စက်တင်င်္ဘာမှာဘက်ရဲ့ ဗမာပြည်နိုင်ငံရေးကို အားလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
နအဖ ဘာလုပ်နေသလဲ၊ ပြည်သူလူထု ဘာစဉ်းစားနေလဲ၊ ပြည်တွင်းပြည်ပ အတိုက်အခံတွေဘာလုပ်နေသလဲ။ အခြေအနေဟာ ငြိမ်နေလို့မရ တော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းကြီးပြနေတယ်။ တောင်းဆိုနေတယ်။ စစ်ရေးသဘောပြောရရင် နှစ်ဘက်အကြားမှာ နေရာအရအသာစီးရစေမယ့် တောင် ကုန်းတကုန်းရှိနေတယ်။ အဲဒီကုန်းကို ကိုယ်ကမစီးမိရင် သူကစီးသွား လိမ့်မယ်။
နအဖဟာ ပြီးခဲ့တဲ့စက်တင်ဘာအရေးအခင်းမှာ ဘယ်လိုမှပြန်ကုလို့မရတဲ့ဒဏ်ရာကြီး ရသွားပြီ။ အဲဒါကတော့ သာသနာ့ လောကကိုသွေးစွန်းစေတဲ့ လုပ်ရပ်ကြောင့် သာမာန်ပြည်သူလူထုတွေကတောင် စိတ်နာမုန်းတီးသွားတာဖြစ်တယ်။ ဒီလုပ်ရပ်ကြောင့် နိုင်ငံရေးကိုစိတ်မ၀င်စားကြတဲ့၊ တမင်နိုင်ငံရေးနဲ့ ကင်း အောင်နေကြတဲ့လူတွေ၊ သာသနာရေးပုဂ္ဂိုလ်တွေကို အမျက်ထွက်စေခဲ့တယ်။ ဗုဒ္ဓဘာသာမှမဟုတ်၊ ဘာသာစုံကပုဂ္ဂိုလ်တွေကို လှုပ်နှိုးလိုက်သလိုဖြစ်သွားခဲ့တယ်။ နအဖစစ်ဗိုလ်တွေဟာ သူတို့အင်မတန်ကြည်ညိုပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးနဲ့ မယ်သီလတွေအပေါ်တောင် ဒီလိုလုပ်တယ်ဆိုရင် ငါတို့ခရစ္စယာန် ဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေအပေါ် ပိုလို့သာဆိုးမှာပဲလို့ သတိပေးလိုက်သလိုဖြစ်သွားခဲ့တယ်။
ဒါတွေဟာ ရှစ်လေးလုံးအရေးအခင်းတုန်းက ဒေါက်တာမောင်မောင် စိမ်ခေါ်ခဲ့တဲ့ ငြိမ်သက်နေတဲ့အများစုကြီးကို လှုပ်နှိုးလိုက်တာဖြစ်တယ်။ လူထု အုံကြွမှုတို့၊ တော်လှန်ရေးတို့ဆိုတာဟာ ဒီငြိမ်သက်နေတဲ့အများစုကြီး ကိုယ့်ဘက်ကိုပါဝင်လာအောင် လုပ်ကြရတာဖြစ်တယ်။ ဒီစာရင်းထဲမှာ မီးဖိုချောင်ထဲက အိမ် ထောင်ရှင်တွေသာမက စစ်တန်းလျား - ရဲတန်းလျားထဲက အိမ်သူတွေ၊ ကြံ့ဖွတ်နဲ့စွမ်းအားရှင်မိသားစုတွေ၊ အောက်ခြေတပ်မှူးတပ်သားတွေပါ ပါဝင်တယ်။ သူတို့ ပါဝင်လာပြီဆိုရင် လှုပ်ရှားမှုရဲ့အကွေ့အချိုး တခုကိုရောက်တော့တာပဲ။ လှုပ်ရှားမှုတခုအနေနဲ့ပြောရရင် လူထုကြီးကို ဒီလိုအဆင့်မျိုးရောက်အောင် မြ‡င့်တင်ရတာ လွယ်တာ မဟုတ်ဘူး။ အခုအဲဒီလိုအပ်ချက်က ပြည့်စုံသလောက်ဖြစ်နေပြီ။ လိုအပ်နေတာ မှန်ကန်တဲ့ဦးဆောင်မှုပဲ။
ခေါင်းဆောင်မှုဆိုတာ အဝေးကနေဘာလုပ်လို့ညွှန်ကြားတာကို ပြောတာမဟုတ်ဘူး။ ညွှန်ကြားနေကြတာတွေက နေရာအနှံ၊ အများကြီးပဲ။ ကမ္ဘာ့ ထောင့်တိုင်းကနေ ညွှန်ကြားနေကြတယ်လို့တောင် ပြောရင်ရတယ်။ တချို့ကခေါင်းဆောင်တယ်ဆိုတာ ဘာလုပ်ရမယ်လို့ ညွှန်ပြတာပဲလို့ ယူဆကြသလားမသိ ဘူး။ ဗမာပြည်လွတ်လပ်ရေးရအောင် ခေါင်းဆောင်ခဲ့တယ်၊ ခေါင်းဆောင်မှု ပေးခဲ့တယ်ဆိုတဲ့လူတွေကို ပြန်ကြည့်ပါ။ ဘာလုပ်ကြလို့ပြောခဲ့ကြယုံ သက်သက်ပဲ လား။ မဟုတ်ဘူး။ လက်တွေ့လုပ်ငန်းတွေထဲမှာ ကိုယ်ရောစိတ်ပါ ပါဝင်လုပ်ကိုင်ခဲ့ကြတာ။ တော်လှန်ရေးတပ်ဖွဲ့တခုကို တည်ထောင်ရာမှာပါယုံမက၊ ရှင်သန်ကြီး ထွားအောင်လုပ်ရာ၊ ဆိုးတူကောင်းဘက်အတူ တိုက်ပွဲဝင်တာတွေမှာပါ ထိပ်ကပါခဲ့ကြတာ။
ပြည်ပကနေ လှမ်းပြီးခေါင်းဆောင်တယ်ဆိုတဲ့ သာဓကတွေလည်းပြည်တွင်းပြည်ပသမိုင်းမှာ အများကြီးရှိခဲ့တာပဲ။ လီနင်ဟာ ရုရှားတော်လှန်ရေးကို ပြည်ပကခေါင်းဆောင်ခဲ့တယ်။ သခင်သိန်းဖေတို့ဟာလည်း အိန္ဒိယမှာနေရင်း ဂျပန်တော်လှန်ရေးကို ခေါင်းဆောင်ရာမှာ ပါဝင်ခဲ့ကြတယ်။ သတိပြုကြရမှာက သူ တို့မှာ ပြည်တွင်းကအခြေခံ အခိုင်အမာ၊ ထုနဲ့ထည်နဲ့ရှိတယ်။ အပြင်ကနေအသံသက်သက်နဲ့ ခေါင်းဆောင်ခဲ့တာ မဟုတ်ဘူး။ သူတို့ခေတ်တွေတုန်းက အခုလို ပြည်ပအသံလွှင့်ဌာနတို့၊ အင်တာနက်တို့၊ တယ်လီဖုံးတို့ဆိုတာတွေကို အိပ်မက်ထဲမှာတောင် တွေ့ဖူးခဲ့တာမဟုတ်ဘူး။ အကုန်လုံးက မြေအောက်လုပ်ငန်းကို အဓိကထားလုပ်ကြရတယ်။ အဆက် အသွယ်အားလုံးဟာ စွန့်စားမှုတွေပြည့်နေတာချည့်ဖြစ်တယ်။
ပြည်ပကနေ ပြည်တွင်းကို ကိုယ့်သဘောထားတွေကို ဿကိက်သလိုပို့နိုင်နေတဲ့ကာလမှာ အထဲကလူတွေဦးဏှောက်ခြောက် ကုန်စေတဲ့ မတူတဲ့အ မြင်တွေပို့တယ်ဆိုရင် ခွင့်မလွှတ်နိုင်တဲ့အမှားကျူးလွန်တာပဲ။ အတွင်းနဲ့အပြင်နဲ့ ငြင်းရမယ့်ကိစ္စတွေကိုလည်း အရမ်းမဖြန့်လွှင့်သင့်ဘူး။ အထဲကလူတွေအနေနဲ့ သူတို့အမြင်တွေကို ပြောခွင့်၊ ဖြန့်ခွင့်မရှိသေးတဲ့ အနေအထားမှာ ကိုယ့်အယူ အဆကအသံနဲ့ ဖိထားတယ်ဆိုတာမျိုး မဖြစ်သင့်ဘူး။ ကိုယ့်အချင်းချင်း ငြင်းကြရမှာ တွေကို ခဏချထားသင့်တယ်။ ကိုယ့်မှာ ငွေရေး ကြေးရေးက အကုန်လိုလိုပြည့်စုံနေတဲ့အခါမှာ အကုန်ချို့တဲ့နေသူတွေကို ငဲ့ည‡ာသင့်တယ်။ တချို့ဟာ အခုလို အခွင့်အရေးကောင်းတုန်း ငါတို့အမြင်တွေကိုလွှမ်းအောင် လုပ်ထားလိုက်မယ်လို့များ ယူဆထားကြသလားအောက်မေ့ရတယ်။ မလုပ်သင့်ပါဘူး။
ပြည်ပကလူတွေရဲ့တာဝန်ဟာ ပြည်တွင်းမှာတကွဲတပြားဖြစ်နေသူတွေကို စုစည်းပေးဖို့၊ တူညီတဲ့ကြွေးကြော်သံတွေတင် နိုင်အောင် ညိ‡နှိုင်းပေးဖို့ ဖြစ်သင့်တယ်။ အအက်ကို သပ်လျှိုတာမျိုးမလုပ်သင့်ဘူး။ စစ်အုပ်စုက ပြည်တွင်းမှာအတိုက်အခံတွေကို လေသံလေးမှဟခွင့်မပေးပဲထားတဲ့အချိန်မှာ ပြည်ပရှိလူ တွေအနေနဲ့ တပြည်လုံး၊ တကမ္ဘာလုံးကြားအောင် သံကုန်ဟစ်ခွင့်ရနေတယ်။ ဒါကိုတန်ဘိုးထား၊ ထိရောက်စွာအသုံးချကြရမယ်။ အနည်းဆုံး အားလုံးသဘောတူ လက်ခံနိုင်တဲ့ လုပ်ငန်းစဉ်တရပ် ပေါ်လာအောင် ဿကိးစားကြသင့်တယ်။
ပြည်ပအင်အားစုတွေဟာ ပြည်တွင်းအင်အား စုဆောင်းရေး၊ တည်ဆောက်ရေးမှာလည်း အားစိုက်ပါဝင်ရမယ်၊ ကိုယ့်အခွင့် အရေးကိုအသုံးပြုပြီး သုံး စွဲသူ၊ ဖြုန်းတီးသူသက်သက်မဖြစ်သင့်ဘူး။ အတွင်းကတည်ဆောက်ထားတဲ့အင်အားတွေကို တန်ဘိုးထား ထိန်းသိမ်း၊ အတူတိုက်ပွဲဝင်ကြရမယ်။ ဒီလိုလုပ်ငန်း မျိုးဟာ ဒီနေ့လိုကာလမှာ တည်ဆောက်ရတာ ဘယ်လောက်ခက်တယ်ဆိုတာ လုပ်ဖူးသူတိုင်းသိတယ်။ တည်ဆောက်ထားတာမှန်သမျှဟာ အလွယ်တကူ၊ အချိန် တိုနဲ့ ရရှိခဲ့တာမဟုတ်ဘူး။ အာဇာနည်တွေရဲ့ အရှိန်သြဇာတွေ၊ ပါတီတွေ၊ ၀ါဒတွေ၊ လူပုဂ္ဂိုလ်တွေရဲ့အစဉ်အလာသြဇာတွေ၊ စတာတွေနဲ့တည်ဆောက်ထားကြတာ ဖြစ်တယ်။ နအဖကိုမုန်းတီးမှုတခုထဲနဲ့ တည်ဆောက်ထားတာမဟုတ်ဘူး။ ဒီနေ့နာကျည်းမုန်းတီးတယ်ဆိုတာနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံထဲက အစိပ်အပိုင်းတခုဖြစ်သွားတာမဟုတ်ဘူး။ စစ်သားကောင်းတယောက်ဟာ ကျည်ဆံကိုအရမ်းမိံဖန်းတီးဘူး၊ တပ်မှူးကောင်းတယောက်ဟာ တပ်သားတွေရဲ့အ သက်ကိုအရမ်းမဖြုန်းဘူး။ အလားတူပဲ ယူဂျီလုပ်ငန်းတာဝန်ယူလုပ်နေသူတွေဟာ မိမိအင်အားတွေကို အလွယ်တကူစတေးပစ်လို့မဖြစ်ဘူး။ ရှာရတယ်၊ မွေးရ တယ်၊ တည်ဆောက်ရတယ်။
ခေါင်းဆောင်မှုဆိုတာ အတတ်ပညာ၊ အနုပညာဖြစ်တယ် ဆိုတာတွေအပြင် ကိုယ်ကျိုးကင်းမှု၊ အမြော်အမြင်ကြီးမှု စတာတွေလည်းပါတယ်။ လူထု အရေး၊ လူထုအရေးတော်ပုံကို ကိုယ့်အရေး၊ ကိုယ့်အရေးတော်ပုံလို သဘောထားတယ်ဆိုတာဟာ ကိုယ်အကျိုးနဲ့ တွဲဖက်ထားတာကို ဆိုလိုတာမဟုတ်ဘူး။
ဆိုလိုတာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးကို သာမာန်လတ်တလောချင်းပေါ်ပေါက်တဲ့ လှုပ်ရှားမှုလောက်နဲ့ လုပ်လို့မရဘူး။ ရေရှည်တည်ဆောက်၊ ပြင်ဆင်မှုတွေလုပ်ကြရမယ်။ တပွဲနဲ့မအောင်ရင် နောက်တပွဲဆက်တိုက်နိုငအောင် တည်ဆောက်ရမယ်။ ဒီလိုအဆောက်အအုံ တည်ဆောက်တာကို လက်နက် အားကိုး၊ ငွေအားကိုးနဲ့ ခုရေတွင်းတူး၊ ခုရေကြည်သောက်လုပ်လို့မရဘူး။ ခေါင်းဆောင်မှုအရည်အသွေးဟာ ဒီနေရာမှာစကားပြောတာပဲ။ တိုက်ပွဲတပွဲကို ဦးဆောင် တာနဲ့ အရေးတော်ပုံတခုကို ဦးဆောင်တာတို့တောင်မတူဘူး။ စစ်ခေါင်းဆောင်မှုမှားရင် ရလာဒ်ကိုချက်ခြင်းမြင်ရတယ်။ နိုင်ငံရေးခေါင်းဆောင်မှုမှားရင် ရလာဒ်ကို ချက်ခြင်း မြင်ကောင်းမှမြင်ရတယ်။ ဒါပေမဲ့ ဆုံးရှုံးမှုကတော့ ဘာမှမကွာဘူး။ ဆုံးရှုံးမှုဒဏ်ကိုခံကြရရာမှာလည်း အာဏာရနေသူနဲ့ အာဏာမဲ့သူတို့မတူဘူး။ အာဏာမဲ့သူဟာ ဆုံးရှုံးမှုပိုကြီးလေ့ရှိတာပဲ။
နောက်ဆုံး မမေ့သင့်တဲ့အချက်တချက်က ခေါင်းဆောင်ဆိုတာဟာ ခေါင်းဆောင်တာသက်သက်မဟုတ်ဘူး၊ သူပါ ပါဝင်တိုက်ပွဲဝင်၊ ဆင်နွှဲရတာဖြစ် တယ်ဆိုတဲ့အချက်ဖြစ်တယ်။ တိုက်ပွဲတပွဲ၊ လှုပ်ရှားမှုတခု ဆုံးရှုံးတယ်ဆိုရင် အောက်ခြေက တရားခံ ဖြစ်တယ်ရယ်လို့မရှိဘူး။ ခေါင်းဆောင်ပဲတရားခံဖြစ်တယ်။ သူ့ပဲအဓိကတာဝန်ရှိတယ်။
ဗသြ
Tuesday, 12 February 2008
ပြည်တွင်းပြည်ပပေါင်းစပ်ခြင်းနဲ့ခေါင်းဆောင်မှု (ဗသြ)
Posted by
ရွှေဥသြ
at
06:48
0
comments
Labels: ဆောင်းပါး
ဆရာစွမ်း (သို့ မဟုတ်) အနီနဲ့အပြာ နောက်ခံကားချပ်ပေါ်က ထက်မြတဲ့ခေါ်သံရှင် (၀င်းတင့်ထွန်း)
(၁)
နိုင်ငံတိုင်း နိုင်ငံတိုင်းရဲ့အမျိုးသားစာပေအနုပညာယဉ်ကျေးမှုသမိုင်းလမ်းကြောင်းတလျောက်မှာ၊ တိုင်းပြည်နဲ့လူမျိုးကို ကိုယ်စားပြုနိုင်တဲ့၊ နိုင်ငံနဲ့ ပြည်သူလူထုတရပ်လုံးကို
ကိုယ်စားပြုနိုင်တဲ့၊ စံထားစရာ ဂုဏ်ယူစရာကြီးမြတ်တဲ့ စာပေအနုပညာရှင်ကြီးတွေ အသီးသီးရှိကြလေ့ ရှိပါတယ်။ အိန္ဒိယမှာ ‘တဂိုး’၊ တရုတ်မှာ ‘လူရွှင့်’တို့လို စာပေအနုပညာရှင်ကြီးတွေမျိုးကို ဆိုလိုတာပါ။ နိုင်ငံတိုင်းမှာ မတူခြားနားတဲ့ခေတ်ကာလအလျောက်၊ အောင်မြင်ထင်ရှား ရေပန်းစားတဲ့ စာပေအနုပညာရှင်ကြီးတွေ အသီးသီး အသက အသက၊ တယောက်မက နှစ်ယောက်မက အမြောက်အများ ပေါ်ထွန်းဖြစ်တည်လာနိုင်လေ့ ရှိပေမဲ့၊ တိုင်းပြည်နဲ့ လူမျိုးကိုပါ ကိုယ်စားပြုနိုင်တဲ့၊ နိုင်ငံနဲ့ပြည်သူကိုပါ ကိုယ်စားပြုနိုင်တဲ့ တကယ့်စာပေအနုပညာရှင်ကြီးမျိုးအဆင့်ကတော့၊ လွယ်လွယ်ကူကူနဲ့ပေါ်ပေါက်နိုင်တာမျိုး မဟုတ်ပါ။ အောင်မြင်ထင်ရှား လူကြိုက်များတဲ့ စာပေအနုပညာရှင်ဖြစ်တိုင်း၊ နိုင်ငံနဲ့ပြည်သူကို ကိုယ်စားပြုနိုင်တဲ့ စာပေအနုပညာရှင်ဖြစ်လိမ့်မယ် - လို့တော့ မ မှတ်လိုက်ပါနဲ့။ နိုင်ငံနဲ့ပြည်သူကိုပါ ကိုယ်စားပြုနိုင်စွမ်းတဲ့ တကယ့်စာပေအနုပညာရှင်အဖြစ်ကို အောင်မြင်ထင်ရှား ရေပန်းစားမှုကနေ သတ်မှတ်ပြဌာန်းပေးတာ မ ဟုတ်ပါ။ နိုင်ငံနဲ့ပြည်သူအတွက်နိုင်ငံဖက်က ပြည်သူဖက်ကနေ ဘယ်လောက်စွမ်းဆောင်သယ်ပိုးပေးခဲ့သလဲ၊ ဘယ်လောက်ကြိုးကြိုးပမ်းပမ်း ရပ်တည်အားထုတ် ခဲ့ပြီး၊ ဘယ့်လောက် ထက်ထက်မြက်မြက်နှိုးဆော်လှုပ်ရှား လမ်းကြောင်းပေးနိုင်ခဲ့သလဲ ဆိုတာကပဲ အဓိက ပြဌာန်းသတ်မှတ်ပေးတာဖြစ်ပါတယ်။ တနည်းအားဖြင့် အနုပညာစံတင်မက နိုင်ငံရေးစံအရပါ အချိုးညီညီ အရှိန်ရှိရှိ နဲ့စွမ်းဆောင်နိုင်အား ပြည့်ဝမြင့်မားဖို့လဲ လိုပါတယ်။ ကျနော်တို့ဗမာနိုင်ငံမှာ၊ အဲဒီလို အနုပညာစံအရ ရော၊ နိုင်ငံရေးစံအရပါ တလုံးတ၀တည်းပြည့်မီရုံမျှသာမက၊ နိုင်ငံနဲ့ပြည်သူအတွက် ရာသက်ပန်ရှေ့ဆုံးတန်းကနေ ရပ်ပြီး၊လေးစားဖွယ် စံနမူနာပေါင်းများစွာကို စိုက်ထူစွမ်းဆောင် ဖေါ်ကျူးပြသသွားနိုင်ခဲ့တဲ့၊ အမျိုးသားစာပေယဉ်ကျေးမှု ခေါင်းဆောင်ကြီးကတော့- ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပါပဲ။ ၀ဲဝဲယာယာ ဘယ် လိုလူ ဘယ်လိုပုဂ္ဂိုလ်ကမှ စောဒကတက်လို့မရနိုင်အောင်၊ ပြောင်မြောက်တဲ့ဂုဏ်အင် အပြည့်အ၀နဲ့အမျိုးသားစာပေ ယဉ်ကျေးမှုလမ်းကြောင်းပေါ်မှာ အောင်လံ တော်တလူလူ လွှင့်သွားခဲ့တာကတော့- ဆရာကြီးသခင်ကိုယ်တော်မှိုင်းမှာပါပဲ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ဖောက်ခဲ့တဲ့ စာပေအနုပညာယဉ်ကျေးမှု လမ်းကြောင်းကြီးကတော့၊ ပြည်သူ့စာပေအနုပညာ ယဉ်ကျေးမှုလမ်းကြောင်းကြီးပါပဲ။ အမှန်တရားဘက်က ပြည်သူဘက်က ဘက်လိုက်ကို လိုက်ရမယ်ဆိုတဲ့ ပြည်သူ့စာပေ အနုပညာလမ်းကြောင်းကြီးပဲ ဖြစ်ပါတယ်။ နိုင်ငံရေးရည်မှန်းချက် မိမိ၊ နိုင်ငံရေးသဘောထား ရှိရှိ၊ ပြည်သူ့ဖက်ကနေ ပြည်သူရပ်တည်ချက် အပြည့်နဲ့ ကို၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ဇာတိမာန်စာ ကဗျာတွေ၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ တိုက်ပွဲခေါ်သံ တိုက်ပွဲဖော်သံ စာကဗျာတွေ ကို အားနဲ့မာန်နဲ့တက်တက်ကြွကြွကြီး ကြိုးပမ်းအားထုတ်သီကုံးပြီး၊ ပြည်သူ့စာပေအနုပညာကဗျာလမ်းကြောင်းကြီးကို ဖေါက်လုပ်ခင်းကျင်း ပြသစိုက်ထူသွားခဲ့ ပါတယ်။ အမှန်တရားနဲ့ပြည်သူဖက်က ဘက်လိုက်ရေးကို ပွင့်ပွင့်လင်းလင်းဖေါ်ပြသွားခဲ့ပါတယ်။
အဲဒီလို သမိုင်းအစဉ်အလာရှိခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖေါက်လုပ်ခဲ့တဲ့၊ ပြည်သူ့စာပေအနုပညာကဗျာလမ်းကြောင်းကြီးပေါ်၊ မတူ ခြားနားတဲ့ ခေတ်ကာလသမိုင်းအလျောက် ဂုဏ်ယူစွာနဲ့တက်တက်ကြွကြွ ဆက်လက်ဖြတ်သန်း ချီတက်လျှောက်လှမ်းခဲ့ကြတဲ့ စာပေအနုပညာရှင်ကြီးတွေ ရှိခဲ့ပါ တယ်။ အဲဒီလို ပြတ်ပြတ်သားသား တက်တက်ကြွကြွ နိုင်ငံရေးစိတ်ဓါတ်အပြည့်နဲ့ စာရေးဆရာကဗျာဆရာကြီးတွေကြားထဲမှာ၊ ဂုဏ်ပြောင်ပြောင် ဘာမထီ မျက်နှာ ပေး မျက်နှာထား၊ ထီမထင် ထိထိရှရှ အရေးအသားမျိုးတွေနဲ့ ငွါးငွါးစွင့်စွင့်တင့်တင့်တယ်တယ် ခေါင်းကိုအစွမ်းကုန်မော့်ပြီး၊ အားနဲ့မာန်နဲ့ ချီတက်လာခဲ့သူတ ဦးကတော့ - ကျနော်တို့ရဲ့ ‘ဆရာစွမ်း’ ကြီးပါပဲ။ ကျနော်တို့က ဆရာစွမ်းကြီးလို့ လေးလေးစားစားခေါ်ဝေါ် အမှတ်သညာပြုထားကြတဲ့၊ ကျနော်တို့ရဲ့ဆရာ မောင် စွမ်းရည်ပါပဲ။
( ၂ )
ဆရာကြီးမှိုင်းရဲ့ ပြည်သူ့စာပေအနုပညာလမ်းကြောင်းပေါ် ဂုဏ်ယူစွာလျှောက်လာခဲ့ကြသူတွေထဲမှာ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကြီး ထဲက စာရေးဆရာ ကဗျာဆရာတွေလဲ တက်တက်ကြွကြွပါဝင် ချီတက်ခဲ့ကြရာမှာ၊ ကျနော့်တဦးချင်းအမြင်အရ ပြောရမယ်ဆိုရင်၊ သိသိသာသာ ရှေ့ကိုထိုးထွက် လာခဲ့တဲ့ ကလောင်ဟာ၊ ကလောင် (၄) လက် ရှိခဲ့ပါတယ်။ မောင်သာနိုး၊ ကြည်အောင်၊ တင်မိုးနဲ့မောင်စွမ်းရည် - ဆိုတဲ့ ကလောင်(၄)လက်ပါ။ အထက်ဗမာနိုင်ငံ က တခြားတခြားသော ကလောင်တွေလဲ အစီအရီအပြိုင်းအရိုင်းထွက်ခဲ့တာ မနည်းလှပေမဲ့၊ အဲဒီခေတ်ကာလကနေ ကနေ့အထိအတွင်း စိုက်လိုက်မတ်တပ် ကလောင်ကိုင်ပြီး၊ ကလောင်ရှင်အဖြစ်နဲ့ဝင့်ဝင့်စားစားရပ်တည်လှုပ်ရှားခဲ့ကြတဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ တိုင်းတာကြည့်မယ်ဆိုရင်တော့၊ ဒီကလောင် (၄) လက်ဟာ ရှေ့ တန်းအရောက်ဆုံး၊ အထင်ရှားဆုံးနဲ့လူသိအများဆုံးလို့ပဲ ယူဆမိပါတယ်။ (၁၉၅၇ ၀န်းကျင်ကနေ ကနေ့အထိအတွင်း၊ အထက်ဗမာနိုင်ငံ စာပေအနုပညာနယ်က နေ ထွက်ပေါ်လာတဲ့အနေအထားအရ ပြောတာဖြစ်ပါတယ်။ တနိုင်ငံလုံးအနေအထား၊ တခုလုံးအနေအထားအရ ပြောတာမဟုတ်ပါ။) ဒီထဲကမှထပ်ပြီး၊ ကဗျာ လမ်းကြောင်းပေါ်ကနေပဲ ပြောရမယ်ဆိုရင်တော့၊ ကြည်အောင်၊ တင်မိုး၊ မောင်စွမ်းရည်ဆိုတဲ့ ကဗျာဆရာကြီး (၃) ဦးဟာ တိုင်းသိပြည်သိ ပြည်သူသိတဲ့၊ အထင် ကရ အာဂကဗျာဆရာကြီးသုံးဦးအဖြစ် အပေါ်လွင်ဆုံး ထိုးထွက်လာတာတွေ့ရပါမယ်။ မန်းတက္ကသိုလ်ထွက်၊ ရှေ့ဆင့်နောက်ဆင့်တခေတ်တည်းထွက် ခေတ်ပြိုင် တွေဖြစ်တဲ့အပြင်၊ ဆရာကြီးမှိုင်းရဲ့ ပြည်သူ့စာပေအနုပညာ လမ်းကြောင်းကြီးအတိုင်း အတူချီတက်လာခဲ့ကြတဲ့ ဒီကဗျာဆရာကြီး (၃) ဦးဟာ တဦးနဲ့တဦးလဲ အင် မတန့် အင်မတန်သံယောဇဉ်ကြီးလွန်းလှသူတွေ၊ အပြန်အလှန်တန်ဖိုးထားကြလွန်းသူတွေ ဖြစ်တဲ့အတွက်၊ နားလည်နိုင်စွမ်းမရှိသူ တချို့ကဆိုရင်၊ ‘ကျီး ဘုတ် မြှောက် - ဘုတ် ကျီးမြှောက်’ လို့ ထင်ကြမြင်ကြတာမျိုးတွေတောင် ရှိသလို၊ အင်မတန်ဒေသစွဲ ဂိုဏ်းဂဏစွဲကြီးသူတွေလို့ သမုတ်ချင်ကြ ကင်ပွန်းတပ်ချင်ကြသူ မျိုးတွေကိုလဲကြားရ မြင်ရဖူးပါတယ်။ သုံးယောက်လုံးကလဲ အညာသားတွေချည်းမဟုတ်လား။ အထက်အညာကို ချစ်လွန်းလှတဲ့၊ အညာနံ့ အညာလေတွေကလဲ တသင်းသင်းနဲ့မဟုတ်လား။
အညာသားစစ်စစ် ကဗျာဆရာကြီးတွေ ဖြစ်ကြတဲ့အတွက် ‘ထနောင်း၊ တမာ၊ မန်ကျီး၊ ရှား၊ နဘူးခြုံ၊ ခံပင်ခံပွင့်၊ သန်း၊ ဒဟတ်၊ လက်ပံတောနဲ့ ရိုးပြတ် တော၊ ပတ်ကြားတော၊ မိုးခေါင်တော’ တွေအကြောင်း အကြောင်းအားလျော်စွာ ကဗျာဖွဲ့ဆိုရာမှာ၊ ခံစားမှုတူ ၀န်းကျင်တူ နောက်ခံတူ ရင်ခုန်သံတူတာတွေ တော် တော်များများရှိ ခဲ့ပေမဲ့၊ ဆရာကြီးမှိုင်းရဲ့ပြည်သူ့စာပေလမ်းကြောင်းပေါ်မှာ ကြွေးကြော်သံတူ အလံတူ နဲ့ကာလတခုတည်း တခေတ်တည်းမှာပဲ၊ တကယ့် ရေးဘော် ရဲဘော်ကြီးတွေအဖြစ် လည်ပင်းဖက်ပြီး ချီတက်လာခဲ့ကြတာလဲ အတူတူပေမဲ့၊ ဒီကဗျာဆရာကြီးသုံးဦးဟာ မတူခြားနားတဲ့ ကိုယ်ပိုင်ဟန်တွေနဲ့၊ တပြိုင်နက်တည်း မှာ ပေါ်လွင်ထင်ရှားတဲ့၊တမူထူးခြားတဲ့ အနုပညာအရည်အသွေးတွေနဲ့၊ တမျိုးတဘာသာစီ လင်းလက်တောက်ပခဲ့ ကြသူတွေလဲ ဖြစ်ပြန်တယ်။
ဆရာကြည်အောင်ရဲ့ကဗျာတွေက အားနဲ့မာန်နဲ့ခန့်ခန့်ထည်ထည်နဲ့ ကြွတက်နေတတ်ပြီး၊ ဆရာဂျမ်း (ဆရာတင်မိုး) ရဲ့ကဗျာတွေက အသံသာသာ နရီမြမြနဲ့ ရိုးရိုးလေးနဲ့ လှပနေတတ်ပါတယ်။ ကျနော်တို့ရဲ့ဆရာ ဆရာစွမ်းကြီး (ဆရာမောင်စွမ်းရည်) ရဲ့ကဗျာတွေကတော့၊ စူးစူးရင့်ရင့် ထိထိရှရှနဲ့ သိသိသာသာ ထက်မြနေတတ်ပါတယ်။ ဆရာကြည်အောင်ရဲ့ကဗျာတွေက တော်လှန်ရနံ့သင်းထုံနေတတ်ပြီး၊ ဆရာဂျမ်းရဲ့ကဗျာတွေက အမျိုးသားရနံ့ ကျေးလက်ရနံ့တွေနဲ့ မွှေးရီနေတတ်ကာ၊ ဆရာစွမ်းရဲ့ကဗျာတွေကတော့ လူထုရနံ့သိသိသာသာလွှမ်းခြုံပျံ့လှောင်းနေတတ်တယ်လို့ယေဘူယျအားဖြင့် မှတ်ယူမိပါတယ်။ အထူးသဖြင့် ထေ့သံငေါ့သံ လှောင်သံသရော်သံတွေနဲ့ဖွဲ့သီရာမှာတော့၊ ကဗျာကဝေစလေဦးပုညပြီးရင်၊ ဒီဖက်ခေတ်မှာ ဆရာမောင်စွမ်းရည်ဟာ အပီသဆုံးအပြောင်မြောက်ဆုံး ဆိုတာ လူတော်တော်များများက လက်ခံအသိအမှတ်ပြုထားကြပြီးသား ဖြစ်ပါတယ်။
ဆရာကြည်အောင်ရဲ့ ‘လမင်းတရာ’ ဟာ အမိဗမာပြည်ကဗျာလမ်းကြောင်းပေါ် ထွန်းထွန်းတောက်တောက် ရွှန်းရွှန်းမြမြသာခဲ့သလို၊ ဆရာတင်မိုးရဲ့ ‘ဖလ်မီးအိမ်’ကလဲ အခုချိန်အထိ အရှိန်ရရလင်းလက်နေဆဲ၊ လမ်းပြဆဲဖြစ်ခဲ့ပြီး၊ ဆရာမောင်စွမ်းရည်ရဲ့ ‘အနီနှင့်အပြာ’ ကလဲ နှလုံးသားထဲအထိ စွဲငြိနေစေခဲ့တဲ့၊ ဘယ်တော့မှ မမှိန်ဖျော့နိုင်တော့တဲ့ အလှပဆုံး ရောင်စဉ်တွဲတခုမဟုတ်လား။ အနီနဲ့အပြာဆိုတာ အခြေခံကျကျ ရောင်စဉ်တွဲတခုဖြစ်ရုံမက၊ တကမ္ဘာလုံးကပါ သိ ထားကြပြီးသား သင်္ကေတတွေနဲ့အရောင်တွေ မဟုတ်လား။ အနီဆိုတာက ရဲရင့်ခြင်းတက်ကြွခြင်းနဲ့သတ္တိ။ တော်လှန်ရေးရဲ့အမှတ်သင်္ကေတအရောင်။ အပြာ ဆိုတာက ချမ်းမြေ့ခြင်း အေးမြခြင်းနဲ့မေတ္တာ။ ငြိမ်းချမ်းရေးရဲ့အမှတ်သင်္ကေတအရောင်။
( ၃ )
ကျနော် ဆရာစွမ်းနဲ့စပြီး ဆုံစည်းရတဲ့နေရာဟာ ဆရာဂျမ်းရဲ့အိမ်မှာပါ။ တိတိကျကျ ထပ်ပြီးပြောရရင် ဆရာဂျမ်းရဲ့ပုဂံလမ်းအိမ်ရှေ့ သစ်ရိပ်အောက် က ရေနွေးကြမ်းစားပွဲဝိုင်းမှာပါ။ ဆရာဂျမ်းဆီလာတဲ့ ဆရာစွမ်းကိုအမှတ်မထင် စတင်ဆုံစည်းခဲ့ရပြီးတဲ့နောက်၊ ဆရာဂျမ်းကို အကြောင်းပြုပြီး ရင်းနှီးခွင့်ရခဲ့ရာက တစတစထဲထဲဝင်ဝင် နွေးနွေးထွေးထွေး ချစ်ခင်ရင်းနှီးလာခဲ့ရတာဖြစ်ပါတယ်။ ဆရာဂျမ်းရဲ့နောက်မှ ဆရာစွမ်းနဲ့ရင်းနှီး ကျွမ်းဝင်ခဲ့ရတာဖြစ်ပေမဲ့၊ စာပေယဉ်ကျေးမှု အနုပညာကဗျာကိစ္စတွေသာမက နိုင်ငံရေးသတင်းပတင်းကိစ္စမျိုးတွေအထိ ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံဖြစ်ခဲ့တာကတော့၊ ဆရာစွမ်းကြီးနဲ့က ပို ပြီးများပါတယ်။ ဆရာစွမ်းရဲ့ဝဂ္ဂီလမ်းအိမ်ကိုလဲ ကျနော်ကြိမ်ဖန်များစွာ ရောက်ခဲ့ဖူးပါတယ်။ ဆရာစွမ်းရဲ့သားသမီးတွေသာမက ဆရာစွမ်းရဲ့‘အမေ့ခေါ်သံ’ ထဲက အမေနဲ့ပါ တွေ့ဆုံဖြစ်ခဲ့ဖူးပါတယ်။ အမေက အညာကပါလာတဲ့ သီးသီးမှည့်လေးကို ထညက်နဲ့ပေါက်ပြီး (ထန်းလျက်ကို ဓါးနဲ့ပါးပါးလေးလှီးချ၊ ရတဲ့ ထန်းလျက်နဲ့ သီးသီးမှည့်အသားကို စရနယ်ပြီး) ကျွေးတာကိုပါ စားဖူးခဲ့ရင်း၊ ဆရာစွမ်းရဲ့‘အမေ့ခေါ်သံ’ ကို စာမျက်နှာပေါ်မှာသာမက၊ ကာရန် နရီ ရစ်သမ်ဆိုတာတွေနဲ့သာမက၊ မျက်ဝါးထင်ထင် ရင်နဲ့တကြိမ်၊ သိင်္ဂါရရသအပြည့် ဖတ်ခဲ့ရဖူးပါတယ်။ ‘အမေ့ခေါ်သံ’ ဘယ်လိုထွက်ပေါ်လာခဲ့သလဲ ဆိုတာရဲ့ဇာစ်မြစ်ကိုပါ ကောင်းကောင်း သဘောပေါက် နားလည်ခဲ့ရဖူးပါတယ်။
အောင်မြင်မှု တွေအနေနဲ့ပြောရရင် - ဆရာကြည်အောင်ရဲ့အမှတ်အသားဟာ ‘လမင်းတရာ’၊ ဆရာတင်မိုးရဲ့ အမှတ်အသားဟာ ‘ဖလ်မီးအိမ်’၊ ဆရာ မောင်စွမ်းရည်ရဲ့အမှတ်အသားဟာ ‘အနီနှင့်အပြာ’ ပါ။ ဒါပေမဲ့ - ကျနော့်ရင်ထဲ နှလုံးသည်းပွတ်ထဲအထိ ကြိမ်ဖန်များစွာ စူးဝင်ရိုက်ခတ်နေတဲ့အသံ (တနည်းအား ဖြင့်) ဆရာစွမ်းရဲ့ကဗျာတွေထဲက ကျနော့်အကြိုက်ဆုံးကဗျာကတော့၊ ‘အမေ့ခေါ်သံ’ ပဲ ဖြစ်ခဲ့ပါတယ်။ အနီနဲ့အပြာ နောက်ခံကားချပ်ပေါ်မှာ ‘အမေ့ခေါ်သံ’ ဟာ အကြည်လင်ဆုံး၊ အလှပဆုံး၊ အပီသဆုံးဖြစ်နေရုံမက ပဲ့တင်ထပ်သံ အားအကောင်းဆုံးလဲ ဖြစ်ခဲ့ပါတယ်။ မောင်စွမ်းရည်ကို အသိအမှတ်မပြုချင်သူ၊ မမြင်ယောင် ဆောင်နေကြသူတချို့ကတောင်၊ မောင်စွမ်းရည်ရဲ့ ‘အမေ့ခေါ်သံ’ ကိုကျတော့၊ ဖြတ်ကနဲမျက်ခုံးတွေပင့် မျက်လုံးဖွင့်ပြီး၊ လေးလေးနက်နက် နားစွင့် နားထောင်ခဲ့ ကြရတာလဲ ဆရာစွမ်းကိုယ်တိုင် အသိဆုံးပဲ မဟုတ်လား။
၁၉၇ဂ ခုနှစ်ကနေ ၁၉ဂ၂ ခုနှစ် နှစ်ဦးပိုင်းကာလတွေအတောအတွင်း၊ ဆရာစွမ်း ဆရာဂျမ်းတို့ဆီ နေ့စဉ်လိုလို အရောက်အပေါက်အများဆုံး လူတွေ ထဲမှာ ထိပ်ဆုံးက ပါတာကတော့ ကျနော်လို့ပဲထင်ပါတယ်။ ဆရာစွမ်းရော ဆရာဂျမ်းပါ မြန်မာစာသင်ရိုးမှာ လုပ်နေကြတဲ့ကာလ၊ တောင်ငူဆောင် အပေါ်ထပ် ခေတ်မှာရော၊ ခြောက်ထပ်ရုံးကြီး ခေတ်မှာပါ၊ မကြာခဏ ကျနော်ရောက်လေ့ရှိသလို၊ စနေနေ့တ၀က် ရုံးပိတ်ကာလတုန်းက စနေ၀ိုင်း၊ စနေနေ့ရုံးပိတ်ဖြစ်သွား တော့ သောကြာဝိုင်းအဖြစ် ဆရာတို့တွေ စကားဝိုင်းဖွဲ့ ကြတဲ့ကာလတွေ - ‘သောကြာဝိုင်း’ ‘စနေ၀ိုင်း’ ကာလတွေမှာလဲ ရံဖန်ရံခါ ရောက်တတ်ခဲ့တဲ့အပြင်၊ အိမ်ထိ အောင်တောင် အကြောင်းအားလျော်စွာ ရောက်တတ်ခဲ့တာ ကျနော်ဖြစ်ခဲ့ပါတယ်။ အဓိကက ဆရာဂျမ်း ဆရာစွမ်းတို့အပေါ် နှလုံးသားထဲကပါ ရင်းနှီးနေလို့ဖြစ်ပါ တယ်။
ကျနော့်ရဲ့ပထမဆုံး လုံးချင်းကဗျာစာအုပ်ကလေးကို ဆရာဂျမ်းဆရာကြူးရဲ့အမှာစာနဲ့ထုတ်ခဲ့ပြီး၊ ဒုတိယထုတ်မယ့် ကဗျာစာအုပ်ကိုတော့ ဆရာစွမ်း၊ ဆရာကြည်အောင်တို့ရဲ့အမှာစာနဲ့ထုတ်မယ်လို့တောင် ရင်ထဲမှာ တော်တော်စောစော ကာလလောက်ကတည်းက အစီအစဉ်ရှိရှိ ရည်စူးထားခဲ့ဖူးပါတယ်။ ဒုတိယ ထုတ်မယ့်ကဗျာစာအုပ်အတွက် ဆရာစွမ်းကို အမှာစာရေးပေးဖို့ကိုတောင်၊ နှုတ်နဲ့တောင်းဆိုခဲ့ဖူးပြီးသား၊ ပြင်ဆင်ခဲ့ပြီးသား ဖြစ်ပေမဲ့၊ အဲဒီစာအုပ်ကတော့ လက် တွေ့အားဖြင့် အကောင်အထည်ဖေါ်နိုင်ခွင့်တောင် မရတော့ပါ။ ကဗျာလေးတွေကို လက်တွေ့စုစည်းပေါင်းရုံးကြည့်နေတုန်းကာလမှာပဲ၊ လူကိုယ်တိုင်က အင်းစိန် နရသိန်အတွင်း ရောက်ရှိသွားရတာကြောင့် ဖြစ်ပါတယ်။
မဆလစစ်အစိုးရရဲ့ကောင်းမှုနဲ့၊ ကျနော်တယောက် အဲဒီလို ဗြုန်းစားကြီးထောင်ထဲ ၀င်ခဲ့ရတဲ့အချိန်ထိအောင်တောင်၊ ဆရာစွမ်းနဲ့ကျနော့်ကြားမှာ မ မေ့နိုင်စရာအဖြစ်အပျက်တွေက ကပ်ပါလာခဲ့ပါသေးတယ်။ အဖြစ်ကတော့ ဒီလိုပါ။ မဆလစစ်အစိုးရက နိုင်ငံရေးမှုနဲ့ကျနော့်ကို ဖမ်းလိုက်တဲ့အချိန်အထိ၊ ကျနော် နောက်ဆုံး လုပ်ခဲ့တဲ့အလုပ်က သမ၀ါယမဌာနတခုမှာပါ။ သမ၀ါယမဌာနက သာမန်စာရင်းစစ်လေးတယောက်ပါ။ သမ၀ါယမအသင်းတွေကို လိုက်ပြီးစာရင်းစစ် ဆေးရတာဖြစ်တဲ့အတွက် မြို့နယ်အတွင်းက သမအသင်းဆိုင်တွေ တော်တော်များများနဲ့ ရင်းနှီးတာတွေ ရှိပါတယ်။ ကျနော့်အပေါ် ပုဂ္ဂိုလ်ရေးသံယောဇဉ်ရှိကြတဲ့ သမဆိုင်ဝန်ထမ်းတွေလဲ တော်တော်များများရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော့်ဆရာစွမ်းကြီးရဲ့ဇနီးက အငယ်ဆုံးသောသမီးထွေး ‘ကြာဖြူ’ လေးကိုမွေးပြီးစ အ ချိန်ပါ။ ကြာဖြူလေးကို နို့တိုက်ဖို့နို့မှုန့်ဗူး လိုပါတယ်။ အဲဒီအတွက် ကျနော်က ကျနော်နဲ့ရင်းနှီးတဲ့ ဆိုင်တွေကနေ၊ သမဆိုင်သတ်မှတ်ဈေးနဲ့ ရံဖန်ရံခါ နို့မှုန့်ဗူး ၀ယ် ပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက အိမ်ထောင်မရှိ ရည်းစားတောင်မရှိတဲ့ကျနော်က ရံဖန်ရံခါနို့မှုန့်ဗူး သွားသွားဝယ်တာတွေ့ရတဲ့အခါ၊ လုပ်ဖေါ်ကိုင်ဖက်ဝန်ထမ်းတွေ ထဲကရော ဆိုင်ဝန်ထမ်းအမျိုးသမီးတချို့ကပါ ကျနော့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ပြီး ပြုံးကြ နောက်ကြပါတယ်။ အခု - နရသိန်ထဲရောက်နေတဲ့ ရှမ်းအမျိုးသား ဒီချုပ်က အတွင်းရေးမှူး စိုင်းညွန့်လွင် ရဲ့အမ၊ ‘စန်းကြီး’ဟာ ကျနော့်ကို အစဆုံး အလှောင်ဆုံးပေါ့။ အဲဒီလိုနဲ့ - အဖမ်းခံရမယ့်နေ့ကတော့၊ ခါတိုင်းခါ နို့မှုန့်ဗူးအ၀ယ် ခိုင်းရင် ချွေချွေတာတာနဲ့ တဗူးတဗူးပဲ အ၀ယ်ခိုင်းတတ်လေ့ရှိတဲ့ ဆရာစွမ်းကြီးက (ဒီတခါမှ ရှိတာလေး ပိုပြီးကုန်ချင်တော့-) ‘ဒီတပတ် - ပိုက်ဆံလေး လက်ထဲ ရှိနေတုန်း - နှစ်ဗူးသာ ၀ယ်ပေးနော်’ ဆိုပြီး၊ နို့မှုန့်ဗူး နှစ်ဗူးဖိုး ပိုက်ဆံလေး အစိတ်လား သုံးဆယ်လားကို နေ့လည်ပိုင်းလောက်ကပဲ ကျနော့်လက်ထဲ ပြုံးပြုံးကြီး ထည့်ပေးခဲ့ပါတယ်။ ညပိုင်းမှာ ထောက်လှမ်းရေး (၆) က ကျနော့်ကို ကားနက်ကြီးနဲ့လာဆွဲတော့၊ ကျနော့်အင်းကျီအိတ်ကပ်ထဲမှာ အဲဒီပိုက်ဆံလေးပဲ ပါလာခဲ့ပြီး၊ ခါးဝတ်ခါးစားနဲ့ပဲ လိုက်ခဲ့ရ အဖမ်းခံခဲ့ရပါတယ်။ ကျနော့်မှာ ထောက်လှမ်းရေး (၆) ထဲမှာ တဘုံးဘုံးအရိုက်ခံနေရစဉ်ကရော၊ အင်းစိန်ထောင်ထဲ ၀င်ခဲ့ရချိန်အထိပါ ဆရာစွမ်းရဲ့မျက်နှာပြုံးပြုံးကြီးကိုပဲ ခဏခဏသတိရနေတတ်ပြီး စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ခဲ့ရပါတယ်။ ‘ခါတိုင်း နေ့တိုင်းလောက်ရောက်နေတဲ့လူ၊ နို့မှုန့်ဗူး နှစ်ဗူးဖိုးလဲ ပေးလိုက်မိပြီးကရော၊ တခေါက်မှကို ရောက်မလာတော့ပဲ ဘယ်များသဝေထိုးနေသလဲ’ လို့များ ဆရာစွမ်းကြီး ထင်နေမလား။ ဆရာကတော်က ‘ဘယ် မလဲ - တော့် နို့မှုန့်ဗူး’ လို့မေးလာရင် ‘ပူမနေစမ်းပါနဲ့၊ ငါ ဒီတပတ်-သမီးအတွက် နို့မှုန့်နှစ်ဗူးတောင် မှာထားပီးပါဘီ’ လို့များ ပြောမိထားရင်းက လာနိုးလာနိုးများ စောင့်နေလေမလား။ ကျနော့်မှာ တောင်တွေးမြောက်တွေး ရောက်တတ်ရာရာ လျှောက်တွေးနေမိခဲ့ရင်း၊ စိတ်မကောင်းခြင်းတွေနဲ့အတူ၊ ကြံကြံဖန်ဖန်ဖြစ်ရမှုတွေ အပေါ် ခါးသက်သက်ပြုံးချင်စရာ ဖြစ်ခဲ့ရပါတယ်။ တခါတခါကျတော့ ‘အင်း - ဆရာစွမ်းကြီးတော့-ဒီအချိန်လောက်ဆို ငါအဆွဲခံလိုက်ရတာ ထောင်ထဲရောက်နေ တာ သိများသိသွားပြီး၊ တောက် - ဖြစ်မှ ဖြစ်ရပလေတယ် - ဖြစ်မှဖြစ်ရပလေတယ်’ လို့များ သက်ပြင်းချကောင်း ချနေလေမလားလို့လဲ တွေးမိတဲ့အခါတွေးမိခဲ့ ရပါတယ်။ ဆရာဂျမ်း ဆရာစွမ်းတို့နဲ့ကျနော် နိုင်ငံရေးအရ ဘယ်လိုဆက်စပ်မှုရှိသလဲဆိုတာ ထောက်လှမ်းရေး (၆) က ဗိုလ်ကြီးအောင်ဝင်းဆိုတဲ့ (ကျနော်တို့ နိုင်ငံ ရေးအကျဉ်းသားတွေကတော့ - ရွှေကျီးခေါ် ကျီးမဲ လို့လျှို့ဝှက်နာမည်ပေး ကင်ပွန်းတပ်ထားတဲ့) သတ္တ၀ါကတနေ့လုံးလုံး သပ်သပ်ထုတ်ပြီးကျနော့်ကို နည်းမျိုးစုံနဲ့ စစ် ဆေးခဲ့ပါတယ်။ ကျနော်က နိုင်ငံရေးအရ ဘယ်လိုမှမပတ်သက်ကြောင်း၊ နည်းမျိုးစုံနဲ့စစ်ဆေးတာကို နည်းမျိုးစုံနဲ့ဘူးခါ ငြင်းဆိုခဲ့ပါတယ်။ အဲဒီတော့ ရွှေကျီးက ‘ဒီ တင်မိုးတို့ - စွမ်းရည် တို့ဆိုတဲ့ကောင်တွေလဲ၊ ဘယ်လိုကောင်တွေလဲဆိုတာ ဒို့သိတယ်ကွ’ ဆိုပြီး မိုက်မိုက်ရိုင်းရိုင်းရင့်ရင့်သီးသီးနဲ့ပြောဆိုစစ်ဆေးခဲ့ပါတယ်။ ဆရာစွမ်းတို့ ဆရာဂျမ်းတို့ မျက်နှာကြီးတွေကို ဖြတ်ကနဲဖြတ်ကနဲ ပေါ်လာနေမိရင်းကပဲ၊ ဒီနို့မှုန့်နှစ်ဗူးဖိုး ပိုက်ဆံကိစ္စဟာ တလျောက်လုံးလိုလို တ၀ဲလည်လည် ပြန်ပြန်ပေါ်လာနေမိတတ်ပါတယ်။ ကျနော့်အိပ်ကပ်ထဲမှာ ပါလာခဲ့တဲ့ ဒီနို့မှုန့်နှစ်ဗူးဖိုး ပိုက်ဆံလေးဟာ အင်းစိန်ထောင်ဗူးဝမှာ အပ်ထားခဲ့ရပြီး၊ အင်းစိန်ထောင်က နေ သာယာဝတီထောင်ပြောင်းပြီး ပို့တဲ့အထိလဲ စာရင်းအရလူနဲ့အတူ ကပ်ပါလာခဲ့ရုံမက ကျနော့်ဘ၀မှာ ကျနော့်အတွက်တော့ တသက်တာအမှတ်ရစရာကိစ္စတခု သဖွယ် ဖြစ်နေခဲ့ရပါတော့တယ်။
ထောင်အ၀င်မှာ ဆရာစွမ်းနဲ့ပတ်သက်ပြီး အဲဒီလို မှတ်မှတ်သားသားဖြစ်ဖွယ်ကိစ္စတွေနဲ့ ၀င်လာခဲ့ရတဲ့ကျနော်ဟာ ထောင်ကပြန်လာတဲ့အချိန်ကျ တော့လဲ မှတ်မှတ်သားသားဖြစ်စရာတွေ ထပ်ကြုံရပြန်ပါတယ်။ ကျနော်နောက်ဆုံး ထွက်လာခဲ့ရတဲ့ထောင်ဟာ သာယာဝတီထောင်ပါ။ အဲဒီနေ့က သာယာဝတီက နေ ညကြီးမိုးချုပ် အချိန်ကြီးကျမှ ရန်ကုန်ကိုပြန်ရောက်ပါတယ်။ အိုးမရှိအိမ်မရှိတဲ့ ကျနော်ဟာတလမ်းလုံး ‘ဘယ်သူ့ဆီ အရင်ဝင်ရမလဲ၊ ကနေ့ည ဘယ်အိမ်အရင် ၀င်အိပ်ရ ကောင်းမလဲ’ လို့ကားပေါ်မှာ တွေးလာရင်းက၊ စီးလာမိတဲ့ကားကလေး အာအိုင်တီအကျော် ခ၀ဲခြံရှေ့အရောက်မှာ ဆင်းလိုက်ပြီး၊ ကျနော့်အပေါ် အင်မ တန်သံယောဇဉ်ကြီးလှတဲ့ ကျနော့်ရဲ့အကိုကြီးသဖွယ်ဖြစ်နေတဲ့ ကိုခင်မောင်အေး (ရှေ့နေကြီးကိုခင်မောင်အေး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အမှုမှာလိုက်ပါ ဆောင်ရွက်နေတဲ့၊ တလောလေးကမှ ဆုံးသွားရှာသူ) ရဲ့အိမ်ကို ၀င်လိုက်ပါတယ်။ နောက်တရက်နှစ်ရက် ကျော်မှာတော့၊ ကျနော့်ချစ်ဆွေကြီး ပန်းချီဆရာကိုယဉ် မင်းပိုက်နဲ့အတူ၊ ဆရာစွမ်းဆရာဂျမ်းတို့ရဲ့‘သောကြာဝိုင်း’ လေးရှိရာ ပညာရေးတက္ကသိုလ်နောက်ကျောခြမ်း ကဲင်တင်းထဲက လဖက်ရည်ဆိုင်လေးဆီအရောက် ချီတက်လာခဲ့ပါတယ်။ အဲဒီမှာ ဆရာစွမ်းကြီးရဲ့နရသိန်ပြန်ကျနော့်ကို အပြုံးမြမြနဲ့ကြိုဆိုလိုက်ပုံကတော့ တသက်မမေ့စရာပါ။ အားရပါးရကြီး ပြုံးလိုက်ရင်းက ပါးစပ်ကလဲ ‘ဟာ - လာ လာ ဘာစားမလဲ၊ ထမင်းကြော်လား၊ ခေါက်ဆွဲကြော်လား’ တဲ့။ ကျနော်က ‘ဆရာ - ကျနော်အခုပဲ ထမင်းစားလာခဲ့ပီ၊ ဗိုက်ပြည့်နေပီ၊ တော်ပီ’ လို့ငြင်းလိုက်မိတော့၊ ‘ဟာ ဗိုက်ပြည့်လဲ ထပ်ပီးစား၊ ကိုယ်က ထောင်က ထွက်လာခဲ့တဲ့သူဆိုရင် - မှတ်မှတ်ရရ တခုခုကို ကျွေးရမှ’ တဲ့။ အဲဒါကြောင့် အဲဒီ နေ့က ဆရာစွမ်းကျွေးတဲ့၊ ခေါက်ဆွဲကြော်ပွဲကြီး တပွဲကို အဲဒီနားမှာတင် ဆရာစွမ်း၊ ဆရာဂျမ်း၊ ဆရာနိုးတို့ရှေ့မှာတင်၊ မကုန်ကုန်အောင် ကျနော်စားခဲ့ရပါတယ်။
နောက် နှစ်ရက်လောက်နေတော့၊ ပန်းချီဆရာကပဲ ကျနော် ရှိတဲ့နေရာကို တခုတ်တရလိုက်ရှာပြီး၊ ‘ဒီမှာ - ခင်ဗျားအတွက် ဆရာစွမ်းက ကျနော်နဲ့ ပေးလိုက်တာ ရှိသေးတယ်’ ဆိုပြီး လွယ်အိတ်ထဲကနေ အထုပ်တထုပ်ကိုပေးလာပြန်တယ်။ ကြည့်လိုက်တော့ - မျက်နှာသုတ်ပ၀ါ အသစ်ကလေးတထည်နဲ့ ကိုယ်တိုက်ဆပ်ပြာမွှေးကတခဲ - ။ ပန်းချီဆရာက လှလှပပ ဖွဖွလေး ရယ်မောရင်း၊ ‘ထောင်က ထွက်လာခါစလူဆိုတော့၊ ခင်ဗျားအတွက် အသုံးလိုမယ့်ဟာဆိုပြီး ပေးလိုက်တဲ့သဘောပဲ။ ဆရာစွမ်းက ကဗျာဆရာဆိုတော့ ကဗျာဆရာအချင်းချင်း သံယောဇဉ်ရှိတာ စေတနာရှိတာလဲ ပါသပေါ့။ တခုက ခင်ဗျားကို ရေလေး ဘာလေး ချိုးအုံး လို့လဲ ပြောလိုက်တဲ့သဘော - ဆပ်ပြာခဲ ထည့်ပေးလိုက်တာ နေမှာဗျ၊ ဆရာစွမ်းပေးလိုက်တဲ့ အမှတ်တရကတော့ ပိုင်သဗျာ - ’ ဆိုပြီး တဟဲဟဲနဲ့ ရယ်မောပါတော့တယ်။ ကျနော့်မှာလဲ ကြည်ကြည်နူးနူးနဲ့ပြုံးမိရပါတော့တယ်။ ကျနော့်ရဲ့ ထောင်အပြန်အတွက်၊ ဆရာစွမ်းကျွေးခဲ့ဖူးတဲ့ ခေါက်ဆွဲကြော်နဲ့ ဆရာစွမ်း ပေးခဲ့ဖူးတဲ့ အဲဒီအမှတ်တရလက်ဆောင်ဟာ ဘယ်တော့မှ မမေ့နိုင်ဖွယ်ရာ ဖြစ်ခဲ့ရင်း အကြောင်းဆုံတိုင်းလိုလို သတိရစရာ လွမ်းမောစရာဖြစ်နေခဲ့ရပါတယ်။
( ၄ )
အပေါ်ယံအားဖြင့်ပဲ သိသူတယောက်က ဆရာဂျမ်းနဲ့ဆရာစွမ်းကို ဖြတ်ကနဲ ကြည့်လိုက်မယ်ဆိုရင်၊ ဆရာဂျမ်းကြီးကိုတော့ မြင်မြင်ချင်းကိုပဲ အင်မ တန် သဘောကောင်းမယ့်ပုံ၊ ဘယ်နေရာမှာ ဘယ်လိုလူမျိုးနဲ့ဖြစ်ဖြစ် အလိုက်အထိုက် အကြောင်းအပေါင်းသင့်အောင် နေတတ်ထိုင်တတ်မယ့်ပုံ၊ ပျော့ပျော့ ပျောင်းပျောင်းရှိမယ့်ပုံလို့ တန်းမြင်လိုက်မှာဖြစ်ပြီး ချစ်ချစ်ခင်ခင်ဖြစ်သွားကြမှာပါ သေချာသလောက်ရှိပေမဲ့၊ ကျနော်တို့ဆရာစွမ်းကြီးကိုတော့၊ ထဲထဲဝင်ဝင် မ ဆက်ဆံဖူးပဲနဲ့ မြင်မြင်ချင်း လွယ်လွယ်ကူကူ ရင်းနှီးချစ်ခင်သွားကြလိမ့်မယ် မထင်ပါ။ ဆရာဂျမ်းရော ဆရာစွမ်းပါ ၀၀ပြည့်ပြည့် မဟာစည်ကိုယ်တော်ကြီးတွေ ဖြစ် ပေမဲ့၊ ဆရာဂျမ်းရဲ့သွားဟန်လာဟန်က ခပ်ဖြေးဖြေးခပ်ရို့ရို့နဲ့လေးလေးအေးအေးပုံ ပေါက်သလောက်၊ ဆရာစွမ်းရဲ့သွားဟန်လာဟန်ကတော့ ခပ်တင်းတင်း ခပ် မှန်မှန်နဲ့အားမာန်အပြည့်ပါတာ တွေ့ရပါလိမ့်မယ်။ အရပ်ပြော တောသားပြော ပြောရရင်တော့၊ ဆရာဂျမ်းရဲ့ပုံက ပေါင်းလို့သင်းလို့မိတ်ဆွေဖွဲ့ဖို့ မိတ်ဆွေဖြစ်ဖို့လွယ် မယ့်ပုံ ပေါက်သလောက်၊ ဆရာစွမ်းရဲ့ပုံကတော့ တော်တော်တန်တန်နဲ့ မြန်မြန်ဆန်ဆန် မိတ်ဆွေဖွဲ့ဖို့ မိတ်ဆွေဖြစ်ဖို့လွယ်မယ့်ပုံမျိုး မပေါက်ပါ။ အကြောင်းမသိ သူတွေကဆိုရင်၊ တော်တော်ကို အပေါင်းရအသင်းရ အဆက်ဆံရ ခက်မယ့်ပုဂ္ဂိုလ်မျိုးလို့တောင် ဖြတ်ကနဲ မြင်ကောင်းမြင်ကြနိုင်ဖွယ်ရှိပါတယ်။ ပန်းချီဆန်ဆန် ပြောရရင်တော့၊ ဆရာဂျမ်းရဲ့ရုပ်ပုံလွှာက ကောက်ကြောင်းပျော့ပျော့၊ စုတ်ချက်နုနု၊ ဆေးသားလွင်လွင်။ ဆရာစွမ်းရဲ့ရုပ်ပုံလွှာကတော့ ကောက်ကြောင်းတင်းတင်း၊ စုတ်ချက် ကြမ်းကြမ်း၊ ဆေးသားထူထူ - -။ ဒါကြောင့်လဲ နိုင်ငံရေးအမြင် နိုင်ငံရေးရပ်တည်ချက်နဲ့ စာပေအမြင် စာပေရပ်တည်ချက်မှာ အနှစ်သာရအားဖြင့် တသ ဘောတည်းလိုလို အတူတူပဲရှိခဲ့ပေမဲ့၊ ဆရာဂျမ်း(ဆရာတင်မိုး)ကို ခါးခါးသည်းသည်း မုန်းတီးကြသူတွေ သိပ်မတွေ့ရပဲ၊ ကျနော်တို့ရဲ့ဆရာစွမ်းကိုတော့ မုန်းတီးကြ သူတွေ တော်တော်များများရှိခဲ့တာလဲ တွေ့ခဲ့ရဖူးပါတယ်။ ဆရာစွမ်းများ ခြေလှမ်းတချက်လောက် မှားလိုက်မယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာသိက္ခာချဖို့ ချောင်ထဲ ကနေအမြဲလိုလို ချောင်းနေကြသူတွေလဲ မရှားလှတာတွေ့ရဖူးပါတယ်။ ဆရာစွမ်းကထက်မြတဲ့ ကဗျာဆရာသာမက၊ အင်မတန်ထက်ရှတဲ့ စာပေဝေဖန်ရေးဆရာ တဦးလဲပဲ ဖြစ်နေပြန်တယ် မဟုတ်လား။
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ဝန်းကျင်လောက်က စာပေလောကမှာ အုတ်အော်သောင်းတင်းဖြစ်ခဲ့တဲ့ အဖြစ်အပျက်တခု ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ ‘ဘီရို ကြီး’ ဆိုတဲ့ ကိစ္စပါ။ စာပေဝေဖန်ရေးဆရာ ဆရာမောင်စွမ်းရည်ကို ဒီတခါတော့ အပိုင်ပဲ ဆိုတဲ့အပေါက်မျိုးနဲ့ဟိုက ဒီက၀ိုင်းပြီး ဆော်ကြကလော်ကြတဲ့ အဖြစ်ပါ။ စာပေရပ်ကွက်သတင်း လိုလိုကဏ္ဌမျိုးတွေမှာ၊ စာနယ်ဇင်းလောက ကြားသမျှမြင်သမျှ - ဆိုတဲ့ အခန်းကဏ္ဌမျိုးလိုလိုတွေမှာသာမက၊ ဟိုမှာ ဒီမှာ နေရာအနှံ့- ကာ တွန်းနဲ့လှောင်တဲ့သူက ကာတွန်းနဲ့လှောင်၊ ဟာသရေးပြီး ခပ်နှက်နှက်ကလေး ကလိတဲ့သူ ကကလိနဲ့မဂ္ဂဇင်းတချို့ရဲ့ စာမျက်နှာတွေပေါ်ကနေ တော်တော်ကြာ အောင် သရော်တာ ခနဲ့တာ ဟားတိုက်တာကို ဆရာစွမ်းကြီး ကြုံခဲ့ရပါတယ်။ ‘အမျိုးသမီးကလောင်ရှင်တဦးရဲ့ဝတ္ထုကို နာမည်ကြီးဝေဖန်ရေးဆရာကြီးတဦးက ကောင်းတယ်လို့ချီးကျူးရေးသား၊ ဘာလို့လဲဆိုတော့ အဲဒီအမျိုးသမီးစာရေးဆရာမက ဘီရိုကြီးတလုံး လက်ဆောင်ပေးခဲ့လို့ဆိုပဲ’ ဆိုတဲ့ အကြောင်းအရာကိစ္စ ဖြစ် ပါတယ်။ ကြားရသူတိုင်း စိတ်ဝင်စားဖွယ်ဖြစ်ခဲ့ရပြီး၊ အမှန်တကယ်လဲ သို့လောသို့လော တွေးတောချင်စရာကြီး ဖြစ်ခဲ့ရပါတယ်။ အမျိုးသမီးစာရေးဆရာမ ဆိုတာ က မနုရည် (နုနုရည် - အင်းဝ) ကို ဆိုလိုတာဖြစ်ပြီး၊ နာမည်ကြီးဝေဖန်ရေးဆရာတဦး ဆိုတာကတော့၊ ကျနော်တို့ရဲ့ဆရာစွမ်းကြီးကို ရည်ရွယ်တိုက်ခိုက်ခဲ့တာ ဖြစ် ပါတယ်။ အဲဒီတုန်းက “ကျုပ်အိမ်မှာ ကြည့်စမ်းပါဗျာ - ဘီရိုကြီးမပြောနဲ့၊ ဘီရိုနဲ့တူတာဆိုလို့ ကြောင်အိမ်တောင် ကောင်းကောင်းမရှိပါဘူးဗျာ” လို့ မခံချိမခံသာ အပြုံးနဲ့ ဆရာစွမ်းရဲ့ပြောဆိုသံကိုလဲ ကျနော်ကောင်းကောင်းကြားသိခဲ့ရပါတယ်။ အဲဒီ ‘ဘီရိုကြီးကိစ္စ’ ရဲ့အဓိက လက်သည်တရားခံကလဲ၊ တခြားသူတပါးသူ မှတ် လို့၊ ကိုအောင်ကျော်တိုး ကိုယ်တိုင်ဖြစ်နေတယ်။ ‘နုနုရည် -အင်းဝ’ ရဲ့ယောက်ကျား ကိုအောင်ကျော်တိုးကိုယ်တိုင် တာဝန်ရှိသူဖြစ်နေတာ သိရပါတော့တယ်။ တ ရက်မှာ ရန်ကုန်တက္ကသိုလ်ထဲက ချောင်ကျကျ သက်သာလဖက်ရည်ဆိုင်လေးတခုထဲမှာ ကိုအောင်ကျော်တိုးက ကျနော့်ကို လဖက်ရည်တိုက်ရင်းက ‘အခု ကျုပ် မှာ ဆရာစွမ်းကြီးကို မတွေ့အောင် ရှောင်နေရတာဗျ၊ တွေ့များ တွေ့လို့ကတော့ - ဒီကောင့်ကို လက်သီးနဲ့ကို ဆွဲထိုးမှာလို့ ကြိမ်းထားတယ်ဗျ၊ အဲဒါ ပက်ပင်းတိုး နေရင် အထိုးခံရနိုင်တယ်ဗျ’ လို့ပြောရင်း၊ သူ့ရဲ့ထုံးစံအတိုင်း ပြုံးဖြဲဖြဲမျက်နှာကြီးနဲ့ဇာတ်စုံခင်းပြမှ ကျနော့်မှာ အကြောင်းစုံ သိရပါတော့တယ်။ အဖြစ်ကတော့ ကို အောင်ကျော်တိုးရဲ့နောက်စပ်စပ်ပြောတတ် ဆိုတတ်တဲ့ဝါသနာကြောင့် ‘ဘီရိုကြီးပြဿနာ’ ပေါ်ခဲ့ရတာဖြစ်ပါတယ်။ နုနုရည်ရဲ့ဝတ္ထုကို ကျနော်တို့ရဲ့ဆရာစွမ်းကြီး ကသူကိုင်စွဲထားတဲ့ ဝေဖန်ရေးပေတံကြီးနဲ့တိုင်းပြီး ကောင်းတယ်လို့ချီးကျူးထောပနာ ပြုပြီးတဲ့နောက်မကြာခင်မှာပဲ စာပေလောကနေရာတခုမှာ ကိုအောင်ကျော် တိုးနဲ့တွေ့တဲ့ စာပေသမားတဦးက ‘တော်တော် တန်တန်များ ကောင်းတယ်လို့ကို သိပ်မပြောတတ်တဲ့ ဒီဆရာကြီးက ခင်ဗျားမိန်းမရဲ့စာအုပ်ကိုတော့ တယ်ချီးကျူး ထားပါလားဗျ’ လို့စကားစပြီးပြောသတဲ့။ အဲဒီတော့ ခပ်တည်တည်နဲ့မထေ့တထေ့ပြောရာမှာ၊ ဗလရွတ် ရွှတ်တ နောက်တီးနောက်တောက် ပြောရာဆိုရာမှာ အင်မတန် ပါရမီပါလှတဲ့ ကိုအောင်ကျော်တိုးက အနီးအနားမှာ ဘယ်လိုလူတွေ ရှိနေတယ်ဆိုတာမျိုးတောင် ဂရုမစိုက်ပဲ၊ သူ့ရဲ့ထုံးစံအတိုင်း ပြုံးဖြဲဖြဲနဲ့ ‘ဟာ - ကောင်းတယ်လို့ပြောမှာပေါ့ဗျ၊ ကျနော်တို့လင်မယားက ဘီရိုကြီးတလုံးလုံးသွားပီး လက်ဆောင်ပေးထားတာကိုးဗျ’ လို့ခပ်တည်တည်ပဲ ပြန်လည်ဖြေဆိုသမှု ပြုခဲ့ သတဲ့။ အဲဒီအကြောင်းကို ကြားလိုက်ကြရသူတွေထဲက ရွှေဥာဏ်တော်စူးရောက်ကြသူတွေ၊ ဆရာစွမ်းကြီးအပေါ် မေတ္တာတုံးကြီးကြီး ဟီးတိုက်ပြီးပို့သချင်သူတွေ က၊ ဒီကိစ္စကတော့ အပိုင်ပဲ၊ လင်ယောက်ကျား လုပ်သူကိုယ်တိုင်က တော်တော်များများအကြားပြောဆို ဖွင့်ဟသွားခဲ့တဲ့စကားပဲဆိုပြီး၊ မဂ္ဂဇင်းစာမျက်နှာ တွေပေါ် အထိ ရောက်လာခဲ့ရတော့တာ ဖြစ်ပါတယ်။ ကာတွန်းသမားက ကာတွန်းနဲ့လှောင်၊ ဟာသစာရေးဆရာက ဟာသနဲ့နောက်၊ ‘ဘီရိုကြီး လက်ဆောင်ရလို့၊ စာအုပ် ကောင်းတယ်လို့ဝေဖန်ရေး ရေးပေးသူ ဝေဖန်ရေးဆရာကြီး’ အဖြစ်ပုံဖေါ်တိုက်ခိုက် လှောင်ပြောင်တာကို ဆရာစွမ်းကြီးခံခဲ့ရရှာပါတယ်။ အဲဒီကာလက နုနုရည်ဆို တာတောင် လူချင်းမမြင်ဖူး မသိဖူးသေးပဲ ကိုယ်ယုံကြည်ယူဆတဲ့အမြင်အတိုင်း ဝေဖန်ရေး ရေးခဲ့တာဖြစ်တဲ့အတွက် ဆရာစွမ်းကြီး ဘယ့်လောက် ရှူးရှူးရှားရှား ဖြစ်လိုက် ဒေါသထွက်လိုက်မလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ နောက်စစပြောတတ်လွန်းတဲ့ ကိုအောင်ကျော်တိုးကိုယ်တိုင် နဲနဲတော့ ဖြုံသွားခဲ့တယ်လို့ထင်ပါ တယ်။ ကျနော်ကတော့ - ဆရာစွမ်းကြီး ဒေါသထွက်တာ ကြားလဲ ကြားဖူး၊ မြင်လဲ မြင်ဖူးပါတယ်။
(၅)
ကျနော်တို့ရဲ့ဆရာစွမ်းကြီးဟာ (၁၉၃၇) ခုနှစ် ဖေဖေါ်ဝါရီ (၁၇) ရက်နေ့ဖွားဆိုတော့၊ မနှစ်က ၂၀၀ရခုနှစ် ဖေဖေါ်ဝါရီ (၁၇) မှာ အသက် (၇၀) တိတိ ပြည့်မြောက်ခဲ့ပါတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ (၇၀) ပြည့်အမီ ဆရာစွမ်းကြီးအတွက် ရုပ်ပုံလွှာဖွဲ့ဦးမယ်လို့ရင်ထဲမှာ ခံစားမှုတွေ စုစည်းပွားစည်နေမိတုန်းပဲ ရှိသေး၊ ဇန်န၀ါရီလထဲမှာ ဆရာဂျမ်းကြီးရုတ်တရက် ကွယ်လွန်သွားတာ ကြားလိုက်ရပြီး၊ ဆရာဂျမ်းရဲ့ရုပ်ပုံလွှာကိုပဲ လွမ်းလွမ်းဆွတ်ဆွတ်ရေးဖွဲ့လိုက်ရပါ တော့ တယ်။ ဆရာစွမ်းရဲ့အသက် (၇၀) ပြည့်အတွက် မရေးဖွဲ့ဖြစ်တော့ပါ။ ဒီနှစ်တော့ ဘာပဲဖြစ်ဖြစ် ဆရာစွမ်းကြီးရဲ့ရုပ်ပုံလွှာကို ကျနော်မြင်သလို နားလည်သလို ခံစား မိခဲ့သလို အခုပဲ ကောက်ကြောင်းတို့ကြည့်လိုက်မိပါပြီ။ ကျနော် - တို့ကြည့်မိလိုက်တဲ့ ကောက်ကြောင်းဟာ ဘယ်လိုမှတော့ ပြည့်စုံလုံလောက်မှာ မဟုတ်ပေမဲ့၊ ဆရာစွမ်းကြီးကိုယ်တိုင် ကျန်းကျန်းမာမာသက်ရှိထင်ရှားရှိနေတုန်းမှာပဲ အခုလို ရေးခြယ်ပြလိုက်နိုင်တာအပေါ်မှာတော့၊ ကိုယ့်ဟာကိုယ် ၀မ်းသာပီတိ ဖြစ်လိုက်မိ ပါတယ်။
ဆရာဟာ ပညာရေးသမား၊ ပညာရှင်၊ စာကြည့်တိုက်ပညာအပေါ် မြတ်မြတ်နိုးနိုးတန်ဖိုးထား လှသူ၊ ကောက်စိုက်တေး - လူထုတေးတွေစုဆောင်းသူ၊ အသံလွှင့်ဆောင်းပါးရှင်၊ စသဖြင့် စသဖြင့် လေးစားအပ်ဖွယ် ဂုဏ်ပုဒ်တွေ တသီတသန်းကြီးနဲ့ပေမဲ့၊ ဆရာ့ကို ကျနော်မြင်တာကတော့ - တကယ့်ကဗျာဆရာနဲ့ တကယ့် စာပေဝေဖန်ရေးဆရာ ဆိုတာပါပဲ။ ဆရာ့ရဲ့ကဗျာတွေဟာ ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန်နဲ့ထက်ထက်ရှရှ ရှိခဲ့သလို၊ ဆရာ့ရဲ့ဝေဖန်စာတွေဟာလဲ ပစ် ကွင်းရှိရှိ ထိချက်မှန်မှန် ရပ်ခံမှု ပီပီသသနဲ့လူထုဖက်ကဆိုတာ ပြတ်ပြတ်သားသားပေါ်လွင်နေခဲ့ပါတယ်။ ‘မောင်စွမ်းရည်’ ဆိုတဲ့ ကလောင်ဟာ ဘယ်လိုကလောင် လဲဆိုတာ စာပေသမားမှန်ရင် သိပါတယ်။
ဖေါက်ပြန်သူတွေအပေါ် စစ်အာဏာရှင်ရူးတွေအပေါ် တစိုက်မတ်မတ် ထိုးနှက်တိုက်ခိုက်ရာမှာ ကဗျာတွေထဲမှာမှ ထိထိမိမိစူးစူးရှရှ ရှိခဲ့တာမဟုတ်၊ စာပေဝေဖန်ရေးတွေ စာအုပ်ဝေဖန်ချက်တွေထဲမှာလဲ ပြင်းပြင်းထန်ထန် လေးလေးနက်နက် ထက်ထက်ရှရှ ရှိခဲ့ပါတယ်။ ကဗျာထဲမှာရော ဝေဖန်ရေးထဲမှာပါ သိသိ သာသာ ထိုးထိုးထွက်လာပြီး ပေါ်ပေါ်လွင်လွင်ထက်ထက်မြမြ တွေ့ရမြင်ရ ကြားရတတ်တာကတော့၊ (တခြားသူတွေနဲ့မတူ တမူထူးခြားတယ်လို့ပြောရလောက်တဲ့) ထေ့သံ လှောင်သံ သရော်သံပါပဲ။ ဒါဟာ ဆရာစွမ်းရဲ့ကိုယ်ပိုင်ဟန်ပါ။ စာပေသမားတိုင်းလိုလို အလွယ်တကူ မြင်ရနိုင်တဲ့ ဆရာစွမ်းကြီးရဲ့ကိုယ်ပိုင်ဟန်ပါပဲ။
ဒိထက်တဆင့်တက်ပြီး ကျနော်မြင်လိုက်မိတာကတော့၊ ဆရာစွမ်းကြီးဟာ ထက်မြက်တဲ့ ကလောင်ရှင်သာမဟုတ်၊ ထက်မြတဲ့ခေါ်သံရှင်လဲ ဖြစ်တယ် ဆိုတာပါပဲ။ ကျနော်ဆိုလိုတဲ့ ‘ခေါ်သံ’ ကတော့၊ လိုက်လာဖို့ခေါ်လိုက်သံ မျှတင်မကပါဘူး၊ နှိုးလိုက်တဲ့အသံ၊ စလိုက်တဲ့အသံ၊ လူထုကြားကျအောင် ချပေးလိုက် တဲ့အသံတွေပါ ပါပါတယ်။ ကြည့်ပါ့ --
ဆရာစွမ်းကြီးရဲ့စာကဗျာတွေထဲမှာ- တိုက်ပွဲခေါ်သံ စိန်ခေါ်သံတွေလဲ အများအပြားရှိပါတယ်။ ‘အမေ့ခေါ်သံ’ ‘အဘခေါ်သံ’ တွေသာမက၊ ‘မြန်မာစာ ပေ ဘာလဲ ဘယ်လဲ’ လို့မေးလိုက်တဲ့ အသံကနေ ‘ဘာလဲဟဲ့ - ’ ‘ဘာလဲ ဟဲ့ -’ လို့မေးလိုက်မြန်းလိုက် ကြိမ်းမောင်းလိုက်သံ၊ စိန်ခေါ်သံတွေအထိ အင်မတန် ပြောင်ပြောင်မြောက်မြောက် ထူးထူးခြားခြား ရှိခဲ့ပါတယ်။ လူတိုင်းလူတိုင်းရဲ့နားထဲ မျက်စေ့ထဲ ကွက်ကနဲ ကွင်းကနဲဖြစ်သွားရအောင်၊ မဟုတ်မဟပ် စာမျိုးတွေ အပေါ် ‘အပစ်အခတ် အညှစ်အသတ် အညစ်အပတ်စာပေ’ တွေလို့ ခေါ်ဝေါ်ကင်ပွန်းတပ်ပေးခဲ့တာလဲ ဆရာစွမ်းကြီးပဲ မဟုတ်လား။ ၁၉၇၆ လောက်က ‘မြန်မာ စာပေ ဘာလဲ ဘယ်လဲ’ လို့ခေါင်းစဉ်တပ်ပြီး စာပေဝေဖန်ရေးစာအုပ် ထုတ်ဝေခဲ့သလို၊ ၂၀၀၇ ခုနှစ်ထဲမှာ ‘ဘာလဲဟဲ့ - မောင်စွမ်းရည်’ ဆိုတဲ့ ဆောင်းပါးပေါင်းချုပ် ထုတ်ဝေခဲ့တဲ့အထိ နှစ်ပေါင်း (၃၀) ကျော်ကျော်လောက်အတွင်းမှာလဲ ဆရာစွမ်းကြီးရဲ့ခေါ်သံမျိုးစုံဟာ စာပေနယ်တခုလုံးမှာ ပဲ့တင်ဝေနေခဲ့တာ အားလုံးကြားကြ သိကြတဲ့ အတိုင်းပါပဲ။ ခေါ်သံတွေကတော့ တိုက်ပွဲခေါ်သံ စိန်ခေါ်သံ ခေါ်ဝေါ်သံ ခေါ်လိုက်သံ - - အစုံ အစုံ ပါပဲ။
ဒါကြောင့်မို့ ကျနော်ကတော့ ဆရာစွမ်းကြီးကို ထက်မြက်တဲ့ ကလောင်ရှင်သာမက၊ ထက်မြတဲ့ခေါ်သံရှင်လို့လဲ မြင်မိနေပါတယ်။ အနီနဲ့အပြာ နောက် ခံကားချပ်ပေါ်မှာ ဆရာစွမ်းကြီးရဲ့ရုပ်ပုံဟာ တိုက်ပွဲဝင်စိတ်ဓါတ်အပြည့်နဲ့ တဖျတ်ဖျတ်လှုပ်ရှားနေဆဲဖြစ်တာ ငေးမောကြည့်မိရင်း၊ ပဲ့တင်သံတွေကိုလဲ ကြားနေမိပါ တယ်။ ဆရာစွမ်းရဲ့ခေါ်သံ အလီလီကိုလဲ ကြားနေမိပါတယ်။
ဆရာစွမ်းရေ - အမှတ်တရ ဦးညွှတ်လိုက်ပါတယ်။
(၀င်းတင့်ထွန်း)
၂၆-၁-၂၀၀ဂ
(၂၀၀ဂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် ဆရာမောင်စွမ်းရည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့ကို မှတ်မှတ်ရရရည်စူး အထိမ်းအမှတ်ပြု ရေးဖွဲ့လိုက်တာ ဖြစ်ပါတယ်။)
Posted by
ရွှေဥသြ
at
06:45
0
comments
Labels: ဆောင်းပါး
Sunday, 10 February 2008
ဆရာမြသန်းတင့်(၁၉၂၉ - ၁၉၉၈)ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် အမှတ်တရ
စာရေးဆရာအလုပ်ဟာ ဂုဏ်အရှိဆုံးအလုပ် တခုလို့ ငယ်ငယ်ကတည်းကထင်ခဲ့တာ။ ဂုဏ်ဆိုတာ ပကာသနကို ပြောတာမဟုတ်ဘူး။ ရိုးသားမှန်ကန်တဲ့ ဂုဏ်သိက္ခာကိုပြောတာ။
စာရေးဆရာဆိုတဲ့ဘ၀ကို ဘာနဲ့မှမလဲနိုင်ဘူး။ ခုလည်းမလဲနိုင်ဘူး။ နောင်လည်း မလဲနိုင်ဘူး။ စာရေးခြင်းအလုပ်ကို ယုံကြည်မှု တခု၊ ယုံကြည်းခြင်းတရားတခု အနေနဲ့ ကျနော်ယုံတာ။ သဘောထားတာ။ ဒါ့ကြောင့် ငါကြီးရင် စာရေးဆရာလုပ်မယ်လို့ပဲ ဆုံးဖြတ်ခဲ့တယ်။ စာရေးဆရာအလုပ်ကလွဲလို့ ဘယ်အလုပ်ကိုမှ မလုပ်ခဲ့ဖူးသေးဘူး။
စာရေးခြင်းအလုပ်ဆိုတာ ခဏတဖြုတ်လမ်းကြုံလို့ ၀င်လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘူး။ အပျင်းပြေ ၀င်လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘူး။ အားအားယားယားရှိလို့ ၀င်လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘူး။ တကယ့်ကို စွဲစွဲ မြဲမြဲ လုပ်ရမယ့် အလုပ်။ အချိမ်မရွေး လုပ်နေရမယ့် အလုပ်။ တသက်လုံးလုပ်နေရမယ့် အလုပ်လို့ မြင်တယ်။
မြသန်းတင့်
(ပေဖူးလွှာ မဂ္ဂဇင်း အင်တာဗျူးမှ)
ဆရာမြသန်းတင့် ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိအကျဉ်း
၁၉၂၉။ ဦးပေါတင့်၊ ဒေါ်လှိုင်တို့မှ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၁၉၂၉၊ မေ၊ ၂၃ ကြာသပတေးနေ့၌ မွေးဖွားခဲ့သည်။ မွေးချင်း ခုနှစ်ယောက်တွင် အကြီးဆုံး ဖြစ်သည်။
၁၉၄၁။ ပဉ္စမတန်းတွင် ပညာသင်သည်။
၁၉၄၂။ ဂျပန်ခေတ်တွင် ကျောင်းပြန်တက်သည်။
၁၉၄၃။ အာရှလူငယ်များအစည်းအရုံး၌ တက်တက်ကြွကြွ ပါဝင်သည်။
၁၉၄၄။ ဂျပန်တော်လှန်ရေး မြေအောက်ကလပ်စည်းများ နှင့်ဆက်သွယ်၍ ဖက်ဆစ်တော်လှန်ရေးကြီးတွင် ပါဝင်သည်။
၁၉၄၅။ ဂျပန်တော်လှန်ရေးကာလတွင် စစ်ကိုင်းရှိ ဗိုလ်သိန်းဦး(တော်လှန်ရေးတွင် ကျဆုံး)၊သခင်မော်တင်(ပြည်တွင်းစစ်တွင် ကျဆုံး)နှင့် မြိုင်မြို့ ဘုန်းတော်ကြီးဦးစရိယ(မြိုင်ဖဆပလ အမတ်ဟောင်းဦးသက်ရှည်) တို့၏ ဦးဆောင်မှုအောက်တွင် ပါဝင်လှုပ်ရှားသည်။
၁၉၄၅-၄၇။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မြင်းခြံခရိုင်တွင် တာဝန်ကျသည်။မန္တလေးခရိုင် အထက်ဗမာပြည် ဖဆပလအဖွဲ့ချုပ်၊ မန္တလေးခရိုင် ကွန်မြူနစ်ပါတီတို့တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်သည်။မြင်းခြံခရိုင် ကွန်မြူနစ်ပါတီကို စတင်တည်ထောင်၍ ခရိုင်ကော်မတီဝင်အဖြစ် ဆောင်ရွက်သည်။ ကျောက်ပန်းတောင်းတွင် အက်တူး-သခင်အုန်းဖေ (ပြည်တွင်းစစ်တွင်ကျဆုံး)နှင့်အတူ ’ လယ်သမားများသီးစားခမပေးရေး တိုက်ပွဲ၊ လက်ငုတ် လယ် ပြန်ထွန်ရေး တိုက်ပွဲ၊ မြေရှင်ကြီးများ၏ လယ်များကို အတင်းဝင်ထွန်ရေး’ တိုက်ပွဲ များကိုဦးဆောင်သည်။ သီးစားခ မပေးရေးတိုက်ပွဲတွင် အင်္ဂလိပ်အစိုးရ သိမ်းယူထားသော လယ်သမားများ၏ ပစ္စည်းများကို ပြန်လည်လုယူသည့်အတွက် (ရုံးမင်းတစ်ထိုင်) ပြစ်ဒဏ်ကျခြင်းခံရသည်။မြင်းခြံခရိုင်တွင် အခြားသော ခေါင်းဆောင်များ နှင့်အတူ သူ့ခေါင်းကိုဖြတ်နိုင်လျှင် ဆုငွေပေးမည်ဟု အင်္ဂလိပ်အလိုတော်ရိ နှင့် မြေရှင်များက တိတ်တဆိတ်ဆုငွေထုတ်သည်။ အထွေထွေ သပိတ်ကြီးတွင် မြင်းခြံ၊ မန္တလေး၊ ဒလသင်္ဘောကျင်း အထွေထွေ အလုပ်သမားထုကြီး ပါဝင်ရေးအတွက်တာဝန်ယူသည်။ မြင်းခြံခရိုင် အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂတို့တွင် အလုပ် အမှုဆောင်အဖြစ် ဆောင်ရွက်ရင်း ဖြူးမြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖြူးလယ်သမား ကွန်ဂရက်ကြီးသို့ မြင်းခြံခရိုင်ကိုယ်စား လှယ်’ အဖြစ်တက်ရောက်သည်။
၁၉၄၇။ မကျန်းမာသဖြင့် တာဝန်မှ အနားယူကာ တက္ကသိုလ်ဝင်စားမေးပွဲ ဖြေဆိုသည်။ ပခုက္ကူခရိုင် ကျောင်းသားများဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်သည်။
၁၉၄၈။ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။
၁၉၄၉။ ပထမဦးဆုံးရေးသည့် ‘ဒုက္ခသည်’ ဝတ္ထုတိုကို တာရာမဂ္ဂဇင်း (တွဲ-၃၊ မှတ်-၂၁၊ ၁၉၄၉) တွင်ပုံနှိပ်ဖော်ပြသည်။
၁၉၅၀။ ‘စာပေသည်ပြည်သူ့အတွက်’ ဟူသော ကြွေးကြော်ဖြင့် ‘စာပေသစ်မဂ္ဂဇင်း’ ကို ကိုသန်းတင်၊ ဒဂုံတာရာ၊ မောင်ကြည်လင်း၊ အောင်လင်းတို့နှင့် အတူဦးဆောင်ထုတ်ဝေသည်။
၁၉၅၁။ ပထမဦးဆုံး ဘာသာပြန်လက်ရာအဖြစ် ဂေါ်ကီ၏ ‘မာလ်ဗာနှင့် အခြားဝတ္ထုများ’ ကို ရေးသားထုတ်ဝေသည်။
၁၉၅၂။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း အလုပ်အမှုဆောင် အဖြစ်ဆောင်ရွက်သည်။ စာရေးဆရာအသင်းမှ ထုတ်ဝေသော ‘စာပေမဂ္ဂဇင်း’ တွင် တာဝန်ခံအယ်ဒီတာအဖြစ် လည်းကောင်း၊ ‘ပြည်တော်သစ်ဂျာနယ်’ တွင် အယ်ဒီတာချုပ်အဖြစ် လည်းကောင်း၊ ‘တိုးတက်ရေးသတင်းစာ’ တွင် နိုင်ငံခြားရေး အယ်ဒီတာအဖြစ် လည်းကောင်း၊ ဒုတိယမြောက် ဘာသာ ပြန်အဖြစ် ဂေါ်ကီ၏ အတ္ထုပ္ပတ္တိ ‘မက္ကဇင်ဂေါ်ကီ’ ကို ဗန်းမော်စာအုပ်တိုက်မှ ထုတ်ဝေသည်။
၁၉၅၃။ ပထမဆုံး ပင်ကိုယ်ရေး လုံးချင်းဝတ္ထု ‘မေတ္တာအသေင်္ချေ’ ကို ရေးသည်။
၁၉၅၄။ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသည်။
၁၉၅၅။ သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူး တစ်ဦးအဖြစ်ဆောင်ရွက်သည်။
၁၉၅၆။ ဥပဒေဘွဲ့ရရှိသည်။
၁၉၅၇။ ‘ပြည်သူ့တိုးတက်ရေးပါတီ’ ပေါ်လစ်ဗျူရိုတွင်ပါဝင်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူးချုပ်နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဌာနချုပ်လုပ်ထားသော ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ ဗျူရိုကရက် အဖွဲ့ ဝင်လူကြီးဖြစ်ခဲ့သည်။
၁၉၅၈။ ပဒေသရာဇ် ဆန့်ကျင်ရေးဝတ္ထု ‘လိုက်ခဲ့တော့မြနန္ဒာ’ ကို မြဝတီမဂ္ဂဇင်း(အယ်ဒီတာ ချုပ် ဇဝနလက်ထက်) တွင်ရေးသားသည်။ အထိန်းသိမ်းခံဘဝဖြင့် ကိုကိုးကျွန်းသို့ရောက် သည်။
၁၉၆၀။ အထိန်းသိမ်းခံ ဘဝမှ လွတ်မြောက်ခဲ့သည်။ စာရေးဆရာကလပ် တွင် အမှုဆောင်ဖြစ်သည်။ အမှောင်ရိပ်ဝယ် ဝတ္ထုကိုရေး သည်။ ဗိုလ်တထောင် သတင်းစာတွင် နေ့စဉ်အခန်းဆက်အဖြစ် ‘နွံထဲကကြာ’ (နှစ်နှစ်နီးပါး)ကို သိန်းဖေမြင့်နှင့် ပူးတွဲရေးသည်။
နွံထဲကကြာ ဝတ္ထုစာအုပ်မှ အစပြု၍ မူလကလောင်နာမည် မြသန်း မှ မြသန်းတင့် သို့ ပြောင်းခဲ့သည်။
၁၉၆၁။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပသော‘ ငြိမ်းချမ်းရေးကောင်စီ’ အစည်းအဝေးသို့ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ် အဖြစ်တက်ရောက်သည်။
ညီလာခံမှအပြန် ဆိုဗီယက်ယူနီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေး ကော်မတီများ၏ ဖိတ်ကြားချက်အရ ဒဂုန်တာရာ၊ ပါမောက္ခ ဦးအောင်လှတို့နှင့် အတူ သွားရောက်သည်။
၁၉၆၃။ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ဝင် နှင့် ပြည်သူ့ကော်မတီတစ်ဦး အဖြစ် တာဝန် ယူခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေး နွေးပွဲ ပျက်သောအခါ အထိန်းသိမ်းခံခဲ့ရပြီး ဒုတိယအကြိမ်မြောက် ကိုကိုးကျွန်း ရောက်ခဲ့သည်။
၁၉၇၂။ အထိန်းသိမ်းခံဘဝမှ လွတ်မြောက်ခဲ့သည်။ တော်စတွိုင်း၏ ‘စစ်နှင့်ငြိမ်းချမ်းရေး’ ဝတ္ထုဘာသာပြန်(၁၉၇၂) ခုနှစ်အတွက် ’ အမျိုးသားစာပေဘာသာပြန်ဆု’ ရခဲ့သည်။
၁၉၇၈။ အမေရိကန် စာရေးဆရာမ မာဂရက်မစ်ချယ်၏ ‘ လေရူးသုန်သုန်’ ဝတ္ထုဘာသာ ပြန်ဖြင့် ’ အမျိုးသားစာပေ ဘာသာပြန်ဆု’ ကိုရခဲ့ သည်။
၁၉၈၈။ တရုတ်စာရေးဆရာကြီး ဆောင်ဇူချင်းနှင့် ကောက်ငိုတို့၏ ‘ခန်းဆောင်နီအိပ်မက်’ ဝတ္ထုဖြင့် ’ အမျိုးသားစာပေ ဘာသာပြန် (ရသ)ဆု’ ကို ရရှိခဲ့သည်။
၁၉၉၂။ ပြင်သစ်စာရေးဆရာ ဒိုမိနိလာပီယဲ၏ ‘သုခမြို့တော်’ ဝတ္ထုဘာသာပြန်(ရသ) ဖြင့် ’အမျိုးသားစာပေ ဘာသာပြန်ဆု’ ကိုရသည်။
၁၉၉၅။ စာရေးဆရာ ဒိုမိနိလာပီယဲ၏ ‘အချစ်မိုးကောင်းကင်’ ဝတ္ထုဘာသာပြန်ဖြင့် ‘အမျိုးသားစာပေ ဘာသာပြန်ဆု(ရသ)ဆု ’ ကို ရခဲ့ သည်။
၁၉၉၈။ ဖေဖော်ဝါရီ ၁၈ရက်၊ ည ၉၊၁၅ တွင် ကွယ်လွန်သည်။
Posted by
ရွှေဥသြ
at
22:00
0
comments
Labels: မမြင်ဘူးလိုက်တဲ့ ပြည်သူ့ဘက်က အနုပညာရှင် တော်လှန်သူများ
နောက်ဆုံးပင်လယ်
ပန်းတိုင်ကိုသွားရတယ်ဆိုတာ
လရောင်အောက်မှာ လမ်းလျှောက်တာမဟုတ်ဘူး
(ဓားတောင် ၀တ္ထုမှ)
ကျွန်းရဲ့ထိပ်များမှာ တလူလူအင်္ကျီဟောင်းတထည်
အော်သံကွဲကွဲ ပင်လယ်တဖျပ်ဖျပ် မီးစုန်းတောက်စား
ဒါပဲ အသားကုန်ထိုင်ငေးကြည့်နေရတဲ့ ဖြစ်စဉ်မှာ
ကျောက်ဆောင်များ ကြိမ်ဆူးများ
ငါးကင်လိပ်ဥနဲ့ အုန်းရည်ချိုချိုညစာများ
အလို ဘုတ်မြည်သံဖွဲ့နွဲ့မှုနဲ့ ဒီတက်ပြီလား
တနေ့ ကျောက်တုံးတတုံးကျ နေ့စွဲတွေ ရိုက်နှင်ရတာ
မုန်တိုင်းနဲ့ ငါးမန်းစွယ်ရောင်ဖွေးဖွေးပေါ့
ဝါးရုံပြာဆားနဲ့ ဘ၀ကို ယပ်ခတ်ရင်း
ပင်လယ်ကိုကျော်ဖြတ်ဖို့ ကောင်းကင်အပြာနဲ့ လွဲချော်ရ
သင်္ဘောမလာမီ ထွက်ခွာသွားသူကြီး။ ။
(၁၈-၂-၉၈ မှာ ကွယ်လွန်သွားခဲ့တဲ့ ဆရာမြသန်းတင့် သို့ ...)
မောင်ဆေးရိုး
(၂၀၀၀ပြည့်နှစ် ဖေဖော်ဝါရီ၊ ယနေ့မန္တလေးစာအုပ်တိုက်)
Posted by
ရွှေဥသြ
at
21:57
0
comments
Labels: ကဗျာ
ဓားလိုတယ်
ဒီကျွန်းပေါ်မှာ ဆက်နေရင်
ငတ်သေမှာပဲ
ငတ်မသေ ဖျားသေမှာပဲ
မြွေ ကုဋ္ဋေ ကုဋ္ဋာ
ယိမ်းထိုးခေါင်းခါ ပါးပျဉ်းတလှုပ်လှုပ်
ကျားခုန်အုပ် ရေလှိုင်း
ငါးမန်း ၀ိုင်းနေတဲ့
လေရိုင်းထပင်လယ်
ဖြတ်ရမယ် ကိုနန္ဒာ
ကျုပ်တို့ လိုတာတော့
ဓားပါ ခင်ဗျာ့ ဓား
ဓားတချောင်းပဲဗျို့
ဖောင်ကောင်းကောင်းဖွဲ့ဖို့တဲ့
သံချောင်းရဲ့တောင်းဆိုသံ ။
(ဓားတောင်နဲ့မီးပင်လယ်ဖြတ်သူ ဆရာမြသန်းတင့် သို့)
အံ့မောင်
(၂၀၀၀ပြည့်နှစ် ဖေဖော်ဝါရီလ ယနေ့မန္တလေးစာအုပ်တိုက်)
Posted by
ရွှေဥသြ
at
21:49
0
comments
Labels: ကဗျာ
Friday, 8 February 2008
(စစ်တပ်နဲ့နိုင်ငံရေး - ရဲဘော်ဖိုးသံချောင်း) နောက်ဆက်တွဲ ဖြည့်စွက်ချက်နှင့်ပတ်သက်၍
ဒီဗွီဘီမှာပဲ ရဲဘော်ဖိုးသံချောင်းက စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ ပတ်သက်ပြီး အခန်းဆက်တင်ပြမှုတခု ထပ်လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အကြောင်းအချို့ကြောင့်
အပြည့်အစုံအသံလွှင့်ခွင့်မရဘဲ တပိုင်းတစနဲ့ ရပ်တန့်ခဲ့ရပါတယ်။
အပြည့်အစုံကို ဒီစာအုပ်ထဲမှာပဲ နောက်ဆက်တွဲအဖြစ် ဖြည့်စွက်ပုံနှိပ်လိုက်ပါတယ်။ ။
Study Desk Publication
သန်းရွှေစစ်အုပ်စုကို ဘယ်သူတွေက ဖြုတ်ချမလဲ၊ ဘယ်ပုံစံနဲ့ဖြုတ်ချမလဲ
ဒီကိစ္စကို စဉ်းစားခဲ့တာကြပါပြီ။ ဒီမိုကရေစီအင်အားစုတိုင်း စဉ်းစားကြတာပါ။ ကျနော်တို့လဲ စဉ်းစားပါတယ်။ ဒါပေမယ့် ကျနော်တို့က ထိန်းထိန်းချုပ် ချုပ်ပဲ ပြောပါတယ်။
အကျယ်မပြောလို့ တခါတရံ မရှင်းမလင်းဖြစ်တာ ရှိနိုင်ပါတယ်။ တခါတရံတော့လဲ မဖြစ်နိုင်တာကို လွန်လွန်ကျွံကျွံလျှောက်ပြောနေတာပဲလို့ အထင် ခံရတာလဲ ရှိပါတယ်။
ဒီတခါတော့ ကြိုးစားပြီးရှင်းအောင်ပြောပါမယ်။ အကျယ်တ၀င့်လဲ ပြောပါမယ်။ အကြောင်းကတော့ ပြောဖို့လိုပြီ ထင်လို့ပါ။
DVB မှာကျနော်အရင်က ပြောခဲ့တာတွေဟာ အတိတ်ကိစ္စတွေပဲပြောတာ များခဲ့ပါတယ်။ အခု အတိတ်ကိစ္စပြောမှာ မဟုတ်ပါဘူး။ ပစ္စုပ္ပန်နဲ့ အနာဂတ် ကိစ္စပြောပါမယ်။ အားလုံးသို့ တင်ပြတဲ့သဘောပါ။ အဆိုပြုချက်လို့ သဘောထားစေချင်ပါတယ်။
သန်းရွှေစစ်အုပ်စု ဘာကြောင့်ခေါင်းမာနေသလဲ
ဗိုလ်နေ၀င်းချန်ခဲ့တဲ့ အမွေပုံမှာထိုင်ပြီး မိုက်နေတာပါ။ ဗိုလ်နေ၀င်းချန်ခဲ့တဲ့ အမွေဆိုတာ အာဏာအမွေပါ။ ဒီအာဏာဟာ ဗိုလ်သန်းရွှေ သူ့အစွမ်းနဲ့သူ လုယူနိုင်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် သူကကာလတခု ထိန်းထားနိုင်တာတော့အမှန်ပါ။ သူ့အရင်က ဗိုလ်စောမောင်ပြုတ်သွားတာဟာ အာဏာအမွေကိုကောင်း ကောင်းမထိန်းနိုင်လို့ပါ။ နေ၀င်းက အမွေထိန်းကောင်းတဲ့ သန်းရွှေနဲ့လူစားထိုးလိုက်တာပါ။ အဲဒီအချိန်အထိ ဗိုလ်နေ၀င်းကဗိုလ်သန်းရွှေကို စိတ်ချပါတယ်။ ဒါပေမဲ့ နောက်တော့ စိတ်မချတော့ပါဘူး။ စိတ်မချတာက အမွေထိန်းတဲ့ကိစ္စမှာ မဟုတ်ပါဘူး။ ဗိုလ်နေ၀င်းက သူရွှေးပေးတဲ့သူကို ဗိုလ်သန်းရွှေက လက်ခံစေချင်ပါတယ်။ ဗိုလ်သန်းရွှေကလဲ သူပဲစိတ်ကြိုက်ရွေးချင်တယ်။ အဲဒီကနေ ပဋိပက္ခပေါက်ကွဲတော့တာပဲ။ သန်းရွှေ - ဗိုလ်မောင်အေးပဋိပက္ခက ကြိတ်ဝိုင်းဖြစ်ဆဲပါ။ နောက်ပြီး တပ်မတော်ထဲက ဒီအနေအထားတွေကို အားမရမကျေနပ်တဲ့ ရိုးသားတဲ့တပ်မှူး တပ်သားတွေ၊ အရင်က မဆလ - န၀တ - နအဖ ခေါင်းဆောင်ဖြစ်ဖူးသူတွေ စတဲ့ လူတွေဟာလဲ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ စဉ်းစားနေကြတယ်လို့ ကျနော်တို့နားလည်မိပါတယ်။ ဒါကြောင့် ကျနော်တို့လုတ်တတ်ရင်၊ ဒီပဋိပက္ခကို အသုံးချ တတ်ရင် ဗိုလ်သန်းရွှေနဲ့ နအဖ စစ်အုပ်စုကို ဖြုတ်ချနိုင်မှာပဲ။
ဒီနေရာမှာ ရှင်းအောင်ပြောဖို့လိုတာတခုကလဲ ပြောသင့်လို့ပြောချင်ပါတယ်။ အဲဒါက အခြေအနေတွေကို ထိုင်စောင့်နေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အာဏာအမွေဆိုတာက မက်စရာကြီးပါ။ အာဏာအမွေပုံပေါ် ထိုင်မိရင်ထိုင်မိသူက ပိုသာမိုက်ပြပါလိမ့်မယ်။ နောင်တရတယ်ရယ်လို့ မရှိသလောက် ပါပဲ။
စပ်မိလို့အတိတ်အကြောင်း ပြန်မပြောဘူးဆိုပေမယ့် တချက်တော့ပြောရပါဦးမယ်။ ၁၉၆၂ တုန်းက ‘နေ၀င်း - အောင်ကြီးစစ်အုပ်စု’ လို့တခါမှ ကျနော် တို့မသုံးဘူး။ အကြောင်းက ဗိုလ်အောင်ကြီးက ယာယီပဲဆိုတာသိလို့ပါ။ ‘နေ၀င်း - စန်းယုစစ်အုပ်စု’ လို့သုံးမိခဲ့ပါတယ်။ နောက်ကျတော့ ဗိုလ်စန်းယု နံပါတ်ဝမ်း ဖြစ်မှာမဟုတ်ဘူးလို့ တွက်မိလို့ ‘နေ၀င်းစစ်အုပ်စု’ လို့ပဲ တလျှောက်လုံး သုံးခဲ့ပါတယ်။
‘ဒီပဲယင်း’ မတိုင်မီက ‘သန်း - အေး - ညွန့် တြိဂံစစ်အုပ်စု’ လို့သုံးခဲ့သေးတယ်။ ‘ဒီပဲယင်း’ ပြီးတော့ မသုံးပါဘူး။ ဗိုလ်ခင်ညွန့်နံပါတ်ဝမ်း မဖြစ်နိုင်ဘူးလို့ ပဲ ကျနော်တို့ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ ထောက်လှမ်းရေးထိပ်သီးက နိုင်ငံ့အကြီးအကဲ ဖြစ်လေ့မရှိဘူးလို့ ကျနော်တို့က ထောက်ပြခဲ့ပါတယ်။
သန်းရွှေ - မောင်အေး နံပါတ်ဝမ်းဗိုလ်လုပွဲ မပြတ်သေးပါဘူ။ စောင့်ကြည့်ရမှာပါ။ နံပါတ်ဝမ်း စစ်စစ်ကို ကြည့်ချင်ရင် နေ၀င်းကို ကြည့်ပါ။ သူ့ခေတ်က
နအဖခေတ်မှာလို ကောလာဟလတွေ မရှိပါဘူး။ အခုတော့ ကောလာဟလတွေ များလိုက်တာ။ နားမဆံ့အောင်ပါပဲ။ ' ငြိမ်းအဖွဲ့ ' တွေလည်းရတယ်။ ကမ္ဘာအနှံ့ အတိုက်အခံတွေလည်း ရတယ်။ နိုင်ငံခြားသားတွေလည်း ရတယ်။ (သန်းရွှေ အဆက်အသွယ်တွေက လွှင့်တဲ့ ကောလာဟလ၊ ဗိုလ်မောင်အေးဘက်က လွှင့်တဲ့ ကောလာဟလ၊ ဗိုလ်ခင်ညွန့်ကတော့ တဆင့်တက်ပြီး ဗကပနဲ့တောင်မှ ' ငြိမ်းအဖွဲ့ ' ဇာတ်လမ်းတခု က,ချင်သလိုလို လုပ်လာခဲ့တယ်။
အခုတော့အဲဒီ ဗိုလ်ခင်ညွန့်ရဲ့ ' ငြိမ်းချမ်းရေး အကျိုးဆောင်' တွေလည်း ထောင်ထဲရောက်နေပြီ ထင်ပါတယ်။ သူတို့က ဗကပ ဗိုလ်ကျင်မောင်နဲ့ ဆွေး နွေးချင်ပါတယ်လို့ လာဆက်ပါတယ်။ သူတို့ကိုယ်သူတို့ ထလရကပါ၊ ဗိုလ်မှူးအဆင့်ပါလို့ ကြားလူကတဆင့် ပြောပါတယ်။ ကျနော်တို့ကလည်း တာဝန်ရှိတဲ့ကေဒါ နှစ်ဦးနဲ့တွေ့စေပါတယ်။ သူတို့က ဘာနိုင်ငံရေးစကားမှမပြောဘဲ ဒီဘက်ကဘာပြောမလဲဆိုတာကိုပဲ နားထောင်တဲ့သဘောရှိပါတယ်။ သူတို့က ကျနော်တို့ကိုအရင် ကျနော်တို့ရဲ့ အခြေခံဒေသဖြစ်ဖူးတဲ့ နမ့်ခမ်းနဲ့မျက်နှာခြင်းဆိုင်၊ ရွှေလီမြစ်အရှေ့ဖက်က ရွာတွေကိုကျနော်တို့ကို အခုငြိမ်းအဖွဲ့တွေကိုပေးထားတာမျိုး ပေးမယ်ဆို တာမျိုးလည်း တဖက်လှည့်ကပြောပါတယ်။ ဆွေးနွေးရာမှာပြောတာ မဟုတ်ပါဘူး။ သူတို့က ကြားဝင်ခိုင်းတဲ့မူဆယ်မှာနေသူ ကျနော်တို့ တပ်ထွက်တယောက်က တဆင့် တရားမ၀င်ပြောခိုင်းတာပါ။ ကျနော်တို့ကတော့ တိုင်းပြည်နဲ့ပြည်သူအတွက် ရေးကြီးတဲ့ကိစ္စတွေဆွေးနွေးဖို့ အမြဲအသင့်ရှိတယ်လို့ပဲ ပြန်ပြောလိုက်ပါတယ်။
နှစ်ခါလာဆွေးနွေးတာပါ။ နှစ်ခါစလုံးအထက်ကို အစီရင်ခံပါ့မယ်ဆိုပြီး ပြန်သွားတာ။ နောက်တော့ ပြန်ပေါ်မလာတော့ပါဘူး။ ဗိုလ်ခင်ညွန့်ရဲ့ ဉာဏ် ကစားနည်းတမျိုးပါ။
အထက်မှာပြောခဲ့တဲ့ ကောလာဟလတွေ၊ သတင်းတွေကို အခြေခံပြီးဟောစာတမ်းတွေလည်း ထုတ်လေ့ရှိကြပါတယ်။ဒါပေမယ့် ကျနော်တို့ကတော့ ဟောစာတမ်း မထုတ်ဝံ့လို့ မထုတ်ခဲ့ပါဘူး။
ဗိုလ်ခင်ညွန့် 'နံပါတ်ဝမ်း' မဖြစ်နိုင်ဘူးဆိုတဲ့ ဟောစာတမ်း ထုတ်ခဲ့တာကတော့ 'ငြိမ်းအဖွဲ့' တွေကို သတိပေးချင်လို့ပါ။ ဗိုလ်ခင်ညွန့်ကို မျက်မှန် (လန် ဘား) တင်ဦးနဲ့တူတယ်လို့ ကျနော်တို့ဘယ်တုန်းကမှ မသုံးသပ်ပါဘူး။ တင်ဦးမှာလုပ်ပိုင်ခွင့် ဘာမှမရှိခဲ့ပါဘူး။ နံပါတ်ဝမ်းနေ၀င်းအရိပ်က မိုးနေတာပါ။ ဗိုလ်ခင်ညွန့် ကတော့ န၀တ-နအဖ သမစဉ်မှာလည်း နံပါတ်သုံးလို့ သတ်မှတ်ခဲ့ရသူပါ။ လန်ဘားတင်ဦးကတော့ ဒါမျိုးတွေ မရခဲ့ပါဘူး။ ၀န်ကြီးချုပ်လည်း မဖြစ်ခဲ့ပါဘူး။
ဗိုလ်ခင်ညွန့် န၀တ တွင်း (၁) ဖြစ်စကတည်းက လုပ်ပိုင်ခွင့်တွေ အများကြီးရခဲ့ပါတယ်။ အထူးသဖြင့် ၁၉၈၉ ဗကပခွဲထွက်တွေကိစ္စမှာ ရတာပါ။ ရွေးကောက်ပွဲတောင် မလုပ်ရသေးတဲ့အချိန်ကပါ။
အဲဒီကိစ္စ နောက်တခန်းမှာ ပြောပါမယ်။
“ဗိုလ်ခင်ညွန့် နံပါတ်ဝမ်းနီးနီးဖြစ်ခဲ့တဲ့ ကာလ”
၁၉၈၉ နှစ်ပိုင်းက 'ဗကပ' က 'န၀တ' ရဲ့ ဦးတည်ရန်သူပါ။ ရန်သူပါ။ ပြိုင်ဘက် မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်နေတဲ့ ရန်သူပါ။
'ဗကပ' ဗဟိုက ကျောင်းသားတပ်မတော်ကို လက်နက်တသောင်းကူညီဖို့ဆုံးဖြတ်တာကို မကျေနပ်တဲ့ဗဟိုကော်မတီအနည်းစုက ပါတီကနေ ခွဲထွက် ကြပါတယ်။ သူတို့က လူမျိုးစုခေါင်းဆောင်တွေဖြစ်လို့၊ ဗကပ (ဗဟို) ကလည်း 'မှီခိုသူ့ဒုက္ခ' ကြုံနေလို့ခွဲထွက်တဲ့အထဲမှာ တပ်အများစုကြီးကပါသွားပါတယ်။ သွေး ထွက်သံယို မဖြစ်စေဖို့ ဗကပ (ဗဟို) က မြေအောက်ဆင်းပြီး ယူ/ဂျီ ပါတတီအဖြစ် ပြောင်းလိုက်ပါတယ်။
ဒီနောက်တော့ ဗိုလ်ခင်ညွန့်က ဗကပခွဲထွက်တွေရဲ့ 'ဂေါ့ဖားသားကြီး' ဖြစ်သွားပါတယ်။ သူ့ဇာတာ အတက်ဆုံးအချိန်လို့ပြောရမှာပါ။ ဒီလိုနဲ့ 'ငြိမ်းအဖွဲ့' ဆိုတဲ့ ဇာတ်လမ်းတွေ တခုပြီးတခု ပေါ်ပါတယ်။ 'ငြိမ်းအဖွဲ့ တခေတ်ထတဲ့' ကာလတခုရောက်လာပါတယ်။ ငြိမ်းအဖွဲ့အမျိုးမျိုး အလျှိုလျှိုပေါ်လာတာကို ပြောတာပါ။ KNU ခေါင်းဆောင်ဗိုလ်ချုပ်မြ ရန်ကုန်ရောက်တဲ့အထိကာလဟာ 'ငြိမ်းအဖွဲ့ ခေတ်ထချိန်' ပါပဲ။ ၁၀ နှစ်ကျော်တဲ့ကာလပါ။ အဲဒီ ၁၀ နှစ်အတွင်းမှာ အရင်ထောက် လှမ်းရေးခေါင်းဆောင် မျက်မှန်လန်ဘားတင်ဦး မရတဲ့အခွင့်အာဏာတွေ ဗိုလ်ခင်ညွန့်ရတာပါပဲ။ ပြည်တွင်းသာမက ပြည်ပမှာပါ ရပါတယ်။ သူ့ကို 'နံပါတ်ဝမ်းနီးနီး' သတ်မှတ်ကြပါတယ်။ ဗိုလ်သန်းရွှေနဲ့ပြိုင်ဖက်လို့တောင် မြှင့်ပေး၊ မြှောက်ပေးတာတွေလည်း တွေ့ကြခဲ့ရပါတယ်။ မျက်မှန် လန်ဘားတင်ဦးရဲ့ 'တစ်နှစ်ပိုင်းတပိုင်း' ဆိုတာက ဗိုလ်နေ၀င်းရဲ့အိမ်တော်ပါ (ဒေါက်တာမောင်မောင်ပြောတဲ့ coterie) တွေက မနာလိုလို့ပေးတဲ့နာမည်ပါ။ အဲဒီလူတွေကဒီ MI တွင်ကျယ်တာကို နည်းနည်း မှမကျေနပ်ပါဘူး။ တကယ်က နေ၀င်းရဲ့အတွင်းစည်းနေရာကို သူတို့ချင်းလုနေကြတာပါ။ သူတို့က လန်ဘားတင်ဦးရှေ့မှာပဲ 'ဘယ်ခွေးမှ လူမထင်ဘူး' လို့ မူးမူးနဲ့ စိန်ခေါ်လေ့ရှိပါတယ်။
နောက်ဆုံးမှာတော့ မီးဖိုချောင်ကက်ဘိနက် ဒေါ်ခင်မေသန်း ပင်းတဲ့ဘက်က အနိုင်ရပြီး ဗိုလ်တင်ဦး အရာကျသွားတာပါ။
ဗိုလ်ခင်ညွန့်ခေတ်ကောင်းစဉ်က ဘယ်သူမှစိန်ခေါ်တာ မခံရပါဘူး။ 'ဒီပဲယင်း' မတိုင်မီထိပေါ့။ စိန်ခေါ်တာလည်း 'နံပါတ်ဝမ်း' နေရာ အတင်းတက်ယူ နေတဲ့ သန်းရွှေကစိန်ခေါ်တာပါ။ ဒါကြောင့် ပွဲကကြမ်းပါတယ်။ ဗိုလ်ခင်ညွန့်အရေးယူခံရပုံဟာ စစ်အုပ်စုသမိုင်းမှာအပြင်းထန်ဆုံး အရေးယူနည်းမျိုး အရေးယူခံရ တာလို့ပြောရင် ရပါတယ်။ ဗိုလ်နေ၀င်းလက်ထက်မှာ ဆိုရှယ်လစ်ပါတီဝင် စစ်ခေါင်းဆောင်တွေကို ဖြုတ်ထုတ်ခဲ့တာကလွဲစလို့ အထုတ်တွေ၊ အဖြုတ်တွေ၊ အဖမ်း တွေ အဆီးတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ခင်ညွန့်တို့အပေါ် အရေးယူသလို ရက်ရက်စက်စက် ပြတ်ပြတ်သားသား အရေးယူတာမျိုးတော့ တခါမှမရှိခဲ့ ဖူးဘူးလို့ ဆိုနိုင်ပါတယ်။
နိုင်ငံရေးသံသရာက ရယ်စရာတော့ အကောင်းသား၊ ဗကပကို အလဲထိုးလိုက်နိုင်သူအဖြစ် လက်မထောင်နေတဲ့ ဗိုလ်ခင်ညွန့်ကို အခုတော့ နာလန်ထ ‘ဗကပ’ က သူ့အတွက် ရှေ့နေလိုက်ပေးနေသူ ဖြစ်နေပါတယ်။ ဗိုလ်ခင်ညွန့်ကို တရားရုံးမှာဗြောင်စစ်ဆေးပြီး သူ့ဘက်ကလဲချေပခွင့်ပြုရမယ်လို့ ဗကပက အစောဆုံးပြောခဲ့ပါတယ်။ ရှစ်လေးလုံးပြီးကာနီးမှာ တပ်မတော်ထဲက အင်အားတွေ စပြိုလာတာနဲ့ပါတ်သက်လို့ (ဗိုလ်ခင်ညွန့်က ထင်ပါရဲ့) နောက်ပိုင်းမှာ ပြောတာတခုရှိ တယ်။ အဲဒါက ဗကပဟာ တပ်မတော်ကိုခေါင်းဖြတ်ပြီး ကိုယ်လုံးကိုယူချင်တယ်တဲ့။ တကယ်က တပ်မတော်ကိုခေါင်းဖြတ်ပြီးကိုယ်လုံးချည်း ယူသွားတာက ဗကပ မဟုတ်ပါဘူး၊ သူတို့ စစ်အုပ်စုအဆက်ဆက်ပါ။ သူတို့အချင်းချင်းခေါင်းပိုင်းတွေ ဖြုတ်ချပြီးတပ်မတော်ကို ခါးပိုက်ထဲထည့်ခဲ့ကြတာ ဒီနေ့ဗိုလ်သန်းရွှေအထိပါပဲ။ ကျနော်တို့ကတော့ ဒီနေ့အခါမှာ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်မျိုးညွန့်တို့ရဲ့ န၀တဂိုဏ်းဟောင်းနဲ့လဲ နအဖဆန့်ကျင်ရေးအတွက် နားလည်မှုရချင်ပါတယ်။
နိုင်ငံရေးသံသရာရဲ့ လှောင်ပြောင်ချက်ဆိုတဲ့အထဲမှာ ထည့်ပြောသင့်တာတခုက ဗိုလ်ခင်ညွန့်အမှတ်သယ်ခဲ့တဲ့ ငြိမ်းအဖွဲ့တွေကိစ္စပါ။ ဗိုလ်ခင်ညွန့်ဟာ သူ့ရဲ့တီထွင်ချက်ဆိုပြီး လက်မတထောင်ထောင်လုပ်၊ ကျန်တဲ့ န၀တ - နအဖ ခဆတွေအပေါ် အသာစီးနေခဲ့ပါတယ်။ အခုသူ့ကို အရေးယူပြီဆိုတော့ ဒါကို ပုဒ်မတ ခုဖြစ်လာပါတယ်။ ထောက်လှမ်းရေးဟာ ကျနော်တို့ထဲက ခွဲထွက်တဲ့ ၀အဖွဲ့နဲ့စစ်အစိုးရလက်ကိုင် ကာကွယ်ရေးဝအဖွဲ့တို့ကို ပေါင်းပေးပြီး UWSA လို့ ဖွဲ့ပေးခဲ့တယ်။ ဒါပေမဲ့ အခုထောက်လှမ်းရေးတွေ အဖမ်းခံရတော့ မူးယစ်ဆေးဝါးမှု၊ ရွှေချောင်းမှုတွေနဲ့ တရာစွဲခံနေကြရပါတယ်။ အခုနောက်ဆုံး အဖြစ်အပျက်လို့ဆိုရမယ့် ရှမ်း အဖွဲ့တွေထဲက တချို့ကိုလုပ်ကြံဖန်တီးပေးထားတဲ့ လက်နက်ချပွဲတခုနဲ့ ပွဲထုတ်နေပါတယ်။ ဒီအထဲကနေ ဗိုလ်ခင်ညွန့်တို့ကို ပုဒ်မတပ်စရာတွေ ပေါ်လာနိုင်စရာတွေ ရှိနိုင်ပါသေးတယ်။
ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးတွေ အရာကျတော့ ဗကပထဲက BIA, BDA, PBF တပ်မတော်သားဟောင်းကြီးများက ‘အတိတ်ကို အတိတ်မှာထား ခဲ့မည်’ ဗိုလ်ခင်ညွန့်နဲ့ရှိတဲ့အတိတ်ကိုလဲ ထားခဲ့မယ်လို့ကြေညာပါတယ်။ ဗိုလ်ခင်ညွန့်သာ နအဖ စစ်အုပ်စုကိုဆန့်ကျင်ဖို့အတွက် ဘက်ပြောင်းရပ်ရင် နေရာပေး သင့်တယ် ဆိုတဲ့သဘောမျိုးလဲ ကျနော်တို့ကပဲစပြီး အတိအလင်းပြောခဲ့တာပါ။
ကျနော်တို့မျိုးဆက်သစ် ဗကပကတော့ အတိတ်ကိုအတိတ်မှာပဲထားခဲ့ ‘ချင်’ သည်လို့ ပြောပါတယ်။ မျိုးဆက်ဟောင်းလိုဘ၀မျိုး ကျနော်တို့မှာ မရှိလို့ ပါ။ မျိုးဆက်ဟောင်းက တတပ်ထဲမှာအတူနေပြီး အင်္ဂလိပ်နဲ့ဂျပန်ကို တိုက်ခဲ့ကြတာပါ။ ခဏလဲ မဟုတ်ပါဘူး။ ကြာပါတယ်။ မျိုးဆက်သစ်ကတော့ ဘက်တဘက်စီ နေပြီး သူသေကိုယ်သေ တိုက်ကြတာပါ။ ဒါကြောင့် ‘ချင်’ ဆိုတာ ထည့်ထားပါတယ်။
အတိတ်ဆိုတာ မေ့ပစ်လို့မရပါဘူး။ သူကလဲ မမေ့နိုင်၊ ကိုယ်ကလဲ မမေ့နိုင်ပါဘူး။ မေ့ချင်ဟန်ဆောင်နေလို့လဲ ရတာမှ မဟုတ်တာ။ အတိတ်ကို မပြော တမ်း လုပ်ထားဖို့ပါ။
ဒါကလဲ ပစ္စုပ္ပန်နဲ့အနာဂတ်ကို ချီတက်ရာမှာ အတိတ်ကိုကျောပိုးပြီး ချီတက်ရင်ခရီးမတွင်မှာစိုးလို့ပဲ ဖြစ်ပါတယ်။
ဒီနေ့လို ရှုပ်ထွေးလှတဲ့ နိုင်ငံတကာအခြေအနေအကြားမှာ မင်းတုန်းမင်းခေတ်ကလို နန်းလုပွဲကြောင့် ကျွန်ဖြစ်ရတဲ့ကိန်းမဆိုက်အောင် ကျနော်တို့ သတိပေးနေ၊ အကြံပြုနေတာပါ။ ကျဆုံးသွားတဲ့သူတွေကို ကျနော်တို့ သစ္စာဖောက်တာ မဟုတ်ပါဘူး။
နောက် ထောက်ပြချင်တာတခုက ကျနော်တို့ ဗကပအထိနာပြီး ယူ/ဂျီပါတီ ဖြစ်တဲ့အချိန်မှာ NLD ရွေးကောက်ပွဲနိုင်တာပါ။ ဒါပေမယ့် ဒီချုပ်ဟာ ရွေး ကောက်ပွဲသာနိုင်တာ တလျှောက်လုံး အမျိုးမျိုးအနိုင်ကျင့်ခံနေရပြီး တလျှောက်လုံးအောက်စည်းက နေနေရပါတယ်။ တကယ်လို့သာ ဗကပရဲ့ လက်နက်ကိုင် တိုက်ပွဲ ရှိနေရင် ရွေးကောက်ပွဲနိုင် NLD ဒီလို အနိုင်ကျင့်ခံရမှာ မဟုတ်ပါဘူး။ အာဏာရစရာ အကြောင်းတောင်ရှိပါတယ်။ အနည်းဆုံးတော့ အခုလို အနိုင်ကျင့်မခံ ရမှာ သေချာပါတယ်။
နောက်တခန်းမှာ ဘယ်သူတွေက ဖြုတ်ချမလဲဆိုတာ တင်ပြပါမယ်။
ဘယ်သူတွေက ဖြုတ်ချမလဲ
ပထမ NLD/ CRPP၊ ဒုတိယ လူထု၊ တတိယ အမြော်အမြင်ရှိတဲ့တပ်မတော်သားများ။ အဲဒီအစီအစဉ်အတိုင်းပဲ ဖြစ်မယ်လို့ မြင်ပါတယ်။ လူထုထဲမှာ ကျနော်တို့ပါတီက တတပ်တအားပါနေပါတယ်။ ဒီနေရာမှာ ပ၊ ဒု၊ တ ခွဲနေရပေမယ့် တကယ်ဖြုတ်ချတဲ့ပွဲမှာ တပေါင်းတစည်းတည်း ဖြစ်သွားမှာပါ။
ပထမဖြစ်တဲ့ NLD/ CRPP ကို ကျနော်တို့ ဒီလိုသုံးသပ်ပါတယ်။ NLD ကိုပဲ သုံးမှာပါ။ NLD ဟာ အခွင့်ကောင်းကြီးတခုကို လက်လွတ်သွားတယ်။ အဲဒါက ရွေးကောက်ပွဲကို တွန်းတင်လိုက်ဖို့ မ၀ံ့မရဲဖြစ်နေလို့ လက်လွတ်တာဖြစ်တယ်။ နေ၀င်းရော နအတပါ မှင်သက်မိသွားတုန်းကသာ တွန်းတင်နိုင်ရင် အနာအကျင်အနည်းဆုံး အကြမ်းမဖက်ဘဲ လူထုအားနဲ့ စစ်အစိုးကို ဖြုတ်ချနိုင်ခဲ့မယ်လို့ ကျနော်တို့ ထင်ပါတယ်။
အခုတလောမှာ အဲဒီလိုရွေးကောက်ပွဲအောင်မြင်မှုကနေ တွန်းတင်လို့အပြောင်းအလဲဖြစ်သွားတဲ့ နိုင်ငံတွေအကြောင်းကြားရလေလေ ကျနော်တို့စိတ် ထဲမှာမချင့်မရဲဖြစ်ရလေလေပါပဲ။ ဒီလိုအခွင့်အရေးကြီးကို လက်လွတ်ခံလိုက်တာဘာကြောင့်လဲ။ ကျနော်တို့အမြင်က ပြင်သစ်တော်လှန်ရေး ၁၇၈၉ အတိုင်းဖြစ်စေ ချင်တာပါ။ တိုးတိုးတိတ်တိတ်လည်း တချို့ခေါင်းဆောင်တွေကို အကြံပေးခဲ့တယ်။ ဗကပမှာအနာဂတ်မရှိတော့ဘူး။ တခန်းရပ်သွားပြီထင်လို့လား၊ ဗိုလ်စောမောင် ကတိတွေကိုပဲယုံလို့လား၊ ၁၉၄၈ မျိုးဆက်တွေလိုတို့က ကမူးရှူးထိုးမနိုင်ဘူး၊ တည်ငြိမ်တယ်၊ တို့လုပ်ပြမယ်လို့များ အတွေးအခေါ်ရှိနေလို့လား။ နိုင်ငံတကာ့အ သိုင်းအ၀ိုင်းကို အားကိုးလို့လား။ အသေအချာမပြောနိုင်ပါဘူး။ ဗကပ ပေးတဲ့အကြံကို လက်မခံပါဘူး။
NLD ကရွေးမယ့်လမ်း ၃ သွယ်ကို အဖွဲ့လေးတွေဖွဲ့ပေးပြီး တင်ပြစေပါတယ်။ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးရှေ့မှာ တန်းစီပြလိုက်သလို ဖြစ်သွားတယ်။ ဗိုလ်ခင်ညွန့်က ဘယ်သူ့စည်းရုံးရမယ်၊ ဘယ်သူ့ကြားထားရမယ်၊ ဘယ်သူ့ဖိနှိပ်ရမယ်တိုတဲ့ စာရင်းရသွားတယ်။ ဒီလိုနဲ့လက်ဦးမှုက ဗိုလ်ခင်ညွန့်လက်ထဲ ရောက် သွားတာပဲ။ ရွေးကောက်ပွဲအပြီးမှာ ဂျော်ဂျီယာက နှင်းဆီတော်လှန်ရေးမျိုး၊ ယူကရိန်းက လိမ္မော်ရောင်တော်လှန်ရေးမျိုး ဗမာပြည်မှာခမောက်တော်လှန်ရေးလို့သာ ဆင်နွဲလိုက်ရရင် သမိုင်းဟာပြောင်းသွား နိုင်ပါတယ်။ ဗမာပြည်က တော်လှန်ရေးဟာ စံနမူနာတခုတောင် ဖြစ်သွားနိုင်ပါတယ်။
စစ်အုပ်စုရဲ့ ထောက်လှမ်းရေးက လက်တွေ့အလုပ်ဖြစ်ရေးဝါဒသမားတွေပါ။ သတင်းစာရှင်းလင်းပွဲမှာ၊ သတင်းစာထဲမှာ ဗကပဆန့်ကျင်ရေးတွေ ပြော တယ်၊ ရေးတယ်၊ ဗကပရဲ့ ထိပ်တိုက်တွေ့ရေးလမ်းစဉ်၊ တောင်းပွဲတိုက်ပွဲလမ်းစဉ်ဆိုတာတွေ ပြောတယ်၊ ရေးတယ်။ ဗကပနဲ့အမေရိကန် ထမိန်လုပွဲအထိ ခပ်ကြမ်း ကြမ်းရေးတယ်။ အဲဒီလိုနဲ့ ဗကပဆန့်ကျင်ရေးလေရူးကို မြို့ရောတောပါဖြစ်စေတာပဲ။ ကမ္ဘာမှာလည်း ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး လေရူးတိုက်နေချိန်ဖြစ်လို့ 'ဗကပ' က မနည်းလွတ်အောင် ရှောင်နေခဲ့ရပါတယ်။ အဲဒီကတည်းက ဗကပက 'ပွဲက သူတို့ပွဲပဲ'၊ 'ကာယကံရှင်တွေပြီးရင်ပြီးတယ်' လို့ကြေညာတာဖြစ်တယ်။ အရင် ဘယ် တုန်းကမှ ဒီလိုစကားမျိုး ကျနော်တို့ မပြောခဲ့ဘူးပါဘူး။ စေ့စပ်ဆွေးနွေးရေး ဖြစ်စေချင်လွန်းလို့ အပျော့ပျောင်းဆုံးကို ရွေးပြီးပြောပြလိုက် တာဖြစ်တယ်။ 'ပွဲဖျက် တယ်'၊ 'ဆေးရိုးသည်က ကန့်လန့်လုပ်တယ်' အပြောမခံရအောင် နေပြခဲ့ရပါတယ်။
တဖက်မှာလည်း 'မရရင်ချမယ်' ဆိုတဲ့ အတွေးအခေါ်ကိုတော့ အားပေးခဲ့ပါတယ်။ ဒါကို (ပင်မ NLD ကို မထိခိုက်စေဘဲ) NLD (LA) အပါအ၀င် ABSDF စတာတွေနဲ့ ဆွေးနွေးပါတယ်။ လက်နက်တော့ အင်တိုက်အားတိုက် ကူညီနိုင်တဲ့အခြေအနေ မရှိတော့ပါဘူး။ အနည်းအကျဉ်း ရာဂဏန်းနီးနီး ကူညီခဲ့ပါတယ်။ သူ တို့လက်ထဲ ရောက်မရောက် မစစ်ဆေးနိုင်ပါဘူး။ NLD ပင်မရဲ့ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ ထိပ်တိုက်မတွေ့အောင် ရှေင်ပါတယ်။ NLD က ဘာလုပ်ပါ၊ ညာလုပ်ပါ မပြောမိအောင်ရှောင်ပါတယ်။ ကုန်ကုန်ပြောရရင် စေ့စပ်ဆွေးနွေးပွဲလုပ်ရင် ဘာတွေရအောင် စေ့စပ်ဆွေးနွေးပါလို့တောင် မပြောမိအောင် သတိထားခဲ့ပါတယ်။ ပါတီယူဂျီတွေကိုလည်း NLD လုပ်ငန်းထဲ မရောမိအောင် စည်းတားပေးပါတယ်။
၁၉၆၂ ကနေ၁၉၈၈ အထိမြို့ပေါ်မှာ မဆလ၊ တောထဲမှာ ဗကပပဲရှိတုန်းက မဆလဆန့်ကျင်ချင်ရင် ဗကပနဲ့ဆက်မိတာဟာ မဆန်းပါဘူး။ NLD ပေါ် လာတော့ 'ကြိုက်ရာရွေး၊ တခုခုကိုပဲ' လုပ်ဖို့ ညွှန်ကြားပါတယ်။ ယူဂျီမှာ နှစ်ခုခွပြီးနေရင် ရှုပ်တတ်လို့ပါ။
NLD နဲ့ကင်းအောင် နေပေမယ့် NLD သာလျှင် လူထုကရွေးချယ်တဲ့ တရားဝင် 'အခွင့်အာဏာပိုင်' ဖြစ်တယ်ဆိုတာကို ကျနော်တို့မမေ့ပါ။ ဒါကြောင့် ပထမ NLD လို့ပြောတာပါပဲ။
အခုနောက်ဆုံး NLD ရဲ့ အခြေအနေကိုတော့ ကျနော်တို့အားမရပါ။ အထူးသဖြင့် မျိုးဆက်သစ်သို့ လက်ဆင့်မကမ်းနိုင်သေးတာကြောင့် အခြေအနေ မကောင်းတာပဲလို့ယူဆပါတယ်။ မျိုးဆက်ဟောင်းတွေကမကြာခင် (၁၀နှစ်အတွင်းမှာ) သဘာဝမိခင်ခေါ်တာခံရမှာပါ။ အိမ်ချုပ်ချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပဲ ကျန်နေရင် ခက်ပါလိမ့်မယ်။
ဗိုလ်သန်းရွှေတို့က အသက် ၄၀ ကျော် ၅၀ တန်းတွေကို အာဏာအမွေ ပေးခဲ့ဖို့ လှုပ်ရှားနေပါပြီ။ NLD ဘာမှ ပြင်ဆင်တာမလုပ်ရသေးပါဘူး။ ပြင်ရ ပါမယ်။ တရားဝင်ပါတီအဖြစ်နေရရေးဟာ ရည်ရွယ်ချက်မဖြစ်သင့်ပါဘူး။ ဒီမိုကရေစီအောင်မြင်ရေး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကရည်ရွယ်ချက်ပါ၊ NLD က တရားဝင်ပါတီဖြစ်ဖြစ်၊ မတရားသင်းဖြစ်ဖြစ် ဒါကအရေးကြီးတာ မဟုတ်ပါဘူး။
“မရရင်ချ အင်အားစု” တွေကိုလည်း တင်ပြချင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲကိုထိန်းနိုင်သမျှ ထိန်းသင့်ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ထိန်း မရရင် ကိုယ်ဘယ်မှာနေနေ အရေးမကြီးပါဘူး။ တော်လှန်ရေးသမား တယောက်ဟာ ဘယ်မှာရောက်နေတယ်ဆိုတာထက် အတွေးအခေါ်သာ အရှုံးမပေးရင် လုပ်စရာ တော်လှန်ရေးလုပ်ငန်းတွေကို ဘယ်နေရာပဲရောက်ရောက် လုပ်လို့ရပါတယ်။
ဒုတိယ ဖြစ်တဲ့လူထုကို သုံးသပ်တာ နောက်တပါတ် တင်ပြပါမယ်။
လူထုအခြေအနေ
အမှန်ပါပဲ၊ လူထုကြီးဟာ ငြိမ်နေတာကြာပါပြီ။ ကျနော်တို့ ဗကပဟာ “ဒီမို၂၀၀၆” ထီးရိပ်အောက်မှာနေပြီး တတပ်တအားပါဝင်လုပ်ကိုင်နေပါတယ်။ အတွေ့အကြုံအရပြောရရင် လိုချင်တဲ့အဆင့်ရောက်ဖို့ လိုနေပါသေးတယ်။ ဟိုတုန်းက ၁၉၈၇ ခုနှစ်ကတည်းက အခြေခံပြင်ပြီးပါပြီ။ (RIT မှာဖြစ်တဲ့) တစက်က (တပြည်လုံး) တမျက်နှာဖြစ်အောင် လုပ်နိုင်ခဲ့တာဟာ ပြင်ထားလို့ပါ။ အခုအတော်လေး ပြင်ရဦးမှာပါ။
နိုင်ငံရေးလှုပ်ရှားမှုတရပ်ဆိုတာ အလိုအလျှောက်ဖြစ်ပေါ်မှု spon- taneous movement ကိုပြင်ဆင်ထားတာနဲ့ ပေါင်းစပ်ပေးနိုင်မှ ဖြစ်တာပါ။ ပေါင်း မပေးနိုင်ရင် အလိုအလျှောက်ဖြစ်ပေါ်မှုမှာတင် ရပ်သွားမှာပါ။ ရှေ့မတက်နိုင်ပါဘူး။ တဆင့်တက်မယ်ဆိုရင်လဲ အဓိကရုဏ်းအဆင့်ကို တက်တာပဲဖြစ်တတ်ပါတယ်။
လူထုအခြေအနေနဲ့ ပတ်သက်ပြီးပုဒ်မ ၁၄၄ ကြောင့်မထကြွတာ လို့ပြောရင်မှားပါတယ်။ ၁၃၀၀ ပြည့်က ၁၃၅၀ ပြည့်အထိ လူထုလှုပ်ရှားမှုတိုင်းဟာ ပုဒ်မ ၁၄၄ ကို အံတုကြရင်း ဖြစ်လာတာချည်းပါ။
NLD အကြမ်းမဖက်ရေးမှာ အစက အာဏာဖီဆန်ရေးပါပါတယ်။ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ကြ” ဆိုသလိုပါပဲ။
နောက်တော့ လူထုနဲ့ချီတဲ့ အာဏာဖီဆန်ရေးအနှစ်သာရ ပျောက်သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တကိုယ်တော်ရဲ့ အာဏာဖီဆန်ရေးဆန်ဆန် လုပ်ပါတယ်။ အဲဒါကလည်း တဖြည်းဖြည်းနဲ့ “ဒီပဲယင်း” အပြီးမှာ ပျောက်သွားပါတယ်။ အခုတော့ရပ်တည်ရေးအတွက် ရပ်တည်နေရသလိုဖြစ်နေလို့ လူထုကို နိုင်ငံရေးအသိ နိုးကြားအောင်လုပ်တာတောင် မရှိတော့ပါဘူး။
နိုင်ငံရေးအသိစိတ်ဓာတ်အရ ၀န်းရံထားတာမပါတဲ့အုံကြွမှုဟာ အလိုအလျှောက်အုံကြွမှုပါ။ အဲဒီလို အလိုအလျှောက်အုံကြွမှုပေါ်မဲ့ အခြေအနေက တော့ ရှိမြဲရှိနေမှာပါ။ အလိုအလျှောက်အုံကြွမှုမှာ ဘယ်သူကနိုင်ငံရေးအသိစိတ်ဓာတ် သွင်းပေးနိုင်သလဲဆိုတာက အရေးကြီးပါတယ်။ လှုပ်ရှားမှုတရပ်ဟာ လူ မျိုးရေး၊ ဘာသာရေး စိတ်ဓာတ်ဝင်သွားရင် အဓိကရုဏ်းဖြစ်တာနဲ့ ဇာတ်သိမ်းပါတယ်။
နိုင်ငံရေးအသိစိတ်ဓာတ်ကို အရင်တုန်းက ပိုစတာကပ်၊ လက်ကမ်းစာစောင်ဝေတဲ့နည်း လုပ်ရပါတယ်။ အရင်းအနှီးပေးစွန့်စားရပါတယ်။ အခုအဲ့ဒီလို လုပ်စရာမလိုပါဘူး။ အသံလွှင့်ရုံကို သတင်းပေးလိုက်ရင် တမဟုတ်ချင်း တပြည်လုံးပြန့်ပါတယ်။ ဒါက ကောင်းတဲ့ဘက်ပါ။
အသံလွှင့်ရုံကို အကူအညီတောင်းရာမှာ မကောင်းတဲ့ဘက်ကတော့ အသံလွှင့်ရုံပေါ်လစီကို ကိုယ်ကကိုင်ရတာမဟုတ်ပဲ ပိုင်ရှင်ကသူ့သဘောနဲ့သူ ကိုင်တာဖြစ်ပါတယ်။
တလောက NLD ပြောရေးဆိုခွင့်ရှိသူနဲ့ “ဗျူး” သမား ကတောက်ကဆ ဖြစ်တာကြားလိုက်ရလို့ စိတ်မချမ်းသာပါဘူး။
ဗိုလ်ခင်ညွန့်နဲ့တွေ့ပြီးပြန်လာတဲ့ KNU ဗိုလ်မြကို “ဗျူး” ကြတော့ လူရိုးကြီးဗိုလ်မြကစိတ်ထဲရှိတာ ပြောထွက်လာပါတယ်။ ဒစ်ပလိုမေစီမသုံးဘဲပြော တာပါ။ မနေနိုင်လို့ နှစ် ၅၀ မိတ်ဟောင်းဆွေဟောင်းတွေအနေနဲ့ “KNU မှာ တရားဝင်ပြောရေးဆိုခွင့်ရှိသူ သတ်သတ်မှတ်မှတ်ရှိသင့်ကြောင်း” အကြံပေးလိုက်ပါ တယ်။ မတတ်နိုင်လို့လုပ်ရတာပါ။ အလွန်အကဲဆတ်တဲ့ အခြေအနေမှာဖြစ်လို့ ရင်းလဲရင်းနှီးလို့အကြံပေးဝံ့တာပါ။ NLD ကိုတော့ အကြံပေးလို့မဖြစ်ပါဘူး။ သူတို့လဲ လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ကြတာ မှမဟုတ်တာ။ တခါက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောဆီကို “ဗျူး” တဲ့စာရွက် တရွက်ရောက်လာပါတယ်။ အသက် ၈၆ နှစ်ရှိသူက ဦးနှောက်လှုပ်ရှားမှု မမြန်ပါဘူး။ လက်တန်း ‘ဗျူး’ တာကိုလက်မခံနိုင်ပါဘူး။ အဲဒီတော့ ‘ဗျူး’ တဲ့သူကိုစာနဲ့မေးခိုင်းပါတယ်။ စာမျက်နှာ ၂ မျက်နှာ လောက် (ထင်ပါရဲ့) အင်္ဂလိပ်လိုမေးခွန်းတွေ ရောက်လာပါတယ်။ မြန်မာပြည်သားချင်းဆိုရင် ဘယ်လိုမှမသုံးနှုန်းတဲ့ မြေးအဖိုးအရွယ်ကို မသုံးတဲ့ဝေါဟာရတွေ ပါ လာပါတယ်။ ချက်ချင်းသိလိုက်ပါတယ်။ ‘ပိုင်ရှင်’ ရဲ့အမေးပဲဆိုတာ။ သူတို့ရဲ့အမေးသက်သက်ပါ။ အဖြေပါတခါတည်း ပါနေတဲ့မေးခွန်းပါ။ မနေနိုင်လို့အမည်ခံနေတဲ့ မြန်မာပြည်သားကို ဒီလိုမေးရကောင်းလားလို့ ဝေဖန်လိုက်တော့သူက အဖြစ်မှန်ပြောတောင်းပန်ပါတယ်။ ဗွေယူစရာမှမဟုတ်တာ ကျနော်တို့ဗွေမယူပါဘူး။ ခွင့် လွှတ်ပါတယ်။
တလောကတော့ ကြားလိုက်ရတာ မသက်သာပါ။ ဖုန်းမော်သိသလား၊ တံတားနီသိသလား၊ ဗိုလ်ချုပ်အောင်ဆန်း ကြားဖူးသလား ထင်ပါရဲ့ မေးခွန်း တွေ၊ ထောင်ထဲတန်းဝင်ချင်တဲ့ ကလေးမှပဲ သူ့စိတ်ထဲရှိတာ ဖြေမှာပါ။ ထောင်တန်တဲ့စကား မပြောဝံ့ပါဘူး။
လူထုဒေါ်အမာ (ကျနော့်အမေ) တောင် တခါက “ဒါမျိုး အမေတို့ကို မမေးပါနဲ့သားတို့ရယ်၊ အမေတို့နေရတဲ့ဘ၀ ကျဉ်းကြပ်ပါတယ်” ဆိုလားပြောတာ ကြားလိုက်ရတယ်။ အဖိုးကြီးတယောက်က သူလဲ ‘ဗျူး’ ဒုက္ခတွေ့နေထင်ပါရဲ့ လူထုဒေါ်အမာကို ချီးကျူးဂုဏ်ပြုတဲ့ ဆောင်းပါးရေးတာဖတ်လိုက်ရတယ်။
အုပ်စိုးသူတွေမှာ မင်းနားတထောင်ဖြစ်ဖို့ လူထုအခြေအနေစနည်းနာဖို့ မင်းကြီးသက်တော်ရှည်ထားမြဲဖြစ်တယ်။ ဦးကျော်ငြိမ်း တန်ခိုးထက်တုန်းက သူ့သူငယ်ချင်း ဦးသိန်းဖေမြင့်ကို (မင်းကြီးသက်တော်ရှည်အဖြစ် ထားတယ်) ကလော်စေ၊ ဆော်စေ ဗွေမယူဘူး။ တခါပဲ ထောင်ထဲထည့်တယ်။ ဦးသိန်းဖေက ဦးနုဆီအသနားခံတော့ ဦးနုကဦးကျော်ငြိမ်းကို လွှတ်ပေးလိုက်ဖို့ ပြောတယ်။ ဦးကျော်ငြိမ်းက “ဒီလူ့အကြောင်း သိပါတယ်။ ထောင်ထဲ ခဏထည့်တာပါ” လို့ ပြောတယ်။ ကျနော်တို့ပါတီဗဟိုက ‘သိန်းဖေ၀ါဒ တွေ့ရာသင်္ချိုင်း’ ညွှန်ကြားထားလို့ ထောင်ထဲခဏထည့်ပြီး ကာကွယ်ဟန်လဲ ရှိပါတယ်။
ယူဂျီနိုင်ငံရေးပါတီက လူထုဆီ တိုက်ရိုက်သွားလို့ မရပါဘူ။ ကြားခံတံတားထိုးပြီး သွားရပါတယ်။ ၁၉၈၈ မတိုင်မီကတည်းက ဗကပက ၁၃၀၀ ပြည့်အရေးတော်ပုံနှစ် ၅၀ ပြည့် အထိမ်းအမှတ် ပို့စစ်ကဒ်တွေကို တိုက်ဖော်တိုက်ဖက်အားလုံးဆီ စာတိုက်ကရော လူကြုံနဲ့ပါပို့ပါတယ်။ တပြည်လုံးအနှံ့ပို့တာပါ။ ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီးပါမကျန် ဗိုလ်တွေအားလုံး၊ သခင်တွေအားလုံး၊ စာရေးဆရာတွေအားလုံး၊ ရဟန်းပျိုအဖွဲ့ဝင်ဟောင်း၊ သံဃာတွေအားလုံးဆီ ပို့ပါတယ်။ တပါတီအာဏာရှင်စနစ်ဖျက်သိမ်း၊ ပါတီစုံဒီမိုကရေစီထူထောင်နိုင်ဖို့ မသေမီလုပ်သွားကြရအောင်ပဲ ရေးတာပါ။
အဲဒီလို တံတားထိုးလိုက်တော့ သူတို့ကတဆင့် ကျောင်းသားထု၊ လူငယ်ထု၊ လူထုဆီတဆင့် တဆင့်ရောက်သွားပါတယ်။ ၃ နှစ်နေတော့ ၁၉၈၈ အုံ ကြွမှုပေါ်တာပါပဲ။
အဲဒီပို့စ်ကဒ်ကို နေ၀င်းရတယ်ဆိုတော့ ဗိုလ်ခင်ညွန့်သိတာ မဆန်းပါဘူး။ ဒါကြောင့်ပဲ ဗိုလ်ခင်ညွန့်က ဗကပလုပ်တာလို့ပြောတာပါပဲ။ ဗကပက ငါလုပ်တာလို့ ဘယ်တော့မှ မပြောပါဘူး။ လူထုအုံကြွမှုဆိုတာ လူထုကိုယ်တိုင်က လုပ်တာပါ။
အခု အဆင်သင့် မဖြစ်သေးပါဘူး။
'ဒီမို၂၀၀၆' ပထမဆုံး ထုတ်ပြန်ချက်မှာ ဒီတခါမနိုင်လည်း လက်မလျှော့ဘူး၊ထပ်ပြီးတိုက်ပွဲဝင်မယ်ဆိုတာ ပါနေပါတယ်။ ဒါဟာ ရေးရိုးရေးစဉ် မဟုတ် ပါဘူး။ မုချနိုင်ရမယ်လို့ ရေးမြဲပါ။ ဒီတခါ မနိုင်လည်း နောက်တခါကြိုးစားတာပေါ့လို့ ဘယ်တော့မှမရေးပါဘူး။ ဘာကြောင့်လဲ။ NLD ကိုထောက်ထာားရလို့ပါ။
NLD ကလူထူကို ရဲရဲလှုံ့ဆော်မှာမဟုတ်လို့ ခပ်လျှော့လျှော့ရေးပါတယ်။ ဒါပေမယ့် မကြာခင်ကတော့ အခြေအနေအရပ်ရပ်ကြည့်ပြီး တဆင့်တက် လိုက်ပါတယ်။ NLD ကို BBC ကနေ ကျနော်ဝေဖန်လိုက်ပါတယ်။ 'အာဏာဖီဆန်တာမပါတဲ့ အကြမ်းမဖက်ရေး' တောင်မဟုတ်တော့ဘဲ ဘုရားအလောင်းရဲ့ ပါရမီ တော် ၁၀ ပါးကျင့်စဉ်ကျင့်နေသလား အောက်မေ့ရတယ် (အဲဒီလိုဟုတ်ရဲ့လား) လို့ ဝေဖန်လိုက်ပါတယ်။
NLD ကိုအားကိုးလို့ပဲ စစ်အစိုးရပြုတ်ကျရေးမှာ ပထမနေရာပေးနေတာပါ။
ရှေ့ဆုံးမှာလည်းပြောခဲ့ပြီးပါပြီ။ ဗကပက လူထုထဲမှာတတပ်တအားအဖြစ် ပါဝင်မှာပါ။ ဒါကလည်း မပြောမပြီးလို့ပြောရတာပါ။ နောက်တပါတ်မှာ အ မြော်အမြင်ရှိတဲ့ တပ်မတော်သားများအခန်း တင်ပြပါမယ်။
အတိတ်ကိုအတိတ်မှာထားခဲ့ပြီး
ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်ပဲ လုပ်ကြပါစို့
အတိတ်အကြောင်းတွေ ပြောခဲ့တာများပါပြီ။ အခုတော့ ပစ္စုပ္ပန်အကြောင်း အနာဂတ်အကြောင်းပဲပြောပါမယ်။ ပြည်တွင်းပြည်ပကအခြေအနေတွေက တင်းမာလွန်းပါတယ်။ အတိတ်အကြောင်းချည်း ပြောနေရမယ့်အချိန် မဟုတ်ပါဘူး။
ပြည်ပက အင်အားကြီးတွေရဲ့ကလပ်မှာ ဘာလုပ်ကြမလဲ၊ ဘာဖြစ်ကြမလဲဆိုတာက ကြီးမားကျယ်ပြန့်လွန်းပါတယ်။ ကျနော်တို့ လက်လှမ်းမမီလို့ မပြော တော့ပါဘူး။ အတွေ့အကြုံအရပြောရရင်တော့ ကိုယ်စီအကျိုးစီးပွားကို အဓိကထားကြမှာပါ။ အကျိုးစီးပွားတထပ်တည်းကျနေတဲ့ ၂ နိုင်ငံရယ်လို့ ကမ္ဘာမှာမရှိဖူးပါ ဘူး။ သူ့ဒုက္ခငါက မျှဝေခံမယ်ဆိုတာ မရှိပါဘူး။ ဒုတိယကမ္ဘာစစ်တုန်းက ဖက်ဆစ်စပိန်နဲ့ ဖက်ဆစ်ပေါ်တူဂီတို့ဟာ ဖက်ဆစ်ဂိုဏ်းဘက်က ၀င်မတိုက်ပါဘူး။ ကြား နေပါတယ်။ ASEAN ဘာလုပ်မလဲ၊ ထိုင်းဘာလုပ်မလဲ၊ အချိန်ကုန်ခံ စဉ်းစားမနေပါဘူး။ သူတို့ရဲ့ အကျိုးစီးပွားကိုပဲ ဦးထိပ်ထားကြမှာ သေချာပါတယ်။
ဒါကြောင့် ပြည်တွင်းရေးသက်သက်ပဲ ပြောမှာပါ။ အားလုံးကို တင်ပြတဲ့သဘောပါ။
ကျနော်တို့ပါတီရဲ့ မျိုးဆက်ဟောင်း (အခုသုံးနေတဲ့ဝေါဟာရအရ ဆိုတော့ ‘၀ါရင့်’ ပေါ့)။ သူတို့က ဗိုလ်ခင်ညွန့်အရာကျသွားတော့ ပန်ကြားချက်တခု ထုတ်ပါတယ်။ ‘အတိတ်ကို အတိတ်မှာထားခဲ့မည်’ လို့ပြောပါတယ်။
ကျနော်တို့မျိုးဆက်သစ်ကတော့ ‘အတိတ်ကို အတိတ်မှာပဲ ထားခဲ့ချင်သည်’ လို့ပဲ ထုတ်ပြန်ပါတယ်။ ကျနော်တို့ နည်းနည်းကွန့်ထားရတာက ‘၀ါရင့်’ တွေဘ၀နဲ့ ကျနော်တို့ဘ၀ မတူလို့ပါ။ သူတို့က BIA, BDA, PBF နဲ့ တစည်းတလုံးတည်းရှိတဲ့ ဖဆပလကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အဲဒီဘ၀မျိုး ကျနော်တို့မျိုးဆက် သစ်မှာ မရှိခဲ့ဖူးပါဘူး။ ဒါကြောင့်ပါ။
ကျနော်တို့နဲ့သူတို့က ဗမာပြည်သားအချင်းချင်းဖြစ်တာလောက်ပဲ တူတာရှိလို့ အချင်းချင်းလို့ သုံးနိုင်ပါတယ်။ ဒါပေမဲ့ သုံးရမှာ ၀န်လေးပါတယ်။
ကျနော်တို့ပြောတဲ့ အတိတ်ဆိုတာ ၁၉၃၉ ကစပြီး အခုအထိ ဖြစ်ပျက်ခဲ့တာတွေကို ပြောတာပါ။ ကမ္ဘာစစ်ကြီး မဖြစ်ခင်အတိတ်၊ စစ်ကြီးအတွင်းက အတိတ်၊ ပြည်တွင်းစစ်ကအတိတ်၊ ကုန်ကုန်ပြောရင် ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်မျိုးညွန့်တို့ (န၀တ) နဲ့အတိတ်၊ ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးဂိုဏ်းနဲ့ အတိတ် အဲဒီအတိတ်တွေကိုပြောတာပါ။
ဘာကြောင့်အတိတ်ကို ထားခဲ့ချင်တာလဲ၊ ဖစ်ဆစ်တပိုင်း အခြေခံဥပဒေမပေါ်အောင် စုစုစည်းစည်းတိုက်ပွဲဝင်ချင်လို့ပါ။ အတိတ်ကို မေ့လိုက်ဖို့မပြော ပါဘူး။ ထားခဲ့ပါလို့ပြောပါတယ်။
ဗိုလ်သန်းရွှေစစ်အုပ်စုဟာ အလျှော့ပေးမယ့်ပုံ မပြပါဘူး။ လမ်းပြမြေပုံ (RM) ကို အဆုံးအထိလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
ဒါပေမဲ့ ကျနော်တို့ အတိုက်အခံတွေဘက်ကတော့ တချို့က အလျှော့ပေးဖို့ပြောတာတွေ ကြားရပါတယ်။ ဘာတွေ လျှော့မှာလဲ၊ ကျနော်တို့ စဉ်းစား ကြည့်ပါတယ်။ ပြည်ပအစိုးရတွေကို စည်းရုံးတဲ့လမ်းစဉ် (လော်ဘီလိုင်း) လုပ်သူတွေက လျှော့ရမှာဆိုရင် တမျိုးဖြစ်မယ်။ ပြည်တွင်း NLD က လျှော့ရမှာဆိုရင် တ မျိုးဖြစ်မယ်။ SNLD စတဲ့ တိုင်းရင်းသားတွေက လျှော့ရင်တမျိုးဖြစ်မယ်။ ‘ငြိမ်းအဖွဲ့’ တွေက လျှော့ရင် တမျိုးဖြစ်မယ်။ ဘာတွေလျှော့ကြမှာလဲ။
လော်ဘီလိုင်းသမားတွေကလျှော့ရင် ဆန္ဒပြတာလျှော့တာ၊ ဒဏ်ခတ်ပိတ်ဆို့ရေးလျှော့တာပဲ ဖြစ်မယ်။ ဒါကလဲ ၁၉၉၀ ရွေးကောက်ပွဲနဲ့ မပတ်သက် သူတွေပဲ လုပ်နိုင်တာဖြစ်တယ်။
ပြည်ပရောက် NLD ထီးရိပ်အောက်တွေက လိုက်လုပ်လို့မရပါဘူး။ NLD နဲ့နအဖကြားက ပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည် ပြဿနာပဲ။ သူ့ကို NLD က ထုတ်ပစ်ရင် ပြီးတယ်လို့ပြောသံ ကြားဖူးပါတယ်။ မဟုတ်ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ပြဿနာကြောင့် ဖြစ်နေတာပါ။ အဲဒီအောင်ပွဲကို NLD ကလျှော့ပေး လိုက်ရင် ပြီးသွားမှာပါ။ ဒါဆို NLD တည်ရှိနေတာလဲ အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ပါဘူး။ မြေပေါ်အဖွဲ့အစည်း အဆင့်နေရာကိုထိန်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်တာ၊ အနားပေးတာ တခုခုလုပ်ရင်လဲ ပေးရတဲ့တန်ဖိုးက ကြီးမားလှပါတယ်။ တစညပါတီရဲ့အဆင့်အထိ မိမိကိုယ်ကိုလျှော့ချတာဖြစ်မှာပါ။ NLD ခေါင်း ဆောင်တွေ လုပ်မှာမဟုတ်ပါဘူး။ ကြံ့ခိုင်မယ်လို့ ယုံပါတယ်။
‘ညောင်နှစ်ပင်’ ကိုလျှော့ဈေးနဲ့တက်တာလဲလုပ်လို့မဖြစ်ပါဘူး။ တက်ရင် ‘ငြိမ်းအဖွဲ့’ တွေရဲ့အဆင့်ထိ NLD ကိုလျှော့ချလိုက်တာပဲဖြစ်ပါလိမ့်မယ်။ ‘ငြိမ်း အဖွဲ့’ တွေက O/G တပိုင်း U/G တပိုင်းပါ။ သူ့နယ်မှာသူ ဗိုလ်လုပ်နေတာပါ။ NLD နဲ့မတူပါဘူ။ NLD ခေါင်းဆောင်တွေကလဲ လုပ်မှာမဟုတ်ပါဘူး။ ပြတ်သားပါတယ်။
ကျနော်တို့စိုးရိမ်တာက NLD ခေါင်းဆောင်တွေ ကြံ့ခိုင်ပြတ်သားနေရင် ပြည်ပကဆရာကြီးတွေနဲ့ သူတို့ကိုမှီခိုနေရသူတွေက NLD ဆန့်ကျင်ရေးအာ ဘော် သံပြိုင်လွှင့်လာမှာကို စိုးရိမ်တာပါ။ နအဖ သန်းရွှေစစ်အုပ်စု တအားတက်သွားမှာကို စိုးရိမ်တာပါ။ ဒီလိုအလားအလာဟာ မရှိဘူးမပြောနိုင်ပါဘူး။ တချို့က စောင်းပါးရိပ်ခြည်တောင် ပြောနေကြပါပြီ။
‘ငြိမ်းအဖွဲ့’ တွေက ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့လဲ ဘာမှမပတ်သက်သူတွေပါ။ သူတို့ရဲ့ အကျိုးစီးပွားက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ထိန်းရေး မဟုတ်ပါဘူး။ ‘ရွေးကောက်ပွဲသစ်’ လုပ်ရေးပါ။ လမ်းပြမြေပုံ (RM) ကို ဒါကြောင့် သူတို့ကထောက်ခံနေတာပါ။ ရွေးကောက်ပွဲသစ်လုပ်ရင် သူတို့ဗိုလ်လုပ်တဲ့နယ်မှာ သူ့တို့အမတ်တွေပဲနိုင်မှာ သေချာပါတယ်။
NLD ဟာ ၁၉၈၈ အုံကြွမှုနောက်ပိုင်း တည်ထောင်တဲ့ပါတီဖြစ်ပေမယ့် သူက တခြားမျိုးဆက်သစ်တွေနဲ့ မတူပါဘူး။ နေ၀င်းစစ်အုပ်စုကို ဆန့်ကျင်တဲ့ မျိုးချစ်ပြည်ချစ်တပ်မှူးကြီးဟောင်းများ ပါတီပါ။ သူတို့လဲ ၀ါရင့်တွေပါ။ မျိုးဆက်သစ်ခေါင်းဆောင်ထဲကဆိုရင် ဒေါ်အောင်ဆန်းစုကြည် တယောက်ပဲအခုတော့ NLD ထဲမှာ ကျန်နေတာပါ။ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဝံ့တာဟာ မျိုးဆက်သစ်ခေါင်းဆောင်ကို သူကမွေးမြူပေးနေမှာ စိုးလို့ပါ။
မျိုးဆက်သစ်သို့ လက်ဆင့်ကမ်းတဲ့အလုပ် ဗကပ လုပ်ပြီးပါပြီ။ နအဖ လုပ်နေပါတယ်။ ဒါပေမဲ့ ဒီချုပ်က မလုပ်ရသေးပါဘူး။ ကျနော်တို့ စိုရိမ်ပါတယ်။
မျိုးဆက်ဟောင်း (၀ါရင့်) တွေဟာ နောက် ၁၀ နှစ်ဆိုရင် သဘာဝမိခင်ခေါ်လို့ သိပ်ကျန်မှာမဟုတ်ပါဘူး။ အသက် ၉၀ ကျော် ၁၀၀ တန်း၊ ကျန်ကောင်းကျန်ရာ ရှိရင်လည်း သစ်ပင်တပင်ရဲ့ အသက်ရှင်မှုမျိုး အိုမင်းမစွမ်းဖြစ်နေမှာပါ။
မျိုးဆက်သစ်ခေါင်းဆောင်မှုအဖွဲ့ ပေါ်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သော့ချက်အလုပ်တခုလို့ ထင်ပါတယ်။
ပြည်တွင်းပြည်ပအခြေအနေတွေကို ကြည့်ပြီး တင်ပြတာပါ။ အရေးကြီးကာလဖြစ်လို့ သူများတကာအတွင်းရေး ၀င်စွက်သလို ပြောနေရတာပါ။ ဒီချုပ်ဟာ မျက်မှောက်အခါမှာ ဒီမိုကရေစီအလံကိုင်ပါတီ ဖြစ်လို့ပါ။ နို့မို့ရှိရင် ကျနော်တို့ ဘာမှမပြောဘဲ နေမှာပါ။
နောက်တပါတ်မှာ အလျှော့ပေးရေးဟာ အရှုံးပေးရေးပဲဆိုတာကို ပြောပါမယ်။
အလျှော့ပေးရေးဟာ အရှုံးပေးရေးပဲ
နေ၀င်း အရာကျသွားတော့ သူနဲ့အတူ သူ့ကျွန်ယုံတော်တွေ ခေါ်ဆင်းသွားပါတယ်။ သူ့အမွေကို ဆက်ခံဖို့ ၂ ပိုင်းခွဲလိုက်ပါတယ်။ လူထုအုံကြွမှု ရှိနေတုန်း အမွေခွဲရလို့ ၂ ပိုင်းခွဲတာပါ။
အမွေ ၂ ပိုင်းက အာဏာအမွေနဲ့ နိုင်ငံရေးအမွေပါ။
စစ်တပ်ကိုကိုင်ထားသူကမှ အာဏာအမွေကို ထိန်းနိုင်မှာဖြစ်လို့ ဗိုလ်စောမောင်ကို န၀တ ဖွဲ့ပေးပြီးအာဏာအမွေ ပေးပါတယ်။
စစ်တပ်က အငြိမ်းစားယူထားတဲ့ သူတွေကိုတော့ နိုင်ငံရေးအမွေ ပေးပါတယ်။ နိုင်ငံရေးအမွေ ရလိုက်သူတွေကလည်း ထင်တလုံးနဲ့ အမွေကို လိုလိုချင်ချင် လက်ခံပါတယ်။ တစည ဖွဲ့ပါတယ်။ ဗိုလ်စောမောင်လုပ်ပေးတဲ့ ရွေးကောက်ပွဲပြီးရင် သူတို့ဟာ အာဏာအမွေကိုပါ ရမှာပဲလို့ ထင်နေခဲ့ပါတယ်။
ဗိုလ်စောမောင်ကလည်း စကားတွေ အလွန်အကျွံပြောနေတာ ဒီလိုပဲဖြစ်မယ်ထင်လို့ပါ။ တစည နိုင်မယ်ထင်နေတာပါ။ နေ၀င်းကလည်း အဲဒီလိုပဲထင်လို့ ဗိုလ်စောမောင် စကားကျွံနေတာတွေကို လွှတ်ပေးထားပါတယ်။
ဒါပေမယ့် ဖြစ်ချင်တော့ ထင်သလို ဖြစ်မလာပါဘူး။ နှမ်းထွက်မကိုက် ဖြစ်လာတော့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာကို ကိုင်လာရတယ်။ ဗိုလ်စောမောင်ကို အရူးဆိုပြီး အပုပ်ချ စတေးပစ်ရတယ်။ တစညသာ နိုင်ကြည့်ပါလား။ ဘာဖြစ်မလဲ။ လွှတ်တော်အမြန်ခေါ်ပေးမယ်။ ဆိုင်းနေမှာမဟုတ်ဘူး။ လွှတ်တော်က ၁၉၇၄ အခြေခံဥပဒေကို နည်းနည်းပါးပါး ပြင်မယ်။ ဗိုလ်စောမောင်ကလည်း စစ်တန်းလျားပြန်မယ်။
ထင်သလို ဖြစ်မလာတော့ နဝတ စစ်အုပ်စုက အကြံထုတ်တယ်။ NLD ကတော့ အောင်မြင်မှုနဲ့ ယစ်မူးနေတယ်။ ရှေ့ က လူကြီးတွေ ( ' ဝါရင့်' တွေ) မလုပ်ခဲ့တဲ့လမ်း၊ ' ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေးလမ်း ' ငါတို့ လုပ်ပြလိုက်ပြီဆိုပြီး အောင်မြင်မှုနဲ့ ယစ်မူးတယ်။ ပြည်ပကလည်း အစွမ်းကုန်ချီးမြှင့်တယ်။ မြှောက်စားတယ်။
အဲဒီလိုနဲ့ ၁၅ နှစ် ရှိလာသည်အထိ အာဏာက တဖဝါးမှ မခွာဘူးဆိုတဲ့ ပြတ်သားတဲ့လူက အသာစီးရသွားတာပဲ။ ကျနော်တို့က ဒီပွဲဟာ NLD ရဲ့ ပွဲပဲ ဆိုပြီး နေလာခဲ့တာပါ။ ပြောချင်တာရှိလည်း ပွဲဖျက်တယ် ထင်မှာစိုးလို့ မပြောဘဲ နေပါတယ်။ အခု ပြောဖို့ဖြစ်လာတာလည်း NLD ကို တင်းခံမနေနဲ့၊ လျှော့ပေးလိုက်လို့ ဘေးက လှည်းမောင်းသမားတွေက ပြောလာတာတွေ များလာလို့ပဲ။ စပြောတာက နိုင်ငံခြားသား ဆရာကြီးတွေပါ။ တချို့ ကဗမာပြည်ရေးရာ ပါရဂူလို့ အမည်ခံထားပါတယ်။ သူ့တို့က ' လွန်ခဲ့တဲ့ ၁၅ နှစ်က ရွေးကောက်ပွဲကိစ္စမျိုးကို ကမ္ဘာမှာ ဘယ်သူမှ ပြောလေ့မရှိဘူး ' ဆိုတဲ့အဓပ္ပါယ်မျိုး ပြောပါတယ်။
ဆရာကြီးတွေရဲ့ လေကို နင်းလိုက်သူတချို့ ကတော့ ' လက်တွေ့ကျရမယ် ' လို့ ပြောတယ်။ တချို့ က ကလေးတွေ အရုပ်လုတာလို့ သဘောထားပြီး တယောက်တလှည့်စီ ကစားကြတာပေါ့ဆိုတာမျိုးနဲ့ နအဖကို အာဏာ (ရွေးကောက်ပွဲတပါတ်စာ) တော့ ပေးလိုက်ပါလို့ ပြောတယ်။ အဓိပ္ပါယ်က ၁၀၄ ချက်ကို ခြွင်းချက်နဲ့ အတည်ပြုပေးဖို့ပါပဲ။
ဗိုလ်နေဝင်း ဆိုရှယ်လစ်စစ်အုပ်စုကို ၁၉၈၅ တုန်းက ' အာဏာ ' ခဏပေးကိုင်လိုက်တဲ့အဖြစ်ကို သင်ခန်းစာယူနိုင်ကြသေးဟန် မတူပါဘူး။ နိုင်ငံရေး အာဏာဟာ အငိုတိတ်အောင် ခဏပေးကိုင်ရမယ့် ကလေးကစားတဲ့အရုပ် မဟုတ်ဘူး။ တိုင်းပြည်ရဲ့ သေရေးရှင်ရေးကို အပ်ထားရတာဖြစ်တယ်။ ကမ္ဘာကြီးက တည်ငြိမ်နေတာမဟုတ်ဘူး။ အန္တရာယ်များပါတယ်။ စစ်အာဏာရူးတွေကြောင့် စစ်ဖြစ်မှာ မကြောက်ဘူးလား။ စစ်ွကြီးထဲ ညှပ်ပါသွားမှာ မကြောက်ဘူးလား။ ခဏ ပဲဖြစ်ဖြစ်၊ ရေရှည်ပဲဖြစ်ဖြစ် မအပ်သင့်သူရဲ့ လက်ကိုတော့ အပ်လို့မဖြစ်ပါဘူး။
ကိုယ်က မအပ်လည်း သူတို့ (စစ်အပ်စု)က လုထားတာပဲဆိုတဲ့ စဉ်းစားချက်နဲ့ ပြောတာဆိုရင်တော့ အညွန့်တုံးတယ်လို့ပဲ ပြောပါရစေ။
ကိုယ့်အခက်ပဲမြင်ပြီး သူ့အခက်ကို မမြင်ရင် အလျှော့ပေးရေး ဖြစ်တက်ပါတယ်။ နိုင်ငံခြားဆရာကြီးတွေ လက်တွေ့ကျတာကိုလိုက်ပြီး ကိုယ်က 'လက်တွေ့ကျ' မိရင် ကိုယ်က သူတို့လို မဟုတ်တော့ အရှုံးပေးရေးဝါဒီပဲ ဖြစ်သွားမှာပါ။ သူတို့က မှားလည်း သူများနိုင်ငံသားတွေ ခံရတာပဲ၊ ကိုယ်ခံရတာမဟုတ် ဘူးလို့ သဘောထားတာပါ။ ကိုယ်ကတော့ ကိုယ့်နိုင်ငံနဲ့ ကိုယ့်မိဘပြည်သူတွေရဲ့ အရေး ဖြစ်နေပါတယ်။ မတတ်ပဲနဲ့ သူများ ရေဒီယိုပြင်သူလို မှားလည်း သင်ခန်း စာရတာပေါ့လို့ သဘောထားလို့ မဖြစ်ပါ။
နောက်အပါတ်မှာတော့ ဗိုလ်သန်းရွှေစစ်အုပ်စုရဲ့ အခက်ကို တင်ပြပါမယ်။
အမြော်အမြင်ရှိတဲ့ တပ်မတော်သားများသို့
လက်ရှိအခြေအနေမှာ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ တပ်မတော်သားများရဲ့ လက်ထဲမှာရှိနေသလို ဖြစ်နေပါပြီ။ ဒါကြောင့် စဉ်းစားကြဖို့ အချက် ၂ ချက် ကို ကျနော်တို့ တင်ပြချင်ပါတယ်။
ပထမအချက်က နိုင်ငံရေးအလုပ်ကို နိုင်ငံရေးသမားတွေရဲ့ လက်ထဲထားလို့ မဖြစ်ဘူး။ စစ်တပ်ကဝင်လုပ်မှ ဖြစ်မယ်။ မလုပ်ရင် တိုင်းပြည်ပြိုကွဲမယ် ဆိုပြီး စစ်တပ်က နိုင်ငံရေးဝင်လုပ်ခဲ့တာ ကြာပါပြီ။ နှစ်ပေါင်း ၄၀ တောင်ကျော်ခဲ့ပါပြီ။ အဲဒီလိုလုပ်တော့ တိုင်းပြည် ဘာဖြစ်သွားလဲ။ ပိုကောင်းသွားသလား၊ ပိုဆိုး သွားသလား။
ဒုတိယအချက်က ဒီလို စစ်တပ်က နိုင်ငံရေးလုပ်ခဲ့လို့ တပ်မတော် စည်းလုံးညီညွတ်ရေး ပိုကောင်းလာသလား။ ပျက်သွားသလား။ ကမ္ဘာမှာ ဗမာပြည်
လို စစ်တပ်တွင်း အုပ်စုလိုက်ဖယ်ရှားရ၊ အရေးယူရတာတွေမျိုး မရှိဘူးမဟုတ်၊ ရှိပါတယ်။ အဲဒါဟာ တချိန်က အာဂျင်တီးနားလို စစ်တပ်က အာဏာသိမ်းထားတဲ့ နိုင်ငံမျိုးတွေမှာပါ။ အင်ဒိုနီးရှားမှာ ဆူဟာတို အာဏာသိမ်းတော့လည်း မျိုးချစ်ပြည်ချစ် တပ်မှူးတွေကို အုံလိုက်ကျင်းလိုက် ဖမ်းခဲ့၊ ဖြုတ်ခဲ့ပါတယ်။
ဒါကြောင့် ဒီနှစ်ချက်ကို လေးလေးနက်နက် စဉ်းစားကြစေချင်ပါတယ်။
ကျနော်တို့ အမြင်ကို ပြောပါမယ်။
နိုင်ငံရေးအလုပ် နိုင်ငံရေးသမားတွေလက်ထဲ မထားချင်တဲ့အတွေးအခေါ်ဟာ ၁၉၆၂ ခုနှစ်ကမှစခဲ့တာ မဟုတ်ပါဘူး။ အစောကြီးကတည်းက စစ် ခေါင်းဆောင်တွေထဲရှိတဲ့ အတွေးအခေါ်ပါ။ အဲဒီအတွေးအခေါ်နဲ့ပဲ အာဏာရနိုင်ငံရေးပါတီ (ဖဆပလ) ကို စစ်ဗိုလ်တွေက ဘေးကနေကြိုးကိုင်ခဲ့ပါတယ်။ ဘာလုပ် ပါ၊ ဘာမလုပ်ပါနဲ့လို့ ဘေးကနေအမိန့်ပေးနေခဲ့တာပါ။ အဲဒီလို နိုင်ငံရေးထဲဝင်ရှုပ်လို့ အာဏာရပါတီဖြစ်တဲ့ ဖဆပလကွဲသွားတာပါ။ နိုင်ငံရေးပါတီ ကွဲတော့ 'အိမ် စောင့်ပေးမယ်၊ တို့ အစိုးရ၀င်လုပ်မယ်' ဖြစ်လာပါတယ်။ အဲဒီ အိမ်စောင့်ပေးခဲ့တဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ အခုဘယ်ရောက်နေပြီလဲ။ အတိုက်အခံ နိုင်ငံရေး သမား ဖြစ်နေပါပြီ။
၁၉၆၀ ရွေးကောက်ပွဲနိုင် အာဏာရပါတီ (ပထစ)ကိုကျတော့ ၁၉၆၂ ခုနှစ်မှာ 'မင်းဖယ်ပေး၊ ငါလုပ်မယ်' ဆိုပြီး အစိုးရတက်လုပ်ပါတယ်။ အိမ်စောင့် တာ မဟုတ်တော့ပါဘူး။ အိမ်ကိုသိမ်းလိုက်တာပါ။ အဲဒီလို ဗိုလ်မှူးကြီးတွေကော အခုဘယ်ရောက်နေပြီလဲ။ အတိုက်အခံနိုင်ငံရေးသမားတွေ ဖြစ်နေပါပြီ။
န၀တ ဆိုပြီးအာဏာလွှဲယူခဲ့ကြတဲ့ ဒု-ဗိုလ်ချုပ်ကြီးတွေကော အခုဘယ်ရောက်ကုန်ပြီလဲ။ သူတို့ဟာ အတိုက်အခံနိုင်ငံရေးကို ဗြောင်လုပ်ခွင့်မရလို့ တိုးတိုးတိတ်တိတ် အတိုက်အခံနိုင်ငံရေး လုပ်နေကြပါပြီ။ ဗိုလ်သန်းရွှေအကြောင်း ကျနော်တို့ တစွန်းတစသိရတာတွေဟာ သူတို့ဆီကရတာပါ။
အခု ဗိုလ်ခင်ညွန့်အစုကို ထောင်ထဲထည့်လိုက်ပြီ။ သူတို့ဆီက ဗိုလ်သန်းရွှေနဲ့ သူ့မီးဖိုချောင်ကက်ဘိနက်အကြောင်း ကျနော်တို့ ပိုပြီးသိလာရဦးမှာပါ။
ဦးနေ၀င်းလက်ထက်တုန်းက တိုင်းခန်လှည့်တဲ့အခါ ဒေါ်ခင်မေသန်း ပါလေ့မရှိပါဘူး။ သတင်းစာထဲမှာ ဦးနေ၀င်းနဲ့တွဲလျက်ဓါတ်ပုံ ပါဖို့တော့ ဝေးရော။
ဒေါ်ခင်မေသန်းက မီးဖိုချောင်ကက်ဘိနက်အလုပ်ကို အိမ်တွင်းမှာပဲပိပိရိရိလုပ်ပါတယ်။ အခု ဗိုလ်သန်းရွှေကတော့ တအိမ်ထောင်လုံး တိုင်းခန်းလှည့်ရာပါတယ်။ သတင်းစာက မျက်နှာဖုံးမှာဖော်ပြတယ်။ သူတို့ မရှက်ကြဘူးလား။ သတင်းစာဖတ်ပရိသတ်က ဘယ်လိုသဘောထားကြမလဲဆိုတာ သူတို့ မစဉ်းစားမိဘူးလားမ သိဘူး။
ဗိုလ်သန်းရွှေ ဘာကြောင့်အဲဒီလို အောက်ခြေလွတ်သွားတာလဲ။ ဗိုလ်သန်းရွှေရဲ့အရင်သမိုင်းမှာ ဒီလိုမကြားရဖူးပါဘူး။ ရှင်းရှင်းပြောရရင် အခုသူ့ကို အာဏာက ဖျက်ဆီးလိုက်တာပါပဲ။
ဒီနေ့ အတိုက်အခံနိုင်ငံရေးသမားတွေ စာရင်းချကြည့်ပါ။ ဘယ်သူတွေလဲ။ အဓိက အတိုက်အခံနိုင်ငံရေးပါတီ NLD မှာ စစ်ဗိုလ်ကြီးတွေချည်း လောက်ပဲ။ မကြာခင်မှာ အတိုက်အခံနိုင်ငံရေးပါတီ ဖြစ်လာမယ့် 'တစည' ပါတီထဲမှာလည်း စစ်ဗိုလ်ကြီးတွေချည်းပါပဲ။ အတိုက်အခံ စစ်ဗိုလ်တွေတိုးလာဦးမှာပါ။ ဒီ တခါ တိုးမှာက သက်ကြီးရွယ်အိုတွေ မဟုတ်ဘူး။ အရွယ်ကောင်း အားကောင်းမောင်းသန် ဗိုလ်မှူးအောင်လင်းထွဋ် (ငြိမ်း) လို စစ်ဗိုလ်တွေ ဖြစ်လာပါလိမ့်မယ်။ ကျနော်တို့သဘောထားက 'မိမိကိုယ်ကို လူထူထံပုံအပ်ရင်၊ သန်းရွှေစစ်အုပ်စုအကြောင်း သိသမျှဖွင့်ပြောရင်' ဘယ်သူ့ကိုမဆိုကြိုဆိုမှာပဲ။ တိုင်းချစ်ပြည်ချစ် စာ ရင်းဝင်မှာပဲ။ မျက်မှောက်အခြေအနေအရ တိုင်းပြည်အတွက် အရေးကြီးနေလို့ ဂိုဏ်းဂဏမထားဘဲ စည်းလုံးကြရမှာပါ။ ဒီနေ့ကာလဟာ ပြည်သူလူထုအပေါ် ပြစ် ဒဏ်ကျူးလွန်ဖူးသူတွေ ခ၀ါချဖို့ အချိန်ကောင်းတခုဖြစ်ပါတယ်။
စစ်ဗိုလ်တွေ အာဏာကိုင်ထားရင် အတိုက်အခံထဲမှာ စစ်ဗိုလ်ဟောင်းတွေ များလာမှာပဲဆိုတာလည်း တရားတခုပါ။
ဒီတရားနှစ်ခုကို ဗိုလ်သန်းရွှေစစ်အုပ်စု မလွန်ဆန်နိုင်ပါဘူး။
နိုင်ငံရေးလုပ်ငန်းမှာ နိုင်ငံရေးသမားတွေ လုပ်ခွင့်ရတာ လွန်ရောကျွံရော ၁၀ နှစ်သာသာပါ။ အဲဒီ ၁၀ နှစ်မှာ အာဏာရပါတီကို အတိုက်အခံပါတီက ပွင့်ပွင့်လင်းလင်း ဝေဖန်ပါတယ်။ ထိုးနှက်ပါတယ်။ အာဏာရှိနေတာပဲဆိုပြီး ထင်ရာစိုင်းလို့မရပါဘူး။ ရွေးကောက်ပွဲဝင်ပြီး လူထုအဆုံးအဖြတ်ခံရပါတယ်။ ဖဆပလ ကွဲတာဟာ မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာမဲရှုံးလို့ ဖဆပလအတွင်း ဝေဖန်ရေးလုပ်ရင်းက ကိုယ့်ကိုယ်ကို စစ်ဆေးရင်းကကွဲတာပါ။ စစ်အုပ်စုက ၀င်မရှုပ်ရင် ဗမာပြည်ရဲ့ နိုင်ငံရေးက ဒီမုကရေစီစနစ်နဲ့ အသားကျသွားမှာပါ။
ဖဆပလ အာဏာရပါတီက အာဏာမဲ့အတိုက်အခံကို ဖိနှိပ်တာရှိပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းအစိုးရက ဖိနှိပ်တာလောက် မပြင်းထန်ပါဘူး။ စစ်အာဏာသိမ်းအစိုးရကတော့ ကြာလေကြမ်းလေပါ။ မဆလခေတ်နဲ့ န၀တခေတ်တောင်မတူပါဘူး။ န၀တခေတ်နဲ့ သန်းရွှေနအဖခေတ်လဲမတူပါဘူး။ ကြာလေ ကြမ်းလေပါ။
နိုင်ငံရေးပါတီမှာ ပါတီတွင်းဒီမိုကရေစီရှိပါတယ်။ အထိန်းအချုပ်ရှိပါတယ်။ စစ်တပ်မှာ ဒီမိုကရေစီမရှိပါဘူး။ ဗျူရိုကရေစီပဲ ရှိပါတယ်။ စစ်တပ်တိုင်း ဒီ အတိုင်းဖြစ်ရမှာ ဓမ္မတာပါ။ ဒါပေမယ့် သူ့ရဲ့ အထက်မှာ အာဏာရပါတီအစိုးရတခု ရှိနေပြီး ထိန်းကွပ်ပေးနေတာ ရှိရပါတယ်။
စစ်အာဏာသိမ်းအစိုးရမှာတော့ အထိန်းအကွပ် မရှိပါဘူး။ သူပဲအစိုးရအကြီးအကဲ၊ သူပဲကာကွယ်ရေးဝန်ကြီး။ သူပဲစစ်တပ်ဦးစီးချုပ် လုပ်လုပ်နေတာ ပါ။ အဲဒီတော့ ကမောက်ကမတွေဖြစ်၊ ကြမ်းကြမ်းတမ်းတမ်းကိုင် ဖြစ်ရတာပါပဲ။
ဗိုလ်သန်းရွှေကို ကြည့်ပါ။ နိုင်ငံတော် အကြီးအကဲလုပ်တယ်။ စစ်ဦးစီးချုပ်လုပ်တယ်။ ကာကွယ်ရေးဝန်ကြီးလုပ်တယ်။ အဲဒီတော့ ကမောက်ကမ ဖြစ် တာ ပါပဲ။ နအဖအစိုးရ တန်းစီဇယားမှာ ကာကွယ်ရေးဝန်ကြီးကို ရှေ့ ဆုံးမှာထားရတာဖြစ်လာပြီး ဝန်ကြီးချုပ်က နောက်ကနေတာ ဖြစ်ရရောမဟုတ်လား။
ကာကွယ်ရေးဝန်ကြီးနေရာ သူများပေးလို့လည်း မဖြစ်ဘူးလေ။ ကာကွယ်ရေးဝန်ကြီးလက်အောက်က စစ်ဦးစီးချုပ်နေရာကိုယူထားမှ စစ်တပ်တခုလုံး ကိုကိုင်နိုင် အမိန့်ပေးနိုင် မဟုတ်လား။
အဲဒီကမောက်ကမက ဒီမှာတင် ရပ်နေတာမဟုတ်ပါဘူး။ ရေးဆွဲနေတဲ့ အခြေခံဥပဒေမှာ ပါလာနေပြီ။ အလိုတော်ရိ ဥပဒေပညာရှင်တွေလည်း အခြေခံဥပဒေကို ပြေပြစ်အောင်ရေးဖို့ အတော်ခေါင်းခဲနေတယ်လို့ ကြားရတယ်။ သမ္မတဖြစ်သွားမယ့် စစ်ဦးစီးချုပ် (အဟောင်း) နဲ့ နောက်တက်လာမယ့် စစ် ဦးစီးချုပ် (အသစ်) ကို အာဏာခွဲဝေပေးတာမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် အရေးရခက်နေတယ်လို့ ဆိုပါတယ်။
ညောင်နှစ်ပင်က ပေါ်ထွက်လာမယ့် 'အခြေခံဥပဒေ' ဆိုတာကြီးဘယ်လိုပုံစံနဲ့ ထွက်လာမလဲဆိုတာ ကျနော်တို့မျှော်လင့်နေပါတယ်။ ကမောက်ကမ လူရယ်စရာကြီးဖြစ်မှာ သေချာသလောက်ပါပဲ။ ကမ္ဘာ့ဗိုလ်ပုံအလယ်မှာ အရှက်ကွဲတော့မှာပါ။ နှစ်တွေဆယ်စုနှစ်ချီပြီး ဖီးလိမ်းပြင်ဆင်လိုက်တာ ထွက်လာတော့လဲ 'ကြက်တောင်စီး' နဲ့ ဆိုသလို ဖြစ်မှာပါပဲ။
စစ်တပ်က စစ်တပ်အလုပ်ကိုမလုပ်ဘဲ နိုင်ငံရေးအလုပ်လုပ်နေလို့ ခက်နေတာပါ။ နိုင်ငံရေးသမားကွဲလို့က တိုင်းပြည်မနာပါဘူး။ သူတို့အတွင်းရေး သိရလို့ ပြောစရာကြီးတောင်ဖြစ်ပါတယ်။ ဖဆပလအကွဲ မီလိုက်သူတွေသိကြပါတယ်။
အာဏာရ နိုင်ငံရေးပါတီကွဲရင် လူထုကပညာရပါတယ်။ အာဏာရစစ်တပ်ကွဲရင် ပြည်တွင်းစစ်ပဲရမှာပါ။ ဗိုလ်သန်းရွှေစစ်အုပ်စုက နိုင်ငံရေးသမား တွေရဲ့ဂိုဏ်းဂဏကြောင့် တိုင်းပြည်နစ်နာရတယ်လို့ ပြောလေ့ရှိပါတယ်။ တကယ်က နိုင်ငံရေးသမားတွေက ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်ဖို့လုပ်လိုက်တိုင်း စစ်တပ်ကကြားက ဝင်ဖျက်တာချည့်ပါ။ ဖဆပလကွဲတာဟာ SAMB ရဲ့ဆန်ကိစ္စမှာ အခြေခံတာဖြစ်ပါတယ်။ အခုလဲ ထောက်လှမ်းရေးနဲ့ ကိစ္စမှာ ဖောက်ခွဲတဲ့ကိစ္စက ဂျီအက်စ်အမ်တယ်လီဖုံးကိစ္စလို့ ပြောနိုင်ပါတယ်။ ဒီလက်ကိုင်ဖုံးလုပ်ငန်းဟာ ဗမာပြည်မှာအာဏာရစစ်ဗိုလ် အသိုင်းအဝိုင်းနဲ့ တိုက် ရိုက်ပတ်သတ်နေတာပါ။ စန္ဒာဝင်းလက်ထက်တုန်းက ရဲလှိုင်ဝင်းတို့ရဲ့စားပေါက်၊ အခု ဗိုလ်သန်းရွှေလက်ထက်ကျတော့ ထူးထရေဒင်က တေဇရဲ့ စားကွက်ဖြစ် သွားပါပြီ။ ဒီလိုပဲစားခွက်လုပွဲဟာ အာဏာလုပွဲတွေသဏ္ဌာန်နဲ့ ဆက်ဖြစ်နေဦးမှာပါ။ ဒါပေမယ့် စစ်အုပ်စုတွင်းပဋ္ဋိပက္ခဟာပြည်တွင်းစစ်ဆီကို ရောက်သွားနိုင်တယ် ဆိုတဲ့အကြောင်း ကျနော်အထက်မှာ ပြောခဲ့ပါပြီ။
ဒါကြောင့် ပြည်တွင်းစစ်မဖြစ်အောင် တိုင်းချစ်ပြည်ချစ် တပ်မတော်သားများ တားဆီးကြစေချင်ပါတယ်။ ပြည်သူ့လက်ထဲ အာဏာပြန်ရောက်ရေးဟာ ဒီနေ့အတွက် အရေးအကြီးဆုံးပါ။ ဒါကိုနောက်တပါတ် တင်ပြပါမယ်။
ဘယ်လိုလုပ်မလဲ
ဗိုလ်သန်းရွှေ တော်လှန်ရေးနေ့မှာ (တပ်မတော်နေ့ဆိုတာမှာ) ပြောတဲ့အထဲမှာ အထူးအဆန်းတခု သွားတွေ့ပါတယ်။ အရင်က မပါဖူးဘူးထင်တာပါ ပဲ။ အဲဒါကတော့ 'နိုင်ငံရေးအရ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ' ဆိုတာပါ။ အဲဒါရှိမှ ပြည်သူ့လက်အာဏာပြန်အပ်မယ်လို့ ဗိုလ်သန်းရွှေကပြောပါတယ်။ ခါတိုင်း ပြောနေကျက 'နိုင်ငံရေးအရ' ဆိုတာပါလေ့မရှိပါဘူး။ 'စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ' လို့ပဲတွေ့ဘူးပါတယ်။ အဲဒါကတော့ နဝတ စတက်ကတည်းကကြားရတဲ့ စကားပါ။
သူတို့က ၁၉၈၈ ခုနှစ်လူထုအုံကြွမှုကို မင်းမဲ့စရိုက်သောင်းကျန်းမှုလို့ ပြောနေကျပါ။ ဒါကြောင့် လူထုကိုစည်းကမ်းရှိဖို့ပဲ ပြောပါတယ်။ လူထုကိုပဲ ဦး တည်ဖိနှိပ်ပါတယ်။ ကျိုးနွံသွားအောင် နည်းမျိုးစုံသုံးပါတယ်။ အတင်းအဓမ္မလုပ်အားပေးခိုင်းတာ၊ ပေါ်တာဆွဲတာ၊ ထစ်ခနဲရှိရင်ထောင်ချတာလုပ်ပါတယ်။ ဝန်ထမ်း တွေကိုတော့ စာမေးပွဲဖြေခိုင်းပါတယ်။ တပ်ကြပ်ကြီးကို အလေးပြုတက်အောင် သင်ပေးပါတယ်။ ဗိုလ်ချုပ်တွေကို လက်အုပ်ချီရတဲ့အထိဖြစ်အောင်ပုံသွင်းပါတယ်။ စစ်ဗိုလ်ချုပ်တွေကို ဆွေစဉ်မျိုးဆက် ပြန်မလှန်ဝံ့အောင် လုပ်တာပါ။
လူထုကိုကျိုးနွံအောင်လုပ်ပြီးလို့ အခုတော့နိုင်ငံရေးပါတီတွေဘက် လှည့်လာတာပါ။ NLD ဦးလွင်ရဲ့ပြောစကားအရဆိုရင် NLD ရဲ့ပါတီစည်းကမ်း ထိန်း သိမ်းရေးကို နအဖလုပ်နေတာလားလို့ စဉ်းစားစရာဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်စုကြည်ကိုထုတ်ခိုင်းတာက နအဖ။ အခု NLD ပါတီဝင်တွေကိုထုတ်ခိုင်းတာက လဲ နအဖ။ နိုင်ငံရေးပါတီတွေကို ဦးချိုးနေပါပြီ။ ငြိမ်းအဖွဲ့တွေကို ဦးချိုးတာကတော့ အားလုံးအထင်အရှားတွေ့နေရပါတယ်။ ဒါတွေကြောင့်သန်းရွှေက 'နိုင်ငံရေး အရ' ကိုအထူးပြု ပြောလာတာဖြစ်မှာပါ။
ကျနော်တို့အမြင် ပြတ်ပြတ်ပြောရစေ။ နိုင်ငံ့အရေးကိုဦးထိပ်ထားတဲ့ ပြည်ချစ်များအနေနဲ့ကွန်မြူနစ်များဟာ NLD ဦးချိုးမခံရအောင်အစွမ်းကုန်ဝိုင်းဝန်း ပါမယ်။ စေ့စပ်ဆွေးနွေးရေးတံခါး ပွင့်အောင်ကြိုးစားပါ့မယ်။ အခုတင်ပြနေတာတွေက ပုန်ကန်ဖို့ပြောနေတာမဟုတ်ပါဘူး။ NLD ခေါင်းဆောင်မှု၊ ပြည်သူလူထုပါဝင် မှုနဲ့ တပ်မတော်ထဲကအမြော်အမြင်ရှိသူတွေ ပေါင်းစည်းပြီးစေ့စပ်ရေးတံခါးကို တွန်းဖွင့်ဖို့ပါ။
စေ့စပ်ဆွေးနွေးပွဲလုပ်ရင် NLD မျိုးဆက်ဟောင်းတွေ ခေါင်းဆောင်ပြီးဆွေးနွေးတာအကောင်းဆုံးပါ။ အမှန်ပြောရရင်ဦးအောင်ရွှေ မြောက်ပိုင်းတိုင်းမှူး လုပ်တုံးက ဗိုလ်သန်းရွှေကဗိုလ်ကြီးဖြစ်ကာစပါ။ ဦးတင်ဦး ဦးစီးချုပ်လုပ်တော့ ဗိုလ်သန်းရွှေဟာ အလယ်အလတ်စစ်ဗိုလ်ပါ။ ဦးလွင်ဒု-ဝန်ကြီးချုပ်လုပ်တော့ သူက ခရိုင်အဆင့် လောက်ပဲရှိမှာပါ။
ဗိုလ်ခင်ညွန့်အာဏာရှိတုန်းက သူ့ကိုသွားပြီးဂါရဝပြုရတဲ့ ပုံမျိုးဖြစ်အောင်လုပ်လေ့ရှိပါတယ်။ နံနှိမ်တာပါ။ သန်းရွှေ၊ မောင်အေး၊ ခင်ညွန့် ပုဆိုးဂွင်း သိုင်းနဲ့ဂွေလှိမ့်နေတုန်းက ဝါရင့်တွေက ဂျပန်တော်လှန်ရေးလုပ်နေတာပါ။ အာဏာမာန်တက်ပြီး သူတို့ပြုသမျှ ခံရမယ်ဆိုတာကို ကျနော်တို့ လက်မခံပါဘူး။
၁၉၆၃ စေ့စပ်ဆွေးနွေးတုန်းက ဗကပက အဲဒီလိုနံနှိမ်တာမခံခဲ့ပါဘူး။ အစည်းအဝေးမှာထိုင်ဖို့ နေရာချတာ၊ အစည်းအဝေးခန်းဝင်တာကအစ တန်းတူ ဖြစ်အောင် ကြိုတင်ညှိထားပါတယ်။ 'အာဏာ' ကို ရိုကျိုးပြလို့မဖြစ်ပါဘူး။ ဗိုလ်ခင်ညွန့်ဗြဟ္မာ့ပြည်တဝင်းဝင်း ဘဝတုန်းကထွင်ခဲ့တဲ့ဟာကို အစဉ်အလာအဖြစ်မခံ သင့်ပါဘူး။ ကိုယ့်နောက်မှာ ပြည်သူလူထုရှိတဲ့ဘက်က လက်မထောင်ရမှာပါ။
အဲတော့ အထက်မှာပြောခဲ့တာကို ချုပ်ပြောရရင် .....
နအဖအစိုးရနဲ့ စေ့စပ်ဆွေးနွေးတယ်ဆိုရင် NLD မျိုးဆက်ဟောင်း ခေါင်းဆောင်စုနဲ့ဆွေနွေးတာဟာ အကောင်းဆုံးပါ။ ဘာကြောင့်လဲ ဆိုတာ အထူးမပြောတော့ပါဘူး။
စေ့စပ်ဆွေးနွေးပွဲ ဘယ်လိုမှမဖြစ်တော့တာသေချာရင် NLD မျိုးဆက်သစ်ခေါင်းဆောင်စုကသာ ဒီမိုကရေစီအလံကို သယ်ဆောင်ဖို့သင့်ပါတယ်။ အဖိုးကြီးတွေနဲ့ မဖြစ်ပါဘူး။
ကျနော်တို့အနေနဲ့ အစဉ်အလာလုပ်နည်းတွေကို ဘေးချိတ်ပြီးအခုလို ရေဒီယိုကတဆင့်ပြောတယ်ဆိုတာဟာ အင်မတန်အလေးထားလို့ ဖြစ်ပါတယ်။ အဖက်ဖက်စဉ်းစားပြီးမှ အကောင်းဆုံးနည်းလမ်းအနေနဲ့ အကြံပြုတာဖြစ်ပါတယ်။
ဗကပက NLD ကိုဝိုင်းဝန်းပါမယ်။ မိမိရဲ့သီးခြားလမ်းစဉ်အရလုပ်ငန်းကို မိမိဖာသာသီးခြားလုပ်ပါမယ်။ NLD ကိုဝန်းဝိုင်းတာနဲ့ မရောထွေးစေရပါဘူး။ ဗကပက U/G ပါတီပါ။ မသကာလို့ လက်နက်ကိုင်တိုက်ပွဲ (A/S) ပြန်လုပ်ရလည်း ဒီမိုကရေစီရေးအတွက် တိုက်ဝံ့ပါတယ်။ တိုက်နိုင်ပါတယ်။ တိုက်တက်ပါတယ်။ ငြိမ်းချမ်းစွာကူးပြောင်းရေးကို လိုချင်လွန်းလို့၊ စေ့စပ်ရေးတံခါးတွန်းဖွင့်ဖို့တင်ပြနေတာပါ။ တွန်းဖွင့်နိုင်သူတွေက ရှေ့မှာပြောခဲ့သလို NLD၊ လူထုနဲ့ အမြော်အမြင်ရှိတဲ့ တပ်မတော်သားတွေသာ ဖြစ်ပါတယ်။ အဲဒီလူထုဆိုတဲ့အထဲမှာ ကျနော်တို့ကွန်မြူနစ်တွေကို တွေ့ရပါစေ့မယ်။ ရှေ့ တန်းက တွေ့ရပါစေ့မယ်။
၊ရဲဘော်ဖိုးသံချောင်း၊
SYUDY DESK PUBLICATION မှ မှာယူရရှိနိုင်သော လေ့လာရန်စာအုပ်စာတန်းများ
၁။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနှင့်မီဒီယာလောက အင်တာဗျူးများ
၂။ တော်လှန်ရေးနှင့်ဦးဆောင်မှုပြဿနာ
၃။ အစိုးရလက်ဝါးကြီးအုပ် မြေရှင်ကြီးစနစ် (မြေယာပြဿနာ)
၎။ ပြည်တွင်းစစ်ပြဿနာ၊ ပြည်ထောင်စုပြဿနာ (၂၀ ရာစုမှ ၂၁ ရာသို့ ယူဆောင်လာခဲ့ရသည့် မပြီးပြတ်သေးသည့် ပြဿနာများ)
၅။ ကျောင်းသား - ထောင် - တော်လှန်ရေးသမား (ရဲဘော်ဖိုးသံချောင်း)
၆။ ပြည်သူ့သူရဲကောင်းများနေ့ အထိမ်းအမှတ်ကဗျာများ
၇။ ဧရာ - မြစ်ဝါ - ဂင်္ဂါ (နိုင်ငံတကာစာပေမဂ္ဂဇင်း)
STUDY DESK PUBLICATION
F - 15, Vikas Puri
New Delhi. 110018 India
sdpublication@yahoo.co.in
maungpauk@yahoo.com
Posted by
ရွှေဥသြ
at
04:24
0
comments
Labels: ကိုယ့်အကြိုက် စာအုပ်များ
Sunday, 3 February 2008
ကိုကိုးကျွန်းအာဇာနည်များသို့တိုင်တမ်းစာ ရဲဘော်ဖိုးသံ
ရဲဘော်သိန်းကြည်၊ ရဲဘော်အုန်းမော်၊ ရဲဘော်ချစ်ဆွေ၊ ရဲဘော်ထွန်းမြင့်၊ ရဲဘော်စိန်ချင်း၊ ရဲဘော်မောင်မောင်စိုး၊
ရဲဘော်လေးမောင်နဲ့ ရဲဘော်ထွန်းဝင်းတို့ခင်ဗျား-
တလောတုန်းကကျင်းပတဲ့ ထိုင်းနိုင်ငံမှာကျင်းပတဲ့ မြန်မာသတင်းသမဂ္ဂညီလာခံမှာ တက်ရောက်လာသူတယောက်က ကျနော်ဒီဗွီဘီအသံလွှင့်ဌာန မှာပြောတဲ့၊ နောင်မှာ “ကျောင်းသား၊ ထောင်၊ တော်လှန်ရေးသမား” ဆိုတဲ့စာအုပ်ထဲမှာပါတဲ့ ရဲဘော်တို့ရဲ့အကြောင်းတွေကို မဖြစ်နိုင်ဘူး၊ မယုံဘူးလို့ ထပြောတယ် လို့ကြားလိုက်ရပါတယ်။ ကျနော်လည်းကိုယ့်နားကို မယုံနိုင်အောင်ဖြစ်သွားတယ်ဆိုတာ အရင်ဆုံးပြောလိုပါတယ်။ တဆက်တည်းမှာ ဘာဖြစ်လို့သူများကဒီလိုများ စဉ်းစားသလဲလို့ ကိုယ့်ကိုယ်ကိုမေးမိပါတယ်။ တင်ပြသူကလည်း ကျနော်အပါအ၀င် ဘယ်သူ့အပေါ်မှာမှ အာဃာတရှိလို့မဟုတ်ဘူးလို့ယုံပါတယ်။ ကျနော့်ကိုမယုံရ အောင်လဲ ကျနော်နဲ့သူနဲ့လူချင်းလည်းမတွေ့ဖူး၊
လုပ်ငန်းချင်းလည်း မပတ်သက်ဖူးပါဘူး။ တယောက်နဲ့ တယောက်ကမ္ဘာ တခြမ်းစီမှာနေပြီး တူညီတဲ့ရည်မှန်းချက်အတွက် လုပ်ကိုင်နေတယ်လို့ပဲ သဘောထား၊ လေးစားနေတာပါ။ သူ့မှာ မယုံကြည်ခွင့်လဲ အပြည့်ရှိပါတယ်။ ဒါဖြင့် ငါရေးတာများညံ့လို့လား။ ဒီအကြောင်းကြောင့်ဆိုရင် ရဲဘော်တို့ကို ကျနော် အနူးအညွှတ်တောင်းပန်ပါတယ်။ ကျနော့်အနေနဲ့ ရဲဘော်တို့ကိုဘယ်လောက် လေးစားတယ်ဆိုတာ ရဲဘော်တို့လျှောက်စေချင်တဲ့ လမ်းအတိုင်း ကျနော်ဆက် လျှောက်နေတာကိုကြည့်ရင် သိနိုင်ပါတယ်။ နောက်ပြီး စာအုပ်အဖြစ်ထွက်လာတဲ့အခါမှာ ကျနော်အနေနဲ့ ကိုယ်လုပ်သင့်တာ၊ ကိုယ်လုပ်ချင်တာလေး လုပ်လိုက်ရ ပြီဆိုပြီး အတိုင်းမသိ ၀မ်းသာမိတဲ့အကြောင်း အမှာမှာရေးခဲ့ပါတယ်။
တကယ်တော့ ဒီအဖြစ်အပျက်ဟာ ပြည်မနဲ့အလှမ်းကွာတဲ့ ကျွန်းတကျွန်းပေါ်မှာဖြစ်ခဲ့တာဆိုပေမဲ့ အဲဒီတုန်းက အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသား က နှစ်ရာကျော်၊ ထောင်အမှုထမ်းက ၁၀၀ နီးပါး၊ လူ ၃၀၀ လောက်မျက်စိအောက်မှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စပါ။ အဲဒီအထဲ လူ ၈၀% လောက်လည်း အသက်ရှင်နေကြ ပါသေးတယ်။ နောက်ပြီးအဲဒီတုန်းက မဆလအစိုးရထဲကဒီကိစ္စနဲ့ပတ်သက်တဲ့ တာဝန်ရှိသူဆိုတာလဲနည်းမှာ မဟုတ်ပါဘူး။ ဒါကို ရေဒီယိုကနေကျနော်ကတကမ္ဘာ လုံးကိုပြောပြတာ၊ လိမ်ပြီး ပြောဝံ့ပါ့မလားဗျာ။ ကိုကိုးကျွန်းပေါ်ပါလာသူတွေထဲမှာ ကျနော်တို့နဲ့နိုင်ငံရေး အမြင်မတူသူတွေလည်းပါခဲ့ပါတယ်။ နောက်ပြီး ကျနော့် စာအုပ်ထဲမှာ သူတို့မကျေနပ်မယ်ဆိုရင်လည်း မကျေနပ်စရာကောင်းတဲ့ ရေးသားချက် တချို့လည်းပါပါတယ်။ ကျနော်ရေးတဲ့ ကိုကိုးကျွန်းရဲ့ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းရေးတိုက်ပွဲနဲ့ ပတ်သက်တဲ့အချက်တွေသာ အလိမ်အညာတွေဆိုရင် သူတို့က (ဆိုလိုတာသူတို့နဲ့ ပတ်သက်တဲ့အချက်တွေ မဟုတ်ခဲ့ရင်) ဒီအတိုင်းနေမ တဲ့လားဗျာ။ ရေးတော့မှာပေါ့။ ရေးရင်ကောဗျာ။ နအဖက ဒီအတိုင်းကြည့်နေမလား။ သူတို့ရဲ့မီဒီယာတွေမှာ ၀မ်းသာအားရဖော်ပြပေးမှာပေါ့။ သူတို့မရေးတောင်မှ နအဖကိုယ်တိုင်က ကျနော်ဆိုတဲ့အကောင်ဟာ မရှိကိုအရှိလုပ်ပြောနေတယ်ဆိုပြီး ဆော်တော့မှာပေါ့ဗျာ။ ကျနော်ရော၊ ကျနော်တို့အဖွဲ့အစည်းရော၊ ကျွန်းတိုက်ပွဲ သမိုင်းရော တခါတည်းသွားကရောပေါ့။ ဒါပေမဲ့ နအဖက ဘာမှမပြောခဲ့ပါဘူး။ နအဖက ကျနော်နဲ့ ကျနော်တို့ အဖွဲ့အစည်းကို အားနာလို့တော့ မဟုတ်တန်ပါဘူး။
တကယ်က ဒီအဖြစ်အပျက်တွေကို ကျနော်တယောက်ထဲပြောနေ၊ ရေးနေတာမဟုတ်ပါဘူး။ (ဦးလေး) ဗန်းမော်တင်အောင်၊ (ဦးလေး) မြသန်းတင့်၊ (ဦးလေး) ဗိုလ်အုန်းမောင်၊ ဆရာရာဂျန်၊ ဆရာကေတီဦးကျော်တင့်၊ (ဦးလေး) သခင်ခင်အောင်၊ အများကြီးပါ။ သူတို့တတွေရော ကျနော့်လိုပဲ လိမ်တတ်ကြသ လားဗျာ။ တနေရာရာမှာတော့ မှားနေပါပြီ။
နောက်တချက် ကျနော်စဉ်းစားမိတာက အခုပြောနေကြတဲ့ မျိုးဆက်ကွာဟမှုကြောင့်များလား။ ကျနော်ကျွန်းကပြန်လာ၊ ထောင်က ထွက်လာပြီးတဲ့ နောက်မှာ နိုင်ငံရေးစိတ်ဝင်စားသူရော စိတ်မ၀င်စားသူများပါ ကိုကိုးကျွန်းအကြောင်းဆိုရင် စိတ်ဝင်တစားနားထောင်ကြပါတယ်။ တချို့က မေးရမှာအားနာလို့မ မေးတာ၊ သိပ်သိချင်တာပဲလို့လည်း ပြောကြပါတယ်။ ဒါကြောင့် အဲဒီတုန်းက နိုင်ငံရေးစိတ်ဝင်စားသူလောကမှာ ကိုကိုးကျွန်းအဖြစ်အပျက်တွေကို မသိသူမရှိသ လောက်ပါပဲ။ နောက်ပြီး မကြုံဖူးပါဘူး။ ဒီတိုက်ပွဲနဲ့ ဒီအာဇာနည်တွေကြောင့် စစ်အစိုးရဆန့်ကျင်ရေးတိုက်ပွဲမှာ ပိုမိုပြတ်သားလာ၊ ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ပါဝင် လာသူတွေ အများအပြားကိုသာတွေ့ရပါတယ်။ အခုတော့ ဒီအကြောင်းတွေကို မကြားဖူးယုံမက မဖြစ်နိုင်ဘူးလို့ယူဆရလောက်အောင်ကို မျိုးဆက်တခုနဲ့တခု စဉ်းစားတွေးခေါ်မှုတွေကွာ ကုန်လေပလားလို့။ ကိုကိုးကျွန်းအာဇာနည်တွေဟာလည်း ဒီပြင်သူရဲကောင်းတွေအကြောင်း ကြားသိမှတ်သားပြီး ပိုင်းဖြတ်ချက်ချခဲ့ ကြတာပါ။ သူတို့ဖတ်ခဲ့တာ၊ ကြားခဲ့တာတွေကိုကျနော်အပါ တခြားလူတွေအများကြီးရှိပါတယ်။ ဒီအထဲကပဲ သစ္စာဖောက်လည်းပေါ်ခဲ့၊ အာဇာနည်တွေလည်း ပေါ်ခဲ့ပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ကိုကိုးကျွန်းပြန်တွေထဲက စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အတွက် ထောင်ကထွက်လာပြီးမှ ကျဆုံးသွားကြတာ အတော်များပါပြီ။ ပဲခူးရိုးမမှာ ရဲဘော်အောင်ဝေ(တောင်ငူခရိုင်)၊ ရဲဘော် မြတ်စံဦး (ရန်ကုန် - ကြည့်မြင်တိုင်)၊ ရဲဘော်အောင်နိုင် (ရန်ကုန် - တံတားကလေး)၊ ရဲဘော်ဉာဏ်ဝင်းနဲ့ ရဲဘော်တင်မောင်ဝင်း (ရန်ကုန်)၊ ရဲဘော်အောင်ဘော် (ကျောက်ပန်းတောင်း)၊ ရခိုင်ပြည်နယ်မှာကျဆုံးတာက ရဲဘော်အောင်ထီ (ဆက်သွယ် ရေးတပ်) နဲ့ ရဲဘော်သိန်းလှ (စစ်တွေ) ကိုရန်ရွှေနဲ့ကိုသိန်းမြ (အလုပ်သမားညီညွှတ်ရေးပါတီ)၊ အရှေ့မြောက်စစ်ဒေသမှာ ရဲဘော်သန်းမောင် (မန္တလေး)၊ ဒါ့အပြင် ထောင်ထဲမှာကျသွားတဲ့ ရဲဘော် (ဦး) ခင်မောင်မြင့် (ပြည်သူ့တိုးတက်ရေးပါတီ)၊ ရဲဘော် နီအောင်မေသု (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)။ တကယ် ဂုဏ်ပြောင်ပြီး ဘယ်သူမှငြင်းမရတဲ့ အာဇာနည်သူရဲကောင်းတွေပါ။
ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက တိုက်ပွဲအမျိုးစုံဆင်နွှဲနေရတဲ့ တိုင်းပြည်ဆိုတော့ အာဇာနည်တွေ အများကြီးအသက်ပေးခဲ့ကြရ ပါတယ်။ နောင်လည်း ပေးကြရအုန်းမှာပါ။ အဲဒီ အသက်ပေးသွားသူတွေအကြောင်းကို မယုံဘူးဆိုရင် သူတို့လို အသက်ပေးနိုင်ပါ့မလား၊ စဉ်းစားစရာပါ။
ကျနော့်အတွက် တသက်တာ မီးရှူးတန်ဆောင်လိုဖြစ်နေတဲ့ ရဲဘော်များခင်ဗျား-
ဗမာပြည် ပြည်သူများအတွက် ဒီမိုကရေစီအရေးတော်ပုံဟာ လွယ်လွယ်နဲ့မအောင်မြင်ဘူး၊ စွန့်လွှတ်မှုအနစ်နာခံမှုတွေ မပါဘဲမပြီးမြောက်ဘူးလို့ ကျနော်စွဲစွဲမြဲမြဲယုံကြည်နေပါတယ်။ ရဲဘော်တို့ရဲ့နာမည်တွေကို တမ်းတသံတွေဟာ ထောင်တွေထဲ၊ တောတွေထဲမှာ ဆက်လက်ကြားနေရဦးမှာ မုချပါခင်ဗျား။
ရဲဘော်တို့ရဲ့
ရဲဘော်ဖိုးသံ
Posted by
ရွှေဥသြ
at
22:49
0
comments
Labels: အိတ်ဖွင့်ပေးစာ
ဗမာပြည်က စစ်အာဏာရှင်များနှင့် လူထုသတင်းစာ
ကျနော်တခါတခါ ကိုယ့်ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်စဉ်းစားကြည့်တဲ့အခါ၊ အထူးသဖြင့် အဖမ်းခံနေရတဲ့ ကာလအတွင်း၊ တိုက်ထဲမှာ တယောက်တည်းနေရတုန်းမှာ
ကိုယ့်အကြောင်းတွေကိုယ် ပြန်စဉ်းစားကြည့်တဲ့အခါ ငါ့ဘ၀ရဲ့အစောဆုံး ဘယ်အပိုင်းကိုမှတ်မိသလဲလို့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ကျနော့်ခေါင်းထဲမှာ မှတ်မှတ်ရရပေါ်လာတာတခုက မန္တလေးမြို့ကို သူပုန်တွေကသိမ်းတဲ့အချိန်၊ ကျနော်တို့မိသားစုကို သတ်ဖို့စီစဉ်ကြတဲ့ကိစ္စ၊ ကျနော်တို့အိမ်က ပုံနှိပ်တိုက်ကြီးကို မိုင်းဗုံးနဲ့ခွဲတဲ့ကိစ္စ၊ အဲဒါ ကျနော်အစောဆုံးမှတ်မိတာပဲ။ ကျနော်တို့မိသားစုကို သတ်ဖို့ပြင်တယ်ဆိုတဲ့ကိစ္စဟာ အခုအခါမှာကြားဖူးသူ အတော်ရှား မယ်ထင်တယ်။ သိတဲ့သူလည်း နည်းမယ်ထင်တယ်။ စာတွေဘာတွေထဲမှာ သိပ်ပြီးမပါဖူးဘူး။ အဲဒီတုန်းက သတ်မယ်လုပ်သူဟာ အဲဒီတုန်းက မန္တလေးမြို့ထဲကိုဝင် ကြတဲ့ သူပုန်တွေမဟုတ်ပါဘူး။ မန္တလေးမြို့ကိုဝင်တဲ့ သူပုန်တွေကမျိုးစုံပါ။ ကျနော် သိသလောက်ဆိုရင် ကွန်မြူနစ်ပါတီလည်းဝင်တယ်။ ကရင်လည်းဝင်တယ်။ ရဲ ဘော်ဖြူလည်းဝင်တယ် (ရဲဘော်ဖြူဆိုတာက ပြည်သူ့ရဲဘော်ကိုပြောတာပါ) ဒါပေမဲ့ သူတို့ကသတ်ဖို့လုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့မိသားစုကို သတ်ဖို့လုပ်တာ က အစိုးရတပ်ပါ။
ကျနော့်မျက်စေ့ထဲက မထွက်နိုင်တဲ့ အဲဒီတုန်းကအဖြစ်အပျက်တွေကို ကျနော်ပြန်ပြောပြပါ့မယ်။ အဲဒီတုန်းက ကျနော်တို့နေကြတာဟာ အခု ၈၄ လမ်းနဲ့ ၃၃ လမ်းထောင့်က လူထုတိုက်နေရာမဟုတ်ပါဘူး။ လက်ရှိနေရာမှာက အဲဒီတုန်းက ဒုတိယမ္ဘာစစ်တုန်းက ဗုံးကျထားတဲ့တိုက်ပျက်အုတ်ခဲပုံကြီး။ အဲလို အုတ်ခဲပုံကြီး ပေါ်မှာတဲလေးတလုံးထိုးပြီး ဘလောက်လုပ်ငန်းလုပ်နေတဲ့ မြသီတာ ဘလောက်တိုက်ဆိုတာပဲ ငုတ်တုတ်ရှိပါတယ်။ ကျနော်တို့က အခုဝင်းလိုက် ရုပ်ရှင်ရုံရဲ့တောင်ဘက်က တအိမ်ခြား၊ နောင်မှာ ဦးချမ်းစားသောက်ဆိုင် ဆိုတာဖြစ်လာတဲ့ ရွှေကုန်သည် ဦးသိန်းမောင်တို့ရဲ့တိုက်ကို အောက်ထပ်မှာငှားပြီး နေကြ တာပါ။ သူတို့အိမ်ရှင်များက အပေါ်ထပ်မှာ နေကြပါတယ်။ ကျနော်တို့ တိုက်မျက်နှာစာမှာတော့ အမေတို့အဖေတို့က စာအုပ်ဆိုင်လေးလို လုပ်ထားပါတယ်။ ကိုယ့် တိုက်က ထုတ်တဲ့စာအုပ်တွေရော အခြားစာအုပ်တွေပါရောင်းပါတယ်။ ပုံနှိပ်စက်က ကျနော်တို့နောက်ဖေးက ကျနော့်အဖိုးအဖွားများရဲ့ ဂုန္တန်ဝင်းထဲမှာပါ။ ၀ါးကပ် တဲ အရှည်ကြီးတခုထဲမှာ ဖြစ်ပါတယ်။
၁၉၄၉ ခုနှစ်တုန်း ကပါ၊ ကျနော်ထင်တယ် (၄၉) ခုနှစ် အစောပိုင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်မှာနွေခေါင်ခေါင်ကြီး မဟုတ် သေးပါဘူး။ နွေဦးပေါက်စ ဆိုတာမျိုးဖြစ်ပါလိမ့်မယ်။ ကျနော် အသက်သုံးနှစ်ကျော်ပေါ့၊ ဒါပေမဲ့ မန္တလေးဆိုတော့ရာသီဥတုက နေ့လည်မှာပူပါတယ်။ အဲဒီရက်က ကျနော့်မိဘတွေက ဘယ်ကနေဘာသတင်းရထားတယ် ကျနော်မသိပါဘူး။ ကျနော်ကသိပ်ငယ်ပါတယ်။ ကျနော်တို့မိသားစုတစုလုံး တထိတ်ထိတ် တလန့်လန့်နဲ့ နေကြတာကိုပဲ ကျနော်မှတ်မိနေတယ်။ အဲဒီနေ့မှာကျတော့၊ ကျနော်တို့အိမ်ထဲကို အစိုးရစစ်သားတွေ ခဏခဏ၀င် ၀င်လာတာလဲ ကျနော်မှတ်မိနေတယ်။ နောက် တခါ ကျနော်တို့တတွေ အဖေနဲ့အမေအိပ်တဲ့ မင်္ဂလာဆောင်ခန်းဝင်ကုတင်ကြီးရဲ့ နောက်မှာအားလုံးထိုင်ပြီး ပုန်းနေကြတယ်။ အဖေနဲ့အမေတို့က မင်္ဂလာဆောင် တာ မန္တလေးမှာဆောင်တာ၊ ဒါပေမယ့် အဖေက ခန်းဝင်ပစ္စည်းတွေကို ရန်ကုန်ဘုံဘေဘားမားကုမ္ပဏီကနေ ၀ယ်လာတာ။ ခုနကပြောတဲ့ ကုတင်ကြီးက ဧရာမ ကျွန်းကုတင်ကြီး။ ခေါင်းရင်းပိုင်းကအကာဟာ ငါးပေလောက်မြင့်မယ်ထင်တယ်။ အဲဒီအကာကြီးနဲ့ အုတ်နံရံအကြားမှာ ကျနော်တို့မိသားစုခြောက်ယောက်။ အဲဒီ တုန်းက ကျနော်ညီအငယ်ဆုံး မမွေးသေးပါဘူး။
ကျနော်တို့အားလုံးထိုင်ပြီးပုန်းနေကြတာ။ အတော်ကြာပါတယ်။ ဘယ်နှနာရီရှိမလဲတော့ မမှတ်မိတော့ဘူး။ ဒီလိုနဲ့အစိုးရစစ်သားတွေ အိမ်ထဲကို ၀င် လာတာ ထပ်ကြားတယ်။ ကျနော်တို့တတွေ မျက်ရိပ်ပြပြီး တိတ်တိတ်ကလေး ထိုင်နေကြတယ်။ ကျနော်တို့အခန်းက ခပ်မှောင်မှောင်ရယ်၊ ဒါပေမဲ့ အခန်းသုံးခန်း ထဲသာရှိတဲ့အဲဒီနေရာမှာ ကျနော်တို့ကိုအဲဒီစစ်သားတွေက ခဏနဲ့ပဲရှာတွေ့သွားတယ်။ သူတို့လက်ထဲမှာ သေနတ်တွေနဲ့ စစ်မြေပြင်ဆင်းတဲ့ပုံစံအပြည့်ပဲ။ ဗိုလ်လုပ် တဲ့သူက ကျနော်တို့ အားလုံးထွက်ခဲ့ပေါ့။ သူတို့နဲ့ လိုက်ခဲ့ဖို့ပြောတယ်။ အဲ့တော့ ပုန်းနေတဲ့ကုတင်နဲ့နံရံကြားက ကျဉ်းကျဉ်းလေးမို့ အဖေတို့အမေတို့ တယောက် ချင်းထွက်ကြရတယ်။ ဒီအခါမှာ ကျနော်နဲ့ ကျနော့်အကိုဟာ တူတူပုန်းတဲ့အခါ ကစားလေ့ရှိတဲ့အတိုင်း တယောက်ကိုတယောက် လှမ်းကြည့်ပြီး အဲဒီကုတင်ကြီးရဲ့ အောက်ထဲကို အသာလှည့်ဝင်ပြီး ပုန်းနေလိုက်ကြတယ်။ အခန်းက ခပ်မှောင်မှောင်ဆိုတော့ စစ်သားတွေလည်း သတိမထားမိလိုက်ကြဘူး။ အဖေနဲ့အမေနဲ့၊ အမနဲ့ နှမပေါ့လေ သူတို့ကိုပဲခေါ်သွားပြီးတော့ ကျနော်တို့နှစ်ယောက်တည်းကျန်နေခဲ့ကြတယ်။ ကျနော်တို့နှစ်ယောက် ကုတင်အောက်မှာ တယောက်မျက်နှာတယောက် ကြည့်ပြီးပြုံးနေခဲ့ကြတယ်။ ဘာရယ်မဟုတ်ဘူး၊ ကလေးပြုံးပြုံး ကြတာပဲ။
နောင်မှာ ကျနော်တို့ကြီးလာကြတော့လည်း ဒီကိစ္စဘာမှ ပြန်မမေးဖြစ်ဘူး။ တယောက်နဲ့တယောက် ဒီအကြောင်း စကားမစပ်ကြတော့ဘူး။ ကျနော် တို့ မိဘတွေနဲ့တောင် ပြန်မပြောမိကြတော့ဘူး။ ပြန်မစဉ်းစားချင်တော့တဲ့ တခုကိစ္စလိုဖြစ်သွားတယ်။ ဒီလိုနဲ့အတော်လေးနေတော့မှ “နှစ်ယောက် လိုသေးတယ်၊ နှစ်ယောက်လိုသေးတယ်” ဆိုပြီး စစ်သားတွေပြန်ဝင်လာတယ်။ အဲဒီကျတော့ ကျနော်တို့ပုန်းလို့မရတော့ဘူး။ တွေ့သွားတော့ ကျနော်တို့နှစ်ယောက်ကို ကုတင့် အောက်ကထွက်လာခိုင်းတယ်။ နောက်အပြင်ကို ထုတ်လာတော့ အပြင်မှာကျနော့်အဖေ၊ ကျနော့်အမေ၊ ကျနော့်အမနဲ့ကျနော့် နှမတို့ကိုတွေ့ရတယ်။ ၀င်းလိုက် ရုပ်ရှင်ရုံနဲ့ မျက်နှာချင်းဆိုင် ကျနော့်အဖိုးနဲ့ အဖွားပိုင်တဲ့ အောင်မြန်မာစက္ကူဆိုင် ဆိုတာရှိတယ်။ တထပ်တိုက်တန်းကြီး တခုပါ။ အဲဒီ တထပ်တိုက်တန်းဟာ အုတ်ခုံ အမြင့်ခံပြီး ဆောက်ထားတာပါ။ အဲဒီအရှေ့မှာပဲ အားလုံးကိုတန်းစီပြီး ရပ်ခိုင်းထားတာတွေ့ရတယ်။ ကျနော်တို့ညီအစ်ကိုလည်း ကျန်တဲ့မိသားစုတွေနဲ့ဝင်ပြီး တန်း စီရတာပေါ့။ ကလေးဆိုတော့ ကျနော်တို့ကိုပစ်သတ်ဖို့ ပြင်နေတယ်ဆိုတာ သိပ်ပြီးရှင်းရှင်းလင်းလင်း သိတာမဟုတ်ဘူး။ သဲသဲကွဲကွဲ သိတာမဟုတ်ဘူး။ သဘော တော့ပေါက်တဲ့ပုံရှိတယ်။ ဒါပေမဲ့ ကြောက်ရမှန်းမသိတာ အမှန်ပဲ။
အစိုးရစစ်သားတွေက သေနတ်ကိုကျည်ထိုးပြီး ပစ်မိန့်ကိုစောင့်နေကြပြီ။ အဲဒီတုန်းက ကျနော်တို့ပတ်ဝန်းကျင်မှာ ဒီအဖြစ်တွေကို ၀ိုင်းပြီးကြည့်နေကြ တဲ့လူ (၃၀-၄၀) လောက်ရှိမယ်ထင်တယ်။ ခဏနေတော့ အဲဒီဘေးကကြည့်နေတဲ့သူတွေ၊ အထူးသဖြင့်သံဃာတွေက စစ်သားတွေကိုဒီလိုမလုပ်ဖို့ဝိုင်းပြီး မေတ္တာ ရပ်ခံကြတယ်။ သူတို့အချိန်အတော် လေးပြောရတယ်။ ဘယ်လောက်ကြာလဲတော့ အတိအကျမမှတ်မိတော့ဘူး။ အဓိကဖြောင်းဖြတဲ့အထဲမှာက ဘုရားကြီးအ နောက်ဖက်ကပေပင်ကျောင်းက ဆရာတော်ဦးကောဝိဒပါတယ်၊ အဲဒီတုန်းကတော့ဦးဇင်းပေါ့။ နောက်ဆုံးကျတော့အဲဒီစစ်ဗိုလ်က လက်ခံသွားပြီးကျနော်တို့ကို ပြန် လွှတ်လိုက်တယ်။ ကျနော်တို့မိသားစုဟာ အဲဒီဆရာတော်ကို တသက်လုံးကျေးဇူးရှင်လိုသဘောထားပြီး ကျနော်တို့အိမ်က သူ့ဆီကိုအပတ်တိုင်း ဆွမ်းပို့ပေးပါ တယ်။ စစ်သားက ကျနော်တို့ကိုပြန်လွှတ်ပေးတဲ့ နောက်မှာသံဃာတော်တွေကို ကန်တော့ကြ၊ ၀ိုင်းပြောပေးကြတဲ့ ရပ်ကွက်ထဲကလူတွေကို ကျေးဇူးတင်စကား ပြောကြ၊ အဲဒါတွေတော့ ကျနော်မှတ်မိနေတယ်။ အဲဒီတုန်းက ကျနော်တို့က ဘာမှပြောတတ်တာ၊ သိတတ်တာမဟုတ်တဲ့အခါကျတော့ အမေအဖေတို့ရဲ့ လှုပ်ရှားမှု မှန်သမျှကို မျက်စေ့အ၀ိုင်းသားနဲ့ ကြည့်နေကြတာ။
ကျနော်တို့အိမ်မှာ ကျနော်တို့တွေရဲ့ ဓာတ်ပုံတွေကိုထည့်ထားတဲ့ ဓာတ်ပုံအယ်လ်ဘမ် အညိုရောင်လေး တအုပ်ရှိတယ်။ အတော့်ကို ဟောင်းနေပြီ။ အထဲက ဓာတ်ပုံတွေကလည်း ၀ါတာဝါနေပြီ။ ကျနော်တို့နည်းနည်းကြီးလာတဲ့ အခါကျတော့ အဲဒီအယ်လဘမ်လေးကို မကြာခဏလှန်ကြည့်တတ်ကြတယ်။ ဒါ ဘယ်သူပဲ ဒါဘယ်သူပဲဆိုပြီး ကိုယ့်ပုံကိုယ်လည်းကြည့် အင်မတန်စိတ်ချမ်းသာကြတာပေါ့။ အဲဒီ လူရုပ်ပုံအမျိုးစုံပါတဲ့ အဲ့ဒီအယ်လ်ဘမ်ထဲမှာ လက်ရေးမူ စာတ စောင်ကိုလည်း ဓာတ်ပုံရိုက်ပြီးတော့ညှပ်ထားတာ ထူးထူးခြားခြားတွေ့ရပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီစာပါအကြောင်းအရာက ဦးလှနဲ့ဒေါ်အမာတို့ ကို ဒုက္ခမပေးဖို့တပ်တွေကို ညွှန်ကြားထားတဲ့ဟာပါ။ လက်မှတ်ထိုးထားတာက အဲဒီတုန်းက မန္တလေးမြို့သိမ်းတပ်မှူး ဗိုလ်မှူးကြင်ပါ။ ဗိုလ်မှူးကြင်ဆိုတာက ဆိုရှယ်လစ်ပါတီနဲ့ ဘာမှမပတ်သက်ဘူး။ လူရိုးလူကောင်းဆိုပြီး တပ်ထဲမှာနာမည်ကြီးတဲ့ပုဂ္ဂိုလ်။ နောက်ကျတော့ ပြည်တွင်းစစ်မှာပဲ သူကျဆုံးသွားတယ်။ ဗိုလ်မှူး ကြင်လက်မှတ်နဲ့ အဲဒီစာလေးရှိပါတယ်။ ဒီစာကို ကျနော်တို့အိမ်ထဲ အစောပိုင်းဝင်သွားတဲ့ စစ်သားတွေက ပေးသွားတာပါ။ ဒီစာရှိလျက်နဲ့ နောင်မှာဘာဖြစ်လို့ ထုတ်သတ်ဖို့ ဖြစ်လာလဲဆိုတာတော့ ကျနော်လည်း ကျနော့်အဖေ အမေကို မမေးမိလို့ မသိတော့ဘူး။
အဲဒီနောက်မှာတော့ ကျနော်တို့ လူထုသတင်းစာတိုက်ရဲ့ စာပုံနှိပ်စက်ကို မိုင်းဗုံးနဲ့ခွဲတဲ့ကိစ္စဖြစ်တာပဲ။ ကျနော်ထင်တာတော့ အထက်ကအဖြစ်အပျက် တွေပြီး နောက်တနေ့လောက်လို့ထင်တယ်။ ဆက်တိုက်ပဲ။ ကျနော်တို့စာပုံနှိပ်စက်ကို အစိုးရတပ်က မိုင်းဗုံးနဲ့ခွဲတော့မယ်ဆိုတဲ့အကြောင်း အိမ်ကိုကြိုတင်အ ကြောင်းကြားထားတဲ့ သဘောရှိတယ်။ ကျနော်တို့အိမ်က လူတွေအားလုံး ကြိုသိနေကြတယ်။ ဒီလိုနဲ့ နေ့လယ်ပိုင်းမှာ ကျနော်တို့ နားစွင့်နေတုန်းမှာပဲ ‘၀ုန်း’ ဆိုတဲ့ အသံကြီးတသံကြားလိုက်ရတယ်။ အဖေနဲ့အမေတို့ မျက်နှာတည်သွားတာကျနော် အခုထိမှတ်မိနေတယ်။ ညနေပိုင်းကျတော့ ကျနော် အဲဒီကိုသွားကြည့်တယ်။ ပုံနှိပ်စက်က ကျနော်တို့နောက်ဖေးက ဂုန္တန်ဝင်းထဲမှာ။ အဲဒီတုန်းက ပုံနှိပ်စက်အဆောက်အဦထဲမှာ ကပ်တဲကြီးထဲမှာက သတင်းစာရိုက်တဲ့ အင်္ဂလန်နိုင်ငံလုပ် ‘ပိန်း’ စက်ကြီးရှိတယ်၊ နောက် ‘ချန်’လာ’ ဆိုတဲ့ ပုံနှိပ်စက်အငယ်လေးတွေရှိတယ်။ နောက် စက္ကူဖြတ်စက်ရှိတယ်။ နောက် စာစီခုံတွေအများကြီးရှိတယ်။ ကျနော်ရောက် သွားတဲ့အခါ ကျတော့ကပ်တဲကြီးလဲ ပြိုနေပြီ။ သတင်းစာရိုက်တဲ့စက်ကြီးလဲ ပျက်လို့။ စာစီခုံတွေနဲ့ ခဲစာလုံးတွေကလဲဖရိုဖရဲနဲ့ အင်မတန်ကို ၀မ်းနည်းကြေကွဲစရာ ကောင်းတဲ့ ဒေါသဖြစ်စရာကောင်းတဲ့ မြင်ကွင်းပဲ။
ကျနော့်အသက်က ခုနကပြောခဲ့သလိုပဲ (၃) နှစ်ကျော်လေးပဲ၊ ငယ်ငယ်လေးပဲ။ ဒါပေမဲ့ ဒီလိုလုပ်တာကို အနိုင်ကျင့်တာပဲလို့တော့ ခံစားမိတယ်။ ၀မ်း လည်းနည်း ဒေါသလည်း အင်မတန်ဖြစ်ခဲ့တယ်။ အခုရေးခဲ့တာဟာ ၃ - ၄ နှစ်သားတဦးက ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ဒါကျနော် မှတ်မိသလောက်လေးပဲ ဖြစ်တယ်။ လပ်နေတဲ့ကွက်လပ်တွေကို ကျန်တဲ့သူတွေ၊ ခုနက ကျနော့်မိသားစုတွေ ဖြည့်နိုင်ပါလိမ့်မယ်။ အဲဒီလပ်နေတာဟာ ကျနော်ပြောတာရဲ့ (၁၀) ဆ လောက်ရှိမယ်လို့ ထင်ပါတယ်။
ရဲဘော် ဖိုးသံချောင်း
Posted by
ရွှေဥသြ
at
21:52
0
comments
Labels: ဆောင်းပါး
Wednesday, 30 January 2008
အဝေးကပေးစာတစောင် (၂၀၀၈ခုနှစ်၊ ဇန်န၀ါရီလ ၂၅ရက်။)
ကိုဟိုဒင်းရေ-
နှင်းလေးတမှုံမှုံ၊ လေအေးလေးတသုန်သုန်နဲ့ ချမ်းလို့များတုန်ပြီဆိုမှဖြင့်
ကျနော်လည်း စာဆိုတော်နေ့တွေအကြောင်းရေးမယ်လို့ စဉ်းစားလိုက်တာနဲ့ ကဗျာလိုလို၊
ကပြောင်လိုလိုတွေ ခေါင်းထဲက ခုန်ထွက်လာတာဗျို့။ စာ အကြောင်းပေအကြောင်းကို လွတ်လွတ်လပ်လပ်ပြော၊ လွတ်လွတ်လပ်လပ်နားထောင်ဆွေးနွေးဆိုတဲ့ အစဉ်အလာလေးတောင်မှ အခုတော့ ဒီနိုင်ငံမှာ သမိုင်း လိုလို၊ အိပ်မက်လိုလိုဖြစ်သွားပြီဆိုတာကို ပြန်တွေးကြည့်ရင် လွမ်းသလိုလို၊ နာကျည်းသလိုလို ဖြစ်နေမိတယ်ဗျာ။
ဗမာပြည်မှာတုန်းက ကိုယ်ကစာရေးဆရာ မဟုတ်ပေမဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ စာပေဟောပြောပွဲတွေကို သွားနားထောင်ခဲ့၊ စာရေး ဆရာတွေ နယ်လှည့်ဟောပြောရာတွေကို လိုက်ပါခဲ့ဖူးတော့ စာဆိုတော်နေ့ရဲ့ နက်နဲသိမ်မွေ့မှု၊ ကြည်နူးစရာတွေကို ကောင်းကောင်းသဘောပေါက်ပြီး သံယောဇဉ် တွယ်မိနေတာပေါ့ဗျာ။ ပြန်စဉ်းစားလိုက်တော့ သမိုင်းကလည်း ကြာခဲ့ပြီကိုး။
ဒုတိယကမြာစစ်၊ ဂျပန်ခေတ်၊ ဖက်ဆစ်ခေတ် တကယ့်အမှောင်ခေတ်ထဲမှာမှ ကျနော်တို့နိုင်ငံက စာရေးဆရာအသင်းဆိုတာ ပေါ်လာတာပါ။ ၁၉၄၄ ခုနှစ်ထဲမှာ ဆရာကြီးပီမိုးနင်းကွယ်လွန်တော့ သူ့ဈာပနမှာ စာရေးဆရာကြီးများဟာ စာရေးဆရာအသင်းတခုတော့ရှိမှလို့ သဘောပေါက်ပြောဆိုမိကြပြီး နောက်တ နေ့ကျတော့ ဆယ်သန်းသတင်းစာတိုက်မှာ ဂျာနယ်ကျော် ဦးချစ်မောင်၊ (ဦး)သင်္ခါ၊ (ဦး)ပဂျီငို၊ ဒီးဒုတ်ဦးဘချို၊ (ဆရာ)မဟာဆွေ၊ (ဆရာ)မြို့မဟိန်စသူတို့ တွေ့ဆုံ ဆွေးနွေးပြီးဖွဲ့လိုက်ကြတယ်လို့ ဖတ်ဖူး၊ မှတ်သားဖူးတယ်ဗျ။ ဥက္ကဋ္ဌက ဦးချစ်မောင်၊ ဒုဥက္ကဋ္ဌက မဟာဆွေ၊ အတွင်းရေးမှူးက သင်္ခါ စသဖြင့်တာဝန်ယူကြတယ်တဲ့။ တဆက်ထဲမှာ နှစ်စဉ်နှစ်တိုင်း နတ္တော်လဆန်း တရက်နေ့မှာစာဆိုတော်နေ့အခမ်းအနားတွေ ကျင်းပကြဖို့လည်း အဲဒီစာရေးဆရာ အသင်းကနေ ဆုံးဖြတ်လိုက်ကြ တယ်ဆိုပဲ။
ဖက်ဆစ်ဂျပန့်လှံစွပ်အောက်မှာ ဒီနေ့ကိုသတ်မှတ်၊ ဖော်ထုတ်၊ ကျင်းပတယ်ဆိုတော့ ဒီစာရေးဆရာတွေဟာ မျက်စိကန်း တစ္ဆေမကြောက်လုပ်ကြ တာလားလို့ မေးစရာရှိပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲဒီတုန်းက ဂျပန်ဖက်ဆစ်က ဗမာပြည်ကိုလွတ်လပ်ရေး ပေးတယ်လို့လုပ်ထားတာ၊ ဒီအခါမှာ အစိုးရအဆောက် အုံထဲမှာ ကိုယ့်လူတွေရှိနေတယ်ဆိုတဲ့ အချက်တွေကိုအခွင့်ကောင်းယူပြီး အမျိုးသားရေးလှုပ်ရှားမှုတရပ်အနေနဲ့ သတ္တိရှိရှိလုပ်ခဲ့တာဖြစ်ပါတယ်။ တဘက်က လည်း စာရေးဆရာတွေဟာ စုစုစည်းစည်းရှိကြောင်း၊ တနည်းစည်းလုံးညီညွတ်ကြောင်း အားလုံးသိအောင်ဖော်ပြရင်း အမျိုးသားရေးအလံကို လွှင့်ထူပြတာလည်း ဖြစ်ပါတယ်။ သူတို့ပထမဆုံးတင်ဆက်ကပြခဲ့ကြတဲ့ ၀ိဇယပြဇာတ်ထဲမှာ ၀ိဇယမင်းသားရဲ့အပေါင်းပါတွေ ရက်စက်ရိုင်းစိုင်းပုံတွေဟာ ဖက်ဆစ်ဂျပန်တွေ လုပ်နေ တာတွေကို ထင်ဟပ်ပြထားတာဖြစ်ပါတယ်။
ဒီလိုနဲ့ပဲ စာဆိုတော်နေ့လှုပ်ရှားမှုတွေဟာ လွတ်လပ်ရေးတိုက်ပွဲကာလမှာ အားလုံးကအာရုံစိုက်ရတဲ့ကိစ္စတရပ် ဖြစ်လာတာ ပေါ့ဗျာ။ အာရုံစိုက်ကြတဲ့အဓိက အကြောင်းရင်းကတော့ နိုင်ငံရေးအဓိပ္ပာယ်ကြောင့် အာရုံစိုက်ကြတာပါ။ စာပေသမားတွေက နှစ်စဉ်တင်တဲ့ ပြဇာတ်တွေဟာ ဘာနိုင်ငံရေးအဓိပ္ပာယ်ပါသလဲလို့ စဉ်းစားကြရတာကိုက စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။
နောက်တော့ ခင်ဗျားလည်းသိတဲ့အတိုင်းပဲ စာရေးဆရာတွေအကြားကွဲကြတာ၊ စင်ပြိုင်အသင်းအပင်းတွေ ထူထောင်ကြတာ၊ စာဆိုတော်နေ့ကို ကိုယ့်ဟာနဲ့ကိုယ်ကျင်းပကြတာစတာတွေ တွေ့လာရပါတယ်။ ဒါတွေဟာကောင်းတဲ့ အချဉ်းအရာတွေလို့ ကျနော့်အနေနဲ့မဆိုလိုပါဘူးဗျာ။ ဒါပေမဲ့ အခုပြန်စဉ်းစား လိုက်တော့ လွတ်လပ်ပြီးနောက်မှာ ကိုလိုနီဘ၀လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြတုန်းကလို လူ့အလွှာ၊ လူတန်းစားတွေအကြား မတူကွဲပြားကြတာဟာ သဘာဝကျတယ်လို့ထင်ပါတယ်။ မတူတာကို မတူတဲ့အတိုင်းရပ်တည် ခွင့်ရကြတာကိုပဲ ကောင်းတဲ့ကိစ္စလို့ သဘောထားရမှာပါ။ ဒီနေ့ကာလလို နအဖခွင့်ပြုတဲ့ စာပေအဖွဲ့အစည်းတခုတည်း တည်ရှိခွင့်ရနေတာနဲ့စာရင် တော်သေးတာပေါ့။ ဖဆပလအစိုးရဟာ စာရေးဆရာ၊ သတင်းစာဆရာတွေကို ဖမ်းတာ၊ ဆီးတာတွေရှိ ပေမဲ့ မဆလတို့ န၀တ-နအဖတို့ထက်တော့ အပုံကြီးတော်သေးတာ အမှန်ပဲဗျ။
မဆလခေတ်ကျတော့ ခင်ဗျားလည်းသိတဲ့အတိုင်းပဲလေ။ စာဆိုတော်နေ့ကျင်းပတာတွေဟာ လုံးဝပုံသဏ္ဌာန်ပြောင်းသွားတယ်။ ရန်ကုန်မှာက ဘာမှ လုပ်ခွင့်မရတော့ဘူး။ သတင်းစာဆရာ၊ စာရေးဆရာတွေ အသင်းအပင်းပုံစံနဲ့လှုပ်ရှားတယ်ဆိုတာ ပျောက်သလောက်ဖြစ်သွားတယ်။ အထူးသဖြင့် ၁၉၆၃ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲထိုးဇာတ်ကြီးကို ဗိုလ်နေ၀င်းကတော်လောက်ပြီလို့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် (ဆရာ) ဗန်းမော်တင်အောင်၊ ဆရာဒဂုန်တာရာ၊ (ဆရာ)မြသန်းတင့်တို့လိုလူတွေ ထောင်ထဲရောက်ကုန်ကြပြီးတဲ့ နောက်မှာပေါ့ဗျာ။ မန္တလေးမှာကတော့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းရယ်လို့ တည်တည် ကြည်ကြည် ရပ်တည်နိုင်ပြီး စာပေ ဟောပြောပွဲတွေ၊ စာပေရေးရာလှုပ်ရှားမှုတွေ အတော်လေးကျင်းပနေနိုင်ခဲ့တာပေါ့။
ဒီနေရာမှာစပ်မိလို့ မဆလလက်ထက် ကာလအတော်ကြာအထိ တည်တံ့နေနိုင်ခဲ့တဲ့ မန္တလေးကျုံးနံဘေးဓမ္မဗိမာန်က စာပေဟောပြောပွဲတွေအ ကြောင်း ပြောချင်သေးတယ်။ နှစ်စဉ်နှစ်တိုင်း ဂရုတစိုက်နဲ့စေ့စေ့စပ်စပ် စီစဉ်ကျင်းပကြတာ။ ဖတ်တဲ့စာတန်းတွေဆိုတာလည်း တခုမှ ကယော်ကမယ်မဟုတ်ဘူး။ စာတစောင်ပေတဖွဲ့ မှတ်တမ်းတင်ထိုက်တဲ့ ဟာတွေချည့်ပဲ။ သဘာပတိတွေ ထိုင်တဲ့နေရာရဲ့နောက်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံကြီးကို ထောင်လို့၊ အထက်မှာတော့ အထက်ဗမာနိုင်ငံစာရေးဆရာ အသင်းဆိုတဲ့ စာတန်းကြီးနဲ့၊ ထိုင်နေသူတွေက ဆရာတော်ရွှေကိုင်းသားခေါ် ဦးသောဘိတ၊ ပါမောက္ခဦးချမ်းမြ၊ လူထုဦးလှ၊ ဒေါက်တာသန်းထွန်းတို့လို ပုဂ္ဂိုလ်တွေ။ အင်မတန်ကျက်သရေရှိတာပေါ့ဗျာ။ (တခါတခါတော့ ဒေါက်တာသန်းထွန်းကြီး အိပ်ငိုက်နေတာ တွေ့ရတယ်)။ ကျနော်မှတ်မိသလောက်တော့ အမေလူထုဒေါ်အမာက နောက်ပိုင်းမှသဘာပတိစားပွဲမှာ ထိုင်တာ၊ အစောပိုင်းတုန်းကတော့ အောက်ကပရိသတ်ထဲမှာပဲ။ အောက် မှာထိုင်နေတဲ့ ပရိသတ်ထဲမှာ သံဃာတော်တွေအပါအ၀င် ကျနော့်အထင် နှစ်စဉ်လာနားထောင်သူက ရာခိုင်နှုန်း ၈၀ ထက်မနည်းဘူးဗျ။ ဒီအထဲမှာ ထောက်လှမ်း ရေးတို့၊ အက်စ်ဘီတို့လည်းပါသပေါ့ဗျာ။ အထက်မှာပြောခဲ့တဲ့ ဂျပန်ခေတ် ဒီမိုကရေစီနဲ့မကွာလှတဲ့ မဆလဒီမိုကရေစီအောက်မှာ ရိုးသားတည်ကြည်မှုဆိုတဲ့ ဂုဏ်နဲ့ ပွတ်သီကပ်သီလေး လှည့်ပတ်ပြီးလုပ်ကြရတဲ့ ရှားရှားပါးပါး အသင်းအပင်းလှုပ်ရှားမှုပေါ့။ ဒါပေမဲ့ ဒီအဖွဲ့အစည်းနဲ့ ဒီလှုပ်ရှားမှုဟာ မဆလ ခေတ်နှောင်းပိုင်းမှာ နိဋ္ဌိ တံသွားပါတော့တာပါပဲဗျာ။
အဲဒီခေတ်က အထက်အောက် ဗမာပြည်မှာလှည့်လည်ဟောပြောတာတွေအပါအ၀င် စာပေဟောပြောပွဲတွေမှာ လူထုဟာ စာပေကိုစိတ်ဝင်စားတာ တင်မက နိုင်ငံရေးငတ်လို့ နိုင်ငံရေးအသံ၊ နိုင်ငံရေးအဓိပ္ပာယ်တွေ ခံစားချင်လို့လာနားထောင်ကြတာလည်း ဖြစ်တယ်ဗျ။ ဗမာပြည်စာပေလောကရဲ့ ထူးခြားချက် တခုကိုက တိုင်းပြည်ရဲ့အခြေအနေနဲ့အတူ နိုင်ငံရေးရဲ့အခန်းဟာ အင်မတန်မှ အရေးပါနေပဲ။ ဒါဟာကိုလိုနီခေတ်ကတည်းက သန္ဓေတည်ခဲ့တာဆိုရင် မမှားပါဘူး ထင်ပါတယ်။ ဒါကြောင့်လည်းပဲ ဒီနိုင်ငံက အာဏာရသူတွေဟာ ကျောင်းသားဆိုတာ နိုင်ငံရေးနဲ့မဆိုင်ဘူး၊ တခြားစီလို့ပြောလေ့ရှိကြသလို၊ စာပေနဲ့နိုင်ငံရေးကို လည်း ခွဲထားရမယ်လို့ပြောတတ်ကြတာပဲ။ ဒါပေမဲ့ ပြောသာပြောတယ်ဗျာ၊ အဲဒီလိုလုပ်လို့မရမှန်းလည်း သူတို့ကောင်းကောင်းသိတယ်ဗျ။ အဲတော့ မဆလခေတ် ကစပြီး သူတို့ဟာ တခြားအသင်းတွေကို ဖျက်သိမ်းခိုင်းပြီး သူတို့သြဇာခံ စာပေလုပ်သားကောင်စီဆိုပြီး အတင်းဖွဲ့တော့တာပဲလေ။
ဒီခေတ်ကြီးမှာတော့ နအဖ က ခွင့်ပြုထားတယ်ဆိုတဲ့ စာရေးဆရာအစည်းအရုံးတို့၊ ထုတ်ဝေသူနဲ့ပုံနှိပ်သူများ အစည်းအရုံးတို့ စတာတွေဟာ အသင်း သားတွေကို နအဖအစိုးရကနေ ချုပ်ကိုင်လို့ကောင်းအောင် ဖွဲ့ထားတာတွေပဲဖြစ်နေတော့တယ်။ အသင်းသားဆိုသူတွေဟာ ခေါ်ရင်လာ၊ ပြောတာနားထောင်၊ ခိုင်း တာလုပ်၊ အလှူခံရင်ထည့်၊ ဒါပဲ လုပ်ရတော့တယ်။ တခြားရုပ်ရှင် အစည်းအရုံး၊ ပန်းချီအစည်းအရုံး စတာတွေဟာလည်း ပန်းချီဆရာကြီး (ဒါရိုက်တာ) ကိုဝင်းဖေရဲ့ ကာတွန်းတခုထဲက စကားအတိုင်းဆိုရင် “ဒီပုတ်ထဲကအခြားပဲ”သာ ဖြစ်ပါတယ်။ ဒီလိုစစ်အုပ်စုဒီမိုကရေစီအောက်မှာ လျှပ်တပြက်မြတ်ခိုင်တို့လို ပန်းပွတ်သည် တွေ ကောင်းစားနေတာအံ့သြစရာတော့ မရှိဘူးလို့ဆိုနိုင်သပေါ့ဗျာ။
ဒါပေမဲ့ ကိုဟိုဒင်းရေ၊ စက်တင်ဘာသံဃာ့အရေးအခင်းနောက်ကျတော့ နအဖဟာကိုယ့်အရိပ်ကိုယ်ပြန်ကြောက်တဲ့စိတ်ရောဂါ ရမလောက်ဖြစ်နေလို့ သူတို့လက်အောက်မှာ သူတို့လက်ညှိုးညွှန်တိုင်းလိုက်နာနေတဲ့ မြန်မာ့တိုင်းမ်တို့၊ လျှပ်တပြက်မြတ်ခိုင်တို့လို ဟာတွေကိုတောင် ခေါ်ပြီးသတိပေးတာ၊ ခဏရပ် ဆိုင်းတာတွေ လုပ်လာရတဲ့ အနေအထားရောက်လာနေပြီ။ တကယ်တော့ စာပေအပါ မီဒီယာလောကဟာ တိုင်းပြည် တပြည်ရဲ့ဒီမိုကရေစီပြဒါးတိုင်ဖြစ်တယ်ဆို တာ အားလုံးလိုလိုက လက်ခံထားကြပြီးပြီပဲ။ ဗိုလ်သန်းရွှေတို့က အဆက်မပြတ်လက်ထိပ်သံပေးနေတဲ့ ပတ်ဝန်းကျင်မှာ တန်ဘိုးရှိတဲ့စာပေတွေ ထုတ်လုပ်နေကြ သူတွေဟာ လေးစားစရာကောင်းလှတယ်လို့ပြောရုံကလွဲလို့ ကျနော်လည်းဘာပြောရမှန်းတောင်မသိတော့ပါဘူးဗျာ။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော
Posted by
ရွှေဥသြ
at
19:21
0
comments
Labels: အိတ်ဖွင့်ပေးစာ
Tuesday, 29 January 2008
ကျွန်
ရှေးရှေးတုန်းကတော့
နယ်ချဲ့တွေ ကျွန်ပြုဖို့ ကျွန်တော်တို့ဆီကို လာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ကိုယ်တိုင် ခရီးထွက်တယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်ကမရှိခဲ့ဘူးအမေရယ်။
ကျွန်တော့်အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့အဖြစ်။
သေရင်မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့မပို့ငွေလေးက ကျွန်တော်တို့အတွက်တော့ ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော် ... အမေနဲ့ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့ ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့လား။
ကိုယ့်အခွင့်အရေးကို သိဖို့နေနေသာသာ
တချို့သူငယ်ချင်းတွေဆို ကိုယ့်အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ကလေးတွေဆို မြန်မာနာမည်တောင် မရှိရှာဘူး။
ဘော့ (စ်) ဆိုသူတွေ ပေးတဲ့နာမည်ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွားမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲအမေ။
ကျွန်ဖြစ်လေလေပဲအမေရဲ့။
လူအချင်းချင်းဆိုတဲ့အသိ
သူတို့မှာ မရှိဘူးအမေ။
သွေးစုပ်ဖို့ပဲ သူတို့သိတယ်။
အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပ၀ါလောက် ဖြစ်ဖို့မှန်းပြီး ထွက်ခဲ့တာပေါ့။
အခုဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပဆိုး
မရှိသေးတဲ့အစွယ်တောင် ကျိုးခဲ့ပြီ။
ခုတော့
ကျွန်တော့်အသည်းနှလုံးကလည်း
ကျွန်အချင်းချင်းတောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစေ့ပေါ့။
ကိုယ့်ကိုယ်ကိုယ် ကျွန်လို့သုံးလို့
မငိုလိုက်ပါနဲ့အမေရယ်။
သူတို့ဒေါသလေးတချက် ထွက်ရုံနဲ့
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့အသက်တချောင်းက
ရာဘာပင် တပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့အချစ်တော် ကြောင်တကောင်လောက်တောင် တန်ဖိုးမရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကိုယ် သခင်လို့
မျက်လုံးစုံမှိတ်ပြီး ကြွေးကြော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ရမှာပေါ့အမေ။
လူတွေပြောတော့
မြန်မာအချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့လူတွေလဲ အများကြီးရှိပါတယ်။
တချို့ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ရွှေလို့ ခြုံငုံခေါ်နေတဲ့အထဲက တချို့ကပဲ။
အချင်းချင်းရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့လူစိတ်မရှိတာကတော့
သေချာပါတယ်။
ရွှေဆိုတဲ့စကားလုံးက
အကုန်လုံးနဲ့တော့ မတန်ဘူးအမေ။
သူတို့ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့သူက ကျွန်စနစ်ပပျောက်အောင် လုပ်ခဲ့ပေးသတဲ့။
ဘယ်မှာ ဟုတ်လို့လဲ အမေရယ်။
သားတို့ကို လာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူတို့နိုင်ငံကွက်ကွက်လေးပဲ
သူ့ကိုလေးစားပေမယ့်
ကျွန်တော်တို့အတွက်တော့ သူဟာ
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့အဖြစ်က ရခဲတယ်ဆို။
ရခဲတာပဲ ကောင်းပါတယ်အမေ။
ကျွန်တော်လူမဖြစ်ချင်တော့ဘူး။
ကျွန်တော်ငှက်တွေကို ငေးကြည့်မိတယ်အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေးအဓိကရုဏ်းမရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီးအတင်းရွှေ့ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့သခင်က သူတို့ကို အချစ်နဲ့လှောင်ထားတာ။
ကျွန်တော်တို့ကတော့ အမုန်းနဲ့လှောင်ထားခြင်း ခံရတယ်။
မေတ္တာအရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ခေါင်းဆောင်တွေကလဲ
ကျွန်တော်တို့ ငိုသံတွေဘယ်လောက်ကျယ်ကျယ်
အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့။
လူ့အခွင့်အရေးဆိုတဲ့ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာမပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်
မပပျောက်သေးပါဘူးအမေရယ်။ ။
ကောင်းကင်ကို
ကောင်းကင်ကို ဘလော့ခ်မှဝတ်မှုံကူးသည်။
Posted by
ရွှေဥသြ
at
22:46
0
comments
Labels: ကဗျာ