Sunday 2 December 2007

စစ်ပွဲထဲမှာ

• အမြင့် နေရာရသူတွေကြား
အစားအစာအကြောင်း ပြောလိုက်မိရင်
အောက်တန်းကျတယ်လို့ထင်
ထင်မှာပေါ့၊ သူတို့က
စားလို့သောက်လို့ ၀နေကြပြီကိုး။
• အောက်လွှာက လူတွေကတော့
ကမ္ဘာမြေက ထွက်ခွာသွားကြရလိမ့်မယ်
မြည်းစမ်းမကြည့်ဖူးသေးဘဲနဲ့
အသားဟင်းကောင်းလေး တခွက်တလေလောက်ကိုမှ။
• အံသြတွေးတောစရာ၊ သူတို့ ဘယ်ကလာကြပါလိမ့်
ဘယ်ကို သွားကြမှာတဲ့လဲ
လှပသာယာ ညနေခင်းတွေက သူတို့ကို တွေ့မြင်ကြတယ်
အမောဆို့နေကြတဲ့ပုံရိပ်တွေ။
• သူတို့မတွေ့ မမြင်ဖူးကြသေး
တောင်တန်းတွေ၊ ပြီးတော့ မဟာပင်လယ်
ဘ၀တွေမှည့်ပျော်၊ အချိန်တွေ ညောင်းလာတာတောင်မှ။
• အောက်လွှာက လူတွေမစဉ်းစားကြဖူးဆိုခဲ့ရင်
အောက်တန်းကျတာ ဘယ်အရာတွေလဲဆိုတာ
ဘယ်တော့မှ ... သူတို့
မြင့်တက်လာကြမှာမဟုတ်။
• ငတ်မွတ်နေတဲ့ အဲဒီပေါင်မုန့်ဟာ
အားလုံး စားကုန်သွားပြီပဲ
အသားဆိုတာ မသိဖူးတဲ့အရာ၊ အသုံးမကျ တန်ဖိုးမ၀င် ဖြစ်နေတာကတော့
လူထုချွေးစက်တွေက ထွက်အန်ပွင့်သီးလာတဲ့အရာတွေ။
• (သပြေညို အောင်ပန်းလိုမျိုး)
လော်ရာပင် တောအုပ်တွေကိုလည်း
ခုတ်ထွင်ချိုင်ချ ညွှတ်ခကုန်ကြပေါ့
လက်နက်စက်ရုံခေါင်းတိုင်များမှ
မီးခိုးတွေကတော့
လွင့်တက်လို့။
• အိမ်ဆေးသုတ်သူက
ကြီးမြတ်ခေတ်တခေတ်
ရောက်လာတော့မယ်တဲ့
ပြောနေလေရဲ့
သစ်တောတွေကတော့ ပေါက်ရောက်ကြီးထွားမြဲ
စိုက်ခင်းတွေကလည်း သီးပွင့်မြဲ
မြို့တွေကလည်း ရပ်တည်နေကြဆဲ
လူတွေလည်း အသက်ရှူနေကြမြဲပါ။
• ပြက္ခဒိန်တွေမှာတော့
အဲဒီနေ့အကြောင်း
မဖော်ပြ မမှတ်သားရသေးဘူး။
လတိုင်းလတိုင်း၊ ရက်တိုင်းရက်တိုင်း
ကုန်ဆုံးလွန်မြောက်သွားကြ
ကြက်ခြေခတ် အမှတ်အသားတွေနဲ့ချည်းပဲ။
• အလုပ်သမားတွေ ဟစ်ကြွေးနေတာက
ပေါင်မုန့်အတွက်။
ကုန်သည်တွေ အော်မြည်နေတာက
ဈေးကွက်။
အရင်က အလုပ်လက်မဲ့တွေ ငတ်ပြတ်ကြရတဲ့အဖြစ်
အခုတော့ အလုပ်လက်ရှိတွေပါ ငတ်ပြတ်ကြရတဲ့သနစ်။
