Tuesday 29 April 2008

အခြေခံဥပဒေမူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ တရားမျှတမှုမရှိ အန်အယ်လ်ဒီပြော

စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ၊ နည်းဥပဒေတို့တွင် ပါဝင်သည့်အချက်များသည် လွတ်လပ်မှုနှင့် တရားမျှတမှုမရှိကြောင်းကို အန်အယ်လ်ဒီပါတီက ပြောဆိုလိုက်သည်။
အန်အယ်ဒီပါတီက ယနေ့ထုတ်ပြန်လိုက်သည့် အထူးကြေညာချက်တွင် ဖွဲ့စည်းပုံမူကြမ်း၏ အခန်းတချို့တွင် ဆန္ဒမဲ ပေးခွင့်ရှိသူ လေးပုံတပုံကျော်၏မဲဖြင့် ဖွဲ့စည်းပုံမူကြမ်းအား အလွယ်တကူအတည်ပြုနိုင်ရန်ဖန်တီးထားပြီး ပြဌာန်းချက်များ ပြန်လည်ပြင်ဆင်ခွင့်၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဖြင့် ပြင်ဆင်ရမည်ဟု အလွယ်တကူပြင်ဆင်ခွင့်မရအောင် ပြဌာန်းထားကြောင်း ထောက်ပြဝေဖန်ထားသည်။

မဲဆန္ဒရှင်များအား တားမြစ်ချက်နှင့် အပြစ်ဒဏ်များသတ်မှတ်ထားသော်လည်း ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်အဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဖောက်ဖျက်ခြင်း၊ စောင့်ထိန်း လိုက်နာရမည့်ကျင့်ဝတ်များကို ချိုးဖောက်ခြင်းတို့အတွက် တားမြစ်ချက်နှင့်အပြစ်ဒဏ်များ မသတ်မှတ်ထား သဖြင့် ဆန္ဒခံယူပွဲဥပဒေနှင့် နည်းဥပဒေ တို့သည်လည်း စံချိန်စံညွှန်းမမီကြောင်း ကြေညာချက်ကဆိုသည်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းညွန့်က “ကျနော်တို့ကြားတာက စက်မှုဝန်ကြီးဌာနက သူ့ဝန်ထမ်းတွေကို
ဝန်ကြီးရုံးမှာစုပြီး မဲပေးခိုင်းတာမျိုး၊ ရန်ကုန်မြို့တော်စည်ပင်ရုံးမှာ စည်ပင်ဝန်ထမ်းတွေကို စုခေါ်ပြီး မဲပေးခိုင်းတာမျိုးတို့က ကိုယ်ပြဌာန်းတဲ့နည်းဥပဒေကို ကိုယ်မလေးစားတဲ့သဘော သက်ရောက်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အန်အယ်လ်ဒီ၏အထူးကြေညာချက်တွင် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးလျှင် ကျောင်းသားဖြစ်ပါက ကျောင်းထုတ်ပြီး
ဝန်ထမ်းဖြစ်ပါက အလုပ်ထုတ်မည်၊ လယ်သမား ယာသမားများကို လယ်ယာမြေသိမ်းမည်ဟူသည့် ခြိမ်းခြောက် ပြောဆိုမှုများကို ကြားသိနေရကြောင်းလည်း ရေးသားထားသည်။

မဲရေတွက်ရာ၌လည်း ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲစာရင်းများကို စုပေါင်းစာရင်းချုပ်သည့်အချိန်တွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ပြည်သူလူထုက စောင့်ကြည့်လေ့လာခွင့်မရှိခြင်းတို့သည် ပွင့်လင်းမြင်သာမှုမရှိဘဲ မမှန်မကန်လုပ်နိုင်သော အခွင့်အရေးများကို ရရှိစေသည်ဟုလည်း ကြေညာချက်က ဆိုသည်။

အာဏာပိုင်တို့က မည်သို့ပင် ဟန့်တားနှောင့်ယှက်မှုများရှိနေပါသော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြောက်ရွံ့ စိုးရိမ်ခြင်းမရှိဘဲ မဲရုံသို့သွားကာ ကန့်ကွက်မဲထည့်ကြရန် တိုက်တွန်းထားသည်။

ယခုလဆန်းပိုင်းကလည်း အန်အယ်လ်ဒီပါတီက ဆန္ဒခံယူပွဲ၌ကန့်ကွက်မဲပေးကြရန် မဲဆန္ဒရှင်ပြည်သူများအား ကြေညာချက်ထုတ်ကာ တိုက်တွန်းခဲ့သည်။

ဧရာဝတီ-ကိုသက် | ဧပြီ ၂၄၊ ၂၀၀၈

No comments: