာဖန်တီးမှုလောက်ဘယ်အရာမှ မမြင့်ဘူးလို့ပြောနေတဲ့ အရာရှိတွေပဲ၊ ရုရှား သီချင်းတွေဆိုပိုလို့ဝေးရော့ပေါ့၊ ဟစ်တလာအမုန်းဆုံး လူမျိုးက ဂျူးတွေနဲ့ကွန်မြူနစ်တွေ ဖြစ်ပြီး၊ အမုန်းဆုံးဘာသာဗေကိုပြပါဆိုရင်ရုရှားဘာသာစကား ကထိပ်ကပါတာပေါ့၊ ပိုထူးဆန်းတာက ကျနော်တို့အရင်ကတည်းက နှစ်နှစ်သက်သက်ကိုင်ဆွဲနေတဲ့ လူငယ်တွေရဲ့အလံ တွေကိုကိုင်ဆောင်ခွင့်မပေးတော့တာပဲ၊ သူတို့ဝါဒဖြန့်မှုတွေသာနားထောင်ရမယ်၊ သူတို့ခိုင်းတဲ့ အရာ ကလွဲလို့အရာအားလုံးကိုဖျက်ဆီးပစ်ရမယ်ဆိုတဲ့သဘောပေါ့၊ တရက်ဗျာ(၁၂)နှစ်အရွယ် ကောင်လေးတယောက်ကသူနှစ်သက်တဲ့အလံလေး၊ ကိုင်ပြီးသီချင်းဆိုနေတာကို ဂျာမန်စစ် ဗိုလ်တယောက်က အတင်းလွှင့်ပစ်ခိုင်းတယ်၊ သီချင်းဆိုတာကိုလည်းရပ်ခိုင်းတယ်၊ ကောင် လေးက နားမထောင်တဲ့အခါ၊ စစ်ဗိုလ်က ရိုက်နှက်မလို့ လျောက်လာတာကို ကျနော်မြင်တော့ ပြေးသွားပြီး အဲ့ဒီဗိုလ်ကို ဖြတ်ထိုးပစ်လိုက်တယ်၊ အဲ့ဒီနေ့က ဟစ်တလာလူငယ်အဖွဲ့နဲ့ ကျနော် နောက်ဆုံးဇာတ်လမ်းပြတ်တဲ့နေ့ပဲ၊”
စစ်ရဲ့အနိဌာရုံကိုသိသွားတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတွေ၊ ဟစ်တလာရဲ့ရူးသွပ်နေတဲ့ ဆန္ဒ ကိုသိသွားတဲ့ ဆေးမှူးတွေ၊
ရှေ့တန်းစစ်မျက်နှာတွေကပြန်လာလာချင်း ၁၉၄၂ အလည်လောက်ကတည်းက လက်ကမ်း စာစောင်တွေစတင်ရေးသားတော့တယ်၊ ဆေးတက္ကသိုလ်ကျောင်းသား ဟန်ရှိုးက ရေးသားပြီး၊ သူငယ်ချင်းတွေအတူ ညီမဖြစ်တဲ့ဇီဝဗေကျောင်းသူ ဆိုဖီရှိုးက လိုက်ပြီးဖြန့်ဝေတယ်၊ သူတို့ရဲ့ လက်ကမ်းစာစောင်တွေထဲမှာ စိတ်ဓာတ်ဝိညည်နဲ့ မျှော်လင့်ချက်ဆိုတဲ့ အားပြင်းထန်တဲ့အယူ အဆတွေကိုထည့်သွင်းရေးသားထားတယ်၊ သူတို့ရဲ့ပထမဆုံးထုတ်တဲ့လက်ကမ်းစာစောင် မှာ
“ အသူတရာနက်တဲ့ချောက်ထဲကနေ သူဟာထင်ထင်ရှားရှား မြင့်တက်လာပေမဲ့
သံမဏိစိတ်ဆန္ဒတွေ ကောက်ကျစ်မှုတွေ နဲ့ ကမ္ဘာကြီးရဲ့တခြမ်းလောက်ကိုသိမ်းပိုက် ထားနိုင် ခဲ့ပေမဲ့၊ သေချာတာတခုက အဲဒီ-ချောက်ထဲကိုပဲသူပြန်သွားရမှာပါ၊ ခက်ထန်ကြမ်းတမ်းတဲ့မာန တွေနဲ့ သူကခုခံနေပေမဲ့၊ ထိတ်လန့်စိတ်ပျက်ကြောက်မက်ဘွယ်တွေက သူ့ကိုဝါးမျိုသွားပြီးပပြီ၊ သူနဲ့အတူရပ်ခဲ့တဲ့သူတွေအားလုံးလည်းပျက်စီးကုန်ကြတော့မှာပါ။
မျှော်လင့်ချက် ဆိုတဲ့အဆုံးသတ်လက်ကမ်းစာစောင်ထဲမှာတော့ “ အမှောင်ထဲမှာ လူကောင်း တွေကိုငါတို့ရှာခဲ့တယ်၊ အိပ်ပျော်နေတာမဟုတ်တဲ့ ငြိမ်သက်မှုတွေထဲမှာလွတ်မြောက်မှု ရဲ့ တောက်ပ၀င်းလက်နေတဲ့စကားလုံးတွေကို ခပ်တိုးတိုးရေရွတ် စောင့်မျှော်နေမိတယ်။
မြူးနစ်မှာကျောင်းတက်နေတဲ့ ဆေးတက္ကသိုလ်ကျောင်းသားဟန်ရှိုးဟာ နာဇီပါတီနဲ့ ဟစ်တလာဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့ဗဟိုဖြစ်လာတယ်၊ သူ့နောက်ကွယ်မှာ နိုင်ငံရေးအတွေး အခေါ်တွေအားဖြည့်ပေးတဲ့ပုဂ္ဂိုလ်က ဒဿနိကပါမောက္ခ (Kurt Kubre)
ခြေရာ (၃)
“မှတ်မှတ်ရရ၊၁၉၄၃ ရဲ့ဆောင်းရာသီမှာပေါ့၊ ဂျာမဏီအမျိုးသမီးအဖွဲ့ချုပ်မှာဝင်ရောက်လုပ်ကိုင် နေတဲ့ ကျောင်းသူတွေသူတို့အိပ်မက်တွေဆွဲဆုတ်ခံလိုက်ရပြီဆိုတာ သဘောပေါက်လိုက်ကြ တယ်၊ ဘဗီရီယာခရိုင်တာဝန်ခံဗိုလ်ချုပ်က မြူးနစ်တက္ကသိုလ်ကိုရောက်လာပြီး မိန့်ခွန်းပေး တယ် “မိန်းမတွေဟာ၊ စာသင်ကြားနေမှုအပေါ်မှာ အချိန်ဖြုန်းနေမဲ့အစား၊ ဂျာမဏီ တပ်မတော်အတွက် နောက်မျိုးဆက်ကလေးတွေကိုမွေးပေးသင့်တယ်၊ ဆန့်ကျင်ဘက်လိင် အပေါ်ဆွဲဆောင်မှုအားနည်းတဲ့အမျိုးသမီးတွေအတွက် သူ့နားမှာကိုယ်ရံတော်အဖြစ်နေဖို့ စီစဉ် ပေးမယ်” လို့တိတိလင်းလင်းပြောလာတယ်၊၊ ကျောင်းသူတွေက သူရဲ့မိန့်ခွန်းကိုဆက်နားမ ထောင် တော့ပဲအခန်းအပြင်ကိုထွက်ဖို့ကြိုးစားတဲ့အခါ ဂက်စတာဘိုထောက်လှမ်းရေးတွေက ၀ိုင်းဖမ်းလိုက်ကြတယ်၊ ဒါပေမဲ့ နှင်းဆီဖြူလူငယ်တွေရဲ့လှုပ်ရှားမှုဟာ ကျောင်းတွေထဲမှာ ကောင်းကောင်းအမြစ်တွယ်နေပြီဆိုတာကိုလည်းသူတို့သဘောပေါက်နေကြတယ်၊ကျောင်းသူ တွေအားလုံးနီးပါး အာဏာဖီဆန်ဖို့ကြိုးစားတော့ ဂက်စတာဘိုတွေနဲ့ ရုန်းရင်ဆန်ခတ်ထိပ် တိုက်တိုးမိကြတော့တယ်၊ ကျောင်းသူ (၈၀) နီးပါးအဖမ်းခံရတယ်၊ ဘာပဲဖြစ်ဖြစ် မြူးနစ် တက္ကသိုလ်ဟာ ဟစ်တလာကိုဆန့်ကျင်တဲ့ နေရာတခုဖြစ်တယ်ဆိုတာ သမိုင်းကသက်သေခံ လိမ့်မယ်၊
ဂျာမန်တွေဟစ်တလာ သဘောထားကိုရိပ်စားမိသွားပြီ၊ နာဇီဂျာမဏီကိုအဆုံးသတ်ဖို့ လှုပ်ရှား မှုတွေဆက်တိုက်ပြုလုပ်လာကြတော့သည်၊ နှင်းဆီဖြူကျောင်းသားတွေ သမိုင်းမှာနာမည်ကြီး ကျန်ရစ်စေမည့် စာစောင်တွေပလူပျံလာသည်၊ စာစောင်နံပါတ်နှစ်မှာ ဟစ်တလာရဲ့ယုတ်မာ ရက်စက်မှုတွေကို ပျင်းရိဘွယ်မသိကျိုးကျွံ ပြုနေတဲ့ပြည်သူတွေကို နှိုးဆော်လိုက်သလို၊ အတွေးအခေါ်ပညာရှင် လာအိုဇူ (Lao_Tzu) ၏ “နိုင်ငံတော်ကိုလက်ဝါးကြီးအုပ်ဖို့ကြိုးစား နေသူဟာ နိုင်ငံတော်ကိုပျက်စီးအောင်လုပ်မဲ့သူဖြစ်တယ်၊ တိုင်းပြည်ကိုသူရဲ့အာဏာအောက် မှာ သွပ်သွင်းဖို့ကြိုးစားနေပေမဲ့၊ သူဟာဆုံးရှုံးလိမ့်မယ်”ဆိုသောအဆိုအမိန့်များကိုထည့်ထား တတ်သည်၊ မြူးနစ်တက္ကသိုလ်ပေါ်တံခါးပေါက်ဝတွေဆီက စာရွက်တွေကိုကြဲချလိုက်ပြီး မကြာ ခင်မှာ ကျောင်းသားယောင်ဆောင်ထားသော ဂျာမန်စစ်ထောက်လှမ်းရေးတွေနဲ့အရာရှိတွေ ရောက်လာပြီး၊ ဆိုဖီရှိုးအပါအ၀င် နှင်းဆီဖြူကျောင်းသားအဖွဲ့ဝင်တွေ ဖမ်းဆီးခံလိုက်ရတော့ သည်၊
၁၉၄၃ ဖေဖေါ်ဝါရီ (၂၂) ရက်မှာတော့ဂက်စတာဘိုတွေ ရက်ရက်စက်စက်နှိပ် စက်စစ်ကြောမှု ကိုခံလိုက်ရပြီးတဲ့နောက် နှင်းဆီဖြူလူငယ်တွေကို ပြည်သူ့တရားရုံးမှာ ခုံရုံးတင်ပြီး ခေါင်းဖြတ် စက်ဖြင့်သတ်ဖြတ်ပစ်ရန် စီရင်ချက်ချခဲ့သည်၊ ဆိုဖီရှိုးကဒဏ်ရာတွေ အပြည့်အသိပ်နှင့် အေး အေးဆေးဆေးပြုံးရင်း တရားသူကြီးအပါအ၀င်၊ ဂျာမန်စစ်ထောက်လှမ်းရေးတွေကို မေးခွန်း တခုမေးလိုက်သံကို တရားရုံးထဲကပြည်သူတွေရှင်းရှင်းလင်းလင်းကြားနေရသည်၊ “ နေပါအုံး၊ ရှင်တို့ကဘာလို့ ဒါ လောက်သူရဲဘောကြောင်နေရတာလဲ၊ ဂျာမဏီစစ်ရှုံးတော့မယ်ဆိုတာကို ပြည်သူကိုအသိပေးလိုက်တော့လေ” တဲ့ ….
နိဂုံး
နှင်းဆီဖြူကျောင်းသားတွေ တကယ်တမ်းထုတ်ခဲ့တာ လက်ကမ်းစာစောင်(၆) စောင်ပဲ ရှိပေမဲ့ အဲ့ဒီ စာစောင်တွေထဲက စာသားတွေ၊ ပြည်သူကိုတပ်လှန့်သံတွေဟာ အင်အားပြင်းထန်ခဲ့ပါ တယ်၊ သူတို့သတ်ဖြတ်ခံခဲ့ရပေမဲ့သူတို့ရဲ့စာတွေကိုဂျာမဏီကနေ အင်္ဂလန်ဆီခိုးထုတ်၊မဟာ မိတ်တပ်တွေကလေယာဉ်နဲ့ ဂျာမဏီပြည်ကမြို့တော်တွေဆီ “မြူးနစ်တက္ကသိုလ်ကျောင်းသား များ.ကြေငြာစာတန်း”အဖြစ်ကျဲချခဲ့ပါတယ်၊ ဟစ်တလာကို ဂျာမန်ပြည်သူတွေကအစလက်မခံ ဘူး ဆိုတာကမ္ဘာကိုပြချင်တဲ့ရည်ရွယ်ချက်တခုလည်းပါမယ်ထင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြူးနစ်တက္ကသိုလ်ရဲ့ပင်မအဆောက်အဦကို ရောက်ရင်၊ သူတို့ကိုလေးစားဂုဏ်ပြုထားတဲ့ အရာ တွေ၊ “ ငါတို့ဟာငြိမ်သက်နေမှာမဟုတ်” ဆိုတဲ့ နိုင်ငံအသီးသီးဆီပြန့်နှံ့သွားတဲ့စာတန်းတွေ၊ ဂီတနဲ့အသက်ဝင်လိပ်ပြာတွေသယ်ဆောင်လာတဲ့ နှင်းဆီဖြူတွေက ကမ္ဘာကြီးကိုတိတိကျကျ သတင်းပို့နေခဲ့ပါတယ်၊ “သူရဲကောင်းတွေဆိုတာအမြဲနုပျိုနေတဲ့ နှင်းဆီဖြူတွေပါဗျာ”တဲ့
အောင်မိုးဝင်း
စာအုပ်ကိုဖတ်မယ်ဆိုရင် ……. Inge School ရေးတဲ့ The White Rose ကိုဖတ်ပါ
၂၀၀၆ ခုနှစ် နိုင်ငံခြားဘာသာရုပ်ရှင်ကားဆုရတဲ့ Sophie School The Final Days နဲ့ပေါင်းပြီးခံစားလိုက်ရင်တော့ ပိုအရသာရှိမယ်လို့အကြံပေးချင်ပါတယ်။
Read More...
အမျိုးသားနေ့
အင်္ဂလိပ်လိုနေရှင်နယ်ဒေး ဗမာလိုအမျိုးသားနေ့ဆိုတာ နိုင်ငံတနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာ ကိုဖော်ကြူးတယ်လို့ယူဆကြတဲ့နေ့ရက်ကို သတ်မှတ်ကြတတ်တယ်။ တရုတ်အမျိုးသားနေ့ဆို တာ ပီအာစီလို့ အင်္ဂလိပ်လိုသိကြတဲ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်တဲ့နေ့၊ အမေရိ ကန်တွေအတွက်ကျတော့ သူတို့ရဲ့လွတ်လပ်ရေးနေ့ဟာ အမျိုးသားနေ့ဖြစ်ပြန်ရော။ နောက် တခါ ပြင်သစ်တွေအတွက်ကျတော့ ပြင်သစ်တွေရဲ့ သုံးရောင်ခြယ်အလံမှာ ဖော်ကြူးနေတဲ့ liberty/ equality၊ နောက် fraternity ဆိုတဲ့လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ညီရင်းအကိုစိတ် ဓာတ်ရှိမှုတွေက အကြွင်းမဲ့ဘုရင်စံနစ်ပေါ် အနိုင်ရလိုက်တဲ့နေ့။ ဘုရင်မနှစ်သက်တဲ့စာတွေရေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားလေ့ရှိတဲ့ ဘာစတီးအကျဉ်းထောင်ကို ၀င်စီးတဲ့နေ့။ တနည်းအားဖြင့် အကြွင်းမဲ့စနစ်နဲ့အုပ်စိုးမှုကို မခံနိုင်လွန်းလို့သူပုန်ထတဲ့နေ့ပဲ။ အဲဒီနေ့ ကနေ့ ပြည်သူတွေရဲ့တောင့်တချက်တွေကို ဆောင်ကြဉ်းပေးမဲ့ ပြင်သစ်ပြည်ကြီးမွေးဖွားလာတယ်လို့ ပြင်သစ်တွေကယုံကြည်ကြတဲ့အတွက် ဘာစတီးနေ့ဟာပြင်သစ်တွေရဲ့ အမျိုးသားနေ့ဖြစ်လာ တယ်။ မြန်မာပြည်အတွက်တော့ ကောလိပ်ကျောင်းသားတွေ အင်္ဂလိပ်အစိုးရရဲ့ပညာရေးစနစ် ကိုစဘွိုင်းကောက်လုပ်တဲ့နေ့။ ပထမကျောင်းသားသပိတ်ရယ် ဆိုပြီးနောက်ပိုင်းမှာသတ်မှတ် လာကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော် ဆယ်ရက်နေ့ပဲ။ ဆိုတော့ ဒီနေ့ဟာအမျိုးသားရေး လက္ခဏာ ဘယ်လိုဆောင်သလဲဆိုတာကိုကြည့်မယ်။ အမျိုးသားနေ့ကို ကောလိပ်ကျောင်း သားတွေ စသပိတ်မှောက်တဲ့နေ့အဖြစ်သတ်မှတ်ဘို့ စအဆိုပြုတာ နေရှင်နယ်ဦးမြင့် လို့သိကြ တဲ့ ကျောင်းသားသပိတ်ကိုယ်စားလှယ် ကိုမြင့်ပဲ။ အဲဒါပေမဲ့ တို့မြန်မာတွေမှာ နေရှင်နယ် ဒေး၊ အမျိုးသားနေ့ရယ်ဆိုပြီး ရှိသင့်တယ်လို့ အဆိုသွင်းတာကတော့ န၀မအကြိမ် ဂျီစီဘီအေ အစည်းအဝေးမှာ ကန်ကြီးထောင့်က ကိုယ်စားလှယ်တယောက်က အဆိုတင်သွင်းတာဖြစ် တယ်၊ အဲဒိမှာတချို့ကလဲ သီပေါဘုရင်နန်းကျတဲ့နေ့၊ တချို့ကလဲ ဦးဥတ္တမထောင်ကျတဲ့နေ့ကို သတ်မှတ်ရင်ကောင်းမယ် စသဖြင့်တင်ပြကြတယ်၊ အဲဒိမှာ ကျောင်းသားကိုယ်စားလှယ် ကိုမြင့် က ကောလိပ်ကျောင်းသားတွေ သပိတ်မှောက်တဲ့နေ့ဟာဖြင့် ပိုသင့်တော်တယ်ဆိုပြီး အကြံပြု တာဖြစ်တယ်။ သူရဲ့ ကြောင်းကျိုးပြဆိုချက်က မှတ်သားစရာကောင်းတယ်၊ ‘ယူနီဘာစတီ အက် ဥပဒေကို သပိတ်မှောက်တဲ့ကိစ္စဟာ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်သြဇာအာဏာဥပဒေ ကို ပဌမဆုံးတော်လှန်ပုန်ကန်တဲ့ ကိစ္စဖြစ်ပါတယ်၊ တနိုင်ငံလုံးကိုနိုးကြားထကြွသတိရပြီး ၀ံသာ နုရိက္ခိတတရားထွန်းကားလာပါတယ်’ တဲ့၊
အဝေးကနေလှမ်းကြည့်မယ်။ အပေါ်ယံရှပ်ကြည့်မယ်ဆိုရင်တော့ ဒါကောလိပ်ကျောင်းသား တွေရဲ့ ဟန်းတားပညာရေးဥပဒေကို မကျေမနပ်ဘွိုင်းကော့ လုပ်တဲ့ကိစ္စဘဲ။ (တချို့ စက်တင် ဘာ လူထုအုံကြွမှုကို ဆီဈေးတက်တာမခံနိုင်လို့ ဆန္ဒပြတဲ့ပွဲသက်သက်လို့ ယောင်တီး ယောင် တောင်ပြောတာတွေနဲ့ခပ်ဆင်ဆင်လို့ပြောရမလားဘဲ၊ ကြားစကားချပ်၊) ဒါပေမဲ့ သတိပြုရမှာ က အဲဒိအချိန်ကာလမှာ မြန်မာတွေဟာ အင်္ဂလိပ်က အိန္ဒိယလောက်မသာဘူးဆိုတဲ့ ဆုံးဖြတ် ချက်ကြောင့် မခံချိမခံသာဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်စနိုးကြားလာစချိန်၊ ဦးဥတ္တမကြီးက ‘ကရက်ဒေါက်ပြန်သွား’ဆိုပြီး ခပ်တည်တည်နဲ့ဟိန်းဟောက်တာကို သဘောခွေ့နေတဲ့အချိန်၊ မစ္စတာမောင်မှိုင်းအမည်ခံ ဆရာကြီးဦးလွန်းက နောင်သော် ဟုမ္မရူးဘက်တော်သားတွေ ကောင်းစားကြပါလိမ့်လို့ ထုထိသြဘာပေးနေတဲ့အချိန်ဖြစ်တယ်။ အင်္ဂလန်မှာမွေးတဲ့ အင်္ဂလိပ် ထက်ပိုပြီးလူမျိုးကြီးစိတ်ဓာတ်ရှိတဲ့ ကုလားပြည်ပေါက် အိုင်စီအက်စ်ဗျူရိုကရက် ကရက်ဒေါက် နဲ့ အမျိုးသားစိတ်ပြင်းထန်တဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ၊ အဲ အဲဒိအချိန်ကတော့ ၀ံသာနုများ ပေါ့ဗျာ။ ၀ံသာနုအရေးလှုပ်ရှားသူတွေ တချိန်မဟုတ်တချိန် ငြိကြမှာဘဲ၊ ဆိုတော့နိုင်ငံရေး နောက်ခံကိုကြည့်ရင် ဂျီစီဘီအေ၀ံသာနုအသင်းကြီးရဲ့ ဟုမ္မရူးတောင်းဆိုချက်နဲ့ အိုင်စီအက်စ် ဗျူရိုကရက် ကရက်ဒေါက်အစိုးရရဲ့ အင်္ဂလိပ်သြဇာခံသက်သက် အုပ်ချုပ်ရေးတို့အားပြိုင်နေကြ တာတွေ့ရမယ်။ အဲ့ဒိအားပြိုင်မှုဟာ ကောလိပ်ပညာရေးမှာလာကူးစက်သွားပြီး ကောလိပ် ကျောင်းသားကြီးများက သူတို့နယ်ပယ်မှာ စတိုက်ပွဲဝင်ကြရာကနေ သမိုင်းဝင် တန်ဆောင်မုန်း လပြည့်ကျော်ဆယ်ရက်နေ့ဆိုတာ ပေါ်လာတာပဲ။ ဒါ့ကြောင့် ကျောင်းသားကိုယ်စားလှယ် ကိုမြင့်ပြောသလို ယူနီဘာစတီဘွိုင်းကော့ဟာ အင်္ဂလိပ်သြဇာအာဏာဥပဒေကို ပထမဆုံး တော်လှန်ပုန်ကန်မှုပဲ။ ဒီတော်လှန်ပုန်ကန်မှုမှာ ၀ံသာနုအရေးလှုပ်ရှားသူတွေက အင်္ဂလိပ် အစိုးရမင်းတွေကို ဘာကိုပြလိုက်သလဲဆိုတော့ ဟေ့ မင်းတို့သင်ပေးမှ တို့စာတတ်မှာ မဟုတ် ဘူး။ ဒို့လူမျိုးမှာ ကိုယ့်လူမျိုးကိုယ်သင်ပေးနိုင်တဲ့ စာတွေရှိတယ်။ မင်းတို့သင်မှ ဒို့စာတတ်မှာ မဟုတ်ဘူး ဆိုပြီးအားနဲ့မာန်နဲ့ကြွေးကြော်လိုက်တာဘဲဖြစ်တယ်၊ ပြောပြောဆိုဆိုပဲ အမျိုးသား ကောလိပ်နဲ့ အမျိုးသားကျောင်းတွေ နိုင်ငံအနှံ့ပေါ်လာတယ်။ ဒီချက်ချင်းဆိုသလို ပေါ်လာတဲ့ အမျိုးသားကောလိပ်နဲ့ အမျိုးသားကျောင်းတွေရဲ့ ရည်ရွယ်ချက်တွေ၊ အဲဒိကောလိပ်၊ ကျောင်း တွေမှာ သင်ကြားပေးတဲ့စာတွေကိုကြည့်ရင် တို့လူမျိုးဟာ သူများနှာခေါင်းပေါက်နဲ့မှ ရပ်တည် နိုင်မဲ့လူမျိုးမဟုတ်ဘူးဆိုတာကို ပြချင်တဲ့စေတနာက လွှမ်းမိုးနေတာကို ရှင်းရှင်းလင်းလင်းတွေ့ နိုင်တယ်။ ဗမာရာဇ၀င်၊ ဗမာစာပေကို ဗမာတွေ ဂုဏ်ယူတတ်အောင်ရည်ရွယ်ပြီး သင်ပေးတာ ဖြစ်တယ်။ သင်တဲ့အကြောင်းအရာတွေဟာ သမိုင်းဖြစ်ရပ်မှန်ဆိုတာထက် လူမျိုးခြားအောက် ရောက်နေတဲ့ ကိုယ့်လူမျိုးကိုယ် ဂုဏ်ယူစိတ်ရှိလာဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းတွေကို တည်ထောင်ကြတာဖြစ်တယ်။ ကိုယ့်လူမျိုးချင်းရိုင်းပင်ရမယ်၊ သူများအားမကိုးဘဲ ကိုယ့်အရေး ကို ကိုယ့်ဘာသာ ကိုယ်အားကိုးရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ဒီနေရာမှာအထင်အရှားတွေ့ နိုင် တယ်။ ဝေးဝေးမကြည့်နဲ့ ဆရာကြီးမှိုင်းရဲ့ ဟောဒိစာချိုးလေးမှာ ဒီစိတ်ဓာတ်ဟာအထင်းသားပဲ။ ဘယ်လောက် အားမာန်ပြည့်သလဲဆိုတာ ရွတ်ကြည့်။
‘အနောက်ဂိုက်နဲ့ အတူတညီမကွာကြွားကြစေဘို့ 
(အို - ဘေဒါရီရဲ့) မြှောက်လိုက်မကွဲ့ မောက်လိုက်မဟဲ့လို့ 
ဆောက်လိုက်မဲ့ ယူနီဘာစတီတွေအများ’ တဲ့၊
အမျိုးသားကောလိပ်ထောင်ပြီ၊ အမျိုးသားကျောင်းတွေဖွင့်ပြီဆိုရင်ဘဲ ဆရာကြီးဦးလွန်းဟာ သူရိယသတင်းစာကနေထွက်ပြီး အခမဲ့စာလာသင်ပေးတယ်။ နောက်ဦးဘချို၊ ဦးဘလွင်တို့ ဟာလဲ အစိုးရကျောင်းအုပ်တွေအဖြစ်ကထွက်ပြီး အမျိုးသားကျောင်းတွေ မှာပညာဒါနလာဖြန့် ကြတယ်။ အလားတူပဲ၊ ဆရာကြီးဦးရာဇတ်၊ ဦးဖိုးကြားတို့ဟာလဲ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ အမျိုးသားကျောင်းတွေမှာ လာဝိုင်းကြသူတွေဖြစ်တယ်။ ဟုမ္မရူးအရေးဆိုသူတွေ၊ အမျိုးသား ကျောင်းတည်ထောင်သူတွေဆီက ပေါ်ထွက်လာတဲ့ နောက်အချက်တချက်ကတော့ အင်္ဂလိပ် အစိုးရဟာ ဒို့ကိုအုပ်ချုပ်နေပင်နေသော်ငြားလဲ ဒို့တကယ်အလိုရှိတာက အင်္ဂလိပ်အုပ်ချုပ်မှု မ ဟုတ်ဘူး၊ အင်္ဂလိပ်မအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးဆိုတာကိုဘဲ ဒို့အလိုရှိတယ်ဆိုတာဘဲ။ နောက် ပိုင်း အမျိုးသားကျောင်းတွေ ပျက်ရှာပေမဲ့ အမျိုးသားနေ့ကနေ အရင်းခံလိုက်တဲ့ စိတ်ဓာတ် ကတော့ အမျိုးသားကျောင်းတွေကနေ တိုင်းပြည်အတွက်အားထားရမဲ့ သခင်အောင်ဆန်းတို့ မျိုးဆက် သခင်လူငယ်ကျောင်းသားတွေကို မွေးထုတ်ပေးခဲ့တဲ့ထိရှင်သန်ခဲ့တယ်။ ဒါ့ကြောင့်လဲ တချို့ကပြောကြတယ်။ အမျိုးသားနေ့ဟာ ကိုယ့်တိုင်းကိုယ့်ပြည်ရယ်လို့ပေါ်လာဘို့ ကြိုးပမ်းမှုရဲ့ အစတဲ့။
သူရိန်ကျော်ဇော
တိုက်စိုး ဂျူဘလီဟော
။ ပညာမင်းကြီး မက်သယူးဟန်းတားရဲ့ ရန်ကုန်ယူနီဘာစီတီအက်ဥပဒေ
။ သခင်ကိုယ်တော်မှိုင်း ဒေါင်းဋီကာ
။ သခင်ကိုယ်တော်မှိုင်း မျောက်ဋီကာ (၁၉၂၀ ပြည့်နှစ်၊ ယူနီဘာစီတီသပိတ်)
Read More...
Saturday, 8 December 2007
ခြင်္သေ့မင်းကဲ့သို့သော ပြည်သူ၊ ခွေးနှင့်တူသော စစ်အုပ်စု
၁။
“ခြင်္သေ့ဟာ သူ့ကိုပစ်လိုက်တဲ့ အဆိပ်လူးမြား လာရာအရပ်ကို ရှာဖွေကြည့်ရှုတယ်။”
“ခွေးသတ္တ၀ါကတော့ သူ့အပါး ကျလာတဲ့ ခဲလုံးကိုသာ ဒေါသတကြီးလိုက်လံ ကိုက်ခဲတယ်။”
ခြင်္သေ့နဲ့ ခွေးသတ္တ၀ါ မကွာလား ?
အမြော်အမြင်ရှိသူများဟာ ပြဿနာသန္ဓေတည်မွေးဖွားရာ အကြောင်းတရားကို ရဲရဲရှာဖွေဖော်ထုတ်တယ်။ အရင်းခံ အကြောင်းတရားကိုပယ်သတ်ပြီး ဖြစ်ပေါ်နေတဲ့အကျိုး ဆက်ဆိုးကျိုးကို ချုပ်ငြိမ်းစေတယ်။
လူ့အန္တတွေကတော့ ပြဿနာရဲ အရင်းခံအကြောင်းတရားကို မရှာဖွေ။ မပယ်သတ်ဘဲ ဖြစ်ပေါ်နေတဲ့ရလဒ် ဆိုးကျိုး ကိုသာ ဆတက်ထမ်းပိုး တိုးပွားစေတယ်။
မြန်မာပြည်သူတွေ ဒုက္ခပင်လယ်ဝေနေရတဲ့ ပင်မအကြောင်းခံတရားဟာ စစ်အာဏာရှင်စနစ် ဖြစ်တယ်ဆိုတာ ကို ၂၀၀၇-စက်တင်ဘာ လူထုအရေးတော်ပုံကြီးကတဆင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေက ဖော်ထုတ် ပြသခဲ့ကြတယ်။ ရလဒ်ဆိုးကျိုးကို ချုပ်ငြိမ်းစေဖို့။ စစ်အာဏာရှင်စနစ်ကိုဖျက်သိမ်းပြီး တွေ့ဆုံဆွေးနွေးအဖြေရှာ ရေးကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ခရီးနှင်ဖို့လည်း အမြော်အမြင်ရှိစွာ တောင်းဆိုခဲ့ကြတယ်။
နအဖ စစ်အုပ်စုကတော့ သူ့ဆီပစ်လိုက်တဲ့ခဲလုံးကို ဒေါသတကြီး လိုက်ကိုက်တဲ့ခွေးလို ငြိမ်းချမ်းစွာအရေးဆိုလာ တဲ့ ရဟန်းရှင် လူပြည်သူတွေကိုပဲ ရန်မူခဲ့တယ်။ လက်နက်နဲ့အကြမ်း ဖက်ဖြိုခွဲခဲ့တယ်။ လူထုအရေးတော်ပုံများ ရဲ့ ဓမ္မတာအတိုင်း စက်တင်ဘာအရေးတော်ပုံကြီးဟာလည်း လှိုင်းလုံးသ္ဂန် နိမ်တုံမြင့်တုံဆောင်ခဲ့ပေမဲ့ ဦးကျိုးမသွား ခဲ့ဘူး။ နအဖ စစ်အုပ်စုသာ ပြည်သူတွေရဲ့ တံတွေးမြစ်မှာ ဂျွမ်းထိုးမှောက်ခုံ မြောခဲ့ရတယ်။
ပြည်သူတွေရဲ့ အမြော်အမြင်ရှိတဲ့တောင်းဆိုချက်တွေကို ဥပက္ခာပြုခဲ့တဲ့ စစ်အုပ်စုဟာ နိုင်ငံရေးအရ ခံစစ်ဘ၀ကို လုံးလုံးကျရောက်နေရပြီ။ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် အပြီးအပိုင်ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်ကြ ရလိမ့်ဦးမယ်။
၂။
အမှန်နဲ့အမှားရဲ့အားပြိုင်ပွဲမှာ အဆုံးတနေ့အမှန်ကသာ အောင်ပွဲခံရမှာပဲ။ ဒါဟာ ရှောင်လွဲမရတဲ့ နိယာမဧကန် သဘောဖြစ်တယ်။ တချိန်တည်းမှာဘဲ တပွဲချင်းနဲ့ ရေတိုသဘောမှာတော့ ပြိုင်ဘက်ထက်သာလွန်တဲ့ လူထု အင်အားကို မစုစည်းနိုင်ရင် ယာယီအရေးမသာမှုတွေ တွေ့ရ မြဲဖြစ်တယ်။
ဒါကြောင့် အမှန်တရားရဲ့ အဆုံးတနေ့အောင်မြင်ရမှု။ ယာယီအရေးနိမ့်ရမှုနဲ့ အမှားတရားရဲ့ယာယီအောင်မြင်မှု အဆုံးတနေ့မှာရှုံးနိမ့်ရမှုများနဲ့ပတ်သက်လို့ လက်တွေကျကျ ဆင်ခြင်ကြည့်မြင်ကြဖို့လိုတယ်။ အကောင်အထည်မဲ့ ယုံကြည်မှုသက်သက် တခုတည်းနဲ့တော့ အမှန်တရားရဲ့အောင်ပွဲကို ဆုပ်ဆုပ်ကိုင်ကိုင် ရရှိနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဘက်က မှန်နေပါ လျက်နဲ့ ဘာကြောင့် အရေးနိမ့်ရသလဲ။ ဆန့်ကျင်ဘက်က မှားနေပါလျက်နဲ့ ဘာကြောင့် အရေးသာသွားရသလဲ ဆိုတာတွေကို မှန်ကန်စွာနားလည်နိုင်မှာမဟုတ်ဘူး။ ဖြတ်သန်းခဲ့တဲ့ တိုက်ပွဲရဲ့ သင်္ခန်းစာ တွေကိုလည်း မှန်ကန်စွာနိဂုံးချုပ်နိုင်မှာမဟုတ်ဘူး။ ဒီအခါမျိုးမှာ မမြင်ရတဲ့ကံတရားဟာ ကိုးကွယ်ရာဖြစ်လာ တတ်ပြီး ကိုယ့်အချင်းချင်းကဲ့ရဲ့သင်္ဂြိုလ် အတင်းဆိုမှုတွေနဲ့ ညီညွတ်ရေးထိခိုက်မှုဆီ ဦးတည်သွားတတ်ကြတယ်။
တကယ်တော့ အမှန်တရားဆိုတာ လူ့အဖွဲ့အစည်းနဲ့ ကင်းလွတ်တည်ရှိနေတာ မဟုတ်ဘူး။ ကျနော့်တို့ ပြောဆို နေတဲ့ အမှန်တရားဆိုတာ အဖိနှိပ်ခံပြည်သူတွေရဲ ဘ၀တိုက်ပွဲအတွင်းက အတွေ့အကြုံအဆက်ဆက်ကို စုစည်း ပေါင်းချုပ်ထားတဲ့ အကောင်အထည်မဲ့ တန်ဖိုး သဘောတရားတခုပဲ။ ပြည်သူတွေအတွက် မှန်ကန်တဲ့တန်ဖိုး သဘောတရားတခုဟာ ဖိနှိပ်အုပ်စိုးသူ အဓမ္မ၀ါဒီတွေအတွက်တော့ အမှားတရားသာဖြစ်တယ်။ ပြည်သူတွေက ဖိနှိပ်မှုအောက်က လွတ်မြောက်အောင်ရုန်းကန်တိုက်ပွဲဝင်တာကို မှန်တယ်လို့ယုံကြည်ပေမဲ့ ဖိနှိပ်အုပ်စိုးသူတွေက တော့ အဲဒါကိုဆူပူအုကြွမှု မင်းမဲ့လုပ်ရပ်လို့မြင်တယ်။ လူထုအုကြွမှုကို အကြမ်းဖက်ဖြိုခွဲတဲ့ သူတို့လုပ်ရပ်ကို တရားတယ်လို့မြင်တယ်။ ဒါကြောင့်လဲ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူမျိုးတိုင်း တန်းတူ သွေးစည်း ရေးလှုပ်ရှားမှုတွေကို ဆူပူသောင်းကျန်းမှုတွေအဖြစ် လက်နက်အားကိုး ဖြိုခွဲကြတာဖြစ်တယ်။
တရားဆိုတာ အကောင်အထည်မဲ့သဘောပဲ။ အမှန်တရားတခုဟာ မှန်နေပေမဲ့ အခိုင်အမာအကောင်အထည် ဖြစ်လာအောင် အသက်မသွင်းနိုင်ရင် သူရဲ့မှန်ကန်မှုနဲ့ အစွမ်းသတ္တိ ခွန်အားကို မပြနိုင်ဘူး။ စိတ်ကူးပုံပြင်ထဲက တန်ခိုးရှင်ထက် ဘာမှမလိုဘူး။ ဖိနိုပ်မှုအောက်က လွတ်မြောက်လိုကြတဲ့ ပြည်သူတွေဟာ မိမိတို့ဘ၀တိုက်ပွဲ များစွာအတွင်းက စုစည်းပေါင်းချုပ် ချက် အကောင်အထည်မဲ့ အမှန်တရားကို အကောင်အထည်ဖြစ်လာအောင် လက်တွေ့နဲ့ အသိရှိရှိပေါင်းစပ်ကြရမြဲဖြစ်တယ်။ အဲဒီအခါကျမှသာ အကောင်အထည်မဲ့ အမှန်တရားဝိဥာဉ်ဟာ အခိုင်အမာကိုယ်ထည် ဖြစ်တည်လာပြီး အံ့မခန်းတဲ့တိုက်ပွဲဝင်အင်အားကြီးအဖြစ် အသက်ဝင် ရုန်းကြွလာတာ ဖြစ်တယ်။ ဒါကို ပြည်တွင်း ပြည်ပ ပြည်သူ့အရေးတော်ပုံများစွာက သက်သေပြခဲ့ပြီးပြီ။
၃။
အားပြိုင်ပွဲတခုအတွင်းမှာ ပေါင်းစည်းနေတဲ့ ဘက်နှစ်ဘက်ဟာ နှစ်ဘက်စလုံးက အနိုင်ရချင်ကြသလို နှစ်ဘက် စလုံးကပဲ အရှုံးမပေးလိုကြဘူး။ ဒါပေမဲ့ အခိုင်အမာအားပြိုင်မှုဆိုတာ ကာလအကန့်အသတ်မဲ့မဟုတ်ဘူး။ ကာလ အကန့်အသတ်ဆုံမှတ်တခု ရောက်ရင်တဘက်ကရှုံးပြီး။ တဘက်ကနိုင်ရမှာပဲ။ အများသိတဲ့အတိုင်း အဆုံးတနေ့ မှာ အမှန်က အမှားအပေါ်မုချအောင်ရမှာပဲ။ ဒါပေမဲ့ ဒါဟာအကောင်အထည်မဲ့ သဘောတရားမျှသာ ဖြစ်တယ် ဆိုတာ သတိချပ်သင့်တယ်။
အခိုင်အမာကျတဲ့ အနိုင်အရှုံးဆိုတာကတော့ အကောင်အထည်မဲ့သဘောတရား သက်သက်မဟုတ်ဘူး။ လက်တွေ့အခိုင်အမာတိုက်ပွဲရဲ့ သင်္ကေတဖြစ်တယ်။ တိုက်ပွဲတပွဲချင်းရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်တာဟာ ဘယ် ဘက်ကမှန်တယ်။ မှားတယ်ဆိုတာ တချက်တည်း အပေါ်မှာမတည်ဘူး။ ဘယ်ဘက်က တိုက်ပွဲလိုအပ်ချက် အင်အား (လူ။ စိတ်ဓာတ်။ ရုပ်ဝတ္တု) တွေကို ဆန့်ကျင်ဘက် ထက်သာလွန်အောင် စုစည်းအသုံးချနိုင်ခြင်း ရှိမရှိ အပေါ်မှာတည်တယ်။ အမှန်တရား (ပြည်သူ) ဘက်ကရပ်တည်တဲ့တိုင်အောင် အဲဒီအမှန်တရား သက်ဝင်ရုန်းကြွ လာစေမယ့် လက်တွေ့စည်းရုံးပြင်ဆင်မှုတွေမဲ့နေရင်။ ဒါမှမဟုတ် အနိမ့်ဆုံးလိုအပ်ချက်မပြည့်မီရင် တပွဲချင်းမှာ မလွဲမရှောင်သာ အရေးမသာမှုကြုံရမှာပဲ။
ပြည်သူဆန့်ကျင်ရေး အဓမ္မ၀ါဒီများဖြစ်နေတဲ့တိုင်။ လက်နက်တခုတည်းကိုသာ အင်အားအဖြစ် အကြွင်းမဲ့ ယုံကြည်ထားတဲ့ စစ်ဝါဒီများဖြစ်နေတဲ့တိုင် သူတို့ကိုင်စွဲထားတဲ့ အမှားတရားကို ခိုင်မာတိကျတဲ့ စည်းရုံးပြင်ဆင်မှု များနဲ့ အသက်သွင်းပြီး လက်ဦးမှုရှိရှိ အသုံးချနိုင်ရင် တပွဲချင်းအရအရေးသာမှုတွေ ရကြတာပဲ။ အဓမ္မ၀ါဒီတွေ ဟာ သူတို့ရဲ့ဒီလိုတပွဲချင်းအရ အရေးသာမှုတွေကို စဉ်ဆက်မပြတ်ထိန်းသိမ်းရင်း သက်ဆိုးရှည်အောင် ကြိုးပမ်း နေကြတာဖြစ်တယ်။ ဒါကိုလည်း ပြည်တွင်းပြည်ပ အမှန်နဲ့အမှားတို့ရဲ ရှည်ကြာတဲ့ တိုက်ပွဲသမိုင်းအတွေ့ အကြုံက သက်သေပြ၊ အတည်ပြုပေးခဲ့ပြီးပြီ။
၎။
အာဏာလက်ရှိ အဓမ္မ၀ါဒီနအဖစစ်အုပ်စုဟာ အာဏာကိုအသုံးပြုပြီး ပြည်သူကိုဖိနှိပ်သတ်ဖြတ်ဖို့ စစ်တပ်၊ ပုလိပ်၊ တရားရုံး၊ အကျဉ်းထောင်စတဲ့ဖိနှိပ်ရေးယနျွှရားတွေကို အသင့်ထူထောင်ထားပြီးဖြစ်တယ်။ သူတို့ရဲ့ ပြည်သူဖိနှိပ်ရေးပေါ်လစီတွေကို အသက်ဝင်လှုပ်ရှားလာအောင် အခိုင်အမာစည်းရုံးဖွဲ့စည်းမှုတွေနဲ့ လက်တွေ့ ပေါင်းစပ်ကြတာဖြစ်တယ်။ ဒါကြောင့်လည်း အဓမ္မ၀ါဒီစစ်အုပ်စုဟာ ပြည်သူဖိနှိပ်ရေးအတွက် အခိုင်အမာဆောင် ရွက်ရာမှာ ပြည်သူတွေထက်သာလွန်ပြီး လက်ဦးမှုရယူနိုင်ကြတာပဲ။ ဒီလိုလက်ဦးမှုရယူနိုင်လို့လည်း တပွဲချင်းမှာ အသာရသွားကြတာဖြစ်တယ်။ တခွန်းတည်းပြောရရင် လက်ဦးမှုဆိုတာ တပွဲချင်းအရ အာဏာရနေသူတွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာပဲ။
အဖိနှိပ်ခံပြည်သူလူထကြီးဟာ အဖိနှိပ်ခံဘ၀က လွတ်မြောက်လိုကြတာဓမ္မတာပဲ။ အဲဒီအတွက် ရုန်းကန်တိုက်ပွဲ ၀င်ကြတာဟာလည်း တရားတာပဲ။ ဒါပေမဲ့လူတန်းစား။ လူ့အလွှာတွေအဖြစ် အထပ်ထပ်။ အလွှာလွှာကွဲ ပြားနေတဲ့ ပြည်သူလူထကြီးကို အတွေးအခေါ်အရ။ နိုင်ငံရေးအရ။ စည်းရုံးရေးနဲ့လုပ်ဟန်အရ မစုစည်းနိုင်ရင် စစ် အုပ်စုထက်သာလွန်တဲ့ တိုက်ခိုက်ရေးအား ဖြစ်မလာနိုင်ဘူး။ ခိုင်မာသွေးစည်းတဲ့ လူထုညီညွတ်ရေးဆိုတာမျိုး ဟာ အလိုအလျောက်ဖြစ်လာနိုင်တာမျိုးမဟုတ်။ သိစိတ်ရှိရှိ အခိုင်အမာစုစည်းမှရနိုင်တာမျိုးဖြစ်တယ်။ စုစည်း ညီညွတ်တဲ့ လူထုအားနဲ့ ရန်သူကိုတိုက်ရင်း လက်ဦးမှုမဲ့ရာက ရှိရာကိုကူးပြောင်း ယူရတာဖြစ်တယ်။ လက်ဦးမှု ကို အဆက်မပြတ်တိုးချဲ့ရာက နောက်ဆုံးလက်ဦးမှုကို ပိုင်ပိုင်နိုင်နိုင်မလွတ်တမ်း ဆုပ်ကိုင်နိုင်တဲ့အချိန်ဟာ အောင်ပွဲရချိန်ပဲ။
ဒါကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲမှာလက်ဦးမှုရအောင်။ တိုက်ပွဲအဆုံးသတ်အထိ လက်ဦးမှုကို မလွတ်တမ်း ဆုပ်ကိုင်ထားနိုင်အောင် အားလုံးဝိုင်းဝန်းပြင်ဆင်ကြရမှာပဲ။
၅။
နောက်ထပ်လာမယ့် လူထုတိုက်ပွကြီးအတွက်ပြင်ရေးကို ဘယ်သူတွေတာဝန်ယူမလဲ။ ဘယ်နည်းနာတွေနဲ့ ပြင် ကြမလဲ။ ဓမ္မတာပဲ ရှည်ကြာတဲ့ လူထုတိုက်ပွကြီးအတွင်းက ထွက်ပေါ်လာတဲ့။ သက်ဆိုင်ရာ လူတန်းစား။ လူ့အ လွှာအသီးသီးကို ကိုယ်စားပြုတဲ့ လက်ရှိတိုက်ပွဲဝင်နေဆဲ ဥပဒေတွင်း။ ဥပဒေပနိုင်ငံရေးပါတီများ တက်ကြွတဲ့ တိုက်ပွဲဝင် အစုအဖွဲ့များ။ တကိုယ်တော်တိုက်ခိုက်ရေးသမားများစတဲ့ ပြည်သူ့ဘက်တော်သားများက ကိုယ်နိုင် တဲ့ဝန်ကိုထမ်းပြီး ပြင်ဆင်ကြရမှာပဲ။
ပြင်တဲ့နည်းနာကတော့ လျို့ဝှက်လုပ်ငန်းနဲ့ပြောင်လုပ်ငန်း နည်းနှစ်နည်းနဲ့ပြင်ကြရမယ် လို့ယူဆတယ်။ပြောင်ပြင် ဆင်ရေးလုပ်ငန်းကို တရားဝင် NLD ပါတီနဲ့ အခြားပါတီများက သက်ဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကို ဗဟိုပြုပြီးရသမျှ အခွင့်အရေးကို အသုံးချလုပ်ကိုင်ကြရမှာပဲဖြစ်တယ်။ လျို့ဝှက်ပြင်ဆင်ရေးမှာတော့ ဥပဒေပ နိုင်ငံရေးပါတီများ။ အစုအဖွဲ့များ။ တသီးပုဂ္ဂလများနဲ့ လျို့ဝှက်နည်းအရ။ စုစည်းထားတဲ့ ခေါင်းဆောင်မှုအဖွဲ့ တခုရှိသင့်တယ်။ ဒါမှသာ တပြည်လုံးလက္ခဏာအရ လမ်းညွှန်သဘောထား။ စီမံချက်စတာတွေနဲ့ လိုအပ်သလို ထိန်းကျောင်း နိုင်မှာဖြစ်တယ်။
လျို့ဝှက်ပြင်ဆင်ရေးလုပ်ငန်းတွေထဲက အခြေခံကျတဲ့အချက်အချို့ကို အကြမ်းဖျင်းတင်ပြရရင် လျို့ဝှက်ခေါင်း ဆောင်မှုအောက်ရှိ လိုင်းအသီးသီးဟာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ အမှုထမ်း၊ အသိပညာရှင်၊ အတတ်ပညာရှင်စတဲ့ လူထု လူတန်းစားအလွှာအသီးသီးအတွင်းက တက်ကြွသူအမာခံများကို မွေးမြူစုစည်းတာ။ တက်ကြွသူအမာခံတွေကို အခြေခံပြီး လူတန်းစား။ လူ့အလွှာအလိုက် သမဂ္ဂတွေဖွဲ့စည်းတာ။ စစ်တပ်။ ရဲ၊ ကြံဖွံ့၊ မီးသတ်၊ ကြက်ခြေနီစတဲ့ စစ်အုပ်စုရဲ့အဖွဲ့အစည်းများနဲ့ အပစ်ရပ်အဖွဲ့ တွေထဲမှာ ‘လူထုတိုက်ပွဲ ထောက်ခံရေး’ အင်အားစုတွေ လျို့ဝှက်စုစည်းတာပါပဲ။ အနိမ့်ဆုံး အားဖြင့် ကြားနေအင်အားစုများ ရှိလာအောင် လုပ်ရေးဖြစ်တယ်။ ဒီလိုပြင်ဆင်ထားနိုင်မှ ဖွဲ့စည်းထားတဲ့ သမဂ္ဂတွေ၊ လူထုတိုက်ပွဲ ထောက်ခံရေး အစုတွေကို မဏ္ဏိုင်ပြုပြီး တောရောမြို့ပါမကျန် လူထုပါဝင်လာရေး ဖြစ်နိုင်စရာရှိတယ်၊ အထွေထွေသပိတ်ကြီး အဖြစ် အချိန်တိုအတွင်း ကူးပြောင်းနိုင်မှာဖြစ်တယ်။ လက်ဦးမှုကိုလျင်မြန်စွာတိုးချဲ့ပြီး အဆုံးအဖြတ်ကျချိန်အထိ ဆုပ် ကိုင်ထားနိုင်မှာ ဖြစ်တယ်။
သင့်လျော်တဲ့ ပြင်ဆင်မှုမရှိဘဲ တိုက်ပွဲကာလအတွင်းမှာမှ လူထုလူတန်းစားအဖွဲ့အ စည်းတွေကို အရေးပေါ် ဖွဲ့စည်းရတာမျိုးဟာ တိုက်ပွဲလိုအပ်ချက်ကို အချိန်မီဖြည့်ဆီးနိုင်ဖို့ မလွယ်ဘူး။ အထွေထွေသပိတ်ကြီးအဖြစ် အချိန်တိုအတွင်း ကူးပြောင်းနိုင်အောင် လုပ်ဖို့ခက်တယ်။
ဒီလိုပြောလို့ အလုံးစုံပြင်ပြီးမှ တိုက်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ လူထုတိုက်ပွဲဆိုတာ အင်မတန်ကျယ်ပြန့် ရှုပ်ထွေးလေ့ရှိပြီး ကိုယ်ခန့်မှန်းတွက်ချက်ထားသလို ဖြစ်ချင်မှဖြစ်တတ်တာမျိုး ဘယ်အချိန်ဘယ်နေရာမှာ ဘယ် အကြောင်းအချက်ပေါ်အခြေခံပြီး စတင်ပေါက်ကွဲမယ်ဆိုတာလဲ ဘယ်သူမှ အတတ်သိနိုင်တာမဟုတ်ဘူး။ တိုက်ပွဲ မဖြစ်ခင် ပြင်နိုင်သမျှပြင်။ တိုက်ပွဲဖြစ်လာတဲ့အခါ ပြင်ဆင်ပြီးသမျှနဲ့ အားဖြည့်၊ တိုက်ပွဲတွင်း ပြောင်းလဲလာတဲ့ အခြေအနေသစ်တွေရဲ့ တောင်းဆိုမှုအရလည်းထပ်ပြင်။ ပြင်နေရင်းတိုက်ပွဲတိုက် ဆိုတဲ့နည်းနဲ့ပျော့ပြောင်းစွာ ပေါင်းစပ်ရတာမျိုးလို့ သဘောပေါက်တယ်။ ဒါကြောင့်ကြိုပြင်တာဟာ မပြင်တာထက်၊ နောက်ကျပြင်တာထက် အကျိုးများတာအမှန်ပဲ။
၆။
နောက်ဆက်တွဲလူထုတိုက်ပွကြီးအတွက် ပြောင်လုပ်ငန်း၊ လျို့ဝှက်လုပ်ငန်း နည်းနှစ်နည်းနဲ့ ပြင်ဆင်သင့်တယ် လို့ပြောခဲ့ပြီ။ ဒီနှစ်ခုဟာအပေါ်ယံအရ လှုပ်ရှားရပုံမတူပေမဲ့ အတွင်းသဘောအရ လူထုလှုပ်ရှားမှု အောင်မြင်ရေး ရည်မှန်းချက်အတွက်ပဲဖြစ်တယ်။
တကယ်က ပြောင်လုပ်ငန်းနဲ့လျို့ဝှက်လုပ်ငန်းဟာ တခုကိုတခုဆန့်ကျင်နေတာ မဟုတ်ဘူး။ အပြန်အလှန် ထောက်ကူနေသာဖြစ်တယ်။ အထူးသဖြင့် ဥပဒေမဲ့စစ်အာဏာရှင်စနစ် အုပ်ချုပ်မှုအောက်မှာ လျို့ဝှက်လုပ်ငန်း ကောင်းအောင်လုပ်နိုင်လေ။ ပြောင်လုပ်ငန်း အတွက် အကျိုးများလေပဲ။ အပြန်အလှန်အားဖြင့် ပြောင်လုပ်ငန်းကို မိမိရရ အသုံးချနိုင်လေ။ လျို့ဝှက်လုပ်ငန်းကို ကျယ်ပြန့်နက်ရှိုင်းစွာလုပ်နိုင်လေပဲ။
လျို့ဝှက်လုပ်ငန်းနဲ့ ပြောင်လုပ်ငန်းဟာ အပြန်အလှန်ကူးပြောင်းတဲ့ သဘောလည်းရှိတယ်။ တိုက်ပွဲစဉ်အတွင်း အခွင့်မသာတဲ့အခါ ပြောင်လုပ်ငန်းဟာ လျို့ဝှက်လုပ်ငန်းအဖြစ်ကူး ပြောင်းသွားလေ့ရှိပြီး။ အောင်ပွဲရတဲ့အခါ လျို့ဝှက်လုပ်ငန်းဟာ ပြောင်လုပ်ငန်းအဖြစ် ကူး ပြောင်းသွားတတ်တယ်။ ဒီသဘောကို အမျိုးသားလွတ်မြောက် ရေးကာလ လှုပ်ရှားမှုများနဲ့ လွတ်လပ်ရေးခေတ် လူထုတိုက်ပွဲများအတွင်းမှာ လေ့လာတွေ့ရှိနိုင်တယ်။
၂၀၀၇ စက်တင်ဘာအရေးတော်ပုံကြီး အတွင်းမှာလည်း သံဃာနဲ့ကျောင်းသားများဟာ တိုက်ပွဲလိုအပ်ချက်အရ ပြောင်လုပ်ငန်းနဲ့ လျို့ဝှက်လုပ်ငန်း အကြားအဆက်အစပ်ကို အပြန်အလှန်ကူးပြောင်း လှုပ်ရှားခဲ့ကြတာ သတိပြု လိုက်မိတယ်။ ဒီလိုပြောင်းလွယ်ပြင်လွယ် လုပ်နိုင်တာဟာ လူထုတိုက်ပွဲအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်တယ်။ ဒါပေမဲ့ စက်တင်ဘာအရေး တော်ပုံလှုပ်ရှားမှုမှာ ပြောင်လုပ်ငန်းသဘောက အဓိကလွှမ်းမိုးနေတယ်လို့ ယူဆရ တယ်။ ဒီထက်ပိုမိုကျယ်ပြန့်တဲ့ လျို့ဝှက်လုပ်ငန်းတွေနဲ့သာ ကြိုပြင်ထားနိုင်ခဲ့ရင် စက်တင်ဘာအရေးတော်ပုံကြီး ကို ဒီထက်ပိုမိုအားဖြည့်ပေးနိုင်မှာအမှန်ပဲ။
၇။
နိဂုံးချုပ်ရရင် တပွဲချင်းအရ အာဏာကိုအသုံးချပြီး ပြည်သူအပေါ် အနိုင်ယူနေတဲ့ နအဖ စစ်အာဏာရှင်စနစ် အတွင်းမှာ မုချကျဆုံးရမယ့် အကြောင်းတရားတခုပါရှိနေတယ်။ အဲဒါကတော့ ပြည်သူကို ဖိနှိပ်ဆန့်ကျင်တဲ့ ရပ်တည်မှုအမှားပဲ။ အဲဒီအမှားကို အကြောင်းပြုပြီး အတွေးမှား၊ အမြင်မှား၊ အလုပ်မှားတွေကို အဆက်မပြတ် ကျူးလွန်ကာ နောက်ဆုံးကျဆုံး ခန်းဆီ ဦးတည်စေတာဖြစ်တယ်။ ဒါပေမဲ့ သူ့အလိုလျောက် ကျဆုံးမှာတော့ မဟုတ်ဘူး။ စည်း လုံးညီညွတ်တဲ့ လူထုအားနဲ့ တိုက်ပွဲဝင်မှ အပြီးသတ်ကျဆုံးမှာဖြစ်တယ်။
တပွဲချင်းအရ အရေးနိမ့်မှုတွေ ကြုံနေရတဲ့ ပြည်သူလူထကြီးအတွင်းမှာလည်း အဆုံး တနေ့ မုချအောင်ပွဲခံရမယ့် အကြောင်းတရားတခုရှိနေတယ်။ အဲဒါက စစ်အုပ်စုလက်တဆုပ် စာရဲ့ အကြမ်းဖက်ဖိနှိပ်မှုအောက်က ပြည်သူ တရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဆင်ရေးဆိုတဲ့ ရပ်တည်မှုအမှန်တရားပဲ။ ဒီရပ်တည်မှုအမှန်တရား ကို အကြောင်းခံပြီး ပြည်သူတွေဟာ အတွေးမှန်။ အမြင်မှန်။ လုပ်နည်းမှန်တွေကိုရရှိပြီး တပွဲချင်းအရေးနိမ့်မှုက အောင်မြင်မှုကို တက်လှမ်းလာနိုင်မှာဖြစ်တယ်။ လက်ဦးမှုမဲ့ရာက ရှိရာသို့ အဆက်မပြတ်တိုးချဲ့ပြီး အောင်ပွဲကို အရယူနိုင်မှာဖြစ်တယ်။
တသက်စာ အမှားဝန်ထုပ်ကြီးကို မချိမဆန့်ပိုးထားတဲ့ နအဖ စစ်အုပ်စုကို အမှန်တရားအရ အားကောင်းမောင်း သန်စုစည်းထားတဲ့ ပြည်သူ့အားနဲ့တွန်းရင် စစ်အုပ်စုဘုံးဘုံးလဲရမှာပဲ။ ဒီအတွက်လိုအပ်သမျှကို ၀ိုင်းဝန်း ပြင်ဆင်ရင်း လာမယ့်တိုက်ပွကြီးကို ကြိုကြဦးစို့။
ကိုရင်ဒေါင်း
Read More...
မျိုးချစ်သူရဲကောင်း
ကမ္ဘာလူထု၊ အလေးပြုပြီ
အို…..ငုယင်ဗန်ထရွိုင်း
သမိုင်းတွင်ရစ်၊ ကျောက်ဆစ် စာကြောင်း
မျိုးချစ်ဗီယက်နမ် သူရဲကောင်း …။
တကမ္ဘာလုံး၊ ကြွက်ကြွက်ဆုံးမျှ
မဆုံနှစ်ပေါင်း၊ သင့်အကြောင်းကို
ပြန်ပြောင်းပြောရစ်၊ တွင်မည်တကား …။
တိုင်းပြည်မငဲ့၊ သစ္စာမဲ့သည့်
နယ်ချဲ့စေပါး၊ စစ်ကြေးစားတို့ 
သင်အား ဖမ်းဆီးကြလေပြီ။
ဖမ်းကြခြင်းသည်
သင့်ပြည်သူကို သင်က ချစ်သောကြောင့် …။
အသားထဲကလောက်၊ သစ္စာဖောက်တို့ 
အော်ငေါက်သင့်အား ညှဉ်းကြပြီ …။
ညှဉ်းကြခြင်းသည်
သင့်ပြည်သူဘက်မှ သင်က ရပ်သောကြောင့် …။
အာရှမြေ၌
အမေရိကန်၊ စစ်ဖောက်ပြန်တို့ 
စစ်ရန်မီးမွှေး၊ စစ်သံပေးကာ
စစ်သွေးမာန်ပြ နယ်ချဲ့ရမ်း …။
နယ်ချဲ့ရှူးတိုက်၊ မြင်တိုင်းတိုက်သည့်
ခွေးမိုက် ဗိုလ်ချုပ်ငုယင်ခန်း။
အာဏာမူးယစ်၊ စစ်ဖက်ဆစ်တို့ 
မျိုးချစ်များကို သတ်သော်လည်း …။
မျိုးချစ်မသေ၊ သေလည်း ဂုဏ်ယူ
သရဖူဖြင့်
ပြည်သူ ဂုဏ်ပြုပါလိမ့်မည် …။
သင့်မျက်နှာထက်
နက်သော အ၀တ်၊ စည်းနှောင် ပတ်ကာ
လူသတ်ကုန်းသို့  ထုတ်လာစဉ် …။
သင့်ပြည်သူတို့ 
ကြည်ဖြူလေးမြတ်၊ ဆံခင်းညွှတ်ကာ
ရင်ဘတ်စည်တီး ငိုကြ၏ ။
အငိုလည်း ရပ်၊ သံစိတ်ဓာတ်ဖြင့်
ဦးမတ်တဖန် ထောင်လာ၏ …။
စစ်ဖောက်ပြန်ကို
တော်လှန်ပုန်းစား၊ ဓားကိုဓားနှင့်
သင်ကား နည်းပြ၊ ပြည်ကြွပြီ
ဟုန်းထနေသော ခွန်အားများ
ဟုန်းထနေသော ခွန်အားများ
ဟုန်းထနေသော ခွန်အားများ …။
မတုန်မရီ၊ သင်တေးသီသည်
“ဟိုချီမင်းတို့  အောင်ပွဲခံ”
ရဲဝံ့လှစွာ၊ သင်ဆိုရာကား
“သစ္စာဖောက်တို့  ရှုံးမည်အမှန်”
ငါ၏လင်္ကာ၊ သ၀ဏ်လွှာဖြင့်
သစ္စာမြွက်ကြား၊ သင့်စကားကို
ကျောက်သားထွင်းထု လိုက်ပါသတည်း …။
အို…..ငုယင်ဗန်ထရွိုင်း
သမိုင်းတခေတ်၊ စာတွင်ရစ်ပြီ
“ဖူးချစ်” “ဂျမီလာ”
“လုမွန်ဘာ့” “ရိုဇင်ဘတ်”
သတ်လည်း မသေ
သေလည်း သက်ရှိ၊ တည်တံ့ဘိသည်
အသိသက်သေ၊ ကမ္ဘာမြေက
မျက်ရည်ယိုကျ၊ ပြလိမ့်တကား ။ ။
ကြည်အောင်
ရန်ကုန်၊ ၁၉၆၅ ဖေဖ၀ါရီ ၂၃။
(ဒုဋ္ဌ၀တီမှ ဧရာဝတီသို့  ကဗျာများမှ …)
ပေးပို့သူ ဏီသစ်သို့ ကျေးဇူးတင်ပါသည်။
ဒေါက်တာလွဏ်းဆွေ ဘလော့မှ ကူးယူသည်။
Read More...
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ ၈၈နှစ်မြောက်မွေးနေ့ ပြည်သူသို့နှုတ်ခွန်းဆက်စကား
ကျနော် ဒီကနေ့အသက် ၈၈နှစ် ပြည့်ပါပြီ။ ဒီနေ့မှာပဲ အမှတ်တရအနေနဲ့ ကျနော် ပြည်သူများကို စကားအနည်းငယ်ပြောကြားလိုပါတယ်။ ပထမဆုံးအနေနဲ့ ကျနော်ချစ်မြတ်နိုး လှတဲ့ ပြည်သူအပေါင်းကို အားပေးစကား၊
ထောက်ခံစကား ပြောကြားလိုပါတယ်။ ကျနော်တို့ ပြည်သူတွေ စွန့်လွှတ်မှုကြီးစွာ၊ သူရသတိကြီးမားစွာ၊ ဇွဲနပဲကြီးစွာနဲ့ မိမိတို့လိုလားတဲ့ ဒီမိုကရေစီ စနစ်တရပ်ရဖို့၊ မိမိတို့ဘ၀လွတ် မြောက်ဖို့၊ တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ စဉ်ဆက်မပြတ်ကြိုးပန်းနေမှုအပေါ် ကျနော်သိပ်ဂုဏ်ယူပါတယ်။ ခင်ဗျားတို့တတွေ အားမ လျှော့ဘဲဆက်ကြိုးစားကြပါ။ ကျနော် အမြဲထာဝရ ခင်ဗျားတို့ကို ထောက်ခံအား ပေးသွားပါ့မယ်။ ခင်ဗျားတို့နောက်ဆုံး အောင်မြင်မှာပါ။ ဒုတိယ တိုက်တွန်းပြောကြားလိုတာကတော့၊ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ၊ လူမျိုးစုခေါင်းဆောင် တွေကိုပါ။ ခင်ဗျားတို့တကယ်ပဲ တိုင်းပြည်နဲ့ပြည်သူတွေကို ချစ်တယ်ဆို ရင် အတိတ်တွေအားလုံး၊ အမြင်မတူတာတွေအားလုံးဘေးဖယ်ပြီး အလွန်ကြီးမားကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးတရပ် ပေါ်လာ အောင် ကြိုးစားကြပါ။ အခုချိန်ဟာ ဒီမိုကရေစီလှုပ်ရှားမှု အတွက် နိုင်ငံတကာက ထောက်ခံမှုကို မရစဖူး အကြီးအကျယ်ရနေချိန်၊ ပြည်သူတွေရဲ့ နိုင်ငံ ရေးစိတ်ဓါတ်အရှိန် မြင့်နေချိန်၊ ဒီအခွင့်ကောင်းကို ဆုပ်ကိုင်ပြီး သဘောထားကြီးကြီးထားပြီး စည်းလုံးညီညွတ်ရေးရအောင် ကြိုးစားကြပါလို့ တိုက်တွန်းပါရစေ။
တတိယကတော့ ကျနော်ကိုယ်တိုင် ပါဝင်တည်ဆောက်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးက ဗိုလ်ချုပ်ကြီးများကစလို့ အောက်ခြေတပ်မှူးတပ်သားအားလုံးကို သတိပေးစကား ပြောလိုပါ တယ်။ ကျနော်လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ် ၁၉၇၆ ခုနှစ်က တိုင်းပြည်သို့ တိုင်းပြည်သို့တင်ပြ ချက်ဆိုတဲ့ မိန့်ခွန်းတရပ် အသံလွှင့်ပြော ဖူးပါတယ်။ အဲဒီတုန်းက ခင်ဗျားတို့တပ်မတော်သား များကို ခင်ဗျားတို့ ဒီအတိုင်းသွားရင်တော့ အတော မသတ်တဲ့ ပြည်သူ့သတ်ပွဲတွေ လုပ်သွားရ လိမ့်မယ်။ ခင်ဗျားတို့ နောင်သားစဉ်မြေးဆက် ခေါင်းဖော်ရဲ မှာမဟုတ်ဘဲ သမိုင်းအမှိုက်ပုံးထဲ ပြည်သူတွေကစွန့်ပစ်ကြလိမ့်မယ်လို့ ထောက်ပြပြောဆိုခဲ့ဖူးပါတယ်၊ အခု ခင်ဗျားတို့ဘ၀ကိုပြန် ကြည့်ပါ ခင်ဗျားတို့တတွေ ကျေးလက်တောရွာ ဒေသတွေမှာ လူမျိုးစုဒေသတွေမှာ ထောင်တွေအချုပ်ခန်းတွေထဲမှာ သတ်ခဲ့၊ ဖြတ်ခဲ့၊ အနိုင်ကျင့်ခဲ့တာတွေ နည်းသလား။ ရန်ကုန်မြို့အပါအ၀င် မြို့တကာကလမ်းတွေပေါ်မှာရော ပြဿနာပေါ်တိုင်း သွေးချောင်းစီး သတ်ဖြတ်ခဲ့တာရော နည်းသလား။ လူအများအပြားကို ဖမ်းဆီးနှိပ်ဆက်၊ ပုဒ်မအမျိုးမျိုးတပ်ပြီး နစ်ရှည်ထောင်ဒဏ်တွေချနေတာရော နည်းသလား။ အခုနောက်ဆုံး စက်တင်ဘာ သံဃာ့အရေးတော်ပုံမှာ ရန်ကုန်မြို့လယ်ခေါင် ရွှေတိဂုံဘုရားခြေတော်ရင်း၊ ဆူးလေဘုရား ခြေတော်ရင်းတွေမှာ ဘုရား သားတော်သံဃာတော်များကို ရိုက်ရ၊ နှက်ရ၊ သတ်ဖြတ်ရလုပ်နေ ရပြန်ပါပြီ။ ခင်ဗျားတို့တတွေ ဒီလိုအတောမသတ် သွေးချောင်စီးသတ်ဖြတ်ပြီး ဖိနှိပ်လိုက်လို့ ပြဿနာတွေ ပြေလည်သွားသလား။ လူထုက ကာလတခုပဲ ငြိမ်သွားပြီး။ ပြန်ထကြွတာပဲ မဟုတ်လား။ ခင်ဗျားတို့ပဲ ဂုဏ်သိက္ခာတွေကျပြီးရင်း ကျရင်းနဲ့ ကမ္ဘာ့အလယ်တံတွေးခွက် ပက်လက်မြောရပြီး၊ လူတောမတိုးရဲတဲ့ဘ၀ ရောက်ရပြီးမဟုတ်လား။ ပြည်သူတွေရဲ့ မုန်းတီးရွံ ရှာနာကျည်းမှုကတော့ ပြောစရာမရှိတော့ဘူး။ ဒါ့ကြောင့် ခင်ဗျားတို့အနေနဲ့ ထစ်ကနဲ့ရှိတိုင်း လက်နက်သုံးအကြမ်းဖက် ဖြေရှင်းတဲ့နည်းကို စွန့်လွှတ်လိုက်ပါတော့။ နောက်ဖြေရှင်း နည်းတခု ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းကို စမ်းသပ်လုပ်ဆောင်ကြည့်ပါလို့ အကြံပေးပါ ရစေ။ ခင်ဗျားတို့တကယ်ပဲ ပြည်သူတွေကိုချစ်ရင်၊ ပြည်သူတွေပေါ်မှာ သဘောထားမှန်ရင်၊ အခု ကုလသမဂ္ဂက ၀င်ရောက်ဖြန်ဖြေလုပ်ဆောင်ပေးနေတဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ၀င်ရောက် လုပ်ဆောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ကဲဒီလောက်ပါဘဲဗျာ
နေ့စွဲ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်
Read More...
ဇီးရိုးအာဝါ(သို့) နောက်ဆုံးပိတ်တိုက်ပွဲ
(၁)
မေတ္တာ … တရားလား
သစ္စာ .. တရားလား
ချစ်သဒ္ဓါ .. ပွားသလား
မုဒိတာ .. ထားမလား
လား .. လား .. မှ မထိုက်
သည်လူမိုက်တစု .. ကို။
(၂)
ဓမ္မနဲ့ အဓမ္မ
ဘယ်သူနဲ့ဘယ်တုန်း .. က
အနိုင်ရခဲ့တဲ့ .. သာဓက
လောဘနဲ့ သံသရာမှာ
ချာချာလည်တာ .. တွေ့ခဲ့ဘူးပြီးပဲ။
(၃)
ဒို့ … ရန် ငါ မပြတ်လို့
သံဃာတွေပါ
အသတ်ခံခဲ့ရပါပြီ။
(၄)
လက်နက်မရှိလို့လား …
သတ္တိမရှိလို့လား …
အတ္တထိမှာ … ကြောက်လို့လား
အနာဂါတ်အသိတွေ … ပျောက်လို့လား။
(၅)
မသိရင် … ကြောက်တတ်ပါတယ်
သိရင်လျှောက် … ရပါတယ်
ဘ၀အမောတွေပြေစေဘို့
သဘာဝ “အပြော” ကို ပြင်စေဘို့ ..။
(၆)
ဟော … သေနတ်ဆိုတာ…
ကျည်မရှိရင်
“ဒုတ်”လောက်ပင်… အားကိုးလို့မရ။
(၇)
“ကျည်”ရှိတဲ့နေရာ
ဖျက်ဆီးရမှာပ
(၈)
“ကျည်”ရှိလဲ …
ဘယ်လောက်ပစ်နိုင်မှာလဲ …
“ကျည်ကွယ်”လဲယူ …
“မျက်ကွယ်”လဲ … ယူ
ပြိုင်တူ ချီတက်
တက် ဆုတ် ပြန်ပတ် …
ကျည်တကပ်ကုန်ရင် … ဒို့အလှည့်
ဆက်သွယ်ရေး .. လမ်းတွေ
ဖြတ်တောက် …
သတင်းပေး .. သစ္စာဖေါက်တွေ
ချေမှုန်း
ဓါတ်ဆီ ပုံးတွေက
အသုံးတည့်လှပါတယ်။
(၉)
ရတာနဲ့ .. ခုခံ
အုတ်ခဲ .. ဓါး .. လှံ
ဂျင်ကလိ .. စပုတ်တံ
လေးဂွ .. ရရာ တော်လှန်ပေရော့။
(၁၀)
ချေမှုန်းတဲ့စစ် ပြည်သူ့စစ် အစစ်ဆိုတာ .. ဒို့တတွေပါ
သူတို့နဲ့ ပြည်သူ.. ဘယ်သူကများသလဲ။
(၁၁)
မင်းလားကွ .. စစ်သား
ပြည်သူစော်ကားတဲ့ .. ရဲ
ကြံ့ဖွတ်ငနဲနဲ့ .. စွမ်းအားရှင်.. မင်းတို့ .. ဘ၀င်တွေ .. မြင့်လွန်းတယ်။
(၁၂)
ဒို့နှလုံးသားက .. သိမ်မွေ့ပါတယ်
ဒို့ဘက်ပါ နင်လာ .. ထား
နောင်များဆို .. ပြည်သူ့မေတ္တာ ဒဏ်သင့်လိမ့်။
(၁၃)
တရားသလား
မတရားသလား
မင်းလဲသိထား .. တာမို့။
(၁၄)
ပြည်သူ့ထမင်းစား ..
ပြည်သူ့စော်ကား ..
ပြည်သူ့ “ကျည်ဆံ” နဲ့
ပြည်သူကို မှန်အောင်ပစ်
သိပ် ညစ် ပတ် စုတ်ပဲ့
ယုတ်မာတဲ့ သူတွေရဲ့ ဦးဆောင်မှု
အာဏာလုထားတဲ့သူတွေ
အပေါ်စီးကယူ “သတ်” “ပစ်” အမိန့်တွေပေးနေတယ်။
(၁၅)
အေး… လေ…
မင်းကြိုက်နေသလား
မင်းသိပ်မိုက်နေလား .. မင်းသိပ်ခိုက်နေပြီးလား ..
မင်းသိပ် ချမ်းသာ နေပြီးလား။
(၁၆)
ထားပါတော့ …
ထားပါတော့ …
ဒီပွဲမှာ …
မင်းလဲ ဆုံးဖြတ်ရမှာက ..။
(၁၇)
နောက်ဆုံးပိတ်တိုက်ပွဲ
တိုက်ရဲသူ
အနိုင်ယူ …
နိုင်တဲ့သူက .. ပြည်သူ့ဘက်တော်သား တွေပါပဲ။
(၁၈)
သေသူသေ ..
ရှင်သူရှင်
တိုက်ရဲရင်
တိုက်တတ်ရင်
စိတ်ဓါတ်သာတဲ့ သူဖြစ်ရင်…
အောင်ပွဲဆင်နိုင်မှာမို့။
(၁၉)
ကဲ…. စကြစို့
ဇီးရိုး .. ဆိုတဲ့
သုံည နာရီ
ကိုယ်စီ တာဝန်ယူစို့။
(စူးထက်)
Read More...
Read More...
အ … ညီလာခံ
ခေတ်ပျက်ထဲ
ငါ … အနုပညာမြောက်အောင်
ဆက်ထုံးတွေ
စံပယ်ပွင့်တွေလို သီကုံးတုန်းက
ငါ့လက်ထဲ ပါမလာတဲ့
ရေပေါ်ဆီ မျက်နှာပြောင်တိုက်မှုများ …။
ဘုရားကားတခြား၊ မျောက်ကားတခြား
မိတ်ဆွေတခြား၊ ရန်သူတခြား
အနုပညာတခြား၊ ကြေးစားတခြား
အနှစ်သာရတခြား၊ မာယာတခြား
မကွဲပြားတဲ့
ငါတို့ ဘ၀ပတ်ဝန်းကျင်မှာ …။
ဒီနေရာမှာနေ
ဒီအစားအစာကိုစား
ဒီငွေကြေးကိုယူ
ပြီးတော့
ဒီပြဋ္ဌာန်းချက်အတိုင်းပြော
ပြီးရင်
မင်းဟာ မဟာအနုပညာရှင်က၀ိအကျော်ပေါ့ …။
အော်…
တွေးလိုက်တိုင်း အရိုးနာသည်
မဆီမဆိုင်ပေမယ့်
ငါ့လျှာကိုသာ ဖြတ်လိုက်ချင်ရဲ့။ ။
ကမာပုလဲ
(အချုပ်တန်းဆရာဖေနှင့် ဦးပုညအမှတ်တရ)
ခေတ်ပြိုင်မှ
Read More...
လူထုအတွက် လူထုဖက်က လူထုဒေါ်အမာ
( ၁ )
ကျနော်ဟာ အညာသားဖြစ်ပေမဲ့ မန္တလေးထက် ရန်ကုန်ကိုပဲ ပိုပြီး ကျွမ်းကျွမ်း ကျင်ကျင်သွားတတ်လာတတ်ရှိခဲ့ပါတယ်။ ဘ၀မှာအနေကြာခဲ့ရတာကလဲ ရန်ကုန်မှာမဟုတ် လား။ ဟိုတုန်းက မွေးရပ်ဌာနေ ရွှေဘိုမြေဆီပြန်တိုင်း မန္တလေးမှာပဲ
ရက်တော်တော်ကြာကြာ ၀င်တတ်နားတတ်ရောက်တတ်ခဲ့တာ အခါခါပေမဲ့၊ ‘၀င်းတွေနဲ့တည်ထားတဲ့ မန္တလေးနေပြည်’ ကို ရန်ကုန်လောက်မကျွမ်းကျင်ခဲ့တာကတော့ အမှန်ပါ။ ဒါပေမဲ့ အညာသွေး ဗမာသွေးကပဲ စကားပြောလို့လား၊ ကုန်းဘောင်သွေးကပဲစကားပြောလို့လား၊ ဘာလို့လဲတော့မသိပါ။ မန္တလေးကို ချစ်ခဲ့တာကတော့ ငယ်ငယ်ကတည်းကပါ။ ‘မန်းရတနာပုံနေပြည် ...’ဆိုတဲ့ အသံလေးနဲ့စလိုက်တဲ့ သီချင်းသံကိုကြားရရင် ငယ်ငယ်ကတည်းက ဘာရယ်မသိ လွမ်းတတ် ခဲ့ဖူးပြီး၊ ‘ ခြေတော် အသရေလျှမ်း ... ပြည်တော်ရွှေမန်း ...ငါးစောင်လေသိုက် ကျမ်း...စိုက်နန်းရယ် တည်တော်မူ...’ဆိုတဲ့ ခန့်ခန့်ညားညားစာသားစကားပိုဒ်တွေ ပါဝင်တဲ့
အောင်မင်္ဂလာ - နဲ့အစချီ လိုက်တဲ့ အောင်မင်္ဂလာသီချင်းကြီး သီချင်းခံသံကြီးကို ကြားလိုက် ရလေတိုင်းလဲ ရင်ထဲ တလှပ်လှပ် ခံစားခဲ့ရဖူးပါတယ်။ ‘ ... ကော်ရော်သံ - ကော်ရော်သံ ... ဆင်ပန်းလက်စုံမိုးတယ် ... မျိုးလေးပါး - ရာရာကျော် ...သက်တော်ရှည်စေကြောင်းငယ် ...တောင်းဆုချွေ ...’ဆိုတဲ့ ဆုတောင်းမေတ္တာပို့ သသံအပိုဒ်နဲ့အတူ‘ - - ဘုံဝေယံ ...နိုင်ငံ ပြည်သူ ...အေးစေဗိုလ်လူ ...’ဆိုတဲ့ အပိုဒ်ကတော့ ရင်ထဲမှာ အမြဲလိုလို လှိုင်းခတ်နေတတ် ခဲ့ပါတယ်။ ကျနော်ငယ်ငယ်လေးက ကျနော်တို့အိမ်အိုလေးရဲ့ထရံစုတ်လေးပေါ်မှာ အမေမှတ် မှတ်ရရ၀ယ်လာ ချိတ်ဆွဲထားတဲ့ ‘မန်းရာပြည့်’ ပြက္ခဒိန်လေးပေါ်က မန္တလေးနန်းမြို့ရိုးနဲ့ကျုံးရိပ် ရေပြင်ညို့ညို့ မန္တလေးအမှတ်အသား မန္တလေးပန်းချီကားလေးကိုလဲ အဲဒီတုန်းကတည်းက ခဏခဏငေးကြည့်မိရင်း အိပ်မက်ထဲအထိ မကြာမကြာမက်တတ် ခဲ့ဖူးပါတယ်။ ကျနော်မှတ်မိ သမျှ ကျနော့်အမေလယ်သူမကြီးရဲ့တသက်တာမှာ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ် ကြီး ပုံတချပ်နဲ့ မဟာမြတ်မုနိဘုရားကြီးပုံတော်တချပ်ပြီးရင်၊ ပြက္ခဒိန်အဖြစ် ၀ယ်ဖူးတာဆိုလို့ အဲဒီမန္တလေးရာပြည့် အထိမ်းအမှတ် မန္တလေးနန်းမြို့ရိုးနဲ့ကျုံးရေပြင်ညို့ညို့ပါ ပြက္ခဒိန်တခုပဲ ၀ယ်ခဲ့ဖူးပါတယ်။ အမေခမြာ တော်တော်ကို ကြိုက်လွန်းလှလို့ဝယ်ခဲ့တာဖြစ်သလို၊ ကျနော့်ဘ၀ မှာလဲ ပထမဆုံး အိမ်မှာ စမြင်ဖူး စွဲလန်းနှစ်သက်ဖူးတဲ့ပန်းချီကားဟာ အဲဒီမန္တလေးနန်းမြို့ရိုးပုံ ပန်းချီကားလေးပဲ ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ရောင်စုံခဲတံဗူးလေး စရတော့၊ ကိုယ့်ဟာ ကိုယ် မကြာမကြာလိုက်လိုက်ပြီး ကူးယူဆွဲကြည့်ခဲ့ဖူးတာဟာလဲ အဲဒီပြက္ခဒိန်ပေါ်က မန္တလေးနန်းမြို့ရိုးပန်းချီကားလေးပါပဲ။ ကျနော်ပထမဆုံး မန္တလေးကိုစရောက်တော့၊ နန်းရှေ့ ဖက်ရောက်အောင်သွားပြီး၊ ငယ်ငယ်တုန်းကတည်းက အင်မတန်နှစ်သက်ခဲ့ဖူးတဲ့ မန်းရာပြည့် ပြက္ခဒိန်ပေါ်မှာပါခဲ့တဲ့ ပန်းချီကားထဲက ရှုခင်းလေးနဲ့တူမယ့်နေရာ သေချာရွေးပြီး တမေ့တမော ထိုင်ကြည့်ခဲ့ဖူးပါတယ်။
မန္တလေးဟာ ရွှေဘိုနဲ့ဘာမှမဝေးလှပေမဲ့၊ မန္တလေးကို ငယ်ငယ်ကတည်းက စွဲစွဲလန်း လန်းရှိခဲ့ပေမဲ့၊ ဘ၀အခြေအနေအရ ကျနော့်ရဲ့လူငယ်ဘ၀နှစ်ပေါင်းများစွာဟာ မန္တလေးကို ကျော်ပြီး ရန်ကုန်မှာ သွားကြီးပြင်းခဲ့ရပါတယ်။ အကြောင်းကြောင်းကြောင့် မန္တလေးကိုရောက် ဖြစ်ရင်လဲ တပတ်ဆယ်ရက် ဆယ့်ငါးရက်တွေထက် မပိုခဲ့ရသလို ဖြစ်ခဲ့ရပြီး မချင့်မရဲ ခံစားခဲ့ ရဖူးပါတယ်။ အဲဒီလို မချင့်မရဲ ခံစားခဲ့ရတဲ့ မန္တလေးကို ကြုံမယ့်ကြုံ ဆုံမယ့်ဆုံရတော့လဲ ၀ရမ်း
ပြေးဘ၀နဲ့ပဲ ရက်ပေါင်းများစွာ လရှည်နှစ်ပေါက် ရင်ချင်းအပ်ပွေ့ဖက်နွေးထွေးခဲ့ရပါတော့ တယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး၊ အရေးတော်ပုံကြီးရဲ့အကျိုးဆက် နိုင်ငံရေးပါတီ တွေ အလျှိုအလျှိုပေါ်ထွက်အပြီး၊ သိပ်တောင် များများစားစားမလှုပ်ရှားလိုက်ရပါဘူး၊ နိုင်ငံ ရေးနဲ့ပဲ ၀ရမ်းပြေးဘ၀ ထပ်ရောက်ရပါတယ်။ ဟိုဟိုဒီဒီကနေ နောက်ဆုံးမှာ မန္တလေးကို ရောက်လာ ရပါတော့တယ်။ ကျောင်းရိပ်ကန်ရိပ် သံဃာ့အရိပ်ပေါင်းစုံမှာခိုရင်း၊ ရဲဘော်တကာ မိတ်ဆွေ တကာရဲ့ခြံပေါင်းများစွာ အိမ်တကာမှာခိုရင်း၊ မန္တလေးမြို့ရဲ့နေရာပေါင်းစုံ လမ်းကြို လမ်းကြား ချောင်ကြားမကျန် အနှံ့ရောက်ရကျင်လည်ရပါတော့တယ်။ လူက ၀ရမ်းပြေးဖြစ်တဲ့ အပြင်၊ စက်ဘီးမြို့တော်ကြီးဖြစ်တဲ့ မန္တလေးမြို့ပေါ်မှာစက်ဘီးမစီးတတ်တဲ့ကျနော်ဟာ မြေလျှောက်ဝိဇ္ဇာတပိုင်း ဖြစ်ရပါတော့တယ်။ ဘယ်လောက်အထိတောင် မြေလျှောက်ဝိဇ္ဇာ ဖြစ်နေရသလဲဆိုတော့၊ ယူဂျီ တပိုင်းအဖြစ်နေနေရတဲ့ကာလတချို့မှာ မန္တလေးက မိတ်ဆွေ ရဲဘော်တချို့က အထူးသဖြင့် ဟာသကြွယ်ကြွယ်လူငယ်တချို့က ကျနော့်ကွယ်ရာမှာ သူတို့ အချင်းချင်းလျှို့ဝှက်နာမည်ပေးခေါ်နေကြတာက ‘မြေလျှောက်ဝိဇ္ဇာကြီး’ ဆိုတဲ့ အထိပါပဲ။ နောက်ပိုင်းကျတော့ တချို့က ‘၀ိဇ္ဇာ’ ကြီးလို့ သူတို့ဟာသူတို့နာမည်ပြောင်ပေးပြီး လျှို့ဝှက် ခေါ်ဆိုနေကြရာကနေ၊ ‘ပထမံကြီး’လို့ပြောင်းလဲခေါ်ဝေါ်တဲ့သူတွေလဲ ရှိခဲ့ရတဲ့အထိပါပဲ။ လူက လဲ ဟိုနေရာရောက်လိုက် ဒီနေရာရောက်လိုက်နဲ့မန္တလေးအနှံ့ ခြေစကြာဖြန့် နေခဲ့ရပါတော့ တယ်။ ကိုယ်ကိုယ်တိုင်ကလဲ အညာသားဖြစ်တဲ့အပြင် အသားအရောင်ကလဲ ကြေးနီရောင် မက ကြေးညိုကြေးမဲရောင်ပေါက်နေတော့၊ လွယ်အိတ်တလုံး ပခုံးပေါ်လွယ်ပြီး လမ်းတကာ ပေါ်ကုန်းကြောင်းလျှောက်နေတဲ့ ကျနော့်ကို မြင်ရသူ မသိကြသူအပေါင်းကတော့၊ ဘယ်က တောသား-မြို့တက် ဈေးလာဝယ်သလဲလို့ပဲ မြင်ကြလိမ့်မယ်ထင်ပါတယ်။ အဲဒီလိုတောင် ရောက်လိုက် မြောက်ရောက်လိုက်နဲ့မန္တလေးရွှေမြို့တော်ကြီးရဲ့နှလုံးသား တည့်တည့်ပေါ် မကြာမကြာ သွားလာလှည့်လည်နေတတ်တဲ့ ကျနော်ဟာ မန္တလေးမြို့ကြီးရဲ့ အထင်ကရနေရာ
(ဂ၄) လမ်းမကြီးပေါ်ကိုလဲ အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရဖူးပါတယ်။
(ဂ၄) လမ်းမကြီးပေါ်ရောက်ရလို့ ‘လူထု’ တိုက်ရှေ့က မကြာခဏ ဖြတ်သန်းသွားရလေ တိုင်း ဖျတ်ကနဲ ရင်ခုန်တတ်လေ့ ရှိပါတယ်။ ဒီအနီးအနားဝန်းကျင်မှာ အမြဲလိုလို ထောက်လှမ်း ရေး ဒလျှိုဒလံတွေ ချထားတတ်တယ် - လို့ပြောကြဆိုကြ သတိပေးကြဖူးတဲ့ လုပ်ဖော်ကိုင် ဖက် မိတ်ဆွေအပေါင်းအသင်းတွေရဲ့ စကားသံတွေကို ပြန်ပြန်ကြားမိ သတိရမိနေတာ ကြောင့်တော့ မဟုတ်ပါ။
‘လူထု’ ဆိုတဲ့ စာလုံးလေးနှစ်လုံးနဲ့ရေးထိုးထားတဲ့ ကမ္ဗည်းဆိုင်းဘုတ်လေးဟာ ဆိုင်း ဘုတ်အနေနဲ့ကတော့ ဘာမှကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားမရှိပါ။ ဒုတိယမြို့တော်ကြီး ဖြစ်နေတဲ့ မန္တလေးမြို့ကြီးပေါ်မှာ ဧရာမဆိုင်းဘုတ်ကြီးတွေ နေရာအနှံ့ရှိပါတယ်။ ထိုးမုန့်ဆိုင် တခုရဲ့နာမည်ဆိုင်းဘုတ်၊ လဖက်ရည်ဆိုင်တခု၊ လွယ်အိတ်ဆိုင်တခုရဲ့ အမည်ဆိုင်းဘုတ် လောက်တောင် ကြီးကြီးမားမားထည်ထည်ဝါ၀ါ ဟိတ်နဲ့ဟန်နဲ့နေရာယူထားတာ မရှိပေမဲ့၊ တခြားတခြားသော ဆိုင်းဘုတ်ကြီးတွေနဲ့ယှဉ်လိုက်ရင် ဆိုင်းဘုတ်လေးဟာ ခပ်သေးသေးပါပဲ လို့တောင် ပြောရမှာဖြစ်ပေမဲ့၊ ‘လူထု’ ဆိုတဲ့ စာလုံးလေး နှစ်လုံးဟာ ထူးထူးခြားခြားသက်ဝင် လှုပ်ရှားနေပါတယ်။ ‘လူ’ ဆိုတဲ့ ပထမစာလုံးလေးကိုက ‘လ’ နဲ့တဆက်တည်း နှစ်ချောင်းငင် ဟာတချောင်းနဲ့တချောင်း-ခွဲမနေပဲ ခပ်သော့သော့လက်ရေးအသွင် တဆက်တည်းဆက်နေပါ တယ်။ ‘ထု’ ဆိုတဲ့ စာလုံးလေးက နောက်ဆုံးတချောင်းငင်လေးကလဲ လှိုင်းတွန့်လေးလို ကွေးတက်သွားပြီး ရိုးရိုးလေးနဲ့ထူးထူးခြားခြားဖြစ်နေရင်း လူနဲ့အတူဟန်ချက်ညီအချိုးကျနေ တယ် ထင်မိတယ်။ ဒါကိုက ‘လူထု’ တိုက် ရဲ့လူထုအထိမ်းအမှတ် ‘လူထု’ လိုဂို၊ ‘လူထု’ မူပိုင် ထရိတ်မတ်လေးသဖွယ် လူထုကြားမှာအသားကျနေခဲ့တာ နှစ်ပေါင်းနဲနဲနောနော မဟုတ် တော့။ ‘လူထု’ ဆိုတဲ့ စာလုံးလေးက ရိုးရိုးလေးနဲ့အားပါနေသလို၊ ‘လူထု’ ဆိုတဲ့ စာလုံးလေး နှစ်လုံးကိုဆက်ပြီး ထွက်ပေါ်လာခဲ့တဲ့ ဗမာဝေါဟာရ၊ ‘လူထု’ ဆိုတဲ့ ဝေါဟာရရဲ့အနက် အဓိပ္ပါယ်ကလဲ ရိုးရိုးလေးနဲ့အားမာန်ပြည့်နေရုံမက ကျယ်ကျယ် ပြန့်ပြန့်လေးလေးနက်နက်နဲ့ အခြေခံကျကျ အနှစ်သာရသဘောကို ဖေါ်ညွှန်းနေပါတယ်။ ‘လူထု’ ဆိုတာ အခြေခံအကျဆုံး သော အကျယ်ပြန့်ဆုံးသော အများတကာ့အများစုကြီးဖြစ်သော ပြည်သူပြည်သားအားလုံးကို ကိုယ်စားပြုထားတဲ့ ဝေါဟာရမဟုတ်လား။
ကနေ့ကာလမှာတော့ ‘လူထု’ဆိုတဲ့ဝေါဟာရဟာ ရေပန်းအစားဆုံးဝေါဟာရတခု ဖြစ်နေတာ ကြာပါပြီ။ ‘လူထုသဘောထား’ ‘လူထုစစ်တမ်းကောက်ယူချက်’ ‘လူထု တိုက်ပွဲ’ ‘လူထုခေါင်းဆောင်’ ‘လူထုထောက်ခံမှု’ ‘လူထု ဆန္ဒ’။
‘လူထု’ တိုက် နားက ဖြတ်သန်းသွားရလေတိုင်း၊ ‘လူထု’ဆိုတဲ့ ဆိုင်းဘုတ်လေးဆီလှမ်း ကြည့် မိလျက်သားဖြစ်တတ်ခဲ့ပြီး၊ နိုင်ငံရေးဝရမ်းပြေးတယောက်ဘ၀ပေမို့ တခါမှမ၀င်ဖြစ် အောင် သတိထားရှောင်ကွင်းခဲ့ရပေမဲ့၊ အဲဒီနားက ဖြတ်သန်းရတိုင်း ရင်ခုန်မိတတ်တာတော့ မှတ်မှတ်ထင်ထင်ပါပဲ။
ဒီ ‘လူထု’ ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့‘လူထု’ဆိုတဲ့ တိုက်အိမ်လေးထဲမှာ အမေလူထုဒေါ်အမာ ရှိနေလိမ့်မယ်၊ အမေဒေါ်အမာဟာ လူထုဒေါ်အမာဆိုတဲ့အတိုင်း လူထုရပ်တည်ချက်နဲ့ လူထု ဖက်က လူထုအတွက် စာပေတွေကို အိုကြီးအိုမပေမဲ့၊ ကလောင်မချ တက်တက်ကြွကြွ ရေးသားဖေါ်ကျူး နေလိမ့်မယ် - ဆိုတာတွေကို မှန်းမျှော်တွေးဆကြည့်မိရင်း စိတ်ထဲကနေ ဂါရ၀ပြုမိခဲ့တာကလဲ အကြိမ်ကြိမ်ပါပဲ။ ကျနော်တို့ကိုယ်တိုင် နိုင်ငံရေးစာပေတွေကို အသည်း အသန် ဖတ်ရှုစအရွယ်က လူထုတိုက်ထုတ်စာအုပ်စာပေတွေကို ဖတ်ရှုခဲ့ရတာနဲ့ အမေလူထု ဒေါ်အမာရဲ့ ‘ဘ၀ချင်းမတူသည့် တရုတ်ပြည်’၊ ‘အို - ယန်းကီးတို့’ ‘ငွေနဲ့လက်နက်’ တို့အပါ အ၀င် လူထုဦးလှရဲ့ ‘လှောင်ချိုင့်တွင်းက ငှက်ငယ်များ’၊ ‘အားလုံးကောင်းကြရဲ့လား’ ‘သတင်း စာများကပြောသော သမိုင်း’ စတဲ့စာအုပ်တွေအကြောင်း ဖျတ်ကနဲဖျတ်ကနဲသတိရမိတတ် ပါတယ်။
( ၂ )
ကျနော်တို့ဗမာပြည်စာပေသမိုင်းမှာအလေးထားရမယ့် စံတင်လောက်တဲ့ အမျိုးသမီး ကလောင်ရှင်တွေ ခေတ်အလိုက် ခေတ်အလိုက်ထွက်ပေါ်ခဲ့ဖူးပါတယ်။ ပဒေသရာဇ်ခေတ်တွေ လောက်ဆီကိုခဏထား၊ အနီးခေတ်ကာလလောက်အထိပဲ ခွဲကန့်ကြည့်မယ်ဆိုရင် ဒေါ်ဒဂုန် ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေး၊ ဒေါ်ခင်မျိုးချစ်၊ ဒေါ်ခင်နှင်းယုနဲ့ အမေလူထုဒေါ်အမာ တို့ကို အားကောင်းမောင်းသန်တကယ့်ကလောင်ရှင်ကြီးတွေအဖြစ် တွေ့ရပါလိမ့်မယ်။ ဗမာ စာပေအနုပညာလောကမှာ မှတ်တိုင်ကိုယ်စီ စိုက်ထူထားနိုင်ကြပြီးသား၊ အနုပညာအရည် အသွေးပြည့် ကလောင်ရှင်ကြီးတွေ ဖြစ်သလို၊ ဒေါ်ဒဂုန်ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေး နဲ့ အမေလူထုဒေါ်အမာတို့ဟာ သတင်းစာနဲ့ပါ ပတ်သက်နေကြတဲ့ ရှားရှားပါးပါး အမျိုးသမီး သတင်းစာပညာရှင်ကြီးတွေလဲ ဖြစ်ခဲ့ကြပါတယ်။ ဒေါ်ဒဂုန်ခင်ခင်လေးက ယုဝတီဂျာနယ်နဲ့ ယုဝတီ သတင်းစာကို ဦးစီးထုတ်ဝေခဲ့သူ၊ အမျိုးသမီးကလောင်ရှင်တွေကို ယုဝတီကလောင် ရှင် ဘွဲ့ပေးပြီး အမျိုးသမီးကလောင်ရှင်များအဖွဲ့ကို တည်ထောင်ခဲ့သူ ဖြစ်သလို၊ ဂျာနယ်ကျော် မမလေး ဆိုတာကလဲ ခင်ပွန်းသည် ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်ပြီးကတည်းက ဂျာနယ်ကျော်နဲ့ ‘ပြည်သူ့ဟစ်တိုင်’ နေ့စဉ်သတင်းစာတွေကို မိန်းမသားတန်မယ့် နေ့စဉ်အပတ်စဉ်မပျက် ဦးစီးထုတ်ဝေခဲ့သူဖြစ်ပါတယ်။ ကျနော်တို့တွေရဲ့အမေ အမေလူထု ဒေါ်အမာ ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ လူထုဂျာနယ်နဲ့ လူထုသတင်းစာ တို့ရဲ့ဖခင်ဟာ လူထုဦးလှ ဖြစ်ခဲ့ပြီး၊ လူထုဂျာနယ်နဲ့ လူထုသတင်းစာတို့ရဲ့မိခင်ရင်းအစစ် ဟာ လူထုဒေါ်အမာပေပဲပေါ့။ ခင်ပွန်းသည် လူထုဦးလှတယောက် ဖဆဆိုရှယ်တွေရဲ့ ယုတ်မာမှုနဲ့ နရသိန်ထဲ ထောင်ထဲ ကြွရောက်စံမြန်းနေရစဉ် ကာလတလျောက်လုံးမှာလဲ အမေလူထု ဒေါ်အမာ ကပဲ အဆက်မပြတ်ဦးစီးထုတ်ဝေရှေ့ဆောင်ခဲ့ရတယ် မဟုတ်လား။ ဂျာနယ်ကျော်နဲ့
ပြည်သူ့ဟစ်တိုင်ဟာ ဗမာပြည်စာနယ်ဇင်းသမိုင်းမှာသာမက ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာပါ အရေးပါတဲ့ မှတ်တိုင်တွေရှိခဲ့သလို၊ လူထုဂျာနယ်နဲ့လူထုသတင်းစာ ဆိုတာဟာလဲ လူထုအတွက် လူထုဖက်က ထွန်းပြောင်တဲ့သမိုင်းအစဉ်အလာတွေ တသီကြီးနဲ့မဟုတ်လား။ ဂျာနယ်ကျော်မမလေးရဲ့ ‘ပြည်သူ့ဟစ်တိုင်’ ဟာအာဏာရအုပ်စိုးသူ ဖေါက်ပြန်သူ ဖဆဆိုရှယ် များရဲ့ ယုတ်ယုတ်မာမာ အကြမ်းဖက်ဝင်ရောက်ပြီး၊ စက်တွေကို ရဲဒင်းတွေ ပုဆိန်တွေနဲ့ ရိုက် ချိုး၊ ခဲစာလုံးနဲ့စာစီခွက်တွေပါမကျန် တူနဲ့ထု မှောက်လှန်ချေမွ ဖျက်ဆီးပစ်တာ ခံခဲ့ရဖူးသလို၊ လူထုဦးလှ လူထုဒေါ်အမာတို့ရဲ့ ‘လူထု’ ဟာလဲ ဗုံးနဲ့ခွဲတာတောင် ခံခဲ့ရဖူးပါတယ်။
ကနေ့ခေတ်ကာလလို မဟုတ်ပဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နိုင်ငံတကာ့ လှုပ်ရှားမှုတွေအတွင်းအထိ တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ ရှားရှားပါးပါး ဗမာအမျိုး သမီးကလောင်ရှင်တွေအဖြစ် ထူးထူးခြားခြား မှတ်တမ်းတင်ထားရမှာကလဲ ဂျာနယ်ကျော် မမလေး နဲ့လူထုဒေါ်အမာပဲ ရှိမယ်ထင်ပါတယ်။ ဂျာနယ်ကျော်မမလေးဟာ ၁၉၅၈ ခုနှစ် လောက်က ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့၊ အနုမြူ ဗုံးပိတ်ပင်ရေး၊ အနုမြူဗုံးမစမ်းသပ်ရေး၊ စစ်ဆန့်ကျင်ရေးညီလာခံကွန်ဖရင့်ကြီးသို့၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့် မြန်မာနိုင်ငံမှ ကိုယ်စား လှယ် တဦးအဖြစ်တက်ရောက်ခဲ့ဖူးပါတယ်။ အမေလူထုဒေါ်အမာဟာလဲ ၁၉၅၃ ခုနှစ်က ဒိန်းမတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ‘ကမ္ဘာ့အမျိုးသမီးများညီလာခံကြီး’ကို မြန်မာနိုင်ငံက အမျိုးသမီး ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တောမှိုင်း ဦးဆောင်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှု ၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအတွင်း တက် တက်ကြွကြွပါဝင်ခဲ့ကြတဲ့ ရှားရှားပါးပါး အမျိုးသမီးကလောင်ရှင်တွေထဲမှာ ဂျာနယ်ကျော် မမလေး နဲ့အမေလူထုဒေါ်အမာတို့ဟာ ရှေ့တန်းအခန်းက ပါခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
အနီးခေတ်ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတလျောက်မှာ၊ အမှန်တရားဘက်ကနေ ရပ်တည်လှုပ်ရှားခဲ့ကြတဲ့၊ သမိုင်းတာဝန်ကြေပြွန်ခဲ့ကြတဲ့၊ ထက်မြက်တဲ့ ကလောင်တွေလဲ အဆက်မပြတ်လိုလို ပေါ်ပေါက်ခဲ့ပါတယ်။ ကျနော့်တဦးချင်းခံစားနားလည်မှုအရ ပြောရရင်၊ နိုင်ငံရေးအရပါ နိုးကြားတက်ကြွတဲ့ ကလောင်ရှင်တွေထဲမှာ အမျိုးသမီးတွေထက် အမျိုးသား ကလောင်ရှင်တွေက ပိုပြီးများပါတယ်။ အဲဒီလို နိုင်ငံရေးအရပါ တိုးတက်တဲ့၊ နိုးကြားထက်မြက် တဲ့ ရှားရှားပါးပါး အမျိုးသမီး ကလောင်ရှင်တွေထဲမှာတော့ ကျနော့်အမြင်မှာ အမေလူထု ဒေါ်အမာ ဟာ ရှေ့ဆုံးကဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။
အမေလူထုဒေါ်အမာဟာအားကျစရာကောင်းလောက်အောင်စာစုံရေးနိုင်ခဲ့တဲ့ ကလောင် ရှင်လဲ ဖြစ်ပါတယ်။ ဘာသာပြန်တွေရော ပင်ကိုရေးတွေပါ၊ ရသရော သုတပါ၊ နိုင်ငံရေးရော လူမှုရေးတွေပါ၊ အမျိုးဘာသာသာသနာအရေးတွေရော၊ အနုပညာယဉ်ကျေးမှု အမွေအနှစ် တွေပါ၊ ဘာဆိုဘာမှ မလပ်ရအောင် ထောင့်စုံအောင် စာစုံရေးနိုင်ခဲ့တဲ့ တကယ့်ကလောင်ရှင် ဆိုတာ စစ်မှန်တဲ့ဗမာပြည် စာပေအနုပညာသမားတိုင်းသိပါတယ်။ စာပေအနုပညာ ၀မ်းစာ ကလဲ ကုံလုံကြွယ်ဝသူဆိုတော့၊ ဆေးစက်ကျရာ အရုပ်ထင်စေနိုင်တဲ့ တကယ့်ပန်းချီကျော် တဦးလို၊ မြင်မြင်သမျှ ကြားကြားသမျှ၊ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးပြနိုင်စွမ်းရှိတဲ့ စာပေအနု ပညာရှင်လဲဖြစ်ပါတယ်။ ဘာတွေရေးရေး၊ ရည်ရွယ်ချက်နဲ့စေတနာ အတိုင်းသားပါနေတာက တော့ အမေလူထုဒေါ်အမာရဲ့ စာပေလက်ရာတွေတိုင်းပေါ်မှာပါပဲ။
အမေလူထုဒေါ်အမာဟာ မန္တလေးသူပါ။ မန္တလေးဆိုတာ ကုန်းဘောင် (၁၁) ဆက်ရဲ့ (၁၀) ဆက်မြောက်မင်း၊မင်းတုန်းမင်းကြီး တည်ထောင်ခဲ့တဲ့ ရတနာပုံမင်းနေပြည်မြို့တော်ကြီးဖြစ် သလို၊ နောက်ဆုံးမင်းဆက် သားတော်သီပေါမင်းလက်ထက်မှာ ထီးကျိုးစည်ပေါက် သူ့ကျွန် ဘ၀ရောက်ခဲ့ရပြီး ကုန်းဘောင်ခေတ်ရဲ့နေ၀င်ချိန်မှာ ဗမာဘုရင်ခေတ်ရဲ့နောက်ဆုံးထီးစိုက် နန်းစိုက်ခဲ့ရာ မြို့တော်ကြီးလဲ ဖြစ်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံး အမှတ်အသားလို့ ဆိုပေမဲ့၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းရဲ့ပြယုဂ်၊ ရာဇ၀င်ရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေ
အနှစ်တွေနဲ့ပြည့်နှက် ထုံမွှမ်းနေဆဲနေရာ၊ ဗမာအမျိုးသားတွေရဲ့ထင်ရှားတဲ့ အမျိုးသားယဉ် ကျေးမှု အမှတ်လက္ခဏာသင်္ကေတတခုလဲပဲ ဖြစ်ခဲ့ပါတယ်။ မန္တလေးဟာ ထင်ရှားတဲ့ ကိုယ့်မူ ကိုယ့်ဌာန် ကိုယ့်သဏ္ဍာန်နဲ့ကိုယ်ပိုင်ဟန်ရှိတဲ့ မြို့တော်ကြီးတခုလဲပဲ မဟုတ်လား။ စကားမှာ တောင် ချိုသာယဉ်ကျေးတဲ့ အခေါ်အဝေါ်အသုံးအနှုန်းတွေနဲ့‘မန်းစကား’ ဆိုတာ ထူးခြားတဲ့ ကိုယ်ပိုင်ဟန် ရှိတယ်မဟုတ်လား။
ဆရာစွမ်း (ဆရာမောင်စွမ်းရည်) ကတော့ မန္တလေးသူဖြစ်တဲ့ အမေလူထုဒေါ်အမာ ရဲ့ ရေးဟန်ကို ‘မန်းသံ အပြည့်နဲ့အသုံးထူးအလင်္ကာတွေ ဝေေ၀ဆာဆာနဲ့ဗြန်းဗြန်းကွဲ ရေးလေ့ ရှိတယ်’ လို့ မှတ်ချက်ပြု ဖေါ်ပြခဲ့ဖူးပါတယ်။ ဟုတ်ပါတယ်။ အမေလူထုဒေါ်အမာရဲ့ ရေး ဟန်ဟာ မန်းသံ မန်းဟန်အပြည့်နဲ့ တကယ့်ကို ထူးထူးခြားခြားကိုယ်ပိုင်ဟန်ရှိတဲ့ ရေးဟန်ပါ။ မန္တလေးဟာ ဗမာဘုရင်ခေတ်ရဲ့နောက်ဆုံးနန်းစိုက်ခဲ့ရာ မင်းနေပြည်မြို့တော်ကြီးတခု ဖြစ်ခဲ့လေ တော့၊ တချို့ကတော့ - ‘မန်းဟန်’ ‘မန်းသံ’ ဆိုတာ ‘နန်းဆန်’ တာ လို့ပဲမြင်ချင်မြင် ကြနိုင်ပါတယ်။ အမေလူထုဒေါ်အမာရဲ့ မန်းသံ မန်းဟန်ကတော့၊ ကျနော့်အမြင်မှာ အင်မတန် ကို ‘လူထုဆန်’ ပါတယ်။ လူထုကြားမှာ လူထုတွေ နေ့စဉ်သုံးစွဲပြောဆိုနေကြတဲ့ လူထုသုံး စကားတွေနဲ့ပဲ ဝေေ၀ဆာဆာဖြစ်အောင် ပေါ်ပေါ်လွင်လွင်ဖြစ်အောင် ရေးသားဖေါ်ကျူးပြလေ့ ရှိပါတယ်။ လူထုကြား ခိုင်းနှိုင်းပြောဆိုသုံးစွဲနေကြတဲ့ ပြောထုံးဆိုထုံးလေးတွေ၊စကားပုံလေး တွေ၊ ဆိုရိုးစကားလေးတွေ၊ ဒေသိယလေလေးတွေ၊ လူထုအလင်္ကာလေးတွေကတော့၊ သူ့ နေရာနဲ့သူ၊ ‘ဂွင်’ ကို ကျလို့ပေါ့။ တမင်ဟန်လုပ်ပြီး ရေးထားတာမဟုတ်ပဲ၊ ရင်ထဲကလာတဲ့ အသံနဲ့ရေးထားတဲ့ အမေရဲ့လက်ရာတွေဟာ၊ အမေ၀မ်းစာဘယ်လောက်ရှိတယ် ဆိုတာ၊ ဝေါဟာရတွေ ဘယ်လောက်ကြွယ်တယ်ဆိုတာ၊ အမျိုးသားယဉ်ကျေးမှုအနှစ်သာရနဲ့ ဘယ် လောက် တသားတည်းဖြစ်နေသလဲဆိုတာ လှစ်ကနဲလှစ်ကနဲ
ထင်ဟပ်ပြနေသလိုပါပဲ။
အမေလူထုဒေါ်အမာဟာ စာပေနယ်မှာ သူကိုယ်တိုင် အင်မတန်အရိပ်အာဝါသကြီးတဲ့ စာပေပင်ရိပ်ကြီးတပင်ဖြစ်နေပေမဲ့၊ နောက်ထပ် နောက်ထပ်သော စာပေပင်ရိပ်ပျိုပင်ရိပ်ငယ် လေးတွေရဲ့အဆက်မပြတ်ဖွံ့ ဖြိုးကြီးထွားတိုးတက်လာရေးကိုလဲ ဂရုတစိုက် အရေးတယူ ဖေး ကူ လမ်းပြသွန်သင်တတ်လေ့ရှိတာ သတိထားမိပါတယ်။ သူ့မြေးအရွယ်လောက်ပဲ ရှိမယ့်၊ ‘ချောအိမာန်’ ဆိုတဲ့ မန္တလေးသူ ကလောင်ရှင်မလေးရဲ့ ‘ကောင်းကင်အနမ်း’ဆိုတဲ့ စာအုပ် ကလေး အတွက် အမှာစကား ရေးသားချီးမြှင့်ပေးရာမှာ၊ အမေလူထုဒေါ်အမာက
‘ အမေလျှောက်ခဲ့တဲ့ လမ်းကို ခေတ်လူငယ်တယောက်အနေနဲ့ လျှောက်ဖော်ရတဲ့အတွက် အမေအရမ်းဝမ်းသာတယ်။ စာကစေတနာနဲ့များများရေးလေ ကောင်းလေလေပဲ၊ ဟန်လုပ်ပြီး ရေးရင် မကောင်းတော့ဘူး။ အမေမှာချင်တာကတော့ လူငယ်တွေ စာတွေများများဖတ်ပြီး၊ စာတွေများများ ရေးကြပါလို့ ...’ တဲ့။
လူငယ်တွေ စာတွေများများဖတ်ပြီး စာတွေများများရေးကြမှာကို လိုလိုလားလားရှိလွန်းလှ တဲ့ အမေလူထုဒေါ်အမာဟာ ကိုယ်တိုင်လဲ စာတွေများများဖတ်ပြီး များများရေးနိုင်ခဲ့သူ ဖြစ်ပါ တယ်။ အမေရေးခဲ့တဲ့ စာတွေနဲရော့သလား။ လူထုဂျာနယ် လူထုသတင်းစာ ပုံမှန်ထုတ်ဝေနေ တုန်းကတည်းက ညနက်သန်းကောင်အထိစာတွေဖတ်၊ ပရုဖ်တွေပါ ဖတ်ရလွန်းလို့၊ အသက် (၃၉)နှစ် လောက်ကတည်းက မျက်မှန် စတပ်ခဲ့ရတဲ့အမေဟာ အိုကြီးအိုမအရွယ်အထိလဲ စာတွေဖတ် စာတွေရေးနေလိုက်တာ အားကျစရာပါပဲ။
ကျနော်တို့ကအမေလူထုဒေါ်အမာကို သည့်ထက်သည် အသက်ရာကျော်ရှည်စေချင်ပြီး၊ လူထုအတွက် လူထုဖက်က အမေ့စာတွေကို သည့်ထက်သည်များနိုင်သမျှ များများကြီး၊ များလေ ကောင်းလေ ဖတ်ချင်ပေမဲ့၊ မတရားအာဏာယူထားတဲ့၊ လူထုက လုံးဝမကြည်ဖြူတဲ့ နအဖစစ်အစိုးရနဲ့စစ်အစိုးရ ရဲ့လက်ကိုင်ဒုတ်တွေ ၊ ကပ်ဖားရပ်ဖား လူရမ်းကားတွေကတော့ အမေ့ကို မလိုမုန်းထား ရန်ငြိုးထားရင်း၊ အမေ့စာတွေအပေါ် မရှုစိမ့်နိုင်ရုံမက တတ်နိုင်ရင် အမေ့ကို မြန်မြန်သေစေချင်နေကြတဲ့အထိတောင် အကုသိုလ်ပွားနေကြတာကိုလဲ ကြားနေ သိနေရပါတယ်။ လွန်ခဲ့တဲ့ (၁၀)နှစ်လောက် ၁၉၉၇ ခုနှစ်လောက်တုန်းကလဲ၊ အသက်(ဂ၂) နှစ်အရွယ်မှာရာသီဥတုက ပူလောင်လွန်းလို့ မေမြို့တက်နေရရှာတဲ့ အမေ့ကို၊ နအဖဖက်က သူတောင်းစားတွေက ‘ဒေါ်အမာ အိမ်မှာရှိသလား’ လို့သုံးကြိမ်လောက် ဖုန်းဆက်မေးရုံနဲ့ တောင် အားမရလို့ အိမ်အထိတောင်လာပြီး၊ ‘ဒေါ်အမာ သေတယ်ကြားလို့ဟုတ်သလား’ လို့ လာမေးခဲ့ကြဆိုပဲ။ အမရပူရ တောင်လေးလုံးကျောင်းက ဆရာတော်ဦးပညာ ဆီကိုလဲ ‘ဒေါ်အမာ သေတယ် ကြားတယ်၊ ဟုတ်သလား’ လို့မေးတဲ့သူက လာမေးကြသေးတယ် ဆိုပဲ။ အဲဒီတုန်းက အဖြစ်အပျက်ကိုတော့၊ အမေလူထုဒေါ်အမာကိုယ်တိုင် ပင်တိုင်ရေးနေတဲ့ ‘မိုး - ဂျာနယ်’ ကနေ ‘တုံးကျော်မ’ ဆိုပြီး ပြန်ရေးပြခဲ့ဖူးတာ ကျနော်တို့ဖတ်ရဖူးပါတယ်။ ဒါကြောင့် (၂၀၀၅)ခုနှစ်ကအမေ့အသက် (၉၀)ပြည့်အဖြစ် တောင်သမန်အင်းစောင်းက ကိုပညာရဲ့ တောင်လေးလုံးကျောင်းမှာ အခမ်းအနားပွဲ လုပ်ကြတဲ့အခါ၊ အရင်က ‘လမင်းတရာ အငြိမ့်’ ကို ခေါင်းဆောင်ကခဲ့တဲ့ မဌေးဌေးမြင့်(ပန်တျာ ဌေးဌေးမြင့်)က အမေ့ရဲ့ရှေ့မှောက်မှာပဲ ပထမဆုံး ဂုဏ်ပြုအဖွင့်အဖြစ် နာမည်ကျော် လေဘာတီရဲ့ ‘တုံးကျော်မ’ သီချင်းကို သီဆိုပြီး ဂါရ၀ပြု ဖွင့်လှစ်ပေးခဲ့တာကိုလဲ ဗွီစီဒီအပြားပေါ်ကနေတဆင့် ကျနော်တို့မှတ်မှတ်ရရ ကြည့်လိုက်ရဖူး ပါတယ်။ အမေကအတီးမပါ အဆိုပိုင်ပိုင်နဲ့သီဆိုပြသွားတဲ့ မဌေးဌေးမြင့်ရဲ့တုံးကျော်မသီချင်း ကိုနားဆင်ရင်း လှလှပပကြီးပြုံးလို့မဟုတ်လား။ ဟော..မကြာသေးခင် တလောလောက်ကပဲ၊ မန္တလေးမှာ နအဖဖက်သား လူရမ်းကားနွယ်ဝင် မသမာအဖွဲ့ဝင်တချို့က အမေလူထုဒေါ်အမာ ကို အောက်လမ်းနည်းတွေနဲ့ ဟိုလိုလိုဒီလိုလိုစကားတင်းဆိုလာကြတဲ့အသံတွေ တကျော့ပြန် ထွက်ပေါ်လာတာ ကြားလိုက်ရပြန်ပါတယ်။
အမေ့ကလောင်ကို ရောင်ခြည်မထွက်နိုင်အောင် အမှောင်ချ၊ ပိတ်ကြ ပင်ကြဦးမလား တောင် မသိပါဘူး။ ဘာပဲဖြစ်ဖြစ် အမေကတော့သတ္တိရှိရှိ နှလုံးသွေးနဲ့တုံးကျော်မ သီချင်းသံကို နားဆင်ရင်း လှလှပပကြီးပြုံးနေဦးမှာပါပဲ။
(၃)
အမေလူထုဒေါ်အမာဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးသက္ကရာဇ် အတူတူ တခုတည်း ဖွား၊ ၁၉၁၅ ခုနှစ်ဖွား ဆိုတော့၊ ဒီနှစ်ဆိုရင် အသက် (၉၂) နှစ်တောင် ရှိပါပြီ။ မကြာမီ ရက်ပိုင်း အတွင်း၊ နိုဝင်ဘာ (၂၉) ရက်နေ့ဆိုရင်အသက် (၉၂) နှစ်တင်းတင်းကြီး ပြည့်တော့မှာပါ။
နှစ်စဉ်လိုလို မွေးနေ့ကျင်းပနေကျ၊ တောင်သမန်အင်းစောင်းက တောင်လေးလုံး ကျောင်းမှာ အသက် (၉၀) ပြည့်ပွဲကို (၂၀၀၅)ခုနှစ်က ကျင်းပနိုင်ခဲ့ပေမဲ့၊ မနှစ်က (၂၀၀၆) ခုနှစ်ကတော့ အသက် (၉၁) နှစ်ပြည့်ပွဲကို ကျင်းပနိုင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒီနှစ်ကော - ကျင်းပနိုင်ခွင့် ရပါ့မလား။
ဒီနှစ်ဟာ အမေလူထုဒေါ်အမာရဲ့အသက် (၉၂) မြောက်ဖြစ်သလို၊ အမေလူထုဒေါ်အမာ ရဲ့ - အမေကိုယ်တိုင် ခေါင်းစည်းတပ်ပြီး မကြာမကြာရေးဖွဲ့လေ့ရှိတဲ့ (ငယ်ကကျွမ်းတဲ့ ခင်ပွန်း သည်သို့) ဆိုတဲ့ ငယ်ကကျွမ်းတဲ့ခင်ပွန်းသည် လူထုဦးလှ ကွယ်လွန်ခဲ့တာ (၂၅) နှစ်မြောက်လဲ ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် သြဂုတ်လ (၇)ရက်နေ့က ကွယ်လွန်ဆုံးပါးသွားခဲ့ရတဲ့ လူထုဦးလှ ဟာ ၁၉၁၀ ပြည့် ဇန်န၀ါရီ (၁၉) ရက်နေ့ဖွားပါ။ အခုချိန်အထိ ရှိဦးမယ်ဆိုရင် (၉၇) နှစ်တောင် ကျော်ပြီပေါ့။ နောက် (၂) နှစ်ကျော်ကျော် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလထဲဆိုရင် လူထုဦးလှရာ ပြည့်ပေါ့။ ကျနော်တို့ကတော့ လူထုဦးလှရာပြည့်ပွဲကို အမေလူထုဒေါ်အမာကိုယ်တိုင် ဦးစီး ကျင်းပသွားတာမြင်ချင်သလို၊ အမေကိုယ်တိုင် အမေ့ရာပြည့်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင် သွားရေးကိုလဲ တမ်းတမ်းတတ ဆန္ဒပြုမိနေပါတယ်။
ကျနော်ဟာ အမေလူထုဒေါ်အမာရဲ့စာတွေနဲ့ ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရ ဖူးပေမဲ့၊ အမေလူထုဒေါ်အမာကို စတင်တွေ့ဖူးတာကတော့ ကျနော်အသက် (၃၀) ကျော်မှပါ။ အမေလူထုဒေါ်အမာတို့ လူထုဦးလှတို့ကိုယ်တိုင်လဲ ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းခဲ့ရဖူးပြီး၊ နာမည် ကိုတောင် မခေါ်ချင်လွန်းလို့- ‘ဟိုအထဲ’ လို့အမှတ်သညာပြုထားကြတဲ့ ‘ထောင်ထဲ’ ကနေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာမှ စတင်တွေ့ရဖူးတာပါ။ နှစ်ကတော့ ၁၉၈၆ လား၊ ၁၉ဂ၇ လား၊ သိပ်မကွဲပြားလှတော့ပေမဲ့၊ စာဆိုတော်လကြီး ဆိုတာကိုတော့ မှတ်မှတ်ရရ မှတ်မိနေပါတယ်။
အဲဒီနှစ်မှာ ထောင်ထဲမှာတုန်းက အတူနေဘက် တကသ - ဗကသခေါင်းဆောင်ဟောင်း အကို ကြီးကိုလှရွှေတို့ရဲ့ ဘိုကလေးစာပေဟောပြောပွဲ ထူးထူးခြားခြား ဖြစ်မြောက်ရေးနဲ့ပတ်သက်ပြီး တော့ဖြစ်ပါတယ်။ အကိုကြီးကိုလှရွှေတို့နဲ့ လုပ်တူကိုင်ဖက် ကျောင်းဆရာမဟောင်းကြီး တယောက်က ‘နှစ်စဉ် ဘိုကလေးမြို့မှာ ကျင်းပလာခဲ့တဲ့ စာဆိုတော်နေ့စာပေဟောပြောပွဲတွေ ဟာ မဆလနွယ်ဝင် စာပေသမားယောင်ယောင် တဦးကချည်းပဲ၊ သူ့ခြေသူ့လက်လုပ်ပြီး ဖိတ် တာကြားတာ ဦးစီးလုပ်ကိုင်နေတာဟာ တနှစ်မှလူသူလေးစားစရာ တူတူတန်တန်စာရေးဆရာ စာရေးဆရာမကြီးတွေ မပါဖူးဘူး၊ ဒါကြောင့် ဒီနှစ်တော့ အတိုက်ခံလုပ်ပြီး တူတူတန်တန်စာပေ ဟောပြောပွဲဖြစ်အောင် လုပ်ပြမယ်ဆိုပြီး တာဝန်ယူလာခဲ့ပြီ၊ အဲဒီအတွက် ၀ိုင်းပြီးအကူအညီ ပေးကြပါအုန်း’ ဆိုပြီး ကိုလှရွှေအားကိုးနဲ့ ကိုလှရွှေနေထိုင်ရာ ရန်ကုန်ကို ဆင်းလာရာကနေ ကျနော်နဲ့ပါ ဆုံဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အကိုကြီးကိုလှရွှေက ‘ဟေ့ကောင် - မင်း အကူအညီပေး အုန်း ’ဆိုပြီး ကျနော့်ကိုပြောတော့၊ ကျနော်က ကျနော်နဲ့ရင်းနှီးတဲ့ မနုနုရည် (နုနုရည် - အင်းဝ) တို့ကိုပြောပြပြီး ထပ်ဆင့်အကူအညီ တောင်းပါတယ်။ မနုနုရည်က မန္တလေးက လူထုဒေါ်အမာ ကိုပါ ရအောင်ဖိတ်ပေးမယ် တာဝန်ယူပြီး သူပါဘိုကလေးဟောပြောပွဲကို လိုက်ဟောဖို့တာဝန် ယူပါတယ်။ အဲဒီနှစ်က ဘိုကလေးမှာကျင်းပတဲ့ စာပေဟောပြောပွဲဟာ ဘယ်နှစ်ကနဲ့မှမတူ အောင် တူတူတန်တန် စည်စည်ကားကား ဖြစ်မြောက်သွားခဲ့ပါတယ်။ (ဆရာဂျမ်းတို့၊ ဆရာစွမ်း တို့တောင် ပါဝင်ဟောပြောဖြစ်သေးတယ် ထင်ပါတယ်။ ကောင်းကောင်းတော့ မမှတ်တော့ပါ။)
ကျနော်မှတ်မိနေတာကတော့ ဘိုကလေး စာပေဟောပြောပွဲအတွက် အမေလူထုဒေါ် အမာ မန္တလေးကနေ ရန်ကုန်ကိုဆင်းလာတော့၊ အကိုကြီးကိုလှရွှေနဲ့ကျနော်ဟာ အမေလူထု ဒေါ်အမာကို သွားကြိုကြပါတယ်။ မနုနုရည်တို့လင်မယားရဲ့ အကူအညီနဲ့အမေလူထုဒေါ်အမာ တည်းနေကျ ရန်ကုန်ကဦးအေးကြည်ရဲ့အိမ်အထိ သွားတွေ့ဖြစ်ကြတာပါ။ အမေလူထု ဒေါ်အမာကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ပါပဲ။ အဲဒီတုန်းက အမေဒေါ်အမာဟာ အသက်(၇၀) ကျော် အရွယ်ရှိနေပါပြီ။ ဒါပေမဲ့ သွက်သွက်လက်ရှိတုန်း၊ သွားနိုင် လာနိုင်တုန်းပေါ့။
အမေလူထုဒေါ်အမာနဲ့ကျနော် ဒုတိယအကြိမ် ဆုံဖူးရတာကတော့ လူချင်းမဟုတ်ပါ။ စာ ချင်းလဲ မဟုတ်ပါ။ ဒါပေမဲ့ ကျနော့်ရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်စရာအဖြစ်တခုအဖြစ် တိုက် တိုက်ဆိုင်ဆိုင် မှတ်မှတ်သားသားဖြစ်နေခဲ့ပါတယ်။ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံလှုပ် ရှားမှုကြီးနဲ့လဲ ဆက်စပ်ပတ်သက်နေတာကြောင့်မို့ပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီး မြေတုန် ဟီးအောင် ပေါ်ထွန်းနေစအချိန်ကြီးမှာ၊ ဘားကောင်စီကျေညာချက် ထွက်ပေါ်လာပြီး မကြာခင် မှာပဲ၊ ကျနော်တို့စာပေအနုပညာရှင်တွေကလဲ မဆလစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျေညာချက်တစောင် လက်မှတ်တွေရေးထိုး လှုပ်ရှားခဲ့ကြပါတယ်။ တာဝန်ယူ ဆောင်ရွက်သူ တွေက နေရာအသီးသီးခွဲပြီး လက်မှတ်ရေးထိုး ကောက်ခံရယူရာမှာ ကျနော့်ရဲဘော် အယ်ဒီတာတဦးက ကျနော့်ဆီ လက်မှတ်ယူဖို့ရောက်လာခဲ့ပါတယ်။ မှတ်မှတ်ရရ ‘ချယ်ရီ မဂ္ဂဇင်း’ အယ်ဒီတာအဖွဲ့ဝင်တဦးဖြစ်တဲ့ ‘ကိုထွဋ်’ ရဲ့စားပွဲပေါ်မှာပါ။ လက်မှတ်ရေးထိုးဖို့ ပေးလာသူကတော့ ဆရာမောင်ကိုယုရဲ့လူရင်း၊ ဆရာမောင်ကိုယု နာယကလုပ်နေတဲ့ ‘မြတ်လေး’ မဂ္ဂဇင်းက နောက်ကွယ်အယ်ဒီတာတဦး ဖြစ်ပါတယ်။ ကျနော်က တက်တက် ကြွကြွနဲ့ လက်မှတ်ရေးထိုးပေးဖို့၊ ကျနော့်ဆီ ထိုးပေးလာတဲ့ စာရွက်ဖြူကို သေသေချာချာ ကြည့်လိုက်တော့၊ အပေါ်ဖက်မှာ လက်မှတ်တွေ တချို့အစီအရီ ထိုးထားပြီးသား ဖြစ်နေပါပြီ။ ကျနော့်ဆီ ပေးလာတဲ့ စာရွက်ဖြူပေါ်မှာ၊ ကျနော် လက်မှတ်ရေးရထိုးရမယ့်နေရာရဲ့အပေါ်မှာ နောက်ဆုံးလက်မှတ်ရေးထိုးထားတာကတော့ ဆရာ ‘လူထု စိန်ဝင်း’ ပါ။ ဆရာလူထုစိန်ဝင်းရဲ့ အပေါ်မှာ ကပ်လျက်သား တွေ့ရတာကတော့၊ အမေ ‘လူထုဒေါ်အမာ’ ပါပဲ။ အမေလူထု ဒေါ်အမာနာမည်နဲ့ လူထုဒေါ်အမာ ကိုယ်စားဆိုပြီး ဆရာလူထုဦးစိန်ဝင်းကပဲ လက်မှတ်ထိုး ထားပါတယ်။ ‘လူထုဒေါ်အမာရဲ့ ဖုန်းနဲ့လှမ်းပြီး အကြောင်းကြားချက်အရ’ ဆိုပြီးလဲ ဆရာလူထု ဦးစိန်ဝင်းက ဖေါ်ပြရေးသားထားပြီး လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ ကျနော့်ရင်ထဲမှာ လှိုက်ကနဲ ခုန်သွားရပြန်ပါတယ်။ အမေလူထုဒေါ်အမာဆိုတာ အဲဒီလို အမေမျိုးပါကလား။ လူထုအရေး လူထုတိုက်ပွဲတွေနဲ့ပတ်သက်ရင်၊ ဘယ်နေရာကပဲဖြစ်ဖြစ်၊ ရှိရာနေရာ ကြားရာ အရပ်ကနေ တက်တက်ကြွကြွ ပါဝင်ပူးပေါင်းတတ်သူပါကလား။ လူထုအရေးအတွက် လူထု ဖက်ကနေ လူထုတိုက်ပွဲတွေနဲ့အစဉ်ထာဝရ တသားတည်း ကျနေတတ်သူမျိုးပါကလားလို့ မှတ်မှတ်သားသား ဖြစ်ခဲ့ရပါတယ်။ ကျနော်ဟာ အမေတို့လူထုဦးစိန်ဝင်းတို့ရဲ့ အောက်ခြေကပ် လျက်သားကနေ ဂုဏ်ယူစွာနဲ့ လက်မှတ်ရေးထိုးခဲ့ဖြစ်ပါတယ်။ ကျနော်ပြီးတော့ အဲဒီစာရွက် ပေါ်မှာပဲ အဲဒီနေရာနားမှာပဲ လက်မှတ်ထိုးပေးသူကတော့ ကာတွန်းကိုဝင်းထွန်း (အခု ပြည်ပ ရောက် - ကာတွန်း မစ္စတာဘားမား) လို့ပဲ စိတ်ထဲမှာ စွဲထင်မှတ်မိနေပါတယ်။
အမေနဲ့လူချင်း နောက်ဆုံးတွေ့ဆုံဖြစ်ခဲ့တာကတော့၊ ၁၉ဂဂ ခုနှစ်အကုန် ဂ၉ ခုနှစ်ဆန်း ကာစထဲမှာပါပဲ။ အမေ့ရဲ့အိမ် အမေ့ရဲ့ ‘လူထု’ တိုက်ထဲမှာပဲ သွားရောက်တွေ့ဆုံခဲ့ရတာ ဖြစ်ပါ တယ်။ ကျနော်တို့အကိုကြီးကိုလှရွှေတို့ပါ ပါဝင်ဖွဲ့စည်းဖြစ်ခဲ့ကြတဲ့ ပြည်သူ့တိုးတက်ရေးပါတီ ပေါ်ပေါက်ပြီးစ၊ သိပ်တောင်ကာလ မကြာမြင့်လှသေးတဲ့ အချိန်အတောအတွင်းမှာပါပဲ။ မှတ်မှတ်ရရ နှင်းတွေဝေနေဆဲ ဆောင်းကာလကြီးအတွင်းမှာပါပဲ။
မန္တလေးသား ရဲဘော်ကြီးတဦးနဲ့အတူ အမေ့အိမ်ကို ရောက်အောင်သွားခဲ့ကြတာပါ။ လူထုတိုက်ရဲ့ ဧည့်ခန်းလေးအတွင်း ကျနော်တို့ကိုလှရွှေတို့ ရောက်ရှိသွားချိန်မှာ အမေက အပြုံးလဲ့လဲ့လေးနဲ့ကြိုဆိုပါတယ်။ ဘေးနားမှာ ဖတ်လက်စလို့ထင်ရတဲ့ စာအုပ်တအုပ်နဲ့ အဲဒီ စာအုပ်လေးပေါ်မှာ မျက်မှန်လေးတလက် တင်ထားတာလဲ တွေ့ရပါတယ်။ အဲဒီကျတော့မှပဲ ကျနော်က အမေ့မျက်နှာကို သေသေချာချာသတိထားပြီး ကြည့်မိပါတယ်။ အသက်အရွယ် တော်တော်ကြီးနေပြီဖြစ်ပေမဲ့ အမေ့ရဲ့မျက်နှာဟာ အိုကြီးအိုမနဲ့ ဇရာထောင်းနေတဲ့ပုံ၊ အားအင် ကုန်ခမ်း ညှိုးနွမ်းဖျော့တော့နေတဲ့ပုံ မပေါက်သေးပါ။
ကျနော်က အမေလူထုဒေါ်အမာကိုယ်တိုင် တချိန်ကရေးဖွဲ့ပြခဲ့ဖူးတာလို့ စိတ်ထဲမှာ ရေးတေးတေးထင်နေတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ရုပ်ပုံဘွဲ့စာပန်းချီခြယ်သချက် စကားလုံးစာပိုဒ်တချို့ကို ဖျတ်ကနဲအမှတ်ရမိလိုက်ပါတယ်။ အမေရေးသားပြုစုခဲ့တဲ့ ‘ဆရာကြီး သခင်ကိုယ်တော်မှိုင်း’ အတ္တုပ္ပတ္တိစာအုပ်ကြီးထဲမှာပဲလို့ ထင်မိနေပါတယ်။ အဲဒါကတော့ - ‘ - - ဗမာပီသတဲ့ရုပ်ဆိုတာ ဘယ်လိုဟာလဲ မေးလာရင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ထိုးပြ လိုက်စမ်းပါ၊ ဆရာကြီးရဲ့ရုပ်ရည်ဟာ အင်မတန် ဗမာပီသလှပါတယ်။ ဆရာကြီးရဲ့နှာတံဟာ သေသေချာချာပန်းပုထုပြီး တင်ထားသလို ဖြောင့်ဖြောင့်စင်းစင်းနဲ့ နှာတံပေါ်ပေါ် လှပလှပါ တယ်’ လို့ဆိုတဲ့ ဖွဲ့ဆိုရေးသားထားချက်ပါပဲ။ တိတိကျကျတော့ မမှတ်တော့ပါ။ အမေလူထု ဒေါ်အမာကိုယ်တိုင် ရေးသားပြခဲ့တာလို့ပဲ စိတ်ထဲမှာ ဝေေ၀၀ါးဝါး စွဲထင်နေမိခဲ့ပါတယ်။
အဲဒီလိုပါပဲ၊ အမေလူထုဒေါ်အမာကိုလဲ လေးလေးစားစားငေးမောကြည့်မိရင်း ကျနော်က ‘ဗမာအမျိုးသမီးတယောက်ရဲ့ ရုပ်ပုံဟာဘယ်လိုများပါလဲလို့ နိုင်ငံခြားသားဒါမှမဟုတ် လေ့လာ သိရှိလိုသူ တဦးဦးကများမေးလာရင်၊ ကျနော်တို့ရဲ့အမေ လူထုဒေါ်အမာရဲ့ရုပ်ပုံကိုပဲ နမူနာ အဖြစ် ထိုးပြလိုက်စမ်းပါ’ လို့ပဲပြောလိုက်ချင်ပါတယ်။ အမေလူထုဒေါ်အမာရဲ့မျက်နှာဟာ အင်မတန်ဗမာပီသလှပါတယ်။ ထူးထူးခြားခြားပေါ်လွင်နေတာကလဲ နှာတံလို့ပဲ ထင်ပါတယ်။ မျက်ခုံးမွှေးကလဲ ရှည်လျားလှတဲ့ နှာတံနဲ့လိုက်ဖက်ညီအောင် ပေါ်ပေါ်လွင်လွင် ရှိလှပါတယ်။
အမေလူထုဒေါ်အမာက ကျနော်တို့ကို လဖက်ရည်တွေ မုန့်တွေနဲ့လဲ ဧည့်ခံလိုက်ရုံမက၊ (လဖက်ရည်အချိုတွေ မုန့်ပဲသရေစာတွေနဲ့ မဆီမဆိုင်နိုင်လိုက်တာလို့ပဲ ဆိုချင်ဆို) အညာ ထွက်ပစ္စည်းစစ်စစ် အညာဇီးချိုသီးတွေနဲ့လဲ ဧည့်ခံလိုက်ပါသေးတယ်။ ဇီးချိုသီးတွေကို ပန်းကန်ပြားလေးထဲမှာ ထည့်လို့ပေါ့။
အမေလူထုဒေါ်အမာဆီကို ကျနော်တို့လာခဲ့ကြတာက အမေ့ကို လာရောက်နှုတ်ဆက် ချင် စကားစမြည် ပြောချင်လို့သာမက၊ ကျနော်တို့ ပြည်သူ့တိုးတက်ရေးပါတီ ဖွဲ့စည်းလှုပ်ရှား နေပြီ၊ အဲဒီအတွက်ပါတီရံပုံငွေ အလှူငွေထည့်ဖို့ လာရောက်အလှူခံကြတာလဲ အကြောင်း တချက်အဖြစ် ပါပါတယ်။
အမေက ပြည်သူ့တိုးတက်ရေးပါတီအတွက် အလှူငွေ (၂၀၀) လားပဲ ထည့်လိုက်ပါသေး တယ်။ အဲဒီတုန်းက အလှူငွေ (၂၀၀) ဆိုတာ သိပ်နည်းလှတဲ့ငွေ မဟုတ်ပါ။ ပါတီဖွဲ့စည်းမှတ် ပုံတင်ကြေးတခုလုံးမှ ကျပ် (၅၀၀) ပဲ သတ်မှတ်ထားတဲ့ အချိန်မဟုတ်လား။
( ၄ )
ပြည်တွင်းမှာ နေလို့မရတော့လို့ ပြည်ပကိုထွက်လာရတော့တဲ့အချိန်အထိ၊ ကျနော် နောက်ဆုံးထွက်လာခဲ့ရတဲ့ နေရာဟာလဲ မန္တလေးပါပဲ။ အခုလို နှင်းတွေ တဝေ့ဝေ့ဝေနေတဲ့ ဆောင်းတွင်းကာလကြီးမှာပါပဲ။ အရုဏ်တောင် မလာတတ်သေးတဲ့ ဆောင်းတွင်းနံနက်စော စော မြူရိပ်ဝေေ၀တွေကြားထဲမှာ လွမ်းစရာ့မန္တလေးကို ဆွတ်ဆွတ်ကျင်ကျင် နှုတ်ဆက်ခဲ့ရပါ တယ်။ ကျနော်ငယ်ငယ်တုန်းက စွဲလန်းခဲ့ဖူးတဲ့မြင်ကွင်း၊ မန္တလေးနန်းမြို့ရိုးနဲ့ ကျုံးရိပ်ရေပြင် ညို့ညို့ဟာ မလင်းနိုင်သေးတဲ့အမှောင်စတွေကြားထဲမှာ မှိုင်းမှုန်ဝေရီ ကျန်ရစ်ခဲ့ပါတယ်။
နယ်စပ်တဖက်ခြမ်းဆီ ရောက်လာပြီးတဲ့နောက်ပိုင်းမှာလဲ အမေလူထုဒေါ်အမာရဲ့ အသံ ကို လေလှိုင်းပေါ်တွေကတဆင့် အခါအားလျော်စွာ ကြားနေရပါတယ်။ အမေလူထုဒေါ်အမာရဲ့ (ဂ၀) ပြည့်မွေးနေ့ … (၉၀) ပြည့်မွေးနေ့ ... စသဖြင့်စသဖြင့်တွေသာမက၊ အခါအားလျော်စွာ ပြည်တွင်းအခြေအနေတွေနဲ့ ပတ်သက်တဲ့၊ ဒီမိုကရေစီရေးအဖြစ်အပျက်တွေနဲ့ ပတ်သက်တဲ့ အမေလူထုဒေါ်အမာရဲ့ အမြင်၊ လူထုဒေါ်အမာရဲ့သဘောထား၊ လူထုဒေါ်အမာရဲ့အသံတွေ ...
အသက်အရွယ်တွေ ဘယ်လောက်ကြီးလို့ဇရာတွေ ဘယ်လောက်ထောက်ထောက်၊ ဒေါ်အမာဆိုတဲ့ နာမည်နဲ့ပညတ်သွားရာ ဓာတ်သက်ပါလောက်အောင် ကိုက်ညီနေလွန်းလှတဲ့ အမေဒေါ်အမာရဲ့ ခိုင်မာလွန်းလှတဲ့ လူထုရပ်တည်ချက် လူထုအတွက် အသံတွေကဖြင့် - ကြားရ ကြားရလေတိုင်း ဦးညွှတ်ခဲ့ရပါတယ်။ ဒါကြောင့်လဲ ‘လူထုဒေါ်အမာ’ ဆိုတာ ‘လူထု ဒေါ်အမာ’ ဖြစ်ခဲ့ရတာကိုး - လို့လဲ ရင်တွင်းကပါ နက်နက်ရှိုင်းရှိုင်း ကျေကျေနပ်နပ် နားလည်ခဲ့ ရပါတယ်။ ။
( ၀င်းတင့်ထွန်း)
၁၅-၁၁-၂၀၀၇
(နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျရောက်မယ့် အမေလူထုဒေါ်အမာရဲ့အသက် (၉၂) နှစ်မြောက် မွေးနေ့ကို အထိမ်းအမှတ်ပြု ဦးညွှတ်လိုက်ပါတယ်။)
Read More...
Friday, 7 December 2007
နအဖရဲ့ ရှေ့ခြေလှမ်းကို ရိုက်ချိုးဖို့ပြင်ကြစို့
ဒီတခါ အာစီယံမှာ နအဖတုံးကျော်သွားတာလား၊ သက်ပြင်းချနိုင်သွားသလား။
ဒါဆွေးနွေးစရာ၊ ငြင်းခုံစရာဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့တကယ်တော့ ဒီအစည်းအဝေး ကရလဒ်ဟာ ဘာကြီးပဲဖြစ်နေနေ ဗမာပြည်ပြည်သူတွေအတွက်၊ အထူးသဖြင့် စစ်အာဏာရှင် စနစ်ဖယ်ရှားရေးအတွက် သိပ်ပြီးအရေးမပါပါဘူး၊ နအဖကို
နိုင်ငံတကာအသိုင်းအ၀ိုင်းအလယ် မှာ သိက္ခာချနိုင်တာကလွဲလို့ သိပ်အရေးပါ ထိရောက်တာမဟုတ်ဘူး၊ အဲဒီမှာ ဘာပဲဆုံးဖြတ်၊ ဆုံးဖြတ် နအဖက ဂရုမစိုက်တာသေချာတယ်၊ သံတမာန်ရေးရာနဲ့ နိုင်ငံတကာဆက်ဆံရေး အပိုင်းကို နအဖအစိုးရက နကမ္ပတိလုပ်ထားရတာကြာပြီ၊ ဂမ်ဘာရီနဲ့ပီညဲရိုးတို့အပေါ် ဆက်ဆံ ပြနေပုံတွေဟာ ကုလသမဂ္ဂနဲ့အိုင်အယ်လ်အိုကိုတောင် ဂရုမစိုက်ဘူးလို့ ပြောနေတာဖြစ်တယ်၊ နောက်ပြီး ဂမ်ဘာရီရဲ့လှုပ်ရှားမှုကို တရုတ်နဲ့အိန္ဒိယတို့က ထောက်ခံထားတယ်ဆိုတာလည်း သူတို့ မသိတာမဟုတ်ဘူး၊ နအဖဟာဒီနယ်ပယ်မှာ သန်းခေါင်ထက်ညဥ့် မနက်ဘူးလို့ တွက် ထားပြီးဖြစ်တယ်၊ သူတို့မှာ လိမ္မာထိရောက်တဲ့ သံတမာန်ရေးလှုပ်ရှားမှု ပြုလုပ်နိုင်စွမ်းမရှိတော့ တာကြာပြီပဲ၊ နပေနကတ်လို တုတ်တောင်းနေတာဖြစ်တယ်လို့ ပြောရင်ရမယ်၊ အဲဒီတုတ်ချက် လောက်ကိုတော့ စစ်ဗိုလ်ချုပ်တွေက မမှုဘူးလုပ်နေကြတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ သံဃာ့အရေးအခင်းကြီးက ရှင်းရှင်းလင်းလင်းပြသလိုက်တဲ့ အ ချက်တချက်ကတော့ နအဖတကယ်ကြောက်တာ သူတို့ကိုတကယ်ကိုင်လှုပ်နိုင်တာဟာ ပြည် တွင်းက ပြည်သူတွေရဲ့အုံကြွမှုသာဖြစ်တယ်ဆိုတာပဲ၊ သူတို့တတွေ အခုထက်ထိ အရေးအ ခင်းရဲ့ကျိန်စာကတော့ မလွတ်နိုင်သေးဘူးဆိုတာအဘက်ဘက်မှာ အထင်အရှားတွေ့နေရ တယ်။ အခုထက်ထိ လူတွေကိုလိုက်ရှာဖမ်းဆီးနေတာဟာ၊ နယ်ပယ်ပေါင်းစုံမှာ ဆင်ဆာအ မျိုးမျိုးလုပ်နေတာ စတာတွေဟာ သူတို့စိုးရိမ်ထိတ်လန့်နေတုန်းပဲ ဆိုတာကိုပြတာဖြစ်တယ်၊ နအဖအဖို့ ငြိမ်းအဖွဲ့တွေအပေါ် မီးမသေလှဘူးဆိုတာလည်း သူခြေတလှမ်းလှမ်းတိုင်း တွေ့နေ ရတယ်၊ တချို့အဖွဲ့ဟာဆိုရင် စစ်အစိုးရကလုပ်ခိုင်းသမျှကို ဆန့်ကျင်နေတဲ့ သဘောမျိုးတောင် တွေ့လာနေရပြီ၊ သူတို့ချင်းထိပ်တိုက်တွေ့မှာကို ရှောင်ဖို့ကြိုးစားလို့ ရပါအုန်းမလားဆိုတာ တောင်မှ တွေးစရာဖြစ်လာနေတယ်၊ နိုဝင်ဘာလ ၂၂ရက်နေ့က ကေအိုင်အေစခန်းကိုသိမ်း တာကိုထောက်ရင် နအဖ က သူတို့အပေါ်မှာ စစ်ရေးအရကိုပဲ စပြီးဖိအားပေးလာနေပြီ ဆိုတာ သေချာတယ်။
ဒီလိုအနေအထားမှာ ပြည်တွင်းက ဆန့်ကျင်မှုကိုသာ တကယ်လန့်သူဖြစ်တဲ့ နအဖဟာ သူ့တပ်တွင်းက တုန့်ပြန်မှုကို အဓိကထားကြည့်နေတယ်၊ တပ်ဟာသူတို့ထင်သလို ခိုင်းလို့ရမရ ဆိုတာနဲ့ အခြေအနေတွေနဲ့ သူတို့ဆက်ပြီး အုပ်စိုးလို့ ရမရဆိုတာကို သုံးသပ်တာပါ၊ အခုတ လောလေးမှာပဲ တပ်ထိပ်ပိုင်းမှာ နေရာတွေ၊ ရာထူးတွေခွဲတမ်းချဝေခြမ်းပြီးတဲ့နောက် သူတို့ ကိုယ် သူတို့အတော် စိတ်ချသွားဟန်တူတယ်၊ ဒါကြောင့် ဗိုလ်သန်းရွှေရဲ့ကြံ့ဖွတ် တွေကိုပြော တဲ့မိန့်ခွန်းမှာ သူ့ကိုယ်သူ အတော်ယုံကြည်မှု ရှိတဲ့ လေသံတွေ ပါနေတာဖြစ်တယ်။
ဘယ်အခမ်းအနားမှာပဲဖြစ်ဖြစ်၊ ဘယ်ပြည်ပခေါင်းဆောင်နဲ့တွေ့ရာမှာပဲဖြစ်ဖြစ်၊ နအဖ က တိုင်းပြည်အခြေအနေ တညငြိမ်နေ ပါတယ်လို့ ပြောနေတာဟာ သူ့တပ်ကိုသူပိုင်တယ်လို့ ယူဆပြီးပြောနေတာသာဖြစ်တယ်၊ သူတို့ပြောတိုင်းမှာ တိုင်းပြည်အခြေ အနေတညငြိမ်တယ်။ သူတို့ရဲ့လမ်းပြမြေပုံအတိုင်း ဆက်လုပ်မယ်ဆိုတာ အမြဲပါတယ်ဆိုတာ သတိထားမိစရာပဲ၊ ဒါတွေက ပြနေတာကတော့ နအဖ အနေနဲ့ လမ်းပြမြေပုံရဲ့အဆင့်လေးကို မဖြစ်မနေလုပ် တော့မယ်ဆိုတာပဲ။
နအဖဟာ ဘာကြောင့်မို့ဒီဆန္ဒခံယူပွဲဆိုတဲ့ အဆင့်လေးကို အင်မတန်စိတ်ထက် သန် နေရတာလဲ၊ သေချာတာက သူတို့ အစီအစဉ်အတိုင်းသာ ဆန္ဒခံယူပွဲလုပ်နိုင်မယ်ဆိုရင် သူတို့ အနေနဲ့ ထောက်ခံမဲ ၁၀၅ရာခိုင်နှုန်းတောင် ရအောင်လုပ်နိုင်တယ်ဆိုတာ ဘာမှသံသယရှိစ ရာမလိုဘူး၊ သူတို့ပြချင်တဲ့ကိန်းဂဏန်းကို ပြလို့ရောအင်လုပ်နိုင်တယ်၊ ၁၉၇၄ခုနှစ်တုန်းက ဗိုလ်နေ၀င်းလုပ်ခဲ့တာနဲ့ တလောက ပါကစဏတန်က စစ်အာဏာရှင် မူရှာရာ့ဖ် လုပ်ပြသွား တာတွေကိုပဲကြည့်တော့။
တကယ်က နအဖအခုလုပ်နေပြောနေတာတွေ မှန်သမျှဟာ တခုမှမျက်စိလည်စရာ မရှိဘူး၊ အင်မတန်ရှင်းနေတာတွေမို့ အတိုက်အခံတွေအကြားမှာ ဘာမှအငြင်းမပွားကြဘူး၊ နအဖအလိုတော်ရိတွေတောင်မှ အသံမထွက်ကြဘူး၊ (သူတို့ကို နအဖက ပါးစပ်ပိတ်ခိုင်းထား လို့လည်း ဖြစ်ကောင်းဖြစ်မယ်)၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည် စကားပြောတယ် ဆိုတဲ့ လုပ်ဇာတ်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မဗေဒါရေခပ်ခိုင်းသလိုလုပ်ထားတာ ဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မပြောနဲ့ သာမာန်လူထုတောင်သိတယ်၊
ဒီတော့ အတိုက်အခံတွေ။ အထူးသဖြင့် မြေအောက်လုပ်ငန်းလုပ်နေသူတွေဟာ အဲဒီ လမ်းပြမြေပုံအဆင့်လေးလုပ်လာမှာ အတွက်အခုကတည်းက စဉ်းစားပြင်ဆင်တာတွေ လုပ် သင့်တယ်၊ အာဏာရှိတဲ့လူနဲ့ မရှိတဲ့လူနဲ့တူတာမဟုတ်ဘူး၊ အာဏာရှိတဲ့ လူကလုပ်ချင်ရင် မြန်တယ်၊ အချိန်ဆိုတာကလည်း ကုန်မှန်းမသိကုန်သွားတတ်တယ်၊ ပြီးခဲ့တဲ့သံဃာ့အရေး အခင်းကြီးတုန်းက ကိုယ်က နောက်ကလိုက်ရတာမျိုးဖြစ်ခဲ့ကြတယ်မဟုတ်လား။
ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးကို ပြန်ပြီးသုံးသပ်။ နိဂုံးချုပ်ပြီးရှေ့လုပ်စရာတွေချ မှတ်ကြသင့်ပြီ၊ ဒါကို ပါဝင်လှုပ်ရှားခဲ့ သူတွေက အဓိကလုပ်သင့်တယ်၊ ဘာဖြစ်လို့ ဒီရေလှိုင်း လုံးတွေလို ဗြုံးစားကြီးပေါ်ပေါက်လာသလဲ၊ ဘာဖြစ်လို့ တုံးတိပြတ်တောက် သွားရသလဲ၊ နအဖ တကယ်လန့်တာဘာလဲ၊ သူ့တပ်တွင်းကိုဘယ်လို ဂယက်ရိုက်ခဲ့သလဲစတာတွေကို ကိုယ်ဖြစ်စေချင်တာ။ ကိုယ့်ဆန္ဒအစွဲမပါပဲ သေသေချာချာ သုံးသပ်သင့်တယ်။
အဲဒီကနေ ဘယ်လိုတိုက်ပွဲပုံစံတွေ ကျင့်သုံးလို့ရမလဲ။ ကျင့်သုံးရင်ကောင်းမလဲ စတာ တွေကိုလည်း သုံးသပ်။ ဆုံးဖြတ်သင့်ပြီ၊ ပြီးရင် ပြင်ဆင်ရမယ်၊ ဒီတိုင်းပြည်မှာက ဘယ်သူက ပဲဖြစ်ဖြစ်။ ဘယ်အချိန်မှာပဲဖြစ်ဖြစ်။ ဘယ်ပုံစုံနဲ့ဖြစ်ဖြစ် ဒီနအဖစစ်ဗိုလ်တွေကို ဆန့်ကျင် ဆန္ဒပြတယ်ဆိုတာ တရားတာမှန်တာချည်းပဲ။ ထောက်ခံရမှာချည်းပဲ၊ ဒါကြောင့် ဒါမျိုးဟာအ ချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။
ကိုယ့်ဘက်က ပြင်ဆင်မှုမရှိပဲ တိုက်ရတယ်ဆိုတာမျိုး မဖြစ်ရင်အကောင်းဆုံးပဲ။
ဗသြ
Read More...
အဝေးကပေးစာတစောင်
ကိုဟိုဒင်းရေ-
“သီတင်းကျွတ်ပွဲတော်ကြီးပြီးလို့ တန်ဆောင်မုန်းတန်ဆောင်တိုင် ဆီမီးကမြိုင်။ မသိုးအလှ မြတ်သင်္ကန်း ကပ်ဖို့။ ရွှေတိဂုံ ကုန်းတော်ပေါ်မှာပြိုင်”ဆိုတဲ့ ကျနော်တို့ငယ်ငယ်တုန်းက ဒီလို အချိန်မှာကြားရလေ့ရှိတဲ့ ကိုမြကြီးရဲ့သီချင်းလေး ကိုမှတ်မိတယ်
မဟုတ်လားဗျာ၊ ရန်ကုန် တန်ဆောင်တိုင်ပွဲတော်။ လေးဆူဓာတ်ပုံ ရွှေတိဂုံနဲ့ အလှူရေစက် လက်နဲ့မကွာ၊ ရက်ရောလှ တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ၊ ခွဲလို့ရနိုင်ရိုးလား ဗျာ၊ အခုတော့ ရွှေတိဂုံကုန်းတော်ပေါ်ကို သံဃာတော်တွေဟာ ခွင်ပြုချက်လက်မှတ်နဲ့ တက် ရသတဲ့။ ဘုရားဖူးကြည်ညိုသူတွေ လူစုလူ ဝေးနဲ့ မတက်ရဘူးတဲ့၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်ထက်ဆိုးတဲ့ ကာလတခုကို ရောက်နေပါပေါ့ လားဗျာ။ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်၊ ဘုန်းကြီးကျောင်းတွေကနေ မောင်းထုတ်။ ပြန်ခိုင်း။ သာသနာ့စောင်းထက် နအဖစောင်းက ပိုထက်တယ်လို့ ပြောဖို့လုပ်နေတဲ့ ကာလ ကြီးမှာ ကျနော်ဖြင့်ဗမာပြည်က ကထိန် အလှူပွဲတော်များအတွက် စိုးရိမ်ပူပန်မိတာ အမှန်ပါပဲ၊ ဒီကနေ ပြန်စဉ်းစားလိုက်တိုင်း ကထိန်ပွဲကြီးတွေ ခြိမ့်ခြိမ့်သဲကျင်းပပြီး လမ်းတကာ၊ ရပ်တကာ မှာ ကထိန်ညှပ်ကြီးတွေ အပြိုင်အဆိုင်ဆင်ယင်။ ခင်းကျင်းကြ။ ပွဲတွေလမ်းတွေ ကျင်းပကြ။ ရန်ကုန်မှာဆိုရင် (ကာတွန်း)ဦဘဂျမ်းလမ်းမှာ ကာတွန်းပြပွဲတွေလုပ်ကြ။ မန္တလေးဘက်မှာဆို ရင် စစ်ကိုင်းတောင် တောင်လုံးညွှတ်မျှကထိန်သွားခင်းကြ။ ဈေးချိုထဲက အေရုံ၊ ဘီရုံ စတာ ကြီးတွေက အငြိမ့်တွေပွဲတွေနဲ့ နေ့ခင်းကြီးဧည့်ခံကြ။ ဒီလိုချစ်စရာ။ ဂုဏ်ယူစရာအစဉ် အလာ လေးတွေဟာ နအဖစစ်အစိုးရ ရဲ့စစ်မိန့်တွေကြောင့် ပျောက်ကုန်တော့မှာပါလားဗျာ။
ကျနော်တို့ဗမာနိုင်ငံသားများဟာ ကိုယ့်မှာရှိရင် ကိုယ်ချည်းမစားသုံးပဲ သူများကိုလည်း ပေးကမ်းဝေ မျှချင်တယ်ဆိုတဲ့စိတ် စေတသိက်လေးရှိနေတော့ စပါးသိမ်း။ ပဲသိမ်းပြီးရင် လှူကြ တန်းကြတာဟာ နှစ်ထောင်နဲ့တောင်ရှိပြီနဲ့ တူပါတယ်ဗျာ၊ ဘယ်သူကမှ ရိုက်ခိုင်းဖို့မလို။ အမိန့် ပေးခိုင်းဖို့မလိုတဲ့ အစဉ်အလာကောင်းပါ၊ မင်းမှ စိုးမှ လုပ်တာမဟုတ်ပါဘူး။ ဆင်းရဲသားလဲ တတ်နိုင်ရင် တတ် နိုင်သလောက် လှူကြတမ်းကြတဲ့ နိုင်ငံနဲ့ နိုင်ငံသားတွေပါဗျာ၊ အခုတော့ လှူချင်လို့မလှူရ။ လှူချင်သူကိုမလှူရ။ ၀ဋ်ဒုက္ခတမျိုးလိုပါပဲ။
ဒီကြားထဲမှာ နအဖအစိုးရရဲ့ဝါဒဖြန့်ယန္တရားများနဲ့ နောက်လိုက်ခွေး မီဒီယာများထဲမှာ သူတို့လက်ပါးစေ ကြံ့ဖွတ်တွေက ဘုန်းကြီးကျောင်းတွေကိုသွားပြီး ကထိန်ပစ္စည်းတွေအတင်း လက်ခံခိုင်း။ အတင်းရေ စက်ချ။ အတင်းကထိန်လိုက်ခင်းနေကြတယ်လို့ ကြားရတော့ ပိုပြီးစိတ် မချမ်းမသာဖြစ်ရတယ်၊ အေးဓားပြ တိုက်တယ်ဆိုတာနဲ့ ပြောင်းပြန် ကုသိုလ်ဓားပြတိုက်တယ် လို့ ဆိုရမလား မသိပါဘူး၊ တချို့သံဃာ တော်များကတော့ ပတ္တနိက္ကုဇ္ဇနကံဆောင်ထား တာမို့ သူတို့ပေးတဲ့အခါ လက်ခံထားလိုက်ပေမဲ့ သူတို့သွားတဲ့ နောက် ကိုယ်တိုင်မသုံးပဲ သူများကိုစွန့် ကြဲလိုက်ကြတယ်လို့လဲ ကြားရတယ်၊ နအဖကြောင့်မို့ သံဃာတော်များ လုပ် နေရပုံအတွက် လည်း စိတ်မကောင်းဖြစ်ရတယ်။
ကျနော်တို့ ဗုဒ္ဓဘာသာမှာ အလှူဒါနဖြစ်မြောက်ဖို့အတွက် အချက်သုံးချက်လိုအပ် တယ်ဆိုတာ ခင်ဗျားမှတ်မိတယ်မဟုတ်လား၊ အဲဒါတွေက လှူတဲ့သူရယ်၊ လှူတဲ့ပစ္စည်းရယ်၊ အလှူခံတဲ့လူရယ်လို့ ဆိုသမို့လား၊ အခုတော့ သံဃာတော်များကလက်မခံချင်တာကို အာဏာ နဲ့ အတင်းယူခိုင်းနေတယ်ဆိုတော့ အလှူဒါနဖြစ်မြောက်ဖို့အတွက် လိုအပ်တာဟာ စစ်တပ် အာဏာအပါ အချက်လေးချက်ဖြစ် သွားပြီပေါ့ဗျာ၊ မူလသုံးချက်နဲ့တင် မရတော့တာလည်း အမှန်ပဲ၊ စစ်အာဏာပိုင်တွေကခွင့်မပြုလို့ မခင်းရတဲ့ ကထိန်တွေ၊ မကျင်းပရတဲ့အလှူပွဲတွေ နည်းမှမ နည်းတော့ပဲ၊ ဗုဒ္ဓဘာသာပြော ပြောရရင် ဒါနမမြောက်အောင် နှောင့်ယှက်ဖျက်ဆီး တယ်ဆိုတဲ့ အပြစ်ဟာ ဘယ်လောက်ကြီးသလဲ စစ်ဗိုလ်ချုပ် တွေ စဉ်းစားမိရဲ့လားမသိဘူး။
ဒီစာကိုရေးနေရင်းပဲ ကိုဟိုဒင်းရေ။ သတင်းတခုဝင်လာသဗျ၊ ကောင်းသတင်းပြော ရမ လား။ ဆိုးသတင်း ပြောရမလားမသိဘူး၊ ခင်ဗျားမို့ မျှရအုန်းမယ်၊ အဲဒါ(ဦး)မြတ်ခိုင်ရဲ့ လျှပ်တစ် ပြက်ဂျာနယ်ပိတ် လိုက်ရပြီတဲ့ဗျ၊ ထုတ်ဝေခွင့်ပိတ်လိုက်တာလို့ ဆိုတာပဲ၊ ဘာကြောင့်လဲဆိုတာ တော့ မသိရသေးဘူး၊ ပြန်ကြား ရေးဝန်ကြီး (ဗိုလ်ကျော်ဆန်း) ကို ပိုင်လှတယ်ဆိုတဲ့လူ။ သူ လည်းကမ်းနားသစ်ပင် ပဲကိုး၊ ကိုယ့်ကိုယ်အမှီ ကောင်းရှိ။ အကာအကွယ်ကောင်းရှိတယ်ဆိုပြီး သူတကာကိုတွယ်။ စာပေအနုပညာ သည်တွေကို တပည့်မွေး။ ရန်သူထား လုပ်ချင်သလိုလုပ် နေတဲ့လူရယ်လေဗျာ၊ နအဖကိုယ်စား တရားမ၀င် ၀ါဒဖြန့်တာ။ တိုက်ခိုက်တာတွေလည်း လုပ်မှ လုပ်၊ လျှပ်တစ်ပြက်ဆိုတာက ဗမာပြည်ရဲ့နံပတ်ဝမ်း အ၀ါရောင် စာနယ်ဇင်းရယ်လို့ ဆိုင်းဘုတ် ချိတ်ဆွဲမထားယုံတမယ် နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ “အတွင်းရေး” ဆိုတဲ့ ကောလာဟာလတွေ ကိုဘုံးဘောလအော။ ရက်ရက်ရောရာကြီးဖော်ပြနေတဲ့ ဂျာနယ်ပါကလားဗျာ၊ သူနဲ့မတည့် လို့ကတော့ ရုပ်ရှင်လောကသားတွေ။ ဂီတလောကသားတွေ သွားပေရော့ပဲ၊ တယ်လဲပြောင် မြောက်ဆိုကိုးဗျ။
အရင်လတုန်းက ကျနော့်စာထဲမှာ သူ့ဂျာနယ်ကနေ နိုင်ငံရေးကျားသေတွေကို နအဖရဲ့ စီမံကိန်းနဲ့ အသက်သွင်းလာတာကို ရေးလိုက်မိသေးတယ်မှတ်တယ်၊ ဦးအောင်ကြီး။ သခင် တင်မြ။ ဦးချစ်လှိုင်တို့သုံးဦး ကို ခမ်းခမ်းနားနားကြီးပွဲထုတ်ပြီး အတိုက်အခံတွေကို တိုက်တာ လေဗျာ၊ ပြည်တွင်းက နိုင်ငံရေးလောကနဲ့ စာပေလောကမှာကို တော်တော်ပြောစရာဖြစ်ခဲ့ တာပေါ့၊ အခုတော့သူများ ပျက်စီး တဲ့အတွက် ၀မ်းသာ တယ်လို့တော့ မပြောချင်ပါဘူးဗျာ၊ ဒါပေမဲ့ ‘လျှပ်တစ်ပြက်ဘာကြောင့် အပိတ်ခံ ရတာလဲ’ ဆိုတာလို ကျနော့်ခေါင်းထဲမှာ မရှင်း တာလေးတွေ ကျန်နေခဲ့တဲ့အတွက်ပဲ အစာမကြေသလို ဖြစ်နေတာပါ၊ သူကမင်းသမီး တယောက်အကြောင်း ပုတ်ခတ်ရေးသားလို့ အဲဒီမင်းသမီးက ကြပ်ပြေးအထိ တက်တိုင်တာနဲ့ အပိတ်ခံရသလိုလိုတော့ ကြားတာပဲ၊ ကြပ်ပြေးက အာဏာပိုင်များက မင်းသမီးလေး ကိုပိုစာ နာသွား တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ၊ အလွယ်သာမာန် အရပ်သားပြော ပြောရင်တော့လည် လွန်းတဲ့ဘီး ချေးသင့်တာပါပဲ၊ အခုလိုအခါကြီးရက်ကြီးမှာ ဗမာပြည်သားတွေအဖို့ တရား သံဝေယူစရာ ဖြစ်တာ ပေါ့လေ။
ဒါလောက်ပဲဗျာ။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော
Read More...
Sunday, 2 December 2007
စစ်ပွဲထဲမှာ
• အမြင့် နေရာရသူတွေကြား
အစားအစာအကြောင်း ပြောလိုက်မိရင်
အောက်တန်းကျတယ်လို့ထင်
ထင်မှာပေါ့၊ သူတို့က
စားလို့သောက်လို့ ၀နေကြပြီကိုး။
• အောက်လွှာက လူတွေကတော့
ကမ္ဘာမြေက ထွက်ခွာသွားကြရလိမ့်မယ်
မြည်းစမ်းမကြည့်ဖူးသေးဘဲနဲ့
အသားဟင်းကောင်းလေး တခွက်တလေလောက်ကိုမှ။
• အံသြတွေးတောစရာ၊ သူတို့ ဘယ်ကလာကြပါလိမ့်
ဘယ်ကို သွားကြမှာတဲ့လဲ
လှပသာယာ ညနေခင်းတွေက သူတို့ကို တွေ့မြင်ကြတယ်
အမောဆို့နေကြတဲ့ပုံရိပ်တွေ။
• သူတို့မတွေ့ မမြင်ဖူးကြသေး
တောင်တန်းတွေ၊ ပြီးတော့ မဟာပင်လယ်
ဘ၀တွေမှည့်ပျော်၊ အချိန်တွေ ညောင်းလာတာတောင်မှ။
• အောက်လွှာက လူတွေမစဉ်းစားကြဖူးဆိုခဲ့ရင်
အောက်တန်းကျတာ ဘယ်အရာတွေလဲဆိုတာ
ဘယ်တော့မှ ... သူတို့
မြင့်တက်လာကြမှာမဟုတ်။
• ငတ်မွတ်နေတဲ့ အဲဒီပေါင်မုန့်ဟာ
အားလုံး စားကုန်သွားပြီပဲ
အသားဆိုတာ မသိဖူးတဲ့အရာ၊ အသုံးမကျ တန်ဖိုးမ၀င် ဖြစ်နေတာကတော့
လူထုချွေးစက်တွေက ထွက်အန်ပွင့်သီးလာတဲ့အရာတွေ။
• (သပြေညို အောင်ပန်းလိုမျိုး)
လော်ရာပင် တောအုပ်တွေကိုလည်း
ခုတ်ထွင်ချိုင်ချ ညွှတ်ခကုန်ကြပေါ့
လက်နက်စက်ရုံခေါင်းတိုင်များမှ
မီးခိုးတွေကတော့
လွင့်တက်လို့။
• အိမ်ဆေးသုတ်သူက
ကြီးမြတ်ခေတ်တခေတ်
ရောက်လာတော့မယ်တဲ့
ပြောနေလေရဲ့
သစ်တောတွေကတော့ ပေါက်ရောက်ကြီးထွားမြဲ
စိုက်ခင်းတွေကလည်း သီးပွင့်မြဲ
မြို့တွေကလည်း ရပ်တည်နေကြဆဲ
လူတွေလည်း အသက်ရှူနေကြမြဲပါ။
• ပြက္ခဒိန်တွေမှာတော့
အဲဒီနေ့အကြောင်း
မဖော်ပြ မမှတ်သားရသေးဘူး။
လတိုင်းလတိုင်း၊ ရက်တိုင်းရက်တိုင်း
ကုန်ဆုံးလွန်မြောက်သွားကြ
ကြက်ခြေခတ် အမှတ်အသားတွေနဲ့ချည်းပဲ။
• အလုပ်သမားတွေ ဟစ်ကြွေးနေတာက
ပေါင်မုန့်အတွက်။
ကုန်သည်တွေ အော်မြည်နေတာက
ဈေးကွက်။
အရင်က အလုပ်လက်မဲ့တွေ ငတ်ပြတ်ကြရတဲ့အဖြစ်
အခုတော့ အလုပ်လက်ရှိတွေပါ ငတ်ပြတ်ကြရတဲ့သနစ်။
ခေါက်သိမ်း ငြိမ်နေရတဲ့လက်တွေ။ ပြန်လည် အလုပ်များ လာရပြန်ပြီပေါ့
သူတို့လုပ်နေရတာက ဗုံးဆံ၊ ဗုံးကျည်တွေ။
• စားပွဲပေါ်ကအသား၊ အခန့်သားယူစားနေသူက
ရောင့်ရဲတင်းတိမ်မှုအကြောင်း
သင်ကြားနေပါကလားဟေ့။
• သူတို့အတွက် အလုပ်အကျွေးပြုပေးကြဖို့
လျာထားသတ်မှတ် တောင်းဆိုချက်ကတော့
အသက်ပေးကြဖို့ဆိုပဲ။
• ဖူဖူလုံလုံ ၀၀လင်လင် စားနေရသူက
ငတ်နေသူကို ပြောပြနေတယ်
အံ့သြဖွယ် ခေတ်ကာလဟာ
ရောက်လာတော့မှာပါ တဲ့။
• တိုင်းပြည်ကို ချောက်ထဲကျအောင်
ဆွဲခေါ်ခေါင်းဆောင်နေသူက
သာမန် အရပ်သားတွေ အုပ်ချုပ်ရတာ
ခက်လှပါကြောင်း
ညည်းပြ အော်ပြနေတယ်။
• ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးအကြောင်း ပြောနေရင်
သာမန်ပြည်သူတွေ သိလိုက်ပြီ၊ “စစ်ဖြစ်တော့မယ်”
ခေါင်းဆောင်တွေက စစ်ပွဲကို ကျိန်ဆဲနေကြရင်တော့
“စစ်သားဆွဲမယ့်အမိန့် ရေးပြီးနေပြီ”ပေါ့။
• ထိပ်ပိုင်းလူတွေက ပြောကြတယ်
ငြိမ်းချမ်းရေးနဲ့ စစ်ဆိုတာ
ကွဲပြားခြားနားတဲ့ ရင်းမြစ် ၂ ရပ်ပါတဲ့။
ဒါပေမဲ့
သူတို့ရဲ့ငြိမ်းချမ်းရေးနဲ့ စစ်ဆိုတာကတော့
လေပြင်းနဲ့ မုန်တိုင်းလိုမျိုးသာပါ။
• စစ်ဟာ
သူတို့ရဲ့ငြိမ်းချမ်းရေးထဲက ရှင်သန်ပေါက်ဖွားခဲ့
မိခင်ကသားကို ဖွားမြင်လိုက်တဲ့ ပမာ
သူဟာ ဖွားမြင်ပေါ်ထွန်း ဖြစ်တည်လာတယ်
သူမရဲ့ ထိတ်လန့်စရာ မျက်နှာ၊ လက္ခဏာများအတိုင်းပဲ။
• သူတို့ရဲ့စစ်ပွဲက သတ်ပစ်လိုက်တယ်
သူတို့ရဲ့ငြိမ်းချမ်းရေးက ခြွင်းချန်ခ၊ဲ့ ကျန်ရစ်တာမှန်သမျှ အားလုံး။
• နံရံပေါ်မှာ စာရေးထားတယ်
“စစ်ကို သူတို့ လိုလားတယ်”တဲ့။
ဒီစာရေးသူက ကျသွားရှာပြီလေ။
• ထိပ်ပိုင်းက ပြောတယ်
ဒါဟာ“ဂုဏ်ကျက်သရေဆီ ချီရာလမ်း”ဆိုပဲ။
အောက်ရောက်နေသူက ဆိုတယ်
“ဒါဟာ သင်္ချိုင်းမြေဆီ ချီရာလမ်း”တဲ့။
• ဖြစ်လာနေတဲ့ ဒီစစ်ပွဲ
ပထမဆုံး စစ်ပွဲမဟုတ်၊ ဒီမှာ
သည့်အရင် တခြားစစ်ပွဲတွေလည်း ရှိခဲ့
နောက်ဆုံးစစ်ပွဲ ပွဲသိမ်းတော့
နိုင်သူနိုင် - ရှုံးသူရှုံးပေါ့
ရှုံးနိမ့်တဲ့ဘက်က အရပ်သား ပြည်သူတွေဟာ
ငတ်ပြတ်ကုန်ကြတယ်။ အောင်နိုင်သူ ဘက်မှာလည်း
သာမန်ပြည်သူတွေဆိုတာ ငတ်ကြတာပါပဲ။
• ထိပ်ပိုင်းက ပြောတယ်
စစ်တပ်တွင်း လွှမ်းမိုးရမှာ ရဲဘော်စိတ်တဲ့။
ဒါနဲ့ပတ်သက်တဲ့ အမှန်တရား
စားဖိုဆောင်မှာ တွေ့ရမယ်။
အားလုံးရဲ့ နှလုံးသားများဟာ
သတ္တိသွေးမှာ တခုတည်းလို တညီတညာ၊ ရဲရမယ်တဲ့။ ဒါပေမဲ့
သူတို့ ထမင်းစားပန်းကန်တွေမှာကျတော့
ရာရှင် ဝေစုခွဲထားပုံဟာ
နှစ်မျိုးနှစ်စား ပါလားဟေ့။
• စစ်တပ်ကြီး ချီတက်လာတဲ့အခါ
အများ မသိကြတာတွေ ရှိနေလေရဲ့။
သူတို့ရဲ့ ရန်သူက သူတို့ရဲ့တပ်ဦးက ချီတက်နေတဲ့အကြောင်း။
သူတို့ကို အမိန့်ပေးတဲ့အသံဟာ ရန်သူ့အသံပဲ ဆိုတာ။
ရန်သူ - ရန်သူ ဆိုပြီး ပြောပြောနေသူဟာ
သူကိုယ်တိုင် ရန်သူဖြစ်နေတဲ့အကြောင်း။
• ဒါဟာ ညပါပဲ
လက်ထပ်ပြီး စုံတွဲတွေက
အိပ်ရာထက် လဲလျောင်းနေကြ။ ငယ်ရွယ်သူ အမျိုးသမီးလေးများဟာ
မိဘမဲ့လေးများ မွေးဖွားလာကြလိမ့်မယ်။
• ဗိုလ်ချုပ်ကြီးခင်ဗျာ။ ခင်ဗျားရဲ့တင့်ကား။ စွမ်းအားကြီး ယာဉ်တစီးပါပဲ။
သစ်တောတွေကို ဖိချေပစ်။ လူတရာကို ညက်ညက်ကျေစေနိုင်။
ဒါပေမဲ့ သူ့မှာ ချွတ်ယွင်းချက်တခု ရှိနေရဲ့။
မောင်းသူ လိုနေတယ်။
• ဗိုလ်ချုပ်ကြီး ခင်ဗျာ။ ခင်ဗျားရဲ့ ဗုံးကြဲလေယာဉ်။ အစွမ်းထက်လှပါဘိ။
ပျံသန်းရင် မုန်တိုင်းထက် ပိုမြန်တယ်။ ၀န်သယ်ရင်လည်း ဆင်တကောင်ထက် ပိုပြီးသယ်နိုင်တယ်။
ဒါပေမဲ့ ချိုတဲ့ချက်တခု ရှိနေရဲ့။
စက်ဆရာတယောက်လိုပါတယ်။
• ဗိုလ်ချုပ်ကြီး ခင်ဗျာ။ လူဆိုတာကတော့ အလွန်အသုံးဝင်တာပေါ့။
သူက ပျံသန်းနိုင်တယ်။ သတ်ဖြတ်နိုင်တယ်။
အဲ ... သူ့မှာ ချွတ်ယွင်းတာလည်း တခုတည်းပါပဲ။
လူဆိုတာက စဉ်းစားနိုင်တယ် - တွေးခေါ်တတ်တယ်လေ။ ။
ဂျာမန်စစ်ပွဲဆိုင်ရာ သင်ပုန်းကြီးဖတ်စာတအုပ်မှ ...
ဘားတော့ဘရက်။ (၁၈၉၈ - ၁၉၅၆)ဂျာမန်ကဗျာဆရာ
မြန်မာဘာသာပြန်သူ - နောင်ဝင်းချို
Read More...
ဗိုလ်ချုပ်ကျော်ဇော
သုံးကျိပ်တဲ့ရဲဘော်
တော်လှန်တဲ့သမိုင်း။
စစ်ပညာ
ဂျပန်မှာသူသင်လို့
ထိုင်းရောက်လျှင်စစ်တပ်ဖွဲ့
နယ်ချဲ့ကိုဝိုင်း။
ဗိုလ်ချုပ်ကျော်ဇောတဲ့
ကျော်ဇော်တဲ့ဗိုလ်ချုပ်ပါ။
အောင်ကျော်နဲ့သူလဲပါ
အောင်ဆန်းမှာ သူလဲလိုက်။
ကျောင်းသားနဲ့သခင်
လှုပ်ရှားစဉ်သူပါခဲ့
စစ်ချီရာသူလိုက်
အောင်ဆန်းနဲ့အတူတိုက်။
နယ်ချဲ့နဲ့ဖက်ဆစ်ပါ
တော်လှန်ရာရှေ့တန်း
တရုတ်ဖြူမောင်းထုတ်ပွဲ
ရဲတဲ့မော်ကွန်း။
တိုင်းပြည်ရန်ဟူသမျှ
သူတိုက်ရ ရှေ့တန်းမှာ
စစ်ပွဲတွေပြီးတဲ့ခါ
ယမ်းငွေ့မှာသူမအောင်း
စစ်အာဏာသူမမက်
စစ်မင်းဆက်သူမထောင်ဘု
ငြိမ်းချမ်းအောင် ချိုးဖြူလွှတ်ပါလို့
မှိုင်းသခင့်ထံတော်ပါးမှာ
စစ်မုန်းသူ ပြည့်စစ်သားရယ်လို့
အားထုတ်ခဲ့ကြောင်း။
ဗမာပြည်စစ်ကျွန်သဘောက်
လွတ်မြောက်စေစော။
လွတ်မြောက်တဲ့ဗမာပြည်
ငြိမ်းချမ်းစေသော။ ။
မောင်စွမ်းရည်
၂၀၀၇ မတ်လ ၂၇ တော်လှန်ရေးနေ့။
(နောင်တခေတ် ဒေါင်းဖတ်စာမှာသုံးဖို့)
Read More...
ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်အား ရုပ်ရှင်လောကသားများကို ဖိအားပေး ကန့်ကွက်ခိုင်း
ပေးပို့သူ - ကျွန်ုပ်တို့၏ သတင်းထောက်
၂-၁၂-၂၀၀၇၊ နံနက်ပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ခန်းမ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ကန့်ကွက်ကြောင်းနှင့် နအဖက လိမ်လည် ပြုလုပ်နေသော လူထုဆန္ဒ ထုတ်ဖော်ပွဲများကို ထောက်ခံကြောင်း အခမ်းအနား ကျင်းပနိုင်ရေးအတွက် အစည်းဝေးတရပ် ကျင်းပရာ ရုပ်ရှင်လောကသားများကို အတင်းအကျပ် တက်ရောက်စေခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အစည်းအဝေးတွင် နအဖလက်ကိုင်တုတ် အမှုဆောင်များ ဖြစ်ကြသည့် ရုပ်ရှင်အစည်းအရုံးမှ မြင့်သိန်းဖေ၊ ဒါရိုက်တာ မလိခ စိုးထိုက်အောင်နှင့် ရုပ်ရှင်လုပ်ငန်းမှ သိန်းထွန်းအောင်တို့က အစည်းအဝေး တက်ရောက်လာသည့် သရုပ်ဆောင်များအား ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာချက်ကို ကန့်ကွက်ကြောင်းနှင့် နအဖက လိမ်လည်ပြုလုပ်နေသော လူထုဆန္ဒ ထုတ်ဖော်ပွဲများကို ထောက်ခံကြောင်း အတင်းအကျပ် လက်မှတ် ထိုးခိုင်းခဲ့ပြီး မကြာမီထုတ်ပြန်မည့် သဘောထား ကြေညာချက်ကိုလည်း ရုပ်ရှင်အစည်းအရုံး ဆင်ဝင်ကြီးအောက်တွင် အများမြင်သာစေရန် ရေးသား ချိတ်ဆွဲမည် ဖြစ်သည်ဟု သတင်းရရှိသည်။
ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူသည်။
Read More...