ခေါက်သိမ်း ငြိမ်နေရတဲ့လက်တွေ။ ပြန်လည် အလုပ်များ လာရပြန်ပြီပေါ့
သူတို့လုပ်နေရတာက ဗုံးဆံ၊ ဗုံးကျည်တွေ။
• စားပွဲပေါ်ကအသား၊ အခန့်သားယူစားနေသူက
ရောင့်ရဲတင်းတိမ်မှုအကြောင်း
သင်ကြားနေပါကလားဟေ့။
• သူတို့အတွက် အလုပ်အကျွေးပြုပေးကြဖို့
လျာထားသတ်မှတ် တောင်းဆိုချက်ကတော့
အသက်ပေးကြဖို့ဆိုပဲ။
• ဖူဖူလုံလုံ ၀၀လင်လင် စားနေရသူက
ငတ်နေသူကို ပြောပြနေတယ်
အံ့သြဖွယ် ခေတ်ကာလဟာ
ရောက်လာတော့မှာပါ တဲ့။
• တိုင်းပြည်ကို ချောက်ထဲကျအောင်
ဆွဲခေါ်ခေါင်းဆောင်နေသူက
သာမန် အရပ်သားတွေ အုပ်ချုပ်ရတာ
ခက်လှပါကြောင်း
ညည်းပြ အော်ပြနေတယ်။
• ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးအကြောင်း ပြောနေရင်
သာမန်ပြည်သူတွေ သိလိုက်ပြီ၊ “စစ်ဖြစ်တော့မယ်”
ခေါင်းဆောင်တွေက စစ်ပွဲကို ကျိန်ဆဲနေကြရင်တော့
“စစ်သားဆွဲမယ့်အမိန့် ရေးပြီးနေပြီ”ပေါ့။
• ထိပ်ပိုင်းလူတွေက ပြောကြတယ်
ငြိမ်းချမ်းရေးနဲ့ စစ်ဆိုတာ
ကွဲပြားခြားနားတဲ့ ရင်းမြစ် ၂ ရပ်ပါတဲ့။
ဒါပေမဲ့
သူတို့ရဲ့ငြိမ်းချမ်းရေးနဲ့ စစ်ဆိုတာကတော့
လေပြင်းနဲ့ မုန်တိုင်းလိုမျိုးသာပါ။
• စစ်ဟာ
သူတို့ရဲ့ငြိမ်းချမ်းရေးထဲက ရှင်သန်ပေါက်ဖွားခဲ့
မိခင်ကသားကို ဖွားမြင်လိုက်တဲ့ ပမာ
သူဟာ ဖွားမြင်ပေါ်ထွန်း ဖြစ်တည်လာတယ်
သူမရဲ့ ထိတ်လန့်စရာ မျက်နှာ၊ လက္ခဏာများအတိုင်းပဲ။
• သူတို့ရဲ့စစ်ပွဲက သတ်ပစ်လိုက်တယ်
သူတို့ရဲ့ငြိမ်းချမ်းရေးက ခြွင်းချန်ခ၊ဲ့ ကျန်ရစ်တာမှန်သမျှ အားလုံး။
• နံရံပေါ်မှာ စာရေးထားတယ်
“စစ်ကို သူတို့ လိုလားတယ်”တဲ့။
ဒီစာရေးသူက ကျသွားရှာပြီလေ။
• ထိပ်ပိုင်းက ပြောတယ်
ဒါဟာ“ဂုဏ်ကျက်သရေဆီ ချီရာလမ်း”ဆိုပဲ။
အောက်ရောက်နေသူက ဆိုတယ်
“ဒါဟာ သင်္ချိုင်းမြေဆီ ချီရာလမ်း”တဲ့။
• ဖြစ်လာနေတဲ့ ဒီစစ်ပွဲ
ပထမဆုံး စစ်ပွဲမဟုတ်၊ ဒီမှာ
သည့်အရင် တခြားစစ်ပွဲတွေလည်း ရှိခဲ့
နောက်ဆုံးစစ်ပွဲ ပွဲသိမ်းတော့
နိုင်သူနိုင် - ရှုံးသူရှုံးပေါ့
