ဒီဗွီဘီမှာ ၁၇၊ ၉၊ ၂၀၀၄ သောကြာနေ့မှစ၊ အပါတ်စဉ် အခန်းဆက်တင်ပြခဲ့တာ။
ပထမအကြိမ်
၂၀၀၆၊ မေ
အုပ်ရေ
၅၀၀
တန်ဖိုး Rs. 50/ - US$ 5
ကွန်ပြူတာ
နန္ဒတင့်ဆွေ
ထုတ်ဝေဖြန့်ချိရေး
STUDY DESK PUBLICATION
F-15, Vikas Puri
New Delhi. 110018 India
sdpublication@yahoo.co.in
maungpauk@yahoo.com
မာတိကာ
ဝန်ခံစကား ....... ....... ....... ....... ....... ၎
၁။ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ လက်နက်ကိုင်တိုက်ပွဲအယူအဆ ....... ၆
၂။ တပ်ကို နိုင်ငံရေးအရ တည်ဆောက်ရမယ် ....... ....... ....... ၈
၃။ ခေါင်ကို ဖြိုဖို့ကြံတဲ့ နယ်ချဲ့ ....... ....... ...... ....... ၁၁
၎။ အောင်ဆန်းကို ဘယ်သူသတ်သလဲ ....... ....... ....... ....... ၁၈
၅။ ဗမာပြည်ရဲ့ ကံကြမ္မာ - ဗိုလ်နေ၀င်းရဲ့ ကံဇာတာ ....... ....... ....... ၂၀
၆။ ခေါင်းနှစ်လုံးနဲ့ နဂါးကြီး ဖဆပလ ....... ....... ....... ....... ၂၇
၇။ လမ်းခွဲမှုကြီးနှစ်ခု ....... ....... ....... ....... ....... ၃၂
၈။ နံပါတ်ဝမ်း ....... ....... ....... ....... ....... ၃၄
၉။ စစ်ဗျူရိုကရက် အရင်းရှင်စနစ် ....... ....... ....... ....... ၃၉
၁၀။ “ဆိုရှယ်လစ်” – “ပြည်သူပိုင်” ....... ....... ....... ....... ၄၃
၁၁။ ကောက်ရိုးသင်္ခါရနဲ့ သံသင်္ခါရ ....... ....... ....... ....... ၄၅
၁၂။ စစ်အုပ်စုရဲ့ နိုင်ငံခြားရေး ....... ....... ....... ....... ၅၀
၁၃။ ၆၂ နဲ့ ၅၈ - ၈၈ ....... ....... ....... ....... ....... ၅၄
၁၄။ နိဂုံး ....... ....... ....... ....... ....... ....... ၅၇
၊နောက်ဆက်တွဲ၊
သန်းရွှေစစ်အုပ်စုကို ဘယ်သူတွေဖြုတ်ချမလဲ၊ ဘယ်ပုံစံနဲ့ ဖြုတ်ချမလဲ
- သန်းရွှေစစ်အုပ်စု ဘာကြောင့်ခေါင်းမာနေသလဲ ....... ....... ....... ၆၀
- ဗိုလ်ခင်ညွန့် နံပါတ်ဝမ်းနီးနီးဖြစ်ခဲ့တဲ့ကာလ ....... ....... ....... ၆၃
- ဘယ်သူတွေ ဖြုတ်ချမလဲ ....... ....... ....... ....... ၆၆
- လူထုအခြေအနေ ....... ....... ....... ....... ....... ၆၉
- အတိတ်ကို အတိတ်မှာထားခဲ့ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်ပဲ လုပ်ကြပါစို့ ....... ၇၃
- အလျှော့ပေးရေးဟာ အရှုံးပေးရေးပဲ ....... ....... ....... ....... ၇၆
- အမြော်အမြင်ရှိတဲ့ တပ်မတော်သားများသို့ ....... ....... ....... ၇၈
- ဘယ်လိုလုပ်မလဲ ....... ....... ....... ....... ....... ၈၃
ဝန်ခံစကား
ကျနော် ၀န်ခံပါရစေ ...။
ဒီစာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေဟာ ကျနော်တယောက်တည်းရဲ့ဝါယမက ပေါ်ထွက်လာတာမဟုတ်ပါဘူး။ စာဖတ်သူက နည်းနည်းလေး ပြန် စဉ်းစားလိုက်ရင် ကျနော့်အသက်အရွယ်နဲ့ ဒါတွေအားလုံးကို မသိနိုင်ဘူးဆိုတာ သဘောပေါက်လာမှာပါ။ ကျနော် သေသေချာချာ သိမီတဲ့အပိုင်းက ပထစအစိုးရ လက်ထက် ကာလလောက်မှာမှဖြစ်ပါတယ်။ အဲတော့ ဒီဆောင်းပါးများဖြစ်ပေါ်ရေးအတွက် ကျနော့်ကိုကူညီကြသူတွေ လိုခဲ့ပါတယ်။ သဘာဝကျစွာပဲ ကျနော်တို့ ပါတီရဲ့အရင်မျိုးဆက်က ခေါင်းဆောင်ဟောင်းများဆီက အကူအညီတွေ အများကြီးရခဲ့ပါတယ်။ နောက်ပြီး တခြားပါတီဝင်တွေဆီကရောပေါ့။ အမှန်ပြောရရင် ဒီစာ အုပ်ဟာ “မြင်းဝန်မင်းဘုရားတည်၊ မြင်းသားများကောင်းမှု” ဆိုတာမျိုးသာသာပါ။ ဒါကြောင့် ကျနော်ဒီမှာသူတို့အားလုံးကို လေးစားကျေးဇူးတင်ပါကြောင်း မှတ် တမ်းတင်ချင်ပါတယ်။
ကျနော်ဝန်ခံချင်တဲ့ နောက်တချက်က ဒီဆောင်းပါးဟာ ပြည့်စုံဖို့အများကြီးလိုသေးတယ်ဆိုတဲ့ အကြောင်းပါ။ စစ်အုပ်စုသမိုင်းကို သုတေသနပြုမယ်၊ ကျမ်းတစောင်ပေတဖွဲ့ ပြုမယ်ဆိုတာ အင်မတန် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပါ။ ဒါပေမယ့်ကျနော့်လို ကိုယ့်တိုင်းပြည်ပြင်ပကိုရောက်နေသူ တယောက်အနေနဲ့ လုံးဝ မဖြစ်နိုင်ပါ။ သတင်းစာတွေ၊ မှတ်တမ်းတွေ၊ မေးရမယ့်လူတွေ ပြည်တွင်းမှာမှ ပြည့်ပြည့်စုံစုံရှာဖွေလို့ ရမယ့်အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးများကို ကျနော် ရေဒီယိုကနေ ပြောကတည်းက “စစ်တပ်နဲ့ နိုင်ငံရေး” လို့ ခေါင်းစဉ်ကို သေချာစဉ်းစားပြီးပြောခဲ့တာပါ။
ကျနော်တို့နိုင်ငံမှာ စစ်အုပ်စုရဲ့ အုပ်စိုးမှုဟာ ကြာရှည်လွန်းတာကတကြောင်း၊ ဖိနှိပ်မှုတွေကလည်း ပြင်းထန်လွန်းတာက တကြောင်းတို့ကြောင့် နောင် မှာ စစ်အုပ်စုသမိုင်းကို ပြောကြစို့ဆိုရင်တောင် တုတ်ထမ်းပြီးပြောရမလား မသိပါ။ အမှန်ပြောရရင် နဂိုက စစ်အုပ်စုခေါင်းဆောင်ပိုင်းမှာ ပါခဲ့သူတွေ ဒီမိုကရေစီ ဖက်ကို ကူးပြောင်းရပ်တည်လာကြတာတွေ တွေ့မြင်ခဲ့ရတော့ စစ်အုပ်စုတွင်းပြဿနာတွေနဲ့ စဉ်းစားတွေးခေါ်နည်းတွေကို သူတို့ပါးစပ်ကများကြားရရင် ဘယ် လောက် စိတ်ဝင်စားစရာကောင်းလိုက်မလဲလို့ တောင့်တမိခဲ့ပါတယ်။ လုပ်ငန်းစဉ်တွေချမှတ်ရာမှာ အများကြီးအထောက်အကူရမယ်လို့ တွက်ခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ အခုထက်ထိတခါမှ မကြားရပါ။ သူတို့တတွေလည်း အသက်အရွယ်တွေ ကြီးလာပြီ၊ အလုပ်လည်း များကြတာဆိုတော့ အသက်ရှိတုန်းလေး၊ မှတ်တမ်းလေးတွေ ရေးခဲ့ကြပါစေလို့ ဆုတောင်းမိပါတယ်။ နအဖတို့ကတော့ ခြေစလက်စမှန်သမျှကို ဖျောက်ဖျက်ပစ်ချင်တဲ့ စိတ်မျိုးသာရှိမှာပါပဲ။
နောက်ဆုံးတော့ ကျနော့်ကို ဒီဆောင်းပါးများရေးဖြစ်အောင် အားပေးတိုက်တွန်းတဲ့ ဒီဗွီဘီဝိုင်းတော်သားများနဲ့ စာအုပ်ဖြစ်မြောက်ရေး လုံးပမ်းကြတဲ့ တိုက်ဖော်တိုက်ဖက်များအားလုံးရဲ့ ကျေးဇူးပြုမှုဟာလည်း ခြွင်းချန်လို့ မဖြစ်ပါကြောင်း ၀န်ခံပါရစေခင်ဗျား။ ။
ရဲဘော် ဖိုးသံချောင်း
နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအယူအဆ
လွတ်လပ်တဲ့နိုင်ငံတနိုင်ငံမှာ တပ်မတတော်တရပ်ဆိုတာ ရှိရတာပါပဲ။ အမျိုးသားတရပ်လွတ်လပ်သလား မလွတ်လပ်ဘူးလားဆိုတာကို တိုင်းတာတဲ့ အခါမှာ သူတို့မှာ ကိုင်ပိုင်တပ်မတော်တရပ် ရှိမရှိဆိုတဲ့အချက်ဟာ အင်မတန်အဓိကကျတဲ့ပုံစံ ဖြစ်ပါတယ်။ တပ်မတော်မရှိရင် ဘာမှအာမခံချက်မရှိဘူးဆိုတာ လူတိုင်းသိကြပါတယ်။ ဒါ အထူးပြောစရာမလိုတဲ့ ကိစ္စပါ။
ပဒေသရာဇ်မင်းတွေ လက်ထက်တုန်းက ကျနော်တို့ဗမာပြည်မှာ စစ်တပ်ဆိုတာက ပုံမှန်စစ်တပ်တွေ မဟုတ်သေးပါဘူး။ တိုက်စရာရှိမှ၊ စစ်တိုက် တော့မယ်ဆိုမှ လယ်သမားတွေကိုခေါ်ပြီး တပ်ဖွဲ့၊ အမြန်လေ့ကျင့်ပေးပြီး တိုက်ကြတာ။ ဒုတိယ ကုန်းဘောင်ခေတ်ကုန်ခါနီးမှာ အမြဲတမ်းတပ် တတပ်လိုအပ်တယ် ဆိုတာကိုသဘောပေါက်လာတဲ့ ကနောင်မင်းသားကြီးဟာ တည်ထောင်ဖို့ကြိုးစားခဲ့တာတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဗမာပြည်မှာ ပဒေသရာဇ်လက်ထက် တလျှောက်လုံးအမျိုးသားတပ်၊ အမျိုးသားတပ်မတော်တရပ် ရှိတယ်လို့ ပြောလို့မရပါဘူး။
အဲဒီနောက် ကျနော်တို့ဗမာပြည် ကိုလိုနီနိုင်ငံဘ၀ ရောက်တဲ့အခါမှာ ကိုလိုနီနယ်ချဲ့သမားဟာ သူတို့လုပ်လေ့ရှိတဲ့အတိုင်း လုပ်တော့တာပါပဲ။ အဲဒါက တော့ နိုင်ငံတခုကို သိမ်းပိုက်လိုက်တယ်ဆိုရင် ပထမဦးဆုံး သူတို့လုပ်တာက လက်နက်ကိုင်အဖွဲ့အစည်းနဲ့တူတာ၊ လက်နက်ကိုင်အဖွဲ့အစည်း ထူထောင်လို့ရတာ မှန်သမျှကို ပထမဆုံးနဲ့ အရင်ဆုံးဖျက်ဆီးပစ်တာပဲ။ ရတနာပုံ မန္တလေးကို အင်္ဂလိပ်က သိမ်းတဲ့အခါကျတော့ အမရစံခေါင်ရပ်ကွက် (အခု မန္တလေးဘီယာစက်ရုံရဲ့ အရှေ့မြောက်ဘက်ရှိတဲ့) လက်နက်စက်ရုံကို အရင်ဖျက်ပစ်တာပဲ။ ဒါအရင်ဆုံး သူတို့ဖြေရှင်းကြတာ။ ပြီးရင် တပ်ကြွင်းတပ်ကျန်တွေကို နှိမ်နှင်းတာတွေ ဆက်လုပ် တယ်။ ပြီးတော့ အနယ်နယ်အရပ်ရပ်မှာ လက်နက်နဲ့ ခုခံနေတဲ့ဟာတွေကို လိုက်ဖြိုပစ်တာပဲ။
အဲဒါတွေအားလုံးကို သိမ်းနိုင်ပြီ၊ သူတို့အုပ်ချုပ်နိုင်ပြီဆိုတဲ့အခါမှာ လက်နက်ဆိုရင် ၆ လက်မလောက်ရှိတဲ့ ဓားမြှောင်တောင် မကိုင်ရဘူးဆိုတဲ့ ဥပဒေ တွေကို ထုတ်တော့တာပဲ။ အဲဒီ ၆ လက်မအထက် ဓားမြှောင်ဆိုတဲ့ ဥပဒေဟာ အာမခံချက် မရနိုင်တဲ့ပုဒ်မမျိုး ဖြစ်ပါတယ်။
အဲတော့ လမ်းမပေါ်မှာဆန္ဒပြတဲ့ မန္တလေးကဆန္ဒပြပွဲမျိုးဆိုရင် ဗြိတိသျှကိုလိုနီက ရဟန်းရှင်လူ ၁၇ ဦးကွယ်လွန်တဲ့အထိ နှိမ်နှင်းတာမျိုးတွေ ရှိတယ်။ လက်နက်ကိုင်ပုန်ကန်မှုဆိုလို့ကတော့ ဒီထက်ကိုပိုပြီး ပြတ်ပြတ်သားသား နှိမ်နှင်းတော့တာဖြစ်ပါတယ်။ ဆရာစံပုန်ကန်မှုဟာ အထင်ရှားဆုံးပါ။ နောက်ပြီး (တွေ့ဖူး ကြပါလိမ့်မယ်။ ပြတိုက်ထဲမှာဖြစ်စေ၊ သမိုင်းစာအုပ်တွေမှာဖြစ်စေ) အင်္ဂလိပ်သိမ်းပြီးကာစဗမာနိုင်ငံမှာ အနယ်နယ်အရပ်ရပ်ကပုန်ကန်တဲ့ ဗမာအမျိုးသားခေါင်း ဆောင်တွေ၊ ဗိုလ်ချိုတို့ ဘယ်သူတို့ပုံတွေ၊ အဲဒီခေါင်းဆောင်တွေ အကုန်းလုံးကို သတ်ပစ်တာပါ။ ကျုပင်ခုတ် ကျူငုတ်မှမကျန်အောင် သတ်ပစ်တာပါဖြစ်ပါတယ်။
အဲဒါကြောင့် ကျနော်တို့ဗမာပြည်က ဟိုခေတ်က လူငယ်တွေ၊ ပညာတတ်တွေအပါအ၀င် ကိုယ့်အမျိုးသားရေးကို၊ ကိုယ့်နိုင်ငံကို တန်ဖိုးထားတဲ့လူ တွေဟာ ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက် စဉ်းစားကြတဲ့အခါမှာ သဘာဝကျစွာပဲ လက်နက်ကိုင်နည်းကိုလည်း စဉ်းစားကြတာရှိပါတယ်။ အဲဒီတုန်းက ဗမာပြည် လူငယ်တွေရဲ့ စိတ်ထဲမှာ ငါတို့မှာသာ စစ်တပ်တတပ်ရှိရင် ကိုယ့်ကိုလာပြီး ကျွန်ပြုနေတဲ့လူတွေကို မောင်းနှင်ထုတ်ပစ်မှာပဲလို့ စဉ်းစားကြတယ်။ အဲဒီလိုနဲ့ ဗမာ ပြည်မှာ လက်နက်ရရာရကြောင်း ရှာကြတယ်။ စစ်လေ့ကျင့်ရေး၊ တပ်ဖွဲ့စည်းရေးတွေ လေ့လာကြတယ်။ လုပ်ကြတယ်။
အဲဒီလို နောက်ခံသမိုင်းကြောင်းတွေရှိခဲ့ပြီးနောက် ဗမာပြည်ရဲ့ပထမဆုံး တပ်မတော်လို့ပြောရမယ့် BIA တပ်ပေါ်လာတာဖြစ်ပါတယ်။ ရဲဘော်သုံးကျိပ် ဆိုတဲ့ဟာက အဲဒီ ၁၉၄၁ ခုနှစ်ကျမှ ဗြုန်းကနဲ တိုက်ချင်ခိုက်ချင်စိတ်ပေါ်ပြီး စစ်တပ်တတပ် ထဖွဲ့တာလို့ပြောရင်မှားပါတယ်။ ဒါဟာ သမိုင်းနဲ့ဖြတ်ပြီး စဉ်းစား တယ်လို့ ပြောလို့ရပါတယ်။ ကျနော်ပြောချင်တာက အဲဒီလို ပေါ်ပေါက်လာတဲ့တပ်၊ နိုင်ငံရေးနောက်ခံတွေ ဗမာပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေးနောက်ခံတွေနဲ့ ပေါ်ပေါက်လာတဲ့တပ်ဟာ နိုင်ငံရေးနဲ့ ဘယ်လိုဆက်နွယ်နေတဲ့အကြောင်း၊ ဒီနေ့အထိ ဘယ်လိုပတ်သက်နေတဲ့အကြောင်း ပြောချင်တာပါ။ ဒါကြောင့် ကျနော် ပြောတဲ့အခါမှာ ၁၉၄၁ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ၊ ၁၉၄၅ ကနေ ၁၉၄၈ အထိ စသဖြင့် အပိုင်းတွေခွဲပြီး ပြောသွားဖို့ စဉ်းစားပါတယ်။
တပ်ကို နိုင်ငံရေးအရ တည်ဆောက်ရမယ်
၁၉၄၁ ခုနှစ်ကနေ ၄၅ ခုနှစ်ထိ ကာလဟာ ကျနော်တို့နိုင်ငံမှာ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့သူတွေ အမျိုးသားရေးအလံတော်အောက်မှာ အတူလက်တွဲ လုပ်ခဲ့ကြတဲ့ကာလဖြစ်ပါတယ်။ နောင်တချိန်မှာ နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံရေးပါတီခေါင်းဆောင်၊ တပ်မတော်ခေါင်းဆောင် ဖြစ်လာမယ့်လူတွေအားလုံး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် ရှိခဲ့ကြတဲ့ကာလပါ။ ဒါဟာလည်း အကြောင်းမဲ့တိုက်ဆိုင်မှု မဟုတ်ပါဘူး။ သူ့ကျွန်ဖြစ်ပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့သမိုင်းစဉ်ရဲ့ စုစည်း ဖော်ပြချက်လို့ပြောရင်ရပါတယ်။ ဒီလိုဖြစ်လာရတာရဲ့ အနီးကပ်ဆုံးနဲ့ သြဇာအညောင်းဆုံး၊ ဂယက်အရိုက်ဆုံးကိစ္စကတော့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးလို့ ပြော လို့ရပါတယ်။
၁၃၀၀ ပြည့် အရေးတော်ပုံကြီးမှာ မြင်းခွာပေါက်ခဲ့လို့ မီးတောက်တယ်လို့ ပြောလို့ရပါတယ်။ နောင်မှာ ကွန်မြူနစ်ဖြစ်လာမယ့်လူတွေ၊ ဆိုရှယ် လစ်ပါတီဝင်ဖြစ်လာမယ့်လူတွေ ဒီအရေးတော်ပုံမှာ ပေါင်းစည်းမိခဲ့ကြပါတယ်။ အဲဒီက အဆက်အနေနဲ့ သခင်ဂိုဏ်းခွဲ ၂ ခွဲက လူတွေ ရဲဘော်သုံးကျိပ်မှာ လာပြီး ပေါင်းဖြစ်ကြတယ်။ ပြည်တွင်းမှာကျန်ခဲ့တဲ့ အဓိကကျတဲ့ သခင်ခေါင်းဆောင်တွေဟာလည်း ထောင်ထဲမှာဆုံမိကြတယ်။ အဲဒီတုန်းက တတိုင်းပြည်လုံး၊ ညီညွတ်ဖို့၊ စုစည်းဖို့၊ လက်တွဲဖို့ စည်းစားနေကြ၊ လုံးပန်းနေကြတဲ့ကာလဖြစ်ပါတယ်။ သူတို့အားလုံးခေါင်းထဲမှာ ကိုယ့်တိုင်းပြည်လွတ်လပ်ရေးဆိုတဲ့ ဘုံရည်မှန်းချက်အပေါ်မှာ မူတည်နေကြတော့ အားလုံးတွဲပြီး လုပ်နိုင်ခဲ့ကြပါတယ်။
အဲဒီကာလမှာ သူတို့ခေါင်းထဲမှာ အယူဝါဒကွဲပြားတာ၊ မတူတာမရှိဘူးလားဆိုတော့လည်း ရှိပါတယ်။ ဥပမာ ... အသိသာဆုံးက ဒုတိယကမ္ဘာစစ် ဖြစ် လာချိန်မှာ အဓိကအားဖြင့် အယူအဆ ၃ မျိုးကွဲတယ်လို့ ပြောလို့ရတယ်။ (၁) က ဂျပန်နဲ့ပေါင်းပြီး ဗြိတိသျှလက်အောက်က ရုန်းထွက်ရေး၊ (၂) က ဂျပန်ကိုလည်း တိုက်မယ်၊ ဗြိတိသျှကိုလည်း တိုက်မယ် (၃) ကတော့ အင်္ဂလိပ်အပါအ၀င် အရှင်းရှင်ဒီမိုကရေစီနိုင်ငံတွေနဲ့ပေါင်းပြီး ဂျပန်အပါအ၀င် ဖက်ဆစ်တွေကို တိုက်မယ် ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အဲဒီ ၃ မျိုးကွဲနေကြတာပါ။
အဲဒီတုန်းက ကွန်မြူနစ်တွေ၊ နောင်မှာကွန်မြူနစ်ဖြစ်လာမယ့်လူတွေက အဲဒီ ၃ မျိုးစလုံးထဲမှာ ပါဝင်နေကြပါတယ်။ ဒါပေမယ့် ပါတီစည်းရုံးရေးအရ၊ ပါတီရဲ့ဆုံးဖြတ်ချက်အရ အားလုံးဟာ အင်္ဂလိပ်အပါအ၀င် ဒီမိုကရေစီနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ဖက်ဆစ်ဝါဒကို တိုက်မယ်ဆိုတဲ့ တတိယအမျိုးအစားမှာ ပါဝင်ကြပါတယ်။ နောင်မှာ ဆိုရှယ်လစ်ပါတီဖြစ်လာမယ့်လူတွေကလည်း အထက်ကပြောခဲ့တဲ့ အမျိုးအစား ၁ နဲ့ ၂ မှာ ပါဝင်ကြပါတယ်။ ထွန်းအုပ် - ဗစိန်ဂိုဏ်း က လူတွေကတော့ အမျိုးအစား (၁) မှာပဲ ပါဝင်တာတွေ့ရပါတယ်။
ဒီလို စည်းလုံးညီညွတ်ရေး အရှိန်ရနေတဲ့အခြေခံပေါ်မှာ ရဲဘော်သုံးကျိပ်ဟာ ဂျပန်ပြည်ကိုသွားပြီး စစ်ပညာသင်တာတွေကို လုပ်ခဲ့ပါတယ်။ နောင် သူတို့ပြန်လာပြီးတော့လည်း ဂျပန်ကို စစ်ပညာသင်ထပ်ပြီးလွှတ်ခဲ့တာတွေ ရှိပါတယ်။
ဒီနေရာမှာ ဖြတ်ပြောချင်တာတခုက အဲဒီလိုနောက်ခံရှိနေတဲ့ အလျောက် နိုင်ငံရေးအမြင်မတူတဲ့သူတွေ ဒီတပ်မတော်ထဲမှာ ပါဝင်လာတဲ့အလျောက် ဒီတပ်ထဲမှာ အဲဒီဂယက်၊ နောင်မှာ ဂိုဏ်းဂဏဖြစ်လာမယ့် ဂယက်တွေလည်း ရှိတန်သလောက် ရှိတယ်လို့ ၀န်ခံရမှာပါ။
ဂျပန်တော်လှန်ရေးစိတ်ဓာတ် မြင့်တက်နေတဲ့ကာလမှာ ကွန်မြူနစ်ပါတီ၊ အရေးတော်ပုံပါတီ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ “ကျောင်းသားတပ်ဦး” နာ မည်နဲ့ ပူးပေါင်းခဲ့ကြပါတယ်။ ၁၉၄၄ ခုနှစ်မှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖတပလ) ကို ဖွဲ့ခဲ့ကြတယ်။ တဆက်တည်းမှာ တပ်ကို နိုင်ငံရေးအရ တည်ဆောက်ရမယ်ဆိုတဲ့ အယူအဆကို ကွန်မြူနစ်တွေကတင်ပြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လက်ခံအတည်ပြုခဲ့လို့ တပ်ထဲမှာနိုင်ငံရေးသင်တန်းတွေ ပေးခဲ့ပါ တယ်။
အမှန်ပြောရရင် ရဲဘော်သုံးကျိပ်အဖြစ် သန္ဓေတည်ပေါက်ဖွားလာတဲ့ ဒီတပ်မတော်ဟာ အားလုံးသိကြတဲ့အတိုင်း ဂျပန်ပြည်မှာ ပျိုးထောင်လေ့ကျင့်ခဲ့ ရတာပါ။ ဂျပန်လေ့ကျင့်ပေးတာ ရခဲ့တဲ့၊ ဂျပန်တွေရဲ့ သူတို့တပ်ပုံစံအတိုင်း (ပဒေသရာဇ်တပိုင်း ဖက်ဆစ်တပိုင်း ပုံစံအတိုင်း) ပုံသွင်းခံခဲ့ရတာပါ။ တသွေးတသံ တမိန့် ဆိုတာကိုပဲ အလေးဂရုပိုထားတဲ့ တပ်မျိုးပါ။ ဒါကြောင့်မို့လည်း ဒီ BIA တပ်ဟာ အစောပိုင်းမှာ ဖက်ဆစ်ဆန်လို့ လူထုရဲ့ မကျေနပ်မှုတွေ အတော်များများ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုပုံစံနဲ့ဖြင့် တိုင်းပြည်လွတ်လပ်ရေးအတွက် ဆောင်ရွက်လို့မဖြစ်နိုင်ဘူးဆိုတာကို သတိထားမိတဲ့ ကွန်မြူနစ်ပါတီဟာ ဒီတပ်ထဲမှာ နိုင်ငံရေး သင်တန်းပေးရမယ်လို့ သဘောပေါက်ပြီး အခုလို လှုပ်ရှားခဲ့တာဖြစ်ပါတယ်။
ဒီလို တပ်ကို နိုင်ငံရေးသင်တန်းပေးတာကို အဲဒီတုန်းက မကြိုက်တဲ့သူတွေ ရှိပါတယ်။ အထူးသဖြင့် ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးစတဲ့ လူတွေပါ။ (နောင်မှာ ဆိုရှယ်လစ်ပါတီဝင် ဖြစ်လာမယ့်လူတွေပါ။) သူတို့က ဒီတပ်ကို သူတို့တလက်ကိုင်တပ်ဖြစ်လာတဲ့အခါ၊ ဆိုရှယ်လစ်ပါတီရဲ့ တလက်ကိုင်တပ်ဖြစ်လာတဲ့ အခါမှာ နောင်မှာတပ်ကို နိုင်ငံရေးလုံးဝသင်မပေးတော့ဘဲနဲ့ တသွေးတသံတမိန့် သူတို့ခိုင်းရာလုပ်၊ သူတို့စေရာသွားဆိုတဲ့ တပ်ဖြစ်အောင်လုပ်ခဲ့တာပါပဲ။ ဒါက နောင်မှာပါ။
အဲဒီတုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောတူခွင့်ပြုမှုနဲ့ တပ်ထဲမှာ နိုင်ငံရေးသင်တန်းတွေ ပေးခဲ့ကြပါတယ်။ အဲဒီတုန်းက နိုင်ငံရေးသင်တန်း ပေးတတ်တာကလည်း ကွန်မြူနစ်တွေပဲ ရှိတယ်ဆိုတော့ ကွန်မြူနစ်တွေကပဲ ပေးတာပါ။
ကွန်မြူနစ်ပါတီက အဲဒီအချိန်ကတည်းက မြေအောက်လုပ်ငန်းရှိနေပါတယ်။ ကလာပ်စည်းတွေရှိနေပါတယ်။ တချို့ခရိုင်တွေမှာဆိုရင် ခရိုင်တခု တည်း ကလာပ်စည်း ၃ - ၄ ခုတောင် ရှိပါတယ်။ ဒါပေမယ့် တယောက်နဲ့တယောက်တော့ မသိကြသေးဘူးပေါ့။ သူတို့က ဂျပန်တွေမရိပ်မိအောင် နိုင်ငံရေး သင်တန်းပေးရတာဆိုတော့ သူတို့ကို ဗိုလ်နာမည်တွေတပ်ပြီး တပ်ထဲမှာ သွင်းထားရပါတယ်။ အဲဒီအချိန်တုန်းကတော့ ညီညွတ်ရေးစိတ်ဓာတ်ကလည်း လွှမ်းနေ၊ ဗိုလ်ချုပ်အောင်ဆန်းကလည်း သဘောတူထားတာဆိုတော့ ဒီလိုတပ်ထဲမှာ အပြင်ကနေလာပြီး တိတ်တိတ်သင်တန်းပေးတာတွေကို ဂျပန်မသိအောင် ကာကွယ် နိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလထဲမှာ အရေးတော်ပုံပါတီကလူတွေနဲ့ ကွန်မြူနစ်ပါတီကလူတွေပေါင်းပြီး ကွန်မြူနစ်ပါတီရယ်လို့ ဖွဲ့ခဲ့ပါတယ်။ ဆိုရှယ်လစ်ပါတီဆိုတာက ၁၉၄၅ ခုနှစ်၊ စက်တင်ဘာကျမှ အဲဒီထဲက ပြန်ထွက်ပြီး စင်ပြိုင်ပါတီတရပ် ထူထောင်တာဖြစ်ပါတယ်။
အဲဒီလို တပြည်လုံးရဲ့ အရေး၊ နိုင်ငံရဲ့အရေး၊ လွတ်လပ်ရေးကို ရှေ့တန်းတင် လုံးပန်းနေကြတုန်းမှာပဲ နဂိုက မတူတဲ့လူတွေဟာ တွဲဖက်လုပ်နိုင်ခဲ့ကြ တယ်။ နောင်ကျမှ ဒီလူတွေဟာ နိုင်ငံ့အရေးထက်ကိုယ်ကျိုး၊ ကိုယ့်အစုအကျိုးကို ရှေ့တန်းတင်လာကြပြီး တွဲမလုပ်နိုင်ဘဲ ဖြစ်ခဲ့တာပါ။ ဒါ ဒီနေ့အထိပါပဲ။ အဲဒီတုန်း က ကွန်မြူနစ်ပါတီအပေါ် အငြိုးထားခဲ့တဲ့ လူတွေဟာ အခုထိ ကွန်မြူနစ်ပါတီအပေါ်သာမက ဗိုလ်ချုပ်အောင်ဆန်းအပေါ်လည်း အငြိုးထား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်အပေါ်ကိုလည်း အငြိုးကြီးထားပြီးတော့ သူတို့တပ်ထဲက မျိုးဆက်သစ်တွေအပေါ်မှာ ဒီအငြိုးကို ဆွေစဉ်မျိုးဆက် လက်လွှဲပေးသွားတဲ့ သဘောမျိုးတွေ့ရပါတယ်။
ဗမာပြည်ရဲ့သမိုင်းမှာ အဲဒီလိုပဲ ပဋ္ဋိပက္ခတွေဖြစ်နေတဲ့ အင်အားစုတွေဟာ အခြေအနေတခုအောက်မှာ တွဲပြီးလုပ်ကြတယ်။ နောက်တခါကျတော့ တ ဖက်စီ တိုက်ကြတယ်။ လက်နက်တွေနဲ့ အသေအကြေတိုက်ကြတယ်။ အဲလို တိုက်နေတဲ့ကြားထဲမှာပဲ ထိပ်တိုက်စေ့စပ်ကြတယ်၊ ဆွေးနွေးကြတယ်။ ဒါတွေဟာ တလျှောက်လုံးရှိနေခဲ့တဲ့ဟာပါ။ ဒီနေ့ နအဖအစိုးရက စေ့စပ်တယ်၊ ဆွေးနွေးတယ်ဆိုတာကို မျက်စေ့မှိတ် ဘူးခါငြင်းနေတဲ့အခါမှာ အရင်တုန်းက အဲဒီလိုမဟုတ် ဘူးဆိုတာပြောချင်လို့ ဒီနေရာမှာ အလေးထားပြီး ပြောတာဖြစ်ပါတယ်။
ခေါင်ကိုဖြိုဖို့ကြံတဲ့ နယ်ချဲ့
၁၉၄၅ ခုကနေ ၁၉၄၈ ခုနှစ်ထိ ဆိုတဲ့ကာလဟာ (ဒီသုံးနှစ်ဟာ) ဗမာပြည်ရဲ့ ကံကြမ္မာကို ဖန်တီးလိုက်တဲ့ သုံးနှစ်ဖြစ်တယ်။ ဒါကြောင့် ဒီအခန်းကို ကျနော် နည်းနည်းကျယ်ကျယ်လေးပြောချင်တယ်။ ကျနော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာသာမက တပ်မတော်ရဲ့ ကံကြမ္မာကိုလည်း အလှည့်အပြောင်းဖြစ်စေတဲ့ သုံးနှစ် ဖြစ်ပါတယ်။
အထက်မှာပြောခဲ့တဲ့ ပြင်ပနိုင်ငံရေးရဲ့ ဂယက်တွေလဲ တပ်မတော်ထဲကို ဒီအချိန်မှာဝင်လာတယ်လို့ ပြောလို့ရပါတယ်။ နဂိုကတော့ ဂျပန်ကိုတိုက်နေရ တဲ့အတွက် ဒီဟာကို ထိန်းထားလို့ရတယ်။ နောက်ပြီးတော့လဲ ဂျပန်ကို အောင်ပွဲခံလိုက်တဲ့အခါ အောင်ပွဲရတဲ့အရှိန်နဲ့ ပြည်သူလူထုကလဲ တက်ကြွနေ၊ ပြည်သူ လူထုကလဲ တောင်းဆိုတဲ့အလျောက် သွေးစည်းညီညွတ်မှုကို ထိန်းသိမ်းနိုင်ကြပါတယ်။ အဲဒီလို ဗမာပြည်ရဲ့ နိုင်ငံရေးအင်အားစုတွေအားလုံး သွေးစည်းညီညွတ် နေတာကို မလိုလားတဲ့လူက ဗြိတိသျှကိုလိုနီသမားပဲဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီသမားဟာ ဗမာပြည်ထဲ ပြန်ဝင်လာတယ်ဆိုကတည်းက သူတို့ရဲ့ အဓိကပစ်မှတ်၊ သူတို့ရဲ့လုပ်ငန်းဟာ ဗမာပြည်ကို အဦးဆုံးသိမ်းပိုက်တုန်းက စဉ်းစားနည်းမျိုးနဲ့ပဲ သူတို့ ချဉ်းကပ်တာပါ။ အဲဒါဘာလဲဆိုတော့ ပထမဆုံး ဗမာအမျိုးသားတွေရဲ့ စစ် တပ်ကိုဖြိုခွဲဖို့၊ ဖျက်ဆီးဖို့ဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်ဟာ BIA ကို အင်မတန် အငြိုးထားပါတယ်။ သူတို့ခေါင်းထဲမှာ BIA ကိုတော့ မှတ်လောက်သား လောက်ဖြစ်အောင် ဆုံးမရမယ်လို့ တေးထားပါတယ်။ အင်္ဂလိပ်တွေကို တို့ပေးထားကြတာတွေကလဲ ရှိပါတယ်။ BIA အပေါ်မှာချဲ့ကားပြီးတော့ အင်္ဂလိပ်နဲ့ရန်တိုက် ပေးတာတွေလဲ ရှိသလောက် ရှိပါတယ်။ အင်္ဂလိပ်ကတော့ ခေါင်ကိုဖြိုရင် အားလုံးကို ပြိုမယ်လို့တွက်တာပါ။ ဒါကြောင့် သူတို့အဓိကထားတာ BIA ဖြိုဖို့အတွက် ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကို အရင်ဖြိုမယ်။ ဒါကြောင့် သူတို့က ဗိုလ်ချုပ်အောင်ဆန်းကို သထုံခရိုင် သဲဖြူကုန်းသူကြီး အဗ္ဒူရာရှစ်ကိုသတ်မှုနဲ့ ဖမ်းဖို့စဉ်းစားကြ တယ်။ ပြင်ဆင်ကြတယ်။ အဲဒီတုန်းက ဒီလူကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သတ်တာပါလို့ သက်သေခံမယ့်လူတွေကလဲ အသင့်ပြင်ပြီးစောင့်နေကြတယ်။ သူတို့ကလဲ အင်္ဂလိပ်နဲ့ပေါင်းရရင်ပြီးရော ဆိုတဲ့လူတွေ။ အဲလို သက်သေခံမယ့်လူက ဘယ်သူလဲဆိုတော့ သခင်ထွန်းအုပ်။ သခင်ထွန်းအုပ်ဆိုတာ ဗိုလ်နေ၀င်းရဲ့ လက်ရင်းဆရာ။ (ဒါက အားလုံးသိပြီးသားမို့ အကျယ်မပြောတော့ဘူး။)
အဲတော့ မေးစရာရှိတယ်။ အင်္ဂလိပ်က ဘာလို့ ခေါင်ကိုဖြိုချင်တာလဲ။ ဘာကြောင့်လဲဆိုတော့ ရှင်းတယ်။ အဲဒီတုန်းက တပ်မတော်ကို ကိုယ်စားပြုနေ တာက ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်ချုပ်အောင်ဆန်းကို နှိမ်နိုင်ရင်၊ ချိုးနိုင်ရင် ဒီတပ်မတော်တခုလုံး ဦးကျိုးပြီလို့ သူတို့တွက်ထားတာ။ ဒါကြောင့် ဒီအမှုမှာ တရား စွဲမယ့်လူကလဲ ရှိတယ်။ သက်သေလဲ ရှိတယ်။
ကိုလိုနီသမားဟာ သူတို့ကိုလိုနီလုပ်ခဲ့တဲနိုင်ငံမှာ အဲဒီနိုင်ငံက နိုင်ငံသားတွေရဲ့တပ်ဆိုတာကို နည်းနည်းမှ ခွင့်ပြုချင်တာမဟုတ်ဘူး။ ဒါပေမယ့် ဒါက ကိုလိုနီသမားရဲ့ သာမန်စဉ်းစားနည်းဖြစ်တယ်။ လက်တွေ့အနေနဲ့ကျတော့ သူတို့လုပ်လို့မရဘူး။ ဖမ်းလဲ မဖမ်းဖြစ်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုရင် အဲဒီတုန်းကသာ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းလိုက်တယ်ဆိုရင် ဗမာပြည်မှာ တော်လှန်ရေးထပေါက်ကွဲမှာ၊ ပြည်သူတရပ်လုံးက ထပြီး လက်နက်ကိုင်မှာ။ (လက်နက်တွေကလဲ အနှံ့အပြားရှိနေတယ်။) အင်္ဂလိပ်ဆိုတာကလဲ အဲဒီအချိန်တုန်းက အင်အားအင်မတန်ငယ်တယ်။ ဒုတိယကမ္ဘာစစ်ကြီးထဲမှာ အင်မတန်ပင်ပန်းပြီးတော့ ဒီမှာ ၀င်လာနိုင်တဲ့အင်အားကလည်း သိပ်များတာမဟုတ်ဘူး။ အဲလိုအချိန်မှာ ဗမာတမျိုးသားလုံး ထသာတိုက်လိုက်ရင် ဘယ်လိုဖြစ်မလဲ။ ဗမာပြည်ရဲ့တော်လှန်ရေးဟာ တရုတ်ပြည်တော်လှန်ရေးနဲ့ ဆက်မိသွားလိမ့်မယ်။
နောက်ပြီး ဗမာပြည်က ဗမာအမျိုးသားတွေရဲ့ တော်လှန်မှုကို ကုလားတပ်တွေကိုသုံးပြီး နှိမ်နှင်းဖို့ဆိုတာလဲ မဖြစ်နိုင်ဘူး။ ဒါက ဘိလပ်မှာရှိတဲ့ အင်္ဂလိပ်အစိုးရက တွက်တာ။ ဘုရင်ခံက တွက်တာမဟုတ်ဘူး။ သူတို့တွက်တာကလဲ မှန်တယ်။ သူတို့က အခြေအနေအားလုံးကို အကျယ်အပြန့်သိတဲ့လူတွေ။ အထူးသဖြင့် ကုလားတပ်ကို မသုံးနိုင်တော့ဘူးဆိုတာ သိပ်မှန်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ကုလားတပ်ကို မသုံးရဘူးဆိုပြီးတော့ အိန္ဒိယနိုင်ငံမှာ ကွန်ဂရက်ပါတီ၊ ကွန်မြူနစ်ပါတီနဲ့ အိန္ဒိယပြည်သူတွေက ပြတ်ပြတ်ဖော်ထုတ်ပြောထားပြီးဖြစ်တယ်။ သူတို့ဖာသာ အိန္ဒိယတပ်နဲ့ ဗမာပြည်ကိုနှိမ်ဖို့လုပ်မယ်ဆိုရင် စောစောကပြောသလို ဗမာပြည်မှာ တော်လှန်ရေးကလဲ အောင်မှာပဲ။ တရုတ်ပြည်တော်လှန်ရေးလဲ ဆက်နိုင်တယ်။ အိန္ဒိယအထိပါ တော်လှန်ရေးဆက်ပြီး ပေါက်ကွဲနိုင်တယ်။ ဒါ အင်္ဂလိပ်အကြောက်ဆုံးပဲ။
ဒီမှာ ရှိတဲ့ဘုရင်ခံကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းချင်တယ်။ တကယ်လို့ တော်လှန်ပုန်ကန်လာရင်လဲ တိုင်းရင်းသား သူတို့ သစ္စာခံတပ်တွေနဲ့ နှိမ်နှင်းပစ်နိုင်တယ်လို့ သူတို့ ထင်ထားတယ်။ ဒါပေမယ့် ဘိလပ်ကအစိုးရက အဲဒီလိုမထင်ဘူး။ အဲဒီတုန်းက အခြေအနေက ၁၉၄၅ ခုနှစ် စက်တင်ဘာလမှာ ဂန္ဒီစာချုပ်အရ PBF တပ်ထဲက အင်အား ၅၂၀၀ ကို အင်္ဂလိပ်စစ်တပ်က ယူကိုယူထားရတာ။ ကျန်တဲ့ တပ်မတော်သားတွေက ပြည်သူ့ရဲဘော် အဖြစ် ဖွဲ့ထားတယ်။ အဲဒီတပ်မတော်သားတွေက လက်နက်သာမရှိတာ၊ စစ်အတွေ့အကြုံရှိပြီးသား၊ စစ်တိုက်ဖူးပြီးသား။ စစ်လက်နက်ဆိုတာကလဲ တပြည်လုံး အနှံ့အပြား ပြန့်ကြဲနေတာ။ မြို့တွေ ရွာတွေမှာ ရွာသားက လေးခွစမ်းသလို သေနတ်ပစ်လက်တည့် စမ်းနေကြတဲ့ကာလမျိုး။ အဲဒါကိုသာ ခုနကတပ်က ထွက်ထား တဲ့သူတွေလက်ထဲ အပ်လိုက်ရင် ချက်ချင်း ပုံမှန်တပ်တွေဖြစ်သွားမှာ။
ခုနက ဂန္ဒီစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်း။ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ ဥက္ကဋ္ဌ၊ သခင်သန်းထွန်းက ဖဆပလ အထွေထွေ အတွင်းရေးမှူးအနေနဲ့ ခေါင်းဆောင်ပြီးတော့ မောင့်ဘက်တန်နဲ့ ချုပ်ထားတဲ့စာချုပ်ဖြစ်တယ်။
ဒီမှာ ထောက်ပြစရာတခုက အဲဒီကာလတုန်းက နောင်မှာဆိုရှယ်လစ်ပါတီခေါင်းဆောင်တွေဖြစ်မယ့် ဦးကျော်ငြိမ်းတို့၊ ဦးဗဆွေတို့က တော်လှန်ရေးရဲ့ ပင်မရေစီးထဲမှာ မရှိဘူး။ သူတို့က ဘေးရောက်နေကြတာ။ ဘေးရောက်နေတယ်ဆိုတာလဲ မဆန်းဘူး။ ဦးကျော်ငြိမ်းက ဂျပန်တော်လှန်ရေးမှာ တိုင်းခြောက်ရဲ့ နိုင်ငံရေးမှူးအဖြစ် သူ့ကို ပျဉ်းမနားကိုသွားဖို့လွှတ်တယ်။ အဲဒါ သူမသွားဘဲ ပုန်းနေတယ်၊ ရှောင်နေတယ်။ ဒါကြောင့်မို့လို့ သူ့နေရာမှာ ကွန်မြူနစ်ပါတီက သခင် တင်ထွန်းက ၀င်ယူရတယ်။ ဦးဗဆွေကလဲ အကြောင်းရှာပြီးတော့ ရန်ကုန်မှာပဲ ခိုကပ်နေတယ်။ ဘာမှ မလုပ်ဘူး။
ဂန္ဒီစာချုပ်အရ ဖွဲ့လိုက်တဲ့တပ်ထဲမှာ ဆိုရှယ်လစ်တပ်ကလူတွေ ပါတယ်။ သူတို့ကတော့ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေတို့ပေါ့။ ဗိုလ် အောင်ကြီးက အဲဒီတုန်းက ဆိုရှယ်လစ်ပါတီ တွဲဖက်အတွင်းရေးမှူးလုပ်နေတာ။ တပ်ထဲ ပြန်မ၀င်ဘူး။ အဲတော့ ဂန္ဒီစာချုပ် တပ်မတော်ထဲမှာ BIA, BDF, PBF ကလာတဲ့လူတွေက အနည်းစုတွေဖြစ်နေတယ်။ စစ်တပ်ရဲ့ အများစုနဲ့ စစ်ရုံးချုပ်တခုလုံးက သစ္စာခံတိုင်းရင်းသားတွေပဲ။ ဒါကြောင့်မို့ ဗမာပြည်မှာသာ (အထက်က ပြောခဲ့သလို) တော်လှန်ရေးပေါက်ကွဲလာတယ်ဆိုရင် အဲဒီတိုင်းရင်းသားတပ်တွေကို အားကိုးနိုင် အားမကိုးနိုင်ဆိုတာလဲ အင်္ဂလိပ်တွေ ချင့်ချိန်ကြ၊ စဉ်းစားကြ တယ်။ ဘုရင်ခံဦးစီးတဲ့ ဗမာပြည်ရောက် အင်္ဂလိပ်စစ်ဗိုလ်တွေကတော့ အားကိုးနိုင်တယ်လို့တွက်တယ်။ ဒါပေမယ့် ဘိလပ်အစိုးရက အားမကိုးလောက်ဘူးလို့ တွက်တယ်။
သူတို့စဉ်းစားက ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၄၆ ခုနှစ် မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနှစ်ပတ်လည်အပြီး နောက်တရက်မှာ ဖမ်းဖို့စီစဉ်တာ။ သူတို့ က ဘိလပ်ကို တင်ပြတယ်။ ဒါပေမယ့် ဘိလပ်က ပယ်ချတယ်။ တကယ်လို့များ အဲဒီတုန်းက ဖမ်းများဖမ်းလိုက်ရင် ကျနော်တို့တိုင်းပြည်မှာ တကယ့်ကို ပွဲကြီး ပွဲကောင်းတွေ့ရမှာ သေချာတယ်။ ကျနော်တို့တိုင်းပြည်ဟာ ပြည်ပအကူအညီမပါဘဲ အင်္ဂလိပ်ကို ကျနော်တို့အင်အားနဲ့ ကျနော်တို့ကြိုးစားမှုနဲ့ မောင်းထုတ်ပစ်နိုင် မှာ သေချာတယ်။ အဲလိုသာ လုပ်နိုင်ရင် ကျနော်တို့တိုင်းပြည်မှာ ပြည်တွင်းစစ်လဲ ဖြစ်ချင်မှဖြစ်မယ်။ ဗမာပြည်ရဲ့ကံကြမ္မာဟာ အခုလို ဟုတ်ချင်မှဟုတ်မယ်။ ဗမာ ပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာ အဲဒီတော်လှန်ရေးက အဆုံးအဖြတ်ပေးမှာဖြစ်သွားမယ်။
ဒါပေမယ့် အင်္ဂလိပ်အုပ်စိုးသူက ပြင်သစ်လိုမမိုက်ဘူး။ အမေရိကန်လိုလဲ သွေးနားထင်ရောက်နေတာ မဟုတ်ဘူး။ သူတို့က အင်မတန် ဉာဏ်နီ ဉာဏ်နက်များတဲ့လူတွေ။ သိပ်လည်တယ်။ သူတို့လုပ်တာကို ကြည့်ပါ။
၁၉၄၇ ခုနှစ်၊ မတ်လမှာ ဗိုလ်နေ၀င်းရဲ့ တပ်ရင်း ၄ ကို အင်္ဂလိပ်ကတပ်တွေနဲ့တွဲပြီး ပျဉ်းမနား - လယ်ဝေး ဒေသတွေထဲမှာ စစ်ဆင်ရေးတွေ လုပ်ခိုင်း တယ်။ နာမည်ပေးထားတာကတော့ Operation Flash လို့ပေးထားတာ။ ဒီ flash ကို ဘယ်လိုပြန်မလဲ။ ဒါဟာ ကောင်းအောင်ဘာသာပြန်ရင်လဲ ရတယ်။ ဆိုးအောင် ဘာသာပြန်ရင်လဲရတယ်။ အဲဒီထိုးစစ်လုပ်တဲ့အလုပ်က ဘာလဲဆိုတော့ အဲဒီတုန်းက ကွန်မြူနစ်ပါတီရဲ့ရှေ့ဆောင်မှုနဲ့ တိုက်ပွဲဝင်နေတဲ့ လယ်သမားသမဂ္ဂ၀င်တွေ ကို ချေမှုန်းရေးပဲ။ အဲဒီတုန်းက လယ်သမားတွေက မြေရှင်တွေရဲ့ မြေကွက်တွေထဲဝင်ပြီး ထွန်တုံးတိုက်ပွဲတွေလုပ်နေတာ။ သူတို့က လက်ငုတ်လယ် လက်မ လွှတ်ချင်လို့ လုပ်နေတာဖြစ်တယ်။ မြေရှင်တွေက လက်ငုတ်လယ်သမားတွေကို နှင်ထုတ်နေလို့ ပြန်တိုက်ရတဲ့တိုက်ပွဲဖြစ်တယ်။ အဲဒီစစ်ဆင်ရေးကို အင်္ဂလိပ်က ဘာအဓိပ္ပာယ်နဲ့ လုပ်တာလဲဆိုရင် ဆိုရှယ်လစ်နဲ့ကွန်မြူနစ်ကို ရန်တိုက်ပေးတာ။ နောက်တခါ တပ်ရင်း ၅ ကိုလဲ ရခိုင်ဘက်သွားပြီး နှိမ်နှင်းခိုင်းတယ်။ ဒါဟာလဲ ငါး ကြင်းဆီနဲ့ငါးကြင်းကြော်တဲ့ နည်းပရိယာယ်ပဲဖြစ်တယ်။ လူမျိုးရေးအာဃာတတွေ ကျန်နေအောင် တမင်လုပ်ခိုင်းတာဖြစ်တယ်။ သူတို့အင်္ဂလိပ်တပ်တွေ မသွားဘူး။
ဗိုလ်နေ၀င်းရဲ့ တပ်ရင်း ၄ မှာ အဲဒီတုန်းက အကြပ်လုပ်နေတဲ့လူတွေက ဗိုလ်ကျော်ထင်တို့၊ ဗိုလ်အေးကိုတို့ပေါ့။ သူတို့ကိုပဲ ဒေါက်တာမောင်မောင် နောက်ဆုံးရေးသွားတဲ့စာအုပ်ထဲမှာ အင်္ဂလိပ်လို Coterie လို့ သုံးသွားတယ်။ Coterie ဆိုတာ “အတွင်းစည်းဝိုင်း” လို့ သဘောပေါက်တယ် ထင်ပါတယ်။ အဲဒီတုန်းက တပ်ကြပ်ကျော်ထင်တို့၊ တပ်ကြပ်အေးကိုတို့ဟာ နေ၀င်းရဲ့ လက်သုံးတော်ကြီးများဖြစ်တယ်။ ၁၉၄၈ ခုနှစ်၊ မတ်လအ၀င်မှာ ကွန်မြူနစ်ပါတီကကျင်းပခဲ့တဲ့ ပျဉ်းမနား လယ်သမားကွန်ဂရက်ကြီးကို ဗိုလ်ကျောင်ထင်နဲ့ ဗိုလ်အေးကိုတို့က အရပ်ဝတ်ဝတ်ပြီး လာဖူးတယ်လို့ ၁၉၈၀ ခုနှစ်တုန်းက ကျနော်တို့ပါတီနဲ့ မဆလအစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပြောဖူးတယ်။ ဗိုလ်အေးကို ကိုယ်တိုင်ကနေ ကျနော်တို့ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လုပ်တဲ့ ဒု - ဥက္ကဋ္ဌ သခင်ဖေတင့်ကို ပြောပြတာ။ သူတို့က အရပ်ဝတ်နဲ့လာပြီးတော့ တက်တာပေါ့လေ။ သူတို့တက်တာက ထောက်လှမ်းတဲ့ သဘောမျိုးတက်တာပါ။
ဒါနဲ့ တဆက်တည်းမှာ ပြောဖို့လိုတာက ကန္ဒီစာချုပ်အရ PBF ကို အင်္ဂလိပ်က မျိုယူခဲ့ပုံ။ နဂိုက သောင်းနဲ့ချီပြီးရှိခဲ့တဲ့တပ်ထဲက ဗိုလ်က ၂၀၀၊ အောက် ခြေတပ်သားက ၅၀၀၀ ကိုပဲလက်ခံတာဖြစ်တယ်။ ဗိုလ်တွေကိုအင်္ဂလိပ်က အကြီးအကျယ်စစ်ဆေးပြီးမှ လက်ခံတာ။ စစ်မဖြစ်မီက ဘွဲ့ကြိုနဲ့ဘွဲ့ရဆိုရင် လွယ်လွယ် နဲ့လက်ခံတယ်။ ဒါကြောင့်မို့လို့ကွန်မြူနစ်ဗိုလ်၊ ဆိုရှယ်လစ်ဗိုလ်တွေအများကြီး ဗိုလ်အဖြစ်အရွေးခံရတာ။ BIA, BDA ထဲမှာမပါဘူးတဲ့ PBF ကျမှပါလာတဲ့ ကွန်မြူနစ် ဗိုလ်တွေတော်တော်များများလဲ အရွေးခံရတယ်။ ကွန်မြူနစ်ဗိုလ်တွေထဲကဆိုရင် ရှမ်းပြည်မှာ လက်နက်ကိုင်တိုက်ပွဲတုန်းကကျသွားတဲ့ ဗိုလ်စိုးမောင်တို့၊ တော်လှန် ရေးကောင်စီအစိုးရခေတ်တုန်းက လယ်သမားနှီးနှောဖလှယ်ပွဲတွေမှာ စွာကျယ်စွာကျယ်နဲ့ပြောနေခဲ့တဲ့ ဗိုလ်တင်စိုးတို့ အဲလိုလူတွေပါတယ်။ အစဉ်အလာနဲ့ ဂုဏ် သိက္ခာကြောင့် ပညာတတ်မဟုတ်ပေမယ့် အရွေးခံရတဲ့ ကွန်မြူနစ်ဗိုလ်တချို့လဲပါတယ်။ ဥပမာ ဗိုလ်အာဠာဝကတို့။ အဲဒီတုန်းက ကွန်မြူနစ်ပါတီရဲ့ အကြံအစည်က ဘာလဲဆိုရင် ရရင်ရ - မရရင်ချမှာ။ ဒါကြောင့်မို့လို့ နောက်ဆုံးတိုက်ပွဲ တိုက်ဖို့အတွက် တပ်ထဲမှာ ကွန်မြူနစ်တွေကို သွင်းထားတာဖြစ်တယ်။
တပ်ထဲမှာ ၀င်လာတယ်ဆိုရင် အစိုးရလခစားတွေ ဖြစ်တယ်။ ကွန်မြူနစ်ပါတီဝင်တွေဟာ တပ်ထဲရောက်သွားတယ်ဆိုရင် ကွန်မြူနစ်ပါတီကို လစဉ် ကြေးအဖြစ်နဲ့ သူတို့လခရဲ့ ၂၀% ကို လှူရတယ်။ တချို့ဆိုရင် တော်လှန်ရေးတုန်းက ဂျပန်ပြည်ရောက်နေလို့ မတ်လတော်လှန်ရေးမှာ မပါလိုက်ရတဲ့ဗိုလ်တွေလဲ ရှိသေးတယ်။ သူတို့လဲ ပါတီဝင်တွေ။ သူတို့လဲ လစဉ်ကြေးပေးကြတယ်။ အဲဒီတုန်းက ကွမြူနစ်ပါတီမှာက အချိန်ပြည့်ပါတီဝင်ရှိတယ်။ အချိန်ပိုင်း ပါတီဝင်ရှိတယ်။ အချိန်ပြည့်ရော၊ အချိန်ပိုင်းရော ပါတီဝင်ကြေးတော့ ပေးကြတယ်။ ဖဆပလနဲ့ကွန်မြူနစ်ကွဲတဲ့ ၁၉၄၆ ခု၊ အောက်တိုဘာလကျမှ တပ်တွင်းကွန်မြူနစ်တွေ အတော် များများ ပါတီကထွက်ကြတယ်။ သူတို့မထွက်ရင်လဲ ဖဆပလနဲ့အင်္ဂလိပ်နဲ့ပေါင်းပြီး တပ်ထဲကထုတ်တာပဲ။ ဗိုလ်အာဠာဝကတို့ဆိုရင် တပ်ထုတ်တာခံရတယ်။ နောင်မှာ ဗိုလ်အာဠာဝကက မန္တလေးမှာ အချိန်ပြည့်ပါတီဝင်လာလုပ်တယ်။ တချို့လဲ ကွန်မြူနစ်ပါတီနဲ့ မပတ်သက်တော့သလို နေကြတယ်။ လွတ်လပ်ရေးရမှ၊ ပြည်တွင်းစစ်ဖြစ်တော့မှ တောပြန်ခိုကြတယ်။
အဲဒီတုန်းက အင်္ဂလိပ်ရဲ့အစီအစဉ်က ဘာလဲဆိုတော့ သူတို့မျိုယူလိုက်ရတဲ့ ဗိုလ်တွေကို နိုင်ငံရေးစစ်သားဘ၀ကနေ ကြေးစားစစ်သားဖြစ်အောင် (သူ တို့ပြောတဲ့ professional စစ်သားဖြစ်အောင်) လုပ်ဖို့ လခနဲ့အခွင့်အရေးနဲ့ မြှူဆွယ်တာပဲ။ တကယ့်ကို သူတို့ရဲ့ ကိုလိုနီကြေးစားတပ်ပုံစံအတိုင်း သွင်းတာပဲ။
ဒီနေရာမှာစပ်မိလို့ ကျနော်အထက်မှာပြောခဲ့တဲ့ ဗိုလ်စိုးမောင်ပြောတဲ့ ရယ်စရာလေးတခု ဖြတ်ပြောဦးမယ်။ အင်္ဂလိပ်တပ်ရင်းမှူးကြီးတွေက သူတို့ တပ်တွေကို ပုံစံကျတဲ့ အင်္ဂလိပ်ကြေးစားတပ်ပုံစံအတိုင်း ပုံသွင်းတာ။ သူတို့တပ်ထဲမှာ အိန္ဒိယကပြန်လာတဲ့ ပုံစံကျပြီးသားတိုင်းရင်းသားဗိုလ်တွေ အတော်များ တယ်။ ဗိုလ်စိုးမောင်တို့လို PBF ဗိုလ်က အနည်းစုလေးပဲရှိတာ။ အင်္ဂလိပ်တပ်ရဲ့ အဲဒီတုန်းကထုံးစံက ဗိုလ်တွေအချင်းချင်း ရင်းနှီးကြဖို့၊ တနည်းအားဖြင့် ကြေးစား ပုံစံသွင်းပေးဖို့ တပ်ရင်းမှူးကြီးက ဗိုလ်တွေအားလုံးကို တပတ်မှာတခါ ညစာအတူစားတယ်။ တပ်သားနဲ့အတူမစားဘူး။ ဗိုလ်ဟာ ဗိုလ်ပဲဆိုတဲ့ ဗိုလ်စိတ်သွင်းပေး တာ။ တပ်သားနဲ့ ကင်းကွာကြောင်းကိုယ့်ကိုယ်ကိုယ် သိအောင်လုပ်ပေးတာ။ အဲလို ညစာစားပွဲကို အပတ်စဉ်လုပ်တယ်။ တပ်ရင်းမှူးကြီးကိုယ်တိုင် တက်တယ်။ သောက်ကြစားကြ ပျော်ပျော်ပါးပါးပေါ့လေ။
အဲလို မိတ်ဆုံစားပွဲလုပ်မယ့်ညတခုမှာ ကွန်မြူနစ် PBF ဗိုလ်တွေကမြို့ထဲသွားပြီး နိုင်ငံရေးအစည်းအဝေးတက်ကြတယ်။ ပြန်လာတော့ အပြန်နည်း နည်းနောက်ကျသွားတယ်။ အင်္ဂလိပ်တပ်ရင်းမှူးကြီးက ထမင်းစားပွဲမစသေးဘဲ သူ့ရဲ့ဆင်းမလားပြန်ဗိုလ်တွေနဲ့ စကားစမြည်ပြောရင်း စောင့်နေတာပေါ့။ ခုနက PBF ဗိုလ်တွေဖြစ်တဲ့ ဗိုလ်စိုးမောင်တို့ကလည်း ကမန်းကတမ်းပြန်လာကြတယ်။ နောက်ကျသွားပြီ။ အရာရှိထမင်းစားခန်း (Officer mess) ထဲရောက်တဲ့အခါ ကျတော့ တယောက်ကသတိနဲ့အလေးပြုပြီး အင်္ဂလိပ်လို သူတို့ထုံးစံအတိုင်း "Good night, sir." လို့ပြောတယ်။ ဗမာကတော့ နေ၀င်ညကိုး။ အဲဒါကြောင့် Good night လို့ပြောမိ တာ။ အမှန်ကတော့ Good evening လို့ပြောရမှာ။
အဲဒီလိုအပြောမှားလိုတဲ့ အင်္ဂလိပ်တပ်ရင်းမှူးကြီးက ယမ်းပုံမီးကျဒေါပွတာ။ ဒါကို ပုံစံကျကုလားပြည်ပြန် တိုင်းရင်းသားအရာရှိများက ၀ိုင်းဟားကြ တာပေါ့လေ။ အင်္ဂလိပ်လိုကျတော့ ဟုတ်ပါတယ်။ Good night ဆိုတာ ပြန်ကြတဲ့အခါကျမှ နှုတ်ဆက်ပြောကြတဲ့ဟာ။ ဒါကို အင်္ဂလိပ်တပ်ရင်းမှူးကြီးတို့က အခွင့် ကောင်းယူပြီး နံနှိမ်တာပေါ့လေ။ “မင်းတို့ တက္ကသိုလ်ဘွဲ့ရတွေ။ တချို့က အင်္ဂလိပ်စာဂုဏ်ထူးနဲ့တောင် ရတယ်လို့ပြောတာ၊ ဒါလေးမှ မသိဘူးလား။ ငါ့စွားပွဲထိုးတို့၊ အစေခံတွေတို့၊ ဘတ်တလာတို့ကမှ မင်းတို့ထက် တတ်သေးတယ်။” နှိမ်လဲနှိမ် ကြိမ်းလဲကြိမ်းတာပေါ့လေ။ အဲဒီနောက်ပိုင်းမှာ PBF တပ်ကလာတဲ့ အရာရှိတွေနဲ့ ခုနက အိမ်တော်ပါအိန္ဒိယက ပါလာတဲ့ တပ်မှူးတွေနဲ့ ဆက်ဆံရေးတွေလဲ တန်းကုန်တယ်လို့ပြောပြတယ်။
ဒါကို ကျနော်ပြောတဲ့အဓိပ္ပာယ်က ဘာဘဲဆိုတော့ တပ်တတပ်ကို မျိုယူဖို့ဆိုတာ မလွယ်ဘူးဆိုတာပြောချင်တယ်။ အင်္ဂလိပ်တပ်ကနေ PBF တပ်ကို မျိုယူဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အများကြီးဖြတ်သန်းရတယ်။ အများကြီး ဖြုတ်တန်တာဖြုတ်လုပ်တာပဲ။ အဲလိုပဲ အခုနအဖကလည်း မျိုယူဖို့ သူတို့ဘယ်လို လုပ်ရမှန်းမသိဘူး။ မျိုမရ ထွေးမရဖြစ်နေတာ။
အောင်ဆန်းကို ဘယ်သူသတ်သလဲ
နောက်တချက် ကျနော်ပြောချင်တာက “အောင်ဆန်းကို ဘယ်သူသတ်သလဲ” ဆိုတဲ့ ပြဿနာ။
ဗမာပြည်မှာ ဒီပြဿနာဟာဒီနေ့အထိ ဂယက်ထနေတဲ့ပြဿနာ။ ဒီနေ့ထိ မပြီးပြတ်သေးတဲ့ပြဿနာ။ နိုင်ငံတကာနဲ့ပါ ဆက်နေတယ်လို့ ဗမာ့အမျိုး သားများက စဉ်းစားတဲ့ပြဿနာ။ ခုနောက်ပိုင်းမှာဆိုရင် ဒီဟာကို အကြောင်းပြုပြီး “..... ခဲ့သော်” ဆိုတဲ့ စဉ်းစားနည်းတွေ ပိုများလာနေတယ်။ “ဗိုလ်ချုပ်အောင် ဆန်းသာ အလုပ်ကြံမခံရသော် ...” အဲဒီကနေ စဉ်းစားလာတယ်။ နောက် ဘယ်သူလုပ်တာလဲ။ ဘယ်သူ လုပ်ကြံတာလဲဆိုတာ။
ကျနော်တို့တိုင်းပြည်ဟာ ဗိုလ်နေ၀င်းရဲ့အမွေဆိုးကို ခံရလေလေ ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတလေလေဖြစ်နေတယ်။ “ဗိုလ်နေ၀င်း လုပ်ကြံတာပဲ၊ ဗိုလ်နေ၀င်းဟာ အဓိကတရားခံပဲ” အထိ ပြောလာတာမျိုးတွေလဲ ရှိနေတယ်။
ရန်ကုန်ဘဆွေ သူကမသေခင်ဝန်ခံသွားလို့ ဂဠုန်စောကိုလုပ်ကြံဖို့စီစဉ်တာ ဘယ်သူတွေလုပ်တယ်ဆိုတာ သိရတယ်။ နောက်ပြီး တလောကကျနော် ဖတ်လိုက်ရတဲ့ပြည်ပရောက် ဆရာဝန်ဒေါက်တာကြင်ဟိုးရေးတဲ့ အောင်ဆန်းကိုနေ၀င်းသတ်တယ်ဆိုတဲ့ စာအုပ်ထဲမှာ သူ့ကိုပေဖူးလွှာဦးမြလှိုင်က ပြောပြတာရေး ထားတာကို ဖတ်လိုက်ရတယ်။ ဦးမြလှိုင်ဆိုတာက အဲဒီတုန်းက ရန်ကုန်ဘဆွေက ဦးစောကိုသေနတ်နဲ့ပစ်ရာမှာ ကားမောင်းပို့တာ။ ဦးမြလှိုင်ကတော့ ၄ ယောက် လက်ညှိုး ထိုးပြသွားတယ်။ အဲဒီအထဲမှာ ဗိုလ်အောင်ကြီးလဲ ပါတယ်။
ကျနော်တို့ ကွန်မြူနစ်ပါတီကတော့ ဂဠုန်စောသေနတ်နဲ့ပစ်ခံရတဲ့ကိစ္စမှာ ဗိုလ်နေ၀င်းဟာ သွေးထိုးတဲ့အခန်းက ပါတယ်ဆိုတာအတိအကျသိတယ်။ ဘာကြောင့်သိလဲဆိုတော့ ကျနော်တို့ပါတီက တပ်နီရဲဘော်တွေ အဲဒီတုန်းက ပါနေတယ်။ အဲဒီရဲဘော်က အခုတော့ တရုတ်ပြည်မှာ ကွယ်လွန်သွားပြီ။ သူ ကိုယ်တိုင်ပါလို့ သူက ပြန်ပြောပြတာ။
တနေ့မှာ ပြည်သူ့ရဲဘော်ဌာနချုပ်ကို ဗိုလ်နေ၀င်းရောက်လာတာ။ သူက “ဟေ့ ... ဟေ့ ... ဂဠုန်ငစောကို ဆုံးမမယ့်လူ မရှိတော့ဘူးလား” လို့ ပြော လိုက်တယ်။ အဲလို သူက ဆွပေးလိုက်တာနဲ့ ဂဠုန်စောကိုလုပ်ကြံဖို့ဆိုတဲ့ အစီအစဉ်ဖြစ်သွားတာလို့ သူကပြောတယ်။ အဲတော့ မင်းမဲ့စရိုက်ရှိတဲ့သူက ရှိပြီးသား။ ခုနက ဗိုလ်အောင်ကြီးတို့ ဘယ်သူတို့ဆိုတာကလဲ ဗိုလ်နေ၀င်းမျက်ရည်ကျရင် သူတို့က ရိုက်ပြီးသားဆိုတဲ့လူမျိုး။ ပေါင်းပြီးလုပ်ကြတာပဲ။
ဂဠုန်စောကမသေဘဲ ဒဏ်ရာရပြီးဆေးရုံရောက်တယ်။ ဒါကို အခြေအနေဘာမှမသိရှာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကဆေးရုံသွားပြီး (ဗမာတွေရဲ့ ယဉ် ကျေးမှုထုံးစံအရ) လူနာမေးတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကတော့ တကယ်ကိုစေတနာနဲ့ ရိုးရိုးသားသားသွားမေးတာ။ ဒါပေမယ့် ဂဠုန်စောဘက်ကကျတော့ ဒါ ဟာ သူ့ကိုစော်ကားတာဆိုပြီးတော့ အနာပေါ်တုတ်ကျဖြစ်တော့တာ။ “ငါ့ကိုလည်း သေကြောင်းကြံသေးတယ်။ နောက်ပြီး မျက်နှာထူထူနဲ့လာမေးနေတယ်”ဆိုတာ မျိုးပေါ့လေ။ သူ့ကို တမင်စော်ကားတာပဲလို့ယူဆပြီး သူကလည်း ပြန်လက်စားချေဖို့ လုပ်ကြတော့တာပဲ။ ဂဠုန်စောပြောလေ့ရှိတဲ့စကားက “ဒို့အမျိုးက ကိုယ့်တ ချက်ချရင် ကိုယ်ကနှစ်ချက်ပြန်ချရမှ ကျေနပ်တဲ့အမျိုး” လို့ ကြုံးဝါးလေ့ရှိတယ်။
အဲဒီနောက်မှာတော့ ဖဆပလ - ကွန်မြူနစ်ကွဲတယ်။ နိုင်ငံရေးမှာအကွက်၊ လာဘ်တွေ အင်မတန်မြင်တတ်ပါတယ်ဆိုတဲ့ ဦးကျော်ငြိမ်းက ဂဠုန်စော လုပ်ကြံမယ်ဆိုတာ မသိတာကျတော့ အတော်အံ့သြစရာကောင်းတယ်လို့ ကျနော်ထင်တယ်။ တကယ်ကျတော့ ဂဠုန်စောရဲ့စရိုက်နဲ့ ဦးနေ၀င်းရဲ့စရိုက်က တထပ် တည်းပဲ။ အင်္ဂလိပ်ကတော့ ဂဠုန်ဦးစောစရိုက်ကို ဘယ်လိုသုံးသပ်လဲဆိုတော့ “ဒီလူဟာ နိုင်ငံရေးပညာမဲ့တယ်။ အငြိုးအတေးကြီးတယ်။ တစောက်ကန်း လူမိုက် ခေါင်းဆောင်စရိုက် အပြည့်ရှိတယ်” လို့ သူတို့သုံးသပ်တယ်။ ဒါဟာ နေ၀င်းရဲ့စရိုက်နဲ့ တထပ်တည်းဖြစ်တယ်။
စရိုက်ချင်းတူပေမဲ့ နေ၀င်းကသာသွားတာကဘာလဲဆိုတော့ စစ်ကြီးအတွင်းမှာ ဦးစောကယူဂန်ဒါကို အပို့ခံလိုက်ရတာ။ ဗမာပြည်ကအခြေအနေတွေ နဲ့ ပြတ်သွားတာ။ ဒီထဲမှာ ဖြတ်သန်းရင်း ဗိုလ်နေ၀င်းဟာ အခြေအနေတွေကို ပိုပြီးဆုပ်မိတယ်။ အတွေ့အကြုံလဲ ပိုကြွယ်လာတယ်။ လူရည်လဲပိုပြီး လည်လာ တယ်။ နောက်လိုက် အခြွေအရံလဲ ပိုများလာတယ်။ ဒါတွေမှာ ဦးစောက နေ၀င်းကို အရှုံးပေးလိုက်ရတာဖြစ်တယ်။
ဗမာပြည်ရဲ့ကံကြမ္မာ - ဗိုလ်နေ၀င်းရဲ့ ကံဇာတာ
၁၉၄၈ ခုနှစ်နဲ့ ၅၈ ခုနှစ်အကြားကာလ ဆယ်စုနှစ်ဟာ ကျနော်တို့ ဗမာပြည်ရဲ့ကံကြမ္မာ အမှေးမှိန်ဆုံးကာလဖြစ်သလို ဗိုလ်နေ၀င်းရဲ့ ကံဇာတာ အ တက်ဆုံးကာလလို့ ပြောရင် မမှားဘူးထင်ပါတယ်။
ကျနော်တို့တိုင်းပြည်ရဲ့ကံကြမ္မာ အမှေးမှိန်ဆုံးလို့ပြောရတဲ့ အကြောင်းက အချက် ၃ ချက်ကြောင့်ဖြစ်ပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ ...
၁။ ပြည်တွင်းစစ်ကြီးဖြစ်တာ။
၂။ ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ်ပါတီအစုက တပ်မတော်ကို အုပ်စီးမိသွားတာ။
၃။ ဖဆပလ ကွဲတာ။
ဒီ ၃ ချက်ကနေ နောင်ဗမာပြည်ရဲ့ အဆိုးဆုံးသမိုင်းကာလကို ဖြစ်ပေါ်စေတဲ့ စစ်အာဏာရှင်တွေ ပေါ်ထွက်လာစေတာကြောင့် ဖြစ်ပါတယ်။ အဲတော့ ဒီ ၃ ချက်ကို ကျနော်ပြောပါတယ်။ အဲဒီထဲက ပြည်တွင်းစစ်ဖြစ်ပွားတဲ့ ကိစ္စနဲ့ပတ်သက်လို့ အဲဒါကိုအဓိကပြောမှာမို့လို့ အကျယ်မချဲ့တော့ပါဘူး။ ဒါ အားလုံးလဲ သိနေ ကြတဲ့ကိစ္စပါ။
ဒီနေရာမှာ ကျနော်တခုပဲ ကိုးကားချင်တယ်။ အဲဒါဘာလဲဆိုတော့ ဗိုလ်နေ၀င်းက ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ကို ပြောဖူးတဲ့စ ကားပါ။ ၁၉၈၀ ခုနှစ်မှာ မဆလအစိုးရနဲ့ ကျနော်တို့ ကွန်မြူနစ်ပါတီနဲ့ စေ့စပ်ဖို့ပြင်ဆင်တဲ့အနေနဲ့ ပီကင်းမှာ ဦးနေ၀င်းနဲ့ သခင်ဗသိန်းတင်တို့ တွေ့ကြပါတယ်။ အဲ လိုတွေ့ကြတော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာပေါ့။ အဲလိုပြောကြရင်းနဲ့ ဗိုလ်နေ၀င်းက စကားတလုံးထည့်လိုက်ပါတယ်။ ၄၈ ခုနှစ်က အဖြစ်အပျက်နဲ့ ပတ်သက်လို့။ အဲဒီတုန်းက ဦးကျော်ငြိမ်းက ဗမာပြည်ကွန်မြူနစ်ပါတီရုံးချုပ်ဖြစ်တဲ့ ဗားကရာလမ်းကပါတီရုံးမှာ တပ်ရင်းတရင်းရှိတယ်လို့ပြောတယ် ဆိုတဲ့ကိစ္စ။ အဲဒါကြောင့် ၀င်ဖမ်းရပါတယ်လို့ ဦးကျော်ငြိမ်းက ပြောတဲ့ကိစ္စ။ ဒါကို ဗိုလ်နေ၀င်းက ဘယ်လိုပြောလဲဆိုတော့ သူ့အနေနဲ့တဲ့ ကိုကျော်ငြိမ်းက ဒီလိုပြောတဲ့အခါမှာ “ဒီအပေါင်ဆိုင် ထပ်ခိုးလေးမှာ တပ်ရင်းတရင်း ရှိနေပါ့မလား” လို့ ကျနော်ပြန်ပြောလိုက်တယ်တဲ့။ ဒါဟာ ဗိုလ်နေ၀င်းရဲ့ လုပ်နေကျလုပ်နည်းလုပ်ဟန်တခုပါ။ သူ တခု ခုလုပ်တော့မယ်ဆိုရင် အဲလို ကြိုက်လုံးလေးတွေ ပစ်ပစ်ပေးပါတယ်။
တဆက်တည်း ဗိုလ်နေ၀င်းလုပ်ဟန်တခု ထပ်ပြောလိုက်မယ်ဆိုရင်လည်း ၁၉၆၃ ခုနှစ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်ကြတဲ့အခါကျတော့ ဗိုလ်နေ၀င်းနဲ့ သခင်ဗသိန်းတင်တို့ ရန်ကုန်မှာတွေ့ကြတော့ ဗိုလ်နေ၀င်းက ဘယ်လိုပြောလဲဆိုရင် “ကျနော်တို့က စစ်သားပါ” တဲ့။ “နိုင်ငံရေးတွေ နားမလည်ပါဘူး” တဲ့။ “သခင် ဗသိန်းတင်တို့ ကွန်မြူနစ်ခေါင်းဆောင်တွေက နိုင်ငံရေးနားလည်ပါတယ်။ တိုင်းပြည်လဲ တည်ဆောက်တတ်ပါတယ်။ အဲတော့ သခင်ဗသိန်းတင်တို့ပဲ မဆလပါတီ ကိုကိုင်ပြီးတော့ နိုင်ငံတော်အစိုးရလုပ်ကြပါ။ ကျနော်တို့ တပ်ကိုပြန်ပါ့မယ်” လို့ပြောတယ်။ ပြောလိုက်ရင်တော့ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် ကျနော်တို့က ပြန်စဉ်း စားပြီး ဗမာပြည်ကွန်မြူနစ်ပါတီက ဘာပြန်ပြောလဲဆိုတော့ “ခုဟာက ကွန်မြူနစ်ပါတီဖျက်ပြီးတော့ မဆလပါတီထဲ အ၀င်ခိုင်းတာပဲ။ အဲဒါတော့ မလုပ်နိုင်ဘူး” လို့ ပြောလိုက်တယ်။ အဲဒီလို ဗိုလ်နေ၀င်းက ပစ်လုံးလေးတွေနဲ့ ၀င်လေ့ရှိတယ်။
ကျနော်ပြောချင်တာက ပြည်တွင်းစစ်ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးဗိုလ်နေ၀င်းက ဦးကျော်ငြိမ်းကို လက်ညှိုးထိုးပြပြီး ကိုယ်လွတ်ရုန်းတာကို ပြောချင် တာ။
အခုအခါမှာလည်း စစ်အုပ်စုရဲ့စတုတ္ထမျိုးဆက်လို့ဆိုရမယ့် ဗိုလ်သန်းရွှေနဲ့သူ့တပည့်တွေက ပြည်တွင်းစစ်ကိုဖန်တီးတာလက်ရှိ ဒီချုပ်ခေါင်းဆောင် တွေအပါအ၀င် အရင်က တပ်မတော်မျိုးနွယ်တွေပဲဖြစ်တယ်။ သူတို့နဲ့မဆိုင်ဘူးလို့ ပြောနေကြတယ်။ အဲဒါနဲ့ ယှဉ်စဉ်းစားကြည့်ဖို့ပြောတာပါ။ စစ်အုပ်စုထိပ်သီးတွေ ဟာ ကိုယ်လုပ်တာတွေ မကောင်းမှန်း၊ မဟုတ်မှန်း မသိဘူးမဟုတ်ဘူး၊ သိတယ်။ ဒါပေမယ့် သူတို့တာဝန်မယူချင်ဘူး။ ဟိုလွှဲချ ဒီလွှဲချလုပ်တယ်။ သူတို့ အစဉ် အလာပဲ။ ၇ ရက်၊ ဇူလိုင်တုန်းက သမဂ္ဂအဆောက်အဦကြီး ဖြိုတဲ့ကိစ္စကိုပဲကြည့်။ ကျနော် အကျယ်ပြောဖို့မလိုဘူး။
အဲဒီလို ပြည်တွင်းစစ်အကြောင်းပြုပြီး စစ်တပ်ရဲ့အခန်းက အရေးပါလာတယ်။ စစ်ရေးမှာ စစ်တပ်ကို မလွန်ဆန်နိုင်တာက တခြားကိစ္စတွေမှာလည်း စစ်တပ်ကို အလျှော့ပေးလိုက်တာတွေ ဖြစ်လာပါတယ်။ နောက်တချက်က အဲဒီပြည်တွင်းစစ်ကြောင့် အိန္ဒိယကပြန်လာတဲ့ တိုင်းရင်းသားတပ်မတော် အရာရှိတွေ တပ်ကထွက်ရတယ်။ တိုင်းရင်းသားတပ်တွေကို ဖဆပလ ဆိုရှယ်လစ်အုပ်စုနဲ့ ဗိုလ်နေ၀င်းတို့က လက်နက်တွေဖြုတ်တယ်။ တပ်တွေဖျက်ပစ်တယ်။ အဲလို တ ဖြည်းဖြည်းနဲ့ ဗိုလ်နေ၀င်းတို့က တပ်ကိုအုပ်စီးမိသွားပါတယ်။
ဗိုလ်နေ၀င်းတပ်ကို အုပ်စီးမိသွားတာနဲ့တပါတည်းမှာ ဖဆပလကလည်း ဗိုလ်နေ၀င်းကို ဆွဲပြီးယူလိုက်ရတယ်။ နဂိုတုန်းကလဲသူက ဆိုရှယ်လစ်ပါတီ ကလူပါပဲ။ ဒါပေမယ့်အဲလိုတပ်ကို အုပ်စီးမိသွားတဲ့အခါမှာ ပိုပြီးတော့ကိုယ့်ဖက်အတွင်းလူထဲ ဆွဲသွင်းလိုက်တာ။ ဗိုလ်နေ၀င်းဟာဒီလိုနဲ့ ဆိုရှယ်လစ်ပါတီအမာခံ ဖြစ်တယ်။
ဒီနေရာမှာ ကြုံလို့ပြောပြချင်တာတခုက အိန္ဒိယပြန်တွေဟာ ပြည်တွင်းစစ်မှာ တော်လှန်ရေးအင်အားစုတွေဘက်ကို ပါမလာပါဘူး။ တိုင်းရင်းသား တပ်မှူးကြီးတွေပါ။ တော်လှန်ရေးထဲကိုပါသွားတဲ့ တပ်ကလူတွေကလည်း ဗိုလ်နေ၀င်းနဲ့ပြိုင်ဘက်တွေမဟုတ်ကြပါဘူး။ ဘယ်လိုပဲပြောပြော ဒီတကွေ့မှာတော့ ဆိုရှယ်လစ်ပါတီခေါင်းဆောင်တွေဟာ တိုင်းရင်းသားတပ်မှူးတွေကို တပ်ထဲကဖယ်ရှားလို့ရလိုက်ပြီး သူတို့အတွက်လုပ်ချင်တာလုပ်ဖို့ အခွင့်ကောင်းတခု ရသွား တာတော့ အမှန်ပဲ။
တကယ်ကပြောရရင် လွတ်လပ်ရေးရခါနီးမှာဗိုလ်နေ၀င်းကို အင်္ဂလိပ်အလိုတော်ရိတွေက မျက်စေ့ကျပါတယ်။ သူတို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့အပြိုင် Figure တခု (ပုဂ္ဂိုလ်တယောက်) မွေးချင်နေတာ။ ဗိုလ်နေ၀င်းကလည်း ပျဉ်းမနားမှာလယ်သမားတွေကို နှိမ်တဲ့အခါမှာ ရက်ရက်စက်စက်နှိမ်နှင်းတဲ့နည်းနဲ့ အင်္ဂလိပ် အကြိုက်ကို လုပ်ပြထားတာရှိတယ်။ ဗိုလ်နေ၀င်းရဲ့ တပ်ရင်း ၄ ကို တာဝန်ပေးလိုက်တဲ့အခါမှာ သူကအင်္ဂလိပ်ကို မျက်နှာလိုအားရလည်းဖြစ်၊ သူကိုယ်တိုင်လဲ ပုဂ္ဂိုလ်ရေးအရ အာဃာတတွေထားတဲ့ ကွန်မြူနစ်တွေကို နှိမ်နှင်းရတာမို့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ကာလကြီးမှာ ကိုယ့်အမျိုးသားချင်းကို ပြတ် ပြတ်သားသား ရက်ရက်စက်စက်နှိမ်နှင်းပြခဲ့ပါတယ်။ အဲဒါကို အင်္ဂလိပ်က အင်မတန်သဘောကျပါတယ်။ အင်္ဂလိပ်ရဲ့ အလိုတော်ရိတွေလည်း သဘောကျတယ်။
နောက်တချက်က ဗိုလ်နေ၀င်းရဲ့အကျင့်စရိုက်။ ဒီလိုအကျင့်စရိုက်ရှိတဲ့လူမျိုးကို တပည့်မွေးချင်တဲ့လူတွေက အရမ်းကြိုက်တယ်။ အဲဒီအချိန်က ကိုလို နီအစိုးရဘက်ကကြည့်ရင် သူတို့မွေးစရာ Figure က များများမရှိဘူး။ ICS ဦးတင်ထွဋ္ဋ်လိုပုဂ္ဂိုလ်မျိုး။ သူက ဗိုလ်နေ၀င်းလို ရုပ်ပြမကောင်းဘူး။ ဦးတင်ထွဋ္ဋ်က လန်ဒန် မှာ အင်္ဂလိပ်အစိုးရအတွက် အလုပ်လုပ်ပြီးပြန်လာတာ။ အဲဒီကနေ ပြန်လာတဲ့အခါမှာ အိန္ဒိယမှာရှိတဲ့ ဒေါ်မန်စမစ်တို့ဆီဝင်တာ။ လူတိုင်းက သူတို့အင်္ဂလိပ်ရဲ့လူလို့ သတ်မှတ်ကြတာ။ သူ့ကို ဗမာပြည် ပြည်သူလူထုက နည်းနည်းမှလက်မခံဘူး။ ဗိုလ်နေ၀င်းကျတော့ သူက “ရဲဘော်သုံးကျိပ်ဝင်” ဆိုတဲ့အရှိန်က ရှိနေတယ်။ ဒါ ကြောင့် အဲဒီတုန်းက ဘီအိုစီကိုယ်စားလှယ်လုပ်နေတဲ့ ဦးဘဖေက ဗိုလ်နေ၀င်းကို အာဏာသိမ်းခိုင်းတယ်။ ဒါပေမယ့် ဗိုလ်နေ၀င်းက ဦးဘဖေထက်ပိုလည်တယ်။ ဒီလောက်မအဘူး။ အဲလိုအချိန်မှာ လောဘတကြီးသူလုပ်လိုက်ရင် လူထုခြေဖ၀ါးအောက်မှာ မှုန့်မှုန့်ညက်ညက်ကြေသွားမယ်ဆိုတာ သူသိတယ်။ အဲဒီအချိန်တုန်း က ဗမာပြည် ပြည်သူလူထုကြီးဟာ လွတ်လပ်ရေး ဘယ်လောက်လိုလားနေတယ်၊ ဘာမဆိုလုပ်တော့မယ်ဆိုတဲ့ အခြေအနေမှာရှိနေတယ်ဆိုတာ သူသိတယ်။ ဒါကြောင့်မို့လို့ ဦးဘဖေ သူ့ကိုခိုင်းတဲ့ကိစ္စကို သူက ဖော်ကောင်လုပ်ပြီး အမှတ်ယူလိုက်တယ်။ ဒီနည်းနဲ့ ဆိုရှယ်လစ်ပါတီရဲ့ လူယုံတော်လည်း ပိုဖြစ်လာတယ်။
ဦးတင်ထွဋ္ဋ်ကျတော့ “ဗိုလ်ချုပ်” ဆိုတဲ့ ရာထူးကရထားတယ်။ ဆိုရှယ်လစ်အုပ်စုနဲ့လည်း မတည့်တော့၊ ခလုတ်ကန်သင်းတွေ ဖြစ်နေတော့အဲဒီကာလ တုန်းက ခေတ်စားတဲ့လုပ်ကြံနည်းဖြစ်တဲ့ လက်ပစ်ဗုံးနဲ့ပစ်သတ်တာခံလိုက်ရတယ်။ သူဟာ နိုင်ငံခြားရေးဝန်ကြီးနော်။ အဲဒီတုန်းက ခေတ်စားတယ်ဆိုတာက “ဗမာ့ ခေတ်” သတင်းစာတိုက်ကိုလည်း အလားတူပဲ လက်သည်မပေါ်အောင် လက်ပစ်ဗုံးနဲ့ပစ်ခဲ့တယ်။ ဦးတင်ထွဋ္ဋ်ကိစ္စလည်း ဒီနေ့ထိလက်သည်မပေါ်ပါဘူး။ (ဟို တလောကတော့ အဲဒီတုန်းက ဆိုရှယ်လစ်ပါတီထိပ်သီး စစ်ဗိုလ်တွေရဲ့ လက်ချက်လို့ သုတေသနပြုသူတဦးက ရေးတာဖတ်လိုက်ရတယ်။)
ဒီလိုနဲ့ ဖဆပလ တိုင်းပြည်အာဏာရလာတဲ့အခါမှာ ဦးနုက ၀န်ကြီးချုပ်ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်ကက်ဘိနက်တခုလုံးကို (အစိုးရအဖွဲ့တခုလုံး ကို) ချယ်လှနေတာဟာ ဆိုရှယ်လစ်ပါတီက လူတွေပါ။ ဦးနုဟာ အနည်းစုဖြစ်ပြီး ဘာမှပြန်မပြောနိုင်ပါဘူး။ ဟိုလူတွေက ဂိုဏ်းအုပ်စုသဏ္ဌာန်နဲ့ အင်အားလည်း တောင့်တယ်။ အဲဒါအပြင် သူတို့ရဲ့ နောက်ကွယ်မှာ စပကသတို့၊ TUCB တို့၊ ဗလမစတို့စတဲ့ အဖွဲ့အစည်းတွေကလည်း ရှိနေသေးတယ်။ အဲတော့ ကက်ဘိနက်ရယ် လို့ဖွဲ့လိုက်ရင် ဆိုရှယ်လစ်ပါတီကလူတွေက အရေးကြီးဆုံးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို အပိုင်ကိုင်လိုက်တာပဲ။ အဲဒီ ၀န်ကြီးဌာန နှစ်ခုကနေ နိုင်ငံရေးအရ ချုပ်ကိုင်ညွှန်ကြားတာ လုပ်ကြတော့တာပါပဲ။
Psycho လို့ခေါ်တဲ့ လူမှုဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနတို့၊ နောင်မှာ MIS ဖြစ်လာမယ့် စစ်ထောက်လှမ်းရေးတို့ စတာတွေဟာ အဲဒီကာလမှာ ပေါ်လာတာဖြစ်ပါတယ်။ အဲဒီဌာနတွေကို ကိုင်တာကဗိုလ်မောင်မောင်ပါ။ နောက်ပြီး ဆိုရှယ်လစ်ပါတီကလူတွေ အလွတ်မပေးတဲ့ဝန်ကြီးဌာနတခုက ဘာလဲဆို တော့ အဲဒီတုန်းက ပြည်ပလက်ဝေခံတွေအတွက် အင်မတန်အရေးပါလှတဲ့ ကုန်သွယ်ရေးဌာနပါ။ အဲဒီဌာနကိုလည်း ဆိုရှယ်လစ်အုပ်စုက အပိုင်ကိုင်ထားပါတယ်။
အဲဒီကာလတုန်းက ဆိုရှယ်လစ်ပါတီက တပ်မတော်ကို နိုင်ငံရေးနဲ့ ချုပ်ကိုင်ထားတယ်လို့ ပြောလို့ရပါတယ်။ သူတို့ ချုပ်ကိုင်ထားတယ်ဆိုတာ ဘာလဲ ဆိုတော့ သူတို့ရဲ့အဓိကပေါ်လစီဖြစ်တဲ့ “ပြည်တွင်းစစ် အပြုတ်တိုက်ရေး”၊ “ငြိမ်းချမ်းရေးစကားပြောသူတွေကို အတိုက်အခံ၊ ကွန်မြူနစ်ကိုယ်စားလှယ်တွေဆိုပြီး ဖိနှိပ်ရမယ်”။ အဲဒါကို တပ်မတော်က တသွေးတသံတမိန့်ဆိုပြီး နာခံအကောင်အထည်ဖော်ရတာပဲ ဖြစ်ပါတယ်။
ဆိုရှယ်လစ်ပါတီနဲ့ ဗိုလ်နေ၀င်းတို့ဟာ သူတို့ရဲ့တပ်ထဲမှာကျတော့ တပ်မှူးတပ်သားတွေကို ဘာနိုင်ငံရေးမှ စဉ်းစားခွင့်၊ လုပ်ကိုင်ခွင့်ပေးတာ မဟုတ်ပါ ဘူး။ သူတို့ ရွေးကောက်ပွဲတွေလုပ်တယ်ဆိုရင် တပ်တွင်းမဲပေးရုံတွေမှာဆို ဗြောင်ပဲ၊ တချို့နေရာတွေမှာဆို ဖဆပလရဲ့ မဲပုံးတပုံးတည်းကို ချပေးထားတယ်။ ဒါမှမ ဟုတ်ရင် လဟာပြင်ကစားပွဲပေါ်မှာ မဲပုံးတွေတင်ထားပြီး အရာရှိတွေက ထိုင်ကြည့်နေတယ်။ အရာရှိတွေ မျက်စေ့အောက်မှာ မဲထည့်ရတယ်။ ဖဆပလမဲပုံးထဲ ထည့်ခိုင်းတာပဲ။
တပ်မတော်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဆိုတဲ့ဟာက အစိုးရကို (အထူးသဖြင့် ဦးနုတို့ကို) မဖြတ်သန်းဘဲ သူတို့ ၀ါဒဖြန့်ချင်တာတွေဖြန့်တယ်။ ပါလီမန်မှာ အဆုံးအဖြတ်မကျသေးတဲ့ဟာတွေကို အသံလွှင့်ပစ်တယ်။ တပြည်လုံးကို အသိပေးပစ်တယ်။ ဦးနုဟာဒီလိုနဲ့ အရုပ်သက်သက်ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ဒါကို ဦးနုက သိတယ်။ ရိပ်မိတယ်။ မရိပ်မိတာက ဆိုရှယ်လစ်ပါတီက လူတွေပဲ။ ဆိုရှယ်လစ်ပါတီကလူတွေက ၀မ်းသာအားရနဲ့ သူတို့ခေတ်၊ သူတို့အခါ၊ သူတို့မိုးပဲလို့ လုပ်နေကြတာ။ ဒါပေမယ့် သူတို့အဲလိုလုပ်တာဟာ နိုင်ငံတော်ထဲမှာ နိုင်ငံတော်တခုထောင်ပေးနေတာ။ နောင်မှာ သူတို့ကိုပါ ကန်ထုတ်နိုင်မယ့် ဗိုလ်နေ၀င်းကို အာဏာရှင်ဖြစ်လာအောင် မြင်းချိုတပ်ပေးနေခဲ့တယ်လို့ သူတို့ သတိမထားမိခဲ့ဘူ။
အဲဒီကာလတုန်းက တပ်တွင်းကဆိုရှယ်လစ်ပါတီတွင်း စစ်ဗိုလ်တွေဟာ “တပ်သားများစောင့်ရှောက်ရေး” နာမည်နဲ့ DSI, BEDC စတာတွေလုပ်ခွင့်ရပြီး စီးပွားရေးပါလုပ်လာကြတယ်။ DSI ဆိုတာကအစိုးရကို အခွန်အကောက်တွေမပေးရဘူး။ ပြီးတော့နိုင်ငံခြားက တင်သွင်းခွင့်လိုင်စင်တွေလည်း အပြည့်ရထားတာ။ အဲတော့ DSI က ပစ္စည်းကောင်းလေးတွေရှိတယ်၊ ဈေးသက်သာတယ်ဆိုတော့ အဲဒီသွားဝယ်ကြတယ်။ အပြင်မှာ ၀ယ်မရတဲ့ဟာတွေ သူတို့ဆီသွားဝယ်ကြတယ်။
အဲဒီတပ်တွင်းကနေ တဖြည်းဖြည်း တပ်ပြင်ကိုချဲ့လာတယ်။ နယ်ပယ်တွေလဲ ကျယ်ပြန့်လာတယ်။ သွင်းကုန်လိုင်စင်လုပ်ငန်းသာမက နိုင်ငံခြားစာအုပ် ရောင်းတာကနေ အရက်ချက်တာထိ သူတို့လုပ်လာတယ်။ လက်ဝါးကြီးအုပ်တယ်လို့ဆိုရင် ပိုမှန်မယ်လို့ထင်ပါတယ်။
အဲလိုနဲ့တင်တွင်းမှာ ဆှိုရယ်လစ်ပါတီလိုင်းက အတိအလင်းတွင်ကျယ်နေတယ်။ ဒါကိုကျန်တဲ့ စစ်ဗိုလ်တွေလဲသိနေကြတယ်။ ဒါကြောင့်ခုနက အိန္ဒိယ ကပြန်လာတဲ့ “သခင်ကြီးတပ်” ကလာတဲ့ ပေါထွန်းရွှေတို့လို ဗိုလ်တွေက “ငါတို့က တော်လှန်ရေးကာလတုန်းက အိန္ဒိယကိုရောက်နေတာ။ ဒါကြောင့် ကွန်မြူနစ်နဲ့ လဲ မနီးစပ်ဘူး။ ဆိုရှယ်လစ်ပါတီနဲ့လဲ မနီးစပ်ဘူး။ ဒါကြောင့် ငါတို့ ဘာအခွင့်အရေးမှ မခံစားခဲ့ရဖူးဘူး။ နောက်တခါမှာ ဘာပါတီပေါ်ပေါ် ၀င်ပစ်လိုက်မယ်” လို့ ထုတ်ပြောလာတဲ့အထိ ဖြစ်လာတယ်။ အဲဒီဗိုလ်တွေက နောက်တော့ မဆလ ပေါ်လာတဲ့အခါ (သူတို့ပြောတဲ့အတိုင်း) ခြေစုံပစ်ဝင်ခဲ့ကြတာပဲ။ မဆလခေါင်းဆောင် တွေ ဖြစ်လာကြတယ်။
အင်္ဂလိပ်အစိုးရဟာ ဂန္ဒီစာချုပ်အရတပ်ကို ပြန်ဖွဲ့တဲ့အခါကျတော့ ဂျပန်တော်လှန်ရေးဆင်နွှဲခဲ့တဲ့ PBF ကိုတပ်သား ၅၂၀၀ ထိလျှော့ချပစ်လိုက်ရတယ်။ အရာရှိက ၂၀၀ ပါတယ်။ အဲလို လျှော့်ချပစ်လိုက်ဦးတောင်မှ တပ်သားတွေရဲ့ခေါင်းထဲမှာ နိုင်ငံရေးရှိတယ်။ တိုင်းချစ်ပြည်ချစ်နိုင်ငံရေးရှိတယ်။ အဲဒီတပ်သားတွေကို အင်္ဂလိပ်က သူတို့ထဲသွင်းတဲ့အခါကျတော့ Professional Soldier လို့ခေါ်တဲ့ ကြေးစားတပ်ပုံစံ သွင်းတယ်။ ကြေးစားတပ်လို့ပြောရတာ ဘာကြောင့်လဲဆိုတော့ အဲဒီ တပ်ဟာ နိုင်ငံရေးအတွေးအခေါ်တခုအတွက် မဟုတ်ဘူး။ အဲဒီတပ်ထဲဝင်တဲ့လူတိုင်းဟာ တိုင်းပြည်ကိုချစ်လို့ အဲလိုမဟုတ်ဘူး။ လစာအတွက် တပ်ထဲဝင်တာပဲ။ အဲဒီတပ်သားတွေကိုလဲ အင်္ဂလိပ်အစိုးရက လစာနဲ့၊ အခွင့်အရေးနဲ့ ထိန်းကြတာပဲ။
ဗိုလ်နေ၀င်းနဲ့ ဖဆပလ ဆိုရှယ်လစ်ပါတီတို့ဟာ တပ်မတော်ကိုသူတို့လက်အောက် သွင်းလိုက်တဲ့အခါမှာလဲ အဲလိုပဲတပ်သားတွေကို နိုင်ငံရေး အ တွေးအခေါ် သွင်းပေးမထားဘူး။ တပ်မှူးတွေရော။ သူတို့ရဲ့ အမိန့်နာခံရေးသက်သက်တပ်အဖြစ်နဲ့ပဲ ဖွဲ့ထားခဲ့တာ။ အဲဒါဟာ လွတ်လပ်ရေးရပြီး ကာလ ကနေ ဒီနေ့ အထိလို့ပြောလို့ရတယ်။
အဲလို နိုင်ငံရေးအသိ တပ်ဆင်မထားလို့လဲ ဒီတပ်ဟာ ဗိုလ်နေ၀င်းတလက်ကိုင်အဖြစ် အလွယ်တကူကျရောက်သွားတာ ဖြစ်တယ်။ အခု နအဖ စစ် အုပ်စုလက်အောက်ကနေ တပ်မတော်ကို ဆွဲထုတ်မယ်ဆိုရင်လဲ ကျနော်တို့အနေနဲ့ တပ်မတော်ကို နိုင်ငံရေးစိတ်ဓာတ်သွင်းပေးရမယ်လို့ ထင်တယ်။ အထူးသဖြင့် တပ်မှူးကြီးတွေ အမျှော်အမြင်ကြီးဖို့လိုတယ်။ ပြည်ချစ်စိတ်၊ ဒီမိုကရေစီလိုလားစိတ် ရှိရမယ်။ ပြည်သူ့အတွက် ရပ်တည်ချင်တဲစိတ်ရှိရမယ်။ တပ်မတော်ဟာ ကိုယ့် စားဝတ်နေရေးချောင်အောင် ဘယ်လိုအကွက်ရှာရပါ့မလဲဆိုတာချည်း စဉ်းစားနေအောင် လုပ်ထားတာက ဗိုလ်သန်းရွှေတို့ ပုံသွင်းထားတာ။ သူတို့က အဲဒီလို ဖြစ်စေချင်တာ။
ကျနော်တို့ အတွေ့အကြုံအရဆိုရင် အစိုးရတပ်ကအရာရှိတွေဟာ စစ်မတိုက်တဲ့ကာလမှာ တပ်ထဲမှာနေချင်ကြတယ်။ စစ်တိုက်ရလို့တိုက်ပွဲတွေ ပြင်း ထန်လာရင် နောက်တန်းမှာထိုင်ပြီးအစိုးရဌာနတွေမှာ အရာရှိလုပ်ချင်ကြတာ။ မဆလခေတ်တုန်းက အရှေ့မြောက်မှာ တိုက်ပွဲတွေပြင်းထန်လို့ အဲဒီလိုဖြစ်တာချည်း ပဲ။ တခါမှ နိုင်ငံရေးစိတ်မ၀င်စားခဲ့တဲ့ စောစောကပေါထွန်းရွှေလိုလူတောင်မှ မဆလပါတီမှာ ထိပ်တန်းကိုရောက်လာတာပဲ။ နဂိုကသူက တပ်မတော်ခေါင်းဆောင် တယောက်ပဲ။ ခုပြောခဲ့တာ တပ်ကို ဆိုရှယ်လစ်ပါတီက စီးမိသွားတဲ့ကိစ္စ။ ဗိုလ်နေ၀င်းက စီးမိသွားတဲ့ကိစ္စ။
ခေါင်းနှစ်လုံးနဲ့ နဂါးကြီး ဖဆပလ
နံပါတ်သုံးအချက်က ဖဆပလ ကွဲတဲ့ကိစ္စ။
ဖဆပလကွဲတာရယ်၊ ကြားဖြတ်အစိုးရ အာဏာသိမ်းတာရယ်တို့က တိုက်ရိုက်ဆက်နွယ်နေတာ ဖြစ်ပါတယ်။ ၄၈ နဲ့ ၅၈ အကြားဖြစ်ပေါ်တိုးပွားမှုတွေ ဟာ ဗိုလ်နေ၀င်းရဲ့ အာဏာရမက်ကို တလိပ်လိပ်တက်လာစေခဲ့တယ်။ ပြည်တွင်းစစ်ကြောင့်ဖြစ်ဖြစ်၊ ကိုယ့်အချင်းချင်း ပြဿနာတွေကြောင့်ဖြစ်ဖြစ် ဆိုရှယ်လစ် ပါတီကလူတွေဟာ ဗိုလ်ဝေင်းကို နေရာပေးသည်ထက်ပေးလာကြတယ်။
ဒီနေရာမှာဦးကျော်ငြိမ်းက ဇာတ်ညွှန်းရေးပြီး ဦးသိန်းဖေ (မြင့်) ပါဝင်ကပြခဲ့တဲ့ “လက်ဝဲညီညွတ်ရေး” ပြဇာတ်ကိုလဲ ထည့်ရေးဖို့လိုတယ်။ အသေးစိတ် တော့ မပြောတော့ဘူး။ အားလုံးလဲ သိပြီးသားမို့ပါ။ အဲဒီကိစ္စကို စစ်အုပ်စုက ကိုးကားပြီး အမှတ်ယူလေ့ရှိတာကိုတော့ အားလုံးမှတ်မိကြလိမ့်မယ်ထင်ပါတယ်။ အဲဒီ “လက်ဝဲညီညွတ်ရေး” ဆိုတဲ့ထိုးဇာတ်ကြီး လုပ်လိုက်တဲ့အတွက် ဗိုလ်နေ၀င်းကိုရာဇာပလ္လင်အနား ခေါ်လိုက်သလိုဖြစ်သွားတယ်။ ဒါဟာ တိုင်းပြည်ကြမ္မာငင်ဖို့ ဖြစ် လာတာပဲ။
ဗိုလ်နေ၀င်းဟာ စစ်သားသာဖြစ်တယ်၊ နိုင်ငံရေးအစိုးရတရပ်ရဲ့ အမိန့်နာခံရတာကို အင်မတန် မကျေနပ်တဲ့လူပဲ။ “ရန်ကုန်အစိုးရ” ဘ၀ရောက်တဲ့ ၁၉၄၉ ခုနှစ်၊ အုပ်စိုးတဲ့အစိုးရအတွင်းမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ကြတယ်။ ဗမာပြည်တပြည်လုံးမှာ တော်လှန်ရေးအင်အားစုတွေက မြို့ကြီးတွေရော၊ ကား လမ်းတွေရော၊ သိမ်းထားတဲ့အဆင့် ရောက်လာတယ်။ အဲလိုအခြေအနေမှာ ၀န်ကြီးတွေက နှုတ်ထွက်ကုန်ကြတယ်။ ဘာလုပ်ရကိုင်ရမှန်းကို မသိဘူးဖြစ်ကုန် တယ်။ အဲလိုအခါမှာ ဗိုလ်နေ၀င်းကဦးနုကို ဘယ်လိုပြောလဲဆိုတော့ “တပ်မတော်ဟာ ၀န်ကြီးတွေကိုကာကွယ်ဖို့ မွေးထားတဲ့အိမ်စောင့်ခွေးမဟုတ်ဘူး။ ဒီဝန်ကြီး တွေကို ကာကွယ်ဖို့အတွက် အသေမခံနိုင်ဘူး” လို့ မောက်မောက်မာမာပြောခဲ့တယ်။ သူက အဲဒီလိုတင်ပြလိုက်ပြီးတော့ ဆက်တိုက်ဆိုသလိုပဲ ပြန်ဖွဲ့လိုက်တဲ့ အစိုးရထဲမှာ ဦးနုဟာ ဗိုလ်နေ၀င်းကို ဒု - ၀န်ကြီးချုပ် ခန့်လိုက်ရတယ်။ ဒါကို ဦးနုကသူ့ရဲ့ “တာတေစနေသား” ထဲမှာ ရေးထားတယ်။ ဗိုလ်နေ၀င်းဟာ အဲဒီအချိန်က စပြီး ဦးနုရဲ့ အထာကို သိသွားတယ်လို့ဆိုရင် မှန်မယ်လို့ထင်ပါတယ်။
အဲဒီကနေ ဆက်လိုက်တော့ ၁၉၅၆ ခုနှစ်၊ အကုန်ပိုင်းလောက်မှာ ဦးနုကို ဦးဗဆွေ၊ သံအမတ် ဦးလှမောင်၊ ဗိုလ်နေ၀င်း စသူတို့က ၀န်ကြီးချုပ်အဖြစ် ထွက်ပေးဖို့ တောင်းဆိုတာလုပ်လာတယ်။ သူတို့ပြောနည်းကတော့ “တရုတ်ပြည်မှာ မော်စီတုန်းက အစိုးရအဖွဲ့ထဲမှာမပါဘူး။ ပါတီဥက္ကဋ္ဌအဖြစ်ပဲ နေတယ်။ ဦးနုလည်း ဖဆပလ ဥက္ကဋ္ဌအဖြစ်ပဲနေပါ” လို့။ အမှန်က ဦးနုကို အစိုးရထဲက ဖယ်ပစ်တာ။ ဖဆပလအဖွဲ့ဥက္ကဋ္ဌက ဘာမှလုပ်စရာမရှိဘူး။ မော်စီတုန်းနေရာမျိုး မဟုတ်ဘူး။
ဒါကို ဦးနုက ဘယ်လောက်ရိပ်မိလဲတော့ မသိဘူး။ ဆိုရှယ်လစ်တွေအဖို့တော့ ဦးနုဟာ သူတို့အတွက် ခလုတ်ကန်သင်းဖြစ်နေပြီလို့ သတ်မှတ်ထား တာ ပိုရှင်းသည်ထက်ရှင်းလာတယ်။ ဖဆပလရဲ့ အက်ကြောင်းဟာလဲ အဲဒီကာလနဲ့ မတိမ်းမယိမ်းမှာ ပေါ်လာတာပဲ။ အဲဒီနောက် ဖဆပလ ကွဲတယ်။ ပါလီမန်ထဲမှာ မဲခွဲကြရင် ဦးနုဘယ်လိုမှ မနိုင်နိုင်ဘူးလို့ တည်မြဲတွေက အပိုင်တွက်ထားတယ်။ ဒါပေမယ့် တကယ်ခွဲလိုက်ကြတဲ့အခါကျတော့ ပမညတကသန့်ရှင်းကို မဲပေးပစ် လိုက်တယ်။ အဲလို မမျှော်လင့်တဲ့အဖြေ ထွက်လာတယ်။ အဲဒီတုန်းက ဆိုရှယ်လစ်ပါတီကလူတွေဟာ အာဏာကို သူတို့တကယ် လက်လွတ်ရမယ်ဆိုတာကို သဘောပေါက်သွားတယ်။ အဲတော့ အရှုံးကို အလွယ်တကူဝန်မခံလိုတဲ့ ဆိုရှယ်လစ်ပါတီကလူတွေက အာဏာသိမ်းမယ်လို့ ဆုံးဖြတ်လိုက်တာပဲဖြစ်တယ်။
အဲဒီတုန်းက သူတို့အကြောင်းပြတာကတော့ သန့်ရှင်းဟာ မြေပေါ်ကွန်မြူနစ်တွေနဲ့ ပေါင်းမိသွားပြီလို့ အကြောင်းပြတာ။ ဒါဟာ ဗိုလ်နေ၀င်းအနေနဲ့ “အိမ်စောင့်အစိုးရ” ဆိုပြီး အာဏာသိမ်းတာလုပ်ဖို့ ဆုံးဖြတ်ချက်ကျသွားစေတဲ့အချက်လို့ ပြောရင်ရပါတယ်။ ဒါပေမယ့် ဒါဟာ အနီးကပ်အကြောင်းရင်းပါ။ အဝေးအကြောင်းရင်းတွေလည်း ဒီနေရာမှာ ထည့်ပြောဖို့လိုလို့ ကျနော်ပြောချင်ပါသေးတယ်။
အဲဒါက တခြားမဟုတ်ပါဘူး။ စစ်တပ်ထိပ်သီးတွေအနေနဲ့က ဖဆပလနဲ့အတူ လုပ်လာကြာတာကြာတော့ ဖဆပလ ခေါင်းဆောင်တွေထဲမှာ တကယ် အရည်အချင်းရှိတာ၊ လူအရိုအသေခံလောက်တာ နည်းနည်းလေးရှိတယ်ဆိုတာ သူတို့လဲ သိမြင်လာကြတယ်။ ဖဆပလ ခေါင်းဆောင်တွေထဲမှာ အကျင့်စာရိတ္တ မမှန်တဲ့ သူတွေက ဒုနဲ့ဒေး။ နောက်ပြီး ဦးနှောက်မမှန်တဲ့သူတောင် ပါသေးတယ်။ (ကျနော် နာမည်မပြောတော့ပါဘူး။ ကွယ်လွန်သွားပါပြီး။) အဲဒီ ဖဆပလ အဖွဲ့ကို ဦးနုကိုယ်တိုင်က ထင်ရှူးသေတ္တာကြီး ခြစားပုံနဲ့ နှိုင်းပြောလိုက်တော့ ဖဆပလတွေရဲ့ သိက္ခာက ကုန်နေပြီ။
အဲလိုနဲ့ ကြာလာတော့ စစ်ဗိုလ်တွေရဲ့ခေါင်းထဲမှာ ... “ဟာ ... သူတို့လောက်တော့ ငါတို့လဲဖြစ်တာပေါ့။ ငါတို့လဲ အစိုးရလုပ်ရင် ရတာပေါ့” လို့ အတွေးပေါ်လာတယ်။ ၀န်ကြီးဆိုတဲ့ဟာတွေက တိုင်းခန်းလှည့်လို့ကြိုပါဆိုရင် စစ်ဗိုလ်တွေက အရိုအသေပေးရတယ်။ ၀န်ကြီးတွေရဲ့ လုံခြုံရေးယူပေးရတော့၊ အနီး ကပ်နေရတော့ ပိုသိလာတယ်။ အဲလို သူတို့မကြည်ညိုတဲ့သူတွေကို အရိုအသေပေးရတာကြာလာတော့ သည်းညည်းမခံနိုင်ဘူး။ ဒီလိုနဲ့ နေသေးသပ ခြုံထဲက ဖြစ်လာတယ်။
၁၉၅၈ ခုနှစ်ဆီလောက်က ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရှမ်းပြည်နယ်ပါတီကော်မတီကို တာဝန်ယူထားတဲ့ တာဝန်ခံရဲဘော်ကို ပါတီကော်မ တီက စစ်အစိုးရတပ်မှူးကြီးတွေနဲ့ ဆွေးနွေးဖို့ တာဝန်ပေးတယ်။ အဲတော့သူက လားရှိုးသွားပြီးတော့ တပ်မင်း၊ တပ်မှူးတွေနဲ့သွားပြီး အကြိမ်ကြိမ်ဆွေးနွေးရတယ်။ ကွန်မြူနစ်ပါတီကတင်ပြတဲ့ အဓိကအကြောင်းကတော့ ပြည်တွင်းစစ်ရပ်စဲပြီး ရှမ်းပြည်နယ်ထဲမှာဝင်နေတဲ့ တရုတ်ပြည်ကူမင်တန်တွေကို တိုက်ဖို့။ ဟိုကတော့ လုံးလုံးလက်မခံပါဘူး။ လက်နက်ချဖို့ပဲ ပြောနေတယ်။
အစည်းအဝေးအပြင်မှာ သူတို့နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတော့ (နဂိုကလည်း လူချင်းသိကြတဲ့ဟာတွေ ဆိုတော့) စပ်မိစပ်ရာတွေ အကုန် ပြောကြတာပေါ့။ တပ်မင်းဆိုတဲ့လူက သူ့ခံစားမှုတွေကိုလဲ ထုတ်ပြောတယ်။ ၀န်ကြီးတွေအကြောင်းလဲ ပြောတယ်။ ဗိုလ်နေ၀င်းအကြောင်းလဲပါတယ်။ အတင်း အဖျင်းစကား ဆန်ဆန်တွေပါ။ ဖဆပလ စကွဲတဲ့အချိန်မှာ “ကိုကျော်ငြိမ်းက ကညွတ်ရိုး၊ ကျော်ဒွန်းက တောထဲကဇရစ်ရိုး၊ ဘာယှဉ်နိုင်မလဲ” လို့ပြောတာလဲ အဲဒီ စစ်ဗိုလ်တွေက ပြောတာပဲ။ အဲဒီအခါမှာ တပ်မင်းဆိုတဲ့လူပြောတဲ့အထဲက သတိထားစရာကောင်းတဲ့ စကားတခွန်းက “ကျနော်တို့ အာဏာသိမ်းရင် ၂၄ နာရီအ တွင်း အောင်မြင်နိုင်တယ်” လို့ပြောလိုက်တာပါပဲ။
Tuesday, 29 January 2008
စစ်တပ်နဲ့ နိုင်ငံရေး (ရဲဘော် ဖိုးသံချောင်း)
Posted by
ရွှေဥသြ
at
20:46
0
comments
Labels: ကိုယ့်အကြိုက် စာအုပ်များ
Friday, 25 January 2008
စစ်တပ်နဲ့ နိုင်ငံရေး (ရဲဘော် ဖိုးသံချောင်း) ဒုတိယပိုင်း
ကျနော်ဆိုလိုတာက စစ်အုပ်စုရဲ့ခေါင်းထဲမှာ၊ စစ်ဗိုလ်ထိပ်သီးတွေရဲ့ ခေါင်းထဲမှာ အာဏာသိမ်းဖို့အကြံအစည်ဟာ နေ့ချင်းညချင်းအခြေအနေတခုအရ ပေါ်ပေါက်လာတာမဟုတ်ပါဘူး။
တကယ်က ဆိုရှယ်လစ်ပါတီထဲမှာ တိုင်းပြည်ကသိတဲ့တပ်မှူးရယ်လို့ သိပ်ရှိတာမဟုတ်ပါဘူး။ နောက်ပြီး သူတို့ကိုယ်တိုင်ကလည်း ဂျပန်တော်လှန် ရေးမှာ ဘာမှ ရွပ်ရွပ်ချွံချွံလုပ်ခဲ့တဲ့လူတွေမဟုတ်ဘူး။ အဲတော့ သူတို့မှာရုပ်ပြအနေနဲ့ ဗိုလ်နေ၀င်းကိုလိုလို့ ဗိုလ်နေ၀င်းကိုခေါ်ယူတာဖြစ်ပါတယ်။ ဗိုလ်နေ၀င်းကိုပဲ သန့်ရှင်းလက်ကနေ အာဏာသိမ်းခိုင်းလိုက်ရတာပဲ။ ဒီလိုနဲ့ ဗိုလ်နေ၀င်းဟာ အစိုးရလုပ်တဲ့အရသာကို သိသွားတယ်။ အစိုးရလုပ်တဲ့နည်းကို သိသွားတယ်။ အာဏာသိမ်းတဲ့နည်းကိုလည်း သိသွားတယ်။ ဒီလိုနဲ့ပဲ ဆိုရှယ်လစ်ပါတီကလူတွေဟာ သူရဲမွေးမိတာဖြစ်သွားပါတယ်။
အဲလိုနဲ့ ၅၈ ခုနှစ် အာဏာသိမ်းတဲ့အခါကျတော့ ဗိုလ်နေ၀င်းက သူကိုယ်တိုင်တောင် မသွားတော့ဘူး။ သူ့လက်ထောက်နှစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ် မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့ကိုလွှတ်ပြီး ဦးနုကို လက်နက်ချခိုင်းတာပဲ။ ဒီအခါကျတော့ ဦးနုမငြင်းနိုင်တော့ဘူး။ ဗိုလ်နေ၀င်းဟာ နောက်နေတာမဟုတ်ဘူး ဆိုတာ သူသိသွားပြီ။ ဒါဟာ ဗမာပြည်သမိုင်းကဏ္ဍရဲ့ အစလို့ပဲ ပြောလို့ရမယ်ထင်ပါတယ်။
၁၉၅၈ ခုနှစ်အစောပိုင်းမှာ မိတ္ထီလာမှာကျင်းပလိုက်တဲ့ တပ်မှူးများညီလာခံဆိုတာတခုကို သာမန်လူတွေ သိပ်ပြီးမသိလိုက်ကြဘူး။ အခုခေတ်လူတွေ ဆိုရင် ကြားတောင်ကြားဖူးမှာ မဟုတ်ဘူးထင်ပါတယ်။ ဒါပေမယ့် အဲဒီညီလာခံဟာ နောင်ဗမာပြည်သမိုင်းအတွက် အင်မတန်မှ အရေးပါတဲ့ညီလာခံတခုဖြစ်နေ တယ်။ ဗမာပြည်သမိုင်းရဲ့ အကွေ့အချိုးတခုကို အဲဒီညီလာခံကနေ ဆုံးဖြတ်ပြဌာန်းလိုက်တာလို့ ဆိုနိုင်တယ်။
ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အဲဒီဆွေးနွေးပွဲတွေမှာ စစ်တပ်က ဗမာပြည်နိုင်ငံရေးထဲကို ခြေစုံပစ်ဖို့ ဗိုလ်နေ၀င်းတို့တစုက ဆုံးဖြတ်လိုက် တာပါ။ နောက်ပိုင်းမှာပြောတဲ့ ဗိုလ်နေ၀င်းမိန့်ခွန်းရဲ့ မိန်းခွန်းတခုထဲမှာ ... “မိမိတို့ တပ်ကထွက်ပြီး နိုင်ငံရေးပါတီတည်ထောင်၊ တိုင်းပြည်ကို ဦးဆောင်ဖို့ စီစဉ်ခဲ့ကြ သော်လည်း အချိန်မရပေ” လို့ ပြောခဲ့တာရှိပါတယ်။ သူညွှန်းတာက အဲဒီညီလာခံကို ညွှန်းတာဖြစ်တယ်။ ဒါကြောင့်မို့ စစ်တပ်ကအာဏာယူဖို့ဆိုတဲ့ စဉ်းစားနည်း ဖြစ်တယ်။ တလျှောက်လုံးသူတို့ခေါင်းထဲမှာ ကိန်းအောင်နေတဲ့အကြံဉာဏ်ဖြစ်တယ်လို့ ပြောနိုင်တယ်။ အပြင်မှာကျတော့သူတို့က ဦးနုကအာဏာလွှဲလို့ အာဏာ ကိုလက်ခံယူရတာပါလို့ ရှင်းပြနေတယ်။ ဒါပေမယ့်တကယ်က သူတို့ခေါင်းထဲမှာ တလျှောက်လုံးရှိနေတာ။ သူတို့တပ်တွင်းမှာ ဗိုလ်နေ၀င်းတို့က ၅၈ ခုနှစ် အာဏာ သိမ်းပွဲကို ရှင်းပြတဲ့အခါကျတော့ ကွန်မြူနစ်သူပုန်တွေ အစိုးရစည်းဝိုင်းထဲ ၀င်လာတာကို လက်မခံနိုင်လို့ အာဏာသိမ်းရတာပါလို့ ရှင်းပြတယ်။ ဆိုလိုတာ သူတို့ ညွှန်းတာက သန့်ရှင်းကို ပမညတက ထောက်ခံတာအပေါ်မှာ ရည်ညွှန်းတာလို့ ထင်ရပါတယ်။
အဲဒီလိုနဲ့ ကိုလိုနီအောက်ကလွတ်ကာစ ကျနော်တို့နိုင်ငံဟာ လွတ်လပ်ပြီးလို့ နှစ်လကျော်ကျော်အကြာမှာ ပြည်တွင်းစစ်လည်းဖြစ်ခဲ့ရတယ်။ ဆယ်နှစ် အကြာကျတော့ ပထမဆုံး အာဏာသိမ်းတာနဲ့ ကြုံရပြန်တယ်။
အဲဒီ အိမ်စောင့်အစိုးရလက်ထက် တနှစ်ခွဲဆိုတာသမိုင်းသဘောအရပြောရရင် ဘာမှမကြာဘူးလို့ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီတနှစ်ခွဲဟာ နောင်နှစ် ပေါင်း ၄၀ ကျော်တည်တံ့နေမယ့် စစ်အာဏာရှင်တရပ် တည်ထောင်ရေးအတွက် ပြင်ဆင်ဖို့ အချိန်အလုံအလောက် ရသွားတယ်လို့ပြောနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အဓိက အကြောင်းရင်းတခုက ပြည်တွင်းမှာ ပြည်တွင်းစစ်ဖြစ်နေတယ်။ နောက်တခုက အာဏာရ ဖဆပလရဲ့ ပြဿနာ။
ဖဆပလဟာ ခေါင်းနှစ်လုံးနဂါးကြီးဗျ။ အဲဒီနဂါးကြီးရဲ့ ခေါင်းနှစ်လုံးဟာ တခေါင်းနဲ့တခေါင်း မတည့်ကြတော့ တခေါင်းကိုတခေါင်းက မကျေနပ်တာနဲ့ တခေါင်းက အဆိပ်သောက်သေလိုက်တာလိုပဲ။ အဆိပ်သောက်လိုက်တော့ နှစ်ခေါင်းလုံးတခါတည်း သေသွားရော။ အဲဒီလိုဖြစ်တာ။ တည်မြဲဖဆပလဟာ ခုနလို အဆိပ်သောက်သလိုပဲ စစ်အုပ်စုနဲ့ ပေါင်းလိုက်တဲ့အခါမှာ ဖဆပလနှစ်ခုလုံး (သန့်ရှင်းရော တည်မြဲရော) သေသွားရတာပဲဖြစ်တယ်။
ဖဆပလ အုပ်စိုးမှု ဆယ်နှစ်ဆယ်မိုးဟာ အဲဒီကာတုန်းက ဒီမိုကရေစီကလည်း ပျူစောထီးဒီမိုကရေစီလိုဖြစ်နေတာ။ ဒါကြောင့်မို့ ပြည်သူလူထုကလဲ အဲဒီဒီမိုကရေစီကို သိပ်မယုံကြည်ကြဘူးဖြစ်နေတာ။ ဒါကြောင့် ဒီမိုကရေစီရဲ့ အခန်းကဏ္ဍဟာလဲ မှေးမှိန်နေသလို လူထုဘက်မှာ သိပ်အားမရကြသလို ဖြစ်နေတာ။ အဲဒီအချိန်မှာ ဗိုလ်နေ၀င်းတို့ လုပ်ချင်တာလုပ်ဖို့ အခွင့်ပိုသာသွားစေတယ်လို့ ပြောလို့ရပါတယ်။
လမ်းခွဲမှုကြီးနှစ်ခု
ဒီကာလအတွင်းမှာ အထူးခြားဆုံးအဖြစ်အပျက်နှစ်ခု ရှိပါတယ်။ အိမ်စောင့်အစိုးရအဖြစ် အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ။
တခုက ဘာလဲဆိုတော့ ၁၉၆၀ ခုနှစ်၊ ဧပြီလ ရွေးကောက်ပွဲဖြစ်တယ်။ အဲဒီရွေးကောက်ပွဲမှာ ပထစလို့ခေါ်တဲ့ ဦးနုရဲ့ပါတီက ၁၅၉ နေရာရတယ်။ ဖဆ ပလက ၄၁ နေရာရတယ်။ ဖဆပလရဲ့ ၄၁ နေရာဆိုတာ ၅၆ ခုနှစ်ရွေးကောက်ပွဲတုန်းက ပမညတ ရတာထက်တောင် နည်းသေးတယ်။ အဲတော့ ဒီရွေးကောက်ပွဲ မှာ ဦးနုကို (ပထစကို) လူထုက မဲတွေပုံအောပေးခဲ့တာဟာ တည်မြဲကို မကြိုက်တာသက်သက်မဟုတ်ဘူး။ တည်မြဲနောက်မှာ စစ်တပ်ပါနေတာကို လူထုကသိလို့ မကြိုက်တာဖြစ်တယ်။ ဦးဗဆွေက “ရွေးကောက်ပွဲ နိုင်ရင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်” လို့ ပြောနေတာ။ သူပြောတာဟာ တပ်ထဲက ဆိုရှယ်လစ်ပါတီ ကလူတွေကို အားကိုးပြီးပြောနေတယ်ဆိုတာ ပြည်သူလူထုတရပ်လုံးက သိနေတယ်။
ဒါကို ကျနော်တခု ထောက်ပြချင်ပါတယ်။ ဒေါက်တာမောင်မောင်ရဲ့ “တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” ဆိုတဲ့ စာအုပ်ထဲမှာ ... “တချို့တည်မြဲဖဆပလ ခေါင်းဆောင်တွေက စစ်တပ်ထဲက တပ်မှူးတွေကိုညွှန်းရင် “တို့လူတွေ” လို့ ညွှန်းတတ်တယ်” လို့ ရေးထားပါတယ်။
နောက်တခါ အခုအမေရိကမှာ ရောက်နေတဲ့ကာနယ်ချစ်မြိုင်ကို Burma Debate က အင်တာဗျူးလုပ်တဲ့အခါမှာ ကာနယ်ချစ်မြိုင်က အခုလိုပြောပါ တယ်။ “တည်မြဲတွေ ရှုံးပြီးတဲ့နောက် တပ်မှူးတွေရန်ကုန်မှာ အစည်းအဝေးလုပ်ကြတော့ တပ်မှူးကြီးတချို့က “ဟာ ... တို့နိုင်မယ်လို့ထင်တာ” လို့ပြောကြသတဲ့။ “တည်မြဲ” လို့မသုံးဘူး။ “ငါတို့” လို့သုံးတာ” လို့ ကာနယ်ချစ်မြိုင်က ထောက်ပြတာဖြစ်ပါတယ်။ အဲဒီအင်တာဗျူးမှာပဲ ဗိုလ်နေ၀င်းက CIA ရဲ့လူလို့ အားလုံးနားလည် နေတဲ့ နေးရှင်းဦးလောရုံကို သက်သေထားပြီး တပ်မှူးကြီးတွေကို “မင်းတို့ ပုံအောတာမှားပြီလို့” ကြိမ်းတယ်ဆိုတာလဲ ဗိုလ်ချစ်မြိုင်က ပြောပြထားပါတယ်။ ဆိုလို တာက ဗိုလ်နေ၀င်းဟာ ဦးလောရုံရဲ့ သတင်းစာကိုလည်း အသုံးချတယ်။ ဦးလောရုံကတဆင့် အမေရိကန်ကိုလည်း ပြောပါလို့ အပြောခိုင်းပြီးတော့ ဒီလိုကြိမ်းပြ တာဖြစ်ပါတယ်။
နောက်တခုက ဗိုလ်နေ၀င်းဟာ အရေးကြီးတဲ့လမ်းခွဲမှုကြီး လုပ်ခဲ့တာပါ။ လမ်းခွဲမှုကြီးနှစ်ခုလို့ပြောရင်ရတယ်။ တခုက သူ့ကို အာဏာသိမ်းခိုင်းခဲ့တဲ့ ဆိုရှယ်လစ်ပါတီအုပ်စု။ သူ့အနေဲ့ အဲဒီအချိန်မှာ ဆိုရှယ်လစ်ပါတီအုပ်စုနဲ့ လမ်းခွဲတာ မခက်ခဲတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဆိုရှယ်လစ်ပါတီဟာ ဗမာပြည်ထဲ မှာ လုံးဝနာမည်ပျက်နေပြီ။ လူထုမျက်စိထဲမှာ ဒီပါတီနဲ့ ပတ်သက်လို့အမြင်သိပ်ရှင်းသွားပြီ။ ၆၀ ခုနှစ်၊ ရွေးကောက်ပွဲမှာ ညစ်တဲ့အခါကျတော့ ပိုပြီးရှင်းသွားတယ်။ ခုနကပြောသလို ရွေးကောက်ပွဲနိုင်ဖို့အတွက် စစ်တပ်နဲ့ ပေါင်းလုပ်လိုက်တော့ အကျိုးဆက်က ဗြောင်းပြန်ဖြစ်သွားတာပေါ့။
အဲဒီလိုလူထုက မြောင်းထဲကိုပစ်လိုက်သလိုဖြစ်သွားတဲ့ ဖဆပလကိုဗိုလ်နေ၀င်းဟာ ဘာမှထောက်ထားစရာ၊ တွယ်တာစရာ မရှိတော့ဘူးလို့ ဆုံးဖြတ် လိုက်တယ်။ အဲဒီ ဖဆပလနဲ့သူဆက်ပြီး အမြီးချင်းတွယ်ထားရင် သူ့နာမည်ပျက်တော့မယ်ဆိုတာ သိလိုက်တယ်။ အဲတော့ တခါတည်း လမ်းခွဲပစ်လိုက်တယ်။
နောက်အကြောင်းရင်းတခုကလည်း ဖဆပလဟာအာဏာရှိသူတွေ မဟုတ်တော့ဘူး။ အာဏာမရှိရုံတင်မကဘူ၊ နောက်လည်း အာဏာနားပြန်မကပ် နိုင်တော့ဘူးဆိုတာလည်း ရှင်းသွားပြီ။ ဒါကြောင့် အဲဒီလူတွေနဲ့ပေါင်းနေရင် ကိုယ့်အတွက်အကျိုးမရှိဘူးဆိုတာ ဗိုလ်နေ၀င်းကသိသွားတယ်။ ဒါကြောင့်မို့လည်း ၆၂ ခုနှစ်၊ အာဏာသိမ်းတဲ့အခါမှာ ဖဆပလခေါင်းဆောင်တွေကို အများကြီးအရင်ဆုံးဖမ်းပစ်လိုက်တာ။ အဲလို ဖမ်းလိုက်တာဟာ “ခင်ဗျားတို့နဲ့ကျုပ်နဲ့ ပြတ်ပြီ” လို့ ပြော လိုက်တာတင်မကဘူး။ ကမ္ဘာကိုရော၊ ပြည်သူလူထုကိုပါ ကြေညာလိုက်တာဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ လုပ်တဲ့ မင်္ဂလာဒုံစစ်ရုံးချုပ်မှာ ၃ ရက်ကြာ အစည်းအဝေးတခုကျင်းပတယ်။ အဲဒီအစည်းအဝေးမှာ ဗိုလ်နေ၀င်း က တပ်မတော်ထိပ်သီး ၁၃ ဦးကို တပ်ကထုတ်ပစ်တယ်လို့ လုပ်လိုက်တယ်။ အဲဒီက ၈ ဦးကိုတော့ တည်မြဲဖဆပလနိုင်ဖို့အတွက် လူသိရှင်ကြားကူညီလို့ဆိုပြီး အ ကြောင်းပြတယ်။ ကျန် ၅ ဦးကိုတော့ ငွေရေးကြေးရေးပြဿနာကြောင့်လို့ အကြောင်းပြတယ်။ ဒါဟာ ဗိုလ်နေ၀င်းအနေနဲ့ စစ်အုပ်စုမျိုးဆက်သစ်တခု တည်ထောင် တော့မှာမို့ မျိုးဆက်ဟောင်းနဲ့ လမ်းခွဲလိုက်တာဖြစ်ပါတယ်။
နံပါတ်ဝမ်း
ဒီနေရာမှာ စစ်အုပ်စုရဲ့ လက္ခဏာတခုကို ပြောပြချင်ပါတယ်။
စစ်အုပ်စုဆိုတာမှာ နံပါတ်ဝမ်းရှိရပါတယ်။ အဲဒီနံပါတ်ဝမ်းဆိုတာ အတိအကျသတ်သတ်မှတ်မှတ်ရှိရတယ်။ သူ့ကို ကျန်တဲ့လူတွေအားလုံးက ၀န်းရံရ တယ်။ သူက သေဆိုသေ၊ ရှင်ဆိုရှင်။ Godfather လိုဟာမျိုးပဲ။ ဒါ ဗမာပြည်မှာသာမဟုတ်ဘူး။ အာဏာရှင် စပိန်က ဖရန်ကို၊ ချီလီက ပိုနိုရှေး၊ အာဖရိကက မိုဘူတူ၊ အကုန်လုံးဒါမျိုးတွေချည်းပါပဲ။ ၁၉၅၈ ခုနှစ်တုန်းကအာဏာသိမ်းကာစတုန်းက ဗိုလ်နေ၀င်းဟာ အာဏာရှင်အပြည့်မဖြစ်သေးဘူး။ ဆိုရှယ်လစ်ပါတီကို အားကိုးနေ ရသေးတယ်။ ဆိုရှယ်လစ်ပါတီက တပ်မှူးတွေကို ဖယ်ပြီး ၆၂ အာဏာသိမ်းတော့မှ သူဟာ အာဏာရှင်အပြည့်ဖြစ်လာတယ်လို့ ပြောရင်ရမယ်ထင်တယ်။
သူဟာ အဲဒီလို နံပါတ်ဝမ်းဖြစ်ဖို့အတွက် ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်အောင်ရွှေစတဲ့လူတွေကို တပ်ထဲကဖယ်ပစ်တာပဲ။ အဲဒါတွေဖယ်ပစ်နိုင်မှ သူ့ဘေး မှာ သူ့ကိုပခုံးချင်းယှဉ်နိုင်မယ့်သူ တဦးမှမရှိတော့မှာ။ အာဏာရှင်ဆိုတာတွေက ဘယ်တော့မှသူတို့နဲ့ ပခုံးချင်းယှဉ်မယ့်သူ မမွေးဘူး။ အာဏာရှင်လက်ထက်မှာ အိမ်ရှေ့မင်းသားမရှိဘူး။ သူ့ရာဇပလ္လင်အခြိမ်းခြောက်ခံရပြီဆိုရင်၊ သူဆင်းပေးရတော့မလိုလို ဖြစ်ပြီဆိုတဲ့အခါမျိုးကျမှ သူ့စိတ်ကြိုက်လူကို သူ့ရဲ့အမွေဆက်ခံသူအ ဖြစ် ရွေးချင်ရွေးမယ်။ ဒါပေမယ့် ယှဉ်လျက်တော့ ဘယ်တော့မှ မထားဘူး။ ရှင်းပစ်တာချည်းပဲ။
ဒီနေရာမှာစပ်မိလို့ ဗိုလ်အောင်ကြီးအကြောင်း ထည့်ပြောချင်ပါတယ်။ ဗိုလ်နေ၀င်းဟာဆိုရှယ်လစ်ပါတီက စစ်ဗိုလ်တွေကို ဖြုတ်ရာမှာသူတဦးတည်းနဲ့ ရင်ဆိုင်လို့သိပ်ပြီးအားမလောက်တာနဲ့ ဗိုလ်အောင်ကြီးကို အသုံးချတဲ့သဘောရှိတယ်။ ဗိုလ်အောင်ကြီးကို အဲဒီထဲကခွဲထုတ်ခဲ့တယ်။ ကျန်တဲ့ဆိုရှယ်လစ်ပါတီခေါင်း ဆောင်တွေအကုန်လုံး တပ်ထဲကထုတ်ပစ်လိုက်တယ်။ ဗိုလ်အောင်ကြီးကိုတော့ ချန်ထားတယ်။ နောက်ပြီး ဗိုလ်အောင်ကြီးကိုယ်တိုင်လဲ သူနဲ့အတူတူလုပ်ခဲ့တဲ့တ လျှောက်မှာ ဗိုလ်မောင်မောင်တို့ထက် ဗိုလ်နေ၀င်းကို ပိုပြီးသစ္စာရှိတဲ့ပုံတွေလဲ ဖော်ပြတာရှိပါတယ်။ ဒါကြောင့်လဲ ဟိုတလောက ဗိုလ်ချုပ်မောင်မောင်ကို BBC က အင်တာဗျူးလုပ်တဲ့အခါကျတော့ ၅၈ ခုနှစ်၊ အာဏာသိမ်းတာနဲ့ပတ်သက်ပြီး ဗိုလ်အောင်ကြီးရဲ့ အခန်းကိုမေးတဲ့အခါမှာ ဗိုလ်ချုပ်မောင်မောင်က ... “ကိုအောင်ကြီး ဖယ်ထားလိုက်ပါဗျာ။ ကိုအောင်ကြီးမရှိပါဘူး။ သူကလည်း အာဏာသိမ်းတာတို့ ဘာတို့ဆိုတာမှာ တကယ်တမ်းသူကိုယ်တိုင် စွမ်းစွမ်းစစ မလုပ်နိုင်ပါဘူး” လို့ပြော ခဲ့တယ်။ ဆိုလိုတာက ဗိုလ်ချုပ်မောင်မောင်တို့နဲ့ ဗိုလ်အောင်ကြီးနဲ့ အဲဒီကတည်းက သိပ်တထပ်တည်း မဟုတ်လှဘူး ဆိုတာကိုပြောချင်တာ။
၆၂ အာဏာသိမ်းပြီးတဲ့အခါ၊ တပ်ထဲကနေ ဆိုရှယ်လစ်စစ်ဗိုလ်တွေကို ဖယ်ပြီးတဲ့အခါမှာ၊ အဲဒီစစ်ဗိုလ်တွေရဲ့အန္တရာယ်၊ ဖဆပလ ရဲ့အန္တရာယ်မရှိ တော့ဘူးဆိုတဲ့အခါမှာ ဗိုလ်နေ၀င်းအဖို့ ဗိုလ်အောင်ကြီးရဲ့ အသုံးဝင်တဲ့အခန်းကဏ္ဍဟာ မရှိတော့သလောက် ဖြစ်သွားပြီ။ တကယ်ကျတော့ ဗိုလ်အောင်ကြီးဟာ ၆၂ ခုနှစ်နောက်ပိုင်းမှာ သူ့ကိုယ်သူ ဗိုလ်နေ၀င်းပြီးရင် နံပါတ်တူးလို့ ယူဆထားတာ။ တချိန်မှာ နံပါတ်ဝမ်းဖြစ်ရမယ်လို့လဲ တွက်ချင်တွက်ထားမှာပေါ့။
ဒါပေမယ့်ခုနကပြေခဲ့တဲ့ ဗိုလ်ချုပ်ချစ်မြိုင်ရဲ့အင်တာဗျူးထဲမှာကျတော့ ဗိုလ်နေ၀င်းဟာ သမဂ္ဂအဆောက်အဦကြီးကိုဖြိုပြီးတဲ့နောက် နိုင်ငံခြားကိုထွက် သွားတယ်။ ဒါဟာ ဗိုလ်နေ၀င်း လုပ်လေ့လုပ်ထရှိတဲ့အတိုင်း သူတခုခုမဟုတ်တာလုပ်ပြီးရင် (ဒါမှမဟုတ်) လုပ်တော့မယ်ဆိုရင် အပြင်သွားပြီး ခေါင်းရှောင်နေတာ။ သူမပါဘူးဆိုတာမျိုး။ သူအဲလို နိုင်ငံခြားထွက်သွားတော့ သူ့နေရာဆက်ခံဖို့အတွက် ဘယ်သူတာဝန်ယူမလဲ။ သူမရှိဘဲ ဘယ်သူတာဝန်ယူမလဲဆိုတာကို ဗိုလ် အောင်ကြီးနဲ့ ဗိုလ်တင်ဖေတို့ကို တဖက်စီ ရန်တိုက်ပေးခဲ့တယ်။ ဒါကခုနက ကာနယ်ချစ်မြိုင်ရဲ့ စာအုပ်ထဲမှာပါတယ်။ အဲတော့ ဗိုလ်နေ၀င်းဟာ အဲဒီကတည်းကစပြီး သူ့ရဲ့လက်အောက်တွေအပေါ်မှာ သွေးခွဲအုပ်ချုပ်တဲ့ပေါ်လစီ စပြီးကျင့်သုံးနေပြီလို့ ပြောနိုင်ပါတယ်။
အဲဒီလိုနဲ့ ဗိုလ်အောင်ကြီးဟာ သူ့ကိုယ်သူသတ်မှတ်တဲ့ နံပါတ်တူးဘ၀နဲ့ဂျပန်ပြည်ကို သွားပါတယ်။ ဂျပန်ပြည်ရောက်တော့ ဂျပန်အစိုးရက စစ်အစိုးရ အဖြစ် ကြာရှည်လုပ်နေရင်မကောင်းဘူး။ သူတို့ဂျပန်နိုင်ငံရဲ့အတွေ့အကြုံကို ဇာတ်ကြောင်းလှန်ပြီး ဗိုလ်အောင်ကြီးကိုနားချတယ်။ သူတို့ဆိုလိုတဲ့အဓိပ္ပာယ်ကသူတို့ ဂျပန်ဟာလဲဒုတိယကမ္ဘာစစ်တုန်းက စစ်အစိုးရ၊ ဖက်ဆစ်အစိုးရဖြစ်တယ်။ ဒါကြောင့် စစ်ရှုံးရတယ်ဆိုပြီးပြောပြတာ။ ဗိုလ်အောင်ကြီးကလဲ ဂျပန်တွေရဲ့စကား မ ငြင်းနိုင်ဘူး။ သူကလဲ “စစ်အစိုးရ ကြာကြာလုပ်မှာ မဟုတ်ပါဘူး။ အာဏာပြန်အပ်မှာဖြစ်ပါတယ်” လို့ ပြောခဲ့တယ်။
ဒါကို သူနဲ့အတူပါသွားတဲ့ ဗိုလ်ကျော်စိုးကကြားပြီး ရန်ကုန်ပြန်ရောက်တော့ ဗိုလ်နေ၀င်းကိုတွန်းတယ်။ အဲဒီအချိန်မှာက ဗိုလ်နေ၀င်းကလဲ ဗိုလ် အောင်ကြီးတယောက် ဦးဗဆွေနဲ့ အဆက်မပြတ်ဘူးဆိုတာကို MI ကပြောထားလို့ သိနေတာ။ အဲတော့ ဗိုလ်အောင်ကြီးဟာ အာဏာကို ဦးဗဆွေတို့ထံ ပြန်အပ်ဖို့ အကောက်ကြံတယ်လို့ ယူဆဟန်တူတယ်။ အဲဒီတလောမှာပဲ ဗိုလ်အောင်ကြီးကလဲ ဗိုလ်နေ၀င်းကိုပြောဖူးတယ်။ “ဗိုလ်ချုပ် မလုပ်နိုင်ရင် ကျနော်လုပ်မယ်” ဆိုတဲ့ အပြောမျိုး ပြောဖူးတယ်။
ဒီလိုနဲ့ပဲ ၁၉၆၃ ခုနှစ်၊ (ဖေဖော်ဝါရီလမှာ ထင်တယ်) ဗိုလ်အောင်ကြီး အဖြုတ်ခံလိုက်ရတာပဲ။ အာဏာသိမ်းပြီးလို့ တနှစ်တောင်မပြည့်ဘူး ပြုတ်သွား တာ။ ဗိုလ်အောင်ကြီးဟာ သူ့ဟာသူ သူ့ရုံးခန်းကနေ နှုတ်ထွက်စာတင်တယ်ဆိုပြီး ရေးတယ်။ ပြီးတော့ မြစ်ကြီးနားအထက်က ဘိုးဘွားရိပ်သာမှာ သွားနေတယ်လို့ ဆိုတယ်။ အဲဒါကို ဗိုလ်နေ၀င်းက ဗိုလ်စောမြင့်လွှတ်ပြီး ပြန်ခေါ်တယ်။ အမှန်ကတော့ လွှတ်မထားချင်လို့။ နီးနီးနားနားဆိုတော့ ထောင်ထဲထည့်လိုက် ပြန်လွှတ် လိုက် လုပ်ချင်တာလုပ်လို့ရလို့ ပြန်ခေါ်ထားလိုက်တာ။ တကယ်လဲ မကြာခင်မှာ ဗိုလ်အောင်ကြီးကို ထောင်ထဲ ထည့်ထားလိုက်တာပါပဲ။
နောက်ပိုင်းမှာ“ဗိုလ်နေ၀င်းရဲ့သား” လို့တောင်သူများတွေက တင်စားကြတဲ့မျက်မှန်ဗိုလ်တင်ဦး။ တချို့ကဆိုရင် ဗိုလ်နေ၀င်းကနံပါတ၀မ်း၊ သူကနံပါတ် “တစ်ဒဿမငါး” လို့တောင် ခေါ်ကြသေးတယ်။ အဲဒီ မျက်မှန်ဗိုလ်တင်ဦးလဲ လွှားလွှား လွှားလွှားနဲ့ တက်လာတဲ့အခါမှာ ဗိုလ်နေ၀င်းဟာ သူနဲ့ ပခုံးချင်းအယှဉ်မခံဘဲ ဖြုတ်ပစ်ခဲ့ရပါတယ်။
ဒါနဲ့တဆက်တည်း အလျဉ်းသင့်လို့၊ ဗိုလ်နေ၀င်း အာဏာသိမ်းတာနဲ့ပတ်သက်လို့ပြောရာမှာ အခြေခံကျတဲ့ သူတို့တွေးခေါ်နည်းတခုကို ပြောချင်တာရှိ ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဗမာပြည်စစ်အုပ်စုက၊ ဖဆပလထဲက ဆိုရှယ်လစ်ပါတီထဲကလူတွေရဲ့ လူမျိုးစုတွေအပေါ် ထားတဲ့ သဘောထားပါ။ သူတို့မှာ စစ် မှန်တဲ့ပြည်ထောင်စုကိုလိုလားတဲ့စိတ် ဘယ်တုန်းကမှမရှိခဲ့ပါဘူး။ အခု န၀တ - နအဖ လဲအဲဒီအတိုင်းပဲ။ သူတို့ဟာ လွတ်လပ်ရေးမရခင်ကတည်းက ဗိုလ်ချုပ် အောင်ဆန်းကို မလှန်နိုင်လို့သာ၊ သူတို့ကိုယ်တိုင်ကလဲ အဲဒီတုန်းက ဘာမှအရေးမပါသေးတဲ့လူတွေ ဖြစ်နေလို့သာ အောင့်နေခဲ့ရတာ။ သူတို့ ဘယ်တုန်းကမှ စစ် မှန်တဲ့ ပြည်ထောင်စုစစ်စစ်ကို မလိုလားပါဘူး။
၁၉၆၀ ခုနှစ်မှာ လူမျိုးစုတွေက ဦးနုရဲ့ဒီမိုကရေစီကိုယုံပြီး ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေပါ အချက်တွေကို ပြင်ဖို့လုပ်ကြပါတယ်။ ဦးနုကလဲ တာဝန်ရှိတဲ့ လူပီပီ ဒီကိစ္စကို ပြင်ဖို့လုပ်ကြပါတယ်။ ဒီလို လူမျိုးစုတွေလှုပ်ရှားလာတဲ့အခါမှာ နဂိုကမှ အာဏာသိမ်းချင်လို့ လက်ယားနေတဲ့ ဗိုလ်နေ၀င်းတို့အဖို့ ငိုချင်ရက် လက် တို့ဖြစ်သွားတာပဲ။
တကယ်ကျတော့ ဗိုလ်နေ၀င်းဟာ ၆၀ ခုနှစ်ရွေးကောက်ပွဲအပြီးမှာ ဦးနုကို အာဏာပြန်အပ်တယ်ဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံကို တကယ်လေးစားလို့ မ ဟုတ်ပါဘူး။ သူ့အနေနဲ့ အဲဒီအခါတုန်းက တဦးတည်း အပိုင်မကိုင်နိုင်သေးလို့ဖြစ်ပါတယ်။ တပ်မတော်ကို သူ့ရဲ့ အိမ်တော်ပါတွေနဲ့အတူ အပြတ်ကိုင်ဖို့ဖြစ်ပါတယ်။ အဲဒါကို အရင်လုပ်ဖို့ လိုပါတယ်။ အိမ်တော်ပါတွေဆိုတာက သူ့ရဲ့တပ်ရင်း ၄ တို့ ဘာတို့ကဟာတွေကို ပြောတာပါ။ သူ့အနေနဲ့တပ်မတော်ထဲမှာ မီးသေမှအာဏာ ကို ထိန်းရတာမြဲမယ်ဆိုတာ သူကောင်းကောင်းသဘောပေါက်တယ်။ ဒါကြောင့်မို့သူဟာ သူ့ကိုပခုံးနဲ့ထမ်းတင်ခဲ့ပါတယ်ဆိုတဲ့ ဗိုလ်ချုပ်မောင်မောင်တို့ ဆိုရှယ်လစ် ပါတီက တသိုက်ကို ဖယ်ပစ်တာပဲ။ ဒါမှ သူ့ကို စိန်ခေါ်မယ့်သူမရှိတော့ဘူးလို့ သူက တွက်တာပါ။ အဲဒီ “ဘုရားပြီး ငြမ်းဖျက်” အကြံအစည်ကို အမြန်ဆုံးအကောင် အထည် ဖော်လိုက်တာ။ အဲဒါ ခုနကပြောတဲ့ မိတ္ထီလာ CO ကွန်ဖရင့်။ ဗိုလ်နေ၀င်းဟာ အဲဒီလို သူနဲ့ပခုံးချင်းယှဉ်နိုင်မယ့်လူတွေကို ဖယ်ရှားပြီးတဲ့နောက်မှာ စိတ် အေးလက်အေးနဲ့ အာဏာသိမ်းပွဲကို စီစဉ်တာဖြစ်ပါတယ်။
အိမ်စောင့်အစိုးရလက်ထက် ၁၈ လဆိုတဲ့ ကာလအတွင်းမှာ သူလုပ်ခဲ့တာကို ပြန်ကြည့်ပါ။ အခု နအဖ လုပ်နေတဲ့၊ အင်မတန် အပေါ်ယံဆန်တဲ့ လမ်း သန့်ရှင်းရေးတို့၊ စည်းကမ်းထိန်းသိမ်းရေးတို့ အဲဒါတွေပဲ လျှောက်လုပ်နေတာဖြစ်ပါတယ်။ အခု ကြံ့ဖွတ်နဲ့တူတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးဆိုတာလဲ အဲဒီတုန်းကဖွဲ့ခဲ့းဖူးတယ်။ အဲဒီကာလအတွင်းမှာ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို BSDC တို့၊ ဘဏ်တွေ၊ သတင်းစာတိုက်တွေ၊ နိုင်ငံတကာ သင်္ဘောလိုင်းတွေအထိ ဖြစ်တာတယ်။ တပ်မ တော်သားတွေကိုပုံမှန်အစိုးရကပေးတဲ့ လစာအခွင့်အရေးတွေအပြင် တခြားကရတဲ့ငွေနဲ့ထောက်ပံ့တယ်ဆိုတဲ့ အစဉ်အလာထွန်းကားစေခဲ့တယ်။ တပ်သားတွေကို အခွင့်အရေးနဲ့ ငွေနဲ့စည်းရုံးတဲ့အစဉ်အလာ ထူထောင်လာခဲ့တယ်။ သူတို့ဟာ သာမန်တပ်မတော်သားတွေရဲ့ အာဏာသိမ်းတာတွေကို ထောက်ခံအောင် ဒီလိုနည်း နဲ့လုပ်တာဖြစ်တယ်။ ဒါ ဒီနေ့အထိပဲ။ စစ်အာဏာရှင်စနစ် တည်မြဲအောင်၊ စစ်အာဏာရှင်စနစ်ကို တပ်သားတွေက ထောက်ခံနေအောင် ဒီလိုပဲစီးပွားရေး အခွင့် အရေးတွေနဲ့ ဆွဲဆောင်တာပဲဖြစ်တယ်။
အဲဒီ အိမ်စောင့်အစိုးရကာလအတွင်းမှာ စစ်ဗိုလ်တွေဟာ ၀န်ကြီးဌာနတိုင်းမှာ ၀န်ကြီးဝင်လုပ်ကြတယ်။ နောက်ပြီး အထူးအရာရှိလုပ်တဲ့ စစ်ဗိုလ်တွေ ကလဲ အများကြီးပဲ။ သူတို့ဟာ အဆင့်အမြင့်ဆုံး တာဝန်တွေယူနေကြတာ။ သန့်ရှင်းအစိုးလက်ကနေ အာဏာသိမ်းတယ်ဆိုပေမယ့် ၀န်ကြီးတွေကို ဖြုတ်ပစ်တယ်၊ ဒါပေမယ့် အတွင်းဝန်တွေ အပါအ၀င် ၀န်ကြီးဌာနကလူတွေကိုတော့ မူအတိုင်းထားပြီး အသုံးချခဲ့တယ်။ အဲဒီလိုအချိန်မှာ သူတို့က အစိုးရလုပ်ငန်းတွေကို သင်ယူ နေကြတယ်။ ဒါကို ၅၈ ခုနှစ်မှာရော၊ ၆၂ ခုနှစ်မှာရော ၀န်ကြီးဖြစ်ခဲ့တဲ့ ကာနယ်ချစ်မြိုင်က “တပ်မတော်ဟာ နိုင်ငံတော်ယန္တယားကို လည်ပတ်အောင် ကောင်း ကောင်း လုပ်နိုင်တယ်လို့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရသွားစေတယ်” လို့ပြောပြခဲ့တယ်။
ဒီလိုနဲ့ ဗိုလ်နေ၀င်းတို့ စစ်အုပ်စုဟာ မိမိကိုယ်ပိုင် စီးပွားရေးလုပ်ငန်း စလုပ်နိုင်တယ်၊ ပြည်ပနဲ့ စီးပွားရေးအဆက်အသွယ်တွေလည်း ရခဲ့တယ်။ ဂျပန် စစ်လျော်ကြေးက ရခဲ့တဲ့ ပြည်ပအဆက်အသွယ်တွေဟာ ဆိုရှယ်လစ်ပါတီလက်ထဲကနေ စစ်အုပ်စုအဆက်အသွယ်တွေ ဖြစ်လာခဲ့တယ်။ ပြည်တွင်းမှာလဲ သူတို့နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေ ရှိလာတယ်။ တနည်းအားဖြင့် စစ်တပ်ဗျူရိုကရက် အရင်းရှင်စနစ်ဟာ ပိုပြီးတော့ခိုင်မာသည်ထက် ခိုင်မြဲလာတယ်၊ ကြီးထွားသည်ထက် ကြီးထွားလာတယ်လို့ ဆိုနိုင်တယ်။
စစ်ဗျူရိုကရက် အရင်းရှင်စနစ်
ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ဘာကြောင့် သက်တမ်းရှည်ရသလဲဆိုတာနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောနေ ကြတာရှိလို့ပါ။ ဒါကို ပြည်တွင်း/ပြည်ပ ပညာရှင်တွေ အမျိုးမျိုးချဉ်းကပ်ကြတာ၊ ဒီမေးခွန်းကို ဖြေကြားကြတာလဲ အမျိုးမျိုးပါပဲ။ ကျနော့်အမြင်ကတော့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် တည်မြဲနေတာ၊ ခိုင်မာနေတာရဲ့ အဓိကအကြောင်းရင်းဟာ စစ်ဗျူရိုကရက် လူတန်းစားတရပ် မွေးပေးထားနိုင်လို့ဖြစ်ပါတယ်။ ခိုင်ခိုင်မာမာကို တည်ရှိနေပြီလို့ပြောလို့ရတယ်။ ဒါဟာ အခြေခံအကျဆုံးပဲ။ ကျန်တာတွေက သာမညထင်ပါတယ်။ ဗိုလ်နေ၀င်း လူရည်လည်တာတို့၊ လူမဆန်အောင်ရက်စက်တာ တို့၊ အမျိုးမျိုးမြှောက်စားတတ်တယ် စတဲ့ဟာတွေက အရံတွေပါ။ စစ်ဗျူရိုကရက်အရင်းရှင်စနစ်ဆိုတာက နေ့ချင်းညချင်း မွေးလို့ရတာမဟုတ်ပါဘူး။ ဖြစ်စဉ်တွေ အရှည်ကြီးရှိတာပါ။ အဲဒီဖြစ်စဉ်ကို ဒီနေရာမှာ နည်းနည်းလေးပြောချင်ပါတယ်။
DSI ကို ၁၉၅၁ ခုနှစ်မှာ ဗိုလ်အောင်ကြီးက ကမကထပြုပြီးဖွဲ့တယ်။ စစ်ဗိုလ်စစ်သားတွေသုံးတဲ့ ကုန်သေးကုန်မွှားတွေကို ရောင်းနေတဲ့ Canteen တွေ အတွက် ပြည်ပနဲ့တိုက်ရိုက် အရောင်းအ၀ယ်လုပ်ဖို့ဆိုပြီး ပေါ်လာတာဖြစ်တယ်။ DSI က ပြည်ပကုန်တွေကို အောတိုက်ပြီးသွင်းတယ်။ စစ်သုံး/အရပ်သုံး မခွဲဘူး။ အစိုးရက အထူးအခွင့်အရေးပေးထားလို့ “အရှင်မွေး နေ့ချင်းကြီး” ဖြစ်လာတယ်။ စစ်တပ်နဲ့ အဆက်အသွယ်ရှိတဲ့လူတွေ၊ ပိုက်ဆံရှိတဲ့လူတွေ ကျနော်တို့မန္တလေး မှာဆိုရင် နန်းတွင်းထဲသွားပြီး DSI မှာ ၀ယ်ရတာကိုပဲ အခွင့်အရေးတခုလို ဖြစ်နေတာ။ အဲဒီတုန်းက တခြားတိုင်းရင်းသား ပုဂ္ဂိလအရင်းရှင်တွေဆိုရင် လိုင်စင် လျှောက်တာကစပြီး စည်းကမ်းကလနားတွေ၊ လာဘ်ပေးလာဘ်ယူတွေက အများကြီးဖြတ်သန်းရတော့ မကြီးပွားနိုင်ဘူး။ အင်မတန် ခက်ခဲတယ်။ DSI ကျတော့ သူတို့လူတွေမို့လို့ အမြန်ကြီးထွားတယ်။
အဲဒီတုန်းက တိုင်းရင်းသား ပုဂ္ဂလိကအရင်းရှင်လူတန်းစား ဆိုတာကလဲ အရပ်သားအစိုးရ၀န်ကြီးတွေကို မှီခိုအားထားရတာ။ အဲဒီဝန်ကြီးတွေက အားပေးမှပဲ သူတို့လဲ ချမ်းသာကြတာ။ အဲဒီအထဲမှာ တရုတ်၊ ကုလားတွေလဲ အများကြီးပဲ။ ဒါကြောင့်မို့လို့ ဗိုလ်နေ၀င်းအစပြုတဲ့ စစ်အုပ်စုဟာ တရုတ် - ကုလားအ ပေါ်မှာ လူမျိုးရေးအရ ဘာကြောင့်မုန်းတီးတယ်ဆိုတာ ဒီဟာလဲ အရေးကြီးတဲ့ အချက်တချက်ဖြစ်တယ်။ သူတို့နဲ့အရင်ကတည်းက စီးပွားပြိုင်ဘက်လို ဖြစ်နေခဲ့လို့။ တကယ်ကျတော့ လက်တွေ့မှာ စစ်ဗျူရိုကရက်အရင်းရှင်ကို အရပ်သားဗျူရိုကရက်အရင်းရှင်က မပြိုင်နိုင်ပါဘူး။
DSI ဟာလဲသူများနည်းတူ လိုင်စင်တော့လျှောက်ရပါတယ်။ အရပ်သားဝန်ကြီးက ဆိုရှယ်လစ်ပါတီက ၀န်ကြီးဆိုရင်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ဦးရာရှစ်လို ၀န်ကြီးဆိုရင်တော့ အရစ်ရှည်နေတော့တာ။ ဒါကို စစ်တပ်က သေသေချာချာ ငြိုးထားတယ်။ ဒီလိုနဲ့ DSI က သိပ်ကြီးလာတဲ့အခါကျတော့ BEDC ဆိုပြီး ကော်ပိုရေးရှင်းဖွဲ့တယ်။ အဲဒီတုန်းက အရပ်သားဝန်ကြီးတိုင်းမှာ ကိုယ်ပိုင်ကိုင်ထားတဲ့ ကော်ပိုရေးရှင်းတွေ ရှိကြတယ်။ ဦးဗဆွေဆိုရင် တနင်္သာရီတိုင်းကို အခြေခံ တယ်။ ဗိုလ်ခင်မောင်လေးကဆို မန္တလေးတိုင်းကို အခြေခံတယ်။ ရှမ်းပြည်နယ်မှာ ရှမ်းဝန်ကြီးတွေကိုင်တဲ့ ကော်ပိုရေးရှင်းတွေရှိကြတယ်။ ၀န်ကြီးတိုင်းလိုလိုမှာ လက်ကိုင်ကော်ပိုရေးရှင်းတွေရှိသလို၊ လယ်သမား၊ အလုပ်သမားလူတန်းစားနာမည်ခံထားတဲ့ ကော်ပိုရေးရှင်းတွေလဲ ရှိကြတယ်။ ဦးကျော်ငြိမ်း၊ သခင်တင်၊ သခင် ပန်းမြိုင်၊ သခင်ကျော်ဒွန်း စသဖြင့် အပိုင်စားကော်ပိုရေးရှင်းတွေက လူ့အလွှာလူတန်းစားနာမည်ခံ ကော်ပိုရေးရှင်းတွေချည်းပါပဲ။
ဒါပေမဲ့ ဘယ်ကော်ပိုရေးရှင်းမှ BEDC ကိုမပြိုင်နိုင်ဘူး။ ဘာကြောင့်လဲ။ ဒါဟာ ဗိုလ်အောင်ကြီးတို့၊ ဗိုလ်ခင်ညိုတို့ စီးပွားရေးလုပ်တတ်လို့လားဆိုတော့ မဟုတ်ပါဘူး။ တချက်က သူတို့မှာစစ်တပ်ရှိတယ်။ ဒါကြောင့်မို့ ရောက်လေရာဒေသတိုင်းမှာ တပြည်လုံးကို ချုပ်ကိုင်ပြီးလုပ်နိုင်တယ်။ တပ်မတော်သားတွေကို လိုသလိုခိုင်းလို့ရတယ်။ လခပေးဖို့မလိုဘူး။ တပ်မတော်သားတွေကို ကြိုက်သလို ခေါင်းပုံဖြတ်လို့ရတယ်။ နောက်ပြီး သူတို့နဲ့ပြိုင်ဆိုင်တဲ့လူ မရှိဘူး။
ဒုတိယတချက်က အရပ်သားဝန်ကြီးတွေကိုင်တဲ့ ကော်ပိုရေးရှင်းတွေက အကုန်အကျများတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ရွေးကောက်ပွဲအ တွက်လဲ စဉ်းစားရသေးတယ်။ မဲရဖို့ စည်းရုံးရေးကလဲ လုပ်ရသေးတယ်။ မဲရုံစောင့်တွေ၊ စည်းရုံးရေးမှူးတွေမွေးရတယ်။ အဲဒါတွေကျတော့ အလကားခိုင်းလို့မရ ဘူး။ ပေးရကမ်းရတယ်။ စစ်ဗိုလ် စစ်သားကျတော့ BEDC က အလကားခိုင်းလို့ရတယ်။ တပြားမှပေးဖို့မလိုဘူး။ နောက်တခါ အရပ်သားဝန်ကြီးတွေကျတော့ မဲ ဆွယ်ဖို့အတွက် တန်ဆောင်တိုင်ပွဲတို့၊ သီတင်းကျွတ်ပွဲတို့၊ သင်္ကြန်တို့၊ ထီးတင်ပွဲတို့အတွက်လဲ ပိုက်ဆံကုန်ရတယ်။ BEDC က ဒါတွေ ဘာမှလုပ်ဖို့မလိုဘူး။ ရသမျှ ကို စုထားလိုက်ဖို့ပဲ။ ဒီလိုနဲ့ BEDC ကြီးထွားတဲ့နှုန်းက အရမ်းမြန်တာ။
အဲဒါကြောင့် BEDC နဲ့ ကျန်တဲ့ အရပ်သားကော်ပိုရေးရှင်းတွေရဲ့ ပြိုင်ဆိုင်မှု၊ အပြန်အလှန်မုန်းတီးမှုဟာ တဖြည်းဖြည်းကြီးသည်ထက် ကြီးထွားလာ တယ်။ ဒါပေမဲ့အဲဒီတုန်းက ဖဆပလက တစည်းတလုံးတည်းရှိနေလို့ စစ်တပ်က အားမစမ်းရဲသေးဘူးဖြစ်နေတာ။ ဒါကြောင့်လဲ စစ်အုပ်စုဟာ ပါလီမန်ဒီမိုကရေစီ စနစ်၊ ပါလီမန်ထဲမှာရှိတဲ့ ပါတီကိုမုန်းတာရဲ့ အဓိကကျတဲ့အချက်ဟာ အဲဒါပါ။ ဒါဟာ လူတန်းစားအခြေခံလို့ပြောရင်ကို ရပါတယ်။
အဲတော့ အရပ်သားဝန်ကြီးတွေကို ဖြတ်သန်းပြီး BEDC ဟာ စီးပွားရေးလုပ်နေရတာကို စစ်ဗျူရိုကရက်တွေက ကြာတော့မကြိုက်ဘူး။ အောက်ကျို့ရ တယ်လို့ထင်တယ်။ ဒါကြောင့် သူတို့ကငါတို့သာ အာဏာရရင်ဒီပြဿနာတွေ မရှိတော့ဘူးလို့ထင်ကြတယ်။ ဒီလိုနဲ့ ဖဆပလကွဲတာဟာသူတို့ကို သိကြားမင်းပေး တဲ့အခွင့်အရေးပဲလို့ ပြောလို့ရတယ်။ စစ်အုပ်စုဟာ ယူနီဖောင်းချွတ် ရွေးကောက်ပွဲမ၀င်ဝံ့ဘူး။ ရွေးကောက်ပွဲဝင်မယ်ဆိုရင် သူတို့ရှုံးချင်တိုင်းရှုံးမယ်ဆိုတာ အရူး တောင်သိတယ်။ အဲဒါကြောင့် သူတို့က အခုလို ဖဆပလ ကွဲတဲ့အခါကျတော့ ယူနီဖောင်းလဲ ချွတ်ဖို့မလိုဘူး၊ အာဏာကိုလဲ ၀င်ရလိုက်တာဖြစ်တယ်။
ဒီနေရာမှာ အိမ်စောင့်အစိုးရလက်ထက်တုန်းက စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစားက နိုင်ငံ့စီးပွားရေးကို ချုပ်ကိုင်လာပုံ၊ နာမည်ကောင်း ယူပုံနမူနာ နည်းနည်းပြောချင်တယ်။ BPI ကိုဆေးဝါးသွင်းကုန်တွေ မသွင်းရအောင်ဆိုပြီးတော့ ကိုယ့်ဟာကိုယ်ထုတ်မယ်ဆိုပြီး ဖဆပလအစိုးရက ထူထောင်ခဲ့တယ်။ နှစ်တိုင်း အရှုံးပေါ်တယ်။ အရှုံးပေါ်မှာပေါ့၊ နိုင်ငံခြားဆေးနဲ့မှမပြိုင်နိုင်တာ။ BPI ဆိုတာ ကုန်ကြမ်းဟူသမျှလဲ နိုင်ငံခြားက၀ယ်နေရတာ။ စက်အပိုပစ္စည်းကလဲ နိုင်ငံခြားက၀ယ် နေရတာ။ အိမ်စောင့်အစိုးရကျတော့ BPI က မရှုံးတော့ဘူး။ ဘာကြောင့်လဲ။ စစ်တပ်က မျက်လှည့်ပြလိုက်တာပဲ။ ကာကွယ်ရေးဝန်ကြီးဌာနကနေ BPI မှာ ရောင်းမ ကုန်လို့ပိုနေတဲ့ B 1 တို့၊ Yeast တို့စတဲ့စားဆေးတွေကို သိမ်းကြုံးဝယ်လိုက်တယ်။ ပြီးတော့မှ သူတို့ထိုးစစ်ကြီးတွေဝင်လာတဲ့အခါမှာ ကွန်မြူနစ်အခြေစိုက်တဲ့ ဒေသ ကလူထုတွေကို စည်းရုံးတဲ့အနေနဲ့ အခမဲ့ဝေပေးတယ်။ တချက်ခုန် နှစ်ချက်ပြတ်ပဲ။ လူထုကိုလဲ စည်းရုံးရာကျတယ်၊ သူတို့ဆေးတွေလဲ ရောင်းထုတ်ရာကျတယ်။ အစကတော့ လူထုတွေက အဲဒီဆေးတွေကို မစားဝံ့ဘူး။ ဒါပေမဲ့ လက်နက်ကိုင်နေတဲ့ ကွန်မြူနစ်တွေက “ဟာ ... ပေးရင် ယူသာယူ၊ အလကားရရင် ယူသာယူ။လူ အတွက်လဲစားလို့ရတယ်။ ခင်ဗျားတို့မစားချင်ရင် ၀က်တောင်ကျွေးလို့ရတယ်၊ နောက်ပြီးအရက်ချက်တဲ့ စိမ်ရည်အဖြစ်လဲသုံးလို့ရတယ်” လို့ပြောလိုက်တော့ လူထု ကလဲယူတယ်။ လူထုက နောင်လာရင် များများယူခဲ့ပါလို့တောင် မှာလိုက်သေးတယ်။ အဲဒီလိုနဲ့ BPI မှာပုံနေတဲ့ ရောင်းမကုန်တဲ့ဟာတွေ အကုန်လုံးရောင်းထွက် သွားတယ်။ “BPI အမြတ်ပေါ်ပြီ” လို့ စစ်အစိုးရက သတင်းစာမှာ ၀ါဒဖြန့်နိုင်သွားတယ်။
နောက်တခုက ဓာတ်ခဲသုံး “ကြံ့ခိုင်ရေး” ရေဒီယို။ အဲဒါကို စစ်တပ်ကသတင်းပေးတွေနဲ့ သူတို့ရဲ့လူကြီးတွေကို စစ်တပ်က၀ယ်ပေးတယ်။ အဲတော့ ဗမာပြည်မှာတပ်ဆင်တဲ့ ကြံ့ခိုင်ရေးရေဒီယိုဟူသမျှ အကုန်လုံးရောင်းစွံသွားတယ်။ ရောင်းမထွက်ဘူးဆိုတဲ့ ပြဿနာမရှိဘူး။ အဲဒါကြောင့် ကျနော်တို့ကွန်မြူနစ်ပါ တီရဲ့ စစ်တပ်တွေ၊ တပ်ရင်းတွေမှာလဲ အကုန်လုံးအဲဒီ ကြံ့ခိုင်ရေးရေဒီယိုတွေပဲ ဖြစ်ကုန်တယ်။
ဗိုလ်အောင်ကြီးတို့၊ ဗိုလ်ခင်ညိုတို့ စီးပွားရေးလုပ်တတ်တယ်ဆိုတာ အဲဒါမျိုးပါ။ အဲလို စီးပွားရေးမျိုးကတော့ အာဏာရှိတဲ့လူတိုင်း လုပ်တတ်ပါတယ်။ အာဏာနဲ့စီးပွားရေးလုပ်လို့လဲ ဗျူရိုကရက်အရင်းရှင်လို့ခေါ်တာပါ။ စစ်ဝတ်စုံဝတ်ထားတော့ စစ်ဗျူရိုကရက်အရင်းရှင်ဖြစ်တာပါပဲ။
“ဆိုရှယ်လစ်” - “ပြည်သူပိုင်”
အထက်မှာပြောခဲ့တဲ့အတိုင်း ၁၉၆၂ ခုနှစ်ကျတော့ ဒီစစ်ဗိုလ်တွေလဲ ၀န်ကြီးလုပ်တတ်သွားကြပြီ။ တော်လှရေးကောင်စီအစိုးရဆိုတာကလဲ ပါလီမန် ရွေးကောက်ပွဲ လုပ်မပေးရအောင် ၁၉၄၇ အခြေခံဥပဒေကို ဖျက်ပစ်လိုက်တယ်။ အာဏာကို စစ်ဗျူရိုကရက်လူတန်းစားက ရာခိုင်နှုန်းပြည့် ချုပ်ကိုင်လိုက်ပြီလို့ ပြောလို့ရတယ်။ အဲတော့ လုပ်ရကိုင်ရတာလဲ လွယ်တယ်။ ဘာလုပ်ချင်လုပ်ချင် အမိန့်ဒီဂရီထုတ်လိုက်ရင် ပြီးတာပဲ။ ပထမ၀န်ကြီးတွေ ဖမ်းလိုက်၊ အခြေခံဥပဒေ ဖျက်လိုက်၊ အကုန်လုံးအမိန့်ကြေညာချက်ဆိုတာကနေ လုပ်သွားတာ။ ဒါပေမဲ့ ပြိုင်ဖက်ကော်ပိုရေးရှင်းတွေ ဖျက်ဖို့အတွက် နည်းနည်းခက်နေတယ်။ အဲတော့ လုပ်နည်းတမျိုးထွင်ရတယ်။ အဲဒါ ဘာလဲဆိုတော့ “ဆိုရှယ်လစ်တော်လှန်ရေး” ဆိုတဲ့ အလံထူပြီး “ပြည်သူပိုင်သိမ်းတယ်” ဆိုပြီး လုပ်လိုက်တာပဲ။ ဆိုရှယ်လစ် တော်လှန်ရေး သူတို့ဘာကြောင့်လုပ်တယ်ဆိုတဲ့အကြောင်းရင်းက အဲဒါပါပဲ။ ဒေသန္တရကော်ပိုရေးရှင်းတွေလဲ အဖျက်ခံရတယ်။ ကျန်တဲ့ လူထုလူတန်းစားဆိုတာ တွေကို အခြေခံထားတဲ့ ကော်ပိုရေးရှင်းဆိုတာတွေလဲ အကုန်လုံးဖျက်ရတယ်။ အရင်တုန်းက ဆိုရှဝ်လစ်ပါတီနဲ့မကင်းတဲ့ စစ်ဗိုလ်တွေ (ဗိုလ်ချုပ်အောင်ကြီးတို့၊ ဗိုလ်ချုပ်မောင်မောင်တို့) လုပ်ထားတဲ့ BDEC လဲ ပြည်သူပိုင်စာရင်းထဲ ပါသွားတယ်။
တကယ်ကျတော့ စစ်အုပ်စုတခုကို နောက်စစ်အုပ်စုတခုက အစားထိုးတယ်ဆိုရင် တသိုက်တမြုံလုံး ရှင်းပစ်ရတာဖြစ်တယ်။ အစအနချန်ထားလို့ မရ ဘူး။ အဲလိုဖျက်သိမ်းတဲ့အခါမှာ အဲဒီအချိန်တုန်းကတော့ စီးပွားရေးအဆောက်အအုံတွေကိုပါ ဖျက်ဆီးပစ်လိုက်တာ။ အဲလိုဖျက်သိမ်းလိုက်တဲ့ အကြောင်းအရင်းတ ခုကလဲ “ပြည်သူပိုင်” ဆိုတဲ့ဆိုင်းဘုတ်အောက်မှာ ကော်ပိုရေးရှင်းမှန်သမျှ စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစားပိုင် ဖြစ်နေပြီ။ အဲတော့ စစ်တပ်ပိုင်ကော်ပိုရေးရှင်း ရယ်လို့လဲ သပ်သပ်ထားနေစရာ မလိုတော့ဘူး။ အဲဒါကြောင့်ပဲ။ သူတို့ “ဆိုရှယ်လစ်” အလံ ဘာကြောင့်ထူလဲဆိုရင်တခုက ပြိုင်ဘက်တိုင်းရင်းသားအရင်းရှင်တွေ ပိုင်တဲ့ကော်ပိုရေးရှင်းတွေနဲ့ အရင်ဆိုရှယ်လစ်စစ်ဗိုလ်တွေရဲ့ အရင်းအနှီးတွေကို မဆလ စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစား တဦးတည်းပိုင်လုပ်နိုင်တယ်။ နောက် တခုက တချက်ခုတ် - နှစ်ချက်ပြတ်ဆိုသလို နလဗိန်းတုံး နိုင်ငံရေးသမားတွေကိုလဲ “ဆိုရှယ်လစ်” တော်လှန်ရေးမှိုင်းတိုက်လို့ရသွားတယ်။ တချို့လူတွေကတော့ နလဗိန်းတုံးနိုင်ငံရေးသမား မဟုတ်ပါဘူး။ “ဆိုရှယ်လစ်” တော်လှန်ရေးကို ယုံကြည်ဟန်ဆောင်ပြီး ၀င်ပြီးနေရာယူကြတာပါ။ အဲတော့ ကော်ပိုရေးရှင်းအသစ်တွေရဲ့ ဘုတ်အဖွဲ့တွေဖြစ်ကြတာ မနည်းဘူး။ ဗိုလ်နေ၀င်းတို့ စစ်အုပ်စုမှာလဲ သုံးမကုန် ယူမခမ်း “ပြည်သူပိုင်” သိမ်းထားတာတွေက မနည်းဘူး။ အဲဒီအခါမှာ လက်နက်ချ ကွန်မြူနစ်တွေကလဲ ပွဲကြီးပွဲကောင်း တွေ့ကြတာပဲ။
ချုပ်လိုက်ရင် စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစားဟာ ပေါ်စက DSI နဲ့စတာ၊ ဖွတ်ဘ၀။ BDEC ဖြစ်တော့ ဖွတ်ကြီး။ “ဆိုရှယ်လစ်” တော်လှန်ရေးလုပ် တော့ မိကျောင်းဖြစ်တာပဲ။ အဲဒီမိကျောင်း မပြုတ်မချင်း လူထုချမ်းသားမှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့ ၁၉၅၈ ခုနှစ်၊ အာဏာသိမ်းတုန်းက၀န်ကြီးတွေနဲ့ အာဏာရပါတီခေါင်းဆောင်တွေကို စစ်အစိုးရဟာမဖမ်းခဲ့ပါဘူ။ ၆၂ ခုနှစ်၊ အာဏာသိမ်း တဲ့အခါကျတော့ ပထစ၊ ဖဆပလ အကုန်လုံးထောင်ထဲဂျောင်းရပါတယ်။ ဒီတကြိမ်အာဏာသိမ်းတာဟာ လက်တည့်စမ်းတာ၊ ဇာတ်တိုက်တာ မဟုတ်တော့ပါဘူး။
Posted by
ရွှေဥသြ
at
21:05
0
comments
Labels: ကိုယ့်အကြိုက် စာအုပ်များ
Thursday, 24 January 2008
စစ်တပ်နဲ့နိုင်ငံရေး (ရဲဘော် ဖိုးသံချောင်း) တတိယပိုင်းနှင့် နိဂုံးပိုင်း
ကောက်ရိုးသင်္ခါရနဲ့ သံသင်္ခါရ
အခုပြောမှာက ကျနော့်တင်ပြချက်ရဲ့ နိဂုံးပိုင်းဖြစ်ပါတယ်။ နိဂုံးပိုင်းဆိုပေမဲ့ ဒီအပိုင်းမှာ ပြောစရာတွေက အများကြီးပါ။ ဒါပေမဲ့ ဒီအခန်းထဲမှာ ၁၉၈၈ ခုနှစ်ကနေ ဒီကနေ့အထိအကြောင်းတော့ မပြောသေးပါဘူး။ ဒီကိစ္စက န၀တ - နအဖနဲ့ ပွဲမပြတ်သေးတဲ့အတွက်
နောင်မှာမှ ပြောတော့မယ်လို့ စိတ်ကူးပါတယ်။ ဒါပေမဲ့ ဒီကြားထဲမှာလဲ အကြောင်းသင့်ရင် သင့်သလို ထည့်ပြောသွားမှာပါ။ တကယ်ကျတော့ သူတို့ချင်းကခုမှ ချလို့ကောင်းကြတုန်းပါ။ မလဆ စစ်အုပ်စုရဲ့ အစ - အလယ် - အဆုံး အကြောင်းပြောလိုက်ရင် န၀တ - နအဖ လဲနောင်မှာ ဘယ်လိုဇာတ်သိမ်းမယ်ဆိုတာကို ဟောကိန်းထုတ်သလို ဖြစ်သွားမှာပါ။
၁၉၆၂ ခုနှစ်၊ အာဏာသိမ်းတဲ့အခါမှာ ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေ စစ်အုပ်စုဟာ တပ်မတော်ကို နိုင်ငံရေးအရကိုယ်စားပြုနေတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီတုန်းကအာဏာသိမ်းရာမှာ အခရာဟာသူတို့ပါပဲ။ ဒါပေမဲ့ဆိုရှယ်လစ်ပါတီက ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နဲ့ သံယောဇဉ်မပြတ်တဲ့ ဗိုလ်အောင်ကြီး က တက်တက်ကြွကြွသိပ်မရှိပါဘူ။ ဗိုလ်တင်ဖေက တက်ကြွပါတယ်။ သူတို့နှစ်ဦးရဲ့ ပဋိပက္ခကိုဗိုလ်နေ၀င်းက ကောင်းကောင်းအသုံးချပြီးတော့ သူ့ကိုပခုံးချင်း မယှဉ်အောင် လုပ်ထားတာပါ။ (သူတို့နှစ်ယောက်အကြောင်း နောက်မှပဲ နည်းနည်းထပ်ပြောပါမယ်။)
၁၉၆၂ ခုနှစ်ကဖြစ်တာဟာ စစ်အုပ်စုအနေနဲ့နိုင်ငံရေးအာဏာကို လိုချင်လို့ကိုသိမ်းတဲ့ အာဏာသိမ်းပွဲဖြစ်ပါတယ်။ အင်မတန် ရှင်းပါတယ်။ ဒီအတွက် သူတို့အကြောင်းပြချက်ရှာတဲ့အခါကျတော့ ဗမာပြည်လိုတိုင်းပြည်မှာက အကြောင်းပြချက်ရှာရတာ အင်မတန်လွယ်ပါတယ်။ တောထဲကကွန်မြူနစ်ကို လက်ညှိုး ထိုးမလားရတယ်။ လူမျိုးစုတွေကို လက်ညှိုးထိုးမလားရတယ်။ တခြားလဲအကြောင်းပြစရာတွေက အများကြီးပါ။ မြေပေါ်နိုင်ငံရေးလဲ လက်ညှိုးထိုးလို့ ရသေးတယ်။
၁၉၆၂ ခုနှစ်မှာကျတော့ မြေပေါ်ကလူမျိုးစုတွေကို လက်ညှိုးထိုးပါတယ်။ ဒါကလဲ ဗိုလ်နေ၀င်းရဲ့စိတ်အထာ (mood) အပေါ် တည်တာပါ။ သူမျက်စေ့ ဆံပင်မွှေးစူးနေတာက (အဲဒီတုန်းကဆိုရင်) ရှမ်းပြည်က တောင်ကြီးဦးထွန်းမြင့်၊ သူရ (ရှမ်းပြည်) ခေါ် ဦးထွန်းဖေ၊ အင်းလေးဦးစိုးမောင်၊ အဲဒီလို တိုးတက်တဲ့ လူတွေနဲ့ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ စော်ဘွားတွေတပူးတွဲတွဲ နိုင်ငံရေးလှုပ်ရှားနေကြတဲ့ကိစ္စပါ။ နောက်ပြီးအဲဒီကြားထဲမှာ ဦးနုကလဲ နိုင်ငံရေးကစားနေပါတယ်။ ဒါကို သူကကြည့်မရဘဲ ဖြစ်နေတယ်။ နေ၀င်းက ငိုချင်ရက် - လက်တို့ ဖြစ်စေတာ အဲဒါတွေပါပါတယ်။
အဲဒီလို နေ၀င်းရဲ့စိတ်အထာအပြင် အခြေခံအကြောင်းရင်းတခုလဲ ရှိပါသေးတယ်။ အဲဒါက ဒီလိုပါ။
စစ်ဗိုလ်ရှိသမျှအားလုံးဟာ သူတို့စစ်ဆင်ရေးလုပ်ရာဒေသမှာတော့ စစ်ဘုရင်တွေပါ။ သူတို့ဟာ အစဉ်အလာထုံးစံအတိုင်း ဒေသန္တရဘုရင်ဖြစ်တဲ့ စော် ဘွားတွေနဲ့ ပဋိပက္ခဖြစ်ပါတယ်။ စစ်ဗိုလ်တွေမှာက လူမျိုးကြီးဝါဒကလဲ လွှမ်းနေတာပါ။ စော်ဘွားဆိုတာက သူ့ဒေသမှာဘုရင်ငယ်တဆူပါ။ ဒါကြောင့် စစ်ကြောင်း တွေရဲ့လုပ်ရပ်နဲ့ စော်ဘွားတွေရဲ့အာဏာအကြား မကြာခဏ ပြဿနာပေါ်ပါတယ်။ ဒီပဋိပက္ခဟာ တချို့နေရာတွေမှာ အင်မတန်ပြင်းပါတယ်။ အာဃာတတွေလဲ ဖြစ်ကြပါတယ်။ အဲဒီလိုနဲ့ ၆၂ အာဏာသိမ်းပြီးတဲ့နောက်မှာ သီပေါစော်ဘွားကို လမ်းမှာတင်အပြတ်ဖြောင်ပစ်လိုက်တာဟာ အဲလိုရန်ငြိုးမီးကြောင့် ဖြစ်ပါတယ်။
ခုနကကျနော်ပြောခဲ့တဲ့ တောင်ကြီးဦးထွန်းမြင့်၊ သူရ (ရှမ်းပြည်)၊ အင်းလေး ဦးစိုးမောင် စတဲ့ တိုးတက်သူတွေကိုတော့ စစ်အစိုးရက မြေပေါ်ကွန်မြူနစ် လို့ သတ်မှတ်ထားတာပါ။ ဦးထွန်းမြင့်တို့က တရားဝင်ထုတ်နေတဲ့ ဂျာနယ်မှာ ... “ရှမ်းပြည်မှာအရင်က ‘ယူနီယံဂျက်’ အလံအစားအခု ‘ပြည်ထောင်စုဗမာ’ အလံ ရောက်နေပြီ၊ စစ်ကားပေါ်မှာ အင်္ဂလိပ်တွေရဲ့ဘေးမှာ ရှမ်းပျိုဖြူတွေတွေ့နေရာကနေ အခုဆိုရင် ဗမာစစ်ဗိုလ်တွေဘေးမှာ ရှမ်းပျိုဖြူတွေတွေ့နေရပြီ။” နောက် ရှမ်း ကျောင်းသားတွေတောခိုလာပြီး SSPP ခေါင်းဆောင်တွေ ဖြစ်လာကြတော့ သူတို့ပြောတာက ... “အိမ်စောင့်အစိုးရခေတ် မယ်ရွေးပွဲတွေဟာ စစ်ဗိုလ်တွေတော် ကောက်ဖို့အလှမယ်တွေ တန်းစီပြရတာဖြစ်တယ်” လို့ပြောပါတယ်။ “ရှမ်းပြည်က မယ်တွေအတော်များများဆိုရင်လဲ စစ်ဗိုလ်ကတော်တွေ ဖြစ်ကုန်ပြီ” လို့ပြောပါ တယ်။ သူတို့ပြောတာ ဟုတ်သလောက်လဲ ဟုတ်တယ်လို့ထင်ပါတယ်။
အထက်မှာပြောခဲ့သလိုပဲ စစ်တပ်ဟာ ‘ကြံ့ခိုင်ရေးအဖွဲ့’ ဆိုတာလဲ ဖွဲ့ပါတယ်။ နယ်တွေမှာ ကြံ့ခိုင်ရေးအဖွဲ့တွေဟာ ယောက်ျားတွေ ကြီးကြီးငယ်ငယ် အားလုံးကိုနှစ်ဖက်ချွန် ၀ါးချွန် ၀ါးရင်းတုတ်တပ်ဖွဲ့၊ ဒူးလေးတပ်ဖွဲ့ဆိုတာတွေ ဖွဲ့ခိုင်းပါတယ်။ အိမ်ထဲမှာ ကျောက်ခဲတွေစုပုံထားရတယ်။ ငရုတ်ရည်ပုလင်းတွေ ထားရတယ်။ ရှိမရှိလဲ အမြဲတမ်းစစ်ဆေးတယ်။ သူတို့ပြောတာက ကွန်မြူနစ်တွေရွာထဲဝင်လာရင် ငရုတ်ရည်နဲ့ပက်မယ်၊ ကျောက်ခဲနဲ့ထုမယ်၊ အဲဒီလိုပါ။ အဲဒီ အတွက် လေ့ကျင့်ခန်းတွေလဲ အကြိမ်ကြိမ်လုပ်ရပါတယ်။ တပ်ကြပ်တွေကလာပြီး ဆရာလုပ်ကြပါတယ်။ ကွန်မြူနစ်ကို အဲဒါမျိုးနဲ့တိုက်ရင် မရဘူးဆိုတာ လူမှန်ရင် သိပါတယ်။ စစ်ဗိုလ်တွေလဲ သိပါတယ်။ ဒါပေမဲ့ သူတို့တကယ်လုပ်ချင်တာက လူထုကိုနံနှိမ်ချင်နေတာပါ။ စိတ်ဓာတ်ချိုးနှိမ်နေတာပါ။ သူတို့ခိုင်းတိုင်း လုပ်လို့ရ တယ်ဖြစ်အောင် နံနှိမ်တာပါ။ နောက်ပြီး စစ်တပ်တခုလုံးကို သူခိုးသေဖော်ညှိ လုပ်တယ်လို့ပြောရင်လဲ ရမယ်ထင်ပါတယ်။ အဲဒီတုန်းက ဖဆပလ တလက်ကိုင် ပျူစောထီးနဲ့ ကြံ့ခိုင်ရေးကို သူတို့စစ်တပ်ရဲ့ ကိုင်ပိုင်အင်အားတရပ် ထူထောင်တာလို့လဲ စဉ်းစားရင်ရမယ်ထင်ပါတယ်။ အဲဒီတုန်းက အမျိုးသမီးကြီးကြီးငယ်ငယ် အားလုံးကလဲ ကြံ့ခိုင်ရေးတပ်ဖွဲ့တွေ ဖွဲ့ရပါတယ်။ သူတို့ကတော့ ဧည့်ခံရေး၊ ကြိုဆိုရေး၊ ချက်ပြုတ်ကျွေးမွေးရေးတွေအပြင် အနင်းအနှိပ်လုပ်ပေးဖို့ အဖွဲ့တွေပါ ဖွဲ့ရပါတယ်။ မဖွဲ့မနေရပါ။
တချို့ကွန်မြူနစ်ဒေသတွေမှာဆိုရင် ဂေါ်ရခါးဗိုလ်ဦးစီးတဲ့တပ်တွေနဲ့ ထိုးစစ်ဆင်ပါတယ်။ အဲလို ထိုးစစ်ဆင်တဲ့တပ်တွေက အနင်းအနှိပ်အဖွဲ့က မိန်းက လေးတွေကို အနိုင်ကျင့်ပါတယ်။ အဲလို အနိုင်ကျင့်ပြီးတော့ တောမယား ကိုယ်ဝန်ရဆိုတာမျိုးဖြစ်ပါတယ်။ ကလေးတွေ မွေးကြပါတယ်။ အဲဒီလို ကလေးတွေကို လူထုက ‘ဂေါ်ရခါးသီး’ လို့ ပြောင်ပြီးခေါ်ကြပါတယ်။ အဲဒီလိုပဲ အနင်းအနှိပ်တပ်ဖွဲ့ထဲမှာရှိတဲ့ ပျိုဖြူရွယ်တွေအားလုံးဟာ ဗိုလ်တွေရဲ့အခန်းတွေမှာ နှိပ်ပေးရတာပါပဲ။ တောမယားအဖြစ် တော်ကောက်တဲ့သဘောပါပဲ။ မြို့မှာတော့ မယ်ရွေးပွဲတွေကဗိုလ်က တော်ကောက်တယ်။ တောမှာတော့ ကြံ့ခိုင်ရေးအနင်းအနှိပ်အဖွဲ့တွေနဲ့ တောမယားရွေးတယ်။ သူတို့လုပ်ချင်တိုင်း လုပ်ကြတာပါ။ ပြည်နယ်ပြည်မ မခွဲပါဘူး။ လူမျိုးစုဒေသတွေမှာဆိုတော့ သူဘာဝကျစွာပဲ ဒါတွေဟာ ဗမာလူမျိုးမုန်းတီး ရေးစိတ်ဓာတ်တွေ ဖြစ်လာပါတယ်။
အခုပြောခဲ့တာက အာဏာသိမ်းရတဲ့ ဗိုလ်နေ၀င်းရဲ့ အကြောင်းပြချက်နဲ့ပတ်သက်လို့ ရှင်းပြတာပါ။
အာဏာသိမ်းရခြင်းရဲ့ အဓိကအကြောင်းရင်းက ဒီလိုလို့ထင်ပါတယ်။ တည့်တည့်ပြောရရင် ဒီစစ်အုပ်စုဟာ ၁၉၅၈ ခုနှစ်က စားထားရတဲ့ အမဲသားကို မစားရမနေနိုင်လို့ သိမ်းတာပါ။ အဲဒီချိန်မှာ စစ်အုပ်စုဟာ အမဲသားကိုစွဲလမ်းနေပါပြီ။ အဲဒီအရူးကို အမဲသားကျွေးခဲ့သူတွေကတော့ ဖဆပလ နှစ်ခြမ်းပါ။ တည်မြဲ ရော သန့်ရှင်းပါ။ နှစ်ဖွဲ့လုံး တာဝန်ရှိပါတယ်။ အဲဒီတုန်းက ကန့်ကွက်သူက မြေပေါ်ကွန်မြူနစ်ပါတီဆိုတဲ့ ပမညတ ပါ။ ဒါကြောင့်လဲ ပမညတတွေ၊ ကျောင်းသားတွေ ကိုကိုးကျွန်းကို အပို့ခံရပါတယ်။ (အဲဒီ ကိုကိုးကျွန်းကို ကွန်မြူနစ်တွေနဲ့ပဲ ဖွင့်ခဲ့ပြီးကွန်မြူနစ်ပါတီတွေကပဲ ပြန်တိုက်ပြီးပိတ်ပစ်ခဲ့တယ်လို့ ပြောရင်မမှားပါဘူး။)
စစ်အုပ်စုတိုင်းဟာ အမဲသားမစားရ မနေနိုင်ပါဘူး။ ဒီစစ်အုပ်စုတိုင်းမှာ အာဏာရူးရောဂါ အမြစ်တွယ်နေပါတယ်။ ၆၂ ခုနှစ်၊ အာဏာသိမ်းတုန်းက ၆၀ ခုနှစ်၊ ရွေးကောက်ပွဲမှာနိုင်ထားတဲ့ ပထစ အစိုးရဆီကသိမ်းတာပါ။ အရပ်သားအစိုးရ၊ အရပ်သားပါတီဆီက သိမ်းရတာဖြစ်လို့ သွေးထွက်သံယို မရှိသလောက် နည်းပါတယ်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းပွဲနဲ့မတူပါဘူး။ ၈၈ ခုနှစ်အာဏာသိမ်းပွဲကတော့ စစ်တပ်ပါတီ (မဆလ) ဆီကသိမ်းရတာပါ။ လူထုကြီး သွေးထွက်သံယိုရှိ ပါတယ်။ ဒါကလဲ ကျနော်တို့ ဗမာပြည်ရဲ့ ထူးခြားချက်လို့ ပြောနိုင်ပါတယ်။
အားလုံးသိပြီးသားပေမဲ့ ကျနော်ထပ်ပြောပါဦးမယ်။ မဆလ အစိုးရကလူထုအုံကြွမှုကြောင့် မြောင်းထဲမှာတပိုင်းရောက်နေပါပြီ။ (ကျနော်ဆိုလိုတာက ၈၈ ခုနှစ်အခြေအနေပါ။) သူတို့ အစိုးရယန္တရားကြီးတခုလုံး သွက်ချာပါဒလိုက်နေပါပြီ။ လူထုလက်ထဲမှာလဲ အာဏာတစိတ်တပိုင်း ရောက်နေပါပြီ။ လက်နက် တောင်ရောက်နေပါပြီ။
ဒါပေမဲ့ အဲဒီတုန်းကအစိုးရအစားထိုးစရာ Alternative တခုမရှိပါဘူ။ Alta လို့ပြောကြပါတယ်။ အခုကျမှ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်လို့ အပြစ် တင်လို့လဲ အကျိုးမရှိပါဘူး။ ဒါပေမယ့် ကျနော်ပြောချင်တာက တကယ်လို့သာ အစားထိုးစရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတခု ရှိနေမယ်ဆိုရင် လူထုသွေးထွက်သံယို မှု နည်းနိုင်ပါတယ်။ တဖက်သတ်ခံရတာ မရှိနိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ စစ်တပ်အတော်များများဟာ ကိုယ့်ဘက်တောင်ပါနေကြပြီလေ။ အများစုကြီးက တွေဝေနေပြီ။ ဒါကြောင့်လည်း ဒီလိုအခါမှာ ဗိုလ်အောင်ကြီးက “တပ်မတော်ကို စိတ်နဲ့တောင်မပြစ်မှားကြနဲ့” လို့ လူထုကို တောင်းပန်တာဖြစ်ပါတယ်။ သူက တပ်မပြိုကွဲအောင် ၀င်ပြီးတော့ ထိန်းတာပါ။ ကာကွယ်တာပါ။ လူထုကို အပြစ်တင်တဲ့သဘောပါ။ (တကယ်က) နောက်ဆုံး သူ့ရဲ့ ဗိုလ်နေ၀င်းဆီရေးတဲ့ စာတစောင်မှာ သူဟာ နိုင်ငံရေးအသေခံပြီး သူ့ဂုဏ်သိက္ခာသူ အနစ်နာခံပြီးအဲဒီ “စိတ်နဲ့ တောင်မပြစ်မှားနဲ့” ဆိုတာကြီးကို ပြောခဲ့ရတာပါလို့ ဗိုလ်နေ၀င်းဆီ မျက်ရည်ခံထိုး အသနားခံတာ ဖတ်လိုက်ရပါ သေးတယ်။
တကယ်ကျ ၈၈ ခုနှစ် အာဏာသိမ်းပွဲဟာ “လုပ်အာဏာသိမ်းပွဲ” ပါ။ အာဏာသိမ်းပွဲ အစစ်မဟုတ်ပါဘူး။ မဆလ CEC ထဲက ၀ါအနုဆုံး ၂ ယောက် ကို အာဏာသိမ်းခိုင်းလိုက်တာဖြစ်လို့ လုပ်အာဏာသိမ်းပွဲလို့ ပြောတာပါ။ တကယ့် အာဏာသိမ်းပွဲသာဆိုရင် သူတို့စစ်တပ်ချင်း ချကုန်မီးပွင့်ကုန်မှာပါ။
ဒါနဲ့ပြောင်းပြန်။ တကယ်လို့သာ (တကယ်လို့နော်) ညောင်နှစ်ပင် အောင်မြင်ပါတယ်ဆိုပါစို့။ အဲဒီက အခြေခံဥပဒေပေါ်ပြီဆိုပါစို့။ သူတို့ပြောတဲ့ စည်း ကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ပေါ်ပြီဆိုပါစို့။ ဘာဖြစ်မလဲ။ လုပ်အာဏာသိမ်းပွဲ မဖြစ်ပါဘူး။ တကယ့် အာဏာသိမ်းပွဲပဲဖြစ်မှာပါ။ တက်နေတဲ့အစိုးရကို နောက်ပေါက် စစ်အုပ်စုကအာဏာသိမ်းတဲ့ အစစ်အာဏာသိမ်းပွဲ ထပ်ဖြစ်ဦးမှာပါ။ အမဲသားစားချင်တဲ့ အုပ်စုနှစ်စုရဲ့ရန်ပွဲ၊ မီးပွင့်မယ့်ရန်ပွဲ၊ သွေးထွက်တဲ့ရန်ပွဲ ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ ကွန်မြူနစ်တွေက ၁၀၄ ချက် အခြေခံဥပဒေကို ဆန့်ကျင်နေတာပါ။
ဗမာပြည်ရဲ့ ပဒေသရာဇ်သမိုင်း ကိုကြည့်ပါ။ ဘုရင်တပါးသေရင် မင်းလောင်းတွေ အာဏာလုကြတယ်။ မသေရင်လည်း ခေါင်းအုံးနဲ့ ဖိသတ်တယ်။ သတ်ကြဖြတ်ကြတာ မနည်းပါဘူး။ အဖေကိုသတ်၊ ဘထွေးဘကြီးကိုသတ်၊ တူကိုသတ်၊ အစ်ကိုကိုသတ်၊ ညီအစ်ကိုသတ်။ မန္တလေးနန်းတွင်းမှာကျလည်း အုံနဲ့ ကျင်းနဲ့ သတ်တာ။ ဒါဟာ ဗမာ့နည်း ဗမာ့ဟန်လို့တောင် ဖြစ်နေခဲ့တာပါ။ အဲတော့ ညောင်နှစ်ပင်သာ အောင်မြင်ရင် စစ်အုပ်စုချင်း နှောင်ဂျိန်ချတဲ့ခေတ်ကြီးကို ကန့်လန့်ကာဖွင့်ပေးလိုက်သလို ဖြစ်သွားမှာပါ။ ဒါ အလွန်သေချာပါတယ်။
၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိဟာ “ဗိုလ်နေ၀င်းခေတ်” လို့ အတိအကျပြောရင်ရပါတယ်။ သူ့ဘုန်းမီးနေလ အတောက်ပဆုံးကာလပါ။ ၆၂ ခုနှစ် မှာဗိုလ်နေ၀င်းဟာ ပြည့်စုံတဲ့တဦးတည်းသော အာဏာရှင်ဖြစ်လာပြီ။ ၈၈ ခုနှစ်မှာသူနန်းပေါ်ကနေ ငိုပြီးဆင်းရတယ်။ သူ့နန်းသက်တလျှောက်မှာ မင်းသမီးထည် လဲတွဲခဲ့တယ်ဆိုတာလို သူ့ဘေးကလူတွေကို သူထင်သလိုခန့်၊ သူထင်သလိုဖြုတ်။ သူကတော့ သေတပန်သက်တဆုံး မင်းမူသွားဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ သေတပန်သက်တဆုံး မလုပ်ရပါဘူး။ သူလည်း ရေပွက်ပမာ ဖြစ်သွားရတာပါ။
ဒီနေရာမှာ အလေးထားထောက်ပြရမှာက အဲဒီလို သေတပန်သက်တဆုံး မင်းမူဖို့ ကြံစည်ထားတဲ့ ဗိုလ်နေ၀င်းကို ကိုယ့်သျှောင်ကိုယ်ဆွဲ နန်းထဲက ဆင်းသွားအောင် လုပ်လိုက်တာဟာ လူထုကြီးဖြစ်တယ်ဆိုတဲ့အချက်ပါ။ သူတို့ အချင်းချင်းဖြုတ်ချလို့ သူဆင်းတာမဟုတ်ပါဘူး။ ပြည်သူလူထုအားကြောင့် သူ ဆင်းသွားရတာပါ။ ဆိုလိုတာက ပြည်သူလူထုရဲ့အားဟာ ဗိုလ်နေ၀င်းလိုအာဏာရှင်ကိုတောင် ဖြုတ်ချနိုင်တယ်ဆိုတာကျန်ာတို့ရဲ့ “၁၃၅၀ ပြည့်နှစ် အရေးတော်ပုံ” လို့ခေါ်ရမယ့် ၈၈ ခုနှစ် အရေးတော်ပုံကြီးက သက်သေပြနေပါတယ်။
စစ်အုပ်စုဟာ တခုကိုဖယ်လိုက်ရင် အပြတ်ဖယ်တာပါ။ ဆိုရှယ်လစ်စစ်ဗိုလ်တွေကို အပြတ်ဖယ်ရှားခဲ့တဲ့ ဗိုလ်နေ၀င်းတယောက် သူဆင်းရပြီဆိုတော့ လည်း သူ့အိမ်တော်ပါတွေပါ တယောက်ပြီးတယောက်ပြုတ်၊ နောက်ဆုံး မြေးတွေအထိအနှိမ်ခံရပါတယ်။ ပဒေသရာဇ်မင်းများလိုပဲ ကျူငုတ်တောင်မချန်တဲ့ ဖယ် ရှားနည်းမျိုးနဲ့ သူလည်းကြုံရပါတယ်။
၆၂ ခုနှစ်မှာ အာဏာသိမ်းတော့ ဗိုလ်နေ၀င်းဟာ အငြင်းပွားစရာမရှိတဲ့ နံပါတ်ဝမ်းဖြစ်နေပြီဖြစ်ကြောင်း ကျနော်ခုနကပြောခဲ့ပါပြီ။ ဒါပေမယ့် ၈၈ ခုနှစ် ဒီဘက်မှာကျတော့ အဲဒီနံပါတ်ဝမ်းဆိုတာ ယာယီဆိုတာမျိုးသာဖြစ်နေပါတယ်။ ဗိုလ်စောမာင်ကို နံပါတ်ဝမ်းလို့မပြောနိုင်ခဲ့ပါဘူး။ အခုဗိုလ်သန်းရွှေ နံပါတ်ဝမ်းဘ၀ ဘယ်လောက်ခံသလဲ စောင့်ကြည့်ရဦးမှာပါ။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေ၀င်းလို ပခုံးခြင်းယှဉ်မယ့်လူမရှိတဲ့ နံပါတ်ဝမ်းမဟုတ်ပါဘူး။ သင်္ခါရတော့ သင်္ခါရချည်းပါပဲ။ ဒါပေမယ့် ကောက်ရိုးသင်္ခါရနဲ့ သံသင်္ခါရ ကွာတယ်ဆိုတာမျိုးလို ဗိုလ်နေ၀င်းကိုတော့ ဗိုလ်သန်ရွှေတို့မမီနိုင်ပါဘူး။ နံပါတ်ဝမ်း အစစ်သာဆိုရင် ကျန်တဲ့အလောင်း အလျာတွေရဲ့ ခြိမ်းခြောက်မမှုလည်း မခံရဘူး။ နောက်မျိုးဆက်တွေက သူ့နောက်ကနေ တိုးတာမျိုးလည်း မခံရပါဘူး။
“စစ်အုပ်စုရဲ့ နိုင်ငံခြားရေး”
ဒီနေရာမှာ ကမ္ဘာ့စနစ်ကြီး (World Order) ကနေ အာဏာရ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးအတွေးအခေါ်ကို ပြဌာန်းတယ်ဆိုတာ ပြောပြချင်ပါတယ်။
စစ်အုပ်စုတိုင်းမှာ နိုင်ငံခြားရေးအတွေးအခေါ် ရှိကြတာချည်းပါပဲ။ နိုင်ငံရေးအဏာရထားတဲ့ စစ်အုပ်စုရဲ့ နိုင်ငံရေးအတွေးအခေါ် ကိုပြဌာန်းတာက တည်ရှိနေတဲ့ ကမ္ဘာ့စနစ်ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်တုန်းက ဗိုလ်နေ၀င်းစစ်အုပ်စုရဲ့ ဆိုရှယ်လစ်အလံဟာပြည်တွင်းမှာ မှိုင်းတိုက်ရေးသက်သက်အတွက် မဟုတ်ပါ ဘူး။ အဲဒီတုန်းက အာဏာသိမ်းပြီးစ စစ်အုပ်စုရဲ့လက်ဦးဆုံးလိုအပ်ချက်က သူတို့ရဲ့အာဏာကို ကမ္ဘာကအသိအမှတ်ပြုဖို့ဖြစ်ပါတယ်။ ဒါ သူတို့မှမဟုတ်ပါဘူး။ အာ ဏာသိမ်းတဲ့အစိုးရတိုင်း၊ အာဏာသိမ်းတဲ့စစ်အုပ်စုတိုင်း ဒီလိုချည်းပါပဲ။ သူတို့ အလိုချင်ဆုံးအချက်ဟာ ကမ္ဘာကသူတို့ကို အသိအမှတ်ပြုဖို့ပါ။ ပြည်သူလူထုက ရွေးကောက်ပြီး တက်လာတဲ့ အစိုးရဆိုရင် ဒါကို တောင့်တနေစရာမလိုပါဘူး။ အလိုလို ဖြစ်သွားတာပါ။
ပြည်တွင်းမှာကျတော့ စစ်အုပ်စုအနေနဲ့ ငြိမ်ဝပ်ပိပြားအောင်လုပ်ထားနိုင်ရင် ကြောက်စရာမရှိတော့ဘူးလို့ သူတို့ယူဆပါတယ်။ ပြည်ပ နိုင်ငံတကာကျ တော့ မျက်နှာချိုသွေးရတာတွေ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဘယ်နိုင်ငံခြားနဲ့မှ အာဏာသိမ်းစမှာ ထိပ်တိုက်မတွေ့ချင်ကြပါဘူး။
၁၉၆၂ ခုနှစ်တုန်းကရှိနေတဲ့ ကမ္ဘာ့စနစ်ဟာစစ်အေးခေတ် ကမ္ဘာ့စနစ်ပါ။ ကိုရီးယားစစ်ပွဲမှာ တချီတမောင်းတိုက်လိုက်ပြီးတဲ့နောက် မောနေကြပြီး ကိုယ်ရှိန်သတ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဗီယက်နမ်ကလည်း အဲဒီတုန်းက နည်းနည်းငြိမ်နေပါသေးတယ်။ ကမ္ဘာ့ဂိုဏ်းကြီးနှစ်ဂိုဏ်း အနားယူနေကြတဲ့အချိန် ဖြစ် တယ်လို့ထင်ပါတယ်။ အထူးသဖြင့် အာရှတိုက်မှာပါ။
ဒါကြောင့် ဗိုလ်နေ၀င်းစစ်အုပ်စုဟာ ဆိုရှယ်လစ်အလံကိုထူလိုက်ပါတယ်။ ဘယ်ဂိုဏ်းကမှ မကန့်ကွက်ပါဘူး။ ကြည့်နေလိုက်ကြပါတယ်။ အနောက် ကလည်း လူ့အခွင့်အရေးစွပ်စွဲချက်တွေ မတင်ပါဘူး။ တော်လှန်ရေးကောင်စီအစိုးရကို မြန်မြန်ပဲအသိအမှတ်ပြုပေးလိုက်ကြတယ်။ ဆိုရှယ်လစ်အလံထူလို့ ဆိုဗီ ယက်ဂိုဏ်းကလည်း ကြိုက်တယ်။ အမေရိကန်ဂိုဏ်းကလည်း “မြန်မာ့နည်းမြန်မာ့ဟန်” ဆိုတာကိုကြိုက်တယ်။
ဗိုလ်နေ၀င်းရဲ့ ကြေးစားကွန်မြူနစ်ပျက်တွေရေးတဲ့ “သဘောတရား” ဆိုတာကလည်း ရောကြော်ဖြစ်တယ်။ “မင်းတို့ ရေးချင်ရာရေး။ ငါ ဗိုလ်နေ၀င်း လုပ်ချင်ရာလုပ်မှာပဲ” ဆိုပြီး ဗိုလ်နေ၀င်း လုပ်ချင်ရာလုပ်လို့ရအောင် ဖန်တီးထားတာမှန်းလည်း အားလုံးကသိကြတော့ အလေးမထားကြပါဘူး။ ဒါကြောင့်မို့လို့ အဲဒီတုန်းက အာဏာသိမ်းစစ်အစိုးရဟာ အနေချောင်ခဲ့ပါတယ်။ အဲဒါ စစ်အေးခေတ် ပြီးဆုံးချိန်အထိပါပဲ။ ၁၉၈၈ ခုနှစ်မှ အာဏာသိမ်းတဲ့ န၀တလို မဟုတ်ပါဘူး။ အခုထိပါပဲ။
၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးလို့ ပြဿနာစပြီးပေါ်တာက အဲဒီဂိုဏ်းကြီးနှစ်ဂိုဏ်းကြောင့် မဟုတ်ပါဘူး။ ပြဿနာစပေါ်တာက တပ်မတော်ကို စတင် မွေးဖွားပေးတယ်လို့ပြောနိုင်တဲ့ ဂျပန်ပါ။ ဂျပန်ဆိုတာ ဒီစစ်အုပ်စုကို သူ့တပည့်သားမြေးလောက်လို့ သဘောထားတာပါ။ စစ်လျော်ကြေးနဲ့မွေးထား ခွံ့ထားနိုင်တယ် လို့လည်း သူတို့ယုံကြည်ပါတယ်။ ဒီစစ်အုပ်စုဟာ ကွန်မြူနစ်တွေလို ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေ မဟုတ်ဘူးဆိုတာလည်း ဂျပန်ကကောင်းကောင်သိပါတယ်။ နောက်ပြီး ဒီခေါင်းဆောင်တွေဟာ နိုင်တဲ့ဘက်ပြေးကပ်တဲ့ သာယာစီးတွေပဲဆိုတာလည်း သူတို့က သမိုင်းအရသိနေတယ်။
အဲဒါကြောင့် စစ်လျော်ကြေးကိစ္စနဲ့ ဂျပန်ပြည်ကိုရောက်နေတဲ့ ဗိုလ်အောင်ကြီးကိုဂျပန်က သြ၀ါဒပေးပါတယ်။ စစ်တပ်ကနိုင်ငံရေးအာဏာ ကြာကြာ ကိုင်ထားရင် တိုင်းပြည်ဒုက္ခရောက်တတ်တယ်လို့ ပြောတယ်။ ဂျပန်က သူ့အတွေ့အကြုံနဲ့သူ ပြောတာပါ။ ဗိုလ်အောင်ကြီးကလည်း သံတမန်ပရိယာယ်နဲ့လေလိုက် ပြီး ထောက်ခံလိုက်မိတယ်။ ပြဿနာက အဲဒီမှာစတာပါ။ ဗိုလ်အောင်ကြီး အဖြုတ်ခံထိတာတော့ ကျနော်အထက်မှာပြောခဲ့ပါတယ်။ ဓါတ်ရိုက်နဲ့နတ်သိုက် တွေ့တာ လည်း ဖြစ်နိုင်ပါတယ်။
ဗိုလ်နေ၀င်းက ဗိုလ်အောင်ကြီးကို ဦးဗဆွေ၊ ဦးကျော်ငြိမ်းဘက်သားလို့ နဂိုကတည်းက သတ်မှတ်ထားတာပါ။ နောက်အကြောင်းတခုကလည်း အဲဒီ တုန်းက ဗိုလ်နေ၀င်းအနေနဲ့ တောထဲကလူတွေနဲ့ ငြိမ်းချမ်းရေးစေ့စပ်ပွဲလုပ်တမ်း ကစားကြည့်ချင်နေတဲ့ဆန္ဒလည်း ရှိနေတယ်။ အဲဒီအကြောင်းလည်းပါ ပါလိမ့် မယ်။ အဲဒါကြောင့် ဗိုလ်အောင်ကြီးကို အာဏာပလ္လင်ပေါ်က ဖယ်ရှားလိုက်ပြီးတဲ့နောက် မကြာဘူး၊ စေ့စပ်ဆွေးနွေးပွဲ ခေါ်လိုက်ပါတယ်။ အဒီအခါမှာ ဘေးမဲ့ပေး ထားတဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ကို ထောင်ထဲဆွဲထဲ့လိုက်ပါတယ်။ ဒါဟာ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေတို့ရဲ့ပဋိပက္ခကို ဗိုလ်နေ၀င်းက အသုံးချလိုက်တာလို့ပြော ရင်ရပါတယ်။ အဲဒီတုန်းက ဗိုလ်နေ၀င်းရဲ့ စိတ်အထာ ဘာဖြစ်နေတယ်ဆိုတာကို သူ့မိန်းမ (ဒေါ်ခင်မေသန်း) နဲ့ သူ့သမီးတွေပဲ သိကောင်းသိမှာပါ။
၁၉၆၂ခု၊ အာဏာသိမ်းပွဲမှာ ဗိုလ်နေ၀င်းဟာသူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေပြီဖြစ်ပါတယ်။ ဖဆပလထဲက ဆိုရှယ်လစ်ပါတီကို အားကိုးစရာမလို တော့ဘူး။ ဦးနုကိုလည်း မှုစရာမလိုတော့ဘူး။ ဗိုလ်အောင်ကြီး၊ ဗိုလ်တင်ဖေကိုလည်း အလေးထားစရာမလိုဘူးဆိုတဲ့ ယုံကြည်ချက်တွေအပြည့်ရှိနေပြီဖြစ်ပါတယ်။
အဲဒီလို ဗိုလ်အောင်ကြီးကို ဖြုတ်ပြီးကတည်းကသူ့မှာ ဘ၀ရှင်မင်းတရားကြီးစိတ်၊ အဓိပတိစိတ်၊ အာဏာရှင်စိတ်ဝင်နေပါပြီ။ အဲဒီလိုနဲ့ပဲ ၂၆ နှစ်လုံး လုံး တယောက်ပြီးတယောက် လှည့်သုံးသွားလိုက်တာနောက်ဆုံး သူ့ငယ်ကျွန် ဗိုလ်ကျော်ထင်၊ ဗိုလ်အေးကို၊ ဗိုလ်စိန်လွင်တို့ပဲ ကျန်တော့တာပါ။ ဒါပေမယ့် ပြောရ ရင် ဗိုလ်နေ၀င်းဟာ ယုံကြည်မှုအပြည့်ရှိတဲ့ အာဏာရှင်၊ ဗိုလ်သန်းရွှေက မရဲတရဲအာဏာရှင်လို့ပြောရမှာပါ။ ဗိုလ်နေ၀င်းက ဖြုတ်ရင်လည်းရဲရဲဖြုတ်၊ မြှင့်တင်ချင် လည်း ပြတ်ပြတ်မြှင့်တင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါတယ်။ ဘယ်ကိစ္စမှ တ၀က်တပျက်မလုပ်ဘူး။ သူအာဏာသိမ်းပြီးတဲ့နောက်မှာ ဖြုတ်ပြီဆိုရင် သံ အမတ်တို့၊ စစ်သံမှူးတို့ ခန့်မနေတော့ပါဘူး။ အမှုရှာပြီး ထောင်ထဲဆွဲထည့်ပစ်လိုက်တယ်။ ဒါဟာ ဗိုလ်အောင်ကြီးကိစ္စက စတယ်လို့ပြောရင်တောင် ရတယ်။
ဗမာပြည်လို တိုင်းပြည်မှာ အာဏာရစစ်ဗိုလ်တွေအပေါ် အမှုလုပ်ချင်ရင် အလွယ်လေးပါ။ အိမ်ထဲမှာတရားမ၀င် နိုင်ငံခြားပစ္စည်းတွေရှိတယ်၊ ဘိန်းပစ် ဖမ်းစရာတောင်မလိုဘူး။ လောင်းကစားဝိုင်းတွေမှာ သူတို့အိမ်သူ၊ အိမ်သားတဦးဦးပါနေတာချည်းပဲ။ အမှုဆင်ရင်အလွယ်လေး။ ဒါကြောင့်လည်း ဗိုလ်ချုပ်တလှည့်၊ ၀န်ကြီးတလှည့်၊ သာမန်အရပ်သားတလှည့် ဖြစ်နေတာတွေမနည်းပါဘူး။ အဲဒီလိုနဲ့ လူထုအုံကြွမှုပေါ်၊ နိုင်ငံရေးအခွင့်ကောင်းတွေပေါ်လာတော့ သူတို့ထဲကအများ တကာ့အများစုကြီးဟာ အတိုက်အခံတွေဖြစ်လာကြတာ။ NLD ထဲရောကလာကြတာ။ ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်လှမော်ကြီး၊ ဗိုလ်စိုးမောင်တို့နဲ့ ဗိုလ်နေ၀င်း လမ်းခွဲပြီးတဲ့နောက် တပ်မတော်ထဲမှာ ဗိုလ်နေ၀င်း အတော်ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်တယ်၊ ငြိမ်သွားပြီလို့ပြောလို့ရပါတယ်။
ဒါပေမယ့် ဗိုလ်နေ၀င်းကြောင့်ပဲ တပ်မှူးကြီးတွေဟာ အတိုက်အခံတွေ ပြန်ဖြစ်လာပါတယ်။ အထူးသဖြင့် ပြည်ပကိုထွက်မသွားသူတွေကို ဆိုလိုတာ ပါ။ ၁၃၅၀ ပြည့်နှစ်အရေးတ်ာပုံလို့ဆိုရမယ့် ၈၈၈၈ အရေးတော်ပုံနောက်ပိုင်းမှာ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်လာကြတဲ့ တပ်မှူးဟောင်းကြီးတွေ နည်းမှမနည်း ဘဲ။ သူတို့ထဲကအများကြီးဟာ အတိုက်အခံအဖြစ် ရပ်တည်နေကြဆဲပါ။ ဗိုလ်နေ၀င်းပြတ်သလို၊ သူတို့လည်းပြတ်ပါတယ်။ သူတို့ထဲမှာ ဗိုလ်အောင်ကြီးတယောက် ပဲ ကွန်မြူနစ်ဆန့်ကျင်ရေးစိတ်မွှန်နေလို့ နိုင်ငံရေးအတိုက်အခံတယောက် ဖြစ်မလာတာပါ။
န၀တ - နအဖ အနေမချောင်တဲ့အကြောင်း ကျနော်ရှေ့မှာပြောခဲ့ပါတယ်။ အဲတော့ သူတို့ဘာကြောင့် အနေမချောင်တာလဲဆိုတာ ဆက်ပြောပါမယ်။ အဓိကအားဖြင့်ဆိုရင် ဒီနေ့အခါမှာ ကမ္ဘာ့စနစ်သစ်တခု သတ်သတ်မှတ်မှတ် မရှိသေးပါဘူး။ အဲဒါကြောင့် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဗိုလ်တဗိုလ်ထဲလား ၊ ဗိုလ်တွေ အများကြီးလား ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား မဖြစ်သေးပါဘူး။ ဘယ်သူ့ကိုကပ်မှ အနေချောင်မလဲ၊ ဒါတွေလည်း ထင်ထင်ရှားရှား မတွေ့နိုင်သေးပါဘူး။ ဒါကြောင့်မို့လို့ ဗမာပြည်က စစ်အုပ်စု (ဗိုလ်သန်းရွှေတို့ တတွေ) ဘယ်သူ့ဖါးရမှန်းမသိ ဖြစ်နေတာပါ။
ဗိုလ်နေ၀င်းတုန်းက ဗိုလ်နှစ်ဗိုလ်ပဲရှိတယ်။ အဲဒီဗိုလ်နှစ်ဗိုလ်ရဲ့ အားစမ်းပွဲကလည်း အဓိကအားဖြင့်ဥရောပမှာဖြစ်နေတာ။ ကိုယ်ကကြားညှပ်ခံချင်လို့ တောင် ခံလို့မရဘူး။ ဒါကြောင့် အနေချောင်ပါတယ်။ ဗိုလ်သန်းရွှေကတော့ အနေမချောင်ပါဘူး။ အားစမ်းပွဲက အာရှတိုက်မှာဖြစ်နေတာ။ ကြာလေ ကိုယ်နဲ့နီးလေ တောင် ဖြစ်လာတယ်။ နောက်ပြီး ကိုယ်နဲ့အစဉ်အလာ အဆက်အဆံရှိတဲ့လူတွေကလည်း တရုတ်၊ အိန္ဒိယကလွဲရင် အမေရိကန်ရဲ့ ရင်းနှီးတဲ့မဟာမိတ်တွေ ဖြစ်နေ တယ်။ ဒါဟာ ဗိုလ်သန်းရွှေရဲ့ ဒုက္ခပါ။ သူ ဗိုလ်နေ၀င်းလို အနေမချောင်တဲ့ အကြောင်းအရင်းတခုပါ။
“၆၂ နဲ့ ၅၈-၈၈”
ဆက်ပြောရရင် ၆၂ ခုနှစ်၊ အာဏာသိမ်းပွဲနဲ့ ၅၈၊ ၈၈ အာဏာသိမးပွဲတွေကို နှိုင်းယှဉ်ပြချင်ပါတယ်။ အာဏာသိမ်းပွဲတွေဟာ တခုနဲ့တခု မတူပါဘူး။ အလွယ်ဆုံးပြောရရင့့် 
၁။ ဦးစီးဦးရွက်ပြုသူတွေ မတူပါဘူး။ ၁၉၅၈ ခုနှစ်၊ အာဏာသိမ်းပွဲကို အစပြုသူတွေက စစ်ရုံးချုပ်ကဗိုလ်တွေမဟုတ်ပါဘူး။ မြောက်ပိုင်းတိုင်းက ဖြစ်ပါ တယ်။ အဲဒီတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီကို ချေမှုန်းရေးလုပ်နေတဲ့ ဆိုရှယ်လစ်တပ်မှူးတွေက ဦးစီးဦးရွက်ပြုတာပါ။ မန္တလေးနန်းတွင်း၊ ရတနာပုံရိပ်သာကနေ ကွပ်ကဲနေတာဖြစ်ပါတယ်။ အဲဒီတုန်းက ရှမ်းပြည်နယ်ထဲမှာပဲကွက်ပြီး ငြိမ်းချမ်းရေးယူဖို့ လျှို့ဝှက်ဆွေးနွေးနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကိုယ်စားလှယ်ကို အဲဒီ တုန်းက တိုင်းမှူးဗိုလ်အောင်ရွှေကိုယ်တိုင်ကိုက ရတနာပုံရိပ်သာမှာသူတို့ အာဏာသိမ်းတော့မှာဖြစ်ကြောင်း ပြောပါတယ်။ ညကြီးမင်းကြီးမှာ ပြန်ရောက်လာတဲ့သူ က စစ်အရာရှိတွေကို ပြောပြတာပါ။ သူ့ပုံက ရှေ့တန်းစစ်မြေပြင်မှာ အကြံအစည်အောင်မြင်ခဲ့လို့ သူ့အောင်မြင်မှုကို ပြန်ပြောနေတဲ့ပုံလို အင်မတန်တက်ကြွနေပါ တယ်။ ဦးနုက အာဏာလွှဲပေးမယ်ဆိုတာကို အတိအကျသိမှ ရန်ကုန်ကနေညကြီးမင်းကြီး ပြန်လာတာဖြစ်ပါတယ်။ သူ့အကြံကို ရတနာပုံရိပ်သာကနေ ကျန်တဲ့ တပ်မှူးကြီးတွေကထိုင်စောင့်နေကြတာဖြစ်ပါတယ်။ ဦးနုက အာဏာလွှဲပေးတယ်လို့ဆိုတယ်။ ဒါပေမယ့် ၆ လအတွင်း ရွေးကောက်ပွဲလုပ်ပေးပါ။ အခြေခံဥပဒေ အရ အာဏာလွှဲပေးမယ်ဆိုတဲံအချက်နဲ့ လွှဲပေးတာဖြစ်ပါတယ်။ ဒါကို ကျနော်တို့က “ခြေမန်းကွင်းအစွပ်ခံရတဲ့ အာဏာသိမ်းပွဲ” လို့သတ်မှတ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ အာဏာသိမ်းပွဲဟာလည်း ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ ကတိခြေမန်းကွင်း အစွပ်ခံရတဲ့ အာဏာသိမ်းပွဲပါ။
၁၉၆၂ ခုနှစ်၊ အာဏာသိမ်းပွဲကျတော့ နိုင်ငံရေးအာဏာလိုချင်လို့ကို သိမ်းတဲ့အာဏာသိမ်းပွဲ။ သိပ်ရှင်းတယ်။ သူတို့အနေနဲ့ဘာခြေမန်းကွင်းမှ မပါဘူး လို့ပြောရင်ရတယ်။ အာဏာသိမ်းပွဲကို စစ်ရုံးချုပ်က ကမကထပြုပြီးလုပ်တာပါ။ ဘယ်လိုအခြေအနေကမှ တွန်းပို့လို့ မဟုတ်ပါဘူး။ အာဏာသိမ်းချင်လို့ကို သိမ်း တာ။ ငါ့ဝမ်းပူဆာ မနေသာလို့ဆိုတာမျိုး။ ၁၉၆၂ အာဏာသိမ်းပွဲသာ တိုင်းပြည်ကို ဘာကတိမှမပေးရတဲ့ အာဏာသိမ်းပွဲဖြစ်လို့ အာဏာသိမ်းပွဲ ပီသတယ်လို့ဆို နိုင်ပါတယ်။
၅၈ ခုနှစ် အာဏာသိမ်းပွဲနဲ့ ၈၈ အာဏာသိမ်းပွဲနှစ်ခုလုံးက ခြေမန်းကွင်းစွပ်ထားတဲ့ အာဏာသိမ်းပွဲတွေ ဖြစ်ပါတယ်။ဒါပေမယ့် ဒီနှစ်ခုမှာလည်း ဦးစီး ဦးရွက်ပြုသူတွေ မတူပြန်ပါဘူး။ ၈၈ ခုနှစ်အာဏာသိမ်းတာဟာ အထက်ကသိမ်းခိုင်းလို့ သိမ်းရတဲ့အာဏာသိမ်းပွဲဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်တုန်းက ၆ လပြည့်ခါနီး မှာ “ရွေးကောက်ပွဲ လုပ်လို့မဖြစ်နိုင်ဘူး၊ အချိန်တိုးပေးပါ” လို့ ဗိုလ်နေ၀င်းကအကြပ်ကိုင်တဲ့အတွက် အခြေခံဥပဒေကိုပြင်ပြီး နောက်ထပ် ၆ လ နှစ်ခါ တိုးပေးရပါ တယ်။ ခြေမန်းကွင်းကိုတော့ ချွတ်မပေးပါဘူး။ တထစ်လျှော့ပေးတဲ့ သဘောပါ။ ၁၉၆၀ မှာရွေးကောက်ပွဲလုပ်ပြီးစစ်တပ်က စစ်တန်းလျားကိုပြန်တယ်လို့ လုပ်ပါ တယ်။
၁၉၈၈ အာဏာသိမ်းပွဲမှာလည်း ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ အချက်အလက်ပါပေမယ့် အခြေခံဥပဒေမရှိတော့ ဘယ်တော့လုပ်ပေးမယ်၊ ဘယ် လိုအာဏာလွှဲပေးမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ဘာမှမပါလာဘူး။ ဟိုတခါတုန်းကလိုပဲ သူတို့ကအာဏာသိမ်းပြီး ၂ နှစ်လောက်နေတော့ ရွေးကောက်ပွဲလုပ်ပေး တယ်။ ဒါပေမယ့်ကတိဖျက်ပြီး စစ်တန်းလျားကိုမပြန်ဘဲနေတယ်။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ခြေမန်းကွင်းနောက်တထပ် အစွပ်ခံရတဲ့သဘောဖြစ်သွား တယ်။ အဲဒီခြေမန်းကွင်းဟာ ဒီနေ့အထိ စစ်အုပ်စုမှာစွပ်လျက်ဖြစ်နေပြီးတော့ သူတို့မှာ ဖိစီးမှုကြီးတခုဖြစ်နေရတာ တောက်လျှောက်ပါ။
အဲတော့ ကလေးတွေ “ ရွှေတံခါးကြီး ဖွင့်ပါဦး” ကစားတမ်းလုပ်သလို “ဟိုဟာလေး လုပ်ပါရစေဦး၊ ဒီဟာလေးလုပ်ပါရစေဦး” နဲ့ အချိန်ဆွဲလာ လိုက်တာ ညောင်နှစ်ပင်ပြီးတော့မှပဲ ပြန်မယ်ဆိုတာမျိုး အခုလုပ်လာနေပြန်ပါပြီ။ ဒါဟာ ညောင်နှစ်ပင်နဲ့ ခြေမန်းကွင်းနှစ်ထပ် ဖြုတ်ပစ်ချင်နေတာဖြစ်ပါတယ်။
၅၈ နဲ့ ၆၀ အကြားမှာ တပ်မတော်အကြီးအကဲတွေ အပြောင်းအလဲသိပ်မရှိပါဘူး။ အခု န၀တ/နအဖ ကျတော့ အပြောင်းအလဲ သိပ်များပါတယ်။ အခု အကြီးအမှူးတွေက ခြေမန်းကွင်းအစွပ်ခံရတဲ့အထဲ မပါကြပါဘူး။ သူတို့က တပ်မှူးငယ်အဆင့်ပဲ ရှိပါသေးတယ်။ ခြေမန်းကွင်း အစွပ်ခံထားရတာထဲက တိုက်ရိုက် ပါတာက ဗိုလ်သန်းရွှေ၊ (ဗိုလ်ခင်ညွန့် ) တို့ပါ။ ဗိုလ်မောင်အေးတောင် မပါဘူးလို့ပြောနိုင်ပါတယ်။ အဲတော့ ဘယ်လိုလှည့်ကွက်ထပ်လုပ်ကြဦးမလဲဆိုတာ ကျနော် တို့ စောင့်ကြည့်ရဦးမှာပါ။
ညောင်နှစ်ပင်ကို ကြီးမှူးနေသူတွေဟာ “၈၈ တုန်းက ခြေမန်းကွင်းအစွပ်ခံရတဲ့အထဲ တို့ပါတာမဟုတ်လို့ တို့ကအသိအမှတ်မပြုဘူး” လို့ပဲ လုပ်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အဲဒီလိုသာ သူတို့က လုပ်ပြီဆိုရင်တော့ ပြည်သူလူထုကို စစ်ကြေညာတာပဲလို့ အောက်မေ့ရမှာ ဖြစ်ပါတယ်။
(နိဂုံး)
နိဂုံးပိုင်းကို ကျနော်ပြောပါ့မယ်။ တချိန်က ကျနော်တို့နိုင်ငံမှာ ပါတီတွေက ပါတီအလုပ်လုပ်၊ တပ်မတော်က တပ်မတော်အလုပ်လုပ်၊ အမျိုးသားညီ ညွတ်ရေးတပ်ပေါင်းစုဖွဲ့၊ အဲလို တက်ညီလက်ညီလုပ်ခဲ့ကြလို့ လွတ်လပ်ရေးရခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို အကဲဖြတ်တဲ့နေရာမှာသူဟာ ဗကသ ခေါင်းဆောင်၊ တို့ဗမာအစည်းအရုံးခေါင်းဆောင်၊ ဗကပ ခေါင်းဆောင်၊ ထွက်ရပ်ဂိုဏ်း ခေါင်းဆောင်၊ အဲဒါတွေပြီးတော့မှ တပ်မတော်ခေါင်းဆောင် ဖြစ်လာသူပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ အာဏာနိုင်ငံရေးလုပ်မယ်ဆိုတော့လဲ တပ်ကထွက်ပြီး ပြတ် ပြတ်ပဲ ဖဆပလ ခေါင်းဆောင်လုပ်ပါတယ်။ စစ်တပ်ကို အာဏာနိုင်ငံရေးအတွက် အသုံးမချပါဘူး။ အမျိုးသားရေးအတွက်ပဲ သူသုံးပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက်မှာကျတော့ အမြော်အမြင်မဲ့တဲ့ နိုင်ငံရေးသမားတွေက စစ်တပ်ကို ပါတီနိုင်ငံရေးထဲ ဆွဲသွင်းလာခဲ့ကြတယ်။ ပါတီနိုင်ငံ ရေးရဲ့ လက်ကိုင်တုတ်ဖြစ်အောင် လုပ်ခဲ့ကြတယ်။
ဒါပေမယ့် အဲဒီရဲ့အကျိုးဆက်ဟာ ပုလင်းထဲကဘီလူးကြီးကို အပြင်ထုတ်ပေးသလို ဖြစ်ခဲ့ရပါတယ်။ စစ်ဗိုလ်ကြီးတွေ အောက်ခြေလွတ်ပြီး စစ်တပ်အာ ဏာသိမ်းပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။ စစ်တပ်အာဏာသိမ်းပွဲတွေရဲ့ ခေတ်ဟာ အနှစ် ၄၀ တောင်ကျော်ခဲ့ပါပြီ။ ကျနော်တို့တိုင်းပြည်လဲ အဆင်းရဲဆုံးနိုင်ငံစာရင်း ၀င်အဖြစ်ကနေ “ဆုံးရှုံးသွားသောနိုင်ငံ” ဆိုတာမျိုးဖြစ်ဖို့ အတော်နီးနေပါပြီ။ ဆက်မမိုက်သင့်တော့ပါဘူး။
ဒီအကြပ်အတည်းထဲကနေ မြန်မြန်ထွက်နိုင်ရင်ထွက်။ မထွက်နိုင်ရင် တိုင်းပြည်ချောက်ထဲကျတော့မှာ မြေကြီးလက်ခတ်မလွဲပါပဲ။ မျက်မှောက်နိုင်ငံ တကာ့ရေးရာကို လေ့လာ၊ အတိတ်နိုင်ငံတကာ့ရေးရာက သင်ခန်းစာတွေထုတ်ကြဖို့ အများကြီးလိုပါတယ်။ အဲလိုမဟုတ်ကြရင် အမှားရဲ့ဒဏ်ကို ခံရပါလိမ့်မယ်။ နောက်ပြီး အမှားကို ပြင်ရမယ့်အချိန်ကလဲ သိပ်ပြီးကြာပါလိမ့်မယ်။
နအဖရဲ့ လမ်းပြမြေပုံဆိုတာဟာ တပ်မတော်ကို နိုင်ငံရေးအာဏာထဲ ဆွဲနှစ်တဲ့လမ်းတလမ်း၊ အဲဒီလမ်းတလမ်းတည်းကိုသာ ပြနေတာဖြစ်ပါတယ်။ အာဏာရူး ဗိုလ်ချုပ်တွေအချင်းချင်းစစ်ခင်းတဲ့လမ်းဆီကို ညွှန်နေပါတယ်။
ကျနော်နိဒါန်းမှာ ပြေခဲ့တဲ့အတိုင်းပဲ နိဂုံးချုပ်မှာထပ်ပြီးပြောပါမယ်။
လွတ်လပ်တဲ့တိုင်းပြည်မှန်ရင် တပ်မတော်တရပ်ရှိရမှာပါ။ တိုင်းပြည်ရဲ့တပ်မတော် ပြန်ဖြစ်အောင်လုပ်မလား၊ စစ်အုပ်စုရဲ့အာဏာနိုင်ငံရေးလုပ်တဲ့အ ထဲ ဆက်ပြီးပါနေမလား။ ဒါကို တာဝန်ထမ်းဆောင်ဆဲ တပ်မတော်သားတွေ စဉ်းစားစေချင်ပါတယ်။ စဉ်းစားဖို့အချိန်က သိပ်မရှိပါဘူး။ ပြီးခဲ့တဲ့ ASEM ဆွေးနွေးပွဲ မှာ ရရာအပေါက်က ခွေးတိုးဝက်ဝင် ၀င်ခဲ့ရတာဟာကျနော်တို့တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို အင်မတန်ဆုတ်ယုတ်စေပါတယ်။ နောင်တချိန်မှာ ASEAN ခေါင်းဆောင် ဖြစ်လာသူတွေက ‘လူရာအသွင်းမခံရတဲ့ ဗမာပြည်ကို တို့ကယ်တင်ထားခဲ့ရတယ်’ လို့ပြောတာ ခံချင်ကြသလားမသိပါဘူ။ တပ်မတော်သည် အမျိုးသားရေးတာဝန် ကျေပွန်ခဲ့တယ်လို့ အပ်ကြောင်းထပ်အော င်ပြောနေကြတဲ့ စစ်အုပ်စုဝင်တွေ မရှက်ပေမယ့် ကျနော်တို့ ဗမာပြည်သားတွေက ရှက်ပါတယ်။ စစ်အုပ်စုဝင်တွေက ASEM ထဲမှာ ပါဝင်ခွင့်ရလို့ အောင်ပွဲလို့သူတို့ကိုယ်သူတို့ ထင်နေကြပေမယ့် ကျနော်တို့တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကတော့ အဲဒီမှာ အဆုံးရှုံးကြီးဆုံးရှုံးခဲ့ရပါတယ်။ တန်းတူ မဆက်ဆံပါဘူး။ နောင်မှာဆိုရင် အစရှိအနောင်နောင် ကိုယ်နဲ့တန်းတူများကတောင် ကိုယ့်ကိုနှိမ့်ချစော်ကားတာ ခံရတတ်ပါတယ်။ ဒါကို တိုင်းချစ် ပြည်ချစ် တပ်မှူးတပ်သားများ အမြော်အမြင်ရှိကြစေချင်ပါတယ်။ စဉ်းစားကြစေချင်ပါတယ်။ ကျနော်ပြောချင်တာ ဒါပါပဲ။ ။
၊ ရဲဘော် ဖိုးသံချောင်း ၊
Posted by
ရွှေဥသြ
at
19:29
0
comments
Labels: ကိုယ့်အကြိုက် စာအုပ်များ
Tuesday, 22 January 2008
မနက်ငါးနာရီ၊ လင်းယုန်တောင်ပံတစုံနဲ့ ဗေဒါကြပ်တဲ့မြစ်တစင်း
၁။
မနက်ငါးနာရီကို သူအလွန်မုန်း တီးပါသည်။
၂။
အမှန်မှာ ကာလတိုင်းတာမှု ကိန်းဂဏန်းသက်သက်အနေနှင့်မူ ငါးနာရီအား မည်သို့မျှမုန်းတီးရန် အကြောင်းမရှိပါ။ သို့သော် ထိုမနက်ငါးနာရီသည် သူ၏ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ရုပ်များနှင့် ပူးပေါင်းလိုက်သောအခါ များစွာစက်ဆုပ်မုန်းတီးဖွယ်ရာ အရာတခု ဖြစ်သွားပါတော့သည်။ မနက်ငါးနာရီထိုးတိုင်း သူ၏မှတ်ဉာဏ်အာရုံတွင် ပြန်၍အမှတ်ရ ပုံပေါ်လာတတ်သော ဆီဆုံတခုကို လှည့်နေရသည့် နွားတကောင်၏ပုံ ရေဆေးပန်းချီကားတချပ်ကြောင့်လည်း မနက်ငါးနာရီသည် ပို၍ဆိုးဆိုးဝါးဝါး မုန်းတီးစရာ ကောင်းသွားရခြင်းလည်း ဖြစ်နိုင်ပါသည်။
ထိုပန်းချီကားကိုရေးဆွဲခဲ့သူ ပန်းချီဆရာ၏အမည်ကိုမူ ဝေေ၀၀ါးဝါးမျှပင် သူမမှတ်မိတော့ပါ။ ထိုပန်းချီဆရာကို သူအလွန်အားနာမိသော်လည်း မည်သို့မျှမတတ်နိုင်ပါ။ မှတ်ဉာဏ်တို့၏ သဘောသဘာဝနှင့်ပတ်သက်၍ အတော်အတန် ဖတ်မှတ်ခဲ့ဖူးသော်လည်း အချက်အလက်ပြည့်ပြည့်စုံစုံ တိတိကျကျ ပြန် ၍ရှင်းပြနိုင်စွမ်း သူ့တွင်မရှိပါ။ ဦးခေါင်းကို မကြာခဏ ထိခိုက်နာကျင်ခံရပါက မှတ်ဉာဏ်စွမ်းအား ချို့ယွင်းအားနည်းတတ်ကြောင်းကိုတော့ သူမှတ်မိနေပါသည်။
သူ့ပတ်ဝန်းကျင်တနေရာမှ နာရီတလုံး၏နာရီအလိုက် မတူခြားနားသော အော်ဂင်တေးသွားလေးများကိုလည်း သူမှတ်မိပါသည်။ အဆိုပါ အော်ဂင် တီးလုံးလေးများသည် အတော်ပင် နားဝင်ချိုသာသည်ဟုဆိုလျှင် သူမငြင်းချင်ပါ။ သို့သော် မနက်ငါးနာရီ အော်ဂင်တီးလုံးနှင့် နာရီထိုးချက်တို့ကိုမူ သူမည်သို့မျှ နားထောင်လိုစိတ်မရှိပါ။ ဆန္ဒမရှိခြင်းသက်သက်မျှသာမဟုတ်ဘဲ မုန်းတီးစက်ဆုပ်နေမိသည်ဟု ဆိုရပါမည်။ မနက်ငါးနာရီအချိန်ရောက်သည်နှင့် ဆက်တိုက်လိုလို ကြားရတတ်သော အခြားနာရီထိုးသံများ၊ သံချောင်းခေါက် သံများအားလုံးသည်လည်း သူ၏မုန်းတီးစက်ဆုပ်မှုတွင် အပါအ၀င်ဖြစ်ပါသည်။
သူ့တွင် အချိန်နာရီနှင့်ပတ်သက်သော စိတ်ရောဂါအနည်းငယ်မျှပင် မရှိကြောင်းကိုလည်း သူအတိအကျသိပါသည်။ စိတ်ရောဂါကုသနည်းတခု ဖြစ် သော (Chimney Sweeping) ခေါ် မီးခိုးခေါင်းတိုင်လှဲကျင်းခြင်းနည်းစနစ်ဖြင့် ကုသစရာလိုမည်မထင်ပါ။ မနက်ငါးနာရီထိုးသည်နှင့် တပြိုင်နက်လှုပ်ရှားထကြွလာ သည့်လူသံအချို့၊ သောက်ရေအိုးဖုံးဖွင့်သံ၊ ဖျာဆွဲသံ၊ ခြေသံ၊ စောင်ခါသံ၊ ချောင်းဆိုးသံ စုပေါင်းအော်ဆိုလိုက်သော ‘သြကာသ’ အစချီ ဘုရားရှစ်ခိုးသံ၊ အာရုံတွင် ထင်ဟပ် သတိရလာသော ဆီဆုံကိုလှည့်နေသည့် နွားတကောင်ပုံပန်းချီကား ၎င်းတို့အားလုံးပေါင်းစပ်လိုက်သောအခါ သူ့ရင်ထဲမှအုံကြွလာသော မုန်းတီးမှုအစိုင် အခဲကို သူမည်သို့မျှ တားဆီးဖယ်ရှား၍ မရတော့ပါ။ မုန်းတီးရွံရှာခြင်း၊ ချစ်ခင်နှစ်သက်ခြင်း စသည်တို့မှာ လူပုဂ္ဂိုလ်တဦးချင်းစီအလိုက် ရှိနေကြသော ကိုယ်ပိုင် ခံစားမှုများဖြစ်ကြောင်း သိရှိနှင့်ကြပြီးဖြစ်ပါလိမ့်မည်။ သူသည်လည်း သူ၏ကိုယ်ပိုင် မုန်းတီးပိုင်ခွင့်ဖြင့်သာ မနက်ငါးနာရီကို မုန်းတီးနေခဲ့ခြင်းဖြစ် ပါသည်။ သူ၏ မုန်းတီးမှုသည် သူ့ပတ်ဝန်းကျင်ရှိ သက်ရှိ (လူ) တစုံတယောက်၏ရုပ်နှင့် စိတ်အခြေအနေတရပ်ရပ်ကို ထိပါးနိုင်ခြင်းမရှိကြောင်းကို သူကောင်းစွာသိရှိနေပါသည်။
ပင်ကိုယ်သဘာဝအရ ငြိမ်သက်အေးချမ်းခြင်းကို သူများစွာနှစ်သက်ခဲ့ပါသည်။ ငြိမ်သက်အေးချမ်းစွာ တွေးတောစဉ်းစားရခြင်း၏ ရသအရသာကို သူ ကောင်းစွာခံစားတတ်ခဲ့သည်မှာ ကာလအားဖြင့် ကြာမြင့်လှပြီဖြစ်ပါသည်။ ဆိတ်ငြိမ်ခြင်းသည် ရွှေဖြစ်သည်ဆိုသော ပညာရှိစကားတခုကို သူကြားဖူးသည်ဟု ထင်ပါသည်။
၃။
မနက်ငါးနာရီကို သူမုန်းတီးသော်လည်း မနက်ငါးနာရီသည် သူ့အားသံပတ်အသစ်တဖန် ပြန်တင်းပေးခြင်းမှလွဲ၍ သူ့အား ပင်ပန်းဆင်းရဲစေခြင်း၊ မနိုင် ၀န်ကိုထမ်းစေခြင်း၊ ကြိမ်ဖြင့်ရိုက်နှက်ခြင်း အလျဉ်းမရှိပါ။ မနက်ငါးနာရီထိုးသည့်အချိန်တွင် မုန်းတီးစက်ဆုပ်မှု အပြည့်နှင့်အတူ အိပ်ရာသိမ်း၊ မျက်နှာသစ်၊ အညစ် အကြေးစွန့် စသည့်စဉ်းစားတွေးခေါ်မှု မလိုအပ်သောလုပ်ဆောင်မှု ကလေးများ လုပ်ရုံကလွဲ၍သူ့တွင် ဘာမျှလုပ်စရာမရှိပါ။ ထ၊ ထိုင်၊ လဲလျောင်း၊ နှစ်သက်ရာတခု ခုကို လုပ်လိုက်ရန်သာရှိပါသည်။ လူအတော်များများ လုပ်လေ့ရှိသော ဘုရားရှစ်ခိုးခြင်း၊ ဆုတောင်းခြင်းအလုပ်ကိုလည်း သူ့အနေဖြင့် လုပ်ရန်မလိုအပ်ကြောင်း ခိုင်ခိုင်မာမာသိရှိထားပြီး ဖြစ်ပါသည်။ ဘုရားရှစ်ခိုးခြင်း၊ ဆုတောင်းခြင်း၊ တရားထိုင်ခြင်းအလုပ်များကို မှန်မှန်လုပ်ကိုင်ရင်း ဒေါသ၊ လောဘ လွန်ကဲနေဆဲလူများကို သူမကြာခဏ အံ့သြစိတ်ပျက်ဖွယ်ရာ တွေ့မြင်နေရပါသည်။ သူ့အား သူတော်ကောင်းဟု မထင်မြင်ကြစေလိုပါ။ သူ့တွင် လူသားတို့တွင်ရှိအပ်သော လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ကာမဂုဏ်အာရုံခံစားမှု၊ တပ်မက်စိတ်များရှိသလို လူသားတယောက်အနေဖြင့် ရှိသင့်ရှိအပ်သော သိက္ခာမာနလည်း အပြည့်အ၀ရှိနေပါ သည်။ ယခုအချိန်တွင် သူ၏မျက်စိစွမ်းအား အတော်ပင်ကျဆင်းနေသည်ဟု ထင်ပါ သည်။ သူ့ပတ်ဝန်းကျင်ရှိ လူအတော် များများ၏မျက်နှာကို သူကြည့်၍မမြင်ပါ။ အံ့သြစရာကောင်းသည်မှာ သူကြည့်နေကျ New Gem အိတ်ဆောင်အင်္ဂလိပ်အဘိဓာန်စာအုပ်ကလေးမှ စာလုံးသေးသေးလေးများကိုမူ သူဖတ်၍ရနေဆဲ ဖြစ်ပါ သည်။
အိပ်ရာသိမ်းပြီးဖြစ်သော်လည်း အများအားဖြင့်သူသည် ပြန်၍လဲလျောင်းရင်း တွေးတောစဉ်းစားနေလေ့ရှိပါသည်။ သို့သော်လည်း သူမြင်ယောင်နေမိ သည့် ပန်းချီကားထဲမှ ဆီဆုံဆွဲနေသည့် နွား၏ပင်ပန်းဆင်းရဲမှုနှင့် စိတ်ပျက်ငြီးငွေ့မှုတို့သည် သူ့အားကူးစက် စီးဝင်နေသလို ခံစားရပါသည်။ နွားသည်စက်ဝိုင်းကို တပတ်ပြီးတပတ် ထပ်ပြန်တလဲလဲ ရေးဆွဲနေရရှာပေလိမ့်မည်။ သို့သော် နွားသည် ဂျီသြမေတြီဘာသာရပ်ကို သင်ကြားနေသည့် ကျောင်းသားတယောက်မဟုတ် ပါ။ ကျောင်းသားတယောက်အဖို့ ကွန်ပါသံချွန်ကို စက္ကူတွင်ထောက်၍ လိုအပ်သောအချင်းဝက်ဖြင့် ကွန်ပါချွန်၏ထိပ်မှအတံကလေးကို လက်ညှိုးနှင့်လက်မကြား တွင်ညှပ်၍ သက်သောင့်သက် သာလှည့်လိုက်ရုံမျှဖြင့် စက်ဝိုင်းတခုကို ရေးဆွဲနိုင်ပေလိမ့်မည်။ စက်ဝိုင်းကို အထပ်ထပ်ဖြစ်အောင် ဆွဲလိုလျှင်လည်း လက်ညှိုးနှင့် လက်မကို အသာလေးလှည့်ပေးနေရုံသာဖြစ်ပါသည်။ မည်သို့မျှ အပမ်းကြီးစရာမရှိပါ။ သို့သော်လည်း ကျောင်းသားသည် ဆီဆုံလှည့်သော နွားမဟုတ်နိုင်သလို ဆီဆုံလှည့်သောနွားသည်လည်း ကျောင်းသားတယောက်မဖြစ်နိုင်ဟူသော အချက်မှာမူ အလွန်သေချာပါသည်။
၎။
ထုံးစံအတိုင်း အပြောင်းအလဲမရှိသော အော်ဂင်တီးလုံးသံအဆုံး မနက်ငါးနာရီတီးသံကို သူစိတ်ပျက်စွာ နားထောင်နေလိုက်ပါသည်။ သူသည် အိပ် ရာမှနိုးလာသူတဦးမဟုတ်ကြောင်း ကျိန်းစပ်နေသောမျက်လုံးများက ပြောပြနေပါသည်။ ပတ်ဝန်းကျင်မှအသံများနှင့် ဆီဆုံဆွဲနွားပန်းချီကားကို သူ၏စိတ်အာရုံမှ ခါလွှင့်ဖယ်ထုတ်ပစ်လိုက်စဉ်တွင်ပင် ထိုနေ့မှာ ဇွန်လကိုးရက်နေ့ဖြစ်ကြောင်း လျှပ်ပြက်သလို သူသတိရလိုက်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်က သည်လို ဇွန်လ၏ သည်လိုနေ့မျိုးတနေ့တွင် သူ့အားမိခင်က မွေးဖွားပေးခဲ့ခြင်းဖြစ်ပါသည်။ သူ၏မိခင်သည် နာကျင်ကိုက်ခဲနေဆဲဝေဒနာကြားမှပင် သူ့အားကြည်ကြည်နူးနူး ပွေ့ယူနမ်းမွှေးခဲ့ပေလိမ့်မည်။ မိခင်ဖခင်တို့သည် သားသမီးတို့အား တာဝန်အရသာ ချစ်ခင်မြတ်နိုးကြခြင်းမဟုတ်ကြောင်းကို သူပီပီပြင်ပြင် နားလည်သိရှိပြီးဖြစ်ပါ သည်။ မွေးနေ့တွင် သူစိတ်ကြည်ကြည်လင်လင် ရှိနေချင်ပါသည်။ မိခင်ဖခင်တို့၏ ကျေးဇူးတရား၊ မေတ္တာတရားတို့ကို ပြန်ပြီးအောက်မေ့တသချင်ပါသည်။ မွေး နေ့တွင် အမှတ်တရတခုခု ရှိစေချင်ပါသည်။ မြန်မာ့ယဉ်ကျေးမှုတွင် မွေးနေ့ကျင်းပခြင်းဓလေ့မရှိသော်လည်း မွေးနေ့ကျင်းပခြင်းကို သူနှစ်သက်ပါသည်။ ငွေကြေးနှင့်အခြေအနေအရ တတ်နိုင်ဖြစ်နိုင်ပါက သူ၏မွေးနေ့၊ သူ့ချစ်ဇနီး၏မွေးနေ့၊ သူ့သားငယ်တို့၏ မွေးနေ့များကိုနှစ်စဉ် တခမ်းတနားကျင်းပပေးချင်ပါသည်။ မွေးနေ့ကျင်းပခြင်းသည် မည်သည့်ယဉ်ကျေးမှုပင်ဖြစ်စေ ကောင်းမွန်သင့်လျော်သည်ဟု သူယုံကြည်ပါသည်။ မိခင်ဖခင်ရင်းတို့၏ ဂုဏ်ကျေးဇူးနှင့် မေတ္တာတရား တို့ထက် ပို၍ခမ်းနားကြီးကျယ်သော အရာမရှိဟုထင်ပါသည်။ မိခင်ဖခင်ရင်းဟုသုံးနှုန်းခြင်းမှာ ပထွေးမိထွေးများ၏ အခန်းကဏ္ဍမပါဟု ဆိုလိုခြင်းဖြစ်ပါသည်။ အ လွန်တရာနည်းပါးသော အရေအတွက်မှလွဲ၍ လင်ပါ၊ မယားပါ သားသမီးများကို ပထွေးမိထွေးတို့က နှိပ်စက်ညှဉ်းဆဲတတ်ကြောင်း စာတွေ့ လက်တွေ့ သိနားလည် ထားကြသူများ ပါသည်။ အချို့သူများမှာ အများအမြင်တွင် မိခင်ဖခင်ရင်းကဲ့သို့ မေတ္တာအကြင်နာထားဟန်ဖြင့် ဟန်ဆောင်ပန် ဆောင်လေသံကောင်း ဟစ်တတ်ပြီး အမှန်တကယ်တွင်မူ ကောက်ကျစ်စဉ်းလဲစွာ နှိပ်စက်ညှဉ်းပန်းတတ်ကြပါသည်။ ထိုသူများမှာ ပို၍ပင်ကြောက်စရာ စက်ဆုပ်ရွံရှာစရာကောင်းပါသည်။ မည်သို့ပင် ဖြစ်စေ ပထွေးမိထွေးသည် ဖခင်မိခင်ရင်းမဖြစ်နိုင်၊ မတူညီနိုင်ပါ။ ပထွေး မိထွေးတို့၏လက်အောက်တွင် ပင်ပန်းဆင်းရဲစွာ၊ နာကြည်းကြေကွဲစွာ ကြီးပြင်းလာကြရ သူ များစွာတို့အတွက် သူမကြာခဏ ၀မ်းနည်းမိ တတ်သလို ဒေါသဖြစ်ရတတ်ပါသည်။
သူသည် မတရားမှုကို အလွန့်အလွန် စက်ဆုပ်မုန်းတီးသူ ဖြစ်ပါသည်။
၅။
သူ၏ တရားမျှတမှုကို ချစ်မက်နှစ်သက်သည့်စိတ်ဓာတ်သည် မနက်ငါးနာရီကို သူမုန်းတီး စက်ဆုပ်မှုနှင့် ဆက်စပ်နေပါလိမ့်မည်။ သို့သော် သူသည် ဇွန်လ (၉) ရက်နေ့ မွန်းလွဲ (၁) နာရီ (၄၃) မိနစ်တွင်မွေးဖွားပြီး ဇွန်လ (၁၀) ရက်နေ့ မနက် (၅) နာရီကို စတင် မုန်းတီးလာခဲ့ခြင်း မဖြစ်နိုင်ပါ။ မနက် (၅) နာရီအား သူ မုန်းတီးစက်ဆုပ်ခြင်း စတင်ခဲ့သည့်အချိန်မှာ ၁၉၇၆ ခု မတ်လ (၂၆) ရက်နေ့ ဖြစ်နိုင်ပါသည်။ ခါးသည်းခက်ရှသော အရာများစွာရှိသည့်အနက် အခါးသည်း အခက်ရှဆုံးသောအရာမှာ အမှန်တရားဆိုသည့်အရာဖြစ်ကြောင်း သူမှတ်တမ်းတင်နိုင်ခဲ့ပါသည်။ သူသည်ထိုစဉ်က နောက်ဆုံးနှစ် သိပ္ပံကျောင်းသားတယောက် ဖြစ်ပါသည်။ ပင်လယ်ကဗွီးပင်ကြီးများ၏ ငိုကြွေးသံကို သူမည်သည့်အခါမှ မေ့နိုင်လိမ့်မည်မဟုတ်ပါ။
သို့သော်ထိုအချိန်ကရှိခဲ့သော မနက်ငါးနာရီအပေါ်မုန်းတီးမှုမှာ ယခုအချိန်လောက် ပြင်းထန်ဆိုးဝါးခြင်းမရှိဟုသူထင်ပါသည်။ စေ့ဆော်မှုအတိုင်းအဆ ပမာဏအနည်းအများကြောင့်ပင် ဖြစ်ပါလိမ့်မည်။ ပိုမိုကြီးမားပြင်းထန်သော စေ့ဆော်မှုကြောင့် ယခုတကြိမ် မနက်ငါးနာရီအား ပြင်းပြင်းထန်ထန် မုန်းတီးစက်ဆုပ် လာခြင်း စတင်ခဲ့သောအချိန်မှာ ၁၉၈၉ ခု စက်တင်ဘာလ (၂၄) ရက်နေ့ ဖြစ်ကြောင်း တိတိကျကျ သူမှတ်မိနေပါသည်။
အသေအချာ ကြိုတင်ပြောမထားနိုင်သော နေ့တနေ့တွင် ထိုမုန်းတီးမှုသည် ရုတ်ချည်းရပ်တန့် ကွယ်ပျောက်သွားလိမ့်မည်ဖြစ်ကြောင်း သူကြိုတင်၍ ပြောနိုင်ပါသည်။ မနက်ငါးနာရီနှင့်ယှဉ်တွဲနေကျ ပတ်ဝန်းကျင်ရုပ်အခြေအနေများ ယှဉ်တွဲပေါင်းစပ်နိုင်ခြင်းမရှိတော့သောအခါသူသည်လည်း မနက်ငါးနာရီဆိုသော အချိန်ကို မုန်းတီးစရာအကြောင်း ရှိတော့မည်မဟုတ်ပါ။ ထိုအချိန်တွင် သူ့အနေဖြင့် စက်ဆုပ်မုန်းတီးစရာ တစုံတရာမျှမရှိနိုင်တော့ဟု ဆိုလိုခြင်းကားမဟုတ်ပါ။
သီရိလင်္ကာနိုင်ငံတွင်မွေးဖွားပြီး ကနေဒါနိုင်ငံတွင်အနေကြာခဲ့သူ စာရေးဆရာ မိုက်ကယ်အွန်ဒါရီ (သူတို့၏အသံထွက်ကို အသေအချာမသိပါ၊ မိုက် ကယ်အွန်ဒါချီဟုလည်း ဖြစ်ချင်ဖြစ်နိုင်ပါသည်) ကို သူအလွန်သဘောကျပါသည်။ တိတိကျကျပြောရလျှင် သူ၏ ‘အင်္ဂလိပ်လူနာ’ ဆိုသောဝတ္ထုထဲမှ ကောက်နုတ် ဖော်ပြချက်အား သဘောကျခြင်းဖြစ်ပါသည်။ ၎င်းသည် စာရေးသူ မိုက်ကယ်အွန်ဒါရီ၏ အတွေးအမြင်လည်း ဖြစ်ပုံရပါသည်။ မိုက်ကယ်အွန်ဒါရီက လူမျိုးဟူသည် များကို ကျွန်ုပ်မုန်းတီးလာမိခဲ့ပြီး လူမျိုးနိုင်ငံများသည် ကျွန်ုပ်တို့အား ပုံပျက်ပန်းပျက်ဖြစ်စေခဲ့ပြီဟု ရေးခဲ့ပါသည်။ သူသည်လည်း စာရေးဆရာ မိုက်ကယ်အွန်ဒါရီ ကဲ့သို့ပင် လူမျိုးဆိုသည့်အရာကို မုန်းတီးလာခဲ့မိသည်မှာ အချိန်အတန်ကြာခဲ့ပြီဟု ထင်ပါသည်။
သူ့တွင် လူမျိုးစွဲ၊ နိုင်ငံ၊ တိုင်းပြည်စွဲ၊ ဒေသစွဲမရှိဟုပြောလျှင် ရနိုင်ပါလိမ့်မည်။ ရှိရမည်ဆိုလျှင်လည်း အလွန်သေးမွှားသော ပမာဏမျှသာ ဖြစ်ပါလိမ့် မည်။ ထိုအချက်ကို သူရဲရဲဝံ့ဝံ့ ပြောနိုင်ပါသည်။ အခြားသူများက ထိုသို့ လူမျိုးစွဲ၊ ဒေသစွဲမရှိခြင်းသို့မဟုတ် အနည်းငယ်ဆိုရုံမျှသာရှိခြင်းအတွက် အထင်အမြင် သေးကောင်းသေးနိုင်ပါသည်။ မုန်းတီးပင် မုန်းတီးနိုင်ပါသည်။ သူ့အနေဖြင့်မူ ထိုသူတို့၏ ဦးခေါင်းများအတွက် စိတ်မကောင်းဖြစ်ရုံသာရှိပါသည်။ သူတို့အား နှုတ်ခမ်းကိုအနည်းငယ်မျှ တွန့်ကွေး၍ပြုံးပြလိုက်ရန် သင့်မည်ထင်ပါသည်။ သို့သော်သူတို့၏ ချွန်ထက်သောအစွယ်တို့ကိုမူ အနည်းငယ်သတိထားရပါလိမ့်မည်။
၆။
လူမျိုးစွဲ၊ နိုင်ငံစွဲ၊ ဒေသစွဲများ ရှိနေကြသကဲ့သို့ ဘာသာအယူဝါဒစွဲ၊ ၀ါဒစွဲ၊ ပါတီစွဲ၊ ယဉ်ကျေးမှုစွဲနှင့်အခြားအစွဲပေါင်း မြောက်မြားစွာရှိနေကြပါသေး သည်။ ထိုသို့ စွဲလမ်းခြင်းကြီးမားမှုများကိုလည်း သူမုန်းတီးတတ်ပါသည်။ မုန်းတီးသည်ဟုဆိုရာတွင် ရန်ပြုတိုက်ခိုက်လိုသော သဘောမပါရှိကြောင်း သူအာမခံနိုင် ပါသည်။ သူ၏မုန်းတီးမှုမှာ ပြင်းထန်သော မနှစ်သက်မှုသက်သက်မျှသာ ဖြစ်ပါသည်။ လူမျိုးစွဲ၊ နိုင်ငံစွဲ၊ ဒေသစွဲကြီးမားမှုများကို သူမုန်းတီးရခြင်းအကြောင်းမှာ သူ ၏ လူသားအားလုံးအပေါ်ထားရှိသည့် ကြီးမားသောချစ်ခြင်းမေတ္တာကြောင့်ပင် ဖြစ်ပါလိမ့်မည်။ အချစ်သည်ကြီးမားကျယ်ပြန့်ပါက များစွာကောင်းမွန်အကျိုးကျေးဇူး ရှိနိုင်သော်လည်းအချစ်သည် ကြီးမားကျဉ်းမြောင်းပါက အရှိန်အဟုန်ပြင်းစွာဖြင့် လောင်မြိက်ပျက်စီးစေတတ်ပါသည်။ ၎င်းအတွက် ကမ္ဘာ့သမိုင်း၏ စာမျက်နှာတိုင်း လိုလိုမှာပင် သင်ခန်းစာများ လုံလောက်စွာရှိနှင့်ပြီးဖြစ်သည်ဟု သူထင်ပါသည်။ လူသားတို့သည် ထိုကဲ့သို့မကြာခဏ သင်ခန်းစာပေးရန်လိုအပ်လောက်အောင် မိုက်မဲကြသူများမဟုတ်ဟု သူမိုက်မဲရူးနှမ်းစွာ ယုံကြည်ခဲ့ဖူးပါသည်။ မကြာမီက မဂ္ဂဇင်းတအုပ်တွင် ဖတ်ခဲ့မိသော နာမည်ရစာရေးဆရာတယောက်၏ ကမ္ဘာ ပေါ်တွင် မြန်မာလူမျိုးလောက် ယဉ်ကျေးသောလူမျိုးမရှိဟူသော အံ့သြစရာကောင်း လောက်အောင် ကြောင်တောင်ပေါသွပ်သော အတွေးအမြင်ကို သူသတိရမိ လိုက်ပါသည်။ အချို့သောသူများသည် မီးသွေးဖိုများထဲတွင် နေထိုင်ကြကြောင်း အစက သူမသိခဲ့သည်ကို သူဝမ်းနည်းစွာ ၀န်ခံရပါလိမ့်မည်။
ယခုအချိန်ထိမူ သူသည်သူ့ကိုယ်သူ လူယဉ်ကျေးတယောက်ဖြစ်သည်ဟု ထင်နေမိဆဲပင်ဖြစ်ပါသည်။ မည်သည့်အခြေအနေမျိုးကို ကြုံတွေ့ရသည် ဖြစ်စေ သည်းခံခွင့်လွှတ်နေထိုင်ခြင်းသည် ယဉ်ကျေးမှုတခုဖြစ်လာချိန်တွင် သူသည်သေချာပေါက် လူရိုင်းတယောက် ဖြစ်သွားပါလိမ့်မည်။
တွားသွားသတ္တ၀ါများကို သူ မည်သည့်အခါကမှ မနှစ်သက်ပါ။
၇။
သူ၏ တွေးမြင်ယုံကြည်မှုအတော်များများနှင့် အရာရာအကြောင်းကြောင်းသော ဖြစ်ပျက်မှုများပေါ်တွင် ချဉ်းကပ်စဉ်းစားသုံးသပ်ပုံ နည်းလမ်းများအ တွက် ကျေးဇူးအတင်ထိုက်ဆုံးသူများမှာ သူ၏ဖခင်နှင့် မိခင်တို့ပင်ဖြစ်ပါသည်။ အခြားကျေးဇူးတင်ထိုက်သူ များစွာရှိသည့်အနက် အစီအစဉ်တကျမဟုတ်သော် လည်း ဆိုဗီယက်သမ္မတဟောင်း မစ္စတာမီခေးလ်ဂေါ်ဘာချက်ကို ဦးစွာဖော်ပြချင်ပါသည်။ သူ၏ ဂလက်စနော့နှင့် ပယ်ရက်စထရွိုက်ကာသည် သူ့အားများစွာ ဆွဲ ဆောင်နိုင်ခဲ့ပါသည်။ ရီဇာဂေါ်ဘာချက်ရေးသားခဲ့သော ‘ကျမမျှော်လင့်မိသည်’ ဆိုသောစာအုပ်ကို အနည်းငယ်မျှသာ မြည်းစမ်းဖတ်ရှုခွင့်ရခဲ့သော်လည်း သူအလွန် နှစ်သက်မိပါသည်။ တပြိုင်နက်တည်းပင် ထိတ်လန့်တုန်လှုပ် မုန်းတီးစက်ဆုပ်စရာများကိုလည်း အနှံ့အပြား တွေ့ရှိခဲ့ရပါသည်။ မည်သို့ပင်ဖြစ်စေ ဓာတ်ခွဲစမ်းသပ်မှု တခု၏ရလဒ်ကို သူသိချင်နေသည်မှာ ကြာပြီဖြစ်ပါသည်။
လူသားတို့၏ သက်တမ်းပမာဏအရ ဓာတ်ခွဲစမ်းသပ်မှုတခု၏ အချိန်ကာလမှာ ထိုမျှအထိ ကြာရန်မသင့်ပါ။ စမ်းသပ်ခံပစ္စည်းများအတွက် သူ့ရင်ထဲ တွင် ကြေကြေကွဲကွဲ ခံစားခဲ့ရပါသည်။ နှစ်ပေါင်း (၇၀) ကျော် ဓာတ်ခွဲစမ်းသပ်မှု၏အဖြေကို သူယခု ထင်ထင်ရှားရှားပင် တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။ ထိုအဖြေသည် မှားယွင်းစရာအကြောင်းမရှိပါ။ သေချာပါသည်။
မြစ်ကြောင်းတချို့တွင် ချာလည်လည်နေဆဲဖြစ်သော လှေတချို့ကို တွေ့မြင်နေရဆဲဖြစ်ပါသည်။ အနီးကပ်သွား၍ ကြည့်ရှုရန်မလိုဘဲ ထိုလှေတို့၏ လှေ နံတွင် ဓားထစ်ရာများစွာ ရှိနေမည်ဟု သူအတတ်ပြောနိုင်ပါသည်။ ထိုလှေများ၏အောက်ရှိ မြစ်ရေမှာမူ စီးဆင်းနေဆဲဖြစ်ပါသည်။ သူသည် မြစ်ကြောင်းများ၏ စီးဆင်းမှုကို ကြည့်ရှုနေရင်းပင် စဉ်းစားဆင်ခြင်ဖွယ်ရာ၊ အတုယူဖွယ်ရာ၊ နှစ်သက်မြတ်နိုးဖွယ်ရာ၊ မုန်းတီးရွံရှာဖွယ်ရာများစွာကို သင်ယူတတ်မြောက်ခဲ့ပြီ ဖြစ်ပါ သည်။ သို့သော် ဟာမင်းဟက်စ်၏ သိဒ္ဓတ္ထလို သင်ယူတတ်မြောက်မှုနှင့်မူ တူညီနိုင်မည်မထင်ပါ။ များစွာကွာခြားကောင်း ကွာခြားနိုင်ပါသည်။
လှပကောင်းလှပမည်ဖြစ်သော်လည်း ဗေဒါပင်တို့၏ စရိုက်လက္ခဏာကို သူမနှစ်သက်နိုင်ပါ။ ကွယ်လွန်သူ ကဗျာစာဆိုကြီး ဆရာဇော်ဂျီ၏ ဗေဒါပင် တို့အပေါ် အမြင်နှင့်မူ သူ၏အမြင်သည် ပြောင်းပြန်ဖြစ်သည်ဟု ဆိုရပါမည်။ ဗေဒါပင်တို့သည် ရေစီးအတိုင်းသာ ဖော့ဂုဏ်ကြီးကြီးဖြင့် အလိုက်သင့်မျောပါလေ့ ရှိ ပါသည်။ သူသည် ဗေဒါပင်တို့ ပိတ်ဆို့လုမတတ် ကြပ်နေတတ်သော မြစ်ချောင်းအတော်များများတွင် ခရီးသွားခဲ့ဖူးပါသည်။ ဗေဒါကြပ်သောမြစ်ချောင်းများသည် ခရီးလမ်းကောင်းများ မဖြစ်နိုင်ပါ။
၈။
ယခုတလောတွင် မနက်ငါးနာရီအချိန်တို့သည် တစုံတရာဖောက်ပြန်ပျက်စီးနေသည်ဟု ထင်ပါသည်။ မနက်အရုဏ်ဦး၏ အနီရောင်ပျို့ပျို့ကောင်းကင် ပြင်ကို သူမတွေ့ရပါ။ ဖြူဖျော့ဖျော့နှင့် အရိုးငေါငေါကောင်းကင်ကိုသာ ကြောင်စီစီတွေ့မြင်နေရပါသည်။ ပို၍ဆိုးသည်မှာ ကောင်းကင်သည် သူနှင့်လုံးဝလိုက်ဖက် ခြင်းမရှိသည့် ဒေါင်လိုက်အစင်းအစင်း အင်္ကျီရှည်ကြီးကို ကိုးရိုးကားရား ၀တ်ဆင်ထားခြင်းဖြစ်ပါသည်။ အမှန်မှာ ကောင်းကင်သည် သဘာဝအတိုင်း ကျယ်ကျယ် ပြန့်ပြန့် ကြည်ကြည်စင်စင် သို့မဟုတ် ပြာပြာလွင်လွင်ပင် ရှိနေသင့်ပါသည်။ ကောင်းကင်ဓာတ်နှင့်ရနံ့ကို သူအလွန်ချစ်မက် နှစ်သက်ပါသည်။ သို့သော်သူသည် ယခုအချိန်အထိ ကောင်းကင်ဓာတ်နှင့်ရနံ့ကို ပြည့်ပြည့်၀၀တခါမှ ရယူရှူရှိုက်ခွင့် မရရှိခဲ့သေးသည်မှာ များစွာဝမ်းနည်းစရာကောင်းသည်ဟု ဆိုရပါမည်။ သူသည် ရေတွင်းတတွင်းထဲတွင် မွေးဖွားကြီးပြင်းခဲ့ခြင်း ဖြစ်နိုင်ပါသည်။
အချို့သူများမှာ မြေပြင်နှင့်ကောင်းကင်ကြားတွင် သွားလာလှုပ်ရှားနေကြသော်လည်း ကောင်းကင်ကို မော့ကြည့်ခဲ့ကြဖို့ မေ့လျော့နေခဲ့ကြပုံရပါသည်။ သို့မဟုတ် သူတို့၏ဦးခေါင်းများကိုမော့ဖို့ရန် အလွန်ဝန်လေးကြောက်လန့်နေကြခြင်းလည်း ဖြစ်နိုင်ပါသည်။ သူတို့၏ ခြေတံများအောက်တွင် မြက်ပင်များ သန်စွမ်း စွာပေါက်နေကြပါသည်။ ထိုသူတို့၏ ငုံ့ထားသောဦးခေါင်းများသည် မြက်ပင်များကို များစွာနှစ်သက်စွဲလမ်းနေပုံရပါသည်။
သူသည် မြေပြန့်၊ ကောင်းကင်၊ ပင်လယ်၊ သမုဒရြာ၊ မြစ်ချောင်း၊ သစ်ပင်ပန်းမန်၊ တောတောင်အားလုံးကို ချစ်မြတ်နိုးသူဖြစ်ပါသည်။ စားသောက်ရန် အတွက်သက်သက် အသက်ရှင်နေထိုင်ကြသူများ ရှိသည်ဆိုလျှင် သူများစွာအံ့သြမိပါလိမ့်မည်။ သူ၏ပတ်ဝန်းကျင်တွင် အစဉ်အလာ ဓလေ့ထုံးစံများဟု စာလုံး များရေးထိုးထားသော ၀န်ထုပ်ကြီးများကို တနင့်တပိုးထမ်း၍ သွားလာနေကြသူများစွာကို တွေ့မြင်နေရပါသည်။ သို့သော်ထိုသူများကို ကြည့်ရသည်မှာ ထိုဝန်ထုပ် ကြီးများကို ကျင့်သားရနေကြသည်ဟု ထင်ရပါသည်။ အချို့မှာ သူတို့ထမ်းပိုးလာသော ၀န်ထုပ်များအတွက်ပင် မာနတက်နေကြဟန်တူပါသည်။ အာကာသဟင်း လင်းပြင်နှင့်ကြယ်ကြီးများ၊ ဂြိုဟ်များ၊ အာကာသတွင်းနက်ကြီးများအကြောင်းကို စူးစမ်းလေ့လာ၍ စကြာဝဠာ၏အနက်အဓိပ္ပာယ် ဥပဒေသတို့ကို နားလည်ရန်ကြိုး စားနေကြသော သိပ္ပံပညာရှင်များကို သူအလွန်လေးစားချီးကျူးပါသည်။ ထိုသူတို့၏ကျောပေါ်တွင် ဟင်းလင်းပြင်ကြည့် မှန်ပြောင်းကြီးများကိုသာ တွေ့ရပါသည်။ ထိုပညာရှင်များထံမှ သူသည်ကမ္ဘာဂြိုဟ်၏အကြောင်း အတော်အတန်သိရှိခဲ့ပြီးဖြစ်ပါသည်။ သို့သော် သူတို့သည် လူမှုလောကနှင့် လူတို့၏ထူးခြားဆန်းပြားသော စရိုက်လက္ခဏာများ၊ ရှုပ်ထွေးကောက်ကွေ့သော လှုပ်ရှားမှုများကိုမူ သူ့အားသင်ကြားပေးနိုင်စွမ်း မရှိကြပါ။
ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဗင်ဝိန်းဘဂ်ကို မမြင်ဘူးသော်လည်း သူ၏ပြောစကားတခုကိုမူ သူမှတ်မိနေပါသည်။ “လူ့ ဘ၀အကြောင်းသိချင် ရင်တော့ အိုင်းစတိုင်းနဲ့ရှိတ်စပီးယား နှစ်ယောက်လုံးကိုမေးရမှာပဲ” ဟု သူကဆိုခဲ့ပါသည်။ သူသည် ရှိတ်စပီးယား၏ နာမည်ကျော် ပြဇာတ်များကို ဖတ်ဖူးခဲ့သော် လည်း မကြည့်ဘူးသေးကြောင်း ၀န်ခံရပါမည်။
၉။
နောက်တနေ့ မနက်ငါးနာရီဆိုသောအချိန်ကို သူမုန်းတီးစက်ဆုပ်ရဦးမည်မှာ သေချာပါသည်။ လူ့လောက၏အစိုးမရမှုတရား အရဆိုလျှင်မူ သေချာ သည်ဟုပြောရန်မဖြစ်နိုင်ပါ။ နောက်တနေ့ မနက်ငါးနာရီမထိုးမီ သူ့မုန်းတီးမှုကိုဖြစ်စေသော ပတ်ဝန်းကျင်အခြေအနေမှ သူကင်းလွတ်သွားနိုင်ပါသေးသည်။ လူ သားဟူသောဖြစ်တည်မှုနှင့် ရုပ်ပတ်ဝန်းကျင်တခုလုံးမှပင် ရုတ်တရက်အပြီးတိုင် ကင်းလွတ်လွင့်ပါးသွားနိုင်ပါသည်။ ထိုအချက်မှာ ငြင်းဖျက်၍မရနိုင်ကြောင်း သူ နားလည်ပြီးဖြစ်ပါသည်။
သို့သော်သူသည် ချစ်တတ်နေဆဲပင်ဖြစ်ပါသည်။ လူသားအားလုံးကို ချစ်ခြင်းနှင့်အတူသူ၏ အချစ်ဆုံးလူသားသုံးဦးအားလည်း အခိုင်အမာချစ်နေ ဆဲ၊ သံယောဇဉ်ကြီးမားဆဲဖြစ်ပါသည်။ သူ၏ အချစ်ဆုံးလူသားသုံးဦးရှိနေသည့် ရုပ်ပတ်ဝန်းကျင်သို့ သူရုတ်ချည်း ကူးပြောင်းရောက်ရှိသွားမည်ဆိုပါက သူမုန်းတီး စက်ဆုပ်နေသော မနက်ငါးနာရီ အော်ဂင်တီးလုံးနှင့်နာရီထိုးသံကို သူနားထောင် ရတော့မည်မဟုတ်ပါ။ သူ၏အချစ်ဆုံး လူသားသုံးဦးရှိရာပတ်ဝန်းကျင်မှ မနက်ငါး နာရီထိုးသံကို သူမုန်းတီးမည်မဟုတ်သည်မှာ အလွန့်အလွန် သေချာလှပါသည်။ မုန်းတီးခြင်းမရှိနိုင်သည့်ပြင် ထိုမနက်ငါးနာရီထိုးသံတို့သည် သူ့အတွက်အသာ ယာ အချိုမိန်ဆုံးသောရသကို ခံစားနိုင်ရန် အချက်ပေးသံစဉ်လေးများပင် ဖြစ်သွားကြပေလိမ့်မည်။
နေ့သည်ခါတိုင်းလိုပင် ကျဲတောက်တောက် အပူရောင်အောက်တွင် ၀ပ်စင်းညည်းညူနေပါသည်။ ကောင်းကင်ပြင်သည်လည်း သူနှင့်မလိုက်ဖက် သည့် ဒေါင်လိုက်အစင်းအစင်း အင်္ကျီရှည်ကြီးနှင့်သိက္ခာမဲ့စွာ ပျင်းရိနေပါသည်။ သူ့အနီးတွင် ဟောင်းနွမ်းသော စိုထိုင်းထိုင်းလေစ အနည်းငယ်ရှိနေကြောင်း သတိ ပြုမိလိုက်ပါသည်။
သေချာသည်မှာ ထိုအရုပ်ဆိုးဆိုးကောင်းကင်ကွက်ကွက်ကို ဖောက်ထွက်ပျံသန်းနိုင်ရန် သူ့တွင် လင်းယုန်တောင်ပံတစုံ လိုအပ်ပါလိမ့်မည်။
စိုးနေလင်း (အသက် ၄၀ ပြည့်အမှတ်တရ)
Posted by
ရွှေဥသြ
at
22:16
0
comments
Labels: ဆောင်းပါး
Sunday, 20 January 2008
တင်မိုးအမှတ်တရ
ကိုဘဂျမ်းသေတယ်
(သူမပျော်တဲ့ အမေရိကားမှာ)
ခေတ်ကိုက မကောင်းတာပါ
အိုကြီးအိုမနဲ့ လူထုဒေါ်အမာကလွမ်းတယ်
သူ့ကို ပို့ချင်၊ မြင်ချင်၊ သဂြုင်္ိဟ်ချင်လို့
သူချစ်တဲ့ဇာတိမြေမှာပဲ သေစေချင်သတဲ့
ဖိုးသံကလည်း သူရှစ်တန်းကျောင်းသားဘဝ
ကိုတင်မိုးနဲ့ကြုံတွေ့ရပုံကိုလွမ်းတယ်။
ဖိုးသံရဲ့ Auto (အမှတ်တရ) စာအုပ်ထဲမှာ
သူ (ဦးဘဂျမ်း) က ဒီလိုရေးခဲ့တယ်
“ရိုးသားမှုသာ ချစ်စရာ” တဲ့
တိုက်ဆိုင်တာလား ဘာလားတော့မသိဘူး
သူ့သူငယ်ချင်း မောင်စွမ်းရည်ရဲ့ “ဘာလဲဟဲ့” စာအုပ်ထွက်တယ်
အဲဒီညက ဆောင်းတွင်း၊ ဇန်န၀ါရီလ မိုးအကြီးအကျယ်ရွာတယ်
အိပ်မက်တွေမကောင်းဘူး
နိမိတ်တွေလည်း မလှဘူး
ထင်တယ်
အင်းစိန်ရဲ့မင်းကြီးလမ်းဟာ အသေအချာကြေကွဲနေမှာပဲ
အညာကျေးလက် ကန်မြဲဒေသမှာ
ထီးကလေးနဲ့ မနီကျောင်းတက်နိုင်ပါ့မလား
သူ (ကိုဘဂျမ်း) ရော
နှင်းဆီနီနီပွင့်ပေါ်
စိတ်ချလက်ချ အိပ်ပျော်နိုင်ပါ့လား။ ။
ကမာပုလဲ (ကျောင်းသားတပ်မတော်)
ခေတ်ပြိုင် online မှ ကူးယူဖေါ် ပြသည်။
Posted by
ရွှေဥသြ
at
23:15
0
comments
Labels: ကဗျာ
Saturday, 19 January 2008
လွတ်လပ်ရေးတိုက်ပွဲက ပြဌာန်းခဲ့တာတွေ
ကျနော်တို့တတွေအသလွတ် ဘ၀င်ကိုင်နေတာမဟုတ်ပါ။ ဒါပေမဲ့မှန်တာကိုတော့ ပြောရပါမယ်။ အထူးသဖြင့် အခုလိုအခါမှာပြောရပါမယ်။ အဲဒါက တခြားမဟုတ်ပါ၊ ဗမာပြည်သူတွေဟာကိုယ့်အစွမ်းနဲ့ကိုယ်၊ ဘယ်သူ့ကိုမှအားမကိုးပဲ
တိုက်ပွဲသဏ္ဌာန်မျိုးစုံဆင်နွှဲပြီး၊ နယ်ချဲ့နှစ်မျိုးကို တွန်းလှန်ပြီး လွတ်လပ်ရေး ရခဲ့တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ကမ္ဘာစစ်တွေဟာ ကမ္ဘာ့အခင်းအကျင်းအပြောင်းအလဲတွေကို ဖြစ်စေတတ်တယ်ဆိုတဲ့အတိုင်း နေမ၀င်အင်ပါယာသခင် အင်္ဂလိပ်နယ်ချဲ့သမားဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးတာနဲ့ သူ့ကိုလိုနီတွေကို သူမထိန်းနိုင်တော့ပဲဖြစ်လာပါတယ်။ သူ့မှာစစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ ဘာအင်အားမှ မလုံလောက်တော့ ဘူး။ ဒီအချိန်မှာ ကိုလိုနီနိုင်ငံတွေကလည်း ဘယ်တုန်းကမှနဲ့မတူအောင် နိုးကြားလာကြပြီး လွတ်လပ်ရေးတိုက်ပွဲတွေကို ပြတ်ပြတ်သားသားဆင်လာကြပါတယ်။ ရှင်ကြီးဝမ်းလည်းဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ဖူးဆိုသလို နယ်ချဲ့သမားနှစ်မျိုးစလုံးနဲ့ နီးနီးကပ်ကပ်နေလိုက်ရတဲ့ ဗမာပြည်သားများနဲ့ ဗမာပြည်ကနိုင်ငံရေးသမား များဟာ အဲဒီတုန်းက နိုင်ငံတကာအခြေအနေကို အသေအချာဆုပ်ကိုင်မိပြီး လုံးဝလွတ်လပ်ရေးကနေ တပြားဖိုးမှမလျော့တဲ့ လွတ်လပ်ရေးရဖို့အတွက် တိုက်ပွဲဝင် ခဲ့ကြတာ စစ်ကြီးပြီးလို့ သုံးနှစ်တောင်မကြာလိုက်ပဲ လွတ်လပ်ရေးရခဲ့ပါတယ်။
ဒါပေမဲ့ လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ် အမြွာညီနောင်လို မွေးဖွားပေါ်ပေါက်ခဲ့တဲ့ ဒီနိုင်ငံမှာ အာဏာရဖဆပလအစိုးရရဲ့ အတွင်းပိုင်းမညီညွတ်မှု၊ ဂိုဏ်း ဂနစိတ်ပြင်းထန်မှု၊ အာဏာမက်မောမှုတို့ကြောင့် စစ်တပ်ရဲ့ထိပ်ပိုင်းကို စစ်တပ်ရဲ့နယ်ပယ်လွန်ပြီး နိုင်ငံတော်အုပ်ချုပ်ရေးအာဏာထဲ ဆွဲသွင်းလာကြပါတယ်။ ဒါဟာဗိုလ်နေ၀င်းတို့လို စစ်တပ်ထိပ်သီးတတွေကို ဖိုးကျိုင်းတုတ်ဖြစ်စေယုံမက အရူးအမဲသား ကျွေးလိုက်သလိုပါ ဖြစ်သွားခဲ့ပါတယ်။
အခုတော့ ဒီကုလားအုပ်ကိုမောင်းထုတ်လို့ မရတော့ဘူးဖြစ်နေပါပြီ။ ကုပ်နဲ့ကော်ထုတ်လို့လည်းမရတော့ဘူး။ စစ်တပ်ကို စစ်တန်းလျားပြန်ပို့ရေးဟာ ဒီနေ့အခါမှာ အရေးကြီးဆုံးလုပ်ငန်းဖြစ်ပါတယ်။ နအဖထိပ်သီးတွေနဲ့ တွေ့ဆုံဆွေးနွေးစကားပြောဖို့ တိုက်တွန်းနေတာဟာ စစ်တပ်ကိုဂုဏ်သိက္ခာရှိစွာနဲ့ သူ့နေရာ မှန်ပြန်သွားစေနိုင်ရေးအတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖစစ်ဗိုလ် တွေဟာ“သံသရာဝဋ္ဋ်ထဲ၊ မကျွတ်ပဲနေနေ၊ ဇွတ်ဆွဲလို့တပေပေငယ်၊ သေပစေခင်ရဲ့”ဆိုသလို ခြေ စုံကန်ငြင်းနေပါတယ်။ အပ်နဲ့ထွင်းလို့ မရတဲ့အခြေအနေတွေ မြင်တွေ့နေကြရပါတယ်။ ဒီလိုတမျိုးသားလုံး အကြပ်အတည်းရောက်တဲ့အချိန်မှာ ဗမာပြည်ရဲ့ သမိုင်း မှာဂုဏ်အပြောင်ဆုံးလို့ပြောရမယ့် လွတ်လပ်ရေးအောင်ပွဲကို ရယူခဲ့တဲ့နည်းနာတွေကို လေ့လာပြီး ဒီနေ့ကာလမှာ အဲဒီအထဲက အသုံးချလို့ရတာတွေ အသုံးချဖို့ စဉ်းစားသင့်ပါတယ်။
လွတ်လပ်ရေးအတွက် တိုက်ပွဲလို့ပြောရင် နောက်ဆုံးအပိုင်း၊ အောင်ပွဲခံခါနီးအပိုင်းကိုသာ ကွက်ပြီးပြောလို့မဖြစ်ပါဘူး။ သူ့ကျွန်ဘ၀ရောက်ရတဲ့အချိန် ကနေ ဇန်န၀ါရီလ ၄ ရက်နေ့အထိသမိုင်းကိုပြောမှ ပြည့်စုံမှာပါ။ ဒီတိုက်ပွဲစဉ်တွေထဲမှာ အောင်ပွဲရခဲ့တာလည်းရှိ၊ ရှုံးနိမ့်ခဲ့တာတွေလည်းရှိပါတယ်။ ဗမာပြည်ရဲ့ နိုင်ငံ ရေးအခြေအနေဟာ တပြည်လုံးနဲ့စစ်အုပ်စု ထိပ်တိုက်တွေ့၊ စီးချင်းထိုးနေရတဲ့ အခြေအနေမျိုးဖြစ်လို့ သူ့ကျွန်ဘ၀လွတ်မြောက်ရေး တိုက်ပွဲတွေထဲက ဒုတိယ ကမ္ဘာစစ်အပြီး နောက်ဆုံးအပိုင်းနဲ့ တူတယ်လို့ ဆိုချင်ပါတယ်။
ဒီနေရာမှာ နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေတွေ အထူးပြောမနေတော့ပါဘူး။ ခေါင်းဆောင်မှုရဲ့ သီးခြားအခန်းကိုလည်း မပြောတော့ ပါဘူး။ ပြည်သူတွေဘက်က ဘယ်လို လုပ်ခဲ့ကြတယ်ဆိုတာကိုပဲ ပြောပါမယ်။
နံပတ်တစ်ထားပြောရမှာက ပြည်သူတွေရဲ့အတွေးအခေါ်နဲ့ ပိုင်းဖြတ်ချက်ပါ။ အဲဒီအချိန်က ပြည်သူတွေမှာ လွတ်လပ်ရေးနဲ့ ပတ်သက်လို့ နည်းနည်းမှ မတွေဝေကြဘူး။ လုံးဝလွတ်လပ်ရေးမှတပါး ဘာမှမလိုချင်ဘူးဆိုတာပဲ။ ရရင်ရ၊ မရရင်ချဖို့ အသင့်ရှိနေခဲ့ ကြပါတယ်။ ဒီစိတ်ဓာတ်ဟာ အဲဒီတုန်းကအင်္ဂလိပ်နဲ့ စေ့စပ်ချင်တဲ့၊ ဗမာပြည်သား အင်္ဂလိပ်အလိုတော်ရိတွေကို ခေါင်းမထောင်ဝံ့အောင် ဖိထားနိုင်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေဟာလည်း ဒီစိတ်ဓာတ်ကိုပဲ ဦးထိပ် ပန်ဆင်ထားကြပါတယ်။
နောက်အရေးကြီးတဲ့ အချက်တချက်က စည်းလုံးညီညွတ်ရေးပါ။ ကိုယ့်အချင်းချင်း ဘယ်လောက်ပဲကွဲနေနေ ဗြိတိသျှအစိုးရနဲ့ ရင်ဆိုင်ကြရင်တော့ အားလုံးညီညွတ်ကြပါတယ်။ လုပ်ဟန်အရသာညီညွတ်တာမဟုတ်၊ နိုင်ငံရေးလမ်းစဉ်အရလည်း ညီညွတ်ကြတာပါ။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေအကြားမှာ မတူ တဲ့ရေရှည်မျှော်မှန်းချက်တွေ ရှိကြတယ်ဆိုတာဟာ ဖုံးကွယ်ထားတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ငင်းတိုက်ပွဲမှာတော့ အားလုံးက လွတ်လပ်ရေးရရှိရေးလမ်း စဉ်ကိုပဲ ရှေ့တန်းတင်ထားကြပါတယ်။ တခြားဘယ်တောင်းဆိုချက်ကိုမှ လွတ်လပ်ရေးတောင်းဆိုချက်နဲ့ တန်းတူမထားယုံမက တင်တောင်မတင်ကြပါဘူး။
တတိယတချက်ကတော့ တိုက်ပွဲသဏ္ဌာန်မျိုးစုံဆင်နွှဲဖို့ ပိုင်းဖြတ်ပြင်ဆင်ထားကြတာ၊ အဲဒီလိုလုပ်မယ်လို့ အင်္ဂလိပ်ကိုအသိပေး ထားကြတာပါ။ အဲဒီ တုန်းက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတွေဟာ တိုက်ပွဲသဏ္ဌာန်နဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကို ချည်မိတုပ်မိတဲ့စကားမျိုးတွေ ဘယ်သူမှမပြောကြပါဘူး။ တပ်နီ၊ ပြည်သူ့ရဲဘော်စတာတွေက စစ်ရေးလေ့ကျင်တာကို လူထုကအားပေးသလို ပုလိပ်တွေပါ ပါတဲ့ အမှုထမ်းပေါင်းစုံသပိတ်ကြီးလိုဟာတွေမှာ တပ်နီတွေ၊ ပြည်သူ့ရဲဘော်တွေက ထိန်းသိမ်းပေးရင်း ပါလာပါတယ်။ ဆိုလိုတာ ကိုယ့်အချင်းချင်း ထိန်းသိမ်းနိုင်ကြောင်း၊ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံ ပေါင်းစပ်နိုင်ကြောင်း အင်္ဂလိပ်အစိုးရ သိအောင်ဖော်ပြတာဖြစ်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းတို့ လန်ဒန်ကိုသွားနေတုန်းမှာ လူထုဆန္ဒပြပွဲကြီးတွေ ကျင်းပတာလို အင်အားပြတာတွေဟာလည်း အင်မတန်မှအရာ ရောက်ခဲ့ပါတယ်။ ဗမာပြည်သူတွေနဲ့ အနီးကပ်ဆုံးထိတွေ့နေရတဲ့ ဘုရင်ခံကိုယ်တိုင်က သူတို့အင်ပါယာအဖို့ ဗမာပြည်မှာ မျှော်လင့်ချက်မရှိတော့ဘူး ဆိုတာ သဘောပေါက်ပြီး လန်ဒန်ကိုပြန်နားချနေတဲ့ အဖြစ်ရောက်ခဲ့ရတာပါ။ ဒါနဲ့ တချိန်တည်းမှာ အင်္ဂလိပ်စစ်တပ်ကလည်း ဂျပန်ကိုအတူတိုက်ခဲ့တဲ့ ဗမာပြည်သားတွေရဲ့ စိတ်ဓာတ်နဲ့အရည်အသွေးကို သိနေပါတယ်။ ဒါ့အပြင် အင်္ဂလိပ်တပ်တွေထဲမှာရှိနေတဲ့ အိန္ဒိယတပ်သားတွေကလည်း ဗမာပြည်သားတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲ ကို နှိမ်နင်းဖို့ဆိုရင် ဒို့ကိုတော့ ထည့်မတွက်လေနဲ့လို့ အတိအလင်းပြောထားတာပါ။
နောက်ဆုံး တချက်အနေနဲ့က ဗမာပြည်ပြည်သူတွေဟာ ဘယ်ပြည်ပအင်အားကိုမှ အားမကိုးပဲ ကိုယ်ချည်းလှုပ်ရှားတိုက်ပွဲ ၀င်ခဲ့ကြတယ်ဆိုတဲ့ အ ချက်ပါပဲ။ အဲဒီတုန်းက အမေရိကန်ကလွဲလို့ နိုင်ငံတိုင်းလိုလို စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေကို ကုသပွတ်သပ်နေရတုန်းမို့ သူများနိုင်ငံအရေးကိစ္စတွေကို ခေါင်းထဲ မထည့်နိုင်ကြပါဘူး။ ကုလသမဂ္ဂဆိုတာလဲ ဥထဲကထွက်ကာစ အတောင်အလက် မစုံသေးဘူးလို့ဆိုရမှာပါ။ ဗမာပြည်ရဲ့ လွတ်လပ်ရေးအတွက် ဘယ်ပြည်ပအစိုးရ၊ ဘယ်ပြည်ပအဖွဲ့အစည်းကိုမှ သွားပြီးတင်ပြ နေတာမရှိခဲ့ပါဘူး။ ကွန်မြူနစ်တွေသာ ကွန်မြူနစ်ပါတီတွေအချင်းချင်း သတင်းဖလှယ်တာမျိုးလုပ်ခဲ့ပါတယ်။ ဒီတော့ တိုက်ပွဲဝင်သူ တွေအနေနဲ့ အာရုံမပြားခဲ့ကြပဲ လမ်းစဉ်တွေကိုပြည်တွင်းမှာ စိုက်လိုက်မတ်တပ်ချမှတ်နိုင်ခဲ့ပါတယ်။
တခြားအချက်တွေ ရှည်ရှည်မတင်ပြတော့ပါ။ အခုတင်ပြတဲ့အချက်တွေနဲ့ ဒီနေ့ပြည်သူ့လှုပ်ရှားမှုအခြေအနေတွေကို နှိုင်းယှဉ်ကြည့်ရင် ဘာတွေ ခြားနားတယ်၊ လိုအပ်တယ်ဆိုတာ အလွယ်ပဲတွေ့နိုင်မယ်လို့ ယုံပါတယ်။
နံပတ်တစ်အချက်မှာလို ဒီနေ့အခါမှာ ရရင်ရ၊ မရရင်ချမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်မျိုး အဖွဲ့အစည်းတိုင်း၊ တက်ကြွသူတိုင်းမှာ ရှိပါသလား။
စည်းလုံးညီညွတ်မှုမှာကော၊ ဘယ်လိုရှိပါသလဲ။ ဆိုလိုတာ နအဖအလိုတော်ရိတွေနဲ့ ညီညွတ်ဖို့မဟုတ်ပါ။ ဆွဲထုတ်လို့ ရသလောက်တော့ ဆွဲထုတ်ရ မှာပါ။ ဒါပေမဲ့ကိုယ့်ချင်းညီညွတ်ရေးဟာ တကယ်တမ်းကျစ်လစ်သိပ်သည်းရဲ့လား။ တူညီတဲ့နိုင်ငံရေး တောင်းဆိုချက်ရှိရဲ့လား။ စစ်အာဏာရှင်စနစ်နဲ့ တတန်းတည်း တင်နေတဲ့ တခြားတောင်းဆိုချက်၊ ကြွေးကြော်သံတွေရှိနေသလား။ “အေအိုင်ဒီအက်စ်ရောဂါဟာ ဒီမိုကရေစီရအောင်စောင့်မနေနိုင်ဘူး”ဆိုတဲ့ အပြောမျိုးတွေဟာ ဟုတ်သလိုလိုရှိပေမဲ့ အဓိကနိုင်ငံရေး တောင်းဆိုချက်ကို သဘောမပေါက်တဲ့လက္ခဏာ၊ လှုပ်ရှားမှုကို အားနည်းစေတဲ့ပြောနည်းဆိုနည်း ဖြစ်နေပါတယ်။ ဒါက ဥပမာတခုပါ။
နအဖကို ဖိအားပေးရာမှာ တိုက်ပွဲသဏ္ဌာန်မျိုးစုံနဲ့ တကယ်တမ်းဖိအားပေးနိုင်ရဲ့လား။ နအဖကို အကြမ်းနည်းနဲ့မဆန့်ကျင်ပါဘူးလို့ ကတိပေးနေတာ တွေတောင်ရှိနေတယ် မဟုတ်ပါလား။ နအဖက လူထုဆန္ဒပြပွဲတွေကို အနုနည်းနဲ့ပဲထိန်းသိမ်းပါမယ်လို့ ဘယ်သူများကြားမိပါသလဲ။ ၁၉၄၆ ခုနှစ်ကျတော့ ပျဉ်းမနားနယ်မှာ “လယ်ဝေးသူပုန်” လို့နာမည်ကြီးခဲ့တဲ့ လယ်သမားသူပုန်ထမှုတောင် ပေါ်နေပြီမဟုတ်ပါလား။ ဗမာပြည်သားတွေဟာ ချရဲတယ်၊ ချမှာလို့ ကိုလိုနီ အစိုးရကို ပြသနေကြတာပါ။
အဲဒီလို အတိတ်ကကောင်းမွန်တဲ့ နမူနာယူစရာတွေနဲ့ ဒီနေ့ကာလထူးခြားချက်တွေကို မှန်မှန်ကန်ကန်ပေါင်းစည်းနိုင်ရေးဟာ ခေါင်းဆောင်းကောင်းရဲ့ အရည်အသွေးဖြစ်မှာပါပဲ။
ဒါကြောင့်မို့ လွတ်လပ်ရေးအနှစ် (၆၀) ပြည့်မြောက်တဲ့ ဒီနေ့လိုအခါသမယမှာ လွတ်လပ်ရေးတိုက်ပွဲထဲက လေ့လာအတုယူ စရာရှိတာတွေ အတု ယူပြီး အဲဒီတုန်းကလို အတွေးအခေါ် စိတ်ဓာတ်တွေနဲ့ အဲဒီတုန်းလိုအောင်ပွဲတွေရယူကြပါစို့လို့ တင်ပြလိုက်ပါတယ်။
ရဲဘော်ဖိုးသံချောင်း
Posted by
ရွှေဥသြ
at
07:13
0
comments
Labels: ဆောင်းပါး
“မြစ်ကျိုးအင်း”
အဲဒီမြစ်တမြစ်ကတော့
စွန့်ပစ်ပစ္စည်းတခုလိုပြုန်းတီး
အလင်းမီးအိမ် မှေးမှိန်ပေတော့မယ်။
စပျစ်သီးကချဉ်ရှသတဲ့
ဘေးမမဲ့သော တောချည်းသာ
ပေလာယကန် ရှိစေ။
ညွံတောမြေကို ဝေဟင်မှတ်မှား
မြားတန်းလန်းလန်းနဲ့ငှက်တငှက်က
ရသ တိမ်တိုက်တခုကိုဖန်ဆင်း
ငြင်းပယ်ခြင်းအလှ ရှာဖွေကြည့်မိတဲ့အခါ
ပလာအစု* မျှသာ
သမာကျမ်းစာလာအရ
“ဗာရဗ#” ကိုဦးညွှတ်ခဲ့ကြပြီ။
အရောင်မရှိတဲ့ တံလျှပ်များကြား
စူးပြီးမြားကို မနှုတ်လိုတော့
အပေါ့ပါးဆုံး မြေခ
ပန်းတို့ကို ဖေးမ ပွင့်လွစေမယ်။
တကယ်ဆို
သစ်တပင်လိုကျင့်ကြံနေထိုင်
(မြစ်တစင်းရဲ့ ကမ်းပါးတွေကို)
ခိုင်မာမြင့်မားစေလိုက်ချင်ပါရဲ့။ ။
စိုးနေလင်း
(18.1.08)
*Empty Set
# Baraba
Posted by
ရွှေဥသြ
at
05:38
0
comments
Labels: ကဗျာ