နံပါတ် လေးရာ
သေရာမှ ပြန်၍ထခြင်းကား အတော်ပင်ထူးခြားသော ကိစ္စတရပ်ဖြစ်ပေသည်။ ဖော်ပြရန်မစွမ်းလောက်အောင် ထူးခြားလှသည်။ အိပ်ရေးဝခဲ့သည့် နေ့ တနေ့တွင်နေကလည်း သာနေမည်ဆိုက ကမ္ဘာကြီးမှာ လှပနေတတ်သည်။ သို့သော် သေရွာမှပြန်လာခြင်းကား နေကလည်း ခါတိုင်းထက်ပို၍ သာယာနေကာ၊ ခင်ဗျားကလည်း
ခါတိုင်းထက်ပို၍ နှစ်ခြိုက်စွာအိပ်ခဲ့ရသည်နှင့် တူလေသည်။ ခင်ဗျားက ဘ၀၏ဇာတ်ခုံကို သိကျွမ်းလှပြီဟုထင်သည်။ သို့သော် အသက်ပြန်ရှင် ခြင်းသည်ကား၊ မီးမောင်းထိုးသူတဦးက မီးလုံးကြည်ကြည်များကို ဖွင့်လိုက်ကာ၊ လင်းသွားသောဇာတ်စင်တခုလုံးကို ခင်ဗျားအား ပြလိုက်သည်နှင့်တူသည်။ ခင်ဗျားက ဘ၀ဇာတ်ခုံကို ကောင်းစွာမြင်ခဲ့ပြီဟု ယူဆသည်။ သို့သော် အသက်ပြန်ရှင်ခြင်းသည်ကား မျက်လုံးများဆီသို့ မှန်ပြောင်းများပင့်၍ ကြည့်ရှုရုံမျှသာမက၊ ဓာတ်မှန်ဘီလူး ထပ်၍ ဆင့်လိုက်သည်နှင့်လည်း တူလေသည်။ သေရာမှ ပြန်၍ထခြင်းသည် နွေဦးအဖြစ်အပျက်တမျိုးပင် ဖြစ်သည်။ နွေဦးရာသီ၏ ဗီဇအတိုင်း မမြှော်လင့်သော မျက်လှည့်အကွက်များကို ခင်ဗျားအား ခင်းကျင်းပြသလာလေသည်။
အသက်ပြန်၍ ရှင်ရသည်မှာ ယာယီမျှသာဖြစ်သည်ဟု ခင်ဗျားအနေနှင့် သိထားစေဦးတော့ ဤသို့ပင် သရုပ်ပေါ်လေသည်။ ခင်ဗျား၏ ပတ်ဝန်းကျင် သည် ပန်းကရာ့စ်ထောင်ရှိ အကျဉ်းခန်း တခန်းကဲ့သို့ ကြည်နူးဝေဖြိုးနေစေကာမူ ဤသို့ပင် သရုပ်ပေါ်လေသည်။
တနေ့သောအခါတွင်ကား ခင်ဗျားကို ကမ္ဘာကြီးအတွင်းသို့ပင် ပြန်လည်ခေါ်ဆောင်ကြလေသည်။ တနေ့တွင် သူတို့က လူနာတင်ထမ်းစင်မသုံးဘဲနှင့် ပင် ခင်ဗျားအား အစစ်ခံရန် ခေါ်ကြည်သည် - ခင်ဗျားက မဖြစ်နိုင်ဟု ထင်သည့်တိုင်အောင် တနည်းနည်းနှင့်ကား အထမြောက်သွားသည်။ စင်္ကြံထဲတွင် လက်ရန်း များရှိသည်။ လှေခါးများတွင်လည်း လက်ရန်းများရှိသည်။ လမ်းလျှောက်သွားသည်ဟု ဆိုခြင်းထက် လေးဘက်ထောက်သွားရသည်ဟု ဆိုလျှင် ပို၍မှန်ပေလိမ့် မည်။ အောက်သို့ ရောက်သော် ထောင်ကျဘော် ထောင်ကျဘက်များက ခင်ဗျားထောင်လော်လီအတွင်းရောက်သွားရန် တာဝန်ယူကြသည်။ နောက် ... တနေရာ တွင် ထိုင်မိသည်။ ဘီးတပ်ထားသော အကျဉ်းခန်းမှောင်မဲမဲတွင်၊ လူဆယ်ယောက် ဆယ့်နှစ်ယောက်။ လူသစ်မျက်နှာသစ်များက ခင်ဗျားအား ပြုံးပြကြရာ ခင်ဗျား ကလည်း ပြန်၍ပြုံးသည်။ တစုံတယောက်က ခင်ဗျားအား တစုံတရာကို တီးတိုးပြောဆိုလာသည်။ သူဘယ်သူမှန်း ခင်ဗျားကမသိ။ ခင်ဗျားက လူတယောက်၏ လက်ကို ညှစ်၍ နှုတ်ဆက်သည်။ သို့သော် မည်သူ၏လက်ဖြစ်သည်ကို မသိ - နောက်လော်လီသည် ပက်ချက်နန်းတော် ဆင်ဝင်အတွင်းသို့ ဆောင့်ဝင်သွားသည်။ မိတ်ဆွေများက ခင်ဗျားအား သယ်ယူသွားကြသည်။ ခင်ဗျားလည်း ထရံပြောင်တလင်းများဝန်းရံသော အခန်းတွင်းသို့ ရောက်သွားသည်။ အခန်းတွင်း၌ကား ခုံတန်းလျားရှည်ငါးလုံး၊ တလုံးနောက် တလုံးစီ၍ ချထားသည်။ ၎င်းခုံများပေါ်တွင် လူများသည် သတိအနေအထားနှင့်ထိုင်၊ ဒူးများပေါ်တွင် လက်များကပ်လျက်၊ ရှေ့တည့်တည့်မှ ထရံဟာလာဟင်းလင်းကို မလှုပ်မယှက်ကြည့်ရှုနေကြသည် ... အဲဒါကတော့ မောင်ရင်ရေ၊ မင်းကမ္ဘာသစ်ရဲ့ တစိတ်တပိုင်း၊ ဘိုင်စကုပ်ရုံလို့ခေါ် သတဲ့။
(၁၉၄၃ ခုနှစ်၊ မေဒေးနေ့ ကြားဖြတ်တူရိယာသံ)
ယနေ့ကား ၁၉၄၃ ခုနှစ် မေဒေးနေ့ဖြစ်သည်။ ကံကောင်းချင်တော့ ထောင်စောင့်ကလည်း သူစောင့်ချိန်အတွင်း စာရေး၍ဖြစ်နိုင်သော ထောင်စောင့် ဖြစ်နေသည်။ ဤသို့သော နေ့မျိုးတွင် ကွန်မြူနစ်သတင်းစာဆရာဘ၀သို့ ပြန်ရောက်လျက် ကမ္ဘာသစ်မှ တိုက်ခိုက်ရေး အင်အားစုတို့၏ မေဒေးပွဲသဘင်အကြောင်း သတင်းရေးနိုင်သည်မှာ ကံကောင်းလေစွတကား။
ဝေ့၍ဝေ့၍နေသော အလံမှားအကြောင်းကို ကြားရလိမ့်မည်ဟူ၍ကား မမြှော်လင့်လေနှင့်။ ထိုကိစ္စမျိုးကား မဟုတ်။ နားထောင်ကောင်းလှသော ကြွကြွရွရွလှုပ်ရှားမှုအကြောင်းကိုပင် ခင်ဗျားအားပြောမပြနိုင်။ ယနေ့ဘို့ အစစအရာရာကား ရိုးရိုးကလေးမျှသာဖြစ်လေသည်။ အခြားနှစ်များတွင် ပရာဟာမြို့၏ လမ်းမများမပေါ်၌ ကျွန်တော်မြင်ဘူးသကဲ့သို့ ထောင်သောင်းချီသော လူထုကြီး၏ ပေါက်ကွဲအံ့ဆဲဆဲဖြစ်နေသော လှိုင်းများလည်းမဟုတ်။ ကျွန်တော်မြင်ဘူးသည့် အတိုင်း မော်စကိုမြို့၏ ရင်ပြင်နီကိုလွှမ်းကြသော သန်းပေါင်းများစွာတို့၏ ပင်လယ်မျိုးလည်း မဟုတ်။ ဤနေရာတွင်ကား လူများကို သန်းချီ၍လည်းမမြင်ရ။ ရာ လိုက်လည်း မမြင်ရ။ ဤနေရာတွင်ကား ယောက်ျားမိန်းမရဲဘော်တချို့တို့ကိုသာ မြင်ရသည်။ သို့စဉ်လျက် သေးနုတ်ကား မသေးနှတ်ဟုထင်မိသည်။ တကယ် လည်း မသေးငယ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤသည်လည်းအင်အားပြပွဲ တရပ်ပင်ဖြစ်သည်။ အဟုန်အပြင်းထန်ဆုံးသော မီးပုံအတွင်းသို့ ဖြတ်ဝင်ယင်းက၊ ပြာအဖြစ်သို့ မကြွေသွားမူ၍ သံမဏိအဖြစ်သို့ပြောင်းလဲနေသော အင်အားများ ဖြစ်လေသည်။ စစ်မြေကတုတ်များအတွင်း၌ ပြုလုပ်သော ဗိုလ်ရှုသဘင်ဖြစ်သည်။ ကတုတ်ရင်တားများတွင်ကား စစ်မြေမှ မီးခိုးရောင် ညို့ညို့မှိုင်းကို ၀တ်ဆင်ကြသည်။
အစစအရာရာဟာ အသေးအမွှားကိစ္စကလေးတွေသာ ဖြစ်နေလို့ တနေ့ဒီဘ၀မျိုးမှာမနေခဲ့ရဘဲ ဒီစာကိုသာဖတ်ရမဲ့ ခင်ဗျားလိုလူမျိုးဟာ ဒီစာကိုနား လည်ပါ့မလား။ ဒါပေမယ့် နားလည်ဘို့ကြိုးစားပါ။ ဒီအသေးအဖွဲကလေးတွေမှာ အင်အားရှိတယ်ဆိုတာ ယုံပါ။
ဘဲထောဗ်န် ၏ ဂီတသံနှစ်ကြောင်းကို ထရံတွင် ခေါက်လျက်တဘက်အကျဉ်းခန်းမှ နှုတ်ဆက်လိုက်ပုံကား ယနေ့အဘို့ပိုမို၍ ခန်းနားလေးနက်သည်။ ထရံများလည်း အသံလှိုင်းများကိုမြှင့်၍ ပြန်ကြားကြလေသည်။
ကျွန်တော်တို့သည် အ၀တ်အစားရှိစုမဲ့စုမှ အကောင်းဆုံးတို့ကို ရွေး၍၀တ်ဆင်ကြသည်။ အကျဉ်းခန်းတိုင်းတွင်လည်း ဤသို့ပင် ပြုလုပ်ကြသည်။
နံနက်စာလာ၍ ပို့ကြသောအခါတွင် ကျွန်တော်တို့ကား ကျော့ကျော့မော့မော့ကြီး ဖြစ်နေကြလေပြီ။ ဖွင့်ထားသော တံခါးပေါက်တွင် ပေါင်မုန့် ကာဖီ အမြည်းနှင့် ရေတို့ကိုဆောင်ယူလာသည့် ထောင်ဘာယာများပေါ်လာကြသည်။ ရဲဘော် စကော်ယျှက်ပါသည်၊ ပေါင်မုန့်ကလေးနှစ်လုံးအစား သုံးလုံးထုတ်ပေး သည်။ ဤကား သူ၏ မေဒေးနေ့နှုတ်ခွန်းဆက်ပင်ဖြစ်လေသည်။ ဂရုစိုက်တတ်သော သူတဦး၏ အသက်ဝင်သော နှုတ်ဆက်နည်းဖြစ်လေသည်။ ပေါင်မုန့်များ၏ အောက်တွင် တယောက်လည်းချောင်းများက တယောက်လက်ချောင်းများကို ဖိနှိပ်လိုက်သည်။ စကားမပြောရဘူးလို့ ပိတ်ပင်ထားကြတယ်။ မျက်လုံးတွေကို တောင် အလစ်မပေးကြဘူး ဒါပေမယ့် ဆွံ့အနေတဲ့လူတွေတောင် လက်ချောင်းတွေနဲ့ ပြတ်ပြတ်သားသား စကားပြောနိုင်ကြတယ်မဟုတ်လား။
အမျိုးသမီးများသည် နံနက်ခင်းနာရီဝက် ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်ရန် ကျွန်တော်တို့ အကျဉ်းခန်းပြူတင်းပေါက်အောက်တည့်တည့်ရှိ ကွက်လပ်ထဲသို့ပြေးထွက်နေကြသည်။ ကျွန်တော်သည် စားပွဲပေါ်သို့တက်ကာ၊ သံတိုင်များအကြားမှနေ၍ အောက်သို့ငုံ့ကြည့်သည်။ ကျွန်တော့်အား မြင်ကောင်း မြင်ကြမည်။ မြင်လည်း မြင်ကြပေသည်။ သူတို့သည် နှုတ်ဆက်သည့်အနေဖြင့် လက်သီးဆုပ်များကို မြှောက်နေကြသည်။ ကျွန်တော်တို့ကလည်း ထို့အတူ ပြန်လည်နှုတ်ဆက်သည်။ ယနေ့သော်ကား အောက်ဘက်ရှိ ကွက်လပ်တွင် အစစအရာရမှာ အသက်ဝင်လှုပ်ရှားနေသည် အခြားနေ့များနှင့် လုံးဝကွာခြားနေ သည်။ ပိုမိုရွှင်မြူးလန်းဆန်းနေသည်။ ထောင်စောင့်ပုလိပ်မကား ဘာကိုမျှမမြင် သို့မဟုတ် ဘာကိုမျှမမြင်လိုသည်လည်း ဖြစ်ကောင်းဖြစ်ပေမည်။ ဤသည်ပင်လျှင် ယခုနှစ်မေဒေးပွဲသဘင်အတွင်းသို့ အကြုံးဝင်လေသည်။
ယခု ကျွန်တော်တို့၏ နာရီဝက်လေ့ကျင့်ခန်း။ ကျွန်တော်က လေ့ကျင့်ခန်းများကို ခေါင်းဆောင်သည်။ ဒို့လူတို့ ဒီနေ့ဟာ မေဒေးနေ့။ ထောင်စောင့်တွေ အံ့အားသင့်ချင်သင့်ကြပါစေ။ ငါတို့ကတော့ လေ့ကျင့်ခန်းကို တမျိုးတဖုံစကြစို့။ ပဌမလေ့ကျင့်ခန်း တစ် ... နှစ် ... တစ် ... နှစ်၊ တူနှင့်ထုချက်၊ ရိုက်ချက်များ။ နောက် ဒုတိယလေ့ကျင့်ခန်း ကောက်ရိတ်ဟန်။ တူနှင့် ကောက်ရိတ်တံဇဉ် ... အနည်းငယ်ကလေး နက်သွားအောင်တွေးလိုက်လျှင် ရဲဘော်များနားလည်လောက် ကြပေသည်။ တူနှင့် တံဇဉ်။ ဘေးပတ်လည်သို့ အကဲခတ်ကြည့်လိုက်သည်။ သူတို့သည် ပြုံးလျက် လေ့ကျင့်ခန်းကို အားတိုက်အင်တိုက် ထပ်၍လုပ်ကြသည်။ ရိပ်မိကြလေသည်။ ဒါပဲ ... ဒို့လူတို့ ... ဒါဟာ ငါတို့ရဲ့ မေဒေးအစည်းအဝေးကြီးပဲ၊ ဒီပန်တော်မိမာ ရဲ့အဓိပ္ပာယ်က ဘာလဲ။ ငါတို့ဟာ သေမင်းခံတွင်းထဲ ဆင်းနေကြရတာတောင် သစ္စာကိုစောင့်ထိန်းကြမယ်ဆိုတဲ့ မေဒေးနေ့ကျမ်းကျိန်ပွဲပဲ။
ပန်တော်မိမာ - မူရာပြ ပြဇာတ်။ စကားမပြောဘဲ ခြေပြလက်ပြ အမူအရာပြယင်း ဇာတ်ကြောင်းခင်းသွားသော ပြဇာတ်တို။
အကျဉ်းခန်းသို့ ပြန်ရောက်ကြပြီ။ ကိုးနာရီ။ ယခု ကရဲမလင် မှ နာရီစင်သည် ဆယ်ချက်မျှ ရိုက်ဆော်လိုက်ပြီဖြစ်သည်။ ယင်ပြင်နီတွင် ဗိုလ်ရှုသဘင်ကြီး စပေပြီ။
ကရဲမလင် - မော်စကိုမြို့လည်ရှိ နန်းတော်မြို့။ ဆိုဗိယက်အစိုးရ၏ ဗဟိုဌာနဖြစ်သည်။
ဘရေ ... သူတို့နဲ့ လိုက်ကြရအောင်လေ။ အခုဆိုရင် အင်တာနေရှင်နယ်သီချင်းကြီးကို ဆိုနေကြပြီ။ ကမ္ဘာတ၀ှမ်းလုံးမှာလဲ ဒီအင်တာနေရှင်နယ် သီချင်းသံ ၀ဲပျံပြီးနေတာမို့ ကျွန်တော်တို့ အကျဉ်းခန်းထဲမှာလဲ ဒီသီချင်းသံ ပြည့်နက်သွားပစေ။ ကျွန်တော်တို့ကား သီချင်းဆိုကြသည်။ ၎င်းနောက် တော်လှန်ရေးသီချင်း တပုဒ်ပြီးတပုဒ် ပေါ်လာသည်။ ကျွန်တော်တို့ကား အဖော်ကွဲ၍မနေလိုကြ။ အမှန်အားဖြင့် ကျွန်တော်တို့သည် အဖော်ကင်းမဲ့နေကြသည်မဟုတ်။ စင်စစ်အားဖြင့် ကျွန်တော်တို့ကား ယခုအချိန်တွင် လွတ်လွတ်လပ်လပ် နေထိုင်ယင်း အချုပ်အချယ်မရှိဘဲ သီချင်းဆိုနေယင်းက၊ ကျွန်တော်ကဲ့သို့ပင် တိုက်ပွဲဝင်နေကြသူများနှင့် တဂိုဏ်းတည်း တဖွဲ့တည်း ဖြစ်ကြပေသည်...
အင်တာနေရှင်နယ်သီချင်းကြီး- ကမ္ဘာ့ပစ္စည်းမဲ့တို့၏ သီချင်း၊ ကမ္ဘာတ၀ှမ်းလုံးရှိ ကွန်မြူနစ်များတော်လှန်ရေးသမားများ၏ သီချင်းဖြစ်သည်။ စာသားကိုရေးစပ်သူမှာ အဲဇဲန် ပေါ်တယဲ ခေါ် ပြင်သစ်အလုပ်သမား၊ တော်လှန်ရေးသမားဖြစ်၍ ပါရီကွန်မြူးန်တွင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ဂီတကိုဖွဲ့နွဲ့သူမှာ ပီယဲရ်ဒဂေတဲရ် ခေါ် ပြင်သစ်အလုပ် သမား၊ သီချင်းရေးဆရာတဦးဖြစ်သည်။
(တဗားရစ်ရှ်ချဖှ ကျူးရ်မာ့ခ်၊
ဗဇာစကျဲန်းကာ့ခ် ခါလော့ဒ်နီးခ်၊
ဗီ ဆနားမီ၊ ဗီ ဆနားမီ၊
ခို့ခ်ျညိ့တ်ဗာ့စ်ဖှ ကလောနာ့ခ် ... )
“ဒါး ... မီ ဆဗားမီ။”
ကျွန်တော်တို့သည် ၁၉၄၃ ခုနှစ် မေဒေးနေ့ပွဲသဘင်ကို အကျဉ်းခန်း ၂၆၇ ၌ ဤသို့လျှင် အဆုံးသတ်ရန် ကြံစည်ခဲ့ကြပါသည်။ သို့သော် အမှန်အားဖြင့် ထိုသို့အဆုံးသတ်ခဲ့ပါသလော။ အကျဉ်းခန်းများရှိ ယောက်ျားများအားတက်ကြစေရန် တပ်နီတော် စစ်သီချင်းကို လေချွန်ရင်း၊ ပြောက်ကျားတပ်သားသီချင်းကို လေချွန်ရင်း၊ အခြားဆိုဗိယက်သီချင်းများကို လေချွန်ရင်း ယခုနေ့လည်ပိုင်းတွင် မြေကွက်လပ်တလျှောက် လမ်းလျှောက်နေသော ထောင်ဘာယာအမျိုးသမီးအကြောင်းအကိုလည်း ထည့်ပြောရန် မလိုတော့ပြီလော။ ကျွန်တော့်ထံ စက္ကူနှင့် ခဲတံယူလာကာ ယခုလည်း တစုံတယောက်က ရုတ်တရက်ဝင်လာ၍ ကျွန်တော်စာရေးနေသည်ကို အလစ်မဖမ်းနိုင်ရန် စင်္ကြံတွင် စောင့်ကြပ်ပေးနေသောသူ၊ ချက်အမျိုးသား ထောင်စောင့်တို့၏ ယူနီဖောင်းကို ၀တ်ဆင်ထားသည့် ယောက်ျားတယောက်၏ အကြောင်းကိုလည်း မပြော၍ဖြစ်ပါ့မည်လော။ ဤစာရေးခြင်းကို အကယ်ပင် အစပျိုးပေးလိုက်ကာ၊ ဤစာရွက်ကလေးများကိုလည်း ယူထုတ်သွားလျက် အချိန်ကျသောအခါတွင် အလင်းသို့ပေါ်ထွက်လာအောင် စေ့စေ့စပ်စပ်သိမ်းဝှက်ပေးနေသော အခြားယောက်ျားတယောက်၏ အကြာင်းကိုလည်း မကျန်တော့သလော။ ဤစာရွက်ကလေး တပိုင်းတစကြောင့်ပင်၊ သူတို့ ခေါင်းပြုတ်သွားနိုင်သည်။
တဗားရစ်ရှ်ချဖှ ကျူးရ်မာ့ခ်၊
ဗဇာစကျဲန်းကာ့ခ် ခါလော့ဒ်နီးခ်၊
ဗီ ဆနားမီ၊ ဗီ ဆနားမီ၊
ခို့ခ်ျညိ့တ်ဗာ့စ်ဖှ ကလောနာ့ခ် ...
- ဖူးချစ်သည် ဤသီချင်းကို မူရင်းရုရှားအသံထွက်ဖြင့် ရေးခဲ့သည်။
“ထောင်များအတွင်းက ရဲဘော်တို့ရယ်
အေးစက်လှတဲ့ တံတိုင်းများနောက်ဝယ်
ငါတို့နဲ့အတူတူ မချီတက်နိုင်ပေမယ့်လဲ
မင်းတို့ဟာ ငါတို့နဲ့အတူတကွပဲ၊ မင်းတို့ဟာ ငါတို့နဲ့အတူတကွပဲ။
“ဒါး ... မီ ဆဗားမီ။” - (ရုရှားစကား) အေး ... ငါတို့ဟာ မင်းတို့နဲ့ အတူတကွပဲ။
သူတို့ကား သံတိုင်များကာထားသော ယနေ့နှင့် လွတ်လပ်သော မနက်ဖြနအကြား ပေါင်းကူးတံတားများ ဖြစ်ကြရန် စွန့်စားနေကြသည်။ သူတို့ကား တိုက်ပွဲဝင်နေ ကြသည်။ မြေ၏ အနေအထားအလိုက်၊ ရှိသမျှသောနည်းလမ်းများကိုသုံးကာ ရောက်နေရာ၌ ရပ်တည်ရင်း သစ္စာရှိစွာတိုက်ခိုက်နေကြသည်။ ကြောက်စိတ်ကင်းမဲ့ စွာ တိုက်ပွဲဝင်နေကြသည်။ သူတို့တွင် ဟိတ်ဟန်ဟူ၍မရှိ၊ မသင်္ကာစရာလည်း မပေါ်၊ ဂရုဏာပြသော အမူအရာမျိုးပင် လုံးဝကင်းမဲ့နေသည်။ ထို့ကြောင့်လည်း အသက်နှင့်သေဘေးတို့၏ ရင်ဆိုင်တိုက်ပွဲတွင် ထိုသူများကား မိတ်ဆွေများဘက်မှ ရပ်တည်နေကြသည်၊ တိုက်ပွဲအတွင်း ကျဆုံးရန်အလားအလာနှင့် အောင်မြင် ရန်အလားအလာများ သူတို့တွင် ဆတူရှိနေကြသည်ဟူသော အချက်တို့ကို ခင်ဗျားအနေနှင့် လုံးဝရိပ်မိနိုင်မည် မဟုတ်ပေ။
မေဒေးဗိုလ်ရှုသဘင်များ၌ တော်လှန်ရေးတပ်မတော်သားများ ချီတက်ကြသည်ကို ခင်ဗျားဆယ်ကြိမ် အကြိမ်နှစ်ဆယ်မျှ မြင်ခဲ့ရသည်။ ခမ်းနားပေစွ တကား။ သို့သော် တကယ့်တိုက်ပွဲအတွင်းသို့ ရောက်ခါမှ ဤတပ်မတော်ကြီး၏ အင်အားအစစ်အမှန်ကို တန်ဘိုးဖြတ်နိုင်တော့သည်။ သေခြင်းဟူသည်ကား ခင်ဗျားထင်ခဲ့သည့်ထက် ပို၍ရိုးနေသေးသည်။ သတ္တိရှိခြင်း၏ မျက်နှာမှလည်း ရောင်ခြည်များဖြာထွက်သည်ထက်ပင် ပိုမို၍ရက်စက်ကြမ်းကြုတ်သည်။ တိုက်ပွဲအ တွင်း ကြန့်ကြန့်ခံလျက် အောင်ပွဲအထိ ချီတက်သွားရန်အလို့ငှာ အတိုင်းမသိသော အင်အားများရှိရန်လိုပေသည်။ ယင်းသို့သော အင်အားများ လှုပ်ရှားနေသည်ကို နေ့စဉ်နှင့်အမျှ မျက်မှောက်ပြုနေရသော်လည်း အမြဲတစေအားဖြင့်သော်ကား ထိုအင်အားတို့ကို ခင်ဗျားအနေနှင့် အပြည့်အ၀သတိပြုမိသည် မဟုတ်ပေ။ အစစအ ရာရာကား ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်ပေါ်နေကြသည်ဟု ထင်ခဲ့သည်။
ယနေ့ ၁၉၄၃ ခုနှစ်၊ မေဒေးနေ့ ဗိုလ်ရှုသဘင်တွင် ...
အဆိုပါ အင်အားစိုတို့ကို ခင်ဗျားသတိပြုမိပြန်လေပြီ။
၁၉၄၃ ခုနှစ်၊ မေဒေးနေ့သည် ဤဇာတ်ကြောင်းကို ခေတ္တမျှဝင်၍ဖြတ်ခဲ့ပါသည်။ သို့ဖြစ်သည်ကား ကောင်းပင်ကောင်းနေသေးသည်။ ပွဲလမ်းသဘင် ကျင်းပသောနေ့များဝယ်၊ လူတို့သည် အတိတ်မှ အဖြစ်အပျက်တို့ကို တမျိုးတဖုံ လှီးလွှဲ၍ သတိရတတ်ကြသည်။ ယနေ့လွှမ်းမိုးနေသော ပျော်ရွှင်မှုသည်လည်း ကျွန်တော်၏ စမြုံ့ပြန်ခြင်းတို့ကို အရောင်တမျိုး ချယ်ကောင်း ချယ်ပေလိမ့်မည်။
ပက်ချက်နန်းတော်ရှိ “ဘိုင်စကုပ်ရုံ” သည်ကား၊ မည်သည့် ရှုထောင့်မှကြည့်ကြည့် ရွှင်မြူးဘွယ်ရာ အကယ်ပင် ကင်းမဲ့နေသော နေရာတနေရာဖြစ် လေသည်။ ဤသည်ကား ညှဉ်းပမ်းရာ အခန်းတွင်းသို့မ၀င်မီ စောင့်နေရသည့် အရှေ့ခန်းဖြစ်သည်။ ထိုနေရာမှနေ၍ အခြားသူများ၏ ညီးတွားသံများ၊ တုန်လှုပ်စွာ အော်ဟစ်သံများကို ကြားရသည်။ ခင်ဗျားကို ဘာလုပ်ကြမည်မသိ။ လူတို့သည် ဤအခန်းမှ ကျန်းမာသန်စွမ်း၊ သွက်လက်စွာ ထွက်ခွာသွားသည်ကို ခင်ဗျားတွေ့ လိုက်ရသည်။ နှစ်နာရီ၊ သုံးနာရီမျှ အစစ်ခံရပြီးသည့်နောက်ပိုင်းတွင်ကား ပေါက်ပြဲကျိုးပဲ့လျက် ပြန်လာကြသည်ကို တွေ့ရသည်။ အစစ်ခံရန် နာမည်ကို ခေါ်လိုက် သည်တွင် ပြတ်ပြတ်သားသား ထူးလိုက်သောအသံကို ကြားရသည် တနာရီအကြာတွင် နာကျင်ခြင်း၊ အဖျားတက်ခြင်းတို့ဖြင့် ဖျော့နေသော အသံသဲ့သဲ့သည် အသံရှင်၏ ပြန်ထွက်လာခြင်းကို ကျေညာလေသည်။ ထို့ထက်ဆိုးသော အရာတရပ်ရှိသေးသည်။ လူတို့သည် ငြိမ်သက်ဖြောင့်မတ်သော မျက်နှာထားဖြင့် ၀င်သွား ကြသည်ကို တွေ့လိုက်ရလျက်၊ ၎င်းတို့ပြန်လာကြသောအခါတွင်ကား ခင်ဗျားနှင့်မျက်လုံးချင်းမဆိုင်ကြတော့ပေ။ အပေါ်ထပ်တနေရာ၊ စစ်ဆေးသောအခန်းတခန်း ၀ယ် ပျော့သွားသော အချိန်ကလေးတချိန် ယုတ်စွအဆုံး မဆုံးဖြတ်နိုင်သော အခိုက်ကလေးတခိုက်၊ ကြောက်စိတ်လွှမ်းခဲ့သော တဒင်္ဂ၊ သို့မဟုတ် ငါတည်းဟူ သော ကိုယ်ကာယကို ကာကွယ်လိုစိတ်ကြောင့် ယနေ့ဖြစ်စေ၊ နက်ဖြန်ဖြစ်စေ၊ ဤနေရာသို့ လူသစ်များရောက်လာကြတော့မည်။ တုန်လှုပ်ဘွယ်ရာများကို အစမှ နေ၍ ခံစားကြရတော့မည်။ ထိုလူသစ်များကား တိုက်ပွဲအတွင်း ရဲဘော် ရဲဘက်တယောက်က၊ ရန်သူ့လက်တွင်း ထိုးအပ်ခြင်းကို ခံလိုက်ရသော သူများပင်ဖြစ်လေ သည်။
စိတ်ဓာတ် အချိုးခံလိုက်ရသောသူများကို ကြည့်ရခြင်းသည်၊ ကိုယ်ကာယထုထောင်းနှိပ်စက်ခြင်းခံသော သူများအား မြင်ရခြင်းထက် ပို၍ဆိုးဝါးလေ သည်။ အနီးအပါး၌ရစ်ဝဲနေသော သေခြင်းသဘောတရားဖြင့် ဆေးကျောထားသည့် မျက်လုံးများလည်းရှိ၍၊ သေရာမှပြန်ထလာခြင်းကြောင့် ခါးနေသောခံစားမှု လည်းရှိမည်ဟုဆိုက၊ မည်သူသည်ယိုင်သွားခဲ့ပြီ၊ မည်သူသည် မိမိ၏၀ိဉာဉ်တနေရာကလေးတွင် ငါ၏တိုက်ပွဲဝင်ဘက်တော်သားများအနက် အရေးမကြီးဆုံး သော ဖော်ထိုက်လိုက်ရလျှင်၊ ငါ၏ကိုယ်အတွက် သက်သာမှုအနည်းငယ်ရစေလိမ့်မည်ဟု စိတ်ကူးမိခဲ့ပြီ၊ စသောအကြောင်းတို့ကို ခင်ဗျားအားမည်သူက မပြောဘဲ နှင့် စိတ်တွင်းကသိရှိနိုင်သည်။ အသဲကြောင်လိုက်တဲ့ သတ္တ၀ါတွေ။ ရဲဘော်ရဲဘက်တယောက်ရဲ့ အသက်ကိုပေးပြီး ၀ယ်ခဲ့ရတဲ့နောက်၊ မင်းတို့ရဲ့ဘ၀ဟာ သတီစရာ ရှိပါတော့မလား။
ဤသည်ကား “ဘိုင်စကုတ်ရုံ”တွင်ပဌမဆုံးအချိန်ထိုင်ခဲ့စဉ်က ဦးဦးဖျားဖျားပေါ်ပေါက်လာသောစိတ်ကူးများ ဟုတ်ချင်မှဟုတ်မည်။ သို့သော်လည်း ထို စိတ်ကူးများသည် ဤနေရာတွင် ထပ်ခါထပ်ခါပေးလာတတ်သည်။ ထိုနေ့နံနက်တွင် ရောက်သွားသည့်အခြားနေရာတနေရာ၌ကား ထိုစိတ်ကူးသည် အကယ်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနေရာကား “ဘိုင်စကုတ်ရုံ” နှင့်အနည်းငယ်ကွာခြားသည်။ ထိုနေရာကားသိမြင်မှုတို့၏ အကြွယ်ဝဆုံးရေသောက်မြစ်ဖြစ်လျက်၊ နံပါတ် “လေးရာ” ဟု အမည်တွင်လေသည်။
ကျွန်တော်သည် “ဘိုင်စကုတ်ရုံ” ထဲတွင် ကြာမြင်စွာထိုင်မနေခဲ့ရ၊ တနာရီသို့မဟုတ် တနာရီခွဲသာကြာမည်။ နောက်ကျွန်တော်၏ ကျောဘက်မှ ကျွန် တော်၏အမည်ကို ခေါ်သံပေါ်လာကာ၊ အရပ်ဝတ်အရပ်စားနှင့် ချက်စကားပြောတတ်သူ ပုလိပ်နှစ်ယောက်က ကျွန်တော့်အားဓာတ်လှေခါးသို့ ခေါ်ဆောင်သွား သည်။ လေးထပ်ပေါ်အထိတက်၍ ကျယ်ပြန့်သော အခန်းကြီးတခန်းအတွင်းသို့ ခေါ်သွားကြသည်။ ထိုအခန်း၏ တံခါးပေါ်တွင် တပ်ဆင်ထားသည့် ဂဏန်းကား ...
၄၀၀
ဟူ၍ဖြစ်ပသည်။
ရောက်စက သူတို့၏မျက်စေ့အောက်တွင် ကျွန်တော်တယောက်ထီးတည်းသာ ထိုင်နေရသည်။ နောက်ဆုံးထရံမှာ သီးသန့်၍ချထားသော ကုလား ထိုင်တလုံးတွင် ထိုင်နေရသည်။ ထိုနေယင်းက၊ ယခုဖြစ်ပျက်နေသော အတွေ့အကြုံကို ယခင်တခါ ကြုံတွေ့ခဲ့ရဘူးသည်ဟူသော ခံစားမှုဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုမိသည်။ ဒီနေရာကို ငါရောက်ခဲ့ဘူးသလား၊ မရောက်ဘူးပါဘူး။ ဒါပေမဲ့ ဒီအခန်းကိုငါသိပါတယ်။ ဤအခန်းကို ကျွန်တော်မှတ်မိသည်။ အိပ်မက်ထဲ၌မက်ဘူး သည်။ ဤနေရာအကြောင်း ကြမ်းကြုတ်လှသော ချောက်အိပ်မက်ကြီး မက်ဘူးသည်။ ချောက်အိပ်မက်ကြောင့် အသွင်အပြင်လည်း ရွဲ့စောင်း၊ အနေအထားလည်း စက်ဆုတ်စရာကောင်းနေခဲ့သည့်တိုင်အောင် ထိုနေရာကို မမှတ်မိနိုင်သည့် အထိကားမရောက်။ ယခုသော် ဤအခန်းသည် ဖော်ဖော်ရွေရွေဖြစ်နေသည်။ နေ့၏ အလင်းရောင်နှင့် ကြည်လင်သောရောင်စုံများ သန်းနေကြသည်။ သံတိုင်များ ခပ်ကြဲကြဲတပ်ထားသော ပြူတင်းပေါက် ကျယ်ကျယ်ဝန်းဝန်းများ၏အလွန်တွင်၊ တင်း ဘုရားရှိခိုးကျောင်း၊ စိမ်းစိုသော လဲ့တနာနှင့် ဟရာ့ဒချန်နီ ရဲတိုက်တို့ကို မြင်နိုင်ပေသည်။ ကျွန်တော်၏ အိပ်မက်ထဲတွင်ကား၊ အဆိုပါအခန်းတွင် ပြူတင်း ပေါက်များမရှိ၊ မှုန်မှုန်သိုးသိုးဖြစ်နေသည်။ ညစ်ပတ်သော အလင်းရောင်ဝါကျင့်ကျင့်သာ ပက်ဖြန်းထားသည်။ လူများသည်လည်း အရိပ်များနှင့် တူနေခဲ့သည်။ ဟုတ်သည်၊ ဤနေရာတွင် လူများရှိခဲ့သည်။ ယခုသော် တခန်းလုံး ဗလာဟင်းလင်းဖြစ်နေလျက်၊ တလုံးနောက်တလုံး စီ၍ချထားသော ခုံတန်းရှည်ခြောက်လုံး ကား၊ ပန်းဝါ၀ါ၊ ပန်းဖြူဖြူကလေးများ ပေါက်နေသည့် မြက်ခင်းကလေးနှင့်တူနေလေသည်။ အိပ်မက်ထဲတွင်မူ၊ ခုံတန်းများမှာ တယောက်ဘေးတယောက်ကပ်၍ ထိုင်နေရသော လူများဖြင့် ပြည့်နေခဲ့သည်။ ၎င်းတို့၏ မျက်နှာများမှာလည်း ဖျော့ရော့နေသည်၊ သွေးများစွန်းနေသည်။ ထို့နောက် တံခါးဘေး ထိုတနေရာဝယ် အလုပ်သမားဝတ်စုံအပြာရောင်ကို ၀တ်ထားသော လူတယောက်။ သူသည် ရေ ... ရေကို တောင့်တယင်းရပ်နေကာ၊ လျှောကျလာသော ကုလားကာကဲ့သို့ မြေ ပေါ်သို့ ဖြည်းညင်းစွာ ခွေကျသွားလေသည်။
ဟုတ်သည်။ ဤသို့ပင်ဖြစ်သည်။ အိပ်မက်ကားမဟုတ်။ ယခုအကြောင်းမှန်ကို သိပြီ။ ထိုရက်စက်ကြမ်းကြုတ်သော အဖြစ်အပျက်၊ အဖျားသွေးများ တက်စေသည့် အဖြစ်အပျက်ကား၊ အကယ်ပင်ဖြစ်ပွားခဲ့သည်။
ကျွန်တော်အဖမ်းခံရ၍ ပဌမဆုံးအကြိမ် အစစ်ဆေးခံရသော ညက ဖြစ်လေသည်။ သူတို့အနားယူလိုသော အချိန်၊ သို့မဟုတ် အခြားသူများအား ကိုင် တွယ်လိုကြသည့် အချိန်များတွင် ကျွန်တော့အား ဤနေရာသို့ခေါ်၍ ခေါ်၍လာကြသည် - သုံးကြိမ်လား၊ ဆယ်ကြိမ်လားမသိ၊ သိနိုင်ပါဘူးလေ။ ကျွန်တော့တွင် ဘိနပ်များမပါ။ အကွက်ရိုက်ထားသော အုပ်ကျွတ်ကြမ်းခင်းများက၊ ပွန်းပဲ့နေသော ခြေဖ၀ါးများကို၊ နူးနူးညံ့ညံ့အေးမြ စေခဲ့သည်ကို သတိရပါသည်။
ထိုစဉ်အခါက ခံတန်းလျားများမှာ ယွန်ကားစ် လက်နက်စက်ရုံများမှာ အလုပ်သမားတို့ဖြင့် ပြည့်လျှံနေခဲ့သည်။ ဂက်စတာပိုက တညနေခင်းပိုက်ဆွဲရာ တွင် ပါလာသူများဖြစ်သည်။ အလုပ်သမား အ၀တ်ပြာကို ၀တ်ထားသည့် တံခါးနားမှလူကား ယွန်ကားစ် စက်ရုံအတွင်းရှိ စက်ရုံကလာပ်စည်းမှ ရဲဘော် ဘာရတော် ည်ဖြစ်သည်။ ကျွန်တော်အဖမ်းခံရသည့်အကြောင်းမှာ သူနှင့်တနည်းအားဖြင့် ဆက်စပ်နေသည်။ ဤအချက်ကိုရေးသည်မှာ ကျွန်တော်၏ကိစ္စတွင် တစုံတယောက် ၏ သစ္စာဖောက်ခြင်း၊ သူရဲဘော်ကြောင်ခြင်းတို့မပါဝင်၊ သတိလစ်ဟင်းမှုနှင့် ကံမကောင်းအကြောင်းမလှခြင်းတို့ကြောင့်သာ ဖြစ်ရသည်ကို ရှင်းလင်းစွာသိကြစေ ရန်ဖြစ်သည်။ ရဲဘော် ဘာရတော်ည်သည် မိမိ၏ကလာပ်စည်းနှင့် ပါတီခေါင်းဆောင်မှုအကြား အဆက်အသွယ်များရရန် ရှာဖွေနေခဲ့သည်။ သူ၏ မိတ်ဆွေဖြစ်သူ ရဲဘော် ယဲလီနက် က အဆက်အသွယ်ရအောင် စီစဉ်ပေးပါမည်ဟု ကတိပြုလိုက်လေသည်။ ရဲဘော် ယဲလီနက်သည် ရှေးဦးပဌမ ကျွန်တော်နှင့် တိုင်ပင်သင့် သည်။ သူနှင့် လုံးဝမပတ်သက်စေပဲ၊ ကိစ္စကို ပြီးမြောက်အောင်လုပ်သင့်သည်။ ထိုသို့ပြုလုပ်ရမည့်အစား လျှို့ဝှက်မှုစည်းကမ်းကို တနည်းအားဖြင့် ဂရုမမူဘဲ ဖွင့်ဟ ၍ ကတိပေးလိုက်ခြင်းကား အမှားတရပ်ဖြစ်လေသည်။ ဒုတိယ - ပို၍ ကြမ္မာငင်သော အမှားကား ရဲဘော်ဘာရတော်ည်သည် ထိုအကြောင်းကို လူတယောက်အား ယုံစား၍ ဖွင့်ပြောမိခြင်းဖြစ်သည်။ ထိုသူကား ရန်သူ့တလျှိုတယောက်ဖြစ်လျက် ဒဗောယျတ် ဟုခေါ်သည်။ ရဲဘော် ဘာရတော်ည်က၊ ယဲလီနက်၏အမည်ကို ထိုသူ့ အား ဖွင့်ပြောမိသည့်အတွက် ယဲလီနက်တို့၏အကြောင်းသည် ဂက်စတာပိုထံသို့ ရောက်သွားလေသည်။ နှစ်နှစ်ကြာမျှ ကောင်းမွန်စာထမ်းဆောင်ခဲ့သော တာဝန် လုပ်ငန်းများကြောင့်ကား ဘာမျှမဖြစ် တနေရာတွင်အကူအညီကလေး တခုပေးပါရန်၊ လျှို့ဝှက်မှုစည်းကမ်းများမှ ခြေလှမ်းကလေးတကွက်မှား၍ နင်းလိုက်မိသော ကြောင့် ဤသို့ဖြစ်သွားရပေမည်။ ကျွန်တော်လာမည်ဟု ချိန်းထားသောညတွင်မှ ပက်ချက်နန်းတော်မှ ဂက်စတာပိုများက၊ ယဲလီနက်တို့လင်မယားအား ဖမ်းဆီး ရန်ဆုံးဖြတ်ကြခြင်း၊ ဤမျှလောက် အင်တိုက်အားတိုက် တပ်ချီလာခြင်းတို့ကား၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်မျှသာ ဖြစ်သည်။ အမှန်အားဖြင့် အစီအစဉ်အတိုင်း ဆိုလျှင် ယဲလီနက်တို့အား နောက်တနေ့မှ ဖမ်းဆီးကြရမည်ဖြစ်သည်။ သို့သော် ယွန်ကားစ်များအတွင်းရှိ ကလာပ်စည်းကိုအောင်မြင်စွာ မြေလှန်လိုက်မိကြသဖြင့်၊ သွေးတကြွကြွဖြစ်နေကြကာ၊ ယဲလီနင်တို့ထံမတော်တဆ “လေကောင်း လေသန့်ရှာရန်” ထွက်လာကြသည်ဟူ၍ပင်ဆိုနိုင်သည်။ ပုလိပ်များဝင်လာသဖြင့် ကျွန်တော်တို့အံ့အားသင့်သွားခဲ့သည်မှာ သူတို့အနေနှင့် ကျွန်တော့်အားတွေ့ရသောကြောင့် အံ့အားသင့်သွားထက်မပိုပါပေ။ သူတို့ကား မည်သူ့ကိုဖမ်းကြောင်း ပင်မသိ။ စင်စစ်အားဖြင့် ကျွန်တော်မည်သူဖြစ်သည်ကို နောင်တွင်လည်း သိနိုင်စရာအကြောင်းမရှိ။ သို့သော် ကျွန်တော်နှင့် တချိန်တည်း ...
သို့သော်လည်း အခန်းနံပါတ်လေးရာမှ၊ ပထမစိတ်ကူးများနှင့် ဆက်သွယ်နေသော ဤအချက်ဆီသို့ နောက်အတော်ကလေးကြာတော့မှ ဆိုက် ရောက်လာပါသည်။ ထိုအချိန်တွင်ကျွန်တော်ကား တယောက်ထီးတည်းလည်းမဟုတ်တော့။ ခုံတန်းရှည်များပေါ်တွင်သာမက၊ အခန်းပတ်လည်ရှိ နံရံများတွင် လည်း လူများပြည့်နေသည်။ နာရီများရွေ့လျားသွားတိုင်း အံ့သြဖွယ်ရာအချက်အလက်များလည်း တိုး၍တိုး၍လာပါသည်။ ကျွန်တော်နားမလည်နိုင်လောက်အောင် ထူးခြားသော အံ့အားသင့်စရာများကိုလည်း တွေ့ရသည်။ နားလည်နိုင်လွန်းလောက်အောင် ဆိုးဝါးသော အံအားသင့်စရာများကိုလည်း တွေ့ရသည်။
ပထမဦးစွာ ကြုံတွေ့ရသော အံ့အားသင့်ဖွယ်ရာ အဖြစ်အပျက်ကား အထက်ပါနှစ်မျိုးနှစ်စားအနက် မည်သည့်အမျိုးအစားသို့မှ အကြုံးမ၀င်ပါ။ လူ့ စိတ်ကို ကြည်နူးစေသော အသေးအဖွဲကိစ္စကလေးတရပ်မျှသာဖြစ်လျက် မည်သူ့အတွက်မျှ အရေးကြီးသော ကိစ္စမဟုတ်ပါပေ။
ကျွန်တော့်အနီးတွင် ဂက်စတာပိုတယောက် ရပ်နေပါသည်။ ကျွန်တော့်အား ဖမ်းဆီးစက ကျွန်တော်၏အိတ်များကို လှန်လှောရှာဖွေဖြစ်ကြောင်း မှတ် မိပါသည်။ ယခုသည် ကျွန်တော့်အား စောင့်ကြည့်နေရာမှ သောက်လက်စ စီးကရက်တလိပ်ကို ကျွန်တော့်ထံ ပစ်ပေးလိုက်ပါသည်။
ရက်သတ္တသုံးပတ်အတွင်း ပထမစီးကရက် ... ကမ္ဘာမြေပေါ်သို့ ဒုတိယအကြိမ်ပြန်ရောက်လာသူအတွက် ပထမစီးကရက် ... ကောက်ယူလိုက်ရမ လား၊ ဒါမှမဟုတ် စီးကရက်တလိပ်နဲ့ ကျွန်တော့်ကိုဝယ်လို့ရပြီးဆိုပြီး ယူဆမှာလား။ သို့ရာတွင် စီးကရက်နှင့်အတူပါလာသည့် သူ၏အကြံတွင် ဤသဘောမျိုးကို လုံးဝမတွေ့ရ။ သူကား မည်သူ့ကိုမျှ ၀ယ်ယူလိုပုံမပေါ်ချေ။ သို့သော်ကျွန်တော်ကား စီးကရက်တလိပ်လုံးကုန်သည်အထိ မသောက်နိုင်၊ မွေးကာစ ကလေးများကား စီးကရက် အသောက်ကြူးသူများ မဟုတ်ပေ။
ဒုတိယအံအားသင့်စရာကိစ္စကား ဤသို့တည်း။ လူလေးယောက်သည် တယောက်နောက် တယောက်စီတန်းလျက်ဝင်လာကြကာ စောင့်ကြပ်နေကြ သော အရပ်ဝတ်အရပ်စားပုလိပ်များကိုသာမက ကျွန်တော့်ကိုပါ ချက်စကားဖြင့် နှုတ်ဆက်ကြသည်။ ၎င်းနောက်စားပွဲများတွင် ထိုင်၊ စာရွက်ဖိုင်တွဲများဖွင့်၊ စီးက ရက်များသောက်၊ ရုံးအလုပ်သမားများကဲ့သို့ လွတ်လွတ်လပ်လပ်မှ တကယ့်ကိုလွတ်လွတ်လပ်လပ်ကြီး ပြုမူကြသည်။ ဟာ ... ဒီလူတွေကို ငါအသိသားပဲ၊ အနည်း ဆုံး သုံးယောက်ကိုဖြင့် သိပါတယ်။ ဂက်စတာပို ဘက်တော်သားတွေတော့ ဖြစ်မသွားနိုင်ပါဘူး။ ဒါမှမဟုတ် ရန်သူတွေများ ဖြစ်ကုန်ကြပြီလား။ သူတို့လိုလူတွေ တောင် ဒီလိုဖြစ်ကုန်ကြပြီလား။ ကြည့်စမ်းပါလား ဟိုလူဟာ ၇ ... ပါ။ တခါတုန်းက ပါတီနဲ့အလုပ်သမားသမဂ္ဂအတွင်းရေးမှူး။ လူက အရိုင်းလိုလို၊ ဒါပေမယ့် သစ္စာ ရှိတယ် မဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူး။ ဒီဘက်က အန်ကာဗိကောဗား၊ ခါတိုင်းလိုပဲ ကိုယ်က ခပ်တောင့်တောင့်လှတုန်း၊ ပတုန်း၊ ဆံပင်ကတော့ လုံးလုံးဖြူနေပြီ။ ခိုင်ခိုင်မြဲမြဲနဲ့ တိုက်ပွဲထဲခေါင်းမာမာနဲ့ဝင်ခဲ့တဲ့ မိန်းမတယောက် မဟုတ်သေးပါဘူး၊ မဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့ ဗားရှက်၊ မြောက်ပိုင်း ဘောဟီးမီးယား၊ မီးသွေး တွင်းတွေက ပန်းရံသမားတယောက်၊ ခရိုင်ပါတီအတွင်းရေးမှူးလဲ လုပ်ခဲ့သေးတယ်။ သူ့ကို ဘယ်နဲ့လုပ်ပြီး မသိဘဲနေနိုင်ပါ့မလဲ။ သူနဲ့ငါနဲ့ တူတူတွဲပြီး ခါးကျိုး မတတ် အလုပ်လုပ်ယင်း၊ မြောက်ပိုင်းဒေသ တိုက်ပွဲတွေကို မျက်နှာချင်းဆိုင်ခဲ့ကြတယ် မဟုတ်လား။ မဟုတ်သေးပါဘူး၊ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီမှာဘာလာ လုပ်နေကြတာလဲ၊ ဘာတွေလုပ်နေကြသလဲ။
ဘာတွေလုပ်နေကြသလဲ။ - ဂက်စတာပိုများသည် နံပါတ်လေးရာ၌ အကျဉ်းသမားများအား ဘာသာပြန်အလုပ် စသည်တို့ကို လုပ်ခိုင်းကြသည်။ အကျဉ်းသမားများ ကလည်း ထိုအခွင့်အရေးကိုသုံး၍ ရန်သူဆန့်ကျင်ရေးလုပ်ငန်းများ လုပ်ကြသည်။ နံပါတ်လေးရာတွင် ပုလိပ်အချို့တို့ကိုပင် စည်းရုံးထားနိုင်သဖြင့် အချို့သော အချိန်များတွင် ကွန်မြူနစ်အကျဉ်းသမားများကို ချုပ်နှောင်ထားရာအခန်းနှင့် မတူတောဘဲ၊ တော်လှန်ရေးသမားများ၏ ဌာနချုပ်သဖွယ် ဖြစ်နေတတ်သည်။
ထိုမေးခွန်းများအတွက် အဖြေရှာ၍ မရသေးမီပင်၊ အခြားသူများတစုတဝေးကြီး ပေါက်လာကြသည်။ မီးရက်အပြင်၊ ယဲနီလက်တို့ လင်မယားနှင့် ဖရီးဒ်တို့လင်မယားကိုလည်း ခေါ်သွင်းလာကြသည် ဟုတ်သည်။ ဤသည်ကိုကား ကျွန်တော်သိသည်။ ဤသူများကား ကျွန်တော်နှင့်အတူ အဖမ်းခံရသည်။ သို့ သော် ပညာတတ်များအကြား အလုပ်လုပ်ရန် မီးရက်အား အကူအညီပေးခဲ့သော အနုပညာသမိုင်းဆရာ ပါဗ်လ်ကရောပါးချက်တယောက် အဘယ့်ကြောင့် ပါလာရ သနည်း။ သူ့အကြောင်းကို ကျွန်တော်နှင့်မီးရက်မှတပါး အခြားဘယ်သူမျှ မသိကြ။ ၎င်းပြင် မျက်နှာတခုလုံး ကွဲပြဲနေသော အရပ်ရှည်ရှည် လူငယ်တယောက်က၊ ကျွန်တော်တို့အချင်းချင်း မသိဟန်ဆောင်နေဟူ၍ ကျွန်တော့်အား အဘယ့်ကြောင့် လက်ဟန်ခြေဟန်ပြနေသနည်း။ အမှန်စင်စစ် သူ့အားကျွန်တော်မသိ။ နေစမ်း ... ဘယ်သူများပါလိမ့်။ ရှတစ်ခ်လား။ ဒေါက်တာရှတစ်ခ်။ ဇဒိညက်ပါလား။ ဘုရား ... ဘုရား ... ဒါဆိုယင် ဆရာဝန်တွေရဲ့ အုပ်စုပါလား။ ဒီအုပ်အကြောင်းကိုကော ကျွန်တော်နဲ့မီးရက်ကလွဲယင် ဘယ်သူသိလို့လဲ။ အကျဉ်းခန်းထဲကို လာပြီး စစ်ကြတုန်းက ကျွန်တော့်ကို ချက်ပညာတ်တွေအကြောင်း ဘာဖြစ်လို့မေးခဲ့တာလဲ။ ကျွန်တော်နဲ့ ပညာတတ်တွေရဲ့လုပ်ငန်းကို ဘယ်လို ဆက်သွယ်မိကြသလဲ။ ဒီကိစ္စကိုကော ကျွန်တော်နဲ့ မီးရက်ကလွဲယင် ဘယ်သူသိလို့လဲ။
အဖြေပေးရန်ကား မခက်၊ သို့သော ထိုအဖြေကား ကြမ်းတမ်းလှသည် ရက်စက်လှသည်။ မီးရက်ကား ယောင်းမမြင်းစီး၍ ထွက်ခဲ့လေပြီ။ ဖွင့်၍ပြော ခဲ့ပြီ။ အကုန်လုံးကို ဖွင့်၍မပြေတန်ရာဟု ခေတ္တခဏမျှမြှော်လင့်နေခဲ့သေးသည်။ သို့သော် အပေါ်ထပ်သို့ အခြားအကျဉ်းသမားများကို ထပ်မံခေါ်ဆောင်လာကြ သည်။ ကျွန်တော်မြင်လိုက်ရသော သူများကား ...
ဗလာဂျီလော့ဗ်၊ ဗန်ချူးရား၊ ပါမောက္ခ ဖဲလဘာနှင့် ၎င်း၏သား။ မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်းထားသည့် ဘက်ဒရစ်၊ ဗားစလာဗက်။ ဘောဇဲနာ၊ ပူလပါနောဗား။ ယင်းဒရစ်အဲလ်ဘလ်။ ပန်းပုဆရာ ဒဗောယျတ် - ချက်ပညာတတ်များ၏ အမျိုးသားတော်လှန်ရေးကော်မတီကိုဖွဲ့ခဲ့သြူ သို့မဟုတ် ထိုအဖွဲ့တွင် ပါဝင် ကြမည့်သူ အားလုံးကား ဤနေရာသို့ ရောက်လာကြပြီ။ ပညာတတ်များအကြား လုပ်ငန်းဟူသ၍ကို မီးရက်သည်အလုံးစုံ ဖွင့်ပြောလိုက်လေပြီတကား။
ပက်ချက်နန်းတော်သို့ ရောက်ခါစနေ့များတွင် ကျွန်တော်ကား သက်တောင့်သက်သာမနေခဲ့ရ။ သို့သော် ယခုကဲ့သို့ မြင်လိုက်ရခြင်းသည်ကား ဤနေ ရာတွင်ခံခဲ့ရသော ဒဏ်ချက်များအနက်၊ အပြင်းထန်ဆုံးသော ဒဏ်ချက်ဖြစ်ပါသည်။ ကျွန်တော်ကား သေဘေးကိုမြင်ခဲ့သည်၊ သစ္စာဖောက်မှုကိုကား မမြှော်လင့်ခဲ့။ မည်မျှပင် ငဲ့ငဲ့ညှာညှာဆန်းစစ်စေကာမူ သက်သာစေသည့် ပတ်ဝန်းကျင်အခြေအနေများကို မည်မျှပင်ထည့်တွက်စေကာမူ၊ မီးရက်အနေနှင့် ဖော်မထုတ်ပဲ ထိန် ၀ှက်ထားခဲ့သော အချက်များကို မည်မျှပင်ပြန်လည်တွေးတောစေကာမူ သစ္စာဖောက်ခြင်းတည်းဟူသော စကားမှလွဲ၍ အခြားစကားအသုံးအနှုန်းကို ရှာမတွေ့ခဲ့ပါ။ ယိမ်းယိုင်မှုကလေးတချက်မျှသာမဟုတ်၊ နုနယ်ပျော့ရော့မှုမဟုတ်၊ သေလုအညှဉ်းခံရသဖြင့် ဂယောင်ဂတန်း သက်သာမှုရှာဖွေမိသော သူ၏ပြိုဆင်းမှုမဟုတ်။ သူ့အား ခွင့်လွှတ်နိုင်စရာ အကွက်ကလေးတကွက်မျှမရှိ။
ရောက်ရောက်ချင်း ပထမညကတည်းက ကျွန်တော့်နာမည်မည်သို့သိသွားကြသည်ကို ယခုနားလည်ပါပြီ။ အာညိခ်ျကာ၊ ယီရားစကောဗား ဤနေရာ သို့ အဘယ်ကြောင့် ရောက်လာသည်ကို ယခုနားလည်ပါပြီ။ သူ၏အိမ်တွင် ကျွန်တော်သည် မီးရက်နှင့် အကြိမ်ကြိမ်အခါခါတွေ့ဆုံခဲ့ဘူးသည်။ ကရောပါးချက်နှင့် ဒေါက်တာ ရှတစ်ခ် တို့ အဘယ့်ကြောင့် ဤသို့ရောက်လာကြရသည်ကိုလည်း ယခုသဘောပေါက်ပါပြီ။
နောက် ကျွန်တော်သည် နေ့စဉ်နှင့်အမျှလိုလို နံပါတ်လေးရာသို့သွားရသည်။ နေ့စဉ်နှင့်အမျှလိုလိုပင် အသေးစိတ်အချက်အလက်တို့ကို ထပ်မံသိရှိ လာရသည်။ ၀မ်းနည်းဖွယ်ရာလည်း ကောင်းသည်။ တုန်လှုပ်ဘွယ်လည်းကောင်းသည်။ ကြည့်စမ်း ... အရင်တုန်းက သိပ်ပြီးသတ္တိကောင်းခဲ့တဲ့လူတယောက်။ စပိန်ပြည်စစ်မျက်နှာတွင် တိုက်ပွဲဝင်ခဲ့စဉ်ကကျည်ဆံများကို မရွံ့မကြောက်ခဲ့သောသူ။ ပြင်သစ်ပြည်အကျဉ်းစခန်းမှ ကြမ်းကြုတ်လှသော အတွေ့အကြုံများအောက် ဒူးမထောက်ခဲ့သူတယောက်။ ယခုဂက်စတာပို၏လက်တွင်းမှ ကြိမ်လုံးကိုမြင်သည်နှင့်တပြိုင်နက် မျက်နှာတွင်သွေးများဆုတ်ယုတ်သွားကာ၊ မိမိ၏ သွားတချောင်း မကျိုးအောင် ဖော်ကောင်လုပ်ခဲ့လေပြီ။ အရိုက်အပုတ်ကလေး အနည်းငယ်ခံရသည်နှင့်တပြိုင်နက် ပျက်ပျယ်သွားနိုင်သော သူ၏သတ္တိအား စကောလေက်ပင် စောက်မနက်သည်တကား။ သူ၏ယုံကြည်မှုသည်လည်း ဤသို့ အပေါ်ယံကြောမျိုးဖြစ်လေသည်။ ယုံကြည်ချက်ချင်းတူသော ရဲဘော်များ၏အလယ်၊ လူအုပ်ကြီး အတွင်း၌ကား ကြံ့ခိုင်ခြင်းဖြစ်လေသည်။ ယခုအဖော်ကင်း၍ တယောက်တည်းဖြစ်သွားကာ၊ ထိုးနှက်လျက်ရှိသော ရန်သူများက ၀ိုင်းလိုက်သည်နှင့် ရှိသမျှအား အင်တို့လည်း ကုန်ခန်းသွားလေသည်။ တကိုယ်ကောင်း ကိစ္စများကို စ၍တွေးလိုက်သည်နှင့် တပြိုင်နက် အစစအရာရာကို ဆုံးရှုံးသွားလေသည်။ ကိုယ့်အသား မနာစေရန် ရဲဘော် ရဲဘက်များကို ယဇ်ပူဇော်လိုက်သည်။ သူရဲဘောကြောင်စိတ် ၀င်လာကာ၊ ကြောက်စိတ်နှင့်သစ္စာဖောက်ခဲ့လေသည်။
သူနှင့်အတူ မိသွားသော လျှို့ဝှက်ရေးစာလုံးများ၏ အဓိပ္ပာယ်ကိုရှင်းပြမည့်အစား အသေခံရသည်ဟု ကိုယ့်ကိုယ်ကိုယ်နားမချ လျှို့ဝှက်သော စာဖတ် နည်းကိုဖွင့်ထုတ်လိုက်သည်။ လျှို့ဝှက်သော အိမ်တအိမ်ကို ဖော်ပြလိုက်သည်။ ရှတစ်ခ်နှင့်ချိန်း၍ ထိုနေရာသို့ ဂက်စတာပိုစုံထောက်များကို ခေါ်သွားကာ မျက်နှာ ချင်းဆိုင်ပေးလိုက်သည်။ ဗားစကာဗက်နှင့် ကရောပါ့ခ်တို့ကိုတွေ့ရန် ရန်သူများအား ဒဗောယျတို့၏အိမ်သို့ လွှတ်လိုက်သည်။ အာညိခ်ျကာကို ထိုးအပ်လိုက်သည်။ ခိုင်ခိုင်မြဲမြဲနှင့် သတ္တိကောင်းလှသော လီဒါ၊ သူ့အား ချစ်ခဲ့ရှာသည့် ကလေးမလေးလီဒါကိုပင် ထိုးအပ်လိုက်လေသည်။ အနည်းငယ်မျှ အရိုက်အနှက်ခံရလျှင်ပင် သိသမျှအနက်တ၀က်ကို ဖွင့်ပြောလိုက်သည်။ ကျွန်တော်သေပြီဟု ယုံကြည်သွားသောအခါဝယ်၊ ဖြေရှင်းမည့်လူမရှိတော့ပြီဟု သဘောပိုက်ကာ၊ ကျန်သမျှ အချက်အလက်အလုံးစုံကို ဖော်ထုတ်လိုက်လေသတည်း။
ဤသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် ကျွန်တော့အပေါ်အန္တရာယ်မရောက်စေခဲ့။ ကျွန်တော်ကား ဂက်စတာပိုလက်တွင်းသို့ ရောက်ပြီးသားဖြစ်သည် - ထို့ ထက်ပို၍ ဆိုးစရာအကြောင်းမရှိ။ အန္တရာယ်မရောက်စေသည်သာမက အကျိုးပင်တမျိုးရှိနေသေးသည်။ သူ၏ ဖြောင့်ချက်များကား အမှုတခုလုံးတွင် သက်သေခံ အထောက်အထားများအဖြစ် အကောင်အထည်အပေါ်ဆုံးလည်း ဖြစ်လာသည်။ ထိုအချက်အလက်များသည် သံကြိုး၏ အစွန်းအစများနှင့်လည်း တူလေသည်။ သင်းတို့သိလိုက်သော အခြားကွင်းဆက်အားလုံးတို့ကား ကျွန်တော်၏ လက်တွင်း၌သာ ရှိနေခဲ့လေသည်။ ထို့ကြောင့် မာရှယ်လေ ကျေညာပြီးသည့်နောက်တွင် ပင် ကျွန်တော့်မှာ အသက်နှင့်ခန္ဓာမြဲနေခဲ့ရလေသည်။ ကျွန်တော်သာမက ကျွန်တော်တို့လူစုမှာ လူအတော်များများလည်း အသက်ရှင်၍ကျန်ရစ်ကြလေသည်။ သို့ သော် မီးရက်ကသာ ကိုယ့်တာဝန်ကိုကျေပြွန်ခဲ့လျှင် ဤနေရာတွင် ဤသို့သော်လူစုဟူ၍ပင် ပေါ်ပေါက်လာရန်အကြောင်းမရှိ။ သူရောကျွန်တော်ပါ အသက်ပျောက် ခဲ့သည်မှာ ကြာလှတော့မည်။ သို့သော် အခြားသူများကား ကျွန်တော်တို့ ကျဆုံးပြီးသည့်နောက်တွင်ပင် ဆက်လက်နေထိုင်ယင်း လုပ်စရာအလုပ်များကိုလည်း ဆက်လက်လုပ်ကိုင်သွားကြမည် ဖြစ်လေသည်။
လူကြောက်ဟူသည်ကား မိမိ၏အသက်တချောင်းကိုသာ ဆုံးရှုံးသည်မဟုတ်။ အစစအရာရာ အဘက်ဘက်တွင် ဆုံးရှုံးလေသည်။ ဂုဏ်သတင်း ပြောင်ဝင်းသော တပ်မတော်ကြီးမှ ထွက်ပြေးရာတွင် အညစ်ပတ်ဆုံးသော ရန်သူ၏ နှာခေါင်းရှုံ့ခြင်းကိုလည်း ခံယူရလေသည်။ အသက်ရှင်နေသေးသည်ဆိုဦး တော့ လူ့လောကတွင် မနေနိုင်တော့။ မိမိကိုယ်ကိုယ် အစုအဝေးအတွင်းမှ မိမိဖာသာ ထုတ်ပစ်ခဲ့သောကြောင့် ဤသို့ဖြစ်ရလေသည်။ နောင်သော် မီးရက်သည် သူ၏နေပုံထိုင်ပုံကို ပြုပြင်ရန်အနည်းအပါး ကြိုးစားသေးသည်။ သို့သော်သူ့အား ဘယ်တော့မျှပြန်၍ လက်မခံကြတော့။ ဤသို့သော ဘ၀မျိုးကား အခြားနေရာ များတွင်ပင် ဆိုးဝါးလှသည်။ ထောင်ထဲ၌ကား ပို၍ပင်ဆိုးဝါးနေပေသည်။
..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... .....
အကျဉ်းသမားနှင့်အဖော်မဲ့ခြင်း - ဤအမှတ်သညာနှစ်ရပ်တို့ကို လူတို့သည် တွဲ၍စဉ်းစားလေ့ရှိကြသည်။ သို့သော် ထိုအယူအဆကား မဟာအမှား တော်ပုံကြီး ဖြစ်လေသည်။ အကျဉ်းသမားသည် အပေါင်းအဖော်ကင်းမဲ့နေသည်မဟုတ်။ ထောင်သည် ကြီးမားသော အစုအပေါင်းကြီးဖြစ်သည်။ ကြပ်တည်းစွာ တိုက်ပိတ်ခြင်းခံရစေဦးတော့၊ မိမိကိုယ်တိုင်က ဂိုဏ်းခွဲမထွက်သမျှ ကာလပတ်လုံး၊ မည်သူတဦးတယောက်မျှ ထိုအစုအဝေး၏ အပြင်သို့ ပဲ့ထွက်မသွားနိုင်ပေ။ အဖိနှိပ်ခံရသူတို့၏ သွေးသောက်စိတ်ဓာတ်သည် ဤနေရာတွင် ဖိနှိပ်ခြင်းဒဏ်ကို ခံရသည်။ ယင်းဖိနှိပ်ခြင်းသည်ပင် ထိုစိတ်ဓာတ်ကို အနယ်ထိုင်စေသည်၊ ခိုင်မြဲစေသည်၊ ထက်သန်လာစေသည်။ ထရံများတွင် အသက်ရှိသည်။ ထရံများသည် စကားလည်း ပြောသည်၊ အချက်ပေးချက်များကိုလည်း ပြန်ကြားသည်။ ဤထရံများကို သွေးသောက်စိတ်ဓာတ်က ဖောက်ထွင်းဆက်သွယ်ထားသည်။ ဤစိတ်ဓာတ်သည် စင်္ကြံတလျှောက်ရှိ အကျဉ်းခန်းအားလုံးတို့ကို ထွေးပိုက်ထား သည်။ ဤအကျဉ်းခန်းများကား ဒုက္ခများကို ညီတူညီမျှခံစားကြရသည်။ ရစရာရှိသမျှကိုလည်း ထပ်တူဆင်တူရရှိကြသည်။ စင်္ကြံအတွင်းရှိ အကျဉ်းခန်းတခန်းနှင့် ဆက်ဆံရသော ထောင်ဘာယာများသည် ထိုစင်္ကြံအတွင်းရှိ အခြားအကျဉ်းခန်းများနှင့်လည်း ဆက်ဆံရသည်။ ထို့ပြင် စင်္ကြံအလိုက် အပြင်ဘက်တွင် စုဝေးကာ၊ ကျန်းမာရေးလေ့ကျင့်ခန်းများကို နာရီဝက်မျှ ပြုလုပ်ရသည်။ ထိုအချိန်မျိုးတွင် စကားလုံးကလေးတလုံးဖြစ်စေ၊ သို့မဟုတ် အမူအရာကလေးတခုဖြစ်စေ အသုံးပြု လျက် သတင်းပေးလို ပေးနိုင်သည်။ လူတယောက်၏အသက်ကို ကယ်ကောင်း ကယ်နိုင်သည်။ ထိုမျှသာမကသေး အစစ်ခံရာသို့ အတူယှဉ်တွဲ၍ခရီးသွားရခြင်း “ဘိုင်စကုပ်ရုံ” တွင် အတူယှဉ်၍ ပြန်လာရခြင်းစသည်တို့ဖြင့် ဆက်စပ်နေသောအခါဝယ် ဆိုခဲ့သောသွေးသောက်စိတ်ဓာတ်သည် တထောင်လုံးကို စုစည်းထား လေသည်။ စကားလုံးနည်းသော်လည်း အကျိုးကျေးဇူးများ ကြီးစွာပြုတတ်သည့် သွေးသောက်စိတ်ဓာတ်ဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် လက်လက်ချင်း တချက်ကလေးမျှ ညှစ်လိုက်ခြင်း၊ သို့မဟုတ် စီးကရက်တလိပ်ကို တိတ်တဆိတ်လှမ်းလိုက်ခြင်းသည်ပင် ခင်ဗျားအားသွတ်သွင်းထားသော လှောင်အိမ်ကို ချိုး ဖောက်ပစ်လိုက်သည်။ ခင်ဗျားဒူးထောက်သွားလောက်အောင် ဖိစီးနေသည့် အဖော်မဲ့စိတ်ဓာတ်မှ ခင်ဗျားအားလွတ်မြောက်သွားစေသည်။ အကျဉ်းခန်းများတွင် လက်များရှိကြသည်။ အစစ်ခံရာမှ နာကျင်တုန်ရီစွာပြန်၍အလာ ခွေကျမသွားအောင် ဖေးပေးနေကြသည့် လက်များကို ခံစားထိတွေ့ရသည်။ ရန်သူက ခင်ဗျား အစာပြတ်၍ ငတ်သေအောင် တွန်းနေစဉ် ထိုလက်များက ခွန့်ကျွေးသော အစားအစာများကို စားသောက်ရသည်။ အကျဉ်းခန်းများတွင် မျက်လုံးများရှိကြသည်။ သေဒဏ်အပေးခံရာသို့အသွား ထိုမျက်လုံးများက ခင်ဗျားအားဝိုင်း၍ကြည့်ကြသည်။ ထိုအခါမျိုးတွင် ခြေလှမ်းဖြောင့်ဖြောင့်လှမ်း၍ ထွက်သွားရန်လိုသည်ကို ခင်ဗျားသိသည်။ အဘယ့်ကြောင့်ဆိုသော် ခင်ဗျားသည်သူတို့နှင့် ညီအကိုတော်သည်။ သူတို့စိတ်ဓာတ်ပြော့သွားအောင် ခြေလှမ်းတလှမ်းမျှပင် တွန့်မပြစကောင်း ပေ။ ဤသည်ကား သွေးပေါက်ပေါက်ယိုစီးနေသော အဖွဲ့အစည်းဖြစ်သည်။ သို့သော်လည်း အနိုင်မခံသည့် စိတ်ဓာတ်က စုစည်းထားသည်။ ဤစိတ်ဓာတ်၏ အကူ အညီကိုသာမရပါက ခင်ဗျားသည် မိမိကံကြမ္မာ၏ ဆယ်ပုံတပုံကိုပင် ခံနိုင်လိမ့်မည်မဟုတ်။ ခင်ဗျားသာမက၊ မည်သူတဦးတယောက်မျှလည်း ခံနိုင်လိမ့်မည် မဟုတ်ပေ။
ဤဇာတ်ကြောင်းကို ကျွန်တော်သည် ဆက်၍ ပြောနိုင်မည်ဆိုပါက (ဘယ်နေ့သေမယ် ဘယ်နှစ်နာရီသေမယ်ဆိုတာကိုမှ မပြောနိုင်ကြဘဲဟာ) ဤ အခန်း၏ ခေါင်းစဉ်တွင်ရေးထားသော “နံပါတ်လေးရာ” ဟူသော ဂဏန်းအမှတ်အသားသည် မကြာခဏပေါ်ပေါက်လာပေလိမ့်မည်။ အစ ပထမတွင် “နံပါတ် လေးရာ” ကိုအခန်းတခန်းအဖြစ် သိနားလည်ခဲ့သည်။ ထိုအခန်းထဲတွင်နေခဲ့ရသော ပထမနာရီများ၊ ထိုအခန်းထဲတွင် ပေါ်ပေါက်လာခဲ့သော ပထမအယူအဆများ၊ ဤသည်တို့ကား စိတ်ချမ်းမြေ့ဖွယ်ရာတကွက်မျှမရှိခဲ့။ သို့သော် “နံပါတ်လေးရာ” ကား အခန်းတခန်းမဟုတ် အစုအပေါင်းတရပ် ဖြစ်လေသည်။ ရွှင်လန်းသော အစုအဝေးတခု၊ ရဲရဲတောက်သော အစုအပေါင်းတရပ် ဖြစ်လေသည်။
၁၉၄၀ ခုနှစ်အတွင်း ကန်မြူနစ်ဆန့်ကျင်ရေးဌာန၏ လုပ်ငန်းများကျယ်ပျံ့လာသောအခါတွင် “နံပါတ်လေးရာ” ပေါ်ပေါက်လာရလေသည်။ “နံပါတ် လေးရာ” မှာ “ဘိုင်စကုတ်ရုံ” ဟူသော အိမ်တွင်းထောင်၏ ဌာနခွဲဖြစ်သည်။ အစစ်ခံရမည့်လူများ ကိုယ့်အလှည့်ကို စောင့်ရာအခန်းခွဲ။ ကွန်မြူနစ်များအတွက် သီးသန့်ထားသောနေရာဖြစ်သည်။ မေးစရာအချက်တချက်ပေါ်လာတိုင်း အောက်ဆုံးအထပ်မှ လေးထပ်ပေါ်အထိခေါ်၍ ခေါ်၍မနေရန်၊ အမှုစစ်ဆေးသူ ဂက်စတာပို အရာရှိများ၏ လက်လှမ်းမီရာတွင် အမြဲမပြတ်ရှိကြေရန် ပြုလုပ်ထားသော အခန်းတခန်းဖြစ်လေသည်။ ထိုသို့ ထွင်လိုက်သဖြင့် သူတို့အဖို့ အလုပ်သက်သာစေ မည်ဟု တွက်ဆကြလေသည်။
သို့သော် အကျဉ်းသမားနှစ်ယောက်ကိုတွဲထား အထူးသဖြင့်ကွန်မြူနစ်အကျဉ်းသမား နှစ်ယောက်ကိုတွဲထားလိုက်လျှင် ငါးမိနစ်အတွင်းရန်သူ၏ အ ကြံအစည်ဟူသမျှကို နှောင့်ယှက်ဖျက်ဆီးနေသော အစုအပေါင်းတရပ် ထိုနေရာ၌ ပေါ်ပေါက်လာတော့သည်။ ၁၉၄၂ ခုနှစ်သို့ ရောက်သည့်အခါတွင်ကား “နံပါတ် လေးရာ” ကို “ကွန်မြူနစ်ဗဟို” ဟူသော အမည်ဖြင့်သာ ခေါ်ဝေါ်ကြတော့သည်။ ဤနေရာတွင် အပြောင်းအလဲကား များပြားလှသည်။ ခုံတန်းလျားများ ပေါ်တွင် ယောက်ျား မိန်းမ ရဲဘော်ပေါင်း ရာလိုက် ထောင်လိုက်ချီ၍ တယောက်နေရာ တယောက်ယူကြရသည်။ သို့သော် အချက်တချက်ကားမပြောင်း။ အရေးတော်ပုံကို သစ္စာစောင့်လျက်၊ အဆုံးသတ်၌ အောင်ပွဲခံရမည်ဟု ယုံကြည်နေသော အစုအပေါင်းဝိဉာဉ်ကား ပြောင်းမသွားပေ။
“နံပါတ်လေးရာ” ဤသည်ကား အဝေးသို့ ဖောက်ထွင်းဝင်ရောက်ထားသော ကတုတ်ရင်တားဖြစ်သည်။ အဘက်ဘက်မှလည်း ရန်သူများဝိုင်းထား သည်။ သဲသဲမဲမဲပစ်ခတ်ခြင်းကိုလည်း အလူးအလဲခံနေရသည်။ သို့သော် လက်နက်ချရမည်ဟု ခေတ္တခဏလေးပင် မတွေးတောခဲ့ပေ။ ဤကတုတ်ရင်တား၏ အထက်တွင်နီရဲသော အလံသည် တဝေ့ဝေ့လွင့်နေခဲ့သည်။ သို့သော် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော တမျိုးသားလုံး၏ ယိုင်းပင်းညီညာစိတ်လည်း ဤနေရာတွင် ပေါ်လွင်နေလေသည်။
အောက်ထပ်ရှိ “ဘိုင်စကုတ်ရုံ” တွင် အက်ဆက်စ်ထောင်စောင့်များသည် ဖိနပ်ရှည်များဖြင့်လမ်းသလားယင်း၊ ခင်ဗျားမျက်စောင်းတချက်ခတ်တိုင်း ခင်ဗျားအား ငေါက်ငန်းအော်ဟစ်နေသည်။ ဤနေရာ “နံပါတ်လေးရာ” တွင်ကားချက်လူမျိုး ပုလိပ်အင်စပိတ်တော်များ၊ ပုလိပ်မင်းကြီးရုံးမှ စုံထောက်များက အကျဉ်းသားများကို စောင့်ကြပ်ရသည်။ ဤအရာရှိများ၏ အမိန့်အရဖြစ်စေ၊ စကားပြန်များအဖြစ် ဂက်စတာပိုဝန်ထန်းများ ဖြစ်လာကြသည်။ ၎င်းတို့သည် ဤ နေရာ၌ အလုပ်လုပ်ရာတွင် ဂက်စတာပိုဝန်ထမ်းပီပီ အမှုထမ်းသူကထမ်းကြသည်။ သို့မဟုတ် ချက်အမျိုးသားပီပီ အမှုထမ်းသူကထမ်းကြသည်။ လှေနံနှစ်ဖက် နင်းသူက နင်းကြသည်။ ဤနေရာတွင်ကား လက်များကိုဒူးပေါ်တင်၊ မျက်လုံးများကိုရှေ့တည့်တည့်စိုက်လျက် သတိအနေအထားနှင့် ထိုင်နေရန်မလိုပေ။ ဤနေရာ တွင် အနည်းငယ်ပို၍ လွတ်လပ်စွာထိုင်နေနိုင်သည်။ ဘေးပတ်လည်ကိုလည်း ကြည့်နိုင်သည်။ လက်ဟန်ခြေဟန်တောင် ပြနိုင်သည် - အရာရှိ သုံးမျိုးအနက် မည်သည့်အရာရှိမျိုး တာဝန်ကျသည်နေသည်ဟူသည့် အပေါ်၌တည်၍ ထို့ထက်ပင် အများကြီးပို၍ လုပ်နိုင်သေးသည်။
“နံပါတ်လေးရာ” ဤနေရာကား လူဟူသော သတ္တ၀ါကို နက်နက်ရှိုင်းရှိုင်းကြီး သိနားလည်နိုင်သည့် နေရာဖြစ်သည်။ သေဘေး၏ နီးကပ်မှုသည် မည် သူ့ကိုမဆို ကိုယ်တုံးလုံးဖြစ်သည့်အထိ အဖုံးအကာများဆွဲချွတ်လိုက်သည်။ လက်ပတ်အနီရောင်များကို ပတ်ထားရသော ကွန်မြူနစ်တရားခံများ၊ သို့မဟုတ် ကွန် မြူနစ်များနှင့် ဆက်သွယ်သည်ဟု သင်္ကာမကင်း အဖြစ်ခံရသူများလည်း သရုပ်ပေါ်လာသည်။ ထိုတရားခံများကို ဤနေရာ၌ စောင့်ကြပ်ရသူများအပြင် မနီးမဝေးရှိ အခန်းတခန်းတွင်း၌ တရားခံများစစ်ဆေးရာတွင် ပါဝင်ခဲ့သူများလည်းသရုပ်ပေါ်လာသည်။ အစစ်ခံသည့်နေရာတွင် စကားလုံးများသည် ဒိုင်းလဲဖြစ်နိုင်သည်။ လက် နက်လည်းဖြစ်နိုင်သည်။ သို့သော် “နံပါတ်လေးရာ” တွင်ကား စကားလုံး၏နောက်တွင် ပုန်းကွယ်၍မရ။ ဤနေရာတွင်ကား ခင်ဗျားပြောသော စကားထက် ခင်ဗျား ၀မ်းတွင်း၌ရှိသော သဘ၀ကပို၍တာသွားသည်။ ခင်ဗျား၏ ဗီဇအရင်းခံကို ဖျော့စေ၊ လျော့စေ၊ သို့မဟုတ် မွန်းမံစေသော ဘေးပန်းအချက်အလက် အားလုံးတို့ကား ကွယ်ပျောက်သွားသည်။ သေမင်း၏ ရှေ့တော်ပြေးမုန်တိုင်းက ထိုအချက်တို့ကို တိုက်ထုတ်လိုက်ပြီဖြစ်သည်။ ဤနေရာတွင် ၀ိသေတနမပါသော ကတ္တားနှင့် ကြိယာသာကျန်တော့သည်။ သစ္စာရှိသူ ကြံ့ကြံ့ခံ၏။ သစ္စာမဲ့သူဖော်ကောင်လုပ်၏။ အသဲကြောင်သူ စိတ်ဓာတ်ကျ၏။ သူရဲကောင်းတိုက်ပွဲဝင်၏။ လူတိုင်းတွင် အင်အားနှင့်ပျော့ရော့မှု၊ သတ္တိနှင့် ကြောက်စိတ်၊ ခိုင်မြဲမှုနှင့် ယိမ်းယိုင်ခြင်း၊ သန့်ရှင်းမှုနှင့်အညစ်အထေးဟူ၍ ရှိသည်။ သို့သော် ဤနေရာတွင်ကား တခုမဟုတ် တခုသာ ကျန်နိုင်တော့သည်။ ဟိုယောင်ယောင် သည်ယောင်ယောင်လုပ်ရန် ကြိုးစားသူက ကြိုးစားသည်။ သို့သော် ထိုသို့သော်သမျိုးကား မသာချလာသောအခါ ၌ ဦးထုပ်တွင် ငှက်မွှေးအ၀ါရောင်ကိုထိုး၊ လက်ထဲတွင်လဲ ရကွင်းများကိုင်ကာ ကခုန်သောထက်ပင် ထင်ထင်ရှားရှားမြင်သာ သိသာလေသည်။
ဤသို့သော သူများကား အကျဉ်းသမားများအကြား၌လဲ ရှိသည်။ ချက်လူမျိုး ပုလိပ်အင်စပတ်တော်များနှင့် စုံထောက်များအကြား၌လည်း ရှိပေ သည်။ စစ်ဆေးမေးမြန်းနေသည့်နေရာတွင် ဤသို့သောသူမျိုးသည် ဂျာမန်အင်ပါယာ ဘုရားသခင်အတွက် ဖယောင်းတိုင်ပူဇော်သည်။ နံပါတ်လေးရာတွင်မူ ဘော် လရှီဗစ် တစ္ဆေအတွက် ဖယောင်းတိုင်နောက်တတိုင် ထွန်းညှိလေသည်။ ဂျာမန်အရာရှိ၏ မျက်စိအောက်တွင် ခင်ဗျားနှင့်ဆက်သွယ်သော သူ၏အမည်ကို ညှစ် ထုတ်ရန်၊ ခင်ဗျား၏သွားများကို ရိုက်ချိုးသည်။ နံပါလေးရာတွင်ကား ရင်းနှီးသောအမူအရာပြ၍ ခင်ဗျားအားအဆာပြေရန် ပေါင်မုန့်တချပ်လာပေးသည်။ ခင်ဗျား၏ အိမ်တွင်းသို့ဝင်ရောက် ရှာဖွေကြသည့်အခါတွင် ခင်ဗျား၏ပစ္စည်းများကို လုယူသယ်ဆောင်သွားသည်။ နံပါတ်လေးရာတွင်ကား ခင်ဗျားအပေါ် မည်မျှကိုယ်ချင်း စာကြောင်းကိုဖော်ပြရန် တိုက်ခိုက်လာသော ပစ္စည်းများအနက်မှ စီးကရက်တပိုင်းကို တိတ်တိတ်လာ၍ပေးသည်။ ဤသို့သော အမျိုးအစားအတွင်း သေးစိတ်အား ဖြင့် အနည်းငယ်သာမူကွဲသော လူတစုလည်းရှိသေးသည်။ ဤသူများကား မိမိတို့အလျောက်ဆိုလျှင် ခင်ဗျားဒုက္ခရောက်အောင် ဘယ်တော့မျှလုပ်ကြ။ ကူညီရ မည်ဆိုလျှင်လည်း သာ၍ပင်ဝေးသေးသည်။ သူတို့ကား ငတေမာလျှင်ပြီးသည့် သူများဖြစ်သည်။ ၎င်းတို့သည် ကိုယ်ကျိုးကို ထက်မြက်စွာကြည့်တတ်ကြသဖြင့် နိုင်ငံရေးရာသီတိုင်းသည့် ပြဒါးတိုင်များဖြစ်လာကြသည်။ ကြည့်စမ်း ခပ်တင်းတင်းနဲ့ အရာရှိစတိုင်ဖမ်းနေကြသလား။ ဒါဆိုရင် ဂျာမန်တွေ စတာလင်ဂရက်မြို့ကို ချီတက်နေကြပြီဆိုတာ သေချာတယ်။ ဖော်ဖော်ရွေရွေဖြစ်လာပြီး အကျဉ်းသမားတွေနဲ့တောင် စကားပြောဖော်ရလာသလား။ ဒါဆိုရင် တို့အခြေအနေကောင်းလို့ပဲ။ ဂျာမန်တွေ စတာလင်ဂရက်က တပ်လန်သွားပြီထင်တယ်။ ကျုပ်တို့ဟာ ချက်အမျိုးအနွယ်ပါ၊ ဇွတ်အတင်းခိုင်းလို့သာ ဂက်စတာပိုထဲဝင်ပြီး အလုပ်လုပ်နေရပါ တယ်လို့ ပြောလာကြပြီလား။ ဒါဆိုရင် လက်ခမောင်းခတ်ပေတော့။ တပ်နီတော်ဟာ ရော့စတော့ဗ်မြို့ကိုတောင် ကျော်တက်လာပြီဆိုတာ သေချာတယ် - ဤ အမျိုးအစားအတွင်းသို့ပင် အကြုံးဝင်သော အခြားသူတချို့ကား ခင်ဗျားရေနစ်နေသည်ကိုတွေ့လျှင် လက်ပိုက်၍ ကြည့်နေတတ်သည်။ ခင်ဗျားဖာသာ ခင်ဗျား ကမ်းပေါ်သို့တက်လာသောအခါတွင်ကား ပြာပြာသလဲနှင့် လက်ကိုလှမ်း၍ ဆွဲကြသည်။
ဤအမျိုးအစားသည် နံပါတ်လေးရာမှ အစုအပေါင်းအကြောင်းကို အကဲခတ်မိကြ၍ ၎င်းနံပါတ်လေးရာကိုလည်း သိနားလည်လာကြသည်။ ထို့ ကြောင့်ထိုအစုအဝေးကိုချဉ်းကပ်ရန် ကြိုးစားကြသည်။ သို့သော်ထိုအစုအပေါင်း၏ အဖွဲ့ဝင်များအဖြစ်သို့ကား ဘယ်သောအခါမျှရောက်လာကြ။ နံပါတ်လေးရာတွင် ယင်းသို့သော အစုအပေါင်းတရပ်ရှိနေသည်ကို အနည်းငယ်ကလေးမျှ မရိပ်မိသော အမျိုးအစားတမျိုးလည်း ရှိသေးသည်။ ၎င်းတို့အား လူသတ်သမားဟု ခေါ်နိုင် သည် - သို့သော် လူသတ်သမားဟူသည်ကား မနုဿလူသားများပင် ဖြစ်နေသေးသည်။ အမှန်အားဖြင့် ၎င်းတို့ကား ချက်စကားပြောတတ်သော အဟိတ်တိရိစ္ဆာန် များသာ ဖြစ်ကြသည်။ လက်ထဲ၌ကြိမ်လုံးများ၊ သံဒုတ်များကိုင်ထားကြသည်။ ချက်အကျဉ်းသမားများကို နှိပ်စက်ညှဉ်းပမ်းကြပြီဆိုလျှင် ဂျာမန်အရာရှိအများအပြား ပင် မကြည့်ရဲသဖြင့် ထွက်ပြေးကြရသည်။ သင်းတို့ကား ကိုယ့်အမျိုးကိုချစ်သည် သို့မဟုတ် ဂျာမန်အင်ပါကြီးကိုချစ်သည်ဟူ၍ အပြင်ပန်းအားဖြင့် ဟန်မဆောင်နိုင် ကြ။ ညှဉ်းပမ်းခြင်း၊ သတ်ဖြတ်ခြင်းသက်သက်တွင် အရသာခံတတ်ကြသည်။ သွားများကို ရိုက်ချိုးကြသည်။ နားအုံများကို ရိုက်ခွဲကြသည်။ မျက်လုံးများကို ညှစ် ထုတ်ကြသည်။ အင်္ဂါဇာတ်များကို ကန်ကျောက်ကြသည်။ ဥဏှောက်အရေခွံများကိုလှန်ကာ လူသေသည့်အထိ ရိုက်ကြနှက်ကြသည်။ အကြောင်းရှိ၍ ရက်စက် သည်မဟုတ်၊ ရက်စက်လို၍ ရက်စက်ကြခြင်းဖြစ်လေသည်။ ခင်ဗျားသည်နေ့စဉ်နှင့်အမျှ သူတို့နှင့်ဆက်ဆံရသည်။ ပတ်ဝန်းကျင်တခုလုံးသွေးများ၊ အော်ဟစ်သံ များဖြင့် ဖုံးလွှမ်းသွားစေသော သူတို့၏အရှိန်အ၀ါကို ခင်ဗျားခံစားရသည်။ ခင်ဗျားအတွက် ဖြေစရာတကွက်သာရှိသည်။ ထိုအချက်ကား ၎င်းတို့၏ ရာဇ၀တ်ပြစ်မှု များကို မြင်ခဲ့ကြသည့် သက်သေဟူသ၍ရွေ့ကို သတ်ပစ်လိုက်ကြသည်ဆိုဦးတော့၊ တနေ့တွင် တရားစီရင်ချက်မှ သင်းတို့တတွေ ပြေး၍လွတ်လိမ့်မည်မဟုတ်ဟူ သော ခိုင်မြဲသည့် ယုံကြည်ချက်ပင်ဖြစ်လေသည်။
သင်းတို့နှင့် တစားပွဲတည်းတွင် ထိုင်နေကြသော လူများလညှ်းရိသည်။ ထိုသူများကား အပြန်ပန်းအားဖြင့် သင်းတို့နှင့် ရာထူးချင်းတူညီကြသည်။ သို့ သော် ဤပုဂ္ဂများကား တကဲ့လူအစစ်များဖြစ်လျက်၊ စာလုံးကြီးကြီးဖြင့် လူဟူ၍ပင်ရေးပြထိုက်ပေသည်။ ဤသူများသည် ထောင်တွင်းအစီအစဉ်များကို အကျဉ်း သမားအတွက် အကျိုးစေမည့် အစီအစဉ်များဖြစ်အောင် တည်ဆောက်ပေးကြသည်။ ဤသူများသည် နံပါတ်လေးရာတွင် အတွင်။မှအစုအပေါင်းကို ကူညီဖွဲ့စည်း ပေးကြသည်။ ကိုယ်တိုင်လဲ စေတနာအရရော၊ သတ္တိအလိုက်ပါ ဤအစုအပေါင်း၏ အဖွဲ့ဝင်များဖြစ်ကြသည်။ ကွန်မြူနစ်များ မဟုတ်ကြသဖြင်းလည်း သူတို့အပေါ် ပို၍ တန်ဘိုးထားသင့်ပေသည်။ ကွန်မြူနစ်များ မဟုတ်ကြသည်သာမက၊ ယခင်ကဆိုလျှင် ချက်ပုလိပ်အဖွဲ့အတွင်း အမှုထမ်းယင်း ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ငန်း များ လုပ်ခဲ့ဘူးသည်။ သို့သော် နိုင်ငံခြားသားများ၏ အုပ်စိုးမှုကို ကွန်မြူနစ်များက ခံ၍တိုက်ပုံကို မြင်လာကြသောအခါတွင် တမျိုးသားလုံး၏ အရေးတော်ပုံအတွက် ကွန်မြူနစ်တို့၏အရာရောက်ပုံကို သဘောပေါက်လာကြသည်။ ကွန်မြူနစ်တို့၏အင်အားကို သိမြင်လာကြသည်။ ထိုအချိန်မှစ၍ ထောင်ခံတန်းလျားများပေါ် ရောက်သည့်အထိ သစ္စာရှိနေကြသောသူဟူသ၍ကို သစ္စာရှိစွာကူညီကြသည်။ အကျိုးဆောင်ပေးကြသည်။ ဂက်စတာပိုလက်တွင်းသို့ ရောက်နှင့်တပြိုင်နက် မည် မျှရုန့်ရင်းစွာ ခံကြရမည်ကိုသိနိုင်ကြလျှင်၊ အပြင်ဘက်တိုက်ပွဲဝင်နေသူအများအပြားပင် နောက်တွန့်သွားပေလိမ့်မည်။ ဤသူတို့ကား ယင်းသို့ရက်စက်မှုတို့ကို နေ့ စဉ်နှင့်အမျှ၊ နာရီနှင့်အမျှ၊ မျက်စေ့အောက်တွင် မြင်တွေ့နေကြရသည်။ နေ့မရွေး၊ နာရီမရွေး၊ ၎င်းတို့အား အကျဉ်းသမားများဘေးသို့ ချလိုက်ကြကာ၊ အခြား အကျဉ်းသမားများထက်ပင် ပိုမိုရက်စက်စွာ အစမ်းအသပ်ခံရလိမ့်မည်ကိုလည်း တွက်ထားနိုင်ပေသည်။ သို့စဉ်လျက် သူတို့ကား နောက်မတွန့်ကြ။ ထောင်ပေါင်း များစွာသော အသက်တို့ကိုကယ်တင်ရန် ၀င်ရောက်ကူညီကြသည်။ သူတို့မကယ်ဆယ်နိုင်သော သူတို့အတွက်လဲ၊ သက်သာမှုရစေရန် ၀င်ရောက်ကူညီကြသည်။ သူရဲကောင်းဟူသော ဘွဲ့နှင့်ထိုက်တန်သော သူများဖြစ်လေသည်။ သူတို့သာမကူညီခဲ့လျှင် နံပါတ်လေးရာကား ရာလိုက်ထောင်လိုက်ချီသော ကွန်မြူနစ်များ သိရှိနားလည်ကြသည့် လက်ရှိပုံစံအနေအထားသို့ ရောက်လာမည်မဟုတ်ပေ။ ယခုသော်ကား နံပါတ်လေးရာသည် မှောင်မိုက်သော အိမ်အတွင်းမှ လင်းနေသော အခန်းကလေးတခန်း၊ ရန်သူ၏ အနောက်သို့ ထိုးဖောက်ထားသော ကတုတ်ရင်တားတခု၊ ၀င်ရောက်ကျူးကျော်နေသူများ၏ သားရဲတွင်းအလည်တည့်တည့်မှ လွတ်မြောက်ရေးတိုက်ပွဲဆင်ရာ ဌာနတရပ်ဖြစ်ပေသတည်း။
Friday, 11 January 2008
ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်) အခဏ်း (၄)
Posted by
ရွှေဥသြ
at
22:53
0
comments
Labels: ကိုယ့်အကြိုက် စာအုပ်များ
Thursday, 10 January 2008
မိသားစု
မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်။
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်။
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်။
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက် ၁၀ ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်။
အိမ်ရှိလူအကုန်။
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်။
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်။
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်။
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ။
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ။
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။
စိုင်းဝင်းမြင့်
Posted by
ရွှေဥသြ
at
20:22
0
comments
Labels: ကဗျာ
Thursday, 3 January 2008
အမြင့်မြတ်ဆုံးလူတွေ ကျဆုံးခဲ့ကြတယ်
အမြင့်မြတ်ဆုံးလူတွေကျဆုံးခဲ့ကြတယ်။
သူတို့ကို လူမနေတော့တဲ့နေရာတခုမှာ လူမသိ သူမသိမြှုပ်ထားခဲ့ကြတယ်။
သူတို့အတွက်မျက်ရည်တစက်မျှ မကျခဲ့ကြဘူး။
မသိဖူးတဲ့လက်တွေက သူတို့ကိုသင်္ချိုင်းကို သယ်ပို့တယ်
လက်ဝါးကပ်တိုင်မရှိ၊ အကာအယံမရှိ၊ သူတို့ရဲ့ ဂုဏ်ပြောင်တဲ့
နာမည်တွေကို ဘယ်သင်္ချိုင်းကျောက်ပြားမှာမှ မတွေ့မိ။
သူတို့အပေါ်မှာမြက်တွေပေါက်နေပြီး ချိနဲ့တဲ့မြက်ပင်လေး တပင်ကသာ
ခါးလေးကိုင်းပြီး သူတို့ရဲ့ လျှို့ ၀ှက်ချက်တွေ ထိန်းထားတယ်။
တဦးတည်းသောသက်သေကတော့ ဒေါသတခြောင်းခြောင်းနဲ့
ကမ်းစပ်ကို ရိုက်ခတ်နေကြတဲ့လှိုင်းလုံးတွေ။
ဒါပေမယ့် ဒီအစွမ်းထက်လှတဲ့လှိုင်းလုံးတွေတောင်မှ
သူတို့အိမ်တွေဆီကို နောက်ဆုံးနှုတ်ဆက်စကားတွေ
သယ်မသွားနိုင်ခဲ့။ ။
ဖစ်ဂ်နာ
The Noblest Fallen
The noblest have fallen.They werde buried
Obscurely in a deserted place.
No tears fell over them.
Strange hands carried them to the grave.
No cross, no enclosures, and no tomb stone tell
their glorious name.
Grass grows over them, afeeble blade
bending low keeps the secret.
The sole witness were the surging waves.
Which furiously beat against the shore,
But even they, the mighty waves could
Could not carry farewell greetings to the distant home.
Figner ( 1852_ 1942 )
ကဗျာဆရာမ ဗယ်ရာနီကိုလက်ဗ်နာ (Vera Nikolaevna Figner ) ရုရှားနိုင်တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ၁၉ ရာစုနှစ် အကုန်ပိုင်း ရုရှားဓနရှင်ပေါက်စ ပညာတတ်များရဲ့ ဇာဘုရင်စနစ် တော်လှန်ရေးတွင် ခေါင်းဆောင်ခဲ့သော အမျိုးသမီးတဦးဖြစ်သည်။
(ဗမာပြည်ကွန်မြူနစ်ပါတီမှ ထုတ်ဝေသော ပြည်သူ့အာဏာဂျာနယ် (အမှတ်-၂၉၊ဒီဇင်ဘာ၊ ၂၀၀၇) မှ ကူးယူဖေါ်ပြပါသည်။)
Posted by
ရွှေဥသြ
at
08:55
0
comments
Labels: နိုင်ငံတကာကဗျာ
Wednesday, 2 January 2008
ကြေကွဲခြင်းများစွာဖြင့် ကြိုလိုက်ရသော နှစ်သစ်
ကျနော်
ရဲဘော်တွေ အသက်သွေးနဲ့
ရေးခဲ့တဲ့ အလုပ်စားပွဲပေါ်
File (ဖိုင်) အဟောင်းတွေရှာဖတ်ခဲ့
တချို့ တောက်ပ
တချို့ မှေးမှိန်ပျောက်ကွယ်
တချို့ကတော့ ပုဂ္ဂလ ဓနပင်လယ်မှာ
နေသားတကျ ယစ်မူးပျော်ဝင်။
ကျနော် မရေးဖြစ်ခဲ့
ရေးရမှာကြောက်နေတဲ့
Diary (မှတ်တမ်း) စာအုပ်ကလေးကို
အမှုမဲ့ အမှတ်မဲ့ ပြန်ဖတ်ခဲ့
စကားလုံးတွေက အဖြစ်အပျက်တွေကို
သွေးစိမ်းရှင်ရှင် မှတ်တမ်းတင်နေ
မှတ်တမ်းတွေက သမိုင်းဖြစ်
သမိုင်းတွေက
မျိုးဆက်မကွာဟသွားတဲ့
အမေ့ဘ၀ အကြောင်း
ပြန်ပြောင်း ပြောပြ နေကြတယ်။
ကျနော်တို့ မမှားခဲ့ဘူး
ကျနော်တို့ ဘ၀နဲ့ ရွေးခဲ့ရတဲ့ လမ်းဟာ မမှားဘူး
အဲဒါ သေချာတယ်
ရတနာ သုံးပါးထဲက
သံဃာတွေ အသက်သေပြခဲ့တဲ့
နှစ်ထောင့်ခုနှစ်(၂၀၀၇) ခုနှစ်
တော်လှန်ရေး သမိုင်းမှတ်ကျောက်
တွင်ရစ်စေ ။ ။
ကမာပုလဲ (ကျောင်းသားတပ်မတော်)
Posted by
ရွှေဥသြ
at
22:01
0
comments
မလွတ်လပ်တဲ့ လွတ်လပ်ရေးနေ့ အဝေးက ပေးစာတစောင်
၂၀၀၇ခုနှစ်၊ ဒီဇင်ဘာ ၂၆ရက်။
ကိုဟိုဒင်းရေ-
“ဆွေးမိသည်တည့်၊ ဆွေးမိသည်
မလေးမောင် သည်ယနေ့
ဆွေးမြေ့မိသည်။”
တနိုင်ငံလုံး၊ တမျိုးသားလုံးဂုဏ်ယူ ၀မ်းမြောက်ကြရမယ့် လွတ်လပ်ရေးအနှစ် ၆၀ မြောက်အခါသမယမှာ ဒီဆရာဇော်ဂျီရဲ့ “၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့တွင်”ဆိုတဲ့ ကဗျာထဲက အစလေးတစနဲ့ ဖွင့်လိုက်ရတာကိုထောက်ရင် ကျနော်တယောက် ဘယ့်ကလောက်စိတ်မ ကောင်း ဖြစ်နေတယ်ဆိုတာ ခင်ဗျားမှန်းနိုင်မယ်ထင်ပါတယ်။ အမှန်က ကျနော်တယောက်တည်း စိတ်မကောင်း ဖြစ်တာမဟုတ်ပါဘူး၊ ကျနော်တို့ တပြည်လုံးစိတ်မကောင်းဖြစ် နေကြတာပါ။ ဒီလိုနေ့ထူးရက်မြတ်ကြီးမှာ ရန်ကုန်လမ်းမကြီးတွေပေါ်မှာ သံဃာတော်တွေရဲ့သွေးတွေ မခြောက်သေးဘူး။ အကျဉ်းထောင်တွေထဲမှာ သံဃာတော်တွေကိုရိုက်နှက် နှိပ်စက်နေကြတုံး၊ လူတွေဆိုတာတော့မပြောနဲ့တော့။ ဒါလွတ် လပ်မှုအရသာတဲ့လားဗျာ။ လွတ်လပ်ရေးနေ့မှာ မတရားအကျဉ်းကျနေသူတွေကို သတိရ၊ ကိုယ့်အတွက်လည်း တကယ့်လွတ်လပ်မှုကိုလိုချင်၊ ဒါလူ့သဘာဝပဲလေဗျာ။
လွတ်လပ်ရေး မပေးချင်ပဲနဲ့ပေးလိုက်ရတဲ့ ဟိုတုန်းက ကိုလိုနီသခင်တွေနဲ့ သူတို့ရဲ့အလိုတော်ရိတွေသာ စစ်အစိုးရအဆက်ဆက် ကြောင့် စုတ်ပြတ်သတ်နေတဲ့ ဒီနေ့ဗမာပြည်ကိုသာ မြင်ရရင်၊ “ဘယ့်နှယ်လဲ ငါတို့မပြောလား”လို့ ဒူးနှန့်ဝမ်းသာ နေကြမှာသေချာတယ်။ ၁၉၄၈ ခုနှစ်ဟာ ဗမာပြည်ပြန်လည် စည်းလုံးညွှီတ်မှုရဲ့လက္ခဏာ၊ ဒီနေ့နအဖလက်ထက်ကျတော့ ဗမာပြည်ဟာ တစစီမကွဲယုံတမယ်၊ ၁၉၄၈ ခုနှစ်ဟာ ဗမာပြည်လွတ်လပ်တဲ့လက္ခဏာ၊ ဒီကနေ့ဟာ ပြည်သူတွေ မလွတ်လပ်ဆုံး အခြေအနေ။ ဘယ်လိုမှ မယုံနိုင်စရာပါပဲ။
ကျနော်တို့ငယ်ငယ်တုန်းကတော့ဗျာ လွတ်လပ်ရေးနေ့ဆိုရင် မြို့တကာ၊ ရွာတကာမှာ ပွဲလမ်းပေါင်းစုံ၊ခိမ့်၊ခိမ့်သဲ၊ ၀ှဲချီးကျင်းပ ကြ တာကလား။ ရန်ကုန်မှာဆိုရင် ကန်တော်ကြီး၊ မန္တလေးမှာဆိုရင် ကျုံးနဘေး၊ ကြည့်ချင်ပွဲတွေစုံ၊ အစိုးရဌာနပြခန်းတွေကလည်း အမျိုးမျိုးပဲ။ အငြိမ့်ပွဲဇာတ်ပွဲတွေအပြင် ဈေးတန်းတွေအမျိုးမျိုး၊ ဆိုကရေးတီးòပိင်ပွဲတွေအသွယ်သွယ်၊ မာရသွန်လို တာဝေးပြေးပွဲအပါ အားကစားပွဲတွေ၊ မနည်းပေါင်ဗျာ။ အဲဒီလိုကာလမှာ ကျနော်တို့ မြို့ငယ်တွေ၊ ကျေးလက်တွေသွားပီး နေ့ချင်းပီး ဘော့လုံးပွဲတွေ ကစားကြတာကို မှတ်မိနေသေး တယ်။ နောက်ပြီး ဗမာ့အသံကလည်းကြားရပြီ - “ဗမာ့လွတ်လပ်ရေးအတွက်၊ အသက်ကိုပေးဖို့ဂျပန်ပြည်မှာကွယ်” စတဲ့ လွတ်လပ်ရေးသီချင်း တွေလေ။ အိမ်တွေကလည်းအလံထူ၊ မီဒီယာတွေကလည်း လွတ်လပ်ရေးကို ဘယ်လိုခက်ခက်ခဲခဲ လုံးပမ်းတိုက်ခိုက် ခဲ့ရတယ်ဆိုတာတွေ ကို ဖော်ပြကြတယ်။ စာသင်ကျောင်းတွေမှာလည်း ကလေးတွေကို ဆရာတွေက ဒီသမိုင်းအချက် အလက်တွေပြောပြကြတယ်။
အခုတော့ အနှစ် ၆၀မြောက်လိုထူးထူးခြားခြား နေ့ထူးနေ့မြတ်မှာတောင်မှဗျာ၊ နအဖစစ်ဗိုလ်တွေက တုတ်တုတ်မှမလှုပ်ကြဘူး။ ဗမာပြည်လွတ်လပ်ရေးနဲ့သူတို့နဲ့ ဘာမှမဆိုင်သလို၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့သမိုင်းစဉ်ကြီး မရှိခဲ့ဖူးသလိုလို၊ နေသာလိုက်ကြ တာများဗျာ။ ကိုယ့်နားမျက်စိကိုယ် မယုံနိုင်ဘူး။ နေ့ထူးနေ့မြတ်တွေဆိုတာ ၀ါဒဖြန့်ဖို့အတွက်အကောင်း ဆုံးအခွင့်အရေးဖြစ်တယ်ဆိုတာကို တောင် မေ့ပစ်လိုက်ကြပြီလာထင်ရတယ်။
ဘာပဲပြောပြော သူတို့ဘာလို့ ဒီလိုတုံဏှိဘာဝေ၊ သစ်ငုတ်လိုလုပ်နေကြတယ်ဆိုတာ လူတိုင်းသိပါတယ်။ ရှင်းရှင်းလေးပါ။ လွတ် လပ်ရေးအကြောင်းပြန်ဖော်တယ်၊ လွတ်လပ်ရေးသမိုင်းပြန်ပြောတယ်ဆိုရင် အဲဒီအထဲက သမိုင်းဇာတ်ကောင်တွေကို ပြန်ထုတ်ဖော်ဖို့လိုတယ် မဟုတ်လား။ လူတဦးချင်းတွေ၊ အဖွဲ့အစည်းတွေ၊ ရုန်းကန်တိုက်ပွဲဝင်ခဲ့ပုံတွေကို ပြန်ဖော်ထုတ်ရမယ် မဟုတ်လား။ ဒါကိုသူတို့မလုပ်နိုင်ဘူး လေဗျာ။ သူတို့က အဲဒီလူတွေ၊ အဲဒီအဖွဲ့အစည်းတွေနဲ့ ရန်ဖြစ်ထားတဲ့လူတွေမဟုတ်လား။ ဂုဏ်ပြောင်တဲ့ လွတ်လပ်ရေးသမိုင်းနဲ့ သူတို့ဟာ ရန်ဘက်လေဗျာ။ နောက်ပြီးဂုဏ်ပြောင်တဲ့ သမိုင်းခေါင်းဆောင်တွေဟာလည်း သူတို့ရဲ့ ဦးတည် ပစ်မှတ်တွေ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ကွန်မြူနစ်ပါတီ၊ ဖဆပလအဖွဲ့ကြီး၊ ဘယ်တခုမှ ပြန်မဖော်ရဲဘူး။ နယ်ချဲ့တွေ ဖက်ဆစ်တွေကို လက်နက်ကိုင်တိုက်ကြ တာ၊ သပိတ်မှောက်ကြတာ၊ ရေနံမြေကနေချီတက်ကြတာ၊ အတွင်းဝန်ရုံးကို ၀ိုင်းကြတာ၊ ရွှေတိဂုံအလယ်ပစ္စယံဇရပ်မှာ အစည်းအဝေးကြီး ကျင်းပကြတာ၊ ဘယ်ဖြစ်ရပ်မှန်ကိုမှ စံပြုလို့မရတဲ့ သူတို့အဖြစ်လေ။ အင်္ဂလိပ်တောင်မှလူတွေကို သူတို့လောက်မသတ်ခဲ့ဘူးဆိုတဲ တကယ့် အဖြစ်မှန်သက့ာယမျိုး ဖော်ရရင် ဒင်းတို့ပိုဒုက္ခတွေ့တော့မပေါ့ဗျာ၊ နားတော့လည်နိုင်ပါတယ်။ ခွင့်မလွှတ်နိုင်တာတခုပါပဲ။ ရေကြည်သောက်တဲ့ အခါ ရေတွင်းတူးတဲ့လူတွေကို သတိရတယ်ဆိုတာဟာ တကမ္ဘာလုံးက လူမျိုးတိုင်းရဲ့အစဉ်အလာပါ။ နအဖ ဗိုလ်ချုပ်တွေကတော့ အဲဒီလူတွေ ကို ကျေးဇူး မတင်တဲ့အပြင် ရန်ညှိုးထားနေကြတယ်။
ပြည်ထောင်စုနေ့ဆိုရင်လည်း ပင်လုံစာချုပ်အကြောင်းမပြောဝံ့လို့ ၀ိုးတိုးဝါးတားလုပ်ပြီး သူတို့လိုရာဆွဲကျင်းပကြတယ်။ တကယ် ဆိုရင် အဲဒီပင်လုံစာချုပ်မှာ လက်မှတ်ထိုးခဲ့သူတွေထဲက မနည်းလှတဲ့အရေအတွက်ကို သူတို့စစ်အစိုးရတွေကဖမ်းပြီး ထောင်ထဲသွင်းခဲ့ဖူးတာ ပဲ။ နောက်ပြီး သူတို့မဖော်ထုတ်ချင်ဆုံးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအခန်းကလည်းရှိသေးတယ်။ ဗိုလ်သန်းရွှေက သူ့ကိုယ်သူ ဒီနေ့တပ်မတော် ရဲ့ ဖခင်ကြီးလို့သတ်မှတ်ချင်နေသလားမှမသိတာ။ ဒါကြောင့် ဗိုလ်သန်းရွှေတို့များဆိုရင် ဖဆပလအစိုးရခေါင်းဆောင်တွေလို ဇူလိုင် ၁၉ ရက် နေ့မှာ အာဇာနည်ကုန်းသွားပြီး အမှတ်ယူတာလေးတောင် မလုပ်နိုင်ကြဘူး မဟုတ်လား။ ဟန်တောင်မဆောင်နိုင်ဘူးလို့ ဆိုလိုတာပါ။
အမျိုးသားရေးအရ အမှားကျူးလွန်သူ၊ အမျိုးသားအကျိုးစီးပွားကို သစ္စာဖောက်သူတွေဟာ သမိုင်းတစ္ဆေခြောက်ခံရတာ သေတဲ့ အထိပဲဗျ။ ဖြစ်ပြီးခဲ့တဲ့ အမှန်တရားဆိုတာ ဘယ်တော့မှပျောက်ပျက်တော့တဲ့ အရာမျိုးပဲ။ လူကသာသေတယ်ဆိုတာ ရှိတယ်၊ ဖြစ်ရပ်မှန်ဆို တာ သေတယ်လို့မရှိဘူးလေဗျာ။ နောင်ကျရင် ဗိုလ်သန်းရွှေတို့သစ္စာဖောက်ခဲ့တာတွေဟာလည်း သမိုင်းဖြစ် ရပ်မှန်အဖြစ်ကျန်ရစ်နေအုန်းမယ် ဆိုတာ ဘာမှသံသယရှိစရာမလိုကြောင်းပါဗျား။
ဘယာဘေး ကွာဝေးကြပါစေ။
ယာတောကသာဗြော
Posted by
ရွှေဥသြ
at
19:43
0
comments
Labels: အိတ်ဖွင့်ပေးစာ
Tuesday, 1 January 2008
ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်) အခဏ်း (၃)
အကျဉ်းခန်း ၂၆၇
တံခါးမှသည် ပြူတင်းပေါက်သို့ ခြေလှမ်းခုနှစ်လှမ်း၊ ပြူတင်းပေါက်မှသည် တံခါးသို့ ခြေလှမ်းခုနှစ်လှမ်း။
ဒါကို ကျွန်တော်ကြုံဘူးပြီ။
ပန်းကရာ့စ်ထောင် အကျဉ်းစခန်းအတွင်းရှိ၊ ထင်းရူးပျဉ်ခင်းများ၏ ခရီးတာအကွာအဝေးကို ကျွန်တော်သည်အကြိမ်
ပေါင်းမရေ မတွက်နိုင်လောက်အောင် ခေါက်တုန့်ခေါက်ပြန် နင်းခဲ့ဘူးပြီ။ ဟောသည်အခန်းကျဉ်းထဲ၌ပင် ကျွန်တော်တခါတုန်းက ၀င်ထိုင်ခဲ့ရဘူးသည် ထင်သည်။ ထိုစဉ်က၀င်ထိုင်ခဲ့ရသော အကြောင်းရင်းမှာ၊ ချက်ဓနရှင်တို့ကျင့်သုံးသည့် အန္တရာယ်ပြွမ်းသော နိုင်ငံရေးဝါဒ၏ အကျိုးသက် ရောက်ပုံတို့ကို ကျွန်တော်က ကွင်းကွင်းကွက်ကွက်ကြီး မြင်တတ်လွန်းသောကြောင့်ဖြစ်သည်။ ယခုလည်း သင်းတို့သည် ကျွန်တော်၏တမျိုး သားလုံးကို ကားစင်တင်နေကြသည်။ အကျဉ်းခန်း၏ရှေ့တွင် ဂျာမန်ထောင်စောင့်များ ကင်းလှည့်နေကြသည်။ အပြင်ဘက်တနေရာတွင်ကား မျက်စိကန်းသော နိုင်ငံရေးကြမ္မာကောင်တို့သည် သစ္စာဖောက်ပင့်ကူမျှင်များကို ရစ်သွယ်ယှက်လိမ်လျက်ရှိကြသည်။ လူသတ္တ၀ါဟာ မျက်စိ ပွင့်ဖို့နှစ်ပေါင်းဘယ်နှစ်ရာလိုသလဲ။ လူသားတွေဟာ တိုးတက်ရေးလမ်းခရီးမှာ အကျဉ်းခန်းပေါင်း ဘယ်နှစ်ထောင်ကို ဖြတ်တက်ခဲ့ရပြီလဲ။ နောက်ဘယ်နှစ်ခန်း ကျန်သေးသလဲ။ အို … နဲရုဒါရဲ့ ယေရှုကလေး။ လူ့လောကကြီးတခုလုံး အလင်းကိုရောက်အောင် ချီတဲ့လမ်းဟာ၊ ဆုံးကိုပဲ မဆုံးနိုင်သေးပါကလား။ ဒါပေမယ့် ခုတော့်ဖြင့် အိပ်မနေနဲ့တော့်၊ အိပ်မနေနဲ့တော့်။
နဲရုဒါရဲ့ ယေရှုကလေး - ချက်ကဗျာဆရာကြီး ယန်နဲရုဒါသည် `ခရစ္စမတ်စ် ကလေးချော့သီချင်း´ ဟူသော ကဗျာထဲတွင် `လူ့လောကကြီး တခုလုံး အလင်းကိုရောက်အောင် ချီတဲ့လမ်းဟာဆုံးကိုပဲ မဆုံးနိုင်သေးဘူး။ ဒီလမ်းတလျှောက်မှာ လုပ်စရာအလုပ်တွေ အများကြီးရှိသေး တယ်၊ ဒါကြောင့် အားပြည့်သွားအောင် အိပ်လိုက်ပါအုံး၊ ယေရှုကလေး၊ အိပ်လိုက်ပါကလေး´ ဟု ရေးစပ်ခဲ့ဖူးသည်။
အသွားခုနှစ်လှမ်း၊ အပြန်ခုနှစ်လှမ်း၊ တဘက်နံရံတွင် ခေါက်၍ရသော အိပ်စင်တလုံး၍၊ တဘက်တွင်ကား စိတ်ပျက်စရာ အညို ရောင်ကြီး သုတ်ထားသည့် စင်ကလေးတစင်ရှိသည်။ ဟုတ်သည် ဤသည်ကို ကျနော်ကြုံဖူးပြီ။ ယခုသာ အနည်းငယ်ပို၍ဆက်ဆံလာသည်။ (ဆောင်းရာသီတွင် အခန်းလိုက်မီးမဖိုရတော့်ဘဲ) ဗဟိုဌာနမှ အနွေးငွေ့ပေးသောရေနွေးပိုက်များ တပ်ဆင်ထားသည်။ ဂံဖုလား၏နေရာတွင် ရေဆွဲအိမ်သာကမုတ်ရောက်နေသည် - အထူးခြားဆုံးကား လူများပင်ဖြစ်လေသည်။ အထူးသဖြင့် လူများကိုယ်၌ စက်ကိရိယာဆန်နေကြ သည်။ အော်တိုမစ်တစ် စက်ကရိယာများကဲ့သို့ ဖြစ်နေကြသည်။ ခလုပ်တစ်ခု နှိပ်လိုက်သည်နှင့် ဆိုလိုသည်မှာ သော့အိမ်အတွင်း သော့သွင်း လိုက်သည်ဖြစ်စေ၊ တံခါးမှ ချောင်းကြည့်ပေါက် ကလေးကို ဖွင့်လိုက်သည်ဖြစ်စေ - အကျဉ်းသမားများသည် ဘာလုပ်နေရာမှမဆို ဗြုံးကနဲ ခုန်ထကြလျက်၊ တယောက်နောက် တယောက် စီတန်း၍ရပ်လိုက်ကြသည်။ တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက်လည်း၊ အကျဉ်းခန်းအတွင်းရှိ အကြီးအကဲ လုပ်သူက အသက်မရှူ၊ မရပ်မနားဘဲ (ဂျာမန်ဘာသာဖြင့်) ဟစ်အော်လိုက်သည်။
- “သတိ။ ။ အကျဉ်းခန်း နှစ်ရာခြောက်ဆယ့်ခွန် လူသုံးယောက် အားလုံးကောင်းပါသည်ခင်ဗျား။”
ဤသည်ပင်လျှင် - ၂၆၇။ ဤသည်ကား ကျွန်တော်တို့၏ အကျဉ်းခန်းဖြစ်သည်။ သို့ရာတွင် ဤအကျဉ်းခန်းတွင်းရှိ အော်တိုမစ်တစ် စက်ကရိယာများကား ကျကျနနမလည်။ လူနှစ်ယောက်သာ ခုန်၍ထသည်။ ကျွန်တော်ကား ထိုအချိန်ကာလတွင် ပြူတင်းပေါက်အောက် ကောက်ရိုးမွေ့ရာပေါ်တွင် အလျားလိုက်ဆန့်ခဲ့သည်။ မှောက်လျက်သား လဲနေခဲ့သည်။ တပတ်၊ ဆယ့်လေးရက်၊ တလ၊ ခြောက်သီတင်း - ပြီး တော့ ကျွန်တော်သည် အသစ်တဖန်ပြန်လည် မွေးဖွားလာသည်။ ခေါင်းကိုလည်း လှုပ်နိုင်ပြီ။ လက်ကိုလည်း မနိုင်ပြီ။ ကိုယ်ကိုလည်း တံတောင်များဖြင့် ထောက်ကာပင့်နိုင်။ မှောက်ရာမှ ပက်လက်လှန်ရန်ပင် ကြိုးစားခဲ့ဘူးပြီ … ယခု ရေးပြရခြင်းကား ထိုစဉ်အခါ လက်တွေ့ လုပ်ရသည်ထက် ပို၍မြန်ဆန်လှသည်။
အကျဉ်းခန်းအတွင်း၌လည်း ပြောင်းလဲ၍နေသည်။ အကျဉ်းခန်းတံခါးပေါ်တွင် ဂဏန်း ၃ အစား ၂ ကို ပြင်၍တပ်လိုက်ကြပြီ။ ယခု အခန်းထဲတွင် လူနှစ်ယောက်တည်းသာ ရှိတော့်သည်။ ကျွန်တော့်အား စိတ်မချမ်းမြေ့စရာ သီချင်းတပုဒ်ဖြင့် မြှုပ်နှံခဲ့ကြသောလူနှစ်ယောက် အနက်မှ အငယ်ဖြစ်သူ ကားရလစ်ကား ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူ၏သဘောထား ကောင်းပုံများသာ တငွေ့ငွေ့ကျန်ရစ်တော့သည်။ အမှန်ဆိုရလျှင်၊ ကျွန်တော့်အနေနှင့် သူ့အား အိပ်မက်လိုလို၊ တကယ်လိုလိုသာ မြင်နိုင်မှတ်မိနိုင်တော့်သည်။ သူသည်မိမိ၏ အဖြစ်အပျက်များ ကို စိတ်ရှည်လက်ရှည်နှင့် ထပ်ကာထပ်ကာ ပြောပြနေတတ်သည်။ ကျွန်တော်ကလည်း ဇာတ်လမ်းတ၀က်သို့ရောက်တိုင်း ရောက်တိုင်း အိပ်ပျော်သွားလေ့ရှိသည်။
သူ့အမည်ကား ကားရဲလ် (ကားရလစ်)၊ မားလဲ့စ် ဟုခေါ်သည်။ စက်ဆရာတယောက်ဖြစ်သည်။ ဟုဒလိစဲမြို့နားမှ မိုင်းတွင်းတတွင်း ၏ လှောင်အိမ်ထဲတွင် အလုပ်လုပ်ခဲ့သည်။ ထိုနေရာ၌ အလုပ်လုပ်နေစဉ် ပြည်တွင်းတိုက်ပွဲအတွက် လိုအပ်သောယမ်းများကို တိတ်တဆိတ် ခိုးထုတ်ခဲ့သည်။ တနှစ်က အဖမ်းခံခဲ့ရသည်။ ယခုရုံးတင်စစ်ဆေးရန် ဘာလင်မြို့သို့လောမသိ သွားရမည်ဖြစ်သည်။ သူတို့တအုပ်ကြီးကို ဖမ်း ထားသည်။ မည်သို့အဆုံးသတ်မည်ကို မည်သူပြောနိုင်ပါ့မည်နည်း။ သူ့တွင် ဇနီးနှင့်ကလေးနှစ်ယောက်ရှိသည်။ သူတို့အားချစ်သည်၊ နှစ်နှစ် ကာကာကြီးချစ်သည် ဒါပေမယ့်၊ အဲဒါက တာဝန်ကိုးဗျ။ သိလား။ ဒီတော့် ကျွန်တော်လည်း မလုပ်ဘဲ ဘယ်နေနိုင်ပါ့မလဲ။
သူသည် ကျွန်တော့်ဘေးတွင်ထိုင်ကာ ကျွန်တော့်အားအတင်းအကြပ် အစာစားခိုင်းသည်။ ကျွန်တော်ကလည်း မစားနိုင်။ စနေနေ့ တွင် အလိုဒီရောက်တာ ရှစ်ရက်တောင်ရှိပြီလား သူသည် အကြမ်းဆုံးသောလမ်းစဉ်ကို လိုက်တော့်သည်။ ပေါလိစိုင်းမိုင်စတဲရ်အား ကျွန်တော် ရောက်ကတည်းက ဘာတခုမှမစားသေးကြောင်းဖြင့် ပြောပြလိုက်လေသည်။ ပေါလိစိုင်း မိုင်စတဲရ်ကား အမြဲတမ်းအစိုးရိမ်ကြီးနေတတ်သည့် ပန်ကရာ့စ်ထောင်မှ အက်ဆက်စ်ယူနီဖောင်းဝတ် ဗိန္ဓောဆရာဖြစ်သည်။ သူ့ကိုအသိမပေးပဲ ချက်အမျိုးသားဆရာဝန်သည် အက်စပရင် ကလေးတစ်ခဲမျှပင် ဆေးညွှန်းရေးမပေးနိုင်ပေ။ သူသည်လူမမာများသောက်သည့် ဟင်းချိုတခွက်ကို ကိုယ်တိုင်ယူလာ၍ ကျွန်တော်အကုန် သောက်ပြီးသည်အထိ စောင့်ကြည့်နေလေသည်။ ကားရလစ်ကား မိမိ၏အောင်မြင်မှုကြောင့် ကျေနပ်သွားလေသည်။ နောက်နေ့တွင် ကျွန်တော့်ပါးစပ်ထဲသို့ တနင်္ဂနွေနေ့ ဟင်းချိုတခွက်ကို သူကိုယ်တိုင်လောင်းထည့်ပေးသည်။
နောက်ထပ်ကား ဘာမျှစား၍မရတော့်။ ကျွန်တော်၏ သွားဖုံးများမှာကျေနေသဖြင့် တနင်္ဂနွေနေ့ ဂူးလာ့ရှ် ထဲမှ ပျော့်ပြဲပြဲအာလူး ဖတ်များကိုပင် မ၀ါးနိုင် မချေနိုင်ဖြစ်နေခဲ့သည်။ ကျဉ်းနေသော လည်ချောင်းကလည်း အသေးဆုံးသော အဖတ်တိုင်းကိုပင် ပိတ်ဆို့နေပါတော့ သည်။
- ဂူးလာ့ရှ် ... ဂူးလာ့ရှ်တောင်မှ မစားချင်ဘူးတဲ့ ... ကားရလစ်က ကျွန်တော့်ကိုယ်ပေါ်မိုးလျက် ညီးညူယင်း၊ ခေါင်းကိုလည်း ၀မ်းနည်းစွာခါ၍ နေလေသည်။
၎င်းနောက် ကျွန်တော့်အတွက် ရထားသောပုံစံကို “အဘ” နှင့်ညီညီမျှမျှခွဲကာ မြိန်မြိန်ယှက်ယှက်ကြီး စားပစ်လိုက်ပါသည်။
သြော် - ခင်ဗျားတို့က ၁၉၄၂ ခုနှစ်၊ ပန်းကရာ့စ်ထောင်ထဲမှာမှ မနေခဲ့ရဘဲကိုး။ ခင်ဗျားတို့အနေနဲ့တော့် အဲဒီတုန်းက ဂူးလာ့ရှ်ဆိုတဲ့ ဟင်းဟာ ဘယ်လောက်တာသွားတယ်ဆိုတာ သိမှာမဟုတ်ဘူး။ သိလဲ ဘယ်သိနိုင်မလဲလေ။ ဆာလွန်းသဖြင့်ဝမ်းထဲမှ တကြုတ်ကြုတ်မြည် နေသည့် အခါမျိုး။ ရေချိုးထွက်ကြသည့်အခါများတွင် အကျဉ်းသမားများသည် လူ့အရေများဖုံးထားသည့် အရိုးကောင်များအဖြစ် သရုပ်ပေါ် လာသည့် အခါမျိုး။ ရဲဘော်တိုင်းသည် မိမိ၏ရဲဘော်ထံမှ ပုံစံအချို့ကို ယုတ်စွအဆုံးမျက်စိများဖြင့် ခိုးယူလေ့ရှိကြသည့်အခါမျိုး။ ဟင်းသီး ဟင်းရွက်ခြောက်ကို၊ ခရမ်းချဉ်သီးရည်ကျဲကျဲနှင့် ရောနှောမွှေထားလျှင်ပင် အလွန်မက်စရာကောင်းသော ဇိမ်ခံအစားအစာဟု ထင်နေကြရ သည့်အခါမျိုး။
ဂူးလာ့ရှ် - သာမန်ချက်ပြုတ်သော ဂူးလာ့ရှ်မှာ အမဲသားနှင့် အာလူးဟင်းမျိုးဖြစ်သည်။ အရည်ကျဲကျဲနှင့် ဂူးလာ့ရှ် ဟင်းချိုလည်း ချက်ကြသည်။
ယင်းသို့သော်အခါမျိုးတွင်၊ ဘာကြီးပဲဖြစ်နေဖြစ်နေ ကြာသာပတေးနှင့် တနင်္ဂနွေနေ့တိုင်း တပတ်လျှင် နှစ်ကြိမ်မှန်မှန်ဂူးလာ့ရှ် ဟင်းချက်သည်။ ဟောက်ဆာရ်ဘိုင်တာရ် တို့သည်ပန်းကန်ထဲသို့အာလူးများကို ယောက်မတကော်စာထည့်၍ မဖြစ်စလောက်သော အသားဖတ်အနည်းပါသည့် ဂူးလာ့ရှ်ဟင်းရည်တဇွန်းကို အပေါ်ကဆမ်းနေသည်။ ထိုအစာကား အရသာရှိလှပါ ဘိတောင်း။ မှန်သည် အရသာရှိမျှမကသေး၊ လူ့လောကကို ထိထိတွေ့တွေ့ကြီးအမှတ်ရစေသည့် အရာဖြစ်သည်။ ဂက်စ်တာပိုထောင်၏ ရက်စက်ကြမ်းကြုတ်လှသည့် မူမမှန်လောကကြီးတွင် ဤအစား အစာကား ယဉ်ကျေးသိမ်မွေ့မှု၏ အထိမ်းအမှတ်ဖြစ်သည်။ နေရိုးထိုင်ရိုးလူ့ဘ၀၏ အထိမ်းအမှတ်ဖြစ်နေသည် အိုလေအမြဲမပြတ်ခြိမ်းခြောက် နေတဲ့ သေဘေးအန္တရာယ်ကြီးက ဟင်းမွှေးခတ်ထားတဲ့အတွက်၊ ဒီဟင်းရည်ကောင်းတဇွန်းဟာ ဘယ်လောက်တာသွားတယ်ဆိုတာကို ဘယ်သူခန့်မှန်းနိုင် ပါ့မလဲ။
နှစ်လမျှကြာခဲ့ပြီ။ ယခုသော ကျွန်တော်ကိုယ်တိုင်ပင် ကားရလစ် အံ့အားသင့်မှုကို သဘောပေါက်ပါပြီ။ ကျွန်တော်ကား ဂူးလာ့ရှ်ကို မစားချင်ခဲ့ - ကားရလစ်အတွက် ဆိုလျှင်၊ ကျွန်တော်၏သေနေ့စေ့ပုံကို အခြားအခြားသော အချက်များထက် ဤတချက်တည်းက အခိုင်အမာ သက်သေ ထူခဲ့ပြီးဖြစ်လေသည်။
နောက်တနေ့ည နှစ်နာရီအချိန်တွင် သူတို့သည် ကားရလစ်အားနှိုးကြသည်။ ငါးမိနစ်အတွင်းခရီးထွက်ရန် အသင့်ပြင်ဆင်ထား ရမည်ဟု ဆိုသည်။ လာပြောပုံမှာ ခဏတဖြုတ်မျှအပြင်ထွက်၍ လည်ရမည့်ပုံမျိုးဖြစ်လေသည်။ လမ်းခရီး၏အဆုံးတွင် လူတယောက်၏ဘ၀ အဆုံးသတ်ချင်သတ်တော့်မည် မဟုတ်သကဲ့သို့ပင် ဖြစ်သည်။ ထောင်သစ်၊ အကျဉ်းစခန်း၊ ကွပ်မျက်ရာနေရာ၊ မည်သို့သွားရမည်ကို မည်သူ မျှမသိ။ ကားရလစ်သည် ကျွန်တော်၏ ကောက်ရိုးမွေ့ရာဘေး၌ ဒူးထောက်ကာ ကျွန်တော့်ခေါင်းကိုပွေ့လျက် နမ်းသွားပါသေးသည် - ထိုခဏ၌ စင်္ကြံဘက်ဆီမှ ယူနီဖောင်းဝတ်ထောင်စောင့်၏ ငေါက်ငမ်းသံကား၊ ပန်းကရာ့စ်သည် နူးညံ့သောစိတ်မျိုးမွေးထားရမည့် နေရာမဟုတ်ကြောင်း ကို ဖော်ပြသလိုပေါ်ထွက်လာခဲ့သည် - ကားရလစ်လည်း တံခါးပေါက်မှ အပြေးကလေးထွက်သွားရှာသည်။ ၎င်းနောက် သော့ခလောက်ပိတ် သံလည်းပေါ်လာလျက် ...
ဟောက်ဆာရ်ဘိုင်တာရ် - ထောင်ဘာယာ။ ပန်းကရာ့စ်ထောင်တွင် စင်္ကြံအလိုက် ထောင်ဘာယာများတာဝန်ချထားသည်။ နိုင်ငံရေးသမား များလည်း ထောင်ဘယာများအဖြစ် အလုပ်လုပ်ကြသည်။ အခဏ်း ၇ အဆုံးပိုင်းတွင် ဘာယာများအကြောင်း တွေ့နိုင်သည်။
... အကျဉ်းခန်းတွင်းဝယ် ကျွန်တော်တို့နှစ်ယောက်တည်း ကျန်ရစ်ခဲ့ကြပါတော့သည်။
ကျွန်တော်တို့အချင်းချင်း ပြန်၍တွေ့ကြဦးမည်လော။ ဘယ်သောအခါတွင် ဒုတိယအကြိမ်မြောက် ခွဲခွာပွဲပြုလုပ်ရဦးမည်နည်း။ ကျန် ခဲ့သော ကျွန်တော်တို့နှစ်ယောက်အနက် မည်သူက အလျင်ထွက်ခွာသွားရမည်နည်း။ မည်သည့်အရပ်သို့သွား ရမည်နည်း။ သွားရမည့်သူကို မည်သူက လာ၍ခေါ်မည်နည်း။ အက်ဆက်စ် ယူနီဖောင်းဝတ်ထားသည့် ထောင်စောင့်လော။ သို့မဟုတ် ယူနီဖောင်းမ၀တ်ထားသည့် သေမင်း လော။
ကျွန်တော်ဤစာများကို ရေးနေသည်မှာ၊ ထိုပထမဆုံးအကြိမ် ခွဲခွာရခြင်း၏နောက်ပိုင်း ကျွန်တော်တို့ထံ၌ကျန်ရစ်ခဲ့သော အတွေး များ၏ ပဲ့တင်သံများဖြင့်သာ ရေးနေခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍တွက်လျှင် တနှစ်လုံးလုံး ရွေ့ခဲ့ပြီဖြစ်သည်။ ခွဲထွက်သွားရသော မိတ်ဆွေ အား လိုက်၍ပို့လိုသည့် စိတ်ကူးစိတ်သန်းများသည် ကြီးတခါ ငယ်တလှည့်ဖြင့် ပြန်ပြန်၍ လည်နေပါသည်။ အကျဉ်းခန်းတံခါးပေါ်တွင် ချိတ်ထားသည့် နှစ်ဂဏန်းမှာလည်း သုံးသို့တဖန်ပြောင်းသွား၍၊ တဖန် နှစ်၊ တဖန် သုံး၊ နှစ်၊ သုံး၊ နှစ် အကျဉ်းကျဘော်ကျဘက် လူသစ်များ ရောက်လာ၍၊ တဖန်ပြန်ထွက်သွားကြပြန်ကာ - ထိုယခင် တနေ့က အကျဉ်းခန်း ၂၆၇ တွင် ကျန်ရစ်ခဲ့သော လူနှစ်ယောက်သာ၊ သံယောဇဉ် ကြီးစွာဖြင့်၊ အတူတကွ၊ ထိုင်မြဲထိုင်လျက် ကျန်ရစ် ကြသည်။
“အဘ” နှင့်ကျွန်တော်။
... ... ... ... ... ... ... ... ... ... ... ...
“အဘ” ကား ကျောင်းဆရာများ၏ နာယက၊ အသက်ခြောက်ဆယ်အရွယ်ရှိ ယိုးဇက်၊ ပက်ရှက်ခေါ် ကျောင်းဆရာတယောက် ဖြစ်သည်။ ကျွန်တော့်အလျင်၊ ရှစ်ဆယ့်ငါးရက်စော၍ အဖမ်းခံရသည်။ လွတ်လပ်သော ချက်စာသင်ကျောင်းများ ပြုပြင်ပြောင်းလဲရေးစီမံကိန်း ကို ရေးဆွဲခြင်းအားဖြင့် (ဂျာမန်) အင်ပါယာကြီးအား ဆန့်ကျင်ကြံစည်သည်ဟု စွပ်စွဲခဲ့ကြသည်။
“အဘ” ထိုသူကား ...
ဒါပေမယ့် သူ့အကြောင်းကို မင်းဘယ်လိုလုပ်ရေးမှာလဲ မောင်ရင် ဒါကတော့ အတော်ခက်လိမ့်မယ်။ လူနှစ်ယောက်၊ အကျဉ်းခန်း တခန်းနှင့် တနှစ်တာသောအချိန်။ ထိုအချိန်၏ နောက်ပိုင်းဝယ် “အဘ” ဟူသော အမည်မှာစကားအရဖြင့် တင်စားခေါ်ဝေါ်ခြင်းသာ မဟုတ် တော့။ ထိုအချိန်အတွင်းဝယ်၊ အသက်အရွယ်ကွာခြားသော အကျဉ်းသမားနှစ်ယောက်တို့သည်၊ အကယ်ပင် အဖေနှင့်သား ဖြစ်လာခဲ့ကြ သည်။ ထိုအချိန်အတွင်းဝယ် ကိုယ်စွဲဗီဇ၊ နှုတ်စွဲစကားလုံးများအပြင် အသံနေအသံထားပါ ရောနှောဖလှယ်မိကြသည် - ဒီနေ့မတော့ ဘယ် ဟာက ကျွန်တော့်မူရင်း၊ ဘယ်ဟာက အဖေရဲ့ပါရင်းစွဲ၊ အကျဉ်းခန်းထဲကို သူကဘာယူခဲ့တယ်၊ ကျွန်တော်က ဘာပါခဲ့တယ်ဆိုတာကို ခွဲနိုင် ယင် ခွဲခြားကြည့်လိုက်ပါအုံး။
အဘသည် ကျွန်တော့်အား တညပြီးတည စောင့်ရှောက်ပြုစုခဲ့သည်။ သေမင်းကြီးနီးလာတိုင်း ဖြူဖွေးသော ပတ်တီးရေစိုများဖြင့် သေမင်းအား ခြောက်လှန့်မောင်းထုတ်နေခဲ့သည်။ အနွံအတာခံလျက် ကျွန်တော်၏ဒဏ်ရာများမှပြည်များကို ဆေးကျောပေးသည်။ ကျွန်တော် ၏ကောက်ရိုးမွေ့ရာတ၀ိုက် ပျံ့နှံ့ထွက်ပေါ်နေသော ပြည်ပုပ်နံ့စိမ်းရွှေရွှေကြီးကိုပင် နှာခေါင်းရှုံ့မပြခဲ့ပါ။ ပထမဆုံးအကြိမ် အစစ်ခံခဲ့စဉ်က ဒဏ်ထိ သွားသော ရှပ်အင်္ကျီအစုတ်စုတ် အမွှာအမွှာကို လျှော်လည်း လျှော်ပေးသည်။ ချုပ်ဖာ၍လည်းပေးသည်။ နောက်ထိုအင်္ကျီကို အဖတ်ဆည်၍ မရသောအခါ သူ့အ၀တ်အစားများ ဆင်ပေးပါသည်။ ပန်း ကရာ့စ်ထောင်တွင်း မြေကွက်လပ်တွင် နံနက်နာရီဝက်မျှ ကိုယ်လက်လှုပ်ရှားရေး ပြုလုပ်ကြစဉ် ဒေစီပန်းတပွင့်နှင့် မြက်တပင်ကို ကျွန်တော့်အတွက် အသက်ဆံဖျား စွန့်စား၍ခူးယူလာသည်။ အစစ်ခံရန် ထွက်သွားရတိုင်း သူ သည် ကြင်နာသော မျက်လုံးများဖြင့် ကျွန်တော့်အားကြည့်ရင်း ကျန်ရစ်သည်။ ပြန်လာသောအခါ ဒဏ်ရာအသစ်များကို ပတ်တီးအသစ် များဖြင့်စည်းပေးသည်။ ညဘက်တွင် ကျွန်တော့်အားခေါ်ထုတ်သွားကြလျှင် မအိပ်ဘဲစောင့်နေ၍ ကျွန်တော်ပြန်လာသော် ကျွန်တော့်အား ကောက်ရိုးမွေ့ရာပေါ်ချ စောင်လုံလုံခြုံပေးပြီးမှ ကိုယ်တိုင်လည်း အိပ်ရာဝင်လေသည်။
ဤသည်တို့ကား နှစ်ယောက်သားတွေ့ဆုံစက အဖြစ်အပျက်များဖြစ်သည်။ နောင် ကျွန်တော့်အနေနှင့် မိုးတိုးမတ်တတ်လည်း ရပ် နိုင်၊ သားပီပီမွေးကျေးဇူးလည်း ဆပ်နိုင်လာသည့်အထိ တယောက်နှင့်တယောက် ဆက်ဆံပုံမှာ မပြောင်းမလဲ ရှိနေခဲ့ပါသည်။
ဒါပေမယ့် တအောင့်ကလေးအတွင်းမှာ စုံစုံလင်လင်ပါသွားအောင် မင်းဘယ့်နဲ့လုပ်ရေးမှာလဲမောင်ရင်။ ထိုနှစ်အတွင်း အကျဉ်းခန်း ၂၆၇ မှာ အထူးတလည်အသက်ဝင်နေခဲ့သည်။ ထိုလှုပ်ရှားမှုများတွင် ဘလည်းသူ့အခန်းမှနေ၍ သူ့သဘာဝ အတိုင်းပါဝင်ခဲ့သည်။ ဤအချက် ကိုထည့်၍ ပြောရပေမည်။ ထိုမျှမကသေး ဇာတ်ကြောင်းသည်လည်း ဤနေရာတွင် အဆုံးသတ်မည်မဟုတ်သေး (ဒီလိုဆိုလိုက်တော့်ဖြင့် မြှော်လင့်ချက် အသံကလေးတွေတောင် မြည်သွားလေရော့သလား။)
... ... ... ... ... ... ... ... ... ... ... ...
အကျဉ်းခန်း ၂၆၇ ကား အထူးတလည် အသက်ဝင်နေခဲ့သည်။ နာရီတိုင်းလိုလိုပင် တံခါးပွင့်သွားလျက် စစ်ဆေးကြည့်ရှုမည့် သူ များရောက်လာတတ်သည်။ ထိုသို့ပြုလုပ်သည်မှာ အပြစ်ကြီးသောကွန်မြူနစ်ရာဇ၀တ်ကောင်ကို တင်းကြပ်စွာစောင့်ထိန်းရမည်ဟူသော အမိန့် ကြောင့်လည်းဖြစ်သည်။ ဤနေရာတွင်သေရန်မဟုတ်သော လူများပင်မကြာခဏသေကြရသည်။ သို့သော် သေမည်ဟုလူတိုင်းက တထစ်ချ ယူဆထားသော လူတယောက်မသေပဲ သောင်တင်နေသည်မှာ ကြုံခဲလှသော အဖြစ်အပျက်တရပ်ဖြစ်လေသည်။ အခြားစင်္ကြံများမှ ထောင် စောင့်များပင် ဤနေရာသို့ ရောက်လာကြကာ၊ စကားစရှာလိုရှာ သို့မဟုတ် စကားတခွန်းမျှမပြောဘဲ စောင်ကိုလှစ်၍ လူတတ်တို့၏ အကြည့် မျိုးဖြင့် ဒဏ်ရာများကို အရသာခံကြည့်ရှုကြသည်။ နောက် ဥာဉ်အလိုက် ငေါ့သူကငေါ့၊ မိတ်ဆွေဖွဲ့သံ ပေးသူကပေးသည်။ ၎င်းတို့ အနက်မှ ထောင်စောင့်တယောက်ကို ကျွန်တော်တို့က “ဖိုးစပ်စု” ဟူ၍ပင် ခေါ်စပြုပြီ။ သူသည် အခြားသူများထက်လည်း ပို၍လာတတ်သည်။ ရွှန်းရွှန်း စားစားကြီး လည်းပြုံးရင်း “တစ္ဆေနီ” ဘာအလိုရှိသည်ကို မေးတတ်သည်။ ကျေးဇူးတင်ပါတယ်ခင်ဗျား၊ ဘာမှမလိုပါဘူးခင်ဗျား။ နောက်ရက် များမကြာမီတွင်ပင်၊ ဖိုးစပ်စုသည် တစ္ဆေနီတကယ်ပင်လိုအပ်နေသော အရာတရပ်ကို တွေ့ရှိသွားသည်။ ထိုကိစ္စကား မုတ်ဆိတ်ရိတ်ရမည့် ပြဿနာဖြစ်လေသည်။ ထိုကြောင့် ဆတ္တာသည်ကို ခေါ်လာသည်။
အကျဉ်းခန်းထဲရှိ လူများမှလွဲလျှင်ဤဆတ္တသည်မှာ ကျွန်တော်ပဌမဆုံးတွေ့ဆုံရသည့် အကျဉ်းသမားဖြစ်သည်။ ရဲဘော် ဘောချက် ဟု ခေါ်သည်။ ဖိုးစပ်စု၏စေတနာသည်လည်း မီးစတဖက် ရေမှုတ်တဖက်အဖြစ် ပေါ်လာလေသည်။ ဘက ကျွန်တော်၏ခေါင်းကို ကိုင်ထားကာ ရဲဘော်ဘော့ချက်က ကောက်ရိုးမွေ့ရာနံဘေး ဒူးထောက်လျက် သင်တုန်းဓား တုန်းတုန်း ဖြင့် အမွေးကြမ်းဘုတ်သိုက်ကြီးကို ခုတ်ထွင်ပစ်ရန် အားထုတ်ရသည်။ သူ၏လက်များကား တုန်၍နေသည်။ မျက်လုံးများတွင်လည်း မျက်ရည်များဝိုင်း၍နေသည်။ သူကား လူသေကောင်ကို မုတ်ဆိတ်ရိတ်ပေးနေရသည်ဟု တထစ်ကျစွဲနေလေသည်။ ကျွန်တော်က သူစိတ်သက်သာအောင် ဖျောင်းဖျပေးရသည်။
- “ရဲရဲသာအုပ်ပါ ကိုရင်ရ။ ပက်ချက်နန်းတော်မှာ စစ်ကြဆေးကြတာတွေကိုတောင် ခံနိုင်ခဲ့သေးတာ၊ ကိုယ့်လူမုတ်ဆိတ်ရိတ် တာလောက် တော့် သိပ်ဖြုံမယ် မထင်ဘူး။”
သို့သော် သူရောကျွန်တော်ပါ အားမရှိကြသဖြင့် နှစ်ယောက်လုံး အနားယူကြရသည်။
နောက်နှစ်ရက် ကြာသောအခါ အကျဉ်းသမားများအနက်မှ နောက်နှစ်ဦးကိုသိကျွမ်းလာရပြန်သည်။ ပက်ချက်နန်းတော်ရှိ အရာရှိ မင်းများကား စိတ်မရှည်ကြ။ သူတို့က အခေါ်လွှတ်လိုက်တိုင်း ပေါလိစိုင်းမိုင်စတဲရ်က နေ့စဉ်နှင့်အမျှ ဆင့်စာပေါ်တွင် တရန်စပေါ့ရ်တွန်ပဟီးဂိ ဟူ၍ချည့်ရေးရေးလွှတ်သည်။ ထို့ကြောင့် ဖြစ်ချင်ရာဖြစ် အရောက်ပို့မည်ဟု အမိန့်ချမှတ်တော်မူကြသည်။ ထို့ကြောင့် ဟောက်ဆာရ်ဘိုင်တာရ် သို့မဟုတ် ထောင်ဘာယာ ယူနီဖောင်းများဝတ်ထားသော အကျဉ်းသမားနှစ်ယောက်လည်း ကျွန်တော်တို့အခန်းတွင်းအရောက် လူနာထမ်းစင် ဖြင့် ပေါက်လာကြသည်။ ဘက ကျွန်တော့်အား ပင်ပန်းကြီးစွာဖြင့် အ၀တ်ဝတ်ပေးသည်။ မိတ်ဆွေနှစ်ဦးကလည်း ကျွန်တော့်အား ထမ်းစင်ပေါ် သို့တင်၍ ခေါ်ဆောင်သွားကြ သည်။ ထိုသူနှစ်ယောက်အနက် တယောက်ကား နောင်တချိန်တွင် စင်္ကြံတလျှောက်လုံးရှိ အကျဉ်းသားများအ ပေါ် ဂရုစိုက်မည့် အဖေကြီးရဲဘော် စကော်ယျက်ပါ ဖြစ်၍ အခြားတယောက်ကား - - - - ဖြစ်သည်။ လှေခါးမှအဆင်းတွင် ကျွန်တော်သည် နိမ့်လျောကြီးဖြစ်နေသော ထမ်းစင်ပေါ်မှ လျှောကျသွားမည်ကဲ့သို့ဖြစ်ရာ ဒုတိယလူက ကျွန်တော့်ကိုပေါ်သို့ ကိုင်းငုံ့ယင်း
-“ ထိန်းထား”
ဟုပြောလေသည်။ နောက်အသံခပ်အုပ်အုပ်ဖြင့် တီးတိုးပြောဆိုလိုက်သေးသည်။
- “ဒီမှာရော၊ ဟိုမှာရော”
ဤတခေါက်တွင်ကား ထောင်ရုံးခန်းသို့မ၀င်ကြတော့။ ကျွန်တော့်အား ရှည်လျားသော စင်္ကြံကြီးတလျှောက်မှနေ၍ ထောင်ဘူးဝ အထိ သယ်ဆောင်သွားကြသည်။ စင်္ကြံကားလူများဖြင့် ပြည့်နေသည် - ကြာသပတေးနေ့ဖြစ်၍ လူတို့သည်ထောင်ကျနေသော ဆွေမျိုးသား ချင်းများ၏ အ၀တ်ဟောင်းများကို လာယူနေကြသည် - အားလုံးတို့သည် ကျွန်တော်တို့၏ စိတ်မချမ်းမြေ့ဘွယ်ရာ လှည့်လည်ပွဲကို ကြည့်ရှု ယင်း မျက်လုံးများတွင် ၀မ်းနည်းခြင်း အရိပ်အရောင်များ ပြလာကြသည်။ ဤသည်ကို ကျွန်တော့်အနေနှင့် များစွာအားမလိုအားမရကြီး ဖြစ်မိ သည်။ ထိုကြောင့် လက်ကိုခေါင်းဆီသို့ပင့်ကာ၊ လက်သီးကို ဆုပ်၍ပြလိုက်သည်။ မြင်ကောင်းမြင်ကြပေလိမ့်မည်။ သူတို့အား နှုတ်ဆက်ခြင်း ဖြစ်သည်ကိုလည်း နားလည်ကောင်း နားလည်ကြပေလိမ့်မည်။ ကြောင်တက်သော အမူအရာတခုလည်း ဖြစ်ကောင်းဖြစ်နေမည်။ သို့သော် ကျွန်တော်ကား ထို့ထက်ပို၍မ တတ်နိုင်၊ ယခုထက်ထိ အင်အားဆို၍ ကောင်းစွာမရှိသေးပေ။
တရန်စပေါ့ရ်တွန်ပဟီးဂိ - သယ်ယူပို့ဆောင်ရန် မသင့်။
ပန်းကရာ့စ်ဝင်းတွင်းရှိ မြေကွက်လပ်တွင်၊ လူနာတင်ထမ်းစင်ကို လော်လီကြီတစီးပေါ်သို့ တင်လိုက်ကြသည်။ အက်ဆက်နှစ် ယောက်က ကားမောင်းသူ၏ဘေးတွင် ထိုက်လိုက်ကြသည်။ အခြားအက်ဆက်နှစ်ယောက်က ဖွင့်ထားသော ခြောက်လုံးပြူးအိတ်များပေါ် လက်တင်လျက် ကျွန်တော်၏ ဦးခေါင်းအနီးတွင် ကားကားရားရား ရပ်ကြသည်။ ဤသို့လျှင် ခရီးထွက်သွားခဲ့ကြပါသည်။ လမ်းကား ပြေပျစ်ပုံ မရ၊ ဟုတ်သည်၊ တကယ်ကိုပင် မပြေပျစ်။ ချိုင့်တချိုင့်၊ နောက်ချိုင့်တချိုင့် - ဂိုက်နှစ်ရာ မျှ မသွားရသေးမီ ကျွန်တော်လည်း သတိလစ်သွားပါ တော့သည်။ ပရာဟာမြို့တော်ရှိ လမ်းမကြီးများပေါ်၌ ယင်းသို့ ခရီးသွားခဲ့ရသည်ကား ရယ်စရာကြီးပင် ဖြစ်နေသည်။ အကျဉ်းသားသုံးဆယ် အတွက် သတ်မှတ်ထားသော ငါးတန်မော်တော်ကားကြီးကို အကျဉ်းသမားတယောက်တည်းအတွက် ဓာတ်ဆီဖြုန်းယင်း၊ ရှေ့တွင်လည်း အက်ဆက်စမန်းနှစ်ယောက်၊ နောက်တွင်လည်း နှစ်ယောက်၊ ပြူးပြူးပြဲပြဲ အစိမ်းစားတော့်မည့်ဟန်များဖြင့် လူသေကောင်တကောင် ထွက်မ ပြေးရန် စောင့်ကြပ်နေခဲ့ကြသ တည်း။
နောက်တနေ့တွင် အဆိုပါ ပျော်တော်ဆက်ဇာတ်လမ်းရွှင်ကို တဖန်ပြန်၍ ခင်းကျင်းပြသကြပြန်သည်။ ဤအခါတွင်ကား ကျွန်တော် သည် ပက်ချက်နန်းတော်ရောက်သည်အထိ တောင့်ခံနေခဲ့သေးသည်။ စစ်ဆေးမေးမြန်းခြင်းကား မကြာလှ။ အရာရှိဖရီးဒစ်က ကျွန်တော့် ကိုယ်ကို မယုမယ ကိုင်တွယ်လိုက်သည်နှင့် တပြိုင်နက် ကျွန်တော့်အား သတိလစ်လျက်သား ပြန်ခေါ်သွားကြရပါတော့သည်။
ယခုသော် ကျွန်တော်၏အသက်သည် ကိုယ်ခန္ဓာနှင့်မြဲနေပြီဖြစ်ကြောင်းကို ယုံမှားသံသယရှိစရာ မလိုတော့်သည့်နေ့များသို့ ရောက်လာခဲ့ပေပြီ။ အသက်၏အမွှာပူးညီမဟု ဆိုရမည်ဖြစ်သော နာကျင်ခြင်းသည် ဤအချက်ကို ပြတ်သားစွာ သတိပေးနေပါသည်။ ပန်း ကရာ့စ်သည်လည်း ကျွန်တော်တယောက် လက်ချော်ခြေချော်၊ မတော်တဆနှင့် အသက်ရှင်နေကြောင်းကို သိခဲ့ပြီ။ ထိုကြောင့် ပဌမနှုတ်ခွန်း ဆက်များလည်း ရောက်လာစပြုသည်။ ထရံထူထူကြီးများကို တဒေါက်ဒေါက်ခေါက်ခြင်း ဖြင့်၎င်း၊ အစာဝေကြသည့် စင်္ကြံဘာယာများ၏ မျက် လုံးများတွင် သယ်ယူ၍၎င်း၊ နှုတ်ခွန်းဆက်စကားများ ရောက်လာကြလေသည်။
ကျွန်တော်၏ ဇနီးသာ ကျွန်တော့်အကြောင်းကို ဘာမျှမသိ။ ကျွန်တော့်အကျဉ်းခန်း၏ အောက်တည့်တည့်မှနေ၍ သုံးလေးခန်း အကွာ အကျဉ်းခန်းတခန်းထဲတွင် တယောက်တည်းနေရရှာသည်။ စိုးရိမ်တလှည့် မြှော်လင့်တခါ နေရရှာသည်။ နောက်ဆုံးတွင်ကား ဤ မြှော်လင့်ချက်ပင်ပျောက်ကွယ်သွားလေသည်။ တခါ နံနက်ပိုင်းနာရီဝက်မျှ ကိုယ်လက်လှုပ်ရှားရေး လုပ်ကြရစဉ် သူ့ဘေးခန်းမှအဖော်တ ယောက်နှင့် ဆုံမိကြသည်။ ထိုအမျိုးသမီး၏ အဆိုအရ ကျွန်တော်ကား အနိစ္စရောက်ခဲ့ပြီ။ အစစ်ခံရစဉ်က ရရှိခဲ့သော ဒဏ်ရာများကြောင့် ကွယ်လွန်ဟန်တူသည်ဟု သတင်းကြားရလေသည်။ ထို့နောက်ပိုင်းတွင် သူ့ခမြာ မြေကွက်လပ်တလျှောက် လှည့်လည်၍နေမိသည်။ သူ၏ ကမ္ဘာမှာလည်း ခြာခြာလည်နေခဲ့သည်။ ထောင်၏မူမှန် လောကဖြစ်သော တန်းစီရာသို့ပြန်ဝင်ရန် ထောင်စောင့်ပုလိပ်မက မျက်နှာကိုရိုက်ပုတ် လိုက်သည်။ ဤသို့ဖြောင်းဖျပေးသည့် တိုင်အောင် နာရကျင်ရမှန်းမသိရှာခဲ့ပေ။ အဲဒီနောက် အကျဉ်းခန်းက ထရံအဖြူကြီးကို ကောင်းမွန်တဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေမှာ မျက်ရည်တွေဝိုင်းမနေနိုင်တော့်ဘဲ စိုက်ကြည့်နေလိုက်တာ၊ ဘာတွေကိုများ မြင်ခဲ့ပါလိမ့်။ နောက်တနေ့တွင် သူ့ထံ သို့ အခြားသတင်းတရပ်ရောက်လာပြန်သည်။ ယခင်သတင်းကားမမှန် ကျွန်တော်သည် အရိုက်ခံရသော ဒဏ်ရာများကြောင့် သေသည်မ ဟုတ်၊ အနာအကျင်များကို မခံနိုင်တော့်သောကြောင့် ကျွန်တော်၏အကျဉ်းခန်းအတွင်း၌ပင် ကြိုးဆွဲချသေလေသည် ဟူသတည်း။
ထိုအချိန်တလျှောက်လုံးတွင် ကျွန်တော်ကားချူချာလှသော ကောက်ရိုးမွေ့ရာပေါ်တွင် အစန့်သားလဲနေသည်။ ညနေတိုင်း နံနက် တိုင်းတွင်မူ မရမကကြိုးစား၍ ဘေးတစောင်းစောင်းယင်း ဂုစတီနာအတွက်သူနှစ်သက်သော သီချင်းများကိုဆိုနေခဲ့ပါသည်။ ဒီလောက် တောင် စိတ်ပါလက်ပါနဲ့ လှိုက်လှိုက်လှဲလှဲကြီး ဆိုနေတာကို သူဘယ့်နဲ့မကြားဘဲနေပါလိမ့်။
ယခုသော် ယခင်နေခဲ့သည့်နေရာထက် ပို၍ ဝေးသွားပြီဖြစ်သည့်တိုင်အောင် ဂုစတီနာသည် သတင်းအမှန်များကို ကြားရပါပြီ၊ သိရ ပါပြီ။ ထိုမျှမကသေး ယခုအခါတွင်မူ ထောင်စောင့်များပင် အကြောင်းသိလာကြသည်။ အကျဉ်းခန်း ၂၆၇ မှ သီချင်းဆိုခြင်းကို ကျင့်သားရ ကြကာ၊ တိတ်တိတ်နေရန် တံခါးကိုထု၍ အော်ငေါက်ခြင်းပင် မပြုလုပ်ကြတော့်ပါ။
အကျဉ်းခန်း ၂၆၇ ကား သီချင်းဆိုနေလေသည်။ ကျွန်တော်သည် တသက်လုံး သီချင်းဆိုခဲ့သည်။ ဘ၀၏ အဆုံးသတ်ချိန်၊ ဤမျှ အသက်ပြင်းသောအခါတွင်မှ အဘယ့်ကြောင့် သီချင်းမဆိုရမည်ကို နားမလည်ပါ။ အဘပက်ရှက်ကကော ဘယ့်နဲ့လဲ။ အလိုလေး ... သူက တော့ ထူးဆန်းပေသည်။ သီချင်းဆိုခြင်းကို လှိုက်လှိုက်လှဲလှဲကြီး ၀ါသနာပါသည်။ သို့သော် ဂီတဆန်သည့် နားလည်းမရှိ၊ အသံလည်း မကောင်း၊ ဂီတမှတ်ဥာဏ်လည်း ဝေလာဝေး။ သို့သော်သီချင်းကို မြတ်နိုးတွယ်တာစွာ ကြိုက်တတ်၍ သီချင်းသံဝယ် စိတ်ချမ်းသာနေတတ်ရ ကား နားက ၇ သံကို တမက်တမော တောင့်တနေချိန်ဝယ် ခေါင်းမာမာနှင့် ငါးပေါက်ကြီးချ၍ ဆိုလိုဆို၊ တသံမှတသံပြောင်းလိုပြောင်း၊ စသည် ဖြင့် လျှောက်လုပ်သည်ကိုပင် ကျွန်တော်က ဂရုမထားမိတော့သည်အထိ ဖြစ်လာသည်။ သို့နှင့် လွမ်းစပျိုးလာသော အချိန်များတွင် သီချင်းဆို ကြသည်။ နေပွင့်သော အချိန်များတွင် သီချင်းဆိုကြသည်။ နောက်ပြန်၍ တွေ့ကောင်းတွေ့ရတော့်မည့် ရဲဘော်တယောက် ခွဲထွက်သွားရ တော့မည့်အခါ သီချင်းနှင့်လိုက်ပို့ကြသည်။ အရှေ့ဘက် စစ်မြေပြင်များမှသတင်းကောင်းများကို သီချင်းနှင့် ကြိုဆိုကြသည်။ စိတ်သက်သာမှု အတွက်လည်း သီချင်းဆိုသည်။ ပျော်ရွှင်မှုအတွက်လည်း သီချင်းဆိုသည်။ ဤဓလေ့အတိုင်း လူတို့သည် တခေတ်ပြီးတခေတ် သီချင်း ဆိုခဲ့ကြသည်။ လူသတ္တ၀ါဟူ၍ တည်မြဲနေသမျှကာလပတ်လုံးလည်း သီချင်းဆိုနေကြမည်သာ ဖြစ်ပေသည်။
သီချင်းမပါသော အသက်ဟူသည်မရှိ၊ အသက်ဟူသည်လည်း နေမင်းကြီးမပါဘဲနှင့် မတည်ရှိနိုင်ပေ။ ကျွန်တော်တို့ကား သီချင်းကိုနှစ်ဆတိုး၍ တောင့်တကြသည်။ အဘယ်ကြောင့်ဆိုသော နေရာင်သည် ကျွန်တော်တို့ထံ မရောက်တတ်သော ကြောင့်ဖြစ်ပေသည်။ အမှတ် ၂၆၇ သည် မြောက်ဘက်ကို မျက်နှာပြုထားသည်။ နွေလများ၌သာ ညနေစောင်းနေရောင်သည် ပြူတင်းပေါက်သံတိုင်အရိပ်တို့ကို အရှေ့ဘက်ထရံပေါ်၌ ခဏတဖြုတ်ထင်စေသည်။ ထိုအခါ ဘသည် အိပ်ရာစင်ကိုမှီ၍ မတ်တတ်ရပ်ယင်း လာလာသွားသွား ထွက်ခွာသွားသည့် ဧည့်သည်ရောင်ခြည်တန်းကို ကြည့်ရှုရှာလေသည် ... ဤကား၊ ဤနေရာတွင် တွေ့နိုင်သမျှအနက် ကြေကွဲဘွယ်ရာ အကောင်းဆုံးသော ရှုခင်းတရပ်ဖြစ်လေသည်။
နေမင်းသူရိယာ... ၀ိုင်းစက်သော မျက်လှည့်ဆရာသည် ရက်ရောစွာထွန်းတောက်ယင်း အံ့သြစရာအမြောက်အများကို လူတို့၏ မျက်စိအောက်၌ပင် ဖန်ဆင်းပြတတ်သည်။ နေရောင်အောက်တွင် နေရသောလူတို့ကား နည်းပါးလှစွာသည်။ နောင်သော် နေမင်းကြီးသည် အပြည့်အ၀ထွန်းလင်းတောက်ပ လာပေလိမ့်မည်။ ဟုတ်သည်၊ လူများသည်လည်း နေရောင် ခြည်များအောက်တွင် နေကြရပေတော့်မည်။ ဤအချက်ကို သိရခြင်းကား ၀မ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ သို့စဉ်လျက် ခင်ဗျားသည် ထိုအချက်နှင့် မနှိုင်းသာ မယှဉ်သာလောက်အောင် သေးမွှားလှသော အချက်ကလေးတချက်ကိုလည်း အလွန်အမင်းသိလိုလှသေးသည် - ငါတို့အတွက်ကော၊ နေမင်းကြီးထွန်းလင်းပါလိမ့် အုံးမလား။
ကျွန်တော်တို့၏ အကျဉ်းခန်းကား မြောက်ဘက်သို့ မျက်နှာမူသည်။ နွေရာသီအချိန်၊ နေသာသောနေ့များတွင်သာ နေ၀င်သည်ကို ခဏတဖြုတ်တွေ့ကြရသည်။ ဘရယ် ... ကျွန်တော်လေ၊ နောက်တခါကလေးလောက်တော့ နေထွက်တာကို မြင်ချင်စမ်းပါဘိတော့တယ်ဗျာ ....
Posted by
ရွှေဥသြ
at
00:15
0
comments
Labels: ကိုယ့်အကြိုက် စာအုပ်များ
Sunday, 16 December 2007
ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်) အခဏ်း (၂)
အသက်ငင်ခြင်း
`နေမင်း၏ ရောင်ခြည်များနှင့်
ကြယ်ပွင့်တို့၏ အလင်းရောင်များသာ
ငါတို့အတွက် ကွယ်ပျောက်ခဲ့သော်
ငါတို့အတွက် ကွယ်ပျောက်ခဲ့သော်´
လူနှစ်ယေက်သည် စိတ်မချမ်းမြေ့စရာ ဓမ္မသီချင်းတပုဒ်ကို အတိုင်အဖောက်လည်းမညီဘဲ လေးတွဲ့သော အသံများဖြင့် သီဆိုနေကြသည်။ သူတို့သည် အောက်ဘက်သို့ ဆန့်တန့်ထားသောလက် များကို ကိုယ်အရှေ့တွင် ယှက်ထား၍၊ ဖြူဖွေးသော လိုဏ်ဂူအတွင်း လေးဆေးသော ခြေလှမ်းများဖြင့် ၀ိုင်းကြီးပတ်လည် လှည့်နေကြသည်။
`... ၀ိဥာဉ်များလည်း နှစ်သိမ့်စဘွယ်
ဆောင်ကျဉ်း၍ သွားတော့မည်
ကောင်းကင်ဘုံ ထိုအဝေးသို့လည်း
ကောင်းကင်ဘုံ ထိုအဝေးသို့လည်း ... ´
တစုံတယောက်ကား အနိစ္စရောက်ခဲ့ပြီ။ ဘယ်သူများပါလိမ့်။ ကျွန်တော်သည် ဦးခေါင်းကိုလှည့် ရန် ကြိုးစားသည်။ အလောင်းထည့်ထားသော ခေါင်းနှင့်၊ ခေါင်းရင်းတွင် ထောင်နေသော ဖယောင်းနှစ် တိုင်ကို တစေ့တစောင်းဖြင့် မြင်ကောင်းရာသည်။
`... ထိုဌာနီတွင် ည၏မှောင်မိုက်မှုလည်းကင်း
ထာဝရရောင်ခြည်လည်း
ထွန်းလင်းနေလေသည် ...´
မျက်လုံးများကိုကား ဖွင့်၍ရခဲ့ပြီ။ အခြားမည်သူ့ကိုမျှ မတွေ့။ ဤနေရာတွင် ဤလူနှစ်ယေက်နှင့် ကျွန်တော်မှလွဲ၍၊ အခြားမည်သူ တဦးတယောက်မျှမရှိ။ သို့ဖြစ်လျှင် အသုဘတွေးချင်းကို မည်သူ့ အတွက် ဆိုနေကြသနည်း။
`... ထာဝစဉ်လက်နေသော ထိုကြယ်ပွင့်ကား
ယေရှုသခင်ကိုယ်တော်တိုင်တည်း
ယေရှုသခင်ကိုယ်တော်တိုင်တည်း။´
ဤသည်ကား အသုဘ၊ ဟုတ်သည်။ အကယ်ပင် အသုဘဖြစ်လေသည်။ မည်သူ့အား မြှုပ်နှံ နေကြသနည်း။ ဤနေရာတွင် မည်သူရှိသနည်း။ သူတို့နှစ်ယောက်နှင့် ကျွန်တော်သာရှိသည်။ ဟုတ် သည် - ကျွန်တော်သာ ရှိသည်။ ဤသည်ကား ကျွန်တော်၏ အသုဘပင်ဖြစ်ပေသလော။ ဒီမှာ ... မိတ်ဆွေတို့ ... နားထောင်ကြစမ်းပါ။ မှားနေပြီထင်တယ်။ ကျွန်တော်မသေသေးပါဘူး။ အသက်ရှင်နေ တာ မတွေ့ဘူးလား။ ခင်ဗျားတို့ကိုကြည့်ပြီး ခင်ဗျားတို့ကို စကားပြောနေတာ မြင်တယ်မဟုတ်လား။ တော်ကြပါတော့ဗျာ၊ ကျွန်တော့်ကို မြေမမြှုပ်ကြပါနဲ့အုံး။
`ကျွန်ုပ်တို့အား တစုံတဦးက
နောက်ဆုံးနှုတ်ဆက်ခြင်းဖြင့်
နှုတ်ဆက်နေသည့်အခါ
နှုတ်ဆက်နေသည့်အခါ ...´
မကြားကြ၊ နားပင်းနေကြသလော။ ကျွန်တော်ကပင် အသံခပ်ကျယ်ကျယ်မပြော၍လော။ သို့မ ဟုတ် ကျွန်တော်သည် အကယ်ပင် သေဆုံးခဲ့ပြီဖြစ်၍၊ ရုပ်မရှိတော့သော အသံကို မကြားနိုင်ကြခြင်း လော။ ကျွန်တော်၏ ကိုယ်လုံးကြီးကား မှောက်လျက်သားငြိမ်နေသည်။ ကျွန်တော်ကလည်း မိမိ၏ အသုဘကို မိမိပြန်ကြည့်နေရသည်။ ရယ်ဘွယ်ကောင်းလေစွ။
`... လျှမ်းလျှမ်းတောက် မျက်လုံးများဖြင့်
မော်၍ကြည့်သည်မှာ
ကောင်းကင်ဘုံ ထိုအဝေးသို့
ကောင်းကင်ဘုံ ထိုအဝေးသို့တည်း ...´
မှတ်မိပါပြီ။ တစုံတဦးက ကျွန်တော့်အား ခဲခဲယဉ်းယဉ်းပင့်မ၍ အ၀တ်များ ၀တ်ပေးခဲ့သည်။ နောက် လူနာတင်ထမ်းစင်ဖြင့် ကျွန်တော့အား သယ်ဆောင်သွားကြသည်။ စင်္ကြန်တလျှောက်တွင် သံခွာသံများ ဟိန်းနေခဲ့သည်။ ထို့နောက် ... ထို့ထက်လွန်၍ကား ဘာမျှမသိတော့၊ ထို့ထက်လွန်၍ကား ဘာမျှမသိ၊ ဤသည်ကား ကျွန်တော်၏ အစွမ်းကုန်ပစ်ဖြစ်သည်။
`... ထိုဌာနိအား ထာဝရအလင်းရောင်
အမြဲတစေ ၀င်းနေသည်လည်း ... ´
သို့သော် ဤကိစ္စကား အဓိပ္ပာယ်လုံးဝမရှိ။ ကျွန်တော်ကား အသက်ရှင်နေသည်။ ဝေးလံသော နာကျင်မှုတရပ်ကိုခံစားနေရသည်။ ရေလည်း ငတ်သေးသည်။ လူသေကောင်ဟူသည်ကား ရေမဆာတတ်။ ရှိသမျှအားတို့ကို အစွမ်းကုန်ညှစ်ထုတ်လျက်၊ လက်ကိုလည်း လှုပ်ရှားရန် ကြိုးစားလိုက်သည်တွင်၊ သဘာဝမကျသော အသုံးစိမ်းကြီးတသံသည် ကျွန်တော့်ကိုယ်တွင်းမှ ပွင့်ထွက်သွားသည်။
- ရေ
အခုမှပဲလေ၊ လူနှစ်ယောက်လည်း ၀ိုင်းကြီးပတ်လည်လျှောက်နေရာမှ ရပ်သွားသည်။ ယခု ကျွန်တော့်ကိုယ်ပေါ်သို့ ငုံ့မိုးလျက်ကြည့်နေကြသည်။ တယောက်က ကျွန်တော့်ခေါင်းကို ပင့်လျက် ရေခရားကို ပါးစပ်သို့ တေ့ပေးသည်။
- မောင်ရင်၊ တခုခုဖြင့် စားအုံးမှပေါ့။ နှစ်ရက်ပြီ၊ ရေချည့်ပဲ သောက် ... သောက်နေတာ။
ဘာတွေပါလိမ့်၊ နှစ်ရက်ရှိပြီတဲ့လား။ ဒီနေ့ ဘာနေ့လဲ။
တနင်္လာနေ့။
တနင်းင်္လာနေ့။ ကျွန်တော်အဖမ်းခံရသည်မှာ သောကြာနေ့ဖြစ်သည်။ ခေါင်းကလည်း လေးလှ ချည့်။ ရေကဖြင့် ရင်ကိုအေးစေလိုက်တာ။ အိပ် ... အိပ်ပါရစေ။ ရေတွင်း၏ မှန်သာရင်ပြင်ကို ရေတ ပေါက်က ဆင်းသက်လှုပ်ရှားလိုက်သည်။ ဤသည်ကား တောင်ပေါ်ရှိ မြက်ခင်းစိမ်းစိမ်းကလေးမှ စမ်း ရေဦး။ ကျွန်တော်သိပါသည်၊ ရောကလန်တောင်ခြေရှိ တောစောင့်၏ တဲနံဘေး၌ဖြစ်ပါသည်။ ထင်းရှူး တောထဲတွင်ကား မိုးတစိမ့်စိမ့် တဖျောက်ဖျောက်ရွာနေသည် ... အိပ်ရတာ အရသာရှိလိုက်တာလေ ...
... နောက်တကြိမ် ပြန်၍နိုးလာသောအခါတွင်ကား အင်္ဂါနေ့ညနေသို့ ရောက်နေလေပြီ။ ခွေး ကြီးတကောင်သည် ကျွန်တော့်ကိုယ်ပေါ်သို့ မိုး၍ရပ်နေသည်။ ခွေးဝံပုလွေမျိုးဖြစ်သည်။ လှပနက်နဲ သော မျက်လုံးများဖြင့် ကျွန်တော့အား စူးစမ်းကြည့်ရှုနေသည်။
- မင်း ဘယ်အိမ်မှာနေခဲ့သလဲ။
အို ဟုတ်သေးပါဘူးလေ။ ခွေးကမေးနေတာ မဟုတ်ပါဘူး။ အသံကား တစုံတယောက်၏ အ သံဖြစ်သည်။ မှန်သည် ဤနေရာတွင်အခြားသူတယောက် ရပ်နေသည်။ ဘွတ်ဖိနပှ်ရှည်ကြီးတရံကို မြင် ရသည်။ နောက်ထပ် ဖိနပ်ရှည်တရံနှင့် စစ်သားဘောင်းဘီများ သို့သော် ... အထက်သို့ကား မကြည့် နိုင်တော့။ မော့်ကြည့်ရန် ကြိုးစားသည့်အခါဝယ် ခေါင်းဆီက ယစ်၍ယစ်၍မူးလာသည်။ အမယ်လေး ... ဂရုစိုက်နေရမှာလား။ အေးအေးဆေးဆေး အိပ်စမ်းပါရစေအုံး ...
ဗုဒ္ဓဟူးနေ့။
ဓမ္မသီချင်းများကို သီဆိုခဲ့ကြသည့် လူနှစ်ယောက်ကား ယခုအခါတွင် စားပွဲ၌ထိုင်ကာ မြေပန်း ကန်များထဲမှ တစုံတရာကို နှိုက်၍နှိုက်၍စားနေကြသည်။ ယခုတော့ သူတို့အား ခွဲခွဲခြားခြားမှတ်မိပါပြီ။ တယောက်ကား ခပ်ငယ်ငယ်၊ ဒုတိယတယောက်ကား အရွယ်ပို၍ရင့်သည်။ ယခုမူ ဘုန်းကြီးများနှင့် လည်း မတူကြတော့။ လိုဏ်ဂူသည်လည်း လိုဏ်ဂူမဟုတ်တော့၊ သာမန် အကျဉ်းခန်းတခန်းသာဖြစ် သည်။ ကြမ်းပြင်မှ ပျဉ်ချပ်များကား ကျွန်တော်မျက်စေ့အောက်မှ တပြေးတည်းပြေး၍ စုသွားကာ၊ ၎င်း တို့၏အဆုံးတွင်မူ လေးလံနက်မှိုင်းသော တံခါးကြီး .....
သော့ခလောက်အတွင်းသို့ သော့သွင်းသံကြားရသည်။ လူနှစ်ယောက်လည်း ထိုင်နေရာမှ ခုန် ၍ထကြကာ၊ သတိအနေအထားနှင့် ရပ်လိုက်သည်။ အက်ဆက်စ်ယူနီဖောင်းဝတ် နှစ်ယောက် ၀င်လာ ၍ ကျွန်တော့်ကိုအ၀တ်အစားများဝတ်ပေးရန် အမိန့်ပေးကြသည်။ ထိုအချိန်အထိ - ဘောင်းဘီခြေအိုး တဘက်တဘက်၊ ရှပ်အင်္ကျီလက်အိုး တဘက်တဘက်တွင် နာကျင်မှုများ မည်မျှခိုအောင်းနေသည်ကို ကျွန်တော်မသိခဲ့ဘူး - သူတို့သည် ကျွန်တော့်အား လူနာထမ်းစင်ပေါ်သို့ တင်ကာ၊ လှေခါးတလျှောက်မှ နေ၍ အောက်ဘက်သို့ ခေါ်ဆောင်သွားကြသည်။ စင်္ကြန်တလျှောက်လုံး သံခွာသံများ ဟိန်းနေခဲ့သည် … တခါ ကျွန်တော့်ကို သယ်ဆောင်သွားတုန်း သတိလစ်သွားတာတောင် ဆက်ပြီးသယ်သွားကြတဲ့ လမ်းဒီလမ်းကိုး။ ဘယ်ကိုခေါ်သွားကြမလို့လဲ၊ ဘယ်ငရဲမှာ အဆုံးသတ်မှာလဲ။
ပန်းကရာ့စ် ပေါလိစိုင်း၊ ဂဲဖဲန်းဂနစ္စ ရှိ သုန်သုန်မှုန်မှုန်နှင့် ဘော်ရွှေခြင်းကင်းမဲ့လှသော ဧည့်ခံရုံး ခန်း။ သူတို့လည်း ကျွန်တော့်အား ကြမ်းပြင်ပေါ်သို့ ချလိုက်ကြသည်။ ဒေါသဖြင့် မှုတ်ထုတ်လိုက်သော ဂျာမန်အသံ၏ မေးခွန်းကိုချက်အသံက စိတ်ရင်းကောင်းသကဲ့သို့ ဟန်ဆောင်ယင်း ဘာသာပြန်ပေး သည်။
- မင်း သူ့ကို သိသလား။
ကျွန်တော်သည် ကျွန်တော်၏မေးကို လက်ဖြင့်ထိန်း၍ ကြည့်လိုက်သည်။ လူနာတင်ထမ်းစင် ရှေ့တွင် ပါးမို့ကလေးများနှင့် မိန်းကလေးခပ်ရွယ်ရွယ်တယောက် ရပ်နေသည်။ ၀င့်ဝင့်ကြွားကြွား၊ မား မားမတ်မတ်ကလေး ရပ်နေသည်။ အာခံသည့်အနေဖြင့် မဟုတ်ပဲမွန်မြတ်သော အမူအရာဖြင့်ခေါင်းကို ခပ်မော့မော့ ပင့်ထားရာမှ၊ ကျွန်တော့်အား မြင်သာရုံနှုတ်ဆက်သည့် အမူအရာပြနိုင်ရုံသာ မျက်လွှာများ ကို နှိမ့်ချထားသည်။
- မသိဘူး။
ထိုရုန့်ရင်း ကြမ်းတမ်းသော ညတုန်းက၊ သူ့အား ပက်ချက်နန်းတော်ထဲတွင် ရိပ်ကနဲတွေ့မိ ကောင်း တွေ့မိခဲ့မည်ဟု အမှတ်ရသည်။ ယခု ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ တတိယအကြိမ် အဖြစ်နှင့်ကား မတွေ့ရတော့။ တွေ့များသာ တွေ့ရလျှင်၊ ဤနေရာ၌ ကျက်သရေရှိစွာ ရပ်တည်နေခဲ့ပုံအ တွက် သူ၏လက်ကိုညှစ်၍ နှုတ်ဆက်လိုလှပေသည်။ ထိုအမျိုးသမီးကား အာရ်နော့ရှိ၊ လောရဲန့်ဇ်၏ ဇနီးဖြစ်၍၊ ၁၉၄၂ ခုနှစ် မာရှယ်လောကျေညာပြီး ရက်အနည်းငယ်အတွင်း ကွပ်မျက်ခြင်းခံရသည်။
ပေါလိစိုင်း၊ ဂဲဖဲန်းဂနစ္စ - (ဂျာမန်စကား - ပုလိပ်အချုပ်ထောင်ကြီး)
- ဒါပေမယ့်သူ့ကိုတော့ မင်းမုချသိရမယ်။
အာညိခ်ျကာ၊ ယီရာစကောဗား။ ဘုရားရေ၊ အာညိခ်ျကာ … ခင်ဗျား ဘယ့်နဲ့ ဒီကိုရောက်လာရ တာလဲ။ ခင်ဗျားနာမည်ကို ကျွန်တော်ဖွင့်မပြောခဲ့ပါဘူး။ ခင်ဗျားနဲ့ကျွန်တော် ဘယ်လိုမှ မပတ်သက်ဘူး နော်၊ ခင်ဗျားကို ကျွန်တော်မသိဘူး။ နားလည်လား။ မသိဘူးနော်။
- မသိဘူး။
- လိမ္မာစမ်းပါ၊ ကိုယ့်လူရာ။
- မသိဘူး။
- ယူးလာ၊ ဖုံးနေလို့လဲမထူးတော့ပါဘူးရှင် - အာညိခ်ျကာက ၀င်၍ပြောလိုက်သည်။ လက်ကိုင်ပုဝါကို ဆုတ်ကိုင်ထားသော လက်ချောင်းများ၏ မသိမသာတုန်ဆက်မှုကလေးကသာ သူ၏စိတ်လှုပ်ရှားမှုကို မလုံမလဲဖြစ်စေသည် - မထူးတော့ပါဘူး၊ ကျွန်မကိုဖော်တဲ့ ဖော်ကောင်က ရှိနေပြီပဲ။
- ဘယ်သူလဲ။
- တိတ် - ပေါ်လာမည့်အဖြေကို တစုံတယောက်က ၀င်၍တားလိုက်သည်။ ထို့နောက် သူကကျွန်တော့် အားနှုတ်ဆက်ရန် ငုံ့၍လက်လှမ်းပေးသည့်အခါတွင်၊ သူ့အားကြမ်းတမ်းစွာ တွန်းထုတ်ပစ်လိုက်ကြ သည်။
- အာညိခ်ျကာရယ်။
ကျွန်တော်သည် နောက်ပေါ်လာသည့် မေးခွန်းများကိုမကြားတော့။ အက်ဆက်စမန်းနှစ် ယောက်က ကျွန်တော့်အား အကျဉ်းခန်းသို့ သယ်ယူသွားပုံ။ ထမ်းစင်ကို ရုန့်ရင်းစွာ ခါယင်းတော့ယင်း၊ ထိုသို့အနာမည့်အစား လည်ပင်းကြိုးတန်းလန်းနှင့် ယီးလေးမခိုချင်သလောဟု မေးပုံတို့ကိုပင် အဝေးမှ မနာမကျင်နိုင်သော ပွဲကြည့်သမားကဲ့သို့သာ ထိတွေ့ပါတော့သည်။
ယူးလာ - ဗမာအမည်များကို အဖျားဆွတ်ခေါ်ကြသကဲ့သို့ ချက်ကိုယ်ပိုင်အမည်မျာကို ရင်းနှီးသည့်သ ဘော၊ ချစ်စနိုးသဘောဖြင့် တမျိုးပြင်၍ခေါ်လေ့ရှိကြသည်။ သို့ဖြင့် ယူးလိယုစ်အစား ယူးလာ သို့မဟုတ် ယူးလက်။ ဂုစတာအစား ဂုစတီနာ။ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။
ကြာသာပတေးနေ့။
ကျွန်တော်သည် ပတ်ဝန်းကျင်ကို သိတတ်စပြုပါပြီ။ ကျွန်တော်နှင့်ထောင်ကျဘက် တဦးဖြစ် သော သူငယ်မှာ ကားရလစ် ဟုခေါ်သည်။ အရွယ်ပို၍ရင့်သော အခြားသူကား `အဘ´ ဟုအမည်တွင် သည်။ သူတို့က မိမိတို့၏ ဇာတ်လမ်းအဖြစ်အပျက်များကို ကျွန်တော့အား ပြောပြကြသည်။ သို့သော် အစစအရာရာတို့သည် ကျွန်တော်၏ခေါင်းတွင်း၌ ရှုပ်ထွေးကုန်လေသည်။ မိုင်းတွင်းတတွင်း။ ခုံတန်း လျားပေါ်တွင် ထိုင်နေကြသော ကလေးများ။ ခေါင်းလောင်းထိုးသံကို ကြားရသည်။ တနေရာ၌ မီး လောင်နေသည် ထင်သည်။ ဆရာဝန်တယောက်နှင့် အက်ဆက်စ် သူနာပြုတယောက် ကျွန်တော့်ထံ လာကြသည်ဟု ဆိုသည်။ ကျွန်တော်၏ အခြေအနေမှာ ထင်သလောက်မဆိုး၊ ပစ်တိုင်းထောင် ပြန်၍ ဖြစ်လိမ့်မည်ဟု ဆိုသွားကြသည်ဟူ၍ပြောသည်။ ယင်းသို့လျှင် `အဘ´ ကပြောသည်။ သူကလည်း အရေးတယူပြန်ပြော၊ ကားရလစ်ကလည်း အားတက်သရောကြီး ထောက်ခံပြန်သောကြောင့်၊ ဝေဒနာ ကို ကိုယ်တိုင်ခံစားနေရသော ကျွန်တော့်မှာ စေတနာနှင့်လည်ဆယ်ကြရှာသည်တကား ဟူ၍သာ သဘောပိုက်ရပါတော့သည်။ ကောင်းမွန်လှသော အသိုင်းအ၀ိုင်းပါပေ။ သူတို့ပြောသမျှ မယုံကြည်နိုင် သည့်အတွက်ပင် စိတ်မကောင်းဖြစ်ရပါသေးသည်။
နေ့လည်ပိုင်း
အကျဉ်းခန်းတံခါးပွင့်သွားကာ ခွေးတကောင်သည် အသံမမြည်ဘဲ ခြေဖျားထောက်၍ ပြေးဝင် လာသည်။ ကျွန်တော်၏ခေါင်းနားတွင်ရပ်တန့်ကာ စူးစူးစမ်းစမ်းကြည့်ရှုပြန်ပါသည်။ တဖန်ဖိနပ်ရှည်ကြီး နှစ်ရံ၊ ယခုတော့သိပါပြီ။ ဖိနပ်တရံကား ခွေးပိုင်ရှင်၊ ပန်းကရာ့စ် ထောင်မှူး၏ ဖိနပ်များဖြစ်လျက် အခြား ဖိနပ်တရံကိုပိုင်သူကား ထိုတညကျွန်တော့်ကို စစ်ဆေးမေးမြန်းကြစဉ် ကြီးမှူးခေါင်းဆောင်ခဲ့သော ကွန်မြူနစ်ဆန့်ကျင်ရေး ဌာနမှူးပင်ဖြစ်သည်။ ထို့ပြင် အရပ်ဝတ် အရပ်စားဘောင်းဘီ။ ကျွန်တော်၏ မျက်လုံးများသည် ထိုဘောင်းဘီတလျှောက် မော့၍ကြည့်လိုက်သည် ဟုတ်သည်၊ သူ့ကို ကျနော်သိ သည်။ ထိုသူကား ဖမ်းဆီးသည့်တပ်စိတ်ကို ခေါင်းဆောင်ခဲ့သည့် ပုလိပ်အရာရှိ ပိန်ပိန်ရှည်ရှည်ဖြစ် သည်။ သူသည် ကုလားထိုင်တလုံး၌ ၀င်၍ထိုင်ကာ ကျနော့်အား စစ်ဆေးမေးမြန်းပြန်ပါသည်။
- မင်းရဲ့ဇာတ်ကတော့ ပျက်ပါပြီကွာ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့တော့ ရအုံးမယ်၊ ဖွင့်သာပြော ပေတော့။
သူက စီကရက်တလိပ်ထုတ်ပေးသည်။ ကျွန်တော်က လက်မခံ။ ထိုစီးကရက်ကို နိုင်အောင် ကိုင်နိုင်မည်လည်းမဟုတ်။
- မင်း ဘာ့က်စ် တို့အိမ်မှာ ဘယ်လောက်ကြာကြာနေခဲ့သလဲ။
ဘာ့က်စ်တို့အိမ် … ဒါကိုလဲ သိသကိုး … သူတို့ကို ဘယ်သူကများ ဖွင့်ပြောလိုက်ပါလိမ့်။
- ကဲ၊ မြင်တယ်မဟုတ်လား၊ ဒို့ အားလုံးသိတယ်ကွ။ အကုန်သာ ဖွင့်ပြောပေတော့။
ခင်ဗျားတို့ အကုန်လုံးသိတယ်ဆိုယင်၊ ကျုပ်က ဘာများထပ်ပြီးပြောနေရအုံးမှာလဲ။ ကျုပ်ဟာ ကျုပ်ရဲ့ဘ၀ကို အလဟဿဖြုန်းတီးခဲ့တဲ့ လူစားးမဟုတ်ဘူး၊ ဒီဘ၀ရဲ့ အဆုံးသတ်ကိုလဲ အပျက်ဆီးခံ မှာမဟုတ်ဘူး။
စစ်ဆေးခြင်းကား တနာရီကြာသည်။ မငေါက်မငန်း။ မေးခွန်းကို စိတ်ရှည်လက်ရှည် ထပ်၍ ထပ်၍ ကြော့သည်။ အဖြေမရလျှင် ဒုတိယမေးခွန်း၊ တတိယမေးခွန်း၊ ဒဿမ။ ဆင့်၍ဆင့်၍လာသည်။
- ဒါလောက်တောင် ထိုင်းရသလားကွ။ ဒါအဆုံးသတ်ပဲဟာ။ နားလည်လား။ မင်းတို့ လုံးလုံးကြီးရှုံးပြီပဲ။
- ရှုံးတာက ကျုပ်တယောက်တည်း ရှုံးတာပါ။
- ကွန်မြူးန်တွေ နိုင်လိမ့်မယ်လို့ ယုံတုန်းပဲလား။
- ဒါပေါ့။
- ခုထက်ထိ ယုံတုန်းပဲတဲ့လား - တာဝန်ခံက ဂျာမန်ဘာသာဖြင့် မေးသည်ကို၊ အရာရှိ အရပ်ရှည်ရှည် က ဘာသာပြန်ပေးသည် - ရုရှတွေ အနိုင်ရလိမ့်မယ်လို့ ယုံတုန်းပဲတဲ့လား။
- ဒါပေါ့၊ အဆုံးသတ်ဟာ ဒီတလမ်းပဲရှိတာ။
ကျွန်တော်ကား နွမ်းနယ်လျက်ရှိပြီ။ အငိုက်မိမသွားစေရန် ရှိသမျှအင်အားများဖြင့် တောင့်ထား ခဲ့သည်။ ယခုမူ ဒဏ်ရာနက်နက်မှ သွေးဒလဟောထွက်သကဲ့သို့ သတိလည်း ကျွန်တော့်ထံမှ လွတ်စ ပြုလေပြီ။ ကျွန်တော်အား လက်လှမ်းပေး၍ နှုတ်ဆက်သွားကြသည်ကို တွေ့ထိလိုက်သေးသည် - ပုံ ပန်းအားဖြင့် ကျွန်တော်၏ နဖူးပြင်ပေါ်တွင် သေမင်း၏အမှတ်အသားကို ဘတ်ကြားမိကြဟန်တူသည်။ မှန်ပေသည်။ အချို့သော် တိုင်းပြည်များမှ အာဏာပါးကွက်သားတို့သည်၊ အမိန့်အတိုင်း မကွပ်မျက်မီ၊ သေဒဏ်သင့်သူ၏နဖူးကို နမ်းရှုံ့သောဓလေ့မျိုးပင် ထားခဲ့ဘူးကြသည် မဟုတ်လော။
ညနေပိုင်း။
လက်ယှက်ထားသည့် လူနှစ်ယောက်သည်၊ တယောက်နောက်မှ တယောက် ၀ိုင်းကြီးပတ် လည် လျှောက်နေကြသည်။ စိတ်မချမ်းမြေ့စရာ ဓမ္မသီချင်းတပုဒ်ကို အတိုင်အဖောက်လည်း မညီဘဲ လေးတွဲ့သော အသံများဖြင့် သီဆိုနေကြသည်။
“နေမင်း၏ ရောင်ခြည်များနှင့်
ကြယ်ပွင့်တို့၏ အလင်းရောင်များသာ
ကျွန်ုပ်တို့အတွက် ကွယ်ပျောက်ခဲ့သော် ...”
အမလေး ... ကိုယ့်လူတို့ ... ကိုယ့်လူတို့ကလဲဗျာ။ တော်ကြစမ်းပါတော့။ ခင်ဗျားတို့သီချင်းက ကောင်းယင်တော့ ကောင်းမှာပါ၊ ဒါပေမယ့် ဒီနေ့ဟာ မေဒေးအကြိုနေ့ခင်ဗျ။ မေဒေးဆိုတာ လူ့လောက တ၀ှမ်းလုံးမှာ အလှပဆုံး၊ အရွင်ပြဆုံးပွဲတော်မဟုတ်လား။ ကျွန်တော်သည် လန်းဆန်းသော သီချင်း တပုဒ်ကို ဆိုကြည့်သည်။ သို့သော် ကားရလစ်က တဘက်သို့လှည့်သွား၍ အဘခမြာ မျက်ရည်သုတ်ရ သည့်အထိ၊ ပို၍စိတ်မချမ်းမြေ့စရာဖြစ်သွားပုံရသည်။ သို့သော် ကျွန်တော်က အညံ့မခံဘဲ ဆက်၍ဆို သွားသည်တွင်၊ သူတို့လည်း ရော၍၀င်လာကြသည်။ ကျွန်တော်လည်း စိတ်ကျေနပ်စွာ အိပ်ပျော်သွားပါ တော့သည်။
မေဒေးနေ့၏၏ နံနက်စောစောပိုင်း။
ထောင်မြှော်စင်မှ နာရီသည် သုံးချက်တိတိ ရိုက်ခတ်လိုက်လေသည်။ ထိုအသံကို ပဌမဦးဆုံး အကြိမ် ကြည်ကြည်လင်လင်ကြီးကြားရသည်။ အဖမ်းခံရသည့် အချိန်မှစ၍တွက်လျှင် ပြည့်ပြည့်၀၀ သတိပြန်လည်သည်မှာ ယခအခါ ပဌမဆုံးအကြိမ်ဖြစ်လေသည်။ သန့်ရှင်းသောလေပြေသည် ပြူတင်း ပေါက်မှလျှံဆင်းလာလျက်၊ ကြမ်းပေါ်ရှိကျွန်တော်၏ ကောက်ရိုးမွေ့ရာကို ဆွ၍နေသည်။ တမဟုတ်ချင်း ပင်၊ ကောက်ရိုးစများသည် ကျွန်တော်၏ ရင်ပတ်နှင့်ဝမ်းဗိုက်အား တင်းတင်းကြပ်ကြပ်ကြီး တွန်းထိုးနေ ကြသည်ကို ခံစားရသည်။ တကိုယ်လုံးတွင်လည်း တကွက်မျှမလပ်အောင် အကိုက်အခဲပေါင်း တ ထောင်ဖြင့် ကိုက်ခဲနာကျင်နေကာ၊ အသက်ရှူရလည်း ကြပ်တည်းလာသည်။ ထိုအခိုက်၊ ပြူတင်းပေါက် ကိုဖွင့်လိုက်သကဲ့သို့ ရှင်းလင်းပြတ်သားသော အသိဓာတ်လည်းပေါ်လာသည်။ ကျွန်တော်ကား အသက်ငင်နေလေပြီ။
သေမင်းကြီး ခင်ဗျားကို စောင့်နေလိုက်ရတာဗျာ၊ ကြာလှပါပြီကော။ ဒါနဲ့များတောင် ဟိုတ လောတုန်းကဆိုရင် ခင်ဗျားနဲ့တွေ့ဘို့နှစ်တွေ အမြောက်အများလိုသေးတယ်လို့ ထင်နေသေးတယ်။ လွတ်လပ်တဲ့လူ့ရဲ့ဘ၀ကို ပြန်ရောက်လိမ့်အုံးမယ်၊ အလုပ်တွေအများကြီး လုပ်နိုင်အုံးမယ်၊ အချစ်စိတ် တွေအများကြီးမွေး၊ သီချင်းတွေအများကြီးဆို၊ ကမ္ဘာတ၀ှမ်းလုံးကိုလဲ လျှောက်ပြီးလေလွင့်လိုက်အုံးမယ် လို့တောင် မျှော်လင့်နေခဲ့သေးတယ်၊ အမှန်က ကျွန်တော်ဟာ အခုမှ အတောင်အလက်စုံစပြုရတာပါ။ အားတွေလဲ အများကြီး ... အများကြီးရှိနေခဲ့သေးတယ်။ အခုတော့ ဒီအားတွေ ဘာမှမရှိတော့ဘူး။ ကုန်လုပါပြီ။
ကျွန်တော်ဟာ ဘ၀ကိုချစ်ခဲ့တယ်။ ဘ၀ရဲ့အလှအတွက် စစ်မြေပေါ်ကို ကျွန်တော်ထွက်ခဲ့တယ်။ လူအပေါင်းတို့၊ ခင်ဗျားတို့ကို ကျွန်တော်ချစ်ခဲ့တယ်။ ဒီအချစ်ကို ခင်ဗျားတို့က တုံ့ပြန်ကြတဲ့အခါမှာ ကျွန် တော်ဟာ ပျော်ရွှင်နေခဲ့တယ်။ ကျွန်တော့်ကို ခင်ဗျားတို့နားမလည်ကြတဲ့အခါမှာတော့၊ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်ဟာ တစုံတယောက်ကို ထိခိုက်စရာလုပ်မိခဲ့မယ်ဆိုရင် ကျွန်တော့်ကိုခွင့် လွှတ်ကြပါ။ ကျွန်တော်က တစုံတဦးကို စိတ်ချမ်းမြေ့စရာပြုလုပ်ခဲ့တယ်ဆိုရင် အဲဒီကိစ္စကို မေ့သာပစ် လိုက်ပါတော့။ ၀မ်းနည်းမှုဆိုတာဟာ ကျွန်တော့်န်ာမည်နဲ့ ဘယ်တော့မှ တွဲမနေပါစေနဲ့။ အဲဒါပဲ ကျွန်တော့်ရဲ့ သေတမ်းစာ။ ဒီသေတန်းစာဟာ ဖေဖေ၊ မေမေ၊ ကိုကို့ညီမလေးတို့ဘို့။ ပြီးတော့ မင်းဘို့ကွဲ့ မောင့်ဂုစတီနာ။ ရဲဘော်တို့၊ ဒီသေတန်းစာဟာ ခင်ဗျားတို့ဘို့၊ ကျွန်တော်ခင်မင်ခဲ့တဲ့ လူတွေအားလုံး အတွက်ပါပဲ။ ပူဆွေးမှုဆိုတဲ့ သဲမှုန့်တွေ မျက်လုံးထဲဝင်နေတာကို၊ မျက်ရည်က ဆေးကျောပစ်နိုင် တယ်ဆိုယင်တော့၊ ခဏတဖြုတ်လောက်ငိုကြပေါ့။ ဒါပေမယ့် ယူကြုံးမရဖြစ်မနေကြပါနဲ့။ ကျွန်တော် လောကကြီးမှာ နေခဲ့တာဟာ ပျော်ရွှင်မှုအတွက်ပါ။ အခုလဲ ပျော်ရွှင်မှုအတွက် အသက်ကိုပေးတော့ မယ်။ ကျွန်တော့်ဂူပေါ်မှာ ၀မ်းနည်းမှုနတ်သ္မီးရဲ့ရုပ်တုကို တင်ထားကြမယ်ဆိုရင်တော့ ကျွန်တော့်အပေါ် မတရားရာကျနေလိမ့်မယ်။
မေဒေးနေ့။ ဤအချိန်များဝယ်၊ ကျွန်တော်တို့သည် မြို့ဆင်ခြေဖုံးများ၌ အိပ်ရာမှထ၊ အလံများ ကို ပြင်ဆင်ခဲ့ကြသည်။ ဤအချိန်များတွင် မေဒေးနေ့ စီတန်းလမ်းလျှောက်ပွဲအတွက်၊ မော်စကိုမြို့တော် လမ်းမများပေါ်၌ ပဌမလူစုလူဝေးများ ပေါ်လာစမြဲဖြစ်သည်။ ယခုအချိန်တွင်ကား သန်းပေါင်းများစွာ သောလူတို့သည် မနုဿလူသား၏ လွတ်မြောက်ရေးအတွက် နောက်ဆုံးတိုက်ပွဲကြီး ဆင်နွှဲနေကြ လေပြီ။ ယင်းတိုက်ပွဲတွင် လူပေါင်း ထောင်ပေါင်းများစွာလည်း ကျဆုံးနေကြသည်။ ထိုကျဆုံးသူတို့တွင် ကျွန်တော်လည်း တယောက်အပါအ၀င်ဖြစ်သည်။ ဤစာရင်းထဲတွင် ပါဝင်ရခြင်း၊ နောက်ဆုံးတိုက်ပွဲ ၀င်နွှဲသူတို့၏ စာရင်းတွင် ပါဝင်ရခြင်းကား ကောင်းမွန်လှပေစွ။
သို့သော် သေဇောင်နေခြင်းကား မကောင်း။ မွန်း၍နေသည်။ အသက်မရှူနိုင်။ လည်ချောင်းထဲ တွင်လည်း ဂလိုင်ခြစ်သံကို ကြားရသည်။ ဒီအသံကြောင့် ထောင်ကျဘော် ထောင်ကျဘက်များ နိုးသွား မည်ကို စိုးရသေးသည်။ အကယ်၍ ရေအနည်းငယ်နှင့် ဆွတ်လိုက်ရမည်ဆိုလျှင် ... သို့သော် ခရား တွင်းမှရေကား ကုန်နေလေပြီ။ ကျွန်တော်နှင့် ခြေလှမ်းခြောက်လှမ်းမျှအကွာ၊ အကျဉ်းခန်းထောင့်ရှိ ကမုတ်ထဲတွင်ကား ရေလိုချင်သလောက်ရနိုင်မည်။ သို့သော် ထိုနေရာသို့ အရောက်သွားရန် အားရှိမှ ရှိပါမည်လော။
သေခြင်း၏ဂုဏ်ရည်သည် မည်သူတဦးတယောက်ကိုမျှ မနှိုးမိခြင်းအပေါ်တွင်တည်နေဘိသည့် အလား၊ ကျွန်တော်သည် တိတ်ဆိတ်ငြိမ်သက်စွာ တွား၍တွား၍သွားသည်။ သို့နှင့် လိုရာသို့ရောက် သွားကာ၊ ရေဆွဲအိမ်သာ ကမုတ်တွင်းမှရေကို တကျိုက်ပြီးတကျိုက် သောက်နေခဲ့ပါသည်။ ထိုသို့ရေ သောက်နေသည်မှာ မည်မျှကြာသွားသည်မသိ၊ ပြန်၍တွားသွားသည်မှာလည်း မည်မျှကြာသည်မသိ။ သတိဟူသ၍ကား ကျွန်တော့်ထံမှ ဖယ်ခွာစပြုနေပြန်သည်။ ကျွန်တော်သည် လက်မောင်းမှ သွေးကျော ကို စမ်းကြည့်မိသည်။ အထိအတွေ့ဟူ၍ လုံးဝမခံစားရ။ ကျွန်တော်၏နှလုံးသည် လည်ချောင်းအထိ ထိုး တက်သွား၍ ယခုပြင်းထန်သော အဟုန်ဖြင့် အောက်သို့ကျလာသည်။ ကျွန်တော်သည် ထိုနှလုံးသား နှင့်အတူ ကျဆင်းလာသည်။ အကြာကြီးပင် ကျဆင်းနေခဲ့သည်။ လမ်းခုလတ်တွင် ကားရလစ်၏အသံ ကို ကြားလိုက်ရသေးသည်။
- အဘ၊ အဘ၊ ကြားလားဗျို့၊ ဒီလူ့ခမျာ တည်းတည်းကလေးပဲ ကျန်တော့တယ်။
... ... ... ... ... ... ... ... ... ... ...
နံနက်ပိုင်းတွင် ဆရာဝန်ရောက်လာသည်။
သို့သော် ထိုအဖြစ်အပျက်များကား နောက်အတော်ကြီးကြာမှ ပြန်လည်ကြားသိရခြင်းဖြစ် သည်။
ဆရာဝန်ရောက်လာ၍ ကျွန်တော့်အား စမ်းသပ်ကြည့်ကာ၊ ခေါင်းကိုခါလေသည်။ နောက်ဆေး ခန်းသို့ပြန်သွား၍၊ ယမန်နေ့ညက ကျွန်တော့်အမည်တပ်ကာ၊ အသင့်ပြင်ထားခဲ့သော သေစာရင်းလက် မှတ်ကို ဆုတ်ပစ်လိုက်သည်။ ၎င်းနောက် ကျွမ်းကျင်သော ပညာရှိ၏၀န်ခံချက်အနေဖြင့် ကျေညာသမှု ပြုလိုက်လေသည်။
- သန်လိုက်တဲ့ ဖြစ်ခြင်း၊ မြင်းနဲ့တောင် နင်လားငါလားပဲ။
Posted by
ရွှေဥသြ
at
00:25
0
comments
Labels: ကိုယ့်အကြိုက် စာအုပ်များ
Friday, 14 December 2007
ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလိယက်ဖူးချစ်) အခဏ်း (၁)
အမှာ
ချက်အမျိုးသား အာဇာနည်သူရဲကောင်း ဖူးချစ်ရေးသားသော “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ်ကား ယုံ ကြည်ချက်ကြောင့် သေမင်းကိုပြုံးပြုံးကလေး ရင်ဆိုင်သွားခဲ့သော နာဇီဆန့်ကျင်ရေးသူရဲကောင်း မှတ်တမ်းအဖြစ်၎င်း၊ ဂန္တ၀င်မြောက်သောစာပေအဖြစ်၎င်း
ကမ္ဘာတွင် မော်ကွန်းတင်ကျန်ရစ်လောက်အောင် အစွမ်းထက်လှသော စာအုပ်ဖြစ်ပေသည်၊ ကမ္ဘာအရပ်ရပ်မှ ပြည်သူများသည် ထွန်းပြောင်သော သတင်းစာဆရာတစ်ဦး၏ စာဖတ်သူ အသဲနှလုံးကို ဆွဲကိုင်နိုင်သော ပြောင်မြောက်သည့် အရေးအသားများကို၎င်း၊ သူမတူအောင်ရက်စက်ကြမ်းကြုတ် လှသော ရန်သူများကိုရင်ဆိုင်ရသည့် အချိန်အခါမျိုးတွင် အင်အားတက်ကြွကြံ့ခိုင်စေပြီး တော်လှန်ရေးစိတ်ဓာတ် မြင်မားလာအောင် ဖန်တီးပေးနိုင်စွမ်းရှိသော ထက်မြက်သည့် တော်လှန်ရေးစွမ်းရည်များကို၎င်း၊ တခဲနက်အသိ အမှတ်ပြုကြပေသည်။ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” သည် ဤမျှအစွမ်းထက်လှပေသည်။
နာဇီဆန့်ကျင်ရေးကာလ၏ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” ကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အလုပ်သမား လယ် သမား အာဏာပိုင်နိုင်ငံတည်ဆောက်နေသော ယခုလိုအချိန်အခါမျိုး၌ ဘာကြောင့် ထုတ်ဝေရသနည်းဟု စာ ဖတ်သူများစိတ်တွင် မေးခွန်းထုတ်ကောင်း ထုတ်လိုကြပေလိမ့်မည်။
အားလုံးသိရှိကြပြီးဖြစ်သည့်အတိုင်း ချက်အာဇာနည်သူရဲကောင်းဖူးချစ်သည် “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” ကို ရေးသားခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကျော်ပြီဖြစ်သည်။ ထိုအနှစ် (၂၀) အတောအတွင်း၌ ကမ္ဘာ့အခြေအနေ အ ရပ်ရပ်သည် အခြေအမြစ်မှ ပြောင်းလဲခဲ့ပြီဖြစ်သည်။ ဆိုရှယ်လစ်စနစ်သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀) တုံးကလို နယ်ချဲ့နာဇီအရင်းရှင်များ၏ တိုက်ခိုက်မှုကိုအလူးအလဲ ခံနေရသည့် အနေအထားမျိုးမဟုတ်တော့ဘဲ၊ ကမ္ဘာ့ နိုင်ငံရေးလမ်းကြောင်းကြီး၏ ကံကြမ္မာကိုဆုံးဖြတ် ဖန်တီးနိုင်စွမ်းရှိလာပြီဖြစ်သည်။ ဤသို့ချီတက်လာသော ခရီး ကြမ်းကို ပြန်လှန်သုံးသပ်ရှုမြင်ခြင်းအားဖြင့် အခြေအနေအသစ်များ ပေါ်ထွန်းပြောင်းလဲနေသည့် ရုပ်ဝတ္ထုအခြေ အနေများကို တအံ့တသြမြင်နိုင်စွမ်းရှိပြီး၊ ထိုအခြေသစ် အနေသစ်များ၊ ကမ္ဘာ့လုပ်သားပြည်သူတရပ်လုံး၏ အောင်မြင်မှု အသီးအပွင့်များကို ခိုင်မာအောင်ထိန်းသိမ်းပြီး ဆက်လက်ကြီးထွားတိုးပွားအောင် ပြုလုပ်ရမည် ဖြစ်သော လုပ်ငန်းတာဝန် များကို ကြည်ကြည်လင်လင် သိမြင်နိုင်ကြမည်သာဖြစ်သည်။
အခြေသစ်အနေသစ်များ၊ ကမ္ဘာ့လုပ်သားပြည်သူများ၏ အောင်မြင်မှုအသီးအပွင့်များ၏ အရှိန်သြဇာနှင့် မြန်မာ ပြည်သူများ၏ ရုန်းကန်တိုက်ပွဲဝင်မှုများကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံဆိုလျှင် အရင်းရှင်မြေရှင်နိုင်ငံရေး ဖြစ် ပေါ်တိုးတက်မှုလမ်းကြောင်းကို မပြန်လမ်းသို့ပို့ဆောင်ပြီး မြန်မာ့ဆှိုရှယ်လစ်လမ်းစဉ်ဖြင့် အလုပ်သမား လယ်သ မား အာဏာပိုင်နိုင်ငံ ထူထောင်ရေးအတွက် အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နိုင်နေလေပြီ။ ဤသို့သော ကမ္ဘာ့ အခြေအနေနှင့် မြန်မာ့အခြေအနေ တိုးတက်ပြောင်းလဲမှုများကို မြင်နိုင်စွမ်းမရှိသူများအား ချက်အမျိုးသား အာဇာနည်ဖူးချစ်တို့ ကမ္ဘာ့လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို မည်သို့မည်ပုံ ရင်ဆိုင်ခဲ့ကြသည်ဟူသော ဆိုးဝါး ပြင်းထန်သည့် အလွန်တရာခက်ခဲလှသော အခြေအနေများကို “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” တွင် ပြန်လည်တွေ့ မြင်နိုင်ကြပြီး ယနေ့အခြေအနေသစ်များနှင့် အခြေခံကျသော အပြောင်းအလဲများကိုလည်း ချိန်ထိုးအကဲဖြတ်နိုင် ကြရန် ဤစာအုပ်အား ထုတ်ဝေလိုက်ရခြင်းဖြစ်ပေသည်။
ဖူးချစ်ကို သူရဲကောင်းများထွန်းညှိညွှန်ပြရာ မီးရှူးတန်ဆောင်အတိုင်း နိုင်ငံအားလုံးမှ လုပ်သားပြည်သူအင်အား စုများ လိုက်ပါချီတက် တိုက်ခိုက်ခဲ့ကြခြင်း၏ရလဒ်အဖြစ် ကမ္ဘာကြီးပြောင်းလဲကာ အခြေသစ်အနေသစ်များ ပေါ် ပေါက်လာရခြင်းဖြစ်သည်ကို နှလုံးသွင်းမိကြဖို့လိုအပ်သည်။ ဖက်ဆစ်နာဇီများကို ချေမှုန်းတိုက်ခိုက်ရာတွင် အမာခံဖြစ်သော ဆိုဗီယက်ပြည်သူများနှင့် နိုင်ငံတကာရှိ ဖူးချစ်လို နာဇီဖက်ဆစ် ဆန့်ကျင်ရေးသူရဲကောင်း များ၏ အနိုင်မခံအရှုံးမပေးသော တိုက်ပွဲဝင်စိတ်ဓာတ်များ၊ နယ်ချဲ့ အရင်းရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့် တိုက်ပွဲတွင် အသဲနှင့်ယှဉ်ပြီး အသက်နှင့်ကိုယ်ခန္ဓာကို စတေးခဲ့ကြသော ဆိုရှယ်လစ်ဘက်တော်များ၏ ကျေးဇူး တရားကိုလည်း သိတတ်ကြဘို့လိုအပ်ပေသည်။
ဤကျေးဇူးတရားများကို ရင်ဝယ်ပိုက်ထွေးရင်း ချက်အာဇာနည်သူရဲကောင်းဖူးချစ်ကို မွေးထုတ်ခဲ့သော ချက်ကို စလိုဗက်ပြည်သူများနှင့် ဖက်ဆစ်ဂျပန်များကို တော်လှန်တိုက်ခိုက်ခဲ့ကြသည့် မြန်မာပြည်သူများသည် အခြေသစ် အနေသစ်များပေါ်တွင် မိတ်ဆွေဖြစ်ရေး၊ ငြိမ်းချမ်းရေးနှင့် နှစ်ပြည်ထောင် ပူးပေါင်းဆောင်ရွက်ရေး၏ အမှတ် အသားအဖြစ်လည်းရည်စူးပြီး ဤစာအုပ်ကိုထုတ်ဝေခဲ့ခြင်းလည်း ဖြစ်ပါသည်။ ၎င်းရည်စူးချက်နှင့်တပါတည်း မြန်မာ့အာဇာနည်သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းအား ချက်ပြည်သူများက ကြည်ညိုချစ်ခင်လေးစားကြ သ လို ချက်သူရဲကောင်းဖူးချစ်အား မြန်မာပြည်သူများက ပိုမိုသိနားလည်ပြီး ပိုမိုကြည်ညိုလေးစားကြစေရန် ရည်သန် ချက် အောင်မြင်ပြည့်မြောက်မည်ဆိုလျှင် ဤ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ်ထုတ်ဝေရကျိုး ပိုနပ်လိမ့်မည် သာဖြစ်သည်။
အားသစ်စာပေကော်မတီ။
ကြိုးစင်ပေါ်မှ မှတ်တမ်းများ
ပန်းကရာ့စ်၊ ဂတ်စတာပို အကျဉ်းထောင်၌ ၁၉၄၃ ခုနှစ်၊ နွေဦးရာသီတွင် ရေးသားသည်။
သတိအနေအထားနှင့်ထိုင်၊ ကိုယ်ကိုမတ်မတ်တောင့်၊ ဒူးများပေါ်တွင် လက်များကပ်ထား၊ မျက် လုံးများကလည်း ပက်ချက် နန်းတော်ရှိ “အိမ်တွင်းထောင်” မှ ၀ါကျင့်ကျင့်ထရံကို စူးစူးစိုက်စိုက်ကြည့် နေရမည်ဆိုလျှင် ဤသည်ကား အမှန်အားဖြင့်၊ အတွေးနယ်ချဲ့ရန် သက်တောင့်သက်သာရှိလှသော အနေအထားမျိုးမဟုတ်ပါပေ။ ဒါပေမယ့် စိတ်ဆိုတာမျိုးကိုတော့ သတိအနေအထားနဲ့ ထိုင်နေလို့ဘယ် သူက အာဏာပြနိုင်မှာလဲ။
တစုံတယောက်က မည်သူမည်ဝါက မည်သည့်အခါတွင် ပြောခဲ့သည်ကိုကား အသေအချာစုံစမ်း၍ ရကောင်းမှ ရတော့မည် ဤပက်ချက်နန်းတော်တွင်းမှ “အိမ်တွင်းထောင်” ကို “ဘိုင်စကုတ်ရုံ” ဟု အမည်ပေးခဲ့လေသည်။ ထက်သန်သော ပကတိဥာဏ်ပါပေ။ ကျယ်ပြန့်လှသော အခန်းကြီးအတွင်းဝယ် ခုံတန်းရှည်ကြီးခြောက်လုံးကို တလုံးနောက်တလုံးစီချထားသည်။ ၎င်းခုံများပေါ်၌ကား အစစ်ဆေးခံအကျဉ်းသမားများသည် ကျောများတောင့်၍ ထိုင်နေကြရသည်။ ရှေ့တည့်တည့်မှ ဗလာဟင်းလင်းဖြစ်နေသော ထရံကြီးသည်ကား ရုပ်ရှင်ရုံထဲမှ ပိတ်ကား သဘွယ် ဖြစ်နေလေသည်။ တခါထပ်၍ အစစ်ဆေးခံရလျက်၊ အညှင်းခံလိုခံ၊ သေလိုသေကြရမည့် အကျဥ်းသမား တို့၏ မျက်စိများက ဤထရံပေါ်တွင် ပြသ ခဲ့သော ရုပ်ရှင်ဇာတ်ကားတို့ကား များပြားလှချေသည်။ တကမ္ဘာလုံးရှိ ရုပ်ရှင်စတူဒီယိုများသည်ပင် ထို မျှလောက် များမြောင်သော ဇာတ်လမ်းများကို မရိုက်ကူးခဲ့ကြရသေးပေ။ မိမိတို့၏ တသက်ပတ်လုံး ဖြစ်စေ၊ ထိုတသက်တာမှ အသေးစိတ် တကဏ္ဍကလေးများကိုဖြစ်စေ ဖော်ပြသည့် ရုပ်ရှင်ကားများ။ မိခင်၏ အကြောင်း၊ ဇနီးအကြောင်း၊ ကလေးများအကြောင်း၊ အဖျက်ဆီးခံရသော အိမ်၏အကြောင်း၊ ဆုံးရှုံးရသော အလုပ်အကိုင်အကြောင်း စသည်တို့ကိုပြသည့် ရုပ်ရှင်ကားများ။ ရဲရင့်သော ရဲဘော်တယောက်အကြောင်းနှင့် သစ္စာဖောက်မှုတမှုအကြာင်း၊ ထိုစာတမ်းတစောင်ကို ကျွန်တော်ကပေးခဲ့သော လူတယောက်၏အကြောင်း၊ ထပ် လောင်း၍ စီးဆင်းဦးမည့် ရစ်ပတ်မိလောက်အောင် တင်းတင်းကြပ်ကြပ် လက်ချင်းညှစ်၍ နှုတ်ဆက်ပုံအကြောင်း စသည်တို့ကို ဖော်ပြသည့် ရုပ်ရှင်ကားများ။ တုန်လှုပ် ခြင်းနှင့်သန္နိဋ္ဌာန်၊ အမုန်းနှင့်အချစ်၊ သောကနှင့်မျှော်ကိုးချက်၊ ဤသည်တို့ဖြင့် ပြည့်ဝနေသော ရုပ်ရှင် ကားများပါပေ။ ဘ၀ကို ကျောခိုင်းထားကြပြီဖြစ်၍ ဤနေရာ ဤဌာန၀ယ် လူတိုင်းလူတိုင်းသည် မိမိတို့၏မျက်စေ့အောက်၌ပင် နေ့စဉ်နှင့်အမျှ အသက်ပျောက်ကြသည်။ သို့သော် လူတိုင်း ကား အသစ်တဖန် မွေးဖွားလာပြန်သည်မဟုတ်။
ဤအခန်းအတွင်း၌ ကျွန်တော်သည် ကိုယ်ရေးရုပ်ရှင်ကားကို အကြိမ်ပေါင်း ရာပေါင်းများစွာကြည့်ခဲ့သည်။ အသေး စိတ်များကိုလည်း အကြိမ်ပေါင်း ထောင်ပေါင်းများစွာ မြင်ခဲ့သည်။ ယခုထို ရုပ်ရှင်ကားကို တကြိမ်မျှပြန်လည် ပြောစမ်းကြည့်လိုပါသည်။ အဆုံးမသတ်နိုင်မီ၊ ကြိုးကွင်းကို ဆွဲတင်းလိုက်ပြီဆိုလျှင်လည်း၊ ဤရုပ်ရှင်၏ “ဟက်ပီ အဲန်းဒ်” ကို ဆက်လက်ရေးသားကြမည့် လူပေါင်းကား သန်းပေါင်းအလီလီ ကျန်ရစ်ဦးမည် ဖြစ်ပေသတည်း။
“ဟက်ပီအဲန်းဒ်” – (အင်္ဂလိပ်စကား) ပျော်ရွှင်သော ဇာတ်သိမ်းခဏ်း။
အခဏ်း - ၁
နှစ်ဆယ့်လေးနာရီ
နောက်ငါးမိနစ်အကြာတွင် နာရီကား ဆယ်ချက်တိတိရိုက်ဆော်လေတော့မည်။ ၁၉၄၂ ခု၊ ဧပြီလ ၂၄ ရက်၊ နွေဦး ရာသီ၏ လှလှပပနှင့် မပူမအေးသော ညဥ့်ဦးအခါ ဖြစ်ပေသည်ကို။
ကျွန်တော်သည် ခြေလှမ်းသွက်သွက်လေး လှမ်းနေခဲ့သည် - ရုပ်ဖျက်ထားသည့်အတိုင်း၊ ခြေ ထော့နင်းနှင့် အရွယ် ရင့်ရင့်လူကြီးတယောက်၏ ဟန်အမူအရာမပျက်စေရုံမျှ သတိထားကာ ယဲလီနက်တို့ထံ တိုက်တံခါးမပိတ်မီ အ ရောက်၊ သွက်သွက်ကလေး လျှောက်နေခဲ့ပါသည်။ ထိုအိမ်တွင် ကျွန်တော်၏ “လက်ထောက်” မီးရက်တယောက် ဖြင့် စောင့်နေပေလိမ့်မည်။ ဤတခေါက်တွင် သူ့အနေနှင့် ပြောစရာအကြာင်းထူးမရှိမှန်း ကျွန်တော်သိသည်။ ကျွန်တော့ ဘက်ကလည်း သူ့အားမှာကြားစရာဘာမျှမရှိ။ သို့သော် ချိန်းထားလျက်နှင့် ပျက်ကွက်ခဲ့လျှင်၊ အခြားသူများစိုးရိမ်မကင်း ဖြစ်သွားနိုင်သည် - အထူးသဖြင့် အိမ့်ရှင်သူတော်ကောင်း နှစ်ယောက်အပေါ် အပို စိတ်သောက မရောက်စေလိုပါ။
သူတို့က လဘက်ရည်တခွက်နှင့် ဆီးကြိုကြပါသည်။ မီးရက်ကားရောက်နှင့်နေပြီ - သူသာမက ဖရီးဒ်တို့ လင်မယားလည်း စောင့်နေကြသည်။
- ရဲဘော်တို့၊ ခင်ဗျားတို့ကိုတွေရတာတော့ ကောင်းပါရဲ့။ ဒါပေမယ့် အခုလို တပြုံကြီးစုပြီးတော့ဖြင့် မတွေ့ချင်ဘူး။ ဒါမျိုးဆိုတာဟာ ထောင်နဲ့သေလမ်းကို တန်းနေတာပဲ။ လျှို့ဝှက်ရေးစည်းကမ်းတွေကို စောင့်ထိန်းယင်ထိန်းကြ၊ မထိန်းနိုင်ဘူးဆိုယင်တော့ အလုပ်မလုပ်ဘဲ နေကြတာကကောင်းလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုလုပ်ပုံမျိုး ဟာ ကိုယ့်ကိုယ်ကိုယ်ရော၊ သူများတွေကိုရော အန္တရာယ်ဖြစ်စေတယ်။ နားလည်လား။
- နားလည်ပါတယ်။
- ကဲ ကျွန်တော်တို့ ဘာများယူလာခဲ့ကြသလဲ။
- မေဒေးနေ့ထုတ် ရူဒဲပရားဗော သတင်းစာ။
ရူဒဲပရားဗော - ချက်ကိုစလိုဗားကီးယားပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သတင်းစာ။ စစ်အတွင်းက စာကူး စက်ဖြင့် လျှို့ဝှက်စွာ ရိုက်နှိပ်ဖြန့်ချိရသည်။ (ရူဒဲပရားဗော - အခွင့်အရေးနီ)
- ကောင်းပါ့ဗျား။ အဲ ... မင်းကော ... မီးရက်။
- ဒီလို ဒီလိုပါပဲ၊ ထွေထွေထူးထူးတော့ ဘာမှ မရှိပါဘူး။ အလုပ်ကတော့ ချောချောမောမောပဲ ...
- ကဲ၊ ဒါဖြင့်ပြီးရော။ မေဒေးလွန်မှ တွေ့ကြသေးတာပေါ့။ ကျွန်တော်အကြောင်းကြားလိုက်ပါ့မယ်။ ကိုင်း ... သွား တော့မယ်။
- လဘက်ရည်တခွက်လောက် ထပ်သောက်သွားပါအုံး၊ ဆရာကြီး။
- ဟာ၊ မဖြစ်သေးဘူး၊ မစ္စစ် ယဲလီနကောဗား။ ဒီမှာ ကျွန်တော်တို့သိပ်စုနေကြလို့။
ယဲလီနကောဗား - ချက်လူမျိုးတို့၏ အမည်များတွင်၊ ကိုယ်ပိုင်အမည်၊ မျိုးရိုးအမည်ဟု တွဲ၍သုံးကြသည်။ ချက် အမျိုးသမီးများ၏ မျိုးရိုးအမည်များမှာ (ေ -ာဗား) သို့မဟုတ် (-ား) တွင် အဆုံးသတ်သည်။ သို့ဖြင့် ယောက်ျား အမည်များက ဖူးချစ်။ ယလီနက်။ ပလာခီ။ ဟုဆိုလျှင် မိန်းမအမည်များကို ဖူးချစ်ကောဗား၊ ယဲလီနကောဗား၊ ပလာခါ ဟူ၍ ခေါ်ကြသည်။
- တခွက်ထဲပါလေ။ သောက်သွားပါအုံး။
ငှဲ့ချလိုက်သော လဘက်ရည်မှ အငွေ့တထောင်းထောင်း ထလာသည်။ တစုံတယောက်က တံခါးခေါင်းလောင်းကို နှိပ်သည်။ ညကြီးမင်းကြီး အချိန်မတော် ... ဘယ်သူများပါလိမ့်။ ဧည့်သည်တော်များကား စိတ်မရှည်ကြ။ တံခါးကို တ၀ုန်းဝုန်းနှင့် ထုကြလေသည်။
- ဖွင့်ပါတော့လား။ ဒီမှာ ပုလိပ်တွေကွ။
- ပြူတင်းပေါက်ဆီကို မြန်မြန် ... ပြေးကြ။ ကျွန်တော့မှာ ပစ္စတိုတလက်ပါလာတယ်။ ခင်ဗျားတို့ လွတ်အောင် သူတို့ကိုဟန့်ထားမယ်။
နောက်ကျသွားခဲ့ပြီ။ ပြူတင်းပေါက်အောက်တွင် ဂက်စတာပိုများရောက်နေကြကာ အခန်းတွင်းသို့ ပစ္စတိုများဖြင့် ချိန်ထားကြသည်။ အရပ်ဝတ်အရပ်စားနှင့် စုံထောက်များသည်လည်း အပြင်စင်္ကြန်မှတံခါးကို ချိုးဖွင့်ဝင်ရောက် လျက်၊ မီးဖိုဆောင်ငယ်ကိုကျော်ကာ အခန်းတွင်းသို့ ရောက်လာကြသည်။ တယောက်၊ နှစ်ယောက်၊ သုံးယောက် ... အားလုံးလူကိုးယောက်။ ကျွန်တော်ကား သူတို့ဖွင့်ဝင်လာသော တံခါး၏အကွယ်သူတို့၏ နောက်တည့်တည့် သို့ ရောက်နေသည်။ ထို့ကြောင့် ကျွန်တော့်ကိုမမြင်ကြ။ ပစ်မည်ဆိုလျှင် သူတို့အား အေးအေးဆေးဆေး ပစ်ချနိုင် သည်။ သို့သော် ပစ္စတိုကိုးလက်က မိန်းမသားနှစ်ယောက်နှင့် လက်နက်မဲ့ယောက်ျားသုံးယောက်ကို ချိန်ထား သည်။ အကယ်၍ ကျွန်တော်က စတင်ပစ်ခတ်လိုက်လျှင်၊ ကျွန်တော်မကျခင် ကျွန်တော့်ရဲဘော်များ ကျဆုံးကြရ တော့မည်။ ကျွန်တော့ကိုသာ ပြန်၍ပစ်ပြီထားဦးတော့ ကျည်ဆံများက ပလူပျံလျက်၊ ကျွန်တော့်ရဲဘော်များ သာ လျှင် ဓားစာခံကြရပေလိမ့်မည်။ အကယ်၍ ကျွန်တော်က မပစ်ဘဲနေခဲ့လျှင် သူတို့အနေနှင့် နှစ်ဝက်ဖြစ်စေ၊ တနှစ် ဖြစ်စေ ၀င်ထိုင်နေကြရမည်။ နောက်တော်လှန်ရေးက ၎င်းတို့အား အရှင်လတ်လတ် ကယ်တင်လွတ်မြောက်စေ လိမ့်မည်။ မီးရက်နှင့်ကျွန်တော်သာ ဤတောင်ကို ကျော်နိုင်ကြမည်မဟုတ်။ ကျွန်တော်တို့အား ညှဉ်းပန်းကြလိမ့် မည်၊ ကျွန်တော့ထံမှကား ဘာတခုမျှရကြလိမ့်မည်မဟုတ်။ မီးရက်ထံမှကော။ မီးရက်သည် စပိန်ပြည်၌ တိုက်ပွဲ ၀င်ခဲ့သောလူတယောက်၊ ပြင်သစ်အကျဉ်းစခန်းတွင် နှစ်နှစ်တာမျှနေခဲ့ရသောသူ၊ စစ်ကာလကြီးအတွင်း၊ ပြင်သစ် ပြည်မှ ပရာဟာမြို့အရောက် လျှို့ဝှက်စွာပြန်လာခဲ့သော သူတယောက်။ ဤသို့သောသူမျိုးကား ဘာတခုမျှဖော် လိမ့်မည်မဟုတ်။ ကျွန်တော့်အနေနှင့် ဆုံးဖြတ်ချက်ချရန် နှစ်စက္ကန့်မျှသာရှိသည်။ ဒါမှမဟုတ် သုံးစက္ကန့်ပဲလား။
ပစ်ခတ်လိုက်လျှင် ဘာတခုကိုမျှ ကာကွယ်နိုင်မည်မဟုတ်။ ကျွန်တော့တယောက်အနေနှင့် သာ အညှဉ်းပန်းခံရ ခြင်းမှ လွတ်မြောက်မည်။ သို့သော် ထိုသက်သာမှုအတွက် အကြောင်းမဲ့သက်သက် ရဲဘော်ငါးယောက် အသက် တို့ကို ယဇ်ပူဇော်လိုက်ရမည်။ ဒီလိုတွက်တာ မှန်သလား၊ မှန်တယ်။ ဆုံးဖြတ်ချက်ချလိုက်ပြီ။ ပုန်းနေရာမှ အပြင် သို့ထွက်လိုက်သည်။
ဂက်စတာပို - နာဇီများ၏ လျှို့ဝှက်သော ပုလိပ်အဖွဲ့။ ဤဘာသာပြန်စာအုပ်ထဲတွင် အဆိုပါပုလိပ်အဖွဲ့ ၀င်များ ကိုလည်း ဂက်စတာပိုဟူ၍ပင် ခေါ်ထားသည်။
- ဟား၊ နောက်တယောက်။
မျက်နှာပေါ်သို့ ပဋ္ဌမဆုံးတချက် အထိုးခံလိုက်ရသည်။ ကျွန်တော့်အား နော့ကောက် ချိန်ဟန်တူသည်။
- ဟဲန်းဒ်အောက်ဖ်။
ဟဲန်းဒ်အောက်ဖ် - (ဂျာမန်စကား = လက်မြှောက်)
ဒုတိယတချက်၊ တတိယအချက်။ ဤသို့လျှင် ထင်မိသည်။ တသသနှင့် လှလှပပထားခဲ့သော အိမ်ခန်းကား၊ အိမ် ထောင်ပရိဘောဂများနှင့် ဖရိုဖရဲ၊ မှန်ကွဲများအမွမွဖြစ်ခဲ့ပြီ။ လက်နှင့်အထိုးအကြိတ်၊ ခြေနှင့် အကန်အကျောက်။
- မာ့ရ်ရှ်။
မာ့ရ်ရှ် - (ဂျာမန်စကား = ရှေ့ကိုသွား)
ကျွန်တော့်အား မော်တော်ကား တစင်းထဲသို့ သွတ်သွင်းလိုက်ကြသည်။ ပစ္စတိုများကား ကျွန် တော့်ကို အမြဲမပြတ် ချိန်နေကြသည်။ လမ်းတွင်ပင်ကျွန်တော့်အား စစ်လားမေးလားပြုကြပါတော့သည်။
- မင်း ဘယ်သူလဲ။
- ကျောင်းဆရာ ဟောရတ်။
- မင်း လိမ်တာ။
ကျွန်တောက ပခုံးကို တွန့်ပြလိုက်သည်။
- ငြိမ်ငြိမ်ထိုင်နေဆို ... နို့မို့ပစ်လိုက်မယ်။
- ပစ်ချင် ပစ်ပေါ့။
ပစ်မည့်အစား လက်သီးမိုးသာ ရွာလာသည်။ ကျွန်တော်တို့သည် ဓာတ်ရထားတစီးကို ကျော်တက်မိကြသည်။ အဖြူရောင်ဖြင့် မွမ်းမံထားသည်ဟု ထင်မိသည်။ ဘဲ့နဲ့ ... မင်္ဂလာဆောင်ဓာတ်ရထား အခုလို ညကြီးမင်းကြီးမှာ ရယ်။ အဖျားတက်စပြုပြီထင်သည်။
ပက်ချက် နန်းတော်။ ဤအဆောက်အဦအတွင်းသို့ အသက်နှင့်ခန္ဓာတွဲလျက်သား ၀င်ရလိမ့်မည်ဟု ဘယ်သော အခါကမျှ မထင်မိခဲ့။ ယခုလေးထပ်အပေါ်ထိ ပုံစံအတိုင်း ပြေး၍တက်ရသည်။ သြော် ဒါကနာမည်ကျော် ဒုတိယ (က) - ၁ ဆိုတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးဌာနကိုး။ ကျွန်တော့အနေနှင့် စပ်စပ်စုစုသိလိုစိတ်များပင် ပေါ်လာသည် ဟု ထင်ရသည်။
ပက်ချက် - စစ်မဖြစ်မီက အရင်းရှင်ကြီး ပက်ချက်၏ ဘဏ်တိုက်အဆောက်အဦ။ စစ်အတွင်းက ဤဂေဟာတွင် ပရာဟောမြို့ ဂတ်စတာပိုက ဌာနချုပ်ဖွင့်ထားသည်။
ဘမ်းဆီးသောတပ်စိတ်ကို အုပ်ချုပ်သည့် ပုလိပ်အရာရှိ ပိန်ပိန်ရှည်ရှည်သည် ပစ္စတိုကို အိတ်တွင်းသို့ထည့် လိုက်ကာ၊ သူ၏ အခန်းတွင်းသို့ ကျွန်တော့အား ခေါ်သွားသည်။ ၎င်းနောက် စီးကရက်တလိပ်တည်၍ မီးညှိပေး သည်။
- မင်းဘယ်သူလဲ။
- ကျောင်းဆရာ ဟောရတ်။
- မင်းလိမ်တာ။
သူ၏ လက်ကောက်ဝတ်မှနာရီသည် ဆယ့်တစ်နာရီသို့ ညွှန်ပြနေလေသည်။
- သူ့ကိုရှာကြစမ်းဟေ့။
အရှာအဖွေများ စပါတော့သည်။ ကျွန်တော့ အ၀တ်အစားများကို ချွတ်ကြသည်။
- မှတ်ပုံတင်လက်မှတ်ပါတယ်ဗျ။
- နာမည်က ...
- ကျောင်းဆရာ ဟောရတ်တဲ့။
- မှန်ရဲ့လားဆိုတာ လှမ်းမေးကြည့်စမ်း။
တယ်လီဖုန်းဆက်သည်။
- ထင်သားပဲ။ စာရင်းမှ သွင်းမထားပဲ။ ဒီလက်မှတ်က အတုကြီးရယ်။
- မင်းကို ဒီလက်မှတ် ဘယ်သူပေးသလဲ။
- ပုလိပ်မင်းကြီးရုံးက။
ပဌမဆုံးအကြိမ် ဒုတ်နှင့်အရိုက်ခံရသည်။ ဒုတိယ၊ တတိယ၊ အချက်ပေါင်း ဘယ်နှစ်ချက်ဆိုတာကို ရေတွက်ပြီး ထားရမှာလည်း။ မောင်ရင် ... ဒီအခြေအနေ ရောက်မှတော့၊ ဒီလိုအချက်အလက်တွေကို ဘယ်နေရာ ဘယ် အချိန်မှာ သတင်းပြန်ပေးနိုင်တော့မှာလဲ။
- မင်းနာမည် ဘယ်သူလဲ ... ပြော ... ဘယ်မှာနေသလဲ ... ပြောစမ်း ... ဘယ်သူတွေနဲ့ အဆက် အသွယ်လုပ် သလဲ။ ပြော ... ပြော ... ပြောဆို ... နို့မို့ မင်းအသက်ထွက်သွားမယ်။
ကျန်းမာတဲ့ လူတယောက်ဟာ အချက်ပေါင်း ဘယ်နှစ်ချက်အထိ ခံနိုင်ပါသလဲ။ ရေဒီယိုမှ သန်းခေါင်ယံရိုက်ဆော် လေပြီ။ ကာဖီဆိုင်များလည်း ပိတ်ကြပြီ။ နောက်ဆုံး ဧည့်သည်များလည်း ပြန်ကြပြီ။ ချစ်သူများကား မခွဲနိုင်မခွါရက် နှင့် တံခါးဝများတွင် ရစ်သီနေကြသည်။ အရာရှိပိန်ပိန်ရှည်ရှည်ကား အခန်းတွင်းသို့ ရွှင်ရွှင်ပြုံးပြုံးကြီး ရယ် မော၍ ပြန်ရောက်လာသည်။
- ဦးအယ်ဒီတာကြီးခင်ဗျား၊ နေသာထိုင်သာ ရှိပါရဲ့နော်။
မည်သူကသူတို့အား ဖွင့်ပြောလိုက်ပြီနည်း။ ယဲလီနက်တို့လင်မယားလော။ ဖရီးဒ်တို့လော။ သူတို့ကား ကျွန်တော် ၏ အမည်ကိုပင် မသိကြ။
- မြင်တဲ့အတိုင်းပဲလေ။ ကျုပ်တို့အားလုံး သိပါတယ်ဗျာ။ ကဲ ဖွင့်ပြောမလား၊ လိမ္မာစမ်းပါကိုယ့်လူရာ။
ထူးဆန်းလှသော အဘိဓာန်ပါပေ။ လိမ္မာခြင်း = သစ္စာဖောက်ခြင်း။ ကျွန်တော်ကား မလိမ္မာပါ။
- ဒီကောင့်ကို ကြိုးနဲ့တုပ်ပြီး ထပ်အုပ်ကြစမ်းကွာ။
တနာရီ။ နောက်ဆုံး ဓာတ်ရထားများ ကားရုံများဆီသို့ ပြန်သိမ်းနေကြလေပြီ။ လမ်းများလည်း လူသွားလူလာပြတ် သလောက် ဖြစ်နေကြလေပြီ။ ရေဒီယိုကား သောတရှင်အပေါင်းကို မင်္ဂလာညပါရှင်ဟု နှုတ်ဆက်လေပြီ။
- ဗဟိုကော်မတီမှာ ဘယ်သူတွေ ပါသေးသလဲ။ အသံလွှင့်ဌာနတွေ ဘယ်မှာလဲ။ ပုံနှိပ်စက်တွေ ဘယ်မလဲ။ ပြော ... ပြော ... ပြောလေ။
ယခု ဒဏ်ရာဒဏ်ချက်များကို အေးဆေးစွာ ရေတွက်နိုင်ပြန်ပေပြီ။ ကျွန်တော်ကိုက်ထားမိရာ နှုတ်ခမ်းများတွင် သာ နာရမှန်း၊ ကျင်ရမှန်း သိတတ်ပါတော့သည်။
- ဘိနပ်တွေချွတ်လိုက်။
မှန်ပေသည်။ ခြေဖ၀ါးများကား ယခုထက်ထိ မထုံတတ်သေးပါ။ ခြေမ၀ါးများတွင်တော့ နာတတ်သေးသည်။ ငါး ချက်၊ ခြောက်ချက်၊ ခုနှစ်ချက်၊ ယခုဒုတ်တိုကား ဦးနှောက်အထိ တိုးလျှိုပေါက်နေ သကဲ့သို့ခံရသည်။ နှစ်နာရီ။ ပရောဟာမြို့တော်ကား အိပ်ပျော်လေပြီ။ တနေရာတွင် ကလေးတယောက်သည် အိပ်ယင်းက အီကောင်း အီနေ ပေလိမ့်မည်။ ယောက်ျားတယောက်သည် ဇနီးသည်၏ တင်ပါးကို ပွတ်သပ်ကောင်းပွတ်သပ်နေပေလိမ့်မည်။
- ပြော၊ ပြောစမ်း။
ပါးစပ်ထဲတွင် လျှာကိုလှည့်ယင်း၊ သွားဘယ်နှစ်ချောင်း ကျိုးခဲ့ပြီကို စမ်းသပ်ကြည့်နေမိပါသည်။ စေ့ငှအောင် မရေ တွက်နိုင်ပါ။ ဆယ့်နှစ်၊ ဆယ့်သုံး၊ ဆယ့်ခုနှစ်။ ဟုတ်သေးပါဘူးလေ၊ ဒါက ကျွန်တော့်ကို “စစ်ဆေးမေးမြန်း” နေကြ တဲ့ ပုလိပ်အရာတွေရဲ့ ဦးရေပဲ။ ထိုသူတို့အနက် အချို့ကား ယခုပင် သိသိသာသာကြီး လက်အံသေနေကြလေပြီ။ သေမင်းကလည်း ယခုထက်ထိ မလာနိုင်သေး။
သုံးနာရီ။ ရောင်နီဦးသည် မြို့ဆင်ခြေဖုန်းဘက်မှ တွား၍တက်လာလေပြီ။ ဟင်းသီး ဟင်းရွက်သည်များကား ဈေး ဘက်သို့ ဦးတည်နေကြပြီ။ လမ်းတံမြက်လှဲသမားများလည်း လမ်းများပေါ်သို့ ထွက်လာကြပြီ။ ပုံပန်းအားဖြင့် ကျွန်တော်ကား နောက်ထပ် တမိုးသောက်ကို မြင်ရလိမ့်ဦးမည်ထင်သည်။
- ခင်ဗျား ဒီလူကိုသိသလား။
ကျွန်တော်၏ ဇနီးကို ခေါ်လာကြသည်။ သူ မမြင်ပါစေရန် ကျွန်တော်သည် သွေးတို့ကို မြိုချခဲ့ သည်။ အမှန်အားဖြင့် ထိုသို့သော အားထုတ်မှုကား အလဿမျှသာဖြစ်သည်။ ကျွန်တော်၏ မျက်နှာပေါ်တွင် သွေးများတကွက်မလပ် ထွက် နေသည်သာမက၊ လက်ဖျားများမှလည်း သွေးများယိုစီးနေသေးသည်။
- ခင်ဗျား ဒီလူ့ကိုသိသလား။
- မသိဘူး။
ဤသို့ပင် ပြောလိုက်သည်။ မျက်ရိပ်ကလေး တရိပ်မျှပင်မပျက်။ ဇမ္ဗူရာဇ်ရွှေစင်ကလေး။ ကျွန်တော့်အား သိ သည်ဟူ၍ ဘယ်သောအခါမျှ မပြောပါဟူသော ကတိအတိုင်း တည်ကြည်ရှာပေသည်။ သို့သော် လက်ငင်းအခြေ အနေအရကား ထိုသို့ငြင်းရန်ပင် လုံးဝမလိုအပ်တော့။ ကျွန်တော်၏ အမည်ကိုမည်သူက ဖော်ထုတ်ခဲ့လေသ နည်း။
သူ့အား အပြင်သို့ခေါ်ထုတ်သွားကြသည်။ ကျွန်တော်လည်း အရွှင်လန်းနိုင်ဆုံးသော မျက်နှာထားဖြင့် သူ့အား နှုတ်ဆက်ခဲ့ပါသည်။ ထိုမျက်နှာထားကား ရွှင်လန်းကောင်းမှ လန်းပေတော့မည်။ ဒါကိုတော့ ကျွန်တော် မပြောတတ်။
လေးနာရီ။ မိုးလင်းပြီလား၊ ဒါမှမဟုတ် မှောင်နေတုန်းပဲလား။ လိုက်ကာများဆွဲချထားသော ပြူတင်းပေါက်က အဖြေမပေးကြ။ သေမင်းကလည်း လာနိုင်ခဲလှသည်။ သေမင်းကြီးခင်ဗျားဆီကို ကျွန်တော်လာခဲ့ရမလား။ ဘယ့်နဲ့ လာခဲ့ရမှာလဲ။
တစုံတယောက်အား ကျွန်တော်က လှမ်း၍ထိုးလိုက်သည်။ ထို့နောက် ကျွန်တော်လည်း ကြမ်းပေါ်သို့စိုက်၍ ကျ သွားသည်။ သူတို့က ကျွန်တော့်အား ကန်ကြသည်။ နင်းကြဆောင့်ကြသည်။ အဲ ... ဟုတ်ပြီ ... ဒါမှ ကိစ္စမြန်မြန် ချောမယ်။ ပုလိပ်အရာရှိ မဲတဲတဲသည် ကျွန်တော့်အား မုတ်ဆိတ်မွေးများမှ ကိုင်၍ဆွဲထူသည်။ ထို့နောက် ကျွတ် ထွက်သွားသော မုတ်ဆိတ်မွေးလက်တဆုပ်ကို ကျွန်တော့်အားပြန်၍ပြရင်း ဟက်ဟက်ပက်ပက်ကြီး ရယ်မော လေသည်။ တကယ်တော့လည်း ရယ်စရာပင် ဖြစ်လေသည်။ ကျွန်တော့်အနေနှင့်ကား နာရမှန်းလုံးဝမသိတော့။
ငါးနာရီ၊ ခြောက်နာရီ၊ ခုနှစ်နာရီ၊ ဆယ်နာရီ၊ တမွန်းတည့်လေပြီ။ အလုပ်သမားများလည်း အလုပ်သွားသူသွား၍ အလုပ်ပြန်သူပြန်ကြလေပြီ။ ကလေးများလည်း ကျောင်းတက်သူတက်၍ ကျောင်းဆင်းသူဆင်းကြလေပြီ။ ဆိုင်များ တွင် ရောင်းဝယ်နေကြသည်။ အိမ်များတွင် ချက်ပြုတ်နေကြသည်။ ယခုအချိန်ဆိုလျှင် မေမေသည် ကျွန်တော့် အား သတိရကောင်းရနေပေလိမ့်မည်။ ရဲဘော်များလည်း ကျွန်တော်အဖမ်းခံရကြောင်း သိကုန်ကြပြီ ... မတော် တဆ ကျွန်တော်ကများဖွင့်ပြောလိုက်လျှင် ... ဤ သို့တွက်ကာ ဘေးအန္တရာယ်မှကာကွယ်ရန် အစီအစဉ်များ ပြုလုပ်ကောင်းပြုလုပ်နေကြပြီ။ မစိုးရိမ်ကြပါနဲ့၊ မပြောပါဘူး၊ ယုံကြပါ။ အမှန်ကိုဆိုရလျှင် အဆုံးသတ်ဟူသည်ကား ဝေးနိုင်တော့မည်မဟုတ်။ ခုအဖြစ်အပျက် အစစအရာရာတို့သည် အိပ်မက်၊ မကောင်းသော ချောက်အိပ်မက် ကြီးသာ ဖြစ်နေတော့ သည်။ အရိုက်အနှက် မိုးရွာ၊ နောက်ကျွန်တော့်အားရေနှင့်ဖြန်း၊ နောက်တဖန် အထိုးအကြိတ် များ ၀င်လာပြန်၍ ... ပြော ... ပြော ... ပြောဆို ... ကျွန်တော်ကဖြင့် သေပဲမသေနိုင်။ မေမေတို့ ဖေဖေတို့၊ ကျွန်တော့် ဒါလောက်အားကောင်းအောင် ဘာဖြစ်လို့ မွေးထားခဲ့ကြတာလဲ။
နေ့လည်ခင်း၊ ညနေငါးနာရီ။ ယခု သူတို့အားလုံး နွမ်းနယ်နေကြပြီ။ အရိုက်အနှက်များကား ပြတ်တောင်း ပြတ် တောင်းနှင့် တချီနှင့်တချီအကြား အကြာကြီးနားနားနေတတ်သည်။ ယခုတော့ ၀တ်ကြေ၀တ်ကုန်မျှသာ ဖြစ်နေကြ ပြီ။ ထိုခဏတွင်၊ ခပ်ဝေးဝေးမှ အတော်မသတ်နိုင်သော အဝေးမှအေးဆေးငြိမ်သက်သော အသံတသံပေါ်လာ သည်။ ထိုအသံကား ပွတ်သီးပွတ်သပ်လုပ်သလို နူးညံ့နေသည်။
- အဲရ် ဟတ် ရှုံဂဲနု။
နောက်တကြိမ် ပြန်၍ထိုင်၊ ရှေ့တည့်တည့်မှ စားပွဲကား ပြိုသွားလိုက်၊ ပေါ်လာလိုက်၊ နောက် တစုံတယောက်က ကျွန်တော့်အား သောက်ရေတခွက်လာပေး၊ အခြားတယောက်ကလည်း ကျွန်တော့အား ဘိနပ်များစီးပေးရန် ကြိုး စားယင်းက စွပ်မရတော့ဟုပြော၊ နောက်သူတို့သည် ကျွန်တော့်အား ချီတခါဆွဲတလှည့်ဖြင့် လှေခါးထစ်တ လျှောက် ခေါ်ချသွား၊ ကားထဲထည့်၊ မောင်း၍သွား၊ တစုံတယောက်ကလည်း သေနတ်ဖြင့်ချိန်ထား၊ ရယ်စရာပင် ကောင်းသေးတော့၊ ပန်းဖြူဖြူများဖြင့် မွမ်းမံထားသော မင်္ဂလာဆောင်ဓာတ်ရထားကို ကျော်တက်၊ သို့သော် ဤကိစ္စအလုံးစုံကား အိပ်မက်မျှသာ ဖြစ်ကောင်းသည်။ အဖျားတက်ခြင်း၊ ဖြစ်နေပေမည်။ သေဇော်ငင်ခြင်း၊ သို့မဟုတ် သေခြင်းစင်စစ်ပင် ဖြစ်ကောင်းဖြစ်နေပေမည်။ သေဇောငင်ခြင်းကား ခက်ခဲကြပ်တည်းလှသည် မဟုတ် ပါလော။ သို့ရာတွင် ဤအဖြစ်ကား ပေါ့ပေါ့ကလေးနှင့် သပွတ်အူလိမ်နေသည်။ နောက်တချက် အသာကလေး အသက်ရှူထုတ်လိုက်လျှင်ပင်၊ အစစအရာရာ အဆုံးသတ်သွားချေတော့မည်။
အဲရ် ဟတ် ရှုံဂဲနု - (ဂျာမန်စကား = ဒီလူ နောက်ထပ် ခံနိုင်တော့မှာ မဟုတ်ဘူး။)
အဆုံးသတ်သွားရောတဲ့လား။ မဟုတ်သေးဘူးလေ။ အခုတခါ ထပ်ပြီးမတ်တတ်ရပ်နေရပြန်ပြီကော။ တကယ့်ကို ပင် ရပ်နေရသည်။ တယောက်တည်း အဖေးအမမရှိဘဲ ရပ်နေသည်။ ကျွန်တော့်ရှေ့တွင်လည်း ညစ်ပတ်ဝါကျင့် သော ထရံကြီးကပ်၍နေကာ ... ထရံမှာ ဘာတွေပေနေပါလိမ့်။ သွေးတွေပေနေသည်ဟူ၍ကား စိတ်ကထင်မိ သည်။ ဟုတ်သည်။ သွေးတွေပင်ဖြစ်သည်။ လက်ညှိုးကို မြှောက်၍ တို့ကြည့် သုတ်ကြည့်သည်။ ဟုတ်တယ်လေ၊ လတ်လတ်ဆတ်ဆတ်ကြီး ကျွန်တော့်သွေးတွေရယ် ...။
တစုံတယောက်က နောက်မှနေ၍ ကျွန်တော်၏ခေါင်းကို ရိုက်လိုက်သည်။ လက်နှစ်ဖက်ကို မြှောက်၍ထိုင်ချေ၊ ထချေ လေ့ကျင့်ခဏ်းလုပ်ခိုင်းသည်။ တတိယအကြိမ်တွင် ကျွန်တော်လည်း ခွေကျသွားသည်။
အရှည်ရှည်နှင့် အက်ဆက်စမန်း တယောက်သည် ကျွန်တော့်ကိုယ်ပေါ်မိုး၍ရပ်ကာ၊ ကန်လိုက်ကျောက်လိုက် နှင့် အထခိုင်းသည်။ မဖြစ်နိုင်သည်ကိုမှ ခိုင်းလေသည်တကား။ တဖန် တစုံတယောက်က ကျွန်တော့်အား ဆေး ကျောပေး၊ တဖန် ပြန်၍ထိုင်မိ၊ မိန်းမတယောက်ကလည်း ကျွန်တော့်အားဆေးများ လှမ်းပေး၍၊ မည်သည့်နေရာ တွင် နာကျင်သနည်းဟု မေးမြန်းသည်။ ထိုခဏ၌ ကျွန်တော့်အနေနှင့် နာသမျှဟူသည်မှာ နှလုံးသားတွင်သာ စုပြုံနေသည်ဟု ထင်မိသည်။
အက်ဆက်စမန်း - နာဇီတပ်များအနက် ရက်စက်ကြမ်းကြုတ်ရာတွင် နာမည်ကြီးလှသည့် အက်ဆက်စ် အဖွဲ့ဝင်။
- မင်းမှာနှလုံးသားဆိုတာမှ မရှိဘဲနဲ့ ဟု အက်ဆက်စမန်း အရပ်ရှည်ရှည်က ပြောလေသည်။
- အိုး ရှိတာပေါ့ကွ ဟု ကျွန်တော်က ပြန်ပြောလိုက်ကာ၊ မိမိ၏ နှလုံးသားဘက်က ခုခံပြောဆိုနိုင်လောက်အောင် အင်အားဖူဖူလုံလုံရှိသေးခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသည်။ နောက် အစစအရာရာ မှုန်ပျောက်သွား ကြပြန်သည်။ ထရံ ... ဆေးနှင့် မိန်းမ ... အက်ဆက်စမန်း အရပ်ရှည်ရှည် ...
ကျွန်တော့်ရှေ့တည့်တည့်တွင် အကျဉ်းခန်း၏ ပွင့်လျက်သားတံခါးပေါက်ကို တွေ့ရသည်။ အက်ဆက်စမန်း ၀၀ တုပ်တုပ်တယောက်က ကျွန်တော့်အား အကျဉ်းခန်းအတွင်းသို့ ဆွဲသွင်း၊ အစိပ်စိပ် အမွှာမွှာဖြစ်နေသော ရှပ် အင်္ကျီကိုချွတ်၊ ကောက်ရိုးမွေ့ရာပေါ်သို့ ဆွဲတင်၊ ဖောယောင်ဖုထစ်နေသော ကိုယ်ကိုစမ်းသပ်၍၊ ကျပ်ထုပ်များ ထိုးပေးရန် အမိန့်ပေးသည်။
- ကြည့်စမ်း သူက အခြားတယောက်အား ခေါင်းကိုအသာခါပြရင်း ပြောလေသည် - ကြည့်စမ်း၊ ဒီ ကောင်တွေ ဘယ်လောက်တတ်နိုင်တယ်ဆိုတာ ...
တဖန် ခပ်ဝေးဝေးမှ အတောမသတ်နိုင်သော အဝေးမှ အေးဆေးငြိမ်သက်သော အသံတသံကို ကြားလိုက်ရပြန် သည်။ ထိုအသံကား ပွတ်သီးပွတ်သပ်လုပ်သလို နူးညံ့နေသည်။
- မနက်အထိတောင် မခံတော့ပါဘူး။
နောက်ငါးမိအကြာတွင် ဆယ်နာရီထိုးပေတော့မည်။ ၁၉၄၂ ခု၊ ဧပြီလ ၂၅ ရက်၊ နွေဦးရာသီ၏ လှလှပပနှင့် မပူ မအေးသော ညဥ့်ဦးအခါ ဖြစ်ပေသည်ကို။
အိုးဝေထွန်းအောင်နှင့် ဦးစံရွှေ
ချက်ဘာသာမှ မြန်မာပြန်ဆိုသည်။
Posted by
ရွှေဥသြ
at
19:55
0
comments
Labels: ကိုယ့်အကြိုက် စာအုပ်များ
ဂေါ်ကီရဲ့အမေ။ အနှစ်တရာပြည့်ပြီ
မာ့က်စင်ဂေါ်ကီဆိုသူက အမေဆိုသောဝတ္ထုရှည်ကြီးတပုဒ်ကို ၁၉၀၇ခုနှစ်ထဲတွင် ရေးထုတ်လိုက်သည်။ ထိုအချိန်တွင် သူ့အသက်မှာ ၃၉နှစ်ရှိနေပြီ။ ယခု အနှစ်တရာတိတိကြာသောအခါ ဤစာအုပ်ကိုဂုဏ်ပြုနေကြသည်။
ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နှင့်လည်းအံဝင်ကြောင်း ပြောနေကြသည်။
ဤစာအုပ်နှင့် ပတ်သက်ပြီး မိမိဘ၀တွင် မှတ်လောက်သားလောက်များ ကျန်ရစ်နေသည်ကိုပြန်စဉ်းစားမိပါသည်။
ထိုစာအုပ်ကို ကျွန်တော်က ၁၉၆၃ ခုနှစ်တွင်မှဖတ်ရသည်။ အသက် ၁၈ နှစ် အရွယ်ပါ။ ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်မှုကြောင့် ကျွန်တော် ပြေးလွှား၊ ပုန်းအောင်းနေစဉ် အိမ်ကိုလှမ်းမှာယူပြီး ဖတ်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းမှာ အင်္ဂလိပ်ဝတ္ထု ရှည်ကြီးတအုပ်ကို တသက်တွင် ပထမဆုံးဖတ်ဖူးခြင်းဖြစ်သည်။ လူကလည်း ပြေးလွှားပုန်းအောင်းနေတုန်း၊ အားနေတုန်းမို့ စာမျက်နှာ ၃၀၀ ကျော်လောက်ရှိသော စာအုပ်ထူကြီးကို နှစ်ရက်၊ သုံးရက်နှင့်အပြီးဖတ်လိုက်နိုင်ခြင်း ကြောင့် အင်္ဂလိပ်လိုရေးထားသည့် စာအုပ်ထူကြီးများကိုဖတ်ရန် ကိုယ့်ကိုယ်ကိုယုံကြည်မှု ရသွားစေခဲ့သည်ကို ကောင်းကောင်းမှတ်မိနေသည်။ ထို့ထက်ပိုအရေး ကြီးသည်က ဤစာအုပ်ကိုဖတ်ပြီးနောက် သရုပ်မှန်စာပေ၏ အစွမ်း နှင့်အင်အားကို ကောင်းကောင်း သဘောပေါက်ယုံကြည် သွားခြင်းပင်ဖြစ်ပါသည်။ နောက်ပြီး ကိုယ့်နိုင်ငံရေးယုံကြည်ချက်ကိုလည်း အားဖြည့်လောင်းသည့်အလား ခံစားခဲ့ရသည်။
ဤစာအုပ်မတိုင်မီက ပြည်တွင်းက၀တ္ထုပေါင်းများစွာကိုရော နိုင်ငံခြားဝတ္ထုဘာသာ ပေါင်းများစွာကိုပါ ကျွန်တော်ဖတ်ဖူးပါသည်။ အင်္ဂလိပ်လိုဆိုလျင် လည်း အတိုချုပ်ထားသော စာအုပ်တော်တော်များများဖတ်ဖူးပါသည်။ သို့သော်ဤ၀တ္ထုကိုဖတ်ပြီး နောက်ခံစားရသည့် ကျေနပ်မှု။အားတက်မှုမျိုး သည့်အယင် ဘယ်တုန်းကမှ မရရှိခဲ့ဖူးသည်မှာ အမှန်ပင်ဖြစ်သည်။ ဤ၀တ္ထုကိုဖတ်ရန် ကျွန်တော်တိုက်တွန်းမိသော လူအရေအတွက်ဆိုလျင်လည်း များလွန်း၍ မှတ်ပင်မမှတ်မိ တော့။
‘အမေ’ကို ဗမာပြည်တွင် စာရေးဆရာဂုဏ်ရောင်နှင့် တောင်တွင်းဦးကိုကိုကြီးတို့ ဘာသာပြန်ဖူးသည်။ နှစ်ဦးပေါင်းလျင် စောင်ရေသောင်းဂဏန်း ရှိ လောက်သည်။ ယခုပြန်ထုတ်ခွင့်ရလျင်လည်း ရောင်းရမည်ဟုယုံကြည်သည်။ နအဖပြောနေသော ‘အမေ’ ဆိုသောစံနှင့်တိုင်းတာကြည့်သင့်သည်။
ဂေါ်ကီ၏အမေသည် ဖိနှိပ်မှုနှစ်မျိုးကို ရင်ဆိုင်တွန်းလှန်ကာလူသုံးမျိုးကို ကိုယ်စားပြုသည်ဟုဆိုနိုင်သည်။ သူသည် (၁) မိန်းမ၊ (၂) မိခင်၊ (၃) အလုပ် သမားဆိုသော လူသုံးမျိုးကို ကိုယ်စားပြုကာ ယောက်ျားတို့၏စိုးမိုးမှုဆိုသော အိမ်တွင်းကျေးကျွန်ပြုမှုနှင့် လုပ်ခ၏ကျေးကျွန်ပြုမှုဆိုသော စနစ်ဆိုးနှစ်ခုကို ရင်ဆိုင် တွန်းလှန်သူဖြစ်ပေသည်။ ‘အမေ’ သည် နိုင်ငံရေးစကားတွေ ဖောင်အောင်ပြောနေသော သာလိကာဇာတ်ကောင်မျိုးမဟုတ်ချေ။ သူသည် မူလကနိုင်ငံရေးဟူ၍ နကန်းတလုံးမှမသိရှာသော။ သူ့သား ပေဗယ်လ်နှင့်သူ့ရဲဘော်တွေ လုပ်သမျှကိုမှောင်ရိပ်ထဲမှ စိုးရိမ်တကြီးစောင့်ကြည့်ကာ သက်ပြင်းတဖိုဖိုဖြင့် ‘ဘုရားတ’ နေရှာ သော မိန်းမကြီးတဦးသာလျင် ဖြစ်ပေသည်။ သည့်နောက်တွင်မှ သူသည်သူ့သားရဲ့ ရဲဘော်တွေအပေါ် သူ့သားလိုပဲချစ်ခင်လာကာ။ သံယောဇဉ်မွေးမိသော မိခင် တဦးဖြစ်လာသည်။ နောက်တဆင့်တက်တော့ သူသည်သူ့သားနှင့်ရဲဘော်များအတိုင်း သဘောပေါက်ယုံကြည်လာသည်။ ထိုမှထပ်တဆင့်တက်တော့ သူကသူ့ သားတို့တတွေ အဖမ်းခံရချိန်တွင်ကျန်ရစ် သောတာဝန်များကိုသူက ဆက်လုပ်ခြင်းပင်ဖြစ်လေသည်။
ဤဖြစ်ပေါ်တိုးတက်မှုမှာ အလွယ်တကူဖြစ်ပေါ်လာသည် မဟုတ်။ အတွေးအခေါ်ပဋိ ပက္ခပေါင်းများစွာကို ဖြတ်သန်းပြီးမှ တဖြည်းဖြည်းမြင့်တက်လာ ခြင်းဖြစ်သည်။ လူတန်းစားတိုက်ပွဲတွေ ပိုမိုပြင်းထန်လာလေလေ။ သူ၏အသိပိုတိုးတက်လာလေလေဖြစ်ခဲ့သည်မှ သတိပြုစရာဖြစ်သည်။ တချိန်က သူ့အဖို့နားစိမ်း ရုံမက တုန်လှုပ်စရာဖြစ်သော “နိုင်ငံရေးအတွေးအခေါ်၊ အုံကြွမှု၊ တိုက်ပွဲ၊ ဆိုရှယ်လစ်” စသည့် စကားများကို မှောင်ရိပ်ထဲမှနားထောင်ရင်း သူယဉ်ပါးခဲ့ရသည်။ နောက်တော့ သူကိုယ်တိုင် အကောင်အထည်ဖော်သူဖြစ်လာတော့သည်။ သူ့မှာသူယုံကြည်သော ဘာသာရေးအတွက် သားဖြစ်သူနှင့်ငြင်းခုံသည်ကိုလည်း ဤ စာအုပ် တွင်ဖတ်ကြရသည်။ ထို့ကြောင့်ဂေါ်ကီ၏ ‘အမေ’မှာ တခေတ်ထွန်းတယောက်ပေါ်။ လူထူး လူချွန်မဟုတ်။ အင်မတန်သာမာန်ကျသော သဘာဝမိခင်တဦး သာလျင်ဖြစ်နေသည်ကိုက ဤစာအုပ်၏ အစွမ်းဖြစ်နေပေသည်။
‘အမေ့’အဖို့ သူ့သားနှင့်အပေါင်းပါတွေလုပ်နေ။ ပြောနေသမျမှာ အဆန်းချည်းဖြစ်နေခဲ့သည်။ ၀တ္ထုတနေရာတွင် သူကသူ့သား၏ရောင်းရင်း ယူကရိန်း သားကို ဤသို့ပြောသည်။ “မင်းတို့ကလည်းထူးဆန်းလိုက်တာ။ မင်းတို့အားလုံးရဲဘော်တွေလား။ အာမေးနီးယန်းတွေ၊ ဂျူးတွေ၊ သြစထရီးယန်းတွေ၊ မင်းတို့တ တွေစကားပြောနေလိုက်ကြတာဟာ တကယ့်မိတ်ရင်းကျွမ်းဟောင်းတွေလိုပဲ။ မင်းတို့ဟာဝမ်းနည်းစရာရှိလည်း အားလုံးအတွက်ဝမ်းနည်းတယ်။ ၀မ်းသာစရာရှိ လည်း အားလုံးအတွက်ဝမ်းသာတယ်၊” ဤသည်ကိုယူကရိန်းသားကြီး ရိုင်ဘင်ကယခုကဲ့သို့ ပြန်ပြောသည် -
“ဟုတ်တယ်။ အားလုံးအတွက်ပဲအမေ။ အားလုံး အတွက်ပဲ။ ကမ္ဘာကြီးဟာ ကျွန်တော်တို့အတွက်။ ကမ္ဘာကြီးဟာ အလုပ်သမားတွေအတွက်ပဲ။ ကျွန်တော်တို့မှာ နိုင်ငံမရှိ။ လူမျိုးမရှိဘူး။ ရဲဘော်နဲ့ရန်သူပဲရှိတယ်။
‘အမေ’ကို ဂေါ်ကီရေးတော့ သူ့အသက်မှာ ၃၉နှစ်ရှိနေပြီ။ ထိုအခါတွင် သူသည်နာမည်ရစာရေးဆရာဘ၀ ရောက်နေပြီဖြစ်ယုံမက နိုင်ငံရေးလုပ်သက် လည်း အနှစ်နှစ်ဆယ်ရှိ နေပေပြီ။သူသည်ဆင်စွယ်နန်းပေါ်မှာ ငှက်ကလေးတွေပျံနေ။ ပန်းကလေးတွေ ပွင့်နေသည်ကို ကြည့်ကာစာဖွဲ့နေသူမဟုတ်။ ပေရေစုတ် ပြတ်နေသည့် အလုပ်သမားများအကြားနေထိုင်ကာ ကမ္ဘာကျော်စာများကို ထုတ်လုပ်နေသူဖြစ်သည်။တကယ်တွင် ဂေါ်ကီ၏ဘ၀သည်ပင် ဂန္တ၀င်ဝတ္ထုကြီးတပုဒ် ဖြစ်သည်။
သူငါးနှစ်သားကတည်းက အဖေသေသည်။ ထို့ကြောင့်သူ့ကိုအမေ့ဘက်က အဖိုးအဖွားများကခေါ်ထားခဲ့သည်။ သူ့ကိုခိုင်းစားလို့ရတဲ့ အရွယ်ဖြစ်တဲ့ ၈ နှစ်သားမှာပဲ သူ့အဖိုးကသူ့ကိုခိုင်းစားသည်။ ဖိနပ်ချုပ်ဆိုင်၊ ဘုရားကားရောင်းသည့်ဆိုင်၊ ပန်းကန်ဆေး၊ ဆေးသုတ်၊ အစုံပင်။ သို့သော်သူသည် ကျောင်းမတက် ဖူးချေ။ သူ ၁၂ နှစ်သားအရွယ်ရောက်တော့ အဖိုးအိမ်က ထွက်ပြေးတော့သည်။ ထိုအခါမှစ၍သူသည် ခြေသလုံးအိမ်တိုင်ပြုကာ တနေရာမှတနေရာသို့ သွားလာ ရှာဖွေစားသောက်ရတော့သည်။ ထိုအတွေ့အကြုံများကို သူ၏ “ကျွန်တော်၏ တက္ကသိုလ်များ” စာအုပ်တွင် ဖတ်ရှုကြရသည်။ သူမလုပ်ဖူးသော အလုပ်ဟူ၍မရှိ သ လောက်ပင်။ သူသည် သူခိုး၊ ပြည့်တန်ဆာစသည့် လူ့အောက်လွှာဝင်များနှင့်လည်း ပေါင်းသင်းခဲ့ရသည်။ သူများအိမ်တွင် လုပ်ရသောအခါများ၌ နှိပ်စက်မှုဆို သည်မှာ သူ့အဖို့မဆန်းသောအရာ သာဖြစ်ခဲ့သည်။ ငတ်တလှည့်ပြတ်တလှည့်နှင့် အသက်ရှင်ရင်း တနေ့၊ သူအသက် ၂၁ နှစ် အရွယ်တွင် သူ့ကိုယ်သူ သေနတ် နှင့်ပစ်သေရန် ကြိုးစားခဲ့ဖူးသည်။ သေတော့မသေ။ သို့သော် အဆုပ်ကိုဖောက်ထွက်သွားသဖြင့် တီဘီရောဂါဖြစ်ကာ ထိုရောဂါကသူ့ကိုသေသည်အထိ ဒုက္ခပေး သွားသည်။
သူသင်္ဘောပေါ်၌ အလုပ်ကြမ်းလုပ်နေစဉ် စာနာတတ်သော ထမင်းချက်တဦးက သူ့ကိုစာသင်ပေးခဲ့သည်။ ထိုပညာနှင့်ပင် သူသည်တော်စတွိုင်း၊ ချက်ကော့ဗ်တို့နှင့် အပေါင်းအသင်းဖြစ်ကာ ဆိုဗီယက်စာပေထုတ်ဝေရေးဌာန၏ တာဝန်ခံဖြစ်လာခဲ့သည်။
သူသည် လေးကြိမ်မျှအဖမ်းခံရကာ တရပ်တကျေးသို့ နယ်နှင်ဒဏ်လည်းခံရဖူးသည်။ သူသည် ၁၉၀၅ခုနှစ်တော်လှန်ရေးတွင် တက်တက်ကြွကြွပါဝင် ခဲ့သည်။ သူ့ဘ၀တသက်တာမှာ ရုရှားနိုင်ငံတွင် ပေါ်ပေါက်သော နိုင်ငံရေးလှုပ်ရှားမှုတိုင်းတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။ သူသည်လန်ဒန်၌ ကျင်းပသော ပထမအကြိမ်မြောက် ဘော်လ်ရှီဗစ်ပါတီကွန်ဂရက်ကိုတက် ရောက်ကာ အမေရိကန်သို့တကူးတကန့်သွား၍ အလုပ်သမားများအတွက် ရံပုံငွေကောက်ခံ ဖူးသည်။ သူ့ခရီးစဉ်ကိုစီစဉ်သူများတွင် အမေရိကန်စာရေးဆရာများဖြစ်သော မာခ်တွိန်း၊ ဂျက်လန်ဒန်၊အာ့ပ်တန်ဆင်ကလဲယား စသူတို့ပါဝင်သည်။
‘အမေ’ စာအုပ်ကို အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ်ထုတ်လိုက်တော့ နယူးယောက်တိုင်းသတင်းစာက ဤသို့ဝေဖန် သုံးသပ်သည်ကိုတွေ့ရ သည်။ “စာဖတ်သူကို ထိုတော်လှန်ရေးသမား အစုလေးနှင့်တရင်းတနှီး ပေါင်းမိသွားစေသည်။ ထို့နောက်တွင် အမေနှင့်အတူ သူစာရွက်စာတန်းတွေဖြန့်ရာနောက် က ကောက်ကောက် လိုက်ပါနေမိတော့သည်။ သူကမှတဆင့် သူ့လူတွေကို နားလည်ယူရသည်။”
ပါလာဂွေရာဗလာဆော်ဗာဆိုသော ဤမိခင်မျိုးကမ္ဘာမှာ မည်မျရှိသနည်။ တကယ် ကောရှိရဲ့လား။ ဂေါ်ကီက စိတ်ကူးယဉ်ပြီး ဖန်တီးလိုက်လို့သာ ပေါ်ပေါက်လာတာလား။ မကြုံဖူးသူများအဖို့ တွေးတောစရာရှိသည်။ သို့သော် ဗမာပြည်ကဲ့သို့ အစိုးရဖိနှိပ်မှုကို ရာစုနှစ်တ၀က်ကျော် ဖြတ်သန်းခဲ့သည့်နိုင်ငံတွင်မူ ဤ ‘အမေ’ မျိုးပေါင်းများစွာကို တွေ့ဖူးခဲ့ကြပေပြီ။ ရှစ်လေးလုံးအရေးအခင်းကို ဖြတ်သန်းခဲ့သူများတွင်လဲ ဤလိုအမေမျိုးတွေရှိကြသည်။ ဒေါက်တာမောင်မောင်က မီးဖိုချောင်ထဲကလူတွေမပါသေးဘူးလို့ စိမ်ခေါ်လိုက်တော့ ဤအမေမျိုးတွေထောင်နှင့်သောင်းနှင့် လမ်းပေါ်ကိုတက်လာကြသည်။ ဂေါ်ကီ၏အမေသည် ရုရှားနိုင်ငံ ကအမေမဟုတ်။ တကမ္ဘာလုံးမှ အမေဖြစ်သည်။
ရဲဘော် ဖိုးသံချောင်း
မှတ်ချက်။ ။ဆရာရဲဘော်ဖိုးသံချောင်း (၂၀၀၇) ခုနှစ် တွင်ရေးခဲ့သောဆောင်းပါးအားပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။
Posted by
ရွှေဥသြ
at
01:07
0
comments
Labels: ဆောင်းပါး
Wednesday, 12 December 2007
မုန်တိုင်း
မီဒီယာတွေက စကားရောင်း စကားဝယ်လုပ်ကြတယ်
တခါတရံမှာတော့လည်း
စကားရောင်း စကားဝယ်လုပ်တယ်ဆိုတာ
အဓိပ္ပါယ်ရှိပါတယ်။
အလကားပါ
ဘယ်သူရေးဆွဲပေးတဲ့ မြေပုံကိုမှ
သူတို့မယုံကြည်ပါဘူး၊
လူထုဟာ
သူ့တို့လျှောက်ရမယ့်လမ်းအတွက်
ကိုယ်ပိုင် မြေပုံရှိတယ်။
လူထုဟာ အကြောက်တရားဖိစီးနေတယ်
လူထုဟာ စားဝတ်နေရေးကိစ္စပဲ လုံးပမ်းနေရတယ်
လူထုဟာ နိုင်ငံရေးကို စိတ်မ၀င်စားနိုင်တော့ဘူး
တဲ့လား …
ကျနော်တို့ သည်းခံရပေါင်းများပြီ
လူကြီးမင်းဆိုသူများ ဝေးရာသွားနေကြပါ။
သေချာလာတယ်
ကြည်ရှင်းတောက်ပလာတယ်
လူထုဟာ သမိုင်းကို ဖန်တီးတယ်
သမိုင်းဟာ အညှာတာကင်းတယ်
ပဋိပက္ခရှိမှ တိုးတတ်တယ်။
ဒါဟာ
သူသေ ကိုယ်ရှင် တိုက်ပွဲဖြစ်တယ်
လှိုင်းတံပိုးတွေပြင်းထန်တယ်
တိုက်ရဲသူတွေရဲ့ရှေ့မှာ
စစ်အုပ်စုဟာ ဒူးထောက်ရလိမ့်မယ်။
ညိုထက် (လမ်းသစ်ဦး)
Posted by
ရွှေဥသြ
at
05:46
0
comments
Labels: ကဗျာ
Monday, 10 December 2007
တော်လှန်သော ပြည်သူ့သူရဲကောင်းများ

“သူရဲကောင်း”
‘သူရဲကောင်း’နှင့် ‘သူရဲကောင်းဝါဒ’ ဟူသော ဝေါဟာရ နှစ်ရပ်မှာ အဓိပါယ်မတူပါ။ တချို့က သူရဲကောင်းဝါဒကို မနှစ်သက်ကြပါ။ သူတို့က သူရဲကောင်းဝါဒသည် တကိုယ်ကောင်း ဆန်သည်။ တကိုယ်တော် စွန့်စားမှုဖြစ် သည်ဟု
ဆိုပါသည်။ အချို့ကဆို သူရဲကောင်းဝါဒကို မိုက်ရူးရဲဆန်သည်ဟုပင် ဆိုပေသည်။ ဂျပန်သူရဲကောင်းဝါဒ ‘ဘူ ရှီဒို’ စိတ်ဓာတ်ကို သူတို့မကြိုက်ကြပါ။
သို့သော် ခြွင်းချက်တော့ ရှိပေမည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အခြေအနေနှင့် အချိန်အခါကို လိုက်၍ အသက်စွန့် ကြိုးပမ်းရသော သူရဲကောင်းများ ရှိပါသည်။ သူတို့၏ လုပ်ရပ်သည် ကြောင်းကျိုး ဆီလျော်ပြီး ဆင်ခြင်တုံတရားနှင့်လည်း ကိုက်ညီနေသည်ကို တွေ့ရပေမည်။
မည်သို့ဖြစ်စေ သူရဲကောင်းဝါဒဟု ဆိုလိုက်လျှင် တချို့က ဂယက်အနက်ကို မကြိုက်ကြပါ။ Bad sense အ နက်ဆိုး ထွက်သည်ဟု ယူဆကြပါသည်။
သို့ရာတွင် ‘သူရဲကောင်း’ တွေကိုတော့ ပြည်သူတွေက နှစ်သက်ကြ ချစ်ကြပါသည်။ ထို့ကြောင့်ပင်လျှင် မြန် မာတိုင်း မြန်မာတိုင်း တွင်တွင် အော်ဆိုခဲ့ရသည့် ‘ဗိုလ်ချုပ်အောင်ဆန်း’ သီချင်းထဲတွင် … ‘ကျနော်တို့ မြန်မာပြည်ဝယ် … မိဘတိုင်းကကွယ် … ဗိုလ်အောင်ဆန်းလို … သူရဲကောင်းတွေ မွေးရမယ် …’ ဟူ၍ ထည့်သွင်း ရေးဖွဲ့ထားသည် မဟုတ်လား။
ယခုအချိန်မှာကား မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းလို၊ ဒေါ်အောင်ဆန်းစုကြည်လို သူရဲကောင်းတွေ အမြောက်အမြား လိုအပ်နေသော အခါသမယလည်း မဟုတ်ပါလား။
“ပြည်သူ့သူရဲကောင်း”
တော်လှန်ရေးများသည် သူရဲကောင်းများကို မွေးဖွားပေးပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ချက်နိုင်ငံ နာဇီဟစ်တလာ လက်အောက်သို့ ကျရောက်သွားစဉ်က ဖြစ် သည်။ နာဇီဖက်ဆစ်များကို ခုခံဆန့်ကျင်ကြသည့် ချက်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကြီးတွင် သတင်းစာဆရာ ‘ဂျူးလိယက်ဖူးချစ်’ကို မွေးဖွားလိုက်ပါသည်။ ဖူးချစ်သည် နာဇီဂက်စတာပို အကျဉ်းထောင်ထဲတွင် လူမဆန်အောင် နှိပ်စက်ညှဉ်းပန်း ခံခဲ့ရပါသည်။
နာဇီစစ်ဗိုလ်က ဖူးချစ်ကို ဖြောင့်ချက်ပေးခိုင်းသည်။ ‘မင်းလိမ္မာစမ်းပါ၊ ခေါင်းမမာစမ်းပါနဲ့’ဟု ဆိုသည်။ ထိုအခါ ဖူးချစ်က …
‘ငါ့အဘိဓာန်ထဲမှာတော့ လိမ္မာခြင်းဆိုတာ သစ္စာဖောက်ခြင်းပဲ’ ဟူ၍ ပြန်ပက်လိုက်ပါသည်။
ဖူးချစ်ကို သူတို့ ကြိုးပေး သတ်လိုက်ကြပါသည်။ သို့သော် ချက်ပြည်သူတို့၏ နှလုံးသားထဲတွင် ဖူးချစ်မသေပါ။
အလားတူ ဗီယက်နမ် စစ်ပွဲကာလတုန်းက တောင်ဗီယက်နမ် နိုင်ငံတွင်လည်း သူရဲကောင်းတဦး ထွန်းကားခဲ့ ပါသည်။ သူကား ‘ငုယင်ဗန်ထရွိုင်း’ ပင်တည်း။ ဗန်ထရွိုင်းသည် စက်ရုံအလုပ်သမား တယောက်ဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်နာမားရားကို ဗုံးဖောက်ခွဲ သတ်ဖြတ်ရန် ကြံစည်မှုဖြင့် အဖမ်းခံ လိုက်ရသည်။
သူ့ကို ဆိုင်ဂုံ ရုပ်သေးအစိုးရက နှိပ်စက်ညှဉ်းပန်းသည်။ သူ့ဇနီး ဖန်သီကြူရင်နှင့် များပြီး ဖြောင့်ချက်ပေးခိုင်း သည်။ ဗန်ထရွိုင်းက မပေးပါ။ အသေခံသွားပါသည်။
ဗန်ထရွိုင်းကို သေဒဏ် စီရင်သည့်နေ့က သူ့ကိုသေနတ်နှင့် မပစ်ခင် သူ့မျက်လုံးတွေပေါ်က စည်းထားသော အ၀တ်စကို ဖယ်ပေးဖို့ အာဏာပိုင်များထံ တောင်းဆိုသည်။ ဗန်ထရွိုင်းသည် သူ့မြေကို မမှိတ်မသုန် ကြည့်ရင်း သေနတ်ပြောင်းတွေကို ရင်ကော့ စိန်ခေါ်လိုက်သည်။ သေနတ်သံတွေ ဆူညံစွာ ထွက်ပေါ်လာပြီး ယမ်းငွေ့တွေ ပြယ်မသွားခင် ဗန်ထရွိုင်းသည် ‘သမ္မတကြီး ဟိုချီမင်း အဓွန့်ရှည်ပါစေ’ဟု ကြွေးကြော် သွားခဲ့ပါသည်။ ထိုမြင်ကွင်းကို ကြည့်နေကြသော နိုင်ငံခြား သတင်းထောက်များ မျက်ရည်ဖြိုင်ဖြိုင်ကျ ငိုကြွေးခဲ့ကြပါသည်။
ဗီယက်နမ် စစ်ပွဲကြီးပြီး၍ နောင်နှစ်ပေါင်း အစိတ်ကျော်ကျော် ကြာသည့်အချိန်တွင် မက်နာမားရားက ‘ဗီ ယက်နမ် စစ်ပွဲမှာ အမေရိကန်တို့၏ အမှားဖြစ်ပါသည်’ဟု ၀န်ခံခဲ့ပါသည်။
ငုယင်ဗန်ထရွိုင်း မမှားပါ။ ပြည်သူ့ဘက်က ရပ်တည်သော သူရဲကောင်းများမှာ ဘယ်တော့မှ မမှားပါ။
“တော်လှန်သော ပြည်သူ့သူရဲကောင်း”
ယနေ့ ဗဟုဝါဒခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကမ္ဘာကြီးတွင် အရှေ့ဖြစ်ဖြစ် အနောက်ဖြစ်ဖြစ် ဘယ်နိုင်ငံ ဘယ်လူမျိုးက ဖြစ်ဖြစ်၊ လူငယ်ထုကြီးသည် ‘ချေဂွေဗားရား’ ဆိုသော သူရဲကောင်းတယောက် အကြောင်းကို ကောင်းကောင်း သိကြပါသည်။ လေးစားမြတ်နိုး တန်ဖိုးထားကြပါသည်။
ထိုလူငယ်များသည် ချေဂွေဗားရားကို သိမီလိုက်ကြသူများ မဟုတ်ကြပါ။ သူတို့ ရှေ့အထက် မျိုးဆက်နှစ်ဆက် သို့မဟုတ် သုံးဆက်ကျော်က သူရဲကောင်းတယောက်ကို ယနေ့ခေတ် လူငယ်တွေက ဘာကြောင့် စွဲလန်း ဂုဏ် ယူကြတာပါလဲ။
ချေမှာ ၁၉၆၀ပြည့် တ၀ိုက်က ကျူးဘားလွတ်မြောက်ရေး၊ ဘိုလီးဗီးယား လွတ်မြောက်ရေး တိုက်ပွဲများတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့သော အာဂျင်တီးနား နိုင်ငံသား ဆရာဝန်တဦး ဖြစ်သည်။ ၁၉၆၇တွင် ဘိုလီးဗီးယား စစ်အစိုးရတပ်က ချေကို ပစ်သတ် ဖမ်းဆီးခဲ့ကြပါသည်။
သို့ရာတွင် ချေသည် မသေပါ။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက အမျိုးသားလွတ်မြောက်ရေး ပြောက် ကျားတိုက်ပွဲများတွင် ချေ၏ ၀ိညာဉ်က လမ်းပြနေခဲ့ပါသည်။
မနေ့တနေ့ကတော့ ဘိုလီးဗီးယားနိုင်ငံ ကျေးရွာတခုအနီးတွင် မြှုပ်နှံထားသော ချေဂွေဗားရား၏ အရိုးစုကို တွေ့ရှိတူးဖော်ပြီး ကက်စထရိုကိုယ်တိုင် ကျူးဘားနိုင်ငံမြို့တော် ဟာဗာနာတွင် မြှုပ်နှံ ဂုဏ်ပြုခဲ့ပါသည်။
ချေသည် ကွန်မြူနစ် တယောက်၊ ပြောက်ကျား တယောက်၊ နိုင်ငံတကာဝါဒီ တယောက်။
သို့သော် ယနေ့လူငယ်ထုက သူ့ကို လေးစားကြသည်မှာ ထိုအချက်များကြောင့် မဟုတ်။ လူငယ်တွေက ချေကို လေးစားသည်မှာ ချေ၏ ‘ကိုယ်ကျိုးစွန့် အနစ်နာခံမှု’ ကြောင့်သာ ဖြစ်သည်ဟု ဆိုပါသည်။
ယနေ့မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် တော်လှန်သော ပြည်သူ့သူရဲကောင်းများ လိုအပ်နေပြီ ဖြစ်ပါကြောင်း။
အောင်ဝေး
ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူသည်။
Posted by
ရွှေဥသြ
at
00:01
0
comments