ရှုံးနိမ့်တဲ့ဘက်က အရပ်သား ပြည်သူတွေဟာ
ငတ်ပြတ်ကုန်ကြတယ်။ အောင်နိုင်သူ ဘက်မှာလည်း
သာမန်ပြည်သူတွေဆိုတာ ငတ်ကြတာပါပဲ။
• ထိပ်ပိုင်းက ပြောတယ်
စစ်တပ်တွင်း လွှမ်းမိုးရမှာ ရဲဘော်စိတ်တဲ့။
ဒါနဲ့ပတ်သက်တဲ့ အမှန်တရား
စားဖိုဆောင်မှာ တွေ့ရမယ်။
အားလုံးရဲ့ နှလုံးသားများဟာ
သတ္တိသွေးမှာ တခုတည်းလို တညီတညာ၊ ရဲရမယ်တဲ့။ ဒါပေမဲ့
သူတို့ ထမင်းစားပန်းကန်တွေမှာကျတော့
ရာရှင် ဝေစုခွဲထားပုံဟာ
နှစ်မျိုးနှစ်စား ပါလားဟေ့။
• စစ်တပ်ကြီး ချီတက်လာတဲ့အခါ
အများ မသိကြတာတွေ ရှိနေလေရဲ့။
သူတို့ရဲ့ ရန်သူက သူတို့ရဲ့တပ်ဦးက ချီတက်နေတဲ့အကြောင်း။
သူတို့ကို အမိန့်ပေးတဲ့အသံဟာ ရန်သူ့အသံပဲ ဆိုတာ။
ရန်သူ - ရန်သူ ဆိုပြီး ပြောပြောနေသူဟာ
သူကိုယ်တိုင် ရန်သူဖြစ်နေတဲ့အကြောင်း။
• ဒါဟာ ညပါပဲ
လက်ထပ်ပြီး စုံတွဲတွေက
အိပ်ရာထက် လဲလျောင်းနေကြ။ ငယ်ရွယ်သူ အမျိုးသမီးလေးများဟာ
မိဘမဲ့လေးများ မွေးဖွားလာကြလိမ့်မယ်။
• ဗိုလ်ချုပ်ကြီးခင်ဗျာ။ ခင်ဗျားရဲ့တင့်ကား။ စွမ်းအားကြီး ယာဉ်တစီးပါပဲ။
သစ်တောတွေကို ဖိချေပစ်။ လူတရာကို ညက်ညက်ကျေစေနိုင်။
ဒါပေမဲ့ သူ့မှာ ချွတ်ယွင်းချက်တခု ရှိနေရဲ့။
မောင်းသူ လိုနေတယ်။
• ဗိုလ်ချုပ်ကြီး ခင်ဗျာ။ ခင်ဗျားရဲ့ ဗုံးကြဲလေယာဉ်။ အစွမ်းထက်လှပါဘိ။
ပျံသန်းရင် မုန်တိုင်းထက် ပိုမြန်တယ်။ ၀န်သယ်ရင်လည်း ဆင်တကောင်ထက် ပိုပြီးသယ်နိုင်တယ်။
ဒါပေမဲ့ ချိုတဲ့ချက်တခု ရှိနေရဲ့။
စက်ဆရာတယောက်လိုပါတယ်။
• ဗိုလ်ချုပ်ကြီး ခင်ဗျာ။ လူဆိုတာကတော့ အလွန်အသုံးဝင်တာပေါ့။
သူက ပျံသန်းနိုင်တယ်။ သတ်ဖြတ်နိုင်တယ်။
အဲ ... သူ့မှာ ချွတ်ယွင်းတာလည်း တခုတည်းပါပဲ။
လူဆိုတာက စဉ်းစားနိုင်တယ် - တွေးခေါ်တတ်တယ်လေ။ ။


ဂျာမန်စစ်ပွဲဆိုင်ရာ သင်ပုန်းကြီးဖတ်စာတအုပ်မှ ...
ဘားတော့ဘရက်။ (၁၈၉၈ - ၁၉၅၆)ဂျာမန်ကဗျာဆရာ
မြန်မာဘာသာပြန်သူ - နောင်ဝင်းချို

No comments